အခန်း (၂၆၄-၂၆၅)
Vol. 22 Ch. 264-265
Ch-264
စက်ဘီးနဲ့ ရေခဲချောင်းတွေရောင်းနေတဲ့လူကြီးတောင်မှ ရပ်ပြီး TVမကြည့်ဘဲမနေနိုင်ကြချေ။
"ဦးဦး ကျွန်တော် ရေခဲချောင်းတစ်ခုလိုချင်တယ်!"
ချန်ကျွမ်းကျွမ်းတို့အဖွဲ့က ရေခဲချောင်းမဝယ်ဘဲမနေနိုင်တော့ချေ။ ယခု ရာသီဥတုအရမ်းပူနေသလို သူတို့ကလည်း ပစ္စည်းတွေအများကြီး သယ်လာခဲ့ကြ၏။ ကွမ်ချန်သည် ကျွန်းထက် ပို၍ပူအိုက်သည်ပင်။
"ကျွမ်းကျွမ်း ကျင်းဟွရေ နင်တို့အဒေါ်အိမ်သွားကြရအောင်လေ" မောင်နှမနှစ်ယောက်နဲ့အတူတူ တခြားကောင်လေးနှစ်ယောက်၊ ကောင်မလေးတစ်ယောက်ပါလာခဲ့ပြီးစကားပြောလိုက်သူကတော့ လီချင်ဟွေ့ဖြစ်၏။
ချန်ကျင်းဟွ: "ဒါ ငါတို့ဒေါ်လေးပဲ!"
"နင့်ဒေါ်လေးအိမ်သွားကြတာပေါ့"
ချန်ကျွမ်းကျွမ်းနှင့် သူမမောင်လေးဟာ ချင်းရို့ ငှားထားတဲ့အိမ်သို့ ခေါ်သွားလိုက်၏။ ချင်းရို့က သူတို့အတွက် တံခါးဖွင့်ပေးလာကာ "ကျွမ်းကျွမ်းနဲ့ ကျင်းဟွတို့ရောက်ပြီပဲ"
"ဒေါ်လေး!!"
"ချန်ကျွမ်းကျွမ်းနဲ့ ချန်ကျင်းဟွ၊ နင်တို့ဒေါ်လေးက အရမ်းလှတာပဲ" အခြားကောင်လေးနှစ်ယောက်သာမက လီချင်ဟွေ့ကပါ ချင်းရို့အား မစိုက်ကြည့်ဘဲမနေနိုင်ကြပါချေ။
ချင်းရို့ ကျောင်းသားလေးတွေကို ဧည့်ခံခဲ့၏။ ထိုလူငယ်လေးတွေလည်း အိမ်မှာကြာကြာမထိုင်နိုင်ကြဘဲ လီချင်ဟွေ့က ဆံပင်သွားကောက်ရန်နှင့် ပန်းပွင့်ဂါဝန်လှလှလေးတွေသွားရွေးကြရန် ချန်ကျွမ်းကျွမ်းကိုခေါ်သွားလေသည်။
ချန်ကျွမ်းကျွမ်းသည် အရင်တုန်းက ပြင်ပြင်ဆင်ဆင်သိပ်မနေတတ်သော်ငြား ဆံပင်ကောက်ပြီးသွားတဲ့အခါ သူမလေးဟာ လှပပြီးနှစ်လိုဖွယ်ကောင်းလာသဖြင့် သူမမောင်လေး ချန်ကျင်းဟွက အဖန်ဖန်စနောက်နေလေ၏။ "ငါ့ဆံပင်သာတိုမနေရင်တော့ ငါလည်းကောက်လိုက်မှာကွာ"
လမ်းပေါ်ရှိ အမျိုးသားတွေလည်း ဆံပင်ကောက်ထားကြလေ၏။ ချန်ကျင်းဟွက သူ့ဆံပင်ကိုထိလိုက်ပေမယ့် ကံမကောင်းစွာပင် သူ့ဆံပင်ကတိုနေပြီး သူကောက်ချင်ရင်တောင် ကောက်လို့မရခဲ့ပေ။
"ဘာလို့ကောက်မှာတုန်း? အဲဒါကနင့်ကိုသေစေလိမ့်မယ်ဟဲ့။ တန်းစီစောင့်ရတာ အရမ်းပင်ပန်းတာပဲ" ချန်ကျွမ်းကျွမ်း ခပ်မြန်မြန်ပြောလိုက်၏။ ဆံပင်ညှပ်ဆိုင်တွင် လူတအားများလွန်း၍ တန်းစီစောင့်နေရသည်ပင်။
လီချင်ဟွေ့က ညဘက်ကျ အကခန်းမမှာသွားကကြမယ်လို့ တခြားသူတွေကို ပြောခဲ့ပေမယ့် ချန်ကျွမ်းကျွမ်းက သဘောမတူဘဲ ချန်ကျင်းဟွနဲ့အတူ သူမဒေါ်လေးအိမ်ဆီ ပြန်သွားခဲ့သည်။
"ကိုကြီးနဲ့ မကြီး!" ကျိုးကျိုးနဲ့ ဖက်ထုပ်လေး ပြန်ရောက်နေပြီဖြစ်ပြီး သူတို့ဝမ်းကွဲတွေကို တွေ့ရတော့ အရမ်းပျော်နေကြသည်။
"ကျိုးကျိုးနဲ့ ဖက်ထုပ်လေး! မင်းတို့နှစ်ယောက်အရပ်ပိုရှည်လာကြပြန်ပြီ!"
"သားက လုဝေကျယ်ပါ၊ ဖက်ထုပ်လေးမဟုတ်ဘူး!"
"လုဝေကျိုး"
"ဟိုးတုန်းက မမက နင့်ကို လုဝေကျယ်လို့ခေါ်တော့ နင့်နာမည်က လုဖက်ထုပ်ပါလို့ ပြောခဲ့တယ်လေ။ အခု နင့်ကို ဖက်ထုပ်လေးလို့ ငါခေါ်တော့ နင်က လုဝေကျယ်လို့ပြောပြန်တယ်နော်"
ဖက်ထုပ်လေး: "????"
ဖက်ထုပ်လေးတစ်ကိုယ်တည်းတွေးနေမိသည်မှာ - မမရေ တစ်သားမတ်တည်းစကားပြောလို့မရဘူးလေ၊ ရှင်းရှင်းလင်းလင်းကြည့်ပေးနိုင်မလားနော်?
လုဝေကျိုး: "မမ နင်ပြောနေတဲ့သူက လုဝေကျိုးလေ"
ချန်ကျွမ်းကျွမ်း ဂရုမစိုက်စွာဖြင့် "ညီအစ်ကိုတွေက နှလုံးသားတစ်ခုတည်းပဲလေ၊ မမက လုဝေကျိုးကို စကားပြောနေရင် လုဝေကျယ်နဲ့လည်း စကားပြောနေတာပဲပေါ့"
ချန်ကျင်းဟွ ပြုံးပြီး "မမ ငါတို့က မွေးချင်းတင်မဟုတ်ဘဲ အမြွှာတွေလေနော်၊ ဒီတော့ တစ်သားတည်းဖြစ်ကြတာပေါ့ ဟုတ်တယ်မဟုတ်လား?"
"ဘယ်သူက မောင်နှမတွေ တစ်သားတည်းဖြစ်ချင်မှာလဲ? အနာဂတ်မှာ နင့်မိန်းမနဲ့ပဲ တစ်သားတည်းဖြစ်ပါစေ"
"မမ နင်လည်း ဒိတ်လုပ်ချင်နေပြီလား? အပြင်မှာ လူဆိုးတွေဆီက အလှည့်စားမခံရဖို့ မားမားက မှာထားခဲ့တယ်နော်!"
...
ချင်းရို့က ကလေးတွေစားဖို့အတွက် ဖရဲသီးလှီးလာခဲ့ပြီး သူတို့ပြောနေတာတွေကိုကြားတဲ့အခါ ပြုံး၍ "ကျွမ်းကျွမ်းနှင့် ကျင်းဟွတို့က မြို့တော်တက္ကသိုလ်မှာ သွားတက်ကြမှာဆိုတော့ အချင်းချင်းဂရုစိုက်ရမယ်နော်"
ချန်ကျွမ်းကျွမ်း: "အနာဂတ်မှာ မောင်လေးနှစ်ယောက်လည်း တစ်နေရာတည်းကို ရောက်လာကြမှာပဲ"
လုဝေကျယ်: "သားက ကောကောနဲ့အတူတူ ကျောင်းမတက်ပါဘူးနော်"
"ဘာလို့လဲ?" လုဝေကျိုး မကျေမနပ်ဖြစ်ကာ "မင်းက ကောကိုသဘောမကျဘူးပေါ့"
ဖက်ထုပ်လေး မှားယွင်းခံရဟန်ဖြင့် "အဲဒါက သားအဆင့်ပေါ်မူတည်တာလေ"
ဖက်ထုပ်လေးရဲ့ ပညာရေးရမှတ်ဟာ အလယ်အလတ်သာရှိ၏။ သူက တရုတ်စာကို အရေးမထားဘဲ စာစီစာကုံးကိုလည်း ဖြစ်ကတတ်ဆန်းရေးတတ်သော်လည်း သင်္ချာမှာတော့ ကောင်းမွန်လေသည်။
"ဒါဆို မင်းစာကြိုးစားလေ၊ ငါ မင်းကိုကြီးကြပ်ပေးမယ်"
"မားမား ကူညီပါဦး..." လုဝေကျယ်က သူ့အမေနောက်မှာ ပုန်းလိုက်ပြီး "မားမားရေ တခြားသူတွေရဲ့မိဘတွေက သူတို့သားသမီးတွေကို စာကျက်ဖို့ တိုက်တွန်းကြတယ်၊ ဒါပေမဲ့ သားအလှည့်ကျ သားကောကောက ပူညံပူညံလုပ်ပြီး တိုက်တွန်းနေတယ်ဗျာ"
အစ်ကိုကြီးက ညီလေးကို စာအတင်းကျက်ခိုင်းနေတာ အရမ်းဆိုးတာပဲလို့...
- ငါနဲ့ရုပ်တူနေတဲ့လူက ငါ့ကို စာအတင်းကျက်ခိုင်းနေတာ၊ ဒီလိုဝမ်းနည်းမှုမျိုးကို အပြင်လူတွေ ဘယ်နားလည်နိုင်ပါ့မတုန်းလို့...
ချင်းရို့က သူ့သားငယ်ရဲ့ ခေါင်းလေးကို ထိလိုက်ရင်း "သားကောကောက သားကို စာကျက်ဖို့တိုက်တွန်းနေလို့ မားမားပါးပါးက ပိုပြီးစိတ်သက်သာရာရတာပေါ့ကွယ်"
သူတို့ကျိုးကျိုးလေးဟာ အစ်ကိုကြီးနဲ့အရမ်းတူပါ၏။ သူ့ကိုယ်သူ တင်းကြပ်ရုံတင်မကဘဲ သူ့ရဲ့ငါးဆားနယ်ညီလေးကိုပါ စာကျက်ဖို့ နှိုးဆော်တတ်လေသည်။
လုဝေကျိုး: "မားမားနဲ့ပါးပါး စိတ်မပူရအောင်လို့ မင်းကိုငါကြီးကြပ်ပေးမှာ"
လုဝေကျယ်: "..."
"ငါတို့ ငယ်ငယ်တုန်းက မားမားရဲ့ဗိုက်ထဲမှာ နေ့ရောညပါ အတူတူအိပ်ခဲ့ကြတယ်လေ၊ ဘာလို့ ငါ့အပေါ် ဒီလောက်တောင်ရက်စက်နေရတာလဲလို့ လူဆိုးကြီးကောကော!"
လုဝေကျိုး: "မင်းညီမလေးတွေရှေ့မှာ ဒီလိုစကားတွေပြောရဲလား?"
ဖက်ထုပ်လေးက ဟန်ဆောင်ရာတွင် အလွန်တော်သူဖြစ်၍ သူ့ညီမလေးတွေရှေ့မှာဆို အကိုကြီးသဖွယ် သရုပ်ဆောင်တတ်သော်လည်း သူ့ရဲ့တစ်ဦးတည်းသောအကိုရှေ့မှာတော့ ခပ်ဆိုးဆိုးနေတတ်သည်ပင်။
"လူလိမ်ကြီး!" လုဝေကျယ်က သူ့ကို စူပုတ်ပြနေလေ၏။
လုဝေကျိုး: "..."
- ကိုယ်နဲ့ တစ်ထပ်တည်းရုပ်တူတဲ့သူက ကိုယ့်ကို ဒီလိုစူပုတ်ပြနေတဲ့အခါ ဒီလိုထူးဆန်းတဲ့ခံစားချက်ကို ဘယ်သူနားလည်နိုင်မလဲလေ...
ကလေးနှစ်ယောက် အချင်းချင်းဆော့ကစားနေကြတာကို ချင်းရို့ကြည့်နေရင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။
ချန်ကျွမ်းကျွမ်းတို့အဖွဲ့က ကွမ်ချန်တွင် သုံးလေးရက်ကြာလည်ပတ်ဆော့ကစားခဲ့ကြသည်။ ချင်းရို့လည်း သူတို့နှစ်ယောက်အတွက် ခရီးဆောင်အိတ်ကြီးတစ်လုံးဝယ်ကာ သူတို့အတွက် ပစ္စည်းအစုံအလင်ပြင်ဆင်ပေးလိုက်ပြီး ရထားပေါ်တင်ပေးလိုက်တော့သည်။
"မင်းတို့ရဲ့ အနာဂတ်တက္ကသိုလ်ကျောင်းသားဘဝမှာ ပျော်ရွှင်ပါစေနော်!"
"ဒေါ်လေး တာ့တာ!!!!"
ရထားဟာ တဖြေးဖြေးခုတ်မောင်းနေလျက် ချန်မောင်နှမနှစ်ဦးလည်း ဘဝအသစ်တစ်ခု စတင်တော့မည်ဖြစ်သည်။
၁၉၈၀ခုနှစ် ဆောင်းဦး၌ ချုံကျိုးကျွန်းရှိ လင်းရွှေပုလဲမွေးမြူရေးစမ်းသပ်စခန်းတွင် သတင်းကြီးကြီးတစ်ခုထွက်ပေါ်လာခဲ့သည်။
သူတို့သုတေသနစမ်းသပ်စခန်းမှာ ဧရာမပုလဲကြီးကို မွေးမြူနိုင်ခဲ့ပြီတဲ့!!!
လင်းရွှေပုလဲမွေးမြူရေးစမ်းသပ်စခန်း၌ -
သုတေသနစခန်းရှိသုတေသီတွေအားလုံးရဲ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားပျော်ရွှင်မှုတွေကို ပြည့်နှက်နေလျက်။ သူတို့ တကယ်ပဲ ဧရာမပုလဲကြီးကို မွေးမြူခဲ့ကြတာပဲ... ပုလဲဟာ 15.6 x 19.2mmအရွယ်အစားရှိပြီး ဘဲဥပုံသဏ္ဍာန်ရေငံပုလဲဖြစ်လေ၏။ ပုလဲထိပ်ပိုင်းမှာ ဘူးသီးပုံသဏ္ဍာန်ပုလဲသီးလေးရှိနေသည်မှာ ကောင်းချီးမင်္ဂလာရှိတယ်လို့ ဖော်ညွှန်းနေသည့်နှယ်။
သုတေသီအားလုံးက ၎င်းရဲ့"အလှတရား"ကို စွဲလမ်းနေကြပြီး လူတိုင်းရဲ့ မျက်လုံးထဲမှာ ညမှောင်မှောင်ထဲ၌ နတ်ဘုရားရောင်ခြည်မြင်ရသလိုမျိုး တောက်ပနေလေ၏။
ညမှောင်မှောင်ထဲ၌ပင် အလင်းရောင်ကို ရှာတွေ့နိုင်လေသည်!
ယင်းသည်ကား မိခင်ပုလဲမုတ်ကောင်ထဲသို့ နည်းပညာအသုံးပြု၍ ဧရာမပုလဲကြီးကို အောင်မြင်စွာမွေးမြူနိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ်ပင်။ သူတို့မွေးမြူခဲ့တဲ့ပုလဲဟာ အဲဒီအချိန်က ကမ္ဘာ့အကြီးဆုံးပုလဲထက် တစ်ဂရမ်ပိုလေးပေသည်။
"အောင်မြင်ပြီ! အောင်မြင်ပြီဟေ့!!"
"ဒါက ပုလဲဘုရင်ပဲကွ!!!"
...
သုတေသီယောင်ချန်းထိုက်က ပုလဲကိုမြင်သောအခါ သူ့လက်တွေတုန်ယင်နေပြီး ခမ်းနားထည်ဝါလှသည့် ရတနာပုလဲကြီးကို ထိပင်မထိရဲခဲ့ပေ။
"သတင်းကြီး၊ သတင်းကြီးပဲဟေ့၊ ချုံကျိုးကျွန်းမှာ ပုလဲဘုရင်ကိုမွေးမြူနိုင်ပြီတဲ့!"
အမျိုးမျိုးသောသတင်းစာဂျာနယ်မှ သတင်းထောက်တွေလည်း ချုံကျိုးကျွန်းသို့ အပြေးအလွှားရောက်လာကြပြီး သုတေသနစခန်းကို အင်တာဗျူးလိုကြသလို ပုလဲဘုရင်ကိုလည်း ဓာတ်ပုံရိုက်ချင်ကြသည်။ သတင်းထောက်များသာမက သတင်းကြားလိုက်ကြတဲ့ နိုင်ငံခြားကုန်သည်များလည်း ဒီမှော်ဆန်တဲ့ပုလဲဘုရင်အကြောင်း အရမ်းသိချင်နေကြ၏။
xxx
Ch-265
ဤပုလဲဘုရင်အား သုတေသနစခန်းတွင် သိမ်းဆည်းထားလေသည်။ စမ်းသပ်စခန်းမှ သုတေသီတွေက ၄င်းကို နေ့တိုင်းလာကြည့်တတ်ကြ၏။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း သုတေသနစခန်းမှဝန်ထမ်းတွေဟာ အခြားနေရာတွေက သုတေသီများစွာကို လက်ခံခဲ့ရပြီး ဒီအံ့ဖွယ်ပုလဲကို မိတ်ဆက်ပေးခဲ့ရသည်။
လင်းရွှေရွာမှရွာသားတွေလည်း ပုလဲဘုရင်လို့ခေါ်တဲ့ ဧရာမပုလဲကြီးကိုကြည့်ရှုရန် သုတေသနစခန်းသို့လာရောက်ခဲ့ကြပေမယ့် သူတို့က ဒီပုလဲကိုစိတ်မဝင်စားကြဘဲ သုတေသီတွေ ဘာလို့စိတ်လှုပ်ရှားနေကြသလဲဆိုတာကို လုံးလုံးနားမလည်ခဲ့ကြပေ။
"ဒါက ဒီတိုင်းလှပတဲ့ကျောက်တုံးပဲမဟုတ်ဘူးလား?"
"အဲဒါက အရမ်းလည်းကြည့်မကောင်းပါဘူးကွ"
"ဒါက စားလို့ရလို့လား? ဒီသုတေသီတွေက ဒါတွေကို တစ်နေ့လုံးလေ့လာနေတော့ ဘာရမှာမို့လဲနော်"
...
ရွာသားတွေက ဒီပုလဲကို စိတ်မဝင်စားကြပေ၊ သူတို့ဟာ ဒီပုလဲရဲ့ အဓိပ္ပါယ်ကို မသိကြသလို၊ နောင်အနာဂတ်တွင် သူတို့ရွာမှာ အပြောင်းအလဲတွေဘယ်လောက်ဖြစ်လာမလဲဆိုတာ မသိကြပါချေ။
ချင်းရို့လည်း ပုလဲဘုရင်သတင်းကို သိလိုက်ရသည်နှင့် ကွမ်ချန်မှ ချုံကျိုးကျွန်းသို့ လှေစီးကာ သူမရဲ့ပုလဲမွေးမြူရေးခြံသို့ ရောက်လာလေပြီ။
စမ်းသပ်စခန်းရှိ သုတေသီတွေသာမက ပုလဲမွေးမြူရေးခြံရှိလူတွေပါ အလွန်စိတ်လှုပ်ရှားနေကြ၏။ သူတို့ရွှင်ရို့ပုလဲမွေးမြူရေးခြံမှ ပထမအသုတ်ပုလဲတွေ ထွက်လာတော့မည်ဖြစ်သည်။
"ပုလဲတွေဖွင့်ကြမယ်!"
ပုလဲမွေးမြူရေးခြံရှိလူတွေလည်း ပုလဲဖွင့်ရန်အတွက် အချိန်ပိုအလုပ်ဆင်းကြသည်။ မွေးမြူရေးခြံတွင် ထွက်ရှိလာတဲ့ ပထမအသုတ်ပုလဲတွေကသိပ်မများဘဲ ကီလိုဂရမ်သုံးရာခန့်သာရှိပြီး အချို့ပုလဲများမှာ ချင်းရို့စာချုပ်ချုပ်ထားခဲ့တဲ့ ရေနက်ပိုင်းရှိ မိခင်ကမာကောင်မှထွက်ရှိသောသဘာဝပုလဲတွေဖြစ်ကြ၏။
ဒီလိုသဘာဝပုလဲတွေဟာ အလွန်အဖိုးတန်သလို ရှားလည်းရှားပါးလေသည်။
"အရမ်းလှတာပဲ!! အရမ်းလှတယ်!! ဒါတွေအားလုံးက ပုလဲတွေပဲ! ပုလဲတွေ!!!" မုန့်လန် အလွန်စိတ်လှုပ်ရှားနေလျက်။ သူမမျက်လုံးရှေ့က လှပပြီး ပြိုးပြိုးပြက်ပြက်တောက်ပနေတဲ့ ပုလဲတွေရှိနေလေ၏။ နေရောင်အောက်တွင် ထိုပုလဲတွေဟာ တောက်ပလွန်းနေတာကြောင့် မျက်လုံးပင်မဖွင့်နိုင်တော့ချေ။
ဘယ်လိုတောင်တောက်ပနေရတာလဲနော်! ဒီအလင်းရောင်ဟာ မျှော်လင့်ချက်ကို ယူဆောင်လာပေးတာပဲ! ဒီကမ္ဘာကြီးထဲမှာ ဒီလောက်လှပတဲ့အရာ ဘယ်လိုလုပ်ပြီးတည်ရှိနိုင်ရတာလဲလို့!!
မုန့်လန် မျက်ရည်ကျလာလေပြီ။ ဒီပုလဲတွေဟာ သူမတို့ နေ့တိုင်းပြုစုပျိုးထောင်ပေးလာခဲ့တာတွေလေ။
ပုလဲတွေဆက်ဖွင့်နေကြဆဲ။ ချင်းရို့ကိုယ်တိုင်လည်း ပုလဲတွေကိုဖွင့်နေပြီး ရွာသားတချို့ကိုလည်း အကူအညီတောင်းထားခဲ့သည်။
"ဦးလေး ရှင့်လက်ထဲကပုလဲ ဘယ်မှာလဲ?" ချင်းရို့က အသက် ၄၀၊ ၅၀ခန့်အရွယ်ရှိ ဦးလေးတစ်ယောက်ရှေ့တွင် လေးလေးနက်နက်အမူအရာဖြင့် ရပ်နေလေ၏။
ပုလဲတွေဖွင့်နေကြသည့်လုပ်ငန်းစဉ်အတွင်း လူတချို့က ပုလဲတွေကို တိတ်တိတ်ကလေးဖွက်ထားတတ်ကြသည်။
အဆိုပါဦးလေးက ချောင်းဆိုးကာ အိတ်ကပ်ထဲမှ ပုလဲတစ်လုံးကိုထုတ်၍ "ဒီမှာပါ၊ မဟုတ်သေးဘူး..."
"ဒီမှာ ပုလဲတွေအများကြီးရှိတယ်လေ၊ တစ်လုံးနှစ်လုံးယူတော့ ဘာဖြစ်မှာမို့လဲ? တော်တော်ကပ်စီးကုပ်တဲ့မိန်းကလေးပဲ"
"အဲဒါက ကျိုးပဲ့နေတဲ့ကျောက်တုံးပဲမဟုတ်လား? မင်းက ဒါတွေကိုတူးဖော်ဖို့ ဘာလို့အရမ်းကြိုးစားနေရတာလဲ? မင်းမှာဘာမှလုပ်စရာမရှိဘူးပဲ"
...
"ဦးလေး ဒီမှာအလုပ်လုပ်စရာမလိုတော့ပါဘူး"
အားရှီနဲ့ ညီအကိုတစ်ယောက်က ဒီဦးလေးကိုခေါ်လိုက်ပြီး တစ်နေ့စာလုပ်အားခပေးလိုက်၏။
"ဖေး! ဒါကကျိုးပဲ့နေတဲ့ကျောက်တုံးလေးပဲကို!" အလုပ်ထုတ်ခံလိုက်ရတဲ့ ဦးလေးစွင်းသည် များစွာနောင်တရနေမိ၏။ သူ အပိုဝင်ငွေလေးရှာချင်သော်လည်း သိပ်မရှာရသေးခင်မှာပဲ ကန်ထုတ်ခံလိုက်ရချေပြီ။
ဒီပုလဲလုံးတွေက အရမ်းလှလို့ သူ့အိမ်ကို နည်းနည်းပြန်ယူသွားချင်ရုံလေးကို၊ ဒါပေမဲ့ ဒီစက်ရုံကလူတွေ ဒီလောက်ကပ်စီးကုပ်ကြလိမ့်မယ်လို့ ဘယ်သူသိမှာတုန်း...
စက်ရုံမှာအလုပ်လုပ်ရင်း မိသားစုကိုထောက်ပံ့ဖို့ ပစ္စည်းတချို့တလေလျှို့ဝှက်ပြီးပြန်မယူလာတဲ့သူမရှိလို့လဲ?
"အဲဒါက စည်သွပ်ဘူးတွေလည်းမဟုတ်ဘဲနဲ့၊ ဒီလိုကျိုးပဲ့နေတဲ့ကျောက်တုံးမျိုးကို ငါလည်းမယူချင်ပါဘူး"
...
"သတိထားကြ၊ မင်းတို့ ပုလဲတွေကိုခိုးလို့မရဘူး။ စက်ရုံမန်နေဂျာ ပုလဲတွေဖွင့်တဲ့အခါ စောင့်ကြည့်ဖို့နဲ့ သေချာရေတွက်ဖို့ လူနည်းနည်းခန့်ထားရမယ်"
ချင်းရို့ ခေါင်းညိတ်လိုက်ပြီး အားရှီရဲ့ စီမံခန့်ခွဲမှုတင်းကြပ်ပုံကို အလွန်ကျေနပ်နေခဲ့သည်။
ထောင်ပေါင်းများစွာသောပုလဲများကိုဖွင့်ပြီးနောက် ပုလဲများကို အလွန်ဂရုတစိုက်နှင့် အမျိုးအစားခွဲပြီး အဆင့်သတ်မှတ်ရသည်မှာ ရှုပ်ထွေးလှ၏။ ပုလဲများကို အရွယ်အစားအလိုက်သာမက အရည်အသွေးကိုပါ ဂရုတစိုက် စီစစ်ရမည်ဖြစ်သည်။
ပုလဲများ၏အရည်အသွေးမှာ အလွန့်အလွန်အရေးကြီးလှသည်။ အရွယ်အစား၊ ပုံသဏ္ဍာန်၊ အပြစ်အနာအဆာ၊ တောက်ပြောင်မှု... စသဖြင့်၊ ဤအချက်များဟာ ပုလဲအဆင့်ကို အကဲဖြတ်ခြင်းအပေါ် သက်ရောက်မှုရှိပါသည်။ ဤအသုတ်မှာ ပထမတန်းစားပုလဲများဖြစ်ပြီး အရည်အသွေးအမြင့်ဆုံးပုလဲများဖြစ်ကြသည်။
အပြစ်အနာအဆာရှိတဲ့ပုလဲတွေသိပ်မများသော်လည်း တစ်လုံးစီဟာ ထူးကဲကောင်းမွန်နေ၏။ ချင်းရို့ သူမရှေ့က ရွေးချယ်ပြီးသား အရည်အသွေးမြင့်ပုလဲသေတ္တာကိုကြည့်ရင်း မျက်လုံးအစုံမှာတောက်ပနေလျက်။
သူမလက်ချောင်းလေးတွေဟာ ဖြူဖွေးလှပနေပြီး သူမလက်ဖဝါးပေါ်မှာ ပြန့်ကျဲနေတဲ့ ပုလဲလုံးလှလှလေးတွေရှိနေလေ၏။ ချင်းရို့လည်း အလှလေးတွေထိခိုက်မည်ကိုစိုးရိမ်သဖြင့် အလွန်အမင်းဂရုတစိုက်ကိုင်တွယ်ပါသည်။
"အရမ်းလှတာပဲ!!" ချင်းရို့ ရိုးရိုးသားသားမှတ်ချက်ပေးလိုက်သည်။
ဒီပုလဲတွေဟာ လုံးဝိုင်းနေပြီး သာမန်မျက်စိဖြင့်မြင်နိုင်လောက်အောင် အပြစ်အနာအဆာလုံးလုံးမရှိလုနီးပါးဖြစ်၏။ အရမ်းပြီးပြည့်စုံနေလို့ လုံးဝရင်သပ်ရှုမောဖွယ်ရာပင်။ ဒီလိုပုလဲတွေနဲ့လုပ်မယ့်ပုလဲလည်ဆွဲတစ်ကုံးဟာ အရည်အသွေးမြင့်ပြီး ထိပ်တန်းအဆင့်ပုလဲလည်ဆွဲဖြစ်လာပေလိမ့်မည်။
ပထမတန်းစား၊ ဒုတိယတန်းစားနှင့် တတိယတန်းစားပုလဲတွေအားလုံးကိုလည်း လက်ဝတ်ရတနာပြုလုပ်ရန် အသုံးပြုနိုင်ပါသည်။ စတုတ္ထတန်းစားနှင့် ပဉ္စမတန်းစားပုလဲတွေကိုတော့ ပုလဲမှုန့်ကြိတ်ရန်အတွက်သာ အသုံးပြုနိုင်၏။
"ပုလဲတွေအများကြီးပဲ!" မုန့်လန်က ပုလဲတွေအများကြီးဝန်းရံနေသည်ကို တွေ့လိုက်ရတော့ အိပ်မက်တစ်ခုအလား ခံစားနေရလျက်။
ဒီကျက်သရေရှိတဲ့ရတနာတွေဟာ သူမပတ်ပတ်လည်မှာရှိနေသဖြင့် သူမကို အနည်းငယ်လမ်းပျောက်သွားစေလေ၏။ သူမသည် ငယ်စဥ်ကတည်းက လယ်စိုက်ရ၊ ဝက်စာကျွေးခဲ့ရပေမယ့်... အခု ဒီလောက်လှပတဲ့ပုလဲလုံးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိတော့ပါချေ။
"ညီမလေးချင်းရို့ရေ ဒီပုလဲအများကြီးကို ဝယ်ကြပါ့မလားဟင်?" ဤမေးခွန်းဟာ မုန့်လန် နှလုံးသားထဲတွင် အမြဲမေးချင်နေခဲ့သော မေးခွန်းတစ်ခုပင်။
ဒီပုလဲတွေကအရမ်းလှပေမယ့် ဒါတွေအတွက် တကယ်ပိုက်ဆံသုံးချင်တဲ့သူရောရှိပါ့မလား?
အရင်တုန်းက ပုလဲရောင်းတဲ့အကြောင်းတွေလည်း တစ်ခါမှမကြားဖူးခဲ့ဘူးလေ၊ ဒါတွေက စားလို့မရဘူးဆိုတော့ ဘာအတွက် ပုလဲဝယ်ကြမှာလဲနော်။
သူမတို့ ပုလဲရောင်းချင်ရင် ဘယ်သူ့ကို ဘယ်လိုရောင်းရမလဲ?
မရောင်းနိုင်ပါက ဒီပုလဲလှလှလေးတွေကို ဂိုဒေါင်ထဲမှာပဲ စုပုံထားနိုင်တော့မှာပေါ့။
"စိတ်မပူပါနဲ့ ရောင်းရမှာသေချာတယ်!!"
ချင်းရို့ကတော့ ဒီပုလဲတွေဟာ ရောင်းရမခက်ဘူးလို့ ယုံကြည်လေသည်။ တကယ်လည်း အမှန်ပါပင်။ နောက်ပိုင်းမျိုးဆက်များတွင် ကုမ္ပဏီတစ်ခုဟာ ပုလဲဝယ်လိုအားကို တန်ချိန်ဖြင့်တိုင်းတာပြီး အဆိုပါပုလဲတွေကို လွယ်လွယ်လေးရောင်းချနိုင်ပေလိမ့်မည်။
သည့်အပြင် ယခုအခါ ပင်လယ်ရေဟာ မညစ်ညမ်းသေးဘဲ ကြည်လင်သန့်ရှင်းနေပြီး အမျိုးမျိုးသောရေနေသတ္တဝါများရှိနေသလို ဒီရေကြောင့်ဖြစ်ပေါ်လာတဲ့အာဟာရဓာတ်တွေလည်း ကြွယ်ဝနေ၏။ ထို့အပြင် ဆိပ်ကမ်းအနီး၌ သူမတို့ရဲ့ ပုလဲမွေးမြူရေးခြံတစ်ခုသာရှိပြီး ဒီလိုပင်လယ်ရေကနေ ထုတ်လုပ်ထားတဲ့ပုလဲတွေဟာ အရည်အသွေးအလွန်မြင့်မားလှသည်ပင်။
ချုံကျိုးကျွန်းမှာ ပုလဲဘုရင်ထွက်ရှိလာတဲ့သတင်းဟာ နေရာအနှံ့ပြန့်နှံ့သွားပြီး လူအမးအပြားဟာ ရှားပါးဧရာမပုလဲကြီးကို လာရောက်ကြည့်ရှုရန် ကျွန်းကိုလာရောက်လည်ပတ်ကြလေ၏။
ကောင်းလဲ့သည် စီးပွားရေးလုပ်ရန် ဥရောပနှင့်အမေရိကသို့ မကြာခဏသွားလေ့ရှိသော အရှေ့တောင်အာရှတရုတ်လူမျိုးဖြစ်၏။ ယခုအခါ တရုတ်နိုင်ငံ၏ မူဝါဒများသည် ပွင့်လင်းလာပြီး ဦးစားပေးမူဝါဒများ အများအပြားရှိနေသည်ကို ပိုင်းခြားသိမြင်တတ်သူတိုင်းက ငွေရှာရန်အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သိမြင်နိုင်ကြ၏။ သူလည်း ဒီအခွင့်အလမ်းကို အခွင့်ကောင်းယူ၍ ကမ်းရိုးတန်းဒေသမှာ ရင်းနှီးမြှုပ်နှံပြီး စက်ရုံတစ်ခုတည်ထောင်လိုပေသည်။
ကောင်းလဲ့သည် အထည်စက်ရုံကို တည်ထောင်ခဲ့ပြီး ချုံကျိုးကျွန်းမှာ ဧရာမပုလဲအကြီးစားတွေမွေးမြူနိုင်ကြောင်း သူကြားမိ၍ အပျော်တမ်းကြည့်ဖို့ ရောက်လာခဲ့သည်။ ကော
င်းလဲ့က နဂိုကတည်းက ပုလဲချစ်သူတစ်ဦးဖြစ်သလို ပုလဲအမျိုးအစားအားလုံးကို နက်နက်နဲနဲ နားလည်သဘောပေါက်သူပင်။ ထို့ကြောင့် ဤတောင်ကျွန်းမှာ မွေးမြူထားတဲ့ ပုလဲတွေကို လေ့လာကြည့်ရန် ရောက်လာခြင်းဖြစ်သည်။
ကောင်းလဲ့က ပုလဲဘုရင်ကိုကြည့်ရန် သုတေသနစခန်းသို့ ဦးစွာသွားခဲ့သည်။ ဤပုလဲမှာ လှပပြီး ရှားပါးသလို အလွန်ထူးခြားလှသဖြင့် နောင်တွင် စုစည်းမှုအဖြစ် ပြတိုက်တွင် ထိန်းသိမ်းထားလိမ့်မယ်လို့ ခန့်မှန်းရသည်။
"ဒီမှာ ပုလဲမွေးမြူရေးခြံရှိတာလား?"
ကျွန်းပေါ်တွင် ပုလဲမွေးမြူရေးခြံတစ်ခုရှိကြောင်း သုတေသီများထံမှ သိရှိလိုက်ရသဖြင့် ကောင်းလဲ့က ဤဒေသမှထွက်ရှိမည့် ပုလဲအရည်အသွေးကိုကြည့်ရှုရန် ပုလဲမွေးမြူရေးခြံသို့ သွားလိုခဲ့သည်။
ကောင်းလဲ့သည် ရွှင်ရို့ပုလဲမွေးမြူရေးခြံသို့ ရောက်လာတဲ့အခါ သူ့မျက်ခုံးတွေအနည်းငယ်တွန့်ချိုးသွားရ၏။
သူ့ရှေ့ကပုလဲမွေးမြူရေးခြံဟာ တကယ့်ကိုရိုးရှင်းလွန်းတယ်လို့ ဆိုရပေမည်။ စုတ်ပြတ်နေသည်မဟုတ်သော်လည်း ရိုးရိုးရှင်းရှင်းအိမ်လေးတွေက.... တကယ့်ကို လေးနက်တဲ့ ပုလဲမွေးမြူရေးခြံနဲ့ မတူပါချေ။
"မင်းတို့စက်ရုံက ပုလဲတွေကိုကြည့်ချင်လို့"
ချင်းရို့က စက်ရုံမှာရှိနေသဖြင့် ဤနိုင်ငံခြားစီးပွားရေးသမားကောင်းလဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။ ချင်းရို့က သူ့ရဲ့ဝတ်စားဆင်ယင်မှုကို ကြည့်၍ အဆိုပါလူဟာ တိုက်ကြီးတော်တော်များများကို ရောက်ဖူးသူဖြစ်ပြီး နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းလုပ်နေတာကို သတိပြုမိသဖြင့် ချက်ချင်းဆိုသလို သူမစိတ်ဝင်စားသွားခဲ့သည်။
ချင်းရို့ ပုလဲလည်ဆွဲကြိုးတစ်ကုံးကို ထုတ်ယူလာခဲ့သည်။ ဤလည်ဆွဲမှာ သာမန်မဟုတ်ဘဲ ယခုအသုတ်၏ အရည်အသွေးအမြင့်ဆုံးပုလဲများပင်။ ပုလဲတစ်လုံးစီတိုင်းဟာ လုံးဝိုင်းပြီး လှပလွန်း၍ အပြစ်အနာအဆာကိုပင် ရှာလို့မတွေ့နိုင်ပါချေ။
၄င်းမှာ သူတို့"မွေးမြူရေးခြံ၏ရတနာ"လို့ ဆိုနိုင်လေရဲ့။
ချင်းရို့က ဒီပုလဲလည်ဆွဲကြိုးတွေအပြင် လှပတဲ့သဘာဝရေငံပုလဲတစ်ဒါဇင်ကျော်ကိုလည်း ထုတ်ယူခဲ့သည်။ ဒီပုလဲတွေအားလုံးဟာ သဘာဝပုလဲများပင်။ သူ့အဓိပ္ပါယ်မှာ လူတွေကို အံ့အားသင့်စေပြီး သဘောကျချစ်ခင်စေလေသည်။
"ဒါ...ဒါတွေက မင်းမွေးမြူထားတဲ့ပုလဲတွေ!!"
ကောင်းလဲ့က ကျွမ်းကျင်သူတစ်ဦးပင်။ သူ ဒီပုလံကြိုးကို တွေ့တွေ့ချင်းမှာပဲ လုံးလုံးအံ့အားသင့်သွားရ၏။ ဒါ... ဒါ... ဒါက... ဒါက ဒီလိုရိုးရှင်းတဲ့စက်ရုံမှာ သူတွေ့လိုက်ရတာပေါ့လေ။
ခမ်းနားထည်ဝါလှတဲ့ ရဲတိုက်ကြီးထဲက လူကုံထံတွေစုဝေးပွဲမှာ ပေါ်လာသင့်တဲ့အဖိုးတန်လည်ဆွဲမဖြစ်သင့်ဘူးလား!!
အခုတော့ သူ့လက်ထဲမှာ ငြိမ်ငြိမ်လေးလဲလျောင်းနေတယ်တဲ့။
ဘုရားရေ! !
"မင်းရဲ့ ပုလဲလည်ဆွဲကို ရောင်းပြီးပြီလား? ငါလိုချင်တယ်!! ငါလိုချင်တယ်!! မင်းမှာ တခြားပုလဲတွေရှိသေးလား? အဲဒါတွေအကုန်ကြည့်ဖို့ယူလာပေးပါဦး!"
ကောင်းလဲ့သည် သူ့ရဲ့စိတ်လှုပ်ရှားနေမှုကို လုံးဝမထိန်းချုပ်ထားနိုင်တော့ပေ။ ဒီလိုအရည်အသွေးကောင်းတဲ့ပုလဲတွေကို သူနဲ့အတူယူသွားခဲ့ရင်... သူချမ်းသာတော့မှာပဲ!!!
xxx