အခန်း (၂၅၄-၂၅၅)
Vol. 22 Ch. 254-255
Ch-254
မိသားစုတစ်စုလုံး ပိတ်ရက်ကို အတူတူကုန်ဆုံးခဲ့ကြသည်။ ချင်းရို့ ကျောင်းပြန်သွားခဲ့ပြီးနောက် ငွေမြန်မြန်ရှာနိုင်မယ့်နည်းလမ်းကို စတင်တွေးတောပါတော့သည်။
ချင်းရို့က ဒီအကြောင်းကိုစဉ်းစားနေခဲ့ပြီး အစီအစဥ်တစ်ခုရလာခဲ့သဖြင့် သူမအချိန်ရတိုင်း အထည်ချုပ်စက်ရုံတော်တော်များများကိုသွားခဲ့သည်။
ကွမ်ချန်၌ အထည်ချုပ်စက်ရုံများ၊ အိတ်စက်ရုံများ၊ သားရေဖိနပ်စက်ရုံများ... စသဖြင့် စက်ရုံအမျိုးမျိုးအများကြီးရှိလာပြီဖြစ်၍ သူမလည်း အားလုံးကိုသွားကြည့်ခဲ့လေသည်။
အိပ်ဆောင်ရှိ စွင်းဟုန်ဖင်က ချင်းရို့အားပြောလာခဲ့သည်။
"ချင်းရို့၊ နင် ဒီရက်ပိုင်း အထည်ချုပ်စက်ရုံအများကြီး လိုက်ကြည့်နေတယ်ဆို? ချန်ချူးချူးနဲ့ တခြားသူတွေက နင့်ကိုတွေ့ခဲ့တယ်လို့ ပြောတာကို ငါကြားလိုက်လို့"
"နင် နောင်တရနေပြီမဟုတ်လား? ချန်ချူးချူးနဲ့ တခြားသူတွေက အထည်ချုပ်စက်ရုံဖွင့်ပြီး ငွေအများကြီးရှာနိုင်တယ်ဆိုတာ ငါကြားထားတယ်။ သူတို့အော်ဒါတွေလည်းအများကြီးရတယ်ဆိုပဲ။ အခု သူတို့အဝတ်အစားတွေရောင်းမကုန်မှာကို စိတ်ပူစရာမလိုတော့ဘဲ အချိန်တိုလေးအတွင်းမှာ ရောင်းကုန်သွားကြတာတဲ့။ အဝတ်အစားဝယ်ဖို့အတွက် အပြင်လူပေါင်းစုံ ကွမ်ချန်ကိုလာကြတာ..."
"နင် အစကတည်းက ပုလဲမွေးမြူရေးစက်ရုံကို မဖွင့်သင့်ဘူး။ အထည်စက်ရုံတစ်ခုဖွင့်ရင် နင် အခုချမ်းသာနေမှာပဲ။ အခုဆိုရင် သူတို့က ယွမ်ထောင်ချီသောင်းချီရှာနိုင်နေပြီလေ၊ သတင်းစာထဲမှာပါလာတဲ့ မီလီယံနာတွေထက်တောင် ပိုအဆင်ပြေနေကြပြီဟဲ့"
...
စွင်းဟုန်ဖင်လည်း မကြာသေးမီက အထည်ချုပ်စက်ရုံသို့ပြေးသွားခဲ့သည်။ သူတို့စီးပွားရေးစီမံခန့်ခွဲမှုဌာနမှ လူများစွာဟာ အထည်ချုပ်စက်ရုံဖွင့်လှစ်ရန် စိတ်ကူးရှိကြ၍ စက်ရုံအသီးသီးသို့ သင်ယူရန်သွားချင်ခဲ့ကြသလို နောင်တွင် သူတို့လည်း အထည်ချုပ်စက်ရုံဖွင့်ပြီး ပိုက်ဆံအများကြီးရှာလိုကြလေ၏။
စွင်းဟုန်ဖင်သည် ချင်းရို့လည်း အထည်ချုပ်စက်ရုံသို့ ပြေးသွားသည်ကို မြင်လိုက်ရ၍ အခုမှ ခေတ်ရေစီးကြောင်းလိုက်ချင်နေတဲ့သူမကို ကြိတ်ရယ်နေခဲ့သည်။
"အထည်ချုပ်စက်ရုံတွေက အခုခေတ်ရေစီးကြောင်းအတိုင်းပဲ။ အနာဂတ်မှာ ငါတို့တွေ အထည်ချုပ်စက်ရုံကို သွားရမယ်။ တစ်နိုင်ငံလုံးက အထည်တွေပြတ်သွားလိမ့်မှာ"
"ဝမ်စီစီနဲ့ငါလည်း အထည်ချုပ်စက်ရုံငယ်လေးစပ်တူဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာ၊ နင် အရင်ကဘာမှမပြောထားတော့ ငါလည်း နင့်ကို မမေးခဲ့တာပါဟယ်... နင်လည်း ငါတို့ရဲ့အထည်ချုပ်စက်ရုံမှာ ပါဝင်ချင်ရင်တော့ သူတို့ရဲ့ထင်မြင်ချက်တွေကို မေးရဦးမှာ။ နင် ငါတို့နဲ့ အထည်ချုပ်စက်ရုံဖွင့်ချင်လား?"
စွင်းဟုန်ဖင်နဲ့ သူမသူငယ်ချင်းတွေဟာ တခြားသူတွေ အထည်ချုပ်စက်ရုံမှ ငွေရှာနိုင်တာကိုတွေ့လိုက်ရသဖြင့် သူမနဲ့ သူမရည်းစားအပြင် မေဂျာတူအတန်းဖော်တချို့လည်း စပ်တူဖွင့်ရန် ဆုံးဖြတ်လိုက်ကြသည်။
စွင်းဟုန်ဖင်က သူမရဲ့ မွေးရပ်မြေရှိလူတွေက ယွမ်၁၀၀၀လောက် စုကြရန်ပြောလိုက်ပြီး အနာဂတ်မှာ ချမ်းသာလာတော့မယ်လို့ ပြောခဲ့ပါသေးသည်။
ချင်းရို့: "နင် အထည်ချုပ်စက်ရုံဖွင့်ချင်တာလား?"
"ဟုတ်တယ်၊ နင်ရော ပါချင်လို့လား?"
စွင်းဟုန်ဖင် ဂုဏ်ယူစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ အမှန်တကယ်တော့ သူမ ရည်ရွယ်ချက်ရှိရှိတမင်ပြောခြင်းပင်။
သူမတို့အဖွဲ့ငယ်လေးဟာ စက်ရုံဖွင့်ရန် ငွေအလုံအလောက်ရှိပြီဖြစ်၍ လူပိုထပ်မထည့်ရန် သဘောတူညီချက်ယူထားခဲ့ပြီးဖြစ်သည်။ ချင်းရို့ ပါဝင်ချင်တယ်ဆိုရင်တောင် သူမ မလုပ်နိုင်တော့ဘူးလေ။
"ငါမပါဘူး၊ နင်တို့တွေပဲ စက်ရုံဖွင့်ကြလေ။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ငါလိုက်ကြည့်တော့ အထည်ချုပ်စက်ရုံ ၁၀ခုမက ထပ်ဖွင့်လာကြတဲ့ပုံပဲ..."
ဘယ်ခေတ်ကပဲဖြစ်ဖြစ် လူတွေဟာ ခေတ်ရေစီးကြောင်းအတိုင်းလိုက်လုပ်ရတာကို သဘောကျကြသည်။
အထည်ချုပ်စက်ရုံဖွင့်ကြတဲ့အခါ လူတိုင်း အထည်ချုပ်စက်ရုံလိုက်ဖွင့်ကြသည်။ ကွမ်ချန်အနီးတစ်ဝိုက်တွင် အထည်ချုပ်စက်ရုံတွေက နေရာတိုင်းမှာရှိနေကြလေပြီ။ ချင်းရို့က စက်ရုံများစွာသွားကြည့်ထားပြီးဖြစ်သော်လည်း ယခုအချိန်ထိ အကုန်သွားမကြည့်ရသေးပေ။
သို့သော် သူမ တချို့အရာတွေကိုတော့ ရှင်းလင်းသိနေချေပြီ။
ချင်းရို့က ဒီမြို့မှာ အထည်ချုပ်စက်ရုံတွေ အများကြီးရှိနေပြီဖြစ်ရာ အထည်ချုပ်စက်ရုံတစ်ရုံထောင်ရမယ့်အစား အထည်လက်ကားတိုက်ရိုက်ရောင်းလိုက်တာ ပိုကောင်းသည်လေ။
အရောင်းလည်းသွက်မယ်၊ ဝင်ငွေလည်းမြန်မြန်ရနိုင်တယ်၊ စက်ရုံပြဿနာတွေ စီမံခန့်ခွဲစရာမလိုဘူးလေ။ ဒီစက်ရုံတွေများလာလေလေ အချင်းချင်းယှဥ်ပြိုင်မှုတွေပြင်းထန်လာလေလေဖြစ်ပြီး စျေးလျော့လာကြလိမ့်မည်။
ချင်းရို့က ချူကောကိုရှာကာ မေးလိုက်၏။ "နင် ငါနဲ့အတူတူ ဝင်ငွေနည်းနည်းလောက်ရှာချင်လား?"
"ချင်းရို့ရေ နင့်မှာ ဘာအကြံရှိလို့လဲ?"
ချင်းရို့ဟာ အမြော်အမြင်ရှိသူတစ်ယောက်ဖြစ်ကြောင်း ချူကောခံစားမိသည်။ သူမဟာ အခြားအတန်းဖော်တွေနှင့် မတူသောကြောင့် ချင်းရို့ရဲ့ ငွေရှာမယ့်နည်းလမ်းကို သူမလည်း ကြားချင်မိသည်။
ယခုအခါ ကျောင်းရှိကျောင်းသားတွေလည်း ငွေရှာဖို့အတွက် စိတ်အားထက်သန်လာကြသလို ခေတ်ရေစီးကြောင်းအတိုင်းလိုက်ဖို့ပဲ တွေးနေကြသည်။
ချူကောလည်း ပိုက်ဆံရှိတာကောင်းသည်ကြောင့် ဒီအကြံရှိခဲ့ပေသည်။ စျေးကွက်မှာ အသစ်တွေအများကြီးရှိတာကြောင့် ဘယ်သူတွေက မဝယ်ချင်ဘဲနေကြမှာလဲနော်?
ချင်းရို့က သူမရဲ့စိတ်ကူးတွေကို ချူကောအား ရိုးရိုးရှင်းရှင်းပြောပြလိုက်သည်။ ချူကောက ချင်းရို့မျက်နှာကို စိုက်ကြည့်နေလျက် သုံးစက္ကန့်ကြာမျှတုံ့ဆိုင်းသွားပြီးမှ သဘောတူလိုက်သည်။
"စမ်းကြည့်ကြတာပေါ့ဟာ!"
ချင်းရို့နှင့် ချူကောက သူတို့လုပ်မယ်ပြောပြီးသည်နဲ့ ချင်းရို့က ယွမ် ၄၀၀၀၊ ချူကောက ယွမ် ၁၀၀၀ စုစုပေါင်း ယွမ်၅၀၀၀စုကာ အထည်တွေအများကြီးလက်ကားဝယ်ရန် အတူတူသွားခဲ့ကြသည်။
အများစုမှာ ချင်းရို့ ဂရုတစိုက်ရွေးချယ်ထားသောစတိုင်များဖြစ်၏။ သူတို့က လက်ကားအဝတ်အစားများသာမက လိုက်ဖက်မည့် လက်ကိုင်အိတ်များ၊ ခေါင်းစည်းများ၊ နားကပ်များ၊ လက်ကောက်များစသဖြင့် အသုံးအဆောင်များကိုလည်း ဝယ်ယူခဲ့လေသည်...
ချင်းရို့ဟာ Fashion Bloggerတစ်ယောက်ဖြစ်ခဲ့ဖူးသည့်အလျောက် သူမက အဝတ်အစားဒီဇိုင်းမဆွဲနိုင်သော်လည်း ဖက်ရှင်ကို တွဲဖက်ရာ၊ ရွေးချယ်ရာတွင် အမြင်ကောင်းရှိသူပင်။
အခုဈေးကွက်ထဲမှာ အဝတ်အထည်တွေ အများကြီးရှိပေမယ့် အများစုမှာ တစ်ထည်ချင်းစီသာဖြစ်ကြရာ လူတော်တော်များများက ဘယ်လိုတွဲဖက်ဝတ်ဆင်ရမလဲဆိုတာမသိကြတာကြောင့် သူတို့ဝယ်ထားတဲ့အဝတ်အစားတွေဟာ တစ်မျိုးတစ်ဖုံထူးဆန်းနေလေသည်။
ဝတ်စုံများက လှပသော်လည်း တွဲဖက်မည့် လက်ကိုင်အိတ်များ၊ ခါးပတ်များ၊ လက်ဝတ်ရတနာအဆင်တန်ဆာများနှင့် နေရောင်ကာဦးထုပ်တွေဟာလည်း အလွန်အရေးကြီးလှသည်။ ဝယ်ယူပြီးနောက် လူတော်တော်များများဟာ ဘယ်လိုတွဲဖက်ဝတ်ဆင်ရမလဲ မသိကြ၍ သူတို့ရဲ့ ဒေါက်မြင့်ဖိနပ်တွေနဲ့ လက်ကိုင်အိတ်တွေဟာ ဝယ်ထားတဲ့ဝတ်စုံတွေနဲ့ မလိုက်ဖက်ကြချေ။
မျက်နှာပေါ်မှာ မိတ်ကပ်လိမ်းဖို့နေနေသာသာ...
အင်္ဂါနေ့ နေ့လည်ပိုင်းတွင် အတန်းမရှိသောကြောင့် ချင်းရို့နှင့် ချူကောက အဝတ်အစားတွေရောင်းရန် တံတားဘေးတွင် ဈေးဆိုင်လေးတစ်ခုတည်လိုက်သည်။ ချူကောသည် မူလကတော့ သူမတို့မရောင်းနိုင်မှာကို စိုးရိမ်တာကြောင့် ဘာမှမမေးရဲခဲ့ပေ။ သို့ပေမယ့် သူမတို့ ချောင်းဘေးအစွန်မှာ ပေါ်လာသည်နဲ့ သူမရဲ့ စိုးရိမ်ပူပန်မှုတွေဟာ မလိုအပ်ဘူးလို့ ချုကောသိလိုက်ရလေပြီ။
ဘာလို့လဲဆိုတော့ သူမဘေးက ချင်းရို့ဟာ အရမ်းဆွဲဆောင်မှုရှိလို့ပါပဲ။
သူတို့ဈေးဆိုင်မခင်းခင်မှာပင် တစ်ယောက်ယောက်က လာမေးခဲ့လေသည်။
"နင်ဝတ်ထားတဲ့ ဒီအဝတ်အစားတွေကို နင်ဘယ်ကဝယ်တာလဲ?"
ချူကော: "..." တိုက်ဆိုင်လိုက်တာနော်၊ ငါတို့လည်း ဒီမှာအဝတ်အစားရောင်းမလို့ပါ။
ယနေ့ ချင်းရို့၏ ၀တ်စားဆင်ယင်မှုဟာ ထူးထူးခြားခြား ဝင့်ကြွားလွန်းနေလေ၏။ သူမက အနီရောင်ဝတ်စုံနဲ့ အနီရောင်ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားပြီး သူမရဲ့အမည်းရောင်ဆံပင်ကောက်ကောက်လေးတွေကို ပုခုံးတစ်ဖက်မှာ ချထားကာ ကျန်တစ်ဖက်ကိုတော့ ဖြူဖွေးသွယ်လျတဲ့ လည်တိုင်ကျော့ကျော့လေးကို လှစ်ဟပြထားလေသည်။
အနက်ရောင်ဆံပင်၊ နှင်းလိုဖြူဖွေးတဲ့အသားအရေ၊ အနီရောင်ဝတ်စုံနှင့် မူလက နှစ်လိုဖွယ်ကောင်းပြီး ချောမောလှပတဲ့မျက်နှာလေးဟာ ဒီနေ့မှာတော့ စွဲမက်ဖွယ်အနီရောင်နှုတ်ခမ်းဖြင့် ခြယ်သထားလေသည်။
ချင်းရို့ လမ်းဘေးမှာရပ်နေလေရာ၊ သူမဟာ လမ်းဆုံလမ်းခွမှာ တောက်ပနေသော နေရောင်သဖွယ်...
ဖြတ်သွားဖြတ်လာတိုင်း သူမကို ပြန်လှည့်မကြည့်ဘဲမနေနိုင်ကြပါချေ။
သူမရဲ့ဆံပင်ကို ညင်ညင်သာသာလေး ဖယ်လိုက်ရာ အရမ်းညှို့ဓာတ်ပြင်းလွန်းလို့ သူမဘေးက ချူကောတောင်မှ စိတ်လွတ်သွားရသည်။
"ချင်းရို့ရေ နင်က ဟောင်ကောင်ကျွန်းပေါ်က ကြယ်ပွင့်တွေထက် ပိုလှတယ်ဟ!"
"ညီအစ်မရေ ငါတို့ ဒီနေ့ အထည်ရောင်းဖို့လာတာပါနော်"
ချင်းရို့က ချူကောပုခုံးကို ပုတ်လိုက်သည်။
ချူကောသက်ပြင်းချလျက် ဆိုသည်။
"ငါနည်းနည်းလေးစိတ်လှုပ်ရှားနေတာဟာ။ ငါ တစ်ခါမှ အထည်တွေမရောင်းဖူးလို့လေ၊ ဒါပေမဲ့ နင့်အနားမှာရပ်နေရင် စိတ်မလှုပ်ရှားတော့ဘူးပဲ။ နင်က အရမ်းလှတာပဲဟယ်၊ နင်ဝတ်ထားတဲ့အဝတ်တွေကို ငါမြင်တာနဲ့ ငါလည်းလိုချင်သွားတယ်!!"
"လိုချင်ရင် တစ်စုံပြန်ယူသွားလေ"
ချင်းရို့လည်း အရင်က တစ်ခါမှဈေးမရောင်းဖူးပါချေ။ သို့သော် သူမက ဝက်ပြေးတာကို မတွေ့ဖူးပေမယ့် ဝက်သားကိုတော့စားဖူးတယ်မလား။ taobaoတိုက်ရိုက်ထုတ်လွှင့်မှု၏ အရောင်းမော်ဒယ်အဖြစ် ကိုယ့်ကိုယ်ကို တွေးကြည့်လိုက်ရုံပေါ့လေ။
ချင်းရို့က အလွန်လှလှပပလေး ၀တ်စားထားသည်ကြောင့် လူအများအပြားက သူမတို့နှစ်ဦးကို အာရုံစိုက်ကြည့်ရှုရန် ရပ်သွားကြသည်။ ချင်းရို့၏ဈေးဆိုင်ငယ်လေးဟာ မကြာမီ ဖွင့်လှစ်ခဲ့ပြီး အဝတ်အထည်များကို အောင်မြင်စွာ ရောင်းချခဲ့လေသည်။
ချင်းရို့သည် သူမကိုယ်ပေါ်က အနီရောင်ဝတ်စုံတင်မကဘဲ တခြားအဝတ်အစားတွေရဲ့ ရောင်စုံဓာတ်ပုံ၁၀ပုံကျော် ရိုက်ထားခဲ့သည်။ ကာလာကင်မရာမှာ လောင်လုဇနီးမောင်နှံဟာဖြစ်ပြီး ချင်းရို့ ခဏငှားကာ ဓာတ်ပုံရိုက်ခဲ့ခြင်းပင်။
တစ်စုံတစ်ယောက်က လာမေးတဲ့အခါ ချင်းရို့က သူတို့ကို ဓာတ်ပုံပြ၍ "ဘယ်ပုံကြိုက်လဲ?"
"နင်ဘာပဲကြိုက်ကြိုက်၊ ငါကူတွဲပေးလို့ရတယ်နော်။ ဒီမှာ အဝတ်အစားတွေရော၊ ဖိနပ်တွေ၊ အိတ်တွေ၊ ခါးပတ်တွေပါရှိတယ်နော်..."
xxx
Ch-255
ချင်းရို့နှင့် ချူကောတို့က ငါးနာရီ၊ ခြောက်နာရီအတွင်းမှာပဲ ပစ္စည်းအားလုံးကို ရောင်းကုန်ခဲ့ပြီး ကုန်ကျစရိတ်၏ တစ်ဝက်ကို ပြန်လည်ရှာဖွေနိုင်ခဲ့သည်။ ချင်းရို့က အဝတ်အစားများအပြင် နှုတ်ခမ်းနီရာချီကိုလည်း ရောင်းချခဲ့သည်။
သူမမျက်နှာပေါ်ကမိတ်ကပ်ဟာ အရမ်းမျက်စိဖမ်းစားဖွယ်ဖြစ်၍၊ အထူးသဖြင့် သူမဆိုးထားတဲ့နှုတ်ခမ်းနီကြောင့် ချင်းရို့လည်း နှုတ်ခမ်းနီတွေအများကြီးရောင်းရခဲ့လေသည်။
အားလုံးရောင်းကုန်သွားသောအခါ ချင်းရို့နှင့် ချူကောတို့လည်း အလွန်မောပန်းသွားပြီး ရေဆာနေကြလျက်။
နောက်ရက်များတွင်လည်း ချင်းရို့နှင့် ချူကောဟာ ဈေးဆိုင်လေးတည်ဆဲပင်။ သူတို့က အဝတ်အစားတွေ ရောင်းချရုံသာမက နှုတ်ခမ်းနီတွေ၊ နားကပ်တွေပါ ရောင်းခဲ့သည်။
ချင်းရို့က ပန်းထိမ်ဆရာအိုကြီးထံမှ ငွေနားကပ်လေးတွေ လက်ကားဝယ်ယူကာ ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်သည်။
နှုတ်ခမ်းနီနဲ့ နားကပ်တွေလို သေးငယ်တဲ့ပစ္စည်းတွေဟာ အရမ်းရောင်းကောင်းလှသည်၊ အထူးသဖြင့် နားကပ်တွေပေါ့လေ။
နားကပ်တွေဟာ ဈေးချိုပြီး လှပသဖြင့် အမျိုးသမီးတွေက နားကပ်ပန်ရတာ စွဲလန်းလာတဲ့အခါ နားကပ်အမျိုးမျိုး နေ့တိုင်းပြောင်းဝတ်ရန်အတွက် များစွာဝယ်ယူသွားတတ်ကြလေသည်။
ချင်းရို့နှင့် ချူကောတို့ဟာ ရက်ပေါင်း ၂၀ကျော် ဆက်တိုက်ရောင်းချခဲ့သည်။ ကုန်ကျစရိတ်အားလုံးကိုနှုတ်ပြီးနောက် အမြတ်ငွေ ၂၆၀၀၀ယွမ် ရရှိခဲ့သဖြင့် ချင်းရို့က ၁၈၀၀၀ကိုယူကာ ချူကောအား ၈၀၀၀ ခွဲပေးလိုက်သည်။
နောက်ဆုံးအသုတ်ကုန်ပစ္စည်းတွေရောင်းကုန်ပြီးနောက် ချင်းရို့က ချူကောအား ပြောလိုက်၏။
"ငါတို့ ဒီမှာထပ်လာမရောင်းတော့ဘူး"
ချူကော အံ့အားသင့်သွားလျက် "ဘာလို့လဲ?"
"တဖြည်းဖြည်းရောင်းရခက်လာတာကို နင်သတိထားမိလား? လူတော်တော်များများက ငါတို့လိုမျိုးလိုက်ရောင်းဖို့ သင်ယူနေကြပြီလေ"
ချင်းရို့တို့ စတင်ရောင်းချသည့် ၃ရက်မြောက်နေ့မှစ၍ သူမတို့အတိုင်းလိုက်ရောင်းခဲ့သူတွေရှိလာခဲ့သည်။
၁၀ရက်မြောက်နေ့တွင် ပိုမိုများပြားလာကာ အရင်ဖောက်သည်အများအပြားလည်း လှလှပပလေးဝတ်ဆင်ကာ လာရောင်းကြတော့သည်။
"ငါတို့လုံလုံလောက်လောက်ရောင်းထားပြီးဖြစ်လို့ အခုရပ်တန့်သင့်ပြီလေ၊ ကုန်ပစ္စည်းတွေထပ်မရောင်းနိုင်ရင် ငွေဆုံးရလိမ့်မယ်"
ဒီလိုအခြေအနေမှာ ခေတ္တရပ်နားတဲ့သင်္ကေတကို နှိပ်လိုက်သည့်နှယ်။
ရိုးရိုးသားသားပြောရပါလျှင် ချူကောဟာ လက်လျှော့ဖို့ဝန်လေးနေသော်လည်း သူမတို့ရဲ့ပစ္စည်းတွေဟာ တကယ်ပဲတဖြည်းဖြည်းရောင်းရခက်လာပြီး ချင်းရို့ကပဲ အားလုံးကိုရောင်းထုတ်ပေးနိုင်ခဲ့လို့ ပစ္စည်းတွေအားလုံးကုန်သွားခဲ့သည်ဖြစ်ကြောင်းကို သူမလည်း သဘောပေါက်လေ၏။
ချင်းရို့စကားလုံးတွေဟာ သူမကို နိုးကြားလာစေရန် ရေအေးအေးဖြင့် လောင်းချခဲ့သည့်အလား။
ဒါဟာ ရေရှည်ငွေရှာလို့ရတဲ့နည်းလမ်းမဟုတ်ဘူးပဲ...
"ချင်းရို့ရေ နင်က အရမ်းစဥ်းစားချင့်ချိန်တတ်တာပဲဟယ်"
ချူကောသည် စိတ်လက်မာန်ပါလုပ်တတ်သူမဟုတ်သဖြင့် ဆက်မလုပ်သင့်ကြောင်း သူမသိသည်နဲ့ ခေါင်းညိတ်ကာ "လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါအဖျားတက်နေသလို ခံစားလိုက်ရသေးတယ်ဟ၊ နောက်ဆုံးတော့ ဒီနေ့ အဖျားကျသွားတော့မယ်ဆိုတာ သိလိုက်ရပြီ"
"ချင်းရို့ရေ အရမ်းကောင်းတာပဲ! ငါတို့ တကယ်ပဲ ပိုက်ဆံအများကြီးရှာနိုင်ခဲ့တယ်!"
ငွေတွေအများကြီးရှာလို့ရတဲ့နေ့ရက်တွေဟာ နေ့တိုင်းအိပ်မက်တစ်ခုလိုပင်။ ယင်းသည်ကား ချုကောလက်ထဲ ပိုက်ဆံမရောက်မချင်း အိမ်မက်တစ်ခုဖြစ်နေသည့်အလား။
ယခု သူမအကြိုက်ဆုံးမှာ ငွေတွေကိုလျှို့ဝှက်ရေတွက်ခြင်းပင်။
"အနာဂတ်မှာ ငွေရှာဖို့ တခြားနည်းလမ်းတွေ စဉ်းစားမိရင် ငါ့ကိုခေါ်ဖို့မမေ့နဲ့နော်"
"နင့်ရဲ့ပုလဲမွေးမြူရေးစက်ရုံက ပုလဲတွေထွက်လာရင်... ငါဘွဲ့ရပြီးတဲ့အခါ နင်နဲ့အတူ ပုလဲရောင်းမယ်နော် ဒါရိုက်တာချင်း!"
e-commerceမပေါ်မီက လူများစွာဟာ ဈေးဆိုင်လေးတည်ပြီး အရင်းအနှီးတို့ဖြင့် လုပ်ငန်းတစ်ခုစတင်လေ့ရှိခဲ့သည်။ သို့သော်လည်း ဤနည်းလမ်းဟာ နည်းပညာနည်းပါးပြီး ရေရှည်ဖြေရှင်းချက်မဟုတ်ပေ။
ချင်းရို့က လောဘကြီးသူမဟုတ်၍ ငွေအမြန်ရှာပြီးနောက် အချိန်မီပြန်ထွက်နိုင်ခဲ့သည်။ ဤငွေရှာနည်းဟာ အစမှာ အမြဲအဆင်ပြေသော်လည်း နောက်ပိုင်းတွင် စီးပွားရေးကျဆင်းလာနိုင်သည်။
သူမပတ်ဝန်းကျင်ရှိလူတွေဟာ သူမဒီလိုနည်းနဲ့ ပိုက်ဆံရှာနိုင်တဲ့အခါ သူတို့အားလုံးလည်း သူမအတိုင်းလိုက်လုပ်ခဲ့ကြသည်။ လူပိုများလာသည့်အခါ ဒီလိုငွေရှာနည်းဟာ အကျိုးအမြတ်သိပ်မရှိတော့ပေ၊ အဆုံးမှာတော့ ပိုင်မုန့်က ဒီလောက်ပဲကြီးတာလေ။
လူပိုများလာလေလေ၊ ပိုင်မုန့်က သေးငယ်သထက်သေးငယ်သွားလေလေပင်။
သူတို့ပြန်မထုတ်ရသေးဘဲ ရရှိသမျှငွေတွေကို ကုန်ပစ္စည်းအဖြစ်ဝယ်ထားခဲ့ရင်၊ ကုန်ပစ္စည်းတွေက ရောင်းမထွက်နိုင်တော့ရင်၊ သူတို့ အရင်က ရှာဖွေထားသမျှငွေတွေဟာလည်း ဆုံးရှုံးသွားပေလိမ့်မည်။
၁၉၈၀များနှင့် ၁၉၉၀များတွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ၊ ဤသည်မှာ အကြိမ်ရေမရေတွက်နိုင်အောင် ထပ်ခါတလဲလဲဖြစ်နေတတ်သည်ပင်။
တခြားသူတွေ မှိုစိုက်ခြင်းနှင့် ဝက်မွေးမြူရေးတို့ကြောင့် ငွေရှာနိုင်တာကိုကြည့်ပြီး လူတိုင်း မှိုစိုက်ကြကာ ဝက်မွေးခဲ့ကြသဖြင့် ဝယ်လိုအားထက် ရောင်းအားပိုများသွားပြီး ဈေးကျလာကာ အရင်က ငွေအများကြီးရှာနိုင်ခဲ့တဲ့ ကုန်ပစ္စည်းတွေတောင်မှ ရောင်းမထွက်နိုင်တော့ဘဲ ငွေတွေဆုံးရှုံးသွားခဲ့ရသည်။
သင်စီးပွားရေးလုပ်တဲ့အခါ မှန်ကန်တဲ့အချိန်ကိုကြည့်ရမယ်၊ trendနောက်ကိုမျက်စိစုံမှိတ်လိုက်လို့မရဘူး။ မဟုတ်ရင် ငွေဆုံးရှုံးပြီး မိနစ်ပိုင်းအတွင်း ဒေဝါလီခံသွားရလိမ့်မယ်။
ချင်းရို့သည် ပုလဲမြစ်ဝကျွန်းပေါ်တွင် ကြီးပြင်းခဲ့သူဖြစ်၍ သူမငယ်စဉ်ကတည်းက အတန်းဖော်များစွာ၊ သူငယ်ချင်းများစွာနှင့် တွေ့ဆုံခဲ့ရသည်။
သူမက လူကိုယ်တိုင် စီးပွားရေးမလုပ်ဖူးသော်လည်း ဒေဝါလီခံသွားရတဲ့မိသားစုစီးပွားရေးအကြောင်း ဇာတ်လမ်းအမျိုးမျိုးအဖုံဖုံကို ကြားဖူးခဲ့လေသည်။
ဟုတ်ပါ့ အရမ်းမှော်ဆန်လွန်းတာပဲနော်။ ဒီမှာလည်း မိသားစုစီးပွားရေး ချွတ်ခြုံကျနေတဲ့သူတွေနဲ့ တွေ့ဆုံရန် လွယ်ကူပေသည်။
ချင်းရို့လည်း 'အထည်ချုပ်စက်ရုံများဒေဝါလီခံရခြင်း' ဇာတ်လမ်းများစွာကို ကြားသိခဲ့ရသည်။ အထည်ချုပ်လုပ်ငန်းသည် လုပ်သားဦးရေများပြားသောလုပ်ငန်းတစ်ခုဖြစ်၍ ဂိုဒေါင်ထဲမှာ အထည်တွေစုပုံနေရင် ပိတ်လိုက်ရပြီး ဒေဝါလီခံရဖို့ အရမ်းလွယ်ကူလေ၏။
အထည်ချုပ်စက်ရုံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်လာမှာကိုလည်း သူမသိပေသည်။ လက်ရှိတွင် အထည်ချုပ်စက်ရုံများတည်ထောင်ရန် နိုင်ငံခြားအရင်းအနှီးအများအပြား ဝင်လာနေလျက်။
အကြောင်းကား ဤနေရာရှိ လုပ်အားနဲ့ မြေဈေးပေါသောကြောင့်သာ။ OEMစက်ရုံတစ်ခုဖွင့်ပြီး နိုင်ငံတကာအမှတ်တံဆိပ်များအတွက် OEMကို လုပ်ဆောင်ကြမည်ဖြစ်သည်။ (OEM = Original Equipment Manufacturer)
၁၉၈၀များ နှင့် ၁၉၉၀ခုနှစ်များတွင် အဝတ်အထည်ပိုင်းဆိုင်ရာ နိုင်ငံခြားကုန်သွယ်ရေးဟာ အထူးခေတ်စားခဲ့သည်။
နောက်ပိုင်း ကမ္ဘာ့စီးပွားရေးအကျပ်အတည်းရောက်လာသည့်အခါ နိုင်ငံခြားကုန်သွယ်မှု အမှာစာများ လျော့နည်းသထက်လျော့နည်းလာပြီး သူဌေးတွေလည်းထွက်ပြေးတိမ်းရှောင်လာကြသည်။
e-commerce စီးပွားရေး ဖွံ့ဖြိုးလာပြီးနောက်တွင် အထည်ချုပ်စက်ရုံကြီးတွေလည်ပတ်ရန်အတွက် ပို၍ပင်ခက်ခဲလာခဲ့ပြီး လွတ်လပ်သောဒီဇိုင်းတွေကိုအဓိကထားသော ပြန့်ကျဲနေတဲ့အလုပ်ရုံငယ်လေးတွေ ပိုမိုများပြားလာပေလိမ့်မည်။
နောက်ပိုင်းတွင်မူ အိမ်ခြံမြေစတင်ဖွံ့ဖြိုးလာသည့်အခါ အခြားစက်ရုံတွေရဲ့ နှစ်စဥ်အကျိုးအမြတ်ဟာ မြေယာတန်ဖိုးထက်ပိုမိုနည်းပါးလာပြီး စစ်မှန်သောစီးပွားရေးသည်လည်း ခက်ခဲသထက်ခက်ခဲလာခဲ့သည်။
...
ကောလိပ်ကျောင်းသူတစ်ယောက်အနေဖြင့် ချင်းရို့ကတော့ လုပ်ငန်းအများအပြားတွင် မပါဝင်ချင်ခဲ့ပေ။ သူမကတော့ သူမရဲ့ပုလဲမွေးမြူရေးစက်ရုံကိုပဲ ကောင်းကောင်းလုပ်ဆောင်ချင်ပေသည်။
ရရှိခဲ့သောအမြတ်ငွေ၏ တစ်စိတ်တစ်ပိုင်းကို အသုံးစရိတ်အတွက် အသုံးပြုခဲ့ပြီး၊ ကျန်တစ်ပိုင်းကို အရင်းအနှီးအဖြစ် သိမ်းဆည်းထားလိုက်သည်။
"ချင်းရို့ရေ ငါတို့အတွက် ဒီအဝတ်အစားတွေ၊ ဖိနပ်တွေနဲ့ နှုတ်ခမ်းနီတွေကိုရောင်းဖို့ ကူညီပေးနိုင်မလားဟင်?"
မိန်းကလေးတစ်ယောက်ဟာ ငိုကြီးချက်မဖြင့် အကူအညီတောင်းဖို့ ချင်းရို့ရဲ့ အိပ်ဆောင်ကို ရောက်လာပါတော့သည်။
သူမကလည်း လင်းနန်တက္ကသိုလ်မှကျောင်းသူတစ်ဦးဖြစ်ပြီး အမည်မှာ ကျိုးယန့်ရှာဖြစ်၏။ သူမက ချင်းရို့ဟာ လမ်းဘေးမှာ အဝတ်အစားရောင်းရင်းငွေရှာနိုင်တာကိုတွေ့ရှိပြီးနောက် သူမနဲ့အတန်းဖော်တချို့လည်း အဝတ်အထည်တွေ၊ ဖိနပ်တွေလက်ကားဝယ်ကာ လမ်းဘေးမှာရောင်းရန် ဆုံးဖြတ်ချက်ချခဲ့ပေမယ့် လုံးဝမရောင်းရခဲ့ပေ!
လမ်းဘေးမှာ တစ်နေကုန်ရပ်နေခဲ့ရပြီးနောက် တစ်ထည်၊ နှစ်ထည်သာရောင်းရခဲ့ပြီး တစ်ခါတလေဆို တစ်ထည်မှမရောင်းရခဲ့ဘဲ လမ်းသွားလမ်းလာတွေက သူတို့ရဲ့ အဝတ်အစားတွေကို ကြည့်တောင်မကြည့်ခဲ့ကြပေ။
သူတို့ တထည်လောက်ရောင်းရရင်တောင်မှ ဈေးနှုန်းအလွန်ချို၍ ကုန်ကျစရိတ်လုံးဝပြန်မကာမိခဲ့။
သူတို့ငှားထားတဲ့အိမ်မှာ ဝယ်ထားသမျှတွေစုပုံနေပြီး လုံးဝရောင်းမရခဲ့ရင်တော့ ရင်းနှီးထားသမျှငွေတွေအားလုံး ဆုံးရှုံးရပေလိမ့်မည်!
"ငါ့မှာလည်းတခြားနည်းလမ်းမရှိဘူးဟာ၊ နင် ငါ့ကိုလာရှာလည်း အသုံးမဝင်ဘူး"
ချင်းရို့က သူတို့ဝယ်ထားတဲ့အဝတ်အစားတချို့ကို မြင်သည့်အခါ ယုတ်မာတဲ့စက်ရုံဆီက အလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ချေပြီ။ သူတို့အုပ်စုဟာ ရောင်းအားမကောင်းတဲ့အထည်တွေကို ဝယ်လာခဲ့ကြ၏။
သူတို့က အမြင်မရှိသောကြောင့် နှလုံးသားမည်းနက်တဲ့စက်ရုံဟာ ရောင်းမကုန်တဲ့ကုန်ပစ္စည်းတွေကို တွန်းပို့ခဲ့ခြင်းပင်။
ပိုက်ဆံသုံးတဲ့လူတွေဟာလည်း အရူးတွေမှမဟုတ်ကြဘဲ။ လမ်းဆုံမှာ အထည်တွေရောင်းတာနဲ့ မျက်ကန်းလိုမျိုးဝယ်မှာမဟုတ်ဘူးလေနော်။
ချင်းရို့ အစပိုင်းတွင် ဝင်ငွေများစွာရခဲ့သည်မှာ သူမရဲ့ ဆန်းသစ်သောပုံစံကြောင့်ဖြစ်လေသည်။
သူမရဲ့ ဝတ်စုံလှလှလေးဟာ လူများစွာရဲ့ အာရုံစိုက်မှုကိုခံခဲ့ရပြီး ဘေးလူတွေရဲ့အကြည့်အောက်မှာ ခပ်မိုက်မိုက်လေထုအငွေ့အသက်ကို တမင်ဖန်တီးခဲ့ခြင်းပင်။
အနှီခပ်မိုက်မိုက်အငွေ့အသက်ကြောင့် လူတစ်ဦး စဝယ်သည်နှင့် နောက်လူတွေလည်း လိုက်ဝယ်ကြလေ၏။ လူတွေအားလုံးဟာ အသစ်အဆန်းတစ်ခုကို စမ်းကြည့်ကြသော်လည်း ထိုကဲ့သို့ အမြဲဆက်လက်ရှိနေမည်မဟုတ်ပါချေ။
ဒုတိယအကြိမ်၊ တတိယအကြိမ်ပြီးနောက် လူတွေလည်း ဤနည်းလမ်းတွေကို ရိုးလာကြမည်ဖြစ်ပြီး ကနဦးစိတ်အားထက်သန်ခြင်းတွေလည်း ပျောက်ကွယ်လာပါလိမ့်မည်။
"ချင်းရို့ နင့်မှာ နည်းလမ်းရှိရမယ်။ နင်က အရမ်းလှတော့ ငါတို့အဝတ်အစားတွေဝတ်ပြီး လမ်းဘေးမှာရပ်ပေးရင် နင့်အဝတ်အစားတွေဝယ်ဖို့ လူတော်တော်များလာကြမှာပဲ"
"ကျေးဇူးပြုပြီး ကူညီပါဟာ၊ ငါတို့မရောင်းနိုင်ရင် ပြီးဆုံးသွားလိမ့်မယ်။ ငါ သူတို့ကို ယွမ်ထောင်ချီအကြွေးတင်နေတာ၊ ငါ ဘယ်လိုလုပ်ပြီး ဒီလောက်ငွေအများကြီးကိုပြန်ပေးနိုင်မှာလဲလို့၊ ကျေးဇူးပြုပြီးတော့..."
"ငါတို့အားလုံး နင့်ဆီကနေ သင်ယူခဲ့ကြတာလေ။ နင် အခု ငါတို့ကို ပစ်ထားခဲ့လို့မရဘူး" ကျိုးယန့်ရှာက နောက်ဆုံးကောက်ရိုးမျှင်ကို ဖမ်းထားသလိုမျိုး သူမရှေ့က ချင်းရို့ကို ကြည့်လိုက်သည်။
"နင့်ကို အဝတ်အစားဝယ်ဖို့ ငါပြောခဲ့တာမဟုတ်ဘူး၊ လမ်းဆုံမှာရောင်းဖို့လည်း ငါပြောခဲ့တာမဟုတ်ဘူးလေ"
ချင်းရို့ ခေါင်းခါလိုက်ပြီး "နင့်ရဲ့အဝတ်အစားနဲ့ ပတ်သက်ပြီး ငါဘာမှမလုပ်နိုင်ဘူး"
သူမသည် သည်လူတွေရဲ့ အတွေ့အကြုံကို စာနာတတ်သော်လည်း အရောင်းအဝယ်ဆိုသည်မှာ စစ်မြေပြင်တစ်ခုကဲ့သို့ပင်၊ ဆုံးရှုံးမှုများနှင့် အခွင့်အလမ်းများဟာ ယှဥ်တွဲရှိနေလေသည်။
သည်လူတွေဟာ ဈေးကွက်အခြေအနေကို ကြိုတင်လေ့လာဖို့အတွက် အထည်ချုပ်စက်ရုံများစွာကိုမသွားခဲ့ပါဘဲ စီးပွားရေးကို မျက်ကန်းသဖွယ်လုပ်ခဲ့ပြီးတော့ အခု တစ်ခုခုဖြစ်လာတဲ့အခါကျမှ အကျင့်စာရိတ္တပိုင်းဆိုင်ရာခြိမ်းခြောက်ဖို့ သူမဆီပြေးလာလိုက်သေးတယ်။
"သူမဆီက အားလုံးသင်ယူထားတာမို့လို့ သူတို့ကို ဒီလိုထားခဲ့လို့မရဘူး"ဆိုတာ ဘာအဓိပ္ပါယ်တုန်း? လူအများကြီးက သူမဆီကနည်းလမ်းတွေကို သင်ယူပြီးတော့ စီးပွားရေးလုပ်ခဲ့ကြတာပဲလေ၊ သူတို့ရောင်းမရတာနဲ့ သူမက တာဝန်လိုက်ယူပေးနေရမှာလား?
သူတို့ကို လမ်းဘေးမှာ အဝတ်အစားတွေရောင်းခိုင်းတာ သူမမှမဟုတ်ဘဲ။
xxx