အခန်း (၂၆၆-၂၆၇)
Vol. 23 Ch. 266-267
Ch-266
ကောင်းလဲ့က ထိုပုလဲလည်ဆွဲကို အမေရိကန်ဒေါ်လာ၅၀၀၀ဖြင့် ဝယ်ယူသွားခဲ့သည်။ ယခုအချိန်တွင် ပြည်တွင်းသုံးငွေနှင့် အမေရိကန်ဒေါ်လာ အချိုးမှာ ၁:၁.၄၉ ဖြစ်ပြီး ဆိုလိုသည်မှာ အမေရိကန်တစ်ဒေါ်လာဖြစ်ပါက ၁.၄၉ယွမ်ဖြင့် လဲလှယ်နိုင်သည်။
အခြားဇိမ်ခံပစ္စည်းတို့ဖြင့်ယှဥ်ပါက ဒါဟာစျေးအလွန်မြင့်မားသည်မဟုတ်သေးပေ။ ယခုခေတ်အခါ တရုတ်ပြည်၌ မော်တော်ဆိုင်ကယ်တစ်စီးမှာ ယွမ် ၈၀၀၀ မှ ၁၀၀၀၀ခန့်ရှိပြီး သာမန်ကားတစ်စီးမှာ သောင်းနဲ့ချီဈေးရှိသလို နိုင်ငံခြားဇိမ်ခံကားဖြစ်ပါက သိန်းပေါင်းရာနဲ့ချီကုန်ကျလေသည်။
သုတေသနစမ်းသပ်စခန်းမှ မွေးမြူထားသော ဧရာမပုလဲကြီးဟာ ပို၍ပင်အဖိုးတန်ပါ၏။ ဒီလိုဧရာမပုလဲကြီးကို လေလံပွဲတွင် အမေရိကန်ဒေါ်လာ ၃၀၀၀၀ဖြင့် ဈေးမြင့်မြင့်နဲ့ရောင်းချနိုင်သည်။
ကောင်းလဲ့က လက်ဝှေ့ယမ်းကာ ရွှင်ရို့ပုလဲစက်ရုံမှ ထိပ်တန်းပုလဲသုံးမျိုးကို ဝယ်ယူခဲ့သဖြင့် စုစုပေါင်းအမေရိကန်ဒေါ်လာ ၆၀၀၀၀ရရှိခဲ့ကာ ပြည်တွင်းသုံးငွေ ယွမ် ၈၀၀၀၀ မှ ၉၀၀၀၀ ဝန်းကျင်ရှိလေ၏။ ရောင်းအားရဲ့ အကြီးအမားဆုံးအပိုင်းဟာ သဘာဝပုလဲတွေပင်။
"ဒါတွေက ကျွန်မတို့တောင်ကျွန်းရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံက မွေးမြူထားတဲ့ပုလဲတွေပါ။ နောက်နှစ်မှာ အရည်အသွေးမြင့်ပုလဲတွေ ထပ်ပြီးထုတ်လုပ်ဦးမှာပါ"
ဒီလောက်များပြားလှတဲ့နိုင်ငံခြားအော်ဒါကြောင့် ဒေသန္တရအစိုးရကို တုန်လှုပ်သွားစေခဲ့သည် ! !
ပုလဲတွေကို ဒီလောက်ဈေးမြင့်မြင့်နဲ့ ရောင်းနိုင်တယ်တဲ့လား?!!! ပြီးတော့ သူတို့က ဒီမှာ ပုလဲတွေမွေးမြူနိုင်တယ်တဲ့လား?!!!!!
ချုံကျိုးကျွန်းတစ်ခုလုံးနှင့် ကွမ်ချန်ပြည်နယ်တို့တောင်မှ အုတ်အော်သောင်းနင်းဖြစ်သွားရလျက်။
"အိုးမိုင်ဂေါ့!!! သူတို့ပုလဲစက်ရုံကနေ ပုလဲလည်ဆွဲတွေကို ဒေါ်လာထောင်နဲ့ချီပြီး ရောင်းရတယ်တဲ့"
"တကယ်ကြီး ပုလဲတွေတစ်လုံးပြီးတစ်လုံးရောင်းထွက်သွားတာတဲ့တော်"
"ပုလဲဘုရင်ကို ချုံကျိုးကျွန်းမှာ မွေးမြူထားနိုင်တယ်။ လင်းရွှေက ဖုန်းရွှေရတနာနယ်မြေတစ်ခုပဲဟေ့။ အဲဒီကထွက်တဲ့ပုလဲလည်ဆွဲတွေကို ဒေါ်လာထောင်နဲ့ချီရောင်းနိုင်တယ်ဆိုပဲ!!"
…
ပေါက်ကွဲစေမည့်သတင်းမျိုးစုံတစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး လူတွေရဲ့အာရုံကို အဆက်မပြတ်လှုံ့ဆော်ပေးနေခဲ့သလို သုတေသနစမ်းသပ်စခန်းကလူတွေတောင်မှ ရှော့ခ်ရကုန်ကြ၏။ သူတို့ သုတေသနလုပ်စဥ်က ဒီပုလဲတွေရဲ့တန်ဖိုးကို မသိခဲ့ကြပေမယ့် အခုတော့...
ပုလဲတွေက အရမ်းတန်ဖိုးကြီးတာပဲ!!!!
"အား အား အား !!!!!!"
အပြင်လူတွေ အံ့အားသင့်ရုံသာမက ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံမှလူများပင် ထိတ်လန့်သွားကြရ၏။ မုန့်လန် ကိန်းဂဏန်းတွေကိုကြားလိုက်ရသည့်အခါ သူမ သင်္ချာကိုတစ်ခါမှ မလေ့လာဖူးသလို ခံစားလိုက်ရပြီး ရှင်းရှင်းလင်းလင်းမသိတော့ပါချေ။
ဒီပုလဲတွေက ကောင်းကင်ပေါ်က ကြယ်တွေလိုပဲ!!!
"အမြတ်ဝေစုတွေပေးပြီးပြီ!!!"
ချင်းရို့လည်း ဝင်ငွေရှာလို့ရပြီဖြစ်၍ အလွန်ပျော်ရွှင်နေခဲ့ပြီး သူတို့ပုလဲမွေးမြူရေးခြံရဲ့ကျောရိုးအတွက် အမြတ်ငွေထောင်ပေါင်းများစွာကို ပေးခဲ့လေသည်။ မုန့်လန်က ပိုက်ဆံတွေကိုကိုင်ထားရင်း လွန်စွာစိတ်လှုပ်ရှားနေခဲ့၏။ ဒီပိုက်ဆံအများကြီးနဲ့ဆို သူမသမီးလေးအတွက် အဝတ်အစားလှလှလေးတွေနဲ့ ဖိနပ်လှလှလေးတွေဝယ်ပေးနိုင်သလို ငွေများများစုနိုင်မယ်၊ ပြီးတော့ မိသားစုအတွက် အိမ်တစ်လုံးဆောက်နိုင်တော့မယ်!!
အားရှီလည်း အမြတ်ဝေစုရရှိခဲ့သည်။ သူက ဘာမှမပြောဘဲ ဆိတ်ဆိတ်နေသော်လည်း သူ့မျက်လုံးတွေက အလွန်တောက်ပနေလျက်။
သူတို့ရဲ့ ပုလဲမွေးမြူရေးစက်ရုံက ပိုက်ဆံရှာနိုင်ပြီဟေ့!!!
ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံရှိလူတွေအတွက်ကတော့ ငွေရှာနိုင်ရုံတင်မက သတင်းစာအသီးသီးမှ သတင်းထောက်များပါ သူတို့ဆီ အင်တာဗျူးရန် အပြေးအလွှားလာရောက်ကြ၍ ပျော်ရွှင်နေကြလေ၏။ ချင်းရို့က ရှေ့မထွက်ဘဲ မုန့်လန်ကို ကိုယ်စားလှယ်အနေဖြင့် သတင်းထောက်တွေနဲ့ စကားပြောခွင့်ပေးခဲ့သည်။
ယခင်ကသာမန်ကျေးလက်သူလေးဖြစ်တဲ့ မုန့်လန်ဟာ သတင်းထောက်များစွာကို ပထမဆုံးအကြိမ်ရင်ဆိုင်ရသဖြင့် အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း သူမက ဤနယ်ပယ်တွင် ကောင်းစွာတတ်ကျွမ်းသူဖြစ်၍ ပုလဲမွေးမြူရေးအကြောင်း ဂဃနဏသိထားလေ၏။
သူမလည်း သတင်းထောက်များနှင့် ဓာတ်ပုံများစွာရိုက်ခဲ့ပြီး မကြာမီ အဆိုပါသတင်းသည် သတင်းစာတွင်ပါလာခဲ့သည်။
"ပုလဲတစ်ကုံးကို ဒေါ်လာထောင်ချီပေးရတယ်တဲ့!"
သူတို့ပုလဲမွေးမြူရေးခြံမှာ ဖြစ်ပျက်ခဲ့တာတွေ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားလေပြီ။
"ရူးနေကြပြီ၊ အခု လူတိုင်းရူးနေကြပြီ!!!"
ပထမဦးစွာ လင်းရွှေရှင်းရွာရှိ ရွာသားတွေအားလုံး စိတ်လှုပ်ရှားသွားကြ၏။ ပုလဲမွေးမြူရေးက အရမ်းအမြတ်များတာပဲဟ၊ သူတို့လည်း ပုလဲမွေးချင်တယ်လေ!!
သူတို့က သုတေသနစမ်းသပ်စခန်းကို ဝန်းရံထားကြကာ "ငါတို့လည်း ပုလဲမွေးမြူနည်းကို လေ့လာချင်တယ်!!"
"အားလုံး စိတ်ရှည်ကြပါ၊ ပုလဲမွေးမြူရေးစက်ရုံကို အရင်လေ့လာကြရမယ်၊ အစိုးရက မကြာခင် အစိုးရပိုင်ပုလဲမွေးမြူရေးစက်ရုံကို ဖွင့်လှစ်တော့မှာ..."
…
"ငါ ပုလဲတွေနည်းနည်းခိုးထားသင့်တာကွာ!" အလုပ်ထုတ်ခံခဲ့ရသော ဦးလေးစွင်းက ယခုဆို ပို၍ပင်စိတ်ပျက်လက်ပျက်ဖြစ်နေလေ၏။
ဒီကျိုးပဲ့နေတဲ့ကျောက်တုံးတွေက ဒီလောက်ဈေးကြီးလိမ့်မယ်လို့ သူမထင်ထားမိခဲ့၊ သူ ပုလဲတချို့ခိုးထားဖို့ အကောင်းဆုံးကြိုးစားခဲ့သင့်တာကွာ...
နည်းနည်းလေးခိုးထားနိုင်ခဲ့ရင် သူချမ်းသာလာမယ့်ဟာ!!
ဦးလေးစွင်းရဲ့မျက်လုံးတွေ နီရဲနေပြီး သွေးရောင်လွှမ်းနေလျက်။ သူ့မျက်စိရှေ့မှာရှိနေတဲ့ငွေတွေကို ဆုံးရှုံးသွားရသလိုလို။
အဲဒီပုလဲတွေကို အမေရိကန်ဒေါ်လာအဖြစ် ပြောင်းနိုင်တယ်တဲ့လေ!! အမေရိကန်ဒေါ်လာတဲ့!
ပုလဲတွေကို ဈေးမြင့်မြင့်နဲ့ရောင်းနိုင်တယ်လို့ တခြားသူတွေလိုပဲ ဦးလေးစွင်းတွေးခဲ့လေ၏။ သို့သော် လက်တွေ့တွင်မူ အရည်အသွေးမြင့်ပြီး ကြည့်ကောင်းသောပုလဲတွေကိုသာ ဒီလိုဈေးမြင့်မြင့်နဲ့ ရောင်းချနိုင်ခြင်းပင်။
ပထမအသုတ်ပုလဲတွေကိုရိတ်သိမ်းပြီးနောက် ချင်းရို့ရဲ့ပုလဲမွေးမြူရေးခြံသည် ထုတ်လုပ်ရေးနှင့် ပုလဲမွေးမြူရေးနယ်ပယ်ကို တိုးမြှင့်ရန်ဆုံးဖြတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကွမ်ချန်နှင့် ချုံကျိုးကျွန်းကြား သွားလာနေကြသော သင်္ဘောတွေများသထက်များပြားလာလေပြီ။ သတင်းကိုတွေ့လိုက်ရတဲ့လူတော်တော်များများက ရေမြေအနေအထားကိုလေ့လာရန် ချုံကျိုးကျွန်းသို့ ရောက်လာကြ၏။ သူတို့လည်း ပုလဲတွေမွေးမြူချင်တာပေါ့လို့!!
အစိုးရပိုင်ပုလဲမွေးမြူရေးစက်ရုံများ ဖွင့်လှစ်ရုံသာမက ဖက်စပ်ပုလဲစက်ရုံအသီးသီးလည်း နေရာအနှံ့အပြားဖွင့်လာကြလေပြီ။ အစိုးရပိုင်ပုလဲစက်ရုံကို ဟိုင်ရို့အစိုးရပိုင်ပုလဲမွေးမြူရေးစက်ရုံလို့ခေါ်တွင်ခဲ့သည်။ ဟိုင်ရို့ပုလဲစက်ရုံအပြင် အိုက်ရို့၊ ကျန်းရို့၊ ကျွေ့ရို့၊ ဖျောင့်ရို့ စသဖြင့် ပုလဲမွေးမြူရေးစက်ရုံအများအပြားရှိလာခဲ့ပြီး ချင်းရို့ရဲ့ "ရွှင်ရို့"ပုလဲမွေးမြူရေးစက်ရုံကို ဝန်းရံထားကြလေသည်။
သတင်းထောက်မျိုးစုံနှင့် ယခင်အင်တာဗျူးများတွင် ချင်းရို့သည် မုန့်လန်နှင့် သတင်းထောက်များအား "ရွှင်ရို့ပုလဲတွေ"ကို လူအများရဲ့အာရုံစိုက်မှုတိုးမြှင့်စေရန် အာရုံစိုက်ဖို့ရာ တောင်းဆိုခဲ့ပြီး သူတို့အမှတ်တံဆိပ်ကို လူသိများစေရန် ကြေညာခဲ့သည်။ သို့မှသာ "ရွှင်ရို့ပုလဲ"အကြောင်းကို လူတိုင်းသိနိုင်ပေမည်။
ရလဒ်အနေဖြင့် တောင်ကျွန်းရွှင်ရို့ပုလဲတွေရဲ့ အကျိုးသက်ရောက်မှုဟာ အောင်မြင်ခဲ့လေသည်။ "ပုလဲလည်ဆွဲတွေကိုဒေါ်လာထောင်ပေါင်းများစွာဖြင့်ရောင်းချခဲ့သော" ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံသည် အလွန်အမင်းဖမ်းစားနိုင်ပေမယ့် အမျိုးမျိုးသောကော်ပီတွေပေါ်လာတယ်လို့ ဆိုလိုခြင်းဖြစ်သည်။
ရွှင်ရို့လို့ခေါ်တယ်မဟုတ်လား? ဒါဆို ဖျောင်ရို့၊ ကျီရို့၊ မိန်ရို့လို့ခေါ်မယ်လေ...
ချင်းရို့: "…"
ရဲဘော်ရှောင်ချင်းသည် ထိုတံဆိပ်တွေကို တွေ့လိုက်ရတဲ့အခါ အံ့အားသင့်သွားရ၏။ ပုလဲမွေးမြူရေးစက်ရုံမဖွင့်ရသေးသော်လည်း နာမည်ကို ကြိုယူထားပြီးဖြစ်သည်။ နာမည်ကို အရင်ယူထားလိုက်တာပေါ့။ အဆောက်အဦးမှာမဆောက်ရသေးတာကြောင့် အမှတ်တံဆိပ်ဆိုင်းဘုတ်ကို ချိတ်ဆွဲထားလိုက်ရုံဖြင့် လူသိရှင်ကြားဖြစ်သွားကာ အနီးတစ်ဝိုက်ရှိလူတွေသိသွားနိုင်ပြီး နောက်ကျ နာမည်တူတွေပေါ်မလာနိုင်တော့ချေ။
ချင်းရို့လည်း သူမရဲ့ပုလဲစက်ရုံနာမည်ကြီးလာပြီးနောက် တခြားလူတွေက သူမအတိုင်းလိုက်လုပ်ကြပြီး ပုလဲမွေးမြူရေးခြံတွေဖွင့်ကြလိမ့်မယ်ဆိုတာသိခဲ့ပေမယ့် သူမ ကျပန်းရွေးချယ်လိုက်တဲ့နာမည်ဟာ ဒီလိုလိပ်ပြာအကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်မိခဲ့။
ချင်းရို့ ကိုယ့်နဖူးကိုဖုံးကာလိုက်မိသည်။
အိုးမိုင်ဂေါ့ အနာဂတ်မှာ လင်းရွှေရှိနေရာတိုင်း ပုလဲမွေးမြူရေးစက်ရုံအမျိုးမျိုး ဖွင့်လှစ်လာကြလိမ့်မယ်... နေရာတိုင်းမှာ "ရို့"ဆိုတဲ့စာလုံးလည်း ပျံ့နှံ့လာမှာလားဟ?
သူမ နောင်တရနေလေပြီ၊ သူမနာမည်နှင့်ခပ်ဆင်ဆင်တူတဲ့ "ရွှင်ရို့"လို့ မခေါ်ခဲ့သင့်ဘူး...
တကယ်ပါပဲ... ဒီကမ္ဘာကြီးမှာ လက်သင့်မခံနိုင်ဆုံးအရာက နာမည်ပဲလေ...
"မမချင်းရို့ရေ ဟိုဘက်မှာလေ ရှားရို့ပုလဲမွေးမြူရေးစက်ရုံထပ်ဖွင့်တော့မယ့်ပုံပဲ" မုန့်လန်နှင့် အခြားသူတွေက စက်ရုံဖွင့်ပွဲရဲ့ တက်တက်ကြွကြွလေထုအခြေအနေကို သတိပြုမိကြပြီး စက်ရုံရှိလူတွေကလည်း အခြေအနေကို သွားစူးစမ်းခဲ့ကြသည်။
"ဘာ? ရှားရို့?" ချင်းရို့ အမှန်ပင်ဆွံ့အနေမိလျက်။ နင်ခုနကပြောတဲ့ အိုက်ရို့၊ ဖျောင့်ရို့၊ ဟိုင်ရို့တွေက အဆင်ပြေပါသေးတယ်၊ အခုတော့ ရှားရို့ဆိုတာပါရှိနေပြီပေါ့လေ။
"ပုစွန်ကြီးကြီးက ရှား၊ ပင်လယ်ပုစွန်က ရှား၊ ရှားရို့ပုလဲစက်ရုံတဲ့! ဟောင်ကောင်ကျွန်းက ဘော့စ်တစ်ယောက် ရင်းနှီးမြုပ်နှံပြီး လာဖွင့်ထားပုံရတယ်။ သူကပုစွန်စားရတာကြိုက်လို့ ရှားရို့လို့မှည့်လိုက်တာဆိုပဲ"
ချင်းရို့: "…"
ချင်းရို့သည် နာမည်ကိုသာမန်ကာလျှံကာရွေးချယ်ခဲ့သူမှာ သူမပဲရှိတယ်လို့ ထင်ခဲ့ပေမယ့် သူမထက်ပို၍ပင် သာမန်ကာလျှံကာနာမည်မှည့်တတ်သူ တစ်ယောက်ယောက်ရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ဒီရှားရို့ပုလဲတွေဟာ လှပသောပုလဲတွေနှင့်မတူပါချေ။ အမျိုးသမီးတွေရဲ့ လက်ဝတ်ရတနာနှင့် ဘာမှမသက်ဆိုင်ဘဲ ပုစွန်crackersလိုမျိုး သရေစာတွေနှင့် အတော်လေးဆင်တူနေ၏။
ဘာကိုရှားရို့ပုလဲတုန်း။
ချင်းရို့ စကားမပြောနိုင်ဖြစ်သွားရလျက်။
မုန့်လန်က သူမရဲ့အမြတ်ဝေစုတွေကို စုဆောင်းထားခဲ့သည်။ သူမအမြတ်ဝေစုတွေ အများကြီးရခဲ့ပေမယ့် ဒီအချိန်မှာ အရမ်းစိုးရိမ်စိတ်ပူနေလေ၏။ "မမချင်းရို့ ငါတို့ပတ်ဝန်းကျင်မှာလေ ပုလဲမွေးမြူရေးစက်ရုံတွေအများကြီးရှိလာပြီဆိုတော့ ငါတို့စက်ရုံကို ထိခိုက်မယ်လို့ ထင်လားဟင်?"
"ဘာတွေကြောက်နေတာလဲကွယ်၊ ငါတို့စက်ရုံက အရင်ဆုံးဖွင့်တာဆိုတော့ ငါတို့ပတ်ဝန်းကျင်ကလူတွေထက် ခြေတစ်လှမ်းသာနေပြီးသားပဲ။ အခုဆို ငါတို့စက်ရုံက လူပိုစုဆောင်းဖို့ ခြေလှမ်းစနေပြီလေ။ ငါတို့စက်ရုံရဲ့ စီမံခန့်ခွဲမှုကို အားကောင်းအောင်လုပ်ဖို့ အကျင့်စရိုက်ကောင်းရှိသူတွေကို ခန့်ရမယ်"
ချင်းရို့က ဒီလိုမြင်ကွင်းမျိုးကို မျှော်လင့်ထားခဲ့သည်မှာ ကြာလှချေပြီ။ ပုလဲတွေကိုလူသိများလာသရွေ့ ပုလဲမွေးသူတွေလည်း အဆုံးမရှိများပြားလာမည်မှာ သဘာဝအတိုင်းပင်။ နောင်တွင် ဒီနေရာမှာ ပုလဲမွေးမြူရေးစက်ရုံဖွင့်မယ့်သူတွေ များသထက် ပိုများလာပေလိမ့်မည်။
လက်ရှိတွင် သူမတို့က "ပထမ"ဆိုသောနေရာကို သိမ်းပိုက်ထားရမည်ဖြစ်သည်။ ပုလဲမွေးမြူရေးဟာ တစ်ရက်နှစ်ရက်နဲ့ဖြစ်လာသည်မဟုတ်ဘဲ နှစ်နဲ့ချီအချိန်ယူရသည်လေ။
ပုလဲမွေးမြူရေးလုပ်ငန်းသို့ လူအများအပြားဝင်ရောက်လာပါက ရောနှောဈေးကွက်လည်း ဝင်ရောက်လာမည်ဖြစ်သည်။ သူမတို့ပေါ်လွင်ထင်ရှားချင်ရင်တော့ ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံနာမည်ကျော်ကြားလာအောင်လို့ အလုပ်ပိုကြိုးစားဖို့လိုအပ်ပါသည်။
"ငါတို့ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံက ပုလဲတွေရဲ့အရည်အသွေးကို အထူးဂရုစိုက်ရမယ်!"
ချင်းရို့ ရည်မှန်းချက်သည်ကား အနာဂတ်၌ ရောနှောဈေးကွက်တွင် ငွေရှာရန်၊ နောင်နှစ်ပေါင်းများစွာထိတည်ရှိရန်နှင့် သူမကိုယ်ပိုင်ရွှင်ရို့ပုလဲအမှတ်တံဆိပ်ကို ထူထောင်ရန်ဖြစ်သည်။ သူမတို့ရဲ့ ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံက အကောင်းဆုံးပုလဲတွေပဲထုတ်ရမယ်!
ပုလဲအမှတ်တံဆိပ်ကို ထူထောင်လိုပါက ကုန်ပစ္စည်းရဲ့ အရည်အသွေးကို အာမခံရမည်ဖြစ်သလို အရည်အသွေးကိုကာကွယ်ရန် တိုက်ခိုက်ရပေမည်။ ဤသည်ကား သူမတို့ပုလဲမွေးမြူရေးစက်ရုံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်ဆိုင်ရမည့် ပြဿနာများထဲမှ တစ်ခုပင်။
အနာဂတ်တွင် ပုလဲမွေးသူတွေပိုများလာတဲ့အခါ တောင်ကျွန်းပုလဲတွေရဲ့ ဂုဏ်သတင်း ပြန့်နှံ့လာသည်နှင့်အမျှ *ဒုက္ခရောက်နေသောရေထဲမှာငါးဖမ်းရန် တောင်ကျွန်းပုလဲ"အတု"တွေကို ယူဆောင်လာသူ ပိုမိုများပြားလာပေလိမ့်မည်။ သည့်ကြောင့် မူလက ကြည်လင်သန့်ရှင်းနေတဲ့ ပင်လယ်ရေကိုလည်း ထိခိုက်စေမှာဖြစ်သလို ဖမ်းထားတဲ့ ရေနက်ပုလဲကမာတွေကိုလည်း ထိခိုက်စေပေလိမ့်မည်... (*အကျိုးကျေးဇူးတွေရဖို့ ပရမ်းပတာအခြေအနေတွေကနေ အခွင့်ကောင်းယူတယ်လို့ပြောတာပါ)
ဈေးကွက်စံချိန်စံညွှန်းမမီသောယနေ့ခေတ်၌ စက်မှုလုပ်ငန်းအများအပြားဟာ ရေအတွက် ငါးဖမ်းခြင်းနည်းလမ်းကို ကျင့်သုံးကြမည်ဖြစ်ပြီး ကြွယ်ဝချမ်းသာမှုကာလပြီးသည့်နောက် စိတ်ပျက်ဖွယ်အဆုံးသတ်ရမည်ဖြစ်သည်။
သို့ပေတည့် ဒါတွေကို ဘယ်သူမှမတားနိုင်ကြပေ၊ အကြောင်းကား လူတွေအမြန်ငွေရှာခြင်းကို တားလို့မရနိုင်ဘူးလေ။ အတိတ်တုန်းကဆို လူတိုင်းဆင်းရဲမှာကြောက်ကြပေမယ့် အခုချိန်မှာတော့ သူတို့မှာ ငွေရှာနိုင်တဲ့နည်းလမ်းတစ်ခုရှိလာလေပြီ၊ ယခုအခါ အရေးကြီးဆုံးအရာမှာ ပိုက်ဆံရှာဖို့ပင်။
ယခုအချိန်တွင် အစိုးရကလည်း လူတိုင်းကို ငွေများများရှာဖို့ အားပေးလေ၏။ ပုလဲတွေများများတင်ပို့လေလေ နိုင်ငံခြားဝင်ငွေများများရလေလေဖြစ်သည်။
"ကောင်းပြီ၊ ငါတို့ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံက ပိုကောင်းသထက်ကောင်းလာမှာ သေချာတယ်!!"
xxx
Ch-267
သူမရှေ့က သာယာစိုပြေနေတဲ့မြင်ကွင်းကို မြင်လိုက်ရသဖြင့် မုန့်လန်ပြုံးရွှင်နေမိသည်။ သူမဟာ အရင်ကလို ကျေးလက်သူလေးမဟုတ်တော့ဘဲ နိုင်ငံခြားသားတွေနဲ့ ပြောဆိုဆက်သွယ်နေရ၍ အင်္ဂလိပ်စကားပြောတတ်ဆိုတတ်လာသလို အမေရိကန်ဒေါ်လာကိုလည်း ရရှိနေပြီး သတင်းစာထဲမှာတောင်ပါလာလေပြီ!
သူမက အဲဒီကောလိပ်ကျောင်းသားတွေထက် ပိုတော်တယ်လို့ လူတွေပြောနေကြပြီဖြစ်၏!!
"မုန့်လန်ရေ မင်းတို့စက်ရုံအတွက် ဂုဏ်ပြုပါတယ်နော်" စမ်းသပ်စခန်းမှ သုတေသီချွေးမင်ကျန့်က ပုလဲမွေးမြူရေးခြံသို့ ရောက်လာကာ သူ့ရှေ့က အမျိုးသမီးလေးကိုကြည့်ပြီး ကောင်းချီးစကားတွေကိုမပြောဘဲမနေနိုင်တော့ချေ။
ပြီးခဲ့တဲ့နှစ်တွင် ချွေးမင်ကျန့်က ပုလဲမွေးမြူရေးအကြောင်း ပြောဆိုဖလှယ်ကြရန်အတွက် စက်ရုံသို့ မကြာခဏလာခဲ့သဖြင့် မုန့်လန်နှင့် အဆက်အသွယ်များစွာရှိခဲ့ပြီး ဤကျွန်းပေါ်ကမိန်းကလေးဟာ ရှက်ရွံ့၊ စိတ်အားထက်သန်သလို အလွန်ဇွဲကြီးသူလည်းဖြစ်၍ ပုလဲမွေးမြူရေးအတွက် အလွန်ကြိုးစားခဲ့သည်ကြောင့် သူပင် လေးစားခဲ့ရသည်။
"ကျေးဇူးတင်ပါတယ်ရှင်၊ ဒါက ကျွန်မမွေးထားတဲ့ ပုလဲတစ်လုံးပါ၊ ကျွန်မ ရှင့်ကိုပေးမလို့"
"အရင်က စာသင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်!"
မုန့်လန်က ရေငံပုလဲလှလှလေးတစ်လုံးကို ချွေးမင်ကျန့်အားပေးလိုက်ပြီး စကားအများကြီးမပြောတော့ဘဲ စက်ရုံမှာ အလုပ်ပြန်လုပ်ဖို့ လှည့်ထွက်လာခဲ့သည်။
"ကျွန်မတို့စက်ရုံက ပုလဲတွေရောင်းရတော့ ကျွန်မအမေရော၊ သမီးလေးပါ အရမ်းပျော်နေကြတာလေ"
မုန့်လန်သည် သူမနှင့် ချွေးမင်ကျန့်တို့ကြားတွင် မရေရာခံစားချက်အနည်းငယ်ကို အမှန်တကယ်ခံစားခဲ့ရသော်လည်း သူမတို့နှစ်ယောက်ဟာမဖြစ်နိုင်ကြောင်း သူမသိလေ၏။
သူမက ခင်ပွန်းသည်ရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရသောအမျိုးသမီးတစ်ဦးဖြစ်သလို သမီးလေးတစ်ယောက်လည်းရှိသူပင်။ ဒီလိုပညာတတ်၊ ဗဟုသုတကြွယ်ဝတဲ့သုတေသီရဲ့ မိသားစုက သူမလိုမိန်းမမျိုးကို ဘယ်လိုလုပ်ပြီးလက်ခံနိုင်ပါ့မလဲလေ။
ထို့ကြောင့် မုန့်လန်လည်း အခု ချွေးမင်ကျန့်နှင့် အကွာအဝေးတစ်ခုထားလိုက်ခြင်းပင်။
ယခုအချိန်တွင် သူမလည်း အခြားအရာတွေကို မတွေးချင်သေးသလို နောက်ထပ်ယောက်ျားတစ်ယောက်ကိုလည်း မရှာချင်သေးပါချေ။
သူမက မမချင်းရို့နဲ့အတူတူ ပုလဲမွေးမြူရေးစက်ရုံကိုစီမံကွပ်ကဲချင်တယ်၊ မိဘတွေကို ပြုစုစောင့်ရှောက်ချင်တယ်၊ သမီးလေးကိုလည်း ကောင်းကောင်းပျိုးထောင်ချင်တယ်လေ၊ အနာဂတ်မှာ သူမသမီးလေးကို ကောလိပ်ပို့ချင်တယ်!
ချွေးမင်ကျန့် သူ့လက်ထဲက ပုလဲလုံးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလျက်။ မုန့်လန်ရဲ့နောက်ကျောကိုကြည့်ရင်း အနည်းငယ်ဆုံးရှုံးသွားသလိုခံစားလိုက်ရကာ မုန့်လန်ရဲ့ ရှောင်ဖယ်မှုကို သူခံစားသိရှိနေပြီးဖြစ်သည်။
သူကိုယ်တိုင်လည်း သူဘာတွေတွေးနေမှန်းမသိတော့ပါချေ။
မုန့်လန်က ခုနကပြောလိုက်တဲ့သမီးဖြစ်သူအကြောင်းကို ချွေးမင်ကျန့် ကြားလိုက်ရတဲ့အခါ အလွန်စိတ်မသက်မသာဖြစ်သွားရသလို ခံစားလိုက်ရ၏။ မုန့်လန်က သူနဲ့ တမင်တကာ အကွာအဝေးခြားချင်နေပုံရမှန်းသူသိလိုက်ပါပြီ။
"ချွေးမင်ကျန့် ငါရှုံးတာကိုဝန်ခံဖို့အတွက် မင်းကို ညစာလိုက်ကျွေးမယ်ကွာ"
လင်ကွေ့ရှန်းသည် ချွေးမင်ကျန့်နှင့် သူ့ရဲ့လောင်းကြေးကို မှတ်မိနေပါသေးသည်။ လင်ကွေ့ရှန်းလည်း သုတေသနစမ်းသပ်စခန်းရဲ့ ဝန်ထမ်းတစ်ဦးပင်။
အရင်တုန်းက ချင်းရို့ ပုလဲမွေးမြူရေးစက်ရုံဖွင့်ချင်စဥ်အခါက လင်ကွေ့ရှန်းသည် ချင်းရို့ရဲ့ ပုလဲမွေးမြူရေးစက်ရုံဖွင့်နိုင်လိမ့်မှာမဟုတ်ဘူးလို့ ချွေးမင်ကျန့်နှင့် လောင်းကြေးထပ်ခဲ့ပေမယ့် တဖက်လူရဲ့ ပုလဲမွေးမြူရေးစက်ရုံက ထိပ်တန်းပုလဲအရည်အသွေးကောင်းတွေကို တကယ်ပဲမွေးမြူနိုင်ခဲ့ပြီး အံ့မခန်းဈေးနဲ့ ရောင်းထွက်သွားခဲ့မယ်လို့ သူမမျှော်လင့်ထားမိခဲ့ချေ။
ချင်းရို့ဆိုတဲ့အမျိုးသမီးကို သူ အမှန်ပင်လေးစားရပေမည်။
ဤအမျိုးသမီးဟာ စွမ်းဆောင်ရည်ကောင်းလွန်းပြီး ပုလဲမွေးမြူရေးနှင့်ပတ်သက်၍ သူမရဲ့ကိုယ်ပိုင်အမြင်တွေလည်းရှိ၍ သူမနည်းလမ်းအတိုင်း မွေးမြူထားသောပုလဲတွေဟာ အရည်အသွေးကောင်းမွန်ပြီး လှပလေသည်။
"သွားကြတာပေါ့ကွာ၊ အစိုးရပိုင်စားသောက်ဆိုင်မှာသွားစားကြမယ်!"
ချွေးမင်ကျန့်သည် သူစိတ်ဓာတ်ကျနေသော်လည်း ပြုံးနေဆဲဖြစ်သလို လင်ကွေ့ရှန်းနှင့်အတူတူ ထမင်းသွားစားနေဆဲ။
စားသောက်ကြပြီးနောက် လင်ကွေ့ရှန်းက သူ့ကိုပြောလာခဲ့သည်။
"ချွေးမင်ကျန့် ငါ သုတေသနစခန်းကနေ အလုပ်ထွက်ဖို့စီစဥ်ထားတယ်။ မင်း ငါနဲ့အတူတူပူးပေါင်းချင်လား?"
ချွေးမင်ကျန့် အံ့အားသင့်သွားကာ "မင်းဘာလုပ်ချင်လို့လဲ?"လို့ မေးလိုက်၏။
လင်ကွေ့ရှန်းက စိတ်ဆုံးဖြတ်ပြီးသားဖြစ်၍ တရုတ်မှာရှိနေကြတဲ့ သူ့မိသားစုနှင့် သူ့ညီအစ်ကိုဟောင်းတွေကို ဆက်သွယ်ခဲ့သည်။ သူသည်လည်း လင်းရွှေ၌ ပုလဲမွေးမြူရေးစက်ရုံဖွင့်ရန်အတွက် အခြားသူတွေနှင့် ငွေစုရန် ကြံရွယ်ထားလေသည်။
အရင်တုန်းက လင်ကွေ့ရှန်းသည် ဒီကျွန်းမှာ အလုပ်လုပ်နေရတာကို အမြဲလိုလိုမနှစ်သက်ခဲ့၊ သူ့ကံကိုစမ်းသပ်ဖို့ ကွမ်ချန်သို့သွားရန် ကြံရွယ်ထားခဲ့သည်။ ယခု ချုံကျိုးကျွန်း၌ ငွေရှာနိုင်တဲ့စီးပွားရေးအခွင့်အလမ်းကို သူရှာတွေ့ပြီဖြစ်၍ ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမှာပေါ့လေ။
"ချွေးမင်ကျန့်၊ ငါ ပုလဲမွေးမြူရေးစက်ရုံဖွင့်ချင်တာ၊ မင်း ငါနဲ့အတူတူလုပ်လို့ရတယ်ကွာ။ ငါတို့နှစ်ယောက်လုံးက ကျွမ်းကျင်သူတွေပဲလေ၊ ဒီအကြောင်းကို နားလည်တတ်ကျွမ်းကြပြီးသားပဲဆိုတော့ ငါတို့ပူးပေါင်းဖွင့်မယ့်ပုလဲမွေးမြူရေးစက်ရုံဟာ အနာဂတ်မှာ ငွေတွေအများကြီးရှာနိုင်မယ်လို့ ငါယုံကြည်တယ်ကွ!"
လင်ကွေ့ရှန်းက ချွေးမင်ကျန့်ကို ညစာစားဖို့ ဖိတ်ခေါ်ခြင်းမှာ သည်အကြောင်းရင်းကြောင့်ပင်။ သူက ချွေးမင်ကျန့်ကို သူနှင့်အတူပုလဲမွေးမြူရန် ဖိတ်ခေါ်လိုပြီး "ကွေ့ရို့ပုလဲမွေးမြူရေးစက်ရုံကို ငါနဲ့အတူလုပ်ပါ!"
"ကွေ့ရို့ပုလဲ?!"
ချွေးမင်ကျန့်က လင်ကွေ့ရှန်းဟာ စီးပွားရေးးအကြံသစ်တစ်ခုရှိလာလိမ့်မယ်လို့ တကယ်မမျှော်လင့်ထားမိခဲ့ပေ။ သူက ပြည်သူ့ဝန်ထမ်းအလုပ်မှထွက်ပြီး ပုလဲမွေးမြူရေးစက်ရုံကို ကိုယ်တိုင်စတင်တော့မှာတဲ့။
"ငါတို့က အမျိုးသားသိပ္ပံဆိုင်ရာသုတေသန ဝန်ထမ်းတွေလေကွာ"
"အဲ့လိုဆိုတော့ရောဘာဖြစ်လဲ? မင်း ပိုက်ဆံအများကြီးရှာလို့ရလား? ဒီလစာနည်းနည်းလေးနဲ့လေ? ငါတို့ကိုယ်ပိုင်စက်ရုံထောင်ပြီး ပိုက်ဆံအများကြီးဘာလို့မရှာရမှာလဲကွ? မင်း ပိုကောင်းကောင်းနေထိုင်ဖို့လေ၊ ကာလာတီဗီနဲ့ ရေခဲသေတ္တာမဝယ်ချင်ဘူးလား? အခု ခေတ်တွေပြောင်းလဲသွားပြီဟ!!"
လင်ကွေ့ရှန်းက ချွေးမင်ကျန့်ကိုဖျောင်းဖျရန် အကောင်းဆုံးကြိုးစားနေလေ၏။ ချင်းရို့ရဲ့ ပုလဲမွေးမြူရေးလုပ်ငန်းလုပ်တာတွေအကြောင်း သူတို့နှစ်ယောက်က ပိုမိုအသိဆုံးပင်။ တစ်နည်းအားဖြင့် ချွေးမင်ကျန့်က ရွှင်ရို့ပုလဲမွေးမြူရေးလုပ်ငန်းလုပ်တာတွေအကြောင်း ပိုသိသည်လေ။
လင်ကွေ့ရှန်းသည် ယခင်က ပုလဲမွေးမြူရေးအကြောင်းကို လုံးဝဂရုမစိုက်ခဲ့သော်လည်း ချွေးမင်ကျန့်ကတော့ မုန့်လန်အမည်ရှိ ကျွန်းပေါ်ကအမျိုးသမီးနှင့် ရင်းနှီးခဲ့တာကြောင့် ရွှင်ရို့ပုလဲမွေးမြူရေးလုပ်ငန်းလုပ်တာတွေကို ပိုသိပေလိမ့်မည်။
လင်ကွေ့ရှန်းသည် ချွေးမင်ကျန့်ကိုအပါခေါ်နိုင်သရွေ့ သူ့၏ကွေ့ရို့ပုလဲမွေးမြူရေးစက်ရုံဟာ အနာဂတ်တွင် ငွေများစွာရနိုင်မယ်လို့ ယုံကြည်ပေသည်။ သူ့ရှိရှိသမျှအကုန်ပုံအောထည့်မည်ဖြစ်သလို ဘဏ်ကနေပါ ချေးငွေယူရန် စီစဥ်ထား၏။ အခုဆို ဘဏ်က လူတွေကို ချေးငွေထုတ်ပေးနေလေပြီ။
"ချွေးမင်ကျန့် ငါတို့အတူတူ ငွေအများကြီးရှာရအောင်လေကွာ!"
ချွေးမင်ကျန့် ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး လင်ကွေ့ရှန်း၊ ငါထပ်စဉ်းစားဖို့လိုသေးတယ်..."
ယခု ချွေးမင်ကျန့်ရဲ့စိတ်တွေ အလွန်အမင်းရှုပ်ထွေးနေလေ၏။ ပုလဲမွေးမြူရေးစက်ရုံဖွင့်မလို့? ဒါဟာ သူအရင်တုန်းက တစ်ခါမှမတွေးဖူးတဲ့ကိစ္စလေ။ သည့်အပြင် သူ ပုလဲမွေးမြူရေးစက်ရုံဖွင့်ချင်ပါက သူ...ချင်တာပေါ့...
ချွေးမင်ကျန့်က လင်ကွေ့ရှန်းရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့သည်။
"ချွေးမင်ကျန့် ထပ်စဉ်းစားကြည့်ပါဦးကွာ"
ချွေးမင်ကျန့်ရဲ့ ခေါင်းမာမှုနှင့် ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ လင်ကွေ့ရှန်းလည်း သူ့ခေါင်းကိုသာခါယမ်းနိုင်တော့သည်။ ချွေးမင်ကျန့်က သူ့ပုလဲမွေးမြူရေးစက်ရုံမှာ မပါဝင်ချင်ရင်တောင်မှ လင်ကွေ့ရှန်းမှာ ပုလဲတွေမွေးမြူနိုင်ဖို့ နည်းလမ်းတစ်ခုရှိပါသည်။
သူသည် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အဲဒီအပျော်တမ်းတွေထက် ပုလဲမွေးမြူရေးအကြောင်းကို ပိုသိလေ၏။ လင်ကွေ့ရှန်းက သူမွေးမြူထားတဲ့ပုလဲတွေဟာ အလွန်ရေပန်းစားပြီး အားကျဖွယ်ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနိုင်လိမ့်မယ်လို့ ယုံကြည်ပေသည်!!
ဒေါ်လေးဖူရဲ့ မိသားစုလည်း လတ်တလောပျော်မြူးနေကြလျက်။ သူမသမီးအလုပ်လုပ်တဲ့ပုလဲစက်ရုံဟာ အောင်အောင်မြင်မြင်ပုလဲမွေးမြူနိုင်ခဲ့သည့်အပြင် သူမသမီးမုန့်လန်ကလည်း သတင်းစာထဲမှာပါလာခဲ့တာလေ! ဘယ်လိုတောင်ဂုဏ်ယူစရာကိစ္စလဲလို့! ဖူမိသားစုဟောင်းရဲ့ ဘိုးဘွားသင်္ချိုင်းတွေကနေ မီးခိုးတွေထွက်လာပြီပဲ!!
"ငါတို့မုန့်လန်က အလားအလာသိပ်ကောင်းတာပဲဟယ်! တခြားသူတွေနဲ့ ပုလဲမွေးနိုင်တယ်တော်! သူမမွေးတဲ့ပုလဲတွေကိုလည်း အမေရိကန်ဒေါ်လာနဲ့ ရောင်းနိုင်တာလေ!"
"ငါတော့ နင့်ရဲ့မုန့်လန်ကို မနာလိုဘူးဟေ့၊ ငါ့မိသားစုရော သူမနဲ့အတူတူ ပုလဲတွေမွေးလို့ရမလားနော်?"
"ချန်မိသားစုကိုသွားမေးကြည့်လေ၊ ချန်မိသားစုကတစ်ယောက်က ချင်းရို့ရဲ့ သွေးရင်းအစ်မလေ"
"မုန့်လန်လည်း ပုလဲမွေးမြူရေးနည်းစနစ်အကြောင်း နားလည်တယ်ဆိုတာ နင်သိရဲ့လား? ပုလဲတွေကို တစ်ချက်သွားကြည့်ရုံနဲ့ ပုလဲမွေးနိုင်မယ်လို့ ထင်နေတာလားဟဲ့? နင် နည်းစနစ်တွေကိုနားလည်ဖို့လိုသေးတယ်၊ မဟုတ်လို့ ကမာကောင်ကသေသွားရင် နင့်အတွက် ပုလဲထုတ်ပေးနိုင်ပါ့မလားတော်"
"အဲဒါတွေအားလုံးကို ရေဒီယိုမှာပြောနေကြတာပဲ။ ဘာစမ်းသပ်စခန်းနည်းပညာလဲ? ငါတို့မှ ပညာမတတ်တာကို၊ အဲဒီအကြောင်းတွေ ဘယ်လိုလုပ်ပြီးနားလည်နိုင်မှာတုန်း?!"
…
မုန့်လန် အိမ်ပြန်ရောက်သည်နှင့် လူပေါင်းများစွာဖြင့် ဝိုင်းရံခံလိုက်ရသည်။ သူမပြုံးပြီး ဒီရွာသားတွေကို တစ်ယောက်ပြီးတစ်ယောက်ပြန်ပို့လိုက်သည်။ အခုတော့ သူမဟာ ယုံကြည်မှုတွေပိုရှိလာခဲ့ပြီ။ သူမအမေတောင်မှ ဒီပုလဲလှလှလေးတွေကိုကြိုက်တယ်လို့ ပြောနေတာလေ။
သူမတို့မိသားစုထဲကအဒေါ်တစ်ယောက်က အိမ်ကိုလာလည်ကာ စကားပြောရန်အတွက် မုန့်လန်ကို ဆွဲခေါ်သွားပြီး "မုန့်လန်ရေ နင့်ဦးလေးလည်း တစ်ယောက်ယောက်နဲ့ပူးပေါင်းပြီး ပုလဲမွေးမြူရေးစက်ရုံဖွင့်ချင်နေတာ၊ နင့်ဦးလေးနဲ့လာလုပ်နော်!"
"အပြင်လူတွေနဲ့အလုပ်တူတူလုပ်တာက ကိုယ့်မိသားစုနဲ့လုပ်တာထက် ဘယ်လိုလုပ်ပြီးပိုကောင်းပါ့မလဲနော်၊ နင့်ဦးလေးက နင့်ကို ဘယ်တော့မှဆိုးဆိုးရွားရွားဆက်ဆံမှာမဟုတ်ဘူးလေ"
…
မုန့်လန် ခေါင်းခါ၍ ငြင်းဆန်လိုက်၏။ "မဟုတ်ဘူး ဒေါ်လေး၊ ကျွန်မက မမချင်းရို့နဲ့ပဲအတူတူလုပ်ချင်တာ၊ တခြားသူနဲ့မလုပ်ဘူး"
"ဒီကလေးမကတော့လေ၊ ဘာလို့ဒီလောက်မနာခံတတ်ရတာတုန်း၊ ညီမလေးရေ နင့်သမီးကို လာပြောစမ်းပါဦးကွယ်"
ဒေါ်လေးဖူ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်၏။ "မုန့်လန်က စက်ရုံမှာ ကောင်းကောင်းလုပ်နေတာပဲလေ။ နင်တို့စက်ရုံဖွင့်ချင်ရင်ဖွင့်လိုက်ပေါ့ဟယ်၊ ကလေးကို ဆွဲမထည့်ကြပါနဲ့"
ဒေါ်လေးဖူနှင့် မုန့်လန်တို့က ဒီဆွေမျိုးကိုပြန်လွှတ်လိုက်ကြ၏။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပုလဲစက်ရုံတည်ထောင်ဖို့အတွက် သူမကိုစည်းရုံးရန် လူအများအပြားလာရောက်ကြိုးစားခဲ့ကြသော်လည်း မုန့်လန်က သဘောမတူခဲ့ပေ။
"ဟုတ်တယ်၊ ငါတို့သဘောမတူနိုင်ဘူး။ ငါတို့က ကျေးဇူးသိတတ်ပြီးတော့ မမချင်းရို့နဲ့ပဲ အတူတူအလုပ်ကြိုးစားမှာ!"
xxx