အခန်း (၂၇၂-၂၇၃)
Vol. 23 Ch. 272-273
Ch-272
ချင်းရို့ကို ဆိုင်ကယ်စီးရတာ ဘယ်လိုခံစားရသလဲလို့မေးရင် - အဖြေကတော့ အရမ်းအေး ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတယ်...
ဟုတ်ပါတယ်၊ မြို့ထဲသို့ဝင်လာပြီးနောက် သူတို့နှစ်ဦးဟာ အကြည့်ခံလူတန်းစားဖြစ်လာလေ၏။ ပတ်ပတ်လည်ရှိ ဘတ်စ်ကားတွေနှင့် စက်ဘီးတွေကြားထဲမှာ သူတို့ဆိုင်ကယ်က အလွန်ဖမ်းစားနေလေရဲ့။
ချင်းရို့လည်း တိတ်တဆိတ် နေကာမျက်မှန်တပ်လိုက်၏။ သူမက ခေါင်းလောင်းဘောင်းဘီမဝတ်တာကလွဲလို့ ၁၉၈၀ခုနှစ်တွေမှာ ခေတ်မီအမျိုးသမီးတစ်ယောက်အသွင်ရှိနေသည်။
လုယန်က သူမကို လင်းနန်တက္ကသိုလ်ဂိတ်ပေါက်သို့ ဆိုင်ကယ်ကြီးဖြင့်မောင်းပို့ပေးခဲ့ရာ ကျောင်းသားတော်တော်များများက သူတို့ကိုကြည့်နေကြ၏။
ကျောင်းတံခါးဝမှာ ဆိုင်ကယ်ရပ်လိုက်ပြီးနောက် ချင်းရို့က လုယန်အတွက် နေကာမျက်မှန်တစ်လက်ဝတ်ပေးလိုက်သည်။ လုယန်က သူမရဲ့ခရီးဆောင်အိတ်ကိုယူကာ မိန်းကလေးအိပ်ဆောင်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလေသည်။
ချင်းရို့သည် သူမဘေးနားကလူကို တိတ်တခိုးကြည့်လိုက်၏။ ထိုလူဟာ အရပ်ရှည်ပြီး သန်မာကျစ်လျစ်တဲ့ကြွက်သားတွေနှင့် လှပတဲ့ကြွက်သားလိုင်းတွေအပြည့်ရှိသူပင်။ သူက ရိုးရိုးရှပ်အင်္ကျီကိုဝတ်ထားပေမယ့် အထူးတလည်စတိုင်ကျနေပြီး ကော်လံကိုကြယ်သီးမတပ်ထား၍ အရိုင်းဆန်ဆန်အလှကို ပြသနေသည့်နှယ်။
သူ နေကာမျက်မှန်တပ်လိုက်တော့ တကယ့်ကိုအမိုက်စားပဲဟေ့။ ချင်းရို့လည်း ဒီအချိန်မှာ ခေတ်ရေစီးကြောင်းနဲ့ လိုက်ဖက်တဲ့သီချင်းတချို့ကို ဆိုချင်သွားရသည်။
ရေလှိုင်းလေးစီးဆင်း...
သူတို့နှစ်ယောက် ကျောင်းဝင်းထဲအတူတူ လမ်းလျှောက်လာတဲ့အခါ လမ်းပေါ်ရှိ လူတော်တော်များများ ဝိုင်းကြည့်နေကြသည်။
"ဟေး အဲဒါချင်းရို့မလား?"
"အရမ်းလှတာပဲဟယ်!"
"သူမပါတနာကို ဘယ်မှာတွေ့တာလဲ? ဒီလူက အရမ်းမိုက်လိုက်တာဟ၊ သူတို့ ဒီကိုဆိုင်ကယ်စီးလာကြတာ"
"သူမက စီးပွားရေးစီမံခန့်ခွဲမှုဌာနကမဟုတ်လား? သူမက အိမ်ထောင်ကျပြီးသားဆို? ကလေးတောင်ရှိသေးတာဆို..."
"သူမဘေးမှာရပ်နေတဲ့လူက သူမခင်ပွန်းပဲ၊ သူတို့ဘယ်လောက်ချစ်ခင်ရင်းနှီးကြသလဲဆိုတာကြည့်လိုက်လေ"
…
"ချင်းရို့ နင့်လောင်လုက နင့်ကို ကျောင်းလိုက်ပို့တာပေါ့"
ချူကောက ချင်းရို့နဲ့ သူမခင်ပွန်းကို အောက်ထပ်မှာတွေ့လိုက်၍ ဒုတိယထပ်ကနေ လက်ဝှေ့ယမ်းပြလာခဲ့သည်။
ချင်းရို့လည်း လက်ပြနှုတ်ဆက်လိုက်သည်။
လုယန်က မိန်းကလေးအိပ်ဆောင်ကို၀င်လို့မရသဖြင့် သူမကို ဒီနေရာထိပဲပို့ပေးနိုင်လေ၏။ နှစ်ယောက်သားပွေ့ဖက်ကြပြီးနောက် ချင်းရို့လည်း သူထွက်သွားတာကို ကြည့်နေလိုက်သည်။
အပေါ်ထပ်သို့မတက်မီ အိပ်ဆောင်အောက်ထပ်ရှိအန်တီကြီးက သူမအားစနောက်လေ၏။
"နင့်ပါတနာက တကယ်ကောင်းတာပဲနော်။ ကြည့်စမ်း ချိန်းတွေ့တဲ့လူတွေက နင်တို့နှစ်ယောက်ကိုဆို ရှောင်နေကြတာ၊ သူတို့တွေက အမြဲတမ်းအောက်ထပ်မှာချိန်းတွေ့လေ့ရှိကြပေမယ့် တရင်းတနှီးပြုမူဖို့ဆို တခြားနေရာရှောင်ကြတယ်လေ၊ လူမြင်မှာကြောက်ကြတာဖြစ်နိုင်တယ်။ အိုး နင်တို့လူငယ်လေးတွေကတော့လေ"
"နင့်ပါတနာက လူကောင်းလေးလို့ ငါထင်တယ်။ လက်ထပ်လိုက်ကြတော့လေ၊ နောက်မှလက်ထပ်မှတ်ပုံတင်ယူပေါ့"
"အန်တီ ကျွန်မအိမ်ထောင်ကျပြီးသားဆိုတာ မေ့သွားပြန်ပြီလား"
"နင်အိမ်ထောင်ကျပြီးပြီလား၊ လက်တွဲဖော်အသစ်ပြောင်းသွားတာလား?"
"အဲဒါက ကျွန်မယောက်ျားပဲလေ၊ ကျွန်မတို့မှာ ကလေးလေးယောက်ရှိတယ်"
"ဘာ?" အန်တီအံ့အားသင့်သွားပြီး စာကြည့်မျက်မှန်ကိုတပ်ကာ ချင်းရို့အား စူးစိုက်ကြည့်လိုက်၏။
"အော နင်ပဲဖြစ်နေပြန်ပြီ မိန်းကလေးချင်းရေ၊ နင်ကတော့ ငါ့ကိုအချိန်တိုင်းလှည့်စားနေတာပဲနော်"
"နင့်ကိုယ်နင် ဘာလို့မှန်ထဲမကြည့်တာတုန်းအေ၊ နင်က အမြွှာနှစ်စုံကလေးလေးယောက် ဘယ်လိုလုပ်ပြီးမွေးနိုင်မှာလဲ? နင်ကြွားလုံးထုတ်နေတာ ငါနားထောင်ပေးနေပါတယ်။ ငါ နင့်ကိုယုံပေးလိုက်ပါ့မယ်တော်"
ချင်းရို့: "…"
"နင် လူတွေကိုယုံကြည်စေချင်ရင် ယုံချင်စရာကောင်းအောင်လိမ်ပေါ့ကွယ်"
"နင်လူကောင်းတစ်ယောက်ကိုတွေ့ထားတာဆိုတော့ သေချာတန်ဖိုးထားဦးနော်"
ချင်းရို့လည်း ဒီအန်တီကြီးကို ထပ်မနှောင့်ယှက်တော့ဘဲ အပေါ်ထပ်အိပ်ဆောင်ရှိရာသို့ အမြန်တက်သွားတော့သည်။ သူမဝင်လိုက်သည်နှင့် အခန်းဖော်များစွာက သူမကိုကြည့်နေကြသည်။
ကျောက်ရှန်းရှန်းက ကျီစယ်သံဖြင့် "ငါတို့ရဲ့ အရာရှိဇနီးလေး ပြန်ရောက်လာပါပြီရှင်"
ချူကောကလည်း စနောက်နေပြန်၏။ "ချင်းရို့ရေ နင့်ယောကျ်ားက အရမ်းချောတာပဲဟယ်၊ ဒီလောက်ချောတဲ့လူကို နင်ဘယ်လိုရွေးလိုက်တာလဲ။ နင့်ကလေးတွေလည်းကြီးလာတဲ့အခါ အရမ်းကြည့်ကောင်းတဲ့သူတွေဖြစ်လာကြမှာ..."
"အောက်ထပ်ကအန်တီကြီးတွေ နင့်ကို ထပ်ပြောနေကြပြန်ပြီလား?"
"နင့်အမွှာသမီးလေးတွေနဲ့ ငါတကယ်တွေ့ဖူးချင်လိုက်တာဟယ်"
စွင်းဟုန်ဖင် ထေ့ငေါ့သံဖြင့် "သူမက အရာရှိရဲ့ဇနီးဖြစ်ရုံတင်မက အခုဆို အမျိုးသမီးစက်ရုံမန်နေဂျာပါဖြစ်နေပြီလေ။ သူမရဲ့ ပုလဲလည်ဆွဲတွေက ဒေါ်လာထောင်နဲ့ချီပြီး ရောင်းနိုင်နေပြီဟာ"
"နင့်အထည်ချုပ်စက်ရုံက ကောင်းကောင်းလည်ပတ်နေတယ်လို့ အရင်ကပြောခဲ့တာမဟုတ်ဘူးလား?"
ကျောက်ရှန်းရှန်း: "ဟိုရက်ကပဲ ဒေဝါလီခံလိုက်ရပြီး နာမည်ပြောင်းလိုက်ရပြီလေ"
စွင်းဟုန်ဖင်နဲ့ သူမမိတ်ဆွေတွေ ပူးပေါင်းဖွင့်ထားတဲ့အထည်ချုပ်စက်ရုံက ပိတ်လိုက်ရပြီဖြစ်သည်။ ပိတ်လိုက်ရတယ်လို့မပြောနိုင်သော်ငြား ခဏတာဖြစ်ပြီးသိပ်မကြာခင်မှာပဲကွဲကွာသွားကြခြင်းပင်။
သူတို့က အထည်ချုပ်စက်ရုံကို ပိုက်ဆံစု၍ ပူးပေါင်းဖွင့်ထားခဲ့သည်။ အစပိုင်းမှာ ငွေအများကြီးရသော်လည်း အချိန်ကောင်းတွေဟာသိပ်မကြာခဲ့ပေ။
အကျိုးအမြတ်တွေရလာသည်နှင့် အငြင်းအခုံတွေစဖြစ်လာကာ ကိုယ်စီအတွေးအကြံတွေရှိလာကြပြီး စက်ရုံထဲသို့ လူများစွာထည့်ရန်ကြိုးစားခဲ့သည်။ သူတို့က ငွေပိုရှာချင်သော်လည်း ငွေကြေးပြဿနာအချို့ရှိလာခဲ့သည်။
ယင်းပြဿနာမှာ အသေးအဖွဲလေးပင်ဖြစ်သော်ငြား စီးပွားရေးလုပ်ရတာ ထင်ထားသလောက်မလွယ်ကူမှန်း ဘယ်သူသိမလဲလေ။ မင်းပိုက်ဆံရှာချင်ရင်တောင် မင်းဆီက အော်ဒါတွေကိုလုချင်ကြတဲ့သူတွေရှိဦးမှာပဲ။ ယုံကြည်မှုအရ နိုင်ငံခြားဘော့စ်တွေနဲ့မယှဥ်နိုင်သလို အဆက်အသွယ်အရဆိုလည်း ဒေသခံပြည်တွင်းဘော့စ်တွေနှင့် မနှိုင်းယှဉ်နိုင်ပေ။ သူတို့က အက်ကြောင်းထဲက ပိုင်မုန့်တစ်ပိုင်းလေးသာရနိုင်သည်။
ထို့နောက် သူတို့ အကျိုးစီးပွားအမျိုးမျိုးအတွက် ရန်ဖြစ်ကြကာ မကြာခင်မှာပဲ ပူးပေါင်းမှုပျက်စီးသွားရပြီး စီးပွားရေးလည်းဒေဝါလီခံလိုက်ရတော့သည်။ စွင်းဟုန်ဖင်က တခြားသူတွေနဲ့ ရန်ဖြစ်ရာမှာ ရှုံးသွားခဲ့ပေမယ့်လည်း ပြန်ထွက်နိုင်ခဲ့တာကြောင့် ပိုက်ဆံမဆုံးရှုံးဘဲ အမြတ်နည်းနည်းလေးရခဲ့လေသည်။ သို့သော် သတင်းစာထဲတွင်ပါလာတဲ့ ချင်းရို့ပုလဲမွေးမြူရေးစက်ရုံနှင့်နှိုင်းယှဥ်ပါက စွင်းဟုန်ဖင်ရရှိခဲ့တဲ့ငွေပမာဏဟာ အမှန်တကယ်ပင် ရေပုံးထဲကရေတစ်စက်မျှသာ။
စွင်းဟုန်ဖင်သည် အမြတ်ငွေနည်းနည်းရခဲ့၍ သူမအတွက်တော့ စွန့်လွှတ်ဖို့မဖြစ်နိုင်ပါချေ။ သူမက လျိုချန်ရှန်းနဲ့အတူတူ စက်ရုံဆက်ဖွင့်ဖို့ စီစဉ်နေဆဲပင်။
ယခု သူမနှင့် လျိုချန်ရှန်းက ကိုယ်ပိုင်ပိုက်ဆံဖြင့် စက်ဘီးအသစ်သုံးစီးဝယ်လိုက်ကာ မုန့်ဖိုးနည်းနည်းရှာဖို့အတွက် ကျောင်းဝင်းထဲမှာ ငှားထားခဲ့ပေမယ့် ငွေဝင်နှုန်းက နှေးလွန်းနေသဖြင့် စွင်းဟုန်ဖင်က သူမငွေမြန်မြန်ရှာရမယ်လို့ စဥ်းစားနေလေ၏။
"ချင်းရို့ ဒီနေ့ နင့်ယောကျာ်းက နင့်ကို ဆိုင်ကယ်နဲ့ ကျောင်းလိုက်ပို့တာလား?"
"ဆိုင်ကယ်တစ်စီးက ဒေါ်လာထောင်နဲ့ချီ၊ သောင်းနဲ့ချီရှိတယ်မဟုတ်လား။ အဲဒါက စက်ဘီးထက် ဆယ်ဆကျော်လောက်ပိုစျေးကြီးတယ်ဆို"
"အဲဒီထက်ပိုတယ်ဟ!"
"နောက်ကျရင်ရော သူ နင့်ကို လိုက်ပို့ဦးမှာလားဟင်?"
"ဖြစ်နိုင်ပါတယ်"
"ကောင်းလိုက်တာ! ငါရော ဘယ်တော့မှလူကောင်းတစ်ယောက်နဲ့တွေ့ရမှာလဲ? သူ ငါ့ကို ဆိုင်ကယ်နဲ့မောင်းပို့စရာတော့မလိုပါဘူး၊ အဆောင်ဆီ စက်ဘီးလေးနဲ့ပြန်ပို့ပေးရုံနဲ့တင် ကျေနပ်နေပါပြီနော်"
စွင်းဟုန်ဖင်: "ဆိုင်ကယ်ကဘာမို့လို့လဲဟယ်၊ ဘော့စ်တိုင်းက လေးဘီးပါတဲ့ကားကိုမောင်းကြတာကို"
"ချင်းရို့ရေ နင် လေးဘီးပါတဲ့ကားကို ဘယ်အချိန်စီးနိုင်မှာလဲ? ဘွဲ့မရခင်လေးမှာ ငါတို့တွေ့ရအောင်လို့လေ"
စွင်းဟုန်ဖင်က တိတ်တဆိတ်ယှဥ်ပြိုင်နေခြင်းပင်။ စီးပွားရေးအခြေအနေတွေ လျင်မြန်စွာပြောင်းလဲနေကြောင်း သူမတွေးလိုက်မိသည်။ အရင်အသုတ်အော်ဒါတွေက ငွေအများအပြားရှာနိုင်ခဲ့သော်ငြား နောက်ဆုံးအော်ဒါမှာ သူမတို့ မရောင်းနိုင်ခဲ့တော့ပေ။ အခု လူတော်တော်များများက ပုလဲမွေးမြူရေးစက်ရုံဖွင့်နေပြီမှန်း သူမကြားသိခဲ့ရသည်။ အပြိုင်အဆိုင်များလာတဲ့အခါ ချင်းရို့ပုလဲစက်ရုံလည်း လာမယ့်နှစ်မှာ ဒေဝါလီခံသွားမှာပဲလေ။
အဲဒါဆို လေးဘီးပါတဲ့ကားမပြောနဲ့၊ နှစ်ဘီးပါတဲ့ဆိုင်ကယ်ကိုတောင် တတ်နိုင်မှာမဟုတ်လောက်တော့ဘူး။
ချူကောပြုံးလျက် "လေးဘီးပါတဲ့ကားလား? ငါတို့လည်း မကြာမကြာ လေးဘီးပါတဲ့ကားစီးနေရတာပဲ မဟုတ်ဘူးလား? ငါတို့ဘတ်စ်ကားစီးနေကြတာပဲဟာ"
ချင်းရို့ ပြုံးပြီး "ငါသွားဖူးသမျှ ဈေးအကြီးဆုံးကတော့ ရထားပဲ"
ချူကောက ထိုအကြောင်းကိုတွေးကြည့်လိုက်ပြီးမှ "ငါရောပဲလေ"
"ငါရောပဲ" အိပ်ဆောင်ရှိတခြားလူတွေလည်း တုံ့ပြန်လာကြ၏။
"ဘယ်သူကမစီးဖူးလို့လဲဟယ်?"
xxx
Ch-273
တာ့ကျောင်းရွာရှိ ချန်မိသားစု...
"နျန့်နျန့်ရေ ကျေးဇူးပြုပြီး သတင်းစာထပ်ဖတ်ပြပါဦးနော်"
ချင်းမျန့်ပြုံးကာ သူမခင်ပွန်းကို သတင်းစာဖတ်ပေးဖို့ ထပ်မံတိုက်တွန်းခဲ့သည်။ ချန်မျန့်လည်း မတတ်နိုင်ပါဘဲ နောက်တစ်ကြိမ်သတင်းစာထပ်ဖတ်ပြရပြန်သည်။
အဲဒါက ပုလဲခြံအကြောင်းသတင်းပါပဲ။
ချန်မျန့် မကျေမနပ်လေသံဖြင့် "သတင်းစာထဲပါတာ မင်းမှမဟုတ်တာကွာ၊ ဘာလို့ဖတ်နေဦးမှာလဲ? သတင်းစာထဲမှာ မင်းရဲ့ဓာတ်ပုံကို ငါဘယ်တော့မြင်ရမှာလဲ?"
"သတင်းထောက်တွေရောက်လာတော့ ကျွန်မလည်းကြောက်လို့"
သူမညီမရဲ့ပုလဲမွေးမြူရေးစက်ရုံဟာ အမြတ်များများရခဲ့ပြီး ချင်းမျန့်လည်းအမြတ်ဝေစုကြီးရရှိခဲ့သဖြင့် မိသားစုဝင်အားလုံး ပျော်ရွှင်နေကြလေ၏။
ညီမဖြစ်သူက ပုလဲခြံမှာ ငွေအများကြီးရင်းနှီးမြှုပ်နှံထားတုန်းက ချင်းမျန့်ကြောက်လန့်ခဲ့ရသည်။ အခုတော့ သူမငွေပြန်ရှာနိုင်သွားပြီဖြစ်၍ ချင်းမျန့်နှလုံးသားလေးလည်း စိတ်အေးသွားရလေပြီ။
အခုဆို သူမရဲ့ကလေးနှစ်ယောက်လည်း ကောလိပ်တက်နေပြီဖြစ်သလို ညီမဖြစ်သူရဲ့ စက်ရုံကလည်း ငွေဝင်နေပြီဖြစ်သည်။ သူတို့မိသားစုဘဝက ပို၍ပို၍သာယာလာခဲ့ပါပြီ။
"ခေတ်တွေပြောင်းလဲသွားပြီလို့ သူတို့အားလုံးပြောနေကြပြီ"
ချင်းမျန့်လည်း အခုချိန်မှာ အများကြီးပြောင်းလဲလာခဲ့၏။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေရှိသင့်တယ်လို့ သူမခံစားခဲ့ရသဖြင့် ယခု သူမဆံပင်ကောက်ထားကာ ဝတ်စုံကောင်းကောင်းဝတ်၍ လည်ပင်းမှာလည်း ပုလဲလည်ဆွဲတစ်ကုံးဝတ်ထားလေသည်။
ချင်းမျန့်က လည်ဆွဲဝတ်ထားရတိုင်း စိတ်မသက်မသာခံစားရလို့ ဟိုဆွဲဒီဆွဲလုပ်နေမိတာကြောင့် သူမလည်ပင်းမှာ အနီရောင်အမှတ်တွေပါကျန်နေပါတော့သည်။
"ဒါက လည်ဆွဲဆိုတာ ငါသိလို့ပေါ့ကွာ။ မသိရင်တော့ ဒါကြီးက ဝက်လည်ပတ်လို့ ငါထင်မိတော့မလို့"
ချင်းမျန့်က သူမခင်ပွန်းကို စိုက်ကြည့်ရင်း "ရှင်ပြောတဲ့စကားကိုကြည့်စမ်း၊ ရှင်က ပညာတတ်လူယဥ်ကျေးတစ်ယောက်ရောဟုတ်ရဲ့လား? အရမ်းရိုင်းတာပဲ"
"ကျွန်မလည်ဆွဲက မလှဘူးလား?"
"လှတာပေါ့၊ ဘယ်လိုလုပ်ပြီးမလှဘဲနေမှာလဲကွာ" ချန်မျန့်က သူမကို ကြင်နာစွာကြည့်ရင်း ပြောလိုက်သည်။
"နောက်တစ်ခါ မင်းအတွက် တစ်ကုံးထပ်ဝယ်ပေးမယ်"
အန်တီဖူက သူမအိမ်သို့လာပြီး ပစ္စည်းများစွာ ယူလာခဲ့သည်။ ချင်းမျန့်လည်ပင်းပေါ်ရှိ ပုလဲလည်ဆွဲကို မြင်လိုက်ရတော့ ချက်ချင်းပင် ချီးကျုးလာကာ "အိုး... ဒီအမျိုးသမီးက ပုလဲနဲ့အရမ်းလိုက်တာပဲဟယ်၊ အရမ်းလှတာပဲ!"
"ဒီပုလဲတွေက အလှအပအတွက်ရော၊ အသားအရေအတွက်ပါကောင်းတယ်လို့ မုန့်လန်ကပြောပြထားတာဆိုတော့ များများဝတ်ပေးပေါ့ကွယ်"
"ငါတို့အားလုံး အနာဂတ်မှာဝတ်နိုင်ကြမှာပါ!"
ဒေါ်လေးဖူနှင့် ချင်းမျန့်တို့ အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြ၏။
"ဒါက ပုလဲပထမအသုတ်ပဲ၊ နောက်နှစ်မှာ ပိုထွက်လာဦးမှာ"
"ပတ်ဝန်းကျင်မှာ စက်ရုံတွေအများကြီးရှိနေပြီလို့ကြားတယ်နော်"
"ဟုတ်တယ်၊ ပုလဲမွေးမြူရေးသမားတွေအများကြီးရှိလာပြီ"
မြို့တော်မှာရှိနေကြတဲ့ ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင်းဟွတို့က တောင်ကျွန်းပုလဲတွေရဲ့သတင်းကို တွေ့လိုက်သဖြင့် မောင်နှမနှစ်ယောက်လုံး ပျော်ရွှင်နေကြ၏။ သူတို့ဒေါ်လေးနှင့်အမေက ပုလဲတွေကို ပိုက်ဆံအများကြီးနဲ့ရောင်းလိုက်တယ်တဲ့!!!
"ကျွမ်းကျွမ်းရေ နင့်အမေက နင့်ဆီ ပစ္စည်းတွေ အများကြီးပို့လိုက်တယ်"
ချန်ကျွမ်းကျွမ်းက သူမကိုယ်ပိုင်ပစ္စည်းတွေကို လက်ခံရရှိခဲ့သည်။ သူမအမေနှင့် အဒေါ်တို့က ပုလဲနားကပ်တစ်ရံအပြင် ကမာခွံမှာလှလှပပလေးထွင်းထားတဲ့ဆံပင်အသုံးအဆောင်များ၊ ဆံညှပ်များစွာကို သူမဆီပို့ပေးခဲ့ခြင်းပင်။ ချန်ကျွမ်းကျွမ်းက နားကပ်လေးကိုဝတ်လိုက်ကာ သူမခေါင်းပေါ်မှာ ကလစ်လေးကိုတပ်လိုက်၏။ သူမအပြင်ထွက်လာသည်နှင့် လူအများရဲ့အာရုံစိုက်မှုကိုခံခဲ့ရသည်။
ချန်ကျွမ်းကျွမ်းသည် နဂိုကတည်းကလှပသူလေးဖြစ်ရာ ပုလဲနားကပ်ကိုပြဖို့အတွက် တမင်တကာသူမနားရွက်နောက်ထဲ ဆံပင်အကုန်ထည့်ထားလိုက်သည်။ ပုလဲတွေက နေရောင်အောက်မှာ တောက်ပနေပြီး လူတွေရဲ့အာရုံကိုဆွဲဆောင်နေလေ၏။
"ကျွမ်းကျွမ်းရေ နင့်ခေါင်းမှာ ဘာတပ်ထားတာလဲဟင်? ဒီလောက်လှတဲ့ကလစ်ကို နင်ဘယ်ကဝယ်ခဲ့တာလဲ?"
"နင်ဝတ်ထားတဲ့နားကပ်က ပုလဲလား?"
"အင်း ငါ့မွေးရပ်မြေကနေပို့လိုက်တာလေ"
"တောင်ကျွန်းပုလဲ"
"လှလိုက်တာဟာ၊ နင့်မှာရှိသေးလားဟင်? ငါ့ကိုပေးလို့ရမလား... ဟင့်အင်း... ငါ့ကို နားကပ်တစ်ရံလောက်ရောင်းပေးလို့ရမလား?"
ချန်ကျွမ်းကျွမ်းက ရှက်ရွံ့စွာဖြင့် "အများကြီးမဟုတ်ဘူး၊ ဒီတစ်စုံတည်းပါတာ။ ဒါပေမယ့် ကလစ်လေးတွေကတော့ ပန်းပုံစံနည်းနည်းထပ်ရှိသေးတယ်"
"ငါတို့ဒီလောက်ဆက်ဆံရေးကောင်းတာဟယ်၊ နင် ငါ့ကိုတစ်ခုပေးပါနော်!"
"နည်းနည်းပဲရှိတော့လေ၊ ငါ နင့်ကိုပေးလိုက်ရင် နောက်တစ်ယောက်က ငါ့ကိုထပ်လာတောင်းတဲ့အခါ ဘာလုပ်ရမှာလဲလို့?"
"နင် ငါ့ကိုရောင်းလိုက်တာလို့ပြောလိုက်ပေါ့"
"ဒါက ပုလဲခွံတွေနဲ့လုပ်ထားတာလား? အရမ်းလှတာပဲ!"
…
၁၉၈၀နှစ်ကုန်ခါနီးတွင် ဆေးရုံ၌ လုစန်းကျဲသည် ၅ပေါင်၂အောင်စရှိတဲ့ ယောက်ျားလေးတစ်ဦးကို မွေးဖွားခဲ့သည်။
လုကျုံးရီတို့ဇနီးမောင်နှံ၊ လုယန်တို့ဇနီးမောင်နှံက ဆေးရုံသွားကြည့်ဖို့အတွက် ကလေးလေးတွေကိုပါ ခေါ်လာခဲ့ကြသည်။ သို့ရုန်ညီအစ်မနှစ်ယောက်က အရမ်းပျော်နေကာ "ငါတို့ မမတွေဖြစ်လာပြီ!"
လုဝေကျိုး: "နောက်ထပ်ညီလေးတစ်ယောက်ရပြီပဲ"
လုဝေကျယ်: "ကော၊ ကောမှာ ညီလေးအရင်းတစ်ယောက်ပဲရှိတာပါနော်၊ ငါ့အပေါ်မှာ အကောင်းဆုံးဖြစ်ရမှာလို့!"
"ကောက မင်းအိမ်စာတွေကို ကြီးကြပ်ပေးမှာပါ"
လုဝေကျယ်: "... ငါ မင်းနဲ့ အတန်းအတူတူမဖြစ်ချင်ဘူး"
သူ့အိမ်စာတွေအကြောင်း တခြားသူတွေကို ဖုံးကွယ်ထားနိုင်သော်လည်း သူ့အကိုဆီကနေတော့မရပေ။
အိမ်စာတွေကူးခွင့်မပေးတဲ့ အစ်ကိုတစ်ယောက်ရှိတာ အရမ်းဒုက္ခရောက်လိုက်တာနော်။
"မင်းက မင်းကောကောနဲ့ အတန်းတော့မတူချင်ပေမယ့် ထိုင်ခုံဖော်တော့ဖြစ်ချင်နေတုန်းပဲပေါ့လေ? တော်တော်ဆိုးတဲ့ညီလေးပဲ"
ရဲဘော်လောင်လုသည် နောက်မြေးတစ်ယောက်ရလာတဲ့အခါ ပျော်ရွှင်နေလေသည်။ နောင်တွင် မိသားစုဓာတ်ပုံရိုက်တဲ့အခါ လူအယောက် ၂၀ ဖြစ်သွားတော့မယ်လို့ တွေးနေမိသည်။
ကျန်းဖျင် ပြုံးလိုက်ပြီး "နောက်ဆုံးပုံမှာလည်း လူ၂၀ရှိတာပဲလေ မဟုတ်ဘူးလား?"
"မိခင်ဗိုက်ထဲက ကလေးကိုလည်းထည့်တွက်ရမှာပေါ့"
ရဲဘော်လောင်လု: "..." ဒါလည်းမှန်တာပဲ...
ဒီကိစ္စကိုပြောရင်း ချင်းရို့လည်း တစ်ခုခုကိုသတိရသွားခဲ့ပြီး "ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးရေ သားတို့မမွေးခင်တုန်းကလည်း သားတို့က မားမားနဲ့အတူတူ သတင်းစာထဲမှာပါလာတယ်နော်"
"သတင်းစာလား?"
"ဟုတ်တယ်၊ သားတို့က မားမားဗိုက်ထဲမှာလေ။ မားမား အခုထိ အဲဒီသတင်းစာကိုသိမ်းထားတုန်းပဲ၊ အဲဒါ ၁၉၇၁ခုနှစ်ထုတ်ဖြစ်မယ်..."
ချင်းရို့က ဓာတ်ပုံတွေနဲ့ သတင်းစာတွေစသဖြင့်ပစ္စည်းမျိုးစုံကို စုစည်းသိမ်းထားခဲ့သည်။ အဲဒီနှစ်တွေတုန်းက သူမ ကင်မရာတစ်လုံးဝယ်ခဲ့တာ တကယ်ထိုက်တန်တာပဲလို့ ရုတ်တရက် ခံစားလိုက်ရသည်။
"ဆယ်နှစ်တောင်ရှိတော့မှာပဲ"
အချိန်တွေကြာလာတာနဲ့အမျှ အတိတ်ရဲ့အမှတ်တရတွေဟာ လူတွေရဲ့စိတ်ထဲမှာတင်မက အဲဒီဓာတ်ပုံတွေမှာလည်း ကျန်ရှိနေမည်ပင်။
နံရံပေါ်ရှိ ပြက္ခဒိန်ဟောင်းကို ဆုတ်ဖြဲကာ ပြက္ခဒိန်အသစ် ၁၉၈၁ခုနှစ်ဖြင့် အစားထိုးလိုက်၏။ ချင်းရို့က ယခုနှစ်ဇန်နဝါရီလတွင် ရာသီခွင်အထိမ်းအမှတ်တံဆိပ်ခေါင်းတွေအစုံလိုက် အများအပြားဝယ်ယူခဲ့ပြီး သားနှစ်ယောက်အတွက် Reader's Digest မဂ္ဂဇင်းကို ဝယ်ယူခဲ့သည်။
အခုခေတ်မှာ မဂ္ဂဇင်းတစ်စောင်က သုံးဆင့်သာရှိပြီး တကယ့်ကိုစျေးပေါလှသည်။
"ဖက်ထုပ်လေး စာများများဖတ်နော်၊ ဒါမှ သားရဲ့စာစီစာကုံးအမှတ်တွေတက်လာမှာ"
ဈေးကွက်တွင် သတင်းစာများနှင့် မဂ္ဂဇင်းများစွာရှိရုံတင်မက သိုင်းဝတ္ထုများစွာလည်းရှိသည်။ ဒီသိုင်းဝတ္ထုတွေဟာ ဟောင်ကောင်ကျွန်းကနေဖြန့်ဝေပေးခဲ့ပြီး မကြာခင် တရုတ်ပြည်မှာ ပုံနှိပ်ထုတ်ဝေတော့မယ်လို့ ကြားမိသည်။
ချင်းရို့က အချိန်ကုန်စေရန်အတွက် သိုင်းဝတ္ထုနှစ်စုံယူလာခဲ့၏။
သိုင်းဝတ္ထုတွေအပြင် အချစ်ဝတ္ထုတွေလည်းရှိပေသည်။ အချစ်ဝတ္ထုတွေခေတ်စားလာပြီးနောက်ပိုင်း လမ်းမပေါ်မှာ ပိတုန်းရောင်ဆံပင်ရှည်ရှည်ဖြောင့်ဖြောင့်နဲ့မိန်းကလေးတွေ ပိုများလာခဲ့သည်။ အရင်ကတော့ သူတို့က ဆံပင်ကောက်ကြပြီး အခုတော့ ဆံပင်ရှည်ရှည်ဖြောင့်ဖြောင့်နဲ့ မိန်းကလေးတိုင်းဟာ ဖြူစင်တဲ့သူရဲကောင်းတွေဖြစ်လိုကြလေ၏။
ချင်းရို့လည်း ဒီခေတ်ရဲ့အချစ်ဝတ္ထုအချို့ကို ဖတ်ဖူးပါသည်။ အကြောင်းအရာမှာ အလွန်ရှေးကျ၍ ဇာတ်ဆောင်တွေအားလုံး ဟန်မဆောင်တတ်ကြဘဲ သန်မာပြီး ဖြူစင်ကြင်နာတတ်သောဇာတ်ဆောင်တွေဖြစ်ကြကာ အမျိုးသားဇာတ်လိုက်နဲ့ သူမရဲ့အချစ်ရေးဟာ အတားအဆီးအားလုံးကို ကျော်ဖြတ်နိုင်လေသည်။
ချင်းရို့သည် အချိန်ကုန်ဖို့ အချစ်ဝတ္ထုတွေဖတ်တာထက်စာရင် သိုင်းဝတ္ထုတွေဖတ်ရတာကို နှစ်သက်လေ၏။
သူမနှင့် လုယန်တို့က အိမ်မှာပဲ သိုင်းဝတ္ထုတွေကို ရံဖန်ရံခါဖတ်ကြသည်။ လုဝေကျိုးက သိပ္ပံစိတ်ကူးယဉ်စာအုပ်တွေကို နှစ်သက်တာကြောင့် ချင်းရို့လည်း သူ့ကို စာအုပ်တွေအများကြီးငှားဖို့အတွက် စာကြည့်တိုက်သို့ခေါ်သွားပေးခဲ့သည်။ ဖက်ထုပ်လေးကတော့ ရုပ်ပြကာတွန်းတွေဖတ်ရတာနှစ်ခြိုက်သဖြင့် သူက ရုပ်ပြစာအုပ်တွေကိုကိုင်ထားပြီး ညီအမနှစ်ယောက်နဲ့အတူတူဖတ်ကြသည်။
ယခုအခါ သို့သို့နှင့် ရုန်ရုန်လေးက စကားလုံးများစွာကို မှတ်မိနေပြီဖြစ်ပြီး နံပါတ်တွေရေတွက်နိုင်နေပြီဖြစ်သည်။ သူတို့က အစ်ကိုနှစ်ယောက်နဲ့ကစားရတာ သဘောကျကြသည်။
ကလေးမလေးတွေက ဖက်ထုပ်ကောကောနဲ့ကစားရတာကို ပိုသဘောကျကြသည်။ အကြောင်းမှာ ကျိုးကျိုးကောကောက သူတို့ကို စာဖတ်တတ်အောင်၊ ရေတွက်တတ်အောင် သင်ပေးနေပြီး သူတို့နားမလည်တဲ့အရာတွေကို သင်ပေးနေလို့ပင်။
ဒါတွေကိုကြားလိုက်တော့ စိတ်ရှုပ်သွားရသလို ဖက်ထုပ်လေးလည်း စိတ်ရှုပ်ထွေးသွားရ၏။ ဖက်ထုပ်လေးက သူ့ညီမလေးတွေကို ပွေ့ဖက်ထားပြီး သုံးယောက်သားပဲ မောင်နှမတွေလို့ ထင်မှတ်ရလေသည်။
အကြီးဆုံးအစ်ကိုကျိုးကျိုးက အပြုံးလေးနှင့် သူတို့သုံးယောက်ကစားနေတာကို ကြည့်နေသည်။
ထိုအခါ ဖက်ထုပ်လေး အကြံပြုလာခဲ့၏။ "ကော မိသားစုလုပ်တမ်းအတူတူကစားကြအောင်လေ"
လုဝေကျိုး: "အိုကေ"
မောင်နှမလေးယောက်သား အတူတူဆော့ကစားကြလေပြီ။
သို့သို့: "မီးမီးက အဖိုးဖြစ်ချင်တယ်"
ရုန်ရုန်: "ဒါဆို မီးမီးက အဖွားဖြစ်ချင်တယ်"
ဖက်ထုပ်လေး: "ဒါဆို သားက အဒေါ်လုပ်ချင်တယ်"
လုဝေကျိုး: "... ဒါဆို မင်းတို့ ငါ့ကိုဘာဖြစ်စေချင်ကြလဲ?"
အကြီးဆုံးအစ်ကိုအနေနဲ့ ဒီလိုမိသားစုဂိမ်းမျိုးနဲ့ ကြုံရတဲ့အခါ စကားပင်မပြောနိုင်တော့ချေ။
သို့သို့: "ကောက အဖေလုပ်"
လုဝေကျယ်: "ကောက သားကောကောလေ"
လုဝေကျိုး: "..." ဒါဆို မင်းက ဘာလို့အဒေါ်ဖြစ်ချင်တာတုန်း?
ရဲဘော်လုဝေကျိုးက ယခု အဖေနေရာရောက်သွားလေပြီ။
သို့သို့: "ငါ လောင်ဝမ်ဆီ ဖုန်းဆက်တော့မလို့၊ သားရေ အဖေ့ကိုလာဖက်ပေးဦး!"
ရှောင်သို့သို့ဟာ သူမရဲ့ခြေထောက်တိုတိုလေးဖြင့် လုဝေကျိုးဆီပြေးသွားကာ ပွေ့ဖက်ရန် လက်ကို ဖွင့်လိုက်သည်။
လုဝေကျိုး: "…"
လုဝေကျိုးက ကူကယ်ရာမဲ့စွာဖြင့် သူ့ညီမလေးကိုဖက်လိုက်ရပြီး သို့သို့လေးက အရမ်းပျော်နေကာ မြေခွေးလေးတစ်ကောင်လိုပြုံးနေလေသည်။
ရုန်ရုန်လည်း သူ့ဖက်ထုပ်ကောကောဆီ ပြေးသွားပြီး "ကော၊ ကောဗိုက်ထဲမှာ ကလေးလေးတစ်ယောက်ရှိနေတယ်လေ"
"မြန်မြန်ထိုင်"
လုဝေကျယ်: "…"
လုဝေကျိုး: "…"
ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း သူတို့ညီမလေးတွေနဲ့ ရုတ်တရက်ကြီးမကစားချင်ကြတော့ပေ။
ချင်းရို့တို့ဇနီးမောင်နှံလည်း ပြေးရာမှပြန်လာကြတဲ့အခါ မိသားစုဂိမ်းအတူကစားနေကြတဲ့ ကလေးလေးယောက်ကို တွေ့လိုက်ရ၏။
မြင်ကွင်းက အရမ်းနွေးထွေးလွန်းနေသည်...
xxx