← Chapters

ကျွန်တော်လည်း ဆေးဖော်စပ်တတ်တယ်

Vol. 25 Ch. 250

ကျွန်တော်လည်း ဆေးဖော်စပ်တတ်တယ်

Vol. 25 Ch. 250

“ ဖုန်းအာ... အသက် ဆယ့်ရှစ်နှစ်၊ ခန္ဓာသန့်စင်ခြင်း သတ္တမအဆင့်၊ ပါရမီက ပျမ်းမျှထက် မြင့်မားတယ်၊ အပြင်စည်းအတွက် အရည်အချင်း ပြည့်မီတယ် “

ယွင်လန်ဂိုဏ်းမှ အပြင်စည်း တပည့် ရလဒ်ကို ကြေညာလိုက်သည့် အခိုက်တွင် ဖုန်းအာ နေရာမှာပင် မှင်တက်သွားသည်။

မင်းသမီးချင်းဟယ် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။ “ ဖုန်းအာ... အကြီးအကဲချန် နဲ့ စီနီယာအစ်ကိုလျူ ကို ကျေးဇူးမတင်တော့ဘူးလား “

သူမ သတိပေးချက်ကြောင့် ဖုန်းအာ အလျင်အမြန် ဦးညွှတ်လိုက်သည်။ “ တပည့်က အကြီးအကဲချန် ကို ကျေးဇူးတင်ပါတယ်။ စီနီယာအစ်ကိုလျူ ကိုလည်း ကျေးဇူးတင်ပါတယ် “

“ အင်း “

စီနီယာအစ်ကိုလျူ ပြန်လည် တုံ့ပြန်လိုက်ပြီး နောက်ထပ် ဘာမှ မပြောတော့ပေ။

အကြီးအကဲချန် ခံစားချက်ကင်းမဲ့စွာ ခေါင်းညိတ်လိုက်ရုံသာ။ သာမန် အပြင်စည်းတပည့် တစ်ယောက်က သူ့ကို စိတ်ဝင်စားစေရန် မလုံလောက်ပေ။

ထို့နောက် ဖုန်းအာ လူအုပ်၏ ဘယ်ဘက်သို့ သွားရပ်လိုက်ပြီး သူ့ အဖော်များကို ကြည့်ရှုရင်း သိသာစွာ ဂုဏ်ယူနေသည်။ အကယ်၍ အရေးကြီးသော ပုဂ္ဂိုလ်များ ရှိမနေပါက သူ အပြင်စည်းကို ဝင်ခွင့်ရပြီဟု အော်ဟစ် ကြွေးကြော်မိပေလိမ့်မည်။

အရှေ့တွင် လူပိုမို နည်းပါးလာသည်နှင့်အမျှ ယခုအချိန်အထိ တည်ငြိမ်နေခဲ့သော ဖုန်းမူ စိတ်လှုပ်ရှားမှုကို ခံစားလာရသည်။

“ နောက်တစ်ယောက် “

စီနီယာအစ်ကိုလျူ လေသံက တည်ငြိမ်နေဆဲပင်။

ဖုန်းမူ ရှေ့သို့ ထွက်လာပြီး လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။ “ ဂါရဝပြုပါတယ် စီနီယာအစ်ကိုလျူ “

စီနီယာအစ်ကိုလျူ ခေါင်းအသာညိတ်လိုက်သည်။ “ မင်းရဲ့ လက်ကို စမ်းသပ် ကျောက်တုံးပေါ် တင်လိုက် “

ဖုန်းမူ သူ့ လက်ကို ကျောက်တုံးပေါ် တင်လိုက်သည်။ ချက်ချင်းပင် ကိုးပေ မြင့်သော ခရမ်းရွှေရောင် အလင်းတိုင် တစ်ခု ထွက်ပေါ်လာသည်။

ထိုနေရာရှိ လူတိုင်းက ကျောက်ရုပ် ဖြစ်သွားသည့်အလား ချက်ချင်း မှင်တက်ငြိမ်သက်သွားကြ၏။ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။

တိတ်ဆိတ်စွာ လက်ဖက်ရည် သောက်နေခဲ့သော အကြီးအကဲချန်ပင် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အဖိုးမဖြတ်နိုင်သောရတနာတစ်ခုကို ယခုလေးတင် ရှာတွေ့သွားသကဲ့သို့ ဖုန်းမူကို ကြည့်လိုက်၏။

“ အထွတ်အထိပ် ပါရမီပဲ။ မင်း ဘယ်လို ခန္ဓာကိုယ်မျိုး နိုးထလာလဲ ဆိုတာကို သိလား “

စမ်းသပ် ကျောက်တုံးသည် ကျင့်ကြံသူ တစ်ဦး၏ သွေးကြောနှင့် မွေးရာပါ အမြစ်များကို တိုင်းတာခြင်း ဖြစ်သည်။ သွေးကြောက ပို၍ အစွမ်းထက်ပြီး အမြစ်များက ပိုသန့်စင်လေ အလင်းရောင်က ပိုမို တောက်ပလေ ဖြစ်သည်။ အတိုင်းအတာက တစ်ပေမှ ကိုးပေအထိ ရှိပြီး ကိုးပေက အမြင့်ဆုံး ဖြစ်သည်။

အရောင်များက အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ အဖြူ၊ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာ၊ ခရမ်း နှင့် ရွှေရောင်ဟူ၍ ခွဲထား၏။

ခရမ်းရွှေရောင်က ဤလူငယ်လေးတွင် ထူးခြားသော သွေးကြောနှင့် အံ့ဩဖွယ်ကောင်းသည့် အမြစ်များ ပိုင်ဆိုင်ထားကြောင်း ဖော်ပြနေပါ၏။

ဖုန်းလင်းလုံ မျက်လုံးများတွင်ပင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူမ စမ်းသပ်စဉ်က ရလဒ်သည် ရှစ်ပေမြင့်သော ခရမ်းရွှေရောင် အလင်းမျှသာ။

သို့တိုင်အောင် သူမ ယွင်လန် ဂိုဏ်းတွင် စုန့်ကျောက်ယီ ပြီးလျှင် ဒုတိယမြောက် ပါရမီအရှိဆုံး တပည့်အဖြစ် ချီးကျူးခံခဲ့ရသည်။

ယခု သူမနှင့်အတူ ခေါ်ဆောင်လာခဲ့သော သာမန် အစေခံ တစ်ယောက်က ပို၍ ကြီးမားသော ပါရမီကို ပြသလိုက်သည်။ ၎င်းက မမျှော်လင့်ထားသောအရာပင်။

အိမ်တော်တွင် ကနဦး စမ်းသပ်မှု ပြုလုပ်စဉ်က ၎င်းကို အဘယ်ကြောင့် မသိရသနည်း။

ဖုန်းလင်းလုံ အလျင်အမြန်ပင် နားလည်သွားသည်။ အိမ်တော်ရှိ စမ်းသပ် ကျောက်တုံးသည် အဆင့်နိမ့် တစ်ခုသာ ဖြစ်ပြီး ၎င်းက အလွန်ဆုံး အဝါရောင် အဆင့် ရလဒ်ကိုသာ ဖော်ပြနိုင်သည်။ ထိုထက် မြင့်မားသောအရာများကို ဖော်ပြနိုင်မည် မဟုတ်ပေ။

အိမ်တော်၌ အပြောင်းအလဲ အချို့ လိုအပ်နေပုံပင်။ မဟုတ်လျှင် ဖုန်းမူလို အစစ်အမှန် ပါရမီရှင် တစ်ယောက်က အရောင်ဖုံးနေမည်မဟုတ်ပေ။

ဖုန်းမူ ခေါင်းယမ်းလိုက်သည်။ “ အကြီးအကဲ... ကျွန်တော် မသိပါဘူး “

အကြီးအကဲချန် ပြန်ဖြေသည်။ “ ကိစ္စမရှိပါဘူး။ မင်း ယွင်လန် ဂိုဏ်းကို ဝင်ရောက်သွားတာနဲ့ သွေးကြောက နိုးထလာလိမ့်မယ်။ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုက ဘယ်လောက်လဲ။ မင်းမှာ တခြား ကျွမ်းကျင်မှုတွေ ရှိသေးလား “

ဖုန်းမူ လေးစားစွာ ပြန်ဖြေလိုက်၏။” အကြီးအကဲကို ဖြေကြားပါတယ်။ ဒီတပည့်က ခန္ဓာသန့်စင်ခြင်း နဝမအဆင့် ကို ရောက်နေပါပြီ။ ပြီးတော့ ကျွန်တော် ဆေးဖော်စပ်တတ်ပါတယ် “

လွန်ခဲ့သော နှစ်ဝက်ကျော် အတွင်း သူ ခန္ဓာသန့်စင်ခြင်း ဆေးလုံး အများအပြားကို ဖော်စပ်ခဲ့သည်။ ၎င်းတို့ထဲမှ အများစုကို ရောင်းချခဲ့သော်လည်း အချို့ကို သူ့ ကိုယ်ပိုင် အသုံးပြုရန်အတွက် သိမ်းဆည်းထား၏။ ရလဒ်အနေဖြင့် သူ့ ကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်လာခဲ့ပြီး အဆင့်များစွာကို ထိုးဖောက်ကာ နဝမအဆင့်သို့ ရောက်ရှိလာတော့သည်။

“ ဘာ “

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

ဖုန်း အိမ်တော် တစ်ခုလုံး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။

ဖုန်းလင်းလုံ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ လင်းလက်သွားသည်။

သူမ ရှင်းလင်းစွာ မှတ်မိနေပါသည်။ တော်ဝင်အိမ်တော်ရှိ အစေခံများထဲမှ မည်သူကမျှ ဆေးဖော်စပ်ခြင်းကို မလေ့လာဖူးပေ။

‘ဒီကောင်လေး ဘယ်ကနေ သင်ယူခဲ့တာလဲ’

‘သူက ငါ ထင်ထားတာထက် လျှို့ဝှက်ချက်တွေ ပိုပြီး ဖုံးကွယ်ထားပုံရတယ်”

အကြီးအကဲချန် အနည်းငယ် အံ့အားသင့်သွား၏။ “ရှောင်မုူ မင်း ဆေးလုံးတွေ ဘယ်လို ဖော်စပ်ရမလဲဆိုတာ သိတာ သေချာလို့လား “

ဖုန်းမူ လေးစားစွာ ပြန်ဖြေသည်။ “ အကြီးအကဲရဲ့ ရှေ့မှာ ကျွန်တော် ဘာမှ မဖုံးကွယ်ရဲပါဘူး။ အကြီးအကဲက ကျွန်တော့်ကို မယုံဘူးဆိုရင် ခန္ဓာသန့်စင်ခြင်း ဆေးလုံး တစ်သုတ်ကို အခု ဒီနေရာမှာပဲ ဖော်စပ်ပြလို့ ရပါတယ် “

“ ကောင်းပြီ “

အကြီးအကဲချန် စိတ်ဝင်စားစွာ ပြောလိုက်သည်။ “ ရှောင်မူ ငါ မင်းကို မယုံတာ မဟုတ်ပါဘူး။ အမြင်ကျယ်သွားအောင် ကြည့်ချင်ရုံ သက်သက်ပါ။ ဘာပဲဖြစ်ဖြစ် ခန္ဓာသန့်စင်ခြင်း အဆင့်မှာ ဆေးဖော်စပ်နိုင်တဲ့ ကျင့်ကြံသူဆိုတာ သိပ်မရှိဘူးလေ။ တကယ်လို့ မင်း ခန္ဓာသန့်စင်ခြင်း ဆေးလုံး တစ်သုတ်ကို ဖော်စပ်ပြနိုင်ရင်၊ မင်းကို ငါ့အမည်ခံတပည့် အဖြစ်လက်ခံပြီး ချွင်းချက်အနေနဲ့ ယွင်လန် ဂိုဏ်းရဲ့ အတွင်းစည်းကို တိုက်ရိုက် ဝင်ခွင့်ပေးမယ် “

ထိုစကားများကို ပြောလိုက်သည်နှင့် လူတိုင်း၏ မျက်လုံးများသည် ဖုန်းမူကို မနာလို အားကျမှုများ ပြည့်နှက်စွာ ကြည့်လိုက်ကြသည်။

ဖုန်းမူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောသည်။ “ အကြီးအကဲ... ကျွန်တော် ဆေးဖော်စပ်နေတဲ့ အချိန်မှာ အနှောင့်အယှက် ခံရတာကို မနှစ်သက်ပါဘူး။ ကျွန်တော် တစ်ယောက်တည်း ဆေးဖော်စပ်နိုင်ဖို့ တိတ်ဆိတ်တဲ့ အခန်း တစ်ခန်းလောက် စီစဉ်ပေးလို့ရမလား “

အကြီးအကဲချန် ပြုံးလိုက်သည်။ “ သေချာတာပေါ့။ ရှောင်မူ နဲ့ လင်းလုံ မင်းတို့ နှစ်ယောက် ငါ့နောက် လိုက်ခဲ့။ဒီကကိစ္စတွေကိုတော့ လျူ မင်းဆီမှာပဲ လွှဲထားခဲ့မယ်”

“ ဟုတ်ကဲ့ပါ “

စီနီယာအစ်ကိုလျူ တိုတောင်းစွာ ပြန်ဖြေလိုက်ပြီး ဖုန်းမူကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်ကာ သူ့ မျက်နှာကို မှတ်ဉာဏ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။

ထို့နောက် အကြီးအကဲချန် ဖုန်းလင်းလုံနှင့် ဖုန်းမူတို့ကို ယွင်လန် ဂိုဏ်း၏ ဆေးဖော်စပ်ခြင်း တောင်ထွတ်များမှ တစ်ခုဖြစ်သော တန်ဟော့ တောင်ထွတ် သို့ ခေါ်ဆောင်သွားသည်။ သူ့ ကိုယ်ပိုင် ဂိုဏ်း အမှတ်အသားပြားကို အသုံးပြု၍ ဖုန်းမူ အတွက် သီးသန့် ဆေးဖော်စပ်သည့် အခန်း တစ်ခန်းကို ဖွင့်ပေးလိုက်၏။

“ရှောင်မူ မင်းမှာ ဆေးဖော်စပ်ဖို့ ပါဝင်ပစ္စည်းတွေ ရှိလား”

ဖုန်းမူ ပြန်ဖြေသည်။ “ အကြီးအကဲ... ကျွန်တော့်မှာ ပါဝင်ပစ္စည်း တစ်စုံ ကျန်ပါသေးတယ် “

“ ဒါဆိုရင်လည်း မင်းအတွက် စုဆောင်းပေးဖို့ အချိန်ဖြုန်းနေစရာ မလိုတော့ဘူးပေါ့။ သွားဖော်လိုက်တော့ “

ထိုသို့ပြောပြီးနောက် အကြီးအကဲချန် ဆေးဖော်စပ်သည့် အခန်း တံခါးကို ဖွင့်ပေးလိုက်သည်။

ဖုန်းမူ သူတို့ နှစ်ယောက်ကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီး အထဲသို့ ဝင်သွားသည်။

တံခါး ပိတ်သွားသောအခါ အကြီးအကဲချန် ဖုန်းလင်းလုံဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။ “ လင်းလုံ... မင်းက ငါ့အတွက် ဒီလောက်ကြီးမားတဲ့ အံ့အားသင့်စရာကို ယူဆောင်လာပေးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး “

ဖုန်းလင်းလုံ ပြန်ဖြေသည်။ “ ဦးလေးက မြှောက်ပင့်နေပါပြီ။ ကျွန်မက အဲဒီကို အမှတ်မထင် ရောက်နေရုံ သက်သက်ပါ။ တကယ်လို့ ဖုန်းမူသာ စမ်းသပ်မှုမှာ မပါဝင်ခဲ့ဘူးဆိုရင် သူ့မှာ ဒီလောက် လျှို့ဝှက်ချက်တွေ အများကြီး ရှိနေမှန်း ကျွန်မ သိခဲ့မှာ မဟုတ်ပါဘူး “

အကြီးအကဲချန် ပြန်လည် တုံ့ပြန်ခြင်း မပြုဘဲ မျက်စိကို မှေးကျဉ်းကာအပြုံးဖြင့် မုတ်ဆိတ်မွေးကိုသာ ပွတ်သပ်နေလိုက်၏။

ဆေးဖော်စပ်သည့် အခန်းထဲတွင် ဖုန်းမူ ကြီးမားသော ပြဿနာ တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ မီးဖိုခန်း အတွင်း မြှုပ်နှံထားသော မြေအောက်မီးအား မည်သို့ ထိန်းချုပ်ရမည်ကို သူ လုံးဝ မသိပေ။

ကံကောင်းထောက်မစွာ သူ့၌ ကိုယ်ပိုင် စိတ်ဝိညာဉ် မီးတောက် ရှိနေသဖြင့် မီးအရင်းအမြစ် အတွက် စိုးရိမ်စရာ မလိုချေ။

ခန္ဓာသန့်စင်ခြင်း ဆေးလုံးများကို ဖော်စပ်ခြင်းက သူ အလွယ်တကူ လုပ်နိုင်နေပြီ ဖြစ်သော အရာတစ်ခု ဖြစ်သည်။

တစ်နာရီ ကြာပြီးနောက် ဆေးလုံးများ၏ အနံ့က အခန်းထဲတွင် ပြည့်နှက်သွားပြီး မွှေးကြိုင်လာ၏။

ဖုန်းမူ မည်းနက်နေသော ဆေးလုံးကြီးကို အမြဲ လုပ်နေကျအတိုင်း အပိုင်းလေးများ ခွဲပြီး ဆေးလုံးငယ်လေးများ အဖြစ် ပုံဖော်လိုက်သည်။

သို့သော် သူ လက်ကို မြှောက်လိုက်စဉ်မှာပင် ရုတ်တရက် ရပ်တန့်သွားသည်။

စကားပုံ တစ်ခု ရှိသည်။ တစ်လှမ်း ကြိုရောက်နေခြင်းက ပါရမီရှင် တစ်ယောက် ဖြစ်စေပြီး၊ ခြေဆယ်လှမ်း ကြိုရောက်နေခြင်းကတော့ မွန်းစတား တစ်ကောင် ဖြစ်စေသည်။

သူ အသေးစားကံကြမ္မာကျမ်းကို နားလည်သဘောပေါက်ရန် လိုအပ်နေသေးသည်။ အာရုံစိုက်မှု အများကြီး မဆွဲဆောင်ခြင်းက အကောင်းဆုံးပေ။ မည်းနက်ပြီး ကြီးမားနေသော ဆေးလုံးကြီးက ရယ်စရာ ကောင်းနေသော်လည်း ၎င်းက သူ့ ကံကြမ္မာနှင့် ကိုက်ညီနေသည်။

ထို့ကြောင့် ဖုန်းမူ မတ်တပ်ရပ်လိုက်ပြီး မည်းနက်နေသော ဆေးလုံးကြီးကို သူ့ လက်မောင်းထဲတွင် ပိုက်ကာ ဆေးမီးဖိုကို သိမ်းဆည်းလိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။

ကျွီ...

ဆေးဖော်စပ်သည့် အခန်း ပွင့်သွားသည်နှင့် ဆေးနံ့ ခပ် ဖျော့ဖျော့ လွင့်ပျံ့လာပြီး အကြီးအကဲချန်နှင့် ဖုန်းလင်းလုံတို့ နှာခေါင်းများဆီသို့ ရောက်ရှိသွားကာ သူတို့ နှစ်ဦးစလုံး မျက်လုံးများ လင်းလက်သွား၏။

ဖုန်းလင်းလုံ မေးလိုက်သည်။ “ မင်း ခန္ဓာသန့်စင်ခြင်း ဆေးလုံး ကို ဖော်စပ်တာ အောင်မြင်သွားပြီလား “

“ စီနီယာအစ်မ ကို သတင်းပို့ပါတယ်။ ကျွန်တော် ဖော်စပ်ပြီးပါပြီ။ ဒါပေမဲ့ အဆင့်ကိုတော့ မသိပါဘူး “

“ ငါ့ကို ကြည့်ခွင့်ပေးစမ်း “

အကြီးအကဲချန် သိသာစွာ စိတ်လှုပ်ရှားနေပြီး၊ သူ ဖုန်းမူကို ကြည့်နေစဉ် သူ့ အကြည့်များက စက္ကန့်နှင့်အမျှ ပိုမို နှစ်သက်လာသည်။

“ ဒါက ကျွန်တော် ဖော်စပ်ထားတဲ့ ခန္ဓာသန့်စင်ခြင်း ဆေးလုံး ပါ “

ဖုန်းမူ သူ့ လက်ထဲရှိ မည်းနက်နေသော အတုံးကြီးကို ကမ်းပေးရင်း ပြောလိုက်သည်။

အကြီးအကဲချန်နှင့် ဖုန်းလင်းလုံတို့ ထိုမီးသွေးခဲ အတုံးကြီးကို မြင်လိုက်ရသည့်အခိုက်တွင် သူတို့ နှစ်ဦးစလုံး နေရာမှာပင် အေးခဲသွားကြသည်။ ထိုစဉ် ပြောစရာ စကားမဲ့သွားတော့၏။

All Chapters