← Chapters

အခန်း (၃၅၀-၃၅၁)

Vol. 32 Ch. 350-351

အခန်း (၃၅၀-၃၅၁)

Vol. 32 Ch. 350-351

အခန်း ၃၅၀ - သူငယ်အိမ်နှစ်ထပ်မိစ္ဆာ၏ ပူးပေါင်းကြံစည်မှု

ကျိယွမ်သည် တော်ဝင်ခန်းမဆောင်ကြီးအတွင်း၌ တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေသည်။

သူ၏အသံမှာ တစ်ဖက်လူကို ယုံကြည်လာစေနိုင်သော စွမ်းအားရှိပြီး သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရစေ၏။

မသိလျှင် သူ၏စကားလုံးများကလည်း လူသားအားလုံးအပေါ် ကိုယ်ချင်းစာနာတတ်သည့် သူတော်စင်တစ်ဦး၏ မေတ္တာကရုဏာကို ဖော်ပြနေသကဲ့သို့ ရှိသည်၊၊

သူ၏အမူအယာနှင့် စကားကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရပ်နေသူများ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ပေါက်လာကြသည်၊၊

အဖိုး ၊အဖွားတွေကို ပို့ပေးတာလား။

ဘယ်ကအဖိုး ၊ အဖွားတွေကို ဘယ်ကိုပို့ရမှာလဲ။

သတ္တမမင်းသားသည် စကား၏အဓိပ္ပါယ်ကို နားမလည်သော်လည်း ရိုသေနှိမ့်ချသော အမူအရာအပြည့်ဖြင့် ချက်ချင်း ထောက်ခံ၏။

"မစ္စတာကျိ ပြောတာ မှန်ပါတယ်၊ ဒီကမ္ဘာကြီးက အရမ်းကို ရှုပ်ထွေးလွန်းပြီး အဆုံးမသတ်နိုင်တဲ့ သတ်ဖြတ်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်၊ ဒီနေ့ကစပြီး ကျွန်တော်တို့ တော်ဝင်မိသားစုဟာ စစ်ပွဲအားလုံး ရပ်တန့်ဖို့အတွက် တိုက်တွန်းသွားပါမယ်၊ ပြည်သူတွေဆီကို အဘိုးနဲ့ အဘွားတွေ ပို့ဆောင်ပေးမယ့် မစ္စတာကျိရဲ့ အစီအစဉ်ကိုလည်း တော်ဝင်မိသားစုက အပြည့်အဝ ထောက်ခံပြီး တတ်နိုင်သမျှ ကူညီပေးသွားမှာပါ"

သတ္တမမြောက်မင်းသားအတွက်မူ ကျိယွမ်၏ စကားများအပေါ် ပထမဆုံး တုံ့ပြန်မှုမှာ 'မစ္စတာကျိ အမြဲမှန်သည်' ဟူ၍သာ ဖြစ်သည်၊၊

"အင်း... မင်းတို့ တော်ဝင်မိသားစုက တော်တော်လေး အမြင်စူးရှတာပဲ"

ကျိယွမ်က ချီးမွမ်းလိုက်ပြီးနောက် သူ၏ အစီအစဉ်တစ်ခုလုံးကို ချပြလိုက်သည်။

"ငါ့ရဲ့ စက်ရုပ် 'ဇီးရိုးဝမ်း' က နောက်ရက်အနည်းငယ်အတွင်း ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးဖို့ ကြိုးစားလိမ့်မယ်၊ အဲဒီဝက်ဘ်ဆိုက်ကို 'အဘိုးပို့ဆောင်ရေး' လို့ အမည်ပေးမယ်၊ 'အဘွားပို့ဆောင်ရေး' လို့ မပေးရတဲ့ အကြောင်းရင်းက အမျိုးသမီးအခွင့်အရေး ကိစ္စကြောင့် မဟုတ်ဘဲ ဝက်ဘ်ဆိုက်ရဲ့ ရည်ရွယ်ချက်ကို လူတွေ အထင်မှားသွားမှာ စိုးလို့ပဲ"

"ဒီဝက်ဘ်ဆိုက်ကို တစ်နိုင်ငံလုံးက ပြည်သူတွေဆီ ပျံ့နှံ့သွားဖို့ လိုတယ်၊ မင်းတို့ တော်ဝင်မိသားစုအနေနဲ့ အဲဒါကို ကြော်ငြာပေးဖို့ အကူအညီစေချင်တယ်၊ အကောင်းဆုံး အချိန်ပိုင်းတွေမှာ ကြော်ငြာပေးပါ၊ ဪ... မိုးလေဝသ သတင်းမှာပါ ထည့်ပြောဖို့ မမေ့နဲ့ဦး"

ကျိယွမ်က သေသေချာချာစီစဥ်လာပုံရ၏။ကြော်ငြာပေးရမည့် အချိိန်များကိုပါ သတ်မှတ်ပေးနေလေသည်။

"အဲဒါ ပြဿနာမရှိပါဘူး၊ တော်ဝင်မိသားစုက အားလုံးကို စီစဉ်ပေးနိုင်ပါတယ်"

သတ္တမမြောက်မင်းသားက တွေဝေခြင်းမရှိဘဲ ချက်ချင်းလက်ခံလိုက်သည်၊၊

ကျိယွမ်သည် ထိုနားလည်ရခက်သော ကိစ္စကြီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဘယ်ကြောင့်လုပ်ရသနည်း ဆိုသည်ကိုတော့ သူလုံးဝ မမေးမြန်းခဲ့ပါ ၊၊

သူက ထိုသို့ မေးမြန်းနိုင်သူတစ်ယောက်လား ။

သေချာပေါက် မဟုတ်ပါ ။

ကျိယွမ်ကဲ့သို့ အစွမ်းထက်သူတစ်ဦးသည် သူလုပ်ချင်ရာကို လုပ်နိုင်၏၊၊မည်သူ့ကိုမှ အကြောင်းပြချက်ပေးရန် မလိုပါ။

"နောက်ထပ် တစ်ခုရှိသေးတယ်၊ ဒီဝက်ဘ်ဆိုက်က တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားပြီးရင် လူတွေက သူတို့ရဲ့ သွေးတစ်စက်ကို ငါ့ဆီ ပို့ပေးဖို့ လိုလိမ့်မယ်၊ ငါက ပို့လာတဲ့ သွေးတွေကို စစ်ဆေးမယ်၊ သင့်တော်တဲ့သူတွေက အဘိုး ဒါမှမဟုတ် အဘွားတစ်ယောက် ရရှိလိမ့်မယ်၊ မသင့်တော်တဲ့သူတွေကတော့ ငါ့ရဲ့ မေတ္တာကို ရရှိမှာဖြစ်ပြီး သူတို့ကို မြေးလေးတွေလို့ ငါခေါ်ပေးမယ်"

ကျိယွမ်က လုံးဝအတည်ပေါက်ရှင်းပြနေသည်၊၊

အကယ်၍ သူတို့၏သွေးသည် သင့်တော်ပါက အဘိုးအဘွားတစ်ဦး ရရှိမည်ဖြစ်ပြီး၊ မသင့်တော်ပါက ကျိယွမ်က သူတို့ကို မြေးဟုခေါ်ဆိုကာ သူတို့၏ဘဝကို မေတ္တာဖြင့် ဖြည့်ဆည်းပေးမည်ဖြစ်၏၊၊

သတ္တမမြောက်မင်းသားသည် သိပ်နားမလည်သော်လည်း ဤကိစ္စသည် ကြီးမားသော လုပ်ငန်းစဉ်တစ်ခု ဖြစ်လာတော့မည်ကို ချက်ချင်း နားလည်လိုက်သည်၊၊

ဒါရဲ့အကျိုးသက်ရောက်မှုက ထျန်းယွမ်ဂိုဏ်းရဲ့ တုကျွမ်းထျန်းယွမ် အစီအရင် တည်ထောင်မဲ့ အစီအစဉ်ထက်တောင် ပိုကြီးမားနိုင်တယ်။

မည်သို့ပင်ဆိုစေ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူတစ်ဦးထံသို့ မိမိ၏ သွေးကို ပေးအပ်ခြင်းသည် သွေးပိုင်ရှင်များအတွက် အန္တရာယ်ရှိသော ကိစ္စဖြစ်သည်ကို​တော့ မငြင်းနိုင်ပါ ၊၊

ထိုသို့တွေးမိသောအခါ သတ္တမမင်းသားက ရိုသေစွာထောက်ပြလိုက်၏။

"မစ္စတာကျိ ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့... လူတချို့က သွေးမပေးချင်ကြရင် ဘယ်လိုလုပ်ရမလဲ"

သူက ငြင်းခြင်းမဟုတ်ပါ ၊ ထိုကိစ္စအတွက် လမ်းညွှန်မှုတောင်းခြင်းဖြစ်သည်။

"ငါ့မှာ ပိုက်ဆံမရှိဘူး၊ သူတို့က မပေးချင်ဘူးဆိုရင်တော့ ဒါက ကံမပါလို့ပဲပေါ့"

ကျိယွမ်က အရေးမကြီးသလို ပခုံးတွန့်ကာ ပြောသည်၊၊

သူသည် လူများကို သွေးအတွက် ငွေပေးချေရန် စိတ်ကူးမရှိပါ၊၊

သူ့မှာ ကုံရှင်းဂြိုဟ်တစ်ခုလုံးကို ဝယ်ရန်ပင် ငွေအလုံအလောက် မရှိချေ၊၊အပိုငွေ​ဖြုန်းရန် မဖြစ်နိုင်ပါ။

၎င်းအပြင် အဘိုး ၊ အဘွားလည်းရဦးမည် ၊ ပိုက်ဆံလည်းရဦးမည်ဆိုသော အဖြစ်မျိုးမှာ ကမ္ဘာပေါ်တွင် မည်သို့ရှိပါမည်နည်း။

သူတို့က အရမ်းမြတ်သွားမှာပေါ့။

"တော်ဝင်မိသားစုက မစ္စတာကျိကို ကူညီဖို့ ရန်ပုံငွေတချို့ ထောက်ပံ့ပေးဖို့ ဆန္ဒရှိပါတယ်"

သတ္တမမြောက်မင်းသားက အံကြိတ်၍

ကမ်းလှမ်းလိုက်၏။

လိုက်မည်ဆိုမှတော့ အဆုံးထိလိုက်ရမည် မဟုတ်ပါလား။

မိမိတို့ဘက်က ထိုသို့ပေးဆပ်ထားမှသာ မစ္စတာကျိအပေါ် သဘောထားအမှန်ကို ပြသရာရောက်ပေလိမ့်မည်။

"မစ္စတာကျိကို ပံ့ပိုးပေးဖို့ နိုင်ငံတော် ဘဏ္ဍာတိုက်ကနေ ရန်ပုံငွေတချို့လည်း ဖယ်ထားပါမယ်"

သတ္တမမြောက်မင်းသားသည် လုပ်ငန်းအောင်မြင်စေရန် လူများကို ငွေကြေး မက်လုံးပေးရန် စဉ်းစားထား၏၊

တရားဝင် လမ်းကြောင်းများမှတစ်ဆင့် သွေးပို့ပေးသူ မည်သူမဆို ချင်းယွမ်ငွေ ယွမ် ၅၀၀ ထောက်ပံ့ကြေး ရရှိမည် ဖြစ်သည်၊၊

ယွမ် ၅၀၀ သည် ချမ်းသာသူများအတွက် ဘာမှမဟုတ်သော်လည်း ဝင်ငွေနည်းပါးသော လူတန်းစားများစွာကို ဆွဲဆောင်နိုင်မှာ သေချာ၏။

ချမ်းသာသူများမှာမူ ထောက်ပံ့ကြေးကို ဂရုစိုက်မည် မဟုတ်သလို ဤကိစ္စကိုလည်း အာရုံစိုက်ချင်မှ စိုက်ကြပေလိမ့်မည်၊၊

"အင်း.. မင်းပြောပုံအရဆို ဒီအစီအစဉ်က ပိုက်ဆံလိုတဲ့သူတွေကိုပဲ အဓိက ဆွဲဆောင်နိုင်လိမ့်မယ် ၊ ဒါနဲ့ 'ချင်းယွမ်' မှာ ချမ်းသာတဲ့သူက ပိုများလား၊ ဆင်းရဲတဲ့သူ ပိုများလား"

ကျိယွမ်က ​ထို့သို့မေးလိုက်သော်လည်း ကန့်ကွက်ရန်တော့ စိတ်မကူးပါ ။

ရလဒ်က ကျေနပ်စရာ ဖြစ်နေသရွေ့ လုပ်ငန်းစဉ်၏ အသေးစိတ် အချက်အလက်များကို သူ သိပ်ပြီး ဂရုမစိုက်ပေ၊၊

"စာရင်းဇယားတွေအရတော့ ပိုင်ဆိုင်မှု နည်းတဲ့သူတွေက ပိုများပါတယ်"

"လူအများစုရှိနေသရွေ့ မင်းရဲ့ အစီအစဉ်အတိုင်းသာ ဆက်လုပ်ပါ၊ ဟူး... ငါက တကယ့်ကို လူကောင်းတစ်ယောက်ပဲ၊ လူတွေကို အဘိုးအဘွားတွေ ပေးရုံတင်မကဘဲ ပိုက်ဆံပါ ပေးနေတာပါလား"

ကျိယွမ်က သူကိုယ်သူ ရက်ရောသော လူတစ်ဦးအဖြစ် ဂုဏ်ယူစွာ ရေရွတ်၏၊၊

နင်းထောင်ကတော့ ကျိယွမ်၏ ဘေးတွင်ရပ်နေပြီး သူ့ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်နေသည်၊၊

ကျိယွမ် ဘာပဲလုပ်လုပ် သူမကို ပျော်ရွှင်စေပုံရ၏၊၊

နောက်ဆုံးတွင် ကျိယွမ်သည် သတ္တမမြောက်မင်းသားကို ကြည့်ကာ အနည်းငယ်ရှင်းပြလိုက်သည်။

"သူတို့ မနစ်နာပါဘူး ၊ သွေးက သင့်တော်တယ်ဆိုရင် ငါပို့ပေးမယ့် အဘိုးတွေ ဒါမှမဟုတ် အဘွားတွေဟာ မသေမျိုး ကံကြမ္မာ လက်ဆောင်တွေ ဖြစ်လာလိမ့်မယ်"

"မသေမျိုး ကံကြမ္မာလား"

သတ္တမမြောက်မင်းသား၏ ရင်ခုန်သံများ မြန်လာပြီး တိတ်ဆိတ်သွား၏၊၊

............

အရံခန်းမအတွင်းရပ်နေသော ဝမ်ခိုင်ရှန်းမှာ ဇဝေဇဝါ ဖြစ်နေသောမျက်နှာထားဖြင့် ရှိနေသည်၊၊

"ကိုယ်ခံပညာ ပြိုင်ပွဲရဲ့ ချန်ပီယံ...ကျိယွမ်လား"

လွန်ခဲ့သော ခဏက သူသည် ဧည့်သည်ကို ကြည့်ရန် အရံခန်းမဆောင်ထဲမှ တိတ်တဆိတ် ထွက်လာခဲ့၏၊၊

အစွမ်းထက်သော ရှာဖွေရေး ကိရိယာများကို အသုံးပြု၍ ရှာဖွေကြည့်သောအခါ ထိုသူသည် 'ကုံရှင်း' ဂြိုဟ်သား ဒေသခံတစ်ဦးဖြစ်ပြီး ကိုယ်ခံပညာပြိုင်ပွဲ၏ ယခင်ချန်ပီယံ ဟောင်းဖြစ်နေသည်ကို အံ့သြစွာ တွေ့ရှိခဲ့ရသည်၊၊

ထိုအရာက သူ့ကို အံ့အားသင့်စေ၏၊၊

ထိုသူက ကိုယ်ခံပညာချန်ပီယံ ဖြစ်ဖူးခဲ့သည့်တိုင် တော်ဝင်မိသားစုက အဘယ့်ကြောင့် သာမန်ဒေသခံလေးတစ်ဦးကို ဒီလောက်အထိ အရေးတယူ ဆက်ဆံနေရသနည်း။

"သူ့ရဲ့ ခွန်အားက... တော်တော်လေး သာမန်ပါပဲ"

သူသည် မသင်္ကာသ​ဖြင့် ယခင်ကိုယ်ခံပညာပြိုင်ပွဲ၏ ဗိုလ်လုပွဲ ဗီဒီယိုကို ရှာကာ ပြန်ကြည့်လိုက်သည်၊၊

ဗီဒီယိုထဲတွင် ကျိယွမ်သည် သူ၏ ပြိုင်ဘက်ကို သွေးမှုန်များ ဖြစ်သွားအောင် လက်သီးဖြင့် ထိုးနှက်ခဲ့၏၊၊

ထိုလက်သီးချက်မှာ သာမန်လူများ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသည်မှာတော့ အမှန်ပင်၊၊

"သိုင်းပညာမှာ အားသာချက်တွေတော့ ရှိတာပေါ့၊ ဒါပေမဲ့ ဒီအဆင့် ခွန်အားမျိုးက အခြေတည်အဆင့်နဲ့တောင် မနီးစပ်သေးဘူး..."

ဝမ်ခိုင်ရှန်းသည် အားလုံးကို ထူးဆန်းနေသည်ဟု ခံစားရသည်၊၊

အကယ်၍ ဤအရာသည် မသေမျိုးလမ်းစဉ် ပြန်လည် နိုးထခြင်း မတိုင်မီကသာ ဖြစ်ခဲ့လျှင်တော့ ကျိယွမ်ကဲ့သို့ အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦးသည် တော်ဝင်မိသားစု၏ အာရုံစိုက်မှုကို ရရှိနိုင်ပါသည်၊၊

သို့သော် ယခုအခါတွင် အစွမ်းထက်သော ကျင့်ကြံသူများစွာ ရှိနေပြီဖြစ်ရာ ကျိယွမ်၏ ထိုခွန်အားလောက်က ဘောင်မဝင်တော့ပါ။

"ဒါပေမဲ့ သူ့အပေါ်ထားတဲ့ သတ္တမမြောက်မင်းသားရဲ့ သဘောထားကို ကြည့်ရင်တော့ သူနဲ့ ဆက်သွယ်ထားသင့်တယ်၊ ဖြစ်နိုင်ရင် သူ့ကတစ်ဆင့် တော်ဝင်မိသားစုကို 'တုကျွမ်းထျန်းယွမ်' အစီအရင်တည်ဆောက်ဖို့ သဘောတူအောင် နားချနိုင်မလားပဲ"

သူသည် တော်ဝင်မိသားစုကို တိုက်ရိုက် နားမချနိုင်သောကြောင့် အခြား နည်းလမ်းများကို ကြိုးစားကြည့်ရန် စိတ်ကူးမိ၏၊၊

တော်ဝင်ခန်းမဆောင်ကြီးထဲတွင်မူ ကျိယွမ်နှင့် သတ္တမမြောက်မင်းသားတို့သည် အစီအစဉ်၏ အသေးစိတ် အချက်အလက်များကို ဆွေးနွေးနေကြသည်၊၊

"အစီအစဉ်က ပြည့်စုံသွားပြီ၊ အခု အကောင်အထည်ဖော်ဖို့ပဲ လိုတော့တယ်"

ကျိယွမ်သည် သတ္တမမြောက်မင်းသားကို အသိအမှတ်ပြုသော မျက်လုံးများဖြင့် ကြည့်လိုက်၏၊၊

သတ္တမမြောက်မင်းသားသည် သူ၏ အစီအစဉ်တွင် အသုံးဝင်နိုင်သော အကြံပြုချက်များ ပေါင်းထည့်ပေးပြီး လိုအပ်ချက်များကိုလွး ဖြည့်ဆည်းပေးနိုင်သည့် အစွမ်းအစ ရှိသူဖြစ်ကြောင်း သူသိလိုက်ရသောကြောင့်ပင်၊၊

"တော်ဝင်မိသားစုက အပြည့်အဝ ပံ့ပိုးပေးသွားမှာပါ"

"ကောင်းပြီ၊ မင်းဆီက သတင်းကောင်းကို ငါစောင့်နေမယ်၊ အခုတော့ ငါသွားရဦးမယ်၊ နှုတ်ဆက်ပါတယ်"

ထိုသို့ပြောပြီးနောက် ကျိယွမ်သည် နင်းထောင်ကို တစ်ချက် ကြည့်လိုက်ရာ သူမက ချက်ချင်း နားလည်သွားသည်၊၊

သူမက ကျိယွမ်ကို ပွေ့ဖက်လိုက်ပြီးနောက် ခဏအတွင်းမှာပင် ခန်းမထဲမှပျောက်ကွယ်သွားလေ၏၊၊

"မစ္စတာကျိတို့ကို နှုတ်ဆတ်ပါတယ်"

.............

ခုနစ်ရက် ကြာပြီးနောက်...

'ထျန်းယွဲ့' မြို့ရှိ စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းအတွင်း၌ ဖြစ်သည်၊၊

နက်မှောင်သောအနီရောင် သစ်သားစားပွဲသည် ထူးခြားသော ရနံ့တစ်ခု ထွက်ပေါ်နေပြီး ကြည်လင်သော စပျစ်ရည်ခွက်များထဲတွင် နတ်သုဒ္ဓါကဲ့သို့ ရွှေဝါရောင် အရည်များ ပြည့်နေ၏၊၊

နှောင်ကြိုးမဲ့ကြီး ရှောင်ယောင်စန်းရန်သည် ဝိုင်ကို အရသာခံ သောက်နေပြီး သူ၏ မျက်နှာထားမှာလည်း အလွန်စိတ်အေးလက်အေး ရှိလှ၏၊၊

ကျန်းချင်းကျောင်က သူ၏ ရှေ့တည့်တည့်တွင် ထိုင်နေသော ဝတ်ရုံနက်ဝတ် လူကို သတိကြီးစွာဖြင့် ကြည့်ကာ စကားဆိုလိုက်သည်။

"ခင်ဗျားရဲ့ အစီအစဉ်က တကယ့်ကို ဆွဲဆောင်မှု ရှိပါတယ်၊ ဒါပေမဲ့ 'တုရှန်း' ဂိုဏ်းက ချင်းယွမ်မှာ အခြေစိုက်စခန်း ရရုံပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့ ပြဿနာတွေ မရှာချင်သေးဘူး"

ကျန်းချင်းကျောင်၏ ရှေ့တွင် ထိုင်နေသော သူငယ်အိမ်နှစ်ထပ်ပိုင်ရှင်မှာ ကန်ရှင်းဂြိုဟ်မှလာသော မိစ္ဆာမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်၊၊

"ခင်ဗျားတို့ ဒီလောက် သတိထားနေတာက ကောင်းကင်မျက်လုံးကို ကြောက်နေလို့ပဲ၊ ဒါပေမဲ့ ကောင်းကင်မျက်လုံးသာ မရှိရင် ချင်းယွမ်မှာ ကြောက်စရာ ဘာရှိမှာလဲ"

"ကျင့်ကြံသူတွေဖြစ်တဲ့ ကျွန်တော်တို့က သာမန်လူတန်းစားတစ်စုရဲ့ အုပ်ချုပ်မှုကို ခံနေရတာကို ခင်ဗျားတို့လည်း အလိုရှိမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သေချာပေါက် သိပါတယ်"

ကောင်းကင်မျက်လုံးအကြောင်း ပြောလိုက်သောအခါ သေရည်သောက်နေသော ရှောင်ယောင်စန်းရန်ပင် ခေတ္တရပ်သွားပြီး ကျန်းချင်းကျောင်၏ မျက်နှာမှာလည်း တောင့်တင်းသွား၏၊၊

သူတို့နှစ်ဦးစလုံးသည် ကောင်းကင်မျက်လုံးကို အလွန်ကြောက်ရွံ့ကြသည်၊၊

"ဒါဆို ခင်ဗျားမှာ ကောင်းကင်မျက်လုံးကို ကိုင်တွယ်ဖို့ နည်းလမ်းရှိလို့လား"

ကျန်းချင်းကျောင်က သူငယ်အိမ်နှစ်ထပ်ပိုင်ရှင်ကို အကဲစမ်းသလို မေးလိုက်သည်။

ထိုသူ၏ လေသံအရ သူသည် ကောင်းကင်မျက်လုံးအတွက် ဖြေရှင်းချက်တစ်ခု ရှိနေပုံရသည်၊၊

ဝန်ခံရလျှင် ကျန်းချင်းကျောင်သည် သူငယ်အိမ်နှစ်ထပ်ပိုင်ရှင်၏ အမြင်ကို တစ်စိတ်တစ်ပိုင်း သဘောတူမိသည်၊၊

သူတို့သည် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သာမန်လူသားများ၏ ဖိနှိပ်မှုကို ခံနေရ၏၊၊

ဒါက 'မီးဝိညာဉ်နယ်မြေ' မှာဆိုရင် စဉ်းစားလို့တောင် ရနိုင်စရာ မရှိပါ၊၊

သာမန်လူသားများဆိုသည်မှာ အစေခံများသာဖြစ်ပြီး အချိန်မရွေး သတ်ဖြတ်နိုင်၏၊၊

သို့သော် ဤနေရာ၌မူ သူတို့သည် မိမိကိုယ်ကို နှိမ့်ချကာ သာမန်လူသားများနှင့် တန်းတူဆက်ဆံနေကြရသည်၊၊

"ကောင်းကင်မျက်လုံးက အစွမ်းထက်ပေမဲ့ ကုံရှင်းဂြိုဟ်ပေါ်မှာ ချင်းယွမ်နိုင်ငံတစ်ခုတည်းမှာပဲ ကောင်းကင်မျက်လုံးရှိနေတာ မဟုတ်ဘူးလေ"

သူငယ်အိမ်နှစ်ထပ်ပိုင်ရှင်၏မျက်လုံးများက အရသာတွေ့ဟန်ဖြင့် တောက်ပလာသည်၊၊

"ရှေးဟောင်း ဝူနိုင်ငံတော်လား"

ကျန်းချင်းကျောင်သည် ထိုလူ ဘယ်ကလာသည်ကို ချက်ချင်း နားလည်သွား၏၊၊

ကုန်းရှင်းဂြိုဟ်ပေါ်တွင် အဓိကနိုင်ငံကြီး နှစ်ခုရှိသည်၊ ၎င်းတို့မှာ 'ချင်းယွမ်' နှင့် 'ရှေးဟောင်း ဝူနိုင်ငံတော်' တို့ဖြစ်သည်၊၊

ချင်းယွမ်ရှိ လူများသည် ကျင့်ကြံခြင်းလောကမှ လူများနှင့် ဆင်တူသော်လည်း ရှေးဟောင်း ဝူနိုင်ငံတော်ရှိ လူများမှာ ဂြိုဟ်သားများနှင့် ပို၍ တူ၏၊၊

ကျင့်ကြံခြင်းလောက သုံးခုလုံး၏ ဟင်းလင်းပြင် တံခါးပေါက်များသည် ချင်းယွမ်တွင် ရှိနေသောကြောင့် ယခုအချိန်အထိ ချင်ယွမ်နှင့်သာ အဓိက ဆက်သွယ်ထားရပြီး ရှေးဟောင်း ဝူနိုင်ငံတော်နှင့် ဆက်သွယ်မှုမှာမူ စတင်နေဆဲသာ ဖြစ်သည်၊၊

"ကျွန်တော့်ကို ရှေးဟောင်း ဝူနိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်လို့ ရပါတယ်"

"တကယ်လို့ ခင်ဗျားတို့ ကျွန်တော့်ကို ကူညီမယ်ဆိုရင် ရှေးဟောင်း ဝူနိုင်ငံတော်က ချင်းယွမ်ကို စစ်ကြေညာပါလိမ့်မယ်၊"

"အဲဒီအချိန်ကျရင် ချင်းယွမ်က ကောင်းကင်မျက်လုံးကို ရှေးဟောင်း ဝူနိုင်ငံတော်က ကိုင်တွယ်လိမ့်မယ်"

"ခင်ဗျားတို့ဘက်ကလည်း သူတို့ကို ထိန်းထားနိုင်ဖို့ ကျွန်တော်တို့နဲ့ ပူးပေါင်းပေးဖို့ လိုအပ်ပါတယ်"

သူငယ်အိမ်နှစ်ထပ်ပိုင်ရှင်က သူ၏ အစီအစဉ်ကို ချပြလိုက်သည်၊၊

ချင်းယွမ်နိုင်ငံ တည်ရှိနေခြင်းသည် ကန်ရှင်းဂြိုဟ်၏ ရည်မှန်းချက်များအတွက် အမြဲတမ်း အတားအဆီး ဖြစ်နေခဲ့၏၊၊

မကြာသေးမီက ချင်းယွမ်တွင် ပြည်တွင်းရေး မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ကောင်းကင်မျက်လုံး ဆယ့်သုံးလုံးပျက်စီးသွားခဲ့သည်။ ထိုဖြစ်ရပ်က ကန်ရှင်းဂြိုဟ်၏ စစ်လိုလားသော အုပ်စုကို ရည်မှန်းချက်များ ပြန်လည် နိုးထလာစေခဲ့ပြီး အစီအစဥ်တစ်ချို့ကို စတင်ချင်လာကြသည်၊၊

"ခင်ဗျားက ကန်ရှင်းကလာတာလား"

ကျန်းချင်းကျောင်က ထိုသူ၏ မူလဌာနကို သဘောပေါက်သွား၏။

ရှေးဟောင်းဝူနိုင်ငံတော်၏ နောက်ကွယ်တွင် ကန်ရှင်း ရှိနေသည်မှာ လျှို့ဝှက်ချက် မဟုတ်ပါ၊၊

"ဟုတ်ပါတယ်"

သူငယ်အိမ်နှစ်ထပ်ပိုင်ရှင်က ခေါင်းညိတ်သည်၊၊

သူသည် ကန်ရှင်းမှ လာသည်မှာ မှန်သော်လည်း လုံးဝကြီးတော့ မဟုတ်ပါ၊ သူ၏ စစ်မှန်သော သစ္စာစောင့်သိမှုမှာ 'မိစ္ဆာနယ်မြေ' အတွက်သာ ဖြစ်သည်၊၊

သို့သော် သူသည် ကျန်းချင်းကျောင်ကို ၄င်းအားပြောပြမည်တော့ မဟုတ်ပါ၊၊

ကုံရှင်းဂြိုဟ်သို့ ရောက်လာခါစ ဖြစ်သော ကျန်းချင်းကျောင်ကဲ့သို့ အပြင်လူတစ်ယောက်က ဤအရာအားလုံးကို မည်သို့ သိနိုင်မည်နည်း။

ကျန်းချင်းကျောင်၏ မျက်လုံးများက အတွေးများဖြင့် လှုပ်ရှားနေသည်။

"ဒါကို ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ဆီ အစီရင်ခံပြီးမှ ခင်ဗျားကို အဖြေပေးနိုင်ပါမယ်"

သူငယ်အိမ်နှစ်ထပ်ပိုင်ရှင်၏ မျက်လုံးများထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်၊၊

ထိုအဖြေအရ ယနေ့ အစီအစဉ်သည် အောင်မြင်သလောက် ရှိနေပြီဖြစ်ကြောင်း သူ သိလိုက်သည် မဟုတ်ပါလား၊

"ခင်ဗျားဆီက သတင်းကောင်းကို ကျွန်တော် စောင့်နေပါ့မယ်"

သူငယ်အိမ်နှစ်ထပ်ပိုင်ရှင်က ပြုံးရင်း ထပ်ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ အစီအစဉ် အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ခင်ဗျားအတွက် လက်ဆောင်လေး နည်းနည်းရှိပါတယ်"

သူ၏လက်ကို ဝေ့ယမ်းလိုက်သောအခါ ရွှေရောင်အရည် နှစ်စက် ပေါ်လာခဲ့သည်၊၊

ရှောင်ယောင်စန်းရန်နှင့် ကျန်းချင်းကျောင်တို့၏ အသက်ရှူသံများ ရုတ်တရက် မြန်လာ၏၊၊

"ဒါက... ထျန်းဖန်းမိစ္ဆာသွေးပဲ"

"ဒါက စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေအတွက်တောင် ရတနာပဲ၊ အစွမ်းထက်တဲ့ မိစ္ဆာတွေဆီကပဲ ရနိုင်တာ"

ရှောင်ယောင်စန်းရန်၏ မျက်လုံးများ တောက်ပလာပြီး ထိုမိစ္ဆာသွေးကို သုံးစွဲလိုစိတ်များ ပြင်းပြလာသည်၊၊

ထျန်းဖန်း မိစ္ဆာသွေးသည် အစွမ်းထက် မိစ္ဆာများ၏ သွေးအနှစ်သာရတစ်ဆင့် ထုတ်ဖော်ထားခြင်း ဖြစ်သည်၊၊

၄င်းသည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို သန်မာစေရုံသာမက သူတို့၏ စိတ်ဝိညာဉ်ကိုလည်း မြှင့်တင်ပေးနိုင်၏၊၊

ပို၍ အရေးကြီးသည်မှာ ကံကောင်းပါက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ဦးသည် နတ်ဘုရားစွမ်းရည်တစ်ခုကိုပင် နိုးထစေနိုင်ခြင်းပင်၊၊

ထို့ကြောင့် ထိုသွေးသည် အလွန် အဖိုးတန်ရှိကြောင်း သံသယဝင်စရာမလိုပေ၊၊

"လက်ဆောင်အနည်းငယ်ပါပဲ၊ ဘာမှ မဟုတ်ပါဘူး"

သူငယ်အိမ်နှစ်ထပ်ပိုင်ရှင်မှာ အမှန်တကယ်ကယ် ရက်ရောလှ၏၊၊

ဘိုးဘေးသွေးနှင့် နှိုင်းယှဉ်လျှင် ဤအရာမှာ ပြောပလောက်သော ကုန်ကျစရိတ် မဟုတ်သဖြင့် သူအနေဖြင့် တွန့်တိုနေစရာမရှိပေ၊၊

ရှောင်ယောင်စန်းရန်နှင့် ကျန်းချင်းကျောင်တို့သည် မိစ္ဆာသွေးကို လက်ခံလိုက်ပြီး သူတို့၏ ဝမ်းသာမှုကို မထုတ်ဖော်မိစေရန် မနည်းထိန်းချုပ်နေကြရသည်၊၊

ထို့နောက် ကျန်းချင်းကျောင်က သူငယ်အိမ်နှစ်ထပ်မိစ္ဆာ၏ အနားသို့ တိုးကာ တိုးတိုးလေး ပြောလိုက်သည်၊

"ဒီလောက် ရက်ရောတဲ့ လက်ဆောင်အတွက် ကျွန်တော်တို့ဘက်ကလည်း တစ်ခုခု ပြန်ပေးချင်ပါတယ်"

"ဟင်"

သူငယ်အိမ်နှစ်ထပ်မိစ္ဆာ စိတ်ဝင်စားသွားသည်၊၊

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က နှောင်ကြိုးမဲ့ကြီး ရှောင်ယောင်စန်းရန်ဟာ ဒီဒေသမှာ ဆယ်ကျော်သက် မောင်နှမ နှစ်ယောက်ကို တွေ့ပြီး သူတို့ကို တပည့်အဖြစ်ခေါ်ယူချင်ခဲ့တာ ၊

ဒါပေမဲ့ အဲဒီကလေးနှစ်ယောက်က အမြင်ကျဉ်းပြီး သူတို့ရှေ့က မသေမျိုးကို တန်ဖိုးမထားခဲ့ကြဘူး၊"

"အစကတော့ ရှောင်ယောင်စန်းရန်က သိပ်အလေးအနက်မထားပါဘူး ၊ ဒီအတိုင်းပဲ ကလေးတွေကို သဘောကျလို့ ခေါ်ရုံသပ်သပ်ပဲ "

" ဒါပေမဲ့ မကြာသေးခင်ကမှ သူဟာ အဲဒီကလေး နှစ်ယောက်ဆီမှာ ထူးဆန်းတာတစ်ခု သတိထားမိခဲ့တယ်၊"

" သူတို့မှာ ဝိညာဉ်စွမ်းအင်တွေ ရှိနေရုံတင်မကဘဲ နောက်ထပ် တစ်ခုခု ရှိနေပုံရနေတာလေ..."

ကျန်းချင်းကျောင်သည် အားကျိ' မောင်နှမနှစ်ယောက်၏ မကြာသေးမီက ထူးခြားမှုများအကြောင်း သူသတိထားမိသလောက် ပြောပြလိုက်သည်။

"အဲဒီကောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ... လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ် အကြွင်းအကျန် ရှိနေတယ်လို့ ကျွန်တော်တို့ သံသယရှိတယ်"

" အဲဒီ ကျင့်ကြံသူဟာ အသက်ရှိစဉ်တုန်းက အနည်းဆုံး စိတ်ဝိညာဉ်အဆင့်၊ ဖြစ်နိုင်ရင် ခရမ်းရောင်နန်းတော်အဆင့်တောင် ဖြစ်နိုင်တယ်"

"တကယ်လို့ ကျွန်တော်တို့သာ ဝိညာဉ်ရှာဖွေခြင်းလုပ်နိုင်မယ်ဆိုရင် တန်ဖိုးရှိတာတစ်ခုခု သေချာပေါက် ရမှာသေချာတယ်"

"ထျန်းဖန်း မိစ္ဆာသွေးလောက် တန်ဖိုးမကြီးပေမဲ့ ဒါကလည်း ရှားပါးတဲ့ တွေ့ရှိမှုပဲ"

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျန်းချင်းကျောင်နှင့် နှောင်ကြိုးမဲ့ကြီး ရှောင်ယောင်စန်းရန်တို့သည် အားကျိမောင်နှမကို စောင့်ကြည့်ခဲ့ကြပြီး သူတို့အတွင်းရှိ ထူးခြားမှုကို သတိပြုမိခဲ့ကြသည်၊၊

မောင်နှမနှစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အကြွင်းအကျန် ကိန်းအောင်းနေသည်ကို သူတို့ သေချာသလောက် ရှိ၏၊၊

သူတို့နှစ်ဦးစလုံးသည် ဤအရာကို လိုချင်တပ်မက်နေကြသော်လည်း အလျင်စလို မလုပ်ရဲဘဲ ဝိညာဉ်၏ မူလအစကို ပိုမိုသိရှိရန် စောင့်ဆိုင်းနေခဲ့ကြခြင်းပင်၊၊

ယခု သူငယ်အိမ်နှစ်ထပ်မိစ္ဆာရောက်လာသောအခါမှာတော့ အင်အားစုပေါင်းရန် သူတို့က ဆုံးဖြတ်လိုက်ကြသည်၊၊

ထိုသူ၏ အကူအညီဖြင့်ဆိုလျှင် သူတို့ အောင်မြင်ရန် အခွင့်အလမ်း ပိုများသွားမှာ သေချာ၏၊၊

ထိုအရာမှာ အစွမ်းထက်နိုင်သော်လည်း ဝိညာဉ်အကြွင်းအကျန်တစ်ခုမျှသာ ဖြစ်သဖြင့် အသက်ရှိစဉ်က 'ခရမ်းရောင်နန်းတော်အဆင့် ဖြစ်ခဲ့လျှင်တောင် သူတို့ သုံးယောက်ကိုတော့ ယှဉ်နိုင်မည် မဟုတ်ပါ၊၊

"ဒီလက်ဆောင်ကို ကျွန်တော် တော်တော် စိတ်ဝင်စားသွားပြီ"

သူငယ်အိမ်နှစ်ထပ်မိစ္ဆာ၏ မျက်လုံးများက တောက်ပလာ၏၊၊

ကုံရှင်းဂြိုဟ်ပေါ်တွင် ယခုလို ဆန်းကြယ်သော ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အကြွင်းအကျန် ရှိနေခြင်းမှာ အလွန် ထူးဆန်းသည် မဟုတ်ပါလား၊

ကုံရှင်းဂြိုဟ်သည် ကျင့်ကြံခြင်းနယ်မြေသုံးခုနှင့် ဆက်သွယ်ထားသည်မှာ တစ်နှစ်ပင် မပြည့်သေးပါ၊၊

အကယ်၍ ထိုဝိညာဉ်မှာ ကုံရှင်းဂြိုဟ်၏ မူလဝိညာဉ်သာ ဖြစ်ခဲ့လျှင် ဘိုးဘေးသွေးနှင့် ပတ်သက်နေမှာ သေချာသလောက်ရှိ၏၊၊

ဝိညာဉ်ရှာဖွေခြင်းမှတစ်ဆင့် ဘိုးဘေးသွေးအကြောင်း သိရမည်ဆိုလျှင် ကြီးမားသော အကျိုးအမြတ် ဖြစ်လာပေလိမ့်မည်၊၊

"ဒါဆိုရင်တော့ ကျွန်တော်တို့ အင်အားစုပေါင်းပြီး ဖမ်းဆီးကြတာပေါ့၊ ပြီးရင် ရလာတာတွေကို ခွဲဝေယူကြမယ်"

ကျန်းချင်းကျောင်က အားတက်သရော အဆိုပြုသည်၊၊

"သဘောတူတယ်"

သူငယ်အိမ်နှစ်ထပ်မိစ္ဆာကလည်း ခေါင်းညိတ်သဘောတူလိုက်၏၊၊

ရှောင်ယောင်စန်းရန်သည်လည်း တွေဝေမနေဘဲ ချက်ချင်း ခေါင်းညိတ်ပြသည်၊၊

ယခင်ကတော့ ရှောင်ယောင်စန်းရန်သည် သူ၏ လွတ်လပ်သော ကျင့်စဉ်လမ်းနှင့်အညီ အားကျိတို့မောင်နှမနှင့် အချိန်ဖြုန်းနေခဲ့၏၊၊

သို့သော် ရရှိနိုင်မည့် အကျိုးအမြတ်မှာ အလွန်ကြီးမားလှသဖြင့် တစ်ခါတစ်ရံတွင် လွတ်လပ်မှုထက် အကျိုးအမြတ်ကို ဦးစားပေးသည်မှာ ပိုကောင်းသည်ဟု သူနားလည်လေသည်၊၊

ရှောင်ယောင်စန်းရန်က ရုတ်တရက် မျက်မှောင်ကြုတ်ရင်း တစ်ခုကို သတိပေး၏။

"အားကျိမောင်နှမရဲ့ဆရာမှာ စစ်တပ်က မှူးမတ်တချို့နဲ့ ပတ်သက်မှုရှိတယ်လို့ ငါ ကြားတယ်၊ အလျင်စလို လုပ်လိုက်ရင် ပြဿနာဖြစ်နိုင်မလား"

မည်သို့ပင်ဆိုစေကာမူ ရှောင်ယောင်စန်းရန်မှာ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်၊၊

စိတ်ဝိညာဉ်အဆင့် မိစ္ဆာကျင့်ကြံသူ ဘာဖြစ်သွားခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိနေ၏၊၊

ဒီကမ္ဘာတွင် သူတို့အား ကောင်းကောင်းဒုက္ခပေးနိုင်သော ကောင်းကင်မျက်လုံးမျာ ရှိ​သည်ကို မေ့ထား၍ မရပါ။

"စိတ်ပူစရာ မလိုပါဘူး၊ သာမန် မှူးမတ်တစ်ယောက်ပဲလေ၊ ကြယ်ခုနှစ်ပွင့်မိသားစုဝင်တောင် မဟုတ်ဘူး၊ သူတို့က ဒါကို ဂရုစိုက်မှာ မဟုတ်ပါဘူး"

" ပြီးတော့ ကျွန်တော်တို့က အမြန်လုပ်မှာပဲ ၊ အားကျိမောင်နှမကို သတ်မယ်၊ ပြီးရင် အဲဒီကျိယွမ်ဆိုတဲ့ကောင်ကိုပါ ရှင်းပစ်မယ်၊ ဒါကို မတော်တဆမှုတစ်ခုလို ဖြစ်အောင် ဖန်တီးဖို့က လွယ်လွယ်လေး မဟုတ်လား"

ကျန်းချင်းကျောက်က အားလုံးကို စဉ်းစားထားပြီးသား ဖြစ်သည်၊၊

ကျိယွမ်၏သေဆုံးမှုကို နှလုံးရပ်ပြီး သေဆုံးသွားသကဲ့သို့ ဖြစ်အောင် လုပ်လိုက်လျှင် မှူးမတ်များကြားတွင် သံသယပင် ဝင်လိမ့်မည် မဟုတ်ပါ၊၊

သူတို့လို ကျင့်ကြံသူများအတွက် ကြယ်ခုနှစ်ပွင့်မိသားစု မဟုတ်သူ မည်သူမဆိုမှာ သာမန်လူသားတစ်ဦးနှင့် မခြားနားပါ၊၊

သို့သော် ထိုအချိန်တွင် ကျွင်းအန်းလူနေရပ်ကွက်အတွင်း၌ ဖရဲသီးစားနေသော နင်းထောင်သည် ရုတ်တရက် မျက်ခုံးပင့်လိုက်သည်၊၊

သူမက ကျိယွမ်ကို စနောက်ချင်သော မျက်လုံးများဖြင့် ကြည့်၏။

"ယောကျ်ား... တစ်ယောက်ယောက်က ရှင်ကို သတ်ဖို့ ကြံစည်နေတာကို ကျွန်မ အခုပဲ ကြားလိုက်တယ်"

"ဘာ"

ကျိယွမ်၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။

"ဘယ်သူကများ ဒီလောက် သတ္တိကောင်းပြီး ဥပဒေကို ချိုးဖောက်ချင်နေတာလဲ"

ကျိယွမ်သည် မိမိကိုယ်ကို တကယ်ပင် အပြစ်ကင်းသူဟု ယူဆထား၏၊၊

သူသည် အမြဲတမ်း စိတ်ကောင်းနှလုံးကောင်း ရှိသူဖြစ်သလို မကြာသေးမီကပင် သူသည် ကမ္ဘာကြီးကို နွေးထွေးမှု ပေးရန်အတွက် အလုပ်များနေခဲ့ရသေးသည်၊၊

ဒါတောင်မှ တစ်ယောက်ယောက်က ငါ့ကို သတ်ချင်နေသေးတာလား။

လူတွေက သူတော်ကောင်းတရားတွေကို နားမလည်တော့ဘူးပဲ။

သူ အမှန်တကယ်ကို မခံမရပ်နိုင် ဖြစ်သွားရသည်၊၊

"ဘယ်သူကများ ဒီလောက် ယုတ်ညံ့တဲ့ စိတ်ထားရှိလဲဆိုတာ သွားကြည့်ကြရအောင်"

ကျိယွမ်သည် သိသိသာသာ စိတ်လှုပ်ရှားသွားပြီး ချက်ချင်းသိချင်စိတ်ပေါ်လာ၏၊

"ကောင်းတာပေါ့"

မူလက အိမ်နေရင်း ပေါ့ပေါ့ပါးပါး လက်ပြတ်အင်္ကျီအတိုလေးဝတ်ထားသော နင်းထောင်သည် ယခုအခါ လှပသော အနက်ရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး သူမကိုယ်သူမ လုံလုံခြုံခြုံ ဖုံးအုပ်လိုက်သည်၊၊

သူမက ကျိယွမ်ကို ပွေ့ဖက်လိုက်ပြီး ခဏချင်းအတွင်းမှာပင် သူတို့ ပျောက်ကွယ်သွားကြ၏။

"ဘယ်သူက သတ္တိကောင်းပြီး ငါ့ယောက်ျားကို သတ်ချင်နေလဲဆိုတာ ကြည့်ရသေးတာပေါ့"

--------

အခန်း ၃၅၁ - နတ်ဘုရား အကြားစွမ်းအားလား ၊ မင်းက ယင်နတ်ဘုရားပဲ

"ဒီဝိုင်ကို သောက်ပြီးရင် အဲဒီဝိညာဉ်အကြွင်းအကျန်ကို သွားဖမ်းကြတာပေါ့"

ကျန်းချင်းကျောင်က ပျော်ရွှင်ရိပ်သန်းနေသော အမူအရာနှင့်အတူ ပိုင်နိုင်စွာပြောလိုက်သည်။

သူ့အတွက် ယခုတစ်ခေါက် ထျန်းယွဲ့မြို့ခရီးစဉ်မှာ ရလဒ်အတော်လေး ကောင်းမွန်ခဲ့၏။

ရှားပါးရတနာဖြစ်သည့် ထျန်းဖန်းမိစ္ဆာသွေးကို ရရှိခဲ့ရုံသာမက ကြီးမားသော အခွင့်အရေးတစ်ခုကိုလည်း ဆုပ်ကိုင်နိုင်ခါနီး ဖြစ်နေလေပြီ။

"ချီးယားစ်.."

စိတ်ဓာတ်တက်ကြွနေသည့် လူသုံးယောက်သည် ဝိုင်ခွက်များကို တစ်ကျိုက်တည်း မော့သောက်လိုက်ကြပြီး ကြိုတင်အောင်ပွဲခံလိုက်ကြ၏။

သို့သော် ထိုအချိန်တွင် သီးသန့်ခန်းအတွင်း၌ တည်ငြိမ်သောအသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"အံမယ်... ငါ့ကို သတ်ဖို့ ကြံစည်ရဲတဲ့လူ တွေ တကယ်ရှိနေတာပဲ"

မျှော်လင့်မထားသော အသံကြောင့် ဝိုင်သောက်နေသော သုံးယောက်စလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။

ကျင့်ကြံသူများပီသစွာ အသံကိုကြားလိုက်သည်နှင့် သူတို့၏ ဝိညာဉ်အာရုံများသည် အသံလာရာအရပ်ကို ရှာဖွေရန် ချက်ချင်းဖြန့်ကျက်သွားသလို ဝိညာဉ်စွမ်းအင်များကိုလည်း အမြင့်ဆုံးအထိ တင်ကာ သတိရှိရှိ ပြင်ဆင်လိုက်ကြ၏။

သို့သော် သူတို့အပင်ပန်းခံပြီး ရှာနေစရာမလိုပါ ။ အသံတိတ်သွားသည်နှင့် သီးသန့်ခန်းအတွင်း၌ လူရိပ်နှစ်ခု ထွက်ပေါ်လာသည်။

ခန့်ညားသော အမျိုးသားတစ်ဦးက အနက်ရောင်ဝတ်စုံနှင့် အေးစက်စွာ လှပ​သော အမျိုးသမီးတစ်ဦးကို ဖက်ထား၏။

လက်ရှိတွင် အမျိုးသား၏ ချောမောမျက်နှာက သုန်မှုန်နေပြီး ဒေါသထွက်နေမှန်းသိသာသလို လှပသောအမျိုးသမီး၏ အမူအရာမှာမူ အေးစက်နေကာ သူမသည် အလွယ်တကူ ဆက်ဆံ၍ရမည့်သူမဟုတ်ကြောင်း ထင်ရှားစေသည်။

သို့သော် သူမ၏ အကြည့်များသည် ဘေးနားရှိ အမျိုးသားပေါ်သို့ ကျရောက်သွားသည့်အခါတွင်မူ ချစ်ခြင်းမေတ္တာနှင့် မြတ်နိုးမှုများဖြင့် ပြည့်နှက်သွား၏။

ထိုနှစ်ယောက်ကို မြင်လိုက်ရသောအခါ ရှောင်ယောင်စန်းရန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူသည် ထိုနှစ်ယောက်စလုံး၏ စွမ်းအားအဆင့်ကို အာရုံခံ၍ မရပါ။

မိစ္ဆာလူသားသည်လည်း အလွန်သတိထားသော အမူအယာမျိုး ပေါ်လာ၏။

အကြောင်းရင်းတစ်ခုခုကြောင့် သူသည် ရောက်လာသူ နှစ်ဦးအပေါ် ထူးဆန်းသော ရင်းနှီးမှုမျိုးကို ခံစားနေရသည်။

ပါးနပ်သော ကျန်းချင်းကျောင်က ချက်ချင်း ဦးညွှတ်လိုက်ပြီး အကျိုးအကြောင်းမေးလိုက်၏။

"စီနီယာ... တစ်ခုခု နားလည်မှုလွဲတာ ရှိနေလို့လား ၊ ကျွန်တော်က တုရှန်ဂိုဏ်းက ကျန်းချင်းကျောင်ပါ"

ရောက်လာသောကျင့်ကြံသူကို တွန့်ဆုတ်သွားစေရန် သူ၏ဂိုဏ်းအမည်ကို ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

"နားလည်မှုလွဲတာ မရှိပါဘူး။ ငါ့မိန်းမက အိမ်မှာဖရဲသီးစားနေရင်း တစ်ယောက်ယောက်က ငါ့ကိုသတ်ဖို့ စီစဉ်နေတာကို ကြားလိုက်လို့ ငါ့ကို ဒီကို ခေါ်လာတာပဲ"

ကျိယွမ်က ပျင်းရိစွာ ပြောလိုက်သည်။

နင်းထောင်ကလည်း ခေါင်းညိတ်၏။

"ယောက်ျားပြောတာ မှန်တယ်။ တစ်ယောက်ယောက်က ကျိယွမ်ကို သတ်ဖို့ ပြောနေတာကို ငါကြားလိုက်တယ်"

ထိုစကားနှင့်အတူ နင်းထောင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော

အငွေ့အသက်များ ဖြတ်ပြေးသွား၏။

သူမ၏စကားကို ကြားလိုက်ရသောအခါ ဝမ်ယွမ်မိစ္ဆာနယ်မြေက မိစ္ဆာလူသားသည် တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပြီး သူ့မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

"နတ်ဘုရား နားစွမ်းအားလား ၊ မင်းက ယင်နတ်ဘုရား ဖြစ်ရမယ်"

ယင်နတ်ဘုရားအဆင့်ကို ရောက်ရှိသူတိုင်းသည် 'နတ်ဘုရား နားစွမ်းအား' ဟု လူသိများသော စွမ်းရည်ကို ပိုင်ဆိုင်ကြ၏။

သတ်မှတ်ထားသော အတိုင်းအတာအတွင်း၌ တစ်စုံတစ်ယောက်က ထိုနတ်ဘုရား၏အမည်ကို ပြောမိလျှင် သို့မဟုတ် ၎င်းတို့အကြောင်း ပြောဆိုလျှင် ထိုနတ်ဘုရားက အလိုလိုအာရုံခံနိုင်လေသည်။

ထို့ကြောင့် ယင်နတ်ဘုရားတစ်ပါးနှင့် ပတ်သတ်၍ သာမန်ကျင့်ကြံသူများသည် ၎င်းတို့၏ အမည်ကို ခေါ်ဝေါ်ရန် သို့မဟုတ် ကွယ်ရာတွင် အတင်းပြောခြင်းမျိုး မပြုရဲကြပေ။

ယခုလည်း သူတို့သည် ကျိယွမ်၏ အမည်ကို ပေါ့ပေါ့ပါးပါး ပြောဆိုနေခဲ့သည် ။ အခန်းထဲတွင် အသံလုံအစီအရင်ကို တည်ဆောက်ထားသော်လည်း တစ်ဖက်သူက ကြားသွားခဲ့လေ၏။

ဒါက နတ်ဘုရား နားစွမ်းအားကြောင့် မဟုတ်ရင် ဘာဖြစ်နိုင်ဦးမလဲ။

သို့သော် ထူးဆန်းသောအချက်တစ်ခုတော့ ရှိနေလေသည်။

နတ်ဘုရား နားစွမ်းအားသည် များသောအားဖြင့် မိမိ၏ ကိုယ်ပိုင်အမည်ကိုသာ ကြားရခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင် ဤအမျိုးသမီးသည် အဘယ်ကြောင့် "ကျိယွမ်" ဟူသောအမည်ကို ကြားရသနည်း။

ပုံမှန်အားဖြင့် ကြားရမည့်သူမှာ ထိုနတ်ဘုရား၏ စိတ်ထဲတွင် အလေးထားဆုံးသောသူ ဖြစ်သည်။

လူတိုင်းက မိမိကိုယ်ကိုယ်သာ အလေးထားဆုံးဖြစ်သောကြောင့် မိမိတို့နာမည်ကို အခြားသူများပြောတိုင်းကြားကြ၏။

သို့သော် ယခုအမျိုးသမီးက သူ့ထက် သူ၏ယောက်ျားကို ပို၍အလေးထားနေသည်လား။

"နတ်......နတ်ဘုရားလား"

ရှောင်ယောင်စန်းရန်နှင့် ကျန်းချင်းကျောင်တို့မှာ လုံးဝ ဆွံ့အသွားကြသည်။

ကျိယွမ်ဘေးက လှပတဲ့အမျိုးသမီးက... ယင်နတ်ဘုရားလား။

"နတ်ဘုရားခင်ဗျာ..... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ၊ ဒါတွေအားလုံးက နားလည်မှုလွဲတာပါ"

ကျန်းချင်းကျောင်က ချက်ချင်း ဒူးထောက်လိုက်သည်။

အကယ်၍ တစ်ဖက်လူက စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူသာ ဖြစ်ပါက သူသည် သတိထားရုံသာ ရှိမည်ဖြစ်ပြီး အလွန်အမင်း ကြောက်လန့်မည် မဟုတ်ပေ။

သို့သော် ယင်နတ်ဘုရားလား ..

ထိုအဆင့်မှာ တုရှန်ဂိုဏ်းကို စတင်တည်ထောင်ခဲ့သည့် ဘိုးဘေးနှင့် အဆင့်တူနေလေပြီ။

ထိုကဲ့သို့ စွမ်းအားကြီးသော ပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် သူသည် ဒူးထောက်ရန်မှလွဲ၍ အခြားမရှိတော့ပါ။

ရှောင်ယောင်စန်းရန်ကလည်း တွန့်ဆုတ်မနေဘဲ ချက်ချင်း ဒူးထောက်လိုက်သည်။

"ဒါတွေအားလုံးက နားလည်မှုလွဲတာပါခင်ဗျာ"

"နားလည်မှုလွဲတာလား ၊ ဘာလဲ... ငါ့မိန်းမ နားကြားမှားတယ်လို့ မင်းတို့ ပြောချင်တာလား"

ကျိယွမ်၏ ဒေါသများက ပို၍တောက်လောင်လာ၏။

သူသည် နင်းထောင်၏ စကားကို အပြည့်အဝ ယုံကြည်၏။

ငါ့မိန်းမက ကြားတယ်ဆို တကယ်ကြားလို့ပဲ။

"မဟုတ်ပါဘူး..."

ကျန်းချင်းကျောင်သည် အလွန်ကြောက်ရွံ့နေသော်လည်း မည်သို့ရှင်းပြရမှန်းမသိဘဲ တုန်ယင်ထိတ်လန့်နေသည်။

သူတို့သည် ကျိယွမ်အပေါ် သတ်ဖြတ်ချင်ခဲ့သည်မှာ အမှန်ပင် မဟုတ်ပါလား။

သို့သော် ကျိယွမ်၏ဇနီးသည် ယင်နတ်ဘုရားတစ်ပါး ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူမသည် အဘယ်ကြောင့် အထက်ဘုံသို့ မတက်လှမ်းသေးဘဲ အောက်ဘုံတွင် သာမန်လူကဲ့သို့ လူမသိသူမသိ နေထိုင်နေရသနည်း။

"သခင်... ကျွန်တော်တို့က..."

"သူကတော့ သူ့ကိုယ်သူ မိတ်ဆက်ပြီးပြီ။ အခု မင်းတို့ အလှည့်ပဲ"

ကျိယွမ်က သူငယ်အိမ်နှစ်ခုပါသော လူထူးဆန်းနှင့် ရှောင်ယောင်စန်းရန်ကို ကြည့်ကာ ပြောလိုက်သည်။

သူသည် တုရှန်ဂိုဏ်းဆိုသောအမည်ကို သေချာ မှတ်သားထားလိုက်၏။

ထိုဂိုဏ်းအမည်မှာ အနည်းငယ် မောက်မာနေသဖြင့် ၎င်းကို နေရာမှန် ပြန်ပို့ပေးရန် လိုအပ်သည်ဟုလည်း သူ ယူဆလိုက်သည်။

ကျန်ရှိသော နှစ်ယောက်တွင် မည်သို့သော နောက်ခံများ ရှိသည်ကို သူ သိလိုသေးသည်။

သူ့ကို လုပ်ကြံရန် ကြံစည်ရဲသည်အထိ ရဲတင်းနေသဖြင့် ၎င်းတို့နောက်ကွယ်တွင် မည်သူမျှ မရှိဟု သူ မယုံကြည်ပါ။

သာမန်လူတွေကတော့ ငါ့ကိုသတ်ဖို့ ပြောရဲမှာ မဟုတ်ဘူး၊ သေချာပေါက် နောက်ခံကောင်းကောင်းရှိရမယ်။

"ကျွန်တော်က တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပါ"

ရှောင်ယောင်စန်းရန်က ထိတ်လန့်နေသည့်ကြားမှ အားတင်းကာပြောလိုက်သည်။

"ကျွန်တော်လည်း... တစ်ကိုယ်တော် ကျင့်ကြံသူပါပဲ"

မိစ္ဆာလူသားကလည်း ဖြေ၏။

"အင်း...အမှန်တစ်ခုနဲ့ အလိမ်တစ်ခုပေါ့။ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး"

ကျိယွမ်က ခေါင်းခါရင်း အရေးမပါသလိုပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်... မင်းတို့အားလုံး သေရမယ်"

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ၊ စီနီယာ"

"တောင်းပန်ပါတယ် စီနီယာ...ကျွန်တော်..."

ကျန်းချင်းကျောင်က အသည်းအသန် အသနားခံနေသော်လည်း ကျိယွမ်က သတ်ဖြတ်မည့်စကားပြောလိုက်သည်နှင့် သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

"သူ လိမ်နေတာပဲ ၊ သူက ယင်နတ်ဘုရား မဖြစ်နိုင်ဘူး"

ထိုအခိုက်အတန့်တွင် ကျန်းချင်းကျောင်သည် သူ၏ စွမ်းအင်အားလုံးကို လောင်မြိုက်စေပြီး သူ၏ အစွမ်းထက်ဆုံးသော နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။

၎င်းတို့၏ တစ်ခုတည်းသော အခွင့်အရေးမှာ ရှိသမျှ အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်ရန်ဖြစ်ကြောင်း ရှောင်ယောင်စန်းရန်ကလည်း နားလည်လိုက်၏။

နှစ်ယောက်စလုံးထံမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တောက်ပလာသည်။

ကျန်းချင်းကျောင်သည် အမြုတေအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ

ရှောင်ယောင်စန်းရန်မှာမူ ကျော်ကြားသော စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။

ထိုနှစ်ယောက် စုပေါင်း၍ တိုက်ခိုက်လိုက်သည့်အခါ စွမ်းအားမှာ အံ့ဩစရာကောင်းလှပြီး လမ်းမကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်လေသည်။

သူတို့၏ တိုက်ခိုက်မှုကို မြင်သောအခါ ကျိယွမ်က ပျင်းရိစွာ သမ်းဝေလိုက်ပြီး မှတ်ချကိချ၏။

"သူတို့ ဒေါသထွက်နေတဲ့ပုံက ချစ်စရာကောင်းလိုက်တာ၊ ငါ့ကြောင်လေး ဒေါသထွက်ပြီး ဖောင်းကြွနေတဲ့ပုံအတိုင်းပဲ"

လူတစ်ယောက်သည် အလွန်အမင်း အားနည်းနေသည့်အခါ သူ၏ ဒေါသသည် သန်မာသူ၏ မျက်လုံးထဲတွင် ချစ်စရာကောင်းနေတတ်သည်။

"သိပ်ကို ချစ်စရာကောင်းလွန်းတယ်"

၎င်းတို့၏ တိုက်ခိုက်မှုကို စောင့်ကြည့်နေရင်းမှ ကျိယွမ်က သူ၏ လက်သီးကို ဆန့်ထုတ်လိုက်သည်။

"ခွန်အားသည် နည်းဗျူဟာအားလုံးကို ချိုးဖျက်နိုင်သည်" ဟူသော ဆိုရိုးစကားအတိုင်းပင်။

ယခုအကြိမ်ဆွက် သူသည် မည်သည့် မှော်အတတ်ကိုမျှ အသုံးမပြုဘဲ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ အားကိုးလိုက်၏။

သိုင်းပညာနှင့် ကျင့်ကြံခြင်းလမ်းစဉ် ပေါင်းစပ်မှုသည် ကျိယွမ်၏ ရုပ်ခန္ဓာကို ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ မြှင့်တင်ပေးထားသည်ကို မည်သူမှ မသိကြပါ။

မည်သည့် မှော်အတတ် သို့မဟုတ် ချီစွမ်းအင်မျှ မပါဘဲ စင်ကြယ်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားသပ်သပ် လက်သီးတစ်ချက်သာ ဖြစ်သည်။

ကျန်းချင်းကျောင်နှင့် ရှောင်ယောင်စန်းရန်တို့သည် သံလိုက်နှင့်တွေ့သော သံတိုသံစများကဲ့သို့ သူ၏ လက်သီးဆီသို့ ဆွဲငင်ခံလိုက်ရ၏။

ဝုန်း....

ဖရဲသီးတစ်လုံးကို ပေါင်တူနှင့်ဒေါသတကြီး ရိုက်မိသွားသကဲ့သို့ပင်။

၎င်းတို့၏ ဦးခေါင်းများသည် ကျိယွမ်၏ လက်သီးနှင့် မထိတွေ့မီမှာပင် ဖရဲသီးကဲ့သို့ ကွဲအက်သွားကြ၏။

သူတို့၏ ခန္ဓာကိုယ်များသည်လည်း ဆွေးမြေ့နေသော အရုပ်ဟောင်းများကဲ့သို့ သွေးနီရောင်များ နေရာအနှံ့ ပွင့်ထွက်သွားသည်။

သို့သော် ထိုအရာများသည် သွေးသက်သက် မဟုတ်ပေ။ အနီးကပ်ကြည့်လျှင် ဤလက်သီးချက်သည် ကျန်းချင်းကျောင်နှင့် ရှောင်ယောင်စန်းရန်၏ ဝိညာဉ်များကိုပါ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ရိုက်ထုတ်ပစ်လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားနေ၏။

"သိပ်ကို ချစ်စရာကောင်းလွန်းတယ်"

ကျိယွမ်၏ လက်ကို ပြန်ရုပ်လိုက်သောအခါ မြေပြင်ပေါ်တွင် ပေါက်ကွဲနေသော အလောင်းနှစ်လောင်း ကျန်ရစ်ခဲ့သည်။

သူငယ်အိမ်နှစ်ထပ်ပါသော မိစ္ဆာသည် တစ်ကိုယ်လုံး တုန်ရီနေ၏။

"မင်းမှာ ထူးခြားအရိုးပိုင်ဆိုင်တဲ့ ညီအစ်ကို ရှိလား"

ကျိယွမ်က မတိုက်ခိုက်သေးဘဲမေးလိုက်သည်။

"မ-မရှိပါဘူး"

သူက ထိတ်လန့်နေသည့်ကြားမှ ကယောင်ကတမ်း ဖြေလိုက်မိသည်။

"မရှိဘူးလား"

ကျိယွမ်က သက်ပြင်းချလိုက်၏။

"ဒါဆို မင်းက ချစ်စရာမကောင်းဘူးပဲ"

လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရုံဖြင့် မိစ္ဆာလူသားသည် ထိုနေရာမှာပင် လဲကျသေဆုံးသွားသည်။

ကျိယွမ်က သူ၏လက်ကို​ထပ်မံဝှေ့ယမ်းလိုက်သောအခါ သူ၏လက်ထဲသို့ မျက်လုံးတစ်စုံရောက်လာ၏။

သူသည် ကျော်ကြားသော ဆိုရိုးစကားတစ်ခုကို သတိရကာ သက်ပြင်းချလိုက်မိသည်။

"သူငယ်အိမ်နှစ်ခုဟာ ပြိုင်ဘက်ကင်းလမ်းစဉ်ပဲ၊ ဘာလို့ သူများအရိုးကို လိုက်ရှာနေဦးမှာလဲ"

.....................

ဖုန်းဟိုင်မြို့ရှိ တောင်တန်းများကြားတွင် တည်ရှိသော တုရှန်းမျှော်စင်တွင်ဖြစ်သည်။

ယခုအခါ၌ ထိုတောင်တန်းကိုလည်း တုရှန်းတောင်ဟု အမည်ပြောင်းထား၏။

မျှော်စင်သည် အထပ်လေးဆယ် မြင့်မားပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများ၊ သစ်ပင်များနှင့် လုံးဝ အံမဝင်သလို ဖြစ်နေပြီး ထင်ထင်ရှားရှား ထိုးထွက်မြင့်မားနေသည်။

တုရှန်းမျှော်စင်သည် မူလက ဖုန်းဟိုင်မြို့၏ မြို့လယ်ခေါင်တွင် တည်ရှိပြီး အစည်ကားဆုံးသော အဆောက်အဦး ဖြစ်သည်။

တုရှန်ဂိုဏ်းချုပ်ကြီးက ထိုမျှော်စင်ကို သဘောကျသွားသဖြင့် ကြီးမားသော စွမ်းအားဖြင့် ၎င်းကို မြေမှအမြစ်ဖြုတ်ကာ တုရှန်းတောင်ဆီသို့ ရွှေ့ပြောင်းခဲ့ပြီး ဂိုဏ်း၏ အခြေစိုက်စခန်းအဖြစ် ပြုလုပ်ခဲ့၏။

ထိုလုပ်ဆောင်ချက်ကို ထိုစဉ်က တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး မရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများက အံ့ဩတကြီးဖြင့် "666" ဟု ချီးကျူးခဲ့ကြသည်။

ရလဒ်အနေဖြင့် တုရှန်ဂိုဏ်း၏ ကျော်ကြားမှုသည် ချင်းယွမ်နိုင်ငံရှိ အခြားဂိုဏ်းများထက် များစွာ သာလွန်သွားခဲ့၏။

အခြားဂိုဏ်းများသည် တုရှန်ဂိုဏ်းလောက် ဟိတ်ဟန်မထုတ်ခဲ့ကြသဖြင့်

လူကြိုက်သိပ်မများခဲ့ပေ။

ထိုလုပ်ဆောင်ချက်ကြောင့်ပင် ဂိုဏ်းသို့ ဝင်ရောက်လိုသော တပည့်လောင်းများလည်း အဆက်မပြတ် ရောက်ရှိလာခဲ့သည်။

တောင်ပေါ်တွင် ကျင့်ကြံခြင်းလမ်းစဉ်ကို သင်ယူရန်နှင့် ဆရာတင်ရန် ရောက်ရှိလာသူများဖြင့် ပြည့်နှက်နေ၏။

ထိုလူများအတွင်း၌ ရှန်းရန်လည်း ပါဝင်ပြီး တုရှန်မျှော်စင်အတွင်း၌ ရပ်နေ၏။သူ၏ အဝတ်အစားများမှာ လျှော်ဖွပ်လွန်းသဖြင့် အရောင်ပင် လွင့်နေကာ အဆင့်နိမ့်သူတစ်ဦးဟု ဖော်ပြနေသလိုပင်။

တစ်စုံတစ်ယောက် ဖြတ်သွားတိုင်း သူသည် အလိုလို ခါးကို အနည်းငယ် ကိုင်းမိသွားတတ်သည်။

လူမှုပတ်ဝန်းကျင်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးနောက် အလိုလိုအလေ့အကျင့်ရနေခြင်းပင်။

"မင်းရဲ့ ပါရမီက အကောင်းဆုံးပြောရရင် သာမန်ပဲ၊ အဆင့်နိမ့် အဆင့်လောက်ပဲ ရှိတယ်"

လူငယ်တစ်ဦးက ဝါရင့်ကျင့်ကြံသူတစ်ဦးအလား မောက်မာသောဟန်ဖြင့် ရောက်လာပြီး ပြောလိုက်သည်။

"မင်း ဝင်ခွင့်စာမေးပွဲ မအောင်ဘူး"

"အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"

ရှန်းရန်က ရိုသေစွာပြောလိုက်သော်လည်း သူ၏ မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေပြီး မျက်လုံးများတွင် စိတ်ပျက်ရိပ်များ ထင်ဟပ်နေသည်။

သူသည် ဖုန်းဟိုင်မြို့သို့ လာရန် ရှိစုမဲ့စုချင်းယွမ်ငွေ ရာဂဏန်းခန့် အကုန်အကျခံခဲ့ရသလို တုရှန်တောင်ပေါ်တွင်လည်း သန်းခေါင်ယံကတည်းက တန်းစီခဲ့ရ၏။

သို့သော် ယခုကဲ့သို့ ရလဒ်မျိုး ရရှိခဲ့သဖြင့် အလွန် စိတ်ဓာတ်ကျသွားခဲ့သည်။

ငါဟာ တကယ်ပဲ အသုံးမကျတဲ့လူပါလား။

ပိုက်ဆံလည်း မရှာနိုင်သလို ကျင့်ကြံခြင်းမှာလည်း ပါရမီတောင် မရှိမှဆော့ ငါ့ဘဝက မျှော်လင့်ချက် မရှိတော့ဘူးပေါ့။

"ဒါပေမဲ့..."

မောက်မာသောလူငယ်၏ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။

"စီနီယာ အစ်ကိုတစ်ယောက်က မင်းကို သဘောကျသွားတယ်။ သူက မင်းကို အလုပ်ကြိုးစားတယ်လို့ ထင်ပြီး သူ့နောက်မှာ ဓားကျွန်အဖြစ် လိုက်ဖို့ အခွင့်အရေး ပေးချင်နေတယ်"

"ဓားကျွန်လား"

ရှန်းရန်က အံကြိတ်လိုက်ပြီး သူ၏ အမူအရာမှာ ဝေခွဲမရ ဖြစ်သွားသည်။

"ကျွန်" ဆိုသော စကားလုံးတွင် ထင်ရှားသော အဓိပ္ပာယ် ပါဝင်နေ၏။

ဂိုဏ်းအတွင်း၌ ထိုကဲ့သို့သော အခန်းကဏ္ဍသည် အစေခံတပည့်နှင့် တူညီပြီး သခင်က သတ်ပစ်လျှင်ပင် မည်သူမျှ ကြားဝင်ဖြန့်ဖြေပေးမည် မဟုတ်ပေ။

"ဒီလို အခွင့်အရေးမျိုးက ခဏခဏ မရဘူးနော်။ မင်းရဲ့ အဆင့်နိမ့်ပါရမီနဲ့ဆို တခြားဂိုဏ်းတွေမှာ အစေခံတပည့်တောင် ဖြစ်ဖို့ အရည်အချင်းမပြည့်ဘူး"

ထိုလူငယ်က အထက်စီးမှ ဆက်ပြောသည်။

"အဲဒီ စီနီယာအစ်ကိုက မင်းဆီမှာ အလားအလာရှိတယ်လို့ မြင်လို့သာ ဒီအခွင့်အရေး ရတာ"

အမှန်တကယ်တော့ ထိုလူငယ် ပြောသမျှ အများစုမှာ အလိမ်အညာများ ဖြစ်သည်။

ရှန်းရန်ပါရမီမှာ တုရှန်ဂိုဏ်း၏ ဝင်ခွင့်သတ်မှတ်ချက်ကို မှီပါသည်။

သို့သော် သူ၏ထိုစီနီယာအစ်ကိုက ရှန်းရန်ကို သဘောကျသဖြင့် အကြီးအကဲတစ်ယောက်အား အကူအညီတောင်းကာ ယခုကဲ့သို့ အခြေအနေဖြစ်အောင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ရှန်းရန်ကို စီနီယာအစ်ကို၏ အစေခံတပည့်ဖြစ်လာစေရန် ထိုလူငယ်က ရည်ရွယ်ချက်ရှိရှိဖြင့် ရှန်းရန်၏ လိမ်နေခြင်းပင်။

ရှန်းရန်သည် သက်ကြီးရွယ်အိုမိဘများနှင့် သူ၏စိတ်ပျက်စရာကောင်းလှသော ဘဝအကြောင်းကို စဉ်းစားလိုက်သည်။

"ကျွန်တော်..."

သူ စကားမဆုံးမီမှာပင် လူငယ်က ကြားဖြတ်ပြောလိုက်၏။

"ချက်ချင်း သဘောမတူလိုက်နဲ့ဦး။ ဓားကျွန်ဖြစ်ဖို့ကလည်း အဲဒီလောက်မလွယ်ဘူးကွ"

"ဘာပဲဖြစ်ဖြစ် မင်းရဲ့ ပါရမီက အရမ်းနိမ့်တာက ခက်နေတာ"

"အင်း... မင်း ချင်းယွမ်ငွေ တစ်သန်း လှူဒါန်းရုံနဲ့ စီနီယာအစ်ကိုရဲ့ ဓားကျွန် ဖြစ်နိုင်ပြီ"

"တစ်သန်းဆိုတာ များတယ်လို့ မတွေးနဲ့။ မင်း ကျင့်ကြံသူ ဖြစ်သွားရင် တစ်နှစ်အတွင်းမှာ အဲဒီပိုက်ဆံ ပြန်ရမှာနော်"

"မင်းကို ကြည့်ရတာ ပိုက်ဆံ သိပ်ရှိပုံမရပေမဲ့ မြို့ထဲမှာ အိမ်တစ်လုံးတော့ ရှိမှာပေါ့၊ ဟုတ်တယ်မလား ၊ အိမ်ကို ရောင်းပြီး ကျင့်ကြံခြင်းမှာ ရင်းနှီးမြှုပ်နှံလိုက်။ ဒါဟာ ကျိန်းသေပေါက် အနိုင်ရမယ့် ကိစ္စပဲ"

ရှန်းရန် သဘောတူမည်ဟု ထိုလူငယ်က ယုံကြည်ထားသဖြင့် ပိုက်ဆံအကြောင်းကို တိုက်ရိုက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူသည် ဤနည်းလမ်းမျိုးကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး တစ်ခါမျှ မရှုံးနိမ့်ခဲ့ဖူးပေ။

ချမ်းသာသူများသည် တစ်သန်းကို ဂရုမစိုက်ကြပေ။ လူလတ်တန်းစားများက ပထမတွင် တွန့်ဆုတ်နိုင်သော်လည်း နောက်ဆုံးတွင် သဘောတူကြသည်။

ဆင်းရဲသားများကလည်း ၎င်းတို့၏ သားသမီးများ ရှေ့တန်းရောက်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြမည်သာ။

သို့သော် သူ အံ့ဩသွားရသည်မှာ ရှန်းရန်၏ ဇဝေဇဝါဖြစ်နေသော အမူအရာသည် ထိုစကားကို ကြားပြီးနောက် ပြတ်သားသွားခြင်း ဖြစ်သည်။

"စိတ်မရှိပါနဲ့၊ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။ ဒါဟာ ကျွန်တော့်အတွက် မဟုတ်ဘူး ထင်ပါတယ်။ ကျင့်ကြံခြင်းနဲ့ ကျွန်တော်နဲ့ ကံမပါဘူး ထင်ပါရဲ့"

သူသည် အခြားအရာများကို သည်းခံနိုင်သော်လည်း ပိုက်ဆံတောင်းသည့် ကိစ္စမှာမူ မဖြစ်နိုင်ပေ။

သူ့မှာ တစ်သန်း ရှိမရှိ ဆိုသည်ထက် သူ စုဆောင်းထားသော ပိုက်ဆံများသည် သူ၏မိဘများအတွက် အိုစာမင်းစာဖြစ်သည်။

ကျင့်ကြံခြင်းလမ်းစဉ်သည် ဘေးအန္တရာယ်များလှ၏။ အကယ်၍ သူသည် ထိုတစ်သန်းကို သုံးစွဲပြီးမှ သေဆုံးသွားခဲ့လျှင် သူ၏ မိဘများ မည်သို့ဖြစ်သွားမည်နည်း ။

၎င်းတို့၏ အိုမင်းချိန်တွင် စားသောက်ရန် ပိုက်ဆံပင် ရှိတော့မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

မောက်မာသောလူငယ်သည် မျှော်လင့်မထားသော တုံ့ပြန်မှုကြောင့် အံ့အားသင့်သွား၏။

"ရှန်းရန်၊ မင်း သေချာ စဉ်းစားသင့်တယ်။ ဒီလို အခွင့်အရေးမျိုး နောက်တစ်ခါ ထပ်မလာတော့ဘူး"

"ဒါပြီးရင် မင်း ကျင့်ကြံခြင်းလမ်းစဉ်နဲ့ အဆက်ပြတ်သွားလိမ့်မယ်"

"ကျွန်တော် သေချာ စဉ်းစားပြီးပါပြီ"

"ပိုက်ဆံ မရှိပါဘူး"

ရှန်းရန်၏ တုံ့ပြန်မှုမှာ ရိုးရှင်းလှသည်။

လူငယ်၏ မျက်လုံးများထဲတွင် သဘောမကျမှုများ ဝေ့သီသွား၏။

ယခုပုံအရဆိုလျှင်တော့ ရှန်းရန်သည် တုရှန်ဂိုဏ်းမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။

ရှန်းရန်သာ အခြားဂိုဏ်းတစ်ခုခုသို့ ပါရမီစစ်ဆေးရန် သွားရောက်ပြီး ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို ဖွင့်ဟလိုက်လျှင် သူတို့ ဒုက္ခရောက်သွားနိုင်သည် မဟုတ်ပါလား။

"ကြည့်ရတာ မင်းက ငါတို့ တုရှန်ဂိုဏ်းနဲ့ ကံမပါဘူး ထင်ပါတယ်"

လူငယ်က ဝမ်းနည်းဟန်ဆောင်ရင်း ရှန်းရန်၏ ပုခုံးကို ပုတ်လိုက်သည်။

သူ၏ လက်မှတစ်ဆင့် ထူးဆန်းသော အနံ့တစ်ခုက ရှန်းရန်၏ ခန္ဓာကိုယ်ပေါ်သို့ ကူးစက်သွားလေ၏။

လူငယ်သည် ရှန်းရန်ကို အမှတ်အသား ပြုလုပ်လိုက်ခြင်း ဖြစ်ပြီး ရှန်းရန် ဘေးကင်းသော အကွာအဝေးသို့ ရောက်သည်နှင့် သူ့ဘာသာ ကိုယ်တိုင် သွားရောက်ဖြေရှင်းရန် စီစဉ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ဤမျှ ကြီးမားသော တုရှန်းတောင်ပေါ်တွင် လူအနည်းငယ် သေဆုံးသွားခြင်းမှာ အရေးမပါလှပေ။

တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်ပင် ဂိုဏ်းက ဖုံးကွယ်ပေးလိမ့်မည်။

ထို့နောက် ရှန်းရန်သည် စိတ်ဓာတ်ကျစွာဖြင့် တုရှန်းမျှော်စင်ထဲမှ ထွက်လာခဲ့သည်။

အပြင်ဘက်တွင် နေရောင်ခြည်ကလည်း စိတ်ညစ်စရာကောင်းလောက်အောင် ပူပြင်းတောက်ပနေ၏။

သူက အိမ်ပြန်လက်မှတ်ဖြတ်ရန်အတွက် ဖုန်းကို ထုတ်လိုက်သည်။ သူသာ မြန်မြန်သွားပါက ညနေပိုင်းတွင် အစားအသောက် ပို့ဆောင်ပေးသည့် အလုပ်ကို မှီနိုင်သေးသဖြင့် အချိန်မဆိုင်းနေတော့ပါ။

သူ၏ဘဝက သူတတ်နိုင်သမျှ ပိုက်ဆံရှာထားခြင်းကသာ ပိုကောင်းပေလိမ့်မည်။

သို့သော် သူ၏ ဖုန်းကို ဖွင့်လိုက်သည်နှင့် မက်ဆေ့ခ်ျတစ်ခုက သူ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။

ဘာပါလိမ့် ။

သူက ဗီဒီယိုမက်ဆေ့ခ်ျကို နှိပ်လိုက်သည့်အခါ သူ၏ အမူအရာမှာ အေးခဲသွားသည်။

"မင်းမှာ ချစ်ခြင်းမေတ္တာတွေ လိုအပ်နေလား"

"မင်းမှာ ဂရုစိုက်မှုတွေ လိုအပ်နေလား"

"မင်း အဖိုး ဒါမှမဟုတ် အဖွားကို မတွေ့ရတာ ကြာပြီလား"

ဗီဒီယိုထဲမှ အသံသည် ထူးဆန်းစွာ ဆွဲဆောင်မှုရှိနေ၏။

ရှန်းရန်သည် သူ၏ အဖိုးအဖွားများကိုပင် ချက်ချင်း သတိရသွားမိသည်။

သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် သူ ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်လေ၏။

"ဒီနေ့မှာတော့ မင်း တစ်ယောက်တည်း မဟုတ်တော့ဘူး"

"'အဖိုးပို့ဆောင်ရေး ကွန်ရက်က ကြီးမားတဲ့ပရိုမိုးရှင်း ပေးနေပါတယ်။ ကျွန်ုပ်တို့ရဲ့ 'အဖိုးပို့ဆောင်ရေး' လှုပ်ရှားမှုမှာ ပါဝင်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီသူတိုင်းဟာ အဖိုးတစ်ယောက် ဒါမှမဟုတ် အဖွားတစ်ယောက် ဒါမှမဟုတ် အဲဒီထက်မက ရရှိမှာ ဖြစ်ပါတယ်"

"တကယ်လို့ မင်းက သတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုရင်လည်း အားမငယ်ပါနဲ့ ၊ 'အဖိုးပို့ဆောင်ရေး ကွန်ရက်' က မင်းကို 'မြေး' လို့ ရက်ရက်ရောရော ခေါ်ပေးမှာပါ..."

ရှန်းရန်မှာ ထိုကြောညာသံကိုနားထောင်ရင်းမှ အလွန် ထူးဆန်းသာ်ဟု ခံစားရပြီး နောက်ပြောင်မှုတစ်ခုများလားဟုပင် သံသယဝင်မိ၏။

သို့သော် "မြေး" ဆိုသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

အကြောင်းမှာ ထိုအသံမှာ အလွန် ရင်းနှီးနေသောကြောင့် ဖြစ်သည်။

"ဒါက သူ မဟုတ်လား"

လွန်ခဲ့သော တစ်နှစ်ခန့်က ရှန်းရန်သည် ကျင့်ကြံသူတစ်ဦး၏ အကောင့်တစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ဖူးသည်။

ထိုကျင့်ကြံသူသည် လက်ထပ်စာချုပ် သုံးစောင်ပါဝင်သည့် ဗီဒီယိုတစ်ခုကို တင်ခဲ့၏။

ထိုအချိန်က ဗီဒီယို၌လည်း ယခုအမျိုးသား၏ အသံ ပါဝင်ခဲ့ပြီး ရိုးရှင်းစွာပင် ဤသို့ ပြောခဲ့သည်။

"ကျွန်တော်တို့ လက်ထပ်လိုက်ပြီ"

ရှန်းရန်သည် ထိုအကောင့်ကို ဖော်လိုလုပ်ထားခဲ့ပြီး ရက်ရက်ရောရောပင် ဆုကြေးငွေများ ပေးကာ မှတ်ချက်တစ်ခုပင် သတ္တိမွေးကာ ရေးခဲ့ဖူးသည်။

ကံမကောင်းစွာဖြင့် မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

ထိုစဉ်က သူသည် ထိုဗီဒီယိုကို အကြိမ်တစ်ရာမက ကြည့်ခဲ့ဖူးသဖြင့် ထိုလူငယ်၏ အသံကို မှားစရာမရှိပေ။

ယခု လူများကို "မြေး" ဟု ခေါ်ဆိုပေးမည့် နွေးထွေးပြီး ဂရုစိုက်တတ်သော အသံမှာ ထိုအသံနှင့် တစ်ထပ်တည်း ဖြစ်နေသည်။

ရှန်းရန်၏ နှလုံးခုန်သံများ မြန်လာပြီး

သူသည် အဘိုးပို့ဆောင်ရေးကွန်ယက်ကို ရှာဖွေရန် အခြား App များကို အမြန်ဖွင့်ကြည့်လိုက်ရာ အဓိက App အားလုံးနှင့် ဂိမ်းများ၏ အဖွင့်မျက်နှာပြင်များတွင်ပင် ထိုကွန်ယက်၏ ကြော်ငြာများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဒါက..."

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး အခြားဆိုရှယိမီဒီယာများကိုပါ စစ်ဆေးလိုက်၏။

ထိုအရာများတွင်လည်း ထိပ်တန်း လူပြောအများဆုံး အကြောင်းအရာက အဘိုးပို့ဆောင်ရေးကွန်ယက်အကြောင်း ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် တုရှန်ဂိုဏ်းသို့ ဝင်ရန် ရောက်ရှိနေကြသော လူငယ်များသည်လည်း အဘိုးပို့ဆောင်ရေးကွန်ယက်အကြောင်း သတင်းများကို မြင်တွေ့ရပြီး ဆူညံစွာ ဆွေးနွေးနေကြ၏။

"ဟေး.. ဒီ အဖိုးပို့ဆောင်ရေး ကွန်ရက် ဆိုတာကြီးက ဘာလဲ ၊ ဟက်ကာတွေ နောက်နေတာလား"

"အဖိုးတွေကို ပို့ပေးမယ်ဆိုတာက ဘာပြောတာပါလိမ့် ၊ လူအိုရုံတွေကို အစားထိုးတာလား မသိဘူး"

"အဓိပ္ပာယ် မရှိလိုက်တာ။ အတော်လေး ရယ်စရာကောင်းတယ်"

"ချင်းယွမ်နိုင်ငံပိုင်ရုပ်သံလိုင်းမှာတောင် ထုတ်လွှင့်နေတာပဲ။ ကမ္ဘာကြီးက ဟုတ်တော့မဟုတ်တော့ဘူးကွ"

"သူတို့က ငါတို့ကို လှောင်နေကြတာလား"

"အေးဆို..အဖိုးတွေ အဖွားတွေကို သင့်ဆီ ပို့ပေးမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ"

"လိမ်လည်မှုတစ်ခုလို ခံစားရတယ်။ ငါတို့ရဲ့ သွေးနမူနာတွေ ပေးပို့ဖို့ သူတို့က မြူဆွယ်နေသလိုပဲ ၊ ဂြိုဟ်သားတွေက ငါတို့ရဲ့ DNA ကို စုဆောင်းနေတာများလား"

"ငါထင်တာတော့ ကြယ်ခုနှစ်ပွင့်မိသားစုတစ်ခုခုက အဖိုးကြီးတစ်ယောက် ကျန်းမာရေးမကောင်းလို့ အလှူရှင်ရှာနေတာ ဖြစ်မယ်၊ ဒါကြောင့် တစ်ကမ္ဘာလုံးက သွေးအမျိုးအစားတွေကို စုဆောင်းနေတာ ဖြစ်နိုင်တယ်"

"မဟုတ်ရင် ဒီလောက် ကပ်စေးနည်းတဲ့ နိုင်ငံက ဘာလို့ ငါတို့ကို ထောက်ပံ့ကြေး ၅၀၀ ကို ရုတ်တရက် ပေးမှာလဲ"

"နောက်ဆုံးတော့ သူတို့ ဟန်မဆောင်နိုင်တော့ဘူးပေါ့"

လူအများကြားတွင် အမျိုးမျိုးသော ထင်မြင်ချက်များ၊ သံသယများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။

သို့သော် ထိုအရာက ဘာလဲဆိုတာ​ကိုတော့ မည်သူမှ တိတိကျကျ မသိကြပေ။

ထိုအချိန်တွင် ဖုန်းကို ကိုင်ထားသော ရှန်းရန်မှာတော့ အလွန်စိတ်လှုပ်ရှားနေပြီး ယခုကိစ္စက အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်ဟု သူ မရေမရာ ခံစားမိသည်။

မည်သို့ပင်ဆိုစေ လွန်ခဲ့သောအချိန်က သူဖော်လိုးလုပ်ခဲ့သူသည် သာမန်လူ မဟုတ်ဘဲ ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်ဆိုတာကတော့ သိသာ၏။

သူက မသေမျိုးနယ်မြေသုံးခု မပေါ်ပေါက်ခင်ကတည်းက ရှိနေခဲ့သူ ဖြစ်သည်။

ထို့အပြင် အရေးကြီးဆုံးကတော့ သူ ပြောခဲ့သော စကားအနည်းငယ်အရ သူဟာ လူဆိုးတစ်ယောက် မဟုတ်နိုင်ဟု ရှန်းရန် ထင်မြင်မိသည်။

မဟုတ်ရင် ဘာဖြစ်လို့ သူ့ဆီမှာ ကျင့်ကြံခြင်းနည်းစနစ် ရောင်းလို့ကုန်သွားပြီလို့ လူတွေကို စေတနာနဲ့ အသိပေးမှာလဲ။ သူသိထားသမျှကို လျှောက်ရေးပြီး ဆက်ရောင်းစားနေမှာပေါ့။

"ငါ စမ်းကြည့်သင့်လား"

ရှန်းရန် သေချာတွေးတောနေသည်။

ဘာပဲဖြစ်ဖြစ် ဒါက ငွေတစ်သန်းလည်း မလိုဘူးလေ။

အဆိုးဆုံး ဖြစ်လာရင်တောင် သူ့အသက် ဆုံးရှုံးရုံသာရှိ၏။

သို့သော် အမှန်သာဖြစ်ခဲ့လျှင် ထိုအရာက သူ့ကို ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်အောင် တွန်းပို့ပေးနိုင်သော... အခွင့်အရေးတစ်ခုလည်း ဖြစ်လာနိုင်၏။

"ဘာပဲပြောပြော တုရှန်းဂိုဏ်းမှာ

ဓားကျွန်ဖြစ်ဖို့ ငွေတစ်သန်း သုံးရတာထက်တော့ ပိုကောင်းတယ်ကွ "

All Chapters