အခန်း (၃၅၂-၃၅၃)
Vol. 32 Ch. 352-353
အခန်း ၃၅၂ - မင်းတို့ဂိုဏ်းနာမည်ကိုက ငါ့ကိုစိန်ခေါ်နေတာပဲ
ရှန်းရန် အလွန်စိတ်လှုပ်ရှားနေသည်။
"ဒီလူက တကယ်ပဲ မနှစ်က ကိုယ်ခံပညာပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်နေတာပဲ"
အဖိုးပို့ဆောင်ရေးကွန်ရက်၏ ပင်မစာမျက်နှာတွင် ၎င်းကို တည်ထောင်သူ ကျိယွမ်သည် မနှစ်က ကိုယ်ခံပညာပြိုင်ပွဲ၏ ချန်ပီယံဖြစ်ကြောင်း စာကြောင်းလေးတစ်ကြောင်းဖြင့်လည်း မိတ်ဆက်ထား၏။
ရှန်းရန် ထိုချန်ပီယံကို ကောင်းကောင်းမှတ်မိပါသည်။
သူက သာမညမဟုတ်ပေ ။ ပြိုင်ဘက်ကို လက်သီးတစ်ချက်တည်းဖြင့် အမှုန့်ပြုခဲ့သူပင်။
သို့သော် ထိုစဉ်က ပျံ့နှံ့ခဲ့သော ဗီဒီယိုများသည် ရှားပါးပြီး ဝေဝါးလွန်းသဖြင့် ရှန်းရန်အနေဖြင့် ကျိယွမ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရသလို၊ သူ၏ အသံကိုလည်း မှတ်မိခြင်း မရှိခဲ့ပါ။
"ဒါဆို ငါက သတ်မှတ်ထားတဲ့ ဆေးရုံကိုသွားပြီး သွေးဖောက်ပြီး ပို့ပေးရုံပဲပေါ့လေ"
ရှန်းရန်သည် ဝဘ်ဆိုက်ကို ဖွင့်လိုက်သောအခါ ဖုန်းဟိုင်မြို့ရှိ ဆေးရုံအတော်များများတွင် သွေးလှူဒါန်းမှုများကို လက်ခံနေကြောင်း ချက်ချင်းတွေ့လိုက်ရသည်။
တွေဝေမနေတော့ဘဲ ရှန်းရန်သည် ချက်ချင်းထွက်ခွာရန် ပြင်လိုက်၏။
အစပိုင်းတွင် သူသည် တောင်ပေါ်မှဆင်းရန် စျေးသက်သာသော လျှပ်စစ်စကူတာတစ်စီး ငှားစီးရန် စဉ်းစားခဲ့သော်လည်း၊ ယခုတော့ ပိုက်ဆံအနည်းငယ် ပိုသုံးပြီး တက္ကစီစီးရန် ဆုံးဖြတ်လိုက်သည်။
သူသည် လမ်းထောင့်တစ်ခုတွင် တက္ကစီတားရန် စောင့်နေစဉ် ရင်းနှီးသောအသံတစ်ခုက သူ့ကို လှမ်းခေါ်လိုက်၏။
"ရှန်းရန်၊ မင်း ဘယ်သွားမလို့လဲ"
သူ လှည့်ကြည့်လိုက်သောအခါ ရင်းနှီးသောပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။
၎င်းမှာ သူအစောပိုင်းက တွေ့ခဲ့သော တုရှန်ဂိုဏ်းမှ တပည့်ပင်။
"ကျွန်တော်... ကျွန်တော် အဖိုးပို့ဆောင်ရေးကွန်ရက်ကို သွေးပို့ဖို့ ဆေးရုံသွားမလို့ပါ"
ရှန်းရန်က ရုတ်တရက် လွှတ်ခနဲပြောလိုက်မိပြီးမှ သူ၏မျက်လုံးများထဲတွင် သံသယနှင့် သတိထားမှုများဖြင့် ထိုလူငယ်ကို ကြည့်လိုက်သည်။
"မသေမျိုးဆရာကရော ဒီမှာ ဘာလုပ်နေတာလဲ"
သူက မမေးဘဲ မနေနိုင်ပေ။
ထိုလူငယ်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူကပေါ့ပေါ့ပါးပါးဖြေလိုက်၏။
"လမ်းလျှောက်ထွက်လာတာပါ"
ထိုအချိန်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"အဖိုးပို့ဆောင်ရေးကွန်ရက်က အဆင်ပြေပြေ လည်ပတ်နေပုံပဲ။ သွေးလာပို့တဲ့သူတောင် ရှိနေပြီ။ ဒီလောကကြီးက တကယ်ပဲ နွေးထွေးမှုနဲ့ မေတ္တာတရားတွေ လိုအပ်နေတာကိုး"
အသံဆုံးသည်နှင့် သွေးနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ပေါ်လာပြီး သူ၏မျက်နှာတွင် တောက်ပသောအပြုံးတစ်ခု ရှိနေသည်။
သူ၏ရုပ်ရည်မှာ အလွန်ချောမောခန်ညားပြီး သူ၏အပြုံးမှာ ကမ္ဘာပေါ်ရှိ မကောင်းမှုများကို ပျောက်ကွယ်သွားစေနိုင်သည့်အလား နွေဦးလေညင်းကဲ့သို့ လန်းဆန်းလှ၏။
အခြားသူမဟုတ်ပါ ၊ ကျိယွမ်ရောက်ရှိလာခြင်းပင် ။
သေခြင်းစွမ်းအင်ကမ္ဘာမှ ထွက်လာပြီးနောက်၊ သူ့ထံတွင် ကပ်ညှိနေသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို ဖုံးကွယ်ရန် နင်းထောင်ကို အကူအညီတောင်းခဲ့သဖြင့် ယခုအခါ သာမန်လူများသည် သူ၏ထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များကို ခံစားရမည်မဟုတ်ပေ။
ကျိယွမ် ရုတ်တရက်ပေါ်လာသဖြင့် ရှန်းရန် ခေတ္တမျှ ကြောင်သွား၏။
ပြီးမှ သူ၏မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားကာ အလန့်တကြားထအော်လိုက်မိသည်။
"ခင်ဗျား... ခင်ဗျားက အဖိုးပို့ဆောင်ရေးကွန်ရက်ကို တည်ထောင်သူ ကျိယွမ်ပဲ"
ကျိယွမ်က အရေးမကြီးသလို ခေါင်းညိတ်ပြသည်။
"အဖိုးပို့ဆောင်ရေးကွန်ရက်က ကောင်းကောင်းလည်ပတ်နေပုံရတယ်။ လမ်းမှာ တစ်ယောက်ယောက်နဲ့ ဒီအတိုင်းဆုံတာတောင် သူက အရည်အချင်းပြည့်မီနေတာပဲ"
"ညီလေး၊ မင်း အဖိုးတစ်ယောက် လိုအပ်သလား ၊ ဒီနေရာမှာတင် ငါ မင်းကို တစ်ယောက်ပေးလိုက်ရင် ဘယ်လိုလဲ ၊ ထောက်ပံ့ကြေးလည်း ရစေရမယ်"
ကျိယွမ်က သူ၏ "အဖိုးဝန်ဆောင်မှု" ကို စိတ်အားထက်သန်စွာ ကြော်ငြာနေသည်။
ရှန်းရန် စိတ်လှုပ်ရှားသွားပြီး ချက်ချင်းခေါင်းညိတ်၏။
"ဟုတ်ကဲ့၊ လိုအပ်ပါတယ် ၊ မစ္စတာကျိ... ပြီးခဲ့တဲ့အကြိမ် ခင်ဗျား မင်္ဂလာဆောင်တုန်းက ကျွန်တော်တောင် ဂုဏ်ပြုစာ ပို့သေးတယ်လေ"
ရှန်းရန်သည် ကျိယွမ်နှင့် ရင်းနှီးခွင့်ရရန် အခွင့်အရေးခိုက် ကြိုးစားလိုက်သည်။
ကျိယွမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ရှန်းရန်ကို ထူးဆန်းသလိုကြည့်၏။
"ဪ၊ မင်းက ငါ့ကို ခိုးချစ်နေတဲ့သူလား ၊ ဒါပေမဲ့ ငါက Straight ပါ၊ လိင်စိတ်ခံယူမှုက ပုံမှန်ပဲ"
ရှန်းရန် ဇဝေဇဝါဖြစ်သွားပြီး ကျိယွမ် ဘာကိုဆိုလိုမှန်း နားမလည်သဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။
"မစ္စတာကျိ၊ ခင်ဗျား နားလည်မှုလွဲနေပြီ။ ကျွန်တော့်ရဲ့ လိင်စိတ်ခံယူမှုကလည်း ပုံမှန်ပါပဲ"
ထိုအချိန်တွင် စိတိမရှည်တော့သော တုရှန်ဂိုဏ်းမှ တပည့်ငယ်က မျက်မှောင်ကြုတ်ပြီး ကျိယွမ်ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ညီလေး၊ ငါ ရှန်ယန်နဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စတွေရှိတယ်"
သူသည် ရှန်းရန်ကို သတ်ရန် အလျင်လိုနေသဖြင့် ကျိယွမ်က သူ၏အစီအစဉ်ကို နှောင့်နှေးအောင် လုပ်နေသည်ကို မလိုလားပေ။
ကျိယွမ်က ရှန်းရန်နှင့် အတန်ကြာ စကားပြောမည့် ပုံစံမျိုးဖြစ်နေသည်ကို မြင်နေသဖြင့် သူက ဝင်ပြောလိုက်ခြင်း ပင်။
ရှန်းရန်က ထိုတပည့်ကို နားမလည်နိုင်သလို ကြည့်လိုက်သည်။
"မသေမျိုးဆရာ၊ ကျွန်တော် ခင်ဗျားတို့ဂိုဏ်းထဲ မဝင်ချင်တော့ဘူး၊ ဒါကြောင့် ဆွေးနွေးစရာ ဘာမှကျန်တော့မယ် မထင်ဘူးနော်"
သူက ယဉ်ကျေးစွာ ငြင်းပယ်နေခြင်း ဖြစ်သည်။
ဤတပည့် ရုတ်တရက် ပေါ်လာခြင်းမှာ တစ်ခုခု မှားယွင်းနေသည်ကို သူ ခံစားမိနေလေပြီ။
"ငါ ဆွေးနွေးစရာ ရှိတယ်လို့ ပြောရင် ရှိတာပဲ"
ထိုလူငယ်သည် ကျင့်ကြံခြင်းကို စတင်ကတည်းက မောက်မာလာပြီး သာမန်လူများကို အထင်အမြင်သေးလာသည်။ သူ၏ လေသံမှာ ငြင်းဆန်၍မရသော အမိန့်သံ ပါဝင်နေ၏။
ထိုအချိန်တွင် ကျိယွမ်က လူငယ်ဘက်သို့ လှည့်လိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"မင်းက သနားကြင်နာတတ်တဲ့သူ မဟုတ်ဘူးပဲ ၊ ဒီလူက မေတ္တာတရား လိုအပ်နေတယ်၊ သူ့မှာ အဖိုးတစ်ယောက် လိုနေတာ၊ ငါက သူ့ကို တစ်ယောက် ပေးနေတာလေ။ မင်းက တကယ်ပဲ ကြားထဲက နှောင့်ယှက်နေမှာလား"
ထိုလူငယ်၏ သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မင်းက အဖိုးလိုချင်တာလား ၊ ပြဿနာမရှိဘူး၊ ငါ မင်းတို့နှစ်ယောက်လုံးကို မင်းတို့အဖိုးတွေနဲ့ တွေ့ဖို့ ငရဲကို ပို့ပေးမယ်"
စကားသံနှင့်အတူ သူ့ထံမှ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး သူတို့နှစ်ဦးလုံးကို ထိုနေရာ၌ပင် သတ်ပစ်ရန် ရည်ရွယ်လိုက်သည်။
ကျိယွမ်၏ ပေါ့ပါးသောအမူအရာမှာ ထိုလူငယ်၏ စကားကြောင့် အနည်းငယ် ပြောင်းလဲသွား၏။
"အဖိုးပို့ဆောင်ရေးကွန်ရက်ကို...မင်း က အဲ့ဒီလို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်လည်း အကျိုးအကြောင်း ဆီလျော်ပါတယ်။ လူကောင်းတွေက အဖိုးရမယ်၊ လူဆိုးတွေကတော့ ငရဲကိုသွားပြီး သူတို့အဖိုးတွေနဲ့ တွေ့ရမယ်"
"ရူးနေတာပဲ"
ထိုလူငယ်က ဟိန်းဟောက်ပြီး ကျိယွမ်ကို ချက်ချင်း တိုက်ခိုက်လိုက်သည်။
ကျိယွမ်က ခေါင်းယမ်း၏။
" မင်းတို့ဂိုဏ်းကို အမြစ်ပြတ် မချေမှုန်းခင် အမြည်းလေး စားရတာလည်း မဆိုးပါဘူး"
သူက ပေါ့ပေါ့ပါးပါးပင် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ကျိယွမ်၏တိုက်ခိုက်မှုကို မြင်သောအခါ ထိုလူငယ်၏ မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်သွား၏။
အားနည်းတဲ့ သာမန်လူတစ်ယောက်က မသေမျိုးလမ်းစဉ်ပေါ် တက်လှမ်းနေတဲ့ငါ့ကို လက်သီးနဲ့ ထိုးရဲတယ်ပေါ့လေ ။
သို့သော် နောက်တစ်စက္ကန့်မှာပင် လမ်းမပေါ်၌ သွေးမှုန်ထုတစ်ခု ရုတ်တရက်ပေါ်လာပြီး ချက်ချင်းပြိုကွဲသွား၏။
ထိုလူငယ်သည်... ကျိယွမ်၏ လက်သီးချက်ကြောင့် သွေးမှုန်များအဖြစ် ပြောင်းလဲသွားခြင်းပင်။
ရှန်းရန်မှာ မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေပြီး အလွန်ထိတ်လန့်သွားသည်။
ထိုမြင်ကွင်းမျိုးကို သူဗွီဒီယိုထဲတွင် သာ မြင်ဖူးခဲ့သည် မဟုတ်ပါလား။
ကျိယွမ်ကတော့ တုရှန်းတောင်ပေါ်သို့ မော့ကြည့်ကာ မှတ်ချက်ချလိုက်သည်။
"ကြည့်ရတာတော့ တောင်ပေါ်မှာ သူတို့အဖိုးတွေဆီ သွားချင်နေသူတွေ မနည်းဘူးထင်တယ်"
...........
နောက်ထပ် ဆယ်မိနစ်အကြာတွင်။
တုရှန်းမျှော်စင်တွင် စည်ကားနေသော လူအုပ်ကြီးကတော့ လျော့မသွားဘဲ ဆက်လက်တိုးပွားနေသည်။
လူပေါင်းသောင်းချီ၍ တုရှန်းဂိုဏ်းသို့ ဝင်ရန် ရောက်ရှိနေကြ၏။
သူတို့သည် ပူပြင်းသော နေရောင်အောက်တွင် စိတ်ရှည်စွာ တန်းစီစောင့်ဆိုင်းနေကြသည်။
အချို့ကတော့ တန်းစီစရာမလိုဘဲ ချက်ချင်း စမ်းသပ်စစ်ဆေးခံနိုင်ရန် ပိုက်ဆံအပိုပေးကြသည်။
ရုတ်တရက် သွေးနီရောင်အလင်းတန်းတစ်ခုက တုရှန်းတောင်အထက် ကောင်းကင်ကို ဖြတ်သန်းသွား၏။
ချက်ချင်းလိုလိုပင် ကောင်းကင်တစ်ခုလုံးမှာ သွေးနီရောင် လိုက်ကာကြီးတစ်ခု ဖုံးလွှမ်းသွားသကဲ့သို့ နီရဲသွားလေသည်။
ဂိုဏ်းဝင်ရန် စောင့်ဆိုင်းနေသူအားလုံး အလိုအလျောက် မော့ကြည့်လိုက်မိကြ၏။
"ဘာဖြစ်တာလဲ"
"ဘာလို့ ကောင်းကင်က နီသွားတာလဲ"
"သွေးတွေ ထွက်နေသလိုပဲဟ"
"ထူးဆန်းတာတွေ ဖြစ်လာရင် အမြဲတမ်း မကောင်းတာ တစ်ခုခု နောက်မှာ ရှိတတ်တယ်"
"တကယ်တော့ ကြည့်ရတာ တစ်မျိုးလေး မိုက်တယ်နော်"
နီရဲသော လိုက်ကာကြီးသည် နေရောင်ခြည်ကို အစားထိုးလိုက်ပြီး လူတိုင်း၏ မျက်နှာပေါ်တွင် သွေးနီရောင်အလင်းများ ကျရောက်နေပြီး နေ၏ ပူပြင်းမှုပင် ပျောက်ကွယ်သွားသည်။
"ဒါက တီဗွီထဲမှာ တစ်ယောက်ယောက်က ဂိုဏ်းကို လာစိန်ခေါ်တဲ့ အခိုက်အတန့်မျိုးနဲ့ မတူဘူးလား"
လူအုပ်ထဲတွင် စကားသံများ ဆူညံသွားသည်။
အချို့က ဘာဖြစ်မလဲဆိုသည်ကို စိတ်လှုပ်ရှားနေကြပြီး၊ အချို့ကတော့ ကြောက်ရွံ့နေကြသည်။
လေထုမှာလည်း တင်းမာလာ၏။
ထိုအချိန်တွင် ပြင်းထန်သော အဖြူရောင်အလင်းတန်းတစ်ခုကလည်း တုရှန်းမျှော်စင်ထိပ်ဖျားမှ ထိုးထွက်လာသည်။
တောင်ငယ်တစ်လုံးခန့် ကြီးမားသော ကြာပန်းတစ်ပွင့်သည် ထိုအဖြူရောင်အလင်းထဲမှ ပေါ်ထွက်လာ၏။
ကြာပန်းမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်သန့်စင်ပြီး နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ပင်။
၎င်းသည် ကောင်းကင်သို့ ပျံတက်သွားပြီး နွေဦးလေညင်းနှင့် ထိတွေ့လိုက်သကဲ့သို့ တဖြည်းဖြည်းပွင့်အာလာသည်။ ထို့နောကိ ရေတွက်မရအောင် များပြားသော ကြာပွင့်ချပ်များသည် အထက်သို့ ပျံတက်သွားပြီး သွေးနီရောင်လိုက်ကာကြီးနှင့် တိုက်မိသည်။
မသေမျိုးမန္တာန်များနှင့် ဝိညာဉ်စွမ်းအင် လှိုင်းလုံးများသည် သွေးနီရောင်ကောင်းကင်ကို အရှိန်အဟုန်ဖြင့် ရိုက်ခတ်၏။
ကောင်းကင်ကြီးသည် ချက်ချင်းလိုလိုပင် အနီရောင်နှင့် အဖြူရောင်များ ရောယှက်ကာ တောက်ပသွားတော့သည်။
"ဝိုး.. ဒါ တကယ်ကြီးလား"
"တော်တော် လှတာပဲ"
"အထူးပြုလုပ်ချက်တွေတောင် ဒါကို မမီဘူး"
"Ai နဲ့ထုတ်လို့တောင် ရပါ့မလား"
အဖြူရောင်ကြာပန်းပွင့်ချပ်များက ပြင်းထန်စွာ တိုက်ခိုက်နေသော်လည်း၊ ၎င်းတို့သည် သွေးလိုက်ကာကို ဖောက်ထွက်နိုင်ခြင်း မရှိပေ။
ထိုအချိန်တွင် နက်ရှိုင်းပြီး ရှေးကျသောအသံတစ်သံ ထွက်ပေါ်လာသည်။
"ငါက တုရှန်ဂိုဏ်းက ရှန့်တောက် ပဲ။ ဘယ်ကျင့်ကြံသူက ငါ့ဂိုဏ်းကို ရောက်လာတာလဲ ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ထုတ်မပြတာလဲ "
ဆံပင်ဖြူအဘိုးအိုတစ်ဦးသည် တုရှန်းမျှော်စင် အထက်တွင် ပေါ်လာပြီး သူ၏ပုံရိပ်မှာ ဝေဝါးနေကာ ရွှေရောင်ဝတ်ရုံများကို ဝတ်ဆင်ထား၏။
ထိုအဘိုးအိုကို မြင်သောအခါ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
"ဒါ ဂိုဏ်းချုပ်ပဲ"
"ဂိုဏ်းချုပ် ရှိနေတာပဲ၊ တုရှန်းဂိုဏ်းက အဆင်ပြေမှာပါ"
"အဲ့ဒါ ဂိုဏ်းချုပ်ကြီးပဲ ၊ သူက စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူလေ ၊ အရမ်းအစွမ်းထက်တာ၊ နတ်ဘုရားတစ်ပါးလိုပဲကွ"
ကြည့်နေသူများသည် တုရှန်းဂိုဏ်းချုပ် ရှန့်တောက်ကို အံ့သြကြည်ညိုစွာ ကြည့်နေကြသည်။
မကြာသေးမီက ဂိုဏ်းချုပ်ကြီးရှန့်တောက်သည် တုရှန်းမျှော်စင် တစ်ခုလုံးကို တုရှန်းတောင်ပေါ်သို့ ရွှေ့ပြောင်းခဲ့ပြီး ထိုဖြစ်ရပ်၏ ဗီဒီယိုများသည် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့၏။
ထိုကြောင့် လူအတော်များများက ရှန့်တောက်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်လာကြသည်။
ယခု ဂိုဏ်ချုပ်ကို အပြင်၌ ကိုယ်တိုင်မြင်တွေ့ရသဖြင့် သူတို့မှာ ပို၍ပင် စိတ်လှုပ်ရှားကုန်၏။
ထိုအချိန်တွင် ကောင်းကင်ရှိ သွေးနီရောင်လိုက်ကာကြီးတွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး သွေးနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူသည် လေထဲတွင် ရပ်နေပြီးမျက်နှာတွင် အနီရောင်မျက်နှာဖုံးကို ဝတ်ဆင်ထား၏။
သို့သော် သူ၏အဝတ်အစားနှင့် အမူအရာကို ကြည့်ခြင်းဖြင့် လူဆိုးတစ်ယောက်ဖြစ်ကြောင်း ထင်ရှားလှသည်။
ကြည့်နေသူများမှာ ပို၍စိတ်လှုပ်ရှားလာပြီး ထိတ်လန့်နေကြသည်။
သို့သော် တုရှန်ဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများကမူ စိတ်ဓာတ်များ တက်ကြွနေ၏။
ဂိုဏ်းချုပ် ရှိနေတာပဲ၊ ဘယ်သူက ငါတို့ကို စိန်ခေါ်ရဲမှာလဲ ။
သေချင်လို့ ရောက်လာတာလား။
မျက်နှာဖုံးရှင်ကို မြင်သောအခါ ရှန့်တောက်က မျက်မှောင်ကြုတ်လိုက်သည်။
"ကျင့်ကြံသူ၊ မင်းရဲ့ အငွေ့အသက်က ရင်းနှီးမှုမရှိဘူးပဲ။ ဘာလို့ ငါ့ရဲ့ တုရှန်ဂိုဏ်းကို လာနှောင့်ယှက်တာလဲ"
သူသည် ကျိယွမ်၏ နောက်ခံကို သိရှိနိုင်ရန် ဖြစ်နိုင်ခြေအမျိုးမျိုးကို စဉ်းစားနေသော်လည်း အဖြေမရပေ။
ဘယ်သူလဲ။
တုရှန်ဂိုဏ်းသည် လတ်တလောတွင် မည်သည့် အစွမ်းထက်ရန်သူကိုမျှ ရန်စခဲ့ခြင်း မရှိပါ။ထို့ကြောင့် ရန်သူက ဘယ်ကရောက်လာသနည်းဆိုသည်ကို တွေးမရပေ။
ထိုအခိုက် လေတစ်ချက်တိုက်လိုက်သဖြင့် သွေးနီရောင်ပုံရိပ်၏ ဝတ်ရုံမှာ တဖျတ်ဖျတ် လွင့်သွား၏။ ထိုလူက သံစဥ်တစ်ပုဒ်ကဲ့သို့ သာယာသောအသံဖြင့် စကားပြောလိုက်သည်။
သို့သော် သူ၏ အထောက်အထားအစစ်အမှန်ကို ဖုံးကွယ်ထားကြောင်း သိသာ၏။
"မင်းတို့တုရှန်ဂိုဏ်းရဲ့ နာမည်က တကယ်ဆိုးတာပဲ"
သူ၏စကားကြောင့် လူအုပ်ကြီးမှာ တုန်လှုပ်သွားသည်။
တုရှန်ဂိုဏ်း၏ တပည့်များမှာ ဒေါသထွက်သွားကြ၏။
"ဒီကောင် ရူးနေတာပဲ"
"သူက ဆင်ခြေတောင် သေချာမပေးဘူး၊ ပြဿနာရှာဖို့ သက်သက် လာတာပဲ။ သူက တကယ့်မိစ္ဆာပဲ"
ဂိုဏ်းချုပ်ကြီးရှန့်တောက်ကတော့ ကျိယွမ်၏ စကားကြောင့် ဒေါသမထွက်ဘဲ တည်ငြိမ်နေဆဲရှိ၏။
"တုရှန်ဂိုဏ်းဆိုတဲ့ နာမည်ကို ငါတို့ရဲ့ ဘိုးဘေးက တရားဓမ္မနဲ့အညီ ရွေးချယ်ခဲ့တာပဲ။ ဘာမှားနေလို့လဲ"
သွေးနီရောင်ပုံရိပ်က ခေါင်းယမ်း၏။
"အဲ့ဒါ နာမည်ကောင်းသာ ဖြစ်မယ်ဆိုရင်၊ မင်းတို့ဂိုဏ်းက ငါ့ကို လာရန်စမိမှာ မဟုတ်ဘူး"
"မင်းတို့ဂိုဏ်းနာမည်က တုရှန်းဂိုဏ်း တဲ့။ တုရှန်းဆိုတာ 'နတ်ဘုရားတွေကို တိုက်ခိုက်ခြင်း' လို့ အဓိပ္ပာယ်ရတယ် ။ ငါက နတ်ဘုရားတစ်ပါးလေ ၊ ငါ့ကို တိုက်ခိုက်တာပဲပေါ့"
"မင်းတို့ဂိုဏ်းနာမည်က ငါ့ကို စော်ကားနေတာပဲ။ တခြား ဘာနာမည်ပဲပေးပေး ရပေမယ့် မင်းတို့က တုရှန်း ကို တမင်ရွေးခဲ့တယ်"
"ဒါက နတ်ဘုရားဖြစ်တဲ့ ငါ့ကို တိုက်ရိုက် စိန်ခေါ်နေတာ မဟုတ်ဘူးလား"
"နာမည်ကို အမြန်ပြောင်းလိုက်၊ ဒါဆို ငါ မင်းတို့ကို အသက်ချမ်းသာပေးနိုင်ကောင်း ပေးလိမ့်မယ်"
ကျိယွမ်၏ အသံမှာ အေးစက်နေပြီး အခွင့်အာဏာနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"မျက်နှာကို ဖုံးထားတဲ့ လူကြောက်တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ ခေါ်ဝံ့တယ်ပေါ့"
ရှန့်တောက်က အတွေးထဲတွင် လှောင်ပြောင်လိုက်သည်။
"ငါက ဘာလို့ နတ်ဘုရား မဟုတ်ရမှာလဲ"
ကျိယွမ်က သွေးနီရောင်မျက်နှာဖုံးအောက်မှ မျက်တောင်ခတ်လိုက်သည်။
"ငါက နတ်ဘုရားဖြစ်ကြောင်း သက်သေပြတာကို မင်း မြင်ချင်လို့လား"
"မင်း ငါ့ရဲ့ နတ်ဘုရားဖြစ်မှုကို အသိအမှတ်ပြုရင်၊ မင်းတို့ဂိုဏ်းနာမည်ကို ပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်တယ်"
"ဟက်..... ဒီဂိုဏ်းချုပ်ကလည်း မင်းက ဘယ်လိုနတ်ဘုရားမျိုးလဲဆိုတာ ကြည့်ချင်ပါသေးတယ်"
ရှန့်တောက်သည် လေထဲတွင် ဝဲပျံလိုက်ပြီး တိုက်ပွဲဝင်ရန် သတိအပြည့်ထည့်ထားလိုက်သည်။
ရုတ်တရက် အနီရောင်စာအုပ်လေးတစ်အုပ် သူ၏ရှေ့တွင် ပေါ်လာ၏။
ရှန့်တောက် ခေတ္တမျှ ကြောင်သွားရသည်။
ဒီစာအုပ်လေးက နတ်ဘုရားဖြစ်ကြောင်း သက်သေလား ။
လေတစ်ချက်တိုက်လိုက်သောအခါ အနီရောင်စာအုပ်လေးပွင့်သွားပြီး အထဲမှစာများကို သူမြင်လိုက်ရ၏။
ရှန့်တောက်၏ အမူအရာမှာ တောင့်တင်းသွားပြီး ဒေါသကြောင့် မေးကြောများပင်ထောင်လာတော့သည်။
"စိတ်... ရောဂါ... သက်သေခံ... လက်မှတ်"
အနီရောင်စာအုပ်လေးထဲရှိ စာသားများမှာ "စိတ်ရောဂါ သက်သေခံလက်မှတ်" ဟု ရေးသားထားသည် မဟုတ်ပါလား။
"တွေ့လား ၊ ငါက နတ်ဘုရား မဟုတ်ဘူးလား "
"မင်းတို့ဂိုဏ်းနာမည်က ငါ့ကို ရန်စနေတယ်။အခုချက်ချင်း ပြောင်းလိုက်၊ ဒါဆို အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်"
"မဟုတ်ရင်၊ ငါ့ကွယ်ရာမှာ ငါ့အကြောင်း မကောင်းပြောခဲ့တဲ့ ကျန်းချင်းကျောင်လိုပဲ... သေရလိမ့်မယ်"
ထိုအချိန်တွင် တုရှန်းမျှော်စင်အတွင်းရှိ အကြီးအကဲများနှင့် တာဝန်ခံများသည်လည်း အနီရောင်စာအုပ်လေးထဲမှ စာသားများကို မြင်တွေ့လိုက်ရသည်။
သူတို့၏ အမူအရာများမှာ ထိတ်လန့်ခြင်းမှသည် မယုံကြည်နိုင်ခြင်း၊ ထို့နောက် ရယ်ချင်ခြင်းများသို့ ပြောင်းလဲသွားသည်။
"စိတ်ရောဂါ သက်သေခံလက်မှတ်လား"
"တောက်၊ ဒီကောင် ငါတို့ကို လာလှောင်နေတာပဲ"
"စိတ်ရောဂါ သက်သေခံလက်မှတ်က နတ်ဘုရားဖြစ်ကြောင်း သက်သေအဖြစ် သုံးလို့ရမယ်လို့ သူ တကယ်ထင်နေတာလား"
သူတို့ နောက်ဆုံးတွင် နားလည်သွားကြသည် ။
ဤလူသည် ပြဿနာရှာရန် တမင် လာခြင်းဖြစ်ပြီး၊ "နတ်ဘုရားဖြစ်ခြင်း" ဆိုသည်မှာ ဆင်ခြေတစ်ခုသာ ဖြစ်၏။
ဂိုဏ်းချုပ်ကြီးရှန့်တောက်မှာ အလွန် ဒေါသထွက်နေပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်လျှံလာသည်။
"ငါဒီအဆင့်ကို ရောက်ပြီးကတည်းကလူမသတ်ခဲ့တာ ရာစုနှစ်တစ်ခုကျော်ပြီ။ ကြည့်ရတာ... ဒီနေ့ကတော့ သွေးချောင်းစီးမယ့်နေ့ပဲ"
သူ၏စကားကြောင့် ကျိယွမ်က လေထဲတွင် တစ်ချက်ဝေ့ဝဲပျံလိုက်ပြီး နားမလည်သလို မေး၏။
"ဘာလဲ၊ မင်း ငါ့ကို နတ်ဘုရားအဖြစ် အသိအမှတ် မပြုဘူးလား"
"ငါ့ရဲ့ အသက်မွေးဝမ်းကျောင်းကြောင့် ငါ့ကို ခွဲခြားဆက်ဆံနေတာလား၊ စိတ်ဝေဒနာ ခံစားနေရတဲ့သူတွေအပေါ် မင်းမှာ အစွဲအလမ်းတွေ ရှိနေတာလား"
"စိတ်ဝေဒနာ ခံစားနေရတဲ့သူက ဘာလို့ နတ်ဘုရား မဖြစ်နိုင်ရမှာလဲ"
ကျိယွမ်၏ အသံက တဖြည်းဖြည်း ဒေါသသံပါလာ၏။
လူတိုင်း တန်းတူညီမျှတယ်လို့ ပြောနေကြတဲ့ ဒီခေတ်ကြီးထဲမှာတောင် စိတ်ဝေဒနာ ခံစားနေရသူတွေကို ခွဲခြားဆက်ဆံနေကြတုန်းပဲ ။
ဒါဆို စိတ်ဝေဒနာရှိတာက သူ့ကို နတ်ဘုရားဖြစ်ဖို့ အရည်အချင်း မပြည့်မီစေတော့ဘူးလား။
သို့သော် အောက်ရှိ လူအုပ်ကြီးမှာတော့ သူတို့၏စကားများကြောင့် အံ့အားသင့်နေကြသည်။
"နတ်ဘုရားဖြစ်ကြောင်း သက်သေပြတာက... စိတ်ရောဂါ သက်သေခံလက်မှတ် တဲ့လား"
"ငါ ပျော်ရုံသက်သက် မှန်ပြောင်း ယူလာတာ၊ ဒါပေမဲ့ အခုတော့ တကယ်သုံးနေရပြီ... အဲ့ဒါ တကယ်ပဲ စိတ်ရောဂါ သက်သေခံလက်မှတ်ပဲ"
"စိတ်ရောဂါက... တကယ်ပဲ နတ်ဘုရား ဖြစ်စေတာလား"
"ဖြစ်မလားဟ့ ...အဲဒီကောင် တကယ်ရူးနေတာ"
"သူက တုရှန်းဂိုဏ်းကို နှောင့်ယှက်ဖို့ ဆင်ခြေရှာနေတာပဲ"
"သူက အောက်လမ်းမိစ္ဆာတစ်ယောက်လို ပြုမူနေတာလား"
လူအုပ်ကြီးမှာ ဆွေးနွေးသံများဖြင့် အမျိုးမျိုးဆူညံနေသည်။
ရုတ်တရက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသံတစ်သံက ထိုနေရာ၌ ဟိန်းထွက်လာ၏။
"မင်းက ပြဿနာရှာဖို့ လာတာဆိုရင်လည်း အဲ့ဒီအတိုင်းပဲ ပြောလိုက်စမ်းပါ။ ငါ့ကို ကစားနေရတာ ပျော်စရာကောင်းလို့လား"
ရှန့်တောက်၏ မျက်လုံးများတွင် ဒေါသအဟုန်များ တောက်လောင်နေသည်။
တုရှန်းဂိုဏ်း၏ ကျင့်ကြံခြင်းမှာ "တု" (သို့မဟုတ်) "တိုက်ခိုက်ခြင်း" ဆိုသည့် စကားလုံးအပေါ်တွင် ဗဟိုပြု၏။
မီးဝိညာဉ်နယ်မြေတွင် တုရှန်းဂိုဏ်းတပည့်များသည် ချီသန့်စင်ခြင်း အဆင့်တွင် ရှိနေသည့်တိုင် လေ့ကျင့်ရန်အတွက် လူ့လောကသို့ သွားကြရသည်။
ထိုလေ့ကျင့်မှုတွင် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပါဝင်ပြီး ၎င်းတို့၏ တိုက်ခိုက်ရေးဗီဇကို ထက်မြက်စေ၏။
ရလဒ်အနေဖြင့် တုရှန်းဂိုဏ်း၏ တပည့်တိုင်းသည် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေတတ်ကြသည်။
ထို့သို့သွေးဆာနေသောကြောင့် မီးဝိညာဉ်နယ်မြေတွင် သူတို့တုရှန်းဂိုဏ်းကို မိစ္ဆာဂိုဏ်းတစ်ခုအဖြစ်ပင် သတ်မှတ်ကြ၏။
ရှန့်တောက်သည် လူငယ်ဘဝက ချီသန့်စင်ခြင်း တတိယအဆင့်တွင်သာ ရှိသေးသော်လည်း သာမန်လူ ၃၀,၀၀၀ ရှိသော မြို့တစ်မြို့လုံးကို အမြစ်ပြတ် သတ်ဖြတ်ခဲ့မှုကြောင့် နာမည်ကျော်ကြားခဲ့ပြီး စစ်မှန်တပည့် ဖြစ်လာခဲ့သည်။
ကျင့်ကြံမှုအဆင့် တိုးတက်လာပြီးနောက်တွင်ပင် သူသည် "တိုက်ခိုက်ခြင်း" နှင့် "သတ်ဖြတ်ခြင်း" မူဝါဒများကို ဆက်လက် ဆုပ်ကိုင်ထားခဲ့၏။
မိမိကိုယ်ကို တိုးတက်ဖို့သာ အာရုံစိုက်သည့် အခြားကျင့်ကြံသူများနှင့်မတူဘဲ၊ ရှန့်တောက်သည် အတွေ့အကြုံရင့် တိုက်ခိုက်ရေးသမားဖြစ်ပြီး သူ့ထက် အစွမ်းထက်သော ပြိုင်ဘက်များကိုပင် မကြာခဏ ရင်ဆိုင်ခဲ့သူ ဖြစ်သည်။
သူသည် စိတ်ဝိညာဥ်အလယ်အလတ်အဆင့်တွင်သာ ရှိသေးသော်လည်း စိတ်ဝိညာဥ် နောက်ဆုံးအဆင့်ကျင့်ကြံသူများကိုပင် ယှဉ်ပြိုင်နိုင်သည်။
မီးဝိညာဉ်နယ်မြေတွင်ပင် ရှန့်တောက်ကို ထိပ်တန်း အစွမ်းထက်သူတစ်ဦးအဖြစ် သတ်မှတ်ကြရ၏။
ထို့ကြောင့် သူသည် ယခုကျူးကျော်လာသူကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိသည်။
ထို့အပြင် သူသည် သူတို့၏ ဘိုးဘေးများ ချန်ထားခဲ့သော အစွမ်းထက်သည့် ရတနာတစ်ခုကိုလည်း ယူဆောင်လာခဲ့သည်။
၎င်းသည် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်၏။
လူဦးရေ ထူထပ်သော ဤကမ္ဘာသည် တုရှန်းဂိုဏ်း၏ "တိုက်ခိုက်ခြင်း" နှင့် "သတ်ဖြတ်ခြင်း" အတွေးအခေါ်အတွက် အကောင်းဆုံးနေရာပင် ဖြစ်သည်။
"ဒီနေ့ ငါ ကမ္ဘာကြီးကို ပြပေးမယ်၊ တုရှန်းဂိုဏ်းကို စော်ကားလို့ မရဘူးဆိုတာကိုပေါ့"
ရှန့်တောက်ထံမှ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏ လက်ဖဝါးထဲတွင် ကြာပန်းများ ပွင့်အာလာသည်။
ထိုပန်းများသည် လျင်မြန်စွာ ပွားများလာပြီး ခဏချင်းမှာပင် သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။
တစ်ချိန်တည်းမှာပင် သွေးလိုက်ကာ၏ အပြင်ဘက် မလှမ်းမကမ်းတွင် ရှိနေသော စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးသည် ထိုမြင်ကွင်းကို မြင်ပြီး အသက်ရှူမှားသွားသည်။
"ရှန့်တောက်ရဲ့ အစွမ်းအထက်ဆုံး နတ်ဘုရားစွမ်းရည် သူတော်စင်ကြာပန်း သန်းတစ်ရာလား"
"ဒီနည်းလမ်းက ဝိညာဉ်ကို တိုက်ရိုက် ပစ်မှတ်ထားတာပဲ။ သူ့ရဲ့ စွမ်းအားက အံ့မခန်းပဲ၊ စိတ်ဝိညာဥ်နောက်ဆုံးအဆင့်ကျင့်ကြံသူတွေတောင် ဒါကို ရင်ဆိုင်ဖို့ တွန့်ဆုတ်နေကြလိမ့်မယ်"
"သူ တကယ်ပဲ ဒေါသထွက်နေပြီ"
ထိုကျင့်ကြံသူမှာ လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး တုရှန်းဂိုဏ်းကောင်းကင်ယံတွင် ထူးဆန်းမှုတစ်ခုကို သတိထားမိသဖြင့် လာရောက် စောင့်ကြည့်နေခြင်း ဖြစ်သည်။
အခြား လေလွင့်ကျင့်ကြံသူ အနည်းငယ်မှာလည်း အနီးအနားတွင် ရပ်နေပြီး အံ့သြတကြီး ကြည့်နေကြ၏။
"ငါ စိတ်ဝိညာဥ်ကျင့်ကြံသူတွေကြားက တိုက်ပွဲကို မြင်တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး"
အကယ်၍ ကျိယွမ်သာ သူတို့ကို မြင်လျှင်၊ ဤ NPC ပွဲကြည့်ပရိသတ်များသည် ယခုနေရာအထိ တကူးတက လာရောက်ပြီး တိုက်ပွဲကို ဝေဖန်သုံးသပ်နေကြခြင်းမှာ တကယ့်ကို စိတ်အားထက်သန်လှသည်ဟု မှတ်ချက်ပေးမှာသေချာ၏။
သို့သော် ဤအချိန်တွင် ကျိယွမ်သည် သူတို့ကို အာရုံမစိုက်နိုင်ပေ ၊ သူ၏ အာရုံမှာ ရှန့်တောက်ပေါ်တွင်သာ ရှိသည်။
"ငါ ပြောရမှာကတော့ မင်းတို့ဂိုဏ်းက တော်တော်လေး အသိတရားရှိတာပဲ"
"မင်းက တန်းပြီးတော့ အကြီးစား ကွက်တွေကိုပဲ သုံးတာပဲ"
"မဟုတ်ရင် ငါက မင်းတို့ရဲ့ အစေခံတွေအားလုံးကို အရင်သတ်ရမယ်၊ ပြီးရင် အပြင်စည်းတပည့်တွေ၊ အတွင်းစည်းတပည့်တွေ၊ စစ်မှန်တပည့်တွေ၊ တာဝန်ခံတွေ၊ အကြီးအကဲတွေ၊ အကြီးအကဲချုပ်တွေ ...ဟူး...များလိုက်တာ ..ဒါက ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး"
"ဂိုဏ်းချုပ်ဆီ တန်းသွားရတာက ပိုပြီးတော့ အဆင်ပြေတယ်။ ငါ မင်းကို လက်ဝါးတစ်ချက်တည်းနဲ့ ချေမှုန်းနိုင်တာပေါ့"
"ငါဆိုတဲ့ နတ်ဘုရားက... မင်းကို မင်းရဲ့အဖိုးနဲ့ တွေ့ဖို့ စေတနာနဲ့ပို့ပေးမယ်"
ကျိယွမ်သည် သူ၏စကားပြောစွမ်းရည်က တိုးတက်လာကာ အလွန်စမတ်ကျသည်ဟု ခံစားရပြီး သူ့ကိုယ်သူ အတော်လေး ကျေနပ်နေသည်။
နောက်ဆုံးစာကြောင်းမှာပင် အဓိပ္ပာယ်နှစ်မျိုး ပါဝင်နေသည် မဟုတ်ပါလား။
"ငါ့အဖိုးက အသက်ရှင်နေတုန်းပဲ၊ ဒါပေမဲ့ မင်းကတော့... မင်းအဖိုးနဲ့သွားတွေ့လို့ရတယ်"
ရှန့်တောက်ကလည်း ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ မရေတွက်နိုင်အောင်များပြားသော ကြာပန်းများသည် ကျိယွမ်ထံသို့ ပျံသန်းသွား၏။
ကောင်းကင်တွင် ကြာပန်းများသည် ပန်းပင်လယ်ကြီးကဲ့သို့ စွဲမက်ဖွယ်ကောင်းအောင် ပေါက်ကွဲထွက်လာသည်။
ကျိယွမ်သည် လေထဲတွင် ရပ်နေပြီး သူ၏ သွေးနီရောင်ဝတ်ရုံမှာ လေထဲတွင် လွင့်နေ၏။
"မကြာသေးခင်က ငါ့မိန်းမက ငါ့ကို ကွက်အသစ်တစ်ခု သင်ပေးထားတယ်။ ဒါက အဲ့ဒါကို စမ်းကြည့်ဖို့ အခွင့်အရေးကောင်းပဲ"
" ဆယ်ပါးသတ် ဘုရင်လက်သီး"
ကျိယွမ်က မြေပြင်သို့ ဦးတည်ပြီး လက်သီးတစ်ချက် တိုက်ရိုက် ထိုးချလိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ သွေးလိုက်ကာကြီးက ကောင်းကင်ယံကြီးတစ်ခုလုံး ပြိုကျလာသကဲ့သို့ မြေပြင်သို့ ဆင်းသက်လာ၏။
ဤလက်သီးချက်သည် နင်းထောင်က ကျိယွမ်၏ကိုယ်ထဲရှိ သွေးဆာနေသော သတ်ဖြတ်လိုစိတ်များကို အခြေခံ၍ ဖန်တီးထားသော နည်းစနစ်တစ်ခု ဖြစ်ပြီး သူမက ၎င်းကို ထပ်မံ ပြုပြင်ပေးထားသေးသည်။
"ဆယ်ပါးသတ် ဘုရင်လက်သီးမှာ ၎င်း၏ အမည်အတိုင်းပင်။
၎င်းသည် ခွဲခြားမှုမရှိသော တိုက်ခိုက်မှုဖြစ်သော်လည်း စစ်ထုတ်မှုစနစ်တစ်ခု ပါဝင်၏။
၄င်းမှာ လူဆယ်ယောက်ထက်ပို၍ သတ်ဖြတ်ခဲ့သူ မည်သူမဆို ဤလက်သီးချက်ကြောင့် သေဆုံးရမည် ဖြစ်သည်။
ကောင်းကင်တွင် သွေးလိုက်ကာကြီးမှာ လက်သီးဆုပ်ကြီးအဖြစ် ပြောင်းလဲသွား၏။
အဆုံးမရှိအောင် သွေးဆာနေသည့် စွမ်းအင်များမှာ လှည့်ပတ်ကာ တိုးလာသည်။
လက်သီးတစ်ချက်....
တိုက်ရိုက် ထိုးချလိုက်၏။
"ဝုန်း....."
--------------
အခန်း ၃၅၃ - ကျိယွမ်သည် အဖိုးကြီး အဖွားကြီးများနှင့် တိုက်ခိုက်၏..
ခွဲခြားဆက်ဆံမှုမရှိသော လက်သီးချက်တစ်ချက်သည် လူ့လောကသို့ တိုက်ရိုက်ကျရောက်လာသည် ။
လက်သီးချက်၏ အရှိန်က ထူးထူးခြားခြားမမြန်ဆန်သော်လည်း ၎င်း၏ စွမ်းအားမှာတိုင်းတာ၍မရနိုင်အောင် ကြီးမား၏။
တုရှန်းဂိုဏ်းမှ အမြုတေအဆင့် အကြီးအကဲများ အလွန်တုန်လှုပ်သွားကြသည် ။
"မိစ္ဆာပဲ ... ဒါက တကယ့်ကို မိစ္ဆာတစ်ကောင်ပဲ "
"သူက ဂိုဏ်းကို ဖျက်ဆီးဖို့ လာတာ"
"ဂိုဏ်းချုပ် ၊ သူ့ကို သတ်လိုက်ပါ"
သို့သော်လည်း ဂိုဏ်းချုပ်ကြီးရှန့်တောက်၏ မျက်နှာက သူတို့ထက် ပိုမိုကြီးမားသော တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသည် ။
“အား......”
ကျာ်လောင်သော မာန်သွင်းသံနှင့်အတူ သူ့အတွင်းရှိ ဝိညာဉ်စွမ်းအင်များ အဆုံးအစမရှိသကဲ့သို့ ပန်းထွက်လာပြီး သူ၏ သူတော်စင်ကြာပန်းသန်းတစ်ရာ နတ်ဘုရားစွမ်းရည်မှာ သွေးနီရောင် ကောင်းကင်ယံဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွား၏ ။
ကောင်းကင်ယံသည် ခဏတာမျှ အနီရောင်နှင့်အဖြူရောင်အဖြစ် ကွဲပြားသွားသည် ။
ဂိုဏ်းချုပ်ကြီးက ဒေါသတကြီးကြွေးကြော်လိုက်၏။
"တုရှန်းဂိုဏ်းကို ကျူးကျော်သူ ဘယ်သူမဆို သေရမယ် "
ကျိယွမ်ကလည်း မခံပါ။
"ဒီနတ်ဘုရားကို စော်ကားတဲ့သူတွေကို ကရုဏာမဲ့ သတ်ဖြတ်ရမယ် "
ဆယ်ပါးသတ် ဘုရင်လက်သီး သည် ဆွေးနွေးငြင်းခုံရန် အခွင့်အရေးမပေးပါ ။
လက်သီးကတစ်ချက်တည်းဖြစ်သော်လည်း ၄င်းတွင် မသေမျိုးနတ်ဘုရားစွမ်းအားများနှင့် သိုင်းပညာ နည်းစနစ်များ၏ အငွေ့အသက်နှစ်ခုလုံး ပါဝင်နေ၏ ။
နင်းထောင် ဖုံးကွယ်ထိန်းချုပ်ထားခဲ့သော သတ်ဖြတ်လိုစိတ်များသည် ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာပြီး လက်သီးတစ်ချက်တည်း၌ စုစည်းသွားခဲ့သည် ။
လက်သီးချက်သည် ၎င်း၏ အမျိုးအနွယ်ကို ရှာဖွေနေသည့် ဇတ်ပိုးမင်းသမီးကဲ့သို့ပင် ၎င်း၏ ပစ်မှတ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည် ။
ခရက်......။
ဂိုဏ်းချုပ်ကြီး ရှန့်တောက်၏ သူတော်စင်ကြာပန်းနတ်ဘုရားစွမ်းရည်မှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး
ဆယ်ပါးသတ် ဘုရင်လက်သီး၏ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များသည် သူ၏ မျက်လုံးများနှင့် နားများဆီသို့ လှိုင်းလုံးကြီးများသဖွယ် တိုးဝင်လာ၏ ။
ခဏချင်းမှာပင် သူသည် သရဲတစ္ဆေများနှင့် ဝံပုလွေများ၏ အော်ဟစ်သံများကို ကြားလိုက်ရပြီး တောင်များကဲ့သို့ ပုံနေသော မရေမတွက်နိုင်သော အလောင်းများနှင့် အရိုးစုများကို မြင်လိုက်ရသည် ။
တုရှန်းဂိုဏ်းချုပ်သည် တိုက်ပွဲတွင် ရက်စက်စွာသတ်ဖြတ်မှုကြောင့် လူသိများသော်လည်း ထိုကဲ့သို့သော အလောင်းပင်လယ်ကြီးကိုတော့ သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ ။
သွေးများမှာ သူ၏ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ ထိန်းမနိုင်သိမ်းမရ စီးကျလာသည် ။
ယခုအခါတွင် သူသည် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးနှင့် မတူတော့ဘဲ သာမန် နုနယ်သော အဖိုးအိုတစ်ဦးနှင့်သာ တူနေတော့သည် ။
သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေ၏ ။
“မင်းက ဘယ်လိုမျိုး ဘီလူးသတ္တဝါလဲ ”
“ဘာဘီလူးလဲ ...ငါက နတ်ဘုရားပဲ ၊ အင်မတန် ကြီးမြတ်တဲ့ နတ်ဘုရား ”
ကျိယွမ်သည် သူ၏ အနီရောင် လက်မှတ်ကို တစ်ဖန် ပြန်ထုတ်ပြလိုက်သည် ။
ရှန့်တောက်မှာ ဝေခွဲမရခြင်းများနှင့်အတူ အားကိုးရာမဲ့နေ၏ ။
ဤမျှ အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးသည် သာမန်လူသားတို့၏ စိတ်ရောဂါလက်မှတ်တစ်ခုကို အသုံးပြု၍ သူ့ကို ဘာကြောင့် ကစားနေရသည်ကို သူ နားမလည်နိုင်ပါ ။
သူ ထပ်မံ၍ မစဉ်းစားနိုင်မီမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဆယ်ပါးသတ် ဘုရင်လက်သီးသည် သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး မြေပြင်ဆီသို့ ပြေးဝင်သွားသည် ။
ဘုန်း .....။
လက်သီးချက် ကျရောက်သွားပြီး သွေးရိပ်များ ပေါ်ထွက်လာကာ သတ်ဖြတ်လိုစိတ်များ ဆူပွက်လာ၏ ။
တုရှန်းမျှော်စင်အတွင်းရှိ အကြီးအကဲများနှင့် အုပ်ချုပ်သူများမှာ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည် ။
“သာမန်လူသား ဆယ်ယောက်ကို သတ်ဖူးတဲ့သူတိုင်း သေရမယ် ”
ကျိယွမ်၏ အသံမှာ နတ်ဘုရားတစ်ပါး၏ အသံကဲ့သို့ ဟိန်းထွက်သွား၏ ။
ခဏချင်းမှာပင် တုရှန်းဂိုဏ်းမှ အကြီးအကဲများ၊ အုပ်ချုပ်သူများနှင့် တပည့်များ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ သတ်ဖြတ်လိုစိတ်များဖြင့် လွှမ်းခြုံခြင်း ခံလိုက်ရသည် ။
၎င်းတို့ တစ်ဦးချင်းစီ၏ နောက်ကွယ်တွင် သွေးရောင်လိုက်ကာငယ်တစ်ခု ပေါ်လာပြီး သွေးလိုက်ကာမှာ လမ်းပြအမှတ်အသားတစ်ခုကဲ့သို့ဖြစ်ကာ ဆယ်ပါးသတ် ဘုရင်လက်သီးကို ၎င်းတို့ထံသို့ ဆွဲခေါ်နေ၏။
မျှော်စင်အတွင်းရှိ အကြီးအကဲများနှင့် တပည့်များ၏ ခန္ဓာကိုယ်များသည် ဗြောက်အိုးများကဲ့သို့ တစ်ခုပြီးတစ်ခု တဝုန်းဝုန်း ပေါက်ကွဲကုန်ကြသည် ။
၎င်းတို့၏ မန္တန်စွမ်းအား အားလုံးကို အသုံးပြုသော်လည်း တားဆီးရန် အစွမ်းလုံးဝမရှိဘဲ လက်သီးချက်ကြောင့်သာ ပျက်စီးသွားကြရသည် ။
တပည့်အဖြစ် လာရောက်လျှောက်ထားကြသည့် သာမန်လူသားများထဲမှ ရှစ်ယောက်ပင် ဆယ်ပါးသတ် ဘုရင်လက်သီးဖြင့် အသတ်ခံလိုက်ရ၏။
လူအုပ်ကြီးမှာ တုန်လှုပ်သွားကြပြီး ဟိုပြေးဒီပြေးဖြစ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်၏ ။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် တုရှန်းမျှော်စင်သည် ငရဲမီးဖိုတစ်ခုကဲ့သို့ ဖြစ်သွားပြီး သွေးမြူများ ထူထပ်စွာ ထွက်ပေါ်လာသည် ။
အသက်ရှင်ကျန်ရစ်သော တုရှန်းဂိုဏ်းသားမှာ တစ်ရာခိုင်နှုန်းပင် မပြည့်တော့ပါ ။
သွေးနီရောင် ကောင်းကင်အောက်တွင် ရပ်နေသော ကျိယွမ်ကတော့ တည်ငြိမ်နေဆဲပင်။
"ဒီဂိမ်းထဲက ဂိုဏ်းတွေက အားနည်းနေတုန်းပဲ"
"အလင်းနန်းတော်လောက် မကောင်းဘူး ၊ အဲဒီမှာဆို ငါက စာစီစာကုံးတွေ ရေးပြီး သေချာ စီစဉ်ရသေးတာ"
"ဒါပေမဲ့ အမဲသား မစားရတာတော့ တကယ်ကို ကောင်းတယ်လို့ ဝန်ခံရမှာပဲ"
ထို့နောက် မျက်နှာဖုံးနောက်ကွယ်မှ ကျိယွမ်၏ မျက်လုံးများသည် ကျန်ရှိနေသော အသက်ရှင်သူများပေါ်သို့ ဝေ့ဝဲကြည့်လိုက်သည် ။
သာမန်လူဖြစ်စေ ၊ ကျင့်ကြံသူဖြစ်စေ သူ့အကြည့်နှင့် ဆုံသူတိုင်း၏ နှလုံးသားထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရပြီး ဒူးများတုန်ခါနေ၏။
သွေးလိုက်ကာ၏ အပြင်ဘက်မှ ကြည့်နေသော စိတ်ဝိညာဥ်အဆင့် လေလွင့် ကျင့်ကြံသူတစ်ဦးမှာလည်း ပြင်းထန်စွာ တုန်ယင်နေသည် ။
“ဒါက ဘယ်လို နယ်ပယ်မျိုးလဲ ၊ ခရမ်းရောင်နန်းတော်လား ၊ ဒါပေမဲ့ အဲဒီလိုလည်း မဟုတ်ဘူး ။ ဒါက မူလ နတ်ဘုရားစွမ်းရည် မဟုတ်ဘူး”
“မူလ နတ်ဘုရားစွမ်းရည် မဟုတ်ဘဲနဲ့ ဒီလောက် အစွမ်းထက်နိုင်ပါ့မလား”
“ရှန့်တောက်စစ်မှန်သခင်လို စိတ်ဝိညာဥ်အဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်တောင် လက်သီးတစ်ချက်တည်းကို မခံနိုင်ဘူး”
သူ၏နှလုံးသားမှာ တုန်လှုပ်မှု ၊ ဝေခွဲမရမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် လုံးထွေးနေ၏ ။
နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့သော တုရှန်းဂိုဏ်းကြီးမှာ လက်သီးတစ်ချက် တည်းဖြင့် ခဏချင်းအတွင်း ဖျက်ဆီးခံလိုက်ရသည် ။
မည်မျှကြောက်စရာကောင်းသော ရန်သူဖြစ်လေသနည်း။
သူကြည့်နေစဥ်မှာပင် သွေးရောင်ဝတ်ရုံက စကားဆက်ပြောလိုက်သည် ။
သူ၏အသံမှာ တည်ငြိမ်သော်လည်း နတ်ဘုရားတစ်ပါး၏ အရှိန်အဝါဖြင့် ပြည့်နှက်နေ၏ ။
“မှတ်ထားကြ ..ငါက လက်မှတ်ရ နတ်ဘုရားပဲ”
“တုရှန်းဂိုဏ်းလို နတ်ဘုရားတစ်ပါးရဲ့ အာဏာကို မလေးမစားစိန်ခေါ်ဝံ့တဲ့ တခြားဘယ်ကျင့်ကြံရေးဂိုဏ်းမဆို ကရုဏာမဲ့ အမြစ်ပြတ် သုတ်သင်ခံရမယ် ”
သူ၏အသံမှာ ဟိန်းထွက်သွားပြီး အနီးနားရှိ သောင်းနှင့်ချီသော လူသားများနှင့် လေလွင့်ကျင့်ကြံသူများ၏ နားထဲသို့ ရောက်ရှိသွားသည် ။
ထိုစကားကို ကြားသောအခါ စိတ်ဝိညာဥ်အဆင့် လေ့လွင့်ကျင့်ကြံသူ ဆွံ့အသွား၏။
"တကယ့်ကို အာဏာရှင်ဆန်တဲ့ နတ်ဘုရားပဲ ။ ငါတို့လို အပြင်လူတွေကို သတိပေးဖို့အတွက် တုရှန်းဂိုဏ်းကြီးကို ဖျက်ဆီးပြလိုက်တာလား"
သူက ခါးသီးစွာ ရေရွတ်လိုက်သည် ။
သေသေချာချာတွေးခေါ်ကြည့်လျှင်
ဤနတ်ဘုရားသည် ကုံရှင်းဂြိုဟ်၏ မူရင်းဌာနေသား ဖြစ်ပေလိမ့်မည် ။
နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာပြီးနောက် ကုံရှင်းပေါ်တွင် ကျင့်ကြံသူ အသစ်များစွာကို တွေ့ရှိခဲ့ပြီး သူ၏ အာဏာနှင့် လွှမ်းမိုးမှုကို ပြသရန် ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည် ။
ဂိုဏ်းနာမည် မှားနေခြင်း သို့မဟုတ် သူ့တွင် "စိတ်ရောဂါ" ရှိနေခြင်းတို့မှာ ဆင်ခြေများသာ ။
ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တွင် ပိုမိုနက်ရှိုင်းသော ရည်ရွယ်ချက်များ ရှိမှာသေချာ၏ ။
ယခု တုရှန်းဂိုဏ်းကို ဖျက်ဆီးပြခြင်းဖြင့် သူသည် အခြားဂိုဏ်းများကို သတင်းစကား ပေးပို့နေခြင်း ဖြစ်သည် ။
“ငါတို့ ကျင့်ကြံသူတွေအနေနဲ့ ခပ်အေးအေးပဲ နေရတော့မယ် ထင်တယ်”
လေလွင့်ကျင့်ကြံသူသည် ထိုမြင်ကွင်းကို နောက်ဆုံးတစ်ကြိမ် စူးစိုက်ကြည့်ပြီးနောက် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည် ။
"ဆက်နေရင် ငါပါသင်ခန်းစာပေး ခံနေရလိမ့်မယ် ၊ လစ်မှ .."
............
နာရီဝက်ခန့် ကြာပြီးနောက် ။
ကြီးမားသော ခန်းမဆောင်တစ်ခုအတွင်း လူရိပ်အချို့ လှုပ်ရှားနေကြပြီး ၎င်းတို့၏ အရှိန်အဝါများကို ဖုံးကွယ်ထားကြသည် ။
ခေါင်းဆောင်ဖြစ်သူမှာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ထားလေသည် ။
“တုရှန်ဂိုဏ်း ပျက်စီးသွားတာနဲ့ ပတ်သက်ပြီး မင်းတို့ ဘယ်လို ထင်ကြလဲ ”
ဝတ်ရုံနက်နှင့်လူက အခြားသူများကို ကြည့်ကာ အက်ကွဲသောအသံဖြင့် မေးလိုက်၏ ။
ဤကျင့်ကြံသူများသည် မသေမျိုးနယ်မြေသုံးခုမှ လာသော စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည် ။
တုရှန်ဂိုဏ်းပျက်စီးမှုမှာ အရပ်မျက်နှာအနှံ့တုန်လှုပ်စေခဲ့ပြီး ၎င်းတို့အားလုံး ဂူအောင်းနေရာမှ ထွက်လာကြရသည် ။
“အဲဒီလူက ငါတို့နယ်မြေသုံးခုက မဟုတ်ဘူး ။ သူက ဒီနေရာရဲ့ မျိုးရင်းဌာနေသား ဖြစ်ရမယ် ။ သူ့ရဲ့ လုပ်ရပ်က လွှမ်းမိုးမှု တည်ဆောက်ဖို့ ဖြစ်နိုင်တယ်”
စိတ်ဝိညာဥ်အဆင့် အမျိုးသမီး ကျင့်ကြံသူတစ်ဦးက တည်ငြိမ်စွာ ပြောလိုက်သည် ။
“လွှမ်းမိုးမှု တည်ဆောက်ဖို့ ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးတယ်ဆိုတော့ တကယ့်ကို မောက်မာတဲ့အာဏာရှင်ပဲ ”
"သူ့ရဲ့ အစွမ်းက ခရမ်းရောင်နန်းတော် အဆင့်နဲ့ ညီမျှနေလိမ့်မယ် ထင်တယ်"
အခြားတစ်ဦးကလည်း ထပ်လောင်း ပြောကြားလိုက်သည် ။
သူ၏စကားကြောင့် ကျင့်ကြံသူများ အားလုံး၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏ ။
ခရမ်းရောင်နန်းတော်အဆင့်ဆိုသည်မှာ အောက်လောက၏ အထွတ်အထိပ်နှင့် နီးစပ်နေလေပြီ ။
သာမန် ကျင့်ကြံရေး ကမ္ဘာတစ်ခုတွင် ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိသော ကျင့်ကြံသူသည် ကမ္ဘာတစ်ခုလုံးကိုပင် အုပ်ချုပ်နိုင်၏ ။
၎င်း၏ အထက်တွင်မူ အထက်လောကသို့ တက်လှမ်းနိုင်သည့် ယင်နတ်ဘုရား နယ်ပယ် ရှိလေသည် ။
မသေမျိုးနယ်မြေသုံးခုသည် အပြန်အလှန် ဆက်သွယ်ထားကြသဖြင့် တစ်ခုခုထူးခြားလျှင် အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်၏ ။
လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီအတွင်း ဝိညာဉ်စွမ်းအင်များ လျော့နည်းလာသည်နှင့်အမျှ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူများမှာ ဒဏ္ဍာရီပမာ ဖြစ်လာခဲ့ပြီး မည်သူမှ မရောက်တော့သည့် နယ်ပယ်ဖြစ်၏ ။
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာပင် အထွတ်အထိပ်ဟု ယူဆခံထားရသည် ။
သို့သော် ယခုအခါ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် တွေ့ရလေပြီ ၊ ၎င်းတို့အနေဖြင့် မည်သို့ မတုန်လှုပ်ဘဲ နေနိုင်ပါမည်နည်း ။
“ ရှနိ့တောက်စစ်မှန်သခင်က အသေလွယ်လွန်းတယ် ။ တကယ်လို့ သူသာ သူ့ဂိုဏ်းရဲ့ ဘိုးဘေးအမွေအနှစ် ရတနာကို ဒီလောကထဲ ယူလာခဲ့မယ်ဆိုရင် ဒီလို ခရမ်းရောင်နန်းတော်ကျင့်ကြံသူတစ်ယောက် လက်ချက်နဲ့ ဘယ်လို အသတ်ခံရပါ့မလဲ ”
ဝတ်ရုံစိမ်းနှင့်ကျင့်ကြံသူတစ်ဦးက အေးစက်စွာ ပြောလိုက်သည် ။
သူတို့ဂိုဏ်းများသည် အထက်လောကသို့ တက်လှမ်းသွားသော ယင်နတ်ဘုရားများ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ထိုဘိုးဘေးများက ၎င်းတို့၏ ဂိုဏ်းများကို ကာကွယ်ရန် ရတနာများကို ချန်ထားခဲ့ကြသည် ။
ထိုရတနာများက ခရမ်းရောင်နန်းတော်အဆင့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရလျှင်ပင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိကြ၏ ။
ဝတ်ရုံနက်နှင့် ခေါင်းဆောင်ကတော့ တွေးဆနေသလိုဖြင့် အဓိကအရာကို ဆက်ပြောသည်။
“သူ ရှိနေတာကြောင့် ငါတို့ရဲ့ အစီအစဉ်တွေက ပိုပြီး ရှုပ်ထွေးသွားနိုင်တယ်”
အဖွဲ့တစ်ခုလုံးသည် နောက်ဆက်တွဲ အစီအစဉ်များကို စဉ်းစားရင်း တိတ်ဆိတ်သွားကြသည် ။
မသေမျိုးနယ်မြေသုံးခုမှ ကျင့်ကြံသူများသည် ကုံရှင်းသို့ ဂိုဏ်းထောင်ပြီးတပည့်ရှာရုံသပ်သပ် ရောက်လာကြခြင်း မဟုတ်ပါ ။ ၎င်းတို့တွင် ပိုမို မှောင်မိုက်သော ရည်ရွယ်ချက်များ ရှိနေကြသည် ။
“ကောင်းကင်ဘုံတွန်းလှန်ရေး အစီအစဉ်ကို ငါတို့ အရှုံးမခံနိုင်ဘူး ။ ကမ္ဘာသစ်ကို ရအောင်ဖန်တီးရမယ်”
အမျိုးသမီး ကျင့်ကြံသူတစ်ဦးက သတ်ဖြတ်လိုစိတ်များဖြင့် အေးစက်စွာ ကြေညာလိုက်သည် ။
မသေမျိုးနယ်မြေ သုံးခုအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ လျင်မြန်စွာ ကုန်ဆုံးနေ၏။ အကယ်၍ ထိုအတိုင်း ဆက်သွားပါက စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူများပင် ကွယ်ပျောက်သွားပါလိမ့်မည် ။
ထို့ကြောင့် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူအုပ်စုသည် ၎င်းတို့၏ ကံကြမ္မာကို ပြောင်းလဲရန် ကောင်းကင်ဘုံတွန်းလှန်ရေးအစီအစဉ်ကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်၏။
မသေမျိုးနယ်မြေသုံးခုအတွင်း ကောင်းကင်ဘုံတွန်းလှန်ရေးကမ္ဘာဟု ခေါ်သော ကျယ်ပြောသည့် လျှို့ဝှက်နယ်မြေတစ်ခု ရှိသည် ။
အစီအစဉ်၏ အဓိကအချက်မှာ နယ်မြေသုံးခုနှင့် ကုံရှင်းဂြိုဟ် နှစ်ခုလုံးမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီး ကောင်းကင်ဘုံတွန်းလှန်ရေးကမ္ဘာအတွင်းသို့ ပို့လွှတ်ကာ ဝိညာဉ်စွမ်းအင် ကြွယ်ဝသော ကျင့်ကြံရေးနယ်မြေအသစ်တစ်ခု ဖန်တီးရန် ဖြစ်သည် ။
ဤကမ္ဘာသစ်ကို ၎င်းတို့၏ ဂိုဏ်းများက လွှမ်းမိုးထားမည် ဖြစ်၏ ။
နယ်မြေသုံးခုနှင့် ကုံရှင်းဂြိုဟ်တို့မှာမူ ယဇ်ကောင်များသာ ဖြစ်သွားပေလိမ့်မည် ။
အစီအစဉ်မှာ မသေမျိုးနယ်မြေသုံးခုအတွင်း စတင်နေပြီဖြစ်ပြီး ကုံရှင်းပေါ်တွင် နောက်ဆုံးအဆင့် အစီအစဉ်များကို လုပ်ဆောင်ရန်သာ လိုပါတော့သည် ။
ယခုအခါ ကုံရှင်းပေါ်တွင် ဝိညာဉ်စွမ်းအင်များ ပြန်လည် နိုးထလာပြီ ဖြစ်သဖြင့် ၎င်းတို့ကို အလဟဿ အဖြစ်မခံနိုင်ပေ ။
“ကောင်းကင်ဘုံတွန်းလှန်ရေး အစီအစဉ်ကို လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်ဖို့ လိုတယ် ။ သူ့ကို သွားပြီး မဆွသင့်ဘူး”
စိုးရိမ်တတ်ပုံရသော နောက်တစ်ဦးက သတိပေး၏ ။
"ဟုတ်တယ် ၊ လုပ်စရာရှိတာကိုပဲ အာရုံစိုက် ။အခု သူပျော်ချင်သလောက် ပျော်ပါစေ ။ နောက်နှစ်ပေါင်း ရာချီကြာတဲ့အခါ သူ ဘယ်လောက် အားနည်းတယ်ဆိုတာ သူ သိလာလိမ့်မယ်"
အခြားတစ်ဦးကလည်း ထောက်ခံသည် ။
“အချိန်တန်မှ ကောင်းကင်ဘုံတွန်းလှန်ရေး အစီအစဉ်ကို ဟန့်တားတဲ့သူ မှန်သမျှကို ရှင်းပစ်ရမယ် ”
မကြာမီ အဖွဲ့တစ်ခုလုံး သဘောတူညီမှု ရရှိသွားလေသည် ။
၎င်းတို့သည် ကျိယွမ်ကို ခဏတာ လွှတ်ထားရန် ဆုံးဖြတ်လိုက်ကြ၏ ။ သူတို့၏ အစီအစဉ်များ ပြီးဆုံးသွားပါက သူ့ကို ရှင်းပစ်မည် ဖြစ်သည် ။
ခရမ်းရောင်နန်းတော်ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်မှာ ကောင်းကင်ဘုံတွန်းလှန်ရေးကမ္ဘာ၏ ဝိညာဉ်စွမ်းအင်ကို ဖြည့်တင်းရန် အလွန်ကောင်းမွန်သော လောင်စာ ဖြစ်လာပါလိမ့်မည် ။
ထိုအခိုက်အတန့်တွင် ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးက အခြားတစ်ခုကို သတိပေးလာသည်။
“ထျန်းယွမ်ဂိုဏ်းရဲ့ ထျန်းယွမ်ကျောက်တုံးက ငါတို့ရဲ့ ကောင်းကင်ဘုံတွန်းလှန်ရေးအစီအစဉ်ကို ရိပ်မိသွားပုံရတယ် ။ မကြာသေးခင်မှာ သူတို့က ကုံရှင်းရဲ့ တော်ဝင်မိသားစုကို သတင်းအချက်အလက်တွေ ပိုရအောင် 'ထျန်းယွမ်ရွှေ့ပြောင်းရေးကို တည်ဆောက်ခိုင်းနေတယ်”
သို့သော် ထိုအရာမှာ သူမ နားလည်မှုလွဲခြင်းသာ ဖြစ်သည် ။
ထျန်းယွမ်ဂိုဏ်းသည် ကုံရှင်းဂြိုဟ် ရင်ဆိုင်ရရန် အလားအလာရှိသည့် အန္တရာယ်တစ်ခုကို ရိပ်မိခြင်းဖြစ်သော်လည်း ၎င်းမှာ ကောင်းကင်ဘုံတွန်းလှန်ရေးအစီအစဉ်နှင့် မသက်ဆိုင်ပါ ။ သို့သော်လည်း အမျိုးသမီး ကျင့်ကြံသူက ၎င်းတို့၏ အစီအစဉ်ကို သိသွားပြီဟု မှားယွင်းစွာ ယုံကြည်နေခြင်း ဖြစ်သည် ။
“ထျန်းယွမ်ဂိုဏ်းက ပြဿနာ ဖြစ်နိုင်တယ် ။ ငါ့မှာ ထျန်းယွမ်ဂိုဏ်းထဲမှာ အသုံးချလို့ရတဲ့ လူတစ်ယောက် ရှိတယ် ၊ သူက အရေးကြီးတဲ့ သတင်းတွေ ပေးထားတယ် ။ ထျန်းယွမ်ဂိုဏ်းက သူတို့ရဲ့ အထက်လောကက ဘိုးဘေးနဲ့ အဆက်အသွယ် လုပ်ထားပြီးပြီ တဲ့ ၊ အဲဒီဘိုးဘေးက ကုံရှင်းကို စိတ်ဝင်စားနေပုံရတယ် ။ နောက်နှစ်ပေါင်း တစ်ရာလောက်အတွင်းမှာ သူတို့ရဲ့ ဘိုးဘေး ဆင်းသက်လာလိမ့်မယ်”
ဝတ်ရုံနက်နှင့် ခေါင်းဆောင်ကလည်း ပြောလိုက်သည် ။
“ဘာ .. ယင်နတ်ဘုရား ဆင်းသက်လာမှာလား ”
အဖွဲ့တစ်ခုလုံး တုန်လှုပ်သွားပြီး ၎င်းတို့၏ စိတ်နှလုံးများ လေးလံသွားကြသည် ။
၎င်းတို့တွင် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူကို ရင်ဆိုင်နိုင်သည့် ရတနာများ ရှိသော်လည်း ယင်နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရပါက ၎င်းတို့၏ လှည့်ကွက်များမှာ ရယ်စရာကောင်းလောက်အောင် အားနည်းသွားမည် မဟုတ်ပါလား ။
“ငါရထားတဲ့ သတင်းအရတော့ စောရင် နှစ်တစ်ရာ ၊ နောက်ကျရင် နှစ်နှစ်ရာအတွင်းမှာ ထျန်းယွမ်ဂိုဏ်းရဲ့ ဘိုးဘေးက ဒီလောကထဲကို သေချာပေါက် ဆင်းသက်လာလိမ့်မယ်”
“မင်းရဲ့ သတင်းက ခိုင်လုံရဲ့လား ”
အခြားတစ်ဦးက စိတိမချသလိုမေးသည် ။သူက ထိုထက်ပို၍ စောဆင်းလာမည်ကို အလွန်စိုးရိမ်နေ၏။
“လုံးဝ ခိုင်လုံတယ် ။ ထျန်းယွမ်ဂိုဏ်းထဲက ငါ့လူက အတည်ပြုပြီးပြီ”
“ဒါဆိုရင်တော့ ငါတို့ရဲ့ အစီအစဉ်ကို နှစ်တစ်ရာအတွင်းမှာ အပြီးသတ်ရမယ်”
အခြား ကျင့်ကြံသူတစ်ဦးက ယတိပြတ် ကြေညာလိုက်သည် ။
အချိန်ဆွဲနေရင် အားလုံးဒုက္ခရောက်ကုန်မယ် ။
...............
တုရှန်းဂိုဏ်းကြီး ပျက်စီးသွားမှုမှာ ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်စေခဲ့သည် ။
အထူးသဖြင့် ၎င်းတို့၏ဂိုဏ်းချုပ်မှာ တုရှန်းမျှော်စင်ကို အသုံးပြု၍ ကမ္ဘာကို တုန်လှုပ်စေခဲ့သူ မဟုတ်ပါလား ။ ယခုအခါတွင်မူ ၎င်းတို့၏ အစွမ်းထက်သော ဂိုဏ်းချုပ်ကြီးမှာ "စိတ်ရောဂါ" လက်မှတ်ကို ကိုင်ဆောင်ထားသော လျှို့ဝှက်ဆန်းကြယ်သူ၏ လက်သီးတစ်ချက်တည်းဖြင့် အမြစ်ပြတ် သုတ်သင်ခံလိုက်ရသည်တဲ့။
ထိုမျှသာ မကပါ ။တစ်ဂိုဏ်းလုံးလည်း လုံးဝပျက်စီးသွားခဲ့ရသည် ။
လောကကြီးတစ်ခုလုံးမှာ အထူးတုန်လှုပ်ခြောက်ခြားနေလေသည် ။
မိမိကိုယ်ကိုယ် လူ့အသိုင်းအဝိုင်း၏ အထက်တန်းလွှာဟု ယူဆသူများပင်လျှင် ယခုအခါ ဤမသိရသော အင်အားစုကို ကြောက်ရွံ့နေကြပြီး မည်သူကိုမျှ သွားရောက် မဆွဝံ့ကြတော့ပါ ။
တုရှန်ဂိုဏ်း ပျက်စီးမှုနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းတွင်လည်း ဆွေးနွေးမှုများဖြင့် ဆူညံနေလေသည် ။
ကုုရှင်းရှိ သာမန်လူသားများမှာ ဂိုဏ်းတစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်သော ကျင့်ကြံရေးလောက၏ ရက်စက်မှုကို ပထမဦးဆုံးအကြိမ်အဖြင့် နဖူးတွေ့ဒူးတွေ့ ခံစားလိုက်ရသည် ။
တစ်ချိန်တည်းမှာပင် "မေတ္တာတရား ဖြန့်ဝေပြီး ကမ္ဘာကြီးကို နွေးထွေးမှု ပေးရန်" ဟူသော ရည်မှန်းချက်ဖြင့် အဖိုးပို့ဆောင်ရေး ကွန်ရက်မှာလည်း အရှိန်အဟုန် အကြီးအကျယ် ရရှိနေ၏။
မရေမတွက်နိုင်သော သွေးနမူနာများမှာ ထျန်းယွဲ့ မြို့သို့ ပေးပို့ခြင်း ခံနေရသည် ။
ကျိယွမ်သည်လည်း ကံကောင်းခြင်းများရှိသော လူများကို ရွေးချယ်ပြီး ၎င်းတို့အား အဖိုး သို့မဟုတ် အဖွားတစ်ဦးစီ လက်ဆောင်ပေးရန် အလုပ်ရှုပ်နေသည် ။
ကံမကောင်းရှာသော သူများအတွက်လည်း ကျိယွမ်က ကပ်စေးမနည်းပါ ။
သူသည် ၎င်းတို့အတွက် သီးသန့် အသံသွင်းမက်ဆေ့များကို မှတ်တမ်းတင်ပေးထားပါသည်။
“မြေးမလေး ၊ အဖိုး မင်းနဲ့အတူ ရှိနေတယ်”
“မြေးလေး စိတ်မကောင်းမဖြစ်နဲ့ ၊ အဖိုး ဒီမှာ ရှိနေတုန်းပဲ”
အဖိုးပို့ဆောင်ရေး ကွန်ရက်ကို အသုံးပြုပြီး သွေးနမူနာ ပေးပို့သူတိုင်း ၎င်းတို့၏ ဖုန်းထဲသို့ ဤအသံနှစ်မျိုးထဲမှ တစ်မျိုးကို ရရှိကြ၏ ။
အသံမက်ဆေ့များမှာ ကျား/မ သီးသန့် မဖြစ်ရခြင်းမှာ ကျိယွမ်က သူတို့၏ လိင်သဘာဝကို ကြိုတင် မခန့်မှန်းလိုသောကြောင့် ဖြစ်သည် ။
တကယ်လို့ ယောကျ်ားလေးတစ်ယောက်က နုနုနယ်နယ် ခန္ဓာကိုယ် ၊ ပျော့ပျောင်းတဲ့ လက်ကလေးတွေနဲ့ ဖမ်ဘွိုင်း(femboy)တစ်ယောက် ဖြစ်နေရင်ဘယ်လိုလုပ်မလဲ။
သို့သော် တစ်နှစ်အတွင်းမှာပင် အဖိုးပို့ဆောင်ရေးကွန်ရက်မှာ ထွန်းကားလာပြီးနောက် လျင်မြန်စွာပင် ပြန်လည် တိတ်ဆိတ်သွားခဲ့သည် ။
အဘယ်ကြောင့်ဆိုသော် သွေးပေးပို့ချင်သူများမှာ ပေးပို့ပြီးသွားသောကြောင့်ပင် ။ထို့ကြောင့် ထိုသူများပို့ပြီးနောက် ကွန်ရက်က ပြည်လည်တိတ်ဆိတ်သွား၏။
မပါဝင်လိုသူများကိုလည်း ကျိယွမ်က အတင်းအကျပ် မလုပ်ခဲ့ပါ ။
လောကတွင် လူဦးရေများစွာရှိသည် ၊ သူ၏ စိတ်ဝိညာဥ်များအတွက် "မြေး" အသစ်များကို အမြဲ ရှာဖွေနိုင်သည် မဟုတ်ပါလား ။
ထို့အပြင် ဘိုးဘေးများ၏ ကမ္ဘာတွင် သူ "ရှင်ပြန်ထမြောက်" ပေးရန် စောင့်နေသော သေဆုံးနေသည့် ဘိုးဘေးအရိုးစုများစွာ ရှိနေပါသေးသည် ။
သူ့တွင် ခွဲပေးစရာ စိတ်ဝိညာဥ်များပင် လောက်ပုံမရတော့ပါ ။
နှစ်အနည်းငယ်အတွင်းမှာပင် အဖိုးပို့ဆောင်ရေး ကွန်ရက်အပေါ် လူထုစိတ်ဝင်စားမှုများ ပျောက်ကွယ်သွားပြီး တဖြည်းဖြည်း မေ့လျော့ခြင်း ခံလိုက်ရသည် ။
လူအများစုမှာ သီးသန့် အသံစာတိုတစ်စောင်နှင့် ငွေငါးရာခန့်သာ ရရှိခဲ့ကြ၏ ။
အဖိုးပို့ဆောင်ရေး ကွန်ရက်က တကယ်တမ်း ဘာလုပ်သည်ကို လူအနည်းငယ်သာ နားလည်ကြသည် ။
သို့သော် "အဖိုး" သို့မဟုတ် "အဖွား" ရရှိခဲ့သူများမှာမူ အလွန်ဝမ်းသာနေကြပြီး ၎င်းတို့၏ ဆွေမျိုးအသစ်များကို လျှို့ဝှက်ချက်အဖြစ် သိမ်းဆည်းထားကြသဖြင့် မည်သူမှ ထူးထူးခြားခြားသတိမပြုမိခဲ့ကြပေ ။
အချိန်များမှာ ပင်လယ်ပြင်ပေါ်မှ မိုးစက်များကဲ့သို့ ၊ သို့မဟုတ် သစ်သီးများ ပန်းများ ပွင့်လိုက် ကြွေလိုက် ဖြစ်နေသကဲ့သို့ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည် ။
ကမ္ဘာကြီးမှာ ဆက်လက် လည်ပတ်နေပြီး နှစ်ပေါင်းများစွာ ကြာသွားခဲ့၏ ။
ကုံရှင်းဂြိုဟ်ပေါ်တွင်လည်း ကျင့်ကြံသူများ၏တည်ရှိမှုကို လက်ခံလာသူ ပို၍ ပို၍ များလာသည် ။
ကျင့်ကြံရေးမဟာမိတ်အဖွဲ့ကိုလည်း တည်ထောင်ခဲ့ပြီး ကျင့်ကြံရေး အကယ်ဒမီများကို တစ်ခုပြီးတစ်ခု ဖွင့်လှစ်ခဲ့ကြ၏ ။
သိုင်းပညာမှာမူ လူအနည်းငယ်မျှသာလေ့ကျင့်သည့် ရိုးရာပညာရပ်တစ်ခု ဖြစ်လာခဲ့သည် ။
သိုင်းပညာကျောင်းများမှာ တစ်ကျောင်းပြီးတစ်ကျောင်း ပိတ်သိမ်းသွားခဲ့ပြီး သီးခြား ကျင့်ကြံရေး ကျောင်းငယ်လေးများဖြင့် အစားထိုးခြင်း ခံလိုက်ရပါသည် ။
သိုင်းပညာက ဆုတ်ယုတ်လာသော်လည်း နိုင်ငံတော်အဆင့်သိုင်းပညာ ပြိုင်ပွဲကိုမူ ဆက်လက် ကျင်းပနေဆဲပင်။
သို့သော်လည်း ပါဝင်ယှဉ်ပြိုင်သူများမှာ သိုင်းပညာခေတ်လက်ကျန် အဖိုးကြီးများဖြစ်ကြ၏ ။
၎င်းတို့မှာ မသေမျိုးလမ်းစဥ်ကိုကျင့်ကြံရန် ပါရမီမပါသော်လည်း ၎င်းတို့၏ လူငယ်ဘဝမှ ဝါသနာများကို ခေါင်းမာစွာ ဆုပ်ကိုင်ထားကြသူများ ဖြစ်သည် ။
ဤသို့ဖြင့် သိုင်းပညာပြိုင်ပွဲမှာ ပို၍ သေးငယ်သော အသိုက်အဝန်းအတွင်းသို့ ကျုံ့ဝင်သွားခဲ့၏ ။
ဗိုလ်လုပွဲများကိုကြည့်ရှုရန်ပင် လက်မှတ်ဝယ်သူမှာ မရှိသလောက်ရှားပါးလာသည်။
သိုင်းပညာပြိုင်ပွဲကို အချို့က "ဘိုးဘွားရိပ်သာ တိုက်ပွဲ" ဟုပင် လှောင်ပြောင် သရော်ကြကုန်၏ ။
နှစ်ပေါင်းများစွာကြာလာသည့်တိုင်အောင် ပြိုင်ပွဲ၏ ချန်ပီယံမှာလည်း တစ်ဦးတည်းသာ ဖြစ်သည် ။
သူ၏နာမည်က ကျိယွမ်ပင် ။
ကိုယ်ခံပညာ ပြိုင်ပွဲ၏ လက်ရှိ ချန်ပီယံ ကျိယွမ်မှာ "အဖိုးကြီး သတ်ဖြတ်သူ" ဟူသော အမည်ပြောင်ကိုပင် ရရှိထား၏ ။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်နှင့်အမျှ ကျိယွမ်၏ ပြိုင်ဘက်များမှာလည်း သူနှင့်အတူ အိုမင်းလာကြလေသည် ။
လူငယ်များကတော့ မသေမျိုးကျင့်ကြံခြင်းဘက်သို့ လုံးဝကူးပြောင်းသွားကြပြီး သိုင်းပညာကို ဆက်လက် လေ့ကျင့်လိုသူ မရှိတော့ပါ ။
သိုင်းပညာသည် သက်ကြီးရွယ်အိုများအတွက် ခိုလှုံရာတစ်ခု ဖြစ်လာပြီး
ပြိုင်ပွဲတိုင်းတွင် ကျိယွမ်သည် အဖိုးကြီး အဖွားကြီးများနှင့်သာ တိုက်ခိုက်နေရတော့သည်။
ရလဒ်မှာ မေးစရာ မလိုပါ ။
ချီယွမ်က အမြဲတမ်း ချန်ပီယံ ဖြစ်သည် ။
ထိုအဖိုးကြီး အဖွားကြီးများမှာ ကျိယွမ်ကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း ။
ကုံရှင်းပေါ်တွင် ဝိညာဉ်စွမ်းအင်များ ပိုမိုကြွယ်ဝလာသည်နှင့်အမျှ သိုင်းပညာပြိုင်ပွဲမှာ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာ၏ ။
သို့သော်လည်း ထိုအပြောင်းအလဲများမှာ ကျိယွမ်နှင့် ဘာမှ မဆိုင်သလိုပင် ။ သူက သေခြင်းစွမ်းအင်ကမ္ဘာတွင် တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်နေရင်း နှစ်များကိုကျော်ဖြတ်နေခဲ့သည် ။
ထိုကမ္ဘာတွင် ကျိယွမ်မှာ သွေးဝတ်ရုံလူမိုက်ဟူသောဘွဲ့ဖြင့် အတော်ပင် နာမည်ကြီးနေလေပြီ ။
မှန်ပါသည် ၊ သူ၏ ယခင်အမည်ဖြစ်သော "သွေးဝတ်စုံ ဓားနတ်ဘုရား" နှင့် အတော်လေး ဆင်တူပါသည် ။
သူ့ကို အဘယ့်ကြောင့် သွေးဝတ်ရုံလူမိုက်ဟု ခေါ်ကြသနည်း။
အဘယ်ကြောင့်ဆိုသော် သူသည် တာဝန်ပေးထားသော ကမ္ဘာတစ်ခုသို့ ဝင်လိုက်တိုင်း ပထမဦးဆုံးအနေဖြင့် တာဝန်ပေးထားသောပစ်မှတ်မှာ သူ၏ခေါ်ဆောင်ခြင်းကို ခံရပြီးနောက် မိစ္ဆာများကို စတင် သုတ်သင်သောကြောင့် ဖြစ်သည် ။
သူသည် ကမ္ဘာအနှံ့ လှည့်လည်ကာ တွေ့သမျှ မိစ္ဆာအားလုံးကို သတ်ဖြတ်လေ့ရှိ၏ ။
ထိုလုပ်ရပ်က ကျိယွမ်နှင့်အတူ တာဝန်ထမ်းဆောင်ရသူများအတွက် ပျော်ရွှင်စရာရော ၊ စိတ်ပျက်စရာပါ ဖြစ်စေသည် ။
သတင်းကောင်းမှာ ၎င်းတို့အနေဖြင့် ဘာမှလုပ်စရာမလိုဘဲ အန္တရာယ်ကင်းကာ အပျော်ခရီး ထွက်သကဲ့သို့ နေနိုင်ခြင်းပင် ။
သတင်းဆိုးမှာမူ ဤသွေးဝတ်စုံ လူမိုက်က ထိုကမ္ဘာရှိ မိစ္ဆာအားလုံးကို ဘယ်အချိန်မှ အပြီးသတ် သတ်ဖြတ်မည်ကို မသိနိုင်ခြင်း ဖြစ်သည် ။
၎င်းတို့မှာ ထိုနေရာတွင် အချိန်အကြာကြီး ပိတ်မိနေနိုင်သည် မဟုတ်ပါလား။
တာဝန်တစ်ခုတွင်ဆိုလျှင် ထိုကမ္ဘာ၏ မိစ္ဆာဦးရေမှာ အလွန်တရာ များပြားလွန်းသဖြင့် သွေးဝတ်ရုံလူမိုက်မှာ ၎င်းတို့ကို အကုန်သတ်ရန် ငါးနှစ်ခန့် အချိန်ယူခဲ့ရဖူးသည် ။
သူ၏ အသင်းဖော်များမှာလည်း အလုပ်မရှိ အကိုင်မရှိဖြင့် ယောင်တောင်တောင်လုပ်ရင်း ငါးနှစ်တိုင်တိုင် စောင့်ဆိုင်းခဲ့ကြရရှာ၏။
ပါဝင်သူတစ်ဦးဆိုလျှင် တာဝန်ပေးထားသောကမ္ဘာတွင် ပိတ်မိနေစဉ် အိမ်ထောင်ကျရုံသာမက သားသမီးများပင် ရသွားခဲ့သည် ။
ယခုအခါတွင်လည်း.....တာဝန်ပေးထားသော ကမ္ဘာတစ်ခုအတွင်း၌ ဖြစ်သည်။
ကြီးမားသော တောအုပ်ကြီးတစ်ခုအတွင်း မြင့်မားဖြောင့်စင်းသော ဆီဒါပင်များ ထိုးထွက်နေပြီး မြေပြင်ပေါ်တွင် ထင်းရှူးအပ်များ ပြန့်ကျဲနေ၏။
ရှေ့တွင်မူ လာရောက်သူ မရှိပုံရသော သင်္ချိုင်းဂူတစ်ခု ရှိသည် ။
သို့သော်လည်း သင်္ချိုင်းဂူမှာ အလွန်တရာသန့်ရှင်းနေပြီး ဂူစောင့်တစ်ဦးက ပုံမှန် တံမြက်လှည်း သန့်ရှင်းရေး လုပ်နေသည်မှာ သိသာလှသည် ။
ဂူစောင့်သည် ဝတ်ရုံစိမ်းနှင့် လူငယ်တစ်ဦးဖြစ်ပြီး သူက အုတ်ဂူအား အချိန်မှန်မှန်သန့်ရှင်းပေးနေခြင်းဖြစ်၏။
ယခုအချိန်တွင် လူငယ်က သမ်းဝေလိုက်ပြီး စိတ်အေးလက်အေး ရှိနေပုံရသည် ။ သူက ဖရဲသီးတစ်စိတ်ကို စားရင်း သန့်ရှင်းနေသောဂူကိုကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏ ။
“ငါ ဒီဂူကို စောင့်နေတာ သုံးနှစ်ရှိပြီ ၊ ခုထိ ဘယ်သူမှ လာပြီး ဂါရဝမပြုကြသေးဘူး ။ ဘယ်သူမှ မလာရင် ငါက သူတို့ မိသားစုတစ်ခုလုံးကို ဘယ်လို သတ်ရမှာလဲ ”