အခန်း (၃၅၄-၃၅၅)
Vol. 32 Ch. 354-355
အခန်း ၃၅၄ - ငါသည် ငါသာဖြစ်သည်၊ စစ်မှန်သောငါသာဖြစ်ပြီး အတိတ်ဘဝဟူ၍မရှိပါ
ခံတပ်စခန်းမှ ထုတ်ပြန်လိုက်သော ယခုတစ်ခေါက်မစ်ရှင်မှာ အတော်လေး ထူးခြားသည်ဟု ဆိုနိုင်၏။
၎င်းသည် ဇာတ်ကောင်များအကြား ဆက်ဆံရေးအပိုင်းတွင် လျန်စန်းပေါ်နှင့် ကျူးရင်းထိုင်တို့၏ ပုံပြင်နှင့် တော်တော်လေး ဆင်တူနေသည်၊၊
မစ်ရှင်လက်ခံသူများ၏ တာဝန်မှာ "ကျူးရင်းထိုင်" ကို ကာကွယ်ရန်နှင့် သူမအား မာဝမ်ချိုင်က သတ်ဖြတ်ခြင်းမပြုနိုင်စေရန် အာမခံချက်ပေးရမည့်အပြင် မာဝမ်ချိုင်ကိုလည်း ခြေရာခံရှာဖွေရမည် ဖြစ်သည်။
ကျိယွမ်က လျန်စန်းပေါ်နှင့် ကျူးရင်းထိုင်ကို နှိုင်းယှဉ်ချက်အဖြစ် အသုံးပြုခဲ့ခြင်းမှာ ဤပုံပြင်ထဲတွင် မာဝမ်ချိုင်သည် မြင်းမိစ္ဆာတစ်ကောင် ဖြစ်နေသောကြောင့် ဖြစ်၏။
ဂိမ်းလောကထဲသို့ ဝင်ရောက်ပြီးနောက် ကျိယွမ် ပထမဆုံးလုပ်ဆောင်သည့်အလုပ်မှာ "ကျူးရင်းထိုင်" ကို ဖမ်းဆီးခြင်းပင်။
မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ကျိယွမ်သည် သူမအား သတိလစ်သွားအောင် ထိုးနှက်လိုက်ပြီးနောက် အိတ်တစ်လုံးထဲသို့ ထည့်လိုက်သည်။
သို့သော် လူကြီးလူကောင်းကျိယွမ်သည် ဖမ်းဆီးခံထားရသူ၏ ခံစားချက်ကို ထည့်သွင်းစဉ်းစားပေးတတ်ပြီး သူတို့၏ ဆန္ဒကို ဆန့်ကျင်၍ မည်သည့်အရာကိုမျှ အတင်းအဓမ္မ မခိုင်းတတ်သော ကြင်နာတတ်သည့် လူတစ်ယောက် ဖြစ်၏။
ထို့ကြောင့် "ကျူးရင်းထိုင်"ဇာတ်ကောင်နှင့်တူသော ဝမ်ယွမ်ယွီကို သတိလစ်အောင် မလုပ်မီတွင် ကျိယွမ်သည် အိတ်အမျိုးမျိုးကို ထုတ်ပြကာ မည်သည့်အရောင်ကို ကြိုက်နှစ်သက်သနည်းဟု ထောက်ထားစာနာစွာ မေးမြန်းခဲ့သည်။
သူသည် အတော်ပင် ဒီမိုကရေစီဆန်ပြီး အလိုက်သိတတ်သူဟု ဆိုနိုင်၏။
အဆုံးတွင် ဝမ်ယွမ်ယွီက အနက်ရောင်အိတ်ကို ရွေးချယ်ပြီးနောက် ကျိယွမ်သည် သတိလစ်နေသော ဝမ်ယွမ်ယွီကို ထမ်းကာ မိုင်ပေါင်း ထောင်ချီ၍ ခရီးနှင်ခဲ့သည်။
ထို့နောက် သူက သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့ပြီး ဤလောကရှိ မိစ္ဆာအားလုံးပင် ကုန်ခုနီးပါးဖြစ်သွားသည်။
မိစ္ဆာအားလုံးကို သတ်ဖြတ်ပြီး နောက်ဆုံးတွင် ကျိယွမ်သည် မြင်းမိစ္ဆာများ၏ စခန်းကို ရှာဖွေတွေ့ရှိခဲ့၏။
ထုံးစံအတိုင်းပင် မြင်းမိစ္ဆာများသည် သူ့ကို မယှဉ်နိုင်ဘဲ အားလုံး အသတ်ခံလိုက်ရသည်။
"မာဝမ်ချိုင်" ဇာတ်ကောင်နှင့်တူသော မာလုံဟွန်း၏ မိစ္ဆာမျိုးနွယ်စုဝင်များကိုတော့ ကျိယွမ်က အမြစ်ပြတ် သုတ်သင်ပစ်၏။
သို့သော် တစ်ခုတည်းသော နောင်တရစရာမှာ မာလုံဟွန်းသည် မည်သည့်သဲလွန်စမျှမထားဘဲ ပျောက်ကွယ်သွားခြင်းပင် ။
မာလုံဟွန်းကို ရှာဖွေရန်အတွက် ကျိယွမ်သည် နည်းလမ်းနှစ်မျိုးကို အသုံးပြုခဲ့သည်။
ပထမဦးစွာ သူသည် လူတစ်ဦးအား မိမိအယောင် ဖန်တီးစေပြီး မာလုံဟွန်းကို ရှာဖွေရန်အတွက် "မိစ္ဆာနှိမ်နင်းရေးရုံးတော်" ကို တည်ထောင်စေခဲ့၏။
တစ်ချိန်တည်းမှာပင် ကျိယွမ်သည် "သူတော်စင်ထုံးတမ်းစဉ်လာဘုရားကျောင်း" ဟူသော အမည်ဖြင့် မာလုံဟွန်း၏ မိသားစုဝင်များကို တိတ်တဆိတ် မြှုပ်နှံပေးခဲ့သည်။
သူတော်စင်ထုံးတမ်းစဉ်လာ ဘုရားကျောင်းသည် လူသားနှင့် မိစ္ဆာများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် သဘာဝတရားနှင့် သဟဇာတဖြစ်မှုကို တိုက်တွန်းသည့် သေးငယ်သော ဘာသာရေးအုပ်စုတစ်ခု ဖြစ်၏။
သို့သော် ထိုအုပ်စု၏ အဖွဲ့ဝင်အများစုမှာ လူသားများသာ ဖြစ်ကြသည်။
လူသားနှင့် မိစ္ဆာများ စစ်ဖြစ်ပွားချိန်တွင် လူသားမျိုးနွယ်များ ကျဆုံးနေသည့်အခါ၌ ထိုအုပ်စုသည် မိစ္ဆာများနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် လူသားများအနေဖြင့် ခုခံမှုကို ရပ်တန့်သင့်သည်ဟူသော သတင်းစကားကို ဖြန့်ဝေခဲ့၏။
သူတော်စင်ထုံးတမ်းစဉ်လာ ဘုရားကျောင်းက မာလုံဟွန်း၏ မိသားစုကို မြှုပ်နှံပြီးနောက် ကျိယွမ်သည် အထူးနည်းလမ်းများဖြင့် လျှောက်ထားကာ ထိုသင်္ချိုင်း၏ စောင့်ရှောက်သူ ဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍ သူသည် သင်္ချိုင်းတွင်နေထိုင်ကာ မာလုံဟွန်းအနေဖြင့် သူ၏ မိစ္ဆာဆွေမျိုးများနှင့် မိဘများကို လာရောက်ကန်တော့မည်ကို ထိုနေရာတွင် ထိုင်၍ စောင့်ဆိုင်းနေခဲ့ခြင်းပင်။
ကံမကောင်းစွာဖြင့် သုံးနှစ်ကြာမြင့်သွားသော်လည်း မာလုံဟွန်းကို ရှာမတွေ့သေးပေ။
ထို့အတူ မိစ္ဆာနှိမ်နင်းရေးရုံးတော်ကလည်း မာလုံဟွန်းရှိရာကို ရှာဖွေနိုင်ခြင်း မရှိသေးပါ။
"မိသားစုတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်တာက အပြောလွယ်ပေမဲ့ လုပ်ရတာတော့ ပညာသားပါတဲ့ အလုပ်တစ်ခုပဲ၊ ဒီလောက်ပြင်ဆင်ထားတာတောင် လူတစ်ယောက်ကိုမှ ရှာမတွေ့နိုင်သေးဘူး"
ကျိယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
ထိုစဉ်မှာပင် သူသည် တိုးညင်းသော ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရ၏။
"မစ္စတာကျိ... ထမင်းစားချိန် ရောက်ပါပြီ"
ဝမ်ယွမ်ယွီသည် လက်ရှည်ပါသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ကာ ခါးတွင် ကျောက်စိမ်းဖြူခါးပတ်ကို ပတ်ထားပြီး ကျိယွမ်ရှိရာသို့လျှောက်သည်။ သူမ၏ ခါးပတ်ပေါ်တွင် ထူးခြားသော ငှက်ပုံစံကို ပန်းထိုးထား၏။
တစ်ယောက်ယောက်က သူမ၏မျက်နှာကိုကြည့်လိုက်လျှင်တော့ မြင်ရမည်မဟုတ်ပါ ။ သူမ၏ ဦးခေါင်းကို အနက်ရောင်အိတ်ဖြင့် အုပ်ထားပြီး မျက်လုံးနှင့် ပါးစပ်ကိုသာ ဖော်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် တော်ရုံဖြင့် သူမမည်သူဖြစ်သည်ကို မသိနိုင်ပါ။
ထိုအနက်ရောင်အိတ်မှာ ကျိယွမ်က သူမ၏ ဆန္ဒကို မေးမြန်းပြီးနောက် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် ဝမ်ယွမ်ယွီ၏ ဘေးကင်းလုံခြုံမှုအတွက်သာမက မာလုံဟွန်းကို လန့်ပြေးမသွားစေရန်အတွက်လည်း ဤသို့ ပြုလုပ်ထားခြင်း ဖြစ်၏။
ဝမ်ယွမ်ယွီသည် ဟင်းလျာသုံးပွဲကို ယူဆောင်လာပြီး ကျိယွမ်၏ ရှေ့တွင် ချထားပေးလိုက်သည်။
လေထုထဲတွင် မွှေးပျံ့သော ရနံ့များ ပျံ့လွင့်သွားပြီး ပန်းကန်များထဲတွင် ထူးဆန်းသော ဟင်းလျာများ ရှိ၏။
ထိုဟင်းလျာများထဲတွင် ပုစဉ်းရင်ကွဲကြော်၊ ချေးထိုးပိုးကောင်ကြော်နှင့် ပိုးကောင်ပေါင်းတို့ ပါဝင်သည်။
ကျိယွမ်သည် ထိုဟင်းလျာများကို ကြည့်ကာ ကူကယ်ရာမဲ့နေသော မျက်လုံးများဖြင့် သက်ပြင်းချ၏။
"မင်းက ငှက်လား ဘာလားပဲ၊ ဘာလို့ နေ့တိုင်း ပိုးကောင်ဟင်းတွေပဲ လုပ်နေရတာလဲ"
ဝမ်ယွမ်ယွီကတော့ မထူးဆန်းသလိုတုန့်ပြန်သည်။
"ဒါက ရှင့်ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီပါတယ်"
"ဟူး... ငါ မင်းကို ဒီမှာထားတာက မင်းရဲ့ ကောင်းကျိုးအတွက်ပဲ"
ကျိယွမ်က ဝမ်ယွမ်ယွီအား စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားပေးရန် ကြိုးစားလိုက်သည်။
ဘလူးစတားမှ လူတစ်ယောက်အနေဖြင့် ကျိယွမ်သည် ကိုယ်ကျင့်တရားဆိုင်ရာ ဖိအားပေးသည့် အတတ်ပညာတွင် အတော်ပင် ကျွမ်းကျင်လှ၏။
"ငါ ဒါကို လုပ်နေတာက မင်းရဲ့ အကျိုးအတွက်ပဲ"
"မင်းက ဒီလောက် ချမ်းသာနေတာပဲ၊ ဘာလို့ ပိုပြီး အလှူမလုပ်တာလဲ"
"ဒါက လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်ဆိုတာ မသိဘူးလား "
စသဖြင့် ဖိအားပေးရန် ခေါင်းစဥ်ပေါင်းများစွာကို သူကြားဖူးပြီးသားပင်။
ဝမ်ယွမ်ယွီ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားပြီး နားမလည်စွာမေး၏။
"ရှင် ဘာလို့ ကျွန်မကို သတိလစ်အောင်လုပ်ပြီး ဒီကို ခေါ်လာရတာလဲ"
သူမသည် ယခုချိန်ထိတိုင် ဇဝေဇဝါ ဖြစ်နေဆဲပင် ။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူမသည် သူငယ်ချင်းများနှင့်အတူ နွေဦးရာသီ အပန်းဖြေခရီးထွက်နေစဉ် ထူးဆန်းသော လူတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။
ထိုလူမှာ ကျိယွမ်ပင်။
ထိုစဉ်က ကျိယွမ်သည် အိတ်အချို့ကို ကိုင်ထားပြီး သူမအား မည်သည့်အိတ်ကို ကြိုက်သနည်းဟု မေးခဲ့၏။
သူမအနေဖြင့် ထူးဆန်းသည်ဟု ထင်သော်လည်း တစ်လုံးကို ရွေးချယ်မိခဲ့သည်။
ထို့နောက်တွင် သူမသည် ရုတ်တရက် သတိလစ်သွားပြီး သူမ ပြန်လည်နိုးထလာချိန်တွင် မိမိကိုယ်ကို ဤသင်္ချိုင်းဂူထဲ၌ ရောက်နေသည်ကို တွေ့ရှိခဲ့သည်။
"ငါ့ကို မင်းကို ကာကွယ်ပေးဖို့ သူငယ်ချင်းဟောင်းတစ်ယောက်က အပ်နှံထားလို့ပါ"
ကျိယွမ်က ဟင်းခွက်ထဲမှ ချေးပိုးထိုးကောင်များအား ဝါးတူဖြင့် ဟိုထိုးဒီထိုးလုပ်နေရင်းမှ တိုးညင်းစွာ ပြောလိုက်သည်၊၊
"အပြင်လောကက သိပ်ကို အန္တရာယ်များတယ်၊ မင်း ဘေးကင်းပြီဆိုတာ ငါသေချာရင် မင်းကို ပြန်လွှတ်ပေးမှာပါ"
ဝမ်ယွမ်ယွီသည် ချီယွမ်ကို ကြည့်လိုက်ပြီး သူမ၏ အမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် ဘာမျှမပြောတော့ဘဲ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။
၁၅ မိနစ်ခန့်အကြာတွင် ဝမ်ယွမ်ယွီသည် သူမ၏ ဝါးအိမ်သို့ ပြန်ရောက်လာ၏။
ထိုအိမ်သည် သင်္ချိုင်းဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိ၏။
ဝမ်ယွမ်ယွီ အိမ်ထဲသို့ ဝင်လိုက်သည့်အခါ အရိပ်တစ်ခု ရုတ်တရက် လှုပ်ရှားသွားပြီး ငှက်နှုတ်သီးပုံစံရှိသော အဘွားအိုတစ်ဦး ပေါ်လာသည်။
"အထိန်းတော်ကြီး... စုံစမ်းစစ်ဆေးမှုတွေ ပြီးပြီလား"
ဝမ်ယွမ်ယွီက မေးလိုက်သည်။
ထိုအရိပ်မှာ ဝမ်ယွမ်ယွီကို ကာကွယ်ရန် မူလနယ်မြေမှ ရောက်ရှိလာသော ဝမ်အထိန်းတော်ပင် ဖြစ်သည်။
"သခင်မလေး... ဒီသင်္ချိုင်းစောင့်က သေခြင်းစွမ်းအင်လောကရဲ့ သွေးမျိုးဆက်က ဆင်းသက်လာသူ ဖြစ်ပုံရပါတယ်"
ဝမ်အထိန်းတော်က သူမ သိသလောက်တင်ပြသည်။
"သေခြင်းစွမ်းအင်လောက ဟုတ်လား"
ဝမ်ယွမ်ယွီက ထိုအမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၍ အံ့အားသင့်သွား၏။
"အရုဏ်ဦးတေးသံကို ရှောင်ရှားဖို့အတွက် မူလဇစ်မြစ်နယ်မြေက သိုင်းဘုရင်တွေ စုပေါင်းပြီး ကံပါလာတဲ့သူတွေကို အဆုံးသတ်နယ်မြေထဲကနေ သေခြင်းစွမ်းအင်လောကထဲကို ဆွဲခေါ်ပြီး တာဝန်တွေ ပေးအပ်ခဲ့ကြတယ်"
"ကြည့်ရတာ သူတို့ရဲ့မစ်ရှင်က သခင်မလေးကို ကာကွယ်ပေးဖို့ ဖြစ်ပုံရတယ်၊ အဲဒါကြောင့် သူက သခင်မလေးကို ဒီကို ခေါ်လာတာပါ၊ တောင်နဲ့မြစ်ပန်းချီကားထဲမှာ ရှုပ်ထွေးမှုတွေရှိနေပြီး မူလဇစ်မြစ်နယ်မြေမှာလည်း အန္တရာယ်များနေတာကြောင့် သခင်မလေးရဲ့ ဆရာဖြစ်သူ စွမ်းအားတွေ ပြန်မရမချင်း ဒီမှာပဲ နေတာက ပိုကောင်းပါလိမ့်မယ်"
ဝမ်အထိန်းတော်က ရှင်းပြသည်။
ဝမ်ယွမ်ယွီသည် တောင်နှင့်မြစ်ပန်းချီကားထဲတွင် သာမန်လူတစ်ဦးဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူမသည် မူလဇစ်မြစ်နယ်မြေမှ အစွမ်းထက်သော သိုင်းဘုရင်တစ်ဦး၏ သွေးမျိုးဆက် ဖြစ်သည်။
"အင်း"
ဝမ်ယွမ်ယွီက စိတ်မပါစွာခေါင်းညိတ်လိုက်သည်။
ဝမ်အထိန်းတော် ရှိနေခြင်းကြောင့် သူမ၏ မှတ်ဉာဏ်များ တဖြည်းဖြည်း ပြန်လည်နိုးထလာနေ၏။
"သခင်မလေး... ကျွန်မ ထူခွမ်ကို ရှာတွေ့ထားပါတယ်၊ သူက သခင်မလေးရဲ့ ဘေးကင်းလုံခြုံရေးအတွက် သိပ်ကို စိုးရိမ်နေတာပါ၊ သူ့ကို သခင်မလေးဆီ ခေါ်လာပေးရမလား"
ဝမ်အထိန်းတော်က ရိုသေစွာ မေးလိုက်သည်။
ထူခွမ်ဆိုသူသည် ကျိယွမ်၏ အမြင်တွင် ပုံပြင်ထဲမှ လျှံစန်းပေါ် ဖြစ်၏။
သူသည် ဝမ်ယွမ်ယွီ၏ အတန်းဖော်ဖြစ်ပြီး သူမကို ချစ်ရေးဆိုရန် ကြိုးပမ်းနေသူလည်း ဖြစ်သည်။
ထူခွမ်၏ အမည်ကို ကြားလိုက်ရသည့်အခါ ဝမ်ယွမ်ယွီ တွန့်ဆုတ်သွား၏။
သူမ၏ မရေရာမှုကို ရိပ်မိလိုက်သောအခါ ဝမ်အထိန်းတော်က ဆက်ပြောသည်။
"ထူခွမ်ကလည်း သခင်မလေးလိုပဲဒီလောကမှာ မူလဇစ်မြစ်နယ်မြေက သိုင်းဘုရင်ရဲ့ တိုက်ရိုက်သွေးမျိုးဆက်ရှိတဲ့ နှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး မူလဇစ်မြစ်နယ်မြေကို ဝင်ရောက်နိုင်သူပါ၊ သူက ခင်မင်သင့်တဲ့သူ ဖြစ်ပါတယ်၊ ကျန်တဲ့သူတွေအားလုံးက အတုအယောင်တွေပါပဲ"
တောင်နှင့်မြစ်ပန်းချီကားထဲတွင် အရာအားလုံးမှာ အစစ်အမှန်မဟုတ်ပေ။
ဝမ်ယွမ်ယွီနှင့် ထူခွမ်တို့သာလျှင် အစစ်အမှန်ဖြစ်ပြီး မူလနယ်မြေသို့ ဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။
ဝမ်ယွမ်ယွီက မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်သလိုမေး၏။
"ဒါဆို သူကလည်း သိုင်းဘုရင်ရဲ့ တိုက်ရိုက်သွေးမျိုးဆက်ပေါ့၊ ဒါကို ကျွန်မ မထင်ထားဘူး၊ ဒါဆို ကျိယွမ်ကော... သူကလည်း သွေးမျိုးဆက်တစ်ခုက ဆင်းသက်လာတာဆိုတော့ မူလဇစ်မြ၀်နယ်မြေကို ဝင်လို့ရလား"
ဝမ်အထိန်းတော်၏ မျက်လုံးများတွင် သတိထားရမည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"သွေးမျိုးဆက်က ဆင်းသက်လာသူတွေထဲမှာ တိုက်ရိုက်သွေးမျိုးဆက် အနည်းငယ်ပဲ မူလဇစ်မြစ်နယ်မြေကို ဝင်လို့ရတာပါ၊ အများစုက သာမန်လူတွေပဲ၊ ကျိယွမ်မှာ သိုင်းဘုရင်ရဲ့ အမှတ်အသားမပါတဲ့အတွက် သူက အစေခံအနေနဲ့တောင် မူလနယ်မြေကို ဝင်လို့မရပါဘူး"
ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ယွမ်ယွီ စိတ်ပျက်သွားသလို ခံစားလိုက်ရ၏။
မိမိကဲ့သို့ သိုင်းဘုရင်၏တိုက်ရိုက် သွေးမျိုးဆက်ရှိသူများမှလွဲ၍ အခြားသူများသည် အစွမ်းထက်သော စစ်သည်တော်များ ဖြစ်နေလျှင်ပင် မူလနယ်မြေသို့ မဝင်ရောက်နိုင်သည်ကို သူမ နားလည်လိုက်သည်။
တောင်နှင့်မြစ်ပန်းချီးကားထဲတွင် သိုင်းဘုရင်တစ်ဦး ဖြစ်မလာသရွေ့ အတုအယောင်အဖြစ်သာ ရှိနေမည်ဖြစ်ပြီး အတုအယောင်မှ အစစ်အမှန်သို့ ပြောင်းလဲကာ မူလဇစ်မြစ်နယ်မြေသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
"ဒါနဲ့ ခုမှသတိရလို့... ဒီလောကမှာ မိစ္ဆာအားလုံးကို သုတ်သင်လိုက်တဲ့ မိစ္ဆာနှိမ်နင်းရေးရုံးတော်ရဲ့ အကြီးအကဲကတော့ ထူးခြားတဲ့ ပါရမီရှိပါတယ်၊ သူကတော့ သိုင်းဘုရင်ရဲ့ အမှတ်အသား ပါနိုင်ချေရှိပြီး မူလနယ်မြေကို ခေါ်သွားလို့ ရနိုင်ပါတယ်၊ ဒါပေမဲ့ သူက တခြားသိုင်းဘုရင်တစ်ယောက်ရဲ့ လူဖြစ်နေနိုင်တာကြောင့် အစေခံအဖြစ်တော့ လုပ်လို့ရမှာ မဟုတ်ဘူး"
ဝမ်အထိန်းတော်က သူမသိထားသော လူတစ်ယောက်အကြောင်းကို ပြောပြသည်။
သို့သော် သိုင်းဘုရင်အဆင့်ဖြစ်သော ဝမ်အထိန်းတော်သည် မိစ္ဆာနှိမ်နင်းရေးရုံးတော်၏ အကြီးအကဲကို ကြောက်ရွံ့ခြင်းတော့ မရှိပါ။
သူမသည် မူလနယ်မြေမှ လာသူဖြစ်ပြီး သိုင်းဘုရင်အဆင့် နည်းစနစ်များကို သင်ယူထားသူ ဖြစ်သည်။
သူမအတွက်မူ မိစ္ဆာနှိမ်နင်းရေးရုံးတော်၏သိုင်းဘုရင်မှာ အားနည်းပြီး အရေးမပါသူသာ ။
"နှမြောစရာပဲ"
ဝမ်ယွမ်ယွီက မှတ်ချက်ပေးလိုက်သော်လည်း သူမက ကျိယွမ်ကို ရည်ညွှန်းခြင်းလော သို့မဟုတ် မိစ္ဆာနှိမ်နင်းရေးရုံးတော်၏ အကြီးအကဲကို ရည်ညွှန်းခြင်းလော ဆိုသည်မှာတော့ သူမသာ အသိဆုံးဖြစ်ပါလိမ့်မည်။
"သခင်မလေး... အခု ကျွန်မတို့ အားနည်းနေတဲ့အချိန်မှာ အပြင်လူရဲ့ အကူအညီ လိုအပ်ပါတယ်၊ ထူခွမ်က အကူအညီကောင်းတစ်ခု ဖြစ်လာမှာပါ၊ သူ့နဲ့ ဆက်ဆံရေးကောင်းအောင် ထိန်းထားဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ်၊ ကျွန်မတို့ရဲ့ တွက်ချက်မှုတွေအရ သူက ဒီတောင်နှင့်မြစ်ပန်းချီလောကရဲ့ ကံပါလာတဲ့ ကလေးငယ် ဖြစ်ပါတယ်"
ဝမ်အထိန်စတော်က ထူခွမ်အဆင်ပြေပြေနေရန် တိုက်တွန်းသည်။
"ဒါပေမဲ့... မစ္စတာကျိက ထူခွမ်ကို ဒီကိုလာဖို့ သဘောတူပါ့မလား"
ဝမ်ယွမ်ယွီက မရေမရာ မေးလိုက်သည်။
ဝမ်အထိန်းတော်လည်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီး အတန်ကြာမှ ပြန်ဖြေ၏။
"သခင်မလေး... သူ့လို နိမ့်ကျတဲ့ သွေးမျိုးဆက်ရဲ့ ခံစားချက်ကို ထည့်စဉ်းစားနေဖို့ မလိုပါဘူး၊ ဒီလောကက တိုက်ရိုက်သွေးမျိုးဆက်တွေ ဖြစ်တဲ့ ကျွန်မတို့နဲ့ပဲ ဆိုင်တာပါ၊ ဒါက သိုင်းဘုရင်တွေရဲ့ လောကပါ၊ နိမ့်ကျတဲ့ သွေးမျိုးဆက်တွေကတော့... သွေးစက်လေးတွေထက် မပိုပါဘူး၊ သူတို့က အစစ်အမှန်လောကထဲကို ဝင်ဖို့တောင် အရည်အချင်းမရှိကြပါဘူး"
တောင်နှင့်မြစ်ပန်းချီကားဆိုသည်မှာ လုပ်ကြံဖန်တီးထားသော လောကတစ်ခုသာ ဖြစ်သည်။
မူလဇာတ်မြစ်နယ်မြေကသာ အစစ်အမှန်လောက ဖြစ်၏။
"ဝမ်အထိန်းတော်.. အဲဒီလို မပြောပါနဲ့၊ သူက ကျွန်မကို ကာကွယ်ပေးခဲ့တာပါ၊ ဘာပဲပြောပြော သူက ကျွန်မရဲ့ ကျေးဇူးရှင်ပါပဲ ၊ ထူခွမ်နဲ့ ပတ်သက်ရင်တော့ ကျွန်မဘာသာပဲ မစ္စတာကျိရဲ့ သဘောထားကို မေးကြည့်ပါ့မယ်"
ဝမ်ယွမ်ယွီက မျက်မှောင်ကုပ်ကာ ပြောလိုက်ပြီး သူမ၏ အသံတွင် ဒေါသသံ အနည်းငယ်ပါဝင်နေ၏။
ဝမ်အထိန်းတော်သည် ချက်ချင်းခေါင်းငုံ့သွားပြီး အနည်းငယ်လည်း တုန်လှုပ်သွားသည်။
သူမ၏ ခွန်အားက ဝမ်ယွမ်ယွီထက် သာလွန်သော်လည်း သွေးမျိုးဆက် အဆင့်အတန်း ကွာခြားမှုကြောင့် ယခုလို ဖိအားကို ခံစားနေရခြင်း ဖြစ်၏။
"ကောင်းပါပြီ သခင်မလေး.."
..................
ခုနစ်ရက်အကြာတွင် ရုတ်တရက် မိုးဖွဲဖွဲလေး ရွာသွန်းလာသည်။
ဝမ်ယွမ်ယွီသည် အဆောင်တစ်ခုထဲတွင် ထိုင်နေပြီး အပြင်ဘက်ရှိ ကျိယွမ်ကို ငေးကြည့်နေ၏။
ကျိယွမ်ရှိရာဘက်မှ ထူးဆန်းသော အသံများ ကြားနေရသော်လည်း ဝမ်ယွမ်ယွီမှာမူ ယဉ်ပါးနေပြီ ဖြစ်သည်။
"တင်...သင်သည် မိစ္ဆာသွေး စက် ၁၀၀ ကို သုံးစွဲပြီး ကျင့်ကြံမှု ရက်ပေါင်း ၁၀၀ ကို ရရှိခဲ့တယ်"
"တင်...သင်သည် မိစ္ဆာသွေး စက် ၁၀၀၀ ကို သုံးစွဲပြီး ကျင့်ကြံမှု ရက်ပေါင်း ၁၀၀၀ ကို ရရှိခဲ့တယ်၊ သင့်ရဲ့ စွမ်းအားတွေ သိသိသာသာ တိုးတက်လာပါပြီ"
ဝမ်ယွမ်ယွီသည် အတန်ကြာသည်အထိ ထိုင်ငေးကာ စဉ်းစားခန်းဝင်နေ၏။ အတန်ကြာမှ သူမက ကျိယွမ်အနားသို့ လျှောက်သွားပြီး မေးလိုက်သည် ။
"မစ္စတာကျိ... ကျွန်မ မေးခွန်းတစ်ခုလောက် မေးလို့ရမလား"
ကျိယွမ်က မျက်လုံးများကို ညင်သာစွာဖွင့်လိုက်ပြီး အနက်ရောင်အိတ်ဖြင့် မျက်နှာကို အုပ်ထားသော ဝမ်ယွမ်ယွီကို ကြည့်လိုက်သည်။
"ဒီနေ့ ငါ စိတ်ကောင်းရှိနေတယ်၊ ဒါကြောင့် NPC တစ်ယောက်ဖြစ်တဲ့ မင်းကို မေးခွန်းတစ်ခု မေးခွင့်ပြုမယ်"
သူက ပေါ့ပေါ့ပါးပါးခွင့်ပြုလိုက်၏။
အမှန်တကယ်ပင် သူသည် စိတ်အခြေအနေ ကောင်းမွန်နေခြင်းပင်။ သူ၏ တွက်ချက်မှုအရ ယနေ့သည် သတို့သမီးလေး ၊ ကျူးယန်၊ နင်းထောင်တို့နှင့် လက်ထပ်ခဲ့သည့် နှစ်ပတ်လည်နေ့ ဖြစ်လေသည်။
"တကယ်လို့ တစ်နေ့မှာ ဒီလောကကြီးက အတုအယောင်တွေပဲ ဖြစ်နေပြီး တစ်ယောက်ယောက်က ဖန်တီးပုံဖော်ထားတာလို့ သိလိုက်ရရင်... ရှင် ဘယ်လို တုံ့ပြန်မလဲ"
ဝမ်ယွမ်ယွီက သူမ၏ သံသယကို မေးလိုက်သည်။
"အိုး... NPC ဖြစ်တဲ့ မင်းလည်း နောက်ဆုံးတော့ နိုးကြားလာပြီပေါ့၊ ဒီလောကကြီးက အတုအယောင်ဆိုတာ သိသွားပြီပဲ၊ ကောင်းတယ် ကောင်းတယ်... မင်း တိုးတက်လာပြီ"
ကျိယွမ်က ဝမ်ယွမ်ယွီကို အထင်ကြီးလေးစားဟန်ဖြင့် ကြည့်လိုက်သည်။
သူသည် ဂိမ်းကို အချိန်အတော်ကြာ ကစားခဲ့သော်လည်း မည်သည့် NPC တစ်ဦးကမှ ဤအရာမှာ ဂိမ်းတစ်ခုသာဖြစ်သည်ဟု သိရှိခြင်း မရှိခဲ့ကြပေ။
ဝမ်ယွမ်ယွီမှာတော့ သူ၏ တုံ့ပြန်မှုကြောင့် ရယ်လည်းရယ်ချင်သလို ကူကယ်ရာမဲ့သလိုလည်း ခံစားလိုက်ရသည်။
သူမသည် သိုင်းဘုရင်၏ တိုက်ရိုက်သွေးမျိုးဆက်ဖြစ်ပြီး အစစ်အမှန်လောက၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ကျိယွမ်နှင့်တကွ တောင်နှင့်မြစ်ပန်းချီကားထဲရှိ အခြားသူများအားလုံးကတော့ အတုအယောင်များ ဖြစ်ကြ၏။
"လောကကြီးက အမြဲတမ်း အတုအယောင် ဖြစ်နေခဲ့တာပဲ၊ ဒီလောကမှာ ငါတစ်ယောက်တည်းပဲ အစစ်အမှန်ပါ၊ ပြီးတော့ ငါက ဘယ်သူ့ကို အစစ်အမှန်လို့ သတ်မှတ်သလဲဆိုတာတော့ ရှိတာပေါ့.. ငါက အစစ်အမှန်လို့သတ်မှတ်ရင် အဲဒီလူက အစစ်အမှန်ပဲ"
ကျိယွမ်က တည်ငြိမ်စွာ ရှင်းပြ၏။
"ဒါက ငါ့ဘဝကို ဖြတ်သန်းလာတဲ့ နည်းလမ်းပဲ၊ ဒါက အလုပ်ဖြစ်တယ်လေ"
"လူဆိုးတွေ ဒါမှမဟုတ် ရန်သူတွေကို တွေ့ရင်... 'မင်းတို့ မိစ္ဆာတွေ၊ မင်းတို့က အစစ်အမှန်မဟုတ်ဘူးဆိုတာ ငါ တစ်ချက်ကြည့်ရုံနဲ့ သိတယ်' လို့ပဲ ပြောလိုက်တယ်"
ဝမ်ယွမ်ယွီသည် မည်သည့်တုန့်ပြန်မှုမှ မလုပ်ဘဲ ကျိယွမ်၏ တောင်စဥ်ရေမရစကားများကို စဉ်းစားနေ၏။
မကြာသေးမီ ရက်ပိုင်းအတွင်းကမှ သူမ၏ မှတ်ဉာဏ်များ ပြန်လည်ဝင်ရောက်လာခဲ့သည်
သို့သော် သူမသည် ရှုပ်ထွေးမှုကို ခံစားနေရ၏။
သူမ၏ အတိတ်ဘဝတွင် သူမနှင့် ထူခွမ်တို့သည် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးကြသော နတ်ဘုရားချစ်သူများ ဖြစ်ခဲ့ကြသည်။ သို့သော် မြင်းမိစ္ဆာတစ်ကောင်က သူတို့ကို လိုက်လံတိုက်ခိုက်ခဲ့ပြီး သူတို့ကို ခွဲခွာစေကာ သတ်ဖြတ်ခဲ့၏။
နောက်ပိုင်းတွင် သူတို့၏ ဘိုးဘေးများက သူတို့၏ ဝိညာဉ်များကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ထည့်သွင်းကာ ပြန်လည်ရှင်သန်လာစေရန် မျှော်လင့်ခဲ့ကြသည်။
သူတို့သုံးဦးသည် ယခင်ဘဝ ခြေရာဟောင်းကို ပြန်နင်းနိုင်ပါက အတုအယောင်မှ အစစ်အမှန်သို့ ပြောင်းလဲကာ မူလဇစ်မြစ်နယ်မြေတွင် ပြန်လည်ရှင်သန်နိုင်မည် ဖြစ်သည်။
သို့သော် ... ယခု ထူခွမ်အကြောင်း စဉ်းစားလိုက်တိုင်း သူမ ဘာမှ မခံစားရပါ။
ထူခွမ်သည် အမှန်တကယ်ပင် ချောမောသော်လည်း မစ္စတာကျိယွမ်နှင့် နှိုင်းယှဉ်လျှင်မူ နတ်သမီးနှင့် ဖားပြုပ်ကဲ့သို့ ကွာခြားလှ၏။
ကျိယွမ်၏ အလွန်ချောမောသော မျက်နှာကို မြင်တွေ့ပြီးနောက်တွင် သူမအနေဖြင့် ထူခွမ်အပေါ် မည်သည့်ခံစားချက်မျှ မရှိနိုင်တော့ပေ။
ယခုအခါ သူမသည် သူမ၏ အတိတ်ဘဝက ထူခွမ်ကို တကယ်ချစ်ခဲ့သလားဟုပင် သံသယဝင်လာခဲ့သည်။
"မစ္စတာကျိ... ရှင် အတိတ်ဘဝကို ယုံသလား"
ဝမ်ယွမ်ယွီက ထပ်မေးသည်။
ကျိယွမ်က ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်၏။
"ငါ သတိဝင်လာတဲ့ အချိန်ကစလို့ ငါက ငါပဲ၊ ငါ့မှာ အတိတ်ဘဝဆိုတာ မရှိဘူး"
သူ့မှာ ဘယ်လိုလုပ် အတိတ်ဘဝ ရှိနိုင်ပါမည်နည်း။
သူသည် ဤနေရာသို့ ကူးပြောင်းရောက်ရှိလာသူဖြစ်ပြီး ဝင်စားသူ မဟုတ်ပေ။
နေ့တိုင်း သူသည် မှန်ထဲတွင် မိမိကိုယ်ကိုယ် ကြည့်လေ့ရှိပြီး သူ၏ဆန်းကြယ်သောမျက်လုံးများက သူ့အား အသုံးဝင်သော အချက်အလက်များကို ပေးပါသည်။
ငါက သူများကိုပဲ ကြည့်ပြီး အဖြေရှာနေတာမဟုတ်ဘူး ၊ ငါ့ကိုယ်ငါလည်း အမြဲစစ်ဆေးနေတာ ။
ထိုအချက်အလက်အားလုံးအရ သူသည် ဘလူးစတားမှ ရိုးရိုးကူးပြောင်းလာသူတစ်ဦးသာ ဖြစ်ပြီး ကြီးကျယ်သော နောက်ခံ သို့မဟုတ် အားကောင်းသော အတိတ်ဘဝ မရှိပါ။
ဝမ်ယွမ်ယွီ ခေတ္တမျှ တိတ်ဆိတ်သွားပြီး ငြိမ်သက်သွား၏။
"ကျွန်မ အတိတ်ဘဝက မှတ်ဉာဏ်တချို့ နိုးကြားလာတယ်၊ အဲဒီမှာ ကျွန်မက လူတစ်ယောက်ကို သိပ်ချစ်ခဲ့တာ၊ ဒါပေမဲ့ အခု သူ့ကို တွေ့တဲ့အခါ ဘာမှ မခံစားရဘူး၊ ဒါက... ကျွန်မ အချစ်တွေ ကုန်ဆုံးသွားပြီလို့ အဓိပ္ပာယ်ရတာလား"
ဝမ်ယွမ်ယွီသည် ထိုအရာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပုံ ရသည်။
သူမ၏ဘဝနှစ်ခုလုံးတွင် ကျိယွမ်လောက်ချောမောသူကို မပြောနှင့်ဦး ၊ သူ့လောက်နီးနီးချောမောသူကိုပင် မတွေ့ဖူးခဲ့ပါ ။ ချောမောယောက်ျားများစွာ သူမမြင်တွေ့ဖူးပါသည် ။ သို့သော် သူမတို့မိန်းမပျိုများက ကျိယွမ်ကို မမြင်ဖူးသေး၍ သူတို့အား ချောသည်ဟု ထင်နေကြခြင်းပင် ။
သူမ ဘယ်လိုလုပ် ဘာမှမခံစားရဘဲ နေနိုင်ပါမည်နည်း။
ထူခွမ်လား ....သူက ကျိယွမ်နှင့်ယှဉ်လျှင် ဘာမျှမဟုတ်တော့ပေ။
ကျိယွမ်က သူမကို အံ့သြသလို ကြည့်လိုက်ပြီး နားမလည်စွာ မေးလိုက်သည်။
"မင်းမှာ ချစ်သူအသစ်ရှိနေလို့လား"
"မ..မရှိပါဘူး"
ကျိယွမ်က ခေါင်းညိတ်၏။
"ဒါဆို မင်းရဲ့ အချစ်တွေ ကုန်ဆုံးသွားတာ မဟုတ်ဘူး၊ မင်း သူ့ကို တစ်ခါမှ မချစ်ခဲ့ဖူးဘူးလို့ပဲ အဓိပ္ပာယ်ရတယ်၊ အဲဒီမှတ်ဉာဏ်တွေက အတုတွေပဲ"
ယခုအခါမှာတော့ သူက အလေးအနက် ပြောလိုက်ခြင်းဖြစ်သည်။
အတိတ်ဘဝ မှတ်ဉာဏ်များ ပြန်ရလာသည့်အခါ နင်းထောင်ကဲ့သို့ အချစ်များ ပြန်လည်နိုးထလာသူများလည်းရှိသည်။
စစ်မှန်သော ခံစားချက်များသည် နှစ်ပေါင်းများစွာ ကြာမြင့်သွားသော်လည်း မှေးမှိန်သွားခြင်းမရှိဘဲ ပိုမိုခိုင်မာလာရမည်သာ ဖြစ်သည်။ထို့သို့မဟုတ်လျှင် မစစ်မှန်သေး၍သာ ။
သို့သော် ဤသို့သော ခံစားချက်မျိုးမှာ ရှားပါးပြီး လက်တွေ့မကျဟုလည်း သူ ယုံကြည်၏။
"အတုအယောင် မှတ်ဉာဏ်တွေလား"
ဝမ်ယွမ်ယွီက တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်း စိတ်ရှုပ်ထွေးနေရတဲ့ အကြောင်းရင်းက... မင်း မသန်မာသေးလို့ပဲ၊ တကယ်လို့ မင်းက လုံလောက်အောင် ကြီးမားပြီး သန်မာမယ်၊ အလုံးစုံကို သိပြီး အရာရာကို တတ်နိုင်မယ်ဆိုရင် မင်းရဲ့ ပြဿနာတွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ်"
"မိန်းကလေး... မင်းမှာ ကြီးမားတဲ့ အလားအလာရှိတာ ငါမြင်နေရတယ်၊ မင်း ကျင့်ကြံဖို့ ကူညီပေးမယ့် အဘွားတစ်ယောက်လောက် လက်ဆောင်ပေးရမလား"
ကျိယွမ်ကတော့ ကျိယွမ်ပင် ။ သူက ဂိမ်းထဲမှာပင် အခွင့်အရေးကို ရအောင် ယူတတ်၏။
ဝမ်ယွမ်ယွီတွင် ထူးခြားသော ပါရမီ ရှိသည်။
သူမတွင် တစ်ခုခု ထူးခြားနေသည်ဟုလည်း သူက ခံစားနေရ၏။
ထို့ကြောင့် သူသည် သူ၏သမီးဖြစ်သူချီချီ၏ စိတ်ဝိညာဉ်ကို သူမအား ပေးသင့်မပေးသင့် မကြာခဏ စဥ်းစားနေမိသည်။
"ပိုပြီး သန်မာလာဖို့လား"
ဝမ်ယွမ်ယွီက နားမလည်သလို မေးသည်။
"ဟုတ်တယ်၊ မင်းသာ လုံလောက်အောင် ကြီးမားပြီး သန်မာမယ်ဆိုရင် ပြဿနာတိုင်း ပျောက်ကွယ်သွားလိမ့်မယ်"
"သန်မာလာဖို့ဆိုတာကိုတော့ ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ လုံလောက်အောင် ကြီးမားဖို့ဆိုတာ ဘာကို ပြောတာလဲ"
"အိုး... ဒါက အလွန်နက်နဲတဲ့ ကျင့်ကြံခြင်းဆိုင်ရာ အမြင်တစ်ခုပဲ၊ သာမန်လူတွေအတွက်တော့ အလုံးစုံသိခြင်းနဲ့ အရာရာကို တတ်နိုင်ခြင်းက အမြင့်ဆုံး ခွန်အားလို့ ယူဆကြတယ်၊ ဒါပေမဲ့ ငါကတော့ အဲဒါကို သဘောမတူဘူး၊ စစ်မှန်တဲ့ အမြင့်ဆုံးကတော့... လုံလောက်အောင် ကြီးမားဖို့ပဲ၊ မင်းသာ လုံလောက်အောင် ကြီးမားနေရင် မင်းက အသန်မာဆုံးပဲ"
"???"
ဝမ်ယွမ်ယွီမှာ ဇဝေဇဝါ ဖြစ်သွားပြီး ကျိယွမ်အား ငေးကြည့်နေ၏။
လူတစ်ယောက်က အရမ်းသန်မာနေရင်ရပြီ မဟုတ်ဘူးလား ၊ ကြီးမားဖို့ လိုသေးလို့လား ။
ကြောင်တောင်တောင်ဖြစ်သွားသော သူမအားကြည့်ကာ ကျိယွမ်မှာ ယခင်ဘဝက ဟာသတစ်ခုကိုပင် သတိရသွားသည်။
"မိန်းကလေး မင်းရဲဘရာဇီယာကို စစ်ကြည့်ဦး တော်ကြာမိုးကြိုးပစ်နေဦးမယ် "တဲ့ ။
------------
အခန်း ၃၅၅ - ငါ့မှာ တကယ်ပဲ ကွဲကွာနေတဲ့ အဖေတစ်ယောက် ရှိနေတာလား...
ကျိယွမ်၏ ထူးဆန်းသောအတွေးအခေါ်ကြောင့် ဝမ်ယွမ်ယွီမှာ ကြောင်တောင်တောင် ဖြစ်သွားပြီး လုံးဝ နားမလည်နိုင် ဖြစ်နေသည်။
သို့သော် ဤသွေးမျိုးဆက်များသည် သေလုမျောပါးဖြစ်နေသော အဆုံးသတ်နယ်မြေမှ လာသူများဖြစ်သဖြင့် ထူးဆန်းသော စကားများ ပြောဆိုခြင်းမှာ ပုံမှန်သာဖြစ်ကြောင်း ဝမ်အထိန်းတော်ထံမှ သူမ သိထားသဖြင့် အရမ်းတော့မအံ့သြမိပါ ။
"ဒါက... မီမ်း (Meme) တစ်ခုပဲလေ"
ကျိယွမ်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။
"ဆိုလ်းမိတ်ဆိုတာ ညီအစ်မတွေကို ပြောတာ၊ ဘရာဇီယာဆိုတာဆိုတာကတော့... အင်း..."
ကျိယွမ်၏ အကြည့်က ဝမ်ယွမ်ယွီ၏ ရင်ဘက်ပေါ်သို့ ကျရောက်သွား၏။
ဝမ်ယွမ်ယွီ၏ မျက်နှာမှာ အိတ်မည်းကြီးအောက်တွင် နီရဲသွားလေသည်။
"လူယုတ်မာ... ဘယ်သူက ရှင့်ရဲ့ ဆိုလ်းမိတ်လဲ။"
သူက ရှက်ရှက်နှင့် သူမ၏ခန္ဓကိုယ်လေးကိုပင် အနည်းငယ်စောင်းလိုက်မိသည်။
"ဟားဟား ..မဆိုးဘူး၊ မင်း မီမ်းတွေကို စပြီး နားလည်လာပြီပဲ။"
ကျိယွမ်က သဘောကျသလို ရယ်မောရင်းမှ ဆက်ပြော၏။
"ဒီကမ္ဘာက အတုကြီးဖြစ်နေပြီး ငါ့ကိုလည်း စိတ်ကူးယဉ် အာရုံတစ်ခုလို့ မင်းက ထင်နေတာပဲ၊ အတွင်းခံလေးကို မြင်ရတာ ဘာပြဿနာရှိလို့လဲ။ နောက်ဆုံးတော့ ငါက တကယ် တည်ရှိနေတာမှ မဟုတ်တာ။"
"ရမလား..."
ဝမ်ယွမ်ယွီက အော်ဟစ်လိုက်သော်လည်း ရုတ်တရက် သူမ တုန့်ကနဲ ဖြစ်သွားပြီး တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား သူမ၏ အမူအရာမှာ တောင့်တင်းသွားသည်။
ထိုခဏ၌ သူမ၏ စိတ်ထဲတွင် တစ်ခုခု ပွင့်လင်းသွားပုံရသည်။
စိတ်ကူးယဉ်မှုနှင့် လက်တွေ့ကြားရှိ နယ်နိမိတ်မှာ အမှန်တကယ်တော့ တည်ရှိမနေပေ။
လောကမှာ တစ်ခုခုက လက်တွေ့ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာ အရေးကြီးလို့လား။
အမှန်တကယ် အရေးကြီးသည်မှာ သူမ၏ ကိုယ်ပိုင်နှလုံးသားသာ ဖြစ်သည်။
ဝမ်ယွမ်ယွီ၏ စဉ်းစားခန်းဝင်နေသော အမူအရာကို မြင်သော် ကျိယွမ်က တစ်ခုခုကို သတိရသွားပြန်သည်။
"မင်း အခုဖြစ်နေတဲ့ ပုံစံက နာမည်ကြီး ဆိုရိုးစကားတစ်ခုကို သတိရစေတယ် ၊ " ငါတွေးတောနေတယ်၊ ဒါကြောင့် ငါတည်ရှိနေတယ် " တဲ့ ၊ မင်းရဲ့ အမြင်မှာ ငါက စိတ်ကူးယဉ် အာရုံတစ်ခုပဲ ဖြစ်နေပါစေဦး၊ ငါက ငါ့ကိုယ်ငါ လက်တွေ့လို့ ယုံကြည်နေသရွေ့... ငါဟာ လက်တွေ့ ဖြစ်နေမှာပဲ။"
ဝမ်ယွမ်ယွီက ကျိယွမ်ကို ကြည့်လိုက်ရင်း သူမ၏ရှုပ်ထွေးမှုများ သိသိသာသာ လျော့ပါးသွားသလို ခံစားရသည်။
အစပိုင်းတွင် တောင်တန်းနှင့်မြစ်ပန်းချီကားလောကသည် အရှေ့ဘက်သခင် ဖန်တီးထားသော စိတ်ကူးယဉ် အာရုံတစ်ခုဖြစ်ကြောင်း ဝမ်အထိန်းတော်ထံမှ ကြားရသောအခါ သူမ စိတ်ပျက်ခဲ့ရသည်။
ယင်းက သူမ၏ ဘဝတစ်ခုလုံးမှာ အိပ်မက်တစ်ခုမျှသာ ဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
ယခု ကျိယွမ်၏ စကားများကို ကြားရပြီးနောက် သူမ တစ်ခုခုကို သဘောပေါက်သွား၏။
အကယ်၍ အရာအားလုံးမှာ စိတ်ကူးယဉ် အာရုံတစ်ခုဟု သူမ ယုံကြည်ပါက ကျိယွမ်၏ စကားများကို လျစ်လျူရှုကာ သူမ၏အတွင်းခံကို အေးအေးဆေးဆေး ပြသလိုက်ရုံသာ ရှိသည်။
အိမ်မက်ထဲတွင်လည်းကောင်း ၊ စိတ်ကူးထဲတွင်လည်းကောင်းအသည်းအသန် ရှက်နေစရာမလို။
အကယ်၍ သူမက ဂရုစိုက်နေသည်ဆိုပါကမူ လက်တွေ့ဖြစ်စေ၊ စိတ်ကူးယဉ်ဖြစ်စေ ဘာကွာခြားတော့မည်နည်း။
"စိတ်ကူးယဉ်လား၊ လက်တွေ့လား ဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက ကျွန်မပါပဲ။"
ဝမ်ယွမ်ယွီက မသက်မသာ သက်ပြင်းချလိုက်သည်။
ကျိယွမ်က ခေါင်းညိတ်ကာ တိုးတိုးလေး မေး၏။
"ခုနက မင်း ငါ့ကို မေးခွန်းတစ်ခု မေးခဲ့တယ်လေ။ အခု... ငါက မေးခွန်းတစ်ခု ပြန်မေးလို့ ရမလား။"
"မေးပါ"
"ဒီကမ္ဘာကနေ... တခြားကမ္ဘာတွေကို ဘယ်လို သွားလာကြတာလဲ။ ငါ မာလုံဟွန်းကို စောင့်နေတာ သူပေါ်မလာသေးဘူး။ သူ တခြားကမ္ဘာကို သွားနေတာမျိုး ဖြစ်နိုင်မလား။"
ကျိယွမ် အနည်းငယ် စိုးရိမ်နေသည်။
သူ ဤကမ္ဘာသို့ စရောက်ချိန်တွင် မားလုံဟွန်းကို ရှာရန် လူများလွှတ်ခဲ့ပြီး သူကိုယ်တိုင်မှာမူ ခွန်အားမြှင့်တင်ရန်သာ အာရုံစိုက်နေခဲ့၏။
သို့သော် မားလုံဟွန်းမှာ ဇာတ်လမ်းအစကတည်းက ပျောက်ဆုံးနေခဲ့ပြီး မြစ်ထဲကျသွားသော ကျောက်ခဲလို ပေါ်မလာခဲ့ပေ။
ဝမ်ယွမ်ယွီက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေ၏
"ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ။ တစ်နှစ်အတွင်းမှာ မာလုံဟွန်း သေချာပေါက် ပေါ်လာမှာပါ။"
မူလ အချိန်မှတ်တမ်းအရဆိုလျှင် နောက်ထပ် နှစ်ဝက်အတွင်း သူမသည် ထူခွမ်ကို ချစ်မိသွားပေလိမ့်မည်။
ထို့နောက် မာလုံဟွန်း ပေါ်လာပြီး သူမနှင့် ထူခွမ် နှစ်ဦးလုံးကို သတ်မည်ဖြစ်၏။
"အော်၊ ဟုတ်လား။ တစ်နှစ်ဆိုတာ သိပ်မကြာပါဘူး။"
ကျိယွမ်က ဝမ်ယွမ်ယွီကို တစ်ချက်ကြည့်ကာ အကြောင်းအရာဟောင်းတစ်ခုကို ပြန်ဖော်ထုတ်လိုက်သည်။
"ဒါနဲ့ မင်းကို အဘွားတစ်ယောက် လက်ဆောင်ပေးမယ်ဆိုတာ တကယ်ပဲ မလိုချင်ဘူးလား။"
ဝမ်ယွမ်ယွီက ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မလိုပါဘူး။"
ထိုအချိန်တွင် ဝမ်ယွမ်ယွီ၏ စိတ်ထဲ၌ အတွေးများစွာ ဖြစ်ပေါ်နေသည်။
မာလုံဟွန်းမှာ အလွန် အစွမ်းထက်၏။ ဝမ်အထိန်းတော်၏ အဆိုအရ သူ ပေါ်လာသောအခါ သူ၏ခွန်အားက သိုင်းဘုရင် အထွတ်အထိပ်အဆင့်တွင် ပင် ရှိနေလိမ့်မည်။
တောင်တန်းနှင့်မြစ်ပန်းချီကားချပ်ထဲတွင် သိုင်းဘုရင်အထွတ်အထိပ်အဆင့်သည် အကန့်အသတ်ဖြစ်ပြီး လောက၏ အသန်မာဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။
ထိုကဲ့သို့သော အစွမ်းထက်သူသည် မိစ္ဆာနှိမ်နင်းရေးရုံး၏ အကြီးအကဲထက်ပင် သာလွန်ကောင်း သာလွန်နိုင်၏။
ကျိယွမ်သည် သူ၏ တာဝန်အတွက် မာလုံဟွန်းကို ရှာဖွေရန် လိုအပ်နေသဖြင့် သူကိုယ်တိုင် အန္တရာယ်ထဲ ကျရောက်သွားနိုင်ချေများနေသည်။
သူမကြောင့် ကျိယွမ်ကို အန္တရာယ်ထဲ မဆွဲသွင်းလိုပေ။
ထို့ကြောင့် သူမ၏ အစီအစဉ်မှာ ရိုးရှင်းသည် ။
မာလုံဟွန်းနှင့် ပတ်သက်သော သတင်းရသည်နှင့် ကျိယွမ်ကို အန္တရာယ်မဖြစ်စေရန် သူမ ထွက်သွားမည်ဖြစ်သည်။
မာလုံဟွန်းကို သူမဘာသာ ရှင်းလင်းပြီးနောက် သူ၏ခေါင်းကို ကျိယွမ်ထံ ယူဆောင်လာပေးကာ တာဝန်ပြီးမြောက်အောင် ကူညီပေးမည်။
ထို့နောက် သူမသည် မူလဇစ်မြစ်နယ်မြေသို့ ပြန်သွားတော့မည်ဖြစ်သည်။
"နှမြောစရာပဲ၊ ငါတို့ ကံမပါဘူး ထင်ပါတယ်။"
ကျိယွမ်က သက်ပြင်းချကာ ခေါင်းခါ၏။
သို့သော် ဆက်ပြီး အတင်းအကျပ် မလုပ်တော့ပေ။ သူက သူအလွန်ဂရုစိုက်သောအရာမှလွဲ၍ ကျန်သည့်အရာများကို အခြေအနေအတိုင်းသာ လွှတ်ထားတတ်သည်။
ဝမ်ယွမ်ယွီကလည်း ပြုံးရုံသာ ပြုံးပြီး ဘာမှ ထပ်မပြောတော့ပေ။
............
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး ကျိယွမ်သည်လည်း သင်္ချိုင်းစောင့်တစ်ယောက်၏ဘဝကို ငြီးငွေ့ဖွယ်ရာဖြတ်သန်းနေရ၏။
ညဉ့်နက်ပိုင်းတွင် သင်္ချိုင်းကုန်းမှာ မှောင်အတိကျနေပြီး ကြောက်မက်ဖွယ်ကောင်းအောင် ခြောက်ခြားဖွယ် ကောင်းနေသည်။
ကျိယွမ်က လက်တစ်ချက် ဝေ့ယမ်းလိုက်ပြီး လမ်းမှားကာရောက်ရှိလာပုံရသော မိစ္ဆာတစ်ကောင်ကို သတ်ပစ်လိုက်သည်။
မိစ္ဆာသွေးစက်သုံးဆယ် သူ၏ အကောင့်ထဲသို့ ရောက်ရှိလာ၏။
"ဒါက သူတော်စင်ထုံးတမ်းစဥ်လာကျောင်းတော်က မွေးထားတဲ့မိစ္ဆာလား။"
ကျိယွမ်က အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်တော့ပေ။
"တင် ...သင်သည် နတ်ဘုရား အပေါက် တစ်ခု ဖွင့်ရန် မိစ္ဆာသွေး ၁၀၀ ကို အသုံးပြုခဲ့သည်"
"ကျရှုံးပါသည်"
ကျိယွမ်က မျက်မှောင်ကြုတ်ကာ နာကျင်ဟန် ပြလိုက်သည်။
"ဒီမိစ္ဆာသွေးတွေက အသုံးမကျဘူး! နတ်ဘုရားအပေါက်တောင် မဖွင့်နိုင်ဘူး၊ သိုင်းပညာကျင့်ကြံမှုအတွက်ပဲ ကူညီပေးနိုင်တယ်။"
သူ၏ မသေမျိုးလမ်းစဥ်ကျင့်ကြံမှုကို မြှင့်တင်ရာ၌ မိစ္ဆာသွေးကို အသုံးပြုရန် ကြိုးစားခဲ့သော်လည်း ရလဒ်မှာ ရှင်းလင်းနေသည်။
ကျရှုံးခြင်းပင်။
သွေးပေးလှူခဲ့သော မိစ္ဆာများကို သူ ဆဲရေးချင်စိတ်ပင် ပေါက်သွား၏။
"မင်းရဲ့သွေးက အရမ်းအားနည်းတယ် - ဘက်မစုံဘူး ၊ သိုင်းပညာကျင့်ကြံမှုကိုပဲ မြှင့်တင်ပေးနိုင်ပြီး မသေမျိုးကျင့်ကြံမှုကိုတော့ မတတ်နိုင်ဘူး။"
လောလောဆယ်တွင် နင်းထောင်၏ အကူအညီနှင့် သူ၏အတွင်းရှိ စိတ်ဝိညာဉ်များ လျင်မြန်စွာ နိုးထလာမှုကြောင့် ကျိယွမ်၏ စွမ်းအားမှာလည်း သိသိ၀ာသာ မြင့်တက်လာခဲ့သည်။
သူ၏ကျင့်ကြံမှုမှာ လျင်မြန်စွာ တိုးတက်လာပြီး ယခုအခါ ယင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေလေပြီ။
ယင်းမှာ သူ၏အတွင်းရှိ စိတ်ဝိညာဉ်များထံမှ တုံ့ပြန်မှုကြောင့် အဓိက ဖြစ်သည်။
အထူးသဖြင့် မူလဇစ်မြစ်နယ်မြေတွင် သူပို့ထားသော စိတ်ဝိညာဉ်သည် ကျဆုံးသွားသော သိုင်းဘုရင်တစ်ဦး၏ အရိုးများကို အသုံးပြုကာ လျင်မြန်စွာ ပြန်လည်ရှင်သန်နေ၏။
ထို့အပြင် သိုင်းဘုရင်များတွင် အရန်စွမ်းအားများ ရှိကြသဖြင့် ကုံရှင်းဂြိုဟ်ပေါ်မှ အဘိုးအဘွားပိုင်ရှင်ထက် ပိုမိုသန်မာကြသည်။
နောက်တစ်ချက်မှာ အချိန်စီးဆင်းမှု ကွဲပြားခြင်းဖြစ်၏ ၊ မူလဇစ်မြစ်နယ်မြေရှိ အချိန်မှာ ကုံရှင်းထက် အဆများစွာပိုမြန်လေသည်။
ကုံရှင်းရှိ တစ်နှစ်မှာ မူလဇစ်မြစ်နယ်မြေတွင် နှစ်ပေါင်းလေးဆယ်နီးပါး ရှိ၏။
ယင်းက ကျိယွမ်အတွက် များစွာ အထောက်အပံ့ပေးလေသည်။
သို့သော် ကျိယွမ်သည် သူ၏ ယင်နတ်ဘုရား အဆင့်မှာ အနှစ်သာရမရှိဘဲ အပေါ်ယံဆန်ကာ တိုက်ခိုက်ရေးစွမ်းရည် ကန့်သတ်ချက်ရှိသည်ဟု ခံစားနေရ၏။
အကယ်၍ သူသည် ကန်းလန်နယ်မြေ ရှိ သူ၏မူလခန္ဓာကိုယ်နှင့် တိုက်ခိုက်ပါက မည်သို့မျှ အနိုင်ရမည် မဟုတ်ပေ။
"အခုတော့ ငါက အဆင့်ကျော် မတိုက်နိုင်တဲ့ သာမန် ယင်နတ်ဘုရား တစ်ယောက်ပါပဲ။"
ကျိယွမ် သက်ပြင်းချလိုက်သည်။
ဂိမ်းထဲတွင်သူသည် မဟာအုပ်စိုးရှင်လို ဒဏ္ဍာရီလာအဆင့်များနှင့် တွေ့ပါက ဒူးထောက်ရမည်မှာ သေချာ၏။
"ငါ့ရဲ့ ချစ်စရာစိတ်ဝိညာဉ်လေးတွေ..မြန်မြန်လုပ်ကြစမ်း..ယန်နတ်ဘုရားနယ်ပယ်ကို အမြန်ရောက်အောင် လုပ်ကြ"
ကျိယွမ်က တိုးတက်မှုကို ဆာလောင်နေသည်။
ဂိမ်းထဲတွင် သိုင်းပညာကျင့်ကြံမှုကို မိစ္ဆာသွေးဖြင့် မြှင့်တင်နိုင်ပြီး မသေမျိုး ကျင့်ကြံမှုအတွက်ကိုလည်း စိတ်ဝိညာဉ်များက သူ့အတွက် အဆင့်မြှင့်ပေးနေသည်။
အကယ်၍ စိတ်ဝိညာဉ်များက သူတို့အလုပ်ကို ကောင်းကောင်းလုပ်ပါက သူသည် ဘာမှလုပ်စရာမလိုဘဲ နေရင်းထိုင်ရင်း ယန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားပေလိမ့်မည်။
သူ၏ စိတ်ဝိညာဉ်များတွင် နက်နဲသောစွမ်းအားများ ရှိကြ၏။
ဖန်ထုံနယ်မြေနှင့် ကန်းလန်နယ်မြေ နှစ်ခုလုံးသည် ယန်နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းရန် ကန့်သတ်ချက်များ ရှိသည်။
သို့သော် သွေးမျိုးဆက်ဘိုးဘေးနယ်မြေတွင်မူ ထိုသို့သော ကန့်သတ်ချက်များ မရှိပေ။
ထို့ကြောင့် သူ့အတွက်မျှော်လင့်ချက်များ တောက်ပနေ၏။
တစ်ချိန်တည်းမှာပင် မူလဇစ်မြစ်နယ်မြေ၌ ဖြစ်သည်။
(မူလဇစ်မြစ်နယ်မြေကို ကျိယွမ်တို့ဘက်မှကြည့်လျှင် သွေးမျိုးဆက်ဘိုးဘေးနယ်မြေဟု ခေါ်၏ ၊ ဘိုးဘေးပြန်လည်ဆန်းသစ်ခြင်းဆေးလုံးသောက်စဥ်က ကျိယွမ်ရောက်သွားသော နေရာဖြစ်သည် - ဘာသာပြန်သူ)
မိုးကြိုးသင်္ချိုင်းအတွင်း၌ မီတာရာပေါင်းများစွာ ရှည်လျားသော မိုးကြိုးများသည် ပြင်းထန်စွာ ကျရောက်နေပြီး ကျောက်တုံးများကို စိစိညက်ညက်ကြေမွစေ၏။
မိုးကြိုးသင်္ချိုင်းသည် မိုးကြိုးသိုင်းဘုရင်က သိုင်းဘုရင်တစ်ဦးအဖြစ်သို့ တက်လှမ်းခဲ့သော နေရာဖြစ်သလို ယင်းမှာ သူ၏အလောင်းကို မြှုပ်နှံရာ နေရာလည်း ဖြစ်သည်။
ယခင် စစ်ပွဲကြီးအတွင်းက ရေတွက်မရနိုင်သောသိုင်းဘုရင်များ ကျဆုံးခဲ့ပြီး မိုးကြိုးသခင်မှာလည်း တစ်ဦးအပါအဝင် ဖြစ်သည်။
ယခုအခါမှာတော့ မိုးကြိုးသင်္ချိုင်း အပြင်ဘက်သို့ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်တစ်စု ရောက်ရှိလာ၏။
ခေါင်းဆောင်မှာ ဝါးလုံးကဲ့သို့ ပိန်လှီသော ပုံစံရှိသည်။ သို့သော် ထူးဆန်းစွာပင် သူ၏ဝါးလုံးကဲ့သို့သော ရှည်တောင်တောင်ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသောခေါင်းနှစ်လုံး ရှိနေပြီး တစ်ခုမှာ အမျိုးသားခေါင်းဖြစ်ပြီး နောက်တစ်ခုမှာ အမျိုးသမီးဖြစ်ကာ နှစ်ဦးလုံးမှာ လူသားများ ဖြစ်ကြ၏။
"အရုဏ်ဦးတေးသံက နီးကပ်လာနေပြီ၊ မူလဇစ်မြစ်နယ်မြေမှာ ထူးဆန်းတဲ့ အရာတွေ ဖြစ်ပျက်နေတယ်။ မိုးကြိုးသင်္ချိုင်းကလည်း ပုံမှန်မဟုတ်တဲ့ အခြေအနေဟာ တောင်တန်းနဲ့မြစ်ပန်းချီကားချပ်နဲ့ မသက်ဆိုင်ဖို့ မျှော်လင့်ရတာပဲ။"
အမျိုးသား၏ အသံမှာ အက်ကွဲနေသည်။
"ငါ ဝိညာဉ်ဟောင်းတွေကို ပိုပိုပြီး ခံစားနေရတယ်။ မိုးကြိုးသခင်လည်း နိုးထလာတာ ဖြစ်နိုင်မလား။"
ဝါးလုံးပေါ်ရှိ အမျိုးသမီးခေါင်းက စူးရှသောအသံဖြင့် ပြောလိုက်၏။
လူတစ်ယောက်တည်းတွင် ခေါင်းနှစ်လုံးပါနေပြီး သူတို့အချင်းချင်းစကားပြောနေခြင်းပင်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်ကတည်းက မူလဇစ်မြစ်နယ်မြေမှာ ငြိမ်သက်ခြင်း မရှိခဲ့ပေ။
ယခင်က သေဆုံးသွားခဲ့သော သိုင်းဘုရင်များစွာ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
ထိုဖြစ်ရပ်က ငြိမ်သက်နေသော မူလနယ်မြေသို့ အသက်ဝင်မှု အချို့ကို ယူဆောင်လာ၏။
သို့သော် အချို့သော သိုင်းဘုရင်များမှာတော့ ဇဝေဇဝါ ဖြစ်နေကြသည်။
ထိုသိုင်းဘုရင်များသည် စစ်ပွဲတွင် ကျဆုံးသွားခဲ့သူများ မဟုတ်ပါလား။
သူတို့ မည်သို့ ပြန်လည် ရှင်သန်နိုင်မည်နည်း။
"တကယ်လို့ သူသာ ပြန်နိုးထလာတာမှန်ရင် ငါတို့ရဲ့ အရှေ့ဘက်မဟာမိတ် ထဲကို ခေါ်ဆောင်ရမယ်"
ဥပုံသဏ္ဍာန်သိုင်းဘုရင်က အကြံပြုလိုက်သည်။
မူလဇစ်မြစ်နယ်မြေတွင် အရှေ့ဘက်မဟာမိတ်သည် သိုင်းဘုရင်များအကြား အကြီးမားဆုံးသော အဖွဲ့အစည်း ဖြစ်၏။
အရှေ့ဘက်မဟာမိတ်ကို ဒဏ္ဍာရီလာ အရှေ့ဘက်သခင်က တည်ထောင်ခဲ့သည်ဟု ဆိုကြသည်။
ထိုပုဂ္ဂိုလ်မှာ ဖော်ပြ၍မရနိုင်သော စွမ်းအားအဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်၏။
အရှေ့ဘက်သခင် တစ်ဦးတည်းဖြင့်ပင် မူလဇစ်မြစ်နယ်မြေရှိ သိုင်းဘုရင်အားလုံးကို ရှင်းလင်းနိုင်သည်ဟုပင် ဆိုကြသည်။
"အရှေ့ဘက်မဟာမိတ်လား.. ငါ စိတ်မဝင်စားဘူး။"
ရုတ်တရက် မိုးကြိုးသင်္ချိုင်းအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာ၏။
မိုးကြိုးများဖုံးလွှမ်းနေသော အဘိုးအိုတစ်ဦး ထွက်ပေါ်လာပြီး သူ၏ ပုံစံမှာ စွမ်းအင်များကြောင့် ဝေဝါးနေသည်။
"မိုးကြိုးသခင်၊ ရှင် အသက်ရှင်နေတာပဲ"
စူးရှသော အမျိုးသမီးအသံတွင် အံ့သြမှုများ ပြည့်နှက်နေပြီး မယုံနိုင်သလိုဖြစ်နေ၏။။
သို့သော် ယောက်ျားဦးခေါင်းကတော့ အက်ကွဲသောအသံဖြင့် သတိထားစွာ မှတ်ချက်ချလိုက်သည်။
"မင်း အဆင့်တက်သွားပြီပဲ... မင်းက မဟာသိုင်းဘုရင်တစ်ယောက် ဖြစ်သွားတာလား"
သိုင်းဘုရင်များကိုလည်း အဆင့်များ ခွဲခြားထားသည်။အဆင့်တစ်မှ အဆင့်သုံးအထိကို သိုင်းဘုရင်ငယ် ဟု သတ်မှတ်သည်။
အဆင့်လေးမှ အဆင့်ခုနစ်အထိကို မဟာသိုင်းဘုရင်ဟု သိကြပြီး
ခုနစ်ဆင့်မြောက်ကိုတော့ ဘွဲ့ထူးရသိုင်းဘုရင်ဟု ခေါ်ဆိုကြသည်။
ဤစနစ်သည် ယင်နတ်ဘုရားနယ်ပယ်ရှိ တိုးတက်မှုနှင့် ဆင်တူ၏။
သူ မကျဆုံးမီက မိုးကြိုးသခင်သည် တတိယအဆင့်ရှိ သိုင်းဘုရင်လေး တစ်ဦးသာ ဖြစ်ခဲ့သည်။ ယခုမူ သူသည် သေရာမှပြန်ရှင်လာရုံမက စတုတ္ထအဆင့်သို့ပင် တက်လှမ်းကာ မဟာသိုင်းဘုရင်ကြီး ဖြစ်လာ၏။
မည်မျှ အံ့အားသင့်ဖွယ် ကောင်းလှသနည်း။
သေရာမှလည်း ပြန်ရှင်၏။ အဆင့်လည်းတတ်၏။
အသက်ရှင်ပြီး ကျင့်ကြံနေတာက ပင်ပန်းပြီး ခက်ခဲလွန်းတယ် ၊၊သေလိုက်တာကမှ ပိုလွယ်နေသလိုပဲ။
"ငါ သေခါနီးအချိန်မှာ ထိုးထွင်းသိမြင်မှုတစ်ချို့ရခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ အဆင့်တက်ခဲ့တာပဲ။"
မိုးကြိုးသခင်၏ အသံမှာ အရာများစွာကို ဖြတ်သန်းခဲ့ရပြီး မမှတ်မိသလိုလို မရေမရာ ဖြစ်နေသည်။
"အရုဏ်ဦးတေးသံမြည်ဖို့ နောက်ထပ် နှစ်ပေါင်း ၃၀၀၀ တောင် မလိုတော့ဘူး။ မိုးကြိုးသခင်၊ အများကောင်းကျိုးအတွက် ငါတို့ရဲ့ အရှေ့ဘက်မဟာမိတ်ကို ပူးပေါင်းပါ"
ဝါးလုံးလူသားက ဖိတ်ခေါ်လိုက်သည်။
အရှေ့ဘက်မဟာမိတ်တွင် မဟာသိုင်းဘုရင်ကြီးတစ်ဦးကို ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုအဖြစ် သတ်မှတ်ထား၏။
မဟာသိုင်းဘုရင်တစ်ဦးချင်းစီသည် သူတို့၏ သွေးအဆီအနှစ်ကို တောင်တန်းနှင့်မြစ်ပန်းချီကားချပ်သို့ လှူဒါန်းရမည်ဖြစ်ပြီး ယင်း၏ လည်ပတ်မှုကို မြန်ဆန်စေရန် ကူညီရမည် ဖြစ်သည်။
အရှေ့ဘက်သခင်၏ အဆိုအရ အကယ်၍ အရုဏ်ဦးတေးသံမမြည်မီ ကမ္ဘာကြီးကို အပြည့်အဝ ပြန်လည်စတင်နိုင်ပါက မူလဇာတ်မြစ်နယ်မြေမှာ ပြန်လည် နိုးထလာပေလိမ့်မည်။
"ငါ့ရဲ့ သွေးအဆီအနှစ်က နည်းနေပြီ။ ငါ အရှေ့ဘက်မဟာမိတ်ကို မဝင်တော့ဘူး။"
ထိုသို့ ပြောပြီးနောက် မိုးကြိုးသခင်၏ ပုံရိပ်မှာ နှုတ်တောင်မဆက်ဘဲ ပျောက်ကွယ်သွားတော့သည်။
ကျန်နေခဲ့သော သိုင်းဘုရင်များမှာ အချင်းချင်း ကြည့်လိုက်ကြသော်လည်း မည်သူမှ အော်မခေါ်ခဲ့ကြပါ။
ဝါးလုံးလူသား၏ အမူအရာမှာ ပြောင်းလဲသွားသည်။
"နှမြောစရာပဲ။ ဒီကမ္ဘာမှာ ငါတို့ရဲ့ ကြိုးစားအားထုတ်မှု ရလဒ်တွေကို အချောင်ခိုပြီး သက်သက်သာသာ ခံစားနေတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နေတာပဲ။"
တောင်တန်းနှင့်မြစ်ပန်းချီကားချပ်၏ လည်ပတ်မှုကို ထိန်းသိမ်းရန်နှင့် တိုးတက်မှုမြန်ဆန်စေရန် အရှေ့ဘက်မဟာမိတ်မှ သိုင်းဘုရင်များသည် သူတို့၏ သွေးအဆီအနှစ်များကို ပုံမှန်ထည့်သွင်းပေးကြရသည်။
"အရုဏ်ဦးတေးသံကိစ္စ ပြီးတာနဲ့ ဒီလူတွေနဲ့ စာရင်းရှင်းရမယ်။"
စူးရှသော အမျိုးသမီးအသံက သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေပြီး သူမတို့အနစ်နာခံသလို အခြားသူများက မခံကြသဖြင့် နားကျည်းနေပုံရ၏။
"အင်း...ဒါပေမဲ့ ..အခုက ပဋိပက္ခဖြစ်ရမယ့် အချိန်မဟုတ်သေးဘူး။အဓိကနဲ့ သာမညကို ခွဲခြားတတ်ဖို့လိုတယ် "
လောလောဆယ်တွင် အရေးကြီးဆုံးအရာမှာ အရုဏ်ဦးတေးသံကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။
ထိုအချိန်တွင် ဥပုံသဏ္ဍာသိုင်းဘုရင်က မေးလိုက်သည်။
"မျက်နှာနှစ်ဖက်...၊ တောင်တန်းနဲ့မြစ်ပန်းချီကားချပ်ရဲ့ တိုးတက်မှု အခြေအနေက ဘယ်လိုရှိလဲ"
အခြားသော သိုင်းဘုရင်များကလည်း မျက်နှာနှစ်ဖက်ထံသို့ သိချင်စွာကြည့်လိုက်ကြသည်။
ဘွဲ့ထူးရသိုင်းဘုရင်တစ်ဦး၏ မျိုးဆက်ဖြစ်သော မျက်နှာနှစ်ဖက်သခင်သည် ပန်းချီကားချပ်၏ တိုးတက်မှုကို အခြားသူများထက် ပိုမိုသိရှိသူ ဖြစ်၏။
"၄၀ ရာခိုင်နှုန်းက ပန်းချီကားချပ်ထဲကို ဝင်သွားပြီ၊ နောက်ထပ် ၄၀ ရာခိုင်နှုန်းကိုလည်း အောင်နိုင်နေပြီ၊ ၂၀ ရာခိုင်နှုန်းကတော့ ကျရှုံးသွားပြီ။"
ယင်းကို ကြားရသောအခါ အားလုံးက သက်ပြင်းချလိုက်ကြ၏။
"အရုဏ်ဦးတေးသံ မမြည်ခင်မှာ နောက်ထပ် ၂ ရာခိုင်နှုန်းကို အောင်နိုင်ရုံနဲ့ ငါတို့ ရှင်သန်နိုင်ပြီ"
"အတိအကျပဲ၊ ငါတို့မှာ နှစ်ပေါင်း ၃၀၀၀ ရှိသေးတယ်။ ၂ ရာခိုင်နှုန်းဆိုတာ ပြဿနာ မဟုတ်ပါဘူး"
ဝါးလုံးလူသားက ဥသခင်ဘက်သို့ လှည့်လိုက်သည်။
"ခင်ဗျား ဒီနှစ်တစ်ရာအတွင်းမှာ တောင်တန်းနဲ့မြစ်ပန်းချီကားချပ်ထဲကို သွေးအဆီအနှစ်တွေ အမြဲတမ်း ထည့်ပေးနေရတာ တကယ်ကို ကြိုးစားခဲ့တာပဲ။"
ထိုစကားကြောင့် ဥသခင်၏ ဝိုင်းနေသောမျက်နှာမှာ ပုံပျက်သွားသည်။
"ငါ အရမ်းကို အားကုန်နေပြီ၊ ထပ်ပြီး မလုပ်နိုင်တော့ဘူး။ ငါ အညှစ်ခံရလွန်းလို့ ဘာခွန်အားမှကို မကျန်တော့ဘူး။"
ဥသခင်သည်လည်း ယခင်က ဘွဲ့ထူးရ သိုင်းဘုရင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။
သို့သော် စစ်ပွဲကြီးအတွင်း သူ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ယခုအခါ သူ၏ ခွန်အားမှာ သိုင်းဘုရင်ဒုတိယအဆင့်တွင်သာ ရှိတော့သည်။
တောင်တန်းနှင့်မြစ်ပန်းချီကားချပ်ထဲသို့ သူ၏ သွေးအဆီအနှစ်ကို ပုံမှန်ထည့်သွင်းနေရသော်လည်း သူ၏ ခွန်အားထပ်မံ မကျဆင်းသွားခြင်းမှာ အံ့သြဖွယ်ရာ ဖြစ်နေလေပြီ။
ဝါးလုံးလူသားမှာ အတွင်းစိတ်ထဲ၌ ကျေနပ်မှုကို ခံစားနေရသည်။
ကပ်ဘေးကြီး မဖြစ်ပွားမီက ဥသခင်မှာ သူ လေးစားအားကျရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့၏။ ယခုမူ တစ်ချိန်က အစွမ်းထက်ခဲ့သော ပုဂ္ဂိုလ်မှာ သူ၏ လက်အောက်ငယ်သား ဖြစ်နေပြီး သူ၏ အမိန့်များကို နာခံနေရသည် မဟုတ်ပါလား။
"အဲဒါကြောင့်..."
ဝါးလုံးလူသား စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဥသခင်ကို စိုက်ကြည့်လိုက်သည်။
"ဘာ... ဘာတွေ ဖြစ်နေတာလဲ။"
သူ၏ ထူးဆန်းသောအမူအယာကြောင့် အခြားသော သိုင်းဘုရင်များကလည်း ဥသခင်ကို လှည့်ကြည့်လိုက်ကြရာ သူတို့၏ မျက်နှာများတွင် တုန်လှုပ်မှုများ ပြည့်နှက်သွား၏။
ဥသခင်၏ ဥကဲ့သို့ ဝိုင်းစက်နေသော ခန္ဓာကိုယ်က ရုတ်တရက် တောက်ပသော အနီရောင်သို့ ပြောင်းလဲသွား၏။ တောက်ပလွန်း၍ သွေးကြောများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
သူတို့ ကြည့်နေစဥ်မှာပင် သွေးရောင်အလင်းတန်းများက ပို၍မြင့်တက်လာ၏။
ရွှေရောင်သွေးများသည် သူ၏ သွေးကြောများအတွင်း၌ နဂါးများ ကူးခတ်နေသကဲ့သို့ စီးဆင်းနေသည်ကို အားလုံးမြင်နေရသည်။
ဥသခင်၏ အရှိန်အဝါမှာ ထိုခဏ၌ ပြင်းထန်စွာ မြင့်တက်သွား၏။
"သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှု"
"ဒါက သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှုကြောင့်ပဲ"
"ဥသခင်က ဘယ်လိုလုပ်ပြီး သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှု ဖြစ်နိုင်မှာလဲ။"
ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းမျိုးမှာ သူတို့သိုင်းဘုရင်များအတွက် ရင်းနှီးပြီးသား ဖြစ်သည်။
သိုင်းဘုရင်တစ်ဦး အဆင့်တက်သွားသောအခါ သူတို့၏ မျိုးဆက်များသည် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှုကို ခံစားရတတ်သည်။
သို့သော် ယခုမူ ထူးဆန်းစွာပင် ဘိုးဘေးဖြစ်စေ ဥသခင်ကိုယ်တိုင်က သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်နေခြင်း ဖြစ်၏။
သူသည် သူ၏ သွေးမျိုးဆက်ကို စတင်သူမဟုတ်ပါလား။သူ၏အထက်တွင် မည်သူမှမရှိတော့ပေ။
သွေးမျိုးဆက်၏ မူလအစမှာ မည်သို့ ဆင့်ကဲပြောင်းလဲနိုင်မည်နည်း။
သိုင်းဘုရင်များမှာ ထူးဆန်းလွန်း၍ မျက်လုံးပြူးနေကြသည်။
သူတို့ အံ့သြနေကြသကဲ့သို့ ဥသခင် ကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေ၏။
"ငါ... ငါ့ရဲ့ သွေးမျိုးဆက်က ဆင့်ကဲပြောင်းလဲသွားတာလား။"
"ဥသခင်၊ မင်က သွေးမျိုးဆက်ကို စတင်သူ မဟုတ်ဘဲ မင်းမှာ တကယ်ပဲ အဖေတစ်ယောက် ရှိနေတာများလား။"
သိုင်းဘုရင်တစ်ဦးက မနေနိုင်စွာ မေးလိုက်သည်။
ယင်းမှာ ရှင်းပြရန် ခက်ခဲလှ၏။
ပုံမှန်အားဖြင့် သူတို့၏မျိုးဆက်များကသာ သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှုကို ခံစားရခြင်း ဖြစ်သည်။
သွေးမျိုးဆက်ကို စတင်သော သူတို့လို ဘိုးဘေးများမှာ ထိုကဲ့သို့ မည်သို့ ဖြစ်နိုင်မည်နည်း။
"မဖြစ်နိုင်တာ! ငါက ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာတာ ၊ ငါ့မှာ ဘယ်လိုလုပ်ပြီး အဖေရှိမှာလဲ။"
ဥသခင်က ခေါင်းကို အသည်းအသန် ခါယမ်းလိုက်သည်။
"ဒါဆို မင်းရဲ့ သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှုကို ဘယ်လို ရှင်းပြမလဲ။"
"ဒါမျိုးက မျိုးဆက်သစ်တွေမှာပဲ ဖြစ်တာလေ ၊ မင်းက မျိုးဆက်စတင်သူဆို ရင် ဖြစ်မလား"
"ခင်ဗျားရဲ့ မျိုးဆက်တွေထဲက တစ်ယောက်ယောက်က သိုင်းဘုရင်အဖြစ် အဆင့်တက်သွားပြီး ဒုတိယမျိုးဆက် စတင်သူ ဖြစ်လာတာမျိုး ဖြစ်နိုင်မလား။"
"အဆုံးသတ်နယ်မြေမှာ သိုင်းပညာကျင့်ကြံမှု ကျဆင်းနေတာ ကြာလှပြီ။ အဲဒါ မဖြစ်နိုင်ပါဘူး။"
"ခံတပ်တွေမှာတောင် အမြင့်ဆုံးအဆင့်က သိုင်းဝိညာဥ်ပဲ ရှိတာ။"
"မူလဇစ်မြစ်နယ်မြေကို ဝင်ရောက်ပြီး ဘိုးဘေးသွေးရဲ့ ကောင်းချီးကို မခံယူသရွေ့ သိုင်းဘုရင်အဖြစ် အဆင့်မတက်နိုင်ဘူး။"
တစ်နည်းအားဖြင့် ဆိုရသော် သိုင်းဘုရင်အဖြစ် အဆင့်တက်လှမ်းခြင်းကိုကန့်သတ်ထားသည်မှာ ကြာပြီဖြစ်သည်။
ရှေ့သို့ တိုးတက်ရန်အတွက် မူလဇစ်မြစ်နယ်မြေသို့ ဝင်ရောက်ပြီး ဘိုးဘေးသွေး၏ ကောင်းချီးကို ခံယူရမည် ဖြစ်၏။
သို့သော် လောလောဆယ်တွင် ခံတပ်များသည် မူလဇစ်မြစ်နယ်မြေနှင့် ချိတ်ဆက်ခြင်း မရှိသေးသောကြောင့် မည်သူကမျှ သိုင်းဘုရင်အဖြစ် အဆင့်မတက်နိုင်သေးပေ။
ထို့ကြောင့် ဖြစ်နိုင်ခြေ အရှိဆုံး ရှင်းလင်းချက်မှာ ဥသခင်သည် မူလစတင်သူ မဟုတ်ဘဲ ဒုတိယမျိုးဆက် စတင်သူသာ ဖြစ်နိုင်နေခြင်းပင်။
သူ့မှာ တကယ်ပဲ... အဖေတစ်ယောက် ရှိနေသည်။
"ဒါကြောင့် ခင်ဗျားမှာ တိတ်တိတ်ပုန်းအဖေတစ်ယောက် ရှိနေမှာ သေချာတယ်"
"ဥသခင်၊ မင်း အရင်က ဘွဲ့ထူးရ သိုင်းဘုရင် တစ်ယောက် ဖြစ်ခဲ့ရုံတင်မကဘူး၊ မင်းမှာ တိတ်တိတ်ပုန်းအဖေတစ်ယောက်လည် ရှိနေခဲ့တာပဲ။"
"ဖြစ်နိုင်ရင် အဖေတောင် မဟုတ်လောက်ဘူး ၊ တိတ်တိတ်ပုန်း ဘိုးဘေးကြီးနေမှာ "
သိုင်းဘုရင်များမှာ တဟားဟား ရယ်မောလိုက်ကြ၏။ သို့သော် အချို့မှာတော့ အဆင့်တက်လှမ်းနိုင်ဆဲ ဖြစ်သော အဖေတစ်ဦး ရှိသည့်အတွက် ဥသခင်ကို မနာလိုပင် ဖြစ်နေကြသည်။
လက်ရှိ မူလဇစ်မြစ်နယ်မြေတွင် အဆင့်တက်လှမ်းနိုင်သော သိုင်းဘုရင်များမှာ အလွန်ပင် ရှားပါးနေပြီ မဟုတ်ပါလား။
ဥသခင်မှာတော့ ရယ်ရခက် ငိုရခက်ဖြင့် တော်တော်ဂွကျနေ၏။
"ငါ့မှာ တကယ်ပဲ ကွဲကွာနေတဲ့ ဖခင်တစ်ဦး ရှိနေတာလား။"
...............
တောင်တန်းနှင့်မြစ်ပန်းချီကားချပ်၏ စာမျက်နှာတစ်ခုအတွင်း၌ဖြစ်သည်။
ဝမ်အထိန်းတော်မှာ မျက်မှောင်ကြုတ်နေပြီး သူမ၏ အမူအရာမှာ ရှုပ်ထွေးနေ၏။
"ဝမ်အထိန်းတော်.. တိုးတက်မှုက ဘယ်လိုရှိလဲ။"
သူမနှင့် မလှမ်းမကမ်းတွင်ရှိနေသော အမျိုးသားတစ်ဦးက တိုးတိုးလေး မေးလိုက်သည်။
"သခင်မလေးက... ထူခွမ်ကို မချစ်သေးဘူး။"
"ဘာ... သူ မချစ်သေးဘူး ဟုတ်လား ၊ အဲဒါ လက်ခံနိုင်စရာ မရှိဘူး။"
"ဒီပန်းချီကားချပ်ကို မှန်ကန်တဲ့ အချိန်မှတ်တမ်းကို ပြန်ရောက်ဖို့အတွက် သူနဲ့ ထူခွမ်တို့ ချစ်ကြရမယ်။ အဲဒါမှ ငါတို့ရဲ့ တာဝန် ပြီးမြောက်မှာ။"
"ဘာတွေ မှားယွင်းသွားတာလဲ။ ဒါကို ချက်ချင်း ပြင်ဆင်ရမယ်"
"သခင်မလေးက... နိမ့်ကျတဲ့သွေးမျိုးဆက် တစ်ယောက်နဲ့ ပိုနီးစပ်နေပုံရတယ်။"
"နိမ့်ကျတဲ့သွေးမျိုးဆက် တစ်ယောက် ဟုတ်လား"
အမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။
"သွားပြီး သူ့ကို ပြောလိုက်။ သခင်မလေးနဲ့ ဝေးဝေးနေလို့။ ငါတို့ သူ့ရဲ့ တာဝန်တွေကို ကူညီပေးမယ်လို့ ပြောလိုက်။"
"ဒီသွေးမျိုးဆက်က... သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက နည်းနည်း ထူးဆန်းနေသလိုပဲ။ သခင်မလေးက သူနဲ့ နှစ်ပေါင်းများစွာ အတူရှိနေခဲ့တော့ နည်းနည်း သက်ရောက်မှုရှိနေပုံရတယ်။ သူ ဝေးဝေးမှာ နေသွားရင်တောင် သခင်မလေးက ထူခွမ်းကို အချိန်မီ ချစ်လာမှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်။"
"လိုအပ်ရင် ခွန်အားကို သုံးရမယ်။ သူ့ကို ဆေးခတ်ပြီး အတူတူ အိပ်ခိုင်းလိုက်။ အားလုံး ပြီးသွားရင်တော့ သူ ရွေးချယ်စရာ ရှိမှာ မဟုတ်တော့ဘူး"
အမျိုးသားက မျက်နှာမည်းမှောင်စွာ ပြောလိုက်သည်။
"ဒါက..."
ဝမ်အထိန်းတော်မှာ စိုးရိမ်စိတ်ဖြင့် တုံ့ဆိုင်းနေ၏။
"ဒါကို မှားတယ်လို့ မထင်နဲ့။ ငါတို့ ကမ္ဘာကြီးကို ကယ်တင်နေတာ။ အဲဒါကို လုပ်ဖို့အတွက် ပြင်းထန်တဲ့ နည်းလမ်းတွေ သုံးရမယ်ဆိုရင်လည်း သုံးရမှာပဲ။"
"ငါတို့က သခင်မလေးရဲ့ အသက်ကို တောင်းနေတာ မဟုတ်ဘူး၊ သူ၏ အပျိုစင်ဘဝကိုပဲ တောင်းတာ။ ဒါဟာ လိုအပ်တဲ့ စတေးမှုတစ်ခုပဲ။"
"ဒါ့အပြင် မူလအချိန်မှတ်တမ်းအရ သခင်မလေးနဲ့ ထူခွမ်တို့ဟာ ချစ်သူတွေ ဖြစ်ပြီးသားပဲ။"
"ကမ္ဘာကြီးအတွက်ဆိုရင် ငါတို့ ဘယ်သူ့ကိုမဆို စတေးနိုင်တယ်၊ သွေးမျိုးဆက် အားလုံး အပါအဝင်ပေါ့၊ ဒါမှမဟုတ် ဒီတောင်တန်းနဲ့မြစ် ပန်းချီကားချပ် တစ်ခုလုံးကိုတောင် လိုအပ်ရင် ဖျက်ဆီးပစ်နိုင်တယ်"
အမျိုးသားက ပြတ်သားစွာပြောလိုက်သည်။
သူသည် မူလဇစ်မြစ်နယ်မြေကို ကယ်တင်ရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆုံးဖြတ်ထား၏။
ထို့ကြောင့် လူအနည်းငယ်ကို စတေးခြင်းမှာ သဘာဝကျသည်ဟု သူ ယူဆလေသည်။
ဝမ်အထိန်းတော်၏ တုံ့ဆိုင်းမှုများ ပျောက်ကွယ်သွားပြီး သူမ၏ အကြည့်မှာလည် ပြတ်သားလာ၏။
"ကောင်းပြီ၊ ကျွန်မ ဘာလုပ်ရမလဲဆိုတာ နားလည်ပါပြီ"
-------------------
(ဖေ့ဘွတ်မှာ စာမတင်တာက acc ထဲဝင်မရလို့ပါခင်ဗျာ ၊ ရတာနဲ့ တင်ပေးပါမယ်ခင်မျ )