အခန်း (၁၅၅၁-၁၅၅၂)
Vol. 156 Ch. 1551-1552
အခန်း (၁၅၅၁) - ပြစ်ဒဏ်ကို လက်ခံခြင်း
"ငါ အထက်ပိုင်းနယ်မြေသုံးခုမှာ ဟွမ်ချင်းကျွဲနဲ့ ဆုံခဲ့ဖူးတယ်၊ သူက အခု မင်းတို့ ဝိညာဥ်သုတ်သင်ခြင်းဌာနရဲ့ အမာခံတပည့်တစ်ယောက် ဖြစ်နေပြီ"
"မင်း ဒီမှာ လာပြီး ထင်ရာစိုင်းနေတဲ့အကြောင်းတွေကို ငါသာ သူ့ကို ပြောပြလိုက်ရင်..."
"မင်း ဘယ်လို အဆုံးသတ်မျိုးနဲ့ ကြုံရမလဲဆိုတာ စဉ်းစားမိရဲ့လား"
ဖန့်ချန်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
အထက်ပိုင်းနယ်မြေသုံးခု
ဟွမ်လုံချွဲ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်လှုပ်သွားပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားတော့သည်။
တစ်ဖက်လူက... အထက်ပိုင်းနယ်မြေသုံးခုက လာတာလား
ဘာဖြစ်လို့ ဒီလို ဝေးလံခေါင်သီတဲ့ နေရာလေးမှာ အထက်ပိုင်းနယ်မြေက ပုဂ္ဂိုလ်တစ်ယောက် ရှိနေရတာလဲ။
ဒါမှမဟုတ်ရင်...
"မင်း... မင်းက နင်ပေ့ယုံ လား"
ဟွမ်လုံချွဲက တိုးတိုးလေး မေးလိုက်သည်။
ဝိညာဥ်သိုင်းနယ်မြေ ရှိ ဟွမ်မျိုးနွယ်စုအတွင်းမှာ သူ ကြားဖူးသည်မှာ ဟွမ်ချင်းကျွဲသည် ရှဲ့ကျစ် အဖွဲ့ဝင်တစ်ဦးကို အလွန်အလေးထားသည်ဟု ဆိုသည်။ ထိုသူ၏ အမည်မှာ နင်ပေ့ယုံ ဖြစ်ပြီး အထက်ပိုင်းနယ်မြေသုံးခုမှ လာသူဖြစ်သည်။
ယခုအချိန်တွင် သူသည် တစ်ဖက်လူ၏ နောက်ခံကို အနည်းငယ်မျှပင် မသံသယဖြစ်တော့ချေ။
အကြောင်းမှာ ဟွမ်ချင်းကျွဲသည် ဝိညာဥ်သုတ်သင်ခြင်းဌာန၏ အမာခံတပည့်အဖြစ် ရာထူးတက်သွားသည့်သတင်းမှာ ဟွမ်မျိုးနွယ်စုအတွင်းရှိ လူအနည်းငယ်သာ သိရှိသည့် လျှို့ဝှက်ချက်ဖြစ်သောကြောင့်ပင်။ သူ၏ ဖခင်ဖြစ်သူ သိနေသဖြင့်သာ သူပါ သိထားခြင်း ဖြစ်သည်။
ဖန့်ချန်က ဘာမှ ပြန်မပြောဘဲ ဟွမ်လုံချွဲကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
ခဏအကြာတွင် ဟွမ်လုံချွဲမှာ အားပျော့စွာဖြင့်
"ကျုပ် မှားသွားပါပြီ၊ ဒီမှာ လာပြီး မောက်မာရိုင်းစိုင်းခဲ့တာကို ကျုပ် တောင်းပန်ပါတယ်။ အရှင်က ကျုပ်ကို ဘယ်လိုပဲ အပြစ်ပေးပေး ကျုပ် လက်ခံပါ့မယ်။ ကျေးဇူးပြုပြီး ဒီမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကျုပ်ရဲ့ ဝမ်းကွဲအစ်ကိုကို မပြောပါနဲ့"
"မင်းက ဝိညာဥ်သုတ်သင်ခြင်းဌာနက လွှတ်လိုက်တဲ့သူဆိုတော့ ငါက ဝိညာဥ်သုတ်သင်ခြင်းဌာနရဲ့ မျက်နှာကို မထောက်ရင်တောင် မင်းအစ်ကို ဟွမ်ချင်းကျွဲရဲ့ မျက်နှာကိုတော့ ထောက်ရဦးမယ်"
"အဲဒါကြောင့် ငါ မင်းကို မသတ်ဘူး၊ မြေဝက်ဝံကြယ်ကနေလည်း မောင်းမထုတ်ဘူး။ မဟုတ်ရင် သူတို့က အမြင်မရှိတဲ့ နောက်တစ်ယောက်ကို ထပ်လွှတ်ဦးမှာပဲ"
"ဒီလို လုပ်ကြစို့"
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင်
"ပန်းတစ်ပွင့် ယူလာခဲ့စမ်း"
တောရိုင်းကျောင်းမှ ကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အမျိုးသမီး ကျင့်ကြံသူတစ်ဦးမှာ ချက်ချင်းပင် သိမြင်နားလည်သွားကာ လေပေါ်သို့ ပျံတက်သွားပြီး ခဏအကြာ ပြန်ရောက်လာသည့်အခါ သူမ၏ လက်ထဲတွင် ပန်းတစ်ပွင့် ပါလာတော့သည်။
"မင်းက ဒီပန်းတွေကို ခံစားတတ်တယ်ဆိုတော့... ပန်းတစ်ပွင့် အရင်ကိုင်ထားလိုက်ဦး"
ဖန့်ချန်က ထိုအမျိုးသမီး ကျင့်ကြံသူထံမှ ပန်းကိုယူကာ ဟွမ်လုံချွဲထံသို့ ကမ်းပေးလိုက်သည်။
ထိုအမျိုးသမီးမှာ ဖန့်ချန်နှင့် အနီးကပ် ထိတွေ့ခွင့်ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် လူအုပ်ထဲသို့ ပြန်ဝင်သွားရာ ဘေးပတ်ဝန်းကျင်မှ မနာလိုသော အကြည့်များကို ရရှိခဲ့သည်။
ဟွမ်လုံချွဲမှာ ပန်းကို ကိုင်ထားရင်း ကြောင်အမ်းအမ်း ဖြစ်နေသည်။ တစ်ဖက်လူက သူ့ကို ဘယ်လို အပြစ်ပေးမည်ကို သူ လုံးဝ နားမလည်နိုင်ဖြစ်နေသည်။
"နောင်ကို မင်း ဒီနေရာမှာပဲ ရပ်ပြီး ပန်းအလှကို ခံစား၊ ပန်းရနံ့ကို ခံစားရမယ်။ နှစ်တိုင်း ပန်းနဲ့ ပတ်သက်တဲ့ ကဗျာတစ်ပုဒ် စပ်ဆိုရမယ်၊ အဲဒီကဗျာကို ကျောင်းအုပ်ကြီးက လက်ခံမှ အတည်ဖြစ်မယ်။ မင်း ပန်းကဗျာ အပုဒ်တစ်ရာ ပြည့်တဲ့နေ့ကျရင် မင်း ဒီကနေ ထွက်သွားလို့ ရပြီ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ဟွမ်လုံချွဲမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
ဒီနေရာမှာ ရပ်ပြီး ပန်းကြည့်ရမယ် ကဗျာ အပုဒ်တစ်ရာ ပြည့်မှ ထွက်ခွင့်ရမယ် ဟုတ်လား။
"ဒါမှမဟုတ်ရင်လည်း မင်း အခုချက်ချင်းပဲ ထွက်သွားလို့ ရပါတယ်"
ဖန့်ချန်က ပြုံးမြဲပြုံးလျက်ပင်။
"မဟုတ်ပါဘူး ကျုပ် ချက်ချင်း မထွက်သွားပါဘူး။ ကျုပ် မှားခဲ့တာမို့ အပြစ်ပေးတာကို ကျုပ် လက်ခံပါတယ် "
ဟွမ်လုံချွဲက အလန့်တကြား အော်ပြောလိုက်သည်။
စနောက်နေတာလား၊ ဒီလောက် ရိုးရှင်းတဲ့ အပြစ်ပေးမှုကိုမှ သူ လက်မခံရင် လူအဖြစ်တန်ပါ့ဦးမလား။ ဒီကိစ္စကို ဟွမ်ချင်းကျွဲသာ မသိဘူးဆိုရင် အားလုံးက အဆင်ပြေနေပြီပဲ။
"မင်းလည်း ငါ့ရဲ့ ဒီလုပ်ရပ်နောက်ကွယ်က နက်နဲတဲ့ ရည်ရွယ်ချက်ကို နားလည်ပုံရသားပဲ၊ ပြောကြည့်စမ်းဦး"
ဖန့်ချန်က မေးလိုက်သည်။
ဟွမ်လုံချွဲမှာ အကြာကြီး ကြောင်သွားပြီးမှ တုန်တုန်ယင်ယင်ဖြင့်
"ဒါက... ဒီနည်းလမ်းနဲ့ ကျုပ်ရဲ့ စိတ်ဓာတ်ကို ပြုပြင်ပေးပြီး၊ အရင်ကလို စိတ်ကြီးပြီး မောက်မာတာတွေ မရှိတော့အောင် တည်ငြိမ်လာဖို့ သင်ကြားပေးတာ မဟုတ်လား "
"အင်း"
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်လာကာ အဘိုးရွှင်၏ ဘေးသို့ ပြန်သွားလိုက်သည်။
"အဘိုးရွှင်... ကိစ္စ ပြတ်သွားပြီ။ သူ့ကို ဘယ်အချိန်မှာ လွှတ်ပေးမလဲဆိုတာကတော့ အဘိုး သဘောပါပဲ"
အဘိုးရွှင်က ဟွမ်လုံချွဲကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ
"ဒီကောင်လေးကတော့ မင်းရဲ့ အပြစ်ပေးမှုက အရမ်းလွယ်တယ်လို့ ထင်နေတာပဲ။ တကယ်တော့ ငါသာ ခေါင်းမညိတ်ရင် သူ ဒီဘဝမှာ ဒီနေရာမှာပဲ ရပ်ပြီး ကဗျာတွေ တစ်သက်လုံး စပ်နေရတော့မှာ"
"သူ့ရဲ့ ဦးနှောက်က သိပ်အလုပ်မလုပ်ဘူးလို့ ကျွန်တော် ခံစားရတယ်"
ဖန့်ချန်က သူ၏ ဦးခေါင်းကို အသာအယာ လက်ညှိုးထိုးပြရင်း
"ဒါပေမဲ့ သူ့ဝမ်းကွဲအစ်ကိုနဲ့ ကျွန်တော်က ခင်မင်မှု ရှိထားတာဆိုတော့ သတ်ပစ်ဖို့ကလည်း အဆင်မပြေဘူး။ အဲဒါကြောင့် ခဏလောက် အခြေအနေ ကြည့်ရအောင်။ သူသာ စရိုက်ပြင်သွားရင် နောင်ကျရင် အဘိုးအတွက် လက်ထောက်တစ်ယောက်အနေနဲ့ ခိုင်းလို့ရတာပေါ့"
"အင်း... အဲဒီလိုဆိုရင်လည်း ဖြစ်တာပဲ" အဘိုးရွှင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
ဖန့်ချန်သည် အဘိုးရွှင်အတွက် မသေမျိုးကျောက်တုံး အချို့နှင့် ကျွယ်မင် ကျင့်ကြံသူ ဖြစ်ကြောင်း သက်သေပြနိုင်သည့် ကျောက်စိမ်းပြား တစ်ခုကို ထားခဲ့ပေးသည်။ အကယ်၍ ဟွမ်လုံချွဲ၏ နောက်ကွယ်မှ လူတစ်ယောက်ယောက် လိုက်လာခဲ့လျှင် ထိုကျောက်စိမ်းပြားကို ပြလိုက်ရုံဖြင့် တစ်ဖက်လူမှာ ဤနေရာတွင် လာရောက်သောင်းကျန်းဝံ့မည် မဟုတ်တော့ချေ။
တောရိုင်းကျောင်းမှ ထွက်ခွာပြီးနောက် ဖန့်ချန်သည် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း သို့ သွားရောက်ခဲ့သည်။
နှစ်ပေါင်း ရာချီ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှ ဓားကျင့်ကြံသူများသည် ယင်လောသို့ သွားလာနိုင်သည့် အချိန်မှစ၍ သူတို့၏ စွမ်းအားများမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
"ဟေ့ကောင်လေး... မင်း ဒီကို ပြန်လာဖို့ သတိရသေးသားပဲလား"
ဝမ်ကျိလုံက ဖန့်ချန်ကို မြင်သည်နှင့် ဆူသလိုလိုနှင့် ရယ်မောကာ နှုတ်ဆက်လိုက်သည်။ သူသည် ရင်ထဲက အစစ်အမှန် ပျော်ရွှင်နေသည်မှာ ထင်ရှားလှသည်။
"ဆရာ... ကျွန်တော် အလုပ်တွေ နည်းနည်း များနေလို့ပါ"
ဖန့်ချန်က ပြုံးလျက် ပြန်ပြောသည်။
"ဒီနှစ်တွေထဲမှာ ဓားဂိုဏ်းက အေးအေးချမ်းချမ်း ရှိရဲ့လား"
"အေးချမ်းပါတယ်၊ ဘာကိစ္စကြီးကြီးမားမားမှ မရှိပါဘူး။ ဂိုဏ်းထဲမှာလည်း ပါရမီရှင်တွေ အများကြီး ပေါ်ထွက်လာတယ်။ သူတို့ကို ယင်လောကထဲ သွားခိုင်းပြီး ပိုင်ချန်းမင်ကိုပဲ သင်ကြားပြသခိုင်းထားတယ်"
ဝမ်ကျိလုံက သက်ပြင်းချရင်း
"အဲဒီကောင်လေးက ယင်လောက ထဲ ရောက်နေပေမဲ့ ဓားလမ်းစဉ်မှာတော့ နောက်ကျမကျန်ခဲ့ဘူး။ ဓားပညာအပေါ် နားလည်မှုကတော့ ငါ့ထက်တောင် သာနေပြီ ထင်တယ်"
ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။ ထိုစဉ်က ဓားသင်္ချိုင်းလှေကားမှာ ဤစီနီယာ ပိုင်ချန်းမင်သည် ကောင်းကင်သုတ်သင်ဓားအရှိန်အဝါ ကို ရရှိခဲ့သည်။ ထိုလမ်းစဉ်ကိုသာ သဘောပေါက်နားလည်သွားလျှင် ရှေးလူကြီးပိုင်းများကို အမြန်ဆုံး ကျော်တက်သွားနိုင်မည်မှာ သေချာသည်။
"ဆရာ... ဒီနှစ်ပေါင်း ရာချီအတွင်းမှာ ဆရာလည်း အနားမနေခဲ့ဘူးပဲ။ ဆရာ့ရဲ့ ကျင့်ကြံခြင်းကလည်း ဖောက်ထွက်တော့မယ့် လက္ခဏာတွေ ပြနေပြီ"
ဖန့်ချန်က ဝမ်ကျန်းလုံကို အကဲခတ်ကြည့်ပြီးနောက် သူ၏ နယ်နိမိတ်ဘူး ကို ထုတ်ကာ ထိုထဲမှ ရွှေဓာတ်ငွေ့ တစ်မျှင်ကို ထုတ်ယူလိုက်သည်။
"ဒါက ဘာလဲ"
ဝမ်ကျိလုံ၏ မျက်ဝန်းများ လှုပ်ခတ်သွားသည်။
ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် ရွှေဓာတ်ငွေ့အပေါ် အလွန်ပင် အာရုံခံစားလွယ်လှသည်။ ထိုဓာတ်ငွေ့အမျှင်ကလေးမှ ခြိမ်းခြောက်မှု အငွေ့အသက်အချို့ကို သူ ခံစားလိုက်ရသည်။ ဤဓာတ်ငွေ့သည် သူ ကျင့်ကြံထားသော ဓားလမ်းစဉ်ထက်ပင် ပိုမိုစူးရှထက်မြက်နေသကဲ့သို့ ခံစားရသည်။
"ဒါက ဓားမသေမျိုး လမ်းစဉ်ရဲ့ ပထမအဆင့် မသေမျိုးဆေး ပါ။ ဒါကို သန့်စင်လိုက်ရင် ပထမအဆင့် ဓားမသေမျိုး အဆင့်အတန်းကို ရရှိဖို့ အခွင့်အရေး ရှိပါတယ်" ဖန့်ချန်က ရှင်းပြသည်။
ဝမ်ကျန်းလုံမှာ အသက်ပင် မှားသွားပြီး ထိုဓာတ်ငွေ့ကို ကြည့်နေသည့် အကြည့်မှာ စူးစမ်းလိုစိတ်မှ လေးနက်မှုသို့ ပြောင်းလဲသွားသည်။
သူက ဖန့်ချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ
"ပထမအဆင့် ဓားမသေမျိုး ငါတို့ ဓားကျင့်ကြံသူတွေအတွက်လည်း... ရှေ့ဆက်ရမယ့် လမ်းရှိသေးတာလား"
"အမြဲတမ်း ရှိခဲ့တာပါ" ဖန့်ချန်က ပြန်ပြောလိုက်သည်။
"ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။ ဓားကျင့်ကြံသူတွေအတွက်လည်း လမ်းရှိနေသေးတာပဲ"
ဝမ်ကျန်းလုံက အဆက်မပြတ် ခေါင်းညိတ်နေမိသည်။ သူသည် ရင်ထဲက စိတ်လှုပ်ရှားမှုတွေကို တည်ငြိမ်အောင် ထိန်းထားသော်လည်း သူ၏ လက်မောင်းမှ လက်ချောင်းထိပ်များအထိ တုန်ယင်နေသည်ကို ဖန့်ချန် သတိထားမိလိုက်သည်။
"ဆရာ... ကျွန်တော် ဒီတစ်ခေါက် အချိန်နည်းနည်း ရတုန်းမှာ ဒီမှာ မသေမျိုးကျောက်တုံး တစ်ရာ ရှိပါတယ်။ ဆရာ ဒီရွှေဓာတ်ငွေ့ကို သန့်စင်တဲ့အခါ ဒီကျောက်တုံးတွေကို အကူအညီယူပြီး မသေမျိုးနယ်ပယ် ကို တက်လှမ်းလိုက်ပါ" ဖန့်ချန်က အကြံပြုလိုက်သည်။
သူက ခဏရပ်ပြီးမှ
"တစ်ခါတည်းနဲ့ပဲ ဒီမြေဝက်ဝံကြယ်မှာ ကျွန်တော်တို့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းကို ရန်လိုနေတဲ့သူ ဘယ်သူတွေ ရှိသေးလဲဆိုတာကိုပါ စောင့်ကြည့်ရအောင်"
ဝမ်ကျိလုံ၏ စိတ်အာရုံ လှုပ်ခတ်သွားပြီး ဖန့်ချန်၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူသည် ခဏမျှ စဉ်းစားပြီးနောက် ရယ်မောလျက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... မင်းပြောသလိုပဲ လုပ်ကြတာပေါ့။ ငါလည်း ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းကို ဘယ်သူတွေက မကျေမနပ် ဖြစ်နေသေးလဲဆိုတာ ကြည့်ချင်သေးတယ်။ အလယ်ပိုင်းနယ်မြေ ကတော့ ကိစ္စမရှိပါဘူး၊ အဓိကကတော့ တိထျန်း နဲ့ ပေတု ပဲ"
ရက်အနည်းငယ်အကြာတွင် ဝမ်ကျိလုံသည် ရွှေဓာတ်ငွေ့ကို သန့်စင်ကာ မသေမျိုးကျောက်တုံး များကို အသုံးပြု၍ အဆင့်တက်လှမ်းခြင်းကို စတင်လိုက်တော့သည်။
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းသည် ဤကိစ္စကို လုံးဝ ဖုံးကွယ်မထားခဲ့ချေ။ ထို့ကြောင့် မသေမျိုးဘုရင်မှ ဂုဏ်းချုပ်အဆင့်သို့ တက်လှမ်းနေသည့် အငွေ့အသက်များသည် တစ်နေ့ သို့မဟုတ် ရက်အနည်းငယ်အတွင်းမှာပင် မြေဝက်ဝံကြယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ အလယ်ပိုင်းနယ်မြေ၊ တိထျန်း သို့မဟုတ် ပေတု တို့မှ အားကောင်းသော ကျင့်ကြံသူအားလုံး ထိုအငွေ့အသက်ကို ခံစားလိုက်ရသည်။
"ဒီမျိုးဆက်သစ်လူငယ်လေးကလည်း... မသေမျိုးအဆင့်ကို တက်လှမ်းနေပြီပဲ။ ဒါက ဖြစ်သင့်တာပါပဲ"
တောရိုင်းကျောင်းတွင် အဘိုးရွှင်သည် ရုတ်တရက် ဟင်းလင်းပြင်သို့ လှမ်းကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းကလား"
"ဝမ်ကျိလုံက ဂုဏ်းချုပ်အဆင့်ကို တက်လှမ်းနေတာလား"
"ဒီလူက အရင်က နာမည် သိပ်မကြီးခဲ့ဘူးပဲ၊ ဘေးဒုက္ခကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ ဒီလောက်အထိ အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"
ကျင့်ကြံသူ အမြောက်အပြားမှာ မျက်လုံးများကို ဖွင့်လိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် မတူညီသော အမူအရာများ ဖြစ်ပေါ်နေကြသည်။
မဟာချဲ့တာအိုနန်းတော် ၊မွေးရာပါတာအိုနန်းတော် နှင့် နံ့သာတာအိုနန်းတော် ။
အိုရန်ရွှမ်ကျန်း၊ ကုရှီးမသေမျိုးဘုရင်နှင့် လုံကျွင်းတို့သည် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။
"ဟူး... သူတောင်မှ ဂုဏ်းချုပ်အဆင့်ကို တက်လှမ်းနေပြီပဲ..."
"အောင်မြင်ချင်မှလည်း အောင်မြင်မှာပါ။ ဒါပေမဲ့ ကိုယ်တိုင် သွားကြည့်တာက ပိုကောင်းလိမ့်မယ်၊ တစ်ခုခု သင်ယူစရာရှိရင်လည်း သင်ယူနိုင်တာပေါ့"
အခန်း (၁၅၅၂) - ငါးကြီးတစ်ကောင်လား
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း၏ ကောင်းကင်ယံထက်တွင် မိုင်ပေါင်းသောင်းချီသော တိမ်စိုင်ဖြူဖြူများသည် တောက်ပသော ရွှေရောင်အလင်းတန်းများအောက်တွင် ရွှေရောင်ဖျော့ဖျော့ အလွှာတစ်ခု ဖုံးလွှမ်းသွားခဲ့သည်။
အရိပ်များ တစ်ခုပြီးတစ်ခု ဤနေရာသို့ ရောက်ရှိလာကြသည်။ သို့သော်လည်း မလိုအပ်ဘဲ သံသယမဝင်စေရန်အတွက် သူတို့သည် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းနှင့် အနီးကပ်မနေကြဘဲဘေးကင်းသော အကွာအဝေး တစ်ခုကို ချန်ထားကြသည်။
"တကယ်ကြီး ဂိုဏ်းချုပ်အဆင့်ကို တက်လှမ်းနေတာပဲ။ ငါ့ဘဝသက်တမ်းတစ်လျှောက်မှာ ငါကိုယ်တိုင် အဆင့်တက်တာကို မစောင့်နိုင်ခဲ့ပေမဲ့ တခြားလူတစ်ယောက် အဆင့်တက်တာကိုတော့ ကိုယ်တိုင် မြင်တွေ့ခွင့်ရပြီပဲ"
မသေမျိုးဘုရင် တစ်ဦးက မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
လူတိုင်းမှာလည်း ထပ်တူထပ်မျှ ခံစားချက်မျိုး ရှိနေကြပုံရပြီး သူတို့၏ အမူအရာများမှာ ရှုပ်ထွေးနေကာ မျက်ဝန်းများမှာမူ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း၏ နောက်တောင်ကုန်းဘက်ဆီသို့ တစ်ပြိုင်နက်တည်း စူးစိုက်ကြည့်နေကြသည်။
တောက်ပသော ရွှေရောင်အလင်းတန်းများသည် ထိုနေရာမှ တိုးထွက်လာခြင်းဖြစ်ပြီး ထွက်ပေါ်လာတော့မည့် ပူပြင်းသော နေမင်းတစ်စင်းကဲ့သို့ပင်။
အကယ်၍ ဤဖောက်ထွက်မှုသည် လုံလောက်စွာ ချောမွေ့ခဲ့လျှင် မကြာမီအချိန်အတွင်း အလယ်ပိုင်းနယ်မြေတွင် နောက်ထပ် ဂိုဏ်းချုပ်တစ်ဦး ထပ်မံတိုးပွားလာတော့မည်ကို လူတိုင်း သိထားကြသည်။
"ငါ နောက်မကျသေးပါဘူးနော် နောက်မကျသေးဘူးထင်တယ်"
အိုရန်ရွှမ်ကျန်းမှာ အပြေးအလွှား ရောက်ရှိလာသည်။ ဝမ်ကျိလုံမှာ အောင်မြင်စွာ အဆင့်မတက်သေးသည်ကို မြင်လိုက်ရသဖြင့် သူသည် သက်ပြင်းချကာ စိတ်အေးသွားတော့သည်။
သူသည် ထိုကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းကို လွဲချော်မသွားလိုပေ။
သူ၏ စိတ်ထဲတွင်မူ ဝမ်ကျိလုံအား အဆင့်တက်ခြင်း မအောင်မြင်စေလိုသည်မှာ အမှန်ပင်။ သို့သော်လည်း ယခုအခါ မဟာချဲ့တာအိုနန်းတော်သည် တာအိုသုံးထောင်ဂိုဏ်းအတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ထိုတာအိုသုံးထောင်ဂိုဏ်းမှ ပုဂ္ဂိုလ်နှင့် ဝမ်ကျိလုံမှာလည်း အလွန်ပင် ရင်းနှီးသည့် ဆက်ဆံရေး ရှိထားကြရာ လူတိုင်းမှာ တစ်ဖက်တည်းသားများဟု ဆိုနိုင်သည်။ အကယ်၍ ဝမ်ကျိလုံ အဆင့်တက်လှမ်းခြင်း အောင်မြင်သွားခဲ့လျှင် သူ အိုရန်ရွှမ်ကျန်းအတွက်လည်း အကျိုးကျေးဇူးအချို့ ရှိလာနိုင်မည် မဟုတ်ပါလား။
"အိုရန်မိတ်ဆွေ... မတွေ့တာ နှစ်တော်တော်ကြာပြီပဲ၊ အခုတလော တိတ်တဆိတ် ကျင့်ကြံနေတာလား"
ရင်းနှီးသော မသေမျိုးဘုရင်အချို့ ရှေ့သို့တက်ကာ အိုရန်ရွှမ်ကျန်းကို နှုတ်ဆက်ကြသည်။
အိုရန်ရွှမ်ကျန်းက ပြုံးလျက် လက်အုပ်ချီကာ ပြန်လည်နှုတ်ဆက်လိုက်ပြီး
"အမြဲတမ်း တိတ်တဆိတ် ကျင့်ကြံနေတာပါပဲ၊ မိတ်ဆွေတို့ရော ဘယ်လိုလဲ "
"ကျွန်တော်တို့လည်း တိတ်တဆိတ် ကျင့်ကြံနေတာပါပဲဗျာ။ အခု အဆင့်တက်လှမ်းနေတဲ့ အငွေ့အသက်ကသာ အရမ်းတောက်ပမနေဘူးဆိုရင် ကျွန်တော်တို့လည်း ကျင့်စဉ်ထဲက ထွက်လာဦးမှာ မဟုတ်ပါဘူး"
မသေမျိုးဘုရင်တစ်ဦးက သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
ယခု ဤနေရာသို့ ရောက်ရှိနေသူများမှာ အခြေခံအားဖြင့် အလယ်ပိုင်းနယ်မြေမှ မသေမျိုးဘုရင်များသာ ဖြစ်ကြသည်။ မကြာမီမှာပင် ကုရှီးမသေမျိုးဘုရင် ရောက်ရှိလာပြီး နောက်တွင် လုံကျွင်း ရောက်လာသည်။
ထို့နောက်တွင် အရှေ့ပိုင်းနယ်မြေမှ ကျိန့်ထျန်းဝမ်၊ နောက်ပိုင်းနယ်မြေမှ ကျိုစစ်ဝမ် နှင့် တောင်ပိုင်းနယ်မြေမှ ရှန်းယွဲ့ဝမ် တို့လည်း ရောက်ရှိလာကြသည်။
ဧကရာဇ်အဆင့် အဆင့်သတ်မှတ်ချက်စာရင်းနာမည်ကျော်ကြားသော မသေမျိုးဘုရင်များဖြစ်စေ၊ ဧကရာဇ်အဆင့် အဆင့်သတ်မှတ်ချက်စာရင်း ပေါ်တွင် နာမည်မရှိဘဲ ပုံမှန်အားဖြင့် တိတ်တဆိတ် ကျင့်ကြံနေသူများဖြစ်စေ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာကြသည်။
အိုရန်ရွှမ်ကျန်းမှာ ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် မအောင့်နိုင်ဘဲ သက်ပြင်းချမိသည်။
တိုတောင်းလှသော နှစ်ပေါင်း ရာချီအတွင်းမှာပင်...
မျက်နှာသစ် အချို့ တိုးလာသလို ရင်းနှီးနေသော မျက်နှာဟောင်းအချို့လည်း ပျောက်ကွယ်သွားခဲ့ပြီ။
ပြောရလျှင် ထို နတ်ဘုရားလမ်းစဥ်ဂိုဏ်း မှ လူတစ်ယောက်ပင် ပေါ်မလာချေ၊ သူတို့ ဘယ်နေရာကို ပြောင်းရွှေ့သွားကြသည်ကိုလည်း မည်သူမျှ မသိကြပေ။
မသေမျိုးဘုရင်တိုင်းတွင် ကိုယ်ပိုင်အပေါင်းအသင်း မိတ်ဆွေများ ရှိကြရာ ဤနေရာရှိ မသေမျိုးဘုရင်များ၏ ရပ်တည်ပုံ ဖြန့်ကြက်မှုမှာလည်း အလွန်ပင် စနစ်ကျလှသည်။
အရိပ်များကြားတွင် ဖန့်ချန်သည် လူတိုင်းကို ငြိမ်သက်စွာ အကဲခတ်နေသည်။ အလယ်ပိုင်းနယ်မြေမှ လာသော ဤမသေမျိုးဘုရင်များတွင်မူ မကောင်းသော စိတ်ထားများ သိပ်မရှိကြချေ။
ထိုစဉ်မှာပင် ဟင်းလင်းပြင်မှာ ရုတ်တရက် တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအင်များ ပျံ့လွင့်လာသည်။
ရောက်ရှိနေသော မသေမျိုးဘုရင်များမှာ ထိတ်လန့်သွားကြပြီး နောက်တွင် လူငယ်တစ်ဦးသည် ဟင်းလင်းပြင်ထဲမှ လမ်းလျှောက်ထွက်လာသည်။
"တော်သေးတာပေါ့ နောက်မကျလို့။ အင်း... ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက ဝမ်ကျိလုံက ပထမအဆင့် မသေမျိုး ကို တက်လှမ်းဖို့ ကြိုးစားနေတာပဲ။ သာမန် လွတ်လပ်သော မသေမျိုး ပဲ ဖြစ်မှာပါလေ"
နတ်ရိုသေဂိုဏ်း၏ ဂိုဏ်းချုပ်၊ နတ်ရိုသေနန်းတော်မှ ကျင့်ကြံသူဖြစ်ပြီး အမှန်တကယ်တွင် ယင်လောကမှ နတ်ဘုရား ဖြစ်သူ ကုန်းထျန်းရှင်းသည် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းဘက်သို့ ကြည့်ကာ မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူမြင်သမျှအားလုံးကို မှတ်တမ်းတင်လိုက်သည်၊ ဤသည်မှာ သူ၏ အဓိက တာဝန်ပင် ဖြစ်သည်။
ဘေးပတ်ဝန်းကျင်မှ မသေမျိုးဘုရင်များက သူ့ကို ထိတ်လန့်တုန်လှုပ်သော အကြည့်များဖြင့် ကြည့်နေကြသည်ကို သတိထားမိလိုက်သဖြင့် ကုန်းထျန်းရှင်းက ပြုံးလျက်
"ငါ့ကို ဂရုမစိုက်ကြပါနဲ့၊ ငါက ဒီအတိုင်း လာကြည့်တာပါ"
လူတိုင်းမှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားပြီး မျက်နှာပေါ်မှ ထိတ်လန့်မှုများကို ရယ်မောဟန်ဖြင့် ဖုံးကွယ်လိုက်ကြသည်။
ဤသူ၏ အငွေ့အသက်မှာ ဂိုဏ်းချုပ်အဆင့်ဖြစ်သည်မှာ ထင်ရှားလှသည်။
ဒါဆို သူက ဘယ်သူဖြစ်မလဲ
အလယ်ပိုင်းနယ်မြေမှာ ဂိုဏ်းချုပ်အဆင့် ပုဂ္ဂိုလ် အနည်းငယ်တော့ ရှိသေးတာပဲ။
အကယ်၍ အလယ်ပိုင်းနယ်မြေက မဟုတ်ဘူးဆိုရင် တိထျန်း ဒါမှမဟုတ် ပေတု ဘက်ကလား။
ထိုသို့ တွေးမိသည်နှင့် လူအတော်များများမှာ စိုးရိမ်ထိတ်လန့်သွားကြသည်။ အကယ်၍ တိထျန်းနှင့် ပေတုမှ ဂိုဏ်းချုပ်များဆိုလျှင် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှ လူ၏ အဆင့်တက်လှမ်းမှုကို နှောင့်ယှက်ဖျက်ဆီးရန် ကြိုးစားနိုင်သောကြောင့်ပင်။
ထိုစဉ်က ခွန်လွန်ဓားဂိုဏ်းမှ လီချန်စန်းသည် ထင်ရှားသော သာဓကတစ်ခု ဖြစ်ခဲ့သည်။
ဓားကျင့်ကြံသူတစ်ဦး အဆင့်တက်လှမ်းနိုင်ခဲ့လျှင် စီနီယာများစွာကို ကျော်ဖြတ်ကာ ဧကရာဇ်စာရင်းတွင် နံပါတ် (၁) ဖြစ်လာနိုင်သည်။ တောရိုင်းကျောင်းမှ ပုဂ္ဂိုလ်သာ ဖောက်ထွက်နိုင်ခဲ့ခြင်း မရှိလျှင် လောကတွင် လီချန်စန်းကို နှိမ်နင်းနိုင်သူ မရှိနိုင်တော့ချေ။
ဝမ်ကျိလုံမှာလည်း ထပ်တူထပ်မျှသော ဓားကျင့်ကြံသူတစ်ဦးပင် ဖြစ်ရာ အကယ်၍ သူသာ ဂိုဏ်းချုပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် ဂိုဏ်းချုပ်များအားလုံးကြားတွင် ထိပ်တန်းအဆင့်၌ ရှိနေမည်မှာ သေချာသည်။
လူတိုင်း၏ စိုးရိမ်မှုကို ရိပ်မိသဖြင့် ကုန်းထျန်းရှင်းက ထပ်မံရှင်းပြလိုက်သည်။
"မိတ်ဆွေတို့ စိတ်ချပါ၊ ငါက ဒီအတိုင်း လမ်းကြုံလို့ ဝင်ကြည့်တာပါ။ ဒီ ဝမ်မိတ်ဆွေကို အခက်အခဲ မဖြစ်စေသလို သူ့ရဲ့ အဆင့်တက်လှမ်းမှုကိုလည်း နှောင့်ယှက်မှာ မဟုတ်ပါဘူး"
"ဟူး"
လူတော်တော်များများ စိတ်အေးသွားကြသည်။ ဝမ်ကျိလုံ အဆင့်တက်သွားလျှင် အလယ်ပိုင်းနယ်မြေ၏ အင်အား တိုးတက်လာမည်ဖြစ်ရာ ၎င်းမှာ သူတို့နှင့်လည်း သက်ဆိုင်နေပြီး အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်သည်။
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း အတွင်းရှိ ကျင့်ကြံသူများမှာမူ ယခုအချိန်တွင် ထိုအငွေ့အသက်ကို အထင်ရှားဆုံး ခံစားနေရသည်။
တောင်ကုန်းအသီးသီးမှ တောင်ကုန်းသခင်များမှာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချနေကြသည်။ သူတို့အားလုံးမှာ ယခုအခါ တာအိုပေါင်းစပ်ခြင်းအဆင့် သို့ ရောက်ရှိနေကြပြီဖြစ်ပြီး တစ်ဦးမှာမူ ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း တက်လှမ်းခြင်းအဆင့်သို့ ရောက်ရန်မှာမူ ဝေးကွာနေဆဲပင်။
"ဘိုးဘေးကြီး ဒီတစ်ခေါက် အဆင့်တက်တာက လှုပ်ခတ်မှု နည်းနည်းကြီးနေတယ်၊ မသေမျိုးဘုရင် အတော်များများ ရောက်နေတာကို ငါ မြင်နေရပြီ"
"မင်းတို့ ထင်တာကတော့... တကယ်လို့ တစ်စုံတစ်ယောက်က နှောင့်ယှက်ခဲ့ရင် ငါတို့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက တားဆီးနိုင်ပါ့မလား"
"ကာကွယ်ရေး အစီအစဉ်က ခဏတဖြုတ်တော့ တားဆီးနိုင်မှာပါ၊ ဒါပေမဲ့... တော်သေးတာက ငါ ယင်လောကထဲကို လူလွှတ်ပြီး ပိုင်ချန်းမင်ကို အကြောင်းကြားခိုင်းထားတယ်"
"ဟုတ်သားပဲ၊ ပိုင်ချန်းမင်က ယင်လောကမှာ ကူညီပေးမယ်ဆိုရင် ဘိုးဘေးကြီးအတွက် အစောင့်အရှောက်တွေ ရှာပေးနိုင်မှာပါ"
"တကယ်တော့ အားလုံး စိုးရိမ်စရာ မလိုပါဘူး။ အလယ်ပိုင်းနယ်မြေမှာ တောရိုင်းကျောင်းက ပုဂ္ဂိုလ် ရှိနေတာပဲ၊ သူနဲ့ ငါတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲဆိုတာ ငါ ထပ်ပြောနေစရာ မလိုတော့ဘူး မဟုတ်လား "
မုတ်ဆိတ်ရှည်နှင့် ဓားကျင့်ကြံသူက ပြုံးလျက် ဆိုလိုက်သည်။
လူတိုင်းမှာ အသာအယာ ခေါင်းညိတ်ကြပြီး ထိုအဓိပ္ပာယ်ကို နားလည်ကြသည်။ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှ တပည့်တစ်ဦးမှာ ထိုစဉ်က တောရိုင်းကျောင်းတွင် ဝင်ရောက်သင်ကြားခဲ့ပြီး တောရိုင်းကျောင်းအုပ်ကြီးနှင့်လည်း အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိထားသည်။ ထို့ပြင် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းသည် နှစ်ပေါင်းများစွာကတည်းက တောရိုင်းကျောင်းနှင့် နက်နဲသော ပတ်သက်မှုများ ရှိထားခဲ့သည် မဟုတ်ပါလား။
ထိုသို့ တွေးမိသည်နှင့် လူတိုင်း စိုးရိမ်ပူပန်မှုများ လျော့ကျသွားတော့သည်။
အချိန်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။
မျက်တောင်တစ်ခတ်အတွင်း ခြောက်လပင် ကြာမြင့်သွားခဲ့ပြီ။
ထိုခြောက်လအတွင်း ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း၏ အပြင်ဘက်တွင် စုဝေးနေသော ကျင့်ကြံသူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်။ အစပိုင်းတွင် ရှိခဲ့သော မသေမျိုးဘုရင်များအပြင် မသေမျိုး များ၊ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများနှင့် အလယ်အဆင့် ကျင့်ကြံသူများပင် သတင်းကြား၍ ရောက်ရှိလာကြသည်။
မသေမျိုးဘုရင်မှ ဂိုဏ်းချုပ်အဆင့်သို့ တက်လှမ်းခြင်း
ကျင့်ကြံသူ အများစုအတွက်မှာမူ တစ်သက်တွင် တစ်ခါမျှ ကိုယ်တိုင် မြင်တွေ့ခွင့်ရရန် မလွယ်ကူချေ။
သတင်းများ ပျံ့နှံ့သွားပြီးနောက် လူပေါင်းများစွာမှာ ဤခမ်းနားသော မြင်ကွင်းကို ကြည့်ရန် အပြိုးအပြဲ ရောက်လာကြတော့သည်။
ခြောက်လတိုတောင်းလှသော အချိန်အတွင်း ကျင့်ကြံသူပေါင်း သိန်းချီ၍ ထိုနေရာတွင် စုဝေးနေကြပြီ။ ထိုအထဲတွင် တိထျန်းနှင့် ပေတုတို့မှ ဝေးလံစွာ လာရောက်ကြသော မသေမျိုးဘုရင်များလည်း ပါဝင်သည်။
ထိုပုဂ္ဂိုလ်များအတွက်မူ အိုရန်ရွှမ်ကျန်းတို့မှာ သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။
ဖန့်ချန်သည် အရိပ်ထဲမှ အမြဲတမ်း အကဲခတ်နေခဲ့သည်။ တိထျန်းမှ ဂိုဏ်းချုပ်နှစ်ဦးနှင့် ပေတုမှ ဂိုဏ်းချုပ်တစ်ဦး ရောက်နေသည်ကို သူ တွေ့ရှိလိုက်သည်။
ထိုသုံးဦးစလုံးမှာ မိမိတို့၏ ရုပ်မှန်ကို ဖုံးကွယ်ထားကြပြီး အလွန်ဝေးကွာသော နေရာမှ စောင့်ကြည့်နေကြသည်။ အကယ်၍ သူတို့တွင် ဝမ်ကျိလုံအား နှောင့်ယှက်ရန် ရည်ရွယ်ချက် မရှိလျှင် ဖန့်ချန်ကလည်း သူတို့ကို တိုက်ခိုက်မည် မဟုတ်ပေ။
"ဒီအငွေ့အသက်က... အဆင့်တက်ဖို့ နီးစပ်နေပြီပဲ။ စီနီယာ ဘယ်လိုမြင်လဲ ဝင်ပြီး နှောင့်ယှက်တားဆီးဖို့ လိုမလား "
ဖန့်ချန်၏ ဘေးနားမှ အသံတစ်ခု ထွက်ပေါ်လာသည်။
သူနှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးသော နေရာတွင် အရိပ်နှစ်ခု ရပ်နေသည်။ ထိုအထဲမှ တစ်ဦးမှာ ရင်းနှီးနေသော လူဟောင်းတစ်ဦးဖြစ်သည့် ယခင်က မြောက်ပိုင်းနယ်မြေမှ နဂါးစားဘုရင် ဖြစ်သည်။
အခြားတစ်ဦးကိုမူ ဖန့်ချန် မမြင်ဖူးချေ။
သို့သော်လည်း သူ၏ ကိုယ်ပေါ်မှ အငွေ့အသက်မှာ နက်နဲလှသည်။အဆင့် ၃ မသေမျိုး ပင်လျှင် သူ့ကို ဤကဲ့သို့ ခံစားချက်မျိုး မပေးနိုင်ချေ၊ ဆိုလိုသည်မှာ ဤလူသည် အနည်းဆုံး အဆင့် ၄ မသေမျိုး ဖြစ်ရပေမည်။
"ငါးကြီးတစ်ကောင်လား"
ဖန့်ချန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
သူသည် ငါးမျှားရန် ရည်ရွယ်ခဲ့သည်မှာ မှန်သော်လည်း ဤမျှအထိတော့ မမျှော်လင့်ထားခဲ့မိချေ။ သူသည် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းတွင် ရန်သူများ ကျန်ရှိနေသေးသလားဆိုသည်ကိုသာ သိချင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ရောက်ရှိနေသော နဂါးစားဘုရင်မှာ သူ၏ တွက်ချက်မှုအရ မိစ္ဆာသန္ဓေသားကို ဖျက်ဆီးနိုင်ဖွယ်ရှိသော မိစ္ဆာ တစ်ဦး ဖြစ်နိုင်ခြေ များလှသည်။
ဒါဆို သူနဲ့အတူ ပါလာတဲ့ ဒီ မသေမျိုးအရှင် ကကော ဘယ်သူဖြစ်မလဲ။
ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့်မျိုးသည် ဖန်တီးရှင်ကြယ် မှာတောင် ထိပ်တန်းအဆင့်တွင် ရှိနေသူဖြစ်သည်။ ပုံမှန်အားဖြင့် ဘာကိစ္စမှ မရှိဘဲ မြေဝက်ဝံကြယ်သို့ လာဖို့နေနေသာသာ ထိုနေရာကို လမ်းကြုံဖြတ်သန်းသွားခြင်းတောင် ရှိမည်မဟုတ်ပါလား။