အခန်း (၁၅၅၃-၁၅၅၄)
Vol. 156 Ch. 1553-1554
အခန်း (၁၅၅၃) - စွမ်းအားမမှီနိုင်ခြင်း
"မင်း ထင်တာတော့... သူ့ဆီမှာ ဝမ်ချုံစန်းရဲ့ သတင်းအစအနတွေ ရှိနေနိုင်မလား"
ထိုမသေမျိုးအရှင်သည် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း၏ ထူးခြားသော ဖြစ်စဉ်များကို ကြည့်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။
နဂါးစားဘုရင်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး
"ပြောရခက်ပါတယ်၊ ဒါပေမဲ့ သူ့ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းကြည့်လို့ ရတာပဲ။ တကယ်လို့ သူ့ကိုလည်း မိစ္ဆာသန္ဓေသား အစားသွင်းခံထားရတာဆိုရင် ဝမ်ချုံစန်းက ဘာတွေ ကြံစည်နေလဲဆိုတာ သိနိုင်လိမ့်မယ်။ အဲဒါဆိုရင် ငါတို့ သူ့အပေါ် တရားဝင် စီရင်ချက်ချဖို့ ပိုလွယ်သွားတာပေါ့"
"စီရင်ချက်ချဖို့ ဒါက အပိုအလုပ်ပါပဲ၊ ဝမ်ချုံစန်းက သစ္စာဖောက်ဆိုတာ အတည်ပြုပြီးသားပဲ"
မသေမျိုးအရှင်က အေးစက်သော အသံဖြင့် ဆိုသည်မှာ
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူဟာ ဇာတိမြေရဲ့ မျှော်လင့်ချက်များစွာကို ထမ်းပိုးပြီး ဒီကို ရောက်လာခဲ့တာ။ တစ်ခုတည်းသော သော့ကို သူ ကိုင်ဆောင်ထားပေမဲ့ အခုထိ အသုံးမပြုသေးဘူး။ အခုဆိုရင် ဘယ်လောက်တောင် ကြာသွားပြီလဲ မူလက ဒီနေရာဟာ ငါတို့ရဲ့ နယ်မြေ ဖြစ်နေသင့်ပြီ၊ ဒါပေမဲ့ အခုကြည့်စမ်း... အခုထိ လူသားနယ်မြေ ကိုးခုအဖြစ် ရှိနေတုန်းပဲ။ ငါတို့ လူမျိုးစုတွေရဲ့ အတိတ်မှတ်ဉာဏ်တွေ မနိုးထသရွေ့ သူတို့က ငါတို့ကို အမြဲတမ်း သူစိမ်းတွေလို့ပဲ သတ်မှတ်နေကြဦးမှာ"
အရိပ်များကြားတွင် ဖန့်ချန်၏ အမူအရာမှာ ထူးဆန်းသွားသည်။ အကြာကြီး စုံစမ်းနေခဲ့ရသမျှ ယခုတော့ ဝမ်ချုံစန်း တစ်ယောက် ဖော်ကောင်လုပ်ခံလိုက်ရပြီပဲ။
နဂါးစားဘုရင်က အသာအယာ သက်ပြင်းချရင်း
"အစီအစဉ်အတိုင်း တဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ရမှာပေါ့..."
"အချိန် သိပ်မရှိတော့ဘူး၊ ဇာတိမြေက ပျက်စီးတော့မယ်။ ငါတို့ကပဲ ဇာတိမြေရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ"
မသေမျိုးအရှင်က တည်ငြိမ်စွာ ဆိုသည်မှာ
"ဟိုဘက်ကနေ ငါတို့လူမျိုးတွေ ဒီဘက်ကို လူဝင်စားအဖြစ် မလာနိုင်တော့တဲ့အချိန်၊ ဒီမှာရှိတဲ့ လူမျိုးတွေကလည်း မှတ်ဉာဏ်တွေ မနိုးထနိုင်တဲ့အချိန်ကျရင် ငါတို့ လူမျိုးစု တစ်ခုလုံး မျိုးတုန်းသွားတာနဲ့ အတူတူပဲ"
"ဒါပေမဲ့ သော့က ဝမ်ချုံစန်းရဲ့ လက်ထဲမှာ ရှိနေတာ။ သူက ထုတ်မပေးသရွေ့ ငါတို့မှာ ဘာနည်းလမ်းမှ မရှိဘူး။ ဒီနေရာက ယင်လောက နတ်ဘုရား တွေကြောင့်သာ မဟုတ်ရင် ဒီနေရာဟာ ငါတို့ရဲ့ ဒုတိယ ဇာတိမြေ ဖြစ်နေလောက်ပြီ"
နဂါးစားဘုရင်က သွားကြိတ်လျက် ဆိုသည်။
"တော်သေးတာက မြင့်မြတ်သောသားတော် လိုမျိုး ပါရမီရှင် ရှိနေလို့ပဲ။ သားတော်က ဝမ်ချုံစန်းရဲ့ သော့မလိုဘဲ လူမျိုးစုတွေရဲ့ မှတ်ဉာဏ်ကို နှိုးထစေနိုင်တဲ့ မှော်အတတ်တစ်ခုကို တီထွင်နိုင်ခဲ့တယ်။"
မသေမျိုးအရှင်က ခပ်ပြုံးပြုံးဖြင့်
"ဒီအတတ်က နှစ်ပေါင်းများစွာကြာအောင် ပြုပြင်မွမ်းမံပြီးတဲ့နောက် အခုဆိုရင် အောင်မြင်နေပြီ။ ဒီတစ်ခေါက် ငါတို့ မြေဝက်ဝံကြယ်မှာ ပထမဆုံး စမ်းသပ်မှု လုပ်သွားမယ်"
"ဒါက ဘယ်လို အတတ်မျိုးလဲ ဝမ်ချုံစန်းရဲ့ သော့နဲ့တောင် ယှဉ်နိုင်တာလား"
နဂါးစားဘုရင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
"မြေဝက်ဝံကြယ်က နယ်မြေ သိပ်မကျယ်ဘူး။ ဒီအတတ်ကို သုံးဖို့ဆိုရင် အဆင့် ၁ မသေမျိုး ငါးယောက်ကို ယဇ်ပူဇော်ဖို့ လိုလိမ့်မယ်။"
မသေမျိုးအရှင်က ပြုံးရင်း
"သူတို့ ဒီကို ရောက်တော့မယ်၊ သူတို့ ရောက်တာနဲ့ ဒီအတတ်ရဲ့ စွမ်းအားကို ငါတို့ စောင့်ကြည့်ကြတာပေါ့"
"စီနီယာ... အဲဒါက ဘယ်လို အတတ်မျိုးလဲ"
နဂါးစားဘုရင်မှာ စပ်စုချင်စိတ် ပြင်းပြနေသည်။
"မင်းလည်း ကြုံဖူးသားပဲ"
မသေမျိုးအရှင်က ပြုံးလျက် ဆိုလိုက်သည်။
"ကျွန်တော် ကြုံဖူးတယ်"
နဂါးစားဘုရင်က ခဏမျှ စဉ်းစားပြီးနောက် အမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ တိုးတိုးလေး မေးလိုက်သည်။
"မိစ္ဆာကပ်ဘေး လား"
မသေမျိုးအရှင်က ဘာမှမပြောဘဲ ပြုံးသာနေတော့သည်။
မိစ္ဆာကပ်ဘေး
ဟို မိစ္ဆာဘိုးဘေး လား
ဖန့်ချန်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။ ဤမသေမျိုးအရှင် ပြောနေသော မြင့်မြတ်သောသားတော် ဆိုသူမှာ ထိုမိစ္ဆာဘိုးဘေးများ ဖြစ်နေမလားတစ်ဖက်လူ ပြောနေသော အတတ်က... အကြီးအကျယ် မိစ္ဆာကပ်ဘေးကို ဖန်တီးဖို့လား။
"သူတို့က မိစ္ဆာကပ်ဘေးကနေတစ်ဆင့် အတိတ်ဘဝ မှတ်ဉာဏ်တွေကို နှိုးထနိုင်တဲ့ နည်းလမ်းကို ရသွားပြီပေါ့"
ထိုသို့ တွေးမိသည်နှင့် ဖန့်ချန်၏ အမူအရာမှာ အလွန်ပင် လေးနက်တည်ကြည်သွားတော့သည်။
အကယ်၍ တစ်ဖက်လူက တကယ်ကြီး ထိုနည်းလမ်းကို ပိုင်ဆိုင်သွားခဲ့လျှင် လူသားနယ်မြေ ကိုးခုသည် အချိန်တိုအတွင်းမှာပင် နောက်ထပ်တစ်ကြိမ် ပရမ်းပတာ လောကပျက်ကပ်ကြီးနှင့် ရင်ဆိုင်ရတော့မည်။ သူသည် ယနေ့ မြေဝက်ဝံကြယ်တွင် ဖြစ်မည့် မိစ္ဆာကပ်ဘေးကို တားဆီးနိုင်လျှင်တောင် အခြားသော နယ်မြေတွေကိုကော။
တကယ်ပင် စွမ်းအားမမီနိုင် တော့ချေ
"ဒီသတင်းက အရမ်းအရေးကြီးတယ်၊ဝမ်ချုံစန်းကို စောစော အကြောင်းကြားရမယ်။ ဆရာယွင်ဟယ်တို့ ဘယ်မှာ ရှိနေမလဲ မသိဘူး၊ သူတို့ဆိုရင်တော့ နည်းလမ်းတစ်ခုခု ရှိလောက်မှာပါ"
ဖန့်ချန်သည် ရင်ထဲမှ သတ်ဖြတ်လိုသော စိတ်ကို ဖိနှိပ်ထားလိုက်သည်။ ဝမ်ကျိလုံ အဆင့် ၁ ဓားမသေမျိုးအဖြစ် အောင်မြင်စွာ တက်လှမ်းပြီးသည်နှင့် ဤလူနှစ်ဦးကို ယင်လောကသို့ တစ်ရက်တာ ခရီးစဉ် ပို့ပေးရန် သူ ပြင်ဆင်လိုက်သည်။
နဂါးစားဘုရင်နှင့် ထိုမသေမျိုးအရှင်တို့မှာ ဝမ်ချုံစန်းကို သိပ်အရေးမထားတော့ပုံရသည်။ ထို့ကြောင့် အဆင့်တက်နေသူမှာ ဝမ်ချုံစန်း၏ မွေးစားဖခင် ဖြစ်နေသည်ကို သိသော်လည်း သူတို့ ဝင်ရောက်နှောင့်ယှက်ရန် မကြံစည်ကြချေ။
ဖန့်ချန်က သူတို့၏ အတွေးကို ရိပ်မိသည်။
အကယ်၍ သူတို့၏ စမ်းသပ်မှု အောင်မြင်သွားခဲ့လျှင် မြေဝက်ဝံကြယ်ပေါ်ရှိ သာမန်လူဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ အားလုံး မှတ်ဉာဏ် နိုးထလာကြလိမ့်မည်။ ထိုအချိန်ကျလျှင် ဝမ်ကျိလုံမှာလည်း သူတို့လူမျိုး တစ်ယောက် ဖြစ်လာမည်ဟု သူတို့ ယူဆထားကြခြင်း ဖြစ်သည်။
အချိန်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။
ဝမ်ကျိလုံ၏ အငွေ့အသက်မှာ ပြည့်စုံလုနီးပါး ဖြစ်လာပြီ။
အလယ်ပိုင်းနယ်မြေ၊ တိထျန်းနှင့် ပေတု တို့မှ ကျင့်ကြံသူ သုံးစုလုံးသည် အထင်အမြင်လွဲမှားမှုကို ရှောင်ရှားရန် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းနှင့် အကွာအဝေးတစ်ခုတွင် နေထိုင်ကြသည်။
"ဘိုးဘေးကြီး... အောင်မြင်တော့မယ် ထင်တယ်"
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း၏ ဓားကျင့်ကြံသူများသည် နေမင်းပမာ တောက်ပနေသော အငွေ့အသက်များကို ကြည့်ရင်း မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေကြသည်။
အရင်က ဓားမသေမျိုးဟောင်း ရှိစဥ်ကပင် ဂိုဏ်းချုပ်အဆင့်ကို မထိတွေ့နိုင်ခဲ့ချေ။ သို့သော်လည်း လက်ထဲမှ ဓားဖြင့် ဂိုဏ်းချုပ်တစ်ဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်။ ယခု ဝမ်ကျိလုံ ဘိုးဘေးကြီးသာ အောင်မြင်သွားခဲ့လျှင် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း၏ အင်အားမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ပြောင်းလဲသွားတော့မည် မဟုတ်ပါလား။
"ဓားကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ လမ်းလွဲတစ်ခုပဲ။ တိုက်ခိုက်ဖို့လောက်ပဲ သိပြီး ထာဝရအသက်ကို မရှာဖွေတဲ့သူတွေက ဂိုဏ်းချုပ်အဆင့်နဲ့ ထိုက်တန်လို့လား"
"အလယ်ပိုင်းနယ်မြေက ဂိုဏ်းချုပ်ကြီးတို့... ဒီလို ရိုင်းစိုင်းတဲ့ လူတစ်ယောက်က ခင်ဗျားတို့နဲ့ တန်းတူ ဖြစ်လာမှာကို တကယ်ကြီး ဒီအတိုင်း ကြည့်နေတော့မှာလား "
"ခွန်လွန်ဓားဂိုဏ်းက လီချန်စန်းရဲ့ သာဓကကို ခင်ဗျားတို့ မေ့သွားကြပြီလား "
လူတိုင်း၏ နားစည်ထဲတွင် သတိပေးသံတစ်ခု ဟိန်းထွက်လာသည်။
ဤအသံမှာ ဝိညာဉ်ထဲအထိ စိမ့်ဝင်သွားပြီး လူကို ထိတ်လန့်သွားစေသည်။
တိထျန်းမှ ရောက်လာသော ဂိုဏ်းချုပ်နှစ်ဦးနှင့် ပေတုမှ ဂိုဏ်းချုပ်တစ်ဦးမှာ ထိတ်လန့်သွားကြပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကြသည်။ သူတို့သုံးဦးစလုံးပင် ထိုအသံပိုင်ရှင် ဘယ်မှာ ရှိနေသည်ကို မသိနိုင်ချေ၊ ဆိုလိုသည်မှာ ဤသူ၏ ကျင့်ကြံခြင်းမှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်နေခြင်း ဖြစ်သည်။
"ဝမ်ကျိလုံ အဆင့်တက်တာကို တားမယ့်သူ တကယ်ရှိနေတာပဲ"
အိုရန်ရွှမ်ကျန်းတို့မှာ ထိတ်လန့်သွားကြပြီး စကားပြောသူကို ရှာဖွေရန် ကြိုးစားနေကြသည်။
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းအတွင်းမှ တောင်ကုန်းသခင်များမှာလည်း လန့်သွားကြသော်လည်း မကြာမီမှာပင် စိတ်အေးသွားကြသည်။
အကြောင်းမှာ ပတ်ဝန်းကျင်တွင် ယင်ဓာတ် များ စုစည်းလာပြီး လီဝူဝမ့် ဦးဆောင်သော ကောင်းကင်ဓားဌာန မှ ဓားကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာသောကြောင့်ပင်။
"ရှူး... ဘယ်လို နတ်ဘုရားမျိုးလဲဆိုတာ ကြည့်ရအောင်"
လီဝူဝမ့်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ထိုအချိန်မှာပင် ထိုအသံသည် ထပ်မံထွက်ပေါ်လာပြီး ရောက်ရှိနေသော ဂိုဏ်းချုပ်များကို ပူးပေါင်းရန် တိုက်တွန်းနေပြန်သည်။
ပေတုမှ ရောက်လာသော ဂိုဏ်းချုပ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
"မိတ်ဆွေက အကြာကြီး စကားပြောနေတာပဲ၊ ဘာဖြစ်လို့ လူကိုယ်တိုင် ထွက်မလာတာလဲ။ ကျွန်တော်တို့ကို ပူးပေါင်းခိုင်းတာကလည်း အလယ်ပိုင်းနယ်မြေ တောရိုင်းကျောင်းက ပုဂ္ဂိုလ်ကို ကြောက်နေလို့ မဟုတ်လား"
ဒုတိယမြောက် ဂိုဏ်းချုပ်
ရောက်ရှိနေသော ကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဆိုလိုသည်မှာ နတ်ရိုသေဂိုဏ်းမှ ပုဂ္ဂိုလ်အပြင် အနည်းဆုံး နောက်ထပ် ဂိုဏ်းချုပ်နှစ်ဦး ထပ်ရောက်နေခြင်း ဖြစ်သည်။
"ဝမ်ကျိလုံသာ အဆင့်မတက်ရင်၊ တခြားလူဆိုရင် ဒီလောက်အထိ လူစုံလာမှာ မဟုတ်ဘူး"
အိုရန်ရွှမ်ကျန်းက မိမိဘာသာ ရေရွတ်လိုက်သည်။
ကုန်းထျန်းရှင်းမှာမူ တည်ငြိမ်နေသော်လည်း မျက်ဝန်းထဲတွင် စပ်စုလိုစိတ်များ ရှိနေသည်။ ပေတုမှ လူရှိနေသည်ကို သူ သိသော်လည်း စကားပြောနေသူမှာ ဘယ်မှာ ရှိနေသနည်းဟူသည်ကို သူ မသိချေ။
"အင်း... အဆင့် ၂ မသေမျိုး ဖြစ်နိုင်တယ်။ မြေဝက်ဝံကြယ်မှာ အဘိုးရွှင်အပြင် နောက်ထပ် အဆင့် ၂ မသေမျိုး တစ်ယောက် ရှိနေသေးတာပဲ"
ကုန်းထျန်းရှင်းက စိတ်ထဲမှ မှတ်တမ်းတင်လိုက်သည်။
နဂါးစားဘုရင်၏ ဘေးမှ မသေမျိုးအရှင်သည် ရုတ်တရက် ခပ်ပြုံးပြုံးဖြင့် ဟင်းလင်းပြင် တစ်နေရာကို လှမ်းကြည့်လိုက်သည်။ ဖန့်ချန်ကလည်း ထိုနေရာကို အကဲခတ်နေသည်။
ထိုဟင်းလင်းပြင်ထဲတွင် ဆံပင်နှင့် မုတ်ဆိတ်ဖြူဖွေးနေသော အဘိုးအိုတစ်ဦး ရပ်နေသည်။ သူ၏ ကိုယ်ပေါ်မှ မသေမျိုးစွမ်းအင်မှာ အလွန်ပင် ထူထပ်လှပြီး အဆင့် ၂ ဖြစ်သည်။
သူသည် ပေတုမှ ပုဂ္ဂိုလ်၏ စကားကို ကြားပြီးနောက် ရုတ်တရက် ရယ်မောကာ ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး လူတိုင်း၏ ရှေ့တွင် ပေါ်လာတော့သည်။
ရှပ် ရှပ် ရှပ်
မရေမတွက်နိုင်သော အကြည့်များသည် ထိုသူ့ထံသို့ ကျရောက်သွားသည်။
တိထျန်းမှ ဂိုဏ်းချုပ်နှစ်ဦးမှာမူ ကြောင်အမ်းသွားကြသည်။ အကြောင်းမှာ ဤအဘိုးအိုကို သူတို့ တစ်ခါမျှ မမြင်ဖူးသလို ဘယ်ကလာသည်ကိုလည်း လုံးဝ မသိသောကြောင့်ပင်။
"မင်းတို့ သုံးယောက် မကြောက်ကြပါနဲ့၊ မင်းတို့က ငါ့ကို မမြင်ဖူးပေမဲ့ ငါကတော့ မင်းတို့ကို မြင်ဖူးတာ ကြာပါပြီ"
ဆံပင်ဖြူ အဘိုးအိုက သူ၏ မုတ်ဆိတ်ကို သပ်ရင်း ပြောလိုက်သည်။
"ငါ ဒီနေ့ ဒီကို လာတာက... ပထမအချက်က ဒီလို လမ်းလွဲကျင့်စဉ်သမားတစ်ယောက် ဂိုဏ်းချုပ်ဖြစ်လာမှာကို တားဆီးဖို့ပဲ။
ဒုတိယအချက်ကတော့... ငါသာ ဒီလောကကို အုပ်စိုးပြီး အလယ်ပိုင်းနယ်မြေ၊ တိထျန်း နဲ့ ပေတု သုံးနေရာစလုံးကို ပေါင်းစည်းမယ်ဆိုရင် မင်းတို့ ငါ့ကို ကူညီကြမလားလို့ မေးချင်လို့ပဲ"
အခန်း (၁၅၅၄) - ငါ... ငါသေသွားပြီလား
ရောက်ရှိနေသော သိန်းနှင့်ချီသည့် ကျင့်ကြံသူအားလုံး မှင်တက်သွားကြသည်။
ဆံပင်နှင့် မုတ်ဆိတ်ဖြူဖွေးနေသော ဤအဘိုးအို၏ စကားများသည် သူတို့၏ စိတ်ကူးထင်မြင်ချက်များကို အမှန်တကယ်ပင် ကျော်လွန်နေခဲ့သည်။
လောကကို အုပ်စိုးမည် နယ်မြေသုံးခုကိုပေါင်းစည်းမည်။
အလယ်ပိုင်းနယ်မြေမှ ကျင့်ကြံသူဖြစ်စေ၊ တိထျန်းနှင့် ပေတုမှ ကျင့်ကြံသူများဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်လောကလုံးကို တစ်ကယ်ကြီး အုပ်စိုးရန် ကြိုးပမ်းမည့်သူ ပေါ်လာလိမ့်မည်ဟု မတွေးမိခဲ့ကြချေ။
နယ်မြေသုံးခုသည် ရှေးယခင်ကတည်းက ယနေ့တိုင် တိုက်ခိုက်လာခဲ့ကြခြင်းဖြစ်ပြီး မိစ္ဆာမသေမျိုးပင်လယ် ရှိနေခြင်းကြောင့် ဤနယ်မြေသုံးခုကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းစည်းကာ အုပ်စိုးနိုင်ရန်မှာ အခွင့်အခါကောင်းရုံသာမက ဤလောကတွင် အမှန်တကယ် အနှိုင်းမဲ့သည့် စွမ်းဆောင်ရည်မျိုး ရှိရန်လည်း လိုအပ်ပေသည်။
ထိုအဘိုးအိုတွင်... ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရှိနေပါသလား။
တိထျန်းမှ ဂိုဏ်းချုပ်နှစ်ဦး၊ ပေတုမှ ဂိုဏ်းချုပ်နှင့် ကုန်းထျန်းရှင်းတို့၏ စိတ်ထဲတွင် သံသယများ အသီးသီး ပေါ်ပေါက်လာကြသည်။
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းအတွင်း၌မူ လီဝူဝမ့်သည် ဤသူ၏ စကားကို ကြားသောအခါ မျက်ဝန်းထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
"ကြည့်ရတာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေပြီး တရားရတာနဲ့ တစ်လောကလုံးကို အုပ်စိုးချင်နေတဲ့ ရည်မှန်းချက်ကြီးလှတဲ့ လူတစ်ယောက်ပဲ"
သူသည် ဤကဲ့သို့သော လူမျိုးနှင့် အလွန်ရင်းနှီးလှသည်။ အကြောင်းမှာ သူကိုယ်တိုင်လည်း တစ်ချိန်က ထိုသူနှင့် ဆင်တူခဲ့ဖူးသောကြောင့်ပင်။
ထူးခြားသည်မှာ ဤသူက တစ်လောကလုံးကို အုပ်စိုးရန် ကြံစည်နေခြင်းဖြစ်ပြီး သူကမူ ဤလောကတွင် ဓားကျင့်ကြံသူများအတွက် နေရာတစ်ခုရရှိရန်သာ ကြံစည်ခဲ့ခြင်း ဖြစ်သည်။
"မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ"
ပေတုမှ ဂိုဏ်းချုပ်သည်လည်း ဟင်းလင်းပြင်ထဲတွင် ကိုယ်ထင်ပြလာပြီး ထိုသူ့ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ငါ့ဘွဲ့က ဝူရှန့် တဲ့။ မိစ္ဆာမသေမျိုးပင်လယ်မှာ နှစ်ပေါင်းများစွာ တိတ်တဆိတ် ကျင့်ကြံခဲ့ပြီး ဝူရှန့်နတ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်"
ဝူရှန့်က အသာအယာ ပြုံးလျက်
"ဒါပေမဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ငါ့ရဲ့ ကျင့်ကြံခြင်းက မလုံလောက်သေးဘူးလို့ ခံစားရတာကြောင့် အမြဲတမ်း လူမသိအောင် နေခဲ့တာပါ။ ငါ့ရဲ့ လက်အောက်ငယ်သားတွေလည်း ငါ့လိုပဲ ကျင့်ကြံခြင်းလောကထဲမှာ သွားလာလှုပ်ရှားတာမျိုး မရှိခဲ့တော့ နာမည်မကြီးတာ မဆန်းပါဘူး"
ဝူရှန့်နတ်ဂိုဏ်း
လူတိုင်းသည် ဤဂိုဏ်း၏ အမည်ကို တစ်ခါမျှ မကြားဖူးကြချေ။ သို့သော် တစ်ဖက်လူက မိစ္ဆာမသေမျိုးပင်လယ်တွင် နှစ်ပေါင်းများစွာ တိတ်တဆိတ် ကျင့်ကြံခဲ့သည်ဟု ဆိုသောအခါမှ သူတို့ နားလည်သွားကြသည်။
မိစ္ဆာမသေမျိုးပင်လယ်သည် အလွန်ပင် ကျယ်ပြောလှပြီး တိထျန်း၊ ပေတုနှင့် အလယ်ပိုင်းနယ်မြေ သုံးခုပေါင်းသည်ထက်ပင် ပို၍ ကြီးမားသေးသည်။ ဂိုဏ်းချုပ်အဆင့် ပုဂ္ဂိုလ်တစ်ဦးပင်လျှင် မိစ္ဆာမသေမျိုးပင်လယ်တစ်ခုလုံးကို နှံ့နှံ့စပ်စပ် သိနိုင်ရန် မဖြစ်နိုင်ချေ။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မိစ္ဆာမသေမျိုးပင်လယ်ထဲတွင် ပုန်းအောင်းကျင့်ကြံနေခြင်းမှာ တစ်နေ့တွင် လောကကို တုန်လှုပ်စေရန်သာ ဖြစ်ပေလိမ့်မည်။ ယခုတော့ ထိုသူသည် တကယ်ပင် လုပ်ဆောင်နိုင်ခဲ့ပြီ။
"ဝူရှန့်မိတ်ဆွေ ဖြစ်နေတာကိုး..."
ပေတုမှ ဂိုဏ်းချုပ်က ခဏမျှ စဉ်းစားပြီးမှ
"ဝူရှန့်မိတ်ဆွေ... လောကကို အုပ်စိုးခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို သေသေချာချာ မသိသေးလို့ ထင်တယ်။ ကျွန်တော်တို့က ကူညီချင်တယ်ဆိုရင်တောင် အလယ်ပိုင်းနယ်မြေ တောရိုင်းကျောင်းက ပုဂ္ဂိုလ်ကတော့ သေချာပေါက် ထွက်လာပြီး တားဆီးပါလိမ့်မယ်"
"ခွန်လွန်ဓားဂိုဏ်းက လီချန်စန်းလည်း ရှိသေးတယ်"
တိထျန်းမှ ဂိုဏ်းချုပ်တစ်ဦးလည်း ရုတ်တရက် ကိုယ်ထင်ပြလာပြီး တည်ငြိမ်စွာ ဆိုသည်။
"သူ့ရဲ့ အတားအဆီးကို မကျော်ဖြတ်နိုင်ရင် မိတ်ဆွေလည်း လောကကို အုပ်စိုးနိုင်မှာ မဟုတ်ဘူး"
"ဟဲဟဲ... မင်းတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ငါ ဘယ်လိုလုပ် မသိဘဲ နေမလဲ ဒါပေမဲ့ စိတ်ချပါ။ တောရိုင်းကျောင်းက လူပဲဖြစ်ဖြစ်၊ ခွန်လွန်ဓားဂိုဏ်းက လီချန်စန်းပဲဖြစ်ဖြစ်..."
"သူတို့နှစ်ယောက် ပူးပေါင်းရင်တောင် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"
ဝူရှန့်က ခပ်ပြုံးပြုံးဖြင့် ဆိုရာတွင် သူ၏ လေသံထဲ၌ ယုံကြည်ချက်များ အပြည့်အဝ ပါဝင်နေသည်။
"အခု ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက ဒီရိုင်းစိုင်းတဲ့လူ အဆင့်တက်တာ မအောင်မြင်ရုံနဲ့တင် ဒီလောကကြီးက ငါ့လက်ထဲ ရောက်လာမှာပဲ"
လူတိုင်း၏ စိတ်ထဲတွင် အံ့အားသင့်သွားကြသည်။ အချို့က ထိုသူ့စကားကို ယုံကြည်ကြပြီး အချို့ကမူ မယုံကြည်ကြချေ။
တောရိုင်းကျောင်းအုပ်နှင့် လီချန်စန်း ပူးပေါင်းတာတောင် သူ့ကို မယှဉ်နိုင်ဘူးလား။
ဤသူ၏ ကျင့်ကြံခြင်းက ထိုမျှအထိ ကြောက်စရာကောင်းနေတာလား။
"မိတ်ဆွေက အဆင့် ၂ မသေမျိုး မဟုတ်လား တကယ်လို့ အဆင့် ၂ မသေမျိုးပဲ ဆိုရင် ဘာဖြစ်လို့ တောရိုင်းကျောင်းအုပ်နဲ့ လီချန်စန်းကို ယှဉ်နိုင်မယ်လို့ ယူဆနေတာလဲ "
ပေတုမှ ဂိုဏ်းချုပ်က မေးလိုက်သည်။
ဝူရှန့်က အသာအယာ ရယ်မောလိုက်ပြီး
"ငါက တကယ်ပဲ အဆင့် ၂ မသေမျိုးပါ။ ဒါပေမဲ့ ငါက ဝိညာဉ်ရတနာ တစ်ခုကို ပိုင်ဆိုင်ထားပြီးပြီ။ သူတို့နှစ်ယောက်ကို ရင်ဆိုင်ဖို့ကတော့ ပြောနေစရာတောင် မလိုပါဘူး။ ဒါပေမဲ့ ငါက အဲဒီလောက်အထိတော့ မောက်မာမနေပါဘူး"
သူက ခဏမျှ ရပ်လိုက်ပြီးမှ
"တကယ်လို့ ဓားကျင့်ကြံသူ နှစ်ယောက်နဲ့ တောရိုင်းကျောင်းအုပ်တို့ သုံးယောက် ပူးပေါင်းလာမယ်ဆိုရင်တော့ ငါကိုယ်တိုင်တောင်... ခဏတော့ ရှောင်တိမ်းရလိမ့်မယ်။ ဒါကြောင့်လည်း ငါ ဒီနေ့ ရောက်လာတာပေါ့"
သူက စကားကို ဆက်လိုက်ပြန်သည်
"ငါ မိစ္ဆာမသေမျိုးပင်လယ်မှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ပေမဲ့ တစ်ခါတရံမှာ စိတ်အာရုံနဲ့ လောကအနှံ့ကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
ဓားကျင့်ကြံသူတွေဆိုတာ နည်းပညာကိုပဲ အဓိကထားပြီး အသက်ဓာတ်ကို မကျင့်ကြံကြဘူး၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း အထင်ကြီးလွန်းကြတယ်။
သူတို့ဟာ ဒီလောကမှာ မရှိသင့်တဲ့သူတွေပဲ။ မိတ်ဆွေတို့ရဲ့ နည်းလမ်းတွေက အရမ်း နူးညံ့လွန်းနေလို့သာ သူတို့တွေ ဒီမှာ သောင်းကျန်းနေကြတာ"
အရိပ်များကြားတွင် ဖန့်ချန်၏ အမူအရာမှာ ထူးဆန်းနေသည်။ ဤလူသည် အဘိုးရွှင်တွင်လည်း ဝိညာဉ်ရတနာတစ်ခု ရှိနေသည်ကို သိပုံမရချေ။
ထို့ထက်ပို၍ မြေဝက်ဝံကြယ်၏ ယခုလက်ရှိ အခြေအနေမှန်ကိုလည်း သူ မသိသေးပေ။
သူသည် နှစ်ပေါင်းများစွာ တိတ်တဆိတ် ကျင့်ကြံနေခဲ့သော်လည်း ဤလောက၏ အမှန်တရားကိုမူ... သေသေချာချာ မျက်မှောက်ပြုခဲ့ပုံ မရချေ။
အားလုံးက... သူ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်နေသည်။
ထိုစဉ်မှာပင် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းအတွင်းမှ ဝမ်ကျိလုံ၏ ကျယ်လောင်သော ရယ်သံကြီး ထွက်ပေါ်လာသည်။
"ဟားဟားဟား အရင်က ဓားမသေမျိုးဟောင်းကြီး မိစ္ဆာမသေမျိုးပင်လယ်ကို လှည့်လည်တုန်းက နာမည်မရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်လို့ ပြောဖူးတယ် "
"အဲဒီလူက ဓားမသေမျိုးဟောင်းကြီးဆီက ဓားကျင့်စဉ် အမွေအနှစ်ကို လိုချင်လို့ ကြံစည်ခဲ့ပေမဲ့ အခုတ်ခံလိုက်ရပြီး ဓားတစ်ချက်နဲ့တင် သူ့ရဲ့ အဖိုးတန်ပစ္စည်း (လိင်အင်္ဂါ) ဖြတ်တောက်ခံလိုက်ရမှ ထွက်ပြေးလွတ်မြောက်သွားခဲ့တာတဲ့ "
"အဲဒီလူက မင်းပဲကိုး ဟားဟားဟား "
ဟိန်းထွက်နေသော ရယ်သံကြီးသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားတော့သည်။
လူတိုင်း၏ အမူအရာမှာ တဖြည်းဖြည်းနှင့် မှင်တက်အံ့အားသင့်သွားကြသည်။
"အော်... ရန်ငြိုးဟောင်း ရှိခဲ့တာကိုး..."
"စောစောကလည်း မလာဘူး၊ နောက်ကျမှလည်း မလာဘူး၊ သူများ ဂိုဏ်းချုပ်အဆင့် တက်လှမ်းနေချိန်ကျမှ ရောက်လာတယ်"
"ဒီလို ရန်ငြိုးမျိုးဆိုရင် အဲဒီတုန်းကတည်းက နည်းလမ်းရှာပြီး လက်စားချေသင့်တာ။ အခုတော့ ဓားမသေမျိုးဟောင်းကြီးတောင် ကွယ်လွန်သွားပြီ၊ သူက အဆင့် ၂ မသေမျိုးဖြစ်လာမှ ကိုယ်ထင်ပြရဲတာလား..."
မျက်မှောက်ရှိ လူအပေါ် လူတိုင်း၏ အမြင်မှာ ရုတ်တရက် ထိုးကျသွားတော့သည်။
မူလက နှစ်ပေါင်းများစွာ တိတ်တဆိတ် ကျင့်ကြံနေသော အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးဟု ထင်မှတ်ထားခဲ့သော်လည်း...
အဆင့် ၁ မသေမျိုး ဘဝတုန်းက ဓားမသေမျိုးဟောင်းကြီး၏ ဓားချက်ဖြင့် ဒဏ်ရာရဖူးသော လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။
ဝူရှန့်သည် အပြင်ပန်းတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း မျက်ဝန်းထဲတွင်မူ ရက်စက်သော ဒေါသများ တောက်လောင်လာသည်။
"လျှောက်မပြောနဲ့ ဒီနေ့ မင်းရဲ့ အသက်ကို ငါ ယူမယ်"
သူက ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော မသေမျိုးဓားများ ပေါ်ထွက်လာပြီး ကြယ်တံခွန်များကဲ့သို့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းဆီသို့ ဦးတည်ကာ ကျဆင်းသွားတော့သည်။
လူတိုင်းသည် ထိုသူ့ကို စိတ်ထဲမှ လှောင်ပြောင်နေကြသော်လည်း သူ၏ နည်းလမ်းကို မြင်လိုက်ရသောအခါ ရင်ထဲတွင် ထိတ်လန့်သွားကြသည်။
ဤမရေမတွက်နိုင်သော မသေမျိုးဓားများထဲမှ မည်သည့်ဓားတစ်လက်မဆို သူတို့အပေါ်သို့ ကြီးမားသော ဖိအားများကို သက်ရောက်စေပြီး အသက်ရှူပင် ကျပ်စေသည်။
ဤသည်မှာ ရောက်ရှိနေသော မသေမျိုးဘုရင်များကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် စွမ်းအားပင်
"ဒါက... ဂိုဏ်းချုပ်ရဲ့ နည်းလမ်းလား..."
"ငါတို့နဲ့... အများကြီး ကွာခြားလွန်းလှပါလား..."
မသေမျိုးဘုရင် အတော်များများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မှင်တက်နေကြပြီး သူတို့၏ ကျင့်ကြံလိုစိတ် မှာပင် အက်ကြောင်းများ ထင်လာခဲ့သည်။
"ဒီနေ့ ဝမ်ကျိလုံရဲ့ အဆင့်တက်လမ်းကတော့ ပြတ်တောက်သွားပြီပဲ"
"တောရိုင်းကျောင်းအုပ်သာ ကိုယ်ထင်မပြလာရင်တော့..."
တိထျန်းမှ ဂိုဏ်းချုပ်နှစ်ဦးနှင့် ပေတုမှ ဂိုဏ်းချုပ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ကောင်းကင်ယံမှ ဓားမိုးများ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းအတွင်းသို့ ကျဆင်းသွားသည်ကို ကြည့်ရင်း...
ဝူရှန့်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားကာ သူ၏ ကိုယ်လုံးမှာလည်း မသိမသာ တုန်ယင်နေသည်။ ၎င်းမှာ ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားခြင်းကြောင့် ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော ရန်ငြိုးကို ယနေ့တွင် အပြီးသတ် ချေဖျက်နိုင်တော့မည်။
ထိုစဉ်မှာပင် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းအတွင်းမှ ဓားအရှိန်အဝါ တစ်ခု ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ယံမှ ဓားမိုးများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။
"ဘယ်က အမှိုက်က လာပြီး သောင်းကျန်းနေတာလဲ။ ကျင့်ထားတဲ့ ဓားပညာကလည်း မကျွမ်းကျင်၊ တစ်ဝက် တစ်ပျက်နဲ့"
အသံတစ်ခုသည် လူတိုင်း၏ နားစည်ထဲတွင် ဟိန်းထွက်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် ငြိမ်သက်သွားတော့သည်။
ဤဝူရှန့်ဂိုဏ်းချုပ်သည် အရင်က ဓားမသေမျိုးဟောင်းကြီး၏ ဒဏ်ရာပေးခြင်းကို ခံခဲ့ရသည်ဖြစ်စေ၊ မခံခဲ့ရသည်ဖြစ်စေ... ယခုအခါတွင် သူသည် စစ်မှန်သော အဆင့် ၂ မသေမျိုး ဖြစ်နေသည်မှာ အမှန်ပင်။
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းထဲတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် ယှဉ်ပြိုင်နိုင်သည့် အစွမ်းထက်သူတစ်ဦး ပုန်းအောင်းနေသေးတာလား။
"မင်းက ဘယ်သူလဲ "
ဝူရှန့်သည် နောက်သို့ ပေပေါင်း ရာချီ ဆုတ်ခွာသွားပြီး ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းကို သံသယများဖြင့် ကြည့်လိုက်သည်။
"ငါ့ရဲ့ ဒီဓားတစ်ချက်ကို အသက်ရှင်အောင် တောင့်ခံနိုင်မှ ငါ့နာမည်ကို မေးဖို့ မနောက်ကျသေးဘူး"
နောက်ထပ် ဓားအရှိန်အဝါတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
ယခုတစ်ကြိမ်တွင်မူ လူတိုင်းသည် တစ်စုံတစ်ရာသော နယ်ပယ် တစ်ခုအတွင်းသို့ ဆွဲသွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။
"ဒါက ဓားနယ်ပယ် ပဲ..." ကုန်းထျန်းရှင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဝူရှန့်မှာမူ ဦးရေပြားများ ထုံကျင်သွားပြီး ဤဓားအရှိန်အဝါကို မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်ကြောင်း ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးရန် ကြိုးစားတော့သည်။
"တောက် အသေပဲ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှာ ဘယ်လိုဖြစ်လို့ ဒီလို ကြောက်စရာကောင်းတဲ့သူ ရှိနေရတာလဲ "
သူ၏ စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း သူ၏ မသေမျိုးစွမ်းအင်များကို အစွမ်းကုန် အသုံးချကာ အမြန်ဆုံးနှုန်းဖြင့် ဤနေရာမှ ထွက်ပြေးရန် ကြိုးစားနေသည်။
"တော်သေးတာပေါ့၊ ငါ့ရဲ့ လှုပ်ရှားမှုပညာက အတော်ဆုံးပဲ။ လွတ်အောင် ပြေးနိုင်သရွေ့ မိစ္ဆာမသေမျိုးပင်လယ်ကို ပြန်ပြီး နောက်ထပ် နှစ်အနည်းငယ် ကျင့်ကြံဦးမယ်၊ ပြီးမှ ဒီရန်ငြိုးကို ပြန်လာဆပ်မယ် "
နောက်ဘက်မှ ဓားအရှိန်အဝါများ ပျောက်ကွယ်သွားပြီဟု ခံစားလိုက်ရသဖြင့် သူ စိတ်အေးသွားသည်။
သို့သော် နောက်ဆက်တွဲတွင် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ... မရေမတွက်နိုင်သော မျက်လုံးများက သူ့ကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
မဟုတ်သေးဘူး... သူတို့က သူ့ကို ကြည့်နေကြခြင်း မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ကို ကြည့်နေကြခြင်း ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်မှာ ဓားအရှိန်အဝါဖြင့် အပေါက်ဖောက်ခံထားရပြီး ဟင်းလင်းပြင်တွင် တွဲလောင်းကျနေကာ အသက်ဓာတ်များ လုံးဝ ကင်းမဲ့နေပြီ ဖြစ်သည်။
"ငါ... ငါသေသွားပြီလား"
ဝူရှန့်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ကြောင်အမ်းသွားတော့သည်။