အခန်း (၁၅၅၅-၁၅၅၆)
Vol. 156 Ch. 1555-1556
အခန်း (၁၅၅၅) - ငါတို့ ယင်လောက မှာ သွားပြီး စကားပြောကြရအောင်
"ဘာလို့ ဒီလိုဖြစ်ရတာလဲ... ဘာလို့ ဒီလိုဖြစ်ရတာလဲ..."
ဝူရှန့်သည် မိမိဘာသာ ရေရွတ်နေသော်လည်း သူ၏အသံကို လူတိုင်း မကြားနိုင်တော့ချေ။ သူသည် လွင့်မျောနေသော ဝိညာဉ်တစ်ခု ဖြစ်သွားခဲ့ပြီ။
"ငါ နှစ်ပေါင်းများစွာကြာအောင် တိတ်တဆိတ် ကျင့်ကြံခဲ့တယ်။ ဟို အဘိုးကြီး (ဓားမသေမျိုးဟောင်း) သေပြီးရင် ငါ လူလုံးထွက်ပြဖို့ ကြံစည်ခဲ့ပေမဲ့ လီချန်စန်းက အဆင့် ၁ မသေမျိုး ဖြစ်လာပြန်တယ်။ သူ့ရဲ့ အရှိန်အဝါကို ရှောင်ရှားဖို့အတွက် ငါ ပိုပြီး ကြိုးစားကျင့်ကြံခဲ့ရတယ်"
"ဒီနေ့အချိန်မှာ ဒီလောကရဲ့ ထိပ်တန်းပညာရှင်တွေအားလုံး ပုန်းအောင်းနေကြပြီ၊ ငါကလည်း အဆင့် ၂ မသေမျိုး ဖြစ်လာခဲ့ပြီ..."
"မူလက လောကကို အုပ်စိုးရမယ့် အနေအထားမျိုးမှာ... ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။ အဲဒီဓားချက်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ "
"မင်းက လက်စားချေဖို့အတွက် တကယ်ပဲ စိတ်ရောကိုယ်ပါ ရင်းနှီးပေးဆပ်ခဲ့တာပဲ။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပေမဲ့ နောက်ဆုံးတော့ ဓားတစ်ချက်ကိုတောင် မယှဉ်နိုင်ခဲ့ဘူး။ ဟူး..."
အသံတစ်ခု ဝူရှန့်၏ နားနားတွင် ထွက်ပေါ်လာသည်။
ဝူရှန့် ကြောင်အမ်းအမ်းဖြင့် လှည့်ကြည့်လိုက်ရာ ဖန့်ချန်ကို တွေ့လိုက်ရသဖြင့်
"မင်း ငါ့ကို မြင်နိုင်လို့လား"
ဟု မေးလိုက်သည်။
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။
ဝူရှန့်က သက်ပြင်းချရင်း
"ကြည့်ရတာ မင်းလည်း ဝိညာဉ်တစ်ခုပဲ ဖြစ်မှာပါ။ အခုနက မြင်ကွင်းကို မင်းလည်း မြင်လိုက်တယ်မလား... ငါ မကျေနပ်ဘူးကွာ... အဲဒီဓားချက်ရဲ့ ပိုင်ရှင် ဘယ်သူလဲဆိုတာတောင် မမြင်လိုက်ရဘဲ ငါ သေသွားခဲ့ရတယ်..."
"အဲဒီဓားချက်ရဲ့ နာမည်က အကွာအဝေးမဲ့တဲ့။ အဲဒါ သူ့ရဲ့ ဓားနယ်ပယ်ပဲ"
ဖန့်ချန်က ဆိုသည်။
"အကွာအဝေးမဲ့ ဓားနယ်ပယ်လား... ဒီဓားကျင့်ကြံသူတွေဟာ... တကယ်ပဲ မိစ္ဆာတွေပဲ။ ဟဲဟဲ..."
ဝူရှန့်က မိမိကိုယ်ကိုယ် ပြန်လှောင်ပြောင်းရင်း ရယ်မောလိုက်သည်။
တစ်ချိန်တည်းမှာပင် အရပ်ရပ်မှ ကျင့်ကြံသူများသည် ဟင်းလင်းပြင်တွင် တွဲလောင်းကျနေသော အလောင်းကို စိုက်ကြည့်ရင်း ဘာစကားမျှ မပြောနိုင်ဘဲ တိတ်ဆိတ်နေကြသည်။
အလယ်အဆင့် ကျင့်ကြံသူအချို့ကမူ ထိုဓားချက်မှာ အလွန်အစွမ်းထက်သည်ဟုသာ ခံစားရသော်လည်း ရောက်ရှိနေသော မသေမျိုးဘုရင်များမှာမူ ဤဓားချက်ထဲမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသည်။
အထူးသဖြင့် ရောက်ရှိနေသော ဂိုဏ်းချုပ်အချို့မှာမူ ဤဓား၏ ထိတ်လန့်ဖွယ် စွမ်းအားကို အစစ်အမှန်ဆုံး ခံစားလိုက်ရသည်။ အဆင့် ၂ မသေမျိုးကို သတ်ချင်တဲ့အချိန်... သတ်ပစ်လိုက်တာပဲ။
ဒါဆိုရင် ဟိုဓားမသေမျိုးဟောင်းကြီးက တကယ်ပဲ မသေဘဲနဲ့ ဒီဂိုဏ်းထဲမှာ ဂိုဏ်းချုပ်အဆင့်အထိ တိတ်တဆိတ် ကျင့်ကြံနေခဲ့တာလား
ထိုစဉ်မှာပင် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းအတွင်းမှ နေမင်းပမာ တောက်ပနေသော အရှိန်အဝါများသည် တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားသည်။ ပူပြင်းလှသော နေမင်းကြီး ပင်လယ်ထဲသို့ ငုပ်လျှိုးသွားသကဲ့သို့ပင်။
"ဒါက ကျရှုံးသွားတာလား၊ အောင်မြင်သွားတာလား"
ရောက်ရှိနေသော မသေမျိုးဘုရင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဂိုဏ်းချုပ်အချို့သာလျှင် အခြေအနေမှန်ကို ရိပ်မိကြသည်။ ထိုသူတို့ထဲမှ တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဝမ်မိတ်ဆွေ... ဂိုဏ်းချုပ်အဆင့်သို့ တက်လှမ်းနိုင်ခြင်းအတွက် ဂုဏ်ယူပါတယ် "
အသံမှာ လှိုင်းလုံးကြီးများသဖွယ် အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားသည်။ အခြားသော ဂိုဏ်းချုပ်များကလည်း လိုက်လံ ဂုဏ်ပြုကြတော့သည်။
ထိုအချိန်မှသာ လူတိုင်းသည် ဝမ်ကျိလုံ တကယ်ပင် ဂိုဏ်းချုပ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။ ဓားကျင့်ကြံသူတစ်ဦး အနေဖြင့် ဂိုဏ်းချုပ်အဆင့်သို့ ရောက်ရှိသွားခြင်းမှာ လီချန်စန်းနှင့် တန်းတူသော ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။
"ငါတို့ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း အပြင်ထွက်ပြီး ဓားစိန်ခေါ်ပွဲ မလုပ်တာ တော်တော်ကြာပြီ။ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားကျင့်ကြံသူ သန်းပေါင်းများစွာ အမိန့်ကို နားထောင်ကြစမ်း... ငါနဲ့အတူ မိစ္ဆာမသေမျိုးပင်လယ်ကို သွားပြီး ဓားစွမ်းရည် သွားစမ်းကြမယ် "
ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါများသည် မိစ္ဆာမသေမျိုးပင်လယ်ဆီသို့ ဦးတည်ပျံသန်းသွားသည်။ ၎င်းနောက်တွင် မရေမတွက်နိုင်သော ဓားအလင်းတန်းများက ထပ်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။
"ဟို ဝူရှန့်နတ်ဂိုဏ်းတော့... ဂိုဏ်းပျက်တော့မှာပဲ..."
တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဝူရှန့်နတ်ဂိုဏ်းတင် ဘယ်ကမလဲ။ မိစ္ဆာမသေမျိုးပင်လယ် တစ်ခုလုံးတောင် ဒီဒဏ်ကို ခံရပြီး ပင်လယ်ရေပြင် သုံးတောင်လောက် နိမ့်ဆင်းသွားနိုင်တယ်"
နောက်တစ်ဦးက ခါးသီးစွာ ပြုံးလျက် ဆိုသည်။
"ဓားကျင့်ကြံသူ သန်းပေါင်းများစွာ ကြည့်ရတာ အဲဒီလောက် မရှိပါဘူး... ရှိတာကမှ... အင်း... မင်း ငါ့ပါးစပ်ကို ဘာလို့ လာပိတ်တာလဲ "
"အဲဒီပုဂ္ဂိုလ်က သန်းပေါင်းများစွာ ရှိတယ်လို့ ပြောရင် သန်းပေါင်းများစွာ ရှိတာပဲ။ လိမ္မာစမ်းပါ၊ ပြန်မပြောနဲ့ဦး။ သူတို့ မင်းရဲ့ တံခါးရှေ့အထိ လာပြီး ဓားစွမ်းရည် လာစမ်းတာမျိုး မင်း မလိုချင်ဘူးမလား "
"ဒါလည်း ဟုတ်တာပဲ "
ရောက်ရှိနေသော သိန်းနှင့်ချီသည့် ကျင့်ကြံသူများ၏ မျက်နှာမှာ ရှုပ်ထွေးနေကြသည်။ မကြာမီမှာပင် ယနေ့ဖြစ်ရပ်သည် တစ်လောကလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားတော့မည်။ ဓားကျင့်ကြံသူ သန်းပေါင်းများစွာ ဆိုသော အမည်နာမမှာလည်း အတည်ဖြစ်သွားတော့မည်...။
"အားလုံးပဲ လူစုခွဲကြရအောင်၊ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းမှာ ဘယ်သူမှ ရှိတော့ပုံမရဘူး..."
ပေတုမှ ဂိုဏ်းချုပ်က လက်ဝှေ့ယမ်းပြပြီးနောက် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းဘက်သို့ ဦးညွှတ်နှုတ်ဆက်ကာ လှည့်ထွက်သွားသည်။ လူတိုင်းသည် ထိုအပြုအမူကို မြင်သောအခါမှ သတိဝင်လာကြပြီး အတုယူကာ မထွက်ခွာမီ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းဘက်သို့ ဦးညွှတ် အလေးပြုကြသည်။
ဝမ်ကျိလုံသည် တပည့်တပန်းများကို ခေါ်ဆောင်ကာ မိစ္ဆာမသေမျိုးပင်လယ်သို့ တကယ်ကြီး သတ်ဖြတ်ရန် သွားခဲ့ခြင်း ဖြစ်နိုင်သော်လည်း... ဝူရှန့်ဂိုဏ်းချုပ်ကို ဓားတစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့သော ထိုပုဂ္ဂိုလ်မှာမူ ယခုထိ ရှိနေသေးသည်မှာ သေချာလှပေသည်။
"တောက် အသေပဲ... ငါ့ရဲ့ ဝူရှန့်နတ်ဂိုဏ်း..."
ဝူရှန့်သည် စွမ်းအားမဲ့စွာဖြင့် မိစ္ဆာမသေမျိုးပင်လယ်ဘက်သို့ လှမ်းကြည့်ရင်း ညည်းတွားနေသည်။
"စိတ်ရောကိုယ်ပါ အများကြီး ရင်းနှီးထားခဲ့ရတာလား " ဖန့်ချန်က မေးလိုက်သည်။
"အေးပေါ့... ငါ့ရဲ့ နှစ်ပေါင်းများစွာက ကြိုးပမ်းအားထုတ်မှုတွေပဲ..."
ဝူရှန့်က ရေရွတ်ရင်း
"ဒီတစ်ခေါက် လောကထဲ ပြန်ထွက်လာရင် ငါ့ကို ဘယ်သူမှ မယှဉ်နိုင်တော့ဘူးလို့ ထင်ခဲ့တာ... ဟာ ဟုတ်သားပဲ"
သူ ရုတ်တရက် သတိဝင်လာကာ သူ၏ အလောင်းကို ပြန်ကြည့်လိုက်သည်။
"ငါ့ရဲ့ ဝိညာဉ်ရတနာ..."
စကားပင် မဆုံးသေးချေ၊ သူ၏ အလောင်းမှာ လေနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီ။ သိသာလှသည်မှာ သူ၏ ဝိညာဉ်ရတနာသည်လည်း အခုနက ဓားချက်အောက်တွင် အစအနမကျန် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
"ဟူး... ဒါ ကံကြမ္မာပဲ"
ဖန့်ချန်က အသာအယာ သက်ပြင်းချလိုက်ပြီး ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းဘက်သို့ ပျံသန်းသွားသည်။
ဝူရှန့်မှာ ကြောင်အမ်းအမ်းဖြင့် ခဏမျှ ရပ်နေပြီးမှ အမြန် လိုက်သွားသည်။
"မင်း ဟိုဘက်ကို ဘာသွားလုပ်မလို့လဲ ထားလိုက်ပါတော့... ငါတို့က ဝိညာဉ်တွေပဲလေ၊ ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူး။ ငါလည်း လိုက်ကြည့်ဦးမယ်၊ ဘယ်သူ့ရဲ့ ဓားက ဒီလောက်အထိ ထက်ရှနေရတာလဲဆိုတာ သိချင်တယ်"
ဖန့်ချန်က ဝူရှန့် လိုက်လာသည်ကို မတားဆီးခဲ့ချေ။
သူတို့နှစ်ဦးသည် နဂါးစားဘုရင်နှင့် မသေမျိုးအရှင်တို့၏ ဘေးမှ ဖြတ်သွားစဉ် ဖန့်ချန်က သရဲကလေး ကို လက်ယပ်ခေါ်လိုက်ရာ သရဲကလေးသည် လူနှစ်ဦးကို တစ်ဖက်တစ်ချက်စီမှ ဆွဲမပြီး လိုက်ပါလာတော့သည်။
"သူတို့က ဘယ်သူတွေလဲ "
ဝူရှန့်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း သရဲကလေး၏ ပုံစံကို မြင်သောအခါ ဤသူသည်လည်း ဝိညာဉ်တစ်ခု ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ သို့သော် သူကဲ့သို့ ဝိညာဉ်အသစ်ထက် အဆပေါင်းများစွာ သန်မာနေသဖြင့် စိတ်ထဲတွင် ပို၍ သတိထားလိုက်မိသည်။
ထိုအချိန်တွင် နဂါးစားဘုရင်နှင့် မသေမျိုးအရှင်တို့မှာ စကားတစ်လုံးမှ မပြောနိုင်ကြချေ။ အကြောင်းမှာ သူတို့၏ ပါးစပ်များကို သရဲကလေးက ပိတ်ထားသောကြောင့်ပင်။
မသေမျိုးအရှင်က ဖန့်ချန်ကို မမှတ်မိသော်လည်း နဂါးစားဘုရင်မှာမူ ဖန့်ချန်ကို မြင်လိုက်ရသည်နှင့် မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ အပျော်လာကြည့်ရာမှ ဤကဲ့သို့သော အဖြစ်ဆိုးနှင့် ကြုံရလိမ့်မည်ဟု သူတို့နှစ်ဦးစလုံး တစ်ခါမျှ မတွေးမိခဲ့ကြချေ။
နောက်ထပ် လုပ်ဆောင်ရမည့် စမ်းသပ်မှုကရော ဘယ်လိုလုပ်မလဲ။
ဖန့်ချန်သည် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းအတွင်းသို့ ပျံသန်းဝင်ရောက်သွားရာ လီဝူဝမ့် အစရှိသော ဓားကျင့်ကြံသူများသည် စောင့်ဆိုင်းနေကြပြီးသား ဖြစ်သဖြင့် အရှေ့သို့ လှမ်းလာကြသည်။
"သူလား သူကပဲ ငါ့ကို ဓားတစ်ချက်တည်းနဲ့ သတ်လိုက်တာလား "
ဝူရှန့်က လီဝူဝမ့်ကို လက်ညှိုးထိုးရင်း ဖန့်ချန်ကို မေးလိုက်သည်။
"ဟုတ်တယ်" ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။
"ဒီဓားကျင့်ကြံသူတွေဟာ တကယ်ကို ကောက်ကျစ်တာပဲ။ အရင်လူက ကောက်ကျစ်လှပြီ ထင်နေတာ၊ သူ့ရဲ့ နောက်မျိုးဆက်က ပိုပြီး ကောက်ကျစ်သေးတယ်"
ဝူရှန့်က လီဝူဝမ့်ကို စိုက်ကြည့်ရင်း ရန်ငြိုးများဖြင့် ဆိုသည်မှာ
"ဝမ်ကျိလုံ အဆင့်တက်မယ့် သတင်းကို တမင်တကာ ဖြန့်ပြီး ငါ့ကို မြှူခေါ်ခဲ့တာကိုး။ တောက် အသေပဲ "
လီဝူဝမ့်သည် ဖန့်ချန်၏ ရှေ့သို့ လာပြီး ဦးညွှတ်နှုတ်ဆက်ကာ ပြုံးလျက် ဆိုသည်မှာ
"သခင်လေး... ဒီကောင်ရဲ့ ဝိညာဉ်ကို ဘာလို့ ခေါ်လာတာလဲ သူက အခု ဘာမှ အသုံးမဝင်တော့ဘူး မဟုတ်လား "
"သခင်လေး"
ဝူရှန့်သည် ဖန့်ချန်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်ပြီးမှ ထိတ်လန့်တုန်လှုပ်သွားသည်။
"သူက မင်းကို မြင်နေရတာလား မင်းတို့က တကယ်တော့ ဘယ်သူတွေလဲ "
"သူက လိုက်ချင်နေလို့ပါ၊ ငါလည်း စဉ်းစားကြည့်တော့ ဘာမှမဖြစ်ပါဘူးဆိုပြီး ခေါ်လာတာ။ သူ့ကို မျက်စိမှိတ်လို့ ရအောင် လုပ်ပေးလိုက်တာပေါ့"
ဖန့်ချန်က ရယ်မောလျက် ဆိုသည်။
လီဝူဝမ့်က သဘောပေါက်သွားပြီးနောက် နဂါးစားဘုရင်နှင့် မသေမျိုးအရှင်တို့ကို ကြည့်ကာ မေးလိုက်သည်။
"ဒီနှစ်ယောက်ကရော"
"ငါနဲ့ ဆရာက ငါးလေးအချို့ကို မျှားဖို့ စဉ်းစားထားတာ၊ မထင်မှတ်ဘဲ ငါးခူကြီး နှစ်ကောင် မိလာတာပဲ။ ဒီဝူရှန့်ဂိုဏ်းချုပ်ထက်စာရင် ဒီနှစ်ယောက်ရဲ့ တန်ဖိုးက အများကြီး ပိုမြင့်တယ်"
ဖန့်ချန်က အသာအယာ ပြုံးလိုက်သည်။
ထို့နောက် သူသည် နဂါးစားဘုရင်၏ ကိုယ်ပေါ်သို့ လက်ဝါးဖြင့် အသာအယာ ရိုက်နှက်လိုက်ရာ နဂါးစားဘုရင်၏ ခန္ဓာကိုယ်မှာ ထိုနေရာတွင်ပင် ကြေမွသွားပြီး ကြောင်အမ်းနေသော ဝိညာဉ်တစ်ခုသာ ကျန်ရစ်တော့သည်။
ဆက်လက်၍ သူသည် သရဲကလေးအား ထိုမသေမျိုးအရှင်အပေါ် ချုပ်နှောင်မှုကို ခဏမျှ လွှတ်ပေးရန် ခိုင်းစေလိုက်သည်။
မသေမျိုးအရှင်သည် လွတ်သည်နှင့် ချက်ချင်းပင် လက်အုပ်ချီနှုတ်ဆက်ကာ
"မိတ်ဆွေ... ငါတို့ကြားမှာ တစ်စုံတစ်ရာ အထင်လွဲနေတာမျိုး ရှိလို့လား ငါနဲ့ ငါ့တပည့်က ဒီအတိုင်း လမ်းကြုံလို့ လာတာပါ။ အခုနက မိတ်ဆွေ အဆင့် ၁ မသေမျိုး ဖြစ်လာတာကို နှောင့်ယှက်ဖို့ လုံးဝ စိတ်ကူးမရှိပါဘူး"
"မင်း ယင်လောကကို ကူးပြောင်းတတ်လား ငါတို့ ယင်လောက မှာ သွားပြီး စကားပြောကြရအောင်"
ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်တော့သည်။
အခန်း (၁၅၅၆) - ကောင်းပြီ... ငါပြောပါ့မယ်
ယင်လောကသို့ ကူးပြောင်းရန်
ထိုမသေမျိုးအရှင်မှာ ခဏမျှ မှင်တက်သွားပြီး ဖန့်ချန်၏စကားကို ချက်ချင်းပြန်မဖြေဘဲ ရှင်းပြရန်သာ ဆက်လက်ကြိုးစားနေတော့သည်။
"မိတ်ဆွေ... ဒါက တကယ်ကို အထင်လွဲတာပါ၊ ငါက..."
"ဒါက ဝိညာဉ်ခေါ်မီးအိမ် ပဲ။ မင်း ယင်လောကကို ကူးပြောင်းတဲ့နည်းလမ်းကို သိမှာပါ။ ကူးပြောင်းလိုက်တော့"
ဖန့်ချန်က ထိုသူ့ထံသို့ ဝိညာဉ်ခေါ်မီးအိမ်တစ်လုံး ပစ်ပေးလိုက်ပြီး တည်ငြိမ်စွာ ဆိုသည်မှာ
"မင်း ယင်လောကကို မကူးပြောင်းဘူးဆိုရင်... သေရလိမ့်မယ်။ ကိုယ့်ဘာကိုယ် ရွေးချယ်လိုက်"
တစ်ဖက်လူသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ ဖန့်ချန်သည် သူ၏ရှင်းပြချက်ကို လုံးဝနားထောင်မည့်ပုံမပေါ်ကြောင်း မြင်လိုက်ရသောအခါ နောက်ဆုံးတွင် အသက်ရှင်ခြင်းနှင့် သေခြင်းကြား၌... သူသည် အသက်ရှင်ခြင်းကိုသာ ရွေးချယ်လိုက်တော့သည်။
ခဏအကြာတွင် သူသည် ယင်လောကသို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖန့်ချန်က သူ့ကို မရဏလမ်း ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
မရဏလမ်းပေါ်တွင် လီဝူဝမ့်နှင့် အခြားသူများသည် ဖန့်ချန်၏နောက်မှ လိုက်ပါလာကြသည်။ သူတို့ကိုယ်ပေါ်မှ ပြင်းထန်လှသော ဓားအရှိန်အဝါများကြောင့် နဂါးစားဘုရင်နှင့် ထိုမသေမျိုးအရှင်တို့မှာ အလွန်ပင် ထိတ်လန့်တုန်လှုပ်နေကြရသည်။
ဝူရှန့်မှာမူ ယခုအချိန်တွင် ကောင်းကင်ဓားဌာနမှ ဓားကျင့်ကြံသူတစ်ဦး၏ လည်ပင်းကို ဆွဲကိုင်ထားခြင်း ခံနေရသည်။ သူ ယခုတော့ သေသေချာချာ နားလည်သွားခဲ့ပြီ။ ဤဟင်းလင်းပြင်ထာဝရဓားဂိုဏ်းသည် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည်။
၎င်းမှာ အပြင်ပန်းတွင် မြင်တွေ့ရသည်ထက် အဆပေါင်းများစွာ ပို၍နက်ရှိုင်းလှသည်။ ဤလျှို့ဝှက်ချက်များ၏ အဆင့်အတန်းမှာ သူ့ထက် အများကြီး သာလွန်လွန်းလှသည်။ ကံဆိုးသည်မှာ သူသည် မိမိ၏အသက်ကို ပေးဆပ်လိုက်ရပြီးမှသာ ဤအမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ခြင်းပင်။
"ဖန့်မိတ်ဆွေ... ငါတို့လည်း မတွေ့တာ တော်တော်ကြာပြီပဲ။ ဘာဖြစ်လို့ တွေ့တွေ့ချင်းမှာတင်... ငါ့ရဲ့ အသက်ကို ယူလိုက်ရတာလဲ "
နဂါးစားဘုရင်က ခပ်တိုးတိုး ညည်းတွားလိုက်သည်။
ထိုအခါမှ မသေမျိုးအရှင်သည် နဂါးစားဘုရင်နှင့် ဖန့်ချန်တို့ သိကျွမ်းနေကြမှန်း သိသွားပြီး သူတို့နှစ်ဦး၏ ပတ်သက်မှုကို ရှင်းပြရန် နဂါးစားဘုရင်အား မျက်ရိပ်ပြကာ အဆက်မပြတ် အရိပ်အယောင်ပေးနေတော့သည်။
"အခုနက လက်ချော်သွားလို့ပါ"
ဖန့်ချန်က အနည်းငယ် အားနာဟန်ဖြင့် ဆိုသည်။
"ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး၊ ယင်လောကကလည်း တော်တော်ကောင်းပါတယ်။ ဒီမှာနေရင် အဆင်ပြေအောင် စီစဉ်တတ်ရင် အနည်းဆုံးတော့ လူ့လောကထက် ပိုပြီး အသက်ရှည်ရှည် နေရဦးမှာပါ"
လက်ချော်သွားလို့
နဂါးစားဘုရင်သည် မိမိစောင့်ဆိုင်းနေသော အဖြေမှာ ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ခဏမျှ ကြောင်အမ်းသွားသည်။ လီဝူဝမ့်တို့ကမူ သူ့ကို လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
"မင်းတို့နှစ်ယောက်ရဲ့ ရင်ထဲမှာ သံသယတွေ ပြည့်နေမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဒီနေရာက စကားပြောဖို့ နေရာကောင်းမဟုတ်ဘူး။ ငါတို့နေရာကို ရောက်ရင်တော့ ထိုင်ပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့"
ဖန့်ချန်က အသာအယာ ချော့မော့ပြောဆိုလိုက်သည်။
နဂါးစားဘုရင်နှင့် မသေမျိုးအရှင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြတော့သည်။
ကျန်းကွမ်မြို့၊ ဧည့်ခန်းမ
"မိတ်ဆွေက အဆင့် ၄ မသေမျိုး မဟုတ်လား ဘယ်က ကျင့်ကြံသူလဲ "
ဖန့်ချန်က ထိုမသေမျိုးအရှင်ကို ကြည့်ကာ ယဉ်ကျေးစွာ မေးလိုက်သည်။
"မြေဝက်ဝံကြယ်မှာ အဆင့် ၂ မသေမျိုးပဲ ရှိတာပါ။ မိတ်ဆွေရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သေချာပေါက် တခြားနယ်မြေက လာတဲ့သူပဲ ဖြစ်ရမယ်၊ ဒီ ဒေသခံ ကျင့်ကြံသူ မဟုတ်ဘူး"
မသေမျိုးအရှင်က ခဏမျှ စဉ်းစားပြီးမှ
"မိတ်ဆွေကို ဖုံးကွယ်မထားပါဘူး။ ငါက ဝိညာဥ်နတ်ဘုရားဂိုဏ်း က ကျင့်ကြံသူပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ကြောင့် မြေဝက်ဝံကြယ်ကို မကြာသေးခင်ကမှ ရောက်လာတာပါ"
"ကိုယ်ရေးကိုယ်တာ ကိစ္စ အသေးစိတ် ပြောပြလို့ ရမလား "
ဖန့်ချန်က မေးလိုက်သည်။
မသေမျိုးအရှင်၏ မျက်နှာပေါ်တွင် ဟန်ဆောင်ပြုံးတစ်ခု ပေါ်လာပြီး
"ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတော့... ငါ့ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတာမို့ မိတ်ဆွေကို ပြောပြဖို့တော့ မသင့်တော်ဘူး ထင်ပါတယ်။ မိတ်ဆွေ မြင်တဲ့အတိုင်းပဲ၊ ငါက ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းကို ရန်မူဖို့ စိတ်ကူးမရှိပါဘူး၊ တကယ်ပဲ လမ်းကြုံလို့ပါ။ နဂါးစားကို မိတ်ဆွေ မရည်ရွယ်ဘဲ သတ်မိသွားတဲ့ ကိစ္စကိုလည်း ငါတို့ အပြစ်မယူပါဘူး..."
နဂါးစားဘုရင်မှာ တိတ်တဆိတ်သာ နေတော့သည်။ အပြစ်မယူရင်လည်း မယူနဲ့တော့ပေါ့။
သူသည် ဖန့်ချန်၏ ကိုယ်ပေါ်တွင် လက်ချောင်းများကို ကိုက်နေသော ဝိညာဥ်ကလေးကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းအနက်ပိုင်းတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။
ဤကဲ့သို့သော ဖော်ပြ၍မရသည့် ထူးဆန်းသော သတ္တဝါ ရှိနေသရွေ့ သူတို့ အပြစ်ယူချင်ရင်တောင် အပြစ်ယူနိုင်စွမ်း မရှိချေ။ ထိုသတ္တဝါလေးသည် အဆင့် ၄ မသေမျိုးတစ်ဦးကိုပင် အလွယ်တကူ တိုက်ခိုက်နိုင်စွမ်းမဲ့အောင် လုပ်နိုင်သည်ဆိုပါက သူ၏ ကျင့်ကြံခြင်းနှင့် နည်းလမ်းမှာ မည်သည့်အဆင့်သို့ ရောက်နေသည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
"မင်းတို့နှစ်ယောက် ယင်လောက နတ်ဘုရားဝိညာဥ်လမ်းစဉ်အကြောင်း ကြားဖူးကြလား "
မသေမျိုးအရှင်နှင့် နဂါးစားဘုရင်တို့မှာ ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထသွားကြသည်။ ဤလမ်းစဉ်အကြောင်း သူတို့ ဘယ်လိုလုပ် မကြားဖူးဘဲ နေမလဲ။
ထိုစဉ်က သူတို့၏ ဘိုးဘေးများသည် ထိုလောကကို ထိုးဖောက်ဖျက်ဆီးနိုင်ခဲ့သဖြင့် လူသားနယ်မြေ ကိုးခုကို လုယက်တိုက်ခိုက်ရန် အခွင့်အရေး ရခဲ့ခြင်း ဖြစ်သည်။ ယင်လောက နတ်ဘုရားဝိညာဥ်များအားလုံး... သေချာပေါက် မျိုးတုန်းသွားခဲ့ပြီ မဟုတ်လား။
တစ်ဖက်လူက ဤကိစ္စကို ဘာကြောင့် ပြောလာရသနည်း။
"ယင်လောက နတ်ဘုရားဝိညာဥ်... ကြားတော့ ကြားဖူးသလိုပဲ။ ဒါပေမဲ့ ဒီလမ်းစဉ်ကို လျှောက်မယ့်သူ မရှိတော့ဘူး ထင်ပါတယ်။ မိတ်ဆွေက ဘာဖြစ်လို့ ဒီကိစ္စကို..."
မသေမျိုးအရှင်က မော့ကြည့်လိုက်ရာ သူ၏ အမူအရာမှာ တဖြည်းဖြည်း မှင်တက်သွားတော့သည်။ ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသော ဘွဲ့နှင်းအပ်ခြင်း တစ်ခုသည် သူ၏ကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပြီ။
သူသည် မသိစိတ်ဖြင့် ခုခံရန် ကြိုးစားလိုက်သော်လည်း ဝိညာဥ်ကလေး၏ ခစ်ခစ် ဆိုသော ရယ်သံကို ကြားလိုက်ရသည်။
နာရီဝက်ခန့် ကြာပြီးနောက်...
ရှင်းကျုံး (မသေမျိုးအရှင်၏ အမည်) နှင့် နဂါးစားဘုရင်တို့၏ မျက်နှာမှာ အလွန်ပင် လေးနက်တည်ကြည်နေပြီး ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေကြသည်။
သူတို့နှစ်ဦးသည် စမ်းသပ်မှုအတွက် ပြင်ဆင်ရန် မြေဝက်ဝံကြယ်သို့ အရင်ရောက်လာခဲ့ခြင်းသာ ဖြစ်သော်လည်း ယင်လောက၏ ငရဲမင်း အမွေအနှစ်နှင့် ရုတ်တရက် တိုးလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။ ၎င်းတင်မကသေး... သူတို့သည် တစ်ဖက်လူ၏ ဘွဲ့နှင်းအပ်ခြင်းကို ခံလိုက်ရပြီး အကြောင်းပြချက်မရှိဘဲ ယင်လောက နတ်ဘုရားဝိညာဥ်များ ဖြစ်သွားခဲ့ကြသည်။
ဖန့်ချန်က ဝိညာဥ်ကလေးကို ပြန်ပို့လိုက်ပြီးနောက် သူတို့နှစ်ဦးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက်... အခုတော့ ပွင့်ပွင့်လင်းလင်း ပြောလို့ ရပြီမလား "
ပွင့်ပွင့်လင်းလင်း ပြောရမည်
ရှင်းကျုံးနှင့် နဂါးစားဘုရင်တို့သည် မိမိတို့၏ ခန္ဓာကိုယ်အတွင်း၌ ထူးဆန်းသော စွမ်းအားတစ်ခု လည်ပတ်နေသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ မိမိတို့ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်အားလုံးကို အကုန်အစင် ထုတ်ဖော်ပြောပြရန် ဖိအားပေးနေသကဲ့သို့ပင်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ရှင်းကျုံး၏ မျက်နှာပေါ်တွင် ရုန်းကန်နေရသော အရိပ်အယောင်များ ပေါ်လာပြီး သူ၏ ကိုယ်ပေါ်မှ ယင်ဓာတ် များမှာလည်း တစ်စစီ ပျောက်ကွယ်သွားတော့သည်။
အကယ်၍ ယင်လောက နတ်ဘုရားဝိညာဥ်သည် ငရဲမင်း ၏ အမိန့်ကို ဖီဆန်ပါက ယင်လောက၏ စွမ်းအားဖြင့် အပြီးတိုင် ဖျက်ဆီးခံရပြီး ဝိညာဉ်ပင် ချုပ်ငြိမ်းသွားလိမ့်မည်။
ဖန့်ချန်သည် ယင်လောက နတ်ဘုရားဝိညာဥ်များကို ဘွဲ့နှင်းသပ်ခဲ့သည့် အချိန်မှစ၍ ယခုတစ်ယောက်ကဲ့သို့ ခေါင်းမာသောသူမျိုးနှင့် တစ်ခါမျှ မတွေ့ဖူးသေးချေ။
"ဒီလောကရဲ့ အလိုဆန္ဒကို မဆန့်ကျင်ပါနဲ့။ တကယ်လို့ ယင်ဓာတ်တွေ အကုန်ပျက်စီးသွားရင် မင်းတို့ ဝိညာဉ်ပါ ချုပ်ငြိမ်းသွားပြီး လူဝင်စားဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်တော့ဘူး။ မင်းတို့ရဲ့ ဇာတိမြေက ချယ်ရီပန်း တွေကိုလည်း ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး"
ဖန့်ချန်က အသာအယာ သက်ပြင်းချလိုက်သည်။
"ချယ်ရီပန်းဆိုတာ ဘာလဲ"
နဂါးစားဘုရင်မှာ ကြောင်အမ်းသွားသည်။
သို့သော် ချက်ချင်းဆိုသလိုပင် သူသည် အအေးဓာတ်တစ်ခုကို ခံစားလိုက်ရပြီး ဖန့်ချန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်။ သူ... ဘာတွေကို သိနေတာလဲ။
"မင်း... မင်း တကယ်ပဲ ဘာတွေကို သိနေတာလဲ..."
ရှင်းကျုံးက သွားကြိတ်လျက် မေးလိုက်သည်။
သူ့ကိုယ်ပေါ်မှ ယင်ဓာတ်များ တစ်လက်မချင်း ပျက်စီးနေသဖြင့် သူ မခံမရပ်နိုင် ဖြစ်နေပြီ။
"မင်းတို့က မိစ္ဆာ တွေဆိုတာ ငါသိတယ်၊ မင်းတို့ ဘယ်ကလာလဲဆိုတာ ငါသိတယ်၊ မင်းတို့ ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာလည်း ငါသိတယ်"
ဖန့်ချန်က ပွင့်ပွင့်လင်းလင်း ဆိုသည်
"ဒါပေမဲ့ မင်းတို့ သေသေချာချာ စဉ်းစားကြည့်စမ်း။ တကယ်ပဲ အဲဒီလို လေထဲက အစီအစဉ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံမှာလား ယင်လောက နတ်ဘုရားဝိညာဥ် ဖြစ်လာတာဟာ မင်းတို့ ယင်လောကမှာ ကျင့်ကြံနိုင်ပြီး ဒီလောကရဲ့ သန့်စင်တဲ့ ကံတရားစွမ်းအား တွေကို စုပ်ယူပြီး ယင်သက်တမ်း အဖြစ် ပြောင်းလဲနိုင်တာကို ဆိုလိုတာပဲ"
"ဒါဟာ သာမန်ကျင့်ကြံသူတွေ အမြဲတမ်း တောင့်တနေကြတဲ့ ထာဝရအသက်ရှင်ခြင်း လမ်းစဉ်ပဲ။ မင်းတို့ အခု ထာဝရအသက်ကို ရနေပြီ၊ ဒါဟာ ငါပေးတဲ့ အကျိုးကျေးဇူးပဲ။ မင်းတို့ ငါ့ကို ပြန်ပြီး တုံ့ပြန်သင့်တယ်၊ ငါ့ကို စိတ်မပျက်စေနဲ့"
"သူ တကယ်ကြီး သိနေတာပဲ..."
ရှင်းကျုံးနှင့် နဂါးစားဘုရင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာများမှာ ဝေဝေဝါးဝါး ဖြစ်သွားကြသည်။
"မပြောနဲ့... မပြောနဲ့ဦး။ ဒါဟာ ဘိုးဘေးတွေ နှစ်ပေါင်းများစွာ စွဲကိုင်လာခဲ့တဲ့ ရည်မှန်းချက်ကြီးပဲ။ ငါတို့ ပြောလိုက်ရင် သူတို့ကို ဘယ်လို မျက်နှာပြရတော့မလဲ "
ရှင်းကျုံးက ရုတ်တရက် နဂါးစားဘုရင်ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
နဂါးစားဘုရင်၏ မျက်နှာမှာလည်း မှောင်မှောင်မည်းမည်း ဖြစ်နေပြီး သူ၏ ကိုယ်ပေါ်မှ ယင်ဓာတ်များလည်း စတင် ပျက်စီးနေပြီ ဖြစ်သည်။
"မင်းတို့ ဒီတစ်ခေါက် မြေဝက်ဝံကြယ်မှာ လုပ်မယ့် စမ်းသပ်မှု အသေးစိတ်ကို ပြောပြစမ်း။ အစကနေ အဆုံးထိ၊ ဘာတစ်ခုမှ မကျန်စေနဲ့"
ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
ထိုစကားသည် ကုလားအုပ်ကျောပေါ်သို့ တင်လိုက်သော နောက်ဆုံး မြက်ပင်တစ်ပင်ကဲ့သို့ပင်။
ရှင်းကျုံး၏ အမူအရာမှာ အမျိုးမျိုး ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ဆိုလိုက်သည်။
"ကောင်းပြီ... ငါပြောပါ့မယ်"
နဂါးစားဘုရင်မှာ ကြောင်အမ်းသွားတော့သည်။
"ဒီကိစ္စတွေကို ပြောလိုက်ရုံနဲ့ ဘိုးဘေးတွေရဲ့ ရည်မှန်းချက်ကြီးကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ သူ... သူတစ်ယောက်တည်းနဲ့ မြင့်မြတ်သောသားတော် ကို တားနိုင်မှာ မဟုတ်ဘူး၊ ဘာမှ ထိခိုက်မှာ မဟုတ်ပါဘူး"
ရှင်းကျုံးက နဂါးစားဘုရင်ကို ရှင်းပြနေသလို၊ မိမိကိုယ်ကိုယ်လည်း ရှင်းပြနေသလိုပင်။
"အခွင့်အရေးကို သိတဲ့သူဟာ သူရဲကောင်းပဲ"
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်
"မင်းကို ငါသဘောကျတယ်။ ပြောစမ်းပါ"
"ဘယ်... ဘယ်ကနေ စပြောရမလဲ"
ရှင်းကျုံးက ဟန်ဆောင်ပြုံးဖြင့် မေးလိုက်သည်။
"မင်းတို့ရဲ့ ဇာတိမြေကနေ စပြောရင် ပိုကောင်းလိမ့်မယ်။ မင်းတို့ ရှိနေတာကို ငါသိပေမဲ့ မင်းတို့ရဲ့ ဇာတိမြေအကြောင်းကျတော့ ငါ လုံးဝ မသိသေးဘူး။ အေးအေးဆေးဆေး ပြောပြပါ၊ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်"
ဖန့်ချန်က အကြံပြုလိုက်တော့သည်။