အခန်း (၁၅၅၇-၁၅၅၈)
Vol. 156 Ch. 1557-1558
အခန်း (၁၅၅၇) - လောကနယ်မြေ နှစ်ဆယ့်ခြောက်ခု
"ဇာတိမြေကနေ စပြောရမယ်ဆိုရင်..."
ရှင်းကျုံး၏ မျက်ဝန်းထဲတွင် အတိတ်ကို ပြန်လည်တမ်းတသော အရိပ်အယောင်များ ပေါ်လာပြီး
"ငါက ရွာငယ်လေးတစ်ရွာမှာ မွေးဖွားခဲ့တာပါ..."
"နောက်မှ သိလိုက်ရတာက အဲဒီနေရာဟာ မိုလော့နယ်မြေ ထဲက အလွန်ဝေးလံခေါင်သီတဲ့ ဂြိုဟ်သိမ်လေးတစ်လုံး ဖြစ်နေတယ်ဆိုတာပဲ"
"ဒီလောကရဲ့ နယ်မြေနှစ်ဆယ့်ခြောက်ခုစလုံးဟာ မိုယွမ် (မိစ္ဆာချောက်နက်) ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်။ လူမျိုးနွယ်စုအသေးစားလေးတွေကြားမှာ ရံဖန်ရံခါ ပဋိပက္ခဖြစ်တာကလွဲရင် အမှန်တကယ်တော့ လူ့လောကနယ်မြေ ကိုးခုထက်စာရင် အများကြီး ပိုပြီး ငြိမ်းချမ်းပါတယ်"
'မိုယွမ်လား ဟို ဟုန်လျန်နတ်သမီးလေးက မိုယွမ်က လာတာပဲ၊ ဒါကြောင့်လည်း ကျိထျန်းကျွင်းက သူမကို မင်းသမီးလေးလို့ ခေါ်ခဲ့တာကိုး'
ဖန့်ချန်၏ စိတ်ကူးထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။
ရှင်းကျုံး၏ စကားအနည်းငယ်မှာပင် တစ်ဖက်လောက၏ အခြေအနေကို သူ အကြမ်းဖျင်း သိလိုက်ရပြီ ဖြစ်သည်။ နယ်မြေနှစ်ဆယ့်ခြောက်ခုဟူသော နယ်နိမိတ်မှာ လူသားတို့၏ နယ်မြေကိုးခုထက် သိသိသာသာ ပို၍ကျယ်ပြောလှသည်။
ဤမျှ ကျယ်ဝန်းသော နယ်မြေကို အင်အားစုတစ်ခုတည်းက နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သည်ဆိုပါက ၎င်းတို့၏ အခြေခံအုတ်မြစ်မှာ လူ့လောကနယ်မြေ ကိုးခုထက် အဆပေါင်းများစွာ သာလွန်နေမည်မှာ ဧကန်မလွဲပေ။
"အဲဒီလို သေးငယ်တဲ့နေရာလေးကနေ ငါ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ခဲ့တယ်။ တကယ်တော့ ငါတို့ရဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေဟာ ဒီဘက်လောကနဲ့ အတော်လေး ဆင်တူပါတယ်၊ နာမည်တွေပဲ ကွဲပြားတာပါ"
ရှင်းကျုံးက သက်ပြင်းချရင်း
"ငါ့ရဲ့ မိသားစုကို ပြန်လည်ဦးမော့လာအောင် ငါ ကြိုးစားကျင့်ကြံခဲ့တာ နှစ်ပေါင်းများစွာ ကြာတော့မှ ကျန်းမို ( စစ်မှန်သောမိစ္ဆာ) အဆင့်ကို ရောက်ခဲ့တယ်"
"ကျန်းမို အဆင့်ဆိုတာက ဒီဘက်လောကရဲ့ စစ်မှန်သောမသေမျိုး လမ်းစဉ်နဲ့ အတူတူပါပဲ"
ဟု နဂါးစားဘုရင်က ဝင်ဖြည့်ပြောလိုက်သည်။
ဤစကားကို ပြောလိုက်ပြီးနောက်တွင် နဂါးစားဘုရင်သည် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ကိုယ်ပေါ်မှ ယင်ဓာတ်များမှာလည်း ဆက်လက်၍ ပျက်စီးခြင်း မရှိတော့ချေ။
ရှင်းကျုံးက နဂါးစားဘုရင်ကို တစ်ချက်ကြည့်ပြီးနောက် ဖန့်ချန်ဘက်သို့ ပြန်လှည့်ကာ ဆက်ပြောသည်။
"ငါ ကျန်းမို အဆင့်ကို ရောက်တဲ့အခါ တစ်နေ့မှာ မိုယွမ်ဆီကနေ ရုတ်တရက် သတင်းစကား ရောက်လာတယ်။ တာဝန်တစ်ခုကို ပူးပေါင်းဆောင်ရွက်ပေးဖို့ပေါ့"
"ငါ သွားကြည့်လိုက်တော့မှ အဲဒီတာဝန်ဆိုတာက... ငါ့ကိုယ်ငါ သတ်သေရမယ်၊ ပြီးတော့ လူ့လောကနယ်မြေ ကိုးခုမှာ လူဝင်စားပြီး ဒီဘက်လောကမှာ ငါတို့မျိုးနွယ်စုရဲ့ မျိုးစေ့တစ်ခုအဖြစ် အမြစ်တွယ်နေထိုင်ရမယ် ဆိုတာပဲ"
"ဒါဆို မင်း အောင်မြင်မှုရတဲ့အချိန်မှာ မင်းတို့လူတွေက ယင်လောကဆီကနေ သံသရာမှန် ကို လုယူသွားပြီးပြီပေါ့"
ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။
"ဟုတ်ပါတယ်။ အဲဒီအဖြစ်အပျက်က ငါ့ခေတ်ထက် အများကြီး စောလွန်းတော့ ငါသိတာ သိပ်မရှိဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ နောက်ထပ် သတင်းတစ်ခုကိုလည်း ငါ ကြားခဲ့ရသေးတယ်"
ရှင်းကျုံး၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
"မိုယွမ်က ငါ့ကို ဆင့်ခေါ်တဲ့အချိန်ကျမှ နယ်မြေနှစ်ဆယ့်ခြောက်ခုစလုံးမှာ စစ်မီးတွေ တောက်နေပြီဆိုတာ ငါ သိလိုက်ရတယ်။ ပိုပြီး အစွမ်းထက်တဲ့ တည်ရှိမှုတွေက ငါတို့ရဲ့ နယ်မြေတွေကို လုယူဖို့ ကြိုးစားနေကြတာ။ အဲဒီစစ်ပွဲက နှစ်ပေါင်းများစွာ ကြာနေပြီ၊ ဒါပေမဲ့ ငါက ကျန်းမို အဆင့်ကို မရောက်သေးတော့ အဲဒီအဆင့်အတန်းက စစ်ပွဲတွေအကြောင်း ဘာမှ မသိခဲ့ရတာပါ "
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။ ကြည့်ရတာဆိုလျှင် ရှင်းကျုံးသည် ဟိုဘက်လောကတွင် ဝါရင့်ပုဂ္ဂိုလ်တစ်ဦး မဟုတ်သဖြင့် ရှေးဦးအစက အဖြစ်အပျက်များကို သိရှိမှု နည်းပါးနေခြင်း ဖြစ်သည်။
တစ်ဖက်လူ လိမ်ညာနေမည်ကိုလည်း သူ မစိုးရိမ်ချေ။ ဘွဲ့နှင်းအပ်ခြင်း၏ ဖိအားအောက်တွင် လိမ်ညာခြင်းသည် ဝိညာဉ်ချုပ်ငြိမ်းခြင်းနှင့် အတူတူပင် ဖြစ်သည်။
"မင်းနေခဲ့တဲ့ မိုလော့နယ်မြေဟာ လူ့လောကနယ်မြေ ကိုးခုနဲ့ ယှဉ်ရင် ဘယ်လိုရှိလဲ"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
ရှင်းကျုံး၏ မျက်ဝန်းထဲတွင် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ရုတ်တရက် ပေါ်လာသည်။
"မိုလော့နယ်မြေဟာ နယ်မြေနှစ်ဆယ့်ခြောက်ခုထဲမှာ အလယ်အလတ်အဆင့်လောက်ပဲ ရှိတယ်။ ငါ့ခေတ်တုန်းက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးဟာ စစ်ပွဲထဲမှာ သေဆုံးခဲ့ကြရပြီးပြီ။ ဒါပေမဲ့ အဲဒီလို အခြေအနေမှာတောင် ငါ လူဝင်စားဖို့ ထွက်လာတဲ့အချိန်မှာ မိုလော့နယ်မြေကို စောင့်ရှောက်နေတဲ့ အဆင့် ၉ ကျန်းမို ဆယ့်ခြောက်ဦး ရှိနေသေးတယ် "
ဤနေရာအရောက်တွင် ရှင်းကျုံးက ပြုံးလိုက်ရင်း
"လူ့လောကနယ်မြေ ကိုးခုမှာ အောက်ခြေနယ်မြေ ခြောက်ခုကိုတော့ ထည့်မပြောတော့ပါဘူး၊ အထက်နယ်မြေ သုံးခုမှာတောင် အဆင့် ၇ ရှေးဟောင်းမသေမျိုး ဆိုတာ လက်ချိုးရေလို့ရတဲ့ အနည်းငယ်ပဲ ရှိတာ။ အထက်နယ်မြေ သုံးခုစလုံး ပေါင်းလိုက်ရင်တောင် အဆင့် ၉ ရှိတဲ့သူ ဘယ်နှစ်ယောက် ရှိမှာလဲ မိုလော့နယ်မြေထက် ပိုများရင်တောင် သိပ်ပြီး မကွာခြားလှပါဘူး"
နဂါးစားဘုရင်၏ မျက်ဝန်းထဲတွင်လည်း ကျေနပ်ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာသည်။
'စစ်ပွဲတွေကြောင့် ရှုံးနိမ့်တော့မယ့် အခြေအနေမှာတောင် မိုလော့နယ်မြေတစ်ခုတည်းမှာတင် အဆင့် ၉ ကျန်းမို ဆယ့်ခြောက်ယောက် ရှိနေသေးတာလား ဒါဆို နယ်မြေနှစ်ဆယ့်ခြောက်ခုစလုံး ပေါင်းရင်... မိုယွမ်ဘက်က အင်အားတွေကိုပါ ထည့်တွက်ရင်...'
ဖန့်ချန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
တစ်ဖက်ရန်သူသည် အင်အားအနည်းငယ်လောက် လွှတ်လိုက်ရုံဖြင့် လူ့လောကနယ်မြေ ကိုးခုကို ယခုကဲ့သို့ ပျက်စီးအောင် လုပ်နိုင်ခဲ့သည်မှာ မဆန်းတော့ချေ။ တစ်ဖက်လောက၏ အခြေခံအုတ်မြစ်မှာ... အလွန်အမင်းပင် နက်ရှိုင်းလှပေသည်။
သူတို့နှစ်ဦး ဂုဏ်ယူနေသည်ကို မြင်သောအခါ ၎င်းတို့၏ ဇာတိမြေအတွက် ဖြစ်ကြောင်း သိသော်လည်း ဖန့်ချန်မှာ စိတ်ထဲတွင် သိပ်ပြီး မသက်မသာ ဖြစ်သွားသဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။
"မင်းတို့ မေ့နေတာလား အခု မင်းတို့နှစ်ယောက်ဟာ လူ့လောကနယ်မြေ ကိုးခုရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်နေပြီ၊ ဘာလို့ ဟိုဘက်လောကအတွက် ဒီလောက် ဂုဏ်ယူနေရတာလဲ။ ဒါ့အပြင် မင်းတို့ရဲ့ ဇာတိမြေဟာလည်း သူများအချခံရလို့ ပျက်စီးတော့မယ့် အခြေအနေ မဟုတ်လား ဒါကြောင့်သာ မင်းတို့ဟာ လူ့လောကနယ်မြေ ကိုးခုမှာ အစီအစဉ်တွေဆွဲပြီး ဒီနေရာကို ခိုနားရာနေရာအဖြစ် လုယူဖို့ ကြိုးစားနေကြတာပေါ့"
ထိုစကားမှာ ရေအေးနှင့် ပက်လိုက်သကဲ့သို့ပင် ဖြစ်သဖြင့် သူတို့နှစ်ဦးမှာ ချက်ချင်း သတိဝင်လာကာ တိတ်ဆိတ်သွားကြတော့သည်။
"မင်းတို့ဆီက အဆင့် ၉ ကျန်းမိုတွေမှာ လမ်းစဉ်ကန့်သတ်ချက် မရှိဘူးလား"
ဖန့်ချန်က ထပ်မေးလိုက်သည်။
နဂါးစားဘုရင်နှင့် ရှင်းကျုံးတို့မှာ ယခုတစ်ကြိမ်တွင်မူ ရုတ်တရက် ခုခံလိုသော စိတ်များ ပေါ်လာသဖြင့် သူတို့၏ကိုယ်ပေါ်မှ ယင်ဓာတ်များမှာ တစ်လက်မချင်း ပျက်စီးလာပြန်သည်။
ဖန့်ချန်သည် ဤလက္ခဏာကို သတိပြုမိလိုက်သဖြင့် မျက်နှာမှာ ချက်ချင်းပင် တည်တင်းသွားသည်။
"မ... မရှိပါဘူး၊ လမ်းစဉ်ကန့်သတ်ချက် မရှိဘူး။ ကျန်းမိုတွေရဲ့ ကျင့်ကြံခြင်းက မင်းတို့ဘက်နဲ့ ဆင်တူပေမဲ့ အနှစ်သာရမှာတော့ ကွဲပြားတာတွေ ရှိတယ်..."
ရှင်းကျုံးက အသံတိုးတိုးဖြင့် ဆိုသည်။
သူသည် ခဏမျှ ရပ်လိုက်ပြီးမှ
"စမ်းသပ်မှုအကြောင်း ဆက်ပြောရရင်..."
"ခဏ စောင့်ဦး" ဖန့်ချန်က ရှင်းကျုံး၏ စကားကို ဖြတ်ပြောလိုက်သည်။
ရှင်းကျုံးနှင့် နဂါးစားဘုရင်တို့သည် မိမိတို့၏ အမူအရာကို အစွမ်းကုန် ဖုံးကွယ်ထားကြသည်။
"တကယ်လို့ မင်းတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ ကန့်သတ်ချက် မရှိဘူးဆိုရင်... စောစောကတည်းက သံသရာကို ဖြတ်ကျော်ပြီး လူဝင်စားခဲ့ကြတဲ့၊ ဒီလမ်းစဉ်ကို ပြန်ပြီး ကျင့်ကြံခဲ့ကြတဲ့ သူတွေဟာ... အခုဆိုရင် အဆင့် ၉ ကျန်းမိုတွေ ဖြစ်နေပြီး လူ့လောကနယ်မြေ ကိုးခုမှာ ပုန်းအောင်းနေကြပြီပေါ့ "
ဖန့်ချန်က မိမိဘာသာ ရေရွတ်လိုက်သည်။ ရှင်းကျုံးနှင့် နဂါးစားဘုရင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာများမှာ ညှိုးငယ်သွားကြသည်။
ရှင်းကျုံးက ခပ်ပြတ်ပြတ်ပင် ခေါင်းညိတ်ပြသည်
"အဲဒီလို ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက်ရဲ့ အဆင့်အတန်းက အရမ်းနိမ့်လွန်းတော့ အဲဒီလို ပုဂ္ဂိုလ်ကြီးတွေနဲ့ မထိတွေ့နိုင်ပါဘူး၊ အသေးစိတ်ကိုတော့ မသိပါဘူး"
သူ ပြောပြီးသောအခါ ဖန့်ချန်၏ အမိန့်ကို စောင့်နေသော်လည်း လက်ဖက်ရည် တစ်ခွက်စာခန့် ကြာသည်အထိ ဖန့်ချန်မှာ ဘာမှ ထပ်မပြောဘဲ ငြိမ်သက်နေသည်။
ဤသတင်းသည် တစ်ဖက်လူအား အလွန်အမင်း ထိတ်လန့်သွားစေကြောင်း သူတို့နှစ်ဦး နားလည်လိုက်ကြသည်။
'နှမြောစရာပဲ... ငါတို့သာ ဆက်ပြီး ဖုံးကွယ်ထားနိုင်ရင် အောင်နိုင်ခြေက ပိုများမှာ။ အခုတော့ သူ သိသွားပြီ... ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊ ဟို လူကြီးသူမတွေ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပြီးသားပဲ။ အခုအချိန်မှာ တစ်စုံတစ်ယောက်က ထွက်ပြီး တားဆီးချင်ရင်တောင် မအောင်မြင်နိုင်တော့ပါဘူး'
'ဒါ့အပြင် ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ တားမြစ်ပညာရပ်တွေလည်း ရှိသေးတာပဲ။ ဒီလောကမှာ ဒီအကြောင်းတွေကို သိနိုင်တဲ့ ကျင့်ကြံသူဆိုတာ လက်ချိုးရေလို့တောင် ရမှာ မဟုတ်ဘူး'
ရှင်းကျုံးက စိတ်ထဲမှ တွေးတောနေသည်။
"ဟုတ်သားပဲ... ဒီလောကမှာ မင်းတို့အကြောင်းကို သိတဲ့သူဆိုတာ လက်ချိုးရေလို့တောင် မရပါဘူး။ ငါတောင်မှ အချို့သော ကိစ္စတွေကို ထုတ်ဖော်ပြောဖို့ ခက်ခဲနေတုန်းပဲ၊ တကယ်လို့ ပြောလိုက်ရင် ငါ့ရဲ့ မှတ်ဉာဏ်တွေဟာ ပြန်ပြီး ပိတ်ဆို့ခံရမှာပဲ"
ဖန့်ချန်က အသာအယာ သက်ပြင်းချလိုက်သည်။
"မင်း..." ရှင်းကျုံးမှာ အလွန်အမင်း ထိတ်လန့်သွားသည်။
တစ်ဖက်လူက သူ၏ စိတ်ထဲတွင် ဘာတွေးနေသည်ကိုပါ သိနေသလော။
"ငရဲမင်း ရဲ့ ရှေ့မှာ ယင်လောက နတ်ဘုရားဝိညာဉ်တွေအတွက် ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး"
ဖန့်ချန်က ရှင်းပြလိုက်ပြီးနောက် အနည်းငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"အခြေအနေက တကယ်ပဲ အခက်အခဲ ဖြစ်လာပြီ။ အထက်နယ်မြေ သုံးခုတင်မကဘူး၊ ဒီအောက်ခြေနယ်မြေ ခြောက်ခုမှာတောင် အဆင့် ၉ ကျန်းမိုတွေ ပုန်းအောင်းနေနိုင်တယ်။ အကယ်၍ မသေမျိုးလမ်းစဉ်ကနေ အဆင့် ၉ ဖြစ်သွားတဲ့သူတွေကိုပါ ထည့်တွက်မယ်ဆိုရင်..."
"လူ့လောကနယ်မြေ ကိုးခုဟာ မင်းတို့လက်ထဲကို တကယ်ပဲ ကျရောက်သွားတော့မှာပဲ၊ ဘာမှ ပြန်ပြီး ခုခံနိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး"
ရှင်းကျုံးသည် ဝမ်းသာအားရ ဖြစ်သွားကာ အမြန်ပြောသည်။
"မိတ်ဆွေလည်း ငါတို့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ငါတို့ မျိုးနွယ်စုနဲ့ လက်ထပ်လိုက်ရုံပါပဲ"
"နားထောင်ဖူးတာတော့ နတ်ဘုရားလောကမှာ မသေမျိုးဆေးကြောကန် ရှိတယ်ဆိုပဲ။ မိတ်ဆွေက ကျန်းမိုလမ်းစဉ်ကို ပြန်လျှောက်လို့ ရပါတယ်။ မိတ်ဆွေရဲ့ နောက်ခံနဲ့ဆိုရင် နောင်တစ်ချိန်မှာ အဆင့် ၉ ကျန်းမို ဖြစ်လာမှာ သေချာပါတယ်။ မသေမျိုးလမ်းစဉ်ရဲ့ အဆင့် ၉ နေရာတွေကတော့ တစ်ယောက်ယောက်က ယူထားပြီးသား ဖြစ်မှာပါ၊ ငါတို့ဘက်ကို ကူးပြောင်းတာက ပိုပြီး အလားအလာ ရှိပါတယ် "
"ငါ့ကို သိမ်းသွင်းဖို့ မကြိုးစားပါနဲ့တော့။ အချို့သော ကိစ္စတွေဟာ ရှုံးမယ်မှန်း သိရင်တောင် လုပ်ရမှာပဲ"
ဖန့်ချန်က ပြုံးလျက် ခေါင်းခါလိုက်သည်
"ဒါမှမဟုတ်ရင် လူ့လောကနယ်မြေ ကိုးခုရဲ့ ယန်နတ်ဘုရား တွေရဲ့ အရင်က ခုခံမှုတွေဟာ အလကား ဖြစ်သွားမှာပေါ့ "
"ကဲ... မင်း အခု စမ်းသပ်မှုရဲ့ အသေးစိတ်အချက်အလက်တွေကို ပြောပြလို့ ရပြီ"
အခန်း (၁၅၅၈) - သခင်လေး... သူတို့ ရောက်လာကြပြီ
"ဒီစမ်းသပ်မှုဟာ မြင့်မြတ်သောသားတော် ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အတတ်ပညာ တစ်ခုပါ။ မြင့်မြတ်သောသားတော်ဟာ လူ့လောကနယ်မြေ ကိုးခုမှာ အမြဲတမ်းရှိနေတဲ့ မိစ္ဆာကပ်ဘေး တွေကို ပေါင်းစပ်ပြီး ဒီအတတ်ပညာကို အသုံးချခဲ့တာပါ။ အဲဒီ မိစ္ဆာကပ်ဘေးတွေ ဆင်းသက်လာတဲ့ နည်းလမ်းကတစ်ဆင့် သန္ဓေသားမှတ်ဉာဏ် ပိတ်ဆို့မှု ကို အတင်းအဓမ္မ ဖျက်ဆီးပြီး လူတိုင်းရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေကို ပြန်လည်နိုးထလာအောင် လမ်းပြပေးမှာဖြစ်ပါတယ်"
ရှင်းကျုံးက အသံတိုးတိုးဖြင့် ဆိုသည်မှာ
"မိတ်ဆွေလည်း သိထားသင့်တာက အခု လူ့လောကနယ်မြေ ကိုးခုရဲ့ နေရာတိုင်းမှာ မြင်တွေ့နေရတဲ့သူတွေဟာ ငါတို့မျိုးနွယ်စုဝင်တွေပဲ ဖြစ်နေပြီဆိုတာပါပဲ။ သူတို့ရဲ့ မှတ်ဉာဏ်တွေ မနိုးထသေးတာပဲ ရှိတာပါ"
"တကယ်လို့ မှတ်ဉာဏ်တွေ နိုးထလာမယ်ဆိုရင် လူ့လောကနယ်မြေ ကိုးခုဟာ မင်းတို့အပိုင် ဖြစ်သွားမှာပေါ့"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
ရှင်းကျုံးက ခေါင်းညိတ်ပြသည်
"မှန်ပါတယ်။ ငါတို့မျိုးနွယ်စုရဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေသာ ဒီလောကထဲကို တိုက်ရိုက်ဆင်းသက်လာနိုင်မယ်ဆိုရင် တကယ်တော့ အခုလို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခခံနေစရာ မလိုပါဘူး။ တစ်နှစ်အတွင်းမှာတင် လူ့လောကနယ်မြေ ကိုးခုကို သွတ်သွင်းထားနိုင်မှာပါ"
"မင်းတို့မျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် ဒါက တကယ်လုပ်နိုင်တဲ့ ကိစ္စပဲ။ ဒါဆို... မင်းတို့မျိုးနွယ်က အစွမ်းထက် ပုဂ္ဂိုလ်တွေက ဘယ်အချိန်မှာ လာဖို့ စီစဉ်ထားလဲ"
ဖန့်ချန်က မေးလိုက်သည်။
"ငါတို့မျိုးနွယ်ရဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေက... လာလို့မရပါဘူး။ လာနိုင်ခဲ့ရင်တောင် လူဝင်စားတဲ့ နည်းလမ်းနဲ့ပဲ လာလို့ရမှာပါ"
ရှင်းကျုံး၏ အမူအရာမှာ ထူးဆန်းသွားသည်။
"အကြောင်းရင်း ဘယ်နှစ်ခု ရှိလို့လဲ"
"လောလောဆယ် ငါသိတာကတော့ အကြောင်းရင်း နှစ်ခုပဲ ရှိတယ်။ တစ်ခုက နေရာနှစ်ခုကြားက အကွာအဝေးက အရမ်းဝေးလွန်းတာ။ နောက်တစ်ခုကတော့... လူ့လောကနယ်မြေ ကိုးခုရဲ့ တည်နေရာ ကို မင်းတို့ရဲ့ ယန်နတ်ဘုရားတွေက အပြီးတိုင် ချေဖျက်ပစ်ခဲ့လို့ပဲ"
ရှင်းကျုံးက လေသံနှိမ့်ကာ ပြောပြသည်။
"ဒါဆို မင်းတို့ဆီက နောက်ထပ် စစ်ကူတွေဟာ မရှိတာနဲ့ အတူတူပဲပေါ့"
ဖန့်ချန်က စဉ်းစားဟန်ဖြင့် ဆိုလိုက်သည်။
ယခု သူ မေးမြန်းနေသည့် အချက်အလက်များသည် ထိုစမ်းသပ်မှု နည်းလမ်းကလွဲလျှင် ဝမ်ချုံစန်းမှာ ကောင်းကောင်းကြီး သိထားပြီးဖြစ်လိမ့်မည်။ ဝမ်ချုံစန်းသည် လူ့လောကနယ်မြေ ကိုးခုတွင် အဆင့် ၉ ကျန်းမိုများ ရှိနေမည်ကို သေချာပေါက် သိထားသည်။ ၎င်းပြင် မိစ္ဆာမျိုးနွယ်ဘက်မှ အားကောင်းသော စစ်ကူများ ထပ်မံရောက်ရှိလာမည် မဟုတ်ကြောင်းကိုလည်း သူ သိထားသည်။
တစ်ဖက်လူက မိမိကိုယ်ကိုယ် မျိုးစေ့ ဟု ခေါ်ဆိုခြင်းမှာ လူ့လောကနယ်မြေ ကိုးခုကို လုယူခြင်းသည် ၎င်းတို့၏ မျိုးနွယ်စု ပြန်လည်အမြစ်တွယ် ရှင်သန်ရန်အတွက် ခိုနားရာမြေတစ်ခု ရရှိရန်သာ ဖြစ်ကြောင်း ပြသနေသည်။
ထိုဘက်လောကတွင် ကျန်ရစ်ခဲ့ပြီး ပြင်ပရန်သူများကို ခုခံနေဆဲဖြစ်သော မိစ္ဆာအစွမ်းထက် ပုဂ္ဂိုလ်ကြီးများသည် အစကတည်းက ထိုလောကသို့ လာရန် စိတ်မကူးခဲ့ကြခြင်းလည်း ဖြစ်နိုင်ပေသည်။
၎င်းတို့သည် မိမိတို့၏ နောက်မျိုးဆက်များအတွက် အသက်ရှင်သန်ခွင့် လမ်းစတစ်ခုကိုသာ ချန်ထားပေးချင်ကြခြင်း ဖြစ်သည်။
ဤသို့ တွေးမိသောအခါ ဖန့်ချန်၏ ရင်ထဲတွင် ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။ ရှင်းကျုံး၏ ဖော်ပြချက်အရ ထိုမျိုးနွယ်စု၏ အင်အားနှင့် အခြေခံမှာ အလွန်အမင်းပင် ကြီးမားလွန်းလှသည်။
အကယ်၍ တစ်နေ့တွင် ၎င်းတို့သည် ဝေးလံသော ကြယ်တာရာများဆီမှ ဤနေရာသို့ တကယ်ရောက်လာနိုင်ခဲ့ပါက လူ့လောကနယ်မြေ ကိုးခုမှ ယန်နတ်ဘုရားများ မည်သည့်နည်းလမ်းပင် သုံးပါစေ၊ အရာထင်လိမ့်မည် မဟုတ်ပေ။ အောင်နိုင်ခြေ တစ်စက်ကလေးမျှပင် ရှိလိမ့်မည် မဟုတ်။
"ငါတို့မှာ နောက်ထပ် စစ်ကူတွေ တကယ်မရှိပါဘူး။ ရှိခဲ့ရင်တောင် သူတို့ ဒီလောကမှာ ကြီးပြင်းလာတဲ့အထိ စောင့်ရဦးမှာပါ။ ဒါပေမဲ့ ကိုယ့်ဘာသာမှတ်ဉာဏ်နိုးထလာနိုင်သူဆိုတာ လက်ချိုးရေလို့တောင် ရပါတယ်"
ရှင်းကျုံးက သက်ပြင်းချလိုက်သည်။
"ဒီ မြင့်မြတ်သောသားတော် အကြောင်း ပြောပြပါဦး၊ သူက ဘယ်လို နောက်ခံရှိလဲ "
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
"မြင့်မြတ်သောသားတော်လား မြင့်မြတ်သောသားတော်က တစ်လောကလုံးမှာ အနှိုင်းမဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ငါ ကလေးဘဝတုန်းကတည်းက သူဟာ နယ်မြေနှစ်ဆယ့်ခြောက်ခုစလုံးမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေပါပြီ "
ရှင်းကျုံးနှင့် နဂါးစားဘုရင်တို့၏ မျက်နှာပေါ်တွင် ရူးသွပ်သော ကြည်ညိုမှုများ ပေါ်လာသည်။ ရှင်းရှင်းလင်းလင်းပင်၊ ထိုမြင့်မြတ်သောသားတော်သည် ၎င်းတို့၏ စိတ်ထဲတွင် အဆင့်အတန်း အလွန်မြင့်မားလှပေသည်။
"အဲဒီ မြင့်မြတ်သောသားတော်က အခု လူ့လောကနယ်မြေ ကိုးခုမှာ ရှိနေတာလား သူက မိစ္ဆာဘိုးဘေး လား "
ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။
ရှင်းကျုံးသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါပြသည်။
"မသိပါဘူး"
"ရှေးဟောင်းမိစ္ဆာဂိုဏ်း အကြောင်းကော မင်းတို့ သိလား "
"မသိပါဘူး" သူတို့နှစ်ဦးစလုံးက ပြိုင်တူ ခေါင်းခါကြပြန်သည်။
"ကြည့်ရတာ မင်းတို့က လူ့လောကနယ်မြေ ကိုးခုအကြောင်း သိတာဟာ သာမန်ကျင့်ကြံသူတွေနဲ့ သိပ်မထူးခြားပါလား"
ဖန့်ချန်က ရယ်လိုက်ရင်း နဂါးစားဘုရင်ထံသို့ အကြည့် ရွှေ့လိုက်သည် ။
"မင်းက ကျင့်ကြံခြင်းအဆင့် နိမ့်တယ်ဆိုတော့ ရှင်းကျုံးထက် နောက်ကျပြီးမှ လူဝင်စားလာတာပဲ ဖြစ်ရမယ်။ မင်း လူမဝင်စားခင်တုန်းက မင်းတို့ဘက်မှာ စစ်ပွဲအခြေအနေက ဘယ်လိုရှိလဲ "
နဂါးစားဘုရင်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို သတိရသွားဟန်ဖြင့် အသံမှာ အက်ကွဲခြောက်ကပ်စွာ ဆိုသည်။
"အဲဒီအချိန်က ငါ မိုယွမ်မှာ လူဝင်စားဖို့ စောင့်နေတုန်း ရန်သူတွေကို ဝိုးတဝါး မြင်လိုက်ရသလိုပဲ..."
"သူတို့က ဘယ်လိုပုံစံလဲ မင်းတို့ကို ဒီလိုအခြေအနေအထိ ရောက်အောင် တွန်းပို့နိုင်တယ်ဆိုရင် မင်းတို့ထက် ဘယ်လောက်တောင် ပိုပြီး အစွမ်းထက်နေလို့လဲ"
ဖန့်ချန်၏ အမူအရာမှာ စိတ်ဝင်တစား ဖြစ်သွားသည်။
မိစ္ဆာမျိုးနွယ်၏ ရန်သူများက လူ့လောကနယ်မြေ ကိုးခုကို ရှာတွေ့သွားမည်ကိုမူ သူ မစိုးရိမ်ချေ။ မိုယွမ်မှ ထိုကျန်းမိုများသာ မိုက်မဲသူများ မဟုတ်ခဲ့လျှင် နောက်ဆုံးအချိန်၌ ထို သံသရာမှန် ကို သေချာပေါက် ဖျက်ဆီးပစ်ကြလိမ့်မည်။
သို့မဟုတ်ပါက ၎င်းတို့၏ မျိုးနွယ်စုဝင်များသည် လူ့လောကနယ်မြေ ကိုးခုတွင်လည်း ကောင်းမွန်စွာ နေထိုင်နိုင်ကြမည် မဟုတ်ပေ။
"မ... မြင်လို့ မရဘူး..." နဂါးစားဘုရင်က ဖြည်းဖြည်းချင်း ခေါင်းခါပြသည်။
"ရန်သူတွေက မိုယွမ်အထိ နီးကပ်လာပြီဆိုရင် မင်းတို့ဘက်က အခြေအနေက တကယ်ကို မဟန်တော့ဘူးပဲ"
ဖန့်ချန်က မိမိဘာသာ ရေရွတ်လိုက်သည်
"ဒါကြောင့်လည်း မင်းတို့ဟာ ဒီလောကကို လုယူဖို့ အရှိန်မြှင့်နေကြတာပေါ့..."
"အမှန်တော့... လူ့လောကနယ်မြေ ကိုးခုဟာ ငါတို့မျိုးနွယ်ရဲ့ နယ်မြေ ဖြစ်နေတာ ကြာပါပြီ။ အခု မြင်တွေ့နေရတဲ့ မြင်ကွင်းတွေဟာ အပေါ်ယံ အကာအကွယ်တစ်ခုပဲ ရှိပါသေးတယ်။ မိတ်ဆွေ ကိုယ်တိုင်တောင်မှ... ငါတို့မျိုးနွယ်ကနေ လူဝင်စားလာတာ ဖြစ်နိုင်ပါတယ်၊ မှတ်ဉာဏ်တွေ မနိုးထသေးတာပဲ ရှိမှာပါ"
ရှင်းကျုံးက တိုးတိုးလေး ဆိုသည်။
"မင်းတို့လည်း စည်းလွတ်ဝါးလွတ်တော့ မလုပ်ရဲကြဘူး မဟုတ်လား လူ့လောကနယ်မြေ ကိုးခုမှာ ရှိသမျှလူတိုင်းဟာ မင်းတို့မျိုးနွယ်က လူဝင်စားလာသူတွေပဲ ဆိုရင်... မင်းတို့ရဲ့ အဆင့် ၉ ကျန်းမိုတွေလည်း ထင်တိုင်းကြဲရဲမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား ငါတို့ကို သတ်တာဟာ ကိုယ့်မျိုးနွယ်စုဝင်ကို သတ်တာနဲ့ အတူတူပဲလေ"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
"စကားအရတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သန္ဓေသားမှတ်ဉာဏ် ပိတ်ဆို့မှု ကို ဖျက်ဆီးပြီး အတိတ်ဘဝ မှတ်ဉာဏ်တွေ ပြန်ရလာရင်ကော "
ရှင်းကျုံးက လေးနက်သော လေသံဖြင့် ဆိုသည်
"လူ့လောကနယ်မြေ ကိုးခုရဲ့ သုံးပုံတစ်ပုံ၊ ဒါမှမဟုတ် အဲဒီထက် နည်းတဲ့လူတွေ မှတ်ဉာဏ်ပြန်ရလာရင်တောင် ငါတို့မျိုးနွယ်အတွက် လုံလောက်နေပါပြီ။ ကျန်တဲ့ ခေါင်းမာနေတဲ့လူတွေကိုတော့ တိုက်ရိုက်သတ်ပစ်ရုံပါပဲ"
"တကယ်ပါပဲ..."
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်
"မင်း အရင်က ပြောခဲ့တယ်၊ မြေဝက်ဝံကြယ်မှာ ဒီအတတ်ပညာကို သုံးဖို့ အဆင့် ၁ မသေမျိုး ငါးယောက်ရဲ့ အနစ်နာခံမှု လိုအပ်တယ်ဆိုတာ။ အဲဒီ အဆင့် ၁ မသေမျိုး ငါးယောက်ဟာလည်း မင်းတို့လူတွေပဲလား "
"ဟုတ်ပါတယ် "
"သဘာဝကျကျ တွေးကြည့်ရင် မှတ်ဉာဏ် နိုးထလာတဲ့ မိစ္ဆာမျိုးနွယ်က နည်းနည်းလေးပဲ ရှိတာ၊ နေရာအနှံ့ ပျံ့နှံ့နေရမှာ။ မင်းတို့က ဘယ်လိုလုပ်ပြီး အတူတူ စုမိသွားကြတာလဲ အဲဒီ မြင့်မြတ်သောသားတော်ကြောင့်လား "
"ဝိညာဥ်နတ်ဘုရားဂိုဏ်း ရှိတဲ့ ဝိညာဥ်သိုင်းနယ်မြေ မှာ ငါတို့မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ဦးဟာ အဆင့်မြင့်ရာထူးကို ရထားပြီးသားပါ။ စမ်းသပ်မှု နည်းလမ်းကိုလည်း သူကပဲ ငါ့ကို သင်ပေးခဲ့တာ၊ ငါတို့ကို ရှာဖွေပြီး အတူတူ စုစည်းပေးခဲ့တာလည်း သူပါပဲ"
ရှင်းကျုံးက ဖြေသည်။
ဖန့်ချန်သည် နာရီဝက်ခန့် ထပ်မံမေးမြန်းပြီးနောက် ထို ဝိညာဥ်နတ်ဘုရားဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်၏ အမည်နာမနှင့် အဆင့် ၁ မသေမျိုး ငါးယောက် ရောက်ရှိလာမည့် အချိန်ကို သိရှိသွားသည်။ သူတို့နှစ်ဦး ပြောစရာ ကုန်သွားသောအခါမှသာ ဤစကားဝိုင်းကို အဆုံးသတ်လိုက်တော့သည်။
"နဂါးစားဘုရင်... ကျန်းကွမ်မြို့ဟာ တော်တော်ကောင်းတဲ့ နေရာလေးပါ။ မင်း ဒီမှာပဲ ယာယီနေထိုင်လိုက်ပါ၊ ကျန်းကွမ်မြို့ထဲကနေ ထွက်မသွားသရွေ့တော့ မင်း လွတ်လပ်ခွင့် ရှိပါတယ်"
ဖန့်ချန်က နဂါးစားဘုရင်ကို ပြုံးပြလိုက်ပြီးနောက် ရှင်းကျုံးကို ခေါ်ကာ လူ့လောကသို့ ပြန်လာခဲ့သည်။
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း
ရှင်းကျုံးသည် တစ်ကျော့ပြန် လူပြန်ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ကောင်းကင်ကြီးကတော့ အရင်က ကောင်းကင်ကြီးပါပဲ၊ ဒါပေမဲ့ သူ... သူကတော့ အရင်က ရှင်းကျုံး မဟုတ်တော့ချေ။
"စိတ်ထဲမှာ အတွေးတွေ သိပ်မများပါနဲ့။ မင်း ဘာတွေးနေလဲဆိုတာ ငါ အကုန်သိနိုင်တယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"ဟုတ်ကဲ့ပါ "
ရှင်းကျုံးသည် လွင့်ပျံ့နေသော သူ၏အတွေးများကို ထိန်းချုပ်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။
"သခင်လေးက အဲဒီ အဆင့် ၁ မသေမျိုး ငါးယောက် ရောက်လာမှာကို ဒီမှာပဲ စောင့်နေမလို့လား သူတို့ကို သတ်လိုက်ရင်တောင်... ဒီစမ်းသပ်မှုကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ငါသိရသလောက်တော့ ဒီစမ်းသပ်မှုကို နယ်မြေအတော်များများမှာ တစ်ပြိုင်တည်း ပြုလုပ်နေတာပါ"
"ဒါဆို ဘာလုပ်ရမလဲ အပြီးတိုင် မတားဆီးနိုင်ဘူးဆိုပြီး ပစ်ထားရမှာလား"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ရှင်းကျုံးသည် တစ်ဖက်လူအား ဆက်လက်၍ ဖျောင်းဖျချင်သော်လည်း မိမိအပေါ်သို့ ကျရောက်လာသော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်တော့သည်။
သူသည် မိမိမျိုးနွယ်စုဝင်များ၏ သတင်းအချက်အလက်များစွာကို ရောင်းစားခဲ့သည်မှာ အသက်ရှင်ချင်သောကြောင့် မဟုတ်ပါလား။ သူ ယခုအချိန်တွင် အသေမခံနိုင်သေးချေ၊ အကြောင်းမှာ သူသည် သန့်ရှင်းစင်ကြယ်သူ မဟုတ်တော့သောကြောင့် ဖြစ်သည်။
နှစ်အနည်းငယ် ကြာပြီးနောက်...
ရှင်းကျုံးသည် ရုတ်တရက် တံဆိပ်ပြား တစ်ခုကို ထုတ်လိုက်သည်။ ၎င်းပေါ်တွင် အဖြူရောင် အလင်းတန်းလေးတစ်ခု မှိန်ပျပျ လင်းလက်နေသည်။
"သခင်လေး... သူတို့ ရောက်လာကြပြီ"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်
"သူတို့ကို ခေါ်လိုက်တော့"