အခန်း (၁၅၅၉-၁၅၆၀)
Vol. 156 Ch. 1559-1560
အခန်း (၁၅၅၉) - ငါတို့... ရှုံးတော့မှာ ထင်တယ်
ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းသည် ပြီးခဲ့သောနှစ်များက သန်းနှင့်ချီသော ဓားမသေမျိုးများ မိစ္ဆာပင်လယ်အတွင်းသို့ တိုးဝင်သွားခဲ့ကြပြီးနောက် နှစ်ပေါင်းများစွာကြာသည်အထိ မည်သူမျှ ပြန်မလာခဲ့ကြချေ။
ကျယ်ပြောလှသော ဓားဂိုဏ်းကြီးတစ်ခုလုံးတွင် ဂိုဏ်းစောင့်အစီရင်စုကြီးနှင့် အောက်ခြေအဆင့် ကျင့်ကြံသူအချို့သာ ကျန်ရစ်တော့သည်။ ၎င်းတို့အနေဖြင့် ဖန့်ချန်၏ တည်ရှိမှုကို သတိပြုမိရန်မှာ အလွန်ပင် ခက်ခဲလှသော ကိစ္စဖြစ်ပေသည်။ ထို့ကြောင့် ဖန့်ချန်သည် ရှင်းကျုံးကိုခေါ်ကာ ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းတွင် နှစ်အနည်းငယ်မျှ အေးအေးဆေးဆေး နေထိုင်ခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်... လူရိပ်ငါးခုသည် ဟင်းလင်းပြင်ထာဝရဓားဂိုဏ်း၏ အပြင်ဘက်သို့ ပြိုင်တူရောက်ရှိလာကြသည်။ ဖန့်ချန်က အစီရင်ကို အသာအယာဖွင့်ပေးကာ ၎င်းတို့အား အတွင်းသို့ ဝင်စေလိုက်သည်။
ရှင်းကျုံးမှာ ဖန့်ချန်အတွက် လက်ဖက်ရည် ဖျော်ပေးနေဆဲဖြစ်ပြီး ရောက်လာသော အဆင့် ၁ မသေမျိုး ငါးဦးမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် မှင်တက်သွားကြသည်။ ထိုအထဲမှ တစ်ယောက်မှာ ဖန့်ချန်ကို သေချာကြည့်ပြီးနောက် ရုတ်တရက် အံ့အားသင့်စွာ ဆိုသည်။
"ဖန့်မိတ်ဆွေ"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။ ဤကျင့်ကြံသူသည် ရင်းနှီးသော မိတ်ဆွေမဟုတ်သော်လည်း တစ်ကြိမ်တစ်ခါ ဆုံဖူးသူဖြစ်သည်။
သူ ယုရွှီကြယ်ရှိ နဂါးပုန်းကျွန်းသို့ သွားရောက်စဉ်က ဟွမ်ချင်းချွဲနှင့်အတူ ပထမဆုံးတွေ့ခဲ့ရသည့် ဝိညာဉ်သုတ်သင်ခြင်းဌာန မှ ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
ထိုကျင့်ကြံသူ၏ အကြည့်မှာ ဖန့်ချန်နှင့် ရှင်းကျုံးတို့ကြားတွင် ကူးလူးနေပြီး သူ၏မျက်ဝန်းအိမ်ထဲ၌ ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။
"မင်းတို့အားလုံး အဆင်သင့်ဖြစ်ပြီလားး"
ရှင်းကျုံးက တည်ငြိမ်စွာ မေးလိုက်သည်။
ငါးယောက်သား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြိုင်တူပြောလိုက်သည်။
"ကျွန်တော်တို့ အဆင်သင့် ဖြစ်ပါပြီ "
"ကျွန်တော်တို့မျိုးနွယ်ရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ဝန်မလေးပါဘူး"
"စိတ်ချပါ၊ မင်းတို့ အခု သေဆုံးသွားရပေမဲ့ နောင်တစ်ချိန်မှာ သံသရာလည်ပြီး ပြန်ဝင်စားခွင့် ရဦးမှာပါ။ အဲဒီအချိန်ကျရင် ငါတို့မျိုးနွယ်ရဲ့ မျိုးနွယ်စုပန်းတွေ လူ့လောကနယ်မြေ ကိုးခုစလုံးမှာ ပွင့်ဝေနေတာကို မင်းတို့ မြင်ရလိမ့်မယ်"
ရှင်းကျုံး၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
"ဒါဆိုရင်... ယင်လောကကို စတင်ဆင်းကြတာပေါ့"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ရှင်းကျုံး၏ ရင်ထဲမှ စိတ်အားထက်သန်မှုများသည် ရေအေးနှင့် ပက်လိုက်သကဲ့သို့ ငြိမ်ကျသွားပြီးနောက် ပြောလိုက်သည်။
"မင်းတို့ဆီမှာ ဝိညာဉ်ခေါ်မီးအိမ်တွေ ပါလား ယင်လောကကို စတင်ဆင်းကြမယ်"
"ယင်လောကကို ဆင်းမယ်"
ငါးယောက်သားမှာ သံသယမရှိဘဲ လိုက်နာကြသည်။ ထိုအတတ်ပညာကို မည်သို့အသုံးချရမည်ကို ၎င်းတို့မသိသဖြင့် အရာအားလုံးကို ရှင်းကျုံး၏ ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်ကြရသည်။
ခဏအကြာတွင် မရဏလမ်းပေါ်၌ ငါးယောက်သားမှာ ရှင်းကျုံးကို သွားကြိတ်လျက် ဒေါသတကြီး ဆဲဆိုနေကြတော့သည်။
"ငါလည်း မတတ်နိုင်ဘူးလေ၊ ငါက ဘွဲ့နှင်းအပ်ခြင်း ခံထားရတော့ ကိုယ့်စိတ်နဲ့ကိုယ် မဟုတ်ဘူး"
ရှင်းကျုံးက မတတ်သာဟန်ဖြင့် ရှင်းပြသည်
"မင်းတို့လည်း အခု သခင်လေးရဲ့ ဘွဲ့နှင်းအပ်ခြင်းကို ခံလိုက်ရပြီဆိုတော့ ထာဝရအသက်ကို ရသွားပြီလို့ပဲ သတ်မှတ်လိုက်ပါ၊ ဒါဟာ ကောင်းတဲ့အချက်ပဲ မဟုတ်လား"
"တောက်"
ဝိညာဥ်သုတ်သင်ခြင်းမှ ကျင့်ကြံသူက ရှင်းကျုံးကို တံတွေးနှင့် ထွေးလိုက်ရင်း
"ငါတို့တွေ အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီးမှ ဒီလောကကို ရောက်လာခဲ့တာ၊ ကံကောင်းလို့ အတိတ်ဘဝ မှတ်ဉာဏ်တွေတောင် နိုးထလာခဲ့သေးတယ်။ ငါတို့မျိုးနွယ်ရဲ့ ရည်မှန်းချက်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးတာမျိုး မလုပ်ရရင်တောင်မှ မင်းက ငါတို့ကို ဒီလို ဒုက္ခပေးရက်တယ်ပေါ့ "
"တကယ်လို့ မင်းတို့က မလိုလားဘူးဆိုရင် ကိုယ့်ဘာကိုယ် အဆုံးစီရင်လိုက်လို့လည်း ရပါတယ်"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ငါးယောက်သား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ယောက်က ရုတ်တရက် ဖန့်ချန်ကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ စတင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ကိုယ်ပေါ်မှ ယင်ဓာတ်များမှာ အပြီးတိုင် ချေဖျက်ခံလိုက်ရသည်။ ကျန်ရှိသော လေးယောက်၏ အကြည့်အောက်မှာပင် ထိုသူသည် အငွေ့အသက်တစ်ခုအဖြစ် ပျောက်ကွယ်သွားတော့သည်။
ရှင်းကျုံးမှာ ရင်ထဲတွင် ထိတ်လန့်သွားသည်။
အကယ်၍ ထိုစဉ်က သူသာ ထိုသူကဲ့သို့ လုပ်ခဲ့လျှင် ယခုလို အဆုံးသတ်မျိုး ကြုံရမည် မဟုတ်ပါလား သူသည် ထိုသူ၏ လုပ်ရပ်ကို ကလေးကလားနိုင်သည်ဟု မလှောင်ပြောင်မိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုသူ၏ ပြတ်သားမှုကို စိတ်ထဲမှပင် အနည်းငယ် အားကျမိသွားသည်။
'နှမြောစရာပဲ... ဖုန်မှုန့်က ဖုန်မှုန့်ဆီ၊ မြေကြီးက မြေကြီးဆီပါပဲ။ ဝိညာဉ်ချုပ်ငြိမ်းသွားရင်တော့ ဒီလောကရဲ့ မြင်ကွင်းတွေကို မြင်ဖို့ ဘယ်တော့မှ အခွင့်အရေး မရှိတော့ဘူး။ ဟုတ်တယ်... ငါ ဘာလို့ အသက်ရှင်နေရတာလဲ ငါတို့မျိုးနွယ်စုရဲ့ ပန်းတွေ လူ့လောကနယ်မြေ ကိုးခုမှာ ပွင့်ဝေနေတာကို မြင်ချင်လို့ပဲ '
သူ ဤသို့ တွေးလိုက်သောအခါ စိတ်ထဲတွင် ခံစားချက် သိပ်မဆိုးတော့ချေ။
ဖန့်ချန်က ကျန်ရှိသော လေးဦးကိုလည်း ကျန်းကွမ်မြို့သို့ ခေါ်ဆောင်သွားကာ ၎င်းတို့ထံမှ မိစ္ဆာမျိုးနွယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ထပ်မံမေးမြန်းပြန်သည်။
၎င်းတို့သည် မတူညီသော ခေတ်ကာလများမှ လူဝင်စားလာကြသူများ ဖြစ်သဖြင့် သတင်းအချက်အလက်များကို ပေါင်းစပ်လိုက်သောအခါ အတော်လေး အသုံးဝင်လှသည်။
"မင်း လောလောဆယ် လူ့လောကကို ပြန်ဖို့ မလိုဘူး၊ ဒီမှာပဲ နေခဲ့ဦး"
ဖန့်ချန်က ရှင်းကျုံးကို တစ်ချက်ကြည့်ကာ ကျန်းကွမ်မြို့မှ ထွက်လာခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်... ကျွယ်မင်ယင်လောက၏ လျှို့ဝှက်စောက်ရှောက်ရေးဌာန သည် စတင်လှုပ်ရှားလာပြီး လျှို့ဝှက်အစောင့်အရှောက်များကို လူ့လောကသို့ တစ်ယောက်ပြီးတစ်ယောက် စေလွှတ်လိုက်သည်။ နေကင်းလှည့်မျိုးနွယ် နှင့် ညကင်းလှည့်မျိုးနွယ် တို့သည်လည်း သတင်းရရှိပြီးနောက် လျှို့ဝှက်စောင့်ရှောက်ရေးဌာန နှင့် ပူးပေါင်းကာ လူ့လောကသို့ အုံနှင့်ကျင်းနှင့် ဆင်းသက်လာကြတော့သည်။
ကျွယ်မင်ကြယ်၊ တုန်းရှန့်နိုင်ငံ၊ လူသားဘိုးဘေးတောင်
"ဒီမှာ ဝိညာဉ်စွမ်းအားတွေက အရမ်းထူးကဲတာပဲ"
ဖန့်ကျစ်ရွှယ်သည် နယ်နိမိတ်ဘူးသီး ထဲမှ ထွက်လာသည်နှင့် လူသားဘိုးဘေးတောင်၏ ထူထပ်လှသော ဝိညာဉ်စွမ်းအားများကြောင့် အံ့အားသင့်သွားသည်။
သူမသည် တာအိုသုံးထောင်ဂိုဏ်း တွင်လည်း နေဖူးသလို တန်တိုင်တောင် နယ်မြေရှိ ဆန်းတောင် တွင်လည်း နေဖူးသည်။ သို့သော် ထိုနေရာများ၏ ဝိညာဉ်စွမ်းအားမှာ ထိုနေရာနှင့် ယှဉ်လျှင် ပုရွက်ဆိတ်နှင့် သစ်ပင်ကြီးကဲ့သို့ ကွာခြားလှပေသည်။
"မမ... ဒါက အစ်ကိုကြီးရဲ့ နယ်မြေလေ"
ဖန့်ရှောင်ပန်းက ပြုံးစစဖြင့် ဆိုသည်
"ကျွန်မတို့ ရှောင်ချန်မမဆီ သွားကစားရအောင်"
"အစ်ကိုကြီး... ဒါဆို ညီမတို့ သွားပြီနော်"
ဖန့်ကျစ်ရွှယ်က ဖန့်ချန်ကို ကြည့်ကာ မျှော်လင့်တကြီး မေးလိုက်သည်။
"အင်း... အရမ်းဝေးဝေး မသွားနဲ့ဦး။ ညီမက စာရင်းမတင်ရသေးဘူးဆိုတော့ အမှုမဲ့အမှတ်မဲ့နဲ့ ဒီက အဓိကပုဂ္ဂိုလ်တွေနဲ့ တွေ့ရင် အထင်လွဲစရာ ဖြစ်လိမ့်မယ်။ အစ်ကိုကြီး အလုပ်တွေပြီးရင် စာရင်းသွင်းဖို့ ခေါ်သွားပေးမယ်"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ဖန့်ရှောင်ထျန်းမှာ ဤနေရာတွင် ကျန်ရစ်ချင်သော်လည်း ဖန့်ကျစ်ရွှယ်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသဖြင့် မတတ်သာဘဲ ဖန့်ချန်ကို လက်ပြနှုတ်ဆက်ကာ ပါသွားတော့သည်။ ဖန့်ချန်သည် ပူပင်ကြောင့်ကြကင်းမဲ့နေသော ၎င်းတို့သုံးဦးကို ကြည့်ရင်း မျက်ဝန်းထဲတွင် အားကျစိတ် အနည်းငယ် ဖြတ်ပြေးသွားသည်။
ထို့နောက် သူ ပြုံးလျက် ခေါင်းခါလိုက်ပြီး ယင်လောကသို့ တစ်ဖန်ပြန်ဆင်းကာ ကျွယ်မင်ယင်လောက၊ သံသရာဌာန သို့ ရောက်ရှိလာခဲ့သည်။
"ဟော... ဖန့်ညီလေး၊ မင်း ရောက်လာတာ အတော်ပဲ။ ငါ သွားခါနီးမှာ မင်းနဲ့ မတွေ့ရတော့ဘူးလားလို့ စိုးရိမ်နေတာ"
ဖေးထူက ဖန့်ချန်ကို ဝမ်းသာအားရ ဆွဲခေါ်ကာ စကားပြောသည်။
"ငါ အလယ်ဗဟိုဌာန မှာ တာဝန်ထမ်းဆောင်ဖို့ ပြင်နေပြီ။ နောက်ဆိုရင် ဒီ မှတ်တမ်းတင်အရာရှိချုပ်ရာထူးကို မင်းလက်ထဲ အပ်ခဲ့ရတော့မယ်၊ သေချာလေး တာဝန်ယူပေးပါဦး။ ပင်ပန်းပေမဲ့ စိတ်ကျေနပ်မှုတော့ ရပါတယ်ဗျာ။"
ဖေးထူသည် စိတ်ရင်းဖြင့် ဝမ်းသာနေသည်ကို ဖန့်ချန် မြင်နိုင်သည်။ သိသာသည်မှာ သံသရာဌာန၏ မှတ်တမ်းတင်အရာရှိချုပ် ရာထူးမှာ သူ့အတွက် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပုံရသည်။
"ဖေးစီနီယာအတွက် ဂုဏ်ယူပါတယ်ဗျာ"
ဖန့်ချန်က ပြုံးလျက် ဂုဏ်ပြုလိုက်သည်။
"အတူတူပါပဲ... ဖန့်ညီလေးက သာမန်လူမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ မသေမျိုးအစီရင်အတတ် နှစ်မျိုးကို နားလည်သဘောပေါက်နိုင်တယ်ဆိုတာ ကျွယ်မင်နန်းတော်ရဲ့ သမိုင်းတစ်လျှောက်မှာတောင် လက်ချိုးရေလို့ ရပါတယ်။
မင်း ဒီမှာ အတွေ့အကြုံ ခဏယူပြီးရင် ကျွယ်မင်ယင်လောကရဲ့ ရာထူးက သေချာပေါက် တိုးဦးမှာပါ။ နောက်နှစ်အနည်းငယ်အတွင်းမှာပဲ မင်းလည်း အလယ်ဗဟိုဌာနကို ပြောင်းလာရနိုင်တယ်၊ စီနီယာအစ်မကြီးကလည်း မင်းကို အတော်လေး အရေးပေးတာကိုး။
အဲဒီအချိန်ကျရင် မင်းက ငါ့ရဲ့ အထက်လူကြီးတောင် ဖြစ်နေဦးမလား မသိဘူး၊ ငါ့ကိုလည်း နည်းနည်းပါးပါး ကြည့်ရှုစောင့်ရှောက်ပေးပါဦး"
ဖေးထူက ရယ်မောလျက် ဆိုသည်။
နှစ်ယောက်သား ခဏမျှ စကားပြောဖြစ်ကြသော်လည်း ဖန့်ချန်မှာ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသဖြင့် အမူအရာမပျက်အောင် ထိန်းထားရသည်။ ဖေးထူ ထွက်သွားပြီးနောက်တွင် သူသည် သံသရာဌာန အကြီးအကဲ ၏ ရုံးခန်းသို့ တိုက်ရိုက်သွားလိုက်သည်။
"ရောက်လာပြီလား"
ဝမ်ချုံစန်းက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ လက်ထဲမှ မှတ်တမ်းအချို့ကို ချလိုက်သည်။
"မင်းကို အမြန်ပြန်လာဖို့ ပြောထားတာကို၊ နှစ်အနည်းငယ်တောင် ကြာသွားတယ်နော် "
"ကျွန်တော် အရေးကြီးတဲ့ ကိစ္စတစ်ခုနဲ့ တိုးလို့ပါ"
ဖန့်ချန်က သက်ပြင်းချလိုက်ရင်း
"ဒီမှာ စကားပြောဖို့ အဆင်ပြေရဲ့လား"
ဝမ်ချုံစန်း၏ အမူအရာ ပြောင်းလဲသွားပြီးနောက် တားမြစ်အစီရင်စုတစ်ခုကို အသာအယာ ချလိုက်သည်။
"အခု ပြောလို့ ရပြီ။ ဟို အဆင့် ၈ ယင်မသေမျိုး နှစ်ယောက်တောင် ငါတို့စကားကို ကြားနိုင်မှာ မဟုတ်တော့ဘူး"
"ကျွန်တော် မြေဝက်ဝံကြယ်မှာ အတိတ်ဘဝ မှတ်ဉာဏ် နိုးထနေတဲ့ ကျင့်ကြံသူတစ်ဦးနဲ့ တွေ့ခဲ့တယ်၊ သူ့နာမည်က ရှင်းကျုံး တဲ့ "
ဖန့်ချန်က မြေဝက်ဝံကြယ်တွင် ကြုံတွေ့ခဲ့ရသမျှကို အသေးစိတ် ပြောပြလိုက်သည်။ ဝမ်ချုံစန်း၏ မျက်နှာမှာ အမူအရာမျိုးစုံ ပြောင်းလဲသွားပြီး ထို စမ်းသပ်မှု နည်းလမ်း အကြောင်း ကြားလိုက်ရသောအခါတွင်မူ အလွန်ပင် ပျက်ယွင်းသွားတော့သည်။
"သူ့ရဲ့ လှုပ်ရှားမှုက... ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ "
ဝမ်ချုံစန်းသည် အခန်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။ အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်သော သူပင်လျှင် ယခုအခါ စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။
"ဒီစမ်းသပ်မှု နည်းလမ်းက... သေချာပေါက် အောင်မြင်ချင်မှ အောင်မြင်မှာပါ"
ဖန့်ချန်က စဉ်းစားကာ ဆိုလိုက်သည်။
"မင်းက အဲဒီ မြင့်မြတ်သောသားတော်ကို ဘယ်သူလို့ ထင်နေတာလဲ သူလို ပုဂ္ဂိုလ်မျိုးက တကယ်ပဲ စမ်းသပ်မှု စတင်ပြီဆိုရင် သူ လျှို့ဝှက်ပြီး အကြိမ်ပေါင်း များစွာ စမ်းသပ်ပြီးပြီလို့ ဆိုလိုတာပဲ "
ဝမ်ချုံစန်းက လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။
"အခု လူ့လောကနယ်မြေ ကိုးခုမှာ သူ နှိုးလိုက်လို့ မှတ်ဉာဏ်ပြန်ရနေတဲ့ မိစ္ဆာတွေ ဘယ်လောက်တောင် ရှိနေပြီလဲ မသိဘူး "
သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ညည်းတွားသလို ဆိုလိုက်သည်။
"ငါတို့... ရှုံးတော့မှာ ထင်တယ် "
အခန်း (၁၅၆၀) - ဝမ်အိုကြီး... ငါတို့ နိုင်ခြေ အများကြီး ရှိတယ်
အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်။
ဝမ်ချုံစန်းက စကားမဆိုတော့သလို ဖန့်ချန်ကလည်း ဘာမှ ထပ်မပြောဘဲ နေမိသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖန့်ချန်က ပြုံးလိုက်ရင်း
"ဝမ်အိုကြီး... မင်း အခုလို စိတ်ဓာတ်ကျစရာ စကားတွေ ပြောနေတာက အချိန်နည်းနည်း နောက်ကျမနေဘူးလား"
"အဲဒီ မြင့်မြတ်သောသားတော်က မိစ္ဆာကပ်ဘေး နည်းလမ်းနဲ့ လူတွေကို အတိတ်ဘဝ မှတ်ဉာဏ်တွေ နိုးထအောင် လုပ်နိုင်တယ်ဆိုဦးတော့... သူ လူ့လောကနယ်မြေ ကိုးခုကို အချိန်တိုအတွင်း လက်ဝါးကြီးအုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူ့လောကနယ်မြေ ကိုးခုက ဘယ်လောက်တောင် ကျယ်ပြောသလဲ။ တည်နေရာ ကူးပြောင်းရေး အစီရင်စုတွေ ရှိတယ်ဆိုရင်တောင် ခရီးသွားဖို့ ဆယ်စုနှစ်ချီ၊ ရာစုနှစ်ချီ ကြာဦးမှာပဲ။ ငါကတော့ နေရာအနှံ့ကို အလွယ်တကူ သွားလာနိုင်တယ်၊ ဒါက ငါတို့အတွက် အားသာချက်ပဲလေ"
"ငရဲမင်း တစ်ပါးအနေနဲ့ ယင်လောကရဲ့ တည်ရှိမှုက မင်းအတွက် တကယ့် အားသာချက်ပါပဲ။ ဒါပေမဲ့ မင်း နေရာအနှံ့ သွားနေတော့ကော ဘာထူးမှာလဲ လူတွေကို အကုန်လိုက်သတ်နိုင်လို့လား "
ဝမ်ချုံစန်းက တည်ငြိမ်စွာ ဆိုသည်
"ဒါတွေကို တကယ် ဖြေရှင်းချင်ရင် တစ်ခုတည်းသော နည်းလမ်းက သူတို့အားလုံးကို သံသရာထဲ ထည့်လိုက်ဖို့ပဲ။ တစ်ဘဝပြီး တစ်ဘဝ ပြောင်းလဲရင်း သူတို့ကို အပြီးတိုင် ဝါးမြိုပစ်ရမယ်။ ငါလည်း အဲဒီဘက်ကို ဦးတည်ပြီး ကြိုးစားနေတာ။ အခုမှ လမ်းစလေး မြင်စပြုနေပြီဆိုကာမှ သူက ငါ့ထက် သုံးလှမ်းလောက် ဦးအောင် လှမ်းသွားတာပဲ"
"မင်းလည်း ဒီဘက်ကို ဆက်ကြိုးစားနေလို့ ရတာပဲလေ။ သူ သုံးလှမ်း အရင်လှမ်းသွားတာ ဘာဖြစ်သလဲ မိစ္ဆာနယ်မြေ ၂၆ ခုက အစွမ်းထက်သူတွေဟာ လူ့လောကနယ်မြေ ကိုးခုဆီကို ဘယ်လိုမှ ရောက်မလာနိုင်ဘူး။ သူတို့မှာ ရှိတာက လက်ရှိ အခြေအနေပဲ။
အခု အထက်နယ်မြေ သုံးခုက အဆင့် ၉ မသေမျိုးတွေထဲမှာ လူသား ဝိညာဉ်တွေ အများကြီး ပါနိုင်တယ်။ အချို့က အတိတ်ဘဝမှာ မိစ္ဆာမျိုးနွယ် ဖြစ်ခဲ့ရင်တောင်မှ အဲဒီလူက သူတို့ရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေကို လာနှိုးတာကို ခေါင်းညိတ် လက်ခံပါ့မလား ဒါတွေက ကူညီမယ့်သူတွေချည်းပဲ မဟုတ်လား။ ပြီးတော့ ယန်နတ်ဘုရားတွေလည်း ရှိသေးတယ်"
ဖန့်ချန်က မျက်မှောင်ကြုတ်ကာ
"ဝမ်အိုကြီး... ငါတို့က အစကတည်းက ခုခံစစ် အနေအထားမှာ ရှိနေတာ။ အစစအရာရာမှာ လက်ဦးမှု ရနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အားသာချက် အချို့ ဆုံးရှုံးသွားတာက ကိစ္စမရှိပေမဲ့ ဒါကြောင့်နဲ့ မျှော်လင့်ချက်မဲ့သွားမယ်ဆိုရင်တော့ တကယ်ပဲ ရှုံးသွားပြီပေါ့"
"မင်း မသိပါဘူး..."
ဝမ်ချုံစန်းက နေရာတွင် ပြန်ထိုင်လိုက်ပြီး မျက်နှာကျက်ကို ကြည့်ကာ ငေးမောနေသည်။
"အဲဒီ မြင့်မြတ်သောသားတော်က... သူက တကယ်ကို စွမ်းဆောင်ရည် ရှိတဲ့သူပဲ..."
ဖန့်ချန်သည် ဝမ်ချုံစန်းကို အတန်ကြာအောင် သေချာ စိုက်ကြည့်နေပြီးမှ မျက်မှောင်ကြုတ်လျက်
"သူက မင်းနဲ့ တစ်ခေတ်တည်းသား ဖြစ်နေလို့လား မင်း သူ့လက်ထဲမှာ ရှုံးဖူးလို့လား"
"ပေါက်ကရ"
ဝမ်ချုံစန်းမှာ အမြီးနင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ကဲ့သို့ ချက်ချင်းပင် ထခုန်ကာ အော်ဟစ်ဆဲဆိုတော့သည်။
"ငါက သူ့လက်ထဲမှာ ရှုံးရမယ်လား သူက ဘာကောင်မို့လို့လဲ ငါ့ဖိနပ်တောင် တိုက်ပေးဖို့ မတန်ဘူး သူတောင်းစားလေး မင်း ဘာတွေ လျှောက်ပြောနေတာလဲ အဖျားတက်ပြီး ရောင်နေတာလား"
ဖန့်ချန်က စိတ်မဆိုးသည့်အပြင် ပြုံးပင် ပြုံးလိုက်သေးသည်။
"ကြည့်ရတာ ငါ ခန့်မှန်းတာ မှန်သွားပြီထင်တယ်။ ဒါပေမဲ့ ဒီနေရာက လူ့လောကနယ်မြေ ကိုးခုလေ၊ မိစ္ဆာနယ်မြေ ၂၆ ခု မဟုတ်ဘူး။ ဟိုဘက်မှာ ရှုံးခဲ့တာက ဘာမှ မဟုတ်ဘူး၊ အခု ဒီမှာ ပြန်နိုင်အောင် လုပ်လိုက်ရင် မရဘူးလား "
"ပြောရတာတော့ လွယ်တာပေါ့"
ဝမ်ချုံစန်းက မကျေမနပ် ပြောနေသော်လည်း သူ၏ အရှိန်အဝါမှာ စောစောကထက် သိသိသာသာ ပို၍ အားကောင်းလာသည်။
"စစ်မှန်သော မိစ္ဆာလမ်းစဉ်က အဆင့် ကန့်သတ်ချက် မရှိဘူး။ ဒီနှစ်ပေါင်းများစွာအတွင်းမှာ ဘယ်နှစ်ယောက်တောင် အဆင့် ၉ ကျန်းမို အဆင့်အထိ တိတ်တဆိတ် ကျင့်ကြံထားလဲ မသိနိုင်ဘူး။ အဲဒီကောင်နဲ့ပါ ပေါင်းရင် ငါတို့ အနည်းဆုံး အဆင့် ၉ ကျန်းမို ၁၀ ယောက်ထက်မနည်းနဲ့ ရင်ဆိုင်ရနိုင်တယ်။ မင်း ကြောက်နေပြီလား "
"၁၀ ယောက်ပဲလား"
ဖန့်ချန်က အနည်းငယ် မှင်တက်သွားသည်
"ငါကတော့ အနည်းဆုံး အဆင့် ၉ ကျန်းမို ၃၀ လောက်နဲ့ ရင်ဆိုင်ရမယ်လို့ ထင်နေတာ"
"မင်းက အဆင့် ၉ ကျန်းမိုတွေကို တန်ဖိုးမရှိတဲ့ အရာတွေလို့ ထင်နေတာလား "
ဝမ်ချုံစန်းက မျက်စောင်းထိုးလိုက်ရင်း
"ဟိုဘက်လောက အားကောင်းစဉ်အခါက နယ်မြေတစ်ခုစီမှာ အဆင့် ၉ ကျန်းမို ဆယ်ဂဏန်းစီ ရှိခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့လို့လေ။
ပါရမီထူးရမယ်၊ အခွင့်အရေးရှိရမယ်၊ ကံတရား ရှိရမယ်၊ ဒါမှ ဒီအဆင့်ကို ရောက်တာ။ အဓိက အချက်က ဟိုဘက်မှာ မိစ္ဆာချောက်နက် ရှိတယ်။ အဆင့် ၉ ကျန်းမို အများစုက အဲဒီမှာပဲ အောင်မြင်မှုကို ရယူခဲ့ကြတာ။ ဒါပေမဲ့ ဒီလောကမှာ အဲဒါ မရှိဘူး "
စကားအဆုံးတွင် သူက လေးနက်သော လေသံဖြင့် ဆက်ပြောသည်။
"ဒီလောကကို လူဝင်စားလာကြတာဖြစ်လို့ ကျင့်ကြံခြင်းအပိုင်းမှာ သိပ်မကွာလှဘူး ဆိုပေမဲ့ အသေးစိတ်မှာတော့ ကွဲပြားမှုတွေ ရှိတယ်။ ဥပမာ လူ့ခန္ဓာကိုယ်နဲ့ မိစ္ဆာခန္ဓာကိုယ်ကြားက ကွဲပြားချက်မျိုးပေါ့။
ကျင့်ကြံခြင်း အဆင့် မြင့်လာလေလေ အဲဒါက ပိုသိသာလာလေလေပဲ။ မင်း ပြီးခဲ့တဲ့ တာ့လေယင်တိုက်ပွဲ မှာ ဗုဒ္ဓသားတော် ရှောက်ကွမ်ယင် မိစ္ဆာဝင်သွားတာ မြင်လိုက်တယ် မဟုတ်လား "
"ဟုတ်တယ်" ဖန့်ချန်က ခေါင်းညိတ်သည်။
"သူ ကျင့်တာက ကျန်းမိုလမ်းစဉ်ပဲ။ ငါတို့ဆီမှာဆိုရင် သူက အမြဲတမ်း မိစ္ဆာအသွင် ဖြစ်နေသင့်တာ။ ဒါပေမဲ့ ဒီလောကမှာတော့ အဲဒီလို အစွမ်းမျိုးရဖို့ မိစ္ဆာဝင်အောင် အရင်လုပ်ရတယ်၊ ပြီးတော့ စွမ်းအင်ကုန်ဆုံးမှုက အရမ်းများလို့ ကြာကြာ မခံဘူး"
ဟု ဝမ်ချုံစန်းက လှောင်ပြုံးဖြင့် ဆိုသည်။
"အဲဒီလိုဆိုရင်...အဆင့် ၉ ကျန်းမို ဖြစ်နေရင်တောင်မှ တကယ်တမ်း အဆင့် ၉ မသေမျိုးနဲ့ တိုက်တဲ့အခါ မိစ္ဆာခန္ဓာကိုယ်ကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူးပေါ့ "
ဖန့်ချန်က အံ့အားသင့် ဝမ်းသာသွားသည်။
"သီအိုရီအရတော့ အဲဒီအတိုင်းပဲ။ ဒါကြောင့်လည်း သူတို့က လူ့လောကနယ်မြေ ကိုးခုကို အတင်းလုယူချင်နေကြတာပေါ့၊ ဒီက မသေမျိုးလမ်းစဉ်တွေကို သူတို့ မက်မောနေတာလေ ဒါက နယ်မြေတစ်ခုနဲ့ တစ်ခုကြားက ကွာခြားချက်ပဲ။ လူ့လောကနယ်မြေ ကိုးခုမှာ မသေမျိုးလမ်းစဉ်က ကောင်းကင်ပဲ အမှန်တရား (တာအို) ပဲ အရေအတွက် နည်းပေမဲ့ ဒီကလူ တစ်ယောက်ကို ဟိုဘက်ပို့လိုက်ရင် အဆင့် ၉ ကျန်းမိုတွေထဲမှာ ထိပ်သီး ဖြစ်သွားမှာ အသေအချာပဲ "
ဝမ်ချုံစန်းက ဆက်ပြောသည်
"အချို့သောသူတွေက ကျန်းမိုလမ်းစဉ်ကို မရွေးချယ်ဘဲ ဒီလောကထဲမှာ တစ်သားတည်းဖြစ်အောင် မသေမျိုးလမ်းစဉ်ကိုပဲ ရွေးချယ်ကျင့်ကြံတာမျိုးလည်း ရှိနိုင်တယ်။ အခု အထက်နယ်မြေ အဆင့် ၉ မသေမျိုးတွေထဲမှာ အဲဒီလိုလူတွေ ပါနေနိုင်တယ်"
"ဒါကလည်း ခန့်မှန်းချက်ပဲလေ။ မင်း အခုလို ပြောပြမှပဲ ငါတို့အတွက် နိုင်ခြေ မရှိတာ မဟုတ်ဘူးဆိုတာ သိရတော့တယ်။ အဲဒီ အဆင့် ၉ ကျန်းမိုတွေလည်း အပြင်ကို ထွက်ပြီး ပြဿနာ အကြီးအကျယ် မရှာရဲကြဘူး၊ မဟုတ်ရင် အဆင့် ၉ မသေမျိုးတွေရဲ့ ရိုက်တာ ခံရမှာပဲ။
စဉ်းစားကြည့်လေ... ဒီ အဆင့် ၉ မသေမျိုးတွေက သူတို့နဲ့ အဆင့်တူတဲ့လူတွေ ရုတ်တရက် အများကြီး ပေါ်လာတာကို တွေ့ရင် ထူးဆန်းတယ်လို့ မထင်ဘဲ နေမလား "
ဖန့်ချန်က ရယ်မောရင်း
"ဒါ့အပြင် သူ့ရဲ့ မိစ္ဆာခန္ဓာကိုယ်က ဒီလောကမှာ ကန့်သတ်ချက် ရှိနေတာက ငါတို့အတွက် သတင်းကောင်းပဲ။ ဝမ်အိုကြီး... ငါတို့ နိုင်ခြေ အများကြီး ရှိတယ်"
"ရှိတာပေါ့... ပေါက်ကရတွေ။ ငါတို့မှာ အချိန် သိပ်မကျန်တော့ဘူး။
သူ့ရဲ့ စမ်းသပ်မှု နည်းလမ်းသာ စတင်လိုက်ရင် အချိန်တိုင်းမှာ အတိတ်ဘဝ မှတ်ဉာဏ် နိုးထလာတဲ့လူတွေ ရှိနေမှာ။ တစ်ယောက် နိုးထလာလေလေ ငါတို့ဘက်က မိတ်ဆွေ တစ်ယောက် လျော့သွားပြီး ရန်သူ တစ်ယောက် တိုးလာလေလေပဲ"
ဟု ဝမ်ချုံစန်းက အေးစက်စွာ ဆိုသည်။
"မင်း ထင်တာကတော့... သူတို့ထဲမှာ ငါတို့ဘက်ကို ဆွဲဆောင်လို့ရတဲ့လူတွေ ရှိနိုင်မလား မင်းတို့ရဲ့ ဘိုးဘေးတွေ ဒီကို ရောက်လာတုန်းကလည်း အဆင့် ၉ မသေမျိုးတွေနဲ့ ပူးပေါင်းခဲ့ကြတာပဲလေ။ ငါတို့လည်း ဆွဲဆောင်တဲ့ နည်းလမ်း၊ သွေးခွဲတဲ့ နည်းလမ်းတွေ သုံးကြည့်လို့ ရတာပဲ"
ဟု ဖန့်ချန်က မေးလိုက်သည်။
"တောကြီးရင် ငှက်စုံတာပေါ့။ ဒါပေမဲ့ အခု အရေးကြီးတာက ဒီတောက သိပ်မကြီးသေးဘူး။ မင်းက ဆွဲဆောင်ချင်တယ်ဆိုရင်တောင် အနည်းဆုံးတော့ အဆင့် ၉ မသေမျိုး အဆင့်အတန်းမျိုး ရှိရမှာပေါ့။ မင်းမှာ ဘာရှိလဲ မင်းက အခုထိမှ အဆင့် ၂ မသေမျိုး အဆင့်ပဲ ရှိသေးတာကို "
ဝမ်ချုံစန်းက ဆဲဆိုလိုက်သည်။
"မင်းကကော အဆင့် ၇ ရှေးဟောင်းမသေမျိုး မဟုတ်ဘူးလား၊ နည်းနည်းလောက် ထပ်ကြိုးစားပါဦး"
ဖန့်ချန်က အရေးမစိုက်ဟန်ဖြင့် ပြန်ပြောသည်။
သူ အဆင့် ၂ မသေမျိုးအထိ ရောက်လာတာကပဲ တော်တော်လေး ဟန်နေပါပြီ။
ဒါက ဘယ်နှစ်နှစ်ပဲ ကြာသေးလို့လဲ
ဝမ်ချုံစန်းရဲ့ စကားကြောင့် သူ ရှက်မနေအားဘူး
"ကြိုးစားတာပေါ့...ချီးပဲ။ ငါ အခုထိ အဆင့် ၈ ထိုက်ယီမသေမျိုး ဖြစ်ဖို့ ဆေးနည်းက ဘာလဲဆိုတာတောင် မသိသေးဘူး"
ဝမ်ချုံစန်းက လှောင်ပြောင်လိုက်ရင်း
"ဒီလမ်းစဉ်ကို ရွေးမိတာ မှားသွားတယ်လို့တောင် နောင်တရမိတယ်၊ ဒီလမ်းစဉ်မှာ အဆင့် ၉ မသေမျိုး နေရာက လွတ်နေတာ သေချာသလောက် ရှိပေမဲ့လည်းပေါ့"
"ဘာလို့ အစောကြီး မပြောတာလဲ မင်း မသိပေမဲ့ ငါ သိနိုင်တာပဲ မဟုတ်လား "
ဖန့်ချန်က အံ့အားသင့်စွာ မေးလိုက်သည်။
"မင်း သိတယ်" ဝမ်ချုံစန်း ကြောင်သွားသည်
"မင်း သိရင် မြန်မြန်ပြောလေ "
"ဒါက စုံစမ်းဖို့အတွက် မသေမျိုးကျောက်တုံး အချို့ လိုလိမ့်မယ်။ ငါ ဒီတစ်ခေါက် အတော်လေး သုံးလိုက်ရလို့ သိပ်မကျန်တော့ဘူး။ မင်း ငါ့ကို နည်းနည်းလောက် ခွဲပေးပါလား၊ ငါ စုံစမ်းလို့ရတာနဲ့ မင်းကို ချက်ချင်း ပြန်ပြောပြမယ်"
ဟု ဖန့်ချန်က ဆိုသည်။
ဝမ်ချုံစန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်ယမ်းပြလိုက်သည်။
"သွားတော့... လက်ရှိ ကိစ္စကို အရင် အောင်မြင်အောင် လုပ်ဦး။ မင်း မသေမျိုးကျောက်တုံး လိုတယ်ဆိုရင် ငါ လူ့လောက ပြန်ရောက်မှ ခဏ ချေးပေးမယ်။
ဒါပေမဲ့ နောက်နောင် မသေမျိုးကျောက်တုံး သုံးပြီး ထိုက်ယီမသေမျိုး လမ်းစဉ်ကို စုံစမ်းမယ်လို့တော့ ထပ်မပြောနဲ့တော့။ အဲဒါက မင်းကို လူမိုက်ပုံပေါက်စေသလို ငါ့ကိုလည်း လူအပုံ ပေါက်စေတယ်"
သူသည် ဖန့်ချန်ကို ထပ်၍ ဂရုမစိုက်တော့ဘဲ ဖန့်ချန်နှင့် စကားပြောလိုစိတ် ကုန်သွားဟန် တူပေသည်။