← Chapters

အခန်း (၁၅၆၁-၁၅၆၂)

Vol. 157 Ch. 1561-1562

အခန်း (၁၅၆၁-၁၅၆၂)

Vol. 157 Ch. 1561-1562

အခန်း (၁၅၆၁) - ယင်ယန်မသေမျိုးဘူးသီး

ဖန့်ချန်သည် မှန်လေး၏ တည်ရှိမှုကို သေချာပေါက် ထုတ်မပြောနိုင်ပေ။

ယနေ့အချိန်တွင် သူသည် ထိုမှတ်တမ်းအပေါ်ထားရှိသည့် အမြင်မှာ အစောပိုင်းကာလများနှင့် မတူတော့ချေ။

စွမ်းအားများ၏ မူလဇစ်မြစ်ကို ပိုမိုနားလည်လာလေလေ၊ မှန်လေး၏ အစွမ်းမှာ အလွန်အမင်း ထူးခြားဆန်းပြားနေသည်ဟု ပို၍ ခံစားလာရလေလေဖြစ်သည်။

သူ အမျိုးမျိုး နားချပြောဆိုပြီးနောက်တွင်မှ ဝမ်ချုံစန်းက သူနှင့်အတူ လူ့လောကသို့ ပြန်ဆင်းရန် နောက်ဆုံး၌ သဘောတူခဲ့ပြီး မသေမျိုးကျောက်တုံး သုံးထောင်ကိုလည်း ထုတ်ချေးပေးခဲ့သည်။

"ဒီ မသေမျိုးကျောက်တုံး သုံးထောင်က ငါ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အခြေခံအုတ်မြစ်ပဲ။ မူလက ငါ အဆင့် ၈ မသေမျိုးအဖြစ် တက်လှမ်းတဲ့နေရာမှာ သုံးဖို့ ချန်ထားတာ၊ အခုတော့ မင်းကို ခေတ္တချေးပေးလိုက်မယ်။ မင်း အမြန်ဆုံး တာ့လေယင် ရဲ့ ယင်လောကကို သွားပြီး ဟွာကျိသိုက် ဝိညာဥ်မယ်တော် ကို သွားပင့်ချေ။ ငါတို့ရဲ့ ဘဝတစ်ရာ ဝါးမြိုခြင်း အစီအစဉ်ကို အကောင်အထည်ဖော်ရမယ်"

ဝမ်ချုံစန်းက မှာကြားလိုက်သည်။ သူသည် ထိုမသေမျိုးကျောက်တုံး သုံးထောင်ကို ပေးလိုက်ရသဖြင့် နှမြောတသဖြစ်နေသည့် အမူအရာမှာ ဖုံးကွယ်၍မရပေ။

"ဒီအစီအစဉ်က နာမည်တောင် ရသွားပြီလား ငါတောင် မသိလိုက်ပါလား။ ဘဝတစ်ရာ ဝါးမြိုခြင်း... တော်တော်လေးတော့ ပုံဖော်လို့ကောင်းသား"

ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ အခုလေးတင် ပေးလိုက်တဲ့ နာမည်ပဲ။ ဘဝပေါင်း တစ်ရာလောက် ကြာမှသာ တကယ်တမ်း ဝါးမြိုနိုင်မှာကိုး။ တစ်ဘဝကို နှစ်ပေါင်း ရှစ်ဆယ်လို့ တွက်ရင်တောင် အနှစ် ရှစ်ထောင်လောက် ကုန်မှာ။ ငါတို့မှာ အချိန်ရှိသေးရဲ့လား အဲဒီကောင်က ငါ့ကို နောက်ထပ် အနှစ် တစ်သောင်း၊ နှစ်သောင်းလောက်သာ အချိန်ပေးမယ်ဆိုရင် အကောင်းသား"

ဝမ်ချုံစန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ဖန့်ချန်သည် ထိုမြင့်မြတ်သောသားတော်အကြောင်း ပိုမိုမေးမြန်းချင်သော်လည်း ဝမ်ချုံစန်း၏ အမူအရာကို ကြည့်ရသည်မှာ ထပ်ပြောချင်ပုံမရသဖြင့် လက်လျှော့လိုက်ရသည်။

ဝမ်ချုံစန်း ထွက်သွားသည်ကို အသေအချာ အတည်ပြုပြီးနောက် ဖန့်ချန်သည် မှန်လေးကို ထုတ်လိုက်သည်။

"ရှောင်ကျိုး... ထိုက်ယီမသေမျိုး (အဆင့် ၈) လမ်းစဉ်အတွက် မသေမျိုးကျောက်တုံး ဘယ်လောက် လိုမလဲ "

"အခု လူ့လောကနယ်မြေ ကိုးခုမှာ ဒီလမ်းစဉ်ကို သိတဲ့သူ တစ်ယောက်မှ မရှိဘူး။ ဒါက ကံတရားအကျိုးဆက် ကြီးမားလွန်းတော့ အတိအကျ ဘယ်လောက်ကုန်မလဲဆိုတာ ငါလည်း မသေချာဘူး။ ဒါကြောင့် အစ်ကိုရေ... လောလောဆယ် သုံးထောင်လောက်တော့ ပြင်ထားလိုက်ပေါ့"

မှန်လေးက လေးနက်သောလေသံဖြင့် ဆိုသည်။

"ငါ အခုလေးတင် မသေမျိုးကျောက်တုံး သုံးထောင် ချေးလာတာကို မင်း မြင်လိုက်လို့ မဟုတ်လား"

ဖန့်ချန်က သံသယဖြစ်မိသော်လည်း ဤကိစ္စတွင် ကပ်စေးမနှဲချေ။

သူ့အတွက် မသေမျိုးကျောက်တုံး၏ အကြီးမားဆုံး အသုံးဝင်မှုမှာ မှန်လေးကို ကျွေးရန်သာ ဖြစ်သည်။ သူသည် သာမန်မသေမျိုးများကဲ့သို့ သက်တမ်းတိုးရန် မသေမျိုးကျောက်တုံး လိုအပ်သည့် အဆင့်သို့ မရောက်သေးပေ။

မသေမျိုးကျောက်တုံး သုံးထောင်မှာ မှန်လေးအတွင်းသို့ နစ်ဝင်သွားသည်။ မှန်လေးမှာ ယခုတစ်ခေါက် အတော်လေး အားရပါးရ စားလိုက်ရဟန်တူပြီး စာမျက်နှာများမှ ရွှေရောင်အလင်းတန်းများပင် ဖြာထွက်လာသဖြင့် ဖန့်ချန်က တားမြစ်အစီရင်စုဖြင့် အမြန်ဖိနှိပ်လိုက်ရသည်။

"အစ်ကို... စာမျက်နှာ ၇၈၃ ကို လှန်လိုက်၊ မင်းလိုအပ်တာ အဲဒီမှာ ရှိတယ်"

မှန်လေး၏ အသံမှာ အတော်လေး တည်ကြည်ပြတ်သားနေသည်။ ယခုအချိန်တွင် ရှောင်ချန်သာ ဖန့်ချန်နှင့်အတူ ရှိနေပါက သေချာပေါက် လှောင်ပြောင်လိမ့်မည်ဖြစ်သည်။

ဖန့်ချန် စာမျက်နှာ ၇၈၃ ကို လှန်လိုက်သောအခါ အလွန်ခန့်ညားထည်ဝါသော နန်းတော်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

မှန်လေး က ထိုနန်းတော်၏ အမည်ကို မှတ်သားပေးထားသည်မှာ ထိုက်ကူနဂါးနတ်ဘုရားနန်းတော်

ဆက်လက်၍ ထိုရှုပ်ထွေးလှသော နန်းတော်ကြီးအတွင်း၌ မှန်လေးက အသေးစိတ် လမ်းကြောင်းတစ်ခုကို မှတ်သားပြထားပြန်သည်။

၎င်းမှာ ဂူဗိမာန်တစ်ခုဖြစ်ပြီး ဂူရှေ့တွင် ရေကန်တစ်ခု ရှိကာ ရေကန်ထဲ၌ ရွှေကြာပန်းတစ်ပွင့် ပွင့်နေသည်။ စာမျက်နှာပေါ်တွင် ကြာစွယ်ပုံစံ ပုံရိပ်တစ်ခု ပေါ်လာသည်။

ထိုက်ယီကြာစွယ်

"ထိုက်ယီကြာစွယ် ဒါက ထိုက်ယီမသေမျိုး (အဆင့် ၈) အတွက် လိုအပ်တဲ့ ဆေးပင် လား"

"အတိအကျပဲ။ ဒါပေမဲ့ ဒီပစ္စည်း ရှိတဲ့နေရာက အတော်လေး ထူးခြားတယ်၊ ရဖို့ကတော့ မလွယ်ဘူးနော်"

'ထိုက်ကူနဂါးနတ်ဘုရားနန်းတော်... အရင်က ဝမ်ချုံစန်း ပြောတာ ကြားဖူးတယ်။ ဒါက နတ်ဘုရားဘုရင်နယ်မြေ ရဲ့ ထိပ်သီးအင်အားစုပဲ၊ သူတို့ရဲ့ အခြေခံအုတ်မြစ်က ကျွယ်မင်နန်းတော်ထက်တောင် ပိုတောင့်တင်းနိုင်တယ်...' ဖန့်ချန် စိတ်ထဲမှ တွေးလိုက်မိသည်။

ထိုကဲ့သို့သော နေရာမျိုးရှိ အမည်မသိ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ ဂူရှေ့မှ ထိုက်ယီကြာစွယ်ကို ခိုးယူရန်မှာ အလွန်ခက်ခဲမည့် ကိစ္စဖြစ်သည်။

သို့သော် အခက်ခဲဆုံးအဆင့်ဖြစ်သည့် နေရာရှာဖွေခြင်း ကို မှန်လေးက ကူညီပေးခဲ့ပြီ ဖြစ်သည်။

လမ်းစရှိနေခြင်းက ဘာမှမသိဘဲ ယောင်လည်လည် ဖြစ်နေခြင်းထက် များစွာ သာလွန်ပေသည်။

ကျင့်ကြံရာနေရာမှ ထွက်လာပြီးနောက် ဖန့်ချန်က စိတ်အာရုံဖြင့် လှည့်ပတ်ကြည့်လိုက်ရာ ဖန့်ကျစ်ရွှယ်တို့ မောင်နှမ သုံးဦးစလုံး လူသားဘိုးဘေးတောင်မှာ မရှိတော့သည်ကို တွေ့လိုက်ရသည်။

တန့်လင်ခုန်းနှင့် ရှန့်ဝူတို့ပါ ပျောက်နေပုံရသည်။

သူသည် မုံ့ချင်လင်ကို ခေါ်ယူမေးမြန်းရာ ၎င်းတို့အဖွဲ့မှာ တုန်းရှန့်နိုင်ငံအတွင်း လှည့်လည်သွားလာနေကြပြီး ရှန့်ဝူကလည်း အနီးကပ် စောင့်ရှောက်ပေးနေကြောင်း သိရသဖြင့် စိတ်အေးသွားတော့သည်။

"ငါ နောက်ထပ် တစ်ခေါက် ထပ်ပြီး အချိန်အတော်ကြာအောင် ကျင့်ကြံဦးမယ်။တကယ်လို့ မိတ်ဆွေကြာနီ ရောက်လာရင် သူ့ကို အခြေအနေ ရှင်းပြလိုက်ပါ"

ဖန့်ချန်က မှာကြားလိုက်ရာ မုံ့ချင်လင်က ချက်ချင်းပင် နာခံကြောင်း ပြောဆိုသည်။

ကျွယ်မင်ယင်လောက

ဝမ်ချုံစန်းသည် ထိုင်လိုက်ပြီး နားထင်ကို နှိပ်နယ်နေစဉ်မှာပင် အတွေးမဆုံးသေးမီ တံခါးမှာ နောက်တစ်ကြိမ် ပွင့်လာပြန်သည်။

"သွားစရာရှိတာ သွားလေ၊ ငါ့ဆီ ဘာလာလုပ်ပြန်တာလဲ"

ဝမ်ချုံစန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဖန့်ချန်က တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် လေးနက်သော အမူအရာဖြင့် ဆိုသည်။

"ငါ ထိုက်ယီမသေမျိုး (အဆင့် ၈) လမ်းစဉ်ကို စုံစမ်းလို့ ရပြီ "

ဝမ်ချုံစန်းမှာ အံ့အားသင့်ကာ မှင်တက်သွားပြီး

"ငါ ခုနက စိတ်ဓာတ်ကျနေတာ မှန်ပေမဲ့ အခုတော့ ပြန်ကောင်းသွားပါပြီ၊ မင်း ငါ့ကို ဒီလို လာနှစ်သိမ့်နေဖို့ မလိုပါဘူး။ ငါတို့က ကလေးတွေမှ မဟုတ်တာ..."

"ထိုက်ကူနဂါးနတ်ဘုရားနန်းတော်၊ ထိုက်ယီကြာစွယ်"

ဖန့်ချန်က ပြုံးလျက် ဆိုသည်

"ဒါက မင်း အဆင့် ၈ မသေမျိုး ဖြစ်ဖို့အတွက် သောက်သုံးရမယ့် ဆေးပဲ "

"ထိုက်ကူနဂါးနတ်ဘုရားနန်းတော် ထိုက်ယီကြာစွယ်"

ဝမ်ချုံစန်း မျက်မှောင်ကြုတ်သွားသည်။ ဖန့်ချန်၏ အမူအရာမှာ နောက်ပြောင်နေပုံ မရသဖြင့် ဇဝေဇဝါဖြင့် မေးလိုက်သည်။

"မင်း အတည်ပြောနေတာလား "

"အတည်ပေါ့၊ ဒီလို အရေးကြီးတဲ့ ကိစ္စကို ငါက ဘာလို့ ညာရမှာလဲ မင်းသာ ပြော... ဒါကို ရအောင် ယူနိုင်မလား"

"မင်းက ဒီလမ်းစဉ်ကို အစကတည်းက သိနေပြီးတော့ ငါ့ဆီက မသေမျိုးကျောက်တုံး သုံးထောင်ကို အကြောင်းပြချက် ပေးပြီး ချေးတာလား"

ဝမ်ချုံစန်းက တိုးတိုးလေး ရေရွတ်သော်လည်း ဤကိစ္စငယ်လေးကို ဂရုမစိုက်အားပေ။

ဖန့်ချန်က သူ့ကို ထိုကိစ္စတွင် လိမ်ညာလိမ့်မည်ဟု သူ မယုံကြည်ချေ။ သို့သော် ဖန့်ချန် ရရှိလာသည့် သတင်းက မှန်ကန်ရဲ့လားဆိုသည်ကိုမူ သူ မသေချာသေး။

"ဒီသတင်းကို ဘယ်က ရတာလဲ"

ဝမ်ချုံစန်းက ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်။

"ငါ ဘယ်က ဆင်းသက်လာတာလဲဆိုတာ မင်း သိသားပဲ"

ဖန့်ချန်က ပြုံးလိုက်သည်။

"အော်"

ဝမ်ချုံစန်းမှာ သဘောပေါက်သွားပြီးနောက် မရယ်ဘဲ မနေနိုင်တော့

"ဒီယန်နတ်ဘုရားတွေက ဒီလို ကိစ္စတွေကို မှတ်မိနေသေးတာပဲ၊ မဆိုးဘူး မဆိုးဘူး "

"ဘယ်လိုလဲ ဒီဆေးကို ဘယ်တော့လောက် ရအောင် ယူနိုင်မလဲ"

ဖန့်ချန်က မျှော်လင့်တကြီး မေးလိုက်သည်။

"မင်းက ထိုက်ကူနဂါးနတ်ဘုရားနန်းတော်ကို အလွယ်လေး သွားလို့ရမယ် ထင်နေတာလား မင်း အောက်ခြေနယ်မြေ ခြောက်ခုကနေ အထက်နယ်မြေ သုံးခုကို လာနိုင်တာက အထက်နယ်မြေကလူတွေက အောက်ခြေကလူတွေကို မျက်စိထဲ မထည့်လို့ပဲ။ ဒါပေမဲ့ အထက်နယ်မြေ အချင်းချင်း ကြားမှာ သွားလာဖို့ဆိုတာ ဖိတ်စာရှိရုံနဲ့ မလုံလောက်ဘူး"

ဝမ်ချုံစန်းက မျက်စောင်းထိုးလိုက်ရင်း

"ငါကတော့ သွားလို့ရမှာ မဟုတ်ဘူး။ ငါက အဆင့် ၇ ရှေးဟောင်းမသေမျိုး ဆိုတော့ သူတို့က ငါ့ကို နတ်ဘုရားဘုရင်နယ်မြေ ထဲ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး"

"အဲဒီလိုဆိုရင်... တစ်လမ်းပဲ ကျန်တော့တာပေါ့"

ဖန့်ချန်က တိုးတိုးလေး ဆိုလိုက်သည်။

နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ခုတည်းသော အကြံကို ပြိုင်တူ တွေးမိသွားကြသည်။

ဝမ်ချုံစန်းက ခေါင်းညိတ်ပြသည်

"မင်းသာ ဖူထူလောက ကနေတစ်ဆင့် ထိုက်ကူနဂါးနတ်ဘုရားနန်းတော်က ထိန်းချုပ်ထားတဲ့ ယင်လောကထဲကို ခိုးဝင်နိုင်မယ်ဆိုရင်တော့ အဲဒီနန်းတော်ဆီ ရောက်ဖို့ အခွင့်အရေး ရှိတယ်။ မင်းက ထူးခြားတဲ့ အဆင့်အတန်း ရှိသူဆိုတော့ သာမန်လူတွေ မလုပ်နိုင်တဲ့ ဒီကိစ္စကို မင်း လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်။ တခြားလူဆိုရင် ခိုးဝင်သွားရင်တောင် လူ့လောကကို ရောက်တဲ့အခါ မြက်တစ်ပင်တောင် မနိုင်နိုင်ဘူး။ ဒါပေမဲ့ မင်းကတော့ မတူဘူး၊ မင်းမှာ အဲဒီ ထိုက်ယီကြာစွယ်ကို ခိုးယူနိုင်တဲ့ စွမ်းအား ရှိတယ်"

ခေတ္တမျှ ရပ်လိုက်ပြီးမှ

"ဒါကို အသည်းအသန် အလောတကြီး လုပ်ဖို့ မလိုသေးဘူး။ ငါက အဆင့် ၇ မှာ မပြည့်စုံသေးဘူး။ မင်း အရင်ဆုံး တာ့လေယင်ဘက်ကို သွားပြီး ဟွာကျိသိုက် ဝိညာဥ်မယ်တော်ကို ရှာဦး၊ လက်ရှိ အရေးကြီးတဲ့ ကိစ္စကို အရင် ပြီးအောင် လုပ်လိုက်"

စကားအဆုံးတွင် သူက စိမ်းပြာရောင် ဘူးသီးတစ်လုံးကို ထုတ်ကာ ဖန့်ချန်ထံ ပစ်ပေးလိုက်သည်။

"ဒါက ဘာလဲ"

ဖန့်ချန်က လက်ထဲမှ ဘူးသီးကို ကြည့်လိုက်ရာ အထဲမှ ထူးခြားသော အငွေ့အသက်များကို ခံစားလိုက်ရသည်။

"ငါ့ရဲ့ အရင် နယ်နိမိတ်ဘူးသီး က မင်းလက်ထဲမှာ ရှိတယ် မဟုတ်လား အဲဒါက အဖို၊ ဒါက အမ။ သူတို့က လင်မယားတွေပဲ၊ ဒီနေ့ သူတို့ကို ပြန်ဆုံပေးလိုက်တာပေါ့"

ဝမ်ချုံစန်းက ပြုံးစစဖြင့် ဆိုသည်

"နယ်နိမိတ်ဘူးသီး ဆိုတာက သူ့ရဲ့ နာမည်ရင်း မဟုတ်ဘူး။ ဒီနှစ်ခု ပေါင်းလိုက်ရင် ယင်ယန်မသေမျိုးဘူးသီး လို့ ခေါ်တယ်။ ယန်ဘူးသီး က လူတွေကို ထည့်လို့ရပြီး ယင်ဘူးသီး ကတော့ ဝိညာဉ်တွေကို ထည့်လို့ရတယ်။ မင်း ဒီတစ်ခေါက် ဟွာကျိသိုက်ဝိညာဥ်မယ်တော်ကို သွားရှာတဲ့အခါ လင်ကွေ့ ကြယ်တာရာ ၊ တာ့လေယင် နဲ့ နန်ချင် ကြယ်တာရာက လူသားမျိုးစေ့ တွေကိုပါ တစ်ခါတည်း အကုန် သယ်လာခဲ့"

"အိုကေလေ"

ဖန့်ချန်က ထို ယင်ဘူးသီး ကို ကြည့်ကာ အလွန် သဘောကျနေတော့သည်။ ထိုပစ္စည်းနှင့်ဆိုလျှင် နောင် ယင်လောကတွင် အလုပ်လုပ်ရသည်မှာ ပို၍ လွယ်ကူချောမွေ့သွားတော့မည် ဖြစ်သည်။

အခန်း (၁၅၆၂) - မကြောက်နဲ့... ငါ မင်းအနားမှာ ရှိနေပေးမယ်

အုံ့မှိုင်းနေသော ကောင်းကင်ယံထက်တွင် ယင်ဓာတ်အငွေ့အသက်များက လှိုင်းထနေသည်။

နတ်မိမယ်ယွီ သည် ကောင်းကင်ကို မော့ကြည့်ရင်း ဘာတွေတွေးနေမှန်း မသိနိုင်ချေ။

မယ်တော်စီ က သူမအနားသို့ လျှောက်သွားပြီး မျက်နှာပေါ်ရှိ အနီရောင်ခေါင်းမြှိတ်ပုဝါကို အသာအယာ မလိုက်ကာ လှပတောက်ပသော မျက်နှာလေးကို ပေါ်ထွက်စေပြီးနောက် တိုးတိုးလေး ရယ်မောလျက် ဆိုသည်။

"မိန်းကလေးယွီ... သခင်လေးကို လွမ်းနေတာလား"

"ဟွန့်"

နတ်မိမယ်ယွီက နှာခေါင်းတစ်ချက်ရှုံ့ကာ မျက်နှာလွှဲလိုက်သည်။

သူမ၏ ဤဘဝ သက်တမ်းမှာ နှစ်ပေါင်း ရာဂဏန်းမျှသာ ရှိသေးသဖြင့် အတိတ်ဘဝက နှစ်ပေါင်း သောင်းချီသော အချိန်များနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။

သို့သော် အဘယ်ကြောင့် ညဉ့်နက်သန်းခေါင် အချိန်တိုင်းတွင် အချို့သော မှတ်ဉာဏ်များသည် အပ်နှင့်ထိုးသကဲ့သို့ သူမ၏ ဦးနှောက်ထဲတွင် ပြန်လည် ပဲ့တင်ထပ်ကာ နာကျင်စေရသနည်း။

"မိန်းကလေးယွီ... မင်းအပေါ်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ငါမသိပေမဲ့ သခင်လေးက မင်းကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာကိုတော့ ငါ ခွဲခြားသိမြင်နိုင်ပါတယ်"

မယ်တော်စီ က သက်ပြင်းတစ်ချက် အသာချလိုက်ရင်း

"သခင်လေးရဲ့ စကားနဲ့ပြောရရင် ငါဟာ လူ့ဘဝတုန်းက ယုတ်ညံ့တဲ့ ယောင်္ကျားတစ်ယောက်နဲ့ တွေ့ခဲ့ရတာပေါ့။ ဒါကြောင့် ငါ သေပြီးတဲ့နောက် ဒီလိုပုံစံမျိုး ဖြစ်သွားခဲ့ရတာ။ အခုတော့ စွဲလမ်းမှုတွေ လျော့ပါးသွားပြီဆိုပေမဲ့ ဘဝက ဒီလိုဖြစ်နေပြီဆိုတော့ နောက်ပြန်လှည့်လို့ မရတော့ဘူး"

"ရှင် အာဃာတတွေ ပြေပျောက်ပြီး ကလဲ့စားချေနိုင်ခဲ့ပြီလို့ ကြားတယ်"

နတ်မိမယ်ယွီ က တည်ငြိမ်စွာ ဆိုသည်။

"ကလဲ့စားကတော့ ချေခဲ့တာပါပဲ၊ ဒါပေမဲ့ ရင်ထဲမှာ ဟာလာဟင်းလင်း ဖြစ်နေတုန်းပဲ။ ငါသာ... ဒီထက် ပိုကောင်းတဲ့ ဘဝမျိုးကို ရခဲ့သင့်တာ။ အခုလို ကျင့်ကြံခြင်းအဆင့်တွေ မရှိရင်တောင်၊ လူ့လောကမှာ နှစ်ပေါင်း ရာဂဏန်းလောက်ပဲ ရှင်သန်ရဦးတော့၊ မှတ်ဉာဏ်တွေထဲမှာ ပြန်တွေးကြည့်တိုင်း ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ ရှိသင့်တာပေါ့"

မယ်တော်စီ၏ အကြည့်က အဝေးက ကြီးမားလှသော ရှေးဟောင်းသစ်ပင်ကြီးဆီသို့ ကျရောက်သွားသည်။

"သခင်လေးရဲ့ ဇစ်မြစ်က သာမန်မဟုတ်သလို၊ သူသုံးတဲ့ နည်းလမ်းတွေကလည်း ထူးခြားလှတယ်။ အခုဆိုရင် ဒီလို ရှေးဟောင်းသစ်ပင်ကြီးလို ယင်မိစ္ဆာကြီးတောင် သူ့ရဲ့ ဘွဲ့နှင်းအပ်ခြင်းကို ခံယူပြီး သူ့လက်အောက်ခံ ဖြစ်နေပြီ။ မင်းလည်း သခင်လေးရဲ့ ဒီလောကထဲက တကယ့် အဆင့်အတန်းကို သိမှာပါ။ သူ့လို ပုဂ္ဂိုလ်မျိုးက အချစ်ကို အလွယ်တကူ ပုံအောတတ်သူ မဟုတ်ဘူး၊ မင်း တန်ဖိုးထားသင့်တယ်"

"မင်းက ငယ်သေးတော့ ဘာမှ နားမလည်သေးဘူး"

နတ်မိမယ်ယွီ က ရုတ်တရက် ရယ်မောလိုက်ပြီး မယ်တော်စီ ၏ ပခုံးကို လူကြီးတစ်ယောက်ကဲ့သို့ အသာအယာ ပုတ်လိုက်သည်။

"ရှင် ဒါလည်း နားမလည်၊ ဟိုလည်း နားမလည်ဘဲနဲ့... ဒီလောကမှာ ဘာတွေဖြစ်နေလဲဆိုတာတောင် ရှင်မသိဘဲ ငါ့ကို ဘာလာတိုက်တွန်းနေတာလဲ "

"မင်း"

မယ်တော်စီမှာ ချက်ချင်း ဒေါသထွက်သွားသော်လည်း နတ်မိမယ်ယွီ အပေါ် ပေါက်ကွဲ၍ မရသဖြင့် ခြေဆောင့်ကာ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် လှည့်လိုက်သည်နှင့် ဖန့်ချန်ကို တွေ့လိုက်ရသဖြင့် အလျင်အမြန်ပင် ဦးညွှတ်နှုတ်ဆက်လိုက်ရသည်။

"သခင်လေး"

နတ်မိမယ်ယွီက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းပင် အကြည့်လွှဲလိုက်သည်။ အရင်ကကဲ့သို့ ဟန်ဆောင်ပန်ဆောင် လုပ်ပြခြင်းမျိုးပင် မရှိတော့ချေ။

"ဒီကာလအတွင်းမှာ ဒီနေရာကို စောင့်ရှောက်ရတာ ဘာပြဿနာရှိသလဲ "

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

မယ်တော်စီက ပြုံးကာ ခေါင်းခါပြသည်

"ဒီနေရာက တောပုန်းဒေသဖြစ်ပြီး ပတ်ပတ်လည်မှာလည်း ဝမ်ချွမ်းမြစ် က ဝန်းရံထားတာလေ။ ယင်မိစ္ဆာတွေ ဝင်ချင်ရင်တောင် မြစ်က တားဆီးထားတော့ ဘာပြဿနာမှ မရှိပါဘူး။ ပြီးတော့ ရှေးဟောင်းသစ်ပင်ကြီးကလည်း စောင့်ရှောက်နေတော့ ဒီက လွင့်မျောဝိညာဉ်တွေက စည်းကမ်းရှိကြပါတယ်"

"သူတို့ သံသရာလည်လို့ ရပြီ"

ဖန့်ချန်က ရုတ်တရက် ဆိုလိုက်သည်။

သံသရာ

မယ်တော်စီမှာ အနည်းငယ် မှင်တက်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် ဝေဝါးသော ခံစားချက်တစ်ခု ပေါ်လာသည်။

ဤစကားလုံးကို မကြားရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ အစောပိုင်း သေဆုံးခါစကသာ တခြားလွင့်မျောဝိညာဉ်များနှင့် ထိုအကြောင်းကို ဆွေးနွေးဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

"ရှင် ကျွန်မကို ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ"

နတ်မိမယ်ယွီက ဖန့်ချန်ကို ကြည့်ကာ မျက်ဝန်းထဲတွင် ထိတ်လန့်မှုအချို့ ပေါ်လာသည်။

"မကြောက်နဲ့... ငါ မင်းအနားမှာ ရှိနေပေးမယ်"

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ယင်ဘူးသီးကို ထုတ်ကာ နတ်မိမယ်ယွီ ကို အထဲသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် မယ်တော်စီကို ခေါ်ဆောင်ကာ ယင်မြို့တော်တစ်ခုလုံးရှိ လွင့်မျောဝိညာဉ်အားလုံးကို ယင်ဘူးသီးထဲသို့ သိမ်းယူလိုက်သည်။

ထိုလွင့်မျောဝိညာဉ်များသည် ဘာဖြစ်နေသလဲဆိုသည်ကို လုံးဝ မသိရှိကြသလို၊ နောက်ထပ် ဘာဖြစ်လာမည်ကိုလည်း သိစရာ မလိုပေ။ ခဏချင်းအတွင်းမှာပင် ယင်မြို့တော်ကြီးမှာ ဖန့်ချန်နှင့် မယ်တော်စီ နှစ်ဦးတည်းသာ ကျန်ရစ်ပြီး ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

"မယ်တော်စီစ... နောက်တစ်ကြိမ် လူပြန်ဖြစ်ချင်သလား"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

မယ်တော်စီမှာ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်သွားသည်။ အနီရောင်ခေါင်းမြှိတ်ပုဝါလေးမှာ လေအေးအေးထဲတွင် လွင့်နေသည်။ အတန်ကြာမှ သူမသည် ခေါင်းမြှိတ်ပုဝါကို ချွတ်လိုက်ပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ မျက်ဝန်းလေးများ ရဲတက်လာသည်။

"သခင်လေး... ကျွန်မမှာ အဲဒီလို သတ္တိမျိုး မရှိဘူး။ ကျွန်မကို သခင်လေးရဲ့ အနားမှာပဲ ရှိနေခွင့် ပေးပါ"

"ကောင်းပါပြီ"

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် မယ်တော်စီကို ခေါ်ဆောင်ကာ နန်ချင်ကြယ်တာရာ၏ ယင်လောကသို့ ထွက်ခွာခဲ့သည်။ ထိုက်ယင်နဂါးမင်း မှာ ရာထူးတက်ပြီး မကြာခင်မှာပင် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်။

ဖန့်ချန်သည် ထိုက်ယင်နဂါးမင်းနှင့် ပန်ဆန်းတို့ကို သံသရာထဲ ဝင်ချင်သလားဟု မမေးမြန်းသည်ကို မယ်တော်စီ သတိပြုမိလိုက်ရာ သူမ၏ ရင်ထဲတွင် သိမ်ငယ်မှုလေးတစ်ခု ပျောက်ကွယ်သွားပြီး အနည်းငယ် ဂုဏ်ယူမိသွားသည်။

ကျန်းကွမ်မြို့

ဖန့်ချန်သည် ရှကျီ နှင့် နာရီဝက်ခန့် သီးသန့်စကားပြောဆိုပြီးနောက် ယင်ဘူးသီးကို သုံး၍ စစ်သည်ဟောင်း ဝိညာဉ်ပေါင်း သောင်းနှင့်ချီကို သိမ်းယူလိုက်သည်။ ၎င်းမှာ သူ၏ ပုဂ္ဂလိက ဆန္ဒတစ်ခုပင် ဖြစ်သည်။

ထိုစစ်သည်ဟောင်းများအား ယင်လောကတွင် အဆုံးမရှိ ဆက်လက်တိုက်ခိုက်နေရမည့်အစား လူ့လောကတွင် အသစ်တစ်ဖန် ပြန်လည်ဝင်စားစေချင်ခြင်း ဖြစ်သည်။

ကျန်းကွမ်မြို့မှ ထွက်လာပြီးနောက် ဖန့်ချန်သည် တာ့လေယင်သို့ ရောက်ရှိလာသည်။ ထိုခြံဝန်း၊ ထိုမျက်နှာထား... ချင်းဟယ် သီလရှင်လေး နှင့် တစ်ထပ်တည်း တူညီသော မျက်နှာပိုင်ရှင်ကို တွေ့လိုက်ရသည်။

"ဖေဖေ"

ဝိညာဉ်ကလေး မှာ မအောင့်နိုင်တော့ဘဲ ဖန့်ချန်၏ ကိုယ်ပေါ်သို့ ခုန်တက်လာသည်။

"ရုတ်တရက်ကြီး ရောက်လာတာ ဘာကိစ္စရှိလို့လဲ"

ဟွားကျိသိုက် ဝိညာဉ်မယ်တော်က ပြုံးလျက် မေးလိုက်သည်။

"စီနီယာ... အခု လူသားမျိုးနွယ်ဝင်တွေ သံသရာပြန်လည်ပြီး လူပြန်ဝင်စားဖို့ အခွင့်အရေး ရနေပြီ။ စီနီယာ ဒီကိစ္စကို ဘယ်လိုမြင်လဲ "

ဖန့်ချန်က လက်အုပ်ချီ မေးမြန်းလိုက်သည်။

"လူပြန်ဝင်စားဖို့"

ဟွားကျိသိုက် ဝိညာဉ်မယ်တော်က စဉ်းစားဟန်ပြုပြီး

"ဒါက သေချာပေါက် ကောင်းတဲ့ကိစ္စပဲလေ။ ငါ ဘာလုပ်ပေးရမလဲ"

ဖန့်ချန်နှင့် သူမသည် နာရီဝက်ခန့် လျှို့ဝှက်တိုင်ပင်ကြရာ သူမကလည်း အလွန်ပြတ်သားစွာ သဘောတူပြီး အဆင့် ၈ ယင်မသေမျိုး နှစ်ဦးကို လှည့်စားခေါ်ဆောင်သွားရန် ကတိပေးခဲ့သည်။

"သူကော... လူပြန်ဝင်စားလို့ ရမလား"

ဖန့်ချန်က ဝိညာဉ်ကလေးကို ကြည့်ကာ မေးလိုက်သည်။

"မင်း သူ့ကို ဘွဲ့နှင်းအပ်ဖို့ ယင်သက်တမ်းတွေ အများကြီး သုံးထားတာလေ။ သူသာ လူပြန်ဝင်စားရင် မင်းရဲ့ အဲဒီယင်သက်တမ်းတွေက ရေထဲမျောကုန်မှာပေါ့။ ပြီးတော့ အဆင့် ၈ မသေမျိုးနဲ့ ယှဉ်နိုင်တဲ့ လက်ထောက်တစ်ယောက်လည်း ဆုံးရှုံးသွားလိမ့်မယ်။ မင်း သေချာရဲ့လား "

ဟွားကျိသိုက် ဝိညာဉ်မယ်တော်က တည်ငြိမ်စွာ ပြုံးလျက် ဆိုသည်။

ဖန့်ချန်က ဝိညာဉ်ကလေးကို ကြည့်လိုက်သည်။

၎င်းမှာ သူတို့ဘာတွေပြောနေမှန်း လုံးဝ နားမလည်ဘဲ တခစ်ခစ်နှင့် ရယ်မောနေမြဲ ဖြစ်သည်။ ထိုရယ်သံမှာ ပြင်ပလူများအတွက် အလွန်ပင် ကျောချမ်းစရာကောင်းပြီး သေမင်းခေါင်းလောင်းသံနှင့် တူနေနိုင်သော်လည်း ဖန့်ချန်အတွက်မူ ထိုသို့မဟုတ်ချေ။

ဝိညာဉ်ကလေး၏ ဤအခြေအနေမှာ ယန်နတ်ဘုရားတွေထက်တောင် ပိုသနားစရာကောင်းသည်ဟု သူ ခံစားရသည်။

ဟွားကျိသိုက် ဝိညာဉ်မယ်တော်က ရုတ်တရက် ရယ်မောလိုက်ပြီး

"သူ လူပြန်ဝင်စားလို့ မရပါဘူး။ အရင်ကလည်း မကြိုးစားခဲ့ဖူးတာ မဟုတ်ဘူး၊ ဒါပေမဲ့ သူ လူပြန်ဝင်စားလိုက်တိုင်း သူ့မိခင်ရဲ့ ဝမ်းဗိုက်ကို ပေါက်ကွဲသွားစေသလို ကိုယ်ပေါ်မှာလည်း အငြိုးအတေး အရှိန်အဝါတွေက ပိုတိုးလာတတ်တယ် "

"မင်း သူ တစ်ယောက်တည်း ပျင်းနေမယ်လို့ ထင်ရင် ဒီကိုလာပြီး ကစားပေးပေါ့၊ ဒါမှမဟုတ် မင်းဆီ ခေါ်သွားပြီး ကစားခိုင်းလိုက်"

သူမက ဝိညာဉ်ကလေးကို ကြည့်ကာ မျက်ဝန်းထဲတွင် ချစ်ခင်ကြင်နာမှုများ ပေါ်လာသည်။

"ဒါဆိုရင်ပဲ လုံလောက်ပါပြီ"

"ဖေဖေ... ခစ်ခစ်"

ဝိညာဉ်ကလေးသည် ဖန့်ချန်၏ ဆံပင်များကို ဆွဲကာ သူ၏ လည်ပင်းတွင် ရစ်ပတ်ပြီးနောက် ဖန့်ချန်၏ ရင်ဘတ်တွင် တွဲလွဲခိုကာ လွှဲကစားနေရင်း အလွန်ပျော်ရွှင်နေသည်။

ဖန့်ချန်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

"အင်း... အဲဒါက ပိုကောင်းပါတယ်"

ဟွားကျိသိုက် ဝိညာဉ်မယ်တော်သည် ဖန့်ချန်၏ နောက်မှ လိုက်လာရင်း တံတားတစ်စင်းပြီး တစ်စင်းကို ဖြတ်ကျော်လာစဉ်တွင် မအောင့်နိုင်ဘဲ ရေရွတ်မိသည်။

"ငရဲမင်း တစ်ပါးအနေနဲ့ ဒီလို နတ်ဘုရားရတနာကို ပိုင်ဆိုင်ထားတာက ယင်လောကမှာ တကယ့်ကို ကောင်းကင်ဘုံရဲ့ အခွင့်အရေးကို ရရှိထားတာပဲ"

"နတ်ဘုရားရတနာ"

ဖန့်ချန်က သူမကို တစ်ချက်ကြည့်လိုက်သည်။

ဟွားကျိသိုက် ဝိညာဉ်မယ်တော်က အံ့အားသင့်သွားသည်။

"မင်း မသိဘူးလား မင်း ခြေထောက်အောက်က တံတားရယ်၊ တံတားအောက်က ဝမ်ချွမ်းမြစ် ရယ်ဟာ ယင်လောကမှာ သံသရာမှန် နဲ့ အဆင့်တူ ကျော်ကြားတဲ့ နတ်ဘုရားရတနာတွေလေ"

"အရင်ကတော့ ခန့်မှန်းချက်လေးတွေ ရှိခဲ့တာပါ..."

ဖန့်ချန်မှာ စဉ်းစားဟန်ပြုသော်လည်း အလွန်အမင်း ထိတ်လန့်သွားခြင်း မရှိချေ။

တကယ်တမ်း ပိုင်ဆိုင်သည် ဟု ပြောရန်မှာ ခက်ခဲလှသည်။

သူ တာအိုကျင့်စဉ် အောင်မြင်စဉ်က ဝမ်ချွမ်းမြစ်ကို အခြေခံခဲ့သည်မှာ မှန်သော်လည်း ၎င်းမှာ အစွမ်းကို ခေတ္တချေးသုံးရုံသာ ဖြစ်သည်။

ယခုအခါ ဝမ်ချွမ်းမြစ်ကို မကြောက်တော့ဘဲ တံတားများကို ခေါ်ယူနိုင်ခြင်းမှာလည်း ငရဲမင်းအမိန့်ပြားကြောင့်သာ ဖြစ်နိုင်ပေသည်။

"ငါတို့ အခု ကျွယ်မင်ယင်လောကကို သွားမှာလား"

ဟွားကျိသိုက် ဝိညာဉ်မယ်တော်က မေးလိုက်သည်

"အခု ယင်လောကရဲ့ လမ်းကြောင်းတွေက ငါ့မှတ်ဉာဏ်ထဲက လမ်းတွေနဲ့ အရမ်းကွာခြားနေပြီ"

"အင်း... ကျွယ်မင်ယင်လောကကို မသွားခင် အရင်တွေ့ရမယ့် လူတစ်ယောက် ရှိသေးတယ်"

ကျန်းကွမ်မြို့တွင် ဖန့်ချန်သည် ရှကျီကို နောက်တစ်ကြိမ် တွေ့ဆုံပြန်သည်။

ရှကျီ၏ အမူအရာမှာ အလွန်လေးနက်နေသည်

"မင်း ခန့်မှန်းတာ မှန်သွားပြီ။ နေရာတော်တော်များများမှာ အလွန် ထူးဆန်းတဲ့ ကိစ္စတွေ ပေါ်ပေါက်နေပြီ"

All Chapters