← Chapters

အခန်း (၁၅၆၉-၁၅၇၀)

Vol. 157 Ch. 1569-1570

အခန်း (၁၅၆၉-၁၅၇၀)

Vol. 157 Ch. 1569-1570

အခန်း (၁၅၆၉) - ရူးသွပ်သွားဖို့ လွယ်ကူတယ်

ဒီစစ်ဆေးရေးအရာရှိကို ဖန့်ချန် အနည်းငယ် မြင်ဖူးသလိုရှိရာ ကျွယ်မင်နန်းတော်ထဲမှာ တစ်ကြိမ်တစ်ခါ တွေ့ဆုံဖူးပုံရသည်။

ဝမ်ချုံစန်းက ဒီလူ့ကို စည်းရုံးနိုင်ဖို့ ဘယ်လိုနည်းလမ်း သုံးလိုက်သလဲဆိုတာ ဖန့်ချန် မသိသော်လည်း တစ်ဖက်လူက စာရင်းမှတ်တမ်းကို ဖွင့်လှစ်ကာ အကြိမ်အနည်းငယ် ကြည့်ရှုပြီးနောက် တံဆိပ်တုံးကို ခပ်တည်တည်ပင် ထုနှိပ်လိုက်တော့သည်။

ထို့နောက် ဖန့်ချန်ကို ပြုံး၍ ကြည့်ကာ ဆိုသည်

"ဖန့်အမာခံတပည့်... နောက်နောင် ဒီလိုကိစ္စသေးသေးလေးတွေရှိရင် ကျွန်တော့်ကို တစ်ချက် အသိပေးလိုက်ရုံပါပဲ၊ ဌာနမှူး ကိုယ်တိုင်တောင် ကျွန်တော့်ကို လာပြောပေးဖို့ မလိုပါဘူး"

"ဌာနမှူး ကိုယ်တိုင် လာပြောတာလား"

ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားသော်လည်း အမူအရာကို ထိန်းကာ ပြုံးလျက်

"စီနီယာ အစ်ကို့ကို အားနာလိုက်တာ"

"ဖန့်အမာခံတပည့်ကလည်း အားနာစရာ မလိုပါဘူး။ နောင်တစ်ချိန်မှာ ဖန့်အမာခံတပည့်က ကျွယ်မင်နန်းတော်မှာ ရာထူးအာဏာ တက်လှမ်းလာဦးမှာပဲ၊ အဲဒီနေ့ကျရင် ကျွန်တော့်ကို အနည်းငယ်လောက် စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်"

"ဒါပေါ့... ဒါပေါ့"

သူတို့နှစ်ဦး ခေတ္တမျှ စကားစမြည် ပြောဆိုနေကြပြီး စာရင်းမှတ်တမ်းအားလုံးကို သိမ်းဆည်းကာ အပြီးသတ် အတည်ပြုချက်အတွက် ပို့ဆောင်သည်အထိ ဖန့်ချန် စောင့်ကြည့်နေခဲ့သည်။ ထို့နောက်မှသာ နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။

ဒီစစ်ဆေးရေးအရာရှိနှင့် စကားပြောဆိုရာမှတစ်ဆင့် ဝမ်ချုံစန်း အသုံးပြုခဲ့သော နည်းလမ်းကို ဖန့်ချန် သဘောပေါက်သွားခဲ့သည်။

တစ်ဖက်လူ၏ နည်းလမ်းမှာ အလွန်ပင် ရိုးရှင်းလှသည်။ ဖန့်ချန်၏ နာမည်ကို အသုံးချကာ ဤစစ်ဆေးရေးအရာရှိကို လာရောက် နှုတ်ဆက်ခိုင်းခဲ့ခြင်း ဖြစ်သည်။ နောက်နောင် အကယ်၍ ပြဿနာတစ်ခုခု ပေါ်ပေါက်လာပါက ဒီအကြောင်းအရာအတိုင်း လိုက်စုံစမ်းလျှင် ဖန့်ချန်ဆီသို့သာ တည့်တည့်ရောက်လာပေလိမ့်မည်။

သို့သော်လည်း သံသရာဌာနတွင် ဤကဲ့သို့သော ကိစ္စရပ်များမှာ တစ်ကြိမ်တစ်ခါတည်း မဟုတ်ပုံရပေ။ ထိုစစ်ဆေးရေးအရာရှိ၏ အမူအရာမှာ အလွန်ပင် တည်ငြိမ်နေပြီး အရေးမပါသော ကိစ္စလေးတစ်ခုကို လုပ်ဆောင်နေသကဲ့သို့ပင် ရှိသည်။

စစ်ဆေးရေးအပိုင်းတွင် မျက်စိတစ်ဖက်မှိတ် နားတစ်ဖက်မှိတ် လုပ်ပေးလိုက်ခြင်းက ကြီးမားသော ဒုက္ခ မဖြစ်စေနိုင်ဟု တစ်ဖက်လူက ယူဆထားပုံရသည်။

ဖန့်ချန်သည် မိမိ၏ ကိုယ်ရောင်ကိုယ်ဝါကို မှောင်ရိပ်ထဲတွင် ဖုံးကွယ်လိုက်ပြီး ထိုစစ်ဆေးရေးအရာရှိ၏ နောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ ထို့နောက် အပြီးသတ် အတည်ပြုရာနေရာသို့ အတူတူ ရောက်ရှိသွားကြသည်။

လီရှမ်းဇီသည် တစ်ဖက်လူနှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် အပေါ်ဆုံးတွင် ရှိနေသော စာရင်းမှတ်တမ်းကို ယူကာ အမှတ်တမဲ့ပင် လှန်လှောကြည့်လိုက်သည်။ ထို့နောက် တံဆိပ်ခတ်ကာ အတည်ပြုပေးလိုက်တော့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်ပင် ချောမွေ့လှပြီး နောက်ဆုံးတွင် ထိုစာရင်းမှတ်တမ်းများကို ဝမ်ချုံစန်းထံ ပို့ဆောင်ပေးလိုက်သည်။

"ဌာနမှူး... တခြား ပြဿနာ မရှိတော့ဘူးဆိုရင် အဲဒီ ဝိညာဉ်တွေကို စတင် ပို့ဆောင်လို့ ရပါပြီ"

လီရှမ်းဇီက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။

ဝမ်ချုံစန်းက ဟန်ဆောင်ပန်ဆောင်ဖြင့် စာရင်းကို လှန်လှောကြည့်ကာ ခေါင်းညိတ်ပြသည် ။

"ပြဿနာ မရှိပါဘူး၊ စတင်လိုက်တော့"

လီရှမ်းဇီက ခပ်သာသာ ခေါင်းညိတ်ပြကာ လှည့်ထွက်သွားခဲ့သည်။

ထို့နောက်တွင် သံသရာဌာန၏ လက်အောက်ခံငယ်သားများမှာ သူတို့၏ တာဝန်များကို စတင် ထမ်းဆောင်ကြတော့သည်။

သံသရာဌာန၏ အပြင်စည်းကျင့်ကြံသူ အမြောက်အမြားသည် လှုပ်ရှားလာကြသည်။ ကျွယ်မင်ယင်လောကသို့ ကြိုတင် ရောက်ရှိနေပြီး သံသရာထဲ ဝင်ရန် စောင့်ဆိုင်းနေကြသော ဝိညာဉ်များကို စုစည်းကာ သံသရာဌာနဆီသို့ ဦးတည်စေသည်။

ဝိညာဉ်အရေအတွက်မှာ ရေတွက်၍ မကုန်နိုင်အောင်ပင် များပြားလှသော်လည်း ကံကောင်းသည်မှာ အစေခံငယ်သား တစ်ဦးချင်းစီတွင် စာရင်းမှတ်တမ်းတစ်ခုစီ ရှိနေခြင်းပင်။

သူတို့သည် စာရင်းထဲရှိ အမည်နာမများနှင့် တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှသာ ဝိညာဉ်အုပ်စုထဲသို့ ဝင်ခွင့်ပြုကြသည်။

ယခင်က ဝမ်ချုံစန်းနှင့် သဘောတူထားသည့်အတိုင်း ဖန့်ချန်သည် ဝမ်ချုံစန်းကို ထပ်မံ ရှာဖွေတွေ့ဆုံခဲ့သည်။

"အလုပ်တွေကတော့ တစ်ဝက်လောက် ပြီးသွားပြီ၊ အခု ငါနဲ့အတူ သံသရာဝင်ပေါက် ဆီကို လိုက်ခဲ့။ ငါက မင်းကို ငါ့ရဲ့ နောက်တက်မယ့် ဌာနမှူးလောင်းအဖြစ် ပျိုးထောင်နေတာလို့ပဲ ပြောလိုက်မယ်၊ အဲဒီ ယင်မသေမျိုး နှစ်ယောက်က ဘာမှ ပြောမှာ မဟုတ်ပါဘူး"

ဝမ်ချုံစန်းက ပြုံး၍ ဆိုသည်။

ဖန့်ချန်က ခပ်သာသာ ခေါင်းညိတ်လိုက်သည်။ ကျွယ်မင်ယင်လောက၏ သံသရာစနစ်နှင့် ပတ်သက်၍ သူ အလွန်စိတ်ဝင်စားနေခဲ့ရာ ယခုအခါတွင် ပွင့်ပွင့်လင်းလင်း ကြည့်ရှုခွင့်ရတော့မည် ဖြစ်သည်။

သံသရာဌာန၏ အနက်ရှိုင်းဆုံးသော နေရာတစ်ခုတွင် ဝိညာဉ်ရိပ်ပင် မမြင်ရသော ဧရိယာကျယ်ကြီးအတွင်း၌ အဆောက်အအုံတစ်ခု ရှိနေသည်။

ဝမ်ချုံစန်းသည် ဖန့်ချန်ကို ထိုနေရာတွင် စောင့်ဆိုင်းစေပြီး အတန်ကြာသောအခါတွင်မှ သံသရာထဲ ဝင်စားရန် ပြင်ဆင်နေသော ဝိညာဉ်အုပ်စုကြီး ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။

ဝိညာဉ်တန်းရှည်ကြီးမှာ လွန်စွာ ခမ်းနားထည်ဝါလှပြီး အဆုံးမရှိသကဲ့သို့ပင်။ ဝမ်ချုံစန်းက ထိုမြင်ကွင်းကို ကြည့်ကာ လှည့်ပြောသည်။

"ဝိညာဉ်တွေ ရောက်လာပြီ"

အဆောက်အအုံ၏ တံဆိပ်ကြီးမှာ ဖြည်းညှင်းစွာ ပွင့်ဟလာတော့သည်။

ဖန့်ချန်သည် ဝမ်ချုံစန်း၏ နောက်မှ လိုက်ပါသွားရာ အတွင်းဘက်တွင် အောက်ဘက်သို့ ဦးတည်နေသော အလွန်ရှည်လျားသည့် လှေကားထစ်များကို တွေ့ရသည်။ နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက်တွင်မှ အနက်ရောင် တံဆိပ်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။

ထိုတံခါးကြီးမှာ သူတို့နှစ်ဦး လာသည်ကို သိရှိသွားသကဲ့သို့ပင် အလိုအလျောက် ပွင့်သွားတော့သည်။

ထိုအခန်း၏ အနက်ရှိုင်းဆုံးသော နေရာတွင် ပျက်စီးနေသော မှန်တစ်ချပ် ရှိနေသည်။ ထိုမှန်နှင့် မလှမ်းမကမ်းတွင်မူ မည်သည့် သက်ရှိရိပ်မျှ မရှိသော ပုံရိပ်နှစ်ခု ထိုင်နေကြသည်။

သူတို့နှစ်ဦးစလုံးသည် ဝမ်ချုံစန်းကို တစ်ချက် ကြည့်လိုက်ကြပြီးနောက် အကြည့်များက ဖန့်ချန်ထံသို့ ကျရောက်သွားသည်။

တစ်ယောက်က ခပ်အေးအေးပင် မေးလိုက်သည်

"ဒီကလေးက ဘယ်သူလဲ"

"သူက စာရင်းသွင်းအရာရှိချုပ်၊ နံပါတ် ၉ အမာခံတပည့်ပဲ။ နောင်တစ်ချိန်မှာ သံသရာဌာနရဲ့ ဌာနမှူး ဖြစ်လာမယ့်သူမို့ လုပ်ငန်းခွင် အခြေအနေတွေနဲ့ ရင်းနှီးအောင် ခေါ်လာတာပါ"

ဝမ်ချုံစန်းက ပြုံးလျက် ဖြေကြားလိုက်သည်။

"နံပါတ် ၉ အမာခံတပည့် ဟုတ်လား... အခုခေတ်မှာ အစီရင်ဗဟိုချက်ကို သုံးနိုင်တဲ့ အမာခံတပည့်က ကိုးယောက်ပဲ ရှိတော့တာလား"

ထိုသူက သက်ပြင်းတစ်ချက်ချကာ

"ငါတို့ခေတ်နဲ့ ယှဉ်ရင်တော့ အများကြီး ကွာခြားသွားပြီပဲ။ ငါ မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက ငါက အဆင့် ၃၇ တောင် ရှိခဲ့တာ"

"အဆင့် ၃၇ ဖြစ်တော့ကော ဘာထူးလဲ၊ အခု ငါနဲ့အတူ ဒီနေရာမှာပဲ ရှိနေတာ မဟုတ်ဘူးလား။ ငါဆိုရင် အဲဒီတုန်းက အဆင့်သတ်မှတ်ချက်တောင် မရှိခဲ့ဘူး၊ သေတဲ့အထိတောင် အစီရင်ဗဟိုချက်ကို နားမလည်ခဲ့ပါဘူး"

ဟု ကျန်ရှိသော ယင်မသေမျိုး တစ်ဦးက ခပ်အေးအေးပင် ဆိုလိုက်သည်။

ဖန့်ချန်သည် သူတို့နှစ်ဦး၏ စကားကို ကြားသောအခါ ရင်ထဲ၌ ခံစားမိသွားသည်။

ဤသူနှစ်ဦးသည်လည်း ယခင်က ကျွယ်မင်နန်းတော်၏ တက်ကြွလှုပ်ရှားသော အမာခံတပည့်များ ဖြစ်ခဲ့ကြပေလိမ့်မည်။

နောက်ပိုင်းတွင် သက်တမ်းကုန်ဆုံးသွားသောကြောင့် ယင်မသေမျိုး လမ်းစဉ်ကို ရွေးချယ်ကာ ယခုထက်တိုင် ကျွယ်မင်ယင်လောကတွင် ကျင့်ကြံနေကြခြင်း ဖြစ်မည်။

အကယ်၍ ကျွယ်မင်ယင်လောကတွင် ယင်မသေမျိုး လမ်းစဉ်သာ မရှိခဲ့ပါက သူတို့သည်လည်း ယခုအချိန်တွင် မြေမှုန့်ဘဝသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့မဟုတ်လျှင်လည်း အသိဉာဏ်မဲ့သော ယင်မိစ္ဆာကြီးများအဖြစ်သာ ကျန်ရှိနေပေလိမ့်မည်။

"ဝင်လာခဲ့ပါ"

ပထမဆုံး စကားပြောခဲ့သော ယင်မသေမျိုးက ဆိုသည်။

ဝမ်ချုံစန်းသည် ဖန့်ချန်ကို ခေါ်ဆောင်ကာ အတွင်းသို့ ဝင်သွားပြီး ထိုသူနှစ်ဦးအား ဂါရဝပြုလိုက်သည်။ ထို့နောက် နောက်ဘက်မှ ဝိညာဉ်များ သံသရာထဲ ဝင်စားရန် တန်းစီနေသည်ကို စောင့်ကြည့်နေလိုက်ကြသည်။

သံသရာဝင်ပေါက် ဆိုသည်မှာ ထိုပျက်စီးနေသော မှန်ချပ်ကြီးပင် ဖြစ်သည်။

"သံသရာမှန်ရဲ့ အပိုင်းအစတွေလား... ဒါဆိုရင် တခြားသော ထိပ်တန်းအင်အားစုတွေဆီမှာလည်း ဒီလိုမျိုး သံသရာမှန် အပိုင်းအစတွေ ရှိနေကြတာပေါ့"

ဖန့်ချန်သည် ထိုပျက်စီးနေသော သံသရာမှန်ကို ဗြောင်ကျကျပင် ကြည့်ရှုကာ ၎င်းမှ ထွက်ပေါ်နေသော အရှိန်အဝါကို ခံစားကြည့်လိုက်သည်။

ပထမဆုံး ခံစားချက်မှာ အလွန်ပင် နက်နဲဆန်းကြယ်လှပြီး ယခင်က နတ်ဘုရားနန်းတော်တွင် မြင်ခဲ့ရသော သေခြင်းရှင်ခြင်း မှတ်တမ်း အပိုင်းအစများနှင့် အနည်းငယ် တူညီနေသည်။

"ဒီပစ္စည်းမျိုး တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား"

ထို ယင်မသေမျိုး နှစ်ဦးမှာ လူနှင့် စကားမပြောရသည်မှာ ကြာပြီဖြစ်ပုံရရာ ဖန့်ချန်ကို အရင်ဆုံး စတင် နှုတ်ဆက်လာကြသည်။

"စီနီယာ... ဒီပစ္စည်းက အလွန်ကို နက်နဲဆန်းကြယ်လွန်းလို့ ကျွန်တော် ဘာမှ နားမလည်နိုင်ပါဘူး"

ဖန့်ချန်က ဆိုသည်။

"နားမလည်တာက ပုံမှန်ပါပဲ။ ငါတို့တောင် ဒီနေရာမှာ နှစ်ပေါင်းများစွာကြာအောင် လေ့လာနေတာတောင် ဘာမှ နားမလည်သေးဘူး။ ဒါပေမဲ့ ဒါက အရမ်းအစွမ်းထက်တယ်၊ လူတွေကို သံသရာထဲ ထည့်ပေးနိုင်တယ်။ ဒီလို နည်းလမ်းမျိုးက အဆင့် ၉ မသေမျိုးတွေတောင် မလုပ်နိုင်တဲ့ အရာပဲ"

"ငါတို့ရဲ့ နန်းတော်သခင်တောင် မလုပ်နိုင်ပါဘူး... ဟဲဟဲ"

"မျိုးဆက်သစ်ကလေး... ငါတို့ကို ပြောပြပါဦး၊ အခုတလော ကျွယ်မင်နန်းတော်မှာ ဘာတွေ ထူးခြားနေသေးလဲ"

"ငါတို့ အပေါ်ကို မတက်ဖြစ်တာတောင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ..."

"စီနီယာတို့က ယင်မသေမျိုးတွေ မဟုတ်ဘူးလား။ ကျွန်တော် ကြားဖူးသလောက်တော့ ယင်မသေမျိုးတွေက လူ့လောကကို သွားလို့ရတယ်ဆို၊ ဘာလို့ ပြန်မကြည့်ကြတာလဲဟင်"

ဖန့်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ထိုအခါ သူတို့နှစ်ဦးစလုံးမှာ တိတ်ဆိတ်သွားကြသည်။

ဝမ်ချုံစန်းက ပြုံးလျက်

"ယင်မသေမျိုးတွေ လူ့လောကကို ပြန်ဖို့ဆိုတာ နန်းတော်သခင်က ခွင့်ပြုမှရတာ။ ပြီးတော့ ဗဟိုဌာနမှာလည်း လျှောက်ထားရသေးတယ်၊ ရှဲ့ဌာနမှူးက ခွင့်ပြုမှ ဖြစ်မှာ။ အကျဉ်းချုပ်ပြောရရင် အရမ်းကို အလုပ်ရှုပ်တယ်၊ အခြေအနေ အတော်များများမှာ လူ့လောကကို ပြန်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ပြန်သွားရင်တောင် ကန့်သတ်ချက်တွေ အများကြီး ရှိတယ်"

"ဟုတ်တယ်..." ယင်မသေမျိုး နှစ်ဦးမှာ သက်ပြင်းတစ်ချက်ကို ပြိုင်တူ ချလိုက်ကြသည်။

"ဘာလို့ အဲဒီလောက်တောင် ကန့်သတ်ချက်တွေ များနေရတာလဲ"

ဖန့်ချန် အံ့ဩသွားသည်။

ယင်မသေမျိုးတွေဟာ သူတို့ မသေခင်က ကျွယ်မင်နန်းတော်ရဲ့ အမာခံတွေ ဖြစ်ခဲ့ကြသလို အချို့ဆိုလျှင် အကြီးအကဲတွေတောင် ဖြစ်ခဲ့ကြမှာပါ။

ဒီလို အဆင့်အတန်းမျိုးရှိတဲ့သူတွေ တစ်ခေါက် ပြန်သွားတာကိုတောင် ကန့်သတ်ချက်တွေ ဒီလောက်များနေရင် ဒီ ယင်မသေမျိုးတွေ မကျေမနပ် ဖြစ်မှာကို မကြောက်ဘူးလား။

"သူတို့ကိုလည်း အပြစ်ပြောလို့ မရပါဘူး"

"ငါတို့တွေ ပြန်သွားရင်... ရူးသွပ်သွားဖို့ လွယ်ကူတယ်"

"ဒါက ယင်မသေမျိုးတွေရဲ့ ကံကြမ္မာပဲ ထင်ပါရဲ့"

ယင်မသေမျိုး နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ စကားမဲ့နေကြတော့သည်။

"ရူးသွပ်သွားဖို့ လွယ်ကူတယ် ဟုတ်လား"

ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

ယင်လောက၏ တရားဝင် နတ်ဘုရားဝိညာဥ် များမှာ လူ့လောကတွင်ဖြစ်စေ၊ ယင်လောကတွင်ဖြစ်စေ အလွန်ပင် တည်ငြိမ်ကြပြီး ရူးသွပ်သွားသည်ဟူသော စကားမျိုး မရှိချေ။

ကြည့်ရသည်မှာ ထို ယင်မသေမျိုး လမ်းစဉ်တွင် ကြီးမားသော အားနည်းချက်တစ်ခု ရှိနေပုံရပေသည်။

သူတို့အားလုံး ခေတ္တမျှ စကားပြောဆိုနေကြပြီးနောက် ပထမဆုံးသော ဝိညာဉ်အုပ်စုမှာ ထိုနေရာသို့ ဆိုက်ရောက်လာတော့သည်။

သူတို့၏ မျက်နှာထက်တွင် ရင်ခုန်စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ထိတ်လန့်မှုများ ရောပြွမ်းနေကာ ဖန့်ချန်တို့အုပ်စုကို ကြောက်ရွံ့ရိုသေစွာဖြင့် ကြည့်နေကြတော့သည်။

အခန်း (၁၅၇၀) - ဝါရင့် ယင်မသေမျိုးကြီး

"စီနီယာတို့... ဒီဝိညာဉ်တွေအားလုံးက စာရင်းသွင်းတာ၊ စစ်ဆေးတာနဲ့ အတည်ပြုတံဆိပ်ခတ်တာတွေ အားလုံးပြီးစီးသွားပါပြီ။ သံသရာဝင်ပေါက်ကို တိုက်ရိုက်ဖွင့်လိုက်ရမလား"

ဝမ်ချုံစန်းက အဆင့် ၈ ယင်မသေမျိုး နှစ်ဦးကို ပြုံး၍ မေးလိုက်သည်။

အဆင့် ၈ ယင်မသေမျိုး နှစ်ဦးမှာ ခပ်သာသာ ခေါင်းညိတ်ပြကြသည်။ ဤအလုပ်မျိုးကို သူတို့ ခဏခဏ လုပ်ဆောင်နေကျဖြစ်သလို စစ်ဆေးစရာလည်း ထွေထွေထူးထူး မရှိဟု ယူဆထားကြပုံရသည်။

ထိုအခါမှ ဝမ်ချုံစန်းသည် ပျက်စီးနေသော သံသရာမှန်ထဲသို့ ယင်စွမ်းအား တစ်ချက် ရိုက်သွင်းလိုက်သည်။ ယင်စွမ်းအား၏ ပံ့ပိုးမှုကြောင့် ပျက်စီးနေသော သံသရာမှန်ထက်တွင် ဖြူလွှလွှ အလင်းတန်းများ ဖုံးလွှမ်းသွားပြီး တံခါးပေါက်တစ်ခုအသွင်သို့ ပြောင်းလဲသွားတော့သည်။

"ဝင်သွားကြတော့"

ဝမ်ချုံစန်းက ထိုဝိညာဉ်အုပ်စုကို ခေါင်းညိတ်ပြလိုက်သည်။

ဝိညာဉ်များသည် စနစ်တကျပင် ပျက်စီးနေသော သံသရာမှန်ထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားကြပြီး ပျောက်ကွယ်သွားကြတော့သည်။

တစ်နာရီခန့် ကြာမြင့်ပြီးနောက်...

ဝမ်ချုံစန်းသည် ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဖန့်ချန်ကမူ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေဆဲ။

နောက်ထပ် တစ်နာရီခန့် ထပ်မံကုန်ဆုံးသွားပြန်သည်။

ရုတ်တရက်ဆိုသလို ဝမ်ချုံစန်းနှင့် ဖန့်ချန်တို့နှစ်ဦးစလုံး ကျွယ်မင်ယင်လောက၏ အပြင်ဘက်မှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

"ဘယ်လောက်တောင် သတ္တိကောင်းနေလို့ ကျွယ်မင်ယင်လောကနားကို ကပ်ရဲတာလဲ၊ စည်းကမ်းတွေကို မလေးစားတော့ဘူးလား "

အဆင့် ၈ ယင်မသေမျိုး နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ကြသည်။

ထို့နောက် ဝမ်ချုံစန်းကို ဤနေရာအား သေချာစောင့်ရှောက်ရန် မှာကြားခဲ့ပြီးနောက် အနက်ရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ ဤနေရာမှ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

ဝမ်ချုံစန်းမှာ ထိုသူတို့ ထွက်သွားသည်နှင့် ချက်ချင်းပင် ယင်ဘူးသီး ကို ထုတ်လိုက်ပြီး ပျက်စီးနေသော သံသရာမှန်ဆီသို့ တည့်တည့်ချိန်လိုက်သည်။

ဝိညာဉ်ပေါင်းများစွာမှာ ဘူးသီးထဲမှ တရဟော လွတ်ထွက်လာကြတော့သည်။

မျက်နှာပေါင်းများစွာမှာ ဖန့်ချန်၏ မျက်စိရှေ့မှောက်တွင် တစ်ခုပြီးတစ်ခု လျှပ်ခနဲ ဖြတ်သန်းသွားကြသည်။ သူသည် နတ်မိမယ်ယွီကိုလည်း မြင်လိုက်ရသလို ရွှင်ရှီးယင်းကိုလည်း မြင်တွေ့လိုက်ရသည်။

"ဘယ်လောက်ကြာဦးမှာလဲ"

တစ်နာရီပြည့်သည့်တိုင်အောင် ဝိညာဉ်များ ထွက်မလာသေးသည်ကို မြင်သောအခါ ယင်မသေမျိုး နှစ်ယောက် ပြန်လာပြီး လူမိသွားမည်ကို ဖန့်ချန် စိုးရိမ်လာကာ မေးလိုက်မိသည်။

"အချိန်အနည်းငယ်လေးနဲ့ ပြီးမယ်လို့ မင်းထင်နေတာလား။ ခဏလေးနဲ့ ပြီးနိုင်မယ်ဆိုရင် ဟိုတစ်ယောက်ကို လှမ်းခေါ်ခိုင်းဖို့ မင်းကို ဘာလို့ အကူအညီတောင်းနေပါ့မလဲ။ အနည်းဆုံး တစ်ရက်တော့ ကြာလိမ့်မယ်၊ စိတ်မလောနဲ့"

ဝမ်ချုံစန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ဆိုသည်

"ဘာပဲဖြစ်ဖြစ် စလုပ်နေပြီပဲ၊ ရလဒ်ကတော့ နှစ်ခုပဲရှိတယ်... အောင်မြင်ခြင်း ဒါမှမဟုတ် ကျရှုံးခြင်းပဲ။ ငါတို့က အခု ဘာမှဆုံးရှုံးစရာမရှိတဲ့သူတွေပဲလေ၊ ဘာကို ကြောက်နေဦးမှာလဲ"

စကားအဆုံးတွင် သူက ဝိညာဉ်အုပ်စုကို တစ်ချက် စူးစူးဝါးဝါး ကြည့်လိုက်သည်။ ဝိညာဉ်များသည် ဝမ်ချုံစန်းနှင့် ဖန့်ချန် ဘာလုပ်နေသလဲဆိုသည်ကို အနည်းငယ် ရိပ်မိကြသော်လည်း မည်သူမှ စကားမဟဝံ့သလို မမေးမြန်းဝံ့ကြချေ။

ဝမ်ချုံစန်း ပြောသည်ကို ကြားလိုက်ရသည်ဖြစ်ရာ တစ်ရက်စောင့်ရရုံဖြင့် သံသရာထဲ ဝင်စားခွင့်ရမည်ဆိုပါက တစ်ရက်နောက်ကျခြင်းမှာ သူတို့အတွက် ကိစ္စမရှိပေ။

တစ်ချိန်တည်းမှာပင်...

ကျွယ်မင်ယင်လောကအတွင်း၌ အလွန်ပင် ဆူညံလှုပ်ရှားနေချေပြီ။

ဟွားကျိသိုက် ဝိညာဉ်မယ်တော်၏ အရှိန်အဝါ ပေါ်ပေါက်လာပြီးနောက် ယင်မသေမျိုးမျှော်စင်မှ ရှန်ယင်မသေမျိုး သည် ယင်မသေမျိုး ဆယ်ဂဏန်းခန့်ကို ခေါ်ဆောင်ကာ လိုက်လံဖမ်းဆီးရန် ထွက်ခွာသွားခဲ့သည်။

ထို့နောက် ဌာနအသီးသီးမှ အစောင့်အကြပ် ယင်မသေမျိုးများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ သူတို့မှာ နှစ်ပေါင်းများစွာ အကျဉ်းချခံထားရပြီးမှ အပြင်ထွက်ခွင့်ရသော ခွေးဆိုးများကဲ့သို့ပင် တစ်ဦးချင်းစီမှာ စိတ်လှုပ်ရှားနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်ဖော်နေကြသည်။

"ဒါ ဘာတွေ ဖြစ်နေတာလဲ"

အချို့သော အမာခံတပည့်များမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ပုံမှန်ဆိုလျှင် ဤ ယင်မသေမျိုးများကို လှုပ်လှုပ်ရှားရှားပင် မမြင်တွေ့ရတတ်ဘဲ ယနေ့တွင် ဘာကြောင့် အုံလိုက်ကျင်းလိုက် ထွက်လာကြသနည်း။

ဤအမာခံတပည့်များမှာ ယင်မသေမျိုးများ၏ နောက်ခံကို သိထားကြသော်လည်း သာမန်ဝိညာဉ်များနှင့် အပြင်စည်းကျင့်ကြံသူများမှာမူ ဘာမှနားမလည်ဘဲ ဇဝေဇဝါ ဖြစ်နေကြရသည်။

ကျွယ်မင်ယင်လောက၏ အပြင်ဘက်တွင်မူ...

ရှန်ယင်မသေမျိုးသည် လူများကို ခေါ်ဆောင်ကာ ဟွားကျိသိုက် ဝိညာဉ်မယ်တော်ကို ဝိုင်းရံထားလိုက်ပြီဖြစ်သည်။ သူသည် ဝိညာဉ်မယ်တော်၏ ကျင့်စဉ်အဆင့်အတန်းကို သေသေချာချာ ခန့်မှန်း၍ မရနိုင်သဖြင့် မျက်နှာပျက်ပျက်ဖြင့် မေးလိုက်သည်။

"မင်းက ယင်မိစ္ဆာလား၊ ဒါမှမဟုတ် ယင်မသေမျိုးလား"

"ယင်မိစ္ဆာဆိုရင် ဘာဖြစ်မလဲ၊ ယင်မသေမျိုးဆိုရင်ကော ဘာဖြစ်မှာလဲ"

ဟွားကျိသိုက် ဝိညာဉ်မယ်တော်က သာယာစွာ ရယ်မောလိုက်ပြီး ရှေ့မှ ယင်မသေမျိုးများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် သိချင်စိတ်များ လှုပ်ရှားသွားသည်။

သူမသည် ယခင်က ယင်လောက၏ တရားဝင် နတ်ဘုရားဝိညာဥ်များနှင့်သာ ထိတွေ့ခဲ့ဖူးပြီး ဤကဲ့သို့သော လမ်းစဉ်မမှန်သည့် ယင်မသေမျိုးမျိုးကို တွေ့ရခဲလှသည်။

"ယင်မိစ္ဆာဆိုရင်တော့... ကျွယ်မင်ယင်လောကနဲ့ နယ်မြေအသီးသီးကြားမှာ သဘောတူညီချက် ရှိပြီးသား။ အဆင့် ၃ အထက်ဆိုရင် ဒီနေရာကို ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး"

"ယင်မသေမျိုးဆိုရင်တော့ ပိုတောင် တင်းကျပ်သေးတယ်။ အဆင့် ၁ ယင်မသေမျိုးတစ်ယောက်တောင် ဒီနေရာကို လာခွင့်မရှိဘူး၊ လာခဲ့ရင် အဲဒါ စစ်ကြေညာတာပဲ"

"ကဲ ပြောစမ်း... မင်းက ယင်မသေမျိုးလား၊ ဒါမှမဟုတ် ယင်မိစ္ဆာလား"

ရှန်ယင်မသေမျိုး ၏ အသံမှာ အေးစက်လှိုက်စားနေသည်။

"ဒါဆိုလည်း ငါ ပြန်သွားလိုက်မယ်လေ"

ဟွားကျိသိုက် ဝိညာဉ်မယ်တော်က ရုတ်တရက် ရယ်မောလိုက်ပြီးနောက် သူမ၏ ကိုယ်ရောင်ကိုယ်ဝါမှာ စိမ်းပြာရောင် မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ဝိုင်းရံထားသော စက်ဝိုင်းထဲမှ လွယ်လွယ်ကူကူပင် ပျောက်ကွယ်သွားပြီး ပေတစ်ထောင်ခန့် အကွာတွင် ပြန်ပေါ်လာသည်။

"လာပြီးမှတော့ ပြန်ဖို့ မစဉ်းစားနဲ့တော့"

"ငါတို့ ယင်မသေမျိုးတွေကို အလကားလူတွေလို့ ထင်နေတာလား "

"မပြေးနဲ့... ဒီမှာပဲ နေခဲ့ "

ရှန်ယင်မသေမျိုး မလှုပ်ရှားရသေးခင်မှာပင် ကျန်ရှိသော ယင်မသေမျိုးများက အော်ဟစ်ကာ ဟွားကျိသိုက် ဝိညာဉ်မယ်တော်နောက်သို့ လိုက်လံဖမ်းဆီးကြတော့သည်။

"ရှန်ယင်မသေမျိုး ဒါ ရန်သူက ငါတို့ကို ဆွဲထုတ်နေတဲ့ ကျားကို တောင်ပေါ်ကနေ မျှားခေါ်တဲ့ အကွက်များ ဖြစ်နေမလား"

ယင်မသေမျိုး တစ်ဦးက မလှုပ်မယှက်ဘဲ အေးစက်သောအသံဖြင့် မေးလိုက်သည်။

"စီနီယာ ဝါရင့် ယင်မသေမျိုးကြီးတွေ အတွင်းထဲမှာ ရှိနေသေးတာပဲ၊ သူတို့ရှိနေမှတော့ ဘာကို ကြောက်နေဦးမှာလဲ"

ရှန်ယင်မသေမျိုးက ခပ်ပြုံးပြုံးဖြင့်

"ငါတို့ဆီမှာ ဒီလိုမျိုး မဖြစ်တာတောင် ကြာလှပြီ၊ သူတို့ကို လေ့ကျင့်ခန်း လုပ်ခွင့်ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် နောက်ထပ် နှစ်အနည်းငယ် ကြာရင် ငါတို့လည်း သူတို့လိုပဲ လှုပ်လှုပ်ရှားရှား မလုပ်ချင်တော့တဲ့ အခြေအနေ ရောက်သွားမှာပဲ"

အနားရှိ ယင်မသေမျိုးများမှာ ထိုစကားကို ကြားသောအခါ အသံတိတ် သက်ပြင်းချလိုက်ကြပုံရသည်။

အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်။ ဟွားကျိသိုက် ဝိညာဉ်မယ်တော်၏ ပုံရိပ်မှာ ဖမ်းဆီးရခက်လှပြီး ယင်မသေမျိုး အုပ်စုကြီးကို ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ အေးအေးဆေးဆေးပင် လှည့်ပတ်ခေါ်ဆောင်သွားသည်။

ရှမ်ယင်မသေမျိုးလည်း တဖြည်းဖြည်းနှင့် တစ်ခုခု မှားနေသည်ကို သတိပြုမိလာကာ ယင်မသေမျိုး အားလုံးကို ချက်ချင်း ပြန်ခေါ်လိုက်တော့သည်။

"ရှင်တို့က ကျွန်မကို မဖမ်းတော့ဘူးလား"

ဟွားကျိသိုက် ဝိညာဉ်မယ်တော်က သက်ပြင်းသာသာ ချကာ မေးသည်။

"မင်းက ရန်လိုတဲ့ ပုံစံမရှိတာကြောင့် မဖမ်းတော့ဘူး၊ နှုတ်ဆက်ပါတယ်"

ရှန်ယင်မသေမျိုး က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ယင်မသေမျိုးများကို ခေါ်ကာ ကျွယ်မင်ယင်လောကထဲသို့ ပြန်ဝင်သွားကြသည်။

"ဌာနအသီးသီးက ယင်မသေမျိုးတွေ ကိုယ့်နေရာကိုယ် ပြန်ကြ၊ တစ်ခုခု ထူးခြားတာရှိလား သွားစစ်ဆေးကြစမ်း"

ရှန်ယင်မ‌ေသမျိုးက အမိန့်ပေးလိုက်သည်။

"ပြီးပြီလား... ဟို ယင်မသေမျိုးတွေ... ပြန်လာကြပြီ"

ဖန့်ချန်က ဝမ်ချုံစန်းကို ကြည့်ကာ မေးလိုက်သည်။

"ချက်ချင်းပဲ"

ဝမ်ချုံစန်း၏ မျက်နှာမှာ မည်သည့်အမူအရာမျှ မရှိချေ။ စက္ကန့်အနည်းငယ်အကြာတွင် ယင်ဘူးသီးထဲမှ နောက်ဆုံး ဝိညာဉ်သည် သံသရာမှန်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် ယင်ဘူးသီးကို တစ်ချက်ခါလိုက်ပြီး ဝိညာဉ်များ မကျန်တော့သည်ကို မြင်မှ ဖန့်ချန်ထံသို့ ဘူးသီးကို ပစ်ပေးလိုက်သည်။

ဖန့်ချန်သည် ယင်ဘူးသီးကို သိမ်းဆည်းလိုက်ရုံရှိသေး၊ ယင်မသေမျိုး နှစ်ဦးမှာ ဤနေရာသို့ စိတ်လှုပ်ရှားစွာဖြင့် ပြန်ရောက်လာကြသည်။

သူတို့သည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြပြီး ပျော်ရွှင်နေသောအခါတွင် ဟားတိုက်၍ပင် ရယ်မောလိုက်ကြသေးသည်။

ဤနေရာတွင် တစ်ခုခု ပြောင်းလဲသွားခြင်း ရှိ၊ မရှိကိုမူ သူတို့ ဂရုမစိုက်ကြချေ။

"ဒါနဲ့... ငါတို့ ထွက်သွားတဲ့အချိန်မှာ ဒီကို လာရှုပ်တဲ့သူ ရှိသေးလား"

တစ်ဦးက ဝမ်ချုံစန်းကို မေးသည်။

"မရှိပါဘူး၊ ဒီနေရာကို ဘယ်သူက လာရှုပ်ရဲမှာလဲ၊ သေမှာမကြောက်ဘူးလား"

ဝမ်ချုံစန်းက ပြုံး၍ ဖြေလိုက်သည်။

"ဒါလည်း ဟုတ်တာပဲ"

ယင်မသေမျိုး နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြပြီး တစ်ယောက်က ဆိုသည်။

"ရှန်ယင်မသေမျိုး ကတော့ အပိုတွေ စိုးရိမ်နေတာ၊ ရန်သူက ငါတို့ကို မျှားထုတ်တာတဲ့။ သေချာစဉ်းစားကြည့်စမ်း၊ အဲဒါ ဖြစ်နိုင်ပါ့မလား။ ဒီနေရာက ကျွယ်မင်ယင်လောကလေ၊ ဘယ်သူက ဒီကိုလာပြီး အသေခံမလဲ။ ဘယ်သူက ဒီမှာ လာရှုပ်နိုင်တဲ့ အရည်အချင်း ရှိမှာလဲ"

"ပိုပြီး ပြောရရင်... ငါတို့နှစ်ယောက် ထွက်သွားပေမဲ့ ဒီမှာ ဝါရင့် ယင်မသေမျိုးကြီး စောင့်နေတာပဲ။ တကယ်သာ တစ်ယောက်ယောက် လာရှုပ်ရင် အစောကြီးကတည်းက နှိမ်နင်းခံလိုက်ရမှာပေါ့"

ဟု နောက်ထပ် ယင်မသေမျိုး တစ်ဦးက ထပ်လောင်းပြောဆိုသည်။

ဝမ်ချုံစန်း၏ မျက်နှာမှာ တောင့်တင်းသွားပြီး

"ဝါရင့် ယင်မသေမျိုးကြီး ဘယ်မှာလဲ"

"ဟိုမှာ ထိုင်နေတာလေ၊ မင်း မမြင်ဘူးလား"

ယင်မသေမျိုး တစ်ဦးက အခန်းထောင့်ကို လက်ညှိုးထိုးပြလိုက်သည်။

ထိုအခါမှသာ ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့သည် ဤအခန်းထဲတွင် နောက်ထပ် ပုံရိပ်တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်ကြသည်။

ထိုပုံရိပ်မှာ အခန်းထောင့်တွင် ကျောက်တုံးတစ်တုံးကဲ့သို့ပင် မလှုပ်မယှက် ထိုင်နေသည်။ အစမှ အဆုံးအထိ ဝမ်ချုံစန်းနှင့် ဖန့်ချန်တို့နှစ်ဦးစလုံး သူရှိနေသည်ကို လုံးဝ သတိမပြုမိခဲ့ကြချေ။

ဖန့်ချန်က ဝမ်ချုံစန်းကို တစ်ချက် ကြည့်လိုက်ရာ 'မင်း ဒါကို မသိဘူးလား' ဟု မေးနေသကဲ့သို့ပင်။ ဝမ်ချုံစန်းကလည်း ဖန့်ချန်ကို ပြန်ကြည့်ကာ 'ငါ တကယ် မသိဘူး' ဟု ဆိုနေသယောင် ရှိသည်။

သူတို့နှစ်ဦးစလုံး၏ မျက်နှာမှာ မကောင်းလှချေ။

သူတို့၏ လုပ်ရပ်အားလုံးကို ထို ဝါရင့် ယင်မသေမျိုးကြီးက အတိုင်းသား မြင်တွေ့နေခဲ့သည် မဟုတ်ပါလား။

သို့သော်... သူသည် ဘာကြောင့် ဝင်ရောက် မတားဆီးခဲ့ရသနည်း။

All Chapters