အခန်း (၅၅၁-၅၅၂)
Vol. 56 Ch. 551-552
အခန်း (၅၅၁) - မြို့ဖျက်ကပ်ဘေး ၊ သင်္ကန်းတော်မဟာစွမ်းအင် ၊ လေခေါ်မိုးခေါ်အတတ် ၊ ဂူပိုးကောင်အစီရင် ၊ ဝူထုမိစ္ဆာပိုးကောင်
ရွှီထျန်းနန်၊ ပေါင်ရှုရဟန်း၊ ကျောက်နတ်ဆရာ နှင့် ဝူရှဲ့ရဟန်းတို့သည် အသီးသီးသော တန်ခိုးစွမ်းအားများကို အသုံးပြုကာ ကောင်းကင်ယံသို့ ပျံတက်လာကြသည်။
"ဒီလောက်များတဲ့ ဂူပိုးကောင်တွေသာ မြန်ကျိုးမြို့ထဲ ကျလာရင် ခဏလေးအတွင်းမှာတင် မြို့သူမြို့သားတွေကို အရိုးတောင်မကျန်အောင် စားပစ်ကြလိမ့်မယ် "
ရွှီထျန်းနန်က မျက်နှာပျက်ပျက်ဖြင့် လေးနက်စွာ ဆိုလိုက်သည်။
"အမိတာဘုရား... ထူးဆန်းတာတွေဖြစ်လာရင် မိစ္ဆာရှိနေတာပဲ၊ အရင်ဆုံး မြန်ကျိုးမြို့ကို ကာကွယ်ကြတာပေါ့"
ပေါင်ရှုရဟန်းသည် ကိုယ်ပေါ်မှ သင်္ကန်းတော်ကို ချွတ်၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်ပြီး နှုတ်မှ မန္တန်ခြောက်လုံးဂါထာတော် ကို ရွတ်ဆိုလိုက်သည်။ သင်္ကန်းတော်ထက်မှ တောက်ပလှသော ဗုဒ္ဓရောင်ခြည်တော်များ ဖြာထွက်လာပြီး မြန်ကျိုးမြို့တစ်ခုလုံးကို လွှမ်းခြုံကာကွယ်လိုက်တော့သည်။
"ပေါင်ရှုရဟန်းရဲ့ တန်ခိုးက တကယ်ကို အံ့ဩစရာပဲ "
ကျောက်နတ်ဆရာက ချီးကျူးလိုက်သည်။
"မြန်မြန်လုပ်ကြပါ... အဘိုးကြီး ဒီလောက်အကြာကြီး တောင့်မခံနိုင်ဘူး"
ပေါင်ရှုရဟန်း၏ မျက်နှာမှာ အနည်းငယ် နာကျင်နေသည့် အမူအရာ ပေါ်လာသည်။
ကျောက်နတ်ဆရာ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွား၏။ ဤရဟန်းအိုကြီးမှာ အတင်းအောင့်ထားခြင်းပါလား သို့သော်လည်း သင်္ကန်းတော်ဖြင့် မြန်ကျိုးမြို့တစ်ခုလုံးကို တစ်ခဏချင်း လွှမ်းခြုံနိုင်သည်မှာ အမှန်တကယ်ပင် မလွယ်ကူလှပေ။
"လေလာစေ"
ကျောက်နတ်ဆရာသည် လက်ချောင်းများဖြင့် မန္တန်ကွက်ဖော်ကာ မက်မွန်သားဓားကို ထုတ်၍ ကောင်းကင်သို့ ညွှန်လိုက်သည်။
"လေခေါ်မိုးခေါ်အတတ်" ပင် ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးကြားမှ ဧရာမ လေဆင်နှာမောင်းကြီးများစွာသည် ထိုဂူပိုးကောင်အုပ်ကြီးဆီသို့ တိုးဝင်တိုက်ခိုက်တော့သည်။ လေဆင်နှာမောင်းအတွင်း၌ ကြောက်မက်ဖွယ် လေပြင်း များ ပါဝင်သဖြင့် မည်သည့်အရာကိုမဆို တစ်စစီ ဆုတ်ဖြဲပစ်နိုင်သည်။
ဤဂူပိုးကောင်များမှာလည်း ချွင်းချက်မဟုတ်ပါချေ။ သို့သော် ရွှေစားပိုးကောင်များသည် ကမ္ဘာဦးကတည်းက သံနှင့် သတ္တုများကို စားသုံးလာခဲ့ကြသဖြင့် ၎င်းတို့၏ ဗိုက်အတွင်း၌ အကန့်အသတ်မရှိသော ဟင်းလင်းပြင် ရှိနေသကဲ့သို့ပင်။ မည်မျှပင်စားစား မျိုချနိုင်ကြသည်။
ထို့ကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်မှာလည်း ဖျက်ဆီး၍မရအောင် မာကျောလှသည်။ ကျောက်နတ်ဆရာ၏ လေပြင်းများမှာ ထိတ်လန့်စရာကောင်းသော်လည်း အမှန်တကယ် ထိခိုက်မှုမှာမူ မပြောပလောက်ပါချေ။
အဓိကမှာ ဂူပိုးကောင်အရေအတွက်မှာ အလွန်အမင်း များပြားနေခြင်းကြောင့် ဖြစ်သည်။
ရွှီထျန်းနန်သည် အနီရောင် ဝတ်စုံကြီးကို ဝတ်ဆင်ထားပြီး လက်စွပ်အတွင်းမှ "ဟူ" (အရာရှိများ ကိုင်ဆောင်သော ပြားချပ်ချပ် အရာဝတ္ထု) တစ်ခုကို ထုတ်လိုက်သည်။
"အမိန့်တော်"
ရွှီထျန်းနန်၏ စကားသံအဆုံးတွင် ထက်မြက်လှသော စိတ်ဝိညာဉ်စွမ်းအင် များသည် သူ၏ကိုယ်ပေါ်မှ ဖြာထွက်သွားတော့သည်။ ၎င်းသည် ထက်မြက်သော ဓားထောင်ပေါင်းများစွာကဲ့သို့ ရွှေစားပိုးကောင်အုပ်ကြီးဆီသို့ ပျံဝင်သွားသည်။
ဘုန်း ဘုန်း ဘုန်း
ရွှေစားပိုးကောင်များမှာ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲကုန်ကြသည်။ သို့သော်လည်း ရွှီထျန်းနန်၏ စိတ်စွမ်းအင်ကို ဖောက်ထွက်ကာ သင်္ကန်းတော် ကာရံထားသည့်အပေါ်သို့ မနားတမ်း တိုးဝင်တိုက်ခိုက်နေကြဆဲပင်။
ဘုန်း ဘုန်း ဘုန်း
ပေါင်ရှုရဟန်း၏ မျက်နှာမှာ ပို၍ပင် နာကျင်လာသော်လည်း ရဟန်းအိုကြီးမှာ ပညာရှင်အရှိန်အဝါကို ထိန်းသိမ်းလိုသဖြင့် ချက်ချင်းပင် တည်ငြိမ်သည့်အမူအရာသို့ ပြန်ပြောင်းလိုက်သည်။
"မဟုတ်သေးဘူး... ဒီဂူပိုးကောင်တွေက အစီရင်တစ်ခု ပြုလုပ်ထားကြတာပဲ၊ အဲဒီအစီရင်က တိုက်ခိုက်မှု တော်တော်များများကို လွှဲဖယ်ပေးနိုင်တယ်၊ အမှောင်ထဲမှာ ပိုးကောင်တွေကို ထိန်းချုပ်နိုင်တဲ့ ပညာရှင်တစ်ယောက်ယောက် ရှိနေရမယ် "
ကျောက်နတ်ဆရာက လေးနက်စွာ ဆိုလိုက်သည်။
ဝူရှဲ့ရဟန်းက လက်နှစ်ဖက်ကို ထိကပ်၍ ရှိခိုးလိုက်ရာ ရွှေရောင် ဗုဒ္ဓလက်ဝါးကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ပိုးကောင်အုပ်ကြီးအပေါ်သို့ ရိုက်ချလိုက်သည်။ ခဏချင်းအတွင်းမှာပင် ရွှေစားပိုးကောင်များစွာမှာ အမှုန့်ဖြစ်သွားရသည်။
သို့သော် ကျန်ရှိနေသော ပိုးကောင်များမှာ ရေလှိုင်းများကဲ့သို့ ခဏမျှ ကွဲထွက်သွားပြီးနောက် ပြန်လည် စုစည်းမိသွားကြပြန်သည်။ ဤမြင်ကွင်းကြောင့် ယန်ဝိညာဉ်ရှင်အဆင့် ပညာရှင် (၃) ဦးစလုံး၏ မျက်လုံးများမှာ လေးနက်သွားကြတော့သည်။
"ပိုးကောင်ထိန်းချုပ်တဲ့အတတ်ကို ဒီအဆင့်ထိ ရောက်အောင် ကျင့်ထားနိုင်တယ်ဆိုရင် ဒါဟာ သေချာပေါက် ယန်ဝိညာဉ်ရှင်အဆင့်ပဲ ဖြစ်ရမယ်"
ကျောက်ထျန်းရှီးက ဆိုသည်။
"ဘယ်က သူရဲဘောကြောင်တဲ့ ပုဂ္ဂိုလ်လဲ၊ ဘာလို့ ငါကိုယ်တော်နဲ့ ထွက်ပြီး ထိပ်တိုက် မတိုက်ရဲရတာလဲ"
ရွှီထျန်းနန်၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။
"ထိပ်တိုက်တိုက်ရမယ် မင်းတို့က ငါ့ရဲ့ တပည့်တွေကို သတ်ခဲ့ကြတယ်၊ ဒီနေ့မှာတော့ ငါက ဒီမြန်ကျိုးမြို့က လူပေါင်း တစ်သိန်းကို သွေးယဇ်ပူဇော်ပြီး ငါ့တပည့်တွေရဲ့ ဝိညာဉ်ကို ဖြေသိမ့်ပေးမယ် "
ဝေဝါးသောအသံတစ်ခုသည် ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး မြန်ကျိုးမြို့ရှိ လူတိုင်း၏ နားထဲသို့ တိတိကျကျ ရောက်ရှိသွားသည်။
ရွှီထျန်းနန်တို့အဖွဲ့သည်လည်း ထိုပြင်းထန်လှသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် မျက်နှာများ အနည်းငယ် ပျက်ယွင်းသွားကြသည်။
တစ်ဖက်လူမှာ လူကိုယ်တိုင် ထွက်မလာသော်လည်း ထုတ်ဖော်ပြသလိုက်သော အစွမ်းမှာ တတိယအဆင့်ယန်ဝိညာဉ်ရှင်အဆင့် အစောပိုင်းထက် များစွာ သာလွန်နေသည်မှာ ထင်ရှားလှသည်။ ထိုအရှိန်အဝါက လူကို ရင်တုန်စေသည်။
"တတိယအဆင့် အလယ်အလတ်လား"
ရွှီထျန်းနန်၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။
အကယ်၍ ဤကိစ္စသည် ချင်းဝမ်မင်းသားအိမ်တော်နှင့် မပတ်သက်ဘူးဆိုလျှင် သူ သေအောင်တောင် မယုံပါချေ။ မဟုတ်ပါက ထိုကဲ့သို့သော မိစ္ဆာအိုကြီးက ဘယ်နေရာကနေ ရုတ်တရက် ထွက်လာပါ့မည်နည်း။
ဝုန်း ဝုန်း ဝုန်း
ရွှေစားပိုးကောင်များသည် သင်္ကန်းတော်ကို မနားတမ်း တိုက်ခိုက်နေသဖြင့် ပေါင်ရှုရဟန်း၏ မျက်နှာမှာ ပို၍ပင် ဆိုးရွားလာသည်။
သာမန် ရွှေစားပိုးကောင်များသည် ဤမျှ အရေအတွက် များပြားနေလျှင်ပင် တတိယအဆင့် ယန်ဝိညာဉ်ရှင်များကို ရင်ဆိုင်ရန် မလွယ်ကူလှပါချေ။
ယခုမူ ထိုနေရာတွင် ယန်ဝိညာဉ်ရှင် (၄) ပါးတောင် ရှိနေသည် မဟုတ်ပါလား။
သို့သော် ထိုပိုးကောင်များ၏ ပျံသန်းမှုပုံစံမှာ အစွမ်းထက်သော အစီရင်တစ်ခုကို ခင်းထားသဖြင့် ထိခိုက်မှုများကို ခုခံနိုင်ရုံသာမက၊ တန်ခိုးစွမ်းအားများကိုပါ အတိုင်းအတာတစ်ခုအထိ လျော့ပါးစေကာ ယန်ဝိညာဉ်ရှင် (၄) ပါးစလုံးကို ဖိအားပေးထားနိုင်ခြင်း ဖြစ်သည်။
အကယ်၍ ယန်ဝိညာဉ်ရှင် (၄) ပါးစလုံးသာ ပြိုင်တူ တိုက်ခိုက်မည်ဆိုပါက တစ်ဖက်လူမှာ တတိယအဆင့် အလယ်အလတ်ဖြစ်နေလျှင်ပင် ရှုံးနိမ့်သွားမှာ သေချာပါသည်။
သို့သော် တစ်ဖက်လူက အလွန်ပင် ကောက်ကျစ်လှသည်။ သူသည် လူကိုယ်တိုင် ထွက်မလာဘဲ ပိုးကောင်များကိုသာ ထိန်းချုပ်၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထိုပိုးကောင်များမှာ ယန်ဝိညာဉ်ရှင် (၄) ပါးကို သတ်ရန် မဖြစ်နိုင်သော်လည်း၊ သူတို့၏ ရည်ရွယ်ချက်မှာ မြန်ကျိုးမြို့ရှိ သာမန်ပြည်သူများ သာ ဖြစ်သည်။ အကယ်၍ ထိုပိုးကောင်များ မြို့ထဲဝင်သွားလျှင် မြန်ကျိုးမြို့မှာ ငရဲခန်းအလား ဖြစ်သွားပေလိမ့်မည်။
ဝုန်း
ကောင်းကင်တစ်ခုလုံး နတ်ဘုရားမီးများဖြင့် ပြည့်နှက်သွားတော့သည်။ မီးကျီးကန်းငှက်ပေါင်းများစွာ ပျံထွက်လာကြ၏။ ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော မီးနဂါးများ၊ မီးလျှံများ တောက်လောင်နေသော မြားများမှာ မိုးရွာသကဲ့သို့ ကျဆင်းလာတော့သည်။
ထက်မြက်လှသော ဓားအလင်းတန်းများသည်လည်း ရွှေစားပိုးကောင်များပေါ်သို့ အမြောက်ဆံများကဲ့သို့ ကျရောက်သွားသည်။
လီယန်ချူသည် ခဏချင်းအတွင်းမှာပင် နတ်ဘုရားမှော်ရတနာ များကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ မီးတိုက်ကွက်နှင့် မိုးကြိုးအတတ်မှာ ဤကဲ့သို့သော ဂူပိုးကောင်များအတွက် အထိရောက်ဆုံး ဆေးပင် ဖြစ်သည်။
မီးကျီးကန်းငှက်များ၏ တိုက်ခိုက်မှုမှာ အလွန်ပင် ပြင်းထန်လှသည်။
မီးကျီးတစ်သောင်းအိုး ပင် ဖြစ်သည်။
ဤနတ်ဘုရားမှော်ရတနာသည် တိုက်ခိုက်ရေးတွင် နဂါးငါးကောင်စက်ဝိုင်း သို့မဟုတ် ကျောက်ထျန်းတံဆိပ် လောက် အစွမ်းမထက်သော်လည်း၊ ထိုကဲ့သို့သော အုပ်စုလိုက် ဂူပိုးကောင်များကို နှိမ်နင်းရာတွင်မူ အခြားသော မှော်ရတနာများ မယှဉ်နိုင်သော စွမ်းဆောင်ရည် ရှိသည်။
မီးကျီးကန်းငှက် တစ်ကောင်ချင်းစီ၏ အစွမ်းမှာ ဂူပိုးကောင်များထက် သာလွန်လှသည်။ ထို့ကြောင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ဤထူးဆန်းသော ဂူပိုးကောင်များကို အသာစီးဖြင့် နှိမ်နင်းနိုင်ခဲ့သည်။
ဂူပိုးကောင်များသည် ထိုနတ်ဘုရားမီးများကို ခုခံရန် ထူးဆန်းသော အစီရင်တစ်ခုကို ချက်ချင်း ခင်းလိုက်ကြပြန်သည်။
ရှပ်
ဓားအလင်းတန်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားရာ ဂူပိုးကောင်အုပ်ကြီးမှာ နှစ်ခြမ်းကွဲသွားတော့သည်။ ထိုနည်းတူပင် ကောင်းကင်ထက်မှ တိမ်တိုက်များမှာလည်း နှစ်ခြမ်းကွဲသွားရသည်။
လီယန်ချူ၏ ဤဓားချက်သည် ဂူပိုးကောင် ရာပေါင်းများစွာကို သတ်ဖြတ်လိုက်ရုံသာမက၊ ဂူပိုးကောင်များအကြား ချိတ်ဆက်ထားသော ထူးဆန်းသည့် အစီရင်ကိုပါ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ကျန့်ကျောင်းဓား မှာ ကုသိုလ်မှတ် ၁ သိန်းတန် မှော်ရတနာ ဖြစ်သည်။
ဆန်းကြယ်သော တုန်ခါမှုများသည် ဂူပိုးကောင်များနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ပျံ့နှံ့သွားကာ အစီရင်ကို တိုက်ရိုက်ပင် ဖျက်ဆီးပစ်လိုက်သည်။
အစီရင် ပျက်စီးသွားပြီ
ရွှီထျန်းနန်မှာ ခဏမျှ မှင်တက်သွားသည်။
ယန်ဝိညာဉ်ရှင် (၄) ပါးမှာလည်း အခွင့်အရေးကို အရယူကာ ကျန်ရှိနေသော ဂူပိုးကောင်အားလုံးကို အကုန်အစင် သုတ်သင်ပစ်လိုက်ကြတော့သည်။
ပေါင်ရှုရဟန်းမှာလည်း ထိုအခါမှ သင်္ကန်းတော်ကို ပြန်လည် သိမ်းဆည်းလိုက်နိုင်သည်။
"ဒါက သတိပေးချက် သက်သက်ပဲ၊ နောက် ၃ ရက်အတွင်းမှာ ဒီတုန်းလင်ခရိုင် တစ်ခုလုံးကို ငါက သရဲနယ်မြေ ဖြစ်အောင် လုပ်ပစ်မယ် "
ကောင်းကင်ယံမှ အသံမှာ ဖျက်ဆီးလိုစိတ်နှင့် ရူးသွပ်မှုများ အပြည့်ပါဝင်နေသည်။
ရွှီထျန်းနန်မှာ မျက်မှောင်ကြုတ်သွား၏။ ဤကဲ့သို့သော မိစ္ဆာအိုကြီးများမှာ တကယ်ကိုပင် ခေါင်းခဲစရာ ကောင်းလှသည်။
လောကထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လူပေါင်းသောင်းချီကို သွေးယဇ်ပူဇော်ကာ မြို့ဖျက်ရန် ဝန်မလေးကြပါချေ။
ကျောက်နတ်ဆရာ၏ မျက်လုံးများထဲတွင် ဆန်းကြယ်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
သူသည် လုံဟူရှန်း၏ ကံကြမ္မာအတတ် ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ချင်းဝမ်မင်းသား၏ သားတော်ကဲ့သို့ တတိယအဆင့် ယန်ဝိညာဉ်ရှင်တစ်ဦး၏ ဗေဒင်ဟောကိန်း ကို ပိတ်ဆို့နိုင်စွမ်း လူတိုင်းမှာ မရှိပါချေ။
"ကျိုချုံတောင်ပေါ်က ကျိုရွှမ်ဂူ... ကျင်ယွီ ပဲ"
ကျောက်နတ်ဆရာက လေးနက်စွာ ဆိုလိုက်သည်။
တစ်ဖက်လူက ဤမျှ ကြီးမားလှသော လှုပ်ရှားမှုကြီးကို လုပ်ဆောင်ခဲ့သဖြင့် သူသည် ကံကြမ္မာကို တွက်ချက်ကာ တစ်ဖက်လူ၏ ခိုအောင်းရာနေရာကို ရှာတွေ့သွားခြင်း ဖြစ်သည်။
"ကောင်းပြီ... ငါတို့ အခုချက်ချင်း ကျိုချုံတောင်ကို သွားပြီး အဲဒီမိစ္ဆာကို သတ်ကြတာပေါ့၊ လူသားလောကကို ဒုက္ခမပေးနိုင်အောင် "
ရွှီထျန်းနန်က ဒေါသတကြီးဖြင့် ဆိုလိုက်သည်။
လီယန်ချူသည် တိမ်စီးအတတ် ကို အသုံးပြုကာ ကောင်းကင်သို့ ပျံတက်လာပြီး ရွှေရောင်ဦးဆောင်း ကို ချွတ်၍ သူ၏ ကိုယ်ထည်ကို ထုတ်ဖော်လိုက်သည်။ ယန်ဝိညာဉ်ရှင် (၄) ပါးနှင့် လီယန်ချူတို့သည် ကျိုချုံတောင်ဆီသို့ အတူတကွ ပျံသန်းသွားကြတော့သည်။
ဤမြင်ကွင်းမှာ မြန်ကျိုးမြို့သူမြို့သားများကို များစွာ အံ့အားသင့်စေခဲ့သည်။
ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော ထိုကဲ့သို့သော မဟာတန်ခိုးရှင်များ၏ တိုက်ပွဲကို မြင်တွေ့လိုက်ရသဖြင့် သူတို့မှာ များစွာ တုန်လှုပ်နေကြရသည်။
အထူးသဖြင့် ဝေ့အိမ်တော်သခင် ဝေ့ဝမ်ကျုံး မှာမူ...
သူသည် လီယန်ချူနှင့် ယန်ဝိညာဉ်ရှင် (၄) ပါးတို့ ထွက်ခွာသွားသော နောက်ကျောကို ကြည့်ကာ စိတ်လှုပ်ရှားမှုမှာ အတိုင်းသား ဖြစ်နေတော့သည်။
"တကယ်ကိုပဲ... အရမ်းကို ကြီးမားခိုင်ခံ့တဲ့ ခြေထောက်ကြီးပါလား "
ဝေ့ဝမ်ကျုံးမှာ အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။
(မှတ်ချက် ခြေထောက်ကြီး ဆိုသည်မှာ မှီခိုအားထားရသော အာဏာရှိသည့် အသိုင်းအဝိုင်းကို တရုတ်စကားပုံအရ ခေါ်ဆိုခြင်း ဖြစ်ပါသည်)
အခန်း (၅၅၂) - ကျိုချုံတောင် ၊ ကျင်ယွီအထက်နတ်ဆရာ ၊ တာအိုဂိုဏ်း ဆေးဖော်စပ်ခြင်းအတတ်၏ လက်တွေ့တိုက်ပွဲအသုံးချမှု ၊လူငယ်မို့လို့ သွေးကြွနေတာလား
ကျိုချုံတောင်
ထိုနေရာသည် မြန်ကျိုးမြို့နှင့် မိုင်ပေါင်း ၂၀၀ ခန့် ကွာဝေးလှသည်။ သို့သော်လည်း စောစောက ရွှေစားပိုးကောင်များသည် မြန်ကျိုးမြို့အထိ ရောက်အောင် သွားနိုင်ခဲ့ကြသည်။
ကျင်ယွီ အတွက်မူ ဤသည်မှာ အသေးအဖွဲ နည်းလမ်းလေးမျှသာဖြစ်ပြီး၊ သတိပေးဆုံးမခြင်း သက်သက်သာ ဖြစ်သည်။ မြို့သူမြို့သား သောင်းချီကို သတ်ဖြတ်လိုက်မှသာ သူ၏ ဒေါသမှာ အနည်းငယ် ပြေလျော့သွားမည်ဖြစ်သည်။
"ကျင်ယွီ ခွေးသူခိုး... ငါကိုယ်တော်ရှေ့ကို ထွက်ခဲ့စမ်း"
အနီရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော တရားရုံးချုပ် မှ အရာရှိကြီး ရွှီထျန်းနန်က ဟိန်းဟောက်လိုက်တော့သည်။
ထို့နောက် သူသည် ဧရာမ ကျောက်တောင်ကြီးတစ်ခုကို ထိန်းချုပ်ကာ ကျိုရွှမ်ဂူဝသို့ အရှိန်အဟုန်ဖြင့် ပစ်ပေါက်လိုက်သည်။
ဝုန်း
ကျယ်လောင်လှသော အသံကြီးနှင့်အတူ ဂူဝမှာ ပြိုကျပျက်စီးသွားတော့သည်။ ဤမြင်ကွင်းကို ကြည့်ပြီး လီယန်ချူ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွား၏။ လူချင်းတွေ့ချင်တာကို အရင်ဆုံး ဂူဝကို ဖြိုချပစ်လိုက်ရသလား။
ဝီ ဝီ ဝီ
နောက်တစ်ခဏတွင် ဂူအတွင်းမှ ပြင်းထန်လှသော ပျံသန်းသံများ ထွက်ပေါ်လာပြီး ဂူဝရှိ ကျောက်စိုင် ကျောက်ခဲများကို ခဏချင်းအတွင်း စားပစ်လိုက်ကြသည်။
"ဝူထုမိစ္ဆာပိုးကောင် တွေပဲ "
ဝူရှဲ့ရဟန်းက ဆိုလိုက်သည်။
ထိုမိစ္ဆာပိုးကောင်များ၏ စွမ်းရည်မှာ ရွှေစားပိုးကောင်များထက်ပင် ပို၍ အစွမ်းထက်လှသည်။ ဂူပိုးကောင် ထိန်းချုပ်ခြင်းအတတ်ကို ကျွမ်းကျင်သော ကျင့်ကြံသူ၏ လက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်သည်။
အထူးသဖြင့် ၎င်းတို့သည် မြေအောက်သို့ တိုးဝင်နိုင်သဖြင့် လူကို အစအနမကျန် သတ်ဖြတ်နိုင်သည်။
ကျင့်ကြံသူများပင်လျှင် ရင်ဆိုင်ရန် ခက်ခဲလှပေသည်။ လူတိုင်းသည် မိမိတို့ကိုယ်ပေါ်တွင် အလင်းတန်းများ လင်းလက်လာစေပြီး ခုခံကာကွယ်သည့် နည်းလမ်းများကို ထုတ်သုံးလိုက်ကြသည်။
လီယန်ချူသည် ထိုသန့်စင်လှသော မြေဒြပ်စင် အငွေ့အသက်ကို ခံစားလိုက်ရသောအခါ မျက်လုံးများ ဝင်းလက်သွားတော့သည်။
"အဆင့်မရှိတဲ့ကောင်တွေ... ကောင်းကင်ရဲ့ အနိမ့်အမြင့်ကို မသိဘဲ ငါ့ရဲ့ ဂူဗိမာန်မှာ လာပြီး ရုန်းရင်းဆန်ခတ် လုပ်ရဲတယ်ပေါ့ "
အိုမင်းရင့်ရော်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ဝူထုမိစ္ဆာပိုးကောင်များသည် တဖြည်းဖြည်း စုစည်းသွားကြပြီး ဧရာမ လူမျက်နှာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုမျက်နှာကြီးမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
ရွှီထျန်းနန်၏ မျက်နှာမှာ တည်သွားပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။
လူ၏ရုပ်သွင်သည် စိတ်အတွင်းသဘောအတိုင်း ဖြစ်တည်တတ်သည် မဟုတ်ပါလား။
သူ၏ ရုပ်သွင်မှာ ကြောက်မက်ဖွယ် ကောင်းပြီး ထွားကျိုင်းသန်မာလှသဖြင့် သူသည် သိုင်းပညာကို မကျင့်ကြံလျှင်ပင် သူ၏ စိတ်နေစိတ်ထားမှာ အလွန်ပင် တင်းမာခိုင်မာသူ ဖြစ်သည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို သူတို့အားလုံး၏ ရှေ့တွင် လူရိပ်တစ်ခုက ပိတ်ရပ်လိုက်သည်။
"ဒီအကောင်တွေကို နှိမ်နင်းဖို့ ကျွန်တော့်ကိုပဲ ခွင့်ပြုပါ "
လီယန်ချူက လေးနက်စွာ ဆိုလိုက်သည်။
ယန်ဝိညာဉ်ရှင် (၄) ပါးမှာ လီယန်ချူကို ကျောပေးထားသဖြင့် လီယန်ချူ၏ မျက်နှာပေါ်ရှိ အနည်းငယ် စိတ်လှုပ်ရှားနေသော အမူအရာကို မမြင်လိုက်ရပါချေ။
သူ၏ မျက်လုံးများထဲတွင် ထူးခြားသော အလင်းတန်းတစ်ခု ဖြာထွက်နေသည်။ ထိုအလင်းတန်းကြောင့် ဝူထုမိစ္ဆာပိုးကောင်များ စုစည်းထားသော ဧရာမ လူမျက်နှာကြီးပင်လျှင် ခဏမျှ ဝေခွဲမရ ဖြစ်သွားရသည်။
"တတိယအဆင့်တောင် မရောက်သေးဘဲ၊ တိမ်စီးအတတ်ကို ကံကောင်းလို့ တတ်မြောက်ထားတဲ့ တာအိုဆရာလေးက သေချင်နေတာပဲ "
ကျင်ယွီအထက်နတ်ဆရာက အေးစက်စွာ ဟောက်လိုက်သည်။
ဝူထုမိစ္ဆာပိုးကောင်များသည် လီယန်ချူဆီသို့ တိုက်ရိုက် ပျံဝင်သွားပြီး သတ်ဖြတ်ခြင်း အစီရင်တစ်ခုကို ဖော်ဆောင်လိုက်သည်။
ထိုအစီရင်၏ အရှိန်အဝါမှာ အလွန်ပင် လေးလံထူထပ်လှပြီး ဝူထု (မြေဒြပ်စင်) ၏ ဖိနှိပ်ချုပ်ချယ်မှု စွမ်းအားများ ပါဝင်နေသည်။
၎င်းသည် မိစ္ဆာပိုးကောင်များ၏ စွမ်းရည်ကို အပြည့်အဝ နိုးကြားစေကာ အချင်းချင်း စွမ်းအင်ချင်း ချိတ်ဆက်၍ တစ်သားတည်း ဖြစ်စေသည်။
ဤသည်မှာမှ အစစ်အမှန် ဂူပိုးကောင် ထိန်းချုပ်ခြင်းအတတ် ဖြစ်သည်။ သာမန် ပိုးကောင်များနှင့် သားရဲများကို ခိုင်းစေခြင်းမှာ အသေးအဖွဲ အတတ်များသာ ဖြစ်သည်။
လီယန်ချူသည် စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး ရှေးဟောင်း ဆေးဖော်စပ်သည့် အိုး ကို ထုတ်လိုက်သည်။
ဤရှေးဟောင်းဆေးဖိုမှာ သူ ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေ အတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဤဆေးဖိုသည် အရာ ၂ မျိုးကိုသာ ဆေးဖော်စပ်ခဲ့ဖူးသည်။
တစ်ခုမှာ ပေရာချီ ရှည်လျားလှသော ဧရာမ မြွေနဂါး ဖြစ်ပြီး၊ နောက်တစ်ခုမှာ ဖီးနစ်ငှက်၏ စွမ်းအားကို မျိုချထားသော မီးချီလင် ဖြစ်သည်။
၎င်းတို့အားဖြင့် သွေးစွမ်းအင် ဆေးလုံးကြီး ၂ လုံးကို ဖော်စပ်နိုင်ခဲ့သဖြင့် လီယန်ချူ၏ ခန္ဓာကိုယ်မှာ ယခုအခါ တတိယအဆင့်နှင့် ယှဉ်နိုင်သော ကြောက်မက်ဖွယ် ခိုင်ခံ့မှုကို ရရှိထားခြင်း ဖြစ်သည်။ သူ၏ ကိုယ်ပေါ်မှ သွေးစွမ်းအင်များမှာ နေမင်းကြီးကဲ့သို့ပင် တောက်ပလှသည်။
ယခုအခါတွင်လည်း ဆေးဖို သည် လီယန်ချူ၏ စိတ်ဆန္ဒကို ခံစားလိုက်ရသည်။
ချက်ချင်းပင် အလွန်ပြင်းထန်လှသော စုပ်ယူမှု အားကြီးတစ်ခု ထွက်ပေါ်လာပြီး ရေတွက်၍မရနိုင်သော ဝူထုမိစ္ဆာပိုးကောင် အားလုံးကို အထဲသို့ စုပ်ယူပစ်လိုက်တော့သည်။
"......" ရွှီထျန်းနန်
"......" ကျောက်နတ်ဆရာ
"......" ပေါင်ရှုရဟန်း
"......" ဝူရှဲ့ရဟန်း
"........." ကျင်ယွီအထက်နတ်ဆရာ
ဆေးဖိုကြီးထံမှ တောက်ပလှသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဝူထုမိစ္ဆာပိုးကောင်များကို တစ်ခဏချင်းအတွင်းမှာပင် ဆေးအဖြစ်သို့ စတင် အရည်ကျို ဖော်စပ်လိုက်တော့သည်။ ဆေးဖိုကြီးမှာ မနားတမ်း လည်ပတ်နေ၏။
"အရမ်းတော်တာပဲ"
လီယန်ချူက ဆေးဖိုကြီးကို စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်သည်။ ဆေးဖိုကြီးထံမှလည်း ဝမ်းမြောက်နေသော စိတ်ခံစားမှုတစ်ခု ပြန်လည် ထွက်ပေါ်လာသည်။
"ဒါ... ဆေးဖော်နေတာလား"
ပေါင်ရှုရဟန်းမှာ မယုံနိုင်အောင် ဖြစ်နေရသည်။
"နတ်ဆရာ... တာအိုဂိုဏ်းရဲ့ ဆေးဖော်စပ်တဲ့အတတ်က ရန်သူကို တိုက်ခိုက်တဲ့နေရာမှာ သုံးလို့ရတာလား "
ကျောက်နတ်ဆရာ၏ နှုတ်ခမ်းမှာ တွန့်သွားကာ
"အမှန်အတိုင်း ပြောရရင်... ငါကိုယ်တိုင်လည်း ဒါမျိုး တစ်ခါမှ မစဉ်းစားဖူးဘူး"
အမှန်စင်စစ် ကျောက်နတ်ဆရာသည် လိမ်ပြောနေခြင်း မဟုတ်ပါချေ။ ဆေးဖော်စပ်ခြင်းမှာ တာအိုဂိုဏ်းသားများအတွက် အမြဲတမ်း နောက်ကွယ်က ကူညီပေးသည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း ဆေးဖော်စပ်သည့်အတတ်ကို တိုက်ရိုက်အသုံးပြုသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပါချေ။ ယနေ့မှာတော့ သူလည်း မျက်စိပွင့်သွားရပြီ ဖြစ်သည်။
ဆေးဖိုကြီးပေါ်တွင် အလွန်ပြင်းထန်လှသော နတ်ဘုရားအလင်းများ ထွက်ပေါ်လာပြီး ဆေးတိမ်တိုက် များပင် စတင် ဖြစ်ပေါ်လာသည်။
"ဟော... ဒါက ဆေးတိမ်တိုက်တောင် ပေါ်နေတဲ့ နတ်ဆေးလုံးလား "
ကျောက်နတ်ဆရာ၏ မျက်လုံးများမှာ ပြူးထွက်သွားတော့သည်။
"အမှောင်ထဲမှာ ပုန်းနေတဲ့ မေဘေး... မင်းမှာ ဒီလောက်ပဲ နည်းလမ်း ရှိတာလား "
လီယန်ချူသည် ဂူဝတွင် ပိတ်ရပ်ကာ အကြမ်းစားဆဲဆိုနေတော့သည်။
သို့သော် သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ အပြည့်ပါဝင်နေသည်။
သူ၏ ဆေးဖော်စပ်ခြင်းအတတ်ကို မြင်တွေ့လိုက်ရသော ယန်ဝိညာဉ်ရှင် ၄ ပါးမှာမူ... လီယန်ချူသည် ယခုအခါ ကျင်ယွီမိစ္ဆာကို ကိုယ်တိုင်ထွက်လာအောင် တမင်တကာ ဆွပေးနေခြင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။
ကျိုရွှမ်ဂူအတွင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ အစွမ်းထက်လှသော လူရိပ်တစ်ခု ဂူအတွင်းမှ ပျံထွက်လာသည်။
သူသည် တောင်ပိုင်းနယ်စပ် သားတစ်ဦး ဖြစ်သည်။ ခေါင်းပေါ်တွင် ဧရာမ ဦးထုပ်ကြီးကို ဆောင်းထားပြီး ဝတ်စုံမှာ အနည်းငယ် ထူးဆန်းလှသည်။
ထိုသူမှာ အရပ်အမောင်း ပုကွကွဖြစ်ပြီး အသက် ၁၃၊ ၁၄ နှစ်အရွယ် လူငယ်လေးတစ်ဦးနှင့် တူလှသည်။
သို့သော် သူ၏ မျက်လုံးများထဲတွင်မူ နှစ်ပေါင်းများစွာကို ဖြတ်သန်းလာခဲ့သည့် လေးနက်မှုများ ခိုအောင်းနေသဖြင့် သူ မည်မျှကြာအောင် အသက်ရှင်နေခဲ့သည်ကို မည်သူမျှ မသိနိုင်ပါချေ။
တောင်ပိုင်းနယ်စပ် ဟန်အပြည့်ပါဝင်သော ထိုကျင့်ကြံသူ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရွှီထျန်းနန်တို့၏ အရှိန်အဝါကို ဖိနှိပ်ပစ်လိုက်တော့သည်။
တတိယအဆင့် အလယ်အလတ်
လူတိုင်း၏ စိတ်ထဲတွင် ဤအတွေး ဝင်လာကြသည်။ တတိယအဆင့်သို့ တက်လှမ်းပြီးနောက် အဆင့်ငယ် ၃ ဆင့် ခွဲခြားထားသော်လည်း ထိုအဆင့်ငယ်များ၏ ကြားတွင် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။
ယခုအခါ လောကပေါ်ရှိ ယန်ဝိညာဉ်ရှင် အများစုမှာ တတိယအဆင့် အစောပိုင်းများသာ ဖြစ်ကြသည်။ သို့သော် အချို့သော မိစ္ဆာအိုကြီးများသည် အလယ်အလတ် သို့မဟုတ် နောက်ဆုံးအဆင့် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ထိုသို့သော ပုဂ္ဂိုလ်များသည် ပုံမှန်အားဖြင့် လှုပ်ရှားလေ့မရှိကြဘဲ သူတို့ အာရုံစိုက်သည့် အရာများမှာ သာမန် ကျင့်ကြံသူများနှင့် မတူပါချေ။
"စောစောက ငါ့ရဲ့ ရွှေစားပိုးကောင်တွေကို မီးအတတ်နဲ့ ဖျက်ဆီးခဲ့တာ မင်းပဲ မဟုတ်လား "
ကျင်ယွီအထက်နတ်ဆရာက လေးနက်စွာ ဆိုလိုက်သည်။
"ဟုတ်တယ်"
လီယန်ချူက ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်လှပြီး ထိုတတိယအဆင့် အလယ်အလတ် ကျင့်ကြံသူကြီးကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပါချေ။
"ကောင်းပြီ... မင်းက တကယ်ကို သတ္တိကောင်းတာပဲ၊ ငါ့ကိုတွေ့တာတောင် ဖုံးကွယ်မနေဘဲ တည့်တည့်ပြောရဲတယ်"
ကျင်ယွီအထက်နတ်ဆရာက ပညာရှင်အရှိန်အဝါဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းက ငါ့ကို မနိုင်လို့လေ"
လီယန်ချူက ဆိုလိုက်သည်။
ကျင်ယွီအထက်နတ်ဆရာ - "........."
ရွှီထျန်းနန်ကမူ မသိမသာ ပြုံးလိုက်မိသည်။ ဒီကောင်လေးက တကယ်ကို သတ္တိရှိတာပဲ။
"ငါကိုယ်တော်က မင်းလို ဒီလောက်အထိ သွေးကြွနေတဲ့ နောက်မျိုးဆက်ကို တစ်ခါမှ မတွေ့ဖူးသေးဘူး"
ကျင်ယွီအထက်နတ်ဆရာက လေးနက်စွာ ဆိုသည်။
"သွေးမကြွရင် လူငယ်လို့ ခေါ်မလားကွ"
လီယန်ချူက မထီမဲ့မြင် ပြန်ပြောလိုက်သည်။
ကျင်ယွီအထက်နတ်ဆရာမှာ လီယန်ချူ၏ စကားကြောင့် ခဏမျှ ဆွံ့အသွားရသည်။ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
သူ၏ ဘေးပတ်လည်တွင် ရေတွက်၍မရနိုင်သော ပိုးကောင်များမှာ လှိုင်းလုံးကြီးများကဲ့သို့ လီယန်ချူဆီသို့ ပြေးဝင်သွားကြသည်။ အရောင်အသွေး စုံလင်လှပြီး ပုံစံအမျိုးမျိုး ရှိကြသော်လည်း အားလုံးမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
လီယန်ချူ၏ အမူအရာမှာ အလွန်တည်ငြိမ်နေ၏။
ရွှေရောင် လူရိပ်တစ်ခုသည် သူ၏ရှေ့တွင် ပေါ်လာသည်။
ထိုသူ၏ ဦးခေါင်းနောက်ကွယ်တွင် မီးဝိုင်း တစ်ခု ရှိနေသည်။ သူသည် ပိုးကောင်အုပ်ကြီးဆီသို့ လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်။
ယခုအခါတွင် သာမန်ပြည်သူများ၏ တားဆီးမှု မရှိတော့သဖြင့် ဝူရှဲ့ရဟန်းသည် အလွန်ပြင်းထန်လှသော အဖျက်စွမ်းအားကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
လီယန်ချူသည် ကျင်ကွမ်းကျောင်းကို ကယ်တင်ခဲ့ဖူးသလို သူ၏ အသက်ကိုလည်း ကယ်တင်ခဲ့ဖူးသည်။ ထို့ကြောင့် ဤပိုးကောင်ထိန်းချုပ်သည့် မိစ္ဆာက လီယန်ချူကို ထိခိုက်အောင် လုပ်မည်ကို သူ မည်သို့ ကြည့်နေနိုင်ပါမည်နည်း။
ဝူရှဲ့ရဟန်း တစ်ဦးတည်းသာမက၊ ပေါင်ရှုရဟန်း၊ လုံဟူရှန်းမှ ကျောက်နတ်ဆရာ နှင့် တရားရုံးချုပ်မှ ရွှီထျန်းနန်... ဤယန်ဝိညာဉ်ရှင် (၄) ပါးစလုံး ပြိုင်တူ ထွက်တိုက်ကြတော့သည်။
ကျင်ယွီအထက်နတ်ဆရာနှင့် တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှ၏။ ကောင်းကင်တစ်ခုလုံးတွင် မီးလျှံများ၊ ဓားအလင်းတန်းများ၊ စိတ်စွမ်းအားများ၊ မိစ္ဆာပိုးကောင်များနှင့် ဗုဒ္ဓရောင်ခြည်တော်များ ရောယှက်ကာ အရောင်အသွေး စုံလင်နေတော့သည်။
လီယန်ချူကမူ အလျင်စလို ဝင်မတိုက်သေးပါချေ။ ယနေ့မှာတော့ အေးဆေးတဲ့ တိုက်ပွဲ ဖြစ်နေသည် မဟုတ်ပါလား။
ယန်ဝိညာဉ်ရှင် ပညာရှင်ကြီး (၄) ဦးလုံး ရောက်နေသဖြင့် သူ အားစိုက်စရာပင် မလိုတော့ပါချေ။ သူသည် ဆေးဖိုကြီးကို ယူကာ အနည်းငယ် နောက်ဆုတ်လိုက်သည်။
ဆေးဖိုကြီးအတွင်းမှ ထွက်ပေါ်လာသော သန့်စင်လှသည့် မြေဒြပ်စင် အရှိန်အဝါကို ခံစားရင်း သူ မသိမသာ ပြုံးလိုက်မိသည်။
"ရှာပုံတော်ဖွင့်တဲ့အခါ ရှာမတွေ့ခဲ့ပေမဲ့၊ အခုတော့ အလိုအလျောက် ရောက်လာပါလား"