အခန်း (၅၅၃-၅၅၄)
Vol. 56 Ch. 553-554
အခန်း (၅၅၃) - စစ်သည်တော်များနှင့် စစ်မြင်းများ၊ ဝိညာဉ်ခွဲစိတ်ဖြာခြင်းအတတ် ၊ ကုဋေကုဋာသော ပိုးကောင်ခန္ဓာများ ၊ ထိုက်ကျိအစီရင်ဖြင့် စိတ်ဝိညာဉ်ကို ချုပ်နှောင်ခြင်း
ဝုန်း
ဝုန်း ဝုန်း ဝုန်း
ပြင်းထန်လှသော အရှိန်အဝါများသည် ကျိုချုံတောင်အတွင်း၌ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ယန်ဝိညာဉ်ရှင် ပညာရှင်ကြီး (၄) ဦးသည် ဂူပိုးကောင်ထိန်းချုပ်ခြင်း အတတ်၌ ကျွမ်းကျင်လှသော ကျင်ယွီအထက်နတ်ဆရာကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်။
"စစ်သည်တော်များနှင့် စစ်မြင်းများ "
အနီရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော တရားရုံးချုပ်မှ ဒုတိယအရာရှိချုပ် ရွှီထျန်းနန်က လေးနက်စွာ အော်ဟစ်လိုက်သည်။
သူ၏ ယန်ဝိညာဉ် စိတ်စွမ်းအားများသည် ထောင်သောင်းမကသော စစ်သည်တော်များနှင့် စစ်မြင်းများအဖြစ် ပြောင်းလဲသွားကာ စစ်ကြောင်းအသွင်ဖြင့် ကျင်ယွီအထက်နတ်ဆရာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်တော့သည်။
ကျင်ယွီအထက်နတ်ဆရာက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်စွပ်အတွင်းမှ ရေတွက်၍မရနိုင်သော ထိတ်လန့်ဖွယ် မိစ္ဆာပိုးကောင်များသည် တရဟော ပျံထွက်လာပြီး ရွှီထျန်းနန်၏ စစ်သည်တော်များနှင့် ထိပ်တိုက်ရင်ဆိုင်ကြသည်။
ဝီ ဝီ ဝီ
ဘုန်း ဘုန်း ဘုန်း
ပိုးကောင်များ၏ အတောင်ပံခတ်သံများနှင့် ပိုးကောင်အလောင်းများ ပေါက်ကွဲသံများသည် နားမခံသာအောင် တောအုပ်တစ်ခုလုံး ဟိန်းထွက်နေတော့သည်။
ရွှီထျန်းနန်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ခန္ဓာကိုယ်မှာ ခဏမျှ တုန်ခါသွားရသည်။ ကျင်ယွီအထက်နတ်ဆရာ၏ ပိုးကောင်များသည် တစ်ကောင်နှင့်တစ်ကောင် ချိတ်ဆက်ထားသဖြင့် တစ်သားတည်း ဖြစ်နေကြသည်။
စောစောက သူသည် အဝေးမှနေ၍ ယန်ဝိညာဉ်ဖြင့်သာ ပိုးကောင်များကို ထိန်းချုပ်နေစဉ်ကပင် ရင်ဆိုင်ရ ခက်ခဲခဲ့သည် မဟုတ်ပါလား။ ယခုကဲ့သို့ အနီးကပ် တိုက်ခိုက်ရသောအခါမှ ကျင်ယွီ၏ ပိုးကောင်ထိန်းချုပ်ခြင်း အတတ်ပညာ မည်မျှ နက်ရှိုင်းသည်ကို ပို၍ သိသာလာရသည်။
ပိုးကောင်များကို အစီရင်တစ်ခုအဖြစ် ခင်းကျင်းလိုက်ခြင်းဖြင့် မူလထက် ဆယ်ဆမက ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်နိုင်သည်။ ထိုစဉ် ကောင်းကင်ယံမှ ဧရာမ တောက်ပလှသော ဗုဒ္ဓလက်ဝါးကြီးတစ်ခု ကျဆင်းလာပြီး ကျင်ယွီအထက်နတ်ဆရာ၏ ကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်။ ဤသည်မှာ ဝူရှဲ့ရဟန်း အသုံးပြုလိုက်သော ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအား ပင် ဖြစ်သည်။
ကျင်ယွီအထက်နတ်ဆရာ၏ ရှေ့တွင် ပိုးကောင်များစွာသည် ရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာပြီး ထိုဗုဒ္ဓလက်ဝါးကြီးကို ဆီးကြိုတားဆီးလိုက်ကြသည်။ ၎င်းတို့သည် ရွှေရောင်လက်ဝါးကြီးကို ကောင်းကင်ယံထက်တွင် အတင်းအဓမ္မ ရပ်တန့်သွားစေသည်။
ထိုတစ်ခဏအတွင်းမှာပင် တစ်ကိုယ်လုံး ရွှေရောင်များ ဝင်းလက်နေသော ရဟန္တာပုံရိပ် တစ်ခုသည် ကျင်ယွီအထက်နတ်ဆရာ၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိလာသည်။ ကြီးကျယ်ခမ်းနားလှသော ဗုဒ္ဓလက်သီးချက်မှာ ပြင်းထန်လှသော ယန်စွမ်းအင်များ ပါဝင်နေသည်။
ဝုန်း
လက်သီးချက်သည် ကျင်ယွီ၏ ကိုယ်ပေါ်သို့ တည့်တည့်ကျရောက်သွားသဖြင့် သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ ဤရဟန္တာပုံရိပ်မှာ ပေါင်ရှုရဟန်းကြီး အသုံးပြုလိုက်သော မဟာတန်ခိုးစွမ်းအား ဖြစ်သည်။ သူသည် စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး ကျင်ယွီကို ထပ်မံ၍ အနားမပေးဘဲ တိုက်ခိုက်တော့သည်။
သို့သော်လည်း မြေပြင်အောက်မှ မရေမတွက်နိုင်သော ပိုးကောင်များသည် ရုတ်တရက် ထိုးထွက်လာပြီး ရဟန္တာပုံရိပ်ကြီးကို ခဏချင်းအတွင်း ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။
ထိုပိုးကောင်များပေါ်တွင် ထူးဆန်းသော အစီရင်များ ပါရှိနေပြီး ကျင့်ကြံသူ၏ စွမ်းအားများကို စုပ်ယူစားသောက်နိုင်ကြသည်။ ရဟန္တာပုံရိပ်ကြီးထံမှ ရွှေရောင် ဗုဒ္ဓရောင်ခြည်တော်များ ဖြာထွက်လာသော်လည်း ထိုပိုးကောင်များသည် အရိုးထဲအထိ တွယ်ကပ်နေသော သံကောင်များကဲ့သို့ မခွာတမ်း ကပ်နေကြဆဲပင်။
ကျောက်နတ်ဆရာသည် အစိမ်းရောင် အဆောင်တစ်ခုကို ထုတ်၍ ပစ်ပေါက်လိုက်သည်။
"အလယ်ဗဟို ဝူယွဲ့နတ်ဘုရားအဆောင်"
စိမ်းလန်းသော ချီစွမ်းအင်များ ပျံ့နှံ့သွားပြီး ရဟန္တာပုံရိပ်ကြီးကို ဝိုင်းထားသော ပိုးကောင်များကို တစ်ခဏချင်း တုန်ခါလွင့်စင်သွားစေသည်။ ရဟန္တာပုံရိပ်ကြီးသည်လည်း အခွင့်အရေးကို အရယူကာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ကျင်ယွီဆီသို့ ပြန်လည် တိုးဝင်သွားသည်။
ကျင်ယွီအထက်နတ်ဆရာ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပိုးကောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဝီ ဟူသော အသံနှင့်အတူ နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ထို့နောက် မရေမတွက်နိုင်သော ပိုးကောင်များသည် ကျောက်နတ်ဆရာဆီသို့ ဝိုင်းအုံလာကြသည်။
ကျောက်နတ်ဆရာသည် ဗေဒင်တွက်ချက်ခြင်းနှင့် ကံကြမ္မာအတတ်တွင် ကျွမ်းကျင်သော်လည်း တိုက်ရိုက် တိုက်ခိုက်သည့်နေရာတွင်မူ သူ၏ အားသာချက် မဟုတ်ပါချေ။
သူသည် လက်ချောင်းများဖြင့် မန္တန်ကွက်ဖော်လိုက်ရာ နောက်တစ်ခဏတွင် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။
မြေလျှိုးအတတ်
ဝုန်း
မရေမတွက်နိုင်သော ပိုးကောင်များသည် လေဆင်နှာမောင်းကြီးတစ်ခုကဲ့သို့ မြေပြင်အောက်သို့ တရဟော တိုးဝင်သွားကြသည်။ ကျောက်နတ်ဆရာ၏ မျက်နှာမှာ ပျက်ယွင်းသွား၏။
"ဒီလောက်တောင် ရင်ဆိုင်ရ ခက်တာလား "
သူသည် မြေပြင်အောက်တွင် မြေလျှိုးအတတ်ဖြင့် ပြေးလွှားနေသော်လည်း ကျင်ယွီ၏ ပိုးကောင်များထဲတွင် မြေလျှိုးခြင်း၌ ကျွမ်းကျင်သော အဆိပ်ပိုးကောင်များလည်း ပါဝင်နေသဖြင့် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
ကျောက်နတ်ဆရာသည် မြေအောက်မှ ကောင်းကင်ယံသို့ ပြန်လည် ပျံတက်လာပြီး ကောင်းကင်တွင် လက်ချောင်းဖြင့် စာလုံးများကို အလျင်အမြန် ရေးဆွဲလိုက်သည်။
ဧရာမ ဝိညာဉ်အစီရင်ကြီးတစ်ခု သူ၏ရှေ့တွင် ပေါ်လာတော့သည်။ လိုက်ပါလာသော ပိုးကောင်များသည် ထိုအစီရင်ကြီးကို ဝင်တိုက်မိသဖြင့် အားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြသည်။
ယန်ဝိညာဉ်ရှင် (၄) ပါး ပြိုင်တူတိုက်ခိုက်နေသော်လည်း ကျင်ယွီအထက်နတ်ဆရာ တစ်ဦးတည်းကိုပင် မနည်း ရင်ဆိုင်နေရကာ အနည်းငယ် ကယောင်ကတမ်း ဖြစ်နေကြရသည်။ ထို့ပြင် ယခုအခါ ကျင်ယွီ၏ မူလကိုယ်ခန္ဓာကိုပင် ရှာမတွေ့နိုင်တော့ပါချေ။
"မကောင်းတော့ဘူး... ဒီမိစ္ဆာက ဝိညာဉ်ခွဲစိတ်ဖြာခြင်းအတတ် ကို ကျင့်ထားတာပဲ၊ ဒီကုဋေကုဋာသော ပိုးကောင်ခန္ဓာတွေက သူ့ရဲ့ ကိုယ်ပွားတွေ ဖြစ်လိမ့်မယ်"
ပေါင်ရှုရဟန်း၏ မျက်လုံးများထဲတွင် နတ်ဘုရားအလင်းများ ဝင်းလက်နေသည်။
ထိုစကားကြောင့် လူတိုင်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားကြသည်။ ကျင့်ကြံသူများ တိုက်ခိုက်ရာတွင် ဤကဲ့သို့ ကိုယ်ပွားအတတ် ကျွမ်းကျင်သူများကို အကြောက်ဆုံးပင်။
အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပွားအားလုံးကို အကုန်အစင် မသတ်နိုင်ခဲ့လျှင် သူသည် လွတ်မြောက်သွားမည်ဖြစ်ပြီး၊ နောင်တစ်ချိန်တွင် အဆုံးမဲ့ ဒုက္ခပေးလာနိုင်သောကြောင့် ဖြစ်သည်။
သူတို့ကဲ့သို့ ပညာရှင်များက မကြောက်လျှင်ပင် သူတို့၏ ဂိုဏ်းသားများ၊ တပည့်များနှင့် ဆွေမျိုးများအတွက် အမြဲတမ်း စိုးရိမ်နေရမည် ဖြစ်သည်။
ထို့ပြင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသည် သတ်ဖြတ်ခြင်းကို ဝါသနာပါပြီး သွေးယဇ်ပူဇော်သည့် လျှို့ဝှက်အတတ်များကို တတ်မြောက်ထားသဖြင့်၊ အနည်းငယ်မျှ သတိလစ်သွားသည်နှင့် လူပေါင်းများစွာ အသတ်ခံရနိုင်ပေသည်။
"ကျွန်တော့်မှာ စိတ်ဝိညာဉ်ကို ချုပ်နှောင်နိုင်တဲ့ အတတ်ရှိပါတယ်၊ မိတ်ဆွေတို့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို စောင့်ရှောက်ပေးကြပါ"
ကျောက်နတ်ဆရာက လေးနက်စွာ ဆိုလိုက်သည်။
လူတိုင်း၏ မျက်လုံးများမှာ ဝင်းလက်သွားကြသည်။ ပေါင်ရှုရဟန်းသည် သူ၏ ယန်ဝိညာဉ်ပုံရိပ်ကို ရုပ်သိမ်းလိုက်ပြီး ကျောက်နတ်ဆရာ၏ ဘေးသို့ ရောက်လာသည်။
သူ၏ သင်္ကန်းတော်ကို ကောင်းကင်သို့ မြှောက်ပစ်လိုက်ရာ သင်္ကန်းတော်သည် ရွှေရောင် ဗုဒ္ဓရောင်ခြည် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတို့နှစ်ဦးကို လွှမ်းခြုံကာကွယ်လိုက်သည်။
စောစောက သူသည် မြန်ကျိုးမြို့တစ်ခုလုံးကို ကာကွယ်နိုင်ခဲ့သဖြင့် ယခု သူတို့နှစ်ဦးတည်းကို ကာကွယ်ရန်မှာ မပြောပလောက်သော အရာပင်။
ကျောက်နတ်ဆရာသည် လက်ချောင်းများဖြင့် မန္တန်ကွက်ထုတ်ဖော်ကာ ဝိညာဉ်အဆောင် (၂) ခုကို ထုတ်ဖော်လိုက်သည်။
အဆောင်များသည် လေထဲတွင် အလိုအလျောက် တောက်လောင်သွားပြီး အလင်းတန်း (၂) ခု ထွက်ပေါ်လာကာ ကောင်းကင်ယံထက်တွင် ထိုက်ကျိ အစီရင်ပုံစံအဖြစ် ပေါင်းစည်းသွားတော့သည်။
ထိုက်ကျိပုံရိပ် လည်ပတ်နေသည်နှင့်အမျှ ဆန်းကြယ်လှသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
ထိုစဉ် ကျင်ယွီအထက်နတ်ဆရာမှာ ပိုးကောင်တစ်ကောင်အဖြစ် ပြောင်းလဲ၍ ယန်ဝိညာဉ်ရှင် (၄) ဦးကို စိတ်ကြိုက် ကစားနေသော်လည်း ကျောက်နတ်ဆရာ၏ အတတ်ကို မြင်လိုက်ရသောအခါ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
"ဒီသောက်တာအိုဆရာ တွေက တကယ်ကို နည်းလမ်းများတာပဲ "
သူ၏ စိတ်ဝိညာဉ် မှာ ပြင်းထန်လှသော ချုပ်နှောင်မှုတစ်ခုအောက်တွင် ရောက်ရှိသွားသဖြင့် နေရာပြောင်းလဲ၍ မရတော့ပါချေ။ နောက်တစ်ခဏတွင် သူ၏ ကိုယ်ထည်မှာ ပေါ်ထွက်လာတော့သည်။
"ဒီမှာပဲ... သူ့ကို ရှာတွေ့ပြီ"
ဝူရှဲ့ရဟန်းက ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားဖြင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။
ဝုန်း
ကျင်ယွီ ရှိနေသော နေရာတွင် ဧရာမ ကျင်းကြီးတစ်ခု ဖြစ်သွားသော်လည်း သူသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်နိုင်သည်။
"အဆင့်မရှိတဲ့ကောင်တွေ... ကောင်းကင်ရဲ့ အနိမ့်အမြင့်ကို မသိတာပဲ "
ကျင်ယွီက အေးစက်စွာ ရယ်မောလိုက်သည်။
သူသည် လက်ချောင်းများဖြင့် အမှတ်အသားများ ပြုလုပ်လိုက်ရာ ကောင်းကင်ယံထက်တွင် တိမ်တိုက်များမှာ လှိုင်းထန်လာပြီး မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းသွားတော့သည်။ အမျိုးမျိုးသော မိစ္ဆာပုံရိပ်များ ထွက်ပေါ်လာသည်။
ဝီ ဝီ ဝီ
ကျင်ယွီက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်စွပ်အတွင်းမှ နောက်ထပ် ပိုးကောင်များစွာ ထွက်ပေါ်လာပြန်သည်။
"ပျံသန်းတတ်သော ကင်းခြေများ ၊ ကျောက်စိမ်း ပုစဉ်းရင်ကွဲ ၊ လူမျက်နှာ အဆိပ်ပျား ..."
ထိုနာမည်ကြီး မိစ္ဆာပိုးကောင်များကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
ဤသည်မှာ ကျင်ယွီအထက်နတ်ဆရာ နှစ်ပေါင်း ရာချီ၍ စုဆောင်းထားသော အရာများ ဖြစ်သည်။
သူသည် ချန်နိုင်ငံ တစ်နိုင်ငံလုံးကို လှည့်လည်၍ ရှာဖွေစုဆောင်းခဲ့သော မိစ္ဆာပိုးကောင်များမှာ ယခုအခါ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော စွမ်းအားဖြင့် ပေါက်ကွဲထွက်ပေါ်လာခြင်း ဖြစ်သည်။
ကျောက်နတ်ဆရာသည် ကျင်ယွီ၏ စိတ်ဝိညာဉ်ကို ချုပ်နှောင်ထားနိုင်သဖြင့် သူ ထွက်မပြေးနိုင်သော်လည်း၊ အသစ်သော ပြဿနာတစ်ခုကို သူ သတိထားမိလိုက်သည်။ ကျင်ယွီ၏ ပိုးကောင်ထိန်းချုပ်ခြင်း အတတ်မှာ အထွတ်အထိပ်သို့ ရောက်နေသဖြင့် သူတို့ လေးဦး ပေါင်းတိုက်လျှင်ပင် နိုင်ရန် မလွယ်ကူပါချေ။
"တတိယအဆင့် အလယ်အလတ်က ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား "
ကျောက်နတ်ဆရာ၏ စိတ်ထဲတွင် လေးလံသွားရသည်။ နှစ်ပေါင်း ရာချီ ကျင့်ကြံထားသော မိစ္ဆာအိုကြီးများကို သူတို့ကဲ့သို့ အသစ်တက်လာသော ယန်ဝိညာဉ်ရှင်များအနေဖြင့် တိုက်ခိုက်ရာတွင် မယှဉ်နိုင်ပါချေ။
ဝူရှဲ့ရဟန်းနှင့် ရွှီထျန်းနန်တို့မှာ အဓိက တိုက်ခိုက်ရေးသမားများ ဖြစ်လာကြသည်။ ဝူရှဲ့ရဟန်း၏ ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းကြောင့် သူ၏ ခန္ဓာကိုယ်မှာ အားအင်များ ပြည့်ဝနေပြီး သူ၏ လက်သီးချက်၊ ခြေကန်ချက် တိုင်းတွင် ပြိုင်ဘက်ကင်းသော အင်အားများ ပါဝင်နေသည်။
ရွှေရောင် ဗုဒ္ဓရောင်ခြည်များကြောင့် တောင်တန်းများပင် တုန်ခါနေတော့သည်။ ရွှီထျန်းနန်မှာလည်း သူ၏ စိတ်စွမ်းအားဖြင့် ထူးဆန်းသော နည်းလမ်းများကို အသုံးပြု၍ ကျင်ယွီကို ရင်ဆိုင်နေသည်။
ကျောက်နတ်ဆရာမှာမူ သူ၏ လျှို့ဝှက်အတတ်ဖြင့် ကျင်ယွီ၏ စိတ်ဝိညာဉ်ကို ချုပ်ထားရသဖြင့် တစ်ဖက်လူမှာ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့သည်။
ယနေ့တွင် သူ့ကို သတ်နိုင်မှသာ ဖြစ်မည်။ မဟုတ်ပါက ဤမိစ္ဆာအိုကြီး လွတ်သွားလျှင် နောင်တွင် ဒုက္ခအကြီးအကျယ် ပေးလာပါလိမ့်မည်။
ထို့ကြောင့် တိုက်ခိုက်ရေးသမား (၂) ဦးကို အကာအကွယ်ပေးရန်နှင့် လျှို့ဝှက်အတတ်ကို အသုံးပြုရန်အတွက် ပညာရှင် (၂) ဦးကို ပေးဆပ်ထားရသဖြင့် ဝူရှဲ့ရဟန်းနှင့် ရွှီထျန်းနန်တို့အပေါ်တွင် ဖိအားများ ပို၍ ကြီးမားလာတော့သည်။
လူတိုင်း တိုက်ပွဲပြင်းထန်နေစဉ်အတွင်း ကောင်းကင်ယံထက်တွင် ရုတ်တရက် ဆေးတိမ်တိုက်တစ်ခု ပေါ်ထွက်လာသည်။
ငါးရောင်ခြည် တိမ်တိုက်များ ဝေဆာနေပြီး မွှေးပျံ့လှသော ဆေးရနံ့များမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့နှံ့သွားတော့သည်။
ထိုမြင်ကွင်းမှာ သွေးချောင်းစီးနေသော တိုက်ပွဲမြေပြင်နှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
အခန်း (၅၅၄) - ဝိုင်းတိုက်ရခြင်း၏ အရသာ ၊ နှစ်ပေါင်းရာချီ စုဆောင်းထားသော အခြေခံအနှစ်သာရ ၊ တာအိုဆရာများသည် အနီးကပ် တိုက်ခိုက်ခြင်း၌ မကျွမ်းကျင်ကြပါချေ
ဆေးဖော်စပ်ခြင်း အတတ်သည် အလွန်တရာ ရှုပ်ထွေးလှသော အဆင့်ဆင့်သော လုပ်ငန်းစဉ်များ လိုအပ်သည့်အပြင် အမျိုးမျိုးသော ဆေးအရန်ပစ္စည်းများလည်း လိုအပ်လှသည်။
၎င်းသည် လက်ကွက်ဖော်ပုံနှင့် မီးအရှိန် ထိန်းချုပ်မှုအပေါ်တွင် အလွန်ပင် တင်းကြပ်လှသဖြင့်၊ အနည်းငယ်မျှ သတိလစ်သွားသည်နှင့် ဆေးဖိုတစ်ဖိုလုံး ပျက်စီးသွားနိုင်သည်။
ထို့ကြောင့် ဆေးဖော်စပ်သည့် ပညာရှင်အများစုသည် သူတစ်ပါး အနှောင့်အယှက် မပေးနိုင်စေရန် တိတ်ဆိတ်ငြိမ်သက်သော နေရာများကိုသာ ရွေးချယ်လေ့ရှိကြသည်။
သို့သော်လည်း ယနေ့တွင်မူ ထိုယန်ဝိညာဉ်ရှင် (၄) ဦးမှာ မျက်စိပွင့်သွားခဲ့ရပြီ ဖြစ်သည်။
တစ်စုံတစ်ယောက်သည် တတိယအဆင့် ပညာရှင်နှင့် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အခွင့်ကောင်းယူကာ ဆေးတစ်ဖိုကို ဖော်စပ်လိုက်သည် မဟုတ်ပါလား! ထို့ပြင် အချိန်တိုအတွင်းမှာပင် ဆေးတိမ်တိုက် ပေါ်ထွက်လာသည့် အရည်အသွေးအထိ ရောက်ရှိသွားခဲ့သည်။
သာမန်ဆေးလုံးများတွင် ဆေးတိမ်တိုက် ဖြစ်ပေါ်လေ့မရှိဘဲ၊ အလွန်ပင် ထူးခြားလှသော ဝိညာဉ်ဆေးလုံးများတွင်သာ ဆေးတိမ်တိုက် ပေါ်ပေါက်တတ်ခြင်း ဖြစ်သည်။
အကယ်၍ အရည်အသွေး ပို၍ မြင့်မားသော နတ်ဆေးလုံးများ ဖြစ်လာပါက ကောင်းကင်ဘေးဒဏ် ကိုပင် ဖိတ်ခေါ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ဤလောက၏ အထွတ်အထိပ် တိုက်ပွဲမြေပြင်ထက်တွင် ထူထပ်လှသော ဆေးတိမ်တိုက်များ ပေါ်ထွက်လာခြင်းက လူတိုင်း၏ အာရုံကို ဖမ်းစားသွားတော့သည်။
လီယန်ချူသည် ကောင်းကင်ယံရှိ ကျင်ယွီအထက်နတ်ဆရာကို ကြည့်ကာ ခပ်ပြုံးပြုံး လုပ်လိုက်သည်။ ကျင်ယွီမှာမူ ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။
လီယန်ချူသည် ဆေးဖိုအတွင်းမှ ဆေးလုံးကို အေးအေးလူလူပင် ထုတ်ယူလိုက်သည်။ ၎င်းမှာ ဝါကျင်ကျင်အရောင်ရှိသော ဆေးလုံးတစ်လုံးဖြစ်ပြီး မွှေးပျံ့လှသော ဆေးရနံ့နှင့်အတူ သန့်စင်လှသည့် မြေဒြပ်စင် အရှိန်အဝါများ စီးဆင်းနေသည်။
ရှေးဦးဓာတ်ကြီးငါးပါး ဖြစ်သော
ရွှေ ၊ သစ်သား ၊ မီး ၊ ရေ နှင့် မြေ
လီယန်ချူသည် ဓာတ်ကြီးသုံးပါးကို ကျင့်ကြံပြီးဖြစ်ရာ၊ ယခုဖော်စပ်လိုက်သော မြေဒြပ်စင်ဆေးလုံး နှင့် ပေါင်းစပ်လိုက်ပါက မြေဓာတ်အရှိန်အဝါကို ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။
"ဟွန်း"
ကျင်ယွီအထက်နတ်ဆရာက နှာခေါင်းရှုံ့လိုက်ရင်း၊ ပိုးကောင်များဖြင့် ဖွဲ့စည်းထားသော ဧရာမ လက်မောင်းကြီးတစ်ခုကို လီယန်ချူဆီသို့ ပစ်လွှတ်လိုက်သည်။
"ငါးပါးသော မိုးကြိုးသန့်စင်ယန်၊ ကောင်းကင်နှင့်မြေပြင်၏ တရားဥပဒေ... သတ် "
လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားသည်။
ခြောက်ကြိမ်တိုင်တိုင် အဆင့်မြင့်ထားသော မိုးကြိုးငါးပါးအဆောင်
ဝုန်း
ကောင်းကင်မှ မိုးကြိုးများ ပစ်ချလိုက်ရာ တောက်ပလှသော အလင်းဖြူကြီးကြောင့် လူတိုင်း မျက်စိမှိတ်လိုက်ကြရသည်။
ကျင်ယွီအထက်နတ်ဆရာ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှ အပိုင်းအစ ဖြစ်သွားကာ သူ၏ အရှိန်အဝါသည်လည်း ကျဆင်းသွားတော့သည်။
သို့သော် သူ၏ ခန္ဓာကိုယ်အတွင်းမှ မရေမတွက်နိုင်သော ပိုးကောင်များ ထွက်ပေါ်လာပြီး ခဏချင်းအတွင်းမှာပင် ပျက်စီးသွားသော အစိတ်အပိုင်းများကို ပြန်လည် ဖြည့်ဆည်းလိုက်သည်။
"မင်းရဲ့ ဒီမိုးကြိုးအတတ်လေးနဲ့ ငါကိုယ်တော်ကို ဒဏ်ရာရအောင် လုပ်နိုင်မယ် ထင်နေတာလား "
ကျင်ယွီက အေးစက်စွာ ဟောက်လိုက်သည်။ သို့သော် စကားပင် မဆုံးသေးမီ သူ ရုတ်တရက် ကြောင်အသွားရသည်။
လီယန်ချူသည် ရှေးဟောင်းဆေးဖိုကြီးကို ထိန်းချုပ်လိုက်ရာ၊ ကြီးမားလှသော စုပ်ယူမှုအားကြီးတစ်ခုသည် ကောင်းကင်ယံရှိ ပိုးကောင်ပင်လယ်ကြီးကို မရပ်မနား စုပ်ယူတော့သည်။
ထိုပိုးကောင်များသည် ကျင်ယွီအထက်နတ်ဆရာ ဒဏ်ရာရသွားသည့် တစ်ခဏအတွင်း ထိန်းချုပ်မှု လွတ်ကင်းသွားသဖြင့် ဆေးဖိုကြီး၏ စုပ်ယူမှုကို လုံးဝ မခုခံနိုင်ကြပါချေ။
"ငလူးမကောင် "
ကျင်ယွီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုပိုးကောင်များသည် သူ ရာစုနှစ်ပေါင်းများစွာ စုဆောင်းခဲ့ရသော အခြေခံအနှစ်သာရများ ဖြစ်သည် မဟုတ်ပါလား ဤသောက်တာအိုဆရာလေးက သူ၏ ပိုးကောင်များကို မျက်စိကျနေခြင်း ဖြစ်သည်။
ဝူရှဲ့ရဟန်းနှင့် ရွှီထျန်းနန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့လည်း ခဏမျှ ကြောင်အသွားခဲ့ရသည်။ ထိုတာအိုဆရာလီ က တကယ်ကို... အတွေးအခေါ် ဆန်းပြားလွန်းလှသည်။
ယန်ဝိညာဉ်ရှင် အဆင့်အထိ ကျင့်ကြံထားသောသူများ ဖြစ်သဖြင့် သူတို့၏ အတွေးများသည် တစ်ယောက်ထက်တစ်ယောက် ပို၍ ညစ်ပတ် ကြသည်။
သူတို့သည် ကျင်ယွီကို တားဆီးရန် ချက်ချင်းပင် လက်လှမ်းလိုက်ကြသည်။ ရွှီထျန်းနန်၏ ယန်ဝိညာဉ် စိတ်စွမ်းအားများသည် ဖောက်ထွင်းမြင်ရသော ဝိညာဉ်ဓားမြှောင်များအဖြစ် ပြောင်းလဲသွားကာ ဓားချီနဂါးကြီးကဲ့သို့ ကျင်ယွီဆီသို့ တိုးဝင်သွားသည်။
ဝူရှဲ့ရဟန်းသည်လည်း လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ရာ ကောင်းကင်ယံတွင် ဧရာမ ဗုဒ္ဓလက်ဝါးကြီး ပေါ်လာပြီး ကျင်ယွီကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ယန်ဝိညာဉ်ရှင် ပညာရှင်နှစ်ဦးစလုံးသည် သူတို့၏ အစွမ်းထက်ဆုံး လျှို့ဝှက်ချက်များကို ထုတ်သုံးလိုက်သဖြင့် ကျင်ယွီကဲ့သို့ ပုဂ္ဂိုလ်ပင်လျှင် အလေးထားကာ ခုခံရတော့သည်။
သူသည် ပိုးကောင်အချို့ကို အစီရင်အဖြစ် ခင်းကျင်းကာ ယန်ဝိညာဉ်ရှင်နှစ်ပါး၏ တန်ခိုးစွမ်းအားကို ခုခံလိုက်ရသည်။
သို့သော် ထိုသို့ပြုလုပ်လိုက်ခြင်းကြောင့် သူသည် ပိုးကောင်ပင်လယ်ကြီး တစ်ခုလုံးကို မကာကွယ်နိုင်တော့ပါချေ။
မရေမတွက်နိုင်သော ပိုးကောင်များသည် လီယန်ချူ၏ ဆေးဖိုကြီးအတွင်းသို့ အလိုအလျောက် စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုရှေးဟောင်းဆေးဖိုမှာ ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေအတွင်းမှ ဆန်းကြယ်လှသော ရတနာဖြစ်ပြီး မီးချီလင်ကိုပင် နှိမ်နင်းနိုင်ခဲ့သော နတ်ပစ္စည်း ဖြစ်သည်။
မှန်ပါသည်၊ ထိုစဉ်က မီးချီလင်မှာ လီယန်ချူ၏ အရိုက်အနှက်ကိုလည်း အကြီးအကျယ် ခံခဲ့ရသည်။ ယခုအခါတွင်မူ ထိုမရေမတွက်နိုင်သော ပိုးကောင်များသည် ဆေးဖိုကြီးအတွင်းရှိ မီးလျှံများ၏ စုပ်ယူခြင်းကို ခံလိုက်ရကာ အထဲတွင် အရည်ကျိုခြင်း ခံနေရပြီ ဖြစ်သည်။
ကျင်ယွီမှာ ကြောက်လည်းကြောက်၊ ဒေါသလည်း ထွက်နေရသည်။ သူသည် ယန်ဝိညာဉ် မြေလျှိုးအတတ်ဖြင့် လီယန်ချူ၏ ဘေးသို့ ရောက်ရန် ကြိုးစားလိုက်သည်။
"ရပ်စမ်း "
ပေါင်ရှုရဟန်း၏ သင်္ကန်းတော်အကာအကွယ်အောက်တွင် ရှိနေသော ကျောက်နတ်ဆရာသည် အစီရင်၏ ပြောင်းလဲမှုကို ခံစားလိုက်ရသဖြင့် ပြင်းထန်စွာ ဟောက်လိုက်သည်။ ကျင်ယွီ၏ မြေလျှိုးအတတ်မှာ ရပ်တန့်သွားရသည်။
သူသည် ဝတ်စုံခရမ်းရောင်ကို ဝတ်ဆင်ထားသော ကျောက်နတ်ဆရာကို ဒေါသတကြီး ကြည့်လိုက်သည်။
"ဒီသောက်ကလေး တာအိုဆရာရော၊ တာအိုအိုကြီးရော... တစ်ကောင်မှ ကောင်းတဲ့ကောင်တွေ မဟုတ်ဘူး "
ဤသို့ အာရုံပျံ့လွင့်သွားသည့် တစ်ခဏအတွင်းမှာပင် ကောင်းကင်ရှိ ပိုးကောင်ပင်လယ်ကြီး၏ တစ်ဝက်နီးပါးကို လီယန်ချူက စုပ်ယူသွားပြန်သည်။
စောစောက မြေဒြပ်စင်ပိုးကောင်များကို မြေဒြပ်စင်ဆေးလုံးအဖြစ် ဖော်စပ်ခဲ့သော်လည်း၊ ယခု ကောင်းကင်ယံရှိ ပိုးကောင်များမှာ ကျင်ယွီ ရာစုနှစ်များစွာ စုဆောင်းထားသော အမျိုးမျိုးသော ဓာတ်သဘာဝများ ပါဝင်နေသည်။
သို့သော် ဆေးဖိုကြီးမှာ ရှားပါးလှသော နတ်ရတနာဖြစ်သဖြင့် မည်သည့်နည်းစနစ်ကိုမျှ ဂရုမစိုက်ပါချေ။ အရည်ကျိုဖို့သာ သိသည်။
လီယန်ချူကိုယ်တိုင်လည်း ထိုပိုးကောင်အုပ်ကြီးကို အရည်ကျိုလိုက်လျှင် မည်ကဲ့သို့သော ဆေးလုံး ထွက်ပေါ်လာမည်ကို သိချင်နေမိသည်။
ယန်ဝိညာဉ်ရှင် (၄) ဦးသည် အခွင့်အရေးကို အရယူကာ အစွမ်းထက်လှသော တန်ခိုးစွမ်းအားများဖြင့် ကျင်ယွီကို ပိတ်ဆို့ထားကြသည်။
မဟုတ်ပါက ကျင်ယွီသည် စိတ်အာရုံတစ်ခုဖြင့် ပိုးကောင်များကို ပြန်လည် သိမ်းဆည်းနိုင်မည်ဖြစ်ရာ လီယန်ချူအနေဖြင့် ထိုကဲ့သို့ အမြတ်ထုတ်နိုင်မည် မဟုတ်ပါချေ။
"ဝိုင်းတိုက်ရတဲ့ ခံစားချက်က တကယ်ကို မဆိုးဘူးပဲ"
လီယန်ချူက စိတ်ထဲမှ ပြုံးလိုက်သည်။
ကျင်ယွီသည် အမျိုးမျိုးသော မန္တန်များကို ပြောင်းလဲအသုံးပြုသော်လည်း ယန်ဝိညာဉ်ရှင် (၄) ဦး၏ တားဆီးမှုကို ခံနေရသဖြင့် သူ၏ ပိုးကောင်များ လီယန်ချူ၏ ဆေးဖိုအတွင်း စုပ်ယူခံနေရသည်ကို ဒီတိုင်း ကြည့်နေရရုံသာ ရှိတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံရှိ ပိုးကောင်များမှာ ပျောက်ကွယ်သွားတော့သည်။ ကျင်ယွီ၏ မျက်လုံးများထဲမှ ဒေါသလျှံများမှာ အပြင်သို့ပင် လျှံထွက်မတတ် ဖြစ်နေသဖြင့် ယန်ဝိညာဉ်ရှင် (၄) ဦးပင် ခဏမျှ တုန်လှုပ်သွားရသည်။
"ဒါက တစ်ဖက်လူရဲ့ အရင်းအနှီး တစ်ခုလုံးကို လုယူလိုက်တာပဲ မဟုတ်လား "
လူတိုင်း၏ စိတ်ထဲတွင် ဤအတွေး ဝင်လာကြသည်။
သို့သော် ရန်သူဖြစ်သဖြင့် လီယန်ချူ၏ ဤလုပ်ရပ်မှာ... မဖော်ပြနိုင်အောင် ကျေနပ်အားရစရာ ကောင်းနေသည်ဟု ခံစားလိုက်ရသည်။
ထိုလောကတွင် ကျော်ကြားလှသော မိစ္ဆာပိုးကောင်များမှာ အလွန်ပင် ရှားပါးလှသော်လည်း ယခုအခါ လီယန်ချူ၏ ဆေးဖိုအတွင်း ရောက်ရှိကုန်ပြီ ဖြစ်သည်။
ဆေးဖိုအတွင်းမှ မီးလျှံများသည် ပိုးကောင်များကို အရည်ကျိုကာ ၎င်းတို့အတွင်းရှိ စွမ်းအင်များကို ထုတ်ယူနေတော့သည်။
"ငိုးပဲကွာ"
"ငါ မင်းကို သတ်ပစ်မယ် "
ကျင်ယွီက အကြမ်းစား ဆဲဆိုတော့သည်။
သူ၏ စိတ်အတွင်းမှ နာကျည်းမှုနှင့် ဝမ်းနည်းမှုမှာ မြစ်ရေအလား တားမရ ဆီးမရ ဖြစ်နေတော့သည်။
သူသည် လီယန်ချူ၏ ရှေ့သို့ တိုက်ရိုက် ပြေးဝင်လာသည်။ လီယန်ချူသည် နတ်ဘုရားခြေလှမ်းအတတ်ဖြင့် ရှောင်တိမ်းလိုက်ပြီး ကျင်ယွီနှင့် တည့်တည့်မတိုးအောင် ရှောင်နေသည်။
ကျင်ယွီ၏ လက်ကွက်များမှာ မနားတမ်း ပြောင်းလဲနေပြီး နောက်တစ်ခဏတွင် လီယန်ချူ၏ ရှေ့သို့ ရောက်လာပြန်သည်။
သူ၏ ကိုယ်ပေါ်တွင် အမျိုးမျိုးသော ပိုးကောင်များဖြင့် ဖွဲ့စည်းထားသော သံချပ်ကာတစ်ခု ပေါ်ထွက်လာပြီး ကျင်ယွီ၏ အနီးကပ် တိုက်ခိုက်မှုစွမ်းအားကို အလွန်ပင် ပြင်းထန်စေသည်။
တာအိုဆရာများသည် မန္တန်အတတ်ကိုသာ အလေးထားပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အလေးမထားတတ်ကြသဖြင့်၊ ကျင်ယွီသည် လီယန်ချူ၏ ရုပ်ခန္ဓာကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
လီယန်ချူသည် နတ်ဘုရားခြေလှမ်းဖြင့် အကြိမ်ကြိမ် ရှောင်တိမ်းနေသော်လည်း ကျင်ယွီမှာ ထိုအချိန်အတွင်းမှာပင် ဝူရှဲ့ရဟန်းနှင့် ရွှီထျန်းနန်တို့၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံလိုက်ရသဖြင့် အရှိန်အဝါများ ထပ်မံ ကျဆင်းသွားရပြန်သည်။
သို့သော် သူသည် ဒေါသကြောင့် ကျားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ကိုယ်ပေါ်မှ ပိုးကောင်များသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူသည် လီယန်ချူကို အနီးကပ် သတ်ဖြတ်ရန်သာ စိတ်အားထက်သန်နေတော့သည်။
လီယန်ချူ၏ ခြေလှမ်းများကို တားဆီးရန်အတွက် သူသည် ခန္ဓာကိုယ်အတွင်းရှိ အကြွင်းအကျန် အခြေခံများကိုပါ ထုတ်သုံးလိုက်ပြန်သည်။
တန်ဖိုးကြီးလှသော ပိုးကောင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာကာ လီယန်ချူကို ပိတ်ဆို့တားဆီးသော်လည်း ၎င်းတို့သည် ဆေးဖိုကြီး၏ စုပ်ယူခြင်းကိုသာ ခံလိုက်ရပြန်သည်။
ကျင်ယွီ၏ စိတ်ထဲတွင် သွေးထွက်မတတ် နာကျင်နေရသော်လည်း၊ ထိုတာအိုဆရာလေးကိုသာ အနီးကပ် သတ်ဖြတ်နိုင်မည်ဆိုပါက သူ၏ နှစ်ပေါင်းရာချီ စုဆောင်းထားသမျှ အကုန်ကုန်သွားပါစေ ဂရုမစိုက်တော့ပါချေ။
အမှန်စင်စစ်လည်း ကျန်ရှိသမျှမှာ ဆယ်ပုံတစ်ပုံခန့်သာ ရှိတော့သည်။
နောက်ဆုံးတွင် ကျင်ယွီ၏ မလျှော့သော ဇွဲကြောင့် ပိုးကောင်အခြေခံအားလုံး ကုန်ဆုံးသွားခဲ့ရသော်လည်း၊ လီယန်ချူ၏ ရှေ့တွင် အတင်းအဓမ္မ ပိတ်ဆို့ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်သည်။
"သောက်ကလေး... ငါကိုယ်တော်က မင်းကို အရှင်လတ်လတ် ဆွဲဖြဲပစ်မယ် "
ကျင်ယွီအထက်နတ်ဆရာသည် လက်တစ်ကမ်းအကွာရှိ လီယန်ချူကို ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် အော်ဟစ်လိုက်တော့သည်။