အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
71
‘ချန်ရှန့်ကုမ္ပဏီ’ပိုင်ရှင်သည် ၎င်းတို့အနေဖြင့် စွန့်ပစ်ခံထားရသော စက်ရုံဟောင်းတစ်ခုကို ငှားရမ်းထားကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
သူတို့ ခိုးယူထားသော ဘက်ထရီများနှင့် တန်ဖိုးကြီး လျှပ်စစ်ပစ္စည်းများကဲ့သို့သော သက်သေခံပစ္စည်း အမြောက်အမြားကိုလည်း ထိုနေရာ၌တွင်သာ သိမ်းဆည်း ထားခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် ဝမ်ရှောင်ရီသည် ထိုစက်ရုံဟောင်းကို စီးနင်းရှာဖွေရန်အတွက် ရဲအရာရှိ အချို့အား ချက်ချင်းပင် စေလွှတ်လိုက်၏။ တစ်နာရီခန့် ကြာပြီးနောက်တွင် စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသွားပြီး အားလုံးကို အတည်ပြုနိုင်ခဲ့သည်။
ချန်ရှန့်ကုမ္ပဏီပိုင်ရှင် ပြောကြားသည့် အတိုင်းပင်။ စက်ရုံဟောင်းထဲတွင် တကယ်ပင် ဘက်ထရီအလုံးပေါင်း သုံးရာထက်မနည်း ရှိနေခဲ့ရုံသာမကပဲ၊ လက်ပ်တော့များ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ တန်ဖိုးကြီး သစ်သားပရိဘောဂများနှင့် အခြားပစ္စည်းပေါင်း အမြောက်အများကိုပါ သိမ်းဆည်းရရှိခဲ့ကြသည်။
ဤပစ္စည်းများအားလုံး၏ တန်ဖိုးမှာ ယွမ်ငွေအမြောက်အမြား ရှိနိုင်သဖြင့်၊ သတင်းရရှိသည်နှင့် တစ်ပြိုက်နက် ဝမ်ရှောင်ရီမှာ အတိုင်းမသိဝမ်းသာသွားကာ ညွှန်ကြားရေးမှူးဆုန့်ထံ ချက်ချင်းပင် ဖုန်းဆက် အကြောင်းကြားလိုက်တော့သည်။
“ဟဲလို..၊ ညွှန်ကြားရေးမှူးဆုန့် ခင်ဗျာ”
ဝမ်ရှောင်ရီက ပြုံးရွှင်သောလေသံဖြင့် အားပါးတရကြီး နှုတ်ဆက်လိုက်သည်။
“ဘာဖြစ်ပြန်ပြီလဲ စခန်းမှူးဝမ်၊ ပြဿနာတစ်ခုခုနဲ့ ထပ်တိုးပြန်ပြီလား၊ ကျုပ် သူခိုးမှုအမှုကို စုံစမ်းစစ်ဆေးဖို့ အပ်ထားတာ ခဏပဲရှိသေးတယ်နော်၊ အခုပဲ နောက်ထပ်အကူအညီတောင်းဖို့ ဖုန်းဆက်ပြန်ပြီလား”
ခိုးမှုတွေ၊ အိမ်ဖောက်ထွင်းမှုတွေနဲ့ ပြဿနာပေါင်းစုံကြောင့် စိတ်ညစ်နေရသည့်ကြားမှ ယခုလို ဖုန်းခဏခဏ ဆက်နေသော ဝမ်ရှောင်ရီအား ညွှန်ကြားရေးမှူးဆုန့်က စိတ်မရှည်စွာနှင့်မေးလိုက်သည်။ ဝမ်ရှောင်ရီထံမှ ဖုန်းလာတိုင်း သတင်းကောင်းဖြစ်မည်မဟုတ်ဟု သူ ခံစားနေရ၏။
ထိုစကားကို ကြားလိုက်ရသော်လည်း ဝမ်ရှောင်ရီသည် စိတ်မဆိုးနိုင်သည့်အပြင် ရယ်မောလိုက်ပြီး သတင်းကောင်းကို ပြောပြလိုက်သည်။
“ညွှန်ကြားရေးမှူးဆုန့်ရယ်၊ ကျွန်တော့်ကို အဲဒီလိုလူမျိုးလို့ ဘယ်လိုလုပ်ထင်ရက်တာလဲ၊ အခု ဖုန်းဆက်တာက ရထားဘူတာရုံမှာခိုးမှု၊ ဘက်ထရီခိုးမှုနဲ့ ခါးပိုက်နှိုက်မှုတွေ လုပ်နေတဲ့ အဲဒီရာဇဝတ်ဂိုဏ်းတစ်ခုလုံးကို ဖမ်းမိလိုက်ပြီဆိုတာကို အသိပေးဖို့ပါ ညွှန်ကြားရေးမှူးဆုန့်ရဲ့၊ ဟဲဟဲ”
တစ်ခါတော့ ဝမ်ရှောင်ရီသည် မိမိဘက်မှ အသာစီးရနေသည်ကို ကောင်းကောင်းအသုံးချကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်သည်
“စုစုပေါင်းတရားခံ သုံးဆယ်ကျော်ရှိတယ်၊ အဲဒီတရားခံတွေက အခု ပါလီမြစ်ရဲစခန်းမှာ ရောက်နေပြီခင်ဗျ၊ သက်သေတွေကော သက်သေခံပစ္စည်းတွေကော အကုန်ရှိပါတယ်၊ စစ်ဆေးမေးမြန်းပြီးနောက် ခိုးရာပါပစ္စည်းတွေနဲ့ အခြား ဝှက်ထားတဲ့နေရာကိုလည်း ရှာတွေ့ခဲ့ပါပြီ၊ အခုတော့ သူတို့ကို ပစ္စည်းသက်သေ၊ လူသက်သေနဲ့တကွ လက်ပူးလက်ကျပ် ဖမ်းမိထားတာပါပြီ၊ ညွှန်ကြားရေးမှူးဆုန့် ခင်ဗျာ”
ဖုန်းတစ်ဘက်မှ ညွန်ကြားရေးမှူဆုန့်သည် ခဏတာမျှ တိတ်ဆိတ်သွားရသည်။
‘ဒါဆို အရာအားလုံးက ပြီးသွားပြီပေါ့’
“Xxx စခန်းမှူးဝမ် ခင်ဗျား ကျုပ်ကိုနောက်နေတာလား၊ ကျုပ် မနေ့ကမှ ဒီကိစ္စကိုပြောရသေးတယ်၊ အခုဒီနေ့တင် အမှုတွေအကုန် ဖော်နိုင်ပြီဆိုတော့ အရမ်းတွေမြန်လွန်းမနေဘူးလားဗျာ”
ညွှန်ကြားရေးမှူးဆုန့်မှာ မယုံနိုင်လောက်အောင် ဖြစ်သွားရသဖြင့် ဆဲဆိုသည့် စကားလုံးအချို့ပင် မတော်တဆ ပါသွားခဲ့သည်။
ဝမ်ရှောင်ရီမှာတော့ ညွှန်ကြားရေးမှူးဆုန့်၏ အံ့အားသင့်နေသော လေသံကို နားနှင့်ဆက်ဆက် ကြားလိုက်ရသဖြင့် ပို၍ပင် ကျေနပ်အားရသွားတော့သည်။
“ညွှန်ကြားရေးမှူးဆုန့် မယုံရင် လူကိုယ်တိုင်လာကြည့်ပါ၊ အဲဒီအခါကျရင် သိသွားပါလိမ့်မယ်။ သူတို့ရဲ့ ဝန်ခံထွက်ဆိုချက်အရဆိုရင် လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ဖြစ်ပွားခဲ့တဲ့ ခိုးမှုပေါင်း ရာနဲ့ချီတဲ့ကိစ္စတွေကလည်း သူတို့ရဲ့ လက်ချက်တွေချည်းပါပဲ”
“တကယ်လားဟ”
ဒီတစ်ခါတော့ ညွန်ကြားရေးမှူးဆုန့်သည် ဟန်ပင်မဆောင်နိုင်တော့ပဲ ဝမ်းသာအားရဖြင့် အော်ဟစ်မိတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုခိုးမှုများ၊ အိမ်ဖောက်ထွင်းမှုများကြောင့် သူစိတ်ဖိစီးနေရသည်မှာ ခေါင်းကဆံပင်များပင် ကျွတ်လုနီးပါး ဖြစ်နေရသောကြောင့်ပင်။
“ကောင်းပြီ၊ ကျုပ်အခုပဲလာခဲ့မယ်၊ အဲဒီမှာစောင့်နေ”
ဒီရက်ပိုင်းအတွင်း ခိုးမှုပေါင်းရာနှင့်ချီ ဖြစ်ပွားခဲ့ခြင်းက ဖိန်လင်မြို့ ပြည်သူ့လုံခြုံရေးဗျူရို၏ အာရုံစိုက်မှုကိုပင် ရရှိထားသည့် အမှုကြီးများဖြစ်သည်။
ထို့ကြောင့် ဤနယ်မြေကို တာဝန်ယူရသော ဌာနခွဲဒါရိုက်တာတစ်ဦးအနေဖြင့် ညွှန်ကြားရေးမှူးဆုန့်သည် အခြေအနေအရပ်ရပ်ကို ကြီးကြပ်နေရပြီး တိုးတက်မှုများကို အစဉ်တစိုက် စောင့်ကြည့်နေသူရဖြစ်သည်။
သို့သော် အခြားရဲစခန်း ဒါဇင်ပေါင်းများစွာမှာမူ မည်သည့်တိုးတက်မှုမျှ မရှိဘဲ စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်ကြောင်းအကြောင်းပြန်ခဲ့ကြ၏။
သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ‘ပါလီမြစ်ရဲစခန်း’မှ ရဲအရာရှိများက အမှုကို အမြစ်ပြက် ဖြေရှင်းလိုက်နိုင်ပြီဟု မိမိအား ဖုန်းဆက်လာခြင်းမှာ ညွှန်ကြားရေးမှူးဆုန့်အတွက် တကယ့်ကို မယုံနိုင်စရာ နေ့ခင်းဘက်အိပ်မက်တစ်ခုကို မက်နေရသကဲ့သို့ ခံစားလိုက်မိသည်။
ညနေစောင်းတွင် ညွှန်ကြားရေးမှူးဆုန့်သည် ပါလီမြစ်ရဲစခန်းသို့ ကိုယ်တိုင်ကားမောင်း၍ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဝမ်ရှောင်ရီနှင့်အတူ ချန်ရှန့်ကုမ္ပဏီမှ ခါးပိုက်နှိုက်သမားများ ရှိရာ စစ်ဆေးမေးမြန်းရေးအခန်းထဲသို့ သွားရောက်ခဲ့၏။
၎င်းတို့အား တခဏတာမျှ စစ်ဆေးမေးမြန်းပြီးနောက်တွင် ထိုသူအားလုံးက ခါးပိုက်နှိက်သမားများဖြစ်ကြပြီး၊ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ခိုးမှုပေါင်း ရာနှင့်ချီကို သူတို့ကိုယ်တိုင် ကျူးလွန်ခဲ့ကြကြောင်း ဝန်ခံထွက်ဆိုခဲ့ကြလေတော့သည်။
ထို့နောက် ဝမ်ရှောက်ယီက ညွှန်ကြားရေးမှူးဆုန့်အား စက်ရုံဟောင်းအတွင်းရှိ သိမ်းဆည်းရမိသော ခိုးရာပါပစ္စည်းများအား ပြသလိုက်သည်။ စက်ရုံအတွင်း၌ ရာနှင့်ချီသော ဘက်ထရီများ၊ လျှပ်စစ်ပစ္စည်းများနှင့် ပရိဘောဂများကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်လိုက်ရမှသာ ညွှန်ကြားရေးမှူးဆုန့်သည် လုံးဝယုံကြည်သွားတော့၏။
သို့သော် နောက်ထပ် သိရှိရမည့်အချက်က ပို၍ပင် အံ့ဩစရာကောင်းနေဦးမည်ဟု သူမထင်မှတ်ထားခဲ့ပေ။
“စခန်းမှူးဝမ်၊ ဒါကို ဘယ်လိုလုပ်ပြီး အချိန်ခဏလေးအတွင်း ဖြေရှင်းနိုင်သွားရတာလဲ”
ညွှန်ကြားရေးမှူးဆုန့်ပင်လျှင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။ ထိုအခါဝမ်ရှောင်ရီက ချောင်းတစ်ချက်ကို အသာဟန့်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ဖြေလိုက်၏။
“ချန်ဟောက်ရဲ့ ပြောပြချက်အရဆိုရင် မြောက်ပိုင်းရထားဘူတာရုံမှာ ချင်ရန်က ဒီခါးပိုက်နှိုက်သမား ဆယ့်တစ်ယောက်ကို တစ်ယောက်တည်းနဲ့ ဖမ်းဆီးနိုင်ခဲ့တာပါ၊ သေချာ စစ်ဆေးမေးမြန်းပြီးတဲ့နောက် သူတို့ရဲ့ အခြေစိုက်စခန်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ ဖမ်းဆီးရေးတွေ စတင်ခဲ့ပြီး ဂိုဏ်းခေါင်းဆောင်ကိုပါ လက်ရဖမ်းဆီးနိုင်ခဲ့လို့ အချက်အလက်အားလုံး ရရှိခဲ့တာပါ”
ထိုစကားကို ကြားလိုက်ရသောအခါ ညွှန်ကြားရေးမှူးဆုန့်က သက်ပြင်းတစ်ချက် ချလိုက်၏။
“အဲဒီကောင်လေး ချင်ရန် နောက်ထပ်တစ်ကြိမ် ထပ်လုပ်ပြပြန်ပြီလား”
“ဒီကောင်လေးက တကယ်ကို ထူးခြားတဲ့သူပဲ၊ ပြီးခဲ့တဲ့ ဌာနချုပ်အစည်းအဝေးမှာတောင် ညွှန်ကြားရေးမှူးချုပ်က ဝမ်ပါ့နဲ့ ချီလုံဝေတို့ကို ဖမ်းဆီးတဲ့နေရာမှာ အဓိကပါဝင်ခဲ့တဲ့သူအဖြစ် ချင်ရန်ကို ချီးကျူးသွားသေးတယ်၊ အခုလည်း ဖိန်လင်မြို့ရဲ့ အကြီးစားရာဇဝတ်သူခိုးဂိုဏ်းကြီးကို ဖော်ထုတ်တဲ့နေရာမှာ သူကပဲ ထပ်ပြီး စွမ်းဆောင်ပြလိုက်ပြန်ပြီပေါ့”
ညွှန်ကြားရေးမှူးဆုန့်မှာ ခဏတာမျှ စကားမဆိုနိုင်ဘဲ ဖြစ်သွားရသည်။
“သူက ကျွန်တော်တို့ ပါလီမြစ်ရဲစခန်းရဲ့ ကံကောင်းခြင်းကြယ်ပွင့်လေးတစ်ပွင့်လေ၊ ညွှန်ကြားရေးမှူးဆုန့်ရဲ့”
ဝမ်ရှောင်ရီက ပြုံးလျက်ဖြင့် ဂုဏ်ယူစွာဆိုလိုက်သည်။
ညွှန်ကြားရေးမှူးဆုန့်က ခေါင်းကိုခါယမ်းလိုက်ပြီး ပြောလာလေ၏။
“တကယ်ကို ထူးဆန်းတာပဲ၊ ဒီကောင်လေးမှာ ရာဇဝတ်ကောင်တွေရှိတဲ့နေရာကို ရှာဖွေနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုခု ရှိနေတာလားလို့တောင် ထင်မိတယ်ဗျာ၊ ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် အခု အမှုက ပြီးပြတ်သွားပြီဆိုတော့ ကျုပ် ဌာနချုပ်ကို ချက်ချင်းအစီရင်ခံပေးပါ့မယ်”
ညွှန်ကြားရေးမှူးဆုန့်သည် ဆက်လက် ပြောဆိုလာပြန်၏။
“ဒါနဲ့၊ ဒီခိုးမှုပေါင်း ရာနဲ့ချီတဲ့အထဲက ဆုံးရှုံးနစ်နာခဲ့ရသူတွေကို အမြန်ဆုံးဆက်သွယ်ပြီး သူတို့ပစ္စည်းတွေကို ပြန်ပေးအပ်ဖို့ လုပ်ပေးပါဦး၊ ဒါက အလုပ်အကြီးကြီးမို့လို့ တခြားရဲစခန်းတွေကိုလည်း ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျုပ်ညွှန်ကြားလိုက်မယ်”
ညွှန်ကြားရေးမှူးဆုန့်၏ ညွှန်ကြားချက်များကို ဝမ်ရှောင်ရီက အကြိမ်ကြိမ် ခေါင်းညိတ်လက်ခံလိုက်၏။ နောက်ဆုံးတွင် ညွှန်ကြားရေးမှူးဆုန့်က ထပ်မံ၍မှာကြားလာပြန်သည်။
“စခန်းမှူးဝမ်၊ ပါလီမြစ်ရဲစခန်းက ဒီတစ်ခါ စွမ်းဆောင်ရည်က တကယ်ကို ချီးကျူးစရာ ကောင်းပါတယ်၊ အဖွဲ့လိုက် တတိယအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ ရမှာ သေချာသလို၊ ချင်ရန်လည်း တစ်ဦးချင်း တတိယအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ ရနိုင်တယ်၊ သူက အစမ်းခန့်အဆင့်ပဲ ရှိသေးတာကို ခင်ဗျားသတိထားရမယ်၊ အစမ်းခန့်ကာလ ပြီးသွားရင်တော့ သူရထားတဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့် ဘွဲ့တွေက သူ့ရဲ့ရာထူး တိုးဖို့အတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ”
ဝမ်ရှောင်ရီက အလေးအနက်ထား ခေါင်းညိတ်လိုက်သည်။ သူလည်း ဤအချက်ကို ကောင်းစွာနားလည်ထားပြီးသား ဖြစ်၏။ အစမ်းခန့်ကာလ ပြီးဆုံးသွားချိန်တွင် ချင်ရန်၏အဆင့်အတန်းမှာ အလွန်မြင့်မားသွားမည်ကို မြင်ယောင်နေပြီ ဖြစ်သည်။
ညွှန်ကြားရေးမှူးဆုန့် ပြန်သွားပြီးနောက် သူသည် ဤကိစ္စကို အထွေထွေအုပ်ချုပ်ရေးဌာနသို့ အစီရင်ခံရန် လိုအပ်သေးသည်။ အမှုတွင် နစ်နာသူနှင့် ပါဝင်ပတ်သက်သူဦးရေ တစ်ထောင်နီးပါး ရှိသောကြောင့် ဤသည်မှာ သေးငယ်သောကိစ္စမဟုတ်ပေ။
အခြားတစ်ဖက်တွင်မူ...
ဝမ်ရှောင်ရီသည် မျက်နှာတွင် မှိုရသည့်အပြုံးမျိုးဖြင့် ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ သူသည် ချင်ရန်ကို တစ်ချက်ကြည့်လိုက်ကာ ပို၍ပင် ပြုံးရွှင်သွား၏။ ထို့နောက် ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။
“ရဲဘော်တို့၊ သတင်းကောင်းတစ်ခု ရှိတယ်၊ ညွှန်ကြားရေးမှူးဆုန့်နဲ့ အခုလေးတင်တွေ့ပြီး ပြန်လာခဲ့တာ၊ သူက ငါတို့စခန်းကို အဖွဲ့လိုက် တတိယအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်ပြီကွ ဟားဟား၊ ပြီးတော့ ချင်ရန် မင်းကတော့ တစ်ဦးချင်း တတိယအဆင့်ဂုဏ်ထူးဆောင်ဘွဲ့ ထပ်ရခဲ့ပြန်ပြီကွ၊ ဒါက ဒီတစ်ခါ အကြီးစားသူခိုးဂိုဏ်းကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ငါတို့ကို ရဲဌာနချုပ်က ပေးအပ်တဲ့ ဆုလာဘ်တွေပဲ”
ထိုသတင်းကို ကြားသောအခါ ပါလီမြစ်ရဲစခန်းရှိ ရဲအရာရှိများအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြတော့၏။
သို့သော် လူအနည်းငယ်မှာမူ အခြေအနေကို ဝေခွဲမရပဲ ကြောင်အနေကြသည်။ အကြောင်းမှာ နံနက်ပိုင်းကမှ အစည်းအဝေးပြုလုပ်ပြီး မွန်းလွဲပိုင်းတွင် တရားခံများကို ဗန်ကားတစ်စီးစာ ဖမ်းလာခဲ့ခါ ညနေစောင်း၌ ထိုအမှုကြီးမှာ ပြီးပြတ်သွားပြီဟု ကြေညာလိုက်ခြင်းကြောင့်ပင်။
ဤသို့သော လုပ်ဆောင်ချက်အမြန်နှုန်းမှာ မည်သို့သော အရာများ ဖြစ်နေသနည်း။ သာမန်သူခိုးတစ်ယောက်ကို ဖမ်းလျှင်ပင် ဤမျှ မြန်လိမ့်မည်မဟုတ်ပေ။ ယခုမှာမူ အကြီးစားသူခိုးဂိုဏ်းကြီးကို တစ်နေ့တည်းဖြင့် ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။
ဝမ်ရှောင်ရီက ချင်ရန်ကို နာမည်တပ်၍ ချီးကျူးလိုက်ရာ ချင်ရန်မှာ လူအများ၏အာရုံစိုက်ကြည့်ရှုခြင်းကို ခံလိုက်ရသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
အားလုံးကလည်း ချင်းယန်ကို ဝိုင်းဝန်း ချီးကျူးကြသည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည်လည်း ချင်ရန်ကြောင့် အဖွဲ့လိုက် ဂုဏ်ထူးဆောင်ဘွဲ့၏ အကျိုးကျေးဇူးကို အတူတကွ ခံစားခွင့်ရရှိကြသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် ချင်ရန်၏ဂုဏ်သတင်းမှာ ပါလီမြစ်ရဲစခန်းတွင် နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားပြီဖြစ်သည်။
ချင်ရန်သည် အစမ်းခန့်ရဲဝန်ထမ်းတစ်ဦး ဖြစ်နေသော်လည်း သူ၏ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်မှာ ဝမ်ရှောင်ရီပြီးလျှင် ဒုတိယလိုက်ကာ လူတိုင်း၏လေးစားမှုကို ရရှိသောသူ ဖြစ်နေပြီဟု ဆိုနိုင်၏။
ပါလီမြစ်ရဲစခန်း၏ ဒဏ္ဍာရီဟူသော ဘွဲ့ထူးမှာ ယခင်က ချောင်ကျန့်ကျွင်းထံတွင် ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ ထိုဘွဲ့ထူးသည် ၎င်းထံတွင်မရှိတော့ဘဲ ချင်ရန်ဆီသို့ ရောက်ရှိသွားပြီဖြစ်သည်။
ချင်ရန်၏ဘေးနားတွင် ရပ်နေသော ရှကျဲသည်လည်း စိတ်ရင်းအမှန်ဖြင့် ဝမ်းသာနေမိ၏။
ဤတစ်ကြိမ်တွင် သူမ အိမ်ပြန်ရောက်လျှင် မိခင်နှင့် ဆွေမျိုးများကို အဖွဲ့လိုက် တတိယအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသည့်အကြောင်းကို ကြွားနိုင်ပေတော့မည်။
သို့သော် သူမသည် ချင်ရန်ကို ပို၍ပင် ကျေးဇူးတင်နေမိသည်။ ချင်ရန်သည် သူမကိုဂုဏ်ထူးဆောင်ဘွဲ့ရအောင် ကူညီပေးခဲ့ရုံသာမက မြောက်ပိုင်းရထားဘူတာရုံထဲတွင် သူမမိခင်၏ အိတ်ကိုလည်း ရှာဖွေပေးခဲ့သေးသည်။
မိခင်ဖြစ်သူက ချင်ရန်အား ထမင်းဖိတ်ကျွေးရန် ပြောခဲ့သည်ကို ရှကျဲတစ်ယောက် ပြန်လည်သတိရသွား၏။
ရှကျဲသည်လည်း ဤအကြံအတိုင်း နောက်နေ့တွင် ချင်ရန်ကို အိမ်သို့ နေ့လည်စာဖိတ်ကျွေးရန်နှင့် ဝမ်ပါ့အမှုတွင် လူယုတ်မာ၏လက်ချက်ကြောင့် ထိခိုက်နစ်နာခဲ့ရသော ကိုယ်ဝန်ဆောင် အမျိုးသမီးထံသို့လည်း အတူတူသွားရောက်ကြည့်ရှု့ရန် စီစဉ်လိုက်လေတော့သည်။
72
ရှကျဲနှင့် ဝမ်ရှောင်ရီတို့ ထွက်ခွာသွားပြီးနောက် သူမသည် ချင်ရန်ဘက်သို့ပြန်လှည့်ကာ မေးလိုက်၏။
“ချင်ရန်၊ မနက်ဖြန် နင့်အားလပ်ရက်မဟုတ်လား”
ချင်ရန်ကလည်း ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ မနက်ဖြန် ငါ့အားလပ်ရက်ပဲ။ ဘာဖြစ်လို့လဲ”
ရှကျဲက ခဏတာတွေဝေသွားပြီးမှ ဆက်၍ပြောလာခဲ့သည်။
“ဟိုလေ ဒီနေ့ နင် ငါ့အမေရဲ့အိတ်ကို ကူညီပြီးရှာပေးခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့ ငါ့အိမ်မှာ နေ့လည်စာစားဖို့ဖိတ်ချင်လို့ပါ”
ထိုစကားကို ကြားသောအခါ ချင်းယန်မှာ အံ့အားသင့်သွားရသည်။ ချင်ရန် တစ်ယောက်ထဲသာမကပဲ ရှကျဲနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေကြသော လီတာဝေ၊ ယန်ရှု နှင့် ကျောက်ကျိီဝေ တို့အားလုံးသည်လည်း ထိုစကားကို ရှင်းရှင်းလင်းလင်းကို ကြားလိုက်ကြရ၏။
ထိုအခါ လီတာဝေက ချက်ချင်းပင် အနားသို့တိုးကာ စနောက်လိုက်သည်။
“ဟမ်၊ ထမင်းဖိတ်ကျွေးမယ် ဟုတ်လား၊ ရှကျဲ နင်က တော်တော်မျက်နှာလိုက်တာပဲ၊ ချင်ရန်ကိုကျ ထမင်းစားဖိတ်ကျွေးပြီး ငါတို့ကိုကျမကျွေးဘူးလား “
ထိုသို့ စနောက်လိုက်သည့် လီတာဝေကို ရှကျဲက မျက်စောင်းထိုးပြလိုက်သည်။ လီတာဝေ၏ဘေးနားတွင် ထိုင်နေသော ယန်ရှုကမူ လီတာဝေကို လက်တို့ကာ ဆုံးမလိုက်၏။
“သူတစ်ပါးရဲ့ ကောင်းမွန်တဲ့အချိန်လေးတွေကို လိုက်ပြီးမဖျက်ဆီးစမ်းနဲ့”
ထိုသို့ပြောလိုက်ပြီးနောက် ယန်ရှုက လီတာဝေကို မျက်စိမှိတ်ပြလိုက်သည်။
လီတာဝေကလည်း အခြေအနေကို ရိပ်မိသွားပြီး ပြုံးစိစိဖြင့် ခေါင်းကိုညိတ်လိုက်၏။
“အာ..ငါနားလည်ပြီ၊ ဒါပေမဲ့လည်းကွာ ငါလည်းလိုက်ချင်တာပေါ့”
ထိုအခါရှကျဲက ရှက်ကိုးရှက်ကန်းဖြင့် အရှက်ပြေလေးပြန်ပြောလိုက်သည်။
“နင်တို့လည်းလိုက်ခဲ့လို့ရပါတယ်၊ ငါဖိတ်ပါတယ်ဟ၊ အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲဟာကို”
ထို့နောက် လီတာဝေက လက်ကာပြကာ ပြုံးဖြီးဖြီးဖြင့်ငြင်းဆိုလိုက်လေ၏။
“နေပါစေတော့၊ မနက်ဖြန် ငါမှာ လုပ်စရာတွေရှိသေးတယ်၊ သူများတွေရဲ့ အခြေအနေကောင်းလေးကို ငါ့ကြောင့် မပျက်စီးစေချင်ပါဘူးကွာ”
သူသည် ချင်ရန်၏အစီအစဉ်ကောင်းကို ဖျက်ဆီးပစ်မည့်သူ မဟုတ်ပေ။ မိန်းကလေးတစ်ယောက်က သူမ၏အိမ်သို့ ထမင်းဖိတ်ကျွေးသည်ဆိုသည်မှာ ရိုးရိုးရှင်းရှင်း ကျေးဇူးတင်ရုံသက်သက်သာ ဖြစ်နိုင်မည်လော။
ထိုအချိန်တွင် လီတာဝေက ချင်ရန်ကို အဓိပ္ပာယ်ပါပါဖြင့် ကြည့်လိုက်ပြီး စိတ်ထဲမှရေရွတ်လိုက်သည်။
‘တစ်ခုခုတော့ တစ်ခုခုပဲ”
ချင်ရန်ကမူ ထိုအခြေအနေအားလုံးကို ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ သူက ရယ်မောရင်း လီတာဝေတို့အား ပြဿနာမရှိကြောင်းကိုသာ ရှင်းပြနေမိတော့သည်။
“အဲဒီအကြည့်က ဘာလဲ.. ဘာလဲ၊ ငါ ဒီနေ့ လူတစ်ယောက်ကို အကူအညီအကြီးကြီး ပေးခဲ့တယ်၊ အဲဒိလူကလည်း ကျေးဇူးပြန်ဆပ်ချင်လို့ ထမင်းတစ်နပ်ဖိတ်ကျွေးတာက ပြဿနာမရှိပါဘူး၊ ဟုတ်တယ်မလား၊ ဟုတ်တယ်မဟုတ်လား”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ... ပြဿနာမရှိပါဘူး၊ အစ်ကိုရန်၊ မနက်ဖြန်နေ့လည်စာကို ကောင်းကောင်းစားခဲ့ပါဦး”
လီတာဝေက ပြုံးစိစိဖြင့် လှမ်းနောက်လိုက်လေသည်။ ယန်ရှုကလည်း ရုပ်တည်ကြီးနှင့် ဝင်နောက်လေ၏။
“ချင်ရန်၊ အစားအသောက်ကို အရသာရှိရှိစားခဲ့ပါဦး”
ချင်ရန်က ထိုသူနှစ်ဦး၏စနောက်မှုကို ဂရုမစိုက်ဘဲ ပခုံးသာတွန့်ပြလိုက်သည်။
ထို့နောက် ရှကျဲဘက်သို့လှည့်ကာ မနက်ဖြန်လာခဲ့မည်ဖြစ်ကြောင်းကို အတည်ပြုပြောဆိုလိုက်၏။
“ကောင်းပြီလေ၊ မနက်ဖြန်လည်း ငါလည်းအားနေတာနဲ့ နင့်အိမ်မှာ ထမင်းလိုက်စားရင်း အဲဒီကိုယ်ဝန်ဆောင် အမျိုးသမီးကိုလည်း တစ်ခါတည်းသွားကြည့်ရတာပေါ့”
ရှကျဲက ချင်ရန်၏အစီအစဉ်ကို သဘောတူသည့် အနေဖြင့် အသာအယာခေါင်းညိတ်ပြလိုက်သည်။
သို့သော်လည်း ရှကျဲက ချင်းယန်ကို ထမင်းဖိတ်ကျွေးသည့် သတင်းမှာ ဝမ်ရှောင်ရီနှင့် ချန်ဟောက်တို့၏နားထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားလေတော့သည်။
လူကြီးနှစ်ဦးဖြစ်သည့်အလျောက် ထိုသတင်းကို ကြားသည်နှင့် ချက်ချင်းပင် စိတ်ဝင်တစားဖြစ်သွားကြ၏။
ယခုအချိန်တွင် ဝမ်ရှောင်ရီ၏ရုံးခန်းအတွင်း၌ ထိုင်နေသော ချန်ဟောက်က သူ့ရှေ့တွင် အတွေးနက်နေဟန်ဖြင့် ထိုင်နေသည့် ဝမ်ရှောင်ရီကို မေးလိုက်သည်။
“စခန်းမှူး၊ ရှကျဲက ချင်ရန်ကို ထမင်းဖိတ်ကျွေးတာက နည်းနည်းတော့ ထူးဆန်းနေသလားလို့၊ ကျုပ်သိရသလောက်ဆိုရင် ရှကျဲရဲ့အမေက အပြင်လူတွေ သူမအိမ်မှာထမင်းလာစားတာကို လုံးဝမကြိုက်ဘူးမဟုတ်လား”
ဝမ်ရှောင်ရီလည်း ထိုအကြောင်းကို ကြားသောအခါ ခဏတာမျှ စဉ်းစားပြီးမှ လေးလေးနက်နက် ပြန်ပြောလာ၏။
“ရှကျဲရဲ့အမေက လူစိမ်းတွေကို မနှစ်သက်တာ မှန်ပေမဲ့ စိတ်သဘောထား သေးသိမ်တဲ့သူတော့ မဟုတ်ဘူးကွ၊ ပြီးတော့ ရှကျဲကလည်း ငယ်တော့တာမဟုတ်ဘူး၊ အခြေတကျဖြစ်ဖို့က အချိန်တန်ပြီလေ”
ထိုစကားကို ကြားလိုက်ရသောအခါတွင် ချန်ဟောက်မှာ အံ့အားသင့်သွားကာ မေးလိုက်၏။
“သူ့အမေက... ချင်ရန်ကို သဘောကျသွားတာများလား”
ထိုအခါ စခန်းမှူးဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။
“မင်း မြောက်ပိုင်းရထားဘူတာရုံမှာ ရှကျဲရဲ့အမေနဲ့ တွေ့ခဲ့တယ်မဟုတ်ဘူးလား၊ အဲဒီတုန်းက သူမ ချင်ရန်အပေါ် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ မင်းမေ့သွားပြီလား”
ချန်ဟောက်က ပြန်စဉ်းစားကြည့်သောအခါ ရှကျဲ၏မိခင်သည် ချင်ရန်အပေါ်၌ တကယ်ပင် မျက်နှာသာပေးခဲ့သည်ကို သတိရသွားလေ၏။
“ကဲပါ၊ ငါတို့လိုလူကြီးတွေက ဒါတွေကို အစိုးရိမ်လွန်မနေသင့်ပါဘူး”
ဝမ်ရှောင်ရီက လက်ကာပြလိုက်သည်။
ချန်ဟောက်ကမူ သက်ပြင်းအရှည်ကြီး ချကာ နှမျှောတသစွာ ပြောလိုက်၏။
“စခန်းမှူးရယ်၊ ခင်ဗျားရယ်၊ ကျွန်တော်ရယ်၊ ရှကျွင်းရှုန်ရယ်က သူငယ်ချင်းကောင်းတွေပဲလေ၊ သူ့သမီးကို ကျွန်တော်တို့ သမီးအရင်းလိုပဲ သဘောထားခဲ့ကြတာလေ၊ အခု ရှကျဲက ရည်းစားရှာချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ လူကြီးတွေက မျက်စိတစ်ဖက်မှိတ်ပေးရတော့မှာပေါ့”
ထိုအခါ ဝမ်ရှောင်ရီက ရယ်မောရင်းဖြင့် ပြန်ပြောလိုက်သည်။
“မင်းလည်း သိတာပဲလေ ချင်ရန်က အရည်အချင်းရှိတဲ့ ကောင်လေးဆိုတာကို၊ ဒါပေမဲ့ သူ့ရဲ့ အကျင့်စရိုက်ပိုင်းကိုတော့ ငါတို့ အခုထိ အကဲမဖြတ်နိုင်သေးဘူး၊ ကဲပါ အခုက ပြောဖို့စောပါသေးတယ်၊ စောင့်ကြည့်ကြတာပေါ့၊ ပြီးတော့ ဒါက ထမင်းတစ်နပ်လေးပဲ သွားစားတာပါကွာ၊ ဘာမှလည်း အတည်တကျမဖြစ်သေးပါဘူး၊ စိတ်ပူမနေနဲ့ ရှကျဲက အဲဒီလောက်ထိ နုနယ်တဲ့ကလေးမ မဟုတ်ပါဘူးကွာ”
အခြားတစ်ဖက်ရှိ ရှကျဲ၏နေအိမ်တွင်မူ….
ရှကျဲက မိခင်ဖြစ်သူ၏အလိုအတိုင်း ချင်ယန်ကို အိမ်သို့ထမင်းဖိတ်ထားကြောင်းနှင့် ချင်ယန်မှာ မနက်ဖြန်လာလိမ့်မည်ဖြစ်ကြောင်းကို ပြောပြလိုက်သည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ ရှကျဲ၏မိခင်မှာ ချက်ချင်းပင်စိတ်လှုပ်ရှားကာ တက်ကြွသွားတော့သည်။
“အဲဒီကောင်လေး လာမယ်ဆိုရင်တော့ ငါ့မောင် ကုဝေကိုပါ အိမ်ကိုပြန်လာခိုင်းရမယ်၊ သူက ငါ့ထက် လူအကဲခတ်တာပိုတော်တယ်၊ ဒီတော့ ကုဝေကိုပဲ သေသေချာချာ လေ့လာကြည့်ခိုင်းရမယ်”
ရှကျဲ၏ မိခင်သည် စိတ်ထဲမှ ကြံစည်နေလေ၏။
သူမပြောသော ကုဝေဆိုသည်မှာ သူမ၏မောင်အရင်း လင်းကုဝေဖြစ်သည်။ သူသည် မြို့နယ်ရဲဗျူရို၏ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ရာထူးကြီးတစ်ဦးဖြစ်သည်။
သူသည် နေ့စဉ် အမှုကိစ္စကြီးများကို ကိုင်တွယ်နေရသူဖြစ်သဖြင့် လူအကဲခတ်ရာတွင် အလွန်ထက်မြက်သူဖြစ်၏။
အချိန်ကုန်မြန်လွန်းလှပြီး နောက်တစ်နေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ယနေ့တွင်မူ ချင်ရန်၏အားလပ်ရက်ဖြစ်ပြီး သူသည် ရှကျဲ၏ဖိတ်ကြားချက်အရ သူမတို့အိမ်သို့ ရောက်ရှိလာခဲ့သည်။
ယနေ့တွင် သူသည် ထမင်းစားရန်သာမက ဝမ်ပါ့အမှုမှ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ လက်ရှိအခြေအနေကိုပါ မေးမြန်းရန် လာခဲ့ခြင်းပင်။
မိမိကိုယ်တိုင်ကယ်တင်ခဲ့သည့် နစ်နာသူဖြစ်သဖြင့် ထိုအမျိုးသမီးအတွက် သူစိတ်ပူနေမိသည်။ ချင်ရန်သည် လိပ်စာအတိုင်းလာခဲ့ရာ ရှကျဲတို့အိမ်ကို ရှာတွေ့သွားခဲ့၏။
၎င်းမှာ အနည်းငယ်ဝေးလံသော်လည်း အေးချမ်းသည့် တစ်သီးပုဂ္ဂလအိမ်ကြီး တစ်လုံးဖြစ်သည်။
သူသည် တံခါးဝသို့ရောက်သောအခါ လူခေါ်ဘဲလ်ကို တီးလိုက်လေ၏။
ငါးစက္ကန့်ခန့်အကြာတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး တံခါးလာဖွင့်ပေးပြီး ၎င်းမှာ ရှကျဲ၏မိခင် ဖြစ်နေသည်။
ရှကျဲ၏မိခင်မှာ ချင်ရန်ကို မြင်သည်နှင့် မျက်လုံးများတောက်ပသွားကာ အိမ်ထဲသို့ဝင်ရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်တော့လေသည်။
“ချင်ရန်လေး၊ ရောက်ပြီလား၊ လာ... လာ... မြန်မြန်ဝင်ခဲ့၊ အန်တီက မင်းလာမယ်ဆိုကတည်းက မျှော်နေတာ”
ရှကျဲ၏ မိခင်သည် သူ့အား လှိုက်လှိုက်လှဲလှဲပင် ဖိတ်ခေါ်လိုက်၏။
ချင်ရန် အိမ်ထဲသို့ ဝင်လိုက်သောအခါ ကျယ်ဝန်းသောဧည့်ခန်းကို အရင်တွေ့လိုက်ရပြီး ရှကျဲကိုမူ မတွေ့ရပေ။ ရှကျဲ၏မိခင်မှာမူ မီးဖိုချောင်ထဲမှ ထွက်လာပုံရပြီး ခါးစည်းတစ်ခုကို ဝတ်ထားလေသည်။
“သမီးရှကျဲက မီးဖိုခန်းထဲမှာ မင်းအတွက် ဟင်းတွေချက်နေတယ်၊ ချင်ရန်လေး ခဏထိုင်ပါဦး၊ ခဏနေ ရှကျဲထွက်လာလိမ့်မယ်နော်”
ရှကျဲ၏ မိခင်က ပြုံးလျက်ဖြင့် ချင်ရန်ကို အထက်အောက် မသိမသာ အကဲခတ်နေ၏။ ထိုသို့ အကဲခတ်နေစဉ်မှာပင် အိမ်အပေါ်ထက်မှ လူတစ်ယောက်ဆင်းလာသည့် ခြေသံအား ကြားလိုက်ရ၏။
ဒေါက်... ဒေါက်... ဒေါက်…။
လှေကားပေါ်မှ ဆင်းလာသော ထိုခြေသံက ချင်ရန်၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ထို့နောက်တွင်မူ အရပ် ၆ ပေနီးပါး မြင့်ကာ ပခုံးကျယ်ပြီး ဗလတောင့်တောင့်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လှေကားပေါ်မှ ဖြည်းဖြည်းချင်းဆင်းလာသည်ကို သူ မြင်လိုက်ရ၏။
အချိန်တိုအတွင်းမှာပင် ချင်ရန်နှင့်ထိုလူကြီးတို့ မျက်လုံးချင်းဆုံသွားကြသည်။ ထိုလူကြီးသည် မျက်မှောင်ကြုတ်လျက် ချင်ရန်ကို စူးစူးရဲရဲစိုက်ကြည့်ကာ စစ်ဆေးကြည့်ရှုနေ၏။
‘ဒီလူက ဘယ်သူလဲ’ ချင်ယန် စပ်စပ်စုစု တွေးတောနေမိသည်။ ထိုအမျိုးသားသည် ချင်ယန်အနားသို့ လျှောက်လာကာ တိုက်ရိုက်ပင်မေးလိုက်လေ၏။
“မင်းက ငါ့တူမ၊ ရှကျဲရဲ့လုပ်ဖော်ကိုင်ဖက်လား”
ထိုအခါ ချင်ရန်က ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် ရှကျဲ၏မိခင်က စိတ်အားထက်သန်စွာဖြင့် မိတ်ဆက်ပေးလာခဲ့လေ၏။
“ချင်ရန်လေး၊ ဒါက အန်တီ့ရဲ့မောင် လင်းကုဝေတဲ့၊ သူက မြို့နယ်ရဲဗျူရိုရဲ့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ အလုပ်လုပ်တယ်လေ”
“ဪ ဟုတ်ကဲ့၊ သိပါပြီဗျ”
ချင်းယန် ချက်ချင်းပင် နားလည်သွားသည်။ ထိုလူသည် ရှကျဲ၏ဦးလေးဖြစ်နေခြင်းပင်။
ရှကျဲ၏ဦးလေးသည် ဝက်ဝံတစ်ကောင်ကဲ့သို့ အလွန်ဗလတောင့်တင်းလှပြီး၊ သူ လမ်းလျှောက်လာချိန်တွင် ထွက်ပေါ်လာသောအရှိန်အဝါမှာ တဖက်လူအား အလွန်ပင် ဖိအားပေးနိုင်စွမ်းရှိလှသည်။
သို့သော် ချင်ရန်မှာ မည်သို့မျှ မခံစားရပေ။ မည်မျှပင် အရှိန်အဝါပြင်းထန်သူဖြစ်ပါစေ၊ ကျားသစ်တစ်ကောင်၊ လက်ဝှေ့ချန်ပီယံတစ်ဦး သို့မဟုတ် သေနတ်ကိုင်ထားသော မူးယစ်ဆေးကုန်သည်တစ်ဦးထက်ပို၍ ဖိအားပေးနိုင်သူမရှိဟု သူ ထင်မိသောကြောင့်ပင်။
ချင်ရန်က တည်ငြိမ်စွာဖြင့်ပင် နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ဦးလေး”
လင်းကုဝေက ချင်ရန်ကို ကုန်ပစ္စည်းတစ်ခုကို စစ်ဆေးနေသည့်အလား သံသယမျက်လုံးများဖြင့် ကြည့်ရှုစစ်ဆေးနေသဖြင့် ချင်ရန်မှာ အလိုအလျောက်ပင် မျက်မှောင်ကြုတ်မိသွားသည်။
“မင်းကိ ကြည့်ရတာ အားနည်းတဲ့ပုံပဲ၊ ခန္ဓာကိုယ်က လေ့ကျင့်ခန်းလုပ်ထားပုံမရဘူး”
ထိုလူကြီးက ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူနှင့် ယှဉ်လိုက်လျှင်တော့ ချင်ရန်မှာ ကြက်ကလေးတစ်ကောင်ကဲ့သို့ပင်။
ဤဗလတောင့်တောင့်လူကြီးသည် အနည်းဆုံး ပေါင် ၂၀၀ ခန့် အလေးချိန်ရှိပြီး သူ၏လက်မောင်းမှာ ချင်းယန်၏ခြေထောက်လောက်ရှိသည်။
“လေ့ကျင့်ခန်းဆိုတာ လုပ်နိုင်သလောက် လုပ်ရတာပါပဲ၊ အမှုတွေကို ကိုင်တွယ်နိုင်ရင် အဆင်ပြေပါတယ်”
ချင်ရန်က တုန်လှုပ်ခြင်းမရှိပဲ ပြုံးလျက်ဖြင့် ပြန်ပြောလိုက်သည်။
အကြောင်းရင်း တစ်ခုခုကြောင့် ရှကျဲ၏ဦးလေးသည် သူ့အပေါ်၌ ရန်လိုသောသဘောထား ရှိနေသည်ဟု ချင်းယန် ခံစားနေရလေ၏။
“မင်းက သာမန်ရဲဝန်ထမ်းတစ်ယောက်ပဲလေ၊ ဒါကြောင့် အမှုကြီးတွေကို ကိုင်တွယ်ဖြေရှင်းရမှာ မဟုတ်ပါဘူး၊ လမ်းပေါ်က သေးသေးမွှားမွှားကိစ္စတွေကိုတော့ လုံခြုံရေးအဘိုးကြီးတစ်ယောက်ကတောင် ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်”
ရှကျဲ၏ဦးလေးဖြစ်သူက
ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ထို့နောက် သူသည် ဆိုဖာပေါ်တွင်
ခြေတစ်ဖက်ချိပ်ကာ ထိုင်ချလိုက်၏။
တခဏတာအတွင်းပင် အခြေအနေမှာ အနည်းငယ်တင်းမာသွားခဲ့ပြီး ရှကျဲ၏မိခင်မှာမယ ချင်ရန်၏မျက်နှာအမူအရာကို မလွတ်စတမ်း တိတ်တဆိတ် စောင့်ကြည့်နေလေတော့သည်။