← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

73

ရှကျဲ၏မိခင်သည် ယနေ့တွင် သူမ၏မောင်ဖြစ်သူကို ခေါ်လိုက်ရခြင်းမှာ အဓိကအားဖြင့် ချင်ရန်ကို အကဲခတ်ခိုင်းပြီး မှတ်ချက်တောင်းခံရန်ဖြစ်သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ရှကျဲ၏မိခင်သည် ချင်ရန်၏အကြောင်းကို သေသေချာချာ မသိသေးဘဲ ချင်းယန်သည် ပါလီမြစ်ရဲစခန်းသို့ ရောက်ရှိပြီး မကြာမီမှာပင် အမှုကြီးများစွာကို တစ်ဦးတည်း ဖြေရှင်းခဲ့သူပြီးဖြစ်ကြောင်း သူမ မသိရှိထားပေ။

တင်းမာနေသော အခြေအနေကို ရင်ဆိုင်‌နေရ‌သော်လည်း ချင်းရန်က ခပ်ဖွဖွရယ်မောရင်း ဆိုဖာပေါ်တွင် အေးအေးလူလူထိုင်‌နေလိုက်သည်။

လင်းကုဝေသည် မြို့နယ်ဗျူရိုတွင် အလုပ်လုပ်နေသူဖြစ်ပါလျက် အဘယ်ကြောင့် ဤသတင်းကို မသိရသနည်း။ သူဖြေရှင်းခဲ့သော အမှုများမှာလည်း ဌာနချုပ်အဆင့်အထိပင် ပြောစမှတ်ပြုကာ ချီးကျူးခံခဲ့ရသည် မဟုတ်လော။

“ဟဲဟဲ၊ ယောကျ်ားလေးတွေဆိုတော့ လွတ်လွတ်လပ်လပ် စကားပြောလို့ရတာ ပိုအဆင်ပြေမှာပါ၊ ချင်ရန်လေးတို့ စကားပြောနေကြဦး၊ အန်တီကတော့ သမီးနဲ့အတူ ဟင်းသွားချက်လိုက်ဦးမယ်၊ ဆယ်မိနစ်လောက်ဆိုရပါပြီ”

ရှကျဲ၏မိခင်က ရုတ်တရက် ပြုံးရွှင်စွာပြောဆိုပြီးနောက် မီးဖိုချောင်ဘက်သို့ အပြေးအလွှားထွက်သွားလေတော့သည်။

ယခုအခါတွင်မူ ကျယ်ဝန်းသော ဧည့်ခန်းကြီးထဲတွင် ချင်ရန်နှင့် လင်းကုဝေတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

လင်းကုဝေသည် မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးဖြင့် ဖြောင့်မတ်တည်ကြည်သော အရှိန်အဝါမျိုးရှိသူဖြစ်သည်။ သာမန်လူတစ်ဦးဆိုပါက သူ၏ဘေးတွင် ထိုင်နေရုံဖြင့် ဖိအားတစ်ခုကို ခံစားရမည်မှာ ဧကန်မလွဲပင်။

သို့သော် ချင်ရန်ကမူ အလွန်အေးဆေးစွာဖြင့် ဆိုဖာ၏အိစက်မှုကို ခံစားရင်း တစ်ဝက်တစ်ပျက်ပင် လှဲလျောင်းနေသည်။

“လူငယ်လေး၊ မင်းရဲ့ အနာဂတ်အတွက် ဘာအစီအစဉ်တွေရှိလဲ၊ သိလို့ရမလား”

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လင်းကုဝေက စတင်၍ စကားစလိုက်သည်။

ချင်ရန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

“အစီအစဉ်လား၊ အင်း အခြေအနေကြည့်ရဦးမှာပေါ့၊ လောလောဆယ်တော့ အစမ်းခန့်ကာလကိုပဲ အရင်အောင်မြင်အောင်လုပ်ရမှာပဲ”

ထိုစကားကို ကြားသောအခါ လင်းကုဝေ၏မျက်ခုံးများ ပို၍ကြုတ်သွားရသည်။ ဤကောင်လေးမှာ အဘယ်ကြောင့် ရည်မှန်းချက် မရှိရသနည်း ဟု သူတွေးမိလိုက်၏။၊

လူကြီးတစ်ယောက်ရှေ့တွင် ယဉ်ကျေးသောအားဖြင့်ပင် စကားကောင်းအချို့ ရွေးချယ်၍ပြောသင့်သည် မဟုတ်လော။

သို့သော် သူက ‘ဒီလိုပဲ အခြေအနေကြည့်ရမှာ‌ပေါ့’ ဟု ပွင့်ပွင့်လင်းလင်း ပြောချလိုက်ခြင်းက လင်းကု‌ဝေကို အနည်းငယ်စိတ်တိုသွားစေသည်။

အကြောင်းမှာ ရှကျဲ၏မိခင် သူ့အစ်မက ‘ဒီကောင်လေးက တော်တော်အရည်အချင်းရှိတယ်၊ တစ်နေ့တည်းနဲ့ ခါးပိုက်နှိုက် ဆယ်ယောက်ကျော်ကို ဖမ်းနိုင်သလို ငါ့အိတ်ကိုလည်း ရှာပေးခဲ့တယ်’ ဟု ပြောပြထားသောကြောင့် ဖြစ်သည်။

ချင်ရန်မှာ ရုပ်ရည်ချောမောပြီး အရည်အသွေးကောင်းရှိသည်ဟု ထင်မြင်သဖြင့် သူမ၏သမီးနှင့် ချင်ရန်တို့ကို အောင်သွယ်ပေးချင်နေခြင်း ဖြစ်သည်။

သို့သော် လင်းကုဝေက ‘ခက်ပိုက်နှိုက်ဖမ်းခြင်း’ ကို ကြားလိုက်ရသောအခါ အလေးမထားခဲ့ပေ။

ခါးပိုက်နှိုက်ကို စောင့်ဖမ်းခြင်းက ဘယ်လောက်များ ထူးခြားနေသနည်း။ သူဆိုလျှင်လည်း နေ့စဉ်နှင့်အမျှ လူသတ်သမားများ၊ အလိုရှိရာဇဝတ်ကောင်များနှင့် စုံစမ်းစစ်ဆေးမှုကို တုန့်ပြန်နိုင်စွမ်း မြင့်မားသူများကိုသာ ရင်ဆိုင်‌ဖြေရှင်းနေရသူဖြစ်သည်။

သူကိုင်တွယ်ရသော အမှုများမှာ ရက်စက်ကြမ်းကြုတ်ပြီး သွေးထွက်သံယိုဖြစ်သော အမှုများသာဖြစ်သည်။ သူခိုးဖမ်းခြင်းမှာ သူ့အတွက် တန်ဖိုးမရှိသလောက်ပင် ဖြစ်နေ၏။

လင်းကုဝေက စိတ်ထဲတွင်မူ ‘ဒီကောင်လေးက ရှကျဲနဲ့ လုံးဝမလိုက်ဖက်ဘူး၊ ဘဝရည်မှန်းချက်လည်းမရှိဘူး၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားလူစားမျိုး’ ဟု မှတ်ချက်ချ လိုက်သည်။

ထိုသို့တွေးမိသည်နှင့် လင်းကုဝေ၏မျက်နှာမှာ အေးစက်သွားကာ ခက်ထန်သွားတော့သည်။

“ဒီလို စိတ်ဓာတ်မျိုးနဲ့ မင်းက ဘယ်လိုလုပ် ရဲလုပ်နေတာလဲ၊ မင်းက လူငယ်တစ်ယောက်ပဲလေ၊ တစ်သက်လုံး နယ်မြေရဲစခန်းလေးထဲမှာပဲ အချိန်ကုန်သွားချင်တာလား၊ အဲဒါက သနားစရာကောင်းလွန်းတယ်”

ဤစကားမှာ နယ်မြေရဲစခန်းမှ ရဲများစွာကို စော်ကားလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် လင်ကု‌ဝေက သူစကား‌ပြောမှားသွားမှန်း သိသွားကာ စကားကို ချက်ချင်းပြန်ပြင်လိုက်၏။

“အောက်ခြေရဲဝန်ထမ်းဆိုတာ အတွေ့အကြုံများပြီး အင်အားနည်းနေတဲ့သူတွေပဲ လုပ်ရမယ့်အလုပ်ကွ၊ လူငယ်တွေက အင်အားအပြည့်ရှိနေတာကို အလုပ်ကြီးတွေလုပ်ဖို့ ဒါမှမဟုတ် အမှုကြီးတွေဖြေရှင်းဖို့ စိတ်မဝင်စားဘဲ ဒီလိုပဲ အချိန်ဖြုန်းနေမယ်ဆိုရင် နောက်ဆုံးတော့ အဖွဲ့အစည်းအတွက် အပိုလူတွေဖြစ်သွားလိမ့်မယ်”

လင်းကုဝေ၏ လေသံမှာ တည်ငြိမ်နေသော်လည်း အရှိန်အ၀ါမှာ အားမနည်းလှပေ။

အမှန်တော့ သူ၏စရိုက်က ပွင့်လင်းပြီး တည့်တိုးပြောတတ်သူ ဖြစ်သဖြင့် အထက်လူကြီးများ၏ အသိအမှတ်ပြုခြင်းခံရကာ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

လင်းကုဝေသည် အလုပ်တွင်အချိန်ဖြုန်းနေသော အောက်ခြေဝန်ထမ်းများကို အမှန်တကယ်ပင် မနှစ်မြို့ပေ။ ယခင်က အမှုများ ကိုင်တွယ်ရာတွင် ဤကဲ့သို့သော လူများကြောင့် အမှုမပြတ်ဘဲ ကျန်ခဲ့သည်များကို သူ ကြုံဖူးထားသောကြောင့် ဖြစ်သည်။

သို့သော် လင်းကုဝေ၏ ပြင်းထန်လှသော စကားများကို ကြားရသော်လည်း ချင်းယန်၏မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။

“ဦးလေးလင်းပြောတာမှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က အောက်ခြေက သာမန်ဝန်ထမ်းဖြစ်ပေမဲ့ အလုပ်တွေအများကြီး လုပ်ခဲ့ပြီးပါပြီ”

ထိုစကားကို ကြားလိုက်ရ‌သောအခါ လင်းကုဝေက နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်လေ၏။

“ကဲ..ဒါဆို ဘာတွေများလုပ်ခဲ့တာလဲ၊ ရထားဘူတာရုံမှာ ခါးပိုက်နှိုက်ဆယ်ယောက်ကျော် ဖမ်းခဲ့တယ်လို့ ငါ့အစ်မဆီကကြားတယ်၊ မင်းပြောတဲ့ အလုပ်တွေအများကြီး လုပ်ခဲ့တယ်ဆိုတာ အဲဒါလား”

သူခိုးဖမ်းခြင်းနှင့် ပြည့်တန်ဆာနှိမ်နင်းခြင်းတို့မှာ လင်းကုဝေအတွက် အလွန်ရိုးရှင်းသော အလုပ်များဖြစ်သဖြင့် သူ လုံးဝအထင်မကြီးခြင်းဖြစ်သည်။

ချင်ရန်သည် ထိုအခါမှ ရှကျဲ၏မိခင်က သူ့အကြောင်းကို အသေးစိတ်မသိသေးကြောင်း ပို၍နားလည်သွားတော့၏။

ဝမ်ပါ့နှင့် ချီလုံဝေတို့ကို ဖမ်းဆီးခဲ့သည့်အကြောင်းကို လင်းကုဝေ မသိဘူးဆိုရာ သူ့ကို အထင်သေးနေသည်မှာ မဆန်းတော့ပေ။ ဤသည်ကို တွေးမိကာ ချင်ရန်က ခပ်ဖွဖွရယ်မောလိုက်သည်။

“ဦးလေးလင်း၊ အဲဒီလိုတွေးတာ မှားနေပြီဗျ၊ သူခိုးဖမ်းတာက ဘာလို့ အလုပ်ကြီးမဟုတ်ရမှာလဲ၊ အဲဒါက သိန်းပေါင်းထောင်ချီတဲ့ ခိုးမှုကြီးလည်းဖြစ်နိုင်တာပဲ‌လေ”

ထို့နောက် ချင်ရန်က ဆက်ပြောပြန်လေသည်။

“တကယ်လို့ ဦးလေးလင်းက သူခိုးဖမ်းတာကို အထင်သေးတယ်ဆိုရင် ဘယ်လိုအလုပ်မျိုးကမှ ဦးလေးလင်းကို အထင်ကြီးအောင်လုပ်နိုင်မှာလဲ၊ တစ်ချက်လောက်လေး ရှင်းပြပေးပါလားဗျ”

ချင်ရန်က ပြုံးလျက်ပင် မေးလိုက်သည်။

ထိုအခါ လင်းကု‌ဝေက တင်းမာသောမျက်နှာဖြင့် ဆိုလိုက်၏။

“ငါက ရာဇဝတ်နှိမ်နှင်း‌ရေး ရဲတစ်ယောက်လေ၊ လူသတ်သမားမျိုးစုံကို ရင်ဆိုင်နေရတာ၊ နေ့တိုင်း သေခြင်းတရားနဲ့ နီးကပ်နေပြီး၊ ငါတို့ ကာကွယ်နေတာက လူ့အဖွဲ့အစည်းရဲ့ နောက်ဆုံးခံစစ်စည်းပဲ၊ ငါတို့ အပြစ်ပေးနေတဲ့သူတွေဆိုတာက လူ့အဖွဲ့အစည်းမှာ အယုတ်မာဆုံးနဲ့ အဆိုးဝါးဆုံးလူတွေပဲကွ”

“ဟုတ်လား၊ ကျွန်တော် ပါလီမြစ်ရဲစခန်းကိုရောက်တာ ရက်ပိုင်းပဲရှိသေးတော့ ဦးလေးလင်းလို အလုပ်ကြီးအကိုင်ကြီးတွေတော့ မလုပ်ရသေးပါဘူး၊ ဒါပေမဲ့ မူးယစ်ဆေးကုန်သည်အချို့ကိုတော့ ကျွန်တော်ကိုယ်တိုင် ဖမ်းခဲ့ဖူးပါတယ်”

“မူးယစ်ဆေးကုန်သည် ဟုတ်လား”

ထိုစကားကြောင့် လင်းကုဝေ အံ့အားသင့်သွားရ‌တော့သည်။ ချင်ရန်ကဲ့သို့ အောက်ခြေမှ သာမန်ရဲဝန်ထမ်းလေးက မူးယစ်ဆေးကုန်သည်များနှင့် မည်သို့ ပတ်သက်နိုင်မည်နည်း။

လမ်းဘေးဈေးသည် ဖမ်းတာကမှ ဖြစ်နိုင်ဦးမည်။

လင်းကုဝေ၏ အထင်သေးသောအကြည့်ကို ခံစားမိလိုက်သည့် တခဏတွင် ချင်းယန်က ပြုံးလျက်မေးလိုက်သည်။

“ဦးလေး... ဝမ်ပါ့ဆိုတဲ့လူကို သိလား”

“ဝမ်ပါ့လား”

ထိုအခါ လင်ကုဝေ၏ စိတ်ထဲတွင် ရွှီပေါ်နှင့် စကားပြောခဲ့သည်များကို ချက်ချင်းပင် သတိရသွား၏။ ရွှီပေါ်နှင့် သူတို့နှစ်ဦးမှာ ရင်းနှီးကြပြီး ခဏခဏစကားပြောလေ့ရှိသည်။

ထိုစဉ်က ရွှီ‌ပေါ်သည် ဝမ်ပါ့အကြောင်းကို ပြောပြခဲ့ဖူးသည်။ ၎င်းမှာ သူတို့ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သော အမှုကြီးတစ်ခု ဖြစ်ပြီး ဝမ်ပါ့သည် ဟီးရိုးအင်း ကီလိုဂရမ် ၂၀၀ ကျော်ကို ဝှက်ထားခဲ့သဖြင့် အလွန်ပြင်းထန်သော အမှုကြီးဖြစ်ခဲ့၏။

ထို့အပြင် သူသည် လေသေနတ်ကိုပါ ကိုင်ဆောင်ထားသဖြင့် အလွန်အန္တရာယ်များသူလည်းဖြစ်သည်။ ယခု ချင်းယန်က ဤအကြောင်းကို စပြောလာသဖြင့် သူ ဘာကိုဆိုလိုချင်မှန်း လင်းကု‌ဝေ ချက်ချင်းသဘောမပေါ်က်လိုက်ပေ။

“အဲဒီ ဝမ်ပါ့ဆိုတဲ့လူက မင်းရဲ့အမျိုးလား”

လင်းကုဝေက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ သူသည် ချင်ရန်နှင့်ဝမ်ပါ့ကို မည်သို့မျှ ဆက်စပ်၍မစဉ်းစားမိပေ။

ထိုအခါ ချင်းယန်က ပြုံးလျက်ပြောလိုက်သည်။

“ဝမ်ပါ့ကို ဖမ်းခဲ့တဲ့သူက ကျွန်တော်ပါဦးလေးလင်း”

ထိုစကားအဆုံးတွင်...

လင်းကုဝေ၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားပြီး သူပြော‌တော့မည့် သရော်စာသားများမှာ လည်ချောင်းဝ၌ပင် တစ်သွားတော့သည်။ သူ၏ဦးနှောက်က ထိုအချက်ကို ခဏတာမျှ လက်မခံနိုင်ဘဲ ဖြစ်နေ၏။

“မူလကတော့ ဒီအမှုကို အဖွဲ့ခေါင်းဆောင်ရွှီ‌ပေါ်ဆီကို လွှဲပေးရမှာပါ၊ ဒါပေမဲ့ အဲဒီအချိန်မှာ အခြေအနေက အရမ်းအရေးကြီးနေတာကြောင့် ကျွန်တော့်ဘာသာပဲ ဖမ်းဆီးလိုက်ရတာပါ”

ချင်ရန်၏ လေသံမှာ အလွန်တည်ငြိမ်နေသေည်လည်း ထိုစကားများက လင်းကုဝေ၏နားထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။

“မင်း၊ မင်းက ဝမ်ပါ့ကို တကယ်ဖမ်းခဲ့တာလား”

လင်းကုဝေက မယုံကြည်နိုင်သော မျက်လုံးများဖြင့် အခါခါမေးလိုက်မိသည်။

ဝမ်ပါ့ဆိုသည်မှာ မည်သူနည်း။ ဖိန်လင်မြို့ကဲ့သို့ နေရာမျိုးတွင် ဟီးရိုးအင်း အရောင်းအဝယ်လုပ်ဝံ့သော ရက်စက်သူဖြစ်သည်။ လက်အောက်တွင် လူမိုက်များစွာရှိသည့်အပြင် လေသေနတ်ပါ ကိုင်ထားသဖြင့် အလွန်အန္တရာယ်များလှ၏။

ယခု သူ့ရှေ့တွင်ရှိနေသော ချင်ရန်မှာ ပိန်ပိန်ပါးပါးကျောင်းသားလေးနှင့် တူနေပြီး ရန်သူ့အလယ်သို့ ထိုးဖောက်ဝင်ရောက်မည့် သူရဲကောင်းတစ်ဦးနှင့် လုံးဝမတူပေ။

“ကျွန်တော့်နာမည်ကို အပြည့်အစုံကို ပြောဖို့မေ့သွားတယ်၊ ကျွန်တော့်နာမည်က ချင်ရန်ပါ၊ ဦးလေးရဲ့ နာမည်အပြည့်အစုံကို သိခွင့်ရှိမလားခင်ဗျာ”

ချင်ရန်က ပြုံးလျက်မေးလိုက်သော်လည်း လင်းကုဝေ၏ မျက်နှာမှာ ရုတ်တရက် အိုမင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ရွှီ‌ပေါ်သူ့ကို ပြောပြစဉ်က ‘လူငယ်လေးတစ်ယောက်က ဒီအမှုကြီးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်’ ဟု ပြောခဲ့သည်ကို သူ ပြန်လည်သတိရသွား၏။

ထိုစဉ်က လင်းကုဝေသည် ထိုလူငယ်လေးကို ‘အရည်အချင်းရှိတဲ့ လူငယ်လေးပဲ’ ဟု အထပ်ထပ် ချီးကျူးခဲ့ဖူး‌သေးသည်။

‘ဒါဆို သူ့ရှေ့ကချင်ရန်က ဝမ်ပါ့ကိုဖမ်းခဲ့တဲ့သူလား'

ချင်ရန်အ‌ပေါ်ကို အထင်သေးစွာဖြင့် ပြောဆိုခဲ့သည်များကို ပြန်စဉ်းစားမိကာ လင်းကုဝေ၏မျက်နှာမှာ အလွန်ထူပူလာပြီး နေရခက်သွားတော့သည်။

“မဟုတ်သေးဘူး၊ ဒါကို ငါ အတည်ပြုရဦးမယ်”

လင်းကုဝေသည် အရှုံးမပေးချင်သေးပေ။ သူသည် ချင်ရန်ကိုပြန်မဖြေဘဲ တုန်ရီနေသောလက်ဖြင့် ဖုန်းထုတ်ကာ ရွှီ‌ပေါ်ထံသို့ ဖုန်းလှမ်းခေါ်လိုက်သည်။

ခဏအကြာတွင် ရွှီ‌ပေါ်က ဖုန်းကိုင်လာ၏။

“ဟဲလို အစ်ကိုလင်း၊ ဘာများ အရေးတကြီးကိစ္စရှိလို့လဲ၊ ဘာကူညီပေးရမလဲဗျ”

‌ဖုန်းတစ်ဖက်မှ ရွှီ‌ပေါ်က မေးလိုက်လေသည်။

74

လင်းကုဝေက အလျင်အမြန်ပင်ပြောလိုက်သည်။

“မင်း ပြီးခဲ့တဲ့တစ်ခေါက်ကပြောတဲ့ မူးယစ်ဆေးကုန်သည် ဝမ်ပါ့အကြောင်းလေ”

“ဟင်၊ ဘာလဲ... မင်း ဝမ်ပါ့နဲ့ပတ်သက်တဲ့ အမှုတစ်ခုခုမှာပါဝင်ပတ်သက်နေလို့လား”

ရွှီပေါ်က ဖုန်းထဲမှနေ၍ စိုးရိမ်တကြီးမေးလိုက်၏။

“မဟုတ်ပါဘူး၊ အမှုတွဲထဲပါတာမဟုတ်ပါဘူး၊ ဝမ်ပါ့ကိုဖမ်းတုန်းက လူငယ်လေးတစ်ယောက်က အများကြီးကူညီပေးခဲ့တယ်လို့ မင်းပြောဖူးတယ်မဟုတ်လား”

“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ”

ဖုန်း၏ အခြားတစ်ဖက်မှ ရွှီပေါ်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

လင်းကုဝေက အသက်ကိုခပ်ပြင်းပြင်း တစ်ချက်ရှူကာ ထပ်မေးပြန်သည်။

“သူ့နာမည်ဘယ်လိုခေါ်လဲ”

“နာမည်လား”

ရွှီပြောင်းက ချက်ချင်းပင် ပြန်ဖြေ၏။

“သူ့နာမည်က ချင်ရန်တဲ့၊ ပါလီမြစ်ရဲစခန်းမှာ အလုပ်လုပ်တယ်၊ ဒီကောင်လေးက တကယ်ကိုအရည်အချင်းရှိတာ အစ်ကိုလင်းရဲ့၊ မူးယစ်ဂိုဏ်းသားတွေ သေနတ်ကိုင်ထားတာတောင် သူကရင်ဆိုင်ရဲတယ်ဗျ၊ တကယ့်ကို သတ္တိရှိတဲ့ကောင်လေးပဲ၊ ဒါနဲ့ ဘာဖြစ်လို့ ချင်ရန်အကြောင်းကိုမေးနေတာလဲ၊ အစ်ကိုလင်း”

ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းကုဝေမှာ ချက်ချင်းပင် ဆွံ့အသွားသည်။ ပါလီမြစ်ရဲစခန်းဆိုသည်မှာ သူ၏တူမ ရှကျဲတာဝန်ကျ‌နေသည့် ရဲစခန်းပင်။

‘ဒါဆိုရင် အခု ငါ့ဘေးနားမှာ ရပ်နေတာက ချင်ရန်လား'

လင်းကုဝေ၏မျက်နှာမှာ ချက်ချင်းပင် နေရခက်သွားသည်။ သူ အခုလေးတင် ပြောခဲ့သော စကားများကို ပြန်သတိရသွားပြီး မိမိမျက်နှာကိုမိမိ ပြန်ရိုက်လိုက်သလိုမျိုး ခံစားလိုက်ရ၏။ သူက ချင်ရန်ကို အထင်သေးခဲ့မိသော်လည်း ချင်ရန်မှာ ဝမ်ပါ့ကိုဖမ်းဆီးခဲ့သည့် ထိုလူငယ်လေးမှန်း သူဘယ်လိုမှ မတွေးမိခဲ့ပေ။

ဖုန်းထဲတွင် လင်းကုဝေဘက်မှ ကြာရှည်စွာ တိတ်ဆိတ်နေသဖြင့် ရွှီပေါ်က ဆက်တိုက်ခေါ်နေလိုက်သည်။

“ဟယ်လို၊ ဟယ်လို”

ထိုစဉ် ချင်ရန်သည် လင်းကုဝေ၏တိတ်ဆိတ်‌နေမှုနှင့် နေရခက်နေသော မျက်နှာအမူအရာတို့ကို မြင်‌နေရသောကြောင့် မရယ်ဘဲမနေနိုင်တော့ပေ။

“ဦးလေးလင်း ဖုန်းထဲကလူက ဦးလေးပြန်ဖြေမယ့်အဖြေကို စောင့်နေတယ်နော်”

လင်းကု‌ဝေလည်း ထိုအခါမှ သတိပြန်ဝင်လာပြီး ရှုပ်ထွေးသောအမူအရာဖြင့် ပြန်ဖြေလိုက်၏။

“အဲဒီချင်ရန်က အခု ငါ့ရှေ့မှာရှိနေတယ်၊ ငါ့အစ်မက ရထားဘူတာရုံမှာ အိတ်အခိုးခံရတာကို သူကကူဖမ်းပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းဖိတ်ကျွေးနေတာလေ”

“ဪ... ချင်ရန်က အစ်ကိုလင်းဘေးမှာလား၊ အကိုတို့နှစ်ယောက် အဲဒီလောက်ထိ ရင်းနှီးမယ်လို့ မထင်ထားဘူး၊ ဒါနဲ့... မြောက်ပိုင်းရထားဘူတာရုံက ခါးပိုက်နှိုက်မှုကလည်း အဆင့်တော်တော်မြင့်တာနော်၊ အထွေထွေညွှန်ကြားရေးမှူးကိုယ်တိုင်တောင် ဝင်ပါခဲ့ရတာ၊ အဲဒါက သူခိုးဂိုဏ်းကြီးတစ်ခုဖြစ်ပြီး ဖိန်လင်မြို့တင်မကဘူး၊ အနောက်တောင်ပိုင်းက တခြားနေရာတွေမှာပါ အဲဒီအမှုနဲ့ဆက်စပ်မှုရှိနေတာတဲ့”

ထိုစကားကို ကြားပြီးနောက် လင်းကုဝေက နောက်ထပ် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိပြန်သည်။ သူသည် ချင်ရန်ကို ရည်မှန်းချက်မရှိဘဲ အချိန်ဖြုန်းနေသည့် လူပျင်းတစ်ယောက်ဟု ထင်ခဲ့မိ၏။

သို့သော် ယခုကြည့်လိုက်လျှင် ချင်ရန်၏အောင်မြင်မှုများက သူ့ရှေ့တွင် အထင်အရှား ပေါ်လွင်နေချေပြီ။

“ကောင်းပြီ၊ ငါနားလည်ပြီ၊ ဒါဆို ဒါပဲနော်”

လင်းကုဝေက စကားကို အမြန်ဖြတ်ကာ ဖုန်းချလိုက်၏။ သူသည် ပြုံးနေသော ချင်ရန်ကိုကြည့်ကာ မျက်နှာတစ်ခုလုံး နီမြန်းနေတော့လေသည်။

“မင်းက ဝမ်ပါ့အမှုမှာ အဓိကပါဝင်ခဲ့သူဖြစ်ပြီး ဒုတိယအဆင့်ဂုဏ်ထူးဆောင်ဘွဲ့တောင် ရခဲ့တယ်လို့ ငါကြားတယ်၊ အဲဒါ အမှန်ပဲလား”

လင်းကုဝေက ရှုပ်ထွေးသော ခံစားချက်ဖြင့်မေးလိုက်၏။

“ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ ရထားတယ်ဆိုတော့ မင်းရဲ့ အနာဂတ်က တကယ်ကိုအားကိုးထိုက်ပါတယ်”

ချင်ရန်ကမူ မည်သို့မျှ ထူးထူးခြားခြား မခံစားရပေ။ ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ဆိုသည်မှာ တကယ်ပဲ ထူးခြားနေသည်လော။ အခြားသူများအတွက် ထူးခြားနေသော်လည်း သူ့အတွက်မူ ဘာမှမဆန်းပေ။

သူ၏ အနာဂတ်အောင်မြင်မှုများမှာ ဤသည်ထက် များစွာ ကျော်လွန်သွားဦးမည်ဖြစ်သည်။

ထိုအချိန်တွင်...

ရှကျဲနှင့် သူမ၏မိခင်တို့သည် မွှေးကြိုင်လှသော ဟင်းပန်းကန်များကို ကိုင်လျက် မီးဖိုချောင်ထဲမှ ထွက်လာကြသည်။ ဟင်းရနံ့များမှာ အဝေးကပင် သင်းပျံ့လို့နေသည်။

“ထမင်းစားလို့ ရပြီနော်”

ရှကျဲ၏မိခင်က ပြုံးရွှင်စွာဖြင့်လျှောက်လာရင်း သူမ၏မောင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။ သို့သော် လင်းကုဝေ၏ နေရခက်နေသောမျက်နှာကို မြင်သောအခါ သူမ အံ့အားသင့်သွားရ၏။

သူမသည် လင်းကု‌ဝေအား ချင်ရန်၏စရိုက်ကို စမ်းသပ်ခိုင်းထားခဲ့သည် မဟုတ်လော။

သို့သော် ယခုမူ အဘယ်ကြောင့် လင်းကုဝေက အဘယ်ကြောင့် အကျပ်ရိုက်‌နေသည့် ပုံစံ‌ဖြစ်နေရသနည်း။

ရှကျဲလည်း အလွန်နားမလည်နိုင် ဖြစ်နေသည်။

သူမ၏မှတ်ဉာဏ်ထဲတွင် ဦးလေးဖြစ်သူမှာ အမြဲတမ်း တည်ကြည်လေးနက်နေသူဖြစ်ပြီး ယခုကဲ့သို့ နေရခက်သော အမူအရာမျိုးဖြင့် မြင်တွေ့ရသည်မှာ ရှားရှားပါးပါးပင်။

လင်းကုဝေက မတ်တတ်ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အစ်မဖြစ်သူကို ပြန်၍အပြစ်တင်လိုက်သည်။

“အစ်မ.. ဘာလို့ ကျွန်တော့်ကို ဘာမှကြိုမပြောရတာလဲ”

အကယ်၍ အစ်မဖြစ်သူက ချင်ရန်ရဲ့ အကြောင်းကိုသာ ပြောပြထားလျှင် သူသည် ယခုကဲ့သို့ နေရခက်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။

ရှကျဲ၏မိခင်မှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ‘ငါ့ရဲ့မောင်က ဘာတွေပြောနေတာပါလိမ့်'

ထို့နောက် လင်းကုဝေက ချင်ရန် မူးယစ်ဂိုဏ်းကို တစ်ကိုယ်တော်ဖမ်းဆီးခဲ့သည့်အကြောင်း ပြန်ပြောပြလိုက်ရာ ရှကျဲမိခင်သည် မျက်လုံးများပြူးကျယ်လာပြီး အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

ထိုမျှ အန္တရာယ်ရှိသော အခြေအနေမျိုးတွင် ချင်ရန်က သေနတ်ကိုင်ထားသူကိုပင် ရင်ဆိုင်ရဲခဲ့သည်မှာ တကယ်ကို သတ္တိရှိလွန်းလှ၏။ ဘေးနားတွင်ရပ်နေသော ရှကျဲကမူ ဝမ်ပါ့အမှုအကြောင်းကို သိထားပြီးသားဖြစ်သည်။

ရှကျဲသည် ချင်ရန်၏အကြောင်းကို သူမ၏မိခင်နှင့် ဦးလေးကို ပြောပြရန် မေ့နေခဲ့ခြင်းပင်။ ၎င်းတို့နှစ်ဦး ဤမျှအံ့သြနေသည်ကို မြင်သောအခါ ရှကျဲမှာ ခဏတာမျှတွန့်ဆုတ်သွားမိသည်။

အကယ်၍ ချင်ရန်က ခြင်္သေ့ နှင့် ချီလုံဝေတို့ကိုပါ ဖမ်းဆီးခဲ့သည်ကိုသာ သူတို့သိလိုက်ရပါက မည်မျှအထိ တုန်လှုပ်သွားကြမည်ကို သူမ မတွေးဝံ့တော့ပေ။

“ဒါနဲ့ ရှကျဲ.. ဟို ကိုယ်ဝန်ဆောင်အမျိုးသမီးကော ဘယ်လို‌နေလဲ၊ အဆင်ပြေရဲ့လား”

ချင်ရန်က သိချင်စိတ်ဖြင့် ရုတ်တရက်ကြီး ထမေးလိုက်၏။

ထိုအမျိုးသမီးမှာ ရှကျဲတို့၏အိမ်တွင် နေထိုင်နေသော်လည်း ယခုထိ သူမကို မတွေ့ရသေးသောကြောင့် သူ သိချင်စိတ်များ ဖြစ်ပေါ်လာခြင်းပင်။

“သူက ဒီရက်ပိုင်းအတွင်း တော်တော်လေးကို ပင်ပန်းနေပုံရတယ်၊ ကလေးမွေးခါနီးပြီထင်တယ်၊ သူက အောက်ထပ်ကို သိပ်ဆင်းမလာတတ်ဘူး၊ ငါ အခုသွားခေါ်‌ပေးမယ်လေ”

ရှကျဲက ခါးစည်းကိုချွတ်ရင်း အပေါ်ထပ်သို့တက်သွားသည်။

“ချင်ရန် မင်းရဲ့ အစမ်းခန့်ကာလပြီးသွားရင် ငါ့ဆီလာပြီး ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့ထဲ ဝင်ပါလား”

လင်းကုဝေက ချင်ရန်ကို သူ့အဖွဲ့ထဲသို့ဝင်ရောက်ရန် ရုတ်တရက်ကြီး ဖိတ်ခေါ်လိုက်သည်။

ချင်ရန်၏အရည်အချင်းနှင့် သတ္တိရှိမှုတို့မှာ သူတို့အဖွဲ့အစည်းအတွက် အမှန်တကယ်ပင် လိုအပ်‌နေသော အရည်အချင်းများ ဖြစ်သည်။

“ဟုတ်ကဲ့ ဦးလေးလင်း၊ အဲဒီအချိန်ကျမှပဲ ‌ထပ်ပြောကြမယ်လေ”

ချင်ရန်က အားနာနာဖြင့် ငြင်းဆိုလိုက်၏။

“စောစောက ငါ မင်းကို အထင်သေးမိသွားတာက ငါ့အမှားပါ၊ အစမ်းခန့် ရဲဝန်ထမ်းတစ်ယောက်က မူးယစ်ဂိုဏ်းကို ဖမ်းနိုင်ခဲ့တယ်ဆိုတာ တကယ့်ကို ချီးကျူးထိုက်စရာပါပဲ”

လင်းကုဝေမှာ နေရခက်နေသော်လည်း ပွင့်လင်းသူဖြစ်သဖြင့် မိမိအမှားကိုဝန်ခံကာ ချင်ရန်ကို ချက်ချင်း တောင်းပန်လိုက်သည်။ ချင်းယန်ကလည်း ပြုံးလျက် ပြန်ပြောလာသည်။

“ဘာမှမဖြစ်ပါဘူးဗျာ”

ဘေးနားတွင်ရှိသော ရှကျဲ၏မိခင်မှာမူ လင်း‌ကုဝေက ဘာကြောင့် တောင်းပန်နေရသည်ကို နားမလည်နိုင် ဖြစ်နေလေ၏။

‘ငါ့‌မောင်က ချင်ရန်ရဲ့စရိုက်‌တွေကို သိသွားပြီလားမသိဘူး’

ထိုစဉ်မှာပင်... လှေကားဘက်မှ အသံများကြားလိုက်ရပြီး ရှကျဲက ကိုယ်ဝန်ဆောင်အမျိုးသမီးကို တွဲလျက် အပေါ်ထပ်မှ ဆင်းလာသည်ကို သူတို့တွေ့လိုက်ကြရသည်။

သူမကို ကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေသော်လည်း ချင်ရန် ပထမဆုံးတွေ့ခဲ့စဉ်ကထက် များစွာ အဆင်ပြေနေပုံရသည်။

ထိုအမျိုးသမီးသည် ဧည့်ခန်းဆိုဖာပေါ်တွင်ထိုင်နေသော ချင်ရန်ကိုမြင်သည်နှင့် မျက်လုံးများတောက်ပသွားပြီး အောက်ထပ်သို့အရှိန်မြှင့်ကာ ဆင်းလာခဲ့လိုက်သည်။

“ရှင်၊ ရှင် ကျွန်မကိုလာကြည့်တာလား”.

ထိုအမျိုးသမီးက ချင်ရန်ကို ခပ်နွမ်းနွမ်းလေးပြုံးပြကာ မေးလိုက်သည်။

ချင်ရန်က ပြုံးလျက် သူမအားပြန်ဖြေလိုက်၏။

“ကြည့်ရတာ အများကြီးသက်သာနေပြီပဲ၊ ဒီရက်ပိုင်း ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်နေပုံရတယ်နော်”

“ဟုတ်ကဲ့၊ ကျွန်မအဆင်ပြေပါတယ်”

ထိုအမျိုးသမီးမှာ ချင်ရန်ကိုကြည့်ရင်း မှင်သက်နေသည်။ သူမသည် ချင်းယန်အပေါ် ၌ ထူးခြားသောခံစားချက်ရှိနေပြီး သူ့ကို မှီခိုအားထားချင်နေမိ၏။

သို့သော် သူမ၏အခြေအနေကို သူမကိုယ်တိုင် သိရှိထားသဖြင့် သူမကို ချင်ရန်ကဲ့သို့ ထူးချွန်သောအမျိုးသားမျိုးက ပို၍ပင် လက်ခံမည်မဟုတ်ကြောင်းကိုလည်း သူမ အသေအချာကို နားလည်ထားလေသည်။

“ကျွန်မ ဒီရက်ပိုင်းတွင်း ရှင့်ကိုတော်တော်လွမ်းနေတာ... ညတိုင်းလည်း ရှင့်အကြောင်းအိပ်မက်မက်တယ်”

ထိုအမျိုးသမီးက ရုတ်တရက်ကြီး မစဉ်းစားဘဲပြောချလိုက်ကာ ပြီးနောက်မှ သူမ၏မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။

ဤစကားများက ချင်ရန်ကို ပြောစရာစကား ပျောက်ရှသွားစေခဲ့၏။

ချင်ရန်၏မျက်နှာမှာလည်း ချက်ချင်းပင် နေရခက်သွားသည်။

‘ဒါက ဘာကိုဆိုလိုတာလဲ’

ဘေးတွင်ရပ်နေသော ရှကျဲနှင့် သူမ၏မိခင်အပြင် လင်းကုဝေတို့မှာမူ ပို၍ပင်ဆွံ့အသွားကြပြီး လင်းကုဝေ၏မျက်ခုံးများက ချက်ချင်း မြင့်တက်သွားကာ မျက်နှာမှာလည်း တည်တန့်သွားသည်။

‘ချင်ရန်နဲ့ ဒီကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ တစ်ခုခု ပတ်သက်နေတာလား၊ ဒီလိုဆိုရင်တော့ ငါ့တူမကို ဒီလိုလူမျိုးနဲ့ မပတ်သက်ခိုင်းနိုင်ဘူး’

ဘေးနားရှိ လူများ၏ မျက်နှာအမူအရာများမှာ ရုတ်ချည်းပြောင်းလဲသွားသည်ကို မြင်သောအခါ ထိုအမျိုးသမီးက အလျင်အမြန်ခေါင်းခါယမ်းကာ ချင်းယန်ဘက်မှ ကာကွယ်ပြောဆိုပေးလိုက်သည်။

“အထင်မလွဲကြပါနဲ့၊ အထင်မလွဲကြပါနဲ့ သူက ကျွန်မကိုကယ်တင်ခဲ့လို့ ကျွန်မက အများကြီးကျေးဇူးတင်နေတာပါ၊ ဒါက ကျွန်မဘက်က တစ်ဖက်သတ်ခံစားနေရတဲ့ ခံစားချက်သက်သက်ပါ၊ အရာရှိကြီးနဲ့ဘာမှမဆိုင်သလို အရာရှိကြီးက ဘာမှမသိပါဘူး၊ အထင်မလွဲကြပါနဲ့နော်”

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အာရုံခံစားမှုပိုင်းတွင် အလွန်ထက်မြက်ကြ၏။

ရှကျဲမိခင်နှင့် လင်းကုဝေတို့၏မျက်နှာကို ကြည့်ခြင်းဖြင့် ဘာတွေဖြစ်နေသည်ကို သူမခန့်မှန်းမိလိုက်သည်။ ဤသူများမှာ ချင်ရန်ကိုအကဲခတ်ရန် ရောက်နေသော ရှကျဲ၏မိဘဆွေမျိုးများ ဖြစ်ပုံရ၏။

‘ချင်ယန်နဲ့ ရှကျဲတို့က ချစ်သူတွေ ဖြစ်နေကြပြီလား’ ဟု တွေးမိကာ သူမ၏မျက်နှာမှာ အနည်းငယ်ညှိုးငယ်သွားတော့သည်။

နောက်ဆုံးတွင်မူ ရှကျဲက ထိုနေရခက်သော တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။

“အို... ဘာလို့ အားလုံးက မတ်တပ်ရပ်နေကြတာလဲ၊ ထမင်းစားကြစို့လေ၊ ဟင်းတွေအေးကုန်တော့မယ်”

All Chapters