အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
75
လူတစ်ယောက်သည် မိမိအား တစ်စုံတစ်ယောက်က စိုက်ကြည့်နေပါက မသိစိတ်က အလိုလိုသိနေတတ်စမြဲ ဖြစ်သည်။ ယခုလည်း ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အကြည့်များက ချင်ယန်ထံသို့ ခဏခဏ ရောက်ရှိနေသည့်အတွက်ကြောင့် ချင်ယန်မှာ ထမင်းစားနေရင်းပင် အလွန်နေရခက်နေတော့၏။
မိမိကယ်တင်လိုက်သော နစ်နာသူက မိမိကို ပြန်လည်ချစ်ကြိုက်သွားခြင်းမှာ အလွန်ဆန်းကြယ်လှသည်တော့ မဟုတ်ချေ။ သို့သော် လင်းကုဝေသည် ဤကဲ့သို့သောအခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခြင်းသာဖြစ်သည်။
အဓိကမှာ သူတို့နှစ်ဦး၏ရုပ်ရည်ချင်းက သိသိသာသာ ကွာခြားလွန်းနေခြင်းကြောင့်လည်းဖြစ်နိုင်၏။ ချင်ရန်၏ပုံစံလေးက ယဉ်ကျေးသိမ်မွေ့သော ကျောင်းသားလေး အသွင်ရှိနေပြီး၊ မိမိမှာတော့ ဗိုလ်ကျစိုးမိုးပြီး ရိုင်းစိုင်းလွန်းလှသည်။
ထို့နောက် ထမင်းစားရင်းဖြင့် စကားများစပ်မိကြရာမှ ရှကျဲက ချင်ရန်၏ ချီလုံဝေကို လက်ရဖမ်းဆီးခဲ့ရပုံများ ပြန်ပြောပြလိုက်၏။ လင်းကုဝေမှာ ထိုအကြောင်းကို ကြားသိလိုက်ရသောအခါတွင် ပို၍ပင် အံ့အားသင့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ချီလုံဝေပိုင်ဆိုင်သည့် လုံဝေဘားကို ဝင်ရောက်စီးနင်းရာတွင် ချင်ရန်ကိုယ်တိုင် ဦးဆောင်ခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လင်းကုဝေသည် ဤအကြောင်းကို သိရှိသွားပြီးနောက် ထိုအမှုကြီးကို မည်သို့မည်ပုံ ဖော်ထုတ်ခဲ့ရသည်ကို ပြောပြရန် ချင်ရန်အား အတင်းအကြပ်တောင်းဆိုလေတော့သည်။
ချင်ရန်လည်း အခြေအနေအရ ဖြစ်စဉ်ကို အတိုချုပ်သာ ရှင်းပြလိုက်သည်။ ထိုရှင်းပြချက်ကို နားထောင်ပြီးသည့် နောက်တွင်မူ လင်းကုဝေမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားရတော့၏။ ထို့နောက် ချင်ရန်ကို ကြည့်လိုက်သည့် သု့အကြည့်များမှာ အံ့ဩမှု၊ လေးစားမှုတို့ဖြင့် ရောပြွမ်းကာ ပို၍ပင် ရှုပ်ထွေးလာတော့သည်။
“တကယ့်ကို သတ္တိရှိတာပဲ၊ မယုံနိုင်စရာ အာဂသတ္တိပဲ”
လင်းကုဝေက ချီးကျူးစကားပြောပြီးနောက်
ဆက်ပြောလာခဲ့သည်။
“ဒါပေမဲ့ မင်းက ချီလုံဝေရဲ့လက်အောက်က လူမိုက်တွေကို လက်ဗလာနဲ့တင် နှိမ်နင်းနိုင်ခဲ့တယ်လို့ ငါကြားမိတယ်၊ အဲ့ဒီတော့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တော်တော်လေးကောင်းမှာပေါ့၊ ဟုတ်လား”
“နည်းနည်းပါးပါးလောက်ပါပဲ”
ချင်ရန်က အေးအေးဆေးဆေး ပြန်လိုက်ဖြေ၏။
လင်းကုဝေက ရုတ်တရက်ထရပ်လိုက်ပြီး ချင်ရန်ကို စိတ်အားထက်သန်သည့် အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။
“စကားတွေ အများကြီးပြောမနေနဲ့တော့၊ မင်း တိုက်ခိုက်တတ်မှတော့ ငါတို့ နည်းနည်းလောက် လက်ရည်စမ်းကြည့်ရအောင်လား”
“ဦးလေး၊ ထမင်းစားနေတာလေ”
ရှကျဲက အလျင်အမြန်ပင် တားမြစ်လိုက်သည်။
ထမင်းစားပွဲ၌ လင်းကုဝေက ရုတ်တရက်ကြီးထရပ်ကာ လက်ရည်စမ်းချင်သည်ဟု ပြောခြင်းမှာ ရူးသွပ်ရာကျလွန်းပေ၏။
သို့သော် ထိုသို့သောအပြုအမူမျိုးကပင် လင်းကုဝေ၏ ပွင့်လင်းလွန်းသည့် စရိုက်အစစ်အမှန်ပင် ဖြစ်တော့သည်။
သူသည် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့၏ တိုက်ခိုက်ရေးကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သူ့၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်ကို ကြည့်ပြီး အထင်မသေးလိုက်သင့်ချေ။ သူသည် ငယ်စဉ်ကတည်းက တရုတ်ရိုးရာလက်ဝှေ့ ကို လေ့ကျင့်ခဲ့သူဖြစ်ရာ သူ၏ လက်သီးနှင့် ခြေကန်ချက်များမှာ အလွန်ကိုလျင်မြန်လှသည်။
“ဦးလေးလင်း၊ ဒါက သိပ်မသင့်တော်ဘူးထင်တယ်”
ချင်ရန်က ဝေခွဲမရဖြစ်ကာ တုံ့ဆိုင်းနေသည်။ သူတစ်ပါး၏အိမ်တွင် ဧည့်သည်အဖြစ် ရောက်ရှိနေချိန်တွင် အိမ်ရှင်ကို ပြန်လည်တိုက်ခိုက်ရမည်မှာ သိပ်တော့အဆင်မပြေလှဟု သူတွေးနေခြင်းဖြစ်၏။
“စကားတွေ အများကြီး ပြောမနေနဲ့တော့၊ ယောက်ျားပဲကွာ၊ ဘာလို့ ဒီလောက် အသေးစိတ်တွေးနေရတာလဲ”
လင်းကုဝေက ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်သွားတော့သည်။
အမှန်တော့ လင်းကုဝေသည် ချင်ရန်က ထိုလူမိုက်များအား မည်သို့ နှိမ်နင်းခဲ့သည်ကို ကြားလိုက်ရကတည်းက လက်ယားနေခဲ့ခြင်း ဖြစ်သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင်လည်း သူ့ကို မည်သူကမျှ ယှဉ်မတိုက်ရဲကြပေ။
အကြောင်းမှာ သူက ခွန်အားရော အမြန်နှုန်းပါ အလွန်ကောင်းလွန်းသောကြောင့် ဖြစ်သည်။
“ကုဝေ၊ ဒါက နည်းနည်းတော့လွန်သွားပြီလို့ ငါထင်တယ်”
ရှကျဲ၏မိခင်က မျက်မှောင်ကြုတ်ကာ သုမ၏မောင်ဖြစ်သူအား တားမြစ်လိုက်သည်။
ထိုအချိန်တွင် ချင်ရန်က သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွလေးချကာ မတတ်သာသည့်အဆုံး ထရပ်လိုက်ရ၏။
“ကောင်းပါပြီ ဦးလေးလင်း၊ ဒါဆိုရင် လက်ရည်နည်းနည်းစမ်းကြည့်ကြတာပေါ့”
အမှန်တော့ ချင်ရန်သည် ဤလက်ရည်စမ်းပွဲကို အမြန်ဆုံးအဆုံးသတ်ပြီး ထမင်းဆက်စားချင်နေခြင်း ဖြစ်သည်။ ရှကျဲနှင့် သူမမိခင်တို့၏ လက်ရာမှာ တကယ့်ကိုကောင်းမွန်လှပြီး သူ့အကြိုက်နှင့်လည်း ကွက်တိဖြစ်နေသောကြောင့်ပင်။
“လာ၊ ဟိုဘက်က နေရာလွတ်ဆီ သွားရအောင်”
လင်းကုဝေသည် ချင်ရန် သဘောတူသည်ကို မြင်သောအခါ ဝမ်းသာအားရဖြစ်သွားပြီး ဧည့်ခန်းအလည်မှ နေရာလွတ်ဆီသို့ ခေါ်သွားသည်။ ရှကျဲနှင့် သူမ၏မိခင်တို့မှာမူ ထိုမြင်ကွင်းကို ကြည့်ကာ မတတ်သာသည့်အဆုံး သက်ပြင်းကိုချရင်း ခေါင်းခါနေကြတော့လေ၏။
လင်းကုဝေသည် မည်သို့ပင်ကြည့်ကြည့် လူကောင်းတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ရသည်ကို အလွန်ဝါသနာပါသူလည်း ဖြစ်သည်။
သူသည် ငယ်စဉ်ကတည်းက တိုက်ခိုက်ရသည်ကို ကြိုက်နှစ်သက်ရုံသာမက၊ အမြဲတမ်း အားနည်းသူဘက်မှလည်း မားမားမတ်မတ်ရပ်တည်ပေးတတ်သည်။
ကျောင်းသားဘဝတုန်းက အနိုင်ကျင့်ခံနေရသော ကျောင်းသားတစ်ဦးကို မြင်လျှင်ပင် တစ်ဖက်က ငါးယောက်ဖြစ်စေ၊ ဆယ်ယောက်ဖြစ်စေ သူတစ်ယောက်တည်း မကြောက်မရွံ့ ဝင်ရောက်တိုက်ခိုက်ရဲသူ ဖြစ်သည်။ ဤတရားမျှတမှုကို မြတ်နိုးသောစိတ်ဓာတ်ကြောင့်ပင် သူက ရဲဖြစ်လာခဲ့ခြင်းဖြစ်လေ၏။
“ဦးလေးလင်း၊ ကျွန်တော် အရင်စလိုက်ရမလား”
ချင်ရန်က လေသံအေးအေးဖြင့် အကြံပြုလိုက်သည်။
“လာလေ”
လင်းကုဝေက သားရဲကြီးတစ်ကောင်က သားကောင်ကို လိုက်တော့မည့် အကြည့်မျိုးဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားမှာ သာမန်လူတစ်ယောက်ကိုပင် အသက်ရှူရပ်သွားစေနိုင်သော်လည်း ချင်ရန်အတွက်မူ ထိုအရာက ဘယ်လိုမှ မခံစားရပေ။
ချင်ရန်က ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီးနောက် ရုတ်တရက် ညာဘက်ခြေထောက်ကို မြှောက်ကာ လင်းကုဝေဆီသို့ လျှပ်စီးကဲ့သို့ ပြင်းထန်လှသောကန်ချက်တစ်ခု လွှတ်လိုက်သည်။
ဘုန်း..။
လင်းကုဝေ၏မျက်လုံးများ အံဩလွန်းသဖြင့်ပြူးကျယ်သွားရသည်။ ချင်ရန်၏ကန်ချက်က ဤမျှမြန်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ပြန်လည်တိုက်ခိုက်ရန် အချိန်မရတော့သဖြင့် လက်နှစ်ဖက်ကို အမြန်မြှောက်ကာ ကာကွယ်လိုက်ရသည်။
ထို့နောက် ရလဒ်အနေဖြင့် လင်းကုဝေ၏လက်မောင်းနှစ်ဖက်လုံးမှာ ထိုကန်ချက်ကြောင့် ထုံကျင်သွားကာ နာကျင်လွန်းလှသဖြင့် ချက်ချင်းပင် မျက်နှာပျက်သွားရသည်။
“ဟင် ကျွန်တော် ခွန်အား သုံးပုံတစ်ပုံပဲသုံးရသေးတာကို”
လင်းကုဝေ၏ နာကျင်သွားသော အမူအရာကို ကြည့်ပြီး ချင်ရန်က အံ့အားသင့်စွာ ပြောလိုက်၏။
“မင်းကတော့ကွာ၊ အရှိန်ရော ခွန်အားရော တော်တော်ကောင်းတာပဲ၊ ငါ့အလှည့်ကိုလည်းကြည့်လိုက်ဦး”
လင်းကုဝေက ခပ်ကျယ်ကျယ် အော်ဟစ်လိုက်ပြီး စတင်တိုက်ခိုက်တော့သည်။ သူ၏တိုက်ကွက်များမှာ ဝါရင့်ပညာရှင်တစ်ဦးပီပီ ပြတ်သားလွန်းလှပြီး ချင်ယန်၏စကားကြောင့် သူ၏တိုက်ခိုက်လိုစိတ်မှာ ပိုမိုပြင်းထန်လာရတော့သည်။
ချင်ရန်က နောက်ထပ် နှစ်ချက်လောက်သာ ထပ်ကန်လိုက်လျှင် မိမိ၏လက်မောင်းများမှာ လုံးဝ အသုံးပြု၍မရတော့မည်ကို သူ ကောင်းကောင်းသိသည်။
“ဝှစ်..”
လင်းကုဝေက လက်သီးအသုံးပြုရသည်ကိုကြိုက်ပြီး သူ၏ လက်သီးတစ်ချက်ချင်းစီက တူကြီးတစ်လုံးနှင့် ရိုက်ချလိုက်သလိုပင်။ သူ၏လက်သီးဆုပ်မှာ ချင်ရန်၏ခေါင်းတစ်ဝက်နီးပါးရှိသည်။
“ဖြောင်း..”
ချင်ရန်က သူ၏လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရုံဖြင့် လင်းကုဝေ၏လက်သီးမှာ လမ်းကြောင်းလွဲသွားပြီး လွဲချော်သွားလေ၏။
“ဘယ်လိုကြီးလဲ ငါ့လက်သီးက ဘယ်လိုလုပ်ပြီး လွဲသွားရတာလဲ”
လင်းကုဝေတစ်ယောက် အံဩတုန်လှုပ်သွားရသည်။ ထို့နောက် သူက အားအပြည့်ပါသော လက်သီးများကို ဆက်တိုက်ပစ်သွင်းလိုက်သော်လည်း ချင်ရန်ကိုမူ တစ်ချက်မျှမထိမိချေ။
“ဝှစ်... ဝှစ်...”
“မဖြစ်နိုင်တာ၊ မင်းက ရှောင်တာ တော်တော်လေးကိုကျွမ်းတာပဲကွ”
လင်းကုဝေက နဖူးပေါ်မှထွက်လာသော ချွေးစများကို သုတ်လိုက်ရင်း လေးလေးနက်နက်ပြောလိုက်သည်။
ချင်ရန်၏ ရှောင်တိမ်းနိုင်စွမ်းက အမှန်တကယ်ကို မြင့်မားလွန်းလှပြီး သူ၏ တိုက်ခိုက်ရေးအရည်အချင်းက လင်းကုဝေထက် များစွာ သာလွန်နေလေသည်။
သူသည် လင်းကုဝေ၏ လှုပ်ရှားမှုတိုင်းရှိ အားနည်းချက်များကို အထင်းသားမြင်နေရသောကြောင့် အလွယ်တကူ ရှောင်တိမ်းနိုင်ခြင်းပင်။
ထို့ကြောင့်ပင် လင်းကုဝေက ရုတ်တရက် တိုက်ပွဲကို ရပ်လိုက်ခြင်းဖြစ်သည်။ ဆက်လက်တိုက်ခိုက်နေလျှင်လည်း သူသာလျှင် အရှက်ရဖို့ ရှိတော့သည်ကို ကောင်းစွာနားလည်လိုက်၏။
“ကဲပါ တော်ပြီ… တော်ပြီ၊ ထမင်းစားကြရအောင်၊ မင်းကတော့ တကယ့်သူရဲကောင်းပဲ၊ ငါကတော့ အိုနေပါပြီကွာ”
လင်းကုဝေက သက်ပြင်းချကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
ချင်ရန်က ပြုံးလိုက်၏။
“ဦးလေးလင်း ဒါက ရှုံးတယ်လို့ မခေါ်ပါဘူးဗျာ၊ အလွန်ဆုံးရှိမှ ကျွန်တော်တို့ကသရေပါပဲ”
“……”
ဘေးနားတွင် ရပ်ကြည့်နေသော ရှကျဲနှင့် သူမ၏မိခင်မှာ လင်းကုဝေက အရင်ဆုံး အရှုံးပေးလိုက်သည်ကို ကြားလိုက်ရသောအခါ အံ့သြသွားကြသည်။
သူမတို့သိသော လင်းကုဝေသည် မာနကြီးပြီး အရှုံးကို အလွယ်တကူ ဝန်ခံတတ်သူ မဟုတ်ချေ။ သူကဲ့သို့သောလူက အရှုံးပေးပြီဆိုလျှင်လည်း တကယ့်ကိုမနိုင်တော့၍သာ ဖြစ်ပေလိမ့်မည်။
‘ဦးလေးတောင် ချင်ရန်ကို မယှဉ်နိုင်ဘူးလား’
ရှကျဲ၏စိတ်ထဲ၌ တွေးနေမိ၏။ သူမ၏ ဖခင်ကွယ်လွန်ပြီးနောက် ဦးလေးဖြစ်သူသည် ရှကျဲအတွက် အမြဲတမ်း သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့သည်။
သို့သော် ယနေ့တွင်မူ သူမ၏သူရဲကောင်းကြီးသည် ချင်ရန်၏ရှေ့မှောက်တွက်မူ အရှုံးကို လက်ခံလိုက်ရပြီဖြစ်သည်။
ချင်ရန်သည် ထမင်းစားပွဲသို့ ပြန်သွားကာ ထမင်းကို အေးဆေး ဆက်စားနေလိုက်လေ၏။
ထမင်းစားနေစဉ်အတွင်း လင်းကုဝေက ရှကျဲ၏အလုပ်ကိစ္စကို စကားစလာသည်။ ပါလီမြစ်ရဲစခန်းမှ လူများက ရှကျဲအား မိန်းကလေးဖြစ်၍ အလွန်အမင်းအရေးပေးပြီး အခွင့်ထူးခံလူတန်းစားလို ဆက်ဆံနေခြင်းကို လင်းကုဝေတစ်ယောက် သဘောမတူပေ။
သို့သော် ရှကျဲ၏မိခင်ကမူ ချက်ချင်းပင် ကန့်ကွက်လေသည်။ သူမက ရှကျဲသည် မိန်းကလေးတစ်ဦးဖြစ်သဖြင့် အမြဲတမ်း အကာအကွယ်ပေးထားသင့်သည်ဟု ယူဆထားလေ၏။
နောက်ဆုံးတွင် ရှကျဲက သူမ၏ဆန္ဒကို ထုတ်ဖော်ပြောကြားလိုက်ပြီး သူမသည် မိခင်၏အကာအကွယ်အရိပ်အောက်တွင် အမြဲမနေလိုကြောင်းကိုပင် အနည်းငယ် ပြတ်ပြတ်သားသား ပြောလိုက်သည်။
ထိုအချိန်တွင် လင်းကုဝေက ဘေးနားတွင်ရှိနေသော ချင်ရန်၏အမြင်အား မေးမြန်းလိုက်သည်။
ချင်ရန်က အနည်းငယ် တွေဝေသွားပြီးမှ လေးလေးနက်ဋက် ပြောလိုက်၏။
“ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့က ရဲတွေဖြစ်တဲ့အတွက် ပန်းလေးတစ်ပွင့်ကို ဂရုတစိုက် စောင့်ရှောက်ရသလိုမျိုး စိတ်ဓာတ်ထားလို့မရဘူးဗျ၊ ရှကျဲကို ရုံးလုပ်ငန်းပဲလုပ်ခိုင်းမယ်ဆိုရင်တော့ တစ်မျိုးပေါ့”
ထိုအခါ ရှကျဲက ခိုင်ခိုင်မာမာ ပြက်ပြက်သားသား ပြောလာလေသည်။
“ကျွန်မ ရုံးအလုပ်မလုပ်ချင်ဘူး၊ ဖြစ်နိုင်ရင် ကျွန်မက အခြေခံသာမန်လူတန်းစားတွေကြားထဲမှာပဲ တာဝန်ကို တိုက်ရိုက်ထမ်းဆောင်သွားချင်တာ”
ရှကျဲ၏မိခင်မှာ စကားများစွာ ပြောဆိုခဲ့သော်လည်း ရှကျဲ၏ ဆုံးဖြတ်ချက်ကို အလွယ်တကူ မပြောင်းလဲနိုင်ခဲ့ချေ။
နောက်ဆုံးတွင် သူမလည်း မတက်သာသည့်အဆုံး လက်လျှော့လိုက်ရပြီး သဘောတူလိုက်ရုံသာ ရှိတော့သည်။
“နင့်အဖေ တာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားတုန်းက ငါ ဘယ်လောက်တောင်ငိုခဲ့ရလဲဆိုတာ နင်သိရဲ့လားရှကျဲ”
ရှကျဲ၏မိခင်သည် အတိတ်ကို ပြန်အမှတ်ရရင်း ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်၏။
“အဖေက တခြားလူတွေကိုကာကွယ်ရင်း အသက်ပေးသွားတာ၊ ဒါက တကယ့်ကို ဂုဏ်ယူစရာပါ အမေ”
ရှကျဲ၏ မျက်နှာအမူအရာသည် လုံးဝတုန်လှုပ်မှုမရှိဘဲ သူမ၏အဖေအတွက် အလွန်ကိုဂုဏ်ယူနေမိသည်။
ရှကျဲ၏မိခင်ကမူ ခေါင်းကိုသာ အသာအယာ ခါယမ်းလိုက်မိသည်။ ဖအေနှင့်သမီးမှာ စရိုက်ခြင်းအလွန်တူလှသည်ကို သူမ သတိထားမိလိုက်၏။
ထမင်းစားပွဲပေါ်ရှိ ဟင်းလျာများမှာ ကုန်စင်သွားပြီးဖြစ်ကာ ချင်ရန်လည်း အတော်လေးဗိုက်ဝသွားပြီဖြစ်သည်။ ထို့နောက် လင်းကုဝေ၊ ရှကျဲတို့နှင့် ခဏတာမျှ စကားလက်ဆုံပြောပြီးနောက် ချင်ရန်သည် နှုတ်ဆက်ကာ ပြန်ရန် ပြင်ဆင်တော့၏။
မပြန်မီ လင်းကုဝေက ချင်ရန်၏ပခုံးကို ပုတ်ကာ အလေးအနက်ပြောလိုက်လေသည်။
“အနာဂတ်ကျ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပြဿနာတစ်ခုခုရှိလာခဲ့ရင် ငါ မင်းဆီကနေ အကူအညီတောင်းရလိမ့်မယ်”
လင်းကုဝေသည် ချင်ရန်၏စွမ်းရည်ကို အပြည့်အဝအသိအမှတ်ပြုသွားပြီ ဖြစ်လေတော့သည်။
76
ရှကျဲတို့၏အိမ်မှ မထွက်ခွာမီ ချင်ရန်သည် ထိုကိုယ်ဝန်ဆောင်အမျိုးသမီးကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန်နှင့် မီးဖွာရန်အတွက် စိတ်မပူရန် စကားအနည်းငယ်မှာကြားခဲ့သည်။
ထိုအခါ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် မျက်နှာထက်တွင် ရှုပ်ထွေးလှသော အမူအရာများဖြင့် ခေါင်းတငြိမ့်ငြိမ့် လုပ်နေရှာသည်။
ချင်ရန်အပေါ် ထားရှိခဲ့သော သူမ၏စိတ်ကြောင့် မိမိကိုယ်ကိုမိမိ ရှက်ရွံ့မိနေသော်လည်း ချန်ရန်ကို မပြန်စေလိုသည့် အကြည့်များဖြင့် ကြည့်ရင်ယ တွန့်ဆုတ်နေမိဆဲဖြစ်၏။
သို့သော်လည်း ချင်ရန်ကတော့ ရှကျဲအိမ်မှ ထွက်ခွာလာခဲ့သည်။
အိမ်အပြန်လမ်းတွင် ချင်ရန်သည် ထိုအမျိုးသမီး၏ ထူးဆန်းသောအကြည့်များကြောင့် စိတ်ထဲ၌ အနည်းငယ် မသက်မသာဖြစ်နေမိတော့သည်။ ဤကိစ္စက သူ့ကို အနည်းငယ် ရှက်ရွံ့စေခဲ့၏။
ချင်ရန်သည် ရှကျဲ၏အိမ်မှ ထွက်ခွာလာခဲ့ပြီးနောက် ဘတ်စ်ကားတစ်စီးပေါ်သို့ တက်လိုက်သည်။ ယနေ့သည် အားလပ်ရက်ဖြစ်ပြီး အချိန် နေ့တစ်ဝက်ခန့် ကျန်သေးသဖြင့် သူသည် ဘတ်စ်ကားစီးရင်း မြို့ထဲ လျှောက်ကြည့်ရန် စိတ်ကူးထား၏။
ဤသို့ဖြင့် ဘတ်စ်ကားသည် မှတ်တိုင်နှစ်ခုခန့်ကို ဖြတ်ကျော်လာခဲ့သည်။
ထိုစဉ် မှတ်တိုင်တစ်ခု၌ ဘတ်စ်ကားသည် ရပ်တန့်လိုက်ပြီး ခရီးသည်များ တစ်ယောက်ပြီးတစ်ယောက် တက်လာကြသည်။ ထိုစဉ် ရုတ်တရက်ဆိုသလို ချင်ရန်၏စိတ်ထဲတွင် စနစ်ထံမှ အကြောင်းကြားစာအသံတစ်ခု မြည်ဟီးလာခဲ့၏။
“ဒင်..၊ ပထမအဆင့်ရှိ ရာဇဝတ်ကောင်ကို တွေ့ရှိထားသည်။ တည်နေရာကို ပိုင်ရှင်ထံ တိကျစွာ ညွှန်ပြပေးထားပါသည်။”
အစောပိုင်းက ချင်ရန်သည် ကားပြတင်းပေါက်ဘောင်ကို မှီကာ လမ်းဘေး မြင်ကွင်းများကို ငေးမောနေခြင်း ဖြစ်သော်လည်း စနစ်၏အသံကြောင့် သူသည် ချက်ချင်းပင် တုန်လှုပ် သွားရသည်။ ထိုနောက် ချင်ရန်သည် အလွန်အမင်း သတိရှိရှိဖြင့် စနစ်မှညွှန်ပြလိုက်သည့် အရပ်သို့ ချက်ချင်းပင် ကြည့်လိုက်မိ၏။
ဘတ်စ်ကားပေါ်သို့ အမူအရာကင်းမဲ့ပြီး အေးစက်စက်မျက်နှာထားရှိသည့် လူငယ်တစ်ဦးသည် လမ်းလျှောက်ဝင်လာပြီး ပြတင်းပေါက်ဘေးဘက်ရှိ ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
သူသည် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားပြီး လက်နှစ်ဖက်ကို ဒူးပေါ်တွင် အပြားလိုက်တင်ထားသည်။ သူသည် စကားတစ်လုံးမျှ မပြောသလို သူ၏မျက်လုံးများက မိမိ၏ဒူးခေါင်းကိုသာ တစိုက်မက်မက် စိုက်ကြည့်နေ၏။
‘ဒါက စနစ်ကညွှန်ပြတဲ့ ပထမအဆင့် ရာဇဝတ်ကောင်လား”
ချင်ရန်က မျက်လုံးများကို အနည်းငယ်ကျဉ်းလိုက်ပြီး ထိုလူကို အလေးအနက်ထား စိုက်ကြည့်လိုက်သည်။ သူမြင်ရသည့်အတိုင်းဆိုလျှင် ဤလူသည် စာအုပ်ကြီးအတိုင်း နေတတ်သည့် လူအေးတစ်ယောက်နှင့်တူပြီး မည်သူ့ကိုမျှ အန္တရာယ်ပြုမည့်ပုံ မပေါ်ပေ။ သို့သော် အဘယ်ကြောင့် သူသည် ပထမအဆင့်ရာဇဝတ်ကောင် ဖြစ်နေရပါသနည်း။
‘ကြည့်ရတာ တော်တော်တော့ငယ်ပုံရတယ်၊ ငါနဲ့ရွယ်တူလောက်ပဲရှိဦးမယ်၊ ဒီအသက်အရွယ်နဲ့ ပထမအဆင့်ရာဇဝတ်ကောင် ဖြစ်ရအောင် သူက ဘာတွေများလုပ်ခဲ့လို့ပါလိမ့်'
ချင်ရန်သည် အလွန်အမင်း သတိကြီးစွာထားပြီး ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော ထိုလူရွယ်ကို အကဲခက်နေလိုက်သည်။ အကယ်၍ ထိုလူသည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုတစ်ခုခုလုပ်လာပါက သူက ချက်ချင်းပင် ဝင်ရောက်ဖမ်းဆီးနှိမ်နင်းတော့မည် ဖြစ်သည်။
ထိုအချိန်တွင်..ဘတ်စ်ကားပေါ်တွင် လူများ ပြည့်နှက်နေပြီး ခရီးစဉ်ကို ဆက်လက်ထွက်ခွာလာခဲ့၏။ နောက်မှတ်တိုင်သို့ရောက်ရန် နှစ်ကီလိုမီတာခန့် လိုသေးပြီး နောက်မှတ်တိုင်မှာ အလွန်ကြီးမားသော ဈေးဝယ်စင်တာကြီးတစ်ခုရှိရာ နေရာဖြစ်၏။
ထိုစဉ် ချင်ရန် ရှေ့ခုံတွင် ထိုင်နေသော အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက သူမ၏ဖုန်းမှ လတ်တလောသတင်းဗီဒီယိုတစ်ခုကို စပီကာဖွင့်ကာ ကြည့်နေသည်။
“သတင်းထူးပါ! ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က ကျန်းဖူလမ်းရှိ ဂါးဒင်းအိမ်ရာဝင်း၊ အခန်းအမှတ် ၈၀၈ တွင် အလောင်းနှစ်လောင်းတွေ့ရှိခဲ့ရပါသည်”
“သေဆုံးသူနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။ အမျိုးသားမှာ ကတ်ကစားနည်းနှင့် မာကျောက်ဝိုင်းထောင်ထားသူဖြစ်ပြီး၊ အမျိုးသမီးမှာ ဘိုးဘွားရိပ်သာတစ်ခုတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါသည်။ ၎င်းတို့နှစ်ဦးလုံးမှာ အသက် ငါးဆယ်ကျော် အရွယ်များ ဖြစ်ကြပါသည်”
“အိမ်နီးနားချင်းများ၏ ပြောကြားချက်အရ သေဆုံးသူနှစ်ဦးတွင် အသက်ဆယ့်ရှစ်နှစ်အရွယ် မွေးစားသားတစ်ဦးရှိပြီး ၎င်းသည် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးခါစဖြစ်ကြောင်း သိရပါသည်။ သို့သော် ရဲတပ်ဖွဲ့အနေဖြင့် ထိုမွေးစားသားကို လက်ရှိအချိန်ထိ မည်သို့မျှ ဆက်သွယ်၍မရသေးပါ”
“လက်ရှိတွင် ရဲတပ်ဖွဲ့က ထိုမွေးစားသားကို အဓိက းသံသယရှိသူအဖြစ် သတ်မှတ်ထားပါသည်။ ဆက်လက်ပြီး သေဆုံးသူနှစ်ဦး၏ မွေးစားသားဓာတ်ပုံကို ပြသပေးသွားပါမည်။ အကယ်၍ မိဘပြည်သူများအနေဖြင့် တွေ့ရှိပါက ဖုန်းနံပါတ် ၁၁၀ သို့ ချက်ချင်း ဖုန်းဆက်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်”
ထိုစဉ် အသက်ကြီးပိုင်းအမျိုးသမီး၏ ဖုန်းမျက်နှာပြင်ပေါ်တွင် လူငယ်တစ်ဦး၏ဓါတ်ပုံ ပေါ်လာခဲ့သည်။ ဤလူငယ်၏မျက်လုံးများမှာ အသက်မဲ့နေပြီး မျက်ကွင်းများညိုမည်းနေကာ စိတ်ကျန်းမာရေး ပြဿနာရှိနေသူနှင့်တူလှပေသည်။
သို့သော် ထူးခြားချက်တစ်ခုမှာ ထိုလူငယ်တွင် အလွန်သေးငယ်သော တြိဂံပုံစံ မျက်လုံးများရှိနေပြီး ရန်လိုသောအရိပ်အယောင်များကို သိသိသာသာ ပေးစွမ်းနေခြင်းပင်။
“တောက်”
ထိုဓါတ်ပုံကို မြင်လိုက်ရသောအခါ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးက ချက်ချင်းပင် စက်ဆုပ်စွာဖြင့် ခေါင်းခါလိုက်သည်။
“အို... လောကကြီးက ဘာတွေဖြစ်နေကြတာလဲ၊ ကိုယ်ကျွေးမွေးထားတဲ့ မွေးစားသားကပြန်သတ်တာ ဖြစ်နိုင်ပါ့မလား”
“တကယ့်ကို အသည်းနှလုံးမရှိတဲ့ကောင်ပဲ၊ ဒီလောက်နှစ်တွေအကြာကြီး ကျွေးမွေးစောင့်ရှောက်လာတာကို ကျေးဇူးကန်းပြီး မွေးစားမိဘတွေကိုတောင် သတ်ပစ်ရတယ်လို့ ထွီး.”
ဘတ်စ်ကားပေါ်တွင် အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိသော သက်ကြီးရွယ်အိုများသာ အများဆုံးဖြစ်ကြပြီး ထိုအသက်ကြီးပိုင်းအမျိုးသမီး၏ စကားကြောင့် ကျန်ရှိသူများကလည်း ချက်ချင်းပင် ဝိုင်းဝန်း အပြစ်တင်ပြောဆိုကြတော့သည်။
“ငါလည်း အဲဒီသတင်းကိုတွေ့လိုက်တယ်၊ တောက်... အဲဒီမွေးစားသားက တကယ့်ကို အောက်တန်းစားပဲ၊ ကိုယ့်မွေးစားမိဘတွေကို သတ်ရက်တယ်”
ထိုအချိန်တွင် အင်္ကျီအဖြူ အစင်းကျားကို ဝတ်ထားသော အဘိုးကြီးတစ်ဦးက ထရပ်ပြီး ဒေါသတကြီးဖြင့် ကျိန်ဆဲလေတော့သည်။
“အဲ့ဒီ တိရစ္ဆာန်စုတ်ကို ငါ့ရှေ့မှာသာတွေ့လိုက်ရင် ဒီလက်သီးနဲ့ နှစ်ချက်လောက်ဆော်ထည့်လိုက်ဦးမယ်၊ ကျေးဇူးကန်းတဲ့အကောင်”
ချင်ရန်သည် မျက်နှာအမူအရာ မပျက်ဘဲ နားထောင်နေသော်လည်း သူ၏အကြည့်ကတော့ မိမိအရှေ့ရှိ ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော လူရွယ်ဆီမှာသာ တည်ရှိနေဆဲပင်။
ပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုများကတော့ သတင်းထဲက လူသတ်သမားကို အသည်းနှလုံးမရှိသူ၊ ကျေးဇူးကန်းသူ၊ လူ့အရေခွံခြုံထားသော တိရစ္ဆာန်ဟု အမျိုးမျိုး ကျိန်ဆဲနေကြတော့သည်။
ထိုအချိန်တွင် ဘေ့စ်ဘောဦးထုပ်နှင့်လူက သူ၏လက်အား တင်းတင်းဆုပ်ထားသည်ကို ချင်ရန်ကသတိထားမိလိုက်ရာ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
‘သတင်းထဲက မွေးစားမိဘတွေကို သတ်တဲ့သူက တကယ်ပဲသူလား”
ချင်ရန်သည် သတိရှိရှိဖြင့် သူ၏ဖုန်းကိုထုတ်ကာ သတင်းထဲက ပါလာသည့်ဓါတ်ပုံနှင့် သူ့ရှေ့ရှိ ဤလူ၏မျက်နှာ တူ၊ မတူကို တိုက်စစ်ရန် ပြင်လိုက်သည်။
သို့သော် ချင်ရန် ဖုန်းမဖွင့်ရသေးမီမှာပင်...ဘေ့စ်ဘောဦးထုပ်နှင့်လူက ရုတ်တရက်ကြီး ဝုန်းကနဲ ထရပ်လိုက်ဧ။ခ။
ထို့နောက် သူ၏ တြိဂံပုံစံမျက်လုံးများက အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ကားပေါ်တွင် ကျိန်ဆဲနေကြသော လူအားလုံးကို ဝေ့ကြည့်လိုက်တော့သည်။
“ခင်ဗျားတို့က ဘာတွေသိလို့ ငါ့ကို ဒီမှာဝိုင်းပြီးကျိန်ဆဲနေကြတာလဲ”
ဘေ့စ်ဘောဦးထုပ်နှင့်လူက ရက်စက်ကြမ်းကြုပ်လှသော အသံဖြင့် ချက်ချင်းပြောလိုက်သည်။
“ဟင်”
လူသတ်သမားကို ကျိန်ဆဲနေကြသော သက်ကြီးရွယ်အိုများအားလုံးလည်း ကြောင်အသွားကြလေ၏။
‘ဒီကောင်က ရုတ်တရက်ထလာပြီး ဘာတွေပြောနေတာလဲ၊ သူနဲ့ဘာဆိုင်လို့လဲ’
လူတိုင်းက ဤသို့တွေးလိုက်မိကြသည်။ ထိုအချိန်မှာပင် သတင်းကြည့်နေသော အမျိုးသမီးကြီးက ရုတ်တရက်ကြီး ထိတ်လန့်တကြားအော်ဟစ်လိုက်၏။
“သူ... သူက လူသတ်သမားပဲ၊ သတင်းထဲကလူနဲ့ တစ်ပုံစံတည်းပဲ၊ လူသတ်သမား”
ဘေ့စ်ဘောဦးထုပ်နှင့်လူသည် သတင်းထဲကဓာတ်ပုံနှင့် တစ်ထပ်တည်းတူနေသည်ကို အားလုံးက မြင်လိုက်ရသည်။
မိမိတို့သည် လူသတ်သမားတစ်ဦးနှင့် ကားတစ်စီးတည်း အတူတူ စီးနေရသည်ကို သိလိုက်ရသောအခါ တစ်ခဏချင်းမှာပင် တစ်ကားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြတော့၏။
လူသတ်သမားကို မကြောက်သောသူဟူ၍ မည်သူမှ မရှိပေ။ သို့သော် အချို့ကတော့ သတ္တိရှိလှသည်။ စောစောက လူသတ်သမားကိုတွေ့လျှင် လက်သီးနှင့်ဆော်မည်ဟု ကြုံးဝါးခဲ့သော အဘိုးကြီးက မကြောက်မရွံ့ ထရပ်ပြီး အော်ပြောလေသည်။
“ဘာတွေကြောက်နေကြတာလဲ၊ သူက တိရစ္ဆာန်လေးတစ်ကောင်ပါပဲ၊ ငါတို့အားလုံး ဝိုင်းဖမ်းပြီး ရဲလက်အပ်ကြစို့”
“ဟုတ်တယ်၊ သူကတစ်ယောက်တည်းပဲ၊ ဘာကြောက်စရာရှိလို့လဲ၊ ဒီလူသတ်သမားကို ချက်ချင်းဖမ်းပြီး ရဲလက်အပ်ရမယ်၊ သေဒဏ်ပေးပစ်ရမယ်”
ဘတ်စ်ကားပေါ်က လူတစ်စုက ဝိုင်းဝန်းပြီး လူသက်သမားအားဖမ်းရန် အော်ဟစ်ကြတော့သည်။
ချင်ရန်လည်း မတ်တပ်ထရပ်ရန် ဆုံးဖြတ်လိုက်တော့၏။ တစ်ဖက်လူက သူ့ဖာသာသူ ဖော်ပြလိုက်ပြီဖြစ်ရာ ၎င်းကို ဖမ်းဆီးလိုက်ရုံသာ ရှိတော့သည်။
သို့သော် မည်သူက ကြိုတင်သိနိုင်မည်နည်း။ ဘေ့စ်ဘောဦးထုပ်နှင့်လူက ရုတ်တရက်ကြီး ထူးဆန်းစွာဖြင့် ပြုံးလိုက်သည်။
“ငါ့ကို ဖမ်းမလို့ပေါ့လေ၊ ဟုတ်လား လာလေ၊ လာဖမ်းကြည့်လေ၊ မင်းတို့ သတ္တိရှိရင်လာခဲ့ကြ”
ပြောပြောဆိုဆိုနှင့်ပင် ထိုလူက သူ၏အပေါ်အင်္ကျီကို ဆွဲဖွင့်လိုက်ရာ ကားပေါ်ရှိလူအားလုံး မှင်တက်သွားကြတော့၏။
ထိုလူ၏ ကိုယ်ပေါ်တွင် ဗျောက်အိုးများနှင့်တူသော အရာများကို စီစီရီရီပတ်ချည်ထားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
“ဒါ... ဒါတွေက ပေါက်ကွဲစေတတ်တဲ့အရာတွေလား”
အချို့လူများ၏မျက်နှာတွင် ကြောက်ရွံ့မှုများ အထင်းသားပေါ်လာ၏။ ဤအရာကို ကြည့်ရသည်မှာ ကြောက်စရာ ကောင်းလှပေသည်။
ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ဗျောက်အိုးကြီးများနှင့်တူသော အရာများဖြင့် ပတ်ထားပြီး ထိုအရာများမှာ ဒီအတိုင်းကြည့်ရုံဖြင့် အတော်လေး ကြီးမားလှရာ ၎င်း၏ဖောက်ခွဲမှုပြင်းအားက မည်မျှရှိမည်ကိုတွေးပြီး ကြောက်လန့်သွားကြသည်။
ချင်ရန်၏မျက်နှာထားမှာလည်း အလွန် လေးနက်သွားသည်။ ဘေ့စ်ဘောဦးထုပ်နှင့် လူက အဘယ်ကြောင့် ဤမျှယုံကြည်မှုရှိနေပြီး လူပုံအလယ်တွင် ရဲရဲတင်းတင်း သူ့ကိုယ်သူ ထုတ်ဖော်ရဲသနည်းဆိုသည်ကို သူ နားလည်သွားလေပြီ။
အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ထိုလူ့ထံတွင် တခြားလူများကိုပါ တစ်ပါတည်း သေတွင်းထဲဆွဲခေါ်နိုင်မည့် လက်နက်ကောင်းတစ်ခု ရှိနေသောကြောင့်ပင်။
ဘေ့စ်ဘောဦးထုပ်နှင့်လူက လှောင်ပြုံးပြုံးလိုက်ရင်း၊ မလှုပ်ရဲတော့သော လူအုပ်ကို မထီမဲ့မြင်ကြည့်ကာ ပြောလိုက်သည်။
“ဒါ ငါကိုယ်တိုင်လုပ်ထားတဲ့ ယမ်းဗုံးတွေပဲ၊ သူ့ရဲ့ပြင်းအားကတော့ မဆိုးပါဘူး၊ ငါသာ ဒါကို ဖောက်ခွဲလိုက်ရင် မင်းတို့အားလုံးသေသွားကြလိမ့်မယ်၊ ဘယ်လိုလဲ၊ ပျော်ဖို့ကောင်းလား၊ စောစောကလို ငါ့ကို ဆက်ပြီးကျိန်ဆဲကြအုန်းလေ၊ လုပ်လေ ပြောကြစမ်းပါ၊ ဟားဟား”
သူက “သေခြင်း” ဆိုသော စကားလုံးကို ပြောသည့်အခါ အံကြိတ်ကာပြောလိုက်ခြင်းဖြစ်ပြီး အလွန်အမင်း နာကျည်းမှုများဖြင့် ပြည့်နှက်နေပုံရ၏။
ဤလူသည် လုံးဝကို ရူးသွပ်နေပြီဖြစ်သည်။