အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
77
ဘတ်စ်ကားပေါ်ရှိ လူများ ထိုစကားများကို ကြားလိုက်ရသောအခါ... လူတိုင်း၏မျက်နှာမှာ သွေးဆုတ်ဖြူလျော်ကာ ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။
ဤအရူးသည် သူနှင့်အတူ အားလုံးကိုပါ အသေခံခေါ်သွားရန် ကြံစည်နေသည် မဟုတ်လော။ ကားအရှေ့ဆုံးမှ မောင်းသူနေရာက ဒရိုင်ဘာမှာလည်း ပျာပျာသလဲဖြင့် ကြောက်ရွံ့နေရှာသည်။ နောက်မှတ်တိုင်သို့ ရောက်ရန် အလွန်ဆုံးရှိမှ နှစ်မိနစ်၊ သုံးမိနစ်ခန့်သာ လိုတော့၏။
မှတ်တိုင်ရောက်လျှင် ကားရပ်ရမည်လား၊ မရပ်ရဘူးလားဟူ၍ သူမှာ ဝေခွဲမရဖြစ်နေသည်။ထိုအခါ ဘေ့စ်ဘောဦးထုပ်နှင့်လူက ကားဒရိုင်ဘာ၏အကြံကို ရိပ်မိသွားပြီး နောက်သို့ တဖြည်းဖြည်းချင်း ဆုတ်သွားသော်လည်း မျက်တောင် တစ်ချက်မခက်ပဲ ထိုင်ခုံပေါ်ရှိလူတိုင်းကို သတိကြီးစွာဖြင့် စိုက်ကြည့်နေ၏။
“မင်းတို့ ကားရပ်ရဲရင်ရပ်ကြည့်လိုက်လေ၊ ငါက တစ်စက္ကန့်တောင်မကြာစေရဘူး၊ဒါကို ချက်ချင်းဖောက်ခွဲပစ်မှာ၊ စမ်းကြည့်ချင်ရင်တော့ရတယ်နော် အဟက်”
ဘေ့စ်ဘောဦးထုပ်နှင့်လူက အေးစက်စက်လေသံဖြင့် ခြိမ်းခြောက်ကာ ပြောလိုက်သည်။
“မင်းတို့ မိုက်မဲတာမျိုး မလုပ်တာအကောင်းဆုံးပဲ၊ နားလည်လား”
“မ... မရပ်ပါဘူး၊ စိတ်ချပါ၊ ကျွန်တော်လုံးဝမရပ်ပါဘူး”
ဖောက်ခွဲမည်ဟူသော စကားကြောင့် ကားဒရိုင်ဘာမှာ ထိတ်လန့်တကြားဖြစ်ကာ အလျင်အမြန်ပင် ကတိပေးလိုက်ရသည်။
ထိုလူ၏ကိုယ်ပေါ်တွင် အစီအရီပတ်ချည်ထားသော ဗျောက်အိုးကြီးများနှင့်တူသည့် အရာများမှာ အနည်းဆုံး ဆယ်ပေါင်ခန့်လေးပေလိမ့်မည်။
၎င်းမှာ သာမန်ဗျောက်အိုးများမဟုတ်ဘဲ တစ်စုံတစ်ရာကို ပြုပြင်မွမ်းမံထားသည့် လက်လုပ်ဗုံးများဖြစ်ပြီး၊ ၎င်း၏ ဖောက်ခွဲမှုပြင်းအားကို မည်သူမျှလည်း အသက်နှင့်ရင်း၍ မစမ်းသပ်ရဲကြပေ။
ဤကားမှာ ဘတ်စ်ကားအသေးစားဖြစ်ပြီး မတ်တပ်ရပ်သူများအပါအဝင် လူနှစ်ဆယ်ခန့်သာပါရှိသည်။ ကား၏အတွင်းခန်းက ကျဉ်းကျဉ်းလေးဖြစ်ရာ အကယ်၍ သူက ဗျောက်အိုးတစ်လုံးကိုသာ ဖောက်ခွဲလိုက်လျှင်ပင် လူတိုင်း ထိခိုက်သေဆုံးရန်မှာသေချာသလောက် ရှိနေ၏။
ထို့အပြင် သူသည် လူနှစ်ဦးကို သတ်ခဲ့ပြီးသော လူသတ်သမားတစ်ဦးဖြစ်နေသည် မဟုတ်လော။
“ဒါ ငါကိုယ်တိုင်လုပ်ထားတဲ့ယမ်းဗုံးတွေပဲ”
ထိုသူ၏စကားကို မည်သူမျှလျစ်လျူမရှုရဲကြချေ။ အားလုံးက ကြောက်လန့်နေသည်ကို မြင်သောအခါ ဘေ့စ်ဘောဦးထုပ်နှင့်လူသည် အလွန်အမင်းကျေနပ်အားရနေသည့် အမူအရာများ ပေါ်လာခဲ့သည်။
ထိုလူ၏အပြုံးမှာ တဖြည်းဖြည်းနှင့် ရူးသွပ်လာပြီး သူ၏မျက်လုံးထဲတွင်လည်း မျက်ရည်များ ဝဲတက်လာလေ၏။
“ဒီမြင်ကွင်းကိုကြည့်ရတာ တကယ်ကိုအရသာရှိတာပဲ၊ မင်းတို့အားလုံး အသက်ရှင်ချင်ဇောနဲ့ ငါ့ကို အိမ်မွေးတိရစ္ဆာန်တွေလို နာခံနေတာကို ကြည့်ရတာ... တကယ့်ကို နေလို့ကောင်းလိုက်တာကွာ ဟားဟား”
သက်ကြီးရွယ်အိုများမှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာများပင် စိမ်းဖန်နေကြတော့သည်။ ဤလူသည် တကယ့်အရူးဖြစ်ရာ မည်သူမျှ သူ့ကို စိတ်ဆိုးအောင်မပြောရဲကြတော့ပေ။
ထိုအချိန်တွင် ဘေ့စ်ဘောဦးထုပ်နှင့်လူက စောစောက သူ့ကို ပါးရိုက်မည်ဟု ကြိမ်းဝါးခဲ့သည့် အဖိုးအိုကို စိုက်ကြည့်ကာ မေးလိုက်သည်။
“စောစောက ခင်ဗျားပြောခဲ့တာကို အခုပြန်ပြောကြည့်ပါဦး၊ ဘာတဲ့ ငါသာဒီမှာရှိရင် ပါးရိုက်မယ်ဆို၊ ဟမ် အခု ငါဒီမှာလေ... ဘာလို့လာမရိုက်တာလဲ၊ လာလေ၊ လာရိုက်စမ်းပါ”
ထိုစကားကိုကြားသောအခါ အဖိုးအိုမှာ အသံပင်မထွက်ရဲတော့ဘဲ ခေါင်းငုံ့နေလိုက်ရသည်။ ဤလူသက်သမား၏ကိုယ်ပေါ်တွင် ယမ်းဗုံးများရှိနေရုံသာမက စိတ်ကလည်းမမှန်ပေ။
အကယ်၍ သူ၏ဒေါသကို သွားဆွမိပါက အားလုံးကို အသေခံ၍ခေါ်သွားနိုင်သည်မှာ မြေကြီးလက်ခက်မလွဲပင် မဟုတ်လော။
“ဟားဟား... ခင်ဗျားကြောက်သွားပြီပေါ့၊ သူရဲဘောကြောင်တဲ့အကောင်”
ဘေ့စ်ဘောဦးထုပ်နှင့်လူက အဖိုးအိုကို မထီမဲ့မြင်ဖြင့် ကြည့်လိုက်သည်။ အဖိုးအိုမှာ ဒေါသထွက်လွန်း၍ မျက်နှာကြီးနီရဲနေသော်လည်း ထိုလူအရှေ့တွင် အသက်ပင်ပြင်းပြင်းမရှူရဲရှာပေ။
ဤမြင်ကွင်းမှာ အတော်လေး နေရခက်စရာဖြစ်သော်လည်း လူတိုင်းက ကိုယ့်အသက်ဘေးအတွက်ကို ပူနေရသဖြင့် အဖိုးအို၏အရှက်ရမှုကို မည်သူမျှဂရုမစိုက်နိုင်ကြပါပေ။
ထိုစဉ် ကားဒရိုင်ဘာက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ဈေးဝယ်စင်တာ၏မှတ်တိုင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ သို့သော် ဘေ့စ်ဘောဦးထုပ်နှင့်လူက ကားကိုမရပ်ရန် သူတို့အသက်နှင့် ခြိမ်းခြောက်ကာ တားထားလေ၏။
“နောက်မှတ်တိုင်ကဘာလဲ”
ထိုတရားခံက ရုတ်တရက်မေးလိုက်သည်။
ကားဒရိုင်ဘာက တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေလေသည်။
“နောက်မှတ်တိုင်က... တာချောင်ပန်းခြံပါ”
“ပန်းခြံလား...”
ထိုလူက အေးစက်စွာရယ်မောလိုက်ပြီး အမိန့်ပေးလိုက်၏။
“ဆက်မောင်းစမ်း၊ ပန်းခြံကိုသာတိုက်ရိုက်မောင်းသွားလိုက်”
“ကောင်းပါပြီ... ကောင်းပါပြီ၊ စိတ်အေးအေးထားပါ မောင်ရင်ရာ၊ ဒီလိုလုပ်ဖို့မလိုပါဘူး၊”
ကားဒရိုင်ဘာက သူ့ကိုဖျောင်းဖျရန် ကြိုးစားကြည့်လိုက်သည်။
“ဒါက ဘာအဓိပ္ပာယ်ရှိမှာမို့လို့လဲ”
“အဓိပ္ပာယ် ဟုတ်လား၊ ငါက ဒီကမ္ဘာကြီးကို မုန်းနေတာကြာလှပြီကွ”
ထိုလူက ခြိမ်းခြောက်ပြီး အော်ပြောလိုက်ရာ ဒရိုင်ဘာမှာ တစ်ဖက်လူ၏ဒေါသကို သွားဆွမိမည်စိုးသဖြင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့ဧ။ခ။
ကားတစ်စီးလုံး တိတ်ဆိတ်ငြိမ်သက်နေစဉ် နောက်ဆုံးတန်းတွင်ရှိနေသောချင်ရန်က မျက်မှောင်ကြုတ်ကာ ဘေ့စ်ဘောဦးထုပ်နှင့်လူကို သေချာစောင့်ကြည့်အကဲခက်နေသည်။
ထိုလူသည် အလွန်သတိကြီးသူဖြစ်ပြီး ကားတစ်စီးလုံးကို ခြုံငုံမြင်နိုင်သည့်နေရာတွင် ရပ်နေ၏။
ချင်ရန်နှင့် ထိုလူ၏အကွာအဝေးသည် ခြောက်မီတာ၊ ခုနှစ်မီတာခန့်ဝေးသည်။ ချီတာကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်သည့် အရှိန်ဖြင့် ပြေးဝင်မည်ဆိုလျှင်ပင် အရှိန်ယူရန် အချိန်လိုအပ်သဖြင့် နှစ်စက္ကန့်ခန့် ကြာလိမ့်မည်။
ထို နှစ်စက္ကန့်သည် တစ်ဖက်လူက ဗုံးဖောက်ခွဲရန် လုံလောက်သောအချိန်ဖြစ်သည်။
“အခွင့်အရေးကိုစောင့်ရမယ်၊ အလျင်စလိုမလုပ်လို့မရဘူး”
ချင်ရန်က သူ့ကိုယ်သူ စိတ်အေးအေးထားရန် အသက်ပြင်းပြင်းရှူလိုက်သည်။
“ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပါရစေ။ ငါ့နာမည်က ကျန်းဝေ”
ဘေ့စ်ဘောဦးထုပ်နှင့်လူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
လူအုပ်ကြီးက နားမလည်နိုင် ဖြစ်သွားကြသည်။ သူက ဘာကြောင့် သူ့နာမည်ကို ယခုမှထုတ်ပြောနေရသနည်း။ ကျန်းဝေက ဆက်ပြောလာသည်။
“မင်းတို့အားလုံး သတင်းထဲမှာတွေ့ပြီးသားဖြစ်မှာပါ၊ တိရစ္ဆာန်ထက်မိုက်ရိုင်းတဲ့ ငါ့ရဲ့ မွေးစားမိဘနှစ်ယောက်ကို ငါကိုယ်တိုင်သတ်ခဲ့တာ ဘာကြောင့်လဲသိချင်လား”
ဤနေရာသို့ရောက်သောအခါ ကျန်းဝေ မျက်လုံးများမှာ သွေးကဲ့သို့နီရဲလာပြီး အလွန်အမင်း နာကျည်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လုံးလုံး ငါက သူတို့အတွက် တိရစ္ဆာန်တစ်ကောင်၊ ကျွန်တစ်ကောင်၊ ခွေးတစ်ကောင်ထက်မပိုခဲ့လို့ပဲ၊ ငါ ကောင်းကောင်းမစားရဘူး၊ မအိပ်ရဘူး၊ သူတို့အတွက် ခိုင်းဖတ်လိုလုပ်ပေးခဲ့ရပေမယ့် တစ်ပြားတစ်ချက်မှမရခဲ့ဘူး၊ နေ့တိုင်း သူတို့ရဲ့ ဒေါသအိုးဖြစ်ခဲ့ရသလို လူမဆန်တဲ့နှိပ်စက်မှုတွေကိုလည်း ခံခဲ့ရတယ်၊ ငါက မိဘမဲ့ဂေဟာကလာတာမို့လို့ ဘယ်သူမှမလိုချင်တဲ့ကောင်လေ”
ကျန်းဝေက အလွန်အမင်းစိတ်လှုပ်ရှားနေပြီး သူ၏လက်ထဲက မီးခြစ်မှာလည်းတုန်ယင်နေသည်။ ကားပေါ်ရှိလူများမှာ သူ၏စိတ်မထိန်းနိုင်မှုကြောင့် ဗုံးမီးညှိလိုက်မည်ကို အလွန်စိုးရိမ်နေကြသည်။
“မိဘမဲ့ဂေဟာမှာတုန်းကလည်း ငါ့ရဲ့ရုပ်ရည်ကြောင့် အမျိုးမျိုးအနိုင်ကျင့်ခံခဲ့ရတယ်၊ လူကြီးတွေက ငါ့ကိုမနှစ်သက်ကြသလို တခြားကလေးတွေကလည်း ငါနဲ့မကစားဘဲ ဖယ်ကြဉ်ထားကြတယ်၊ စီနီယာတွေက ငါ့ထမင်းကို နေ့တိုင်းလုစားကြလို့ ငါ တစ်လလုံး အသားဟင်းတစ်ဖက်တောင် မစားခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်”
ကျန်းဝေ၏ နီရဲနေသောမျက်လုံးများက ကားပေါ်ရှိလူတိုင်းကို တစ်ယောက်မကျန် လိုက်လံစိုက်ကြည့်နေသည်။ ထိုသူများကို ကြည့်နေရသည်မှာ သူ့ကိုအနိုင်ကျင့်ခဲ့သော လူများကို မြင်နေရသကဲ့သို့ပင်။
“ငါမွေးစားခံရရင် ဘဝက ပိုကောင်းလာမယ်ထင်ခဲ့တာ၊ ဒါပေမဲ့ အဲဒါက ပိုကြောက်စရာကောင်းတဲ့ ငရဲခန်းဖြစ်လာမယ်လို့ ဘယ်သူသိမှာလဲ”
ကျန်းဝေက ပြောရင်းနှင့်ပင် သူ၏ဘောင်းဘီကို လက်တစ်ဖက်ဖြင့်ဖြေချလိုက်ရာ ဘောင်းဘီမှာ အောက်သို့လျောကျသွားသည်။ ထိုအခါ ကျန်းဝေ၏ ခြေထောက်ပေါ်ရှိ ဒဏ်ရာဗရပွနှင့် အမာရွတ်များကို လူတိုင်းမြင်လိုက်ကြရ၏။
သူ၏တစ်ကိုယ်လုံးတွင် ကောင်းသည့်နေရာဟူ၍ တစ်ကွက်မျှပင်မရှိချေ။
လူတိုင်းက ထိုဒဏ်ရာကို မြက်နေရသော်လည်း သနားစိတ်ဝင်ဖို့ထက် ကြောက်ရွံ့တုန်လှုပ်မှုများသာ စိတ်ထဲ၌ စိုးမိုးပြည့်နှက်နေသည်။ နှစ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရသော ဤကဲ့သို့သော လူမျိုးများ၏ စိတ်အခြေအနေသည် အစွန်းရောက်တတ်ပြီး အလွန်ကြောက်စရာကောင်းကြောင်း သူတို့သိနေကြ၏။
“ငါ့တစ်ကိုယ်လုံးမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေပဲရှိတယ်၊ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လုံးလုံး ငါဟာ သူတို့ရဲ့ ဒေါသဖြေဖျောက်ရာ အမှိုက်ပုံးတစ်ခုလိုပဲ နေခဲ့ရတာ၊ အဲဒီတိရစ္ဆာန်နှစ်ကောင်က သူတို့စိတ်မကြည်ရင်လည်း ရိုက်တယ်၊ စိတ်ကြည်နေရင်လည်း ရိုက်တယ်၊ ငါ အသနားခံပြီး ငိုယိုနေတာကိုကြည့်ပြီး သူတို့ပျော်နေကြတာကွ”
“အိမ်မှာတင်မဟုတ်ဘူး ကျောင်းမှာလည်း ငါက စကားနည်းတဲ့သူမို့လို့ အမျိုးမျိုးအနိုင်ကျင့်ခံရတယ်၊ မိန်းကလေးတွေရှေ့မှာ ဘောင်းဘီအချွတ်ခံရတယ်၊ ငါ့စာအုပ်တွေ ဆွဲဖြဲခံရတယ်၊ ဆရာမကလည်း လူပုံအလယ်မှာ ငါ့ကို ဒူးထောက်ခိုင်းပြီးအရှက်ခွဲခဲ့တယ်။”
“ဟားဟား... ငါ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကောင်းကောင်းဖြေနိုင်ရင် ဒီငရဲကလွတ်ပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ စာမေးပွဲဖြေမယ့်နေ့မှာပဲ ငါ့ရဲ့ခွင့်ပြုကတ်ကို ဆွဲဖြဲခံလိုက်ရတယ်၊ အဲဒီ မွေးစားအဖေဆိုတဲ့ တိရစ္ဆာန်က အရက်မူးပြီး မင်းလိုကောင်က စာသင်ဖို့မထိုက်တန်ဘူးဆိုပြီး ဆဲဆိုနှိပ်စက်ခဲ့သေးတာ၊ တော်ပြီ၊ တော်လောက်ပြီ”
ကျန်းဝေ၏မျက်နှာတွင် ရူးသွပ်မှုနှင့် စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ခံစားခဲ့ရသမျှ နာကျင်မှုများကို ဘယ်သူ့ကိုမှမပြောဘဲ ရင်ထဲတွင်မြုပ်နှံ့ထားခဲ့ရာမှ ယခုအခါ အကုန်လုံး အရှိန်အဟုန်ပြင်းပြင်းဖြင့် ပေါက်ကွဲထွက်လာခြင်းပင်။
ထိုစဉ် ကျန်းဝေ၏စကားကို နားထောင်နေသည့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးက မဝံ့မရဲဖြင့်ပြောလိုက်သည်။
“ကလေးရယ်... ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမွေးစားမိဘတွေက မင်းကို ကျွေးမွေးပြုစုလာတာပဲလေ၊ သူတို့ကို ကျေးဇူးဆပ်မယ့်အစား မင်းကသတ်လိုက်တယ်ဆိုတာ မှန်ရဲ့လား၊ မင်းစားတာ၊ သောက်တာ၊ ဝတ်တာတွေက သူတို့ပေးတာမဟုတ်ဘူးလား”
ထိုအမျိုးသမီးမှာ အခြေမနေကိုမရိပ်မိပဲ အမှန်တကယ်ပင် မကြောက်မရွံ့ပြောဝံ့သူဖြစ်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းဝေ၏တကိုယ်လုံး တုန်ယင်လာပြီး ဒေါသများ ပေါက်ကွဲထွက်တော့မည့်အတိုင်း ဖြစ်သွားသည်။ သို့သော် ခဏအကြာတွင် သူသည် ထူးဆန်းစွာငြိမ်ကျသွားပြီး ရူးသွပ်သောအပြုံးတစ်ခု ပြုံးလိုက်၏။
“အာ... ခင်ဗျားပြောတာမှန်တယ်။ ကျွန်တော်က တိရစ္ဆာန်တစ်ကောင်ပဲ၊ ဒါကြောင့် သူတို့အားလုံးကိုသတ်ပစ်လိုက်တာ”
ကျန်းဝေက အေးစက်စက်ပြုံးလျက် ပြောလိုက်သည်။
“အဲဒီလူနှစ်ယောက်တင် သေရမှာမဟုတ်ဘူး၊ ခင်ဗျားတို့လည်း တစ်ယောက်မှလွတ်မှာမဟုတ်ဘူး၊ ငယ်ငယ်ကတည်းက ငါက လူအုပ်ကြားထဲမှာ ဘယ်သူမှ သတိမထားမိတဲ့သူ၊ ဘယ်တော့မှအရာမဝင်ပဲ အမြဲအပယ်ခံရတဲ့သူပဲ”
“ဒီနေ့တော့ ငါ့နာမည်ကို လူတိုင်း သိအောင် ငါ လုပ်ပြမယ်၊ မင်းတို့တော့ သိသွားပြီး မကြာခင် တစ်နိုင်ငံလုံး၊ ကမ္ဘာတစ်ခုလုံး ငါ့နာမည်ကို သိသွားစေရမယ်၊ ငါ တော်လောက်ပြီ ဒီကမ္ဘာကြီးမှာ ဘယ်သူမှမသိပဲ အသံတိတ် ဆက်ပြီး နေမသွားချင်တော့ဘူး”
ကျန်းဝေက ရူးသွပ်ပြီး သောင်းကျန်းကာ အော်ဟစ်လိုက်သည်။ ထိုအခါမှ ကားပေါ်ရှိ လူတိုင်းမှာ မိမိတို့သည် သေဘေးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိလိုက်ရပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ် သွားကြတော့သည်။
78
ချင်ရန်၏ မျက်နှာထားမှာ အေးစက်တည်ငြိမ်နေဆဲပင်။ သူသည် ကျန်းဝေကြုံတွေ့ခဲ့ရသော ဒုက္ခဆင်းရဲများကို ကိုယ်ချင်းစာသော်လည်း ဤဘတ်စ်ကားကြီးအပေါ်တွင် လူတိုင်းနှင့်အတူ အသေခံရန်တော့ လုံးဝဆန္ဒမရှိပေ။
ချင်ရန်အနေဖြင့် မည်သည့်နည်းနှင့်မျှ ထိုသို့အဖြစ်ခံမည်မဟုတ်ပေ။
သို့သော် ကျန်းဝေပြောသွားသည့်စကားများကို ပြန်စဉ်းစားမိသည့်အခါ ချင်ရန် ခေတ္တမျှ တိတ်ဆိတ်သွားမိသည်။
လူ့အဖွဲ့အစည်း၏ပစ်ပယ်ခြင်းကို ခံရပြီး မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်မှုများကို ကြုံတွေ့ခဲ့ရသူတစ်ဦးသည် စိတ်ဓာတ်များ အဆုံးစွန်အထိပျက်စီးပေါက်ကွဲမသွားခဲ့လျှင် ဤကဲ့သို့ ကမ္ဘာကြီးကိုလက်စားချေရန် ကြံစည်ပါ့မလားဟု သူတွေးမိလေ၏။
မည်သို့ပင်ဖြစ်စေ... ဤကားပေါ်ရှိ လူများမှာ အပြစ်ကင်းကြသူများဖြစ်ပြီး ကျန်းဝေနှင့်လည်း မည်သည့်ရန်ငြိုးမျှမရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။
“အခုတော့ အလောတကြီးလှုပ်ရှားလို့မဖြစ်သေးဘူး၊ သူ နောက်ထပ်ဘာဆက်လုပ်မလဲဆိုတာ အရင်စောင့်ကြည့်ရမယ်”
ချင်ရန်သည် ကျန်းဝေကို တိတ်တဆိတ်စောင့်ကြည့်ရင်း မည်သည့်ထောင့်မှဖြတ်၍ ပြေးဝင်တိုက်ခိုက်လျှင် အကောင်းဆုံးဖြစ်မလဲဆိုသည်ကို မျက်လုံးဖြင့်တွက်ချက်နေသည်။
ထိုအချိန်တွင် ကျန်းဝေက နီရဲနေသော မျက်လုံးများဖြင့် လူတိုင်းကို ဒေါသတကြီးစိုက်ကြည့်နေသည်။ လူတိုင်းကလည်း သူ့ကို ထိတ်လန့်တကြားဖြင့် ပြန်ကြည့်နေကြရဧ။ခ။
လက်နက်ကိုင်ထားသည့် ဤအရူးသည် စိတ်လိုက်မာန်ပါ တစ်ခုခုလုပ်လိုက်မည်ကို စိုးရိမ်လျက် လူတိုင်းက သူ့ကိုငေးကြည့်နေကြသည်။
ကားပေါ်ပါလာသူအများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြသော်ငြား သူတို့လည်း မသေချင်ကြသေးပေ။
“ကလေးရယ်... စိတ်အေးအေးထားပါဦး”
“ကြည့်စမ်းပါဦး... မင်းရဲ့ရန်သူတွေက မွေးစားမိဘတွေမဟုတ်လား၊ အခု သူတို့ကိုသတ်လိုက်ပြီပဲ၊ ရန်ငြိုးတွေကပြေပျောက်သွားပါပြီ”
“ဟုတ်တယ်ကလေးရဲ့... တို့တွေကအပြစ်မရှိပါဘူး၊ မင်းကို ဘယ်တုန်းကမှအနိုင်ကျင့်ခဲ့ဖူးဘူးလေ”
သက်ကြီးရွယ်အိုတစ်စုမှာ သူတို့၏စည်းရုံးရေးစွမ်းရည်များကို အစွမ်းကုန် ထုတ်သုံးနေကြသည်။ သူတို့သည် ကျန်းဝေ၏စိတ်ကိုပြေလျော့သွားစေရန်နှင့် မိုက်မဲသည့်အလုပ်ကိုမလုပ်မိစေရန် ဖျောင်းဖျကာ အသနားခံနေကြခြင်းပင်။
ထိုစကားများကို ကြားသောအခါ ကျန်းဝေ၏မျက်နှာက ပို၍ပင် ကျေနပ်အားရသွားသည်။ စောစောက သူ့ကိုကျိန်ဆဲခဲ့ကြသည့် ဤလူများသည် ယခုအခါ သူတို့၏အသက်မှာ သူ၏လက်ထဲတွင်ရှိနေသဖြင့် အောက်ကျို့ကာ တောင်းပန်နေကြပြီ မဟုတ်လော။
သူတို့တွေ ကြောက်နေကြပြီး သူနှင့်အတူ သေရမှာကို အသေအလဲကြောက်နေကြပြီပဲဖြစ်သည်။
“ပန်းခြံရောက်ဖို့ ဘယ်လောက်လိုသေးလဲ”
ကျန်းဝေက ဒရိုင်ဘာကို ရုတ်တရက်မေးလိုက်သည်။ ဒရိုင်ဘာက တုန်တုန်ရီရီဖြင့် ဖြေလိုက်၏
“ရောက်တော့မယ်... မီတာ ၅၀၀ လောက်ပဲလိုတော့တယ်၊ ဟောဟိုမှာ ပန်းခြံကိုမြင်နေရပြီ”
ကျန်းဝေ အရှေ့ကိုလှမ်းကြည့်လိုက်သည့်အခါ ကျယ်ဝန်းသောပန်းခြံကြီးကို မြင်လိုက်ရသည်။ ပန်းခြံထဲတွင် ဈေးဆိုင်တန်းများ၊ ကလေးကစားကွင်းများနှင့် အပန်းဖြေသူများမှာ လူတစ်ထောင်ခန့်မျှ စည်ကားနေ၏။
“အတွင်းထဲထိမောင်းဝင်လိုက်”
ကျန်းဝေက အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်။
“ဗျာ”
ဒရိုင်ဘာမှာ ကြောင်အမ်းအမ်းဖြစ်သွား၏။
“ငါ ပြောတာ... မောင်း... ဝင်... လိုက်... လို့”
ကျန်းဝေက အံကြိတ်ကာ အော်ဟစ်လိုက်သည်။
သူ၏မျက်လုံးထဲတွင် ရူးသွပ်မှုများကို ပြန်လည်မြင်တွေ့လာရ၏။
“လူတွေအများကြီးပဲ... ဒါ ငါတကယ်လိုချင်နေတဲ့အရာပဲ”
ဒရိုင်ဘာမှာ ပန်းခြံထဲသို့ ကားဖြင့် အတင်းဝင်ရောက်မောင်းဝင်ရန် ကြောက်လန့်နေသော်လည်း အသက်ကိုခြိမ်းခြောက်ခံထားရသဖြင့် မလိုက်နာဘဲမနေရဲပေ။
အကယ်၍ သူသာငြင်းဆန်လိုက်ပါက ဤအရူးက ကားပေါ်ရှိလူအားလုံးနှင့်အတူ ချက်ချင်းပင် ဗုံးဖောက်ခွဲလိုက်မည်ကို စိုးရိမ်နေရသည်။
သိပ်မကြာမီ... ဘတ်စ်ကားကြီးသည် ပန်းခြံဝင်ပေါက်တစ်ခုမှတစ်ဆင့် လူအုပ်ကြီးကြားထဲသို့ မောင်းဝင်လာတော့သည်။ ပန်းခြံအတွင်း အပန်းဖြေ လမ်းလျှောက်နေကြသူများမှာ အံ့သြသွားကြ၏။
‘ဒီဘတ်စ်ကားက ဘာဖြစ်နေတာလဲ၊ ဘာလို့ ပန်းခြံထဲ လမ်းကြောင်းမှားပြီး မောင်းဝင်လာတာလဲ'
ထို့အပြင် ကားထဲတွင်လည်း လူအပြည့်ပါလာသည်ကို မြင်နေရသဖြင့် အားလုံးမှာ ဝေခွဲမရဖြစ်နေရသည်။
“ထူးဆန်းလိုက်တာ... ဒီကားကဘာလုပ်တာလဲ”
“ဒရိုင်ဘာက ဘာဖြစ်တာလဲမသိဘူး၊ ပန်းခြံထဲထိ ကားမောင်းဝင်လာတာ... ငါတော့ သူ့ကို သက်ဆိုင်ရာမှာတိုင်ဦးမှပဲ”
ဘတ်စ်ကားသည် ပန်းခြံအလယ်တည့်တည့်ရှိ လူစည်ကားသောနေရာသို့ရောက်လာသောအခါ ကျန်းဝေက ဒရိုင်ဘာကို ကားရပ်ခိုင်းလိုက်သည်။
လူအများအပြားကလည်း ထူးဆန်းသဖြင့် စပ်စပ်စုစုဖြင့် ကားနားသို့ တိုးဝှေ့လာကြ၏။ ဒရိုင်ဘာမှာ ကားထဲတွင် လူသတ်သမားပါလာသည်ဟု အော်ဟစ်ကာပြောချင်သော်လည်း မပြောရဲရှာပေ။
ထိုမြင်ကွင်းကိုကြည့်ရင်း ကျန်းဝေက ကျေနပ်စွာပြုံးလိုက်ပြီး ဒရိုင်ဘာကိုပြောလိုက်သည်။
“မင်း... ဖုန်းထုတ်ပြီး ရဲစခန်း ၁၁၀ ကို ဆက်လိုက်စမ်း”
“ဗျာ” ဒရိုင်ဘာမှာ နားမလည်နိုင်ပဲ ဆွံ့အသွားရ၏။
ပုံမှန်ဆိုလျှင် ဤကဲ့သို့ လူသတ်ပြီး ကားကိုပြန်ပေးဆွဲထားသူသည် ရဲကြောက်ရမည်ဖြစ်သော်လည်း ယခုမူ ကျန်းဝေက ရဲကို ကိုယ်တိုင်ဖုန်းဆက်ခိုင်းနေသည်။
ကျန်းဝေ ဘာလုပ်ချင်နေမှန်း ဒရိုင်ဘာနားမလည်သော်လည်း စိတ်မမှန်သူဖြစ်သဖြင့် ခိုင်းသည့်အတိုင်းသာ လုပ်လိုက်ရ၏။ ဒရိုင်ဘာက တုန်တုန်ရင်ရင်ဖြင့် ၁၁၀ ကို ဖုန်းခေါ်လိုက်သည်။
“ဟယ်လို... ဒါက ဖင်းလင်မြို့ရဲစခန်းပါ နံပါတ် ၁၃၇၄၁၃ ပါ ဘာကူညီပေးရမလဲရှင်”
ဒရိုင်ဘာသည် ကျန်းဝေကိုကြည့်လိုက်ပြီး တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်သည်။ သူ ဘာမှလျှောက်မပြောရဲပေ။
ကားပေါ်ရှိ လူတိုင်းမှာလည်း ကျန်းဝေ အဘယ်ကြောင့် ရဲအား ဖုန်းဆက်ခိုင်းသလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်နေကြသည်။
‘သူ နောင်တရပြီး အဖမ်းခံတော့မလို့လား'
သို့သော် သူ၏ပုံစံမှာ နောင်တရမည့်ပုံမပေါ်ပေ။
“ဟယ်လို ကြားရလားရှင်”
အော်ပရေတာမလေး၏အသံက ထပ်မံပေါ်ထွက်လာပြန်၏။ ထိုအချိန်တွင် ကျန်းဝေက အေးစက်စွာပြုံးလိုက်သည်။
“ဒီမှာ ဘာဖြစ်နေလဲဆိုတာ သူ့ကိုပြောပြလိုက်စမ်း”
ဒရိုင်ဘာက လက်ရှိကြုံတွေ့နေရသည့် အခြေအနေကို အရှိအတိုင်း ပြောပြလိုက်ရတော့သည်။
“ဟယ်လို... ကျွန်တော်က ဘတ်စ်ကားနံပါတ် ၃၅ ရဲ့ ဒရိုင်ဘာပါ၊ ကျွန်တော်တို့ကား ပြန်ပေးဆွဲခံထားရလို့ပါ”
“သူ့ကိုယ်ပေါ်မှာ ယမ်းဗုံးတွေပတ်ထားတယ်၊ သူက တကယ်ကိုအန္တရာယ်ကြီးတဲ့သူပါ”
“ကားပေါ်မှာ လူ ၂၀ ကျော် ပါလာပြီး အားလုံးရဲ့အသက်က သူ့လက်ထဲမှာပါဗျာ”
“ရှင်၊ အခုဘာပြောလိုက်တာလဲ အဲဒါတကယ်လား၊ ဒါဆို ရှင်က ဘယ်လိုလုပ် အခု ဖုန်းဆက်လို့ရနေတာလဲ”
အော်ပရေတာမလေးမှာ ထိတ်လန့်တကြားဖြင့် အော်ဟစ်မေးမြန်းလိုက်၏။
“တရားခံကိုယ်တိုင် ဆက်ခိုင်းတာပါ”
ဒရိုင်ဘာမှာ တစ်ကိုယ်လုံးချွေးများပြန်နေပြီး စကားတစ်ခွန်းပြောတိုင်း ကျန်းဝေကို တစ်လှည့်ကြည့်ကာ အကဲခက်နေရသည်။
“အခု ရှင်တို့ဘယ်နေရာမှာလဲ”
“ကျွန်တော်တို့ တာချောင်ပန်းခြံထဲမှာပါ”
ထိုစဉ် ကျန်းဝေက ဘေးကနေ ပြောလာပြန်သည်။ “ငါ ဘယ်သူလဲဆိုတာကိုပါ ပြောပြလိုက်ဦး”
ဒရိုင်ဘာမှာ အံ့သြသွားသော်လည်း ကျန်းဝေ၏ ခြိမ်းခြောက်နေသည့်အကြည့်များကြောင့် ဆက်ပြောလိုက်ရတော့သည်။
“ကျွန်တော်တို့ကို ဖမ်းထားတဲ့သူက ကျန်းဝေတဲ့၊ ဒီနေ့မနက် ကျန်းဖူလမ်းက လူသတ်မှုတရားခံပြေးဖြစ်တဲ့ကျန်းဝေပါ”
ကျန်းဝေ၏မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသည့်အမူအရာ ပေါ်လာ၏။ လူများ သူ့နာမည်ကို သိသွားကြသည့်အတွက် သူ အတော်လေးကျေနပ်နေပုံရသည်။
ဖုန်းချပြီးနောက်တွင် အော်ပရေတာမလေးသည် မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် လင်းကုဝေထံသို့ ချက်ချင်းပင် အကြောင်းကြားလိုက်၏။
ဓားစာခံလူ ၂၀ ကျော် ပါဝင်နေသော ဤကဲ့သို့သော အမှုကြီးမျိုးသည် ဖိန်လင်မြို့တွင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။
လင်းကုဝေသည် ရှကျဲ၏အိမ်တွင်အနားယူနေစဉ် ထိုသတင်းဆိုးကို ရလိုက်ခြင်းပင်။
“ဟာ တောက်စ်၊ အခြေအနေကတော်တော်ဆိုးတာပဲ ဓားစာခံ ၂၀ ကျော်တောင်လား၊ ဘယ်လိုကောင်မျိုးက ဒီလောက်အထိ ရဲရဲတင်းတင်းလုပ်ရဲတာလဲ၊ အသေသတ်ပစ်ရမယ့်ကောင်ပဲ”
လင်းကုဝေသည် ဒေါသတကြီးဆဲဆိုရင်း ပန်းခြံသို့ အပြေးအလွှားထွက်လာခဲ့သည်။
ငါးမိနစ်ခန့်အကြာတွင် ရဲကားငါးစီးထက်မနည်း ပန်းခြံသို့ ဝုန်းဒိုင်းကျဲရောက်ရှိလာကြသည်။
“ဟိုကားလား... ပြန်ပေးဆွဲခံထားရတဲ့ကားက”