အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
79
ပန်းခြံအလယ်တွင် ရပ်ထားသည့် ဘတ်စ်ကားကြီးကို ရဲအရာရှိများက လျှင်မြန်စွာဖြင့် ဝိုင်းရံထားလိုက်ကြသည်။ ထိုစဉ် လမ်းလျှောက်နေကြသည့် လူအုပ်ကြီးမှာမူ အခြေအနေအမှန်ကို မသိရှိကြသေးပဲ ကားကိုလက်ညှိုးထိုးကာ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြ၏။
“မြန်မြန်လုပ်၊ လူတွေကို အရင်ဆုံး ဘေးကင်းရာကိုဖယ်ရှားလိုက်ကြ”
ရဲအရာရှိအုပ်စု၏ခေါင်းဆောင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အရေးပေါ်အမိန့်ပေးလိုက်သည်။ ဘေးနားက ကြည့်ရှု့နေသူများသည် ကားပေါ်တွင် လူသတ်သမားတစ်ဦးပါနေသည်ကို ရိပ်မိပုံမရကြသေးပေ။
တစ်ချိန်တည်းမှာပင်...
ဘတ်စ်ကားအနီးသို့ လူများ အုပ်စုလိုက်ကြီး ပိုမိုစုရုံးလာကြသည်။
ဘတ်စ်ကားကြီးက အဘယ်ကြောင့် ပန်းခြံထဲသို့ ရောက်နေသနည်း။
ကားပေါ်ကလူများကရော အဘယ်ကြောင့် ဆင်းမလာကြသနည်းဆိုသည်ကို အားလုံးက သိချင်ကြသဖြင့် ဝိုင်းအုံနေကြခြင်းဖြစ်သည်။
“ဒရိုင်ဘာ ဘာဖြစ်လို့လဲ၊ တံခါးဖွင့်ပေးပါဦး”
လူအချို့မှာ သိချင်စိတ်ကိုမထိန်းနိုင်ကြတော့ပဲ ကားမှန်ပြတင်းပေါက်တွင် မျက်နှာကပ်၍ပင် ချောင်းကြည့်နေကြသည်။
“ဖယ်ကြ၊ အကုန်လုံး အနောက်ကိုဆုတ်ကြစမ်း”
ထိုအချိန်တွင် ရဲအရာရှိများ ရောက်ရှိလာပြီး လူအုပ်ကြီးကို အတင်းအဓမ္မတွန်းဖယ်ကာ ထိုနေရာအနီးတစ်ဝိုက်ကို ရှင်းလင်းလိုက်ရတော့သည်။
“ဘာ လူသတ်သမားဟုတ်လား”
“တကယ်ကြီးလား”
လူအုပ်ကြီးမှာ ကြားလိုက်ရသည့်သတင်းကြောင့် ဇဝေဇဝါဖြစ်သွားကြသော်လည်း ရဲများ၏ တင်းမာသောအမိန့်ပေးမှုကြောင့် ညွှန်ကြားသည့်အတိုင်း ပူးပေါင်းဆောင်ရွက်ကာ နောက်သို့ ဆုတ်ပေးလိုက်ကြ၏။
ခဏအကြာတွင် ဘတ်စ်ကား၏ တစ်ဆယ်မီတာပတ်လည်အတွင်း မည်သူမျှမရှိတော့ဘဲ ထိုဘတ်စ်ကားကြီးတစ်စီးတည်းသာ အထီးကျန်စွာဖြင့် ကျန်ရစ်နေတော့သည်။
သို့သော် ဘေးနားကကြည့်ရှုနေသူများမှာ ထွက်မသွားကြဘဲ အဝေးတစ်နေရာမှ စိတ်ဝင်တစား စောင့်ကြည့်နေကြဆဲဖြစ်သည်။
ကားပေါ်တွင် လူသတ်သမားတကယ်ပါလာသည်ဆိုလျှင် ၎င်းမှာ အတော်လေးရင်ခုန်စရာကောင်းသည့် ကိစ္စတစ်ခုဖြစ်သွားနိုင်သည်။
ယခု ရဲတွေပါ အများကြီးရောက်လာပြီလာသဖြင့် လက်ရှိအခြေအနေက ဘယ်လိုမျိုး၊ အဆုံးသတ်သွားမည်ကို လူတိုင်းကလည်း သိချင်နေမိကြ၏။
ထိုအချိန် ကားအတွင်း၌မူ….။
ရဲတွေရောက်လာသည်ကို မြင်ရသောအခါ ခရီးသည်များ အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း တစ်ဖက်တွင်မူ အပြင်ဘက်ကလူများမှာ ကားနှင့်ဆယ်မီတာအကွာသို့ ဖယ်ခွာသွားကြသည်ကို မြင်လိုက်ရသည့်အခါ တစ်ကမ္ဘာလုံးက သူတို့ကိုပစ်ပယ်ထားသကဲ့သို့ ခံစားလိုက်ရပြီး ပို၍ပင် စိတ်အားငယ်သွားရတော့သည်။
“ရဲအရာရှိကြီးတို့... ကျွန်မကို ကယ်ကြပါဦး”
အမျိုးသမီးတစ်ဦးက စိတ်ထဲမှ အလီလီဆုတောင်းနေပြီး လွတ်မြောက်ဖို့ မျှော်လင့်ချက်အားလုံးကို ရဲများပေါ်တွင် ပုံအပ်ထားလိုက်၏။
ချင်ရန်သည် ရဲမျာ ရောက်ရှိလာသည်ကို မြင်တွေ့နေရသော်ငြား သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်လျက်ရှိနေသည်။ ဤရဲများသည် လက်ရှိအခြေအနေကို ထိန်းသိမ်းရန် ရောက်လာခြင်းသာဖြစ်ပြီး နောက်ထပ် လူအများကြီး ထပ်ရောက်ရှိလာဦးမည်ကို သူသိနေ၏။
“ဒါက ဓားစားခံနှစ်ဆယ်ကျော်ရဲ့ အသက်ကိုရင်းထာရးတဲ့ အလွန်စိုးရိမ်ရတဲ့ အခြေအနေပဲ”
“ဒါတင်မကသေးဘူး... လူတစ်ထောင်လောက်ကလည်း ဒါကို စောင့်ကြည့်နေကြတာဆိုတော့ သက်ရောက်မှုက တအားကြီးတယ်၊ မကြာခင် သတင်းထောက်တွေလည်း ရောက်လာကြတော့မှာ”
ချင်ရန်သည် လှုပ်ရှားရန်အခွင့်အရေးကို စိတ်ရှည်ရှည်နှင့် စောင့်နေဆဲဖြစ်သည်။ ယခုအချိန်တွင် ကျန်းဝေမှာ အလွန်သတိကြီးနေပြီး တစ်စုံတစ်ဦးက သူ့ကို လာရောက်ဖမ်းဆီးမည်ကို စိုးရိမ်နေသည့်အလား ကား၏ရှေ့ဆုံးထောင့်တွင် ကပ်၍ရပ်နေသည်။
ကျန်းဝေ၏ အလွန်အမင်းသတိကြီးမှုကြောင့် ချင်ရန်မှာ လှုပ်ရှားရန်ခက်ခဲနေ၏။ အကယ်၍ ချင်ရန်သာ ရှေ့ဆုံးတန်းတွင်ထိုင်နေခဲ့ပါက တစ်ခုခုလုပ်နိုင်မည်ဖြစ်သော်လည်း ကံဆိုးစွာပင် သူက နောက်ဆုံးထောင့်တွင်ရောက်နေခြင်းဖြစ်သည်။
ကျန်းဝေက ရဲများရောက်လာသည်ကို မြင်သောအခါ သူ၏မျက်နှာတွင် ရူးသွပ်သောအပြုံးတစ်ခု ပေါ်လာသည်။
“ရဲက အယောက်နှစ်ဆယ်ကျော်ပဲလား... နည်းသေးတယ်ဟေ့၊ များလေကောင်းလေပဲ ဟားဟား”
လူများ ပိုရောက်လာလေလေ ကျန်းဝေမှာ ပို၍စိတ်လှုပ်ရှားလာလေလေပင်။
လူအများ၏အာရုံစိုက်မှုကို ခံရခြင်းနှင့် လူထုအား ထိတ်လန့်အောင်လုပ်ရခြင်းကို သူက အရသာခံနေပုံရသည်။ အမြဲတမ်း အသံတိတ်ပြီး လူမသိသူမသိနေခဲ့ရသော်လည်း ယနေ့မှာတော့ လူတိုင်းက သူ့ကြောင့် ထိတ်လန့်နေကြရပြီမဟုတ်လော။
ထိုစဉ်... ရဲကားသုံးစီး ထပ်မံ၍ရောက်ရှိလာသည်။ ၎င်းတို့မှာ သာမန်ရဲကားများ မဟုတ်ဘဲ လက်နက်ကိုင် အထူးရဲတပ်ဖွဲ့ကားများဖြစ်သည်။ ထို့အပြင် မှုခင်းစုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် လင်းကုဝေလည်း ရောက်ရှိလာချေပြီ။
သူသည် တည်ကြည်သောမျက်နှာထားဖြင့် အခြေအနေအား အခင်းဖြစ်ရာနေရာရှိ ရဲအရာရှိများကို မေးမြန်းလိုက်သည်။
“အခြေအနေဘယ်လိုရှိလဲ၊ ကားထဲက ဓားစာခံအရေအတွက် ဘယ်လောက်ရှိလဲဆိုတာကို အတည်ပြုပြီးပြီလား”
“အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်ရသလောက်တော့ ရှေ့ဆုံးထောင့်မှာ လူတစ်ယောက်ရပ်နေပြီး သူ့ကိုယ်မှာ ယမ်းဗုံးတွေအများကြီးပတ်ထားတာ တွေ့ရပါတယ်”
ရဲအရာရှိတစ်ဦးက လေးနက်စွာတင်ပြလိုက်သည်။
“ဒါပေမယ့် အဲဒီယမ်းဗုံးတွေက အစစ်လား၊ အတုလားဆိုတာတော့ ခွဲရခက်နေတုန်းပါ”
လင်းကုဝေက အလေးအနက်ထား သတိပေးလိုက်သည်။
“ကားထဲကိုဝင်ဖို့ အရမ်းမကြိုးစားနဲ့ဦး၊ ကားထဲမှာ လူအသက်နှစ်ဆယ်ကျော်ရှိနေတယ်ဆိုတာ မမေ့နဲ့”
“ဟုတ်ကဲ့... ကျွန်တော်သိပါတယ်”
ရဲအရာရှိက ခေါင်းငြိမ့်ပြသည်။
“ဟေး.လူအိုကြီးလင်း”
ရုတ်တရက် အနောက်ဘက်မှ ဩဇာညောင်းသောအသံတစ်ခု ထွက်ပေါ်လာသဖြင့် လင်းကုဝေတစ်ယောက် လှည့်ကြည့်လိုက်သည့်အခါ သူနှင့်ရွယ်တူလူတစ်ယောက်ကို တွေ့လိုက်ရ၏။
“ဌာနမှူးလီ”
ရောက်ရှိလာသူမှာ ခန့်ညားထည်ဝါသော အသွင်အပြင်ရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး ဤနယ်မြေကို တာဝန်ယူရသည့် ရဲဌာနခွဲ၏ဌာနမှူးလီ ဖြစ်သည်။
ဤအမှုမှာ လူသတ်မှုအပြင် ဓားစာခံနှစ်ဆယ်ကျော်အထိ ပါဝင်နေသဖြင့် သူကိုယ်တိုင် ကွင်းဆင်းကြီးကြပ်ရန် ရောက်လာခဲ့ခြင်းပင်။
“ငါ အထူးရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းပြီးပြီ၊ ဒါက တကယ့် အရေးပေါ်အခြေအနေပဲ၊ တရားခံက လူ့အဖွဲ့အစည်းကို ရန်သူလိုသဘောထားနေတဲ့သူ ဖြစ်နေတယ်”
ဌာနမှူးလီ၏ မျက်နှာမှာ မည်းမှောင်နေလေ၏။ သူက အထူးရဲတပ်ဖွဲ့ကို လက်ယှပ်ခေါ်လိုက်သည်။
“မင်းတို့ရဲ့ဒရုန်းကို အသုံးပြုပြီး အတွင်းပိုင်းအခြေအနေကို သေချာအောင် သွားပြီးစုံစမ်းစစ်ဆေးလိုက်၊ အော်... ကားထဲကဟိုအရူး သတိမထားမိအောင်လုပ်ဦးနော်”
“ဟုတ်ကဲ့”
အထူးရဲအရာရှိတစ်ဦးက ပြန်ဖြေပြီး ဒရုန်းထိန်းချုပ်သည့်ကိရိယာများကို ပြင်ဆင်လိုက်သည်။ လက်ရှိအခြေအနေတွင် အနီးကပ်သွား၍မရသဖြင့် ဒရုန်းကိုသာ အားကိုးရတော့ပေမည်။
“စနိုက်ပါသမားတွေကော”
ဌာနမှူးလီက ထပ်မံမေးလိုက်သည်။
“သူတို့ နေရာယူပြီးပါပြီဌာနမှူး”
အထူးရဲအရာရှိက ပြန်ဖြေ၏။ ပန်းခြံနှင့် မီတာရှစ်ရာခန့်အကွာရှိ အထပ်မြင့်အဆောက်အအုံများသည် စနိုက်ပါသမားများအတွက် အကောင်းဆုံးနေရာများပင်။
၎င်းတို့သည် အခွင့်အရေးရသည်နှင့် တရားခံကို ချက်ချင်းအပြက်ရှင်းပစ်ရန် ပြင်ဆင်ထားကြသည်။
ဌာနမှူးလီက ခေါင်းငြိမ့်ကာမှာကြားလိုက်၏။
“အထက်က ဒီအကြောင်းမသိသေးခင်မှာ ငါတို့ ဒါကို မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသားဖြေရှင်းရမယ်၊ အချိန်ဆွဲလို့မဖြစ်ဘူး”
အခြားတစ်ဖက်တွင်မူ... အထူးရဲအရာရှိ ပြင်ဆင်ထားသည့် မျက်နှာပြင်ပေါ်၌ ဒရုန်းကင်မရာမှတစ်ဆင့် ကားအတွင်းပိုင်းမြင်ကွင်းများ ပေါ်လာသည်။ လင်းကုဝေနှင့် ဌာနမှူးလီတို့သည် ထိုမြင်ကွင်းကို မမှိတ်မသုန်နှင့် သေချာစိုက်ကြည့်နေကြသည်။
ဒရုန်းသည် ဘတ်စ်ကားကို အသံတိတ် ဖြည်းဖြည်းချင်းပတ်ကြည့်ရင်း အတွင်းပိုင်းအခြေအနေကို အသေးစိတ် ဆက်လက်ရိုက်ကူးနေသည်။
...လင်းကုဝေသည် ဒရုန်းမျက်နှာပြင်မှတစ်ဆင့် ရင်းနှီးသောမျက်နှာတစ်ခုကို ရုတ်တရက် မြင်လိုက်ရသဖြင့် မျက်နှာအမူအရာ ပျက်သွားတော့သည်။
ဤသည်ကိုသတိထားမိလိုက်သည့် ဌာနမှူးလီက မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”
လင်းကုဝေက စိတ်မသက်မသာဖြစ်ဟန်ရှိကာ လေးနက်သော အမူအရာဖြင့်ပြောလိုက်သည်။
“ကားထဲမှာ ကျွန်တော်သိတဲ့သူ တစ်ယောက်ပါနေတယ်”
“အို... ဘယ်သူလဲ”
လင်းကုဝေက ဒရုန်းမျက်နှာပြင်မှ မြင်နေရသည့် လူတစ်ယောက်ကို ညွှန်ပြလိုက်၏။
“ဒီလူပဲ၊ သူ့နာမည်က ချင်ရန်လို့ခေါ်တယ်၊ ပါလီမြစ်ရဲစခန်းက အလုပ်သင်ရဲအရာရှိလေးပါ၊ ညွှန်ကြားရေးမှူးဆုန့်ရဲ့ လက်အောက်ကပေါ့”
“ဟင်. ရဲတစ်ယောက်လား၊ သူပါ ကားပေါ်မှာပါနေတာပေါ့”
ဌာနမှူးလီသည် မျက်မှောင်ကြုတ်သွားပြီးမေးလိုက်သည်။
“ခက်တာပဲ... သူက တရားခံနဲ့တအားဝေးနေတဲ့ နောက်ဆုံးနေရာမှာရောက်နေတော့ ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး”
“ဒီကလေးက အရင်တုန်းက ဝမ်ပါ့နဲ့ ချီလုံဝေတို့ကို ဖမ်းတဲ့နေရာမှာ အကြီးအကျယ်ကူညီပေးခဲ့တဲ့သူဗျ”
လင်းကုဝေက ချင်ရန်၏စွမ်းဆောင်ချက်များကို ပြောပြလိုက်သည့်အခါတွင် ဌာနမှူးလီက အံ့သြသွားပြီးနောက် မေးလိုက်ပြန်၏။
“အဲဒီလောက်တောင် တော်တာလား”
“ဒါပေမဲ့မရဘူး... သူဘယ်လောက်တော်တော် အခုအခြေအနေမှာတော့ အသုံးမဝင်တော့ဘူး၊ အခု သူ ရင်ဆိုင်နေရတာက မူးယစ်ဆေးကုန်သည်မဟုတ်ဘူး၊ အားလုံးနဲ့အတူအသေခံမယ့် စိတ္တဇအရူးမျိုး”
လင်းကုဝေလည်း စိတ်ထဲမှတွေးနေမိသည်။
‘ဒီကလေး ဘာလို့ ဒီလောက်ကံဆိုးရတာလဲ၊ ကားစီးပြီးအိမ်ပြန်တာကိုမှ လူသတ်သမားနဲ့တိုးရတယ်လို့ကွာ၊ ခက်တာက ဒီလူသတ်သမားက ဝမ်ပါ့တို့လိုမဟုတ်ဘဲ အားလုံးနဲ့အသေခံမယ့် အရူးဖြစ်နေတာပဲ’
သူသည် ချင်ရန်ကို အလွန်သဘောကျသူဖြစ်သဖြင့် ချင်ရန်အတွက် စိုးရိမ်နေမိသည်။
“ငါ ဒရုန်းကတစ်ဆင့် တရားခံနဲ့စကားပြောကြည့်မယ်”
ဌာနမှူးလီက ဆုံးဖြတ်ချက်ချလိုက်ရာ နည်းပညာရှင်က မိုက်ခရိုဖုန်းကို ဌာနမှူးလီ၏အရှေ့သို့ ချက်ချင်းပြင်ဆင်ပေးလိုက်သည်။
“မင်္ဂလာပါ ငါက ဖိန်လင်မြို့ ပြည်သူ့ရဲတပ်ဖွဲ့၊ လင်းယန်ခရိုင် ရဲဌာနခွဲက ဌာနမှူးလီကျန်းယီပါ”
ဌာနမှူးလီက တည်ငြိမ်စွာဖြင့် မိတ်ဆက်လိုက်သည်။
“စိတ်မလှုပ်ရှားပါနဲ့ဦး၊ မင်း ဘာတွေလိုချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတာကို အရင်ပြောပြပါ၊ အခုလိုလုပ်တာက မင်းအတွက်လည်း ဘာမှအကျိုးမရှိဘူး၊ မင်းက ငယ်ငယ်လေးပဲရှိသေးတယ်၊ ရှေ့မှာ အနာဂတ်တွေ အများကြီးရှိပါသေးတယ်”
ဒရုန်းသည် ဘတ်စ်ကားရှေ့တည့်တည့်တွင် ပျံသန်းရင်း ဌာနမှူးလီ၏စကားများကို အသံချဲ့စက်မှတစ်ဆင့် ထုတ်လွှင့်လိုက်ရာ ကားထဲရှိ ကျန်းဝေ၊ ချင်ရန်နှင့် ခရီးသည်အားလုံးက ထိုစကားများကို အသံကျယ်ကျယ်ဖြင့်ကြားလိုက်ရတော့သည်။
80
“တောင်းဆိုချက် ဟုတ်လား”
ကားအတွင်း၌ ကျန်းဝေက လှောင်ပြုံးတစ်ချက် ပြုံးလိုက်ရင်း အော်ဟစ်ပြောဆိုလိုက်သည်။
“ငါ့မှာ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်၊ မင်းတို့ ရဲတွေအများကြီး ထပ်ခေါ်လိုက်စမ်း၊ အခုကြည့်ရတာ ရှေ့ဆုံးက ရှစ်ယောက်ပဲရှိသေးတယ်၊ မလုံလောက်သေးဘူး... လုံးဝကို မလုံလောက်သေးဘူး၊ လူတစ်သောင်းလောက် ထပ်ခေါ်လိုက်ကြစမ်းပါ၊ ငါ့ရဲ့ ဒီလို ကြီးကျယ်ခမ်းနားတဲ့လုပ်ရပ်ကို လူတွေအများကြီးရဲ့အရှေ့မှာ သက်သေတည်စေချင်လို့ပဲကွ”
ကျန်းဝေက ရဲတွေကို လုံးဝဂရုမစိုက်စွာဖြင့် ကျယ်လောင်စွာ ရယ်မောနေလိုက်၏။ ဤစကားများကို ကြားလိုက်ရသောအခါ ဌာနမှူးလီ၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။
“မင်း အခု ဘာတွေလိုအပ်နေလဲဆိုတာပဲ ငါ သိချင်တာ၊ ပိုက်ဆံလား ဒါမှမဟုတ် မင်း မတရားခံစားခဲ့ရတာတွေရှိလို့လား”
ဌာနမှူးလီက ဒေါသကို အတက်နိုင်ဆုံးထိန်းကာ အေးစက်စွာမေးလိုက်သည်။
“ပိုက်ဆံ၊ ငါ အဲဒါတွေအလိုမရှိဘူး၊ မတရားခံစားခဲ့ရတာတွေ၊ အင်း အဲဒါတွေဆိုရင်တော့... မင်းတို့ အခုအချိန်မှာ ဘယ်လိုမှ ပြန်ပေးဆပ်လို့ မရတော့ဘူး၊ ဒါကြောင့် အပိုတွေပြောမနေနဲ့တော့”
ကျန်းဝေက စိတ်လွတ်နေသည့် လူတစ်ဦးပမာ အော်ဟစ်ပြောဆိုလိုက်၏။
သူ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် အရှက်တကွဲ နှိပ်စက်ခံရမှုတွေကို စကားလုံးအနည်းငယ်နှင့် ဘယ်လိုလုပ် ဖျောက်ပျက်ပစ်လို့ ရနိုင်ပါ့မည်နည်း။
သို့သော် ဌာနမှူးလီက ကျန်းဝေ၏စကားထဲမှ အချက်အလက်အချို့ကို ချက်ချင်းပင် ဖမ်းဆွဲလိုက်နိုင်သည်။
သူသည် ရဲအရာရှိတစ်ဦးကို အမြန်ဆုံးပင်ခေါ်ကာ တရားခံ၏ ကိုယ်ရေးမှတ်တမ်းကို စစ်ဆေးခိုင်းလိုက်သည်။ ကျန်းဝေသည် ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာတွင်သုံးနှစ်ကြာနေထိုင်ခဲ့ကာ ဇနီးမောင်နှံနှစ်ဦး၏ မွေးစားခြင်းကို ခံခဲ့ရကြောင်း သိလိုက်ရ၏။
ထိုဇနီးမောင်နှံမှာ ယနေ့နံနက်ပိုင်း၌ အသတ်ခံလိုက်ရသည့်လူနှစ်ဦးပင်။ ဌာနမှူးလီ ချက်ချင်းပင် ထိုအခြေအနေကို တွေးဆလိုက်မိသည်။
ထိုမွေးစားမိဘများက ကျန်းဝေကို ငယ်စဉ်ကတည်းက ရက်စက်စွာ နှိပ်စက်ညှင်းပန်းခဲ့ကြသဖြင့် ကျန်းဝေ၏စိတ်အခြေအနေမှာ ယခုကဲ့သို့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရန်သူသဖွယ် သတ်မှတ်ကာ လက်စားချေလိုသည့်အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။
“မင်းကို ငါ ကိုယ်ချင်းစာပါတယ်၊ မင်းရဲ့ မွေးစားမိဘတွေက မင်းကို လူတစ်ယောက်လိုမဆက်ဆံဘဲ နေ့တိုင်းနှိပ်စက်ခဲ့ကြတာမဟုတ်လား”
ထို့နောက် ဌာနမှူးလီ လေသံကိုလျှော့ကာ ခပ်အေးအေးလေးဆက်ပြောပြန်သည်။
“အခု မင်း အဲဒီလူနှစ်ယောက်ကို သတ်လိုက်ပြီပဲ၊ မင်းရဲ့ရန်ငြိုးတွေက အဆုံးသတ်သွားပြီလေ၊ ရန်သူတွေလည်းသေကုန်ပြီဆိုတော့ ဘာလို့ ဒီကားပေါ်ကလူတွေကို ဓားစာခံလုပ်ထားရတာလဲ၊ သူတို့က မင်းအပေါ် ဘာရန်ငြိုးများရှိလို့လဲ”
“ဟားဟားဟား”
ဌာနမှူးလီ၏စကားကို ကျန်းဝေက လှောင်ရယ်လိုက်၏။
“ဌာနမှူးဆိုတဲ့အတိုင်း ခန့်မှန်းတာတော်သားပဲ၊ ဒါဆို ငါ့ဘက်ကတစ်ခုပဲမေးမယ်... ငါကရော ဘယ်သူ့အပေါ် ဘာရန်ငြိုးရှိခဲ့လို့လဲ၊ ဘာလို့လဲ... ဘာလို့ ဒီကမ္ဘာကြီးပေါ်က လူတွေအများကြီးက ငါ့ကို နာကျင်အောင်ဝိုင်းလုပ်ခဲ့ကြတာလဲ”
နောက်ဆုံးတွင် ကျန်းဝေသည် နှစ်ရှည်လများ အံကြိတ်ခံစားခဲ့ရသည့် နာကျည်းချက်များသည် အချိန်ကိုက်ပွင့်ထွက်လာခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့၏။
ကျန်းဝေ၏အမေးကြောင့် ဌာနမှူးလီပင် ခဏတာမျှ ဆွံ့အသွားမိသည်။ ဤကဲ့သို့ အစွန်းရောက်နေသည့်လူမျိုးကို ကိုင်တွယ်ရန်မှာ အလွန်ကိုခက်ခဲလှပေ၏။
ဌာနမှူး၏လီသည် စည်းရုံးနားချရေးတွင် ကျွမ်းကျင်သူဖြစ်ခဲ့သဖြင့် အကျဉ်းသားများ၏စိတ်ပညာကို ကောင်းစွာ နားလည်ထားသူဖြစ်သည်။
ကျန်းဝေသည် ယခုအခါ ဘဝမျှော်လင့်ချက်များ ကုန်ဆုံးနေပြီဖြစ်ရာ ပြဿနာကြီးကြီးတစ်ခုကို ဖန်တီး၍ လူအများ၏အာရုံစိုက်မှုကိုရယူကာ သေကြောင်းကြံရန် ရည်ရွယ်နေခြင်းပင်။
ဤကဲ့သို့ ဘာကိုမျှ တွယ်တာစရာမရှိတော့သည့် လူမျိုးသည် လောကတွင် ကြောက်စရာအကောင်းဆုံးပင်။ ဤအခါတွင် ဌာနမှူးလီနှင့် လင်းကုဝေတို့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
ဖျောင်းဖျနားချမှုက မအောင်မြင်သည့်အခါတွင် ဌာနမှူးလီနှင့် လင်းကုဝေတို့သည် နောက်ထပ်နည်းလမ်းတစ်ခုကို ထပ်စဉ်းစားရပြန်၏။
“စနိုက်ပါသမားတွေ နေရာယူပြီးပြီလား”
အကယ်၍ နားချ၍မရပါက ကျန်းဝေ ဗုံးမဖောက်ခွဲနိုင်ခင် သူ့အား အသေပစ်ခက်ဖမ်းဆီးရန်သာ ရှိတော့သည်။ သို့သော် ထိုအချိန်တွင် ကျန်းဝေ၏အသံ ထွက်ပေါ်လာပြန်၏။
“မင်းတို့ အစီအစဉ်တွေ တကယ်ကိုစေ့စပ်မှာပဲလို့ ငါ ယုံကြည်ပါတယ်၊ ငါ တီဗီထဲမှာ ခဏခဏတွေ့ဖူးတယ်၊ ဓားစာခံဖမ်းထားရင် ညှိနှိုင်းရေးသမားတွေကအချိန်ဆွဲပြီး တရားခံစိတ်အေးသွားအောင် စကားတွေအများကြီး ပြောတတ်ကြတယ်လေ၊ တရားခံက သတိလက်လွတ်ဖြစ်သွားတာနဲ့ အဝေးကနေရာယူထားတဲ့ စနိုက်ပါသမားက ပစ်သတ်လိုက်ရော၊ ဟုတ်တယ်မလား ဌာနမှူးလီ၊ အခု ခင်ဗျားလည်း စနိုက်ပါသမားတွေ ပြင်ထားပြီးပြီမဟုတ်လား”
ထို့နောက် ကျန်းဝေက ရယ်မောရင်းဆက်ပြောပြန်သည်။
“ခင်ဗျားတို့ မသိသေးတာတစ်ခုရှိတယ်၊ ငါ့ရဲ့ ညာဘက်လက်မှာ ကြိုးတစ်ချောင်းချည်ထားတယ်၊ အကယ်၍ ငါ့ကို တစ်စုံတစ်ယောက်က ပစ်ခက်လိုက်လို့ပဲဖြစ်ဖြစ်၊ ရုတ်တရက် တစ်ခုခု ထိမှန်သွားရင်ပဲဖြစ်ဖြစ် ငါ့ရဲ့ ညာဘက်လက်က အလိုလိုပြုတ်ကျသွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါ့လက်မှာ ချည်ထားတဲ့ကြိုးက ယမ်းဗုံးထဲကမီးခတ်ကျောက်ကို ဆွဲဖွင့်လိုက်မှာ၊ အဲဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ခင်ဗျားတို့သိမှာပါနော်၊ ဟားဟား”
ကျန်းဝေ၏ စေ့စပ်လှသည့် အစီအစဉ်ကို ကြားလိုက်ရသည့်အခါ ဌာနမှူးလီ၏နဖူးမှ ချွေးစေးများ ထွက်လာတော့သည်။
ဤကောင်လေးက ဤမျှအထိ ကြိုတင်ပြင်ဆင်ထားလိမ့်မည်ဟု မထင်ထားမိပေ။ သူသည် (၁၈) နှစ်အရွယ် လူငယ်တစ်ယောက်သာ ရှိသေးသော်လည်း အစီအစဉ်မှာ အလွန်စနစ်ကျလွန်းလှသည်။ လင်းကုဝေလည်း အံ့သြတုန်လှုပ်သွားမိ၏။
“ဒီကောင်က တကယ့်ကိုမခေဘူးပဲ။”
ဌာနမှူးလီ၏ မျက်နှာထားမှာ မှောင်မှိုင်သွားတော့သည်။ စောစောက စနိုက်ပါသမားကို ပစ်မိန့်ပေးရန် ပြင်ဆင်နေသော်လည်း ယခုမူ ထိုသို့လုပ်၍မရတော့ပေ၊ အဘယ်ကြောင့်ဆိုသော် အလွန်အန္တရယ်များလှသောကြောင့်ပင်။
ထိုအချိန်တွင် ဘတ်စ်ကားပေါ်၌...
ခရီးသည်များအားလုံးသည် ဌာနမှူးလီနှင့် ကျန်းဝေတို့၏ အပြန်အလှန်စကားပြောသံကို ကြားနေရသည်။ ကျန်းဝေ၏စေ့စပ်လှသောအစီအစဉ်ကို သိလိုက်ရသောအခါ လူတိုင်းကျောချမ်းသွားကြ၏။
“ကြောက်စရာကောင်းလိုက်တာ၊ ဘာလို့ ဒီလိုတွေလုပ်နေရတာလဲ၊ တို့တွေက မင်းအပေါ် ဘာမှမလုပ်ခဲ့ကြပါဘူး၊ ငါတို့ကို ဘာလို့ လွှတ်မပေးနိုင်ရတာလဲ”
အဘွားအိုတစ်ဦးက ကြောက်လန့်တကြား အော်ဟစ်ငိုယိုကာပြောလိုက်သည်။
“ကလေးရယ်... အဘိုးတောင်းပန်ပါတယ်၊ အဘိုးမှာ မြေးသုံးယောက်ရှိသေးတယ်၊ အဘိုးသာတစ်ခုခုဖြစ်သွားရင် သူတို့တွေရင်ကွဲကြလိမ့်မယ်၊ အဘိုးတို့ကိုလွှတ်ပေးပါနော်”
အဘိုးအိုတစ်ဦးကလည်း ငိုယိုကာ တောင်းပန်နေရှာပြန်၏။
ရဲတပ်ဖွဲ့က ကျန်းဝေကို အမြန်ဆုံးပစ်သတ်ပေးလိမ့်မည်ဟု ခရီးသည်များက မျှော်လင့်နေခဲ့ကြသော်လည်း ယခုမူ ကျန်းဝေကိုသတ်လိုက်သည်နှင့် ဗုံးက ချက်ချင်းပေါက်ကွဲမည်ဖြစ်ရာ သူတို့အတွက် မျှော်လင့်ချက်များကင်းမဲ့သွားသလို ခံစားလိုက်ရသည်။
“ဘာတွေ အိမ်မက်မက်နေကြတာလဲ”
ကျန်းဝေကတော့ အလွန်စိတ်ကြည်နူးနေပုံရသည်။ လူမျက သူ့ကိုအသနားခံလေ သူ၏ယုတ်မာသောမာန်မာနမှာ ပို၍မြင့်တက်လာလေဖြစ်နေသည်။
ထိုစဉ် နောက်ဆုံးထောင့်တွင် ထိုင်နေသော ချင်ရန်က မျက်မှောင်ကြုတ်ကာ အလေးအနက်စဉ်းစားနေသည်။
ကျန်းဝေသည် ထောင့်တစ်နေရာတွင်ကပ်နေသဖြင့် သူ့ကို အလစ်ငိုက်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ခက်ခဲနေဆဲပင်။ အခြားတစ်ဖက်တွင်မူ ဌာနမှူးလီက ထပ်မေးလိုက်ပြန်သည်။
“မင်း ဗုံးကို အခုထိမဖောက်သေးဘူးဆိုတော့ မင်းမှာ တစ်ခုခု ရည်ရွယ်ချက်ရှိနေဦးမှာပဲ။ ပြောစမ်းပါ... မင်းဘာကိုလိုချင်သလဲ”
ကျန်းဝေက ပြုံးလိုက်ပြီး စကားစလာ၏။
“မှန်တယ်. ငါ့မှာ စိတ်ကူးတစ်ခုရှိသေးတယ်”
“ပြောပါ၊ ငါ မင်းတောင်းဆိုတာကို အစွမ်းကုန်ဖြည့်ဆည်းပေးပါ့မယ်”
ဌာနမှူးလီက လေးနက်စွာ ကတိပေးလိုက်သည်။ လူအယောက်နှစ်ဆယ်ကျော်၏အသက်က အဖိုးဖြတ်၍ မရနိုင်တာကြောင့် ဤကဲ့သို့လိုက်လျောရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ငါ ဖုန်းနံပါတ်တစ်ခုပေးမယ်၊ အဲဒီဖုန်းကို အခုချက်ချင်းဆက်ပြီး ခင်ဗျားကိုယ်ခင်ဗျား ရဲဌာနမှူးပါလို့ပြောလိုက်”
“ရတယ်... ရတယ်၊ ငါ အဲဒါကို အခုပဲလုပ်ပေးမယ်၊ အဲဒီနောက်ဘာဆက်လုပ်ရမလဲ”
“ခင်ဗျား သူ့ကို ငါ့အကြောင်းတွေ ကောင်းကောင်းပြောပေးရမယ်၊ ငါ့ကို တအားချီးကျူးပေးရမယ်၊ ပြီးတော့ စပီကာကိုပါဖွင့်ထားပေး၊ ငါကိုယ်တိုင်ကြားချင်လို့”
ကျန်းဝေက အံကြိတ်ကာပြောလိုက်သည်ကို ဌာနမှူးလီ နားမလည်နိုင်သော်လည်း လက်ခံလိုက်ရသည်။ ဤဖုန်းခေါ်ဆိုမှုသည် ယခုအခြေအနေကြီး၏ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်သည်ဟု သူခံစားလိုက်မိ၏။
ကျန်းဝေပေးသည့်ဖုန်းနံပါတ်ကို ခေါ်လိုက်ရာ သုံးစက္ကန့်အတွင်းမှာပင် တစ်ဖက်မှ ဖုန်းပြန်ထူးလာသည်။ ထွက်ပေါ်လာသောအသံမှာ မိန်းကလေးငယ်တစ်ဦး၏အသံပင်။
“ဟယ်လို”
ဌာနမှူ လီက စဉ်းစားလိုက်မိသည်။ ဤတရားခံသည် ထိုမိန်းကလေးကို ချစ်ကြိုက်နေပြီး သူမရှေ့၌ ဂုဏ်ဖော်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သက်သေပြချင်နေခြင်း ဖြစ်ပေလိမ့်မည်။
“ဟယ်လို တူမလေး၊ ဦးရဲ့ နာမည်က လီကျန်းယီပါ၊ ဖိန်လင်မြို့၊ လင်းယန်ခရိုင် ရဲဌာနခွဲရဲ့ဌာနမှူးပါ”
“ရှင်၊ ဌာနမှူးလား”
မိန်းကလေးက နားမလည်နိုင်ဖြစ်သွားသည်။ အဘယ်ကြောင့် ရဲဌာနမှူးက သူမဆီကို ရုတ်တရက်ကြီး ဖုန်းဆက်လာရသနည်း။
“ဦးဖုန်းဆက်ရတဲ့ အကြောင်းရင်းက လူတစ်ယောက်အကြောင်း ပြောပြချင်လို့ပါ၊ သူ့နာမည်က ကျန်းဝေတဲ့၊ သူက တကယ့်ကိုတော်တဲ့သူပါ၊ သူ ဒီနေ့ ဦးတို့ကို အမှုကြီးတစ်ခုဖြေရှင်းဖို့ အများကြီးကးညီပေးခဲ့တယ်၊ သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ဦးတို့ရဲတပ်ဖွဲ့က တကယ်ကို အထင်ကြီးလေးစားမိပါတယ်”
ဌာနမှူးလီက စိတ်ထဲတွင် တစ်မျိုးဖြစ်နေသော်လည်း အခြေအနေအရ စိတ်မပါဘဲ ချီးကျူးစကားများကိုသာ ပြောလိုက်ရ၏။
“အာ... ကျန်းဝေ၊ ကျန်းဝေဆိုတာဘယ်သူလဲဟင်”
ဖုန်းတစ်ဖက်မှမိန်းကလေးက အံ့သြစွာမေးလာသည်။ သူမက ကျန်းဝေကို သိပုံမရချေ။ ကားအတွင်း၌ ကျန်းဝေက ထိုအသံကိုကြားသောအခါ အားတက်သွားပြီး အမြန်ဝင်ပြောလိုက်သည်။
“ထင်းထင်း ငါပါ၊ ကျန်းဝေလေ အထက်တန်းဒုတိယနှစ်တုန်းက ငါ့စာအုပ်တွေဆွဲဖြဲခံရတော့ နင်က နင့်ရဲ့အိမ်စာစာအုပ်ကို ငါ့ကိုငှားပေးခဲ့တယ်လေ၊ နင့်ကျေးဇူးကြောင့် ငါ ဆရာမရဲ့အပြစ်ပေးတာကို မခံခဲ့ရတာလေ... မှတ်မိလား”
“အော်... အခုမှ ခပ်ရေးရေးမှတ်မိတော့တယ်”
တစ်ဖက် မိန်းကလေး၏ စကားကြောင့် ကျန်းဝေမှာ ကလေးတစ်ယောက်ကဲ့သို့ ဝမ်းသာအားရဖြစ်သွားသည်။
“ထင်းထင်း... ငါ နင့်ကို အမြဲမှတ်မိနေတာပါ၊ နင်က ဒီကမ္ဘာပေါ်မှာ ငါ့အပေါ်ကောင်းခဲ့တဲ့ တစ်ဦးတည်းသောလူပဲ၊ ငါနင့်ကို တကယ်... တကယ်ကိုကြိုက်ခဲ့ပါတယ်၊ ခုနကကြားတယ်မလား... ရဲဌာနမှူးကြီးကိုယ်တိုင်တောင် ငါ့ကိုချီးကျူးနေတာလေ။ ငါ တော်တယ်မဟုတ်လားဟင်”
ကျန်းဝေသည် စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူပင် ပြင်းထန်လာပြီး အရင်ကကဲ့သို့ သတိမကြီးနိုင်တော့ဘဲ မူမမှန်ဖြစ်နေတော့၏။ ကားနောက်ခန်းမှ ချင်ရန်ကမူ ဤအခြေအနေကို မျက်တောင်မခတ် စောင့်ကြည့်နေပြီး လှုပ်ရှားရန်အခွင့်အရေးကောင်းကို စတင်ဖမ်းဆွဲလိုက်သည်။
ဖုန်းတစ်ဖက်က မိန်းကလေးမှာမူ ကျန်းဝေ၏ပုံစံကို မြင်ယောင်မိပြီး ကျောချမ်းသွားသည်။ သူမ မှတ်မိသလောက်ဆိုရင် ကျန်းဝေက ရုပ်ဆိုးဆိုး၊ အရပ်ပုပု၊ အသားမည်းမည်းကြီးဖြစ်၏။
ထိုစဉ်က သူမက စေတနာနှင့် စာအုပ်ငှားခဲ့ခြင်းဖြစ်သော်လည်း ဤကဲ့သို့ ရုပ်ဆိုးသည့်အကောင်က အခုထိမှတ်ထားပြီး သူမကိုကြိုက်သည်ဟု ပြောလာနေခြင်းအပေါ် ရွံရှာသွားမိသည်။
“နင်အထင်မလွဲနဲ့ဦး၊ ငါက တခြားလူတွေကိုလည်း အိမ်စာကူညီပေးနေကျပဲ၊ နင်တစ်ယောက်တည်းကိုပဲ ထူးပြီးကူညီပေးတာမဟုတ်ဘူး၊ ပြီးတော့ နင့်ရဲ့ ဘယ်လောက်ပဲတော်တော် အဲဒါတွေက နင့်ကိစ္စပဲ၊ ငါနဲ့မဆိုင်ဘူး၊ ငါ့ကို လာပြီးမကြိုက်ပါနဲ့... ကျေးဇူးပဲ”
မိန်းကလေးက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်၏။
ကျန်းဝေမှာ ထိုစကားကြောင့် သူ့ရင်ဘက်ထဲ၌ စူးနင့်စွာခံစားလိုက်ရသည်။ မွေးမိဘတွေဆီက အရိုက်ခံရစဉ်ကပင် မခံစားခဲ့ရဖူးသော နာကျင်လှသည့်ခံစားချက်မျိုးက သူ့ရင်ထဲသို့တိုးဝင်လာ၏။
“အင်း...”
ကျန်းဝေက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငြိမ့်လိုက်မိသည်။
“ရပါတယ်”
ဤအခါတွင်မူ ဖုန်းကျသွားသည့်အသံ ထွက်ပေါ်လာသည်။ မိန်းကလေးဘက်က ဖုန်းကို အရင်ချလိုက်ခြင်းပင်။
ထိုအခါ ကျန်းဝေ၏နှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခုပေါ်လာပြီး သူ၏တစ်ကိုယ်လုံးကို အဆုံးစွန်သော ရူးသွပ်မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။
‘ဘာမှ အရေးမကြီးတော့ဘူး... အကုန်လုံးပျက်စီးသွားပါစေတော့၊ ဒီကားပေါ်က လူအယောက်နှစ်ဆယ်ကျော်လုံး ငါနဲ့အတူသေကြပေတော့'
“နှုတ်ဆက်ခဲ့ပါတယ်”
ကျန်းဝေက နာနာကျင်ကျင်ဖြင့် ပြုံးကာ ညင်သာစွာ ပြောလိုက်သည်။
သူ၏ ညာဘက်လက်သည် အောက်သို့ တဖြည်းဖြည်းလျောကျလာပြီး... သူ ဗုံးကိုဖောက်ခွဲတော့မည့်အချိန်တွင်……
“မလုပ်ပါနဲ့၊ တောင်းပန်ပါတယ်. ရပ်လိုက်ပါ”
“ကလေးရယ်. ဒါမျိုး မလုပ်ပါနဲ့”
သက်ကြီးရွယ်အိုများမှာ သေဘေးနှင့် ရင်ဆိုင်လိုက်ရသဖြင့် ရူးမတတ် အော်ဟစ်တောင်းပန်နေကြ၏။
ကျန်းဝေကမူ မည်သူ့စကားကိုမျှ နားမထောင်တော့ဘဲ ဒီကမ္ဘာပေါ်၌ သူမှာ တွယ်တာစရာဘာမှမရှိတော့ဘူးဟု တွေးကာ လက်ကိုလွှတ်ချလိုက်တော့သည်။
သို့သော် ထိုအချိန်တွင်မူ လူရိပ်တစ်ခုသည် လျှပ်စစ်လက်လိုက်သကဲ့သို့ မြန်ဆန်သောအရှိန်အဟုန်ဖြင့် ပြေးဝင်လာလေ၏။
ချီတာတစ်တစ်ကောင်၏ အရှိန်အလားအလွန်မြန်ဆန်လွန်းလှသဖြင့် သာမန်မျက်စိဖြင့်ပင် မမြင်နိုင်ဘဲ ဝေဝါး၀ါးအရိပ်တစ်ခုအဖြစ်သာ မြင်တွေ့လိုက်ရသည်။
ထိုအရိပ်၏ဦးတည်ချက်မှာ အခြားမဟုတ်၊ ကျန်းဝေပင်။