အခန်း (၂၁၁-၂၁၂)
Vol. 22 Ch. 211-212
အခန်း ၂၁၁ - အထက်ကမ္ဘာတွင် ထျန်းဝူဂိုဏ်းကို တည်ထောင်ခြင်း
"ဟုတ်တယ်... ဒီနေရာက တကယ်ကို ပြီးပြည့်စုံတာပဲ..."
သူ၏ရှေ့ရှိ ခမ်းနားထည်ဝါသော တောင်တန်းများကို ကြည့်ကာ ဝူယိတောက်၏မျက်နှာပေါ်တွင် ကျေနပ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာ၏။
လင်းယာဟွမ်သည် ဝူယိတောက်၏ အနောက်တွင် ရပ်နေကာ သူ၏ကျောပြင်ကို စူးစိုက်ကြည့်နေပြီး ဝူယိတောက်က သူမကို ခေါ်လိုက်ချိန်မှသာ သတိပြန်ဝင်လာခဲ့သည်။
"ဟေး... ဘာဖြစ်လို့လဲ...”
ဝူယိတောက်၏ ထူးဆန်းသော အမူအရာကို မြင်လိုက်ရချိန်တွင် လင်းယာဟွမ်သည် ချောင်းဟန့်လိုက်ပြီး သူမ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်၏။
"ဘာမှမဖြစ်ပါဘူး ဝူစီနီယာ... ပြောစရာရှိတာ ပြောလို့ရပါတယ်..."
"ကောင်းပြီလေ... ဒီနေ့ကစပြီး ဒီနေရာက ထျန်းဝူဂိုဏ်းရဲ့ အထက်ကမ္ဘာ ဌာနချုပ်ဖြစ်လာလိမ့်မယ်... ပြီးတော့ မင်းက ထျန်းဝူဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာလိမ့်မယ်... ဒီအချိန်အတွင်းမှာ မင်း ထျန်းဝူဂိုဏ်းကို တည်ထောင်ဖို့ ငါကူညီပေးမယ်..."
ဝူယိတောက်က ဖြည်းညင်းစွာ ပြောဆိုလိုက်ရာ ဤစကားကို ကြားလိုက်ရချိန်တွင် လင်းယာဟွမ် သည် မျက်မှောင်ကြုတ်သွားသည်။
"ဝူစီနီယာ... ကျွန်မက တစ်သက်လုံး ထျန်းဝူဂိုဏ်းရဲ့ ဂိုဏ်းချုပ်လုပ်နေရမှာလား..."
"မဟုတ်ဘူး... မင်းရဲ့တာဝန်က အောက်ကမ္ဘာ က ထျန်းဝူဂိုဏ်းက လူတွေ တက်လှမ်းခြင်း မလုပ်နိုင်ခင်အထိ ဒီထျန်းဝူဂိုဏ်းကို ချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် လုပ်ပေးဖို့ပဲ... အောက်ကမ္ဘာက ထျန်းဝူဂိုဏ်းရဲ့ ဂိုဏ်းချုပ်နာမည် ဘယ်လိုခေါ်လဲဆိုတာ မင်း သိတယ်မလား... သူ တက်လှမ်းလာတာနဲ့ မင်းက ထျန်းဝူဂိုဏ်းရဲ့ စီမံခန့်ခွဲမှုတွေကို သူ့ဆီ လွှဲပြောင်းပေးလို့ရပြီ..."
ဝူယိတောက်က ပြန်ပြောလိုက်သည်။ သူသည် ထျန်းဝူဂိုဏ်းကို ယာယီစီမံခန့်ခွဲရန် လူတစ်ယောက်ကို ရှာချင်သောကြောင့်သာ လင်းယာဟွမ်ကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။ အောက်ကမ္ဘာမှလူများ အထက်ဘုံသို့ မည်သည့်အချိန်မှ တတ်လှမ်းနိုင်မည်ကို သူလည်း မသိနိုင်ပေ။
ဤသည်ကို ကြားလိုက်ရချိန်တွင် လင်းယာဟွမ် သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမတွင် ကိုယ်ပိုင် ရည်မှန်းချက်များ ရှိသည် ။ အကယ်၍ သူမသာ ထျန်းဝူဂိုဏ်းတွင် နေနေမည်ဆိုပါက၊ မည်သည့်အချိန်မှသာ ဝူယိတောက်၏ ဘေး၌ ရပ်တည်နိုင်မည်နည်း။
"ကောင်းပြီ...ငါတို့ရဲ့ ထျန်းဝူဂိုဏ်းမှာ အကြီးအကဲတွေအဖြစ် တာဝန်ထမ်းဆောင်ဖို့ အနီးအနားက မဟာဧကရာဇ်အဆင့် စွမ်းအားရှင်တချို့ကို သွားရှာဖို့လိုတယ်..."
ဝူယိတောက်က ဆက်လက် ပြောဆိုလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါတို့က အခုမှစတာဆိုတော့ ကျင့်ကြံဆင့်မြင့်တဲ့ သူတွေက ငါတို့ဆီမှာ အကြီးအကဲလာလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
ဤစကားများကို ကြားပြီးနောက် ၊ လင်းယာဟွမ်သည် ကျင့်ကြံသူများကို ရှာဖွေရန် ထွက်ခွာသွားခဲ့သည်။ ဝူယိတောက်သည် တောင်တန်းရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်ရာ မိုင်သောင်းချီ ရှည်လျားသော တောင်တန်းကြီးမှာ ပြန့်ကျဲသွားလေ၏။
ဤကြီးမားလှသော ဆူညံသံကြောင့် အနီးအနားရှိ သာမန်လူ အများအပြားမှာ အံ့ဩတုန်လှုပ်စွာဖြင့် အာမေဍိတ်သံများ ပြုလုပ်လိုက်ကြပြီး ၊ ကျင့်ကြံသူများ၏ မျက်နှာများသည် အလွန် လေးနက်သော အမူအရာများအဖြစ် ပြောင်းလဲသွားသည်။မည်သို့ပင်ဆိုစေကာမူ မိုင်သောင်းချီ ရှည်လျားသော တောင်တန်းကြီးကို တစ်ချက်တည်းဖြင့် ပြန့်ကျဲသွားစေရန်အတွက် အနည်းဆုံး လူသားအင်မော်တယ် အဆင့်ရှိ အင်အား လိုအပ်ပေသည်။
ဝူယိတောက်သည် အနီးအနားတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရှိပေ။ လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက်တွင်၊ သူ၏ ဖရိုဖရဲ ခန္ဓာကိုယ် သည် နိယာမစွမ်းအားနှင့် ပတ်သက်၍ ပိုမိုနက်ရှိုင်းသော နားလည်မှုကို ရရှိခဲ့သည်။ ဝူယိတောက်သည် သူ၏မျက်လုံးများကို မှိတ်လိုက်ချိန်တွင် မရေမတွက်နိုင်သော ဖုန်မှုန့်လေးများသည် သူ၏ပတ်ဝန်းကျင်၌ လှိုင်းလုံးများအလား ရိုက်ခတ်လာသည်။
ဝူယိတောက်သည် သူ၏ အတွေးထဲမှာတင် ပုံဖော်လိုက်သည်နှင့် သူ၏ထိန်းချုပ်မှုအောက်တွင် နန်းတော်များသည် တဖြည်းဖြည်း ပုံစံတစ်ခုအဖြစ် ဖြစ်တည်လာကာ ထျန်းဝူဂိုဏ်းသည် အောက်ကမ္ဘာထက် ပိုမိုအဆင့်မြင့်သော ပုံစံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ယခုဂိုဏ်းသည် ပို၍ပင် ခမ်းနားထည်ဝါနေပေ၏။
သုံးရက်သုံးည အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဝူယိတောက်၏ နေ့ညမပြတ် ကြိုးစားအားထုတ်မှုများကြောင့် အထက်ကမ္ဘာရှိ ထျန်းဝူဂိုဏ်း တည်ဆောက်မှုသည် တဖြည်းဖြည်း ပြီးစီးသွားခဲ့သည်။
"ဒါဆိုရင် နောက်တစ်ဆင့်က ဂိုဏ်းစောင့်ရှောက်ရေး မဟာဝင်္ကပါပဲ... ငါ ထျန်းဝူဂိုဏ်းမှာ အကြာကြီး မနေနိုင်ဘူး... မြင့်မြတ်အရှင်သခင်နဲ့ တခြားသူတွေက ကူညီစောင့်ရှောက်ပေးနိုင်ပေမယ့် ထျန်းဝူဂိုဏ်းက နောက်ဆုံးမှာတော့ ပိုသန်မာလာဖို့ လိုအပ်တယ်..."
ဖရိုဖရဲ ခန္ဓာကိုယ် ၏ ထူးခြားချက်မှာ အရာအားလုံးကို အနည်းငယ်စီ လုပ်နိုင်စွမ်း ရှိခြင်းပင် ဖြစ်သည်။ ဤသည်မှာ ကံကြမ္မာရွေးချယ်ခံရသူ တစ်ဦး၏ ဝိသေသလက္ခဏာလည်း ဖြစ်နိုင်သည် ။ ထို့ကြောင့်ပင် ဝင်္ကပါပိုင်းဆိုင်ရာတွင် ဝူယိတောက်၏ ကျွမ်းကျင်မှုသည် အလွန်နက်ရှိုင်းသည်။ သူသည် ယခုအခါ အဆင့်ငါး အင်မော်တယ် ဝင်္ကပါဆရာ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
အဆင့်ငါး အင်မော်တယ် ဝင်္ကပါဆရာ တစ်ဦး တည်ဆောက်နိုင်သော ဝင်္ကပါသည် လျိုထျန်းရွှေအင်မော်တယ်၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်။ ဝူယိတောက်၏ ခန့်မှန်းချက်နှင့် အစီအစဉ်အရ ထျန်းဝူဂိုဏ်းသည် အစောပိုင်း ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ဖြတ်ကျော်နိုင်ရန် လုံလောက်မည် ဖြစ်ပေသည်။
ဤသည်ကို တွေးမိချိန်တွင် ဝူယိတောက်သည် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏သိုလှောင်လက်စွပ်ထဲမှ မရေမတွက်နိုင်သော အင်မော်တယ်အဆင့်ရှိ ဝင်္ကပါကျောက်တုံးများသည် ထျန်းဝူဂိုဏ်း၏ နေရာအနှံ့အပြားသို့ ပျံသန်းသွားကြသည်။ ဝင်္ကပါကျောက်တုံးများ ကျဆင်းသွားပြီးနောက် ဝူယိတောက်သည် သိုလှောင်လက်စွပ်ထဲမှ ဝင်္ကပါအခြေခံ သုံးခုကို ထုတ်ယူလိုက်သည်။
ဝင်္ကပါဆိုသည်မှာ ဝင်္ကပါအခြေခံနှင့် ဝင်္ကပါကျောက်တုံးများ ပေါင်းစပ်ဖွဲ့စည်းထားသော မဟာဝင်္ကပါတစ်ခု ဖြစ်သည်။ ဝင်္ကပါအခြေခံသည် ဧကရာဇ်တစ်ပါးနှင့်တူပြီး ဝင်္ကပါကျောက်တုံးသည် လက်အောက်ငယ်သားနှင့် တူပေ၏။ ဝင်္ကပါတည်ဆောက်သူ၏ ရည်ရွယ်ချက် အောင်မြင်စေရန်အတွက် ဝင်္ကပါအခြေခံသည် ဝင်္ကပါကျောက်တုံးများအားလုံးကို လှုံ့ဆော်နိုင်ပြီး ၎င်းတို့၏စွမ်းအားများကို စနစ်တကျ အသုံးချနိုင်သည်။
ဝူယိတောက်၏ ရည်ရွယ်ချက်မှာ ထျန်းဝူဂိုဏ်းတွင် ဝိညာဉ်စုဆောင်းခြင်း ဝင်္ကပါ၊ လိပ်မည်း ဝင်္ကပါ နှင့် ကျားဖြူ ဝင်္ကပါ ဟူသည့် ဝင်္ကပါသုံးခုကို တည်ဆောက်ရန်ဖြစ်သည်။
နာမည်အရ ဝိညာဉ်စုဆောင်းခြင်း ဝင်္ကပါသည် ထျန်းဝူဂိုဏ်း၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို မြှင့်တင်ရန်အတွက် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုဆောင်းပေးသည်။ ထို့အတူ လိပ်မည်း ဝင်္ကပါ သည် အသက်သွင်းလိုက်ချိန်တွင် တိုက်ခိုက်မှုများကို ခုခံရန် ရွှမ်ဝူ၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်နိုင်သော ကာကွယ်ရေးဝင်္ကပါ တစ်ခုဖြစ်သည်။
ကျားဖြူ ဝင်္ကပါနှင့် ပတ်သက်၍ ကျားဖြူသည် ကောင်းကင်နှင့်မြေကြီး၏ သူတော်စင်လေးပါးထဲမှ တစ်ပါးဖြစ်ပြီး သတ်ဖြတ်ခြင်း သူတော်စင်ဖြစ်သည်။ အသက်သွင်းလိုက်ပါက ရန်သူကို ချေမှုန်းရန် ထျန်းဝူဂိုဏ်းအထက်တွင် ကျားဖြူပုံရိပ်ယောင်ကို ဆင့်ခေါ်မည်ဖြစ်သည်။
ဤသို့ဖြင့် တစ်နှစ်တာကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဤအချိန်အတွင်း ဝူယိတောက်သည် ဂိုဏ်းစောင့်ရှောက်ရေး မဟာဝင်္ကပါ သုံးခု တည်ဆောက်ခြင်းကို တဖြည်းဖြည်း ပြီးမြောက်ခဲ့သည်။ ၎င်းတို့အတွင်းသို့ အင်မော်တယ် ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းလိုက်ပြီးနောက် ၊ ဝူယိတောက်၏ ထိန်းချုပ်မှုအောက်တွင် အဆိုပါ ဝင်္ကပါအခြေခံ သုံးခုမှ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ထျန်းဝူဂိုဏ်း၏ အပြင်ဘက်သို့ ပျံ့နှံ့သွားလေ၏။
ဒဏ္ဍာရီလာ ကျားဖြူနှင့် လိပ်မည်းတို့၏ ဟိန်းဟောက်သံများကဲ့သို့ ထျန်းဝူဂိုဏ်းရှိ မြေအောက်မှ ခပ်သဲ့သဲ့ ဟိန်းဟောက်သံများကိုလည်း ဝူယိတောက် ကြားလိုက်ရသည်။ ဤသည်မှာ လိပ်မည်း ဝင်္ကပါနှင့် ကျားဖြူ ဝင်္ကပါတို့ကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
အကယ်၍ သင်သည် ထျန်းဝူဂိုဏ်း၏ အထက်တွင် ရပ်၍ အောက်သို့ ငုံ့ကြည့်ပါက ထျန်းဝူဂိုဏ်းကို ဝန်းရံထားသော အလင်းတန်းများကို မြင်တွေ့နိုင်ပေသည်။ အဆိုပါ အလင်းတန်းများသည် တလက်လက် တောက်ပနေကာ အလင်းအစက်အားလုံး ချိတ်ဆက်သွားချိန်တွင် ၎င်းတို့သည် ရွှမ်ဝူနှင့် ကျားဖြူ၏ ပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲသွားသည်။
ဝင်္ကပါသုံးခုကို တည်ဆောက်ပြီးနောက် ဝူယိတောက်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ တိုက်ရိုက်အသက်သွင်းရန် လိုအပ်သော ကျားဖြူ ဝင်္ကပါမှလွဲ၍ ဝိညာဉ်စုဆောင်းခြင်း ဝင်္ကပါနှင့် လိပ်မည်း ဝင်္ကပါတို့သည် အမြဲတမ်း အသက်ဝင်နေမည် ဖြစ်သည်။
ထျန်းဝူဂိုဏ်းဆီသို့ ဦးတည်လာသော ရန်သူ၏ တိုက်ခိုက်မှုကို သိရှိသည်နှင့် တစ်ပြိုင်နက် ရွှမ်ဝူဝင်္ကပါသည် ထိုတိုက်ခိုက်မှုကို အလိုအလျောက်ပိတ်ဆို့ တားဆီးပေးမည်ဖြစ်သည်။
"နောက်တစ်ဆင့်က လင်းယာဟွမ် အကြီးအကဲတွေကို ခေါ်လာဖို့ စောင့်ရုံပဲ... အဲဒီအခါကျရင် ထျန်းဝူဂိုဏ်းကို တရားဝင် တည်ထောင်နိုင်ပြီ..."
ဝူယိတောက်သည် သူ့က်ိုယ်သူ တွေးတောလိုက်သည်။
“အရည်အချင်းပြည့်မီတဲ့ ဂိုဏ်းတစ်ခုမှာ ဆေးဖော်စပ်ခြင်း တောင်ထွတ်၊ လက်နက်သွန်းလုပ်ခြင်း တောင်ထွတ်နဲ့ ဝင်္ကပါ တောင်ထွတ်ဆိုတဲ့ အခြေခံတောင်ထွတ် သုံးခု ရှိဖို့ လိုအပ်တယ်... လင်းယာဟွမ် ထွက်သွားတုန်းက ဒီအသက်မွေးဝမ်းကြောင်း သုံးခုက ကျင့်ကြံသူတွေကို သိမ်းသွင်းဖို့ ငါသူမကို ပြောခဲ့တယ်... လင်းယာဟွမ်လည်း နားလည်လောက်မှာပါ”
ဝူယိတောက် စဉ်းစားနေချိန်တွင် သူသည် ရုတ်တရက် တစ်စုံတစ်ခု သတိပြုမိသွားပြီး ထျန်းဝူဂိုဏ်း၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ လင်းယာဟွမ်သည် မဟာဧကရာဇ်အဆင့် ရှိ အကြီးအကဲ တစ်စုနှင့် ပြန်လာသည်ကို မြင်လိုက်ရသဖြင့် သူ အလွန်အံ့သြသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထျန်းဝူဂိုဏ်း၏ အပြင်ဘက်တွင် လင်းယာဟွမ်သည် မဟာဧကရာဇ်အဆင့် စွမ်းအားရှင် ဒါဇင်ပေါင်းများစွာနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။ လုံးလုံးလျားလျား အသစ်ပြန်လည်မွမ်းမံထားသော ထျန်းဝူဂိုဏ်းကို မြင်လိုက်ရချိန်တွင် လင်းယာဟွမ်လည်း အံ့အားသင့်သွားခဲ့သည်။ တစ်နှစ်တည်းနှင့် ဝူယိတောက်သည် ထျန်းဝူဂိုဏ်းကို ဤကဲ့သို့ဖြစ်အောင် ပြုလုပ်နိုင်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ ။
သို့သော် သေချာစဉ်းစားကြည့်မည်ဆိုပါက ဤသည်က သိပ်တော့ မထူးဆန်းလှချေ။ အဘယ်ကြောင့်ဆိုသော် ဆရာကိုယ်တိုင်ကပင် ဝူယိတောက်သည် သူဖောက်ထွင်းမမြင်နိုင်သော သူတစ်ယောက်ဖြစ်သည်ဟု ပြောခဲ့ဖူးသောကြောင့် ဖြစ်သည်။
လင်းယာဟွမ်နောက်သို့ လိုက်ပါလာသော မဟာဧကရာဇ်အဆင့် စွမ်းအားရှင် ဒါဇင်ပေါင်းများစွာသည် သူတို့ရှေ့ရှိ ခမ်းနားထည်ဝါသော ထျန်းဝူဂိုဏ်းကို မြင်လိုက်ရချိန်တွင် အသက်ရှုမေ့မတတ် ဖြစ်ခဲ့ရသည်။
အမှန်အားဖြင့် သူတို့သည် ဤနေရာသို့ လာရန် (လင်းယာဟွမ်က သူမ၏အင်အားကိုအသုံးပြု၍ ခြိမ်းခြောက်ကာ) လှည့်စားခေါ်ဆောင်ခြင်း ခံခဲ့ရသူများဖြစ်သောကြောင့် ထျန်းဝူဂိုဏ်းအပေါ် များစွာ မျှော်လင့်ချက် မထားခဲ့ကြပေ။
သို့ရာတွင် ယခုအခါ ထျန်းဝူဂိုဏ်းကို မြင်တွေ့ပြီးနောက် သူတို့၏စိတ်ကူးများ ပြောင်းလဲသွားခဲ့သည်။ ထိုကဲ့သို့သော ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ခြင်းသည် ဆိုးရွားသော ကိစ္စရပ်တစ်ခုတော့ မဟုတ်ချေ။
အခန်း ၂၁၂ - အစစ်အမှန် သခင်ဆိုတာ ဘယ်လိုလဲဆိုတာ မင်းတို့ကို ပြသရမယ့် အချိန်ရောက်ပြီ
"ငါ ရှုပ်ထွေးသွားတယ်... ထျန်းဝူဂိုဏ်းမှာ ဂိုဏ်းဝင်အမှတ်အသား သက်သေခံတဲ့ စနစ်တစ်ခု ထည့်ဖို့ လိုအပ်နေပြီထင်တယ်..."
ယခုအချိန်အထိ ဝူယိတောက်သည် ဤကိစ္စကို သတိမရခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဝင်္ကပါကို အသိအမှတ်ပြုရန် ဂိုဏ်းဝင်အမှတ်အသားများ မရှိပါက မည်သူမဆို ထျန်းဝူဂိုဏ်းထဲသို့ လွတ်လပ်စွာ ဝင်ရောက်နိုင်မည် မဟုတ်လော။
သို့သော် ယခုအချိန်သည် ထိုအကြောင်းကို တွေးတောနေရမည့် အချိန်မဟုတ်ချေ။ အရေးတကြီး လိုအပ်ဆုံးအရာမှာ အကြီးအကဲများအားလုံးကို နေရာချထားပေးရန်ဖြစ်သည်။
ထိုအတွေးဖြင့် ဝူယိတောက်သည် ခြေတစ်လှမ်းလှမ်းလိုက်ရာ ထျန်းဝူဂိုဏ်း အပြင်ဘက်သို့ တိုက်ရိုက်ရောက်ရှိသွားလေ၏။
ဝူယိတောက်၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် လင်းယာဟွမ်မှလွဲ၍ ကျန်သည့် မဟာဧကရာဇ်အဆင့် စွမ်းအားရှင်များမှာ အံ့အားသင့်သွားကြသည်။
"ဝူစီနီယာ... ကျွန်မ အကြီးအကဲတွေနဲ့ ပြန်ရောက်လာပါပြီ..."
လင်းယာဟွမ်က ဝူယိတောက်အား ထိုသို့ခေါ်ဆိုလိုက်သည်ကို ကြားလိုက်ရချိန်တွင် ထိုနေရာရှိ မဟာဧကရာဇ်အဆင့် စွမ်းအားရှင်များသည် ဝူယိတောက်၏ အဆင့်အတန်းကို သဘောပေါက်သွားကြသည်။
သို့သော် ဝူယိတောက်သည် လင်းယာဟွမ်ကို ပြန်လည် မတုံ့ပြန်ခဲ့သဖြင့် သူမ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ဝူယိတောက်သည် လင်းယာဟွမ်၏ အနောက်တွင် ရပ်နေသော မဟာဧကရာဇ်အဆင့် စွမ်းအားရှင် သုံးဆယ့်နှစ်ဦးကို ကြည့်လိုက်သည်။ ကာလတိုအတွင်း ထျန်းဝူဂိုဏ်းကို စီမံခန့်ခွဲရာတွင် ပြဿနာရှိမည် မဟုတ်ပေ။
ထို့အပြင် ဤမဟာဧကရာဇ်အဆင့် စွမ်းအားရှင် သုံးဆယ့်နှစ်ဦးသည် နယ်မြေအားလုံးကို ကိုယ်စားပြုပုံရသဖြင့် ဝူယိတောက်အနေဖြင့် ထျန်းဝူဂိုဏ်းတွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် အခြားသော မဟာဧကရာဇ်အဆင့်စွမ်းအားရှင်များကို ရှာဖွေရန် မလိုအပ်တော့ချေ။
ထိုအတွေးဖြင့် ဝူယိတောက်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး လင်းယာဟွမ်နောက်ရှိ မဟာဧကရာဇ်အဆင့် စွမ်းအားရှင်များကို စတင်လှည့်စားလေတော့သည်။
"လူကြီးမင်းတို့... ခင်ဗျားတို့အားလုံး ကျွန်တော့်ရဲ့ ထျန်းဝူဂိုဏ်းကို ဝင်ချင်နေကြတယ်ဆိုတာကို ကျွန်တော် သိပါတယ်... ကျွန်တော် ဝူယိတောက်က ခင်ဗျားတို့ ဝင်ရောက်လာတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်... ဒီနေ့ကစပြီး ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီ... တကယ်လို့ ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ ထျန်းဝူဂိုဏ်းကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုမယ်ဆိုရင် ကျွန်တော့်ဘက်ကလည်း သဘာဝကျကျပဲ ခင်ဗျားတို့ကို မတရားလုပ်မှာ မဟုတ်ပါဘူး..."
"ဒီဆေးလုံးတွေကို ခင်ဗျားတို့အတွက် ကျွန်တော့်ရဲ့ အစပျိုး လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ..."
"ဒါကို မျိုချလိုက်ရုံနဲ့ အမြင့်ဆုံး လူသားအင်မော်တယ် အထိ အကန့်အသတ်မရှိ ချိုးဖောက်ဝင်ရောက်နိုင်အောင် ကူညီပေးလိမ့်မယ်..."
ဝူယိတောက်၏ စကားသံအဆုံးတွင် ၊ သူသည် ဆေးလုံး သုံးဆယ့်နှစ်လုံးကို စိတ်ဖြင့် ထိန်းချုပ်လိုက်ရာ မဟာဧကရာဇ်အဆင့် စွမ်းအားရှင် သုံးဆယ့်နှစ်ဦး၏ ရှေ့တည့်တည့်သို့ ပျံသန်းသွားလေ၏။ ဆေးလုံးများ၏ စွမ်းအားကို ခံစားလိုက်ရပြီးနောက် ထိုနေရာရှိ မဟာဧကရာဇ်အဆင့် စွမ်းအားရှင်များအားလုံး တုန်လှုပ်သွားကြသည်။
နောက်တစ်စက္ကန့်တွင် သူတို့အားလုံးက ဝူယိတောက်အား မဆိုင်းမတွ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ဒီနေ့ကစပြီး ကျွန်တော်တို့ ဂိုဏ်းအတွက် အသက်ပေးဖို့ ဆန္ဒရှိပါတယ်..."
"ဟေး... ကျွန်တော်က ဂိုဏ်းချုပ်မဟုတ်ဘူး... သူကမှ ဂိုဏ်းချုပ်..."
ထိုနေရာရှိ မဟာဧကရာဇ်အဆင့် စွမ်းအားရှင်များ၏ စကားကို ကြားလိုက်ရချိန်တွင် ဝူယိတောက်သည် အလျင်အမြန် ငြင်းဆန်လိုက်ပြီး ၊ သူသည် တိုက်ခိုက်ရာတွင် တော်သော်လည်း ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲရန်တွင် ညံ့ဖျင်းကြောင်း ပြန်လည် ရှင်းပြလိုက်သည်။
လင်းယာဟွမ်သည် သူတို့ကို ခေါ်လာချိန်က သူမသည် ဂိုဏ်းချုပ်ဖြစ်ကြောင်း မပြောခဲ့သောကြောင့် မဟာဧကရာဇ်အဆင့် စွမ်းအားရှင် သုံးဆယ့်နှစ်ဦးသည် ဤစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် အံ့အားသင့်သွားကြသည်။
လင်းယာဟွမ်သည်လည်း အတော်လေး စွမ်းဆောင်နိုင်သူ တစ်ဦးဖြစ်သော်လည်း သူမသည် ဤတစ်နှစ်အတွင်း လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် မှ တက်လာခဲ့ခြင်းဖြစ်သည်။ စစ်မှန်အင်မော်တယ် ကနဦးအဆင့် သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သော်လည်း သူတို့၏အမြင်တွင် ဝူယိတောက်လောက် ကောင်းမွန်မည်မဟုတ်ဟု ထင်မှတ်ထားကြသည်။
မုတ်ဆိတ်ဖြူရှည်ကြီးနှင့် သက်ကြီးရွယ်အိုတစ်ဦးက ဝူယိတောက်ကို ကြည့်ကာ စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
"ဒါဆိုရင် ဝူစီနီယာက ဘယ်သူလဲ..."
အတန်ကြာ စဉ်းစားပြီးနောက် ဝူယိတောက်က ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။
"ကျွန်တော်ကတော့ ထျန်းဝူဂိုဏ်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲပါ... ထျန်းဝူဂိုဏ်းက ပျက်စီးမယ့်အန္တရာယ်နဲ့ မရင်ဆိုင်ရမချင်း ကျွန်တော် ဝင်ပါမှာ မဟုတ်ဘူး..."
ဝူယိတောက်၏ စကားကို ကြားပြီးနောက် ထိုနေရာရှိ မဟာဧကရာဇ်အဆင့် စွမ်းအားရှင်များသည် အနည်းငယ် စိတ်ပျက်သွားကြသော်လည်း အခြေအနေကို လက်ခံလိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ လုံးလုံးလျားလျား ပတ်သက်မှုမရှိခြင်းထက် သာမန် ပတ်သက်မှုရှိခြင်းက ပိုကောင်းပေသည်။
"ကောင်းပြီ... အကြီးအကဲတို့အားလုံး ကျွန်တော့်နောက်ကနေ ထျန်းဝူဂိုဏ်းထဲကို လိုက်ခဲ့ကြပါ..."
ဝူယိတောက်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် ထိုနေရာရှိ အကြီးအကဲများကို ထျန်းဝူဂိုဏ်းထဲသို့ ခေါ်ဆောင်သွားကာ ၎င်းတို့၏ သက်ဆိုင်ရာ တောင်ထွတ်နေရာများတွင် နေရာချပေးလိုက်သည်။
သူတို့အားလုံးကို နေရာချထားပြီးနောက် လင်းယာဟွမ် တစ်ယောက်တည်းသာ ဝူယိတောက်၏ဘေးတွင် ကျန်ရစ်နေခဲ့သည်။
လင်းယာဟွမ်သည် နက်နဲသော အကြည့်ဖြင့် ဝူယိတောက်ကို ကြည့်လိုက်သည်။ အတန်ကြာပြီးနောက် သူမ သည် သက်ပြင်းချကာ ပြောဆိုလိုက်၏။
"ဝူစီနီယာက ထွက်သွားတော့မလို့လား..."
ဤအတွက် လင်းယာဟွမ် ပြင်ဆင်ထားပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထျန်းဝူဂိုဏ်းရှိ အရာအားလုံး သည် အဆင်သင့်ဖြစ်နေပြီဟု ထင်ရသောကြောင့် ဝူယိတောက် ထွက်ခွာသွားခြင်းမှာ အံ့သြစရာတော့ မရှိပေ။
သို့သော် ဝူယိတောက်က ခေါင်းခါယမ်းလိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။
"အချိန်မရောက်သေးဘူး... ငါ ထျန်းဝူဂိုဏ်းမှာ ဆယ်နှစ်လောက် နေဦးမယ်... ဒီဆယ်နှစ်အတွင်းမှာ ထျန်းဝူဂိုဏ်းက အကြီးအကဲတွေကို လူသားအင်မော်တယ် အဆင့်အထိ ချိုးဖောက်ဝင်ရောက်နိုင်အောင် ကူညီပေးမယ်... ပြီးတော့ မင်းကိုလည်း စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် ရောက်အောင် ကူညီပေးမယ်..."
"ဒါတွေအားလုံး ပြီးသွားမှပဲ ငါ ထွက်သွားမှာပါ..."
ဝူယိတောက်နှင့်အတူ နောက်ထပ်ဆယ်နှစ် နေရမည်ကို ကြားလိုက်ရချိန်တွင် လင်းယာဟွမ်သည် အကြောင်းပြချက်မရှိဘဲ ဝမ်းသာပီတိဖြစ်သွားခဲ့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ဝူယိတောက်၏ ထပ်မံပြောဆိုလိုက်သော စကားသည် သူမကို ထိတ်လန့်သွားစေသည်။
"ဒါပေမဲ့ မင်းရဲ့ လက်စွပ်ထဲက တစ်ယောက်ကရော ဘယ်လိုလုပ်မလဲ... အပြင်ထွက်ပြီး ငါတို့နဲ့ တွေ့ဖို့ မရှိဘူးလား..."
ဝူယိတောက်၏ စကားကို ကြားလိုက်ရချိန်တွင် လင်းယာဟွမ်၏ နှလုံးခုန်သံများ ရပ်တန့်လုမတတ် ခံစားလိုက်ရသည်။ သူမ မတုံ့ပြန်နိုင်မီ နောက်တစ်စက္ကန့်တွင် ထန်ယန်၏ ပုံရိပ်သည် တဖြည်းဖြည်း ထွက်ပေါ်လာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် စီနီယာ့ဆီကနေ ဖုံးကွယ်ထားလို့ မရခဲ့ဘူးပေါ့..."
ထန်ယန်က ခါးသက်သက် ပြုံးလိုက်ပြီးနောက် ဝူယိတောက်အား အရိုအသေပေးလိုက်သည်။
"ကျွန်တော် ထန်ယန် ဝူစီနီယာကို အရိုအသေပေးပါတယ်..."
ထန်ယန်၏ နာမည်ကို ကြားလိုက်ရချိန်တွင် ဝူယိတောက်၏မျက်နှာပေါ်၌ စဉ်းစားနေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး အတန်ကြာပြီးနောက် အံ့သြစွာဖြင့် ပြောဆိုလိုက်၏။
"မင်းနာမည်က ထန်ယန်... ပန်းတစ်သောင်း မြင့်မြတ်နယ်မြေ ရဲ့ တည်ထောင်သူ အကြီးအကဲလား..."
"မှန်ပါတယ်... ကျွန်တော်က ပန်းတစ်သောင်း မြင့်မြတ်နယ်မြေ ရဲ့ ဘိုးဘေးပါ... စီနီယာက ကျွန်တော့်ကို သိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဒါက ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ..."
ထန်ယန် အခိုက်အတန့်မျှ အံ့သြသွားသော်လည်း အလျင်အမြန် ခေါင်းညိတ်ကာ ပြောဆိုလိုက်သည်။
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူယိတောက်က ခေါင်းညိတ်လိုက်ပြီး လင်းယာဟွမ်ကို ကြည့်ကာ မေးမြန်းလိုက်၏။
"မင်း ရှင်းပြဖို့ အစီအစဉ်မရှိဘူးလား..."
ဤသည်ကို မြင်လိုက်ရချိန်တွင် လင်းယာဟွမ်သည် ဆက်လက် ဖုံးကွယ်ထား၍ မရနိုင်တော့ကြောင်းကို သိလိုက်သဖြင့် သက်ပြင်းချကာ အရာအားလုံးကို အသေးစိတ် ပြောပြလိုက်သည်။
လင်းယာဟွမ်၏ ဇာတ်ကြောင်းကို ကြားပြီးနောက် ဝူယိတောက်မှာ အနည်းငယ် အံ့သြသွားသော်လည်း အခိုက်အတန့်မျှသာ ဖြစ်သည်။
ထန်ယန်မှာ သာမန်လူ မဟုတ်ကြောင်း သူ ပြောနိုင်သော်လည်း မည်မျှပင် ထူးခြားနေပါစေ သူ့အတွက်တော့ ပြိုင်ဘက် မဟုတ်ပေ။
ထန်ယန်၏ ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ပေးရန် လင်းယာဟွမ် သဘောတူထားကြောင်းကို သိပြီးနောက် ဝူယိတောက်သည် တွေဝေခြင်းမရှိ ဤတာဝန်ကို လက်ခံပေးခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ လင်းယာဟွမ်သည် ယခုအခါ ထျန်းဝူဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေပြီး သူ၏လက်အောက်ငယ်သားအဖြစ် သတ်မှတ်နိုင်သည်။ သူမ၏ ဆရာဖြစ်သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ပေးရန် လင်းယာဟွမ်အား ကူညီပေးခြင်းမှာ သူ့အတွက် လက်မခံနိုင်စရာ မဟုတ်ပေ။
ထို့အပြင် ဝူယိတောက်၏ လက်ရှိစွမ်းအားဖြင့် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့် တစ်ဦး၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးရန်မှာ ခက်ခဲသော တာဝန်တစ်ခု မဟုတ်ချေ။ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခြင်းသည် ရွှေအင်မော်တယ် အဆင့်ရှိ စွမ်းအားရှင်ပင်လျှင် လုပ်ဆောင်နိုင်သော အရာဖြစ်သည်။
ရွှေအင်မော်တယ် အဆင့်အထိ ကျင့်ကြံထားသော မည်သည့် စွမ်းအားရှင်မဆို သူတို့၏ ဝိညာဉ် မပျက်စီးသရွေ့ အတွေးတစ်ချက်ဖြင့် သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်နိုင်ပေသည်။ သို့သော်ငြား ၊ ပြန်လည်ပုံဖော်ထားသော ခန္ဓာကိုယ်သည် မူလခန္ဓာကိုယ်ထက် ပို၍သန်မာလာမည် မဟုတ်ပေ။
ထို့အပြင် ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ပြီးနောက် ကျင့်ကြံခြင်း၏ အမြင့်ဆုံးကန့်သတ်ချက်ကိုလည်း ထိခိုက်စေမည်ဖြစ်ကာ မျှော်လင့်မထားသောအရာများ မဖြစ်ပေါ်လာပါက ၊ များစွာ တိုးတက်လာနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များသည် သူတို့၏ ဝိညာဉ်သာ ကျန်ရှိတော့ချိန်တွင် ခန္ဓာကိုယ်ကို တိုက်ရိုက် ပြန်လည်ပုံဖော်ရန် မရွေးချယ်ကြပေ။ ယင်းအစား သူတို့သည် ကောင်းကင်နှင့်မြေကြီး ရတနာ များ၏ အကူအညီဖြင့် သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ကြမည်ဖြစ်သည်။
ဤသို့သောအခြေအနေတွင်မှသာ သူတို့၏ ပါရမီများသည် ထိန်းသိမ်းခံရမည်ဖြစ်ပြီး သို့မဟုတ် ပိုမိုမြင့်မားသော အဆင့်သို့ပင် ရောက်ရှိသွားနိုင်မည် ဖြစ်သည်။