← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅) - ကျွန်မက အပြင်တန်းလို့ ပြောတာကို ရှင်က ဝိညာဉ်တစ်သောင်းတံခွန်လို့ ကြားတာလား

နှစ်ရက်ကြာပြီးနောက်။

နယူးဗွိုင်းယေ့ဂျ် ကျောင်းအုပ်ကြီး ရှန်ကျစ်ရှား၏ ရုံးခန်းအတွင်းမှာ ဖြစ်သည်။ စားပွဲပေါ်ရှိ စာရွက်စာတမ်းပုံပေါ်တွင် ရွှေရောင်တောက်ပနေသော တံဆိပ်တစ်ခု တင်ထားသည်။ ၎င်းမှာ စစ်တပ်မှ ချီးမြှင့်သည့် အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဖြစ်သော "ပထမအဆင့် သူရဲကောင်းဗိမာန်" တံဆိပ်ပင် ဖြစ်သည်။ လက်ရှိတွင် စစ်သည်အင်အား သန်းနှင့်ချီရှိသော်လည်း ဤတံဆိပ်ကို ရရှိထားသူမှာ ခုနစ်ထောင်ခန့်သာ ရှိသည်။ ဤတံဆိပ်ကို ရရှိထားသူသည် မည်သည့်အမှားမျိုးပင် ကျူးလွန်ပါစေ၊ လူထုက ထိုသူကို တရားမျှတသူတစ်ဦးအဖြစ်သာ ယုံကြည်နေကြမည်ဟုပင် ဆိုစမှတ်ပြုကြသည်။ ၎င်း၏ တန်ဖိုးမှာ အလွန်ပင် ကြီးမားလှသည်။

ယခုတစ်ကြိမ် ချောက်ကမ္ဘာ အကျပ်အတည်းအတွင်း ရှန်ကျစ်ရှား၏ ရဲရင့်သော တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် စစ်မြေပြင်တွင် အလှည့်အပြောင်း ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် အစိုးရက ရှန်ကျစ်ရှားကို အထူးချီးကျူးဂုဏ်ပြုကာ "စစ်မှုထမ်း စစ်သည်" တစ်ဦးအဖြစ် ဤဂုဏ်ထူးဆောင်တံဆိပ်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပျော်ရွှင်စရာ ကောင်းလှသည့် ရုံးခန်းအတွင်း၌မူ သွားကြိတ်သံ ခပ်တိုးတိုး ထွက်ပေါ်နေသည်။ ရှန်ကျစ်ရှားမှာ သွားများကို ကြိတ်ထားပြီး သူမ၏ မျက်လုံးများတွင် ဒေါသရိပ်များ ပြည့်နှက်နေသည်။ သူမသည် သတ္တမအဆင့် အစွမ်းများကို အသုံးပြုကာ လက်ထဲမှ သတ္တုဂုဏ်ပြုလွှာကို အတင်းညှစ်ထားသဖြင့် ခိုင်မာလှသော သတ္တုပြားပေါ်တွင် သူမ၏ လက်ဗွေရာ သုံးခု ထင်ကျန်သွားသည်။

အကြောင်းမှာ သူမ အလွန်ပင် ဒေါသထွက်နေသောကြောင့် ဖြစ်သည်။ ယခုလေးတင် စနစ်၏ နောက်ဆုံး ပြန်အမ်းငွေ အချက်အလက်များ ထွက်ပေါ်လာခဲ့သည်။

စနစ်ကျောင်းသားဦးရေ - ၁,၂၃၅,၉၆၈

ကျောင်းသားသစ် - ၀

ကျောင်းထွက်ရန် လျှောက်ထားသူ - ၁၂,၄၅၆

ပြန်အမ်းရမည့် ခန့်မှန်းခြေ သွေးစွမ်းအင်တန်ဖိုး - ၁၄,၃၅၉,၆၀၀

ထိုစဉ်က သူမသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ကျခဲ့ရသည်။ ကျောင်းသားပေါင်း တစ်သောင်းကျော်က အောင်မြင်စွာ ကျောင်းထွက်သွားကြပြီ မဟုတ်ပါလား။ သွေးစွမ်းအင် ၁၄ သန်းကျော်ကို ပြန်အမ်းရမည်ဆိုတော့ သူမ၏ ရင်ထဲတွင် အတိုင်းမသိ ပျော်ရွှင်သွားရသည်။ ငါ အောင်မြင်ပြီ။ ဒါဟာ ကိုးမအဆင့် တတိယနယ်ပယ်ရဲ့ သွေးစွမ်းအင် အဆင့်ပဲ။ တစ်ဆင့်တည်းနဲ့ ထိပ်ဆုံးရောက်ဖို့ နည်းနည်းလေး လိုသေးပေမဲ့ ဒါဟာ လူသားမျိုးနွယ်အတွက်တော့ ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခုပဲ။ နောက်တစ်ခါကျရင်တော့ အကြီးကြီး လုပ်ပြရမယ်။

သို့သော် ကျောင်းအုပ်ကြီး ရှန်၏ ပျော်ရွှင်မှုမှာ သုံးစက္ကန့်ပင် မခံလိုက်ပေ။ စနစ်၏ အသိပေးသံ ထပ်မံ ထွက်ပေါ်လာသည်။

"ဒေတာ အချက်အလက်များ ပုံမှန်မဟုတ်သည်ကို တွေ့ရှိသဖြင့် ပြန်လည်တွက်ချက်နေပါသည်။"

စနစ်ကျောင်းသားဦးရေ - ၁,၂၃၅,၉၆၈

ကျောင်းထွက်ရန် လျှောက်ထားသူ - ၁၂,၄၅၉

၎င်းတို့အနက် သေဆုံးသွားသော ကျောင်းသား - ၁၂,၄၅၃

အမှန်တကယ် ကျောင်းထွက်သူ - ၆ ဦး

ပြန်အမ်းရရှိသည့် သွေးစွမ်းအင်တန်ဖိုး - ၄၃,၁၀၀

‘ဘုရားရေ။ ဘာတွေ ဖြစ်ကုန်တာလဲ။’

ထိုအချိန်မှာပင် ရှန်ကျစ်ရှား၏ ဖုန်းမြည်လာသည်။

"ကျောင်းအုပ်ကြီးရှန်။ ချောက်ကမ္ဘာ အကျပ်အတည်းကတော့ လုံးဝ ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့ရဲ့ ဂုဏ်ပြုဆုကိုလည်း ကျောင်းကို ပို့ပေးလိုက်ပါတယ်။ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ။ လူသားမျိုးနွယ်အတွက် ခင်ဗျားရဲ့ ပေးဆပ်မှုတွေကို ကျေးဇူးတင်ပါတယ်"

ဖုန်းထဲမှ ပုဂ္ဂိုလ်မှာ စစ်ဖက်ဆိုင်ရာ ဆက်သွယ်ရေး အရာရှိ ဖြစ်သည်။ သူ ဖုန်းခေါ်ရခြင်းမှာ ရှန်ကျစ်ရှားကို ပထမအဆင့် သူရဲကောင်းတံဆိပ် ပေးအပ်ကြောင်း အသိပေးရန် ဖြစ်သည်။ ထိုအချိန်တွင် ရှန်ကျစ်ရှားမှာ ထိုစကားများကို နားထောင်ရန် စိတ်မပါတော့ပေ။ တစ်ဖက်မှ ချီးကျူးစကားများကို သူမက ဝတ်ကျေတမ်းကျေသာ ပြန်ပြောနေလိုက်သည်။ ဖုန်းချခါနီးတွင် ထိုအရာရှိက တစ်စုံတစ်ခုကို သတိပေးလိုက်သည်။

"ဒါနဲ့ မီးတောက်သိုင်းသမား တစ်သန်းထဲမှာ ကျောင်းထွက်ဖို့ ပြင်နေတဲ့လူတွေ အများကြီး ပါဝင်နေပါတယ်။ တပ်မှူးကြီး လီယိက သူတို့ကို ကျောင်းမထွက်ဖို့ ကိုယ်တိုင် ဖျောင်းဖျပေးခဲ့ပါတယ်။ ကျောင်းထွက်ချင်နေသေးတဲ့ လူနည်းစုအတွက်လည်း သူတို့ရဲ့ ကျောင်းလခတွေကို စစ်တပ်ကပဲ စိုက်ထုတ်ပေးလိုက်ပါတယ်။ စစ်မြေပြင်မှာ ကျဆုံးသွားတဲ့ သိုင်းပညာရှင်တွေ အတွက်တော့ ကျောင်းလခ ထပ်မပေးနိုင်တော့ပေမဲ့ ဒီလောက် ဆုံးရှုံးမှုလေးကိုတော့ ခင်ဗျားအနေနဲ့ သည်းခံနိုင်မှာပါ။ ခင်ဗျား ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ တပ်မှူးကြီးကိုပဲ ကျေးဇူးတင်လိုက်ပါတော့"

ဖုန်းမှာ ကျသွားပြီ ဖြစ်သော်လည်း ရှန်ကျစ်ရှားမှာမူ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။ သူမ အခြေအနေကို ဖြည်းဖြည်းချင်း နားလည်လာသည်။

တောက်။ ကျိန်စာသင့်တာပဲ။ ငါ ဘာလို့ ပြန်အမ်းငွေတွေ အမြန်ရနေတာလဲလို့ တွေးနေတာ။ တကယ်တော့ ရှင်တို့ စစ်တပ်က ငါ ဧကရာဇ်ဖြစ်မယ့် လမ်းကြောင်းကို ပိတ်ပစ်လိုက်တာကိုး။

တစ်ချိန်တည်းမှာပင် ရှန်ကျစ်ရှားသည် လူပေါင်း တစ်သောင်းကျော် ကျောင်းထွက်သော်လည်း ဒေတာ အချက်အလက်များ အဘယ်ကြောင့် မှားယွင်းနေရသနည်း ဆိုသည်ကိုလည်း သိရှိသွားသည်။ ထိုလူများမှာ စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။ လူမရှိတော့လျှင် သွေးစွမ်းအင် ပြန်အမ်းငွေက မည်သို့ ရနိုင်တော့မည်နည်း။ လူအချို့ အသက်ပေးလိုက်ရခြင်းမှာ သူမ မမျှော်လင့်ထားသည့် ကိစ္စဖြစ်သည်။ စနစ်တကျ လေ့ကျင့်မှု မရှိသော သိုင်းပညာရှင်များကို စစ်မြေပြင်သို့ ပို့လိုက်ခြင်းမှာ သိုင်းကျမ်းက မည်မျှပင် အစွမ်းထက်ပါစေ ၁၀၀ ရာခိုင်နှုန်း စိတ်မချရပေ။ အသေအပျောက် ရှိခြင်းမှာ သဘာဝပင် ဖြစ်သည်။

သူမ ဤမျှ ကြိုးစားခဲ့ပါသော်လည်း နောက်ဆုံးတွင် လူ ၆ ယောက်သာ ကျောင်းထွက်သွားသည်လား။ သွေးစွမ်းအင် ၄၃,၁၀၀ ဆိုသည့် ဂဏန်းကို ကြည့်ပြီး ထိုသူများ၏ အခြေအနေကို သူမ ခန့်မှန်းကြည့်လိုက်သည်။ ပျမ်းမျှ သွေးစွမ်းအင်တန်ဖိုးမှာ ၇၀ ခန့်သာ ရှိသည်။ ထိုက်ကျိသိုင်း ခေတ်စားနေသည့် အချိန်တွင် သွေးစွမ်းအင် ၁၀၀ မပြည့်သူမှာ လူဖျင်း သို့မဟုတ် လူပျင်းသာ ဖြစ်ရမည်။ ထိုသူများမှာ အရည်အချင်းလည်း မရှိ၊ ကြိုးစားအားထုတ်မှုလည်း မရှိသည့် လူညံ့များ ဖြစ်ပေလိမ့်မည်။ သူတို့သည် မီးတောက်သိုင်းကျမ်း သင်ယူထားသူများ ကံကြမ္မာကို အံတုနေကြသည်ကို မြင်ပြီး အလျင်စလို သင်ယူခဲ့ကြသော်လည်း စစ်မြေပြင်သို့ မသွားရဲကြပေ။ အခြေအနေ တည်ငြိမ်သွားသောအခါမှ မီးတောက်သိုင်းကျမ်း သင်ယူပြီးပါက အခြားကျင့်စဉ် ပြောင်း၍မရသည်ကို သိရှိသွားသဖြင့် မီးတောက်သိုင်းကျမ်းကို အပြစ်ပုံချကာ ကျောင်းထွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေမည်။

စိတ်ပျက်စရာ ကောင်းလိုက်လေခြင်း။ သွေးစွမ်းအင် ၄၃,၁၀၀ သာ ရရှိခဲ့သည်ကို ကြည့်ပြီး ရှန်ကျစ်ရှားမှာ ရင်နာလွန်းသဖြင့် သေချင်စော်နံနေသည်။ ထိုအချိန်တွင်မှ အစိုးရ၏ ဂုဏ်ပြုဆုက ရောက်ရှိလာသည်။ သူမ စကားပင် မဆိုနိုင်တော့ဘဲ ကောင်းကင်ကိုသာ မော့ကြည့်နေမိသည်။ သွေးစွမ်းအင် ၂၆.၃ ဘီလီယံနှင့် ဤတံဆိပ်တစ်ခုကိုသာ လဲလိုက်ရသည်လား။ ထိုသွေးစွမ်းအင် တန်ဖိုးသာရှိခဲ့လျှင် သူမသည် ပဉ္စမအဆင့် မဟာဧကရာဇ် ဖြစ်နေပေလိမ့်မည်။ ထိုအဆင့်နှင့်ဆိုပါက လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဤကဲ့သို့သော တံဆိပ်များကို စိတ်ကြိုက် ရနိုင်သည် မဟုတ်ပါလား။

ဤသို့တွေးမိရင်း ရှန်ကျစ်ရှားမှာ အလွန်ပင် စိတ်ဓာတ်ကျသွားရသည်။ သူမသည် လက်ထဲမှ ကွေးညွတ်နေသော ဂုဏ်ပြုလွှာကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် ကုလားထိုင်ပေါ်သို့ အားအင်ကုန်ခမ်းစွာ မှီချလိုက်ပြီး မျက်နှာကြက်ကိုသာ ငေးကြည့်နေမိသည်။ အားမလိုအားမရ ဖြစ်လှသည်။ လူရိုးကိုမှ ရွေးပြီး နှိပ်စက်နေကြတာလား။ တစ်ကြိမ် သည်းခံလိုက်ရင် အေးချမ်းသွားမယ်လို့ ဆိုကြပေမဲ့ တစ်လှမ်းဆုတ်ပေးလိုက်တိုင်း ပိုပြီး စိတ်တိုဖို့ ကောင်းလာသည်။ စစ်တပ်က စေတနာနှင့် ဖျောင်းဖျလိုက်ခြင်းကြောင့် သူမ၏ အစီအစဉ်များ ပျက်စီးခဲ့ရသည်။ နောင်တစ်ချိန်တွင်လည်း ဤကဲ့သို့ ထပ်ဖြစ်ဦးမည်လော။

‘မဖြစ်သေးဘူး။ ကျောင်းထွက်သူ အရေအတွက် အပေါ်မှာပဲ ငါ ပုံအောလို့ မရတော့ဘူး။ အမြင်ကို ကျယ်ကျယ်ကြည့်မှ ဖြစ်မယ်။’

ရုတ်တရက် သူမ၏ စိတ်ထဲတွင် စိတ်ကူးသစ်တစ်ခု ပေါ်လာသည်။ သတ္တမအဆင့်သို့ ရောက်ရှိပြီးနောက်တွင် "ထိပ်တန်းကျောင်းသား သုံးဦးကို မွေးမြူရန်" မစ်ရှင်အသစ် ပွင့်ခဲ့သည်ကို သူမ သတိရသွားသည်။ ထိုကျောင်းသားများ သင်ယူသမျှကို သူမလည်း တစ်ပြိုင်နက် တတ်မြောက်မည် ဖြစ်သည်။ မူလက စနစ်၏ ရည်ရွယ်ချက်မှာ ကျောင်းအုပ်ကြီး၏ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ပေးရန် ဖြစ်သည်။ သို့သော် ရှန်ကျစ်ရှားကမူ ထိုအချက်ကို လျစ်လျူရှုထားပြီး "အဆတစ်သောင်း ပြန်အမ်းငွေ" ဆိုသည့် အချက်ကိုသာ အာရုံစိုက်နေသည်။

သွေးစွမ်းအင် တစ်ထောင်ကျော်တဲ့ ထိပ်တန်းကျောင်းသား ၃ ယောက်ကို ရှာနိုင်ရင် ပြန်အမ်းငွေ သန်း ၃၀ ရမယ်။ သူတို့ရဲ့ သွေးစွမ်းအင်က တစ်သောင်းကျော်ရင်တော့ သန်း ၃၀၀ ရမှာပဲ။ ဒါဟာ တကယ်ကို အလားအလာ ကောင်းတဲ့ အခွင့်အရေးပဲ။

ဤသို့တွေးမိရင်း ရှန်ကျစ်ရှားမှာ စာရေးကိရိယာများကို ယူကာ အစီအစဉ် စတင်ဆွဲတော့သည်။ ထိုကျောင်းသားများ၏ အရည်အချင်းကို ငါ ဘယ်လို သတ်မှတ်ရမလဲ။ အရင်ဆုံး ကျောင်းသားထုထဲက သွေးစွမ်းအင် အမြင့်ဆုံးလူတွေကို ရွေးမယ်။ ပြီးရင် သူတို့ကို လူကိုယ်တိုင်တက်ရမယ့် အပြင်တန်းမှာ သင်ကြားပေးပြီး သီးသန့် အစီအစဉ်တွေ ဆွဲပေးမယ်။ ပြီးတော့ ကျောင်းလခကိုလည်း ပြင်ဆင်ရမယ်။ ၂၀၀ ဆိုတာက နည်းလွန်းတော့ လူတွေက ကျောင်းထွက်ဖို့ ဝန်မလေးကြဘူး။ အကယ်၍ ကျောင်းလခကို တစ်သိန်းလို့ သတ်မှတ်လိုက်ရင်ရော။ သူတို့သာ သိုင်းပညာကို မတတ်မြောက်နိုင်ရင် ဒီလောက်များတဲ့ ပိုက်ဆံကို နှမြောပြီး ကျောင်းထွက်ကြမှာ အသေအချာပဲ။ ဒါမှမဟုတ် သိုင်းပညာမတတ်ရင် ကျောင်းလခ အပြည့်ပြန်ပေးမယ်လို့ ကတိပေးလိုက်ရင် ပိုကောင်းမလား။

တွေးလေလေ ရှန်ကျစ်ရှား၏ မျက်လုံးများ တောက်ပလေလေ ဖြစ်လာသည်။ သူမသည် စာရွက်ပေါ်တွင် အစီအစဉ်များကို အသည်းအသန် ရေးခြစ်ပြီးနောက် စူးချီ၏ ရုံးခန်းသို့ ချက်ချင်း သွားလိုက်သည်။ သူမသည် တံခါးကိုပင် မခေါက်တော့ဘဲ ဝုန်းကနဲ ဝင်သွားလိုက်သည်။

"ဆရာစူး ငါတို့ လူကိုယ်တိုင်တက်ရမယ့် အပြင်တန်း တစ်ခု ဖွင့်ကြရအောင်"

ထိုအချိန်တွင် စူးချီမှာ နားကြားမှားသွားသကဲ့သို့ ကြောင်အမ်းအမ်းဖြင့် ပြန်မေးလိုက်သည်။

"ဟင် ကျောင်းအုပ်ကြီးရှန် ဝိညာဉ်တစ်သောင်းတံခွန်ကို လုပ်ချင်တာလို့ ပြောလိုက်တာလား"

အခန်း (၁၀၆) - အလုပ်လုပ်ခြင်း

နယူးဗွိုင်းယေ့ဂျ်၊ အဓိကနည်းပြ၏ ရုံးခန်းအတွင်းမှာ ဖြစ်သည်။ ရှန်ကျစ်ရှား အခန်းထဲသို့ မဝင်လာခင်အထိ စားပွဲပေါ်၌ လက်ချောင်းများဖြင့် စည်းချက်ကျကျ တောက်နေသည့် အသံတစ်ခုသာ တိတ်ဆိတ်မှုကို ဖြိုခွဲနေသည်။ ဖိအားများလှသည့် ထိုတိတ်ဆိတ်မှုအတွင်း စူးချီသည် မျက်မှောင်ကို ခပ်ကြုတ်ကြုတ် ကြုတ်ထား၏။

"ဒါက ငါ့အတွက်တော့ တကယ့်ကို စိန်ခေါ်မှုကြီးပဲ။ ဒါပေမဲ့ ဒီလောက်အထိ ပေးအပ်လာမှတော့ ငါလည်း ဝတ်ကျေတမ်းကျေ လုပ်လို့ မဖြစ်တော့ဘူး"

စူးချီက စကားပြောရင်း သူ၏ ဘယ်ဘက်လက်ခလယ်ရှိ လက်စွပ်တစ်ကွင်းကို ပွတ်သပ်လိုက်သည်။ ၎င်းမှာ မဟာရှရှား နဂါးလက်စွပ် ဖြစ်ပြီး နိုင်ငံတော်အတွက် ထိပ်တန်း အကျိုးပြုခဲ့သူများကိုသာ အစိုးရက ပေးအပ်သည့် အထူးဆုလာဘ် ဖြစ်သည်။ ရှန်ကျစ်ရှား၏ ပထမအဆင့် သူရဲကောင်းတံဆိပ်နှင့် မတူသည်မှာ ဤလက်စွပ်သည် ဂုဏ်ဒြပ်ကို ပြသရုံသာမက ၁၂၅ ကုဗမီတာ ကျယ်ဝန်းသော ဟင်းလင်းပြင် သိုလှောင်မှု အစွမ်းလည်း ပါရှိသည်။ မည်သည့်အရာကိုမဆို ထည့်သွင်း သိမ်းဆည်းထားနိုင်သည်။

မဟာရှရှား တစ်နိုင်ငံလုံးတွင် ဤလက်စွပ်မျိုး ၂၁ ကွင်းသာ ရှိပြီး ၁၅ ကွင်းကိုသာ ချီးမြှင့်ရသေးသည်ဟု ဆိုကြသည်။ ၎င်းတို့ကို ပိုင်ဆိုင်ထားသူများမှာ သွေးနှင့် အသက်စွမ်းအား မဟာတံတိုင်း တည်ဆောက်ရေးကို ကြီးကြပ်ခဲ့သော အကြီးအကဲ ချန်နှင့် တစ်နိုင်ငံလုံး၏ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးခဲ့သည့် အကြီးအကဲ ယွမ်တို့ကဲ့သို့သော နိုင်ငံ၏ မဏ္ဍိုင်ကြီးများသာ ဖြစ်ကြသည်။

စူးချီ၏ လက်ပေါ်တွင် ရှိနေသည်မှာ ၁၆ ကွင်းမြောက် ဖြစ်သည်။ ဤလက်စွပ်သည် စူးချီအပေါ် အစိုးရ၏ အလွန်အမင်း အသိအမှတ်ပြုမှုကို ကိုယ်စားပြုသည်။ ဤလက်စွပ် ရှိခြင်းဖြင့် စူးချီ၏ အကြံပြုချက် မှန်သမျှသည် အထက်အဆင့် အရာရှိကြီးများထံသို့ တိုက်ရိုက် ရောက်ရှိနိုင်သည့်အပြင် တစ်သက်တာလုံး အစိုးရ၏ ထောက်ပံ့မှုကိုလည်း ခံစားရမည် ဖြစ်သည်။

အမှန်တကယ်တွင် စူးချီ လုပ်ဆောင်ခဲ့သမျှသည် ဤဆုလာဘ်နှင့် ထိုက်တန်လှသည်။ သူသည် မဟာရှရှား၏ သိုင်းပညာ အရည်အချင်း မွေးမြူရေး စနစ်တစ်ခုလုံးကို တစ်ကိုယ်တော် ပြုပြင်ပြောင်းလဲပေးခဲ့သူ ဖြစ်သည်။ ထိုက်ကျိသိုင်း ပေါ်ထွက်လာမှုနှင့် သွေးစွမ်းအင် ကျင့်ကြံမှု နည်းလမ်းများကြောင့် ယခင်က ပျမ်းမျှ ၁၃၀ သာရှိသော လူထု၏ သွေးစွမ်းအင်မှာ ယခုအခါ များစွာ မြင့်တက်လာခဲ့သည်။ ယခင်က တက္ကသိုလ်ဝင်ခွင့် ရနိုင်သည့် ၁၈၀ တန်ဖိုးမှာ ယခုအခါ အထက်တန်းကျောင်းသားများအတွက် သာမန်အဆင့်သာ ရှိတော့သည်။

စူးချီ၏ ပေးဆပ်မှုမှာ ထိုမျှနှင့် မရပ်တန့်ပေ။ ချောက်ကမ္ဘာ အကျပ်အတည်း နှစ်ကြိမ်စလုံးကို သူ၏ သိုင်းပညာများဖြင့် ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။ လူထု၏ အမြင်တွင် စူးချီကဲ့သို့သော ပညာရှင်မှာ ဤကဲ့သို့သော ဆုလာဘ်နှင့် ထိုက်တန်လှသော်လည်း စူးချီ၏ ကိုယ်ပိုင်အမြင်တွင်မူ အခြေအနေက တစ်မျိုး ဖြစ်နေသည်။ သူသည် စနစ်တစ်ခုကို ပိုင်ဆိုင်ထားသည့် သာမန်ဆရာတစ်ဦးသာ ဖြစ်သည်။ သူ လုပ်ဆောင်သမျှမှာ ဆရာမှတ်တမ်း ရမှတ်များများရရန်နှင့် ထိုမှတစ်ဆင့် မသေမျိုး ကျင့်စဉ်များကို လဲလှယ်ကာ ထာဝရအသက်ကို ရရှိရန်သာ ဖြစ်သည်။ ထို့ကြောင့် ဤဆုလာဘ်ကို လက်ခံရရှိခြင်းအပေါ် စူးချီမှာ အနည်းငယ် အားနာစိတ် ဖြစ်ပေါ်နေရသည်။

ထို့အပြင် ယခုတစ်ကြိမ်တွင် အစိုးရ၏ တောင်းဆိုချက်မှာ အနည်းငယ် နူးညံ့လှသည်။ ဆရာစူးချီအနေဖြင့် အကြံပြုချက်များ ပေးစေလိုသည်ဟု ဆိုထားသည်။

ယနေ့ခေတ် လူငယ်များမှာ အလိုမကျမှုများ ရှိတတ်ကြသည် မဟုတ်ပါလား။ တစ်ဖက်လူက မိမိကို သူခိုးကဲ့သို့ စောင့်ကြည့်နေပြီး ခေါင်းပုံဖြတ်ရန်သာ ကြိုးစားနေပါက အလုပ်ခိုးလုပ်ရန် နည်းလမ်းသာ ရှာကြပေလိမ့်မည်။ အလုပ်ခိုးလုပ်ပြီး ရလာသည့် အကျိုးအမြတ်ကိုမှ ငွေရှာသည်ဟု ခေါ်ပြီး ပင်ပင်ပန်းပန်း လုပ်မှ ရလာသည့် ငွေကိုတော့ လုပ်အားခဟုသာ ခေါ်ကြသည်။ အပြန်အလှန်အားဖြင့် မိမိကို အကန့်အသတ်မရှိ ယုံကြည်ပြီး အလွန်အမင်း ဂရုစိုက်ပေးပါက အလုပ်ကို ပိုမို ပြောင်မြောက်အောင် လုပ်ပေးချင်စိတ် ပေါ်လာတတ်သည်။

ဥပမာအားဖြင့် ကျောင်းအုပ်ကြီး ရှန်သည် စူးချီကို အိမ်ကောင်းကောင်း၊ ကွန်ပျူတာ အကောင်းစားများနှင့် တစ်နေ့ ခြောက်နပ်အထိ ကျွေးမွေးကာ ဗိုက်ဆာမည်ကိုပင် စိုးရိမ်နေခဲ့သည်။ စူးချီ၏ စိတ်ထဲတွင် ဤကျောင်းအုပ်ကြီးမှာ တစ်ခါတစ်ရံတွင် သိပ်မတော်သလို ထင်ရသော်လည်း သူမ၏ စေတနာကို သိရှိသဖြင့် ကိစ္စတိုင်းတွင် သူမအတွက် ထည့်သွင်းစဉ်းစားပေးလေ့ရှိသည်။

ဤသဘောတရားမှာ အစိုးရနှင့်လည်း သက်ဆိုင်ပေသည်။ အစိုးရ၏ တောင်းဆိုချက်ကို ရရှိပြီးနောက် စူးချီသည် မိမိ၏ စနစ်စာမျက်နှာနှင့် အစိုးရမှ ပေးပို့လာသော အချက်အလက်များကို တစ်ပြိုင်နက် ဖွင့်ကြည့်လိုက်သည်။

"လက်နက်ပန်းပဲ၊ ဂူပိုးပညာနဲ့ အလောင်းမောင်းနှင်ခြင်းလား"

အစိုးရ၏ အချက်အလက်များတွင် ထင်ရှားသော မိသားစုကြီးများ၏ ကျင့်စဉ်များကို အသေးစိတ် ဖော်ပြထားသည်။ စူးချီက ထိုအချက်အလက်များကို အမြန်ကြည့်ရှုပြီးနောက် နားလည်သွားသည်။ အစိုးရသည် မီးတောက်သိုင်းကျမ်းမှတစ်ဆင့် စိတ်ကူးရရှိသွားခြင်း ဖြစ်သည်။ သူတို့သည် ဝိညာဉ်များ သို့မဟုတ် အလောင်းများကို ပြန်လည်အသုံးချနိုင်မည့် ကျင့်စဉ် တစ်မျိုးနှစ်မျိုးလောက်ကို ရှာဖွေလိုနေကြခြင်း ဖြစ်သည်။

ဤသို့တွေးမိရင်း စူးချီသည် စနစ်အတွင်း၌ အဓိက စကားလုံးများကို ရိုက်နှိပ်ကာ ရှာဖွေလိုက်ရာ များပြားလှသော ကျင့်စဉ်များ ပေါ်ထွက်လာသည်။

"စက်ပစ္စည်း တစ်ရာ သွန်းလုပ်ခြင်း"

"မဟာရွှမ်ဂိုဏ်း၏ လက်နက်သွန်းလုပ်ခြင်း"

"ကောင်းကင်ဘုံ လက်နက်သွန်းလုပ်ခြင်း"

"မော်ရှန်း အင်းချပ်ပညာ"

"ရေနက်ပိုင်း အမှန်တရားကျမ်း"

"မသေမျိုး သူခိုးကြီးခြောက်ဦး"

"အစားအသောက် လမ်းစဉ် ကျင့်ကြံခြင်း"

ရွေးချယ်စရာများစွာ ရှိနေသော်လည်း အမှန်တကယ်တွင်မူ ထိုမျှမလွယ်ကူပေ။ ပထမဦးစွာ လက်နက်သွန်းလုပ်ခြင်းကို ကြည့်ရအောင်။ စူးချီ၏ စနစ်အတွင်းရှိ "စက်ပစ္စည်း တစ်ရာ သွန်းလုပ်ခြင်း" မှာ အလွန်ပင် အစွမ်းထက်လှသည်။ ၎င်းသည် လူကဲ့သို့ လှုပ်ရှားနိုင်သော စက်ရုပ်များကိုပင် ဖန်တီးနိုင်သည်။ သို့သော် အခြားသော လက်နက်သွန်းလုပ်ခြင်း နည်းလမ်းများမှာမူ လက်နက်တစ်ခုချင်းစီကို အစွမ်းထက်အောင် လုပ်ခြင်းအပေါ်မှာသာ အာရုံစိုက်ထားကြသည်။ ထိုလက်နက်များမှာ အစွမ်းထက်သော်လည်း သားရဲလှိုင်းများကဲ့သို့ များပြားလှသော ရန်သူများကို တိုက်ခိုက်ရာတွင် တိုက်ပွဲများလေ အစွမ်းထက်လေ ဖြစ်မလာနိုင်ပေ။

လက်နက်သွန်းလုပ်ခြင်း အများစုမှာ ကြိုတင်ပြင်ဆင်မှုအပေါ်တွင် အခြေခံသည်။ အင်အားကြီးသော လက်နက်များ ဖြစ်လာရန် အမျိုးမျိုးသော ပစ္စည်းများကို ရှာဖွေပြင်ဆင်ရသည်။ သူတို့သည် ရန်သူအင်အား အမြောက်အမြားနှင့် ရင်ဆိုင်ရမည်ကို အကြောက်ဆုံး ဖြစ်သည်။ အကြောင်းမှာ မည်မျှပင် ကောင်းမွန်သော လက်နက်ဖြစ်ပါစေ ကြာရှည်အသုံးပြုပါက ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မသေမျိုး လက်နက်သွန်းလုပ်ခြင်း အများစုမှာ ရန်သူသန်းပေါင်းများစွာနှင့် ရင်ဆိုင်ရာတွင် တိုက်ပွဲတိုင်း၌ ပိုမိုအစွမ်းထက်လာရန် ခက်ခဲလှသည်။

သို့သော် အစိုးရ၏ အချက်အလက်များထဲရှိ လေနှင့် ဝမ်မိသားစုတို့၏ လက်နက်သွန်းလုပ်ခြင်းမှာမူ တစ်မျိုး ဖြစ်နေသည်။ ဥပမာအားဖြင့် "ဝိညာဉ်လက်နက်ပညာ" ပေါ့။ ၎င်းသည် ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများကို ဝိညာဉ်သွင်းပြီး ရန်သူကို သတ်လေလေ ထိုသူ၏ ဝိညာဉ်ကို စုပ်ယူကာ ပိုမိုအစွမ်းထက်လာလေလေ ဖြစ်သည့် နည်းလမ်းမျိုး ဖြစ်သည်။ စူးချီအနေဖြင့် တိုက်ပွဲတိုင်းတွင် ပိုမိုအစွမ်းထက်လာမည့် လက်နက်သွန်းလုပ်ခြင်းမျိုးကို မဖော်ထုတ်နိုင်ပါက ဤကိစ္စတွင် ပါဝင်ပတ်သက်ရန် မသင့်တော်ပေ။

ထို့အတူ မော်ရှန်း အင်းချပ်ပညာတွင်လည်း အလောင်းများကို မွေးမြူသည့် နည်းလမ်းများ ပါဝင်သည်။ အလောင်းများကို အဆင့်အမျိုးမျိုး ခွဲခြားထားပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ပါက နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သည့် အစွမ်းမျိုး ရှိသည်။ သို့သော် သားရဲသန်းပေါင်းများစွာကို ရင်ဆိုင်ရန်မှာမူ တစ်ကိုယ်တော် အစွမ်းထက်ရုံဖြင့် မလုံလောက်ပေ။ မော်မိသားစု၏ ပညာရပ်မှာမူ အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးသည်။ သေဆုံးသွားသော သားရဲများကို အသိစိတ်ရှိသော အလောင်းများအဖြစ် ပြောင်းလဲကာ အရိုးစုစစ်တပ်ကြီးအသွင် ဖန်တီးနိုင်သည်။ ထို့ကြောင့် အစိုးရက ထိုပညာရပ်ကို ပိုမိုစိတ်ဝင်စားနေခြင်း ဖြစ်သည်။

ဂူပိုးပညာမှာလည်း ထိုနည်းအတိုင်းပင်။ စူးချီ သိထားသည့် ကျင့်စဉ်များမှာ အလွန်အဆင့်မြင့်သော်လည်း ချောက်ကမ္ဘာ အကျပ်အတည်းကို ပြည့်ပြည့်စုံစုံ ဖြေရှင်းနိုင်ရန်မှာ ခက်ခဲလှသည်။

တကယ်ကို ခက်ခဲတဲ့ ကိစ္စပဲ။ ငွေတိုင်းက ရှာရလွယ်တာ မဟုတ်သလို ဆရာမှတ်တမ်း ရမှတ်တိုင်းကလည်း ရဖို့ မလွယ်ဘူး။

စူးချီတစ်ယောက် စဉ်းစားရလွန်းသဖြင့် ခေါင်းများပင် မူးနောက်လာစဉ်မှာပင် ကျောင်းအုပ်ကြီး ရှန်ကျစ်ရှားသည် သူမ၏ သွယ်လျလှပသော ကိုယ်လုံးလေးကို လှုပ်ခါရင်း အခန်းထဲသို့ ဝင်လာသည်။

သူမက အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။

"ဆရာစူး ငါတို့ ဝိညာဉ်တစ်သောင်းတံခွန်ကို သင်ပေးကြရအောင်"

စူးချီမှာ ခဏမျှ နားမလည်ဖြစ်သွားပြီး နားကို လက်ဖြင့် ကလော်လိုက်သည်။

"ရှင် ဝိညာဉ်တစ်သောင်းတံခွန်လို့ ပြောလိုက်တာလား"

"ဘာတံခွန်လဲ။ ငါက အပြင်တန်းမှာ လူကိုယ်တိုင် သင်ကြားပေးဖို့ ပြောတာပါ"

ထိုအခါမှ စူးချီသည် သူမ ပြောသည်မှာ တစ်ခြား၊ သူ ကြားလိုက်သည်မှာ တစ်ခြား ဖြစ်နေသည်ကို သိရှိသွားသည်။ သူ နားကြားမှားခဲ့ခြင်း ဖြစ်သည်။ သို့သော် "ဝိညာဉ်တစ်သောင်းတံခွန်" ဆိုသည့် စကားလုံးက စူးချီကို စိတ်ကူးတစ်ခု ရသွားစေသည်။

"ဟုတ်သားပဲ။ ဝိညာဉ်တစ်သောင်းတံခွန်က တကယ်ကို ထိရောက်မှာပဲ"

ပထမဦးစွာ ၎င်းသည် လက်နက်သွန်းလုပ်ခြင်း အမျိုးအစား တစ်ခုဖြစ်သည်။ ပြီးတော့ ဝိညာဉ်များများ ရလေလေ ပိုပြီး အစွမ်းထက်လေလေ ဖြစ်သည်။ ၎င်းသည် ချောက်ကမ္ဘာ အကျပ်အတည်းကို ဖြေရှင်းမည့် ဗျူဟာနှင့်လည်း ကွက်တိကျလှသည်။ ထို့အပြင် ဝိညာဉ်တစ်သောင်းတံခွန်တွင် ထူးခြားသော အားသာချက် နှစ်ခု ရှိသည်။ ၎င်းသည် ဝိညာဉ်များကို စုပ်ယူနိုင်သလို ထိုမှတစ်ဆင့် မိမိကို အစွမ်းများ ပြန်လည်မျှဝေပေးနိုင်သည်။ ဤအားသာချက် တစ်ခုတည်းနှင့်တင် အခြားသော မိသားစုကြီးများ၏ ကျင့်စဉ်များကို ကျော်လွန်သွားပြီ ဖြစ်သည်။

အခြားသော ပညာရပ်များက လူတစ်ယောက်၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်မပေးနိုင်သော်လည်း ဝိညာဉ်တစ်သောင်းတံခွန်ကမူ လုပ်ဆောင်ပေးနိုင်သည်။ ပို၍ အရေးကြီးသည်မှာ ဤကဲ့သို့သော ပညာရပ်မျိုးသည် ပါရမီ ထူးချွန်ရန် မလိုခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ ဤပညာကို လူအများအပြား သင်ယူနိုင်စွမ်း ရှိသည်။ ၎င်းသည် စူးချီအတွက် ဆရာမှတ်တမ်း ရမှတ် အမြောက်အမြားကို သယ်ဆောင်လာပေးပေလိမ့်မည်။

ထို့အပြင် လက်နက်သွန်းလုပ်ခြင်း နည်းလမ်းမှာ မိမိ၏ မူလကျင့်စဉ်နှင့်လည်း ထိခိုက်မှု မရှိပေ။ မည်သည့် ကျင့်စဉ်ကို ကျင့်ကြံထားသူဖြစ်စေ ဝိညာဉ်တစ်သောင်းတံခွန်ကို အသုံးပြုနိုင်သည်။ ဆိုလိုသည်မှာ မီးတောက်သိုင်းသမား တစ်သန်းစလုံးသည်လည်း ၎င်းကို အသုံးပြုနိုင်သည် မဟုတ်ပါလား။

ဘုရားရေ။

စူးချီ၏ မျက်လုံးများ တောက်ပလာသည်။ မီးတောက်သိုင်းကျမ်းကို ကျင့်ကြံပြီးပါက အခြားကျင့်စဉ် ပြောင်း၍မရသဖြင့် ထိုလူများထံမှ ဆရာမှတ်တမ်း ရမှတ်များ ထပ်မရနိုင်တော့ဟု သူ ထင်ခဲ့မိသည်။ သို့သော် ယခု ဝိညာဉ်တစ်သောင်းတံခွန်ဖြင့်ဆိုပါက ရမှတ်များမှာ နှစ်ဆကျော် တိုးလာပေလိမ့်မည်။ ထို့အပြင် ထိုသိုင်းသမားများသည် သားရဲများထံမှ မီးတောက်ကို စုပ်ယူပြီးနောက် ဝိညာဉ်ကိုပါ ထပ်မံစုပ်ယူနိုင်မည် ဖြစ်သည်။

‘တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ တကယ့်ကို ပြည့်စုံလွန်းတယ် အဲဒါပဲ။ တံခွန် လာစမ်း။’

All Chapters