အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း (၁၃၃) မင်းက အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် မင်းရဲ့အရိုးပြာတွေ လွင့်စင်သွားရမယ်
"လင်းလုံ လား... နာမည်လေးက လှသားပဲ...ငါ့ရဲ့နာမည်က ယောင်ရှန်း... ဒီနေ့ မင်းကို ငါ ကယ်တင်ခဲ့တဲ့အတွက် မင်းက အခု ငါ့လူ ဖြစ်သွားပြီ...မင်း ငါနဲ့ လိုက်ခဲ့လေ... ပြီးတော့ ဒီနေရာကနေ ထွက်သွားကြတာပေါ့..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က သူမကို ကောင်းကင်ဆေးဂိုဏ်း ဆီသို့ ခေါ်ဆောင်သွားရန် ရည်ရွယ်နေသည်ကို မြင်လိုက်ရသောအခါ လင်းလုံ၏မျက်နှာ ဖြူရော်သွားသည်။ ထို့နောက် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုက သူမ၏ လှပသော မျက်လုံးများထဲတွင် ရုတ်တရက် ဖြတ်ပြေးသွားလေ၏။
"အစ်ကို ယောင်ရှန်း... အစောပိုင်းက အဲ့ဒီလူ ပြောတာကို ကျွန်မ ကြားလိုက်တယ်... တကယ်လို့ သူက ကျွန်မကို မရောင်းရဘူးဆိုရင် ကျွန်မကို အားဖြည့်ဆေးအဖြစ် ဖော်စပ်ဖို့ ကောင်းကင်ဆေးဂိုဏ်းဆီ ခေါ်သွားမယ်တဲ့..."
"သူက ကျွန်မရဲ့သွေးမျိုးဆက် က ထူးခြားတယ်လို့ ပြောတယ်... ကောင်းကင်ဆေးဂိုဏ်းက ကျင့်ကြံသူတွေက ကျွန်မလို သက်ရှိမျိုးကို အကြိုက်ဆုံးပဲတဲ့..."
"တကယ်လို့ ကျွန်မက အစ်ကိုနဲ့အတူ ကောင်းကင်ဆေးဂိုဏ်းကို သွားရင်... ကျွန်မ..."
လင်းလုံက သူမ၏ စကားများကို အဆုံးသတ်ထိ မပြောခဲ့သော်လည်း တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူမ ပြောချင်သည့်အရာကို နားလည်သွားခဲ့သည်။
"ကောင်းကင်ဆေးဂိုဏ်းလား..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်နှာတွင် မောက်မာမှုများ ပြည့်နှက်နေပြီး သူက ယုံကြည်မှုရှိစွာ ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့... သူတို့က မင်းကို ကြံစည်ရဲမှာ မဟုတ်ဘူး..."
ကောင်းကင်ဆေးဂိုဏ်းသည် သူ့နှင့် ကြီးမားသော အဆက်အသွယ်တစ်ခု ရှိပြီးသား ဖြစ်သည်။ ယနေ့ပြီးနောက် သူတို့သည် သူ၏ နောက်လိုက်ငယ်သားများ ဖြစ်လာကြပေမည်။ သူတို့သည် သူ၏ပိုင်ဆိုင်မှုများကို ကြံစည်ရဲပါက ထိုအရာသည် သေလမ်းရှာနေခြင်းသာ ဖြစ်ပေလိမ့်မည်။
"အစ်ကိုကြီး ယောင်ရှန်း..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် ယခင်က တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ဟန်ဆောင်မှုများကြောင့် လုံးလုံးလျားလျား ဖမ်းစားခံခဲ့ရပြီးဖြစ်သော လင်းလုံသည် ယခုအချိန်၌ သူ့ကို ပို၍ပင် လေးစားအားကျစွာဖြင့် ကြည့်လိုက်၏။ သူမ၏သူငယ်ချင်းများက လူသားမျိုးနွယ်သည် ကောက်ကျစ်စဉ်းလဲသည်ဟု အမြဲတမ်း ပြောဆိုခဲ့ကြ၏။ သို့သော် ယခုကြည့်ရသည်မှာ အန္တရာယ်မှ သူမကို ကယ်တင်ခဲ့သော ဤအစ်ကိုကြီးသည် အလွန်ပြီးပြည့်စုံပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိလှသည်။
တုန်လှုပ်ချောက်ချား အင်မော်တယ်တို့အုပ်စုက ကောင်းကင်ဆေးဂိုဏ်းဆီသို့ ဆက်လက်၍ ထွက်ခွာသွားကြသည်။ ဤအချိန်အတောအတွင်း၌ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အားလပ်မနေခဲ့ချေ။ ကြွားဝါခြင်းနှင့် သူ၏ ခွန်အားကို ပြသနေစဉ် သူသည် ခုံးဝူတောက်ကို ဆိုးရွားသော ဥပမာတစ်ခုအဖြစ် အသုံးပြုကာ လင်းလုံကို အပြည့်အဝ ဦးနှောက်ဆေးခဲ့သည်။
"ဒီခုံးဝူတောက်က တကယ်ကို လူဆိုးကြီးပဲ... အစ်ကို ယောင်ရှန်းကို အဲ့ဒီလို အနိုင်ကျင့်ရဲတာလား..."
လင်းလုံက သူမ၏ပါးပြင်များကို ဖောင်းကာ သူမ၏ပန်းရောင် လက်သီးလေးများကို ဟင်းလင်းပြင်ထဲသို့ လွှဲယမ်းရင်း ဒေါသတကြီး ပြောဆိုလိုက်၏။
"လင်းလုံ သန်မာအားကောင်းလာတာနဲ့ အစ်ကို ယောင်ရှန်းကို လက်စားချေဖို့ သေချာပေါက် ကူညီပေးမယ်... အဲ့ဒီ ခုံးဝူတောက်ကို မှတ်လောက်သားလောက်ဖြစ်အောင် လုပ်ပေးမယ်..."
"ပြီးတော့ အဲ့ဒီအမျိုးသမီးက တကယ့်ကို စျေးပေါတာပဲ... အစ်ကိုယောင်ရှန်းရဲ့ စေ့စပ်ထားသူ ဖြစ်ခွင့်ရတာ ကျွန်မသာဆိုရင် အရမ်းဝမ်းသာမိလိမ့်မယ်..."
"ဒီစျေးပေါတဲ့ အမျိုးသမီးက အစ်ကိုယောင်ရှန်းကို တကယ်ကြီး သစ္စာဖောက်ရဲတယ်ပေါ့လေ... သူက တကယ် သေသင့်တယ်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ဇာတ်လမ်းထဲတွင် ခုံးဝူတောက်ကို အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့ကာ သူ၏ စေ့စပ်ထားသူကို လုယူခဲ့သော လုံးလုံးလျားလျား ယုတ်မာသည့် နတ်မိစ္ဆာ တစ်ကောင်အဖြစ် ပုံဖော်ထားသည်။ သူသည် တုန်လှုပ်ချောက်ချား အင်မော်တယ်က သတ်ဖြတ်ရန် ဆုံးဖြတ်ထားသူ တစ်ဦးလည်း ဖြစ်ပေ၏။
လင်းလုံသည် ယခင်က တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ ယခုအချိန်တွင် သူမ၏ကျေးဇူးရှင်ထံတွင် ဤကဲ့သို့သော ကြေကွဲဖွယ် အတွေ့အကြုံမျိုး ရှိခဲ့ကြောင်း ကြားရသောအခါ ခုံးဝူတောက်ကို မုန်းတီးနေစဉ်မှာပင် သူမ၏ အစ်ကိုကြီးအတွက် ပို၍ပင် နှလုံးကွဲကြေရသကဲ့သို့ မခံစားဘဲ မနေနိုင်ခဲ့ချေ။
"ဟူး... လင်းလုံ... မင်းက တကယ့်ကို စဉ်းစားဉာဏ် ရှိတာပဲ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က လင်းလုံ၏ ခေါင်းလေးကို ပွတ်သပ်ကာ ရယ်မောလိုက်၏။
"ဒါပေမယ့် စိတ်မပူပါနဲ့... ဒီနတ်မိစ္ဆာကို သတ်နိုင်မယ်လို့ အစ်ကို ယုံကြည်မှု ရှိပါတယ်..."
သူတို့ အုပ်စုသည် ကောင်းကင်ဆေးဂိုဏ်း တောင်ခြေသို့ ရောက်တော့မည့် အချိန်မှာပင် ကောင်းကင်ယံမှ ဟိန်းဟောက်သံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။ ဆယ်နှင့်ချီသောအလင်းတန်းများ မိုးကောင်းကင်မှ ကျဆင်းလာပြီး တုန်လှုပ်ချောက်ချားအင်မော်တယ်တို့အုပ်စုကို တိုက်ရိုက်ပိတ်ဆို့ထားလိုက်၏။ အလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့် ကျွမ်းကျင်သူဆယ်ယောက်ကျော် ထိုအရာအတွင်းမှ ထွက်ပေါ်လာတော့သည်။
"အဘိုး... အဲ့ဒါ ဒီလူယုတ်မာပဲ..."
ယခင်က လင်းလုံကို ဝယ်ယူရန် ရည်ရွယ်ခဲ့သော အမျိုးသားက ရှေ့သို့ထွက်လာပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်ကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။
"ဒီကောင်က ကျွန်တော် လိုချင်တဲ့ ပစ္စည်းကို အလကား ယူသွားရုံတင်မကဘူး ကျွန်တော့်ကိုပါ ရိုက်သွားသေးတယ်..."
ဤနေရာသို့ ဆင်းသက်လာသူ ဆယ့်ကိုးဦး ရှိနေသည်။ ထိုလူများသည် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်တစ်ဦး၊နတ်ဘုရားဘုရင်နယ်ပယ် ခြောက်ဦးနှင့် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ဆယ့်နှစ်ဦးဖြစ်ပေ၏။ ဤလူအုပ်စု၏ခေါင်းဆောင်မှာ ကျင့်ကြံခြင်း အားအကောင်းဆုံးဖြစ်သည့် ဆံပင်နှင့်မျက်ခုံးများ ဖြူနေသော အဘိုးအိုတစ်ဦးပင်။ ထိုအဘိုးအိုသည် သစ်သားတစ်ထောင်မိသားစု၏ဘိုးဘေး အင်မော်တယ်သခင်ပိုင်ရွှမ် ဖြစ်ပြီး ထိုအမျိုးသား ပြောဆိုခဲ့သော အဘိုးလည်း ဖြစ်သည်။
ဝုန်း...
ကျွမ်းကျင်သူ ဆယ့်ကိုးဦး၏ မျက်လုံးများက တပြိုင်နက်တည်း ကြည့်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ကောင်းကင်ယံမှ ကျဆင်းလာပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်တို့အုပ်စုကို ချက်ချင်းလွှမ်းခြုံသွားတော့သည်။
"ခြေလှမ်းတစ်ဝက် သူတော်စင်... ပြီးတော့ ဟင်းလင်းပြင်နတ်ဘုရားဘုရင်တွေ အများကြီးပဲ... လား..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏နောက်ရှိ နောက်လိုက်အနည်းငယ်သည် ချက်ချင်းပင် ဖြူရော်သွားပြီး သူတို့၏မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ တုန်လှုပ်ချောက်ချား အင်မော်တယ်က အသစ်တည်ထောင်ခဲ့သော ရှောင်ယောင် မဟာမိတ်အဖွဲ့တွင်လည်း ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရှိနေသည်။ သို့ရာတွင် သူသည် တခြားကိစ္စများ ရှိသောကြောင့် သူတို့နှင့်အတူ လိုက်မလာခဲ့ချေ။ သူတို့ထဲတွင် အားအကောင်းဆုံးမှာ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်သုံး သာဖြစ်ရာ ဤအုပ်စုနှင့် တိုက်ခိုက်ခြင်းမှာ လုံးလုံးလျားလျား ရှုံးနိမ့်ခြင်းသာ ဖြစ်ပေလိမ့်မည်။
"အစ်ကိုကြီး..."
လင်းလုံ၏မျက်နှာ ဖြူရော်သွားပြီး သူမက တုန်လှုပ်ချောက်ချားအင်မော်တယ်၏ အင်္ကျီလက်ကို သူမ၏လက်လေးဖြင့် ဆုပ်ကိုင်ထားကာ အလွန်ထိတ်လန့်နေပုံရသည်။ တုန်လှုပ်ချောက်ချား အင်မော်တယ်က ရှေ့သို့လျှောက်လှမ်းသွားလိုက်၏။
"စိတ်မပူပါနဲ့... သူတို့က သာမန် ကောင်လေးတွေပါ... ပြဿနာအများကြီး မဖြစ်စေနိုင်ပါဘူး..."
သူသည် ကောင်းကင်ဆေးဂိုဏ်းနှင့် မဝေးတော့ချေ။ ဤလူစုကို သူ မည်သည့်အတွက်ကြောင့် ကြောက်နေရမည်နည်း။
"အစ်ကိုကြီး... အဲ့ဒီကို မသွားပါနဲ့..."
လင်းလုံက နံဘေးမှနေ၍ စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး..."
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် လင်းလုံကို သူ့အပေါ် ပို၍သစ္စာရှိလာစေရန် သူမ၏ရှေ့တွင် သူ၏ စွမ်းရည်များကို နောက်တစ်ကြိမ် ပြသလိုခဲ့သည်။
"ငါ ကိုင်တွယ်နိုင်ပါတယ်... စိတ်မပူပါနဲ့..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ယုံကြည်မှုရှိသော ဟန်ပန်ကို မြင်လိုက်ရသောအခါ လင်းလုံနှင့်တခြားသူများ၏ ရင်ခုန်မြန်နေသော နှလုံးသားများ အတော်လေး ငြိမ်သက်သွားကြ၏။
"ငါ့မြေးကို ထိခိုက်အောင်လုပ်ခဲ့တဲ့ လူယုတ်မာက မင်းလား..."
ခေါင်းဆောင်ဖြစ်သော အင်မော်တယ်သခင်ပိုင်ရွှမ်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"ပြောစမ်း... မင်း ဘယ်လို သေချင်လဲ..."
"အဘိုး... သူက စောစောက အရမ်းမောက်မာနေတာ..."
အရိုက်ခံခဲ့ရသော အမျိုးသားက ဒေါသတကြီး ပြောဆိုသည်။
"သူ့ကို ချက်ချင်းမသတ်ပါနဲ့... သူ့ရဲ့ သွေးကြောတွေအားလုံးကို အရင်ဖျက်ဆီးပစ်ပြီးမှ သေရတာထက် ပိုဆိုးတဲ့ ဝေဒနာကို သူ ခံစားရပါစေ..."
ဤအရာကို ကြားလိုက်ရသောအခါ အင်မော်တယ်သခင်ပိုင်ရွှမ်ကလည်း ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မြေးသည် သူ၏မျက်လုံးထဲမှ အချစ်တော်တစ်ဦး အမြဲတစေ ဖြစ်ခဲ့ပေ၏။ အပြင်လူတစ်ဦးဖြစ်သော တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ့မြေးအား ဤကဲ့သို့ အရှက်ခွဲသည်ကို သူ မည်သို့ သည်းခံနိုင်မည်နည်း။
ဤအချိန်အခိုက်အတန့်တွင် တုန်လှုပ်ချောက်ချား အင်မော်တယ်က ဂရုမစိုက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းတို့ သေချာစဉ်းစားဖို့ ငါ အကြံပေးချင်တယ်...ကျန်းချန်ဖုန်းက ငါ့လူပဲ...ကောင်းကင်ဆေးဂိုဏ်းနဲ့ မဝေးတဲ့ နေရာမှာ မင်းတို့က ငါ့ကို အကြမ်းဖက်ရဲတယ်ပေါ့... မင်းတို့ ဘယ်လို သေချင်လဲ..."
"ဘာ... ဘာပြောတယ်..."
ဤစကားကို ကြားလိုက်ရသောအခါ အင်မော်တယ်သခင်ပိုင်ရွှမ်တို့အုပ်စု၏ စိတ်များအတွင်း၌ သတိပေးသံများ မြည်ဟီးသွားသည်။ သူတို့၏မျက်နှာအမူအရာလည်း ချက်ချင်းသိသိသာသာ ပြောင်းလဲသွားကြ၏။
"ကျန်းချန်ဖုန်းလား... ကောင်းကင်ဆေးဂိုဏ်း ရဲ့ ဂိုဏ်းချုပ်က... မင်းရဲ့လူလား..."
"ဟမ့်... သူ့ကို မင်းတို့ကိုယ်တိုင် သွားမေးလို့ရတယ်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က အေးစက်တင်းမာစွာ ပြန်ဖြေလိုက်၏။
ဤစကားများ ထွက်ပေါ်လာသည်နှင့် အင်မော်တယ်သခင်ပိုင်ရွှမ်၏မျက်နှာအမူအရာ ပို၍ပင် သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်နေထိုင်ခဲ့ပြီး လိမ္မာပါးနပ်သည့် အဘိုးအိုတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ တစ်ဖက်လူ၏ လေသံနှင့် မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် ထိုလူသည် လိမ်ပြောနေပုံ မပေါ်ချေ။ တစ်ဖက်လူက ကောင်းကင်ဆေးဂိုဏ်းချုပ်ကို သူ၏ အစစ်အမှန်နာမည်ဖြင့် ခေါ်ရဲသည်ဆိုသည့် အချက်နှင့် ပေါင်းစပ်လိုက်သောအခါ သူ မယုံကြည်လျှင်ပင် ယုံကြည်နိုင်မှုတချို့ကို ပေးလိုက်ရသည်။
"ဟမ့်... ဒီတစ်ကြိမ် ကောင်းကင်ဆေးဂိုဏ်းကို ငါ လာတာက သူတို့ဘိုးဘေးရဲ့ ဖိတ်ကြားချက် အရပဲ..."
"တကယ်လို့ မင်းတို့က ငါ့ကို တကယ် ရန်စချင်တယ်ဆိုရင် မင်းတို့ လှုပ်ရှားကြည့်လို့ရတယ်..."
အင်မော်တယ်သခင်ပိုင်ရွှမ်သည် ဤစကားများကို ကြားလိုက်ရသောအခါ ပို၍ပင် ကြောက်လန့်သွားပေ၏။ ကောင်းကင်ဆေးဂိုဏ်း၏ ဘိုးဘေးဟု ဆိုသလော။ ထိုအရာသည် ကောင်းကင်ဆေးဂိုဏ်း၏ဂိုဏ်းချုပ်ထက်ပင် ပို၍မြင့်မြတ်သည့် တည်ရှိမှုတစ်ခုပင်။ ဤလူငယ်လေး၏ အစစ်အမှန် အဆင့်အတန်းက မည်သည့်အရာနည်း။ သူသည် မည်သည်ကြောင့် ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးထံမှ ဖိတ်ကြားချက်ကို ရရှိနိုင်သနည်း။ သို့သော် ကောင်းကင်ဆေးဂိုဏ်းသို့ အရေးကြီး ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာကြောင်း ဤမနက်က ပျံ့နှံ့ခဲ့သည့် ကောလာဟလများကို သူ ပြန်လည်အမှတ်ရမိသည်။ ထိုကြောင့် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကောလာဟလများထဲမှ အရေးကြီးပုဂ္ဂိုလ်ကြီး ဖြစ်နိုင်သည်ဟု သူ အမှန်တကယ် သံသယဝင်လာခဲ့သည်။
"ဒီကိစ္စရဲ့ အမှန်တရားကို ငါ အရင်ဆုံး အတည်ပြုဖို့ လိုတယ်..."
အင်မော်တယ်သခင်ပိုင်ရွှမ်သည် အနည်းငယ် မယုံကြည်နိုင်သေးချေ။ သူ ရရှိထားသော တရားဝင် မဟုတ်သည့် သတင်းများ အရ ကောင်းကင်ဆေးဂိုဏ်းသို့ ဆင်းသက်လာသော အရေးကြီးပုဂ္ဂိုလ်ကြီးသည် ပြင်ပတာအိုနယ်မြေတစ်ခုမှ ပါရမီရှင်တစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။ နတ်ဘုရားသားတော်ခုံးဝူတောက်ကဲ့သို့ အဆင့်အတန်းက မြင့်မြတ်ပြီး ကောင်းကင်ဘုံကို အာခံနိုင်သော စွမ်းအားရှိသော ပါရမီရှင်မျိုးပင်။ သို့သော် တုန်လှုပ်ချောက်ချားအင်မော်တယ်သည် ထိုလူမဟုတ်ကြောင်း သိသာရှင်းလင်းနေသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ နတ်ဘုရားသားတော် ခုံးဝူတောက်သာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါက သူတို့ကို ရှာဖွေရန်အတွက် လူများကို ခေါ်လာရန်ပင် လိုအပ်မည် မဟုတ်ချေ။ သူတို့၏ သစ်သားတစ်ထောင်မိသားစုရှိ လူများအားလုံး၏ အရိုးပြာများသည် သူ့ကြောင့် လွင့်စင်သွားခဲ့လောက်လေပြီ။
အခန်း (၁၃၄) နောက်လှည့်ပြီး ပါးရိုက်ခြင်း... အဲ့ဒီလူကြီးမင်းကို တောင်းပန်လိုက်စမ်း
ထို့နောက် ချက်ချင်းဆိုသလိုပင် အင်မော်တယ်သခင်ပိုင်ရွှမ်က သူ၏သိုလှောင်လက်စွပ်ထဲမှ ပုံရိပ်ပြကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်၏။ ထိပ်တန်းမိသားစုတစ်ခု၏ ဘိုးဘေးတစ်ဦးအနေဖြင့် သူသည် ကောင်းကင်ဆေးဂိုဏ်းနှင့် အဆက်အသွယ်တချို့ ရှိနေသည်။ ထိုကြောင့် ကောင်းကင်ဆေးဂိုဏ်း၏ဂိုဏ်းချုပ်ကို ဆက်သွယ်နိုင်သော ပုံရိပ်ပြကျောက်တုံးတစ်တုံးလည်း သူ့ထံတွင် ရှိနေသည်။
ဝီ...
ပုံရိပ်ပြကျောက်တုံးက တောက်ပသော အလင်းတန်းတစ်တန်း လင်းလက်သွားကာ ဝေဝါးသော အလင်းဖန်သားပြင်တစ်ခုသည် ဟင်းလင်းပြင်၏အထက်တွင် ဖြည်းညှင်းစွာ စုစည်းလာခဲ့သည်။
"ပိုင်ရွှမ်လား..."
အလင်းဖန်သားပြင်ထဲရှိ ဝေဝါးသော ပုံရိပ်ယောင်က အလွန်ခမ်းနားသော အသံတစ်သံကို ထုတ်လွှတ်လိုက်၏။
"မင်း ငါ့ကို ဘာလုပ်ဖို့ ဆက်သွယ်တာလဲ..."
သို့သော် ထူးဆန်းသည်မှာ ထိုပုံရိပ်ယောင်၏ လေသံတွင် တင်းမာသော အရိပ်အယောင်တစ်ခု ရှင်းလင်းစွာ ပါဝင်နေကာ အရေးကြီးသော ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် တွေ့ဆုံနေသည့်အလားပင်။ အင်မော်တယ်သခင်ပိုင်ရွှမ်က ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
"သခင်ချန်ဖုန်း... ဒီနေ့ ကျွန်တော် လူငယ်တစ်ယောက်နဲ့ တွေ့ပြီး သူနဲ့ နားလည်မှုလွဲတာလေးတွေ ရှိခဲ့လို့ပါ..."
"ဒါပေမယ့် တစ်ဖက်လူက အရှင်ကို သိတယ်လို့ ပြောတယ်... ဒါကြောင့် နားလည်မှုလွဲတာတွေ မဖြစ်အောင် အတည်ပြုချင်လို့ပါ..."
ကောင်းကင်ဆေးဂိုဏ်းသည် ကောင်းကင်ဘုံ တာအိုနယ်မြေတစ်ခုလုံးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ စွမ်းအားအရဆိုလျှင် ထိုဂိုဏ်းသည် သူတို့၏သစ်သားတစ်ထောင် မိသားစုထက်ပင် များစွာသာလွန်နေသဖြင့် သူ၏သဘောထားမှာ အလွန်ရိုသေလေးစားနေခြင်း ဖြစ်ပေ၏။
"ဘာ..."
ကောင်းကင်ဆေးဂိုဏ်းချုပ်၏အသံမှာ ပို၍ပင် တင်းမာခက်ထန်လာခဲ့သည်။ သို့သော် သူသည် ထိုအရာကို အလွန်ကောင်းမွန်စွာ ဖိနှိပ်ထားနိုင်သဖြင့် တခြားသူများကြားရန် ခက်ခဲနေသည်။
"သူ့ရဲ့နာမည်က ဘယ်လိုခေါ်လဲ..."
"ကျွန်တော်ပဲ... ယောင်ရှန်း..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က အလင်းဖန်သားပြင်၏ရှေ့တည့်တည့်တွင် မတ်တတ်ရပ်နေပေ၏။ သူက မော့ကြည့်ကာ အတွင်းရှိ ပုံရိပ်ယောင်၏အကြည့်နှင့် ဆုံလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ မောက်မာနေကာ ကောင်းကင်ဆေးဂိုဏ်း၏ဂိုဏ်းချုပ်ကို အကဲခတ်နေသည်။
"မင်းက ကျန်းကျူးရွှမ် ရဲ့ ဆက်ခံသူလား... မင်းရဲ့ ခွန်အားက ငါ့ရဲ့မျက်လုံးထဲဝင်တယ် ဆိုရုံလေးပဲ.."
"ငါက မင်းတို့ စောင့်နေတဲ့ ဂုဏ်သရေရှိ ဧည့်သည်ပဲ..."
"အခု ငါက တောင်ခြေကို ရောက်နေပြီဆိုတော့ မင်းက ဘာလို့ မြန်မြန်လာပြီး ငါ့ကို ကြိုဆိုဖို့ ဒူးမထောက်ရတာလဲ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ခန့်မှန်းချက်အရ.....
ဤမျှများပြားသော သတင်းအချက်အလက်များကို သူ ထုတ်ဖော်ပြသခဲ့ကာ တစ်ဖက်လူ၏ ဘိုးဘေးနာမည်ကို တိုက်ရိုက် ပြောဆိုလိုက်သည်။ ထိုကြောင့် တစ်ဖက်လူသည် သူ၏အဆင့်အတန်းကို သေချာပေါက် သိသွားပေလိမ့်မည်။ နောက်ဆုံးတွင် သူတို့၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူ့ကို ရိုသေလေးစားစွာ ဦးညွှတ်ကြပေလိမ့်မည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အင်မော်တယ်သခင်ပိုင်ရွှမ်တို့အုပ်စု၏ မျက်နှာများ ပို၍ပင် ဖြူရော်သွားကြတော့သည်။ အကယ်၍ သူ မှတ်မိသည်မှာ မမှားယွင်းခဲ့ပါက ကျန်းကျူးရွှမ်သည် ကောင်းကင်ဆေးဂိုဏ်း၏ တည်ထောင်သူအမည် ဖြစ်ပုံရသည်။ ဤကိစ္စသည် အမှန်တကယ်ကို ဖြေရှင်းရန် ခက်ခဲတော့ပေမည်။
တုန်လှုပ်ချောက်ချား အင်မော်တယ်၏နောက်ရှိ နောက်လိုက်များအတွက်မူ သူတို့သည် ခေါင်းမော့ရင်ကော့၍ မနေဘဲ မနေနိုင်တော့ချေ။ တုန်လှုပ်ချောက်ချား အင်မော်တယ်အပေါ် သူတို့၏အကြည့်များက ပို၍ပင် ရိုသေလေးစားလာကြ၏။ သေချာသည်မှာ သူတို့၏ အရှင်သည် ဤလောကတွင် တစ်ဦးတည်းသော ထိပ်သီးတည်ရှိမှုကြီးပင်။
သို့ရာတွင် နောက်တခဏ၌ ကိစ္စ၏ရလဒ်သည် လူတိုင်း၏ မျှော်လင့်ချက်များထက် များစွာ သာလွန်သွားခဲ့သည်။
"သေသင့်တဲ့ လူယုတ်မာ... မင်းက ဘာကောင်မလို့လဲ..."
"ငါတို့ကောင်းကင်ဆေးဂိုဏ်းရဲ့ ဘိုးဘေးကို နာမည်တပ် ခေါ်ရဲတယ်ပေါ့လေ..."
ကောင်းကင်ဆေးဂိုဏ်းချုပ်၏ ဒေါသတကြီး အသံ ပဲ့တင်ထပ်လာသည်နှင့် လူတိုင်း လုံးလုံးလျားလျား ဆွံ့အသွားကြတော့သည်။ အထူးသဖြင့် တုန်လှုပ်ချောက်ချား အင်မော်တယ်ပင် ဖြစ်ပြီး သူသည် ရွှံ့ရုပ်တစ်ခုကဲ့သို့ လုံးလုံးလျားလျား အေးခဲတောင့်တင်းသွားကာ သူ၏မျက်လုံးသူငယ်အိမ်များက အပ်တစ်ချောင်းအလား ကျဉ်းမြောင်းသွားပေ၏။
မည်သည့်အရာများ ဖြစ်ပျက်နေသနည်း....
ဤအဖြစ်အပျက်များ၏ ရလဒ်သည် သူ မျှော်လင့်ထားသည်နှင့် အဘယ်ကြောင့် ကွဲလွဲနေရသနည်း....
ဤသည်မှာ အမှန်တကယ်ကို ကောင်းကင်ဆေးဂိုဏ်းပင်။ တစ်ဖက်လူ၏ ပုံရိပ်ယောင်လေးသာ ဖြစ်နေလျှင်ပင် တစ်ဖက်လူသည် ကောင်းကင်ဆေးဂိုဏ်းမှ ကောင်းကင်အရှင်၏ ဆက်ခံသူဖြစ်ကြောင်း သူ အတည်ပြုနိုင်သည်။ တစ်ဖက်လူ၏ဘိုးဘေး နာမည်ကိုပင် သူ ပြောခဲ့သေးသည် မဟုတ်လော။ သူ၏ စကားများနှင့် လုပ်ရပ်များက အလွန်သိသာထင်ရှားနေသည့်တိုင် တစ်ဖက်လူက မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်သလော။
"ကောင်လေး... မင်းက ဒီအဘိုးကြီးကို လှည့်စားရဲတယ်ပေါ့လေ..."
သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် အင်မော်တယ်သခင်ပိုင်ရွှမ်၏မျက်နှာသည် ပို၍ပင် သူန်မှုန်သွားပေ၏။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က တုန်လှုပ်ချောက်ချား အင်မော်တယ်အပေါ်သို့ ချက်ချင်းချိတ်ပိတ်သွားသည်။
အစောပိုင်းက တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မောက်မာပြီး ကြွားဝါသော ဟန်ပန်ကို မြင်လိုက်ရသဖြင့် တစ်ဖက်လူသည် ကောင်းကင်ဆေးဂိုဏ်း၏ ဂုဏ်သရေရှိ ဧည့်သည် တစ်ဦးဟု သူ အမှန်တကယ် တွေးထင်ခဲ့မိသည်။ သို့သော် ဤကောင်စုတ်၏ သရုပ်ဆောင်မှုက ဤမျှထိ လက်တွေ့ကျပြီး သူ့ကို မူးဝေသွားစေမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
"ဒါက..."
ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် တုန်လှုပ်ချောက်ချား အင်မော်တယ်၏နောက်သို့ လိုက်ပါလာသော နောက်လိုက် အနည်းငယ်ပင်လျှင် လုံးလုံးလျားလျား မှင်သက်သွားကြတော့သည်။ သူတို့၏နားလည်မှုအရ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ရှောင်ယောင် မဟာမိတ်အဖွဲ့၏ တရားဝင် ဆက်ခံသူပင်။ ကောင်းကင်ဆေးဂိုဏ်း၏ တည်ထောင်သူ ကောင်းကင်အရှင်သည် တစ်ချိန်က ရှောင်ယောင် မဟာမိတ်အဖွဲ့၏ လက်ဝဲအစောင့်အရှောက် တစ်ဦးမျှသာ ဖြစ်ပေ၏။ ကောင်းကင်ဆေးဂိုဏ်းက ကောင်းကင်အရှင်၏ဆက်ခံသူက မည်သည့်အတွက်ကြောင့် တုန်လှုပ်ချောက်ချား အင်မော်တယ်၏အဆင့်အတန်းကို အသိအမှတ်မပြုရသနည်း။
"မင်း ငါ့ကို တကယ် မမှတ်မိဘူးလား...ငါက မင်းတို့ ကောင်းကင်ဆေးဂိုဏ်းက ဘိုးဘေးရဲ့ ဖိတ်ကြားချက်အရ ဒီကို လာခဲ့တာ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အသံတွင် ရှက်ရွံ့မှုနှင့် ဒေါသအရိပ်အယောင်တစ်ရပ် ရောယှက်နေသည်။ ဤကိစ္စက သူ့ကို အလွန် အရှက်ရစေကြောင်း သိသာရှင်းလင်းသည်။
"ဒါဆိုရင် မင်း ဒါကို ကြည့်လိုက်အုံး..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ ဒေါသကို ဖိနှိပ်ထားလိုက်၏။ သူက လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး သူ၏ချီစွမ်းအင်သည် လက်ညှိုး၏ထိပ်ဖျားတွင် စတင် စီးဆင်းကာ ရေးထွင်းနေတော့သည်။ ခဏအကြာတွင် ရှောင်ယောင်မဟာမိတ်အဖွဲ့၏ ထူးခြားသော သင်္ကေတတစ်ခုသည် ဟင်းလင်းပြင်၏အထက်တွင် ဖြည်းညှင်းစွာ လွင့်မျောလာပေ၏။ သူ၏ ရှောင်ယောင် မဟာမိတ်အဖွဲ့ကို တစ်ချိန်က လိုက်ပါခဲ့ဖူးသော မည်သည့် ကျွမ်းကျင်သူမဆို သူတို့၏ ဆက်ခံသူများသာ ဖြစ်နေလျှင်ပင် ဤသင်္ကေတ၏ အဓိပ္ပာယ်ကို သူတို့ သိထားသင့်သည်။ ယခုအချိန်၌ သူသည် သူ၏ဝှက်ဖဲများကို စားပွဲပေါ်တွင် တိုက်ရိုက်ချထားလိုက်လေပြီ။ ယခုဆိုလျှင် တစ်ဖက်လူသည် သူ၏အဆင့်အတန်းကို သေချာပေါက် သိလောက်ပြီ မဟုတ်လော။
"ဟမ့်... ကျန်းကျူးရွှမ်ရဲ့ ဆက်ခံသူက ဒီလောက်တောင် အကဲခတ်ညံ့လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
"ဒီကောင်းကင်ဆေးဂိုဏ်းက မင်းလက်ထဲမှာ နိမ့်ကျသွားမှာ အနှေးနဲ့အမြန်ပဲ..."
အစောပိုင်းက သူ ဆုံးရှုံးခဲ့ရသော မျက်နှာကို ပြန်လည်ရယူရန် ကြိုးစားနေသည့်အလား တုန်လှုပ်ချောက်ချား အင်မော်တယ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သို့သော် အခြေအနေများသည် သူ စိတ်ကူးထားသကဲ့သို့ တိုးတက်မလာခဲ့ချေ။ ဤစကားများကို ကြားလိုက်ရသောအခါ ကောင်းကင်ဆေးဂိုဏ်း၏ဂိုဏ်းချုပ်သည် ပို၍ပင် ဒေါသထွက်သွားသည်။
"ပထမဆုံး ငါတို့ ဂိုဏ်းရဲ့ဘိုးဘေးကို နာမည်တပ် ခေါ်ရဲတယ်... အခု ဒီဂိုဏ်းချုပ်ကို လှည့်စားဖို့ အဓိပ္ပာယ်မရှိတဲ့ အမှိုက်သင်္ကေတ တစ်ခုကို ရေးဆွဲပြတယ်ပေါ့လေ... မင်းက တကယ့်ကို သေလမ်းရှာနေတာပဲ..."
ထို့နောက် ချက်ချင်းပင် အလင်းဖန်သားပြင်ထဲရှိ ကောင်းကင်ဆေးဂိုဏ်းချုပ်က အင်မော်တယ်သခင်ပိုင်ရွှမ်ကို နောက်တစ်ကြိမ် အော်ငေါက်လိုက်၏။
"ပိုင်ရွှမ်... အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ငါတို့ရဲ့ ကောင်းကင်ဆေးဂိုဏ်းကို ဒီနေ့ လာရောက်လည်ပတ်မှာ ဖြစ်ပြီးတော့ ငါတို့ ဂိုဏ်းက သူ့ကို သေချာဧည့်ခံဖို့ လိုတယ်ဆိုတာ မင်း မသိဘူးလား..."
"ရူးသွပ်နေတဲ့ အရူးတစ်ယောက်အတွက် ငါ့ရဲ့အချိန်တွေကို မင်းက တကယ်ကြီး ဖြုန်းတီးပစ်လိုက်တယ်..."
"တကယ်လို့ အဲ့ဒီအရေးကြီးတဲ့ ပုဂ္ဂိုလ်ကို မင်းက အမျက်ထွက်အောင် လုပ်မိရင် မင်းရဲ့သစ်သားတစ်ထောင်မိသားစုက မျိုးဆက်ကိုးဆက်လုံး ကွပ်မျက်ခံရလိမ့်မယ်..."
ထိုအသံ ကျရောက်လာပြီးနောက် ကောင်းကင်ဆေးဂိုဏ်းချုပ်၏ပုံရိပ်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပေ၏။
"အင်မော်တယ် သခင်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ သစ္စာရှိ နောက်လိုက်များသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူတို့၏ နှလုံးသားများတွင် ကြီးမားသော တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ အစောပိုင်းက တုန်လှုပ်ချောက်ချား အင်မော်တယ်၏ စကားလုံးလှလှလေးတွေကြောင့် သူတို့ လှည့်စားခံလိုက်ရခြင်း ဖြစ်နိုင်သလော။ တစ်ဖက်လူသည် ရှောင်ယောင် မဟာမိတ်အဖွဲ့၏ ဆက်ခံသူ မဟုတ်သလော။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
"သူက ငါ့ကို ဘယ်လိုလုပ်ပြီး မမှတ်မိတာလဲ..."
"ငါက ရှောင်ယောင် မဟာမိတ်အဖွဲ့ ရဲ့ ဆက်ခံသူလေ... သူက ငါ့ကို ဘယ်လိုလုပ်ပြီး မမှတ်မိတာလဲ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်၏။ ကြိုတင်သတ်မှတ်ထားသော ရလဒ်သည် မည်သည်ကြောင့် ဤကဲ့သို့ မထင်မှတ်ထားသော အချိုးအကွေ့တစ်ခု ရှိနိုင်သနည်း။
နံဘေးတွင်ရှိနေသော အင်မော်တယ်သခင်ပိုင်ရွှမ်တို့အုပ်စု၏ မျက်နှာများမှာ အလွန်ဖြူရော်နေလေပြီ။ သူတို့သည် ရေခဲလှိုဏ်ဂူတစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး အအေးဓာတ်က သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားပေ၏။
အရေးကြီးသော ပုဂ္ဂိုလ်...
အင်မော်တယ်သခင်ပိုင်ရွှမ်၏ စိတ်နှလုံးသားထဲတွင် ခန့်မှန်းချက်တစ်ခု မသေမချာ ရှိနေခဲ့သည်။ သူ၏ စိတ်များ တုန်လှုပ်နေစဉ်မှာပင် ထိုလူယုတ်မာ တုန်လှုပ်ချောက်ချား အင်မော်တယ်ကို သူ အလွန်အမင်း ဒေါသထွက်နေခဲ့လေပြီ။
သေသင့်တဲ့ တိရစ္ဆာန်လေး..
တစ်ဖက်လူသည် သူ့ကို ငတုံးငအတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ရုံသာမက သူတို့၏ သစ်သားတစ်ထောင် မိသားစုကို ထိုအရေးကြီးပုဂ္ဂိုလ်အား စော်ကားမိစေရန် သွယ်ဝိုက်သော နည်းလမ်းဖြင့်ပင် ပြဿနာ ဖန်တီးခဲ့သေးသည် မဟုတ်လော။
"သေသင့်တဲ့ တိရစ္ဆာန်လေး... မင်းက ငါတို့ကို ဒီလိုမျိုး လှည့်စားရဲတာလား..."
"ဒီအဘိုးကြီးက ကိုယ်တိုင်ကိုယ်ကျ မင်းရဲ့ ခေါင်းကို ယူပြီး အဲ့ဒီ အရေးကြီးပုဂ္ဂိုလ်ဆီမှာ တောင်းပန်လိုက်မယ်..."
ဝုန်း...
အင်မော်တယ်သခင်ပိုင်ရွှမ်က ပထမဆုံး တိုက်ခိုက်လိုက်သည်။ ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်၏ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်နှင့် လွှမ်းခြုံလာသော ဥပဒေသလှိုင်းလုံးများကို သယ်ဆောင်လာခဲ့သည်။
သစ်သားတစ်ထောင် မိသားစုမှ တခြားကျွမ်းကျင်သူများသည်လည်း နံဘေးမှ ရပ်ကြည့်မနေခဲ့ကြချေ။ သူတို့အနက်မှ တချို့က တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နောက်ရှိ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် နောက်လိုက် အနည်းငယ်ထံသို့ ပြေးဝင်သွားကြ၏။ တခြားလူများကမူ ဤဧရိယာကို စတင်၍ ပိတ်ဆို့လိုက်ပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်တို့အုပ်စုကို ထွက်ပြေးခွင့် မပေးတော့ချေ။
"သောက်ချေးပဲ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က ကျိန်ဆဲလိုက်ပြီး ဤကိစ္စသည် ယခုအချိန်၌ ရှောင်လွှဲ၍မရနိုင်တော့ကြောင်း သိလိုက်သည်။ ကောင်းကင်ပြာက သူ၏ ခန္ဓာကိုယ်ထဲတွင် ချန်ထားခဲ့သော ကောင်းကင်တာအို အမှတ်အသားကို သူ ချက်ချင်းအသက်သွင်းလိုက်သည်။ သူ၏ချီစွမ်းအားများ လျှင်မြန်စွာ မြင့်တက်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားမိုးကြိုးများ သူ၏လက်ဝါးတွင် ဆူပွက်လာပြီး တိုက်ခိုက်မှုကို လက်ဝါးတစ်ချက်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ဝုန်း...
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလှိုင်းလုံးကြီးတစ်ခုက ဟင်းလင်းပြင်တွင် ပေါက်ကွဲသွားပြီး မြေကြီး၏ ကျယ်ပြန့်သော ဧရိယာကို တိုက်ရိုက်ကျွံဝင်ကာ ပြိုကျပျက်စီးသွားစေခဲ့သည်။ ကောင်းကင်တာအို အမှတ်အသား၏ စွမ်းအားမြှင့်တင်မှုနှင့်အတူ တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ခွန်အားသည်လည်း မယုံနိုင်လောက်အောင် သန်မာအားကောင်းလာခဲ့သည်။ ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်တွင် ရှိနေသော အင်မော်တယ်သခင်ပိုင်ရွှမ်ကို သူ မသတ်ဖြတ်နိုင်သော်လည်း ထိန်းချုပ်ထားရန်မှာ ပြဿနာကြီးတစ်ရပ် မဟုတ်ချေ။
နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာပေ၏။ အင်မော်တယ်သခင်ပိုင်ရွှမ်၏ ပုံရိပ်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ကြည့်နေသော သူ၏အကြည့်များတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ့ရှေ့မှ ဤကောင်လေးသည် တာအိုနန်းတော်နယ်ပယ် အဆင့်ခုနစ် ကျင့်ကြံခြင်းဖြင့် သူ့ကို တိုက်ခိုက်နိုင်သလော။ ဤသည်မှာ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည့်စွမ်စအားပင်။ သို့သော် တစ်ဖက်လူ၏စွမ်းအားသည် ယာယီသာဖြစ်ကြောင်းကိုလည်း သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ပေ၏။ဤကာလကို သူ ခံနိုင်ရည်ရှိသရွေ့ တစ်ဖက်လူကို တိုက်ရိုက် ဖိနှိပ်နိုင်ပေလိမ့်မည်။
"အတူတူ တိုက်ခိုက်ကြစမ်း..."
အင်မော်တယ်သခင်ပိုင်ရွှမ်က ကြွင်းကျန်နေသော လူများကို ညွှန်ကြားလိုက်သည်။
"သူ့ရဲ့ခေါင်းကို ဖြတ်စမ်း... အဲ့ဒီ အရေးကြီးတဲ့ ပုဂ္ဂိုလ်ဆီကို တောင်းပန်ဖို့ ယူသွားရမယ်..."