အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း (၁၃၇) နောင်တရမိတယ်... တစ်ဖက်လူရဲ့ လေလုံးထွားမှုတွေကို ငါ မယုံသင့်ခဲ့ဘူး
တစ်ချိန်တည်းမှာပင် တုန်လှုပ်ချောက်ချား အင်မော်တယ်ကို လုံးလုံးလျားလျား မျက်ခြည်ပြတ်သွားခဲ့သော အင်မော်တယ်သခင်ပိုင်ရွှမ်သည် သူ ပျောက်ကွယ်သွားသည့် အရပ်ဆီသို့ ဦးတည်၍ ကျယ်လောင်စွာ ကျိန်ဆဲလိုက်၏။
"ငါယိုးမသား..."
"မင်းက ကြွားဝါရတာကို အရမ်းနှစ်သက်တာ မဟုတ်လား... ဘာလို့ ဆက်နေပြီးတော့ မတိုက်ခိုက်ရဲတာလဲ..."
"သောက်ခွေးကောင်... မင်းက ကြွားဝါပြီးတော့ မင်းရဲ့ ရှုပ်ထွေးမှုတွေကို ရှင်းလင်းဖို့ နောက်လိုက်တစ်အုပ်ကို ချန်ထားခဲ့တာလား... မင်းမှာ အရှက်မရှိဘူးလား..."
သို့သော် အင်မော်တယ်သခင်ပိုင်ရွှမ် မည်မျှပင် ကျိန်ဆဲစေကာမူ ကာလကြာရှည်ကတည်းက ထွက်ပြေးသွားခဲ့ပြီဖြစ်သော တုန်လှုပ်ချောက်ချား အင်မော်တယ်သည် မည်သည့်တုံ့ပြန်မှုမျှ မပေးခဲ့ချေ။
"ဘိုးဘေး... အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
သူ၏နံဘေးတွင်ရှိနေသော သစ်သားတစ်ထောင် မိသားစုမှ စွမ်းအားကြီးမားသော ကျင့်ကြံသူ တစ်ဦးက တုန်ယင်စွာဖြင့် ပြောဆိုလိုက်၏။
"အဲ့ဒီ တိရစ္ဆာန်လေးက ငါတို့ကို အဲ့ဒီဂုဏ်သရေရှိပုဂ္ဂိုလ်ကို စော်ကားမိအောင် လုပ်ခဲ့ပြီးပြီ..."
"အခု တရားခံက ထွက်ပြေးသွားပြီဆိုတော့ ငါတို့က အဲ့ဒီ ဂုဏ်သရေရှိပုဂ္ဂိုလ်ဆီမှာ ဘယ်လို တောင်းပန်ပြီး ရှင်းပြရမလဲ..."
ဤစကားကို ကြားသောအခါ အင်မော်တယ်သခင်ပိုင်ရွှမ်၏မျက်လုံးများ တောက်ပသွားပေ၏။
သူ၏ အကြည့်များသည် ဖိနှိပ်ခံထားရသော ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ အနည်းငယ်နှင့် လင်းလုံအပေါ်သို့ ကျရောက်သွားသည်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
"အင်မော်တယ် သခင်က ပြိုင်ဘက်ကင်းတယ်..."
"ဘယ်လိုလုပ် အင်မော်တယ်သခင်က ဒီလို သနားစရာကောင်းတဲ့ အခြေအနေနဲ့ ထွက်ပြေးနိုင်မှာလဲ... ငါတို့ကို သေဖို့ စွန့်ပစ်သွားတာလား..."
တစ်ဖက်လူများ၏ စိတ်ဓာတ်ကျနေသော အသွင်အပြင်ကို သူတို့ တွေ့မြင်လိုက်ရပြီး ထိုဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများသည် ထိုအသုံးမကျသော ကောင်လေးကို 'အင်မော်တယ် သခင်' ဟု မိုက်မဲစွာ ခေါ်ဆိုနေကြဆဲပင်။
အင်မော်တယ်သခင်ပိုင်ရွှမ်သည် သူ၏ မျက်လုံးများထဲတွင် နာကြည်းမှုနှင့် သနားညှာတာမှု အရိပ်အယောင်တစ်ခုကို ခံစားလိုက်ရသည်။
ထိုအသုံးမကျသော ကောင်လေး၏ လူများကို လှည့်စားနိုင်စွမ်းမှာ အမှန်တကယ်ကို မှတ်သားလောက်ဖွယ်ဖြစ်ကြောင်း သူ ဝန်ခံရပေမည်။
သူသည် လူများကို ခြေဆွံ့သွားအောင် လှည့်စားရုံတင် မက သူတို့ကို မျက်ကန်းဖြစ်သွားအောင်ပင် လှည့်စားခဲ့ပေ၏။
သူလို အသုံးမကျတဲ့သူ တစ်ယောက်က သူ့ကိုယ်သူ အင်မော်တယ် သခင်လို့ တကယ် ခေါ်ရဲတယ်ပေါ့လေ...
ဝက်မ တစ်ကောင် သစ်ပင်ပေါ် တက်နေတာက အဲ့ဒါထက် ပိုပြီးယုံကြည်နိုင်စရာ ကောင်းသေးတယ်...
"ဟမ့်... နင်တို့ သိပ်ပြီးကျေနပ်မနေနဲ့..."
နံဘေးရှိ လင်းလုံကမူ မည်သည့် ကြောက်ရွံ့မှုမျှ မပြသခဲ့ဘဲ တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
"အစ်ကိုကြီး တုန်လှုပ်ချောက်ချား အင်မော်တယ်က စစ်ကူသွားခေါ်ရုံပဲလို့ ပြောတယ်... သူက ကျွန်မကို ကယ်ဖို့ သေချာပေါက် လာလိမ့်မယ်..."
"တကယ်လို့ နင်တို့ ဒုက္ခမရောက်ချင်ဘူးဆိုရင် ငါတို့ကို မြန်မြန် လွှတ်ပေးဖို့ ငါ အကြံပေးချင်တယ်..."
လင်းလုံ၏ မိုက်မဲသော စကားများကို ကြားလိုက်ရသောအခါ အင်မော်တယ်သခင်ပိုင်ရွှမ်သည် 'အရူးတစ်ယောက်ကို ကြည့်နေသည့်' မျက်နှာအမူအရာမျိုး မပြခဲ့ရုံသာမက သူ၏ မျက်လုံးများသည် အံ့အားသင့်မှုများဖြင့် တောက်ပသွားတော့သည်။
အကယ်၍ တစ်ဖက်လူ၏ စကားများသာ အမှန်ဖြစ်ခဲ့မည်ဆိုပါက သူ တောင်းပန်ရန် အခွင့်အရေးတစ်ခု ရရှိမည် မဟုတ်လော...
အင်မော်တယ်သခင်ပိုင်ရွှမ်က အံ့တင်းတင်းကြိတ်ပြီး အမိန့်ပေးလိုက်၏။
"သွား... ဒီကောင်တွေကို တောင်ပေါ်ကို ခေါ်သွားစမ်း..."
"ငါတို့ ကိုယ်တိုင် ကောင်းကင်ဆေးဂိုဏ်းဆီကို သွားပြီး အဲ့ဒီ ဂုဏ်သရေရှိလူကြီးမင်းဆီမှာ တောင်းပန်မယ်..."
..........
တစ်ချိန်တည်းမှာပင်....
မရေမတွက်နိုင်သော မိုင်ပေါင်းများစွာ ဝေးကွာသည့်နေရာထိ ထွက်ပြေးပြီးနောက် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် လိုက်လံ ဖမ်းဆီးနေသော ချီစွမ်းအင်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားကြောင်းခံစားလိုက်ရသည်၏ နောက်ဆုံးတွင် သူသည် သက်ပြင်းရှည်ကြီးတစ်ခု ချနိုင်ခဲ့တော့သည်။
သို့သော် ထို့နောက်တွင် အလွန်အမင်း ဒေါသထွက်နေသည့် အမူအယာတစ်ခုက သူ၏ မျက်နှာပေါ်တွင် ထင်ဟပ်လာခဲ့သည်။
သူက လက်တစ်ဖက်ကို မြှောက်ကာ သူ၏ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်ကို ထိုးနှက်လိုက်၏။
"ကောင်းကင်ဆေးဂိုဏ်းက အဲ့ဒီ သေသင့်တဲ့ကောင်တွေ... ပြီးတော့ သစ်သားတစ်ထောင် မိသားစုက လူယုတ်မာတွေ..."
"မင်းတို့က ငါ့ကိုမျိုး ဒီလို အရှက်ခွဲရဲတယ်ပေါ့လေ... နောင်ကျရင် ဒီအရှက်ခွဲခံရမှုအတွက် အဆတစ်ရာလောက် ပြန်ပေးဆပ်ခိုင်းမယ်..."
အကယ်၍ သူသာ ဤဂိုဏ်းနှစ်ဂိုဏ်းကို အကြမ်းတမ်းဆုံး နည်းလမ်းများဖြင့် မျိုးဖြုတ်သတ်ဖြတ်နိုင်ခြင်း မရှိပါက သူ၏တာအိုနှလုံးသားသည် ဤအခက်အခဲကို ကျော်လွှားနိုင်မည် မဟုတ်ချေ။
"ပြီးတော့... လင်းလုံကိုလည်း အဲ့ဒီကောင်တွေက ကောင်းကင်ဆေးဂိုဏ်းဆီကို ခေါ်သွားတယ်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများ တောက်ပသွားလေ၏။
"ငါ လင်းလုံကိုကယ်ဖို့ အမြန်ဆုံး နည်းလမ်းရှာရမယ်..."
ဤသည်က လင်းလုံအပေါ် သူ၏ခံစားချက်များက အလွန်နက်ရှိုင်းနေ၍ မဟုတ်ပေ။
အမှန်အားဖြင့် သူ ထိုသို့ပြုလုပ်လိုခြင်းမှာ သူမ၏ အထူးရုပ်ခန္ဓာကိုယ်ကြောင့်ပင်။
ထိုအရာသည် မွေးရာပါ ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်တစ်ခု ဖြစ်ပြီး ပြိုင်ဘက်ကင်း အားဖြည့်ဆေးတစ်ခု ဖြစ်နေသည်။
အကယ်၍ သူသာ သူမကို ဆေးလုံးတစ်လုံးအဖြစ် ဖော်စပ်နိုင်မည်ဆိုပါက ထိုအရာက သူ၏ ခွန်အားကို ကြီးမားစွာ မြှင့်တင်ပေးနိုင်ရုံသာမက အံ့အားသင့်ဖွယ်ကောင်းသော တခြားအကျိုးကျေးဇူးများစွာကိုလည်း ယူဆောင်လာပေးပေလိမ့်မည်။
"ဒီလို ပြိုင်ဘက်ကင်း အားဖြည့်ဆေးမျိုးက တခြားလူတွေရဲ့လက်ထဲကို ဘယ်တော့မှ မကျရောက်စေရဘူး..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က တိုးညှင်းစွာ ရေရွတ်လိုက်ပြီး နတ်ဘုရားသက်တန့်တစ်ခုအဖြစ် အသွင်ပြောင်းကာ မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားသည်။
........
တစ်ချိန်တည်းမှာပင်.....
အင်မော်တယ်သခင်ပိုင်ရွှမ်၏ စောင့်ကြပ်မှုအောက်တွင် လင်းလုံတို့အုပ်စုသည် ကောင်းကင်ဆေးဂိုဏ်း၏ ပင်မခန်းမကြီးဆီသို့ အလျင်အမြန် ခေါ်ဆောင်သွားခြင်း ခံရသည်။
လမ်းတလျှောက်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူအနည်းငယ်သာမက အင်မော်တယ်သခင်ပိုင်ရွှမ်ပင်လျှင် ကောင်းကင်ဆေးဂိုဏ်း အတွင်းရှိ မမြင်နိုင်သော ဖိအားကြောင့် သူ၏နှလုံးသားထဲတွင် ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့၌ ကောင်းကင်ဆေးဂိုဏ်းသည် ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေခဲ့သည်။
ငှက်များ သားရဲများနှင့် အင်းဆက်ပိုးမွှားများ၏ အသံများပင် လုံးလုံးလျားလျား ရပ်တန့်နေပေ၏။
သူတို့၏အမြင်အာရုံအဆုံးရှိ ခမ်းနားကြီးကျယ်သော ပင်မခန်းမကြီးတစ်ခုပေါ်သို့ သူတို့၏အကြည့်များ နောက်ဆုံးတွင် ကျရောက်သွားသောအခါ သူတို့၏နှလုံးသားများ ပြင်းထန်စွာ တုန်ယင်သွားကြသည်။
ကောင်းကင်ဆေးဂိုဏ်း၏ မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံး ဤနေရာတွင် စုဝေးနေကြသော်လည်း လူတိုင်းက ခါးမတ်ပြီး ရိုသေလေးစားစွာ မတ်တတ်ရပ်နေကြ၏။
အကြီးအကဲများပင်လျှင် အပြင်ဘက်တွင် ရိုသေလေးစားစွာ စောင့်ကြပ်နေကြပြီး ပင်မခန်းမကြီးအတွင်းသို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီပုံရသည်။
"ဂလု..."
တံတွေးကို ပြင်းပြင်းမြိုချလိုက်ပြီးနောက် အင်မော်တယ်သခင်ပိုင်ရွှမ်သည် သူ၏နှလုံးသားထဲရှိ စိတ်ခံစားမှုများကို ခက်ခက်ခဲခဲ ဖိနှိပ်နိုင်ခဲ့သည်။
သူ၏ခြေလှမ်းများသည် ခဲဆွဲထားသကဲ့သို့ လေးလံနေပြီး ထိုလူအုပ်စုကို ပင်မခန်းမကြီး အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
သူ ခန်းမကြီးထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် အကြည့်များစွာက သူ့အပေါ် တပြိုင်နက်တည်း ကျရောက်လာပေ၏။
အထူးသဖြင့် အမြင့်ဆုံးနေရာရှိ ကန့်လန့်ကာနောက်တွင် ထိုင်နေသော တည်ရှိမှုပင်။ သူ၏ အကြည့်က ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စိုက်ကြည့်မှုအလား အင်မော်တယ်သခင်ပိုင်ရွှမ်၏စိတ်ဝိညာဉ် အနက်ရှိုင်းဆုံး နေရာသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားသည်။
"သခင်... သခင်... ဒီကောင်တွေက သခင့်ရဲ့ သာယာတဲ့ စိတ်အခြေအနေကို အနှောင့်အယှက်ပေးခဲ့တဲ့ အပြစ်သားတွေပါ..."
"သူတို့ကို ကျွန်တော် ဖမ်းချုပ်ထားပြီးပါပြီ... သခင် ဆုံးဖြတ်ချက်ချဖို့ သခင့်ဆီကို အပ်နှင်းပါတယ်..."
အင်မော်တယ်သခင်ပိုင်ရွှမ်သည် သူ၏ပုံမှန် မောက်မာမှုကို ဆုံးရှုံးနေခဲ့လေပြီ။
သူ၏အသံတွင် ရိုသေလေးစားမှု ရှိနေကာ အဆုံးမဲ့ ကြောက်ရွံ့မှုများဖြင့်လည်း ပြည့်နှက်နေည်။
အမြင့်ဆုံးနေရာတွင် ထိုင်နေသော ဂုဏ်သရေရှိ လူကြီးမင်းကို အမျက်ထွက်စေမည်ကို စိုးရိမ်သဖြင့် သူသည် သူ၏ခေါင်းကို အနည်းငယ်မျှပင် မမော့ရဲခဲ့ချေ။
"မင်းတို့က အဲ့ဒီကောင်ရဲ့ နောက်လိုက်တွေလား..."
ခုံးဝူတောက်သည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏နာမည်ကို တိုက်ရိုက်မပြောခဲ့ချေ။ ဤသည်က သူ မခေါ်ရဲ၍ မဟုတ်ဘဲ တုန်လှုပ်ချောက်ချားအင်မော်တယ်ကို ကြွားဝါခွင့် မပေးလို၍ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံတာအိုနယ်မြေရှိ လူတိုင်းသည် တုန်လှုပ်ချောက်ချား အင်မော်တယ် မည်သူမည်ဝါဖြစ်ကြောင်း သိထားကြသည်။
အကယ်၍ တုန်လှုပ်ချောက်ချား အင်မော်တယ်၏နာမည်သာ သူ၏ပါးစပ်မှ ထွက်လာမည်ဆိုပါက တစ်ဖက်လူသည် အလင်းကိုးဖြာ မဟာဧကရာဇ် ဖြစ်ကြောင်း သွယ်ဝိုက်သော နည်းလမ်းဖြင့် ဝန်ခံရာ မရောက်ပေဘူးလား။
သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ မင်းက ကြွားဝါချင်တာလား... မဖြစ်နိုင်ဘူး...
ခုံးဝူတောက်၏အသံသည် နှင်းခဲကဲ့သို့ အေးစက်နေပြီး အေးစိမ့်နေပြီးဖြစ်သော ပတ်ဝန်းကျင်ကို ပို၍ပင် အေးစက်သွားစေပေ၏။
အထူးသဖြင့် ယခင်က တုန်လှုပ်ချောက်ချား အင်မော်တယ်နောက်သို့ လိုက်ခဲ့ဖူးသော သူ၏နောက်လိုက်များပင်။ သူတို့၏ စိတ်များကို ကြီးမားစွာ ရိုက်ခတ်ခံလိုက်ရကာ သူတို့၏ ခန္ဓာကိုယ်များ မတုန်ယင်ဘဲ မနေနိုင်တော့ချေ။
"မဟုတ်ဘူး... သခင်ရဲ့ ဂုဏ်သရေရှိ နာမည်ကို ကျွန်တော် သိခွင့်ရမလား..."
ခေါင်းဆောင်ဖြစ်သော ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူ၏အသံ တုန်ယင်နေသည်။
ဤမေးခွန်းကို မေးရန်အတွက် သူ၏ခွန်အား အားလုံးနီးပါးကို သူ အသုံးပြုခဲ့ရသည်။
သူ အသက်ရှင်ကျန်ရစ်မည် မဟုတ်ကြောင်း သူ သိထားပေ၏။
သို့ရာတွင် ဤအခိုက်အတန့်၌ သူ၏စူးစမ်းလိုစိတ်က ကြောက်ရွံ့မှုကို လွှမ်းမိုးသွားခဲ့သည်။
ဤကဲ့သို့ ခမ်းနားကြီးကျယ်သော ဟန်ပန်ကို မည်ကဲ့သို့လူမျိုးက ပိုင်ဆိုင်နိုင်သည်ကို သူ သိချင်နေခဲ့သည်။
သူ စိတ်ကူးထားသည့် ပုဂ္ဂိုလ် အမှန်တကယ် ဖြစ်နေနိုင်သလော...
"ငါ့အထင်တော့ မင်းတို့ ပြောတဲ့ အင်မော်တယ် သခင်ဆီကနေ အဲ့ဒါကို မင်းတို့ ကြားဖူးလောက်မှာပါ..."
မြင့်မားသော ပလ္လင်ပေါ်တွင် ထိုင်နေသော ပုံရိပ်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး လှေကားထစ်များမှ တဖြည်းဖြည်း ဆင်းလာခဲ့သည်။
ထိုလူများသည် တစ်ဖက်လူ၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးသူငယ်အိမ်များက ချက်ချင်းပင် အပ်တစ်ချောင်းအလား ကျဉ်းမြောင်းသွားပြီး သူတို့သည် ရွှံ့ရုပ်များကဲ့သို့ အေးခဲတောင့်တင်းသွားပေ၏။
"ငါက မင်းတို့ရဲ့ အင်မော်တယ် သခင် ရန်သူလို့ သတ်မှတ်ထားတဲ့ ခုံးဝူတောက်ပဲ..."
ထိုလူအနည်းငယ်၏စိတ်များ လုံးလုံးလျားလျား ပေါက်ကွဲသွားပြီး ဗလာဟင်းလင်းဖြစ်ကာ တုန်ခါသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသည့်အရာမှာ ခုံးဝူတောက်ထံမှ ထွက်ပေါ်လာသော မမြင်နိုင်သည့် ဖိအားကြောင့် နတ်ဘုရားတစ်ပါး၏ ရိုက်ခတ်မှုကို ခံရသကဲ့သို့ သူတို့ကို ခံစားရစေခြင်းသက်သက်ကြောင့် မဟုတ်ချေ။
ကြောက်မက်ဖွယ် အကောင်းဆုံးအရာမှာ သူတို့၏ အင်မော်တယ်သခင်က သူ့အပေါ် ရန်လိုမှု ရှိနေကြောင်းကို တစ်ဖက်လူက မည်သို့သိရှိရသနည်း ဆိုခြင်းပင်။
ဤသည်မှာ သူတို့ ရှောင်ယောင် မဟာမိတ်အဖွဲ့၏ လျှို့ဝှက်ချက်တစ်ခုပင်။
လွှမ်းခြုံလာသော ကြောက်ရွံ့မှုများ သူတို့၏ နှလုံးသား အနက်ရှိုင်းဆုံး နေရာမှ ပေါ်ထွက်လာပြီး သူတို့၏ခန္ဓာကိုယ်များသည် အနက်ရှိုင်းဆုံး ရေခဲလှိုဏ်ဂူကြီးထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူတို့၏အင်မော်တယ်သခင်နှင့် ခုံးဝူတောက်တို့သည် အင်အားခြင်းတူညီသည် သို့မဟုတ် သူတို့၏ အင်မော်တယ် သခင်က အနည်းငယ် သာလွန်သည်ဟုပင် ယခင်က သူတို့ အမြဲတစေ တွေးထင်ခဲ့ကြသည်။
ယခု ကြည့်ရသည်မှာ သူတို့သည် လုံးလုံးလျားလျား မျက်ကန်းဖြစ်ပြီး ဦးနှောက်မဲ့နေခဲ့ခြင်း ဖြစ်ပုံရသည်။
ဒါက ဘယ်လိုလုပ် အင်အားတူညီတာ ဖြစ်နိုင်မှာလဲ....
အရာအားလုံးသည် ခုံးဝူတောက်၏ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ သူတို့ ခံစားလိုက်ရသည်။
ထိုကဲ့သို့သော လူမျိုးကို ဆန့်ကျင်ရန်မှာ...
အကယ်၍ တုန်လှုပ်ချောက်ချား အင်မော်တယ်သာ ပြီးပြည့်စုံသော အလောင်းတစ်ခုကို ချန်ထားခဲ့နိုင်မည်ဆိုပါက ထိုအရာသည် သူ၏ ဘိုးဘေးများထံမှ ကောင်းချီးတစ်ခု ဖြစ်ပေလိမ့်မည်။
သူတို့သည်လည်း အလွန်အမင်း နောင်တရနေခဲ့ကြ၏။
မည်သည်ကြောင့် တစ်ဖက်လူ၏ ကြီးမားသော ကတိများကို သူတို့ ယုံကြည်ခဲ့ကြသနည်း....
ထို့ပြင် နတ်ဘုရားသားတော် ခုံးဝူတောက်၏ ဆန့်ကျင်ဘက်၌ သူတို့ မည်သည်ကြောင့် ရပ်တည်ခဲ့ကြသနည်း...
လူများကို လှည့်စားရန်သာသိသည့် ထိုလူယုတ်မာက အမှန်တကယ်ကို သေသင့်သည်။
အခန်း (၁၃၈) အရာအားလုံးက ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်... စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုတွေကို ဖျက်ဆီးပစ်မယ်
ထိုလူအုပ်စုသည် မျှော်လင့်ချက်မဲ့မှုကို ခံစားနေရစဉ်မှာပင်...
သာလွန်ထူးကဲပြီး နူးညံ့သော အသံတစ်ခု မထင်မှတ်ဘဲ ပဲ့တင်ထပ်လာခဲ့သည်။
"ဟွန့်... ဒါဆိုရင် ရှင်က အဲ့ဒီ ရူးသွပ်နေတဲ့ နတ်မိစ္ဆာပေါ့..."
သူမထံ၌ သေးငယ်သော ခန္ဓာကိုယ် အရွယ်အစား ရှိသော်လည်း လင်းလုံက အားပါသော အော်ဟစ်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။
"ရှင် မောက်မာမနေနဲ့... အစ်ကိုယောင်ရှန်းက ကျွန်မကို လာကယ်မယ်လို့ ပြောခဲ့တယ်... ပြီးတော့ သူက ရှင့်ကို သေချာပေါက် သတ်လိမ့်မယ်..."
ဝှစ်...
ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော အကြည့်များက လင်းလုံအပေါ်သို့ ကျရောက်လာပေ၏။
ခန်းမကြီးတစ်ခုလုံးကို ပြည့်နှက်နေသော မမြင်နိုင်သည့် ဖိအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
အထူးသဖြင့် လင်းလုံ၏နံဘေးတွင် ရပ်နေသော ဟင်းလင်းပြင်သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူ အနည်းငယ်ဖြစ်ပြီး သူတို့၏မျက်နှာများ ရုတ်တရက် ဖြူရော်သွားတော့သည်။
အရပ်မျက်နှာအဘက်ဘက်မှ ပျံ့လွင့်လာသော မရေမတွက်နိုင်သည့် အကြည့်များတွင် အဆုံးမဲ့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး သူတို့ကို အမှုန့်ကြိတ်ပစ်ချင်နေသည့်အလားပင်။
မဟုတ်ဘူး...
ဒီကောင်မလေး ဦးနှောက် ပျက်နေတာလား။
တုန်လှုပ်ချောက်ချားအင်မော်တယ်သည် သူတို့ကို စွန့်ပစ်၍ ထွက်ပြေးသွားခဲ့ပြီးဖြစ်သည်။
ယခုအချိန်၌ သူတို့သည် သစ်သားစဉ်းတီတုံးပေါ်က ငါးများကဲ့သို့ လုံးလုံးလျားလျား ဖြစ်နေကြလေပြီ။
ဒီအရူးမက ခုံးဝူတောက်ကို ပိုပြီး ဒေါသထွက်အောင် လုပ်နေတာလား...
သူတို့၏သေဆုံးမှုသည် လုံလောက်အောင် မဆိုးရွားသေးဟု သူမ တွေးထင်နေသဖြင့် ပို၍ဆိုးရွားအောင် လုပ်ချင်နေသလော...
"နတ်ဘုရားသားတော်အရှင်ရဲ့ရှေ့မှာ မင်းက ဒီလောက်တောင် ရဲတင်းရဲတယ်ပေါ့လေ..."
ခုံးဝူတောက်၏နံဘေးတွင် မတ်တတ်ရပ်နေသော ဧကရာဇ်သားတော်များနှင့် သမီးတော်များတွင် မှုန်ကုပ်နေသော မျက်နှာအမူအရာများ ရှိနေကြ၏။
သူတို့သည် ဤထိန်းချုပ်မှုမရှိသော ကောင်မလေးကို ချက်ချင်းဆွဲဖြဲပစ်လိုကြသည်။
ခုံးဝူတောက်က ဝင်မစွက်ဖက်ရန် အချက်ပြကာ သူ၏လက်ကို မြှောက်လိုက်ပြီး လင်းလုံကို ကျီစယ်နောက်ပြောင်လိုသော အကြည့်ဖြင့် အကဲခတ်လိုက်သည်။
ကောင်းကင်ဆေးဂိုဏ်းသို့ မလာရောက်မီ တုန်လှုပ်ချောက်ချားအင်မော်တယ် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို သူ မျက်မြင်တွေ့ရှိခဲ့ပြီး ဖြစ်သည်။
သဘာဝကျကျပင် လင်းလုံ၏ အဆင့်အတန်းကိုလည်း သူ သိထားပေ၏။
မွေးရာပါသစ်ပင်စိတ်ဝိညာဉ်...
ထိုအရာသည် ပြိုင်ဘက်ကင်း မဟာ အားဖြည့်ဆေးတစ်ခု ဖော်စပ်ရန်အတွက် အဓိကပါဝင်ပစ္စည်းတစ်ခုပင်။
ထို့ပြင် လင်းလုံ၏အစစ်အမှန်ခန္ဓာကိုယ်မှာ နေလအပြစ်အနာအဆာမဲ့ အင်မော်တယ်သစ်ပင်တစ်ပင် ဖြစ်ပုံရသည်။
ထိုကဲ့သို့ နတ်ဘုရားသစ်ပင်တစ်ပင်မှ ဖြစ်ပေါ်လာသည့် ထုတ်ကုန်တစ်ခုသည် သာမန် ပြိုင်ဘက်ကင်း မဟာအားဖြည့်ဆေးတစ်မျိုးထက် များစွာပို၍တန်ဖိုးကြီးသည်။
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အမှန်တကယ်ကို လူကောင်းတစ်ယောက် ဖြစ်ကြောင်း သူ ဝန်ခံရပေမည်။
အလွန်ဝေးကွာသောနေရာမှပင် သူ့အတွက် ထိုကဲ့သို့ ကြီးမားသည့် ရတနာသိုက်ကြီးတစ်ခုကို သီးသန့်ပေးပို့ခဲ့ပေ၏။
ခုံးဝူတောက်က လင်းလုံကို စူးစမ်းအကဲခတ်နေစဉ်မှာပင်....
လင်းလုံသည်လည်း ခုံးဝူတောက်၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
ရုပ်ရည်သွင်ပြင်အရဆိုလျှင် အချက်တစ်ချက်ကို သူမ ဝန်ခံရပေမည်။
ခုံးဝူတောက်သည် အမှန်တကယ်ကို အပြစ်အနာအဆာကင်းစွာ ချောမောခန့်ညားပြီး ပြီးပြည့်စုံနေပေ၏။
သို့သော် သူမ၏အစ်ကိုယောင်ရှန်းနှင့် နှိုင်းယှဉ်ပါက ခုံးဝူတောက်သည် များစွာလိုအပ်နေဆဲပင်။
သူမ၏အစ်ကိုယောင်ရှန်းကသာ အစစ်အမှန် လူသားသူတော်ကောင်းတစ်ယောက် ဖြစ်သည်။
"ဟား ဟား ဟား... ငါ့ကို သတ်မယ်ပေါ့..."
ခုံးဝူတောက်က ခေါင်းခါယမ်းပြီး ရယ်မောလိုက်သည်။
သူ၏မျက်လုံးများထဲရှိ မထီမဲ့မြင်ပြုမှုများက ဖုံးကွယ်ထား၍ မရနိုင်တော့ဘဲ အလွန် ရယ်စရာကောင်းသော ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလားပင်။
"မင်းရဲ့ အဲ့ဒီအသုံးမကျတဲ့ အစ်ကိုကြီးနဲ့လား..."
နောက်တခဏတွင်....
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က ခုံးဝူတောက်၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်တစ်ခုလုံးသည် ဤစွမ်းအားကြောင့် လုံးလုံးလျားလျား တောင့်တင်းအေးခဲသွားတော့သည်။
ခန်းမကြီးထဲရှိ လူတိုင်းသည် သူတို့၏သွေးများ အေးခဲသွားသည်ကိုသာ ခံစားလိုက်ရပြီး မရေမတွက်နိုင်သော ရှေးဟောင်းတောင်တန်းကြီးများ သူတို့၏ခေါင်းပေါ်သို့ သက်ရောက်နေသည့်အလားပင်။
ခုံးဝူတောက်၏အတွေး အနည်းငယ် လှုပ်ရှားလိုက်သည်နှင့်...
သူတို့၏ခေါင်းပေါ်တွင် လွင့်မျောနေသော ရှေးဟောင်းတောင်တန်းကြီးများ ပြိုကျလာပြီး သူတို့ကို ကျယ်ပြန့်သော သွေးမြူတိမ်တိုက်များအဖြစ် အမှုန့်ကြိတ်ပစ်လိုက်မည်ဟု ထင်ရသည်။
"နတ်ဘုရားသားတော်အရှင်... ကျွန်တော်တို့ကို ချမ်းသာပေးပါ..."
ကြောက်မက်ဖွယ်ကောင်းသော ဖိအား၏ အလယ်ဗဟိုတွင် သက်ရောက်မှုခံလိုက်ရသော တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နောက်လိုက် အနည်းငယ်သည် မြေပြင်ပေါ်တွင် လုံးလုံးလျားလျား ဝပ်တွားနေကြလေပြီ။
အသနားခံနေစဉ်မှာပင် လင်းလုံအပေါ် သူတို့၏ မုန်းတီးမှုများ ပို၍ပြင်းထန်လာခဲ့သည်။
အကယ်၍ ဤအရူးမကသာ ခုံးဝူတောက်ကို ရန်စရန် ခေါင်းမမာခဲ့ပါက သူတို့သည် ဤကဲ့သို့နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရမည်လော....
အလားတူပင် တုန်လှုပ်ချောက်ချား အင်မော်တယ်အပေါ် သူတို့၏ ယခင်သစ္စာရှိမှုများသည်လည်း လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပြီ။
သူတို့သည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ခြေထောက်ကို ဖက်တွယ်ခဲ့ခြင်းမှာ ချမ်းသာကြွယ်ဝပြီး လျှင်မြန်စွာ အမြင့်တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ဖြင့်ပင်။
ခုံးဝူတောက်ကို ဆန့်ကျင်ပြီး သူတို့ သေလမ်းရှာသည်အထိ မိုက်မဲနေရန် မဟုတ်ချေ။
လင်းလုံသည် မကြာသေးမီကမှ လူသားပုံစံအဖြစ် အသွင်ပြောင်းခဲ့ခြင်း ဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းမှာ ဟင်းလင်းပြင်သန့်စင်ခြင်းနယ်ပယ်တွင်သာ ရှိနေသည်။
ခုံးဝူတောက်က ဖိအားအနည်းငယ်မျှသာ ထုတ်လွှတ်လိုက်လျှင်ပင်....
ထိုအရာက သူမကို မြေပြင်ပေါ်သို့ လုံးလုံးလျားလျား ဖိနှိပ်ထားရန် လုံလောက်နေပြီး သူမ၏အမြင်အာရုံကို ဝေဝါးသွားစေကာ သူမကို အသက်ရှူမဝ ဖြစ်သွားစေခဲ့သည်။
သို့သော် ထိုသို့ဖြစ်သည့်တိုင်....
သူမ၏ ဖြူစင်သော ကယ်တင်ရှင်အဖြစ် သူမ သတ်မှတ်ထားသော အစ်ကိုကြီးကို ခုံးဝူတောက် စော်ကားနေသည်ကို ကြားလိုက်ရသောအခါ လင်းလုံထံ၌ ဒေါသများဖြင့် ပြည့်နှက်နေဆဲပင်။
"ရှင်... ရှင်... ရူးသွပ်နေတဲ့ နတ်မိစ္ဆာကောင်..."
"ကျွန်မကို ရှင် သတ်လိုက်ရင်တောင် ဘာဖြစ်လဲ..."
"အစ်ကိုယောင်ရှန်းက ကျွန်မအတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်..."
မွေးရာပါသစ်ပင်စိတ်ဝိညာဉ် တစ်ခုအနေဖြင့် လင်းလုံသည် နာကျင်မှုကို မခံစားတတ်ချေ။
ထို့ပြင် လင်းလုံ၏အမြင်အရ သူမ၏အသက်ကို တုန်လှုပ်ချောက်ချား အင်မော်တယ်က ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
သူမ မသေဆုံးမီ သူမ၏အစ်ကိုကြီး မုန်းတီးသော ရန်သူကို ရွံရှာစက်ဆုပ်ဖွယ် ဖြစ်အောင် လုပ်နိုင်ခြင်းက သူမအတွက် အရှုံးမရှိချေ။
ခုံးဝူတောက်သည် တစ်ဖက်လူ၏ အသုံးမကျသော ဒေါသကို ဂရုမစိုက်ခဲ့ပေ။
သူက သူ၏လက်များကို နောက်ပစ်ပြီး လင်းလုံထံသို့ ဖြည်းညင်းစွာ ချဥ်းကပ်သွားလိုက်၏။
သူသည် တစ်ဖက်လူ ဘာတွေးနေသည်ကို သိမြင်နိုင်စွမ်း ရှိပုံရပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းများတွင် ကွေးတက်သွားသည်။
သူ၏အာရုံခံနိုင်စွမ်းတွင် လင်းလုံ၏ခန္ဓာကိုယ်အတွင်း၌ တုန်လှုပ်ချောက်ချား အင်မော်တယ်နှင့် သက်ဆိုင်သော နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားတစ်ခု ရှိနေသည်။
ဖြစ်နိုင်သည်မှာ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ယခု ဖြစ်ပျက်နေသမျှ အရာအားလုံးကို မျက်မြင်တွေ့ရှိနေခြင်းပင်။
အကယ်၍ ဤကိစ္စ၏တန်ဖိုးကို သူ အမြင့်ဆုံးအထိ အသုံးချမချနိုင်ပါက....
တုန်လှုပ်ချောက်ချား အင်မော်တယ်ထံမှ နောက်ထပ် သိုးမွှေးအနည်းငယ်မျှ မညှပ်ယူလိုက်ရခြင်းက နှမြောစရာကောင်းမည် မဟုတ်ပါလော။
ထို့ပြင် ဤကောင်မလေးတွင် ခိုင်မာသော ကိုယ်ရည်ကိုယ်သွေးတစ်ခု ရှိကြောင်းကို သူ ပြောနိုင်သည်။
အကယ်၍ သူမကို အရမ်း ဖိအားပေးမည်ဆိုပါက သူမသည် သူမ၏မူလအစကို တိုက်ရိုက်ဖျက်ဆီးပစ်ပေလိမ့်မည်။
ထိုအရာက ဤကဲ့သို့ ပြိုင်ဘက်ကင်း မဟာ အားဖြည့်ဆေးတစ်ခုကို လက်လွတ်ဆုံးရှုံးလိုက်ရခြင်းဟု ဆိုလိုသည်။
ထို့ကြောင့် နောက်တစ်ဆင့်မှာ သူမ၏စိတ်ဓာတ်ကို အရင်ဆုံး ချိုးနှိမ်ရန်အတွက် သူ နည်းလမ်းရှာရန်ပင်။
တုန်လှုပ်ချောက်ချား အင်မော်တယ်အပေါ် သူမ၏ယုံကြည်မှုကို လုံးလုံးလျားလျား ဆုံးရှုံးသွားစေရန်နှင့် ခုခံလိုစိတ်ကို ဆုံးရှုံးသွားစေရန် ဖြစ်ပေ၏။
ခုံးဝူတောက်က သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ညှိုးကို ညင်သာစွာ ကွေးလိုက်သည်။
မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသော လင်းလုံသည် မမြင်နိုင်သော လက်ကြီးတစ်ဖက်၏ လည်ပင်းညှစ်ခြင်းကို ခံလိုက်ရသည်။
သူမသည် ခုံးဝူတောက်၏ရှေ့တွင် တိုက်ရိုက်မြှောက်တင်ခြင်း ခံလိုက်ရတော့သည်။
"တကယ်ကို... မင်းတို့လို အသစ်ဖွဲ့စည်းထားတဲ့ သစ်ပင်စိတ်ဝိညာဉ်တွေက အရူးတွေလို ရိုးအကြတာပဲ..."
"မင်းက လှည့်စားခံလိုက်ရတာတောင် လူကောင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ ထင်နေတာလား..."
ခုံးဝူတောက်က အချက်ကျကျ ပြောလိုက်ပြီး သူ၏ အနည်းငယ် လှောင်ပြောင်လိုသော စကားများမှာ အလွန်ပြည့်စုံလုံလောက်နေသည်။
"ရှင်... ရှင် ဘာပြောလိုက်တာလဲ..."
လင်းလုံ၏အာရုံစိုက်မှုသည် လုံးလုံးလျားလျား ဖမ်းစားခြင်း ခံလိုက်ရပေ၏။
သူမ၏လည်ပင်းရှိ အသက်ရှူမဝသော ခံစားချက်ကိုပင် သူမ လျစ်လျူရှုလိုက်ပြီး သူမ၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားကာ သူမက အနည်းငယ် အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးနေပုံရသည်။
သို့သော် အလွန်လျှင်မြန်စွာဖြင့် သူမ၏မျက်လုံးအတွင်းတွင် ဒေါသနှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အရိပ်အယောင်များက အစားထိုးသွားတော့သည်။
သူမ၏ရှေ့က ဤကောင်စုတ်သည် သူမနှင့်အစ်ကိုယောင်ရှန်းကြား၌ သွေးခွဲရန် တမင်သက်သက် ကြိုးစားနေခြင်း ဖြစ်ပေမည်။
ထို့ကြောင့် သူသည် ဤကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကို ပြောနေခြင်းပင်။
"ကြည့်ရတာတော့ မင်းနဲ့ မင်းပြောတဲ့ အဲ့ဒီ အစ်ကိုယောင်ရှန်းဆိုတာက မကြာသေးခင်ကမှ တွေ့ဖူးတာပဲ မဟုတ်လား..."
ခုံးဝူတောက်က အလျင်စလိုမရှိဘဲ နောက်တစ်ကြိမ် ရယ်မောလိုက်၏။
"သူ့အပေါ် မင်းရဲ့ ခံစားချက်တွေက နက်ရှိုင်းနေလို့... သူက မင်းကို ကယ်ဖို့ သေချာပေါက် လာမယ်လို့ မင်း တကယ်ကြီး ထင်နေတာလား..."
လင်းလုံ အနည်းငယ် တွေဝေသွားသည်။
ခုံးဝူတောက် ပြောခဲ့သည်မှာ အမှန်ပင်။
သူမနှင့် တုန်လှုပ်ချောက်ချား အင်မော်တယ်တို့သည် တစ်ရက်တည်းသာ သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။
တုန်လှုပ်ချောက်ချား အင်မော်တယ်အပေါ် ဤမျှ နက်ရှိုင်းသော ခံစားချက်များ သူမထံ၌ ရှိနေရသည့် အကြောင်းအရင်းမှာ....
အဓိကအားဖြင့် သူမ အကျပ်အတည်း အခြေအနေတွင် ရှိနေစဉ်...
သူက ရှေ့ထွက်လာပြီး အန္တရာယ်မှ သူမကို ကယ်တင်ခဲ့သောကြောင့်ပင်။
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ တရားမျှတပြီး ကိုယ်ကျိုးမဖက်သော စကားများနှင့် သူမကို လက်ခံရန် သူ၏ဆန္ဒတို့နှင့် ပေါင်းစပ်လိုက်သောအခါ ထိုအရာက သူမ၏ နှလုံးသားကို ကြီးမားစွာ ဖမ်းစားနိုင်ခဲ့သည်။
ထို့ပြင် တုန်လှုပ်ချောက်ချား အင်မော်တယ်က နောက်ပိုင်းတွင် သူ၏ဘဝဇာတ်ကြောင်းကို အကျဉ်းချုပ် ပြောပြခဲ့သေးသည် မဟုတ်လော....
ခုံးဝူတောက်ကို ခွင့်မလွှတ်နိုင်သော နတ်မိစ္ဆာ တစ်ကောင်အဖြစ် ပုံဖော်ပြီး သူ့ကိုယ်သူ အမှောင်ထုကို ဆန့်ကျင်နေသည့် သူရဲကောင်း တစ်ဦးအဖြစ် ပုံဖော်ခဲ့လေ၏။
ဤအရာကလည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ သူမ၏စိတ်နှလုံးသားထဲမှ နေရာကို ပို၍ပင် မြင့်မြတ်ပြီး ခမ်းနားကြီးကျယ်လာစေခဲ့သည်။
ဒါပေမယ့် အဲ့ဒါက ဘာအရေးကြီးလို့လဲ...
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် တမင်သက်သက်ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ သူသည် သူမ၏နှလုံးသားထဲတွင် အပြည့်စုံဆုံး အစ်ကိုကြီးပင်။
ခုံးဝူတောက်က သွေးခွဲချင်နေတာလား...
စိတ်ကူးယဉ်နေတာပဲ....
တစ်ဖက်လူ စကားမပြောနိုင်မီမှာပင် ခုံးဝူတောက်က လင်းလုံ၏နားအနီးသို့ တိုးကပ်သွားကာ သူက တီးတိုးပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဘာကနေ အသွင်ပြောင်းလာခဲ့တာလဲ ဆိုတာ မမေ့နဲ့အုံး..."
"ကျင့်ကြံသူတွေအားလုံးက မင်းကို ပြိုင်ဘက်ကင်း မဟာအားဖြည့်ဆေးတစ်ခုအဖြစ် ဖော်စပ်နိုင်တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်မြတ်ဆုံး ရတနာတစ်ခုအနေနဲ့ သတ်မှတ်ထားကြတာ..."
"မင်း ထင်လား..."
"မင်း တစ်ရက်တည်း သိခဲ့တဲ့ မင်းရဲ့အစ်ကိုကောင်းက မင်းအပေါ် လျှို့ဝှက် ရည်ရွယ်ချက်တွေများ ရှိနေမလား... ပြီးတော့ သူက မင်းကို ဘယ်လိုများ သဘောထားမလဲ..."
"ပြီးတော့ အရင်က သူ လုပ်ခဲ့သမျှ အရာအားလုံးက မင်းရဲ့နှလုံးသားထဲမှာ ပြီးပြည့်စုံတဲ့ ပုံရိပ်တစ်ခု ချန်ထားခဲ့ဖို့ သက်သက်များလား..."