အခန်း (၃၄၁-၃၄၂)
Vol. 35 Ch. 341-342
အခန်း (၃၄၁) - ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်၏ ပထမဆုံးသော ရွှေခေတ်(၁)
ယဲ့ချူသည် သိုင်းပညာရပ်များတွင်သာမက သူ၏ ပါရမီစွမ်းရည်ကြောင့် ဝိညာဉ်စွမ်းအင် လျှို့ဝှက်နည်းပညာများကိုပါ မှတ်သားထားနိုင်စွမ်း ရှိပေသည်။
ထို့အပြင် သူ၏ မွေးရာပါ မူလစိတ်ဝိညာဉ်ကြောင့် ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုများကလည်း အလွန်တရာ အစွမ်းထက်လှပြီး ဝိညာဉ်စွမ်းအင် ဖိအားများကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိစေရန် ကူညီပေးနိုင်ပေသည်။
ဤသည်မှာလည်း ဝိညာဉ်သခင်မျှော်စင်၏ သတ္တမထပ်သို့ သူ ရောက်ရှိနိုင်ခဲ့ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
သူသည် သိုင်းပညာရပ်တွင်ရော ဝိညာဉ်သခင်တစ်ဦးအဖြစ်ပါ ထူးချွန်သူတစ်ဦး ဖြစ်ပေသည်။
ဝူယွမ်သည် သူ မြင်တွေ့နေရသောအရာများကို ပို၍ပို၍ သဘောကျလာတော့သည်။
သတ္တမထပ်၏ စွမ်းအင်အတားအဆီးကို ထိုးဖောက်နိုင်ခြင်းကပင် သူတို့၏စွမ်းအားကို သက်သေပြနေပြီဖြစ်သည်။
ဝူယွမ်၏ လုပ်ရပ်များသည် သူတို့ထက် များစွာအစွမ်းထက်သော ပြိုင်ဘက်များကို ရင်ဆိုင်ရချိန်တွင် သူတို့အနေဖြင့် ဉာဏ်ပညာရှိရှိနှင့် တည်ငြိမ်အေးဆေးစွာ ရပ်တည်နိုင်စွမ်း ရှိမရှိဆိုသည်ကို စောင့်ကြည့်ရန်သာ ရည်ရွယ်ပေသည်။
သူတို့၏ လက်ရှိ စွမ်းဆောင်ရည်များအရ ရှောင်လင်နှင့် ယဲ့ချူတို့ နှစ်ဦးစလုံးသည် ရှင်းလင်းပြတ်သားသော စိတ်နေစိတ်ထား ရှိသူများဖြစ်ကြောင်း သိသာလှပေသည်။
သိုင်းပညာလမ်းစဉ်အပေါ်တွင် သူတို့၏ ထိတ်ဆုံးအထိ လျှောက်လှမ်းလိုစိတ်က မယုံနိုင်လောက်အောင် ခိုင်မာပြတ်သားလှသည်။
အထွတ်အမြတ်ထားရသော သူတော်စင်သခင်ကို ရင်ဆိုင်ရချိန်တွင်ပင် သူတို့သည် နောက်ဆုတ်သွားခြင်း မရှိဘဲ သူတော်စင်သခင်ကို မည်သို့ အနိုင်ယူရမည်ကိုသာ တွေးတောနေခဲ့ကြသည်။
ဤကဲ့သို့သော စိတ်နေသဘောထားမျိုးက အစွမ်းထက်သူတစ်ဦး၏ အခြေခံ နှလုံးသားကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း ပြသနေပေသည်။ တောင်ထိပ်သို့ ရောက်ရှိလိုသော သူတို့၏ ပြင်းပြသည့် ရည်မှန်းချက်များက မျက်ဝန်းအိမ်များတွင် တောက်လောင်နေသည်။
အကဲစမ်း တိုက်ခိုက်မှု အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် ဝူယွမ်သည် ယဲ့ချူပိုင်ဆိုင်သော မူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသား၏ အကျိုးသက်ရောက်မှု အားလုံးကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။
မူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသား၏ လုပ်ဆောင်ချက်က သူနားလည်ထားသည်များကို အသစ်တစ်ဖန် ပြောင်းလဲသွားစေခဲ့သည်။ ၎င်းသည် သိုင်းပညာကျင့်ကြံရာတွင် အကြီးမားဆုံးသော လှည့်ကွက်တစ်ခုနှင့်ပင် တူပေသည်။
အဘယ်ကြောင့်ဆိုသော် မူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသားထဲသို့ မှတ်သားထားသော သိုင်းပညာရပ်များသည် အမြဲတမ်း တည်ရှိနေမည့် မှတ်ဉာဏ်တစ်ခု ဖြစ်သွားသောကြောင့်ပင်။
သင်ယူထားသော သိုင်းပညာရပ်များကို အမှတ်အသားတစ်ခုအဖြစ် ဖန်တီးလိုက်ခြင်းပင်။
ဤသည်မှာ သင်ယူမှုတွင် တစ်ခါကြည့်ရုံဖြင့် မှတ်မိနိုင်သော စွမ်းရည်ရှိခြင်းနှင့် တူပေသည်။ တစ်ကြိမ်သင်ယူပြီးသည်နှင့် မေ့သွားခြင်း မရှိတော့ဘဲ လိုအပ်ချိန်တွင် ချက်ချင်းအသုံးပြုနိုင်ပေသည်။
ထို့အပြင် သိုင်းပညာရပ်များကို အသုံးပြုချိန်တွင် မူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသားသည် ကောင်းကင်နှင့် မြေကြီးနှင့် ချိတ်ဆက်နိုင်ပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ ယွမ်စွမ်းအင်များကို အသုံးပြုနိုင်သဖြင့် မိမိ၏ ကိုယ်ပိုင် ယွမ်စွမ်းအင်ကုန်ဆုံးမှုကို များစွာ လျှော့ချပေးနိုင်ပေသည်။
ဥပမာအားဖြင့် တူညီသော သိုင်းပညာရပ်တစ်ခုကို အခြားသူများက တစ်မိနစ်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
သို့သော် မူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသားကို ပိုင်ဆိုင်ထားသော ယဲ့ချူကမူ ၎င်းကို တစ်မိနစ်အတွင်း အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်ပေသည်။
တိုက်ပွဲအတွင်း၌ ဤအချက်က မယုံနိုင်လောက်အောင် လက်တွေ့ကျလှပေသည်။
ဝူယွမ်က ဤပါရမီစွမ်းရည်ကို သူကိုယ်တိုင် အသုံးပြုနိုင်ခြင်း ရှိမရှိ သိရှိရန် လေ့လာသုတေသနပြုလုပ်ဖို့ရာ စီစဉ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ ကစဉ်ကလျားသန္ဓေသားသည်လည်း အလွန်တရာ အစွမ်းထက်လှပြီး လုပ်ဆောင်ချက်များစွာ ပါဝင်နေသည် မဟုတ်လော။
“မင်းတို့နှစ်ယောက် ငါ့ကို ဆရာအဖြစ် လက်ခံဖို့ဆန္ဒရှိလား”
စမ်းသပ်မှု ပြီးဆုံးသွားပြီးနောက် ဝူယွမ်က ရှောင်လင်နှင့် ယဲ့ချူတို့ကို တောင်ကောင်းကင်မြို့ အထက် ကောင်းကင်ယံသို့ ခေါ်ဆောင်သွားပြီး မေးလိုက်၏။
“အာ...”
သူတို့နှစ်ဦးမှာ အလွန်အမင်း အံ့အားသင့် ဝမ်းသာသွားကြပြီး အချင်းချင်း တစ်ချက် ကြည့်လိုက်ကြကာ ချက်ချင်းပင် ဒူးထောက်၍ အရိုအသေပေးလိုက်ကြသည်။
“တပည့် ရှောင်လင် ဆရာ့ကို ဂါရဝပြုပါတယ်”
“တပည့် ယဲ့ချူ ဆရာ့ကို ဂါရဝပြုပါတယ်”
ဝူယွမ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ထိုနှစ်ဦးထက် အသက်များစွာ မကြီးလှသော်လည်း သူသိထားသောအရာများက သူတို့ထက် များစွာ ပိုမိုကျယ်ပြန့်လှပေသည်။ သူ၏ တပည့်များ ဖြစ်ရခြင်းသည် သူတို့အတွက်လည်း ဂုဏ်ယူစရာတစ်ခုပင်။
ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ် တစ်ခုလုံးတွင် ဝူယွမ်သည် အကြီးမြတ်ဆုံးဖြစ်ပြီး ဤကမ္ဘာကြီး၏အရှင်သခင်ဖြစ်သည်။ သူ၏ မျက်နှာသာပေးမှုကို ရရှိခြင်းက ရှောင်လင်နှင့် ယဲ့ချူတို့အတွက် သေချာပေါက် ကျေးဇူးရှင်တစ်ဦးကို တွေ့ဆုံလိုက်ရခြင်းပင် ဖြစ်သည်။
ဤနေရာလွတ် ကမ္ဘာကြီးအတွင်း သူတော်စင်သခင်၏ အဆင့်အတန်းကို သူတို့ကလည်း နက်နက်ရှိုင်းရှိုင်းနားလည်ထားကြရာ ဝူယွမ်၏ အသိအမှတ်ပြုမှုကို ရရှိလိုက်သဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေကြပေသည်။
သူက ထိုနှစ်ဦးကို မဟာရှေးဟောင်းဂိုဏ်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ကမ္ဘာသစ်ပင် တည်ရှိရာနေရာ၊ မဟာရှေးဟောင်းဂိုဏ်း၏ ဂိုဏ်းကွင်းပြင်၊ ဂိုဏ်းချုပ် ခန်းမကြီး၏ အရှေ့ဘက်တွင်….
ဝူယွမ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်းရှိ လင်းတုန်၊ ပိုင်ယွမ်နှင့် အခြားသူများက ချက်ချင်းအာရုံခံမိသွားကြသည်။
“အစ်ကိုကြီး”
သူတို့က ခန်းမမကြီးထဲမှ ထွက်လာကြပြီး ဝူယွမ်၏ ဘေးသို့ ရောက်လာကြသည်။
“ဒီလူငယ်နှစ်ယောက်က ဘယ်သူတွေလဲ”
ရှောင်တျောင်းက ရှောင်လင်နှင့် ယဲ့ချူတို့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
“ဒီနှစ်ယောက်က ငါ အသစ်လက်ခံလိုက်တဲ့ တပည့်တွေ၊ ရှောင်လင်နဲ့ ယဲ့ချူတဲ့ သူတို့နှစ်ယောက်ရဲ့ ပါရမီတွေက အရမ်းကောင်းတယ် နောင်တစ်ချိန်ကျရင် လင်းတုန်နဲ့ ငါ့ကိုတောင် မီသွားနိုင်တယ်” ဝူယွမ်က ပြုံးကာ မိတ်ဆက်ပေးလိုက်သည်။
ဤနှစ်ဦးသည် စစ်မှန်သော ကံကြမ္မာသားတော်များ ဖြစ်သည်ဟု သူခံစားမိသည်။
ပြင်ပအကူအညီများသာ မရှိပါက ပါရမီသက်သက်ကိုသာ ယှဉ်ကြည့်မည်ဆိုလျှင် လင်းတုန်နှင့် ဝူယွမ်တို့သည် သူတို့ကို တကယ်ပဲမယှဉ်ပြိုင်နိုင်ချေ။
“အို အစ်ကိုကြီးက သူတို့ကို ဒီလောက်တောင် တန်ဖိုးထားရလောက်အောင် ဘယ်လို ပါရမီမျိုးတွေများ ရှိနေလို့လဲ”
ရှောင်တျောင်းက မနေနိုင်ဘဲ စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။
အစ်ကိုကြီးသည် သူမြင်ဖူးသမျှထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံးသော လူငယ် ပါရမီရှင်တစ်ဦးဖြစ်၏။ သံသရာဝင်စားသူ တစ်ဦး၏ ဂုဏ်ပုဒ်ပင်လျှင် အစ်ကိုကြီးလောက် ထူးခြားဆန်းပြားမှု မရှိချေ။
ဆန်းကြယ်ရှင်ခြင်းအဆင့်တွင် ရှိနေစဉ် ဝင်စားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူနိုင်ခြင်းဆိုသည်မှာ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့သော ကိစ္စပင်ဖြစ်သည်။
ဝူယွမ်ကို အံ့အားသင့်စေနိုင်သော မည်သည့်ပါရမီရှင်မဆို သေချာပေါက် ထူးခြားဆန်းပြားနေမည်မှာ အမှန်ပင်ဖြစ်သည်။
“မင်း သိချင်ရင် ကိုယ်တိုင်စမ်းကြည့်လိုက်လေ” ဝူယွမ်က ပြုံးကာ ပြောလိုက်၏။
ဤသည်တို့မှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ဖူးသော ပါရမီစွမ်းရည်များဖြစ်ရာ စကားဖြင့်သာ ရှင်းပြရန် ခက်ခဲလှပေလိမ့်မည်။ တိုက်ရိုက် ရင်ဆိုင်ကြည့်ခြင်းကသာ ပိုမိုကောင်းမွန်သော အတွေ့အကြုံကို ပေးစွမ်းနိုင်ပေလိမ့်မည်။
ရှောင်တျောင်း - “အစ်ကိုကြီး အဲဒီလိုပြောမှပဲ ကျွန်တော် တကယ် ကိုယ်တိုင် စမ်းကြည့်ချင်လာပြီ”
“ဒုတိယညီလေး၊ မင်းလည်းလာခဲ့ ငါ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ပေးထားမယ်”
ဝူယွမ်က ဉာဏ်နီဉာဏ်နက်များဖြင့် ပြုံးလိုက်ပြီး ကမ္ဘာသစ်ပင်ထဲတွင် အနားယူနေသော ကျောက်တိုင်ငယ်ဝိညာဉ်နှင့် ချက်ချင်း ဆက်သွယ်လိုက်သည်။
ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ၏ စွမ်းအားကို အသုံးပြု၍ သူက ရှောင်တျောင်းနှင့် လင်းတုန်တို့၏ ကျင့်ကြံခြင်းအဆင့်ကို ဖန်တီးခြင်းအဆင့်၏ အထွတ်အထိပ်အထိ တိုက်ရိုက် ဖိနှိပ်လိုက်သည်။
တူညီသော အဆင့်ရှိ တိုက်ပွဲတစ်ခုတွင် ရှောင်တျောင်းနှင့် လင်းတုန်တို့၌ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံများ ရှိသော်လည်း ရှောင်လင်နှင့် ယဲ့ချူတို့၏ ထူးခြားဆန်းပြားလှသော ပါရမီများရှေ့တွင် သူတို့ကို အနိုင်ယူရန်ဆိုသည်မှာ တကယ်ကို လွယ်ကူသော ကိစ္စတစ်ခုတော့ မဟုတ်ချေ။
“မဖြစ်နိုင်တာ၊ အစ်ကိုကြီး ဒီကလေးနှစ်ယောက်က သခင်လေးတျောင်းကို အနိုင်ယူနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား” ရှောင်တျောင်းက အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်နေမိသည်။
‘အစ်ကိုကြီးက ဘယ်ကနေများ ဒီလောက် ယုံကြည်မှုတွေ ရနေတာလဲ'
“အစ်ကိုကြီး ပြောသလောက် တကယ်ပဲ အစွမ်းထက်မထက်ဆိုတာ ကျွန်တော်လည်း တကယ် စောင့်မျှော်နေမိတယ်”
လင်းတုန်က သူ၏လက်သီးများကို ပွတ်သပ်လိုက်သည်။ ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ်ထဲတွင် သူ့ကို စိတ်ဝင်စားစေသော ပြိုင်ဘက်မျိုး တစ်ကြိမ်တစ်ခါမျှ မတွေ့ခဲ့ရဖူးချေ။
တခြားအရာတွေ အားလုံးကို ဘေးဖယ်ထားလိုက်လျှင်တောင် သူ၏ ရွှေခေါင်းလောင်းခန္ဓာကိုယ် တစ်ခုတည်းကပင် သူ့ကို အထိအခိုက်မရှိဘဲ ရပ်နေကာ အရိုက်ခံနိုင်စေသည်။
“မင်းတို့နှစ်ယောက် သေချာတိုက်ကြ အကယ်၍ ဒီဦးလေးနှစ်ယောက်ကို ဖန်တီးခြင်းအဆင့်အထက်က သိုင်းပညာရပ်တွေ သုံးလာအောင်လုပ်နိုင်ရင် ဆရာက မင်းတို့ကို ဆေးမြစ်ရဲ့ ဆေးကြောသန့်စင်မှုတစ်ကြိမ်ကို ပေးမယ်” ဝူယွမ်က ထိုနှစ်ဦးကို ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ”
ထိုနှစ်ဦးမှာ အလွန် စိတ်လှုပ်ရှားသွားကြသည်။ ဆေးမြစ်၏ ဆေးကြောသန့်စင်မှုဆိုသည်မှာ နိဗ္ဗာန်အဆင့် ၅ အထက်ရှိသူများသာ ရရှိနိုင်သော အကျိုးခံစားခွင့်တစ်ခု ဖြစ်သည်။ ယခုအချိန်တွင် ၎င်းကို ရရှိခြင်းက ကြီးမားလှသော ကံကောင်းမှုတစ်ခုပင် ဖြစ်သည်။
၎င်းက သူတို့၏ နိဗ္ဗာန်အဆင့်ကို ပြီးပြည့်စုံအောင် ကူညီပေးနိုင်ရုံသာမက သူတို့၏ မူလစိတ်ဝိညာဉ် စွမ်းအားအချို့ကိုပင် မြှင့်တင်ပေးနိုင်ပေသည်။
ပိုင်ယွမ်၊ ရွှမ်စုနှင့် အခြားသူများအားလုံးကလည်း ဝူယွမ် ဤမျှလောက် တန်ဖိုးထားသော လူငယ်နှစ်ဦးက တကယ်ပဲ ထိုမျှလောက် အစွမ်းထက်သလားဆိုသည်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ဝိုင်းကြည့်နေကြသည်။
လင်းတုန်က ရှောင်လင်ကို ရင်ဆိုင်ရပြီး ရှောင်တျောင်းက ယဲ့ချူကို ရင်ဆိုင်ရသည်။
တိုက်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် ရှောင်လင်က လင်းတုန်ဆီသို့ မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း တစ်ခုကို ချက်ချင်း ပစ်လွှတ်လိုက်သည်။
ဤသိုင်းပညာရပ်သည် လင်းတုန်၏ ထူးခြားသောသိုင်းကွက်တစ်ခုလည်း ဖြစ်ပေသည်။
“သူလည်း ဒီသိုင်းပညာရပ်ကို ရထားတာပဲ၊ ကြည့်ရတာ သူ့ရဲ့ ပါရမီက တကယ်ကိုကောင်းတာပဲ” လင်းတုန်က အနည်းငယ် အံ့အားသင့်သွားသည်။ သိုင်းပညာကျောက်တိုင် တည်ရှိနေခြင်းကို သူ သဘာဝကျကျပင် သိထားပေသည်။
“ဒါပေမဲ့ မင်းရဲ့ လက်ချောင်းက သိပ်မတုတ်သလို သိပ်လည်းမရှည်သေးဘူး”
နောက်တစ်စက္ကန့်တွင် လင်းတုန်ကလည်း မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်းကို ထုတ်ဖော်လိုက်သည်။ ရှောင်လင်၏ လက်ချောင်းနှင့် နှိုင်းယှဉ်ပါက လင်းတုန်၏ လက်ချောင်းက နှစ်ဆနီးပါး ပိုမိုတုတ်ခိုင်ပေသည်။
ရှေးကျပြီး ဟောင်းနွမ်းနေသော ဧရာမလက်ချောင်းကြီး နှစ်ချောင်းက လေထဲတွင် ပေါက်ကွဲထွက်သွားပြီး စွမ်းအင်လှိုင်း နှစ်ခုက အရပ်မျက်နှာ အသီးသီးသို့ လှိုင်းထန်စွာ ထွက်ပေါ်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ကျောက်တိုင်ငယ်ဝိညာဉ်က ဤနေရာကို ကြိုတင်၍ ချိတ်ပိတ်ထားခဲ့ရာ တိုက်ပွဲ၏ လှိုက်းဂယက်များက သိပ်ဝေးဝေးသို့ မပျံ့နှံ့သွားခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ဖန်တီးခြင်းအဆင့် စွမ်းအားမျှသာ ဖြစ်ရာ ကျောက်တိုင်ငယ်ဝိညာဉ်က အလွယ်တကူ ဖြေလျှော့ပေးနိုင်ပေသည်။
ရှောင်လင်၏ ခန္ဓာကိုယ်က အနောက်သို့ တွန်းပို့ခံလိုက်ရပြီး သူ၏ ယွမ်စွမ်းအင်များ အနည်းငယ် ဖရိုဖရဲဖြစ်သွားသည်။ တူညီသော သိုင်းပညာရပ်တစ်ခုကို အသုံးပြုရာတွင် လင်းတုန်၏တိုက်ခိုက်မှုက သူ့ထက် များစွာ ပိုမိုအစွမ်းထက်လှပေသည်။
‘တကယ်ကို အစွမ်းထက်တဲ့ ဦးလေးနဲ့ တိုက်ရတာပါလား'
သို့သော် ရှောင်လင်၏ အစွမ်းက ဤမျှလောက်သာ မဟုတ်ချေ။ ယခင် တိုက်ခိုက်မှုမှာ အကဲစမ်းရုံ သက်သက်သာ ဖြစ်သည်။
ယခုအခါ သူ သေချာ မြင်တွေ့လိုက်ရပြီဖြစ်သည်။ ဤဦးလေးသည်လည်း အလွန်တရာ ထူးခြားဆန်းကြယ်သူတစ်ဦးပင် ဖြစ်သည်။
သူက ဆက်လက် ဖုံးကွယ်မထားရဲတော့ဘဲ သူ၏ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးနှင့် မီးတောက် စွမ်းအားများက လှိုင်းထန်စွာ ထွက်ပေါ်လာပြီး ချက်ချင်းပင် ခန္ဓာကိုယ်ကို မီးတောက်များနှင့် လျှပ်စီးများ ဖုံးလွှမ်းသွားတော့သည်။
ဘယ်ဘက်လက်တွင် မိုးကြိုးလက်ဝါး၊ ညာဘက်လက်တွင် မီးတောက်လက်သီး။
ရှောင်လင်က လင်းတုန်ဆီသို့ ကြမ်းတမ်းစွာ ပြေးဝင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခု လှိမ့်ဆင်းလာတော့သည်။
သူ၏ မီးတောက်စွမ်းအားက နိဗ္ဗာန်မိစ္ဆာမီးတောက်ထက် မလျော့နည်းလှချေ။
သူ၏ လျှပ်စီးများက လေ၊ မိုးကြိုး ကပ်ဘေး၏ ကောင်းကင်မိုးကြိုးများနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ပေသည်။
ချက်ချင်းပင် ရှောင်လင်သည် ရူးသွပ်စစ်သူရဲတစ်ဦးအလား ဖြစ်သွားပြီး သူ၏တိုက်ခိုက်မှု တစ်ချက်စီတိုင်းက သာမန် နိဗ္ဗာန်အဆင့်ရှိသူတစ်ဦးထက် ပိုမိုအစွမ်းထက်လာပေသည်။
“ဖန်တီးခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်တဲ့ တိုက်ခိုက်မှုတွေကို လုပ်နိုင်ရတာလဲ”
လင်းတုန်မှာ အလွန်အမင်း အံ့အားသင့်သွားရသည်။ ယခင်က သူ ဖန်တီးခြင်းအဆင့်တွင် ရှိနေစဉ် ဝါးမျိုခြင်းဘိုးဘေးအဆောင်သာ မရှိခဲ့လျှင် ဤအဆင့်အထိ ရောက်နိုင်မည်မဟုတ်ချေ။
အခန်း (၃၄၂) - ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်၏ ပထမဆုံးသော ရွှေခေတ်(၂)
သို့သော် လင်းတုန်၏ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားသော်လည်း ရုပ်ခန္ဓာကိုယ်က ရှိနေဆဲပင်။
ရွှေခေါင်းလောင်းခန္ဓာကိုယ်ကို အသုံးမပြုလျှင်တောင် သူ၏ အခြေခံ ရုပ်ခန္ဓာကိုယ် တစ်ခုတည်းကပင် ရှောင်လင်၏ တိုက်ခိုက်မှုများကို ကြောက်ရွံ့နေစရာလိုမည်မဟုတ်ချေ။
ထို့အပြင် လင်းတုန်သည် ယခင်က မဟာနေမင်း မိုးကြိုးခန္ဓာကို ကျင့်ကြံခဲ့ဖူးပြီး သူ၏ဝိညာဉ်စွမ်းအင်ကလည်း မဆိုးလှချေ။
သူသည် ဝူယွမ်ကဲ့သို့ပင် မိုးကြိုးကပ်ဘေး သုံးခုကို ဆက်တိုက် ကျော်ဖြတ်ခဲ့သူတစ်ဦး ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်က မီးနှင့် လျှပ်စီး နှစ်ခုစလုံးကို အလွန်အမင်း ခံနိုင်ရည်ရှိပေသည်။
အချိန်အတန်ကြာ တိုက်ခိုက်ပြီးနောက် ရှောင်လင်မှာ နည်းနည်းလေးမှ အသာစီးမရနိုင်ခဲ့ချေ။
“ဦးလေး နောက်ထပ် သိုင်းကွက်ကို သတိထားပါ၊ ကျွန်တော်ကိုယ်တိုင်လည်း ဒါကို ထိန်းချုပ်နိုင်ချင်မှ ထိန်းချုပ်နိုင်မှာ” ရှောင်လင်က လေးနက်စွာ သတိပေးလိုက်သည်။
သူ၏ တားမြစ်သိုင်းကွက်ကို အသုံးပြုတော့ပေမည်။
လက်နဲ့လုပ်ထားတဲ့ နျူကလီးယားဗုံး၊ မိုးကြိုးနဲ့ မီးတောက် ပေါင်းစပ်ခြင်း။
စွမ်းအားနှစ်ခု ပေါင်းစပ်လိုက်ခြင်းက အလွန်တရာ အစွမ်းထက်လှသော ဖျက်ဆီးနိုင်စွမ်းကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
သူ လက်ကွက်များ ဖွဲ့စည်းလိုက်သည်နှင့် လျှပ်စီးနှင့် မီးတောက် စွမ်းအားများက သူ၏ လက်များကြားတွင် ရောယှက်သွားကြသည်။ သူ၏လက်ထဲတွင် ဖိသိပ်ထားသော ခရမ်းရောင်သန်းနေသည့် စွမ်းအင်ဘောလုံးလေးက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေပေသည်။
ထိုစွမ်းအင်လှိုင်းဂယက်များက လင်းတုန်ကိုပင် အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။
နိဗ္ဗာန်မိစ္ဆာမီးတောက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သော နိဗ္ဗာန်အဆင့် ၃ ရှိ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးပင်လျှင် ဤမိုးကြိုး-မီးတောက် စွမ်းအင်ဘောလုံးလောက် လင်းတုန်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ချေ။
ဆိုလိုသည်မှာ ယခု ရှောင်လင်စုစည်းနေသော တိုက်ခိုက်မှုနည်းလမ်းက နိဗ္ဗာန်အဆင့် ၃ ရှိ ကျင့်ကြံသူ တစ်ဦးကိုပင် ထိခိုက်စေနိုင်ခြေ ရှိနေကြောင်း ပြသနေပေသည်။
“သူက တကယ်ကို မိစ္ဆာကောင်လေးပဲ”
လင်းတုန်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။
ဤအချိန်တွင် ရှောင်လင်က စွမ်းအင်စုဆောင်းခြင်းကို ပြီးစီးသွားပြီဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုး-မီးတောက် စွမ်းအင်ဘောလုံးက လင်းတုန်ဆီသို့ တိုက်ခိုက်လာတော့သည်။
ဘုန်းးးး။
တုန်လှုပ်ဖွယ် ပေါက်ကွဲသံကြီးနှင့်အတူ ရွှေရောင် အလင်းတန်းဖျော့ဖျော့လေးတစ်ခုက လက်ခနဲဖြစ်သွား၏။
လင်းတုန်မှာ လုံးဝ အထိအခိုက်မရှိခဲ့သော်လည်း သူ၏ခန္ဓာကိုယ်က အလိုအလျောက် ရွှေခေါင်းလောင်းခန္ဓာကိုယ်ကို အသက်သွင်းလိုက်မိသည်။
ရှောင်လင်က လင်းတုန်ကို ဝိညာဉ်သိုင်းပညာရပ်များထက် ပိုမိုအဆင့်မြင့်သော နည်းစနစ်တစ်ခုကို အသုံးပြုရန် အောင်မြင်စွာ ဖိအားပေးနိုင်ခဲ့ပြီဖြစ်သည်။
သို့သော် ဤတိုက်ခိုက်မှုကို ပြုလုပ်ပြီးနောက် ရှောင်လင်သည်လည်း အသက်ရှူမဝဖြစ်သွားကာ ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။
အခြားတစ်ဖက်တွင်မူ ရှောင်တျောင်းက ယဲ့ချူနှင့်အတူ အေးဆေးစွာ ကစားနေသည်။ သူ၏ အရှိန်က အလွန်မြန်ဆန်လှပြီး ယဲ့ချူ၏ တိုက်ခိုက်မှုများအားလုံးကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော် တိုက်ခိုက်နေရင်းနှင့် ရှောင်တျောင်းက တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။ ဖန်တီးခြင်းအဆင့်သို့ ဖိနှိပ်ခံထားရသဖြင့် သူအသုံးပြုနိုင်သော ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များက ယဲ့ချူနှင့် ဆင်တူနေပေသည်။
သူ၏ ရွေ့လျားမှုနည်းစနစ်နှင့် အရှိန်က မြန်ဆန်သော်လည်း ယွမ်စွမ်းအင် အမြောက်အမြားကို ကုန်ဆုံးစေပေသည်။
မူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသားကို ပိုင်ဆိုင်ထားသော ယဲ့ချူကမူ ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်များကို ငှားရန်းအသုံးပြုနိုင်ပြီး ဝိညာဉ်ရေးရာ လျှို့ဝှက်နည်းပညာများနှင့် သိုင်းပညာရပ်များကို အဆက်မပြတ် အသုံးပြုနေကာ မှော်စွမ်းအင် မကုန်ခမ်း၊ အချိန်မရှိဘဲ ဂိမ်းကစားနေသည့်အလား ဖြစ်နေပေသည်။
ထို့အပြင် သူတို့သည် လက်ရှိတွင် ကမ္ဘာသစ်ပင်၏အောက်၌ ရှိနေကြသည်။
ဤနေရာရှိ ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်များသည် ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ် တစ်ခုလုံးတွင် အသိပ်သည်းဆုံးဖြစ်ပြီး တောင်ကောင်းကင်မြို့ထက် ဆယ်ဆမက ပိုမိုသိပ်သည်းလှပေသည်။
ဤပတ်ဝန်းကျင်သည် ယဲ့ချူအတွက် ရိုးရိုးရှင်းရှင်းပင် အကောင်းဆုံးသော တိုက်ခိုက်ရေးပတ်ဝန်းကျင် ဖြစ်နေပေသည်။
သူက သိုင်းပညာရပ်များနှင့် ဝိညာဉ်ရေးရာ လျှို့ဝှက်နည်းပညာများကို အဆက်မပြတ် အသုံးပြုနေသည်။ သူ့တွင် ရှောင်လင်ကဲ့သို့ မြင့်မားသော ပေါက်ကွဲထွက်မှုစွမ်းအား မရှိသော်လည်း သူ၏ တိုက်ခိုက်ရေး အရှိန်အဟုန်က မယုံနိုင်လောက်အောင် မြန်ဆန်လှပေသည်။
ဖိနှိပ်နိုင်စွမ်းရှိသော မီးဟုန်းဟုန်း တောက်လောင်မှုကြီးတစ်ခုကို ဖန်တီးနေသည့်အလားပင်။
မူလက ရှောင်တျောင်းသည် ယဲ့ချူ၏ နည်းစနစ်များကိုသာ လေ့လာစောင့်ကြည့်လိုပြီး တိုက်ခိုက်ရန် အစီအစဉ် မရှိခဲ့ချေ။ သို့သော် သူ ပို၍ တိုက်ခိုက်လေလေ၊ ခံစစ်အနေအထားသို့ ရောက်သွားလေလေဖြစ်ပြီး အနီးကပ်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမရှိတော့ချေ။
သူက ယဲ့ချူကို ဝိညာဉ်ရေးရာ လျှို့ဝှက်နည်းပညာများ အသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း မူလစိတ်ဝိညာဉ် သိုင်းပညာသန္ဓေသား ရှိနေသဖြင့် သာမန် ဝိညာဉ်တိုက်ခိုက်မှုများက သူ့ကို ပြင်းထန်သော ဒဏ်ရာရစေရန် လုံးဝ မဖြစ်နိုင်ချေ။
ထို့ကြောင့် နာရီဝက်ခန့် တိုက်ခိုက်ပြီးနောက် ရှောင်တျောင်း၏ စွမ်းအားများ ကုန်ခမ်းသွားခဲ့ပြီး ကျောက်တိုင်ငယ်ဝိညာဉ်၏ ဖိနှိပ်ထားမှုကို ချိုးဖျက်ကာ သူ၏ ကိုယ်ပိုင်စွမ်းအားများကို ဖွင့်ချလိုက်ရတော့သည်။
“မိစ္ဆာကောင်…. မိစ္ဆာကောင်၊ ဒီကောင်လေးမှာ ဘယ်လို မိစ္ဆာဆန်တဲ့ ပါရမီမျိုးများ ရှိနေတာလဲ၊ သူ့ရဲ့ ယွမ်စွမ်းအင်က ဘယ်တော့မှ မကုန်တော့ဘူးလား၊ ပြီးတော့ သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကလည်း အရမ်း အစွမ်းထက်နေတယ်၊ သူက ရိုးရိုးရှင်းရှင်းပဲပြောရရင် သောက်ကျိုးနည်း ထူးဆန်းလွန်းတဲ့ ကောင်လေးပဲ”
ရှောင်တျောင်းက ညည်းတွားလိုက်သည်။
ဤပွဲစဉ်တစ်လျှောက်လုံး သူသည် ခံစစ်အနေအထားဖြင့်သာ အရိုက်ခံနေရသည်။ များများစားစား မထိမှန်ရသော်လည်း ၎င်းက သူ့ကို မျက်နှာပန်း အတော်လေး ပျက်သွားစေခဲ့သည်။
“စွမ်းဆောင်ရည် အရမ်းကောင်းတယ်၊ သူတို့ကို ဂရုမစိုက်နဲ့” ဝူယွမ်က ရှောင်လင်နှင့် ယဲ့ချူတို့ကို ပြုံးကာ ပြောလိုက်သည်။
“သူတို့ရဲ့ ပါရမီတွေက အရင်က တစ်ခါမှ မပေါ်ဖူးဘူး...”
ဝူယွမ်က သူတို့၏ ပါရမီများအကြောင်းကို ရှောင်တျောင်းနှင့် အခြားသူများအား ရှင်းပြလိုက်သည်။
နားထောင်ပြီးနောက် သူတို့သည် ထိုနှစ်ဦးကို စတင် အလေးအနက်ထားကာ ဆက်ဆံလာကြသည်။
“ကြည့်ရတာ ငါတို့ မဟာရှေးဟောင်းဂိုဏ်းမှာ နောင်တစ်ချိန်ကျရင် မိစ္ဆာကောင် နှစ်ကောင် ထပ်တိုးလာဦးမယ့်ပုံပဲ” ရွှမ်စုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အခုကစပြီး သူတို့က မဟာရှေးဟောင်းဂိုဏ်းမှာ နေလိမ့်မယ်၊ သူတို့ကို တိုက်ရိုက် တပည့်တွေအဖြစ် သတ်မှတ်လိုက်ပါ၊ အို... ပြီးတော့ သူတို့အတွက် ဆေးမြစ်ရဲ့ ဆေးကြောသန့်စင်မှုကို အရင်စီစဉ်ပေးလိုက်ပါဦး”
ဝူယွမ်က ရွှမ်စုကို ပြောလိုက်သည်။ လက်ရှိတွင် ရွှမ်စုသည် သူါကိုယ်စား ဂိုဏ်း၏ အသေးအမွှားကိစ္စရပ်များ အားလုံးနီးပါးကို ကိုင်တွယ်ဖြေရှင်းပေးနေပေသည်။
မည်သို့ပင်ဖြစ်စေ လုပ်စရာရှိလျှင် ရွှမ်စုလုပ်ပေလိမ့်မည်။
ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဝူယွမ်သည် ညနေပိုင်းတွင် အချိန်ရှာကာ ရွှမ်စုထံမှ ဂိုဏ်း၏အခြေအနေ အစီရင်ခံစာများကို ဖြည်းဖြည်းချင်း နားထောင်ပေးရန်သာ လိုအပ်ပေသည်။
ယေဘုယျအားဖြင့် ရွှမ်စု၏လုပ်ဆောင်ချက်များက အလွန်ကောင်းမွန်ပြီး ဂိုဏ်းကြီးသည် ချောမွေ့ စနစ်တကျ လည်ပတ်နေပေသည်။
တပည့်နှစ်ဦးကို နေရာချထားပေးပြီးနောက် ဝူယွမ်၊ လင်းတုန်နှင့် အခြားသူများသည် သေးငယ်သော တွေ့ဆုံပွဲတစ်ခုအတွက် ခန်းမမကြီးထဲသို့ ဝင်ရောက်သွားကြသည်။
“အစ်ကိုကြီး ရှေးဟောင်းကျောက်တိုင်ထဲမှာ သိပ်လုပ်စရာ မရှိဘူး၊ အစ်ကိုကြီးက အခု ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ ရောက်နေတာ မဟုတ်ဘူးလား၊ ကျွန်တော်တို့ကိုလည်း အပြင်ထွက်ပြီး ထူးဆန်းတဲ့ရှုခင်းတွေကို ကြည့်ခွင့်ပေးပါဦး” ရှောင်တျောင်းက ပြောလိုက်သည်။
လင်းတုန်၊ ပိုင်ယွမ်၊ ရှောင်ယန်နှင့် အခြားသူများကလည်း ဝူယွမ်ကို မျှော်လင့်တကြီးဖြင့် ကြည့်နေကြသည်။
ယခုအခါ သူတို့ ပင်လယ်ပြင်သို့ ရောက်နေပြီဖြစ်ရာ အပြင်ထွက်ပြီး ပျော်ရွှင်ချင်ကြပေသည်။
“အင်း ကောင်းပြီလေ” ဝူယွမ်က သဘောတူလိုက်သည်။
ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ်သည် သူတို့၏အိမ်ဖြစ်ပြီး အိမ်မှာနေရသည်မှာ သိပ်ပြီးပျော်စရာမကောင်းလှချေ။
ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ် ကျယ်ပြန့်လာသော်လည်း ရှောင်တျောင်း၊ လင်းတုန်နှင့် အခြားသူများအတွက်မူ အပြင်ထွက်ရသလောက် ပျော်စရာမကောင်းချေ။
သူတို့၏ စွမ်းအားများက ယခုအခါ လျင်မြန်စွာ တိုးတက်နေသည့်ကာလတွင် ရှိနေပြီး ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ်ထဲတွင် နေထိုင်ခြင်းက ကျင့်ကြံရန်ပြိုင်ဘက်မရှိဖြစ်နေစေသည်။
“သခင် သူတို့ရဲ့ ထူးခြားဆန်းပြားတဲ့ ပါရမီတွေရဲ့ အကြောင်းပရင်းကို ကျွန်တော် ရှာတွေ့သွားပြီ”
ကျောက်တိုင်ငယ်ဝိညာဉ်က ဝူယွမ်ထံသို့ ရုတ်တရက် သတင်းစကား ပါးလိုက်သည်။
ဝူယွမ်က ထိုနှစ်ဦးကို လက်ခံပြီးနောက် သူတို့၏နောက်ခံကို စုံစမ်းစစ်ဆေးရန် ကျောက်တိုင်ငယ်ဝိညာဉ်ကို အထူးတလည် ညွှန်ကြားထားခဲ့သည်။
ဤမျှလောက် အစွမ်းထက်သော ပါရမီများဖြင့် ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုပါက သူတို့၏မိသားစုများသည် အမည်မသိမိသားစုများ မဖြစ်သင့်ချေ။
“အို မြန်မြန် ပြောပြပါဦး”
ကျောက်တိုင်ငယ်ဝိညာဉ် - “သူတို့နှစ်ယောက်စလုံးက မဟာယန်ပြည်ထောင်စုကပဲ၊ ကျွန်တော်တို့ မဟာ၀မ့်လွန်ပြည်နယ်မှာ အဖွဲ့တွေ စုဆောင်းနေတုန်းက သူတို့က ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ်ထဲကို ဝင်လာခဲ့ကြတာပါ”
“နှစ်ယောက်စလုံးက သိုင်းမဟာမိတ်အဖွဲ့ သိုင်းပညာခန်းမက သာမန်တပည့်တွေပါ၊ သူတို့ရဲ့ ပါရမီတွေက ထင်ရှားတာမျိုး မရှိခဲ့ဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ပါရမီတွေက ငုပ်လျှိုးနေခဲ့တာလို့ ပြောရမယ်”
“လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကမှ သူတို့ရဲ့ ပါရမီတွေကို စတင် ပြသလာခဲ့ပြီး သူတို့ရဲ့ စွမ်းအားတွေက တစ်ရှိန်ထိုး တိုးတက်လာခဲ့တယ်၊ တစ်နှစ်အတွင်းမှာပဲ သူတို့က ကောင်းကင်ယွမ်အဆင့်ကနေ ဖန်တီးခြင်းအဆင့်ကို တိုက်ရိုက် ထိုးဖောက်တက်လှမ်းနိုင်ခဲ့တယ်”
“အကယ်၍ သူတို့ရဲ့ ပါရမီတွေသာ နိုးထမလာခဲ့ရင် သူတို့က သာမန် သိုင်းပညာရှင်တွေနဲ့ ဘာမှ ကွာခြားမှာမဟုတ်ဘူး”
“ကျွန်တော်တို့ ခုနလေးတင် ဘိုးဘေးကျောက်တုံးနဲ့ ဆက်သွယ်ပြီး မေးကြည့်လိုက်တယ်၊ ဘိုးဘေးကျောက်တုံးရဲ့ဝိညာဉ်က ပြောပြတဲ့ အချက်အလက်တွေအရ ဒါက ကမ္ဘာသစ်ပင်နဲ့ သက်ဆိုင်နေနိုင်တယ်၊ အကြောင်းကတော့ သူတို့ရဲ့ ပါရမီတွေကို ပြသခဲ့တဲ့ အချိန်က ကမ္ဘာသစ်ပင် ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ်ထဲမှာ စတင် ရှင်သန်ကြီးထွားလာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေလို့ပဲ”
“ကမ္ဘာသစ်ပင် ကိုယ်တိုင်က ကမ္ဘာအသစ်မျိုးစေ့တစ်ခုဖြစ်ပြီး ကမ္ဘာအသစ်တွေကို ဖန်တီးနိုင်စွမ်းရှိတယ်၊ ကမ္ဘာအသစ်တစ်ခု မွေးဖွားလာတဲ့ အစောပိုင်းအဆင့်တွေမှာ ကမ္ဘာမူလအစက အခုလေးတင် ဖွဲ့စည်းနေဆဲဖြစ်ပြီး မူလစည်းမျဉ်းတွေက ဒီကမ္ဘာကြီးရဲ့ သက်ရှိသတ္တဝါတွေကနေတစ်ဆင့် ပေါ်လွင်လာနိုင်တယ်၊ အဲဒါကြောင့် အစွမ်းထက်တဲ့ ပါရမီရှိသူတွေ ပေါ်ထွက်လာနိုင်ခြေ အရမ်းများတယ်”
“သူတို့နှစ်ယောက်စလုံးရဲ့ ပါရမီတွေက မူလစည်းမျဉ်းတစ်ခုရဲ့ ဖော်ပြချက်တွေပဲ”
“သူတို့ကိုယ်တိုင်ကလည်း ဆက်စပ်နေတဲ့ ပါရမီတွေ ရှိနေနိုင်ပြီး ကမ္ဘာသစ်ပင်ရဲ့ အကူအညီနဲ့ ဒီစည်းမျဉ်းတွေက ပိုပြီး သိသာထင်ရှားလာတာ ဖြစ်နိုင်တယ်”
“ဒီလိုမျိုး အစွမ်းထက်တဲ့ ပါရမီရှိသူတွေက ကမ္ဘာကြီးစတင်ဖွဲ့စည်းတဲ့အချိန်မှာ တစ်ဟုန်ထိုး မွေးဖွားလာတတ်တယ်”
“ကျောက်လက်ဖွဲ့က ဒီလို ပါရမီရှင်မျိုးတွေကို ‘ကမ္ဘာကြီးရဲ့ ပထမဆုံးမျိုးဆက် မူလသတ္တဝါများ’ လို့ ခေါ်တယ်၊ ပထမမျိုးဆက် သတ္တဝါတွေအားလုံးက အရမ်းအစွမ်းထက်ကြပြီး မူလစည်းမျဉ်းတွေရဲ့ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်ကြလိမ့်မယ်”
“သခင် အနေနဲ့ ကမ္ဘာသစ်ပင် မွေးဖွားပြီးနောက် ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ်ထဲမှာ မွေးဖွားလာတဲ့ ကလေးငယ်တွေကို ပိုပြီးအာရုံစိုက်ထားသင့်တယ်၊ လူသားပဲဖြစ်ဖြစ် မိစ္ဆာသားရဲပဲဖြစ်ဖြစ် ကမ္ဘာသစ်ပင် ကြီးထွားလာတဲ့ အစောပိုင်း အဆင့်တွေမှာ မွေးဖွားလာတဲ့ ဘယ်လိုသက်ရှိသတ္တဝါမဆို ကမ္ဘာသစ်ပင်ရဲ့ကောင်းချီးကို ရရှိနိုင်ပြီး မူလစည်းမျဉ်းတွေကို ပိုင်ဆိုင်ကာ မူလသတ္တဝါတစ်ဦး ဖြစ်လာနိုင်တယ်”
“ဖြစ်နိုင်တာက ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်နဲ့ သက်ဆိုင်တဲ့ ပထမဆုံး ရွှေခေတ်က ရောက်လာတော့မယ်ထင်တယ်”
“လာမယ့်နှစ်တွေအတွင်း ပါရမီရှင်အမျိုးမျိုးက နွေဦးမိုးရွာပြီးနောက် ထွက်လာတဲ့ ဝါးပင်ပေါက်လေးတွေလို ပေါ်ထွက်လာနိုင်တယ်”
ကျောက်တိုင်ငယ်ဝိညာဉ်က ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ် အသစ်ဖွဲ့စည်းနေသည့်အဆင့်၏ အရေးပါပုံကို ဝူယွမ်အား အသေးစိတ် ရှင်းပြလိုက်သည်။
ကောင်းကင်နှင့် မြေကြီး၏ အစပိုင်းသည် ဒဏ္ဍာရီများထဲကကဲ့သို့ပင် ကစဉ်ကလျားခေတ်နှင့် သက်ဆိုင်ပေသည်။ ကစဉ်ကလျားခေတ်တွင် မွေးဖွားလာသော သတ္တဝါများအားလုံးသည် အလွန်တရာ အစွမ်းထက်ကြပေသည်။
ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်သည် အတိုင်းအတာတစ်ခုအထိ ကမ္ဘာတစ်ခုနှင့် သက်ဆိုင်ပြီး ထျန်းရွှမ်ကမ္ဘာကြီးအတွင်းမှ မွေးဖွားလာသော ကမ္ဘာတစ်ခုဖြစ်ကာ ကောင်းကင်နှင့် မြေကြီး၏ အသစ်ဖန်တီးမှုတစ်ခု မဟုတ်ချေ။
သို့သော် ကစဉ်ကလျားသတ္တဝါများကို မမွေးဖွားနိုင်လျှင်တောင် ပါရမီရှင်များစွာကို မွေးဖွားပေးနိုင်သေးသည်။
တစ်နည်းဆိုရသော် ယခုအချိန်သည် ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်၏ ပထမဆုံးသော ရွှေခေတ်ပင် ဖြစ်သည်။
ဤခေတ်တွင် မွေးဖွားလာသော သတ္တဝါများသည် ပါရမီရှင်များဖြစ်လာနိုင်ခြေ အလွန်များပေသည်။
ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်ခြေသည် ဤကာလများအတွင်း အမြင့်မားဆုံး ဖြစ်ပေသည်။
“ကြည့်ရတာ ငါ ဒီခေတ်ကြီးကို အမီလိုက်ပြီး မြန်မြန် ကလေးယူမှဖြစ်တော့မယ်”
ဝူယွမ်မှာ အလွန်အမင်း ဝမ်းသာသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကလေးယူရန် စိတ်ကူးများစွာက သူ၏ ခေါင်းထဲတွင် ပြည့်နှက်သွားတော့သည်။
သိုင်းပညာ လမ်းစဉ်ပေါ်တွင် သူ၏မျိုးဆက်သစ်များကို အမြင့်ဆုံးသို့ ရောက်ရှိစေရန် ပြင်းပြသော ရည်မှန်းချက်များက သူ့ခြေလှမ်းတိုင်းတွင် အထင်းသား ပေါ်လွင်နေလေတော့သည်။ (သောက်ကျိုးနည်း ရည်မှန်းချက်ကြီးပါဗျာ)