အခန်း (၃၄၅-၃၄၆)
Vol. 35 Ch. 345-346
အခန်း (၃၄၅) - သိုင်းပြိုင်ပွဲ တိုက်ပွဲ၊ အသူရာမုဒ်(၁)
လူသုံးဦး ဦးဆောင်သော ကူမိသားစုအဖွဲ့သည် သိုင်းပြိုင်ပွဲ၏ အလယ်ဗဟိုသို့ ဝင်ရောက်လာကြသည်။
သူတို့သည် တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ကြပြီးနောက် ကူမိသားစု၏ ထိုင်ခုံနေရာများဆီသို့ ဖြည်းညင်းစွာ လျှောက်သွားကြသည်။ ကွင်းပြင်ထဲရှိ လူအချို့မှာ စတင် ယှဉ်ပြိုင်နေကြချေပြီ။
ကူမုန်ချီက ပြုံးကာ ဝူယွမ်ကို မိတ်ဆက်ပေးလိုက်သည်။ “သိုင်းပြိုင်ပွဲက အဓိကပွဲစဉ်နဲ့ ချက်ချင်း မစသေးဘူး၊ အဲဒီအစား အရပ်မျက်နှာအသီးသီးက အစွမ်းထက်သူတွေရဲ့ အချင်းချင်း ယှဉ်ပြိုင်မှုတွေနဲ့ အရင် စတင်တာလေ၊ ဘာလို့လဲဆိုတော့ ဒီလိုသိုင်းပြိုင်ပွဲမျိုးမှာ မဟာမိသားစုကြီး ငါးခုကလည်း အရပ်မျက်နှာအသီးသီးက အစွမ်းထက်သူတွေကို ရှာဖွေပြီး သူတို့ မိသားစုတွေထဲမှာ အစောင့်အရှောက်တွေ၊ ဂုဏ်ထူးဆောင် ဧည့်သည်တော်တွေအဖြစ် ဖိတ်ခေါ်လေ့ရှိလို့ပဲ”
“မဟာမိသားစုကြီးငါးခုမှာ ဂုဏ်ထူးဆောင် ဧည့်သည်တော်တွေအတွက် အခွင့်အရေးတွေက အရမ်းကောင်းမွန်ပါတယ်၊ ဒါကြောင့် အစွမ်းထက်သူအများအပြားက မဟာမိသားစုကြီး ငါးခုရဲ့ အာရုံစိုက်မှုကို ရဖို့ မျှော်လင့်ကြတယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကစဉ်ကလျားမိစ္ဆာပင်လယ်လို နေရာမျိုးမှာ နောက်ခံ အားကိုးရာတစ်ခု ရှိနေတာက သဘာဝကျကျပဲ ကောင်းမွန်တဲ့ ကိစ္စကိုး၊ ပြီးတော့ မိသားစုတွေကလည်း သူတို့ ကျင့်ကြံဖို့ လိုအပ်တဲ့ အခြေအနေတွေကို ထောက်ပံ့ပေးကြတယ်”
ဝူယွမ်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး ပြုံးလိုက်သော်လည်း ကူမုန်ချီ၏အရိပ်အမြွက် ပြောဆိုမှုကိုမူ မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ချေ။ အထွတ်အထိပ်သို့ ရောက်ရှိရန် ပြင်းပြသော သူ၏ရည်မှန်းချက်များက ခြေလှမ်းတိုင်းတွင် အထင်းသား ပေါ်လွင်နေပေသည်။
သူသည် မဟာမိသားစုကြီး ငါးခု၏ ဂုဏ်ထူးဆောင်ဧည့်သည်တော်တစ်ဦး ဖြစ်လာရန် လုံးဝ စိတ်မဝင်စားချေ။ ကူမိသားစု၏ နည်းပါးလှသော အခြေခံအုတ်မြစ်များကို သူက ဂရုမစိုက်ပေ။
ကူမုန်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူမက ဝူယွမ်ကို တကယ်ပဲ စည်းရုံးချင်ခဲ့သော်လည်း ဤအမျိုးသားသည် ထိန်းချုပ်ရန် မလွယ်ကူကြောင်း ထင်ရှားလှပေသည်။
သူတို့ နေရာယူနေစဉ်မှာပင် မလှမ်းမကမ်းရှိ ကွင်းပြင်ထဲသို့ လူအုပ်ကြီးတစ်စု အလုအယက် ဝင်ရောက်လာကြသည်။
“ဝေမိသားစုပဲ” ကူယန်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်။
ဝူယွမ်၏ အကြည့်များက ဝေ့ဝဲသွားသည်။ သူတို့ကို ဦးဆောင်လာသူမှာ ယခင်က ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးကျွန်းတွင် သူသတ်ဖြတ်ခဲ့သော ဝေစုန် နှင့် အနည်းငယ် ဆင်တူပေသည်။
သို့သော် ဤလူ၏အရှိန်အဝါက များစွာ ပိုမိုတည်ငြိမ်လှပေသည်။ သူသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏အနောက်တွင် ဓားကြီးတစ်ခုကို လွယ်ထားသည်။
ထိုဓားထံမှ အလွန်တရာ ထက်ရှပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဓားချီစွမ်းအင်များ မှေးမှိန်စွာ ဖြာထွက်နေပေသည်။
“ကျောမှာ ဓားလွယ်ထားတဲ့ လူက ဝေမိသားစုက ဝေကျန်းပဲ၊ သူက ဝေမိသားစုရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အသန်မာဆုံးလို့ သတ်မှတ်ခံထားရတယ်၊ ဝေမိသားစုရဲ့ တောင်ဖြိုဓားသိုင်းကိုလည်း သူက ပြီးပြည့်စုံတဲ့အဆင့်အထိ ကျင့်ကြံထားတယ်”
ကူမုန်ချီက တိုးတိတ်စွာ ပြောလိုက်သော်လည်း သူမ၏လေသံထဲတွင် လေးနက်မှု အရိပ်အယောင်တစ်ခုကို ဝူယွမ် အလွယ်တကူသတိပြုမိလိုက်သည်။
ဝူယွမ်က ဝေကျန်းကို ခပ်ပေါ့ပေါ့ပင် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်များကို ဘေးရှိလူထံသို့ ရွှေ့လိုက်သည်။
ဝေကျန်း၏ဘေးတွင် သာမန်မျက်နှာသွင်ပြင်ရှိပြီး အမြဲတမ်း အန္တရာယ်ငွေ့များ သန်းနေသော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည့် အလွန်သွယ်လျသော ပုံရိပ်တစ်ခုရှိနေသည်။
ဤလူသည် ရင်းနှီးကျွမ်းဝင်နေသော အရှိန်အဝါတစ်ခုကို သယ်ဆောင်လာသည်။ ၎င်းအရှိန်အ၀ါမှာ ရွှမ်လင်းကျွန်း သို့ သူ ပထမဆုံး ရောက်ရှိစဉ်က သတ်ဖြတ်ခဲ့သော ကောင်းကင်အဆောင်သခင် ရွှီယွင်နှင့် တူနေခြင်းပင်း ဖြစ်သည်။
“သူက အဘိုးကြီးရဲ့ တပည့်ကြီး သရဲလှံ ချန်လော့ပဲ” ကူယန်က ဝူယွမ်၏ အကြည့်များအတိုင်း လိုက်ကြည့်ရင်း သူ၏နားနားကပ်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
“အဲဒီ ရွှီယွင်က သူ့ရဲ့ ဂျူနီယာညီလေ”
“အရိုးအဘိုးအိုက အရမ်း အစွမ်းထက်လား” ဝူယွမ်က မေးလိုက်သည်။
ကူယန် - “အရိုးအဘိုးအိုက ဒီထျန်းဖုန်း ပင်လယ်နယ်မြေမှာ အတော်လေး နာမည်ကြီးတယ်၊ ပြီးတော့ သူကိုယ်တိုင်က မိစ္ဆာလေ လျှို့ဝှက်ဂူရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော် တစ်ယောက်ပဲ၊ လွန်ခဲ့တဲ့ နှစ်တွေကတည်းက သူက ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်နေခဲ့ပြီ၊ ကျွန်မတို့ ကူမိသားစု ရရှိထားတဲ့ သတင်းတွေအရဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူက ဆန်းကြယ်သေခြင်းအဆင့် ကို ထိုးဖောက်တက်လှမ်းဖို့ ကြိုးစားနေတယ်လို့ သိရတယ်၊ အကယ်၍ သူသာ အောင်မြင်သွားရင် ထျန်းဖုန်း ပင်လယ်နယ်မြေမှာ ဘယ်သူမှမထိရဲတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ်”
ရွှီယွင်သည် အရိုးအဘိုးအို၏ တပည့်ဖြစ်ကြောင်း သိလိုက်ရကတည်းက ကူယန်မှာ အရိုးအဘိုးအိုအကြောင်း သတင်းအချက်အလက်များကို အထူးတလည် စုံစမ်းစစ်ဆေးခဲ့သည်။
“သူက ဆန်းကြယ်သေခြင်းအဆင့်ကို မရောက်သေးဘူးလား” ဝူယွမ်က သိပ်ဂရုမစိုက်သလို တီးတိုး ရေရွတ်လိုက်သည်။
အကယ်၍ တစ်ဖက်လူသာ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်သူတစ်ဦး ဖြစ်နေမည်ဆိုပါက သူ အနည်းငယ် စိုးရိမ်မိကောင်း စိုးရိမ်မိမည်ဖြစ်သည်။
ဆန်းကြယ် ရှင်ခြင်းနှင့် သေဆုံးခြင်းနယ်ပယ်... ဆန်းကြယ်ရှင်ခြင်းအဆင့်တွင် အသက်စွမ်းအင်များက ယွမ်စွမ်းအင်များနှင့် ပေါင်းစပ်သွားသဖြင့် ယွမ်စွမ်းအင်များသည် သမုဒ္ဒရာကြီးအလား အဆုံးအစမရှိ ကျယ်ပြောလှပေသည်။
တိုက်ခိုက်သည့်အခါ သိုင်းကွက်တိုင်းက ကြီးမားကျယ်ပြန့်လှသော စွမ်းအားများကို ထုတ်ဖော်နိုင်ပြီး အသက်စွမ်းအင်သည်လည်း အလွန်တရာ အံ့ဖွယ်ကောင်းသော ကုသခြင်း အာနိသင်များကို ပိုင်ဆိုင်ထားပေသည်။ ခြေလက်များ ပြတ်တောက်သွားလျှင်ပင် ပြန်လည် ပေါက်ပွားလာနိုင်ပေသည်။
ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသော အစွမ်းထက်သူများ၏ ခန္ဓာကိုယ်သည် မသေနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
အခြားတစ်ဖက်တွင်မူ ဆန်းကြယ်သေခြင်းအဆင့်သည် ဖျက်ဆီးနိုင်စွမ်းကို တိုးမြှင့်ပေးသည်။ သေဆုံးခြင်း စွမ်းအင်အောက်တွင် မည်သည့်အရာမျှ မတည်ရှိနိုင်ချေ။
ထိုကဲ့သို့သော ဖျက်ဆီးနိုင်စွမ်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထို့အပြင် သေဆုံးခြင်းစွမ်းအင်၏ တိုက်စားမှုကို ခံရသော ခန္ဓာကိုယ်သည် အသက်စွမ်းအင်များဖြင့်ပင် ပြန်လည်ကုသ၍ မရနိုင်ချေ။
ဆိုလိုသည်မှာ သေဆုံးခြင်းစွမ်းအင်ရှေ့တွင် အသက်စွမ်းအင်၏ ကုသခြင်းအာနိသင်များသည် လုံးဝ အသုံးမဝင်ကြောင်း ပြသနေပေသည်။
နိဗ္ဗာန်အဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ဆန်းကြယ်ရှင်ခြင်းအဆင့်သည် ခံနိုင်ရည်ကို တိုးမြှင့်ပေးပြီး ဆန်းကြယ်သေခြင်းအဆင့်က ဖျက်ဆီးနိုင်စွမ်းကို တိုးမြှင့်ပေးသည်ဟု ဆိုနိုင်ပေသည်။
ဝင်စားခြင်းအဆင့် ထိပ်သီးပုဂ္ဂိုလ်များ၏ အဓိက ဖျက်ဆီးနိုင်စွမ်းသည်ပင် သေဆုံးခြင်းစွမ်းအင်ထံမှ လာခြင်းဖြစ်သည်။
ထို့ကြောင့် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်သူတစ်ဦးကို ရင်ဆိုင်ရမည်ဆိုပါက ဝူယွမ်သည်လည်း ရင်ဆိုင်ရန် သူ၏ဝှက်ဖဲအချို့ကို ထုတ်သုံးရမည်ဖြစ်သည်။
“ရွှီယွင် သေဆုံးမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာကို သူသိမှာမဟုတ်ဘူး၊ ကျွန်မတို့ အရမ်းစိုးရိမ်နေစရာ မလိုပါဘူး” ကူယန်က ဝူယွမ်ကို တိတ်တဆိတ် ပြောလိုက်သည်။
ရွှီယွင်နှင့် ဝေစုန်တို့ နှစ်ဦးလုံးသည် ဝူယွမ်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သော်လည်း အမှန်တရားကို သိရှိသူ အလွန်နည်းပါးလှပေသည်။
အခြားတစ်ဖက်တွင်လည်း ဝေကျန်းနှင့် ချန်လော့တို့သည် ကူမိသားစုမှ လူများကို စေ့စေ့စပ်စပ် အကဲခတ်နေကြသည်။
ဝေကျန်း - “ရွှမ်လင်းကျွန်းကို သွားခဲ့တဲ့ အင်အားစုအားလုံးနီးပါး အနည်းနဲ့အများ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ ငါတို့ ဝေမိသားစုအဖွဲ့က လုံးဝသုတ်သင်ခံလိုက်ရပေမဲ့ ကူမိသားစုကတော့ ထိခိုက်မှု သိပ်မရှိခဲ့ဘူး”
“နောက်ပိုင်းမှာ ရွှမ်လင်းတောင်ကို စုံစမ်းစစ်ဆေးဖို့ အကြီးအကဲတွေကို လွှတ်လိုက်ပေမဲ့ အဲဒီက အစွမ်းထက်တဲ့ မိစ္ဆာသားရဲတွေ အားလုံး ပျောက်သွားပြီ၊ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးပင်လည်း ပျောက်သွားတယ်၊ ကူမိသားစု ယူသွားတာလို့ ငါတို့ သံသယရှိတယ်၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကူမိသားစုအဖွဲ့မှာ ကူယန်က အသန်မာဆုံးပဲ၊ အဲဒီတုန်းက သူက ဆန်းကြယ်ရှင်ခြင်းအဆင့်ကိုတောင် မရောက်သေးဘူးဆိုတော့ ယှဉ်ပြိုင်ဖို့ စွမ်းအားမရှိနိုင်ဘူး”
“အဲဒီအစား အဲဒီ ဝူယွမ်ဆိုတဲ့ကောင် ရှိတယ်၊ သူက ရွှမ်လင်းကျွန်း ကနေ ကူမိသားစုအဖွဲ့နဲ့ ပူးပေါင်းလာတာ၊ သူ့စွမ်းအားက သေချာမသိရဘဲ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတယ်၊ ဝေစုန်နဲ့ ရွှီယွင်တို့ရဲ့ သေဆုံးမှုက အဲဒီ ဝူယွမ်နဲ့ အများကြီး သက်ဆိုင်နေတယ်လို့ ငါသံသယရှိတယ်”
“ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ ဒီဝူယွမ်က အခု ကူမိသားစုရဲ့ အပြင်ဘက် အကူအညီ ဖြစ်နေပြီ၊ သူက ကူမိသားစုရဲ့ အရင် အပြင်ဘက်အကူအညီ လျာထားခံရတဲ့ မိုထောင်းကို အနိုင်ယူခဲ့တယ်ဆိုတော့ သူ့စွမ်းအားက အနည်းဆုံး ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်မှာ ရှိလောက်တယ်”
ဝေစုန်၏ သေဆုံးမှုသည် ဝေမိသားစုအတွက် ကြီးမားသော ကိစ္စရပ်တစ်ခုဖြစ်ပြီး ၎င်းကို စုံစမ်းစစ်ဆေးရန် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ကြသည်။
ခိုင်လုံသော သက်သေအထောက်အထားများ မရှိသော်လည်း ဝေမိသားစုသည် ဝူယွမ်ကို တရားခံအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
ချန်လော့ - “ငါ့ရဲ့ ဂျူနီယာညီက နည်းနည်း အသုံးမကျပေမဲ့ သူ့ရဲ့ နည်းလမ်းတွေအရ သာမန်လူတွေ သူ့ကို သတ်ဖို့ဆိုတာ မလွယ်ဘူး၊ အဲဒီလူက ဝိညာဉ်စွမ်းအင်မှာလည်း ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရှိနေမှသာ ဖြစ်နိုင်မယ်၊ နောက်ကျရင် ဝူယွမ်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်ရင် ငါတို့သိရမှာပါ”
“အကယ်၍ သူသာ တကယ်ဖြစ်နေခဲ့ရင် ငါ့ရဲ့ ဂျူနီယာညီအတွက် လက်စားချေတဲ့အနေနဲ့ သူ့ကို ငါသတ်ပစ်မယ်”
စုန်းမိသားစု၊ စုမိသားစုနှင့် ရှန်ထူမိသားစုတို့မှ အဖွဲ့များ ကွင်းပြင်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သိုင်းပြိုင်ပွဲသည် တဖြည်းဖြည်း စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များဆီသို့ ရောက်ရှိလာတော့သည်။
ရှန်ထူမိသားစုအဖွဲ့ထဲမှ အဘိုးအိုတစ်ဦး ထွက်လာလေ၏။
“သိုင်းပြိုင်ပွဲကို နှစ်စဉ် ကျင်းပတာဆိုတော့ စည်းမျဉ်းတွေကို အကျယ်တဝင့် ရှင်းပြနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်၊ အရင်အတိုင်းပါပဲ၊ ပြိုင်ဘက်တွေကို မဲနှိုက်ပြီးဆုံးဖြတ်မယ်၊ မိသားစုတစ်စုစီက ကိုယ်စားလှယ်သုံးယောက် ဝင်ပြိုင်ရမယ်” အဘိုးအို၏ဟိန်းဟောက်သံကြီးက ကွင်းပြင်ထဲရှိလူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
အဘိုးအို၏အသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူ လက်ထဲမှ အလင်းရောင် စက်ဝိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင် စက်ဝိုင်းထဲတွင် လည်ပတ်နေသော အလင်းရောင်များ ဖြာထွက်နေသည့် မဲလိပ်လေးခုကို မြင်တွေ့နိုင်ပေသည်။
မဟာမိသားစုကြီးငါးခု၏ ပြိုင်ပွဲစနစ်မှာ အလွန် ရှင်းလင်းလှပေသည်။
ရှန်ထူမိသားစုသည် ယခင်နှစ်က ချန်ပီယံဖြစ်သဖြင့် လက်ရှိချန်ပီယံနေရာကို ကာကွယ်မည့်သူ ဖြစ်သည်။
ကျန်ရှိသော မိသားစုလေးခု၏ အဖွဲ့များကို ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်ရန် တွဲပေးမည်ဖြစ်သည်။ အနိုင်ရရှိသော မိသားစုအဖွဲ့ တစ်ဖွဲ့တည်းသာလျှင် ရှန်ထူမိသားစုကို စိန်ခေါ်ခွင့် ရရှိမည်ဖြစ်သည်။
ရှန်ထူမိသားစုကို အနိုင်ရပြီးမှသာလျှင် ချန်ပီယံ ဖြစ်လာမည်ဖြစ်သည်။
အဘိုးအိုက လက်ထဲရှိ မဲလိပ်များကို မဟာမိသားစုကြီး လေးခုဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ကူမုန်ချီက ၎င်းကို ဖမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။
“စုမိသားစု”
ဤရလဒ်ကို မြင်လိုက်ရသောအခါ ကူယန်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ပြောလိုက်သည်။ “ဝေမိသားစု မဟုတ်လို့ တော်သေးတာပေါ့”
မဟာမိသားစုကြီး လေးခုထဲတွင် ဝေမိသားစုသည် လက်ရှိတွင် အသန်မာဆုံးဖြစ်သည်။
“ချန်ပီယံဆုကို လိုချင်တယ်ဆိုရင် သူတို့နဲ့ သေချာပေါက် ဆုံရမှာပဲလေ...” ဝူယွမ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
အဖွဲ့ နှစ်ဖွဲ့ စင်မြင့်ပေါ်သို့ တက်သွားကြသည်။ ပြိုင်ပွဲစနစ်မှာ သုံးပွဲမှာ နှစ်ပွဲနိုင်စနစ် ဖြစ်ပြီး ပြိုင်ဘက်များကို ကျပန်း မဲနှိုက်ရွေးချယ်မည်ဖြစ်သည်။
ကူမိသားစုတွင် အသန်မာဆုံးသူမှာ စုယန် ဖြစ်သည်။ ကျန်နှစ်ဦး၏ စွမ်းအားမှာ ကူမုန်ချီနှင့် ကူယန်တို့ကြားတွင် ရှိပြီး မည်သူကမျှ ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်သို့ မရောက်ရှိသေးချေ။
မဲနှိုက်ပြီးနောက် ဝူယွမ်၏ပြိုင်ဘက်မှာ စုယန် ဖြစ်လာသည်။
တိုက်ပွဲ စတင်ခဲ့ပြီး ကူမုန်ချီနှင့် ကူယန်တို့က အရင်ဆုံး စတင်ခဲ့ကြသည်။
မကြာမီ ရလဒ်များ ထွက်ပေါ်လာသည်။
“ကူမိသားစု၊ ကူမုန်ချီ အနိုင်ရရှိတယ်”
“စုမိသားစု၊ စုထိုက် အနိုင်ရရှိတယ်”
အံ့သြစရာမရှိဘဲ ကူမုန်ချီက တစ်ပွဲကို အောင်မြင်စွာ အနိုင်ရရှိသွားခဲ့သည်။
အခန်း (၃၄၆) - သိုင်းပြိုင်ပွဲ တိုက်ပွဲ၊ အသူရာမုဒ်(၂)
ယခုအခါ အရေးအကြီးဆုံး ပွဲစဉ်က ဝူယွမ်အပေါ် ကျရောက်လာတော့သည်။
သူတို့နှစ်ဦး စင်မြင့်ပေါ်သို့ တက်သွားကြပြီး ဝူယွမ်က သူ၏မျက်နှာချင်းဆိုင်ရှိ စုယန်ကို မသိမသာ အကဲခတ်ကြည့်လိုက်သည်။
သူ၏ စွမ်းအားသည် ဆန်းကြယ်ရှင်ခြင်း အစောပိုင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိနေပြီး ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်ကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီဖြစ်ရာ ကူမုန်ချီထက် အတော်လေးသာလွန်လှပေသည်။
“အစ်ကိုဝူယွမ်၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး” စုယန်က လက်အုပ်လေးချီကာ ယဉ်ကျေးစွ ပြောလိုက်သည်။
“လာပါ...” ဝူယွမ်ကလည်း ယဉ်ကျေးစွာ ပြန်လည်တုံ့ပြန်လိုက်သည်။
ခေတ္တမျှ နှုတ်ဆက်ပြီးနောက် စုယန်က ချက်ချင်းပင် အသင့်အနေအထားသို့ ရောက်ရှိသွားပြီး သူ၏အရှိန်အဝါများ လှိုင်းထန်လာတော့သည်။
သူက လက်နှစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ရာ သွယ်လျသော လက်ဖဝါးများပေါ်တွင် အနက်ရောင်သန်းနေသော အလင်းတန်းများ စီးဆင်းလာတော့သည်။
၎င်းတို့ထံမှ အလွန်တရာအန္တရာယ်များသော လှိုင်းဂယက်တစ်ခု မှေးမှိန်စွာ ဖြာထွက်လာပေသည်။
“အမှောင်မိစ္ဆာလက်ဝါး”
စုယန်က တီးတိုး ရေရွတ်လိုက်ပြီးနောက် သူ၏ လက်ဖဝါးများမှ ကြီးမားကျယ်ပြန့်လှသော အနက်ရောင်သန်းနေသည့် အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
ထိုအလင်းတန်းများက သူ၏ လက်ဖဝါးထဲတွင် အလျင်အမြန် စုစည်းသွားပြီး အနက်ရောင်သန်းနေသည့် အလွှာတစ်ခုအဖြစ် တဖြည်းဖြည်း ပုံပေါ်လာတော့သည်။
ဤအလွှာက စုယန်၏လက်နှစ်ဖက်ကို ဖုံးအုပ်သွားပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင် ဖြစ်သွားတော့သည်။
‘သူက အမှောင်မိစ္ဆာ လက်ဝါးနဲ့ စတင်တာပဲ...’ ဝူယွမ်က နှုတ်ခမ်းကို တွန့်လိုက်သည်။
“ရွှေရောင်အလင်း လက်ဝါး”
ဝူယွမ်က ရယ်မောလိုက်ပြီး သူ၏လက်များမှ ရွှေရောင်အလင်းတန်းအလွှာများ ချက်ချင်း ထွက်ပေါ်လာတော့သည်။ သူ၏လက်ဖဝါးများကို အားဖြည့်ရန် မူလစိတ်ဝိညာဉ်၏ စွမ်းအားကို အသုံးပြုလိုက်သည်။
စုယန်၏ မျက်နှာအမူအရာ တောင့်တင်းသွားသည်။ ဝူယွမ်က သူ့ကို တမင်တကာ အတုခိုးနေသည်ဟု ခံစားလိုက်ရသည်။
“အမှောင်မိစ္ဆာလက်ဝါး၊ အရိုးတိုက်စား”
စုယန်၏ ပါးစပ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် သူက လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ လှိုင်းထန်နေသော မီးခိုးရောင်အလင်းတန်းများက လေခွင်းသံများနှင့်အတူ လေဟာနယ်ကိုပင် ဖောက်ထွင်းသွားသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝူယွမ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာတော့သည်။
ထိုအလင်းတန်းပေါ်တွင် အံ့မခန်း တိုက်စားနိုင်သော စွမ်းအားတစ်ခု ပျံ့နှံ့နေပေသည်။
“ရွှေရောင်အလင်းလက်ဝါး၊ သန့်စင်စမ်း”
ဝူယွမ်ကလည်း အော်ဟစ်လိုက်ပြီးနောက် စုယန်၏လက်သီးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သိပ်သည်းလှသော ရွှေရောင်အလင်းတန်းများ ပျံ့နှံ့သွားပြီး စုယန်၏ မီးခိုးရောင်အလင်းတန်းများကို ဖြိုခွဲရန် ကောင်းကင်ပြာဧကရာဇ်၏ အာဏာရှင်သွေးစွမ်းအားကို အသုံးပြုလိုက်သည်။
သူက စုယန်ကို ပြီးပြည့်စုံစွာ တန်ပြန်တိုက်ခိုက်နိုင်သော အခြေအနေတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။
ဝူယွမ်အတွက်မူ ဤကဲ့သို့သော တိုက်ပွဲသည် ကစားပွဲတစ်ခုမျှသာ ဖြစ်သဖြင့် ကစားနည်းသစ်အချို့ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းသာ။
ပြိုင်ဘက်ကင်းသော အင်အားစုကြီးတစ်ခုကို တည်ဆောက်ရန် ပြင်းပြသော သူ၏ရည်မှန်းချက်များက ခြေလှမ်းတိုင်းတွင် အထင်းသား ပေါ်လွင်နေပေသည်။
အခြားသူများအားလုံးမှာ အံ့သြတကြီးဖြင့် ကြည့်နေကြပြီး ဝူယွမ်၏သိုင်းပညာရပ်သည် စုယန်ကို ပြီးပြည့်စုံစွာ တန်ပြန်နိုင်သည်ဟု တကယ်ပဲ ယုံကြည်သွားကြသည်။
“ငါ မယုံဘူး”
စုယန်က အံကြိတ်လိုက်ပြီးနောက် သူ၏ လက်ချောင်းများကို ထိလိုက်သည်။ လတ်ဆတ်သော သွေးအဆီအနှစ်များက သူ၏လက်ချောင်းထိပ်များမှ စီးဆင်းလာပြီး ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားတော့သည်။
သွေးများက သူ၏ခန္ဓာကိုယ်ပေါ်တွင် အလွန်တရာ ထူးဆန်းသော အနီရင့်ရောင် ရူန်းတစ်ခုကို ဖန်တီးလိုက်သည်။
“အမှောင်မိစ္ဆာ မသေမျိုးခန္ဓာကိုယ်”
ကြီးမားကျယ်ပြန့်လှသော အနီရောင် အလင်းတန်းများက ကွင်းပြင်ကြီးကို ရုတ်တရက် လွှမ်းခြုံသွားတော့သည်။ အနီရောင် အလင်းတန်းများအတွင်းရှိ စုယန်၏ခန္ဓာကိုယ်က ယခုအချိန်တွင် တွန့်လိမ်ဖောင်းပွလာနေသည်ကို လူတိုင်း မြင်တွေ့နိုင်ပေသည်။
စုယန်က ဤသိုင်းပညာရပ်ကို ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက် ပရိသတ်များထံမှ အံ့သြတကြီးအော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။
“ဒီအမှောင်မိစ္ဆာ မသေမျိုးခန္ဓာကိုယ်ကို ရှေးဟောင်း အစွမ်းထက် ကျင့်ကြံသူတစ်ဦးဖြစ်တဲ့ အမှောင်မိစ္ဆာအဘိုးအိုက ဖန်တီးခဲ့တာလို့ ပြောကြတယ်၊ ဒီသိုင်းပညာရပ်က ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို တိုးမြှင့်ပေးရုံသာမက အတွင်းပိုင်းရှိ အသက်စွမ်းအင်တွေရဲ့ ကုသခြင်း အာနိသင်တွေကိုလည်း အဆပေါင်းများစွာ တိုးမြင့်စေတယ်"
“ဒါကြောင့် ဒီအမှောင်မိစ္ဆာ မသေမျိုးခန္ဓာကိုယ်ကို အသက်သွင်းပြီးရင် အသုံးပြုသူက အတုအယောင် မသေနိုင်တဲ့ ခြေအနေကို ရောက်သွားသလိုပဲ...”
ကူမိသားစုအဖွဲ့ထဲမှ အားနည်းနေပုံရသော ကူယွမ်ထျန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဒီလောက် အစွမ်းထက်တဲ့ သိုင်းပညာရပ်နဲ့ဆိုတော့ အဲဒီဝူယွမ်တော့ ပြီးသွားလောက်ပြီ”
“စုယန်က အမှောင်မိစ္ဆာ မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတော့ ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်တောင် သူ့ရဲ့ အကာအကွယ်ကို ဖောက်ထွင်းဖို့ အရမ်းခက်ခဲလိမ့်မယ်”
...စုယန်၏ အစွမ်းထက်လှသော အရှိန်အဝါက လူများကို ကြီးမားသောယုံကြည်မှုများ ပေးစွမ်းနေပေသည်။
အမှောင်မိစ္ဆာ အဘိုးအိုသည် ထျန်းဖုန်း ပင်လယ်နယ်မြေ တစ်ခုလုံးတွင် တစ်ချိန်က သောင်းကျန်းခဲ့သော နတ်ဆိုးတစ်ကောင်ဖြစ်ရာ သူ၏သိုင်းပညာရပ်များက သေချာပေါက် အားနည်းမည်မဟုတ်ချေ။
ကဏ္ဍပေါင်းစုံတွင် စွမ်းရည်များ မြင့်တက်လာသော စုယန်က ဝူယွမ်ဆီသို့ ပြင်းထန်စွာ ပြေးဝင်လာတော့သည်။
“ကောင်းကင်ပြာနဂါး ကောင်းကင်တံဆိပ်”
ဝူယွမ်၏ အရှိန်အဝါများ ရုတ်တရက် လှိုင်းထန်လာပြီး ဧရာမကောင်းကင်ပြာနဂါး၏ လက်ဝါးကြီးတစ်ခုက ဆန့်ထွက်လာတော့သည်။ ကြီးမားကျယ်ပြန့်လှသော ကောင်းကင်ပြာရောင် အလင်းတန်းများက ၎င်း၏အောက်မှ ပျံ့နှံ့ထွက်ပေါ်လာသည်။
နဂါးပုံစံအလင်းတံဆိပ်တစ်ခု မှေးမှိန်စွာ ပေါ်ထွက်လာပြီး ၎င်းအတွင်းမှ ထူးခြားသော ဖိအားတစ်ခု ဖြာထွက်နေပေသည်။
သူက တိုက်ရိုက်ပင် ကောင်းကင်ယံသို့ ပျံတက်သွားပြီး စုယန်၏အထက်သို့ ရောက်ရှိသွားသည်။ ဧရာမကောင်းကင်ပြာနဂါး အရိပ်ကြီးတစ်ခုက သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ ရစ်ပတ်နေတော့သည်။
“ဖိနှိပ်စမ်း”
ဝူယွမ်က ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ပြာနဂါးက အမှောင်မိစ္ဆာကို ဖိနှိပ်လိုက်တော့သည်။
အောက်ဘက်ရှိစုယန်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဖိချခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ချေ။ အမှောင်မိစ္ဆာ၏ စွမ်းအားများကလည်း သူ၏ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း ပြန်လည်တွန်းပို့ခံလိုက်ရတော့သည်။
“ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားတွေပါလား” စုယန်၏ ခန္ဓာကိုယ်မှာ ဖိအားများကြောင့် ကွဲအက်မတတ် ဖြစ်နေတော့သည်။
“ဒါက နဂါးမျိုးနွယ်စုလား”
“မဟုတ်ဘူး၊ နဂါးမျိုးနွယ်စုရဲ့ ခန္ဓာကိုယ်သန့်စင်တဲ့ သိုင်းပညာရပ်တစ်မျိုး ဖြစ်ရမယ်”
“ဒီကောင်က ဒီလောက်တောင်အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ကူမိသားစုက ဘယ်လိုလုပ်ပြီး ဒီလို အပြင်ဘက် အကူအညီမျိုးကို ရှာတွေ့ခဲ့တာလဲ”
...မိသားစု အသီးသီးမှ လူများအားလုံး အံ့အားသင့်သွားကြသည်။
ဝူယွမ်သည် ယခင်က ထျန်းဖုန်း ပင်လယ်နယ်မြေတွင် မည်သည့် နာမည်ကျော်ကြားမှုမျှ မရှိခဲ့ချေ။ ဤမျှလောက် အစွမ်းထက်သော လူငယ် ပါရမီရှင်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာခြင်းက အင်အားစု အသီးသီး၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။
“ကူမိသားစု၊ ဝူယွမ် အနိုင်ရရှိတယ်”
ကြီးကြပ်ရေးအကြီးအကဲက ရလဒ်ကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ဝူယွမ်က စုယန်၏ခန္ဓာကိုယ်ပေါ်မှ ဆင်းလာခဲ့သည်။
“အစ်ကိုဝူယွမ်၊ ကျွန်တော် တကယ် လေးစားသွားပါပြီ၊ တကယ်ကို လေးစားသွားပါပြီ” စုယန်က လက်အုပ်လေးချီကာ ဘာမှမတတ်နိုင်သလို သက်ပြင်းချရင်း ပြောလိုက်သည်။
“ကံကောင်းသွားလို့ပါ၊ ကျွန်တော့်သိုင်းပညာရပ်က ခင်ဗျားရဲ့သိုင်းပညာရပ်ကို တိုက်ဆိုင်စွာပဲ တန်ပြန်နိုင်သွားလို့ရယ်” ဝူယွမ်က အနည်းငယ်ပြုံးကာ နှိမ့်ချစွာ ပြောလိုက်သည်။
စုယန်က တိုက်ပွဲစင်မြင့်ပေါ်မှဆင်းလာရင်း တိတ်တဆိတ် ကျိန်ဆဲနေမိသည်။
သူက သိုင်းပညာရပ်တစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်မဟုတ်ဘဲ ဝူယွမ်ကိုယ်တိုင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်ဟု ခံစားမိနေသည်။
ကူမိသားစုနှင့် စုမိသားစုတို့၏တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်သည်။
နောက်တစ်ပွဲမှာ ဝေမိသားစုနှင့် စုန်းမိသားစုတို့ ဖြစ်သည်။
“ဝေမိသားစုကနေ ဝင်ပြိုင်မယ့် လူသုံးယောက်ထဲမှာ ဝေကျန်းနဲ့ ချန်လော့တို့ နှစ်ယောက်စလုံးက ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်ကို စိန်ခေါ်နိုင်တဲ့ အရည်အချင်း ရှိကြတယ်၊ သူတို့ရဲ့ စွမ်းအားက ခုနက စုယန်ထက် မနိမ့်ကျဘူး"
“အားအနည်းဆုံး ဝေလီတောင် ဆန်းကြယ်ရှင်ခြင်း အစောပိုင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီး ကျွန်မနဲ့ ရင်ပေါင်တန်းနိုင်တယ်၊ သူတို့က စုန်းမိသားစုကို အလွယ်တကူ အနိုင်ယူနိုင်မှာ သေချာတယ်”
ကူမုန်ချီက သက်ပြင်းဖျော့ဖျော့လေး ချလိုက်ပြီး ဝေမိသားစု၏လမ်းကြောင်းဆီသို့ ကြည့်ကာ သူမ၏ ပုလဲရောင်သွားလေးများကို ကိုက်ရင်း ပြောလိုက်သည်။
ကူယွမ်ထျန်း- “အစ်ကိုဝူယွမ်ရဲ့ စွမ်းအားနဲ့ဆိုရင် ဘယ်သူနဲ့ပဲ ရင်ဆိုင်ရပါစေ တစ်ပွဲတော့ သေချာပေါက်နိုင်မှာပါ၊ အကယ်၍ ကျွန်တော်တို့ ဝေမိသားစုကို နိုင်ချင်ရင် မုန်ချီက သူတို့ထဲမှာ အားအနည်းဆုံး ဝေလီကို မဲကျပြီး အောင်မြင်စွာ အနိုင်ယူနိုင်မှပဲရမယ်၊ အဲဒီလိုမှမဟုတ်ရင် မျှော်လင့်ချက်မရှိတော့ဘူး”
ကူမိသားစု၏ စွမ်းအားမှာ ထင်ရှားလှပေသည်။ ကူယန်က ယခုလေးတင်မှ အဆင့်တက်လှမ်းထားခြင်းဖြစ်ရာ မည်သူနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ရှုံးနိမ့်မည်မှာ သေချာပေသည်။
အရာအားလုံးက ကံကြမ္မာအပေါ်တွင်သာ မူတည်နေတော့သည်။
ဝေမိသားစုနှင့် စုန်းမိသားစုတို့၏ တိုက်ပွဲမှာ အလျင်အမြန် ပြီးဆုံးသွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ဝေမိသားစုက အကြွင်းမဲ့ အသာစီးဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့သည်။
ဒုတိယအချီ။
ဝေမိသားစုနှင့် ကူမိသားစုတို့သာ ကျန်ရစ်ခဲ့တော့သည်။
မဲနှိုက်ခြင်း စတင်ခဲ့သည်။
ကူမုန်ချီ၏ ကျောက်စိမ်းရောင် လက်ကလေးက လှုပ်ရှားသွားပြီး သူမ၏လက်ထဲရှိ အလင်းရောင် မဲလိပ်လေးက သုံးပိုင်း ကွဲသွားတော့သည်။ ထို့နောက် အနီးအနားရှိ ရှန်ထူမိသားစု ဒိုင်လူကြီး၏ ကြီးကြပ်မှုအောက်တွင် သူမက ဝူယွမ်နှင့် ကူယန်တို့ကို ပေးလိုက်သည်။
ကူယန်က ပထမဆုံး မဲနှိုက်လိုက်ပြီး တစ်ချက် ကြည့်လိုက်ကာ ခါးသီးသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျွန်မရဲ့ ပြိုင်ဘက်က ချန်လော့ တဲ့”
ဝူယွမ်လည်း မဲလိပ်တစ်ခုကို နှိုက်လိုက်သည်။
“ဝေလီ...”
“အို... အားအနည်းဆုံး တစ်ယောက်က ကျွန်တော့်ဆီ ရောက်လာတယ်” သူက အနည်းငယ် အားနာနေသော လေသံဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ ဒီတစ်ခေါက် မျှော်လင့်ချက်မရှိတော့ပုံပဲ” ကူယွမ်ထျန်းက သက်ပြင်းချလိုက်သည်။
“ကျွန်မ အရင်သွားပြီး ကြိုးစားကြည့်မယ်၊ ဝေကျန်း ကို အနိုင်ယူနိုင်သရွေ့ မျှော်လင့်ချက် ရှိသေးတယ်” ကူမုန်ချီက ခေါင်းမာစွာဖြင့် ပြောလိုက်သည်။
တိုက်ပွဲ စတင်ခဲ့ပြီး ကူမုန်ချီက စင်မြင့်ပေါ်သို့ တက်သွားတော့သည်။
“ဟားဟား သခင်မလေးမုန်ချီ၊ ကြည့်ရတာ ခင်ဗျားတို့ ကူမိသားစု ဖိတ်ခေါ်ထားတဲ့ အပြင်ဘက် အကူအညီက ဒီတစ်ခေါက်တော့ အခြေအနေကို ပြောင်းလဲပေးနိုင်တော့မယ့် ပုံမပေါ်ဘူးနော်” ဝေကျန်းက စင်မြင့်ပေါ်သို့ တက်လာရင်း ကူမုန်ချီကို ပြုံးပြကာ ပြောလိုက်သည်။
သူတို့သည်လည်း ကူမိသားစု၏ အခြေအနေကို သိထားကြသည်။ ဝူယွမ်က ပြောင်းလဲမှု တစ်ခုဖြစ်သော်လည်း လက်ရှိ မဲရလဒ်များအရ ဝူယွမ် မည်မျှပင် အစွမ်းထက်နေပါစေ သူတို့ ဝေမိသားစုက နှစ်ပွဲ သေချာပေါက်နိုင်မည်ဖြစ်သည်။
“တိုက်ပွဲက မစသေးပါဘူး၊ အဲဒီလောက် အလျင်စလို ဆုံးဖြတ်ချက်မချပါနဲ့ဦး”
ကူမုန်ချီက ချက်ချင်းပင် စတင် တိုက်ခိုက်လိုက်တော့သည်။
ခေတ္တမျှ တိုက်ခိုက်ပြီးနောက် ကူမုန်ချီသည် အကြိမ်နှစ်ဆယ်ပင် မပြည့်မီမှာပင် ရှုံးနိမ့်သွားခဲ့ရသည်။
“ဟူး... ကျွန်တော်တို့ ကူမိသားစုက အစ်ကိုဝူယွမ်ကို ဆွဲချသလို ဖြစ်သွားတာပါ၊ ဒါ အစ်ကိုဝူယွမ်ရဲ့အပြစ်မဟုတ်ပါဘူး၊ ကျန်တဲ့တိုက်ပွဲတွေ ဆက်လုပ်ဖို့ မလိုတော့ဘူး၊ ကျွန်တော်တို့ကူမိသားစုက အစ်ကိုဝူယွမ်ကို လျော်ကြေးပေးပါ့မယ်” ကူယွမ်ထျန်းက ဝူယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
ဝူယွမ် - “ပြိုင်ပွဲက မပြီးသေးပါဘူး၊ အသူရာမုဒ်ဆိုတာ ကျန်သေးတယ်မဟုတ်လား”