အခန်း (၃၄၇-၃၄၈)
Vol. 35 Ch. 347-348
အခန်း (၃၄၇) - မီတာလေးဆယ် ရှည်လျားသော မဟာရှေးဟောင်းဓား(၁)
ဝူယွမ်က အသူရာမုဒ်အကြောင်း ပြောလိုက်သည်ကို ကြားသောအခါ ကူမိသားစုမှ လူတိုင်းက မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။
သိုင်းပြိုင်ပွဲတစ်ခု၏ စည်းမျဉ်းများအရ ယေဘုယျအားဖြင့် သုံးပွဲတွင် နှစ်ပွဲနိုင်လျှင် အနိုင်ရရှိသည်ဟု သတ်မှတ်လေ့ရှိသော်လည်း ဤသာမန် ပွဲစဉ်များအပြင် ထူးခြားသော မုဒ်တစ်ခုနှင့် စည်းမျဉ်းတစ်ခုလည်း ရှိနေသေးသည်။
၎င်းမှာ အသူရာမုဒ်ပင် ဖြစ်သည်။
စည်းမျဉ်းများက ရိုးရှင်းလှပေသည်။ လူတစ်ယောက်တည်းက ပြိုင်ဘက် သုံးယောက်ကို တစ်ပြိုင်နက်တည်း စိန်ခေါ်ရမည်ဖြစ်သည်။ အကယ်၍ အနိုင်ရရှိခဲ့ပါက ယခင်က ပြိုင်ပွဲတွင် ကြုံတွေ့ခဲ့ရသော မည်သည့် ရလဒ်ကိုမဆို ပြောင်းပြန်လှန်ပစ်နိုင်မည်ဖြစ်သည်။
“အသူရာမုဒ်လား၊ အစ်ကိုဝူယွမ်၊ မလုပ်ပါနဲ့၊ ဒါက အရမ်း အန္တရာယ်များလွန်းတယ်၊ အစ်ကို့ အသက်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်” ကူယွမ်ထျန်းက မဆိုင်းမတွပင် တားမြစ်လိုက်သည်။
ဝေကျန်း၊ ချန်လော့နှင့် ဝေလီ တို့ သုံးဦးစလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရန်မှာ မလွယ်ကူလှချေ။
ဝေကျန်း နှင့် ချန်လော့ တို့ နှစ်ဦးစလုံးသည် ဆန်းကြယ်ရှင်ခြင်း အလယ်အလတ် စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး အားအနည်းဆုံးဖြစ်သော ဝေလီပင်လျှင် ဆန်းကြယ်ရှင်ခြင်း အစောပိုင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဤသုံးဦး ပူးပေါင်းလိုက်မည်ဆိုပါက ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့် အစွမ်းထက်သူ တစ်ဦးကိုပင် အနိုင်ယူနိုင်လောက်ပေသည်။
ထိုကဲ့သို့သော စွမ်းအားမျိုးကို ထျန်းဖုန်း ပင်လယ်နယ်မြေ တစ်ခုလုံးရှိ လူငယ်မျိုးဆက်များကြားတွင်ပင် လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် ရှားပါးလှပေသည်။
ဝူယွမ်တွင် ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်စွမ်းအား ရှိကြောင်း သိထားသော်လည်း လူသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရန်မှာ မျှော်လင့်ချက်မရှိနိုင်ဟု ကူယွမ်ထျန်းက ခံစားမိသည်။
သူက သူ့ကိုယ်သူ ဝူယွမ်၏နေရာတွင် အစားထိုး တွေးကြည့်လိုက်သည်။
အင်အားချင်း မတိမ်းမယိမ်းဖြစ်နေသော ပြိုင်ဘက်ကင်း ပါရမီရှင် သုံးဦးကို တစ်ယောက်တည်း ရင်ဆိုင်ရခြင်းမှာ အသူရာ ငရဲဘုံသို့ ဝင်ရောက်ရသကဲ့သို့ ခက်ခဲလှပေလိမ့်မည်။
အကယ်၍ ရှုံးနိမ့်သွားပါက အလွန်တရာ ဆိုးရွားသော အဆုံးသတ်နှင့် ရင်ဆိုင်ရနိုင်ပေသည်။
“မတတ်နိုင်ဘူးလေ၊ ကျွန်တော်က ရှေးဟောင်းကမ္ဘာဦးစေတီကို လိုချင်တာကိုး” ဝူယွမ်က အပြုံးဖျော့ဖျော့လေးဖြင့် ပြောလိုက်သည်။
အထွတ်အထိပ်သို့ ရောက်ရှိရန် ပြင်းပြသော သူ၏ရည်မှန်းချက်များက ခြေလှမ်းတိုင်းတွင် အထင်းသား ပေါ်လွင်နေပေသည်။
“မိတ်ဆွေလေးဝူယွမ်၊ မင်း ဒါကို သေချာစဉ်းစားသင့်တယ်နော်” ကူရွှေက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ ဝူယွမ်က ဤမျှလောက် သတ္တိရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ယခင်က ကျင်းပခဲ့သော သိုင်းပြိုင်ပွဲ အများအပြားတွင် ‘အသူရာမုဒ်’ ကို စိန်ခေါ်သူများ ရှိခဲ့ဖူးသော်လည်း အောင်မြင်သူမှာ အလွန်တရာ ရှားပါးလွန်းလှပေသည်။
အနီးစပ်ဆုံး အောင်မြင်ခဲ့သူမှာ ရှန်ထူမိသားစုမှ ရှန်ထူကျွယ် ဖြစ်ပြီး ထိုအချိန်ကစ၍ သူ၏ သံမဏိအသူရာ ဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှန်ထူကျွယ် ဆိုသည်မှာ မည်သူနည်း။
သူသည် ရာစုနှစ်တစ်ခုအတွင်း ရှန်ထူမိသားစု၏ အထူးချွန်ဆုံးသော ပါရမီရှင်တစ်ဦးဖြစ်ပြီး သူ၏ ပါရမီစွမ်းရည်မှာ ထျန်းဖုန်း ပင်လယ်နယ်မြေရှိ အထိပ်တန်းဆုံး လူငယ်ပါရမီရှင် နှစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။
လွန်ခဲ့သည့် နှစ်များအတွင်း သူ၏ နာမည်သည် မဟာမိသားစုကြီး ငါးခုမှ ပါရမီရှင်များအားလုံး၏ ရင်ထဲတွင် လေးလံသော ကျောက်တုံးကြီး တစ်တုံးအလား ဖိကျနေခဲ့သည်။ ဤအသူရာ၏ အရှိန်အဝါအောက်တွင် သူတို့အားလုံးမှာ သေချာပေါက် အရံလူများသာ ဖြစ်ခဲ့ကြရသည်။
“အစ်ကိုကြီးဝူယွမ်၊ အသူရာမုဒ်မှာ တိုက်ပွဲကို ရပ်တန့်ခွင့် မရှိဘူး၊ ဝေမိသားစုနဲ့ ကျွန်မတို့ ကူမိသားစုကြားက ဆက်ဆံရေးအရဆိုရင် သူတို့က သေချာပေါက် ညှာနေမှာ မဟုတ်ဘူး၊ ကျွန်မ စိုးရိမ်မိတယ်၊ ရှင်...” ကူယန်က စိုးရိမ်တကြီးဖြင့် အကြံပေးလိုက်သည်။
တစ်ယောက်တည်းဖြင့် သုံးယောက်ကို ရင်ဆိုင်ရခြင်းမှာ သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။
ရှန်ထူကျွယ်သည် သူတို့၏ စိတ်ထဲတွင် လူငယ်မျိုးဆက်များကြား၌ လက်လှမ်းမမီနိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေသကဲ့သို့ပင်။
အရမ်း ခက်ခဲလွန်းတယ်။
ကံဆိုးစွာဖြင့် သူတို့သည် ဝူယွမ်၏အကြောင်းကို သိပ်မသိကြချေ။ လက်ရှိ ဝူယွမ်၏ ပြိုင်ဘက်များမှာ ဤပြိုင်ဘက်ကင်း ပါရမီရှင်လေးများ မဟုတ်တော့ဘဲ ယခင် မျိုးဆက်တစ်ခုလုံး၊ ဘိုးဘေးအဆင့်အထိပင် ရောက်နိုင်သော သူများ ဖြစ်နေပြီဖြစ်သည်။
မဟာမိသားစုကြီးငါးခုအတွက် အလွန်တရာ အရေးကြီးလှသော သိုင်းပြိုင်ပွဲသည် ဝူယွမ်အတွက်မူ လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်ပေသည်။
“ရှုံးနေတဲ့ ပွဲပဲလေ၊ ကျွန်တော့်ကို စမ်းကြည့်ခွင့်ပြုပါ၊ ကျွန်တော် မိုက်မဲတဲ့သူ မဟုတ်ပါဘူး၊ ကိုယ့်အသက်ကို အလကား အသေခံမှာ မဟုတ်ဘူး” ဝူယွမ်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
“မင်းက ဒီလို ဆုံးဖြတ်ထားမှတော့ ငါတို့လည်း ကန့်ကွက်စရာ မရှိပါဘူး၊ ဒါပေမဲ့ တကယ်လို့ မင်း မယှဉ်နိုင်တော့ဘူးဆိုရင် အဆုံးသတ် မလှမပ မဖြစ်ရအောင် စောစောစီးစီး လက်မြှောက်အရှုံးပေးလိုက်ပါ၊ ဝေမိသားစုက ကလေးတွေက တော်တော်လေး ရက်စက်ကြတယ်” ကူရွှေက သက်ပြင်းချရင်း ပြောလိုက်သည်။
“ကောင်းပါပြီ”
ဝူယွမ်က ခေါင်းညိတ်လိုက်ပြီး တိုက်ပွဲစင်မြင့်ဆီသို့ ပြတ်သားစွာ လျှောက်သွားလိုက်သည်။
“ဒီလူငယ်လေးက တကယ်ကိုထူးခြားတာပဲ၊ သူ့ကို ငါတို့ ကူမိသားစုထဲကို ဆွဲသွင်းနိုင်ရင် သိပ်ကောင်းမှာပဲ” ကူရွှေ က စင်မြင့်ပေါ်သို့ တက်သွားသော ဝူယွမ်၏ ယုံကြည်မှုရှိလှသည့် ကျောပြင်ကို ကြည့်ရင်း မျှော်လင့်ချက်ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
သူက ဝူယွမ်၏ ပုံရိပ်ကို စိုက်ကြည့်နေကြသော ကူယန်နှင့် ကူမုန်ချီတို့ကို လှည့်ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက် ဝူယွမ်အပေါ်မှာ ဘယ်လို သဘောထားမျိုး ရှိကြလဲ၊ အကယ်၍ ရှိတယ်ဆိုရင် ဘာလို့ လက်တွေ့ မလုပ်ပြရတာလဲ၊ ဝူယွမ်ကို ငါတို့ ကူမိသားစုထဲကို ခေါ်လာနိုင်ရင် မိသားစုအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်ဆိုတာ မင်းတို့လည်း သိပါတယ်” ကူရွှေက တိုက်တွန်းအားပေးလိုက်သည်။
သူတို့ နားလည်ထားသလောက် ဝူယွမ်သည် ထျန်းဖုန်းပင်လယ်နယ်မြေသို့ တစ်ယောက်တည်း ရောက်ရှိလာခြင်းဖြစ်ရာ သူ့ကို သားမက်အဖြစ် ဆွဲသွင်းနိုင်မည်ဆိုပါက ကူမိသားစုအတွက် ကောင်းကင်မှကျလာသော ပါရမီရှင်တစ်ဦးကို ရရှိလိုက်ခြင်းနှင့် တူပေလိမ့်မည်။
ကူယန်နှင့် ကူမုန်ချီတို့၏ မျက်နှာများမှာ နီရဲသွားကြသည်။ သူတို့က ဝူယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကူမိသားစုဝင်များကို လှည့်ကြည့်လိုက်ကြကာ အံ့သြဖွယ်ကောင်းလောက်အောင်ပင် ငြင်းဆန်ခြင်းမရှိဘဲ တစ်ပြိုင်နက်တည်း အနည်းငယ် ခေါင်းညိတ်ပြလိုက်ကြသည်။
လူတိုင်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်... ‘သခင်မလေး နှစ်ဦးစလုံးက ဝူယွမ်ကို သဘောကျနေကြတာပါလား'
ဤအချိန်တွင် ဝူယွမ်မှာ စင်မြင့်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
“မင်း ဆက်ပြီး တိုက်ချင်သေးတာလား”
ဝေကျန်းက ဝူယွမ်ကို အေးစက်စက် ကြည့်ကာ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် မေးလိုက်သည်။
စင်မြင့်ပေါ်တွင် ရပ်နေသော ဝေလီကလည်း ဝူယွမ်ကို ပြုံးပြကာ ပြောလိုက်သည်။ “မင်း အရမ်း အစွမ်းထက်တယ်ဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမဲ့ ဒါက တစ်ယောက်ချင်း တိုက်ရတဲ့ ပွဲမဟုတ်ဘူး၊ ဒီပွဲကို ငါ အရှုံးပေးလိုက်ပေမဲ့ မင်းရဲ့ အဆုံးသတ်ကတော့ သတ်မှတ်ပြီးသား ဖြစ်သွားပြီ”
ထိုသို့ပြောပြီးနောက် ဝေလီက စင်မြင့်ပေါ်မှ ဆင်းရန်ပြင်လိုက်သည်။
“ခဏလေး စောင့်ပါဦး” ဝူယွမ်က လှမ်းခေါ်လိုက်သည်။
ထို့နောက် သူက စင်အောက်ရှိ ဝေကျန်း နှင့် ချန်လော့ တို့ကို ကြည့်ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။ “ကျွန်တော် အသူရာ မုဒ်ကို စိန်ခေါ်ချင်တယ်၊ ခင်ဗျားတို့ နှစ်ယောက်လည်း တက်လာခဲ့ကြပါ”
ဝူယွမ်၏ အသံက မကျယ်လောင်သော်လည်း လှိုင်းလုံးပေါင်း ထောင်ချီ ရိုက်ခတ်သွားသည့်အလား ကွင်းပြင်တစ်ခုလုံးကို ဆူညံပွက်လောရိုက်သွားစေခဲ့သည်။
“အသူရာမုဒ်၊ ဘုရားရေ၊ သူက တကယ်ကြီး အသူရာမုဒ်ကို စိန်ခေါ်ရဲတာလား”
“ဒီသိုင်းပြိုင်ပွဲက သိပ်စိတ်ဝင်စားစရာ မကောင်းဘူးလို့ အစကထင်ထားတာ၊ အခုတော့ အံ့သြစရာတွေ ဖြစ်လာပြီ”
“ဒီဝူယွမ်က ဘယ်က ရောက်လာတာလဲ”
“သူက တော်တော်လေး ချောတာပဲ”
“အသူရာမုဒ်ကို စိန်ခေါ်ရဲတဲ့သူတွေက တကယ့် ရက်စက်တဲ့လူတွေချည်းပဲ၊ ကျရှုံးသွားရင်တောင် သူတို့က သူရဲကောင်းတွေပဲ”
“အသူရာမုဒ်ကို နောက်ဆုံး စိန်ခေါ်ခဲ့တာ ရှန်ထူကျွယ်လေ၊ ဝူယွမ် နိုင်ပါ့မလား မသိဘူး”
ဝူယွမ်၏ စကားများက စင်အောက်ရှိ ကြည့်ရှုသူ အများအပြား၏ အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။
လူအများအပြားက ဝူယွမ်ကို မသိကြချေ။ ထိုကဲ့သို့သော သူတစ်ယောက်အကြောင်းကို ယခင်က တစ်ခါမှ မကြားဖူးခဲ့ကြပေ။ ရုတ်တရက် သူက အသူရာမုဒ်ကို စိန်ခေါ်ရဲလာသဖြင့် လူတိုင်းက ရလဒ်ကို ချက်ချင်း စောင့်မျှော်လာကြတော့သည်။
“ဟဲဟဲ၊ ဒါ မသေခင် မင်းရဲ့ ရူးသွပ်မှုလေးတွေလား” ဝေကျန်းက ဝူယွမ်ကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
ချန်လော့ - “သူ့ကို ကြွားဝါခွင့်ပေးလိုက်ပါ၊ ငါတို့က သူ့ကို မြေကြီးအောက် တိုက်ရိုက်မြှုပ်နှံပေးလိုက်ရုံပဲ”
သူတို့နှစ်ဦးက စင်မြင့်ပေါ်သို့ ခုန်တက်သွားပြီး ဝေလီနှင့်အတူ ရပ်လိုက်ကြသည်။
သုံးယောက် တစ်ယောက် အခြေအနေကြောင့် လေထုက ချက်ချင်းပင် တင်းမာသွားတော့သည်။
“မတိုက်ခင် မင်းကိုမေးချင်တဲ့ မေးခွန်းတစ်ခုရှိတယ်” ဝေကျန်းက ဝူယွမ်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
“အရင်တုန်းက ရွှမ်လင်းကျွန်းပေါ်မှာ ငါတို့ ဝေမိသားစုက လူတစ်ယောက်ကို မင်း ဘာလို့သတ်ခဲ့တာလဲ”
ဝူယွမ်၏ လက်ချက်ဖြစ်ကြောင်း သူ သေချာမသိသော်လည်း တိုက်ရိုက်ပင် မေးလိုက်ခြင်းဖြစ်သည်။
“ခင်ဗျား ဘာတွေပြောနေတာလဲ” ဝူယွမ်က ခေါင်းကုတ်ရင်း ရယ်မောလိုက်သည်။
“ငါ့ရဲ့ ဂျူနီယာညီလည်း ရွှမ်လင်းကျွန်းကို သွားခဲ့တယ်၊ ရွှမ်လင်းကျွန်းပေါ်မှာ သူ့ကို သတ်နိုင်တဲ့သူက မင်းတစ်ယောက်တည်းပဲ ရှိတယ်” ချန်လော့ က ဝူယွမ်ကို မှိုင်းညို့နေသော မျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်သည်။
“သူ့ဟာသူ သေတာ ဒါမှမဟုတ် မိစ္ဆာသားရဲ ကိုက်သတ်တာကို ခံလိုက်ရတာရော ဘာလို့ မဖြစ်နိုင်ရမှာလဲ” ဝူယွမ်က ပြန်လည် ချေပလိုက်သည်။
သူက မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ငြင်းဆိုခြင်းလည်း မပြု၊ ဝန်ခံခြင်းလည်း မလုပ်ဘဲ တစ်ဖက်လူကို အနေရခက်အောင်သာ လုပ်ချင်ခဲ့ခြင်းပင်။
လက်ရှိ ရည်မှန်းချက်မှာ ရှေးဟောင်းကမ္ဘာဦးစေတီကို အရင်ဆုံး ရယူရန်ဖြစ်သည်။ ၎င်းက ဘိုးဘေးကျောက်တုံး၏ ပြန်လည်ကောင်းမွန်လာမှုအပေါ် အလွန်ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိလေ၏ယ
အကယ်၍ ဝေစုန်သေဆုံးမှုအတွက် သူက တာဝန်ရှိကြောင်း ဝန်ခံလိုက်ပါက ဝေမိသားစု၏ လက်စားချေမှုနှင့် ရင်ဆိုင်ရနိုင်ပေသည်။ ဝေမိသားစု ဘိုးဘေး၏ စွမ်းအားမှာ သေချာပေါက် ဆန်းကြယ်သေခြင်းအဆင့်တွင် ရှိနေမည်ဖြစ်ရာ တိုက်ခိုက်ရမည်ဆိုပါက ပြဿနာများစွာ ရှိလာနိုင်ပေသည်။
ထို့အပြင် မဟာမိသားစုကြီး ငါးခုကလည်း ပူးပေါင်းသွားနိုင်သေးသည်။
“ဝန်မခံဘူးပေါ့လေ၊ ဒါပေမဲ့ကိစ္စမရှိပါဘူး၊ မင်းကို သတ်ပစ်လိုက်ရင်လည်း ဒါက ပြဿနာကိုရှင်းတဲ့ နည်းလမ်းတစ်ခုပါပဲ” ဝေကျန်းက လှောင်ပြုံး ပြုံးလိုက်သည်။
ဝူယွမ်က လွယ်လွယ်ကူကူ ဝန်ခံလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ဝူယွမ်ကို ဤသို့ မေးလိုက်ခြင်းမှာ သူ၏တည်ငြိမ်မှုကို ပျက်ပြားစေရန်သာ ဖြစ်သည်။
ဝူယွမ်နှင့် ပတ်သက်၍မူ သူ့ကို သေချာပေါက် သတ်ပစ်ရန် သူတို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။
ချန်လော့၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး မျက်လုံးများက အန္တရာယ်ငွေ့များ သန်းနေသော်လည်း သူက နှုတ်ဆိတ်နေခဲ့သည်။
သူ၏ လက်ဖဝါးကို ဆုပ်လိုက်ရာ အနက်ရောင်လှံရှည်တစ်ခု ရုပ်လုံးပေါ်လာတော့သည်။ လှံပေါ်လာသည်နှင့် တစ်ပြိုင်နက် စူးရှသော သရဲငိုကြွေးသံတစ်ခုက ၎င်းထံမှ ထွက်ပေါ်လာပြီး ယင်မိစ္ဆာစွမ်းအင်လှိုင်းများလည်း ထွက်ပေါ်လာတော့သည်။
၎င်း၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် အလွန်တရာအစွမ်းထက်လှသော ကောင်းကင်အဆင့်ဝိညာဉ်ရတနာ တစ်ခုဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဤကောင်းကင်အဆင့်ဝိညာဉ်ရတနာကို ကိုင်ဆောင်လိုက်သည်နှင့် ချန်လော့၏ အရှိန်အဝါက သူနှင့် ဝေကျန်း၊ ဝေလီ တို့ကြားတွင် ချက်ချင်းပင် ကွာဟချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဝေမိသားစုသည် ချန်လော့ကို အပြင်ဘက် အကူအညီအဖြစ် ခေါ်ဆောင်လာခဲ့ခြင်းမှာ ချန်ပီယံဆုကို ရယူရန် ရည်ရွယ်ထားကြောင်း ထင်ရှားလှပေသည်။
“ငါတို့သုံးယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ မင်း ဘယ်နှကွက်လောက်တောင့်ခံနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်”
အခန်း (၃၄၈) - မီတာလေးဆယ် ရှည်လျားသော မဟာရှေးဟောင်းဓား(၂)
ချန်လော့က ဝူယွမ်ကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏အရှိန်အဝါများ မြင့်တက်လာသည်နှင့်အမျှ ဝေကျန်းနှင့် ဝေလီတို့ကလည်း သူတို့၏အရှိန်အဝါများကို ဝူယွမ်ဆီသို့ ချက်ချင်း ဦးတည်လိုက်ကြသည်။
“မင်းတို့အားလုံးကို ရှင်းလင်းဖို့ တစ်ကွက်တည်းဆိုရင် လုံလောက်မယ်လို့ ငါထင်တယ်” ဝူယွမ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
ချန်လော့ - “မင်းရဲ့ ယုံကြည်မှုတွေ ဘယ်ကနေ ရလာလဲတော့ ငါ မသိဘူး၊ ဒါပေမဲ့ မင်း ဘယ်လိုများ နိုင်မလဲဆိုတာကို ငါ စဉ်းစားလို့တောင်မရဘူး”
ဝူယွမ်က ဖျော့ဖျော့လေး ပြုံးလိုက်ပြီး သူ၏မျက်၀န်း အနက်ရှိုင်းဆုံးနေရာမှ အေးစက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာတော့သည်။
ချက်ချင်းပင် သူ၏လက်များက အလွန်လျင်မြန်စွာ လှုပ်ရှားလာပြီး လက်ကွက်များ ဖွဲ့စည်းလိုက်ရာ ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
“မဟာရှေးဟောင်းကျမ်း”
ဝူယွမ်၏ တိုးညှင်းသော ရေရွတ်သံနှင့်အတူ မြေကြီးက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားတော့သည်။
တောင်ထိပ် တစ်ခုလုံး တုန်ခါသွားပြီးနောက် ဝူယွမ်ကို ဗဟိုပြု၍ အလွန်တရာ ထူးဆန်းလှသော လှိုင်းဂယက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာကာ စက်ဝိုင်းပုံစံ ပျံ့နှံ့သွားသည်ကို လူတိုင်း ခံစားလိုက်ရသည်။
စိမ်းလန်းစိုပြည်နေသော မြေကြီးက သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အလျင်အမြန် ခြောက်သွေ့သွားတော့သည်။
စိမ်းလန်းနေသော တောင်ကြားများက အလျင်အမြန် ညှိုးနွမ်းခြောက်သွေ့သွားပြီး မဟာရှေးဟောင်းတောရိုင်း ၏ အငွေ့အသက်များ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။
လူတိုင်း၏ မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လွင်လာတော့သည်။
ဝူယွမ်သည် တောင်ထိပ် တစ်ခုလုံးရှိ အသက်စွမ်းအင်များကို စုပ်ယူနိုင်စွမ်းရှိကြောင်း အံ့သြတကြီး တွေ့ရှိလိုက်ကြရသည်။
“ဒီသိုင်းပညာရပ်က အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းတယ်၊ ငါတို့ ကူမိသားစုရဲ့ လဆွဲငင်ခြင်း သိုင်းပညာရပ်ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်” ကူရွှော့ က အံ့သြထိတ်လန့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ “ဝူယွမ်ရဲ့ နောက်ခံက သာမန် မဟုတ်လောက်ဘူး”
“အစ်ကိုကြီးဝူယွမ်က ဒီလောက်တောင် အစွမ်းထက်တာလား၊ သူ ဘယ်လောက်တောင် များပြားတဲ့ ဝှက်ဖဲတွေကို ဖုံးကွယ်ထားသေးလဲ မသိဘူး” ကူယန်က စိတ်ထဲမှ တွေးလိုက်သည်။ ဝူယွမ်၏ အစစ်အမှန် စွမ်းအားကို သူမ လုံးဝ ခန့်မှန်း၍ မရနိုင်တော့ချေ။
အင်အားစု အသီးသီးမှာ ဝူယွမ်၏ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်သွားကြပြီး စင်မြင့်၏ အလယ်ဗဟိုတွင် ရှိနေသော ဝေကျန်း အပါအဝင် သုံးဦးစလုံးမှာ ပို၍ပင် ကြီးမားသော ဖိအားများကို ခံစားလိုက်ရသည်။
ကွင်းပြင်ထဲတွင် ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး မီတာတစ်ရာခန့် ကြီးမားသော စွမ်းအင်တိုင်ကြီးတစ်ခုက ဝူယွမ်ကို တိုက်ရိုက် လွှမ်းခြုံကာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ထိုစွမ်းအင်၏ ကြီးမားကျယ်ပြန့်လှသော စွမ်းအားသည် ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့်ကို ကျော်လွန်နေပြီဖြစ်ပြီး ဆန်းကြယ်ရှင်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုထက်ပင် သာလွန်နေပေသည်။
ဤမျှ ကြီးမားလှသော စွမ်းအင်များဖြင့် ဝူယွမ်က မည်သည့် သိုင်းပညာရပ်ကို ထုတ်သုံးသည်ဖြစ်စေ ၎င်း၏ အခြေခံစွမ်းအားသည်ပင် ဆန်းကြယ်ရှင်ခြင်းအဆင့် အမြင့်ဆုံးတွင်ရှိသူတစ်ဦး၏ သာမန် တိုက်ခိုက်မှုထက် များစွာ သာလွန်နေမည်ဖြစ်သည်။
ဤသည်မှာ ဝူယွမ်က မဟာရှေးဟောင်းကျမ်းကို အစွမ်းကုန် ထုတ်ဖော်အသုံးပြုထားခြင်း မဟုတ်သေးချေ။
အကယ်၍ သူသာ အစွမ်းကုန် ထုတ်ဖော်အသုံးပြုမည်ဆိုပါက မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ အသက်စွမ်းအင်များအားလုံး သူ၏ စုပ်ယူခြင်းကို ခံရမည်မှာ သေချာလှပေသည်။
တစ်ချိန်တည်းမှာပင် အဝေးမှ အကြည့်တစ်ချက်ကလည်း ရောက်ရှိလာခဲ့သည်။
ဧရာမတောင်ကြီး၏ ထိပ်တွင် စိမ်းလန်းစိုပြည်နေသော မြေကြီးမှာ ခြောက်သွေ့သွားခဲ့ပြီဖြစ်သည်။ ကွင်းပြင်၏ အဆုံးတွင် မီတာတစ်ရာနီးပါး မြင့်မားသော အထပ်ကိုးထပ်ပါ အပြာရောင် ကျောက် မျှော်စင်ကြီးတစ်ခုက တောင်ထိပ်တွင် မားမားမတ်မတ် ရပ်တည်နေသည်။
ကျောက်တာဝါပေါ်တွင် မှေးမှိန်စွာဖြင့် ထူးဆန်းသော ပုံစံဒီဇိုင်းများကို မြင်တွေ့နိုင်ပေသည်။ ဤပုံစံဒီဇိုင်းများသည် သဘာဝအတိုင်း ဖြစ်တည်နေပုံရပြီး ကြီးမားကျယ်ပြန့်ကာ ရှေးကျပြီး ခမ်းနားထည်ဝါသော အရှိန်အဝါများက တိတ်ဆိတ်စွာ ဖြာထွက်နေသဖြင့် ပတ်ဝန်းကျင်လေဟာနယ်ကပင် ဤတည်ရှိမှုကြောင့် ကြမ်းတမ်းပြီး နက်နဲသွားသည့်အလား ထင်မှတ်ရပေသည်။
ဤသည်မှာ ယခု သိုင်းပြိုင်ပွဲ၏ အန္တိမ ရည်မှန်းချက်ဖြစ်သော ရှေးဟောင်းကမ္ဘာဦးစေတီပင် ဖြစ်သည်။
ရှေးဟောင်းကမ္ဘာဦးစေတီ၏ အရှေ့တွင် ပုံရိပ်တစ်ခုက ဘုန်းတော်ကြီးတစ်ပါးအလား တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။ ဤသူသည် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဦးခေါင်းမှာ လုံးဝ ပြောင်နေကာ နေရောင်အောက်တွင် မျက်စိကျိန်းမတတ် တောက်ပနေပေသည်။ သူ၏မျက်နှာမှာ အလွန်တရာ နုနယ်လှပနေပုံရသည်။
သို့သော် ဤနုနယ်လှပသော မျက်နှာမှာ ယခုအခါ အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏မျက်လုံးများထဲတွင် မီတာတစ်ရာခန့် ကြီးမားသော စွမ်းအင်တိုင်လုံးကြီး ရောင်ပြန်ဟပ်နေပေသည်။
“သိုင်းပြိုင်ပွဲမှာ ဘယ်လိုအဆင့် တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်လိုက်တာလဲ” ရှန်ထူကျွယ်က အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေသည်။ သူ ရရှိထားသော သတင်းအချက်အလက်များအရ အခြားသော မိသားစုလေးခုမှ လူငယ်မျိုးဆက်များရှိ အစွမ်းထက်သူများမှာ သူ၏အမြင်တွင် ဘောင်မဝင်ချေ။ အားနည်းလွန်းကြပေသည်။
ထိုစွမ်းအင်အလင်းတိုင်ကြီးသည် မိသားစုလေးခုရှိ တပည့်များထံမှ ထွက်ပေါ်လာခြင်း လုံးဝမဖြစ်နိုင်ချေ။
ယခုအခါ ဖိအားများသည် ဝေကျန်းနှင့် အခြားနှစ်ဦးအပေါ်သို့ ကျရောက်သွားပြီဖြစ်သည်။
ဝူယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အလင်းတိုင်ကြီးကို ရင်ဆိုင်ရချိန်တွင် ထိုသုံးဦးမှာ ဆက်လက်၍ ပေါ့ပေါ့ဆဆမနေရဲကြတော့ဘဲ တစ်ဦးစီက သူတို့၏အစွမ်းထက်ဆုံးသော သိုင်းပညာရပ်များကို အသီးသီး ထုတ်ဖော်လိုက်ကြတော့သည်။
“ဒေါသဝေလငါးလှိုင်းမျိုလက်ဝါး”
“တောင်ထိပ်အသွင်ပြောင်းလဲခြင်းဓား”
“တစ္ဆေတစ်သောင်းဝိညာဉ်၀ါးမျိုလှံ”
အသန်မာဆုံးဖြစ်သော ချန်လော့က သူ၏လက်ဝါးဖြင့် လှံရိုးကို ရိုက်ချလိုက်ရာ အနက်ရောင်လှံရှည်က လေထုကို ခွဲခြမ်းကာ ချက်ချင်း ထွက်ပေါ်လာတော့သည်။
မရေမတွက်နိုင်သော အနက်ရောင်မြူခိုးများက ၎င်းကို ရစ်ပတ်ထားပြီး အလင်းတိုင်ကြီးအတွင်းရှိ ဝူယွမ်ဆီသို့ ပြင်းထန်စွာတိုး၀င်လာပြီး လေခွင်းသံများနှင့်အတူ လေဟာနယ်ကို ဖောက်ထွင်းလာသော အနက်ရောင် ဥက္ကာပျံတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“မဟာရှေးဟောင်းဓား”
ဝူယွမ်က တည်ငြိမ်စွာဖြင့် စကားလုံး နှစ်လုံးကို ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ လေပြင်းစွမ်းအားမျိုးစေ့က အလျင်အမြန်ကြီးထွားလာပြီး စွမ်းအင် အလင်းတိုင်ကြီးကို စုပ်ယူလိုက်သည်။
ခြောက်သွေ့ညှိုးနွမ်းနေသော စွမ်းအားတစ်ခုက သူ၏လက်ထဲတွင် စုစည်းသွားပြီး ချက်ချင်းပင် ကြီးမားကျယ်ပြန့်လှသော စွမ်းအင်များက ဧရာမဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။
မဟာရှေးဟောင်းကျမ်းနှင့် မဟာရှေးဟောင်းဓားတို့ ပေါင်းစပ်လိုက်ခြင်းပင်။ မဟာရှေးဟောင်းဓားသည် တောင်ဂိုဏ်း၏ လေပြင်းခန်းမမှ အခြေခံ သိုင်းပညာရပ်တစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာ အသုံးပြုသော လေပြင်းစွမ်းအား ပမာဏအပေါ် မူတည်၍ ကွဲပြားပေသည်။
ဧရာမဓားကြီးမှာ မျက်တောင်တစ်ခတ်အတွင်း မီတာလေးဆယ်ကို ကျော်လွန်သွားပြီး ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဓားကြီးကျဆင်းလာသည်နှင့်အမျှ ချန်လော့၊ ဝေကျန်းနှင့် အခြားနှစ်ဦး၏ အလွန်တရာ ကြမ်းတမ်းလှသော တိုက်ခိုက်မှုများမှာ အသက်ရှူမဝလောက်အောင် စူးစိုက်ကြည့်နေကြသော မရေမတွက်နိုင်သည့် အကြည့်များအောက်တွင် တစ်လက်မချင်း ပြိုကျပျက်စီးသွားတော့သည်။
လေပြင်းစွမ်းအားများ ဆန့်ထွက်လာသည်နှင့်အမျှ ကွင်းပြင်တစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် အက်ကွဲသွားပြီး ဝေကျန်းနှင့် အခြားနှစ်ဦး၏ ခန္ဓာကိုယ်များမှာလည်း ကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲများကို ရင်ဆိုင်လိုက်ကြရသည်။
သူတို့၏ ဆံပင်များက ခြောက်သွေ့ညှိုးနွမ်းသွားပြီး အသားအရေများက အက်ကွဲကာ သူတို့၏ အသက်စွမ်းအင်များက အလျင်အမြန် စုပ်ယူခံလိုက်ရတော့သည်။
မဟာရှေးဟောင်းဓားက လုံးဝ မကျဆင်းလာသေးသော်လည်း ထိုသုံးဦးမှာ ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းသွားသည့်အလား ထင်မှတ်ရပေသည်။
“ဒီတိုက်ခိုက်မှုက အသက်စွမ်းအင်တွေကို စုပ်ယူနိုင်တယ်”
“မြန်မြန် ရပ်လိုက်၊ ငါတို့ ဝေမိသားစု အရှုံးပေးတယ်”
“သူ့ကို တားကြစမ်း”
ဝေမိသားစုအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက မဟာရှေးဟောင်းဓားကို ဖျက်ဆီးရန် ကွင်းပြင်ထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြား မိသားစုလေးခုမှ အကြီးအကဲများကလည်း စတင်လှုပ်ရှားလာကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မဟာမိသားစုကြီးငါးခု၏ သိုင်းပြိုင်ပွဲဖြစ်ရာ ဝေကျန်းနှင့် အခြားနှစ်ဦး အခုတ်ခံရပြီး သေဆုံးသွားသည်ကို သူတို့ ဒီအတိုင်း ရပ်ကြည့်နေ၍မရနိုင်ချေ။
ဆန်းကြယ်ရှင်ခြင်း ၏ အမြင့်ဆုံးအဆင့်ရှိ အစွမ်းထက်သူ ငါးဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ နောက်ဆုံးတွင် ဝူယွမ်၏ မဟာရှေးဟောင်းဓား ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။
မဟာရှေးဟောင်းဓားသည် ခြောက်သွေ့ညှိုးနွမ်းနေသော စွမ်းအင်လှိုင်းများအဖြစ် ပျံ့ကျဲသွားပြီး အကြီးအကဲအချို့၏ ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်သွားကာ ဝေကျန်းနှင့် အခြား နှစ်ဦး၏ ခန္ဓာကိုယ်များအတွင်းသို့လည်း အတော်လေး ဝင်ရောက်သွားခဲ့သည်။
ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့် အကြီးအကဲငါးဦး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး သူတို့၏ခန္ဓာကိုယ်အတွင်းရှိ လေပြင်းစွမ်းအားများကို ဖယ်ရှားရန် ဆန်းကြယ်ရှင်ခြင်းစွမ်းအားများကို အလျင်အမြန် လည်ပတ်စေလိုက်ကြသည်။
သို့သော် ဝေကျန်းနှင့် အခြား နှစ်ဦးမှာမူ ထိုမျှကံမကောင်းလှချေ။ သူတို့၏ ခန္ဓာကိုယ်များမှာ အရမ်း ခြောက်ကပ်သွားသဖြင့် အဝါရောင် လူပုလေးများနှင့်ပင် တူနေပြီး သူတို့၏ အသက်ရှူသံများက မှေးမှိန်နေကာ နောက်ဆုံးထွက်သက်ကိုသာ အနိုင်နိုင် ရှူရှိုက်နေကြရသည်။
“ဟဲဟဲ၊ တားဖို့ ကြိုးစားနေတာလား၊ ဒါကအကျိုးဆက်ပဲ” ဝူယွမ်က အေးစက်စက် တီးတိုး ရေရွတ်လိုက်သည်။
မဟာရှေးဟောင်းဓားကို ဖျက်ဆီးပစ်လိုက်သူများမှာ မဟာအကြီးအကဲငါးဦး မဟုတ်ချေ။ အမှန်တော့ သူကိုယ်တိုင်က မဟာရှေးဟောင်းဓားကို ပြန့်ကျဲသွားစေခဲ့ပြီး လေပြင်းစွမ်းအား များကို လူအချို့၏ ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်သွားစေရန် ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။
ဆန်းကြယ်ရှင်ခြင်း၏ အမြင့်ဆုံးအဆင့်ရှိ အကြီးအကဲငါးဦးမှာ ကြီးမားသော ထိခိုက်မှု မရှိခဲ့သော်လည်း ဝေကျန်းနှင့် အခြားနှစ်ဦးမှာမူ အခြေခံအားဖြင့် မသန်မစွမ်းဖြစ်သွားကြချေပြီ။
ဝေမိသားစု အကြီးအကဲက ဝူယွမ်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ မေးလိုက်သည်။ “လူငယ်လေး၊ ဒါက ဘယ်လို သိုင်းပညာရပ်မျိုးလဲ”
ဝူယွမ် - “ဒါက သိုင်းပညာရပ်သက်သက်ပါပဲ”
“မင်း...” ဝေမိသားစု အကြီးအကဲမှာ ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။
“အခု ရလဒ်ကို ကြေညာလို့ ရပြီလား” ဝူယွမ်က ဒိုင်လူကြီးအဖြစ် တာဝန်ယူထားသော ရှန်ထူမိသားစုအကြီးအကဲကို ကြည့်ကာ မေးလိုက်သည်။
“အသူရာမုဒ်၊ ဝူယွမ် အနိုင်ရရှိတယ်၊ ကူမိသားစုအနိုင်ရရှိတယ်”
ရှန်ထူမိသားစုအကြီးအကဲ၏ မျက်လုံးများက မှိုင်းညို့နေပြီး ခန့်မှန်းရခက်နေပေသည်။ ယခုလေးတင် ဝူယွမ်၏တိုက်ခိုက်မှုက သူ့ကို ခြိမ်းခြောက်မှုတစ်ခု ခံစားရစေခဲ့သည်။
နောက်တစ်ဆင့်တွင် ဝူယွမ်သည် သူ၏ကိုယ်ပိုင်မိသားစုမှ ရှန်ထူကျွယ်ကို ရင်ဆိုင်ရမည်ဖြစ်ရာ ရှန်ထူကျွယ်အတွက် သူ အနည်းငယ်စိုးရိမ်နေမိသည်။
ရှေးဟောင်းကမ္ဘာဦးစေတီ၏ အောက်တွင်။
ရှန်ထူကျွယ် ည် နောက်ဆုံးတွင် မတ်တတ်ရပ်လိုက်ပြီး ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ချေ။
ဤအချိန်တွင် ရှန်ထူမိသားစု တပည့်တစ်ဦးက အလျင်အမြန် ပြေးလာပြီး ပြောလိုက်သည်။
“အစ်ကိုကြီးရှန်ထူ၊ ဒီသိုင်းပြိုင်ပွဲမှာ အပြောင်းအလဲတစ်ခု ဖြစ်သွားပြီ၊ အကြီးအကဲက အစ်ကိုကြီးကို အကြောင်းကြားခိုင်းလိုက်လို့ပါ”
ရှန်ထူကျွယ် - “ခုနက တိုက်ခိုက်မှုကို ဘယ်သူက ထုတ်ဖော်လိုက်တာလဲ”
တပည့်က ပြန်ဖြေလိုက်သည်။ “အဲဒါ ကူမိသားစုက ဖိတ်ခေါ်ထားတဲ့ အပြင်ဘက် အကူအညီပါ၊ ဝူယွမ် လို့ခေါ်တဲ့ လူငယ်တစ်ယောက်ပါ၊ သူက အသူရာမုဒ်ကို စိန်ခေါ်ပြီး ဝေမိသားစုက လူသုံးယောက်ကို အပြတ်အသတ် အနိုင်ယူလိုက်တယ်၊ အကြီးအကဲက အစ်ကိုကြီးကို သေချာပြင်ဆင်ထားစေချင်တယ်တဲ့”