← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

Chapter 147+148

~

အခန်း ၁၄၇+၁၄၈

~

ဝိုင်းရံထားသော လူများကိုကြည့်၍ လျှို့ဝှက်ကြယ်သံတမန်၏ အသံက ပိုမိုအေးစက်လာ၏ ။

" ဒါ ဘာကို ဆိုလိုတာလဲ.. ခင်ဗျားရဲ့ မိသားစုကို အင်မော်တယ်ဂိတ်က သတ်သွားလို့ ကျုပ်တို့ ဝူကျိအသင်းကို သစ္စာဖောက်ချင်တာလား.. "

ကြယ်သံတမန်သည် အတိတ်မှ ရင်းနှီးခဲ့မှုများကို ဖယ်ထုတ်ပစ်လိုက်လေပြီ ။

" သစ္စာဖောက်တာလား.. ငါ ဝူကျိအသင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး.. "

မိုမင်ကျိက အသင်းပြင်းပြင်းရှူလိုက်ပြီး ထထိုင်လိုက်၏ ။ သူ၏ အိုမင်းနေသောမျက်နှာတွင် စိတ်လှုပ်ရှားမှုများ အနည်းငယ် ထင်ဟပ်နေပြီး နက်ရှိုင်းသော အသံဖြင့်...

" ငါက သာမန်လူတစ်ယောက်ပဲ.. ငါ့ ဦးနှောက်နဲ့ သိုင်းသူတော်စင် ဒါမှမဟုတ် သိုင်းသူ​တော်စင်ရဲ့ တပည့်တစ်ယောက်ကို မျှားခေါ်နိုင်မယ်လို့ မင်းထင်နေတာလား.. "

" ငါ အိုနေပြီ.. ငါ့ဘဝတစ်လျောက်လုံးလည်း အလဟသပ် အသက်ရှင်ခဲ့ရပြီးပြီ.. ငါ့ရဲ့ အသုံးမဝင်တဲ့ အသက်ကို သိုင်းသူတော်စင်ဆီကို ပေးလိုက်တာကမှ အနာဂတ်မှာ မျိုးနွယ်ခြားတွေကို သတ်နိုင်ဖို့ တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်သေးတယ်.. "

" မျိုးနွယ်ခြားတွေကို သတ်နိုင်ဖို့ဆိုရင် ငါတို့လည်း သေဖို့ အသင့်ပဲ.. "

ချောင်မူတို့ အဖွဲ့ကို ဝိုင်းရံထားသော သိုင်းပညာရှင်များက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည် ။

သူတို့ကိုင်ထားသော ဓားများက သွေးတစက်စက် စီးကျနေသော်လည်း တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပုံမရပေ ။

" သူတို့အားလုံးက ငါနဲ့ ဘဝ တူတွေပဲ.. မျိုးနွယ်ခြားတွေကြောင့် သူတို့အိမ်တွေ ဆုံးရှုံးခဲ့ရတယ်.. မိသားစုတွေ ဆုံးရှုံးခဲ့ရတယ်.. ချစ်ရသူတွေ ဆုံးရှုံးခဲ့ရတယ်.. သူတို့ရဲ့ စရိုက်သဘာဝက မဆိုးလို့ ငါ သူတို့ကို သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်း သင်ပေးထားတယ်.. ဒီလူတွေက ငါနှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ လူတွေပါ.."

မိုမင်းကျိ၏ မျက်လုံးများက စကားပြောရင်း ဝမ်းနည်းရိပ်များ ယှက်သန်းလာ၏ ။

" ခု ငါက အဆင့် ၄ ရောက်ပြီဆိုတော့ သိုင်းသူတော်စင်ရဲ့ အစာဖြစ်ဖို့ အရည်အချင်း ပြည့်မီပြီမလား.. "

ဝူချီကျန်း အနည်းငယ်လန့်သွားပြီး သူ့အကြည့်က မြေပြင်ပေါ်ရှိ အလောင်းများထံသို့ ရောက်သွား၏ ။ မိုမင်ကျိ ရူးသွပ်သွားသည်ကို သူနားလည်သွားလေပြီ ။

' အဓိပ္ပါယ် မရှိတာတွေ.. '

သူ၏ အကြည့်က ပိုမို အေးစက်လာ၏ ။

သိုင်းသူတော်စင်၏ တပည့်သုံးထောင်ထဲတွင် ယခုအချိန်အထိ အသက်ရှင်နိုင်သူများနှင့် ပညာရှိ ၇၂ ယောက်ထဲတွင် လက် သွေးမစွန်းဘူးသူဟူ၍ မရှိချေ ။

သို့သော်လည်း ဝူချီကျန်းသည် အသက်ရှင်ရပ်တည်ရေးအတွက်သာ တခြားတပည့်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်းကဲ့သို့သော နတ်ဆိုးဆန်သည့် နည်းလမ်းများကို မနှစ်သက်ပေ ။ ထို့ကြောင့် သူသည် တခြားသူများနှင့် ကွာခြားလေသည် ။

" ဘာလို့ သိုင်းသူတော်စင်အတွက် သေမှာလဲ.. "

ဝူချီကျန်းက အေးစက်စွာ မေးလိုက်သည် ။ သူသည် သိုင်းသူတော်စင်၏ တပည့်ဖြစ်ပြီး ပညာရှိ ၇၂ ယောက်ထဲမှ တစ်ယောက်ဖြစ်သော်လည်း သိုင်းသူတော်စင်အား သဘောမကျ ။ သူသည်ကား သိုင်းသူတော်စင်၏ အရင်းအမြစ်သာဖြစ်၍ တစ်နေ့တွင် သိုင်းသူတော်စင်၏ လက်ချက်ဖြင့် ဧကန်မုချ သေရမည်သာ ဖြစ်သည် ။

" ဘာလို့လဲဆိုတော့ သိုင်းသူတော်စင်က ကမ္ဘာပေါ်မှာ အသန်မာဆုံ သိုင်းပညာရှင် ဖြစ်နေလို့.. ဒီလောကမှာ မျိုးနွယ်ခြားတွေကို တိုက်ခိုက်နိုင်ဖို့ မျှော်လင့်ချက်ရှိတဲ့ တစ်ယောက်ထဲသောသူက သိုင်းသူတော်စင်ပဲ.. "

မိုမင်ကျိက ယုံကြည်ချက် ခိုင်မာစွာ ပြောလိုက်သည် ။

" မျိုးနွယ်ခြားတွေက မြင့်မြတ်ပြီး တန်ခိုးကြီးကြတယ် ..လူတွေကို မွေးထားတဲ့ တိရစ္ဆာန်တွေလို ဆက်ဆံကြတယ်.. ကျွန်တွေလိုပဲ သဘောထားကြတယ် .."

" မျိုးနွယ်ခြားစစ်ပွဲ ပြီးခဲ့တာ နှစ်လေးဆယ် ကြာပြီးနောက် ပထမ မျိုးဆက်နဲ့ ဒုတိယမျိုးဆက်​တွေ ပျောက်ကွယ်လာတဲ့အခါ အရင်က အရှက်ရခဲ့တာကို ဒီခေတ်လူတွေ မမှတ်မိကြတော့ဘူး.. မျိုးနွယ်ခြားတွေက မြို့ထဲမှာ​တောင် ဘုရားကျောင်းဆောက်ပြီး လူတွေက အမွှေးတိုင် ပူဇော်ပြီး ကိုးကွယ်စရာနတ်ဘုရားတွေ ဖြစ်လာကြပြီ.. "

" သာမန်လူတွေက မခံစားတက်ပေမယ့် ကျုပ်တို့ သိုင်းပညာရှင်တွေက စိတ်ထဲမှာ ရှိနေတုန်းပဲ.. "

" အခြေအနေတွေက ဒီလို ဆက်ဖြစ်နေရင် ..တနေ့ ကျုပ်တို့ သိုင်းပညာရှင်တွေ ပျောက်ကွယ်သွားရင် လူသားတွေက မျိုးနွယ်ခြားတွေရဲ့ ဝက်တွေ နွားတွေ ဖြစ်န်ကုန်ကြတော့မယ် .."

မိုမင်ကျိသည် ယခင်မျိုးဆက် ကြယ်သံတမန်ဖြစ်၍ ဗဟုသုတ ပိုများပေ၏ ။

" သိုင်းသူတော်စင်ရဲ့ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းက သိုင်းပညာရှင်တွေနဲ့ သာမန်လူသားအားလုံးကဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်.. "

မိုမင်ကျိက ပြောပြီး​နောက် သက်ပြင်းရှည်ကြီး ချလိုက်တော့သည် ။

ကမ္ဘာပေါ်တွင် သိုင်းသူတော်စင် ပြန်ပေါ်လာပြီးနောက် သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း၏ အမှန်တရားကို ဒီရေနားစွင့်မျှော်စင်က ထုတ်ဖော်ခဲ့သည် ။ သိုင်းသူတော်စင်ပုန်းအောင်းနေသည့် နှစ်လေးဆယ်လုံးတွင် ဤကျင့်စဥ်ကို အသုံးပြု၍ အရည်အချင်းရှိသော အရင်းအမြစ်များစွာကို ရွေးချယ်ခဲ့၏ ။

" ဒါက မင်းရဲ့ တပည့်တွေကို သတ်ရတဲ့ အကြောင်းရင်းလား.. "

ဝူချီကျန်း၏ အကြည့်က ထိုးဖောက်သွားမတက် စူးရှနေသည် ။

" အရှင်ချီကျန်း.. အင်မော်တယ်လမ်းစဥ်က သန်မာပေမဲ့ ကျုပ်တို့ သိုင်းပညာရှင်တွေက အားနည်းလွန်းတယ်.. "

မိုမင်ကျိက စိတ်ခံစားချက် အပြည့်ဖြင့် ....

" နှစ်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက သိုင်းပညာရှင်တွေရဲ့ အကန့်အသတ်ဟာ အဆင့် ၄ အထိပဲ ရောက်နိုင်ခဲ့တာ.. နောက်ပိုင်းနှစ်တွေမှာ တဖြည်းတဖြည်းအတွင်းအား စုဆောင်းကြပေမဲ့ သိသာတဲ့ အောင်မြင်မှုကို မရနိုင်တော့ဘူး.. "

" ပြီးခဲ့တဲ့ ရာစုနှစ်အနည်းငယ် အတွင်းမှာပဲ ကျုပ်တို့သိုင်းလောကသားတွေက ထူခြားတဲ့ စိတ်ဝိညာဥ်သန့်စင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့ကြတယ်.. "

" ဝူတန်က သူတော်စင် မဟာဆရာ ကျန်းစန်းဖုန်းက ဦးဆောင်လမ်းပြခဲ့လို့ ညဏ်အလင်းပွင့်တဲ့ အဆင့်လို့ ခေါ်တဲ့ ဒဏ္ဍာရီတွေ ပေါ်ထွက်လာပေမဲ့ အဲ့တာတွေက ပုံပြင်လိုလို ဒဏ္ဍာရီလိုလိုနဲ့ အဆုံးသတ်ခဲ့ကြတာပဲလေ.. "

" အဲ့ဒီ ဒဏ္ဍာရီ ကောလဟာလတွေကို ဖယ်ထားရင် ဒီနေ့ခေတ် သိုင်းလောကရဲ့ ဦးဆောင်သူက သိုင်းသူတော်စင် ပဲဆိုတာ သံသယဖြစ်စရာမရှိတော့ဘူး.. "

" သိုင်းသူတော်စင်က ဒီနှစ်လေးဆယ် အတွင်းမှာ ထိပ်တန်းကျင့်စဥ်တွေကို စုဆောင်းခဲ့ပြီး ကျွမ်းကျင်သူတွေ အများကြီး မွေးထုတ်နိုင်ခဲ့ပေမဲ့ .. ရှေးခေတ်သိုင်းလောကထက် အများသာလွန်လာပေမဲ့.. ခုထိ မျိုးနွယ်ခြားတွေကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး.. "

မိုမင်ကျိသည် အတွေ့အကြုံများသူ ဖြစ်သဖြင့် မျိုးနွယ်ခြားများ၏ ခွန်အားကို တခြားသူများထက် ပို၍ နားလည်ပေသည် ။

သိုင်းလမ်းစဥ်အနေဖြင့် ယခုတိုးတက်နေသည့် အရှိန်ဖြင့်ပင် မျိုးနွယ်ခြားများနှင့် ယှဥ်နိုင်ရန် နှစ်​ထောင်ဂဏန်းမက လိုအပ်လေသည် ။

သိုင်းသူတော်စင်နှင့် ထိပ်တန်းကျွမ်းကျင်သူများသည် သိုင်းလောကကို သွေးခင်းသော လမ်းဖြင့် ရှေ့သို့ တွန်းပို့နေကြသော်လည်း ဤသည်က မလုံလောက်သေးပေ ။

မိုမင်ကျိသည် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နေသည့် သူ့ဘဝကို နောက်ဆုံးအချိန်တွင် ပြတ်သားသော ဆုံးဖြတ်ချက်ကို ချလိုက်တော့သည် ။

အဘိုးကြီး( မိုမင်ကျိ) ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသော်လည်း ဝမ်းနည်းဟန်ဖြင့် ရယ်လိုက်ပြီး...

" ဟားဟားဟား.. ကျုပ် ရည်ရွယ်ချက်က သိုင်းသူတော်စင်အတွက် သေဖို့ မဟုတ်ဘဲ သိုင်းလောက အနာဂတ်အတွက် သေနိုင်ဖို့ပါ.. "

" မဟာယန်အင်ပါယာရဲ့ အမှောင်ထုက မျိုးနွယ်ခြားတွေဆိုရင် ဒီအင်ပါယာကြီးကို အလင်းပေးနိုင်မယ့် နေမင်းက သိုင်းသူတော်စင်ပဲ.. "

" ဒီကမ္ဘာကြီးကို မျိုးနွယ်ခြားတွေ လွှမ်းမိုးထားတာ ကြာနေပြီ.. "

အဘိုးကြီး၏ အသံက ပိုမို ကျယ်လောင်လာသည် ။

" သိုင်းလောကရဲ့ ခေါင်း​ဆောင်က မျိုးနွယ်ခြားတွေကို စိန်ခေါ်နိုင်ဖို့ လျှောက်လှမ်းရမယ့် ခြေလှမ်းမှာ ကျုပ်တို့ အနင်းခံချင်တယ်.. အချိန် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ပဲ အချိန်တိုလာမယ်ဆိုရင်တောင် ကျုပ်တို့ အသေခံဖို့ ဆန္ဒရှိတယ်.. "

" သိုင်းလောက ခေါင်းဆောင်ရဲ့ ခြေလှမ်းဖြစ်ဖို့ ကျုပ်တို့ ဆန္ဒရှိပါတယ်.. "

ဝိုင်းရံထားသော သိုင်းပညာရှင်များက သံပြိုင် အော်ဟစ်လိုက်ကြ၏ ။

ချောင်မူက သွေးကြွနေသော သိုင်းပညာရှင်များကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ဝင်မပြောဘဲ အလောင်းများကိုသာ ပြန်ကြည့်လိုက်သည် ။

သိုင်းသူတော်စင်၏ မကောင်းသော ပုံရိပ်ကို ဖယ်ထုတ်ထားလျှင် သိုင်းသူတော်စင် ဟူသည်က သိုင်းလောက၏ ထိုက်တန်သော ခေါင်းဆောင် ၊ သိုင်းလောက၏ စစ်မှန်သော လမ်းပြသူတစ်ယောက်ဖြစ်သည် ။

မျိုးနွယ်ခြားများ လွှမ်းမိုးချုပ်ကိုင်ထားသော ဤခေတ်တွင် သိုင်းလောက၏ အသန်မာဆုံး သိုင်းပညာရှင် ဟူသည်က ရှေးခေတ်သိုင်းလောကများ၏ အသန်မာဆုံးဟု ခေါ်ဆိုခဲ့သူများနှင့် မတူညီချေ ။

သိုင်းလောက၏ ခေါင်းဆောင် ဟူသည့်အတိုင်း ခေတ်တိုင်း၏ ယုံကြည်အားကိုးထိုက်သောသိုင်းပညာရှင် ကိုသာ ကိုယ်စားပြုသော ဂုဏ်ဒြပ်တစ်ခုဖြစ်သည် ။

သိုင်းလောက၏ ခေါင်းဆောင်ဆိုသည်က ထိုခေတ်၏ အသန်မာဆုံး သို့မဟုတ် အလေးစားအခံရဆုံး ဖြစ်ရမည်ထက် သိုင်းလောက၏ တိုးတက်မှုနှင့် မျှော်လင့်ချက်ကို ဖြည့်စည်းပေးနိုင်မည့်သူသာ ဖြစ်ရပေမည် ။

ဤကမ္ဘာကြီးသည် မျိုးနွယ်ခြားများကြောင့် ဖြစ်လာခဲ့သော ဒုက္ခများကို နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရသည် ။

လျှို့ဝှက် ကြယ်သံတမန်ဟောင်း မိုမင်ကျိ ဦးဆောင်သော သိုင်းပညာရှင်များသည် သူတို့စိတ်ဓာတ်ကျနေချိန်တွင် သိုင်းသူတော်စင်အား နောက်ဆုံး မျှော်လင့်ချက်အဖြစ် ရှုမြင်ခဲ့ကြ၏ ။

သိုင်းသူတော်စင်သည် သူတို့၏ မျှော်လင့်ချက်များကို အကောင်အထည်ဖော်နိုင်မည်လော သို့မဟုတ် အဆိပ်ဆူးတစ်ချောင်းအဖြစ် ပြောင်းလဲ သွားမည်လောကို သူတို့ မစဥ်းစားချင်ကြတော့ပေ ။

" သိုင်းသူတော်စင်က ခေတ်သစ် ကျင့်စဥ်တွေကိုဖန်တီးပြီး သိုင်းလောကကို ပြောင်းလဲနိုင်မယ့်သူပဲ.. သူက ကျုပ်တို့ သိုင်းလောကသားတွေ့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပဲ.. "

အချိန်သည် အရက်စက်ဆုံးဖြစ်ပြီး လူ့ဆန္ဒဖြင့် ပြောင်းလဲ၍ မရဟူသော စကားအတိုင်းပင် မျိုးနွယ်ခြားများနှင့် သိုင်းလောကသားများ၏ ကြားရှိ ကွာဟချက်ကို အချိန်တရွေ့ရွေ့ ကုန်ဆုံးလာပြီးမှသာ ဖြည့်တင်းလာနိုင်မည်ဖြစ်သည် ။

" ဒါမင်းရဲ့ နောက်ဆုံးစကားလား.. "

အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီး သိုင်းသူတော်စင်က ရှေ့ဆုံးအထိ တိုးလာခဲ့သည် ။ သူက စိတ်ပျက်အားငယ်​​နေသော အကြည့်ဖြင့် မိုမင်ကျိနှင့် အလောင်းများကို ငုံ့ကြည့်လိုက်၏ ။

သူစိတ်ပျက်ရသည်က မဟာယန်ဧကရာဇ်၏ သတင်းမှားကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင့်ဖြစ်သည် ။

" သိုင်းသူတော်စင်.. "

မိုမင်းကျိအပါအစင် လူတိုင်းက နှုတ်ဆက်လိုက်ကြပြီး မသိစိတ်ကြောင့် တုန်ရီနေကြ၏ ။

တုန်ရီနေသော ခန္ဓာကိုယ်သည် ဗီဇအရ ကြောက်ရွံ့မှုလည်းဖြစ်၊ ဖုံးကွယ်ထားသော မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုလည်း တစ်မျိုးဖြစ်သည်။

" ကြောက်တက်တဲ့ ကောင်တွေ .."

သို့ရာတွင် သိုင်းသူတော်စင်၏ အကြည့်က အလွန်အေးစက်နေသည် ။

" မျိုးနွယ်ခြားတွေကို တိုက်ခိုက်ဖို့ မင်းတို့မှာ အင်အားမရှိတာနဲ့ပဲ သိုင်းလောက ခေါင်းဆောင်ဆိုတယ့်သူအပေါ်မှာ မျှော်လင့်ချက် ထားလိုက်တော့တာလား.. "

သိုင်းသူတော်စင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး မိုမင်ကျိ၏ ခန္ဓာကိုယ်ကို သူ၏ သန်မာသောလက်ဖြင့် ဆွဲမလိုက်သည် ။

" မင်း နှစ်တွေဒီလောက်ကြာတာတောင် စိတ်ဝိညာဥ်သန့်စင်ခြင်းအဆင့်ကို မအောင်မြင်တာ အံ့သြစရာမရှိဘူး.. မင်းလို ကြောက်တက်တဲ့ သူရဲဘော​ကြောင်တဲ့သူက ဘယ်လိုလုပ်ပြီး ​အောင်မြင်နိုင်မှာတုန်း.. "

" သိုင်းသူတော်စင် စိတ်ဝိညာဥ် ကျမ်းကို လေ့ကျင့်နိုင်တဲ့သူတိုင်းက ပါရမီ ရှိတဲ့သူတွေပဲ.. မင်းတို့မှာ ခိုင်မာတဲ့ စိတ်ဓာတ်ရှိရင် အဆင့်၃ ကို ရောက်နိုင်တယ်.. "

ကိုင်ထားသော အဘိုးကြီး၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကျုံ့လာသော်လည်း သိုင်းသူတော်စင်၏ အမူအရာက တည်ငြိမ်နေဆဲပင် ။

မိုမင်ကျိ၏ မျက်လုံးများက တဖြည်းဖြည်းအသက်မဲ့လာပြီး နောက်ဆုံးတွင် နောက်ဆုံးထွက်သက်ကို ရှုထုတ်လိုက်တော့၏ ။

သိုင်းသူတော်စင်က မိုမင်ကျိ၏ အိုမင်းရှုံ့တွနေသည့် အလောင်းကို အလောင်းပုံထဲသို့ ပစ်ထည့်လိုက်သည် ။

" မင်းတို့ အားလုံး အတွက်တော့.. "

သိုင်းသူတော်စင်က တစ်ချက် ဝှေ့ကြည့်လိုက်ပြီး...

" မင်းတို့က သေဖို့ စောလွန်းသေးတယ် .."

ထိုသိုင်းပညာရှင်များသည် သိုင်းအဆင့်အမျိုးမျိုးဖြစ်ပြီး မည်သူမှ အဆင့် ၄ သို့ မရောက်ကြသေးပေ ။

" ငါ့ ခြေလှမ်း ဖြစ်ချင်ရင်.. ထိုက်တန်လားဆိုတာ မင်းတို့ သက်သေပြနိုင်ရမယ်.."

သိုင်းသူ​တော်စင်က အရေးမစိုက်သည့် လေသံဖြင့်...

" တကယ်သေချင်ရင် ကြီုးစားပြီးလေ့ကျင့်.. သေရေးရှင်ရေး တိုက်ပွဲတွေမှာ ဆယ်နှစ် အနှစ်နှစ်ဆယ်လောက် ဖြတ်သန်းပြီးမှ ငါ့ဆီ လာခဲ့ကြတော့.. "

ထိုသိုင်းပညာရှင်များ၏ မျက်နှာ ဖြူဖျော့နေပြီး တချို့ဆိုလျှင် ခြေမခိုင်​တော့သဖြင့် မြေပြင်ပေါ်သို့ လဲကျနေလေ၏ ။

သိုင်းသူတော်စင်၏ စကားဆုံးမှသာ တချို့လူများက ကပ်ဘေးကြီးတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သည့်အလား သက်ပြင်းချလိုက်ကြတော့သည် ။

သိုင်းလောက၏ အသန်မာဆုံး စစ်သည်တော်နှင့် သူတို့ရင်ဆိုင်တွေ့နေသဖြင့် ကြီးမားလှသော ဖိအားကို ခံစားနေကြရ၏ ။

အရင်က အသေခံရန် အသင့်ဖြစ်နေကြသော်လည်း သိုင်းသူတော်စင်အား တွေ့ပြီးနောက် တချို့လူများသည် ထွက်ပြေးချင်စိတ်ပင် ပေါက်နေလေပြီ ။

" ဒါဆို မိုမင်ကျိက ကျုပ်တို့ကို သစ္စာဖောက်တာ မဟုတ်ဘူးပေါ့.. ဒီအတွက် ခေါ်လိုက်တာလား .."

လျီု့ဝှက်ကြယ်သံတမန်က စိတ်သက်သာယာရသွားပြီး သက်ပြင်းချလိုက်သည် ။

" ဘာပဲပြောပြော လိမ်တာနဲ့ သစ္စာဖောက်တာ သိပ်တော့မကွာပါဘူး.. "

ဤကိစ္စသည် လျှို့ဝှက်ကြယ်သံတမန်၏ အမှား မဟုတ်ပေ ။ မျိုးနွယ်ခြားက မိုမင်ကျိအား တိုက်ခိုက်မည်ဟု သူ ကြိုမမြင်နိုင်သလို အနှစ်နှစ်ဆယ်ကျော် သိကျွမ်းလာခဲ့သော လူတစ်​ယောက်က ရုတ်တရက် ရူးသွပ်သွားလိမ့်မည်ဟု မည်သူထင်ပါမည်နည်း ။

သိုင်းသူတော်စင်က အနည်းငယ်ကုန်းကာ မိုမင်ကျိ၏ အင်္ကျီထဲမှ လျှို့ဝှက်အိပ်ကပ်တစ်ခုကို ဖွင့်လိုက်ပြီး စာတစ်စောင်ကို ထုတ်ယူလိုက်သည် ။

" သတင်းပို့တဲ့ အချက်အလက်​တွေကတော့ လိမ်တာ မဟုတ်ဘူးပဲ.. "

စာကိုဖတ်ရင်း သူ၏ မျက်နှာက တဖြည်းဖြည်း နက်​မှောင်လာသည် ။

" သူသေ ချင်နေပေမဲ့ မသေခင်မှာ တစ်ခုခုကို ရှာတွေ့ခဲ့တယ်.. "

" ဟဲယုံဧကရာဇ်က ချင်းယွင်တာအိုဘုရားကျောင်းကို ရောက်နေပြီး အဲ့မှာ တည်းခိုနေတယ်တဲ့.. ကြယ်သံတမန် သဲလွန်စ ရှာမတွေ့တာ ​အံ့သြစရာ မဟုတ်တော့ဘူး.. "

ယုံဟဲဧကရာဇ်သည် ချင်းယွင်ဘုရားကျောင်းတွင် ရှိနေသောကြောင့် လမ်းတစ်လျှောက်တွင် ဧကရာဇ်ကို လုပ်ကြံရန် အစီအစဉ်သည် အလုပ်မဖြစ်တော့ပေ။

သိုင်းသူတော်စင်ထံတွင် ရွေးချယ်စရာ နှစ်ခုသာ ကျန်တော့၏ ။

ချက်ချင်း လက်လျှော့လိုက်ရတော့မည်လော ၊ ချင်းယွင်ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ပြီး ယုံဟဲဧကရာဇ်အား လုပ်ကြံရမည်လော ။

All Chapters