အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
Chapter 149+150
~
အခန်း ၁၄၉+၁၅၀
~
ချင်းမင်မြို့။
ညအချိန်ရောက်နေပြီဖြစ်သော်လည်း မြို့တွင်းမီးများ ထိန်ထိန်လင်းနေဆဲဖြစ်သည်။
နတ်ဘုရားများကို ဖူးမြော်ရန် တောင်ပေါ်သို့ တက်သွားကြသော ဘုရားဖူးများသည် တောင်လမ်းအတိုင်း ပြန်လာကြလျက်ရှိသည်။ လူအများအပြား သွားလာနေကြသည်။
ဘုရားဖူး အရေအတွက်အကြောင်း ပြောရပါလျှင်မူ ဟဲရန်မြို့ရှိ ရွှမ်ထျန်းဘုရားကျောင်းထက် ချင်းယွင်ဘုရားကျောင်းသို့ လာသူက ပို၍ နည်းပေသည် ။ သို့ရာတွင် ချင်းယွင် ဘုရားကျောင်းသို့ လာသူများသည် ပို၍ ယုံကြည်သက်ဝင်မှု ရှိကြပြီး သစ္စာရှိကြ၏ ။ ညအချိန်ဖြစ်နေသော်လည်း တောင်ပေါ်လမ်းတွင် ဘုရားဖူးများ ပြည့်နေဆဲပင် ။
" ချွင်..ချွင်..ချွင်.."
ခေါင်းလောင်းသံက ထပ်မြည်လာပြီး ယခုအကြိမ်တွင်မတော့ ခြေဆွံ့နေသော အဘိုးကြီးသည် ထိပ်ဆုံးမှ နေရာယူထားပြီး ဆန်ပြုတ်ကို အားရပါးရ စားနေသည် ။
ဆန်ပြုတ်ဝေသူက အရင် အစေခံကျင့်ကြံသူသာ ဖြစ်သော်လည်း ယခုတစ်ခါတွင်မူ ချီယန်၏ ညွှန်ကြားမှုကြောင့် သူ၏ မျက်နှာက ဖော်ရွှေဟန် ရှိနေ၏ ။
ဤမြို့သည် ချင်းမင်တောင်ခြေတွင် ရှိသောကြောင့် တာအိုကျင့်ကြံသူများ နေထိုင်ကြပြီး မြို့၌ ပြဿနာရှာရဲသူဟူ၍ မရှိချေ ။
တောင်ခြေမြို့လေး ဖြစ်သော်လည်း မဟာယန်အင်ပါယာ၏ မြို့ကြီးများထက်ပင် လှုံခြုံရေး ကောင်းပေသည် ။
ချောင်မူသည် တည်ခိုခန်းရှိ သူ့အခန်း၏ လသာဆောင်တွင် ရပ်နေပြီး အဝေးသို့ ငေးကြည့်နေလေသည် ။ သူက ဆန်ပြုတ်ဝေနေသော အစေခံကျင့်ကြံသူများကို ကြည့်လိုက်ပြီး ချင်းမင်တောင်ထိပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည် ။ ဤမြို့သည် သူ ကူးပြောင်းလာခဲ့ပြီးကတည်းက တခြားမည်သည့်မြို့နှင့်မျှ မတူဘဲ အထူးသဟဇာတဖြစ်သော ငြိမ်းချမ်းမှု ရှိနေသည်ဟု ခံစားနေမိသည် ။
" အဆင့်သင့်ဖြစ်ပြီလား.. အဝတ်တွေ ချွတ်လိုက်တော့.. "
သူ့နောက်မှ ဝူချီကျန်း၏ အသံထွက်ပေါ်လာသည် ။
" ဖြစ်ပါပြီ.."
ချောင်မူက ပြန်ဖြေလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်ကာ အပေါ်ဝတ်စုံကို ချွတ်လိုက်သည် ။ ကြွက်သားများဖြင့် ပြည့်နေသော တောင့်တင်းသန်မာသည့် ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာလေသည် ။
ချောင်မူသည် အပြင်သိုင်းများကို လေ့ကျင့် ထားသော်လည်း သူ အဓိကလေ့ကျင့်သော သက်ရှည်လက်သီးနှင့် အဆုံးမဲ့သန့်စင်သောယန် ကျမ်းကြောင့် သူ၏ ခန္ဓာကိုယ်ကြွက်သားများမှာ သိပ်မကြီးပဲ ကျစ်ကျစ်လစ်လစ်နှင့် အချိုးအစားကျနစွာ ရှိနေ၏ ။
မျက်နှာကို မကြည့်ဘဲ ခန္ဓာကိုယ်ကိုသာ ကြည့်မည်ဆိုပါမူ မည်သူမှ အသက်ခြောက်ဆယ်အရွယ် ဟု ခန့်မှန်းမိလိမ့်မည် မဟုတ်ပေ ။
ချောင်မူသည် မိုမင်ကျိနှင့် တိုက်ခိုက်ခဲ့စဥ်က ဒဏ်ရာအနည်းငယ် ရထားသဖြင့် ဝူချီကျန်းက ဆေးကုပေးရန် အဝတ်ချွတ်ခိုင်းခြင်း ဖြစ်သည် ။
" ခင်ဗျားရဲ့ အပြင်ဒဏ်ရာတွေက သိပ်မဆိုးပေမဲ့ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည်ကြောင့်ဖြစ်တဲ့ အတွင်းဒဏ်ရာတွေက ကုရသိပ်မလွယ်ဘူး.. "
ဝူချီကျန်းက သေချာစစ်ဆေးပြီး ပြောလိုက်သည် ။
ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည်သည် အသေခံသိုင်းများတွင် နာမည်အကြီးဆုံးဖြစ်၍ သူ မြင်ရုံဖြင့် မှတ်မိပေသည် ။
ချောင်မူကဲ့သို့ ထိုစွမ်းရည်အား ကျွမ်းကျင်နေသူကို သူအခုမှသာ မြင်ဖူးခြင်းဖြစ်သည် ။
" သာမန်ဆေးဝါးတွေနဲ့ကုရင် ခင်ဗျားရဲ့ အတွင်းဒဏ်ရာတွေ ပျောက်ဖို့က အချိန်လိုလိမ့်မယ်.. ကျုပ်မှာ တခြားနည်းလမ်းရှိပေမယ့် ထူးခြားတဲ့ နည်းလမ်းမလို့ ခင်ဗျားရဲ့ ရင်ဘက်ကို ခွဲစိတ်ဖို့ လိုလိမ့်မယ်.. "
ဝူချီကျန်းက မေးလိုက်၏ ။
" ခင်ဗျား မေ့ဆေး ဖြစ်ဖြစ် ထုံဆေး ဖြစ်ဖြစ် သောက်ချင်သေးလား.. "
" မလိုပါဘူး.. "
ချောင်မူက ချက်ချင်းငြင်းလိုက်သည် ။ ဝူချီကျန်း၏ ကုသနည်းကို သူ မြင်ဖူးချင်နေ၏ ။ သူမေ့မျောနေလျှင် ကုသနည်းကို မြင်ခွင့်ရတော့မည် မဟုတ်ပေ ။
မကြာခဏ သေနေသူဖြစ်သဖြင့် ဤမျှ နာကျင်မှုအား သူဂရုမစိုက်တော့ချေ ။
" အဲ့လိုဆိုတော့လည်း အလုပ်စကြတာပေါ့.. "
ဝူချီကျန်းက အလွယ်တကူသဘောတူလိုက်ပြီး ထက်ရှသော ဓားတစ်ချောင်းကိုထုတ်ကာ သူ့လက်မောင်းသူ အားဖြင့် ခုတ်လိုက်သည် ။
ချောင်မူ... "....."
' ဒီဆရာဝန် ဆေးကုတာက ကိုယ့်ကိုကိုယ် လှီးနေတာလား.. '
သို့သော်လည်း နောက်ဆက်တွဲ မြင်ကွင်းက သူ၏ သိုင်းလောကအပေါ် ရှုမြင်မှုကိုပင် ပြန်လည် ဆန်းသစ်စေခဲ့သည် ။
ဝူချီကျန်း၏ လက်မောင်းတွင် လက်သီးစုပ်အရွယ် အသားတစ်ပိုင်း ပြတ်သွားသော်လည်း ထူးဆန်းသည်က သွေးအများကြီး မထွက်ပေ ။ သွေးမထွက်ရုံမျှမက ပြတ်သွားသောနေရာရှိ အသားများက တွန့်လိမ်လာပြီး အမြန်ပျောက်ကင်းလာနေ၏ ။
ဝူချီကျန်းက အသားတုံးကို ဘယ်လက်တွင် ကိုင်ကာ ညာလက်တွင် ဓားကို ကိုင်၍ ချောင်မူ ထံသို့ လျှောက်လာသည် ။
ချောင်မူ၏ မျက်နှာက ခပ်တွန့်တွန့် ဖြစ်သွားပြီး...
" မင်း..မင်း ဘာလုပ်မလို့လဲ.. "
သူသည် ယခင်က သေလုမျောပါး အခြေအနေများကို ကြုံတွေ့ဖူးသော်လည်း ယခုကဲ့သို့ ထူးဆန်းသော မြင်ကွင်းကို တစ်ခါမှ မကြုံဖူးပေ။
" ဝိညာဥ်သားရဲ တွေရဲ့ သွေးနဲ့ အသားက သိုင်းပညာရှင်တွေအတွက် အရမ်းကောင်းတဲ့ ဖြည့်စွက်စာတွေလေ.. အဲ့လိုပဲ ကျုပ်ရဲ့ အသားနဲ့သွေးက ထူးခြားတော့ သိုင်းပညာရှင်တွေအတွက် အရမ်းကောင်းတဲ့ ဖြည့်စွက်စာပဲ ..ကုသဖို့အတွက်လည်း သုံးနိုင်တယ်.. "
ဝူချီကျန်းက တည်ငြိမ်စွာ ပြောလိုက်သည် ။
" သားရဲ အသားတွေနဲ့ ယှဥ်က ကျုပ်အသားက ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ အစာချေဖျက်စရာ မလိုဘူး.. သူ့အလိုလို ကုသပေးနိုင်တယ် .."
" အဓိက အကြောင်းရင်းက ကျုပ်က ခင်ဗျားထက် အများကြီး ပိုသန်မာတော့ ဒီအသားတစ်ပိုင်းက ခင်ဗျားရဲ့ အတွင်းဒဏ်ရာအားလုံးကို ကုသပေးနိုင်တယ်.. "
" ဒါက သိုင်းသူတော်စင် ဖန်တီးထားတဲ့ ခေတ်သစ် ကျင့်စဥ်လား.. "
ရုတ်တရက် ချောင်မူသည် မိုမင်ကျိ မသေခင်ပြောခဲ့သော စကားများကို သတိရသွား၏ ။
ဝူကျိအသင်းထူထောင်ပြီးနောက် နှစ်လေးဆယ်အတွင်း သိုင်းလောကသည် ရာစုနှစ်များစွာ တိုးတက်လာခဲ့သည် ဟုပင် ။
ဤ ယူဆချက်မှာ လွန်ကဲနေသော်လည်း ဝူချီကျန်း၏ ပန်ချီဆွဲဟန်ကို ကြည့်လျှင် သိုင်းပညာရပ်များ၏ တဟုန်ထိုး တိုးတက်လာမှုကို သိမြင်နိုင်သည် ။ ပန်းချီဆွဲဟန်က အနည်းငယ် လွဲချော်နေသည်က လွဲ၍ဖြစ်သည် ။
သို့ရာတွင် ချောင်မူသည် အနည်းငယ် တွန့်ဆုတ်နေဆဲပင် ။ ပြင်ပမှ ထိုးထည့်လိုက်သော ဤအသားစိုင်ကြီးက သူ့ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်မည်လောဟု သံသယဝင်နေ၏ ။
ချောင်မူစဥ်းစားနေသည်ကို ဝူချီကျန်း မြင်လျှင် သူ၏ စိုးရိမ်မှုကို ခန့်မှန်းမိပြီး ပြုံးလိုက်သည် ။
" စိတ်မပူပါနဲ့.. ဝူကျိအသင်းက ခင်ဗျားကို ထိန်းချုပ်ချင်ရင် တခြားနည်းတွေ အများကြီး ရှိနေတာပဲ ဘာလို့ ဒီနည်းလမ်းကို သုံးရမှာလဲ.. "
" ပြီးတော့ ဝူကျိအသင်းရဲ့ ဘဏ္ဍာတိုက်ထဲမှာ ကမ္ဘာတစ်ဝှမ်းက သိုင်းကျမ်းတွေနဲ့ ထူးဆန်းနဲ့ ကျင့်စဥ်တွေအများကြီးရှိတယ်.. သေဆုံးခြင်း သင်္ကေတတွေ.. တစ်လလောက် ဖြေဆေးမသောက်ရင် သေလုမျောပါး ခံစားရမယ့် အဆိပ်တွေ.. အဲ့လိုမျိုးတွေ ရှိနေမှတော့ ကျုပ်အသားကို အနာခံစရာ မလိုဘူးလေ.. "
ချောင်မူ ခဏ စဥ်းစားလိုက်သည် ။
' ငါ သေမှာတောင် ကြောက်စရာမှ မလိုတာ ..ဘာလို့ စိုးရိမ်နေရမှာလဲ.. '
ထို့နောက် ချောင်မူက ဝူချီကျန်းကို ရင်ဘက်ခွဲ ခွဲစိတ်ခွင့်ပြုလိုက်သည် ။
ဝူချီကျန်းက ချောင်မူ၏ ရင်ဘက်အား ဓားဖြင့် လှီးဖြတ်ပြီးနောက် သူ၏ အသားစကို အားဖြင့် ဖိထည့်လိုက်၏ ။
လက်သီးဆုပ်အရွယ် အသားတုံးကြီးက သူ့အလိုလို အသက်ဝင်လာပြီး ဒဏ်ရာအတွင်းသို့ တဖြည်းဖြည်းချင်း ပေါင်းစပ်သွားကာ မူလအရေပြားသဏ္ဍာန် ဖြစ်သွားသည် ။ ချောင်မူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်လာပုံ ရပေသည် ။
" ခင်ဗျားရဲ့ ပျက်ဆီးနေတဲ့ သွေးကြောတွေ ပြန်ကောင်းဖို့ သုံးလေးရက်လောက်တော့ ကြာလိမ့်မယ်.. ဧကရာဇ်ကို လုပ်ကြံမယ့် အစီအစဥ်မှာ ပါနိုင်အုံးမှာပါ.. "
ဝူချီကျန်း၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး သက်ပြင်းချလိုက်၏ ။ ဤကုသမှုက သူ့အတွက် လွယ်ကူပုံ မပေါ်ခဲ့ပေ ။
ဝူချီကျန်းက တံခါးဆီသို့ လျှောက်သွားရင်း ပြောလိုက်သည် ။
" ချောင်ကျန့်.. ခင်ဗျားနဲ့ ခင်ဗျားတို့ ချောင်မိသားစုဝင်တွေက အသက်ထက် ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ ရဲရင့်တဲ့ ဝိညာဥ်တွေပဲ.. "
" နောက်ရက်အနည်းငယ်အကြာမှာ လုပ်မယ့် အစီအစဥ်မှာ ခင်ဗျားရဲ့အသက်ကို ပိုပြီး တန်ဖိုးထားလိမ့်မယ်လို့ ကျုပ်မျှော်လင့်တယ်.. "
ဝူချီကျန်းသည် ဤအချိန်ြ စကားနည်းနည်း များနေပုံရ၏ ။ မိုမင်ကျိ၏ သေဆုံးမှုကို မြင်ခဲ့ပြီးနောက် သူ၏ စိတ်ခံစားချက်များ မတည်ငြိမ်နိုင်သေးပေ ။
" ဘာပဲဖြစ်ဖြစ် အသက်ရှင်နိုင်မှ သိုင်းသူတော်စင်ရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး ထိပ်တန်းကျင့်စဥ် ရနုိင်မှာနော်. "
" ငါ နားလည်ပါတယ်.. "
ချောင်မူက ခေါင်းညိတ်လိုက်သည် ။ မိုမင်ကျိလို တခြားသူများအား ထိခိုက်အောင် လုပ်ဖူးသူများနှင် ပက်သက်လျှင် တစ်မျိုးဖြစ်သော်လည်း ရည်ရွယ်ချက်အတွက် မြင့်မြတ်စွာ အသက်ကို စတေးရဲသူများကိုတော့ သူ မလေးစားဘဲ မနေနိုင် ။
သို့သော်လည်း ချောင်မူသည် သူ့ကိုယ်သူ ကိုယ်ကျင့်တရားကောင်းမွန်သူဟု ဘယ်သောအခါမှ မယူဆခဲ့ပေ ။ သူ့နှလုံးသားထဲတွင် သူ၏ကိုယ်ပိုင်ချိန်ခွင်လျှာရှိပြီး သူ့ကိုယ်သူ ကောင်းစွာသိ၏ ။
သူသည် ထာဝရအသက်ကို ပိုင်ဆိုင်ထား၍ နေ့စဥ်နဲ့ အမျှ နေထိုင်ရင်း ထပ်ခါတလဲလဲ သေဆုံးကာ ရှင်သန်နေရမည်ဖြစ်သည် ။
အဆင့်မြင့်သေဆုံးမှု အကဲဖြတ်ချက် ရရှိရန် ကောင်းသည်ကို လုပ်ရမည်လော မကောင်းသည်ကို လုပ်ရမည်လော ဆိုသည်က သူ့အတွက် စဥ်းစားစရာဖြစ်ခဲ့သော်လည်း သူပို၍ နှစ်သက်သည့် လမ်းကို ရွေးချယ်ခဲ့ပေသည် ။
' တကယ်တော့.. သမိုင်းတစ်လျှောက်မှာ မြင့်မြတ်တဲ့ ရည်ရွယ်ချက်အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံတဲ့ သူရဲကောင်းတွေ အမြဲရှိခဲ့ပါတယ်..လက်ရှိ မဟာယန် ဧကရာဇ်နန်းတော်မှာ ဒီလိုလူတွေက အခြေခံအားဖြင့် မျိုးသုဉ်းသွားပြီပဲ..."
ချောင်မူ သူ့ဘာသာသူ တွေးလိုက်မိသည်။
ဝူ ချီကျန်း တံခါးကို တွန်းဖွင့်ပြီး ထွက်သွားရန်ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြန်လှည့်ပြောလိုက်သည် ။
"သိုင်းသူတော်စင်လိုလူတွေက အမြဲတမ်းခေါင်းမာပြီး ကိုယ့်ကိုယ်ကိုယ်ပဲယုံကြည်ကြတယ်… ဝူကျိအသင်းကို တည်ထောင်ပြီးကတည်းက သူ့ရဲ့သိုင်းပညာစွမ်းရည်တွေက နေ့စဉ်နဲ့အမျှ အလျင်အမြန်တိုးတက်လာခဲ့တယ်.."
"တကယ်တော့ သူ့ရဲ့ လျှို့ဝှက်ကတ်တွေနဲ့ နည်းဗျူဟာတွေအကြောင်းပဲ ကျုပ်တို့ ခန့်မှန်းနိုင်ပါတယ်.. သူ တကယ်ပဲ ဘယ်လောက်အစွမ်းထက်လဲဆိုတာကိုပေါ့..ပညာရှိ ခုနစ်ဆယ့်နှစ်ယောက် ထဲက တစ်ယောက်ဖြစ်တဲ့ ကျုပ်လို သိုင်းသူတော်စင်ရဲ့ တပည့်တစ်ယောက်အနေနဲ့တောင်..အတိအကျမသိဘူး.."
"ဒါကြောင့် မိုမင်းကျိလို ရူးသွပ်တဲ့သူတစ်ယောက်ဟာ လူသားမဟုတ်တဲ့ အင်အားစုတွေနဲ့ သဘောတူညီချက်တစ်ခု ချုပ်ဆိုထားရမယ်..သိုင်းသူတော်စင်က အသက်ကယ်ကြိုးတစ်ခု မဟုတ်ဘူး..."
"ဘာပြောချင်တာလဲ"
ချောင်မူက မေးလိုက်သည်။
"သိုင်းသူတော်စင်ကို ယုံကြည်ခဲ့တဲ့ လူအများစုဟာ သေဆုံးသွားကြပြီ.."
ဝူချီကျန်းက ဒီစကားတွေကို ချန်ထားခဲ့ပြီး တံခါးကို တွန်းဖွင့်ကာ ထွက်သွားခဲ့ပြီး ချောင်မူကို အခန်းထဲမှာ တစ်ယောက်တည်း ထားခဲ့သည်။
' ဒီ ဝူချီကျန်းက ငါ့အပေါ်မှာ အတော်လေး သဘောကောင်းပေမဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်တွေ ရှိမရှိ ငါမသိနိုင်ဘူး.. '
ချောင်မူက သူ့လက်ကို ရင်ဘတ်ပေါ် ဖိထားလိုက်သည်။ သူနှင့် ဝူကျိအသင်းသည် စိတ်သဘောထားမတူညီဘဲ ပူးပေါင်းဆောင်ရွက်ကြရုံသာ ဖြစ်၍ မဟာမိတ်ဟု မသတ်မှတ်နိုင်ပေ ။
ချောင်မူက စားပွဲနှင့် ထိုင်ခုံတစ်စုံကို လသာဆောင်သို့ သယ်ဆောင်သွားပြီး ထိုင်လိုက်သည်။ လက်ဖက်ရည်တစ်အိုးကို ဖျော်နေစဉ် အောက်ထပ်တွင် ဆန်ပြုတ်စားရန် တန်းစီနေသော လူများကို သူကြည့်လိုက်သည်။
လရောင်အောက်တွင် ချောင်မူ၏ အရိပ်သည် ရှည်လျားစွာ ဆန့်ထွက်နေသည်။
ရုတ်တရက်...
ရှည်လျားသည့် သူ၏အရိပ်သည် ထူးဆန်းစွာ လိမ်ကောက်သွားပြီး ရောင်စုံကြောင်တစ်ကောင် အရိပ်ထဲမှပြေးထွက်လာ၏ ။
"ဒီကြောင်..."
ချောင်မူ ဆွံ့အသွားသည်။ သူတော်စင်မကို အမဲလိုက်စဥ်က သူ၏ အရိပ်ထဲသို့ ဝင်ပုန်းနေခဲ့ပြီး ဆယ်ရက်နီးပါးကြာမှ ပြန်ပေါ်လာလေ၏ ။
ပို၍ ထူးဆန်းသည်က ကြောင်၏ မူလခန္ဓာသည် သေးငယ်သော်လည်း ယခုအချိန်တွင်မူ ဝဖြီးနေလေပြီ ။ ဗိုက်ကလည်း မြေပြင်နှင့် ထိလုမတက် တွဲကျနေ၍ ကြောင်နှင့်ပင် မတူဘဲ ဝက်ပုံပေါက်နေ၏ ။
" မြောင်..."
ကြောင်ဖက်တီးက ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး ပြန်တည့်မတ်ကာ ဖင်ကို လှုပ်တုတ်လှုပ်တုတ် ဖြစ် လမ်းလျှောက်လိုက်သည် ။ ဆယ်ရက်ကြာ ပျောက်ကွယ်နေရသည်က သူ့အမှား မဟုတ်ချေ ။ သူတော်စင်မနောက်သို့ လိုက်သည့် တိုက်ပွဲတွင် သေဆုံးခြင်းစွမ်းအင် များစွာ ရရှိခဲ့ပြီး သိုင်းသူတော်စင် ပေါ်လာသည့်အခိုက် သေဆုံးခြင်းစွမ်းအင်က အလုံးအရင်းဖြင့် ပေါ်လာခဲ့၍ သူ မေ့မျော သွားခြင်းဖြစ်သည် ။ သူ အခုမှသာ အစာချေဖျက်နိုင်ပြီး ပြန်သတိလည်လာခဲ့သည် ။
' နောက် ရက်အနည်းငယ် အတွင်းမှာပဲ ငါ ချင်ယွင် ဘုရားကျောင်းထဲကို ခိုးဝင်ပြီး ယုံဟဲဧကရာဇ်ကို သတ်ရတော့မယ်.. ဒီပွဲမှာ ငါ အသက်ရှင်နိုင်ချေ မရှိသလောက်ပဲ.. ဒီသားရဲကိုတော့.. '
ချောင်မူက ကြောင်ဖက်တီးကို ကုတ်မှ ဆွဲမလိုက်ပြီး လွင့်ပစ်ရန် သင့်မသင့် စဥ်းစားလိုက်၏ ။
ကြောင်ဖက်တီးက တစ်ခုခုကို သတိထားမိသွားပြီး သူ၏ ခြေလက်တိုတိုးလေးများကို အပြင်းအထန်ဝှေ့ယမ်းပြီး ချောင်မူ၏ ခြေထောက်ကို ဖတ်ထားတာ လွှတ်မပေးတော့ချေ ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချောင်မူကိုင်ထားသော ကြောင်ဖက်တီး၏ ပုံရိပ်သည် မှုန်ဝါးဝါး ဖြစ်သွားပြီး အတင်းရုန်းထွက်ကာ ချောင်မူ၏ အရိပ်ထဲသို့ ခုန်ဝင်သွားသည် ။
ချောင်မူ...."....."
ချောင်မူက အရိပ်ထဲသို့ အနည်းငယ် စမ်းသပ်ကြည့်သော်လည်း မည်သည့်တုန့်ပြန်မှုမှ မတွေ့ရသဖြင့် လက်လျော့ရန်မှအပါး တခြားရွေးချယ်စရာ မရှိတော့ချေ ။
……………
လေးရက်တာ မြန်မြန်ကုန်ဆုံးသွားခဲ့သည်။
ဤရက်အနည်းငယ်အတွင်း ချောင်မူ၏ အတွင်းဒဏ်ရာများသည် တစ်နေ့တခြား တဖြည်းဖြည်း တိုးတက်လာခဲ့၏ ။
သူ့ရင်ဘက်ထဲမှ ထူးဆန်းသော အသားသည် ဒုတိယနှလုံးသား တစ်ခုနှင့်ပင် တူနေပြီး ရံဖန်ရံခါ နွေးထွေးသော စီးကြောင်းအချို့ကို သွေးကြောများအတွင်း ထုတ်လွှတ်ကာ ပျက်ဆီးနေသော သွေးကြောများကို ကုသပေးနေသည် ။
နောက်ဆုံးနေ့တွင် ချောင်မူ၏ အတွင်းဒဏ်ရာများသည် ပျောက်ကင်းလုနီးပါး ဖြစ်သွားချေပြီ ။
သို့သော်လည်း သူ၏ ရင်ဘက်ထဲ၌ ဝူချီကျန်းထည့်ပေးထားသော အသားစသည် အနည်းငယ်သာ သေးငယ်သွားသည်ကို သူသတိထားမိလိုက်၏ ။ အကျိတ်က ထိုနေရာတွင် ရှိနေသည်ကို သူခံစားမိနေသည် ။
ဤရက်များအတွင်း သူသည် ဝူချီကျန်းအား ဤအကြောင်းနှင့် ပက်သက်ပြီး ခဏခဏ မေးခဲ့သော်လည်း ဝူချီကျန်းက လျစ်လှူရှူထား၏ ။
ချောင်မူသည် မေးမြန်းရန် လက်လျော့လိုက်သော်လည်း ပို၍ သတိထားလာခဲ့သည် ။
……………
ဤနေ့သည် ရှားရှားပါးပါး မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ပြီး အမွှေးတိုင်များ ထွန်းညှိခြင်းနှင့် နတ်ဘုရားများကို ကိုးကွယ်ခြင်းအတွက် သင့်တော်ပါသည်။
ကောင်းကင်က အပြာရောင်ဖျော့ဖျော့သို့ ပြောင်းလဲလာနေပြီး ချင်းမင်မြို့သည် အိပ်စက်ခြင်းမှ နိုးထလာခဲ့သည်။ လမ်းများပေါ်တွင် လမ်းသွားလမ်းလာများနှင့် ဘုရားဝတ်ပြုသူများ ရှိနေနှင့်ပြီးဖြစ်ပေသည်။
လမ်းဘေးဝဲရာရှိ ပူဇော်ပစ္စည်း အရောင်းဆိုင်များသည် စောစော ဖွင့်နေကြပြီး ဆိုင်တိုင်းတွင် စည်ကား အသက်ဝင်လျက်ရှိသည် ။
ခြေဆွံ့အနေသော အဘိုးကြီးသည် မနက်စောစောထပြီး နတ်ဘုရားများကို ကိုးကွယ်ရန် တောင်တက်ခရီး ပြင်ဆင်နေပြီး လိုအပ်သည့် အမွှေးတိုင်များနှင့် ဖယောင်းတိုင်များ ယူဆောင်ရန် လူအုပ်နှင့် ပူးပေါင်းခဲ့သည်။
သူတို့သည် နေ့တိုင်း ပူဇော်နေသော်လည်း ယနေ့တွင် အနည်းငယ် ကွာခြားနေ၏ ။ နတ်ဘုရားများ ပူဇော်ရန် လာသော ဘုရားဖူးများသည် ပုံမှန်ထက် ပိုများနေပြီး အဆုံးမရှိသော လူပင်လယ်ကြီးသဖွယ် မြင်နေရသည် ။
အဓိကတောင်ထိပ်ဖြစ်သော ချင်းမင်တောင်ထိပ်သည် တိမ်များထဲတွင် မြင့်မားစွာရပ်တည်နေပြီး ဒဏ္ဍာရီလာနတ်သမီးတစ်ပါးကဲ့သို့ လှပသောရှုခင်းများရှိသည်။
ချင်းယွင်ဘုရားကျောင်းသည် တောင်၏အမြင့်ဆုံးနေရာတွင် တည်ရှိခြင်းမရှိသော်လည်း ဘုရားကျောင်းသို့ရောက်ရှိရန် လှေကားထစ်သုံးထောင်တက်ရန် လိုအပ်ပေသည်။
သာမန်လူများအတွက် ၊ အထူးသဖြင့် ခြေဆွံ့နေသော အဘိုးကြီးတစ်ယောက်အတွက် ဤသည်က လွယ်ကူသော ခရီး မဟုတ်သော်လည်း သူကျေနပ်နေပေသည် ။
နေ့စဥ်တောင်တက် တောင်ဆင်းခရီးက လယ်ကွင်းထဲတွင် ပင်ပင်ပန်းပန်း လုပ်ကိုင်ရပြီး ငတ်မွတ်နေရခြင်းထက် ပို၍ ကောင်းသည်ဟု သူ ယူဆထားသည် ။
' ဟမ်..အဲ့လူကို မြင်ဖူးလိုပဲ ..'
ခြေဆွံ့နေသော အဘိုးကြီးက ဘေးတွင် ရပ်နေသော ချောင်မူကို ကြည့်၍ ပြန်စဥ်းစားကြည့်လိုက်သော်လည်း အမှတ်မပေါ်တော့ပေ ။
ချောင်မူသည်လည်း သူကဲ့သို့ပင် ဘုရားဖူးလူအုပ်ထဲသို့ ဝင်ပြီး ကျောက်လှေကားထစ်များကို တစ်ယောက်ပြီးတစ်ယောက် ကျော်တက်သွားသည်။
ချောင်မူ၏ အနေအထားက ထူးခြားပေသည် ။ ဝူကျိအသင်းဝင် မဟုတ်သော်လည်း သိုင်းသူတော်စင် ကိုယ်တိုင် ရွေးချယ်ခဲ့၏ ။ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဖြစ်နေသော်လည်း ဤစစ်ဆင်ရေး၏ အစီအစဥ်များကို မသိရသလို ပါဝင်မည့် သူများကိုလည်း မသိရချေ ။
သို့သော်လည်း ထိုသည်များက အရေးမကြီး ။ သူ၏ အဓိက တာဝန်မှာ ဝတ်ပြုနေသော ယုံဟဲဧကရာဇ်၏ အနားသို့ ရအောင်ကပ်ပြီး လုပ်ကြံရန်သာ ဖြစ်ပေသည် ။
…….
" မဟာယန်ဧကရာဇ်.. သွားဖို့အချိန်ရောက်ပြီ.."
တာအိုကျင့်ကြံသူနှစ်ဦး ဖြစ်သည့် ချီယန်နှင့် ချင်းယန်တို့သည် ဘေးချင်းယှဉ်ရပ်ကာ ချင်းယွင်ဘုရားကျောင်းတွင် ရှိနှင့်ပြီးဖြစ်သော ယုံဟဲဧကရာဇ်အား ထရပ်ရန် တိုက်တွန်းနေကြသည် ။
ယုံဟဲဧကရာဇ်သည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး တောင်တန်းများရှိ လှည့်ပတ်နေသော မိုးတိမ်များကို မျက်လုံးများဖြင့် ကြည့်လိုက်ကာ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။
ကိုယ်ရံတော် ချုးရှင်း က နောက်မှ နီးကပ်စွာ လိုက်လာခဲ့သည်။
ဤတစ်ခေါက် ခရီးသွားနေသော ယုံဟဲဧကရာဇ်သည် ချီယန်နှင့် ချင်းယန်၏ အကူအညီဖြင့် ချင်းယွင် ဘုရားကျောင်းသို့ ဘေးကင်းစွာ ရောက်လာနိုင်ခဲ့၏ ။
ချီယန်၏ ဖုံးကွယ်ပေးထားမှုကြောင့် ယုံဟဲဧကရာဇ်အား မည်သူမှ မမှတ်မိကြပေ ။
သာမန်ဘုရားဖူးတစ်ယောက်အဖြစ်သာ လူအုပ်ကြားထဲတွင် ရောက်ရှိနေသည် ။ သို့သော်လည်း ချီယန်နှင့် ချင်းယန်တို့က မျက်စိဒေါက်ထောက်၍ အနီးကပ် စောင့်ကြည့်နေကြသည် ။
" သိုင်းသူတော်စင် လာမယ်လို့ မင်းထင်လား .."
ချီယန်က သူ၏ ဂျူနီယာ ဖြစ်သူ ချင်းယန်အား ခပ်ပေါ့ပေါ့ မေးလိုက်သည် ။
" သူလာရင်ပိုကောင်းတာပေါ့.. ဝူကျိအသင်းက ကြွက်တွေကို တစ်ခါတည်း အမြစ်ဖြတ်ပြီးသား ဖြစ်သွားမယ်.. "
ချင်းယန်က ပြုံးပြီး ပြောလိုက်သည် ။
" သိုင်းသူတော်စင်က နတ်ဆိုးလမ်းစဥ်ထဲကို ကျရောက်သွားပြီ... သူ့ကို သတ်တာက ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်.. "
ချင်းယန်ကပင် ထပ်ပြောလိုက်သည် ။
သေမျိုးကမ္ဘာတွင် သိုင်းသူတော်စင်၏ လုပ်ရပ်များကို ဒီရေနားစွင့်မျှော်စင်က သတင်းဖြန့်ထား၍ မဟာယန်အင်ပါယာတစ်ခုလုံး ပြန့်နှံ့နေပြီဖြစ်သည် ။