အခန်း (၄၅၇-၄၅၉)
Vol. 31 Ch. 457-459
အခန်း (၄၅၇) - နန်းတော်သခင်၏ တပည့်ငယ်၊ ရွှေအမြုတေ တာအို လမ်းစဉ် (အပိုင်း - ၅)
~ယာဉ်ပျံ အတွင်း၌မူ၊
တာအိုဆရာ ထျန်းယွီ သည် သူ၏ ကိုယ်ပိုင် တာအို လမ်းစဉ် အကြောင်းကို တက်ကြွစွာ ရှင်းပြနေသည်။
“ဆရာ ကျင့်ကြံလာခဲ့တာ နှစ်ပေါင်း ရာချီနေပြီ... ဓာတ်ကြီးငါးပါး ကျင့်စဉ် မှာတော့ ဆရာ မကျွမ်းကျင်ပေမဲ့... ဆေးပညာ၊ အဆောင်လက်ဖွဲ့ ပညာ၊ လက်နက် သွန်းလုပ်ခြင်း ပညာ နဲ့ အခင်းအကျင်း ပညာရပ် တွေမှာတော့ တော်တော်လေး အောင်မြင်မှု ရထားပါတယ်”
“ဆေးပညာ နဲ့ အဆောင်လက်ဖွဲ့ ပညာ တင် မကဘူး... တကယ်လို့ မင်းက လက်နက် သွန်းလုပ်ခြင်း ပညာ နဲ့ အခင်းအကျင်း ပညာရပ် တွေကိုပါ စိတ်ဝင်စားတယ် ဆိုရင်... ဆရာ အကုန်လုံး သင်ပေးနိုင်တယ်”
စုယွီ သည် အခွင့်အရေး ရခိုက် သတိထား၍ အသိပေးလိုက်၏။
“ဆရာသခင်... နယ်မြေ အတွင်းက ဂိုဏ်းရဲ့ အမွေအနှစ် မျိုးစုံကို လေ့လာ ကျင့်ကြံဖို့ ဆိုရင်... ပံ့ပိုးမှု ရမှတ် တွေနဲ့ လဲလှယ်ရတယ် လို့ ကျွန်တော် ကြားဖူးပါတယ် ခင်ဗျာ... အဲဒါ တကယ်ပဲလား”
တာအိုဆရာ ထျန်းယွီ က ပြန်လည် ရှင်းပြလိုက်သည်။
“အေး... တကယ်လို့ မင်းက အပိုဆောင်း တာအို အမွေအနှစ် တွေကို ဆက်ပြီး လေ့လာချင်တယ် ဆိုရင်တော့ လိုတာပေါ့ကွာ... ပြီးတော့ မင်း လိုချင်တဲ့ တခြား အရင်းအမြစ် တွေနဲ့ လဲလှယ်ချင်ရင်လည်း လိုတယ်... ဒါပေမဲ့ ဆရာ သင်ပေးမယ့် ပညာရပ်တွေ အတွက်ကတော့ ဘာ ရမှတ် မှ ပေးစရာ မလိုပါဘူး”
“ဒါပေမဲ့ ပံ့ပိုးမှု ရမှတ် တွေ ရှာဖို့က သိပ်တော့ မခက်ခဲပါဘူး... ဘာပဲဖြစ်ဖြစ် မင်းက ဆေးပညာ နဲ့ အဆောင်လက်ဖွဲ့ ပညာ ကို နားလည်ထားပြီးသားလေ... ပြီးတော့ ရုပ်သေး တောင် ဖန်တီးနိုင်သေးတာပဲ... အဲဒါတွေ အားလုံးကို အများပြည်သူဆိုင်ရာ ကိစ္စရပ်များ ခန်းမဆောင် မှာ ပံ့ပိုးမှု ရမှတ် တွေနဲ့ သွားလဲလှယ်လို့ ရပါတယ်”
“နယ်မြေထဲမှာ ကျင့်ကြံနေတဲ့ အချိန်အတွင်း ပုံမှန် အလကား ပေးတဲ့ အရင်းအမြစ်တွေ မရှိဘူး ဆိုပေမဲ့... ကိုယ့်ဘာသာကိုယ် အရင်းအမြစ်တွေ ရှာဖို့ ဆိုတာကလည်း သိပ်ပြီး ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး”
“ဘာပဲဖြစ်ဖြစ် နယ်မြေ ဆိုတာက မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ ပါရမီရှင် တွေအတွက် ကျင့်ကြံဖို့ သီးသန့် နေရာတစ်ခုလေ... ဒီနေရာရဲ့ အဓိက ရည်ရွယ်ချက်က ကျင့်ကြံဖို့ပဲ... မင်းတို့ကို ဒုက္ခရောက်အောင် တမင် သက်သက် လုပ်ထားတာ မဟုတ်ပါဘူး”
“အဲဒီတော့ ဘာမှ စိတ်မပူနဲ့... အေးအေးဆေးဆေး နေပြီး ဖြည်းဖြည်းချင်း အသားကျအောင်သာ လုပ်”
'ဟူး... တော်သေးတာပေါ့... ကိုယ့်ပညာနဲ့ကိုယ် ဆိုတော့ ထမင်းငတ်မှာတော့ မပူရတော့ဘူး... အေးဆေး ကျင့်လို့ ရပြီ။'
ဘိုးဘေးကြီး များကို သွားရောက် ဂါရဝပြုခြင်း၊ အများပြည်သူဆိုင်ရာ ကိစ္စရပ်များ ခန်းမဆောင် တွင် စာရင်းသွင်းခြင်း၊ တပည့် အမှတ်အသား တံဆိပ်ပြား နှင့် အဆင့်မြင့် တာအို ဝတ်ရုံ တစ်စုံကို ထုတ်ယူခြင်း အစရှိသော ကိစ္စရပ်များ အားလုံး ပြီးစီးသွားပြီးနောက်၊ သူတို့ နှစ်ဦးသည် တာ့ယွဲ့ တောင်ထွတ် သို့ ပြန်လည် ရောက်ရှိလာခဲ့ကြ၏။
(၇) ရက် ကြာမြင့်ပြီးနောက်၊
လော့ချန်ယွီ နှင့် တာအိုဆရာ ရှုဟိုင် တို့ နှစ်ဦးစလုံးသည် ဝင်ခွင့် စမ်းသပ်ပွဲ ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။ လော့ချန်ယွီ သည် အင်မတန် အေးစက်သော အသွင်အပြင် ရှိသည့် လှပသော အမျိုးသမီးကြီး တစ်ဦးကို ဆရာအဖြစ် ရွေးချယ်ခဲ့၏။ ထိုအမျိုးသမီးကြီးမှာ အရှင်သခင်ကြီး ယွီရော့ ဟု လူသိများပြီး၊ တောင်ထွတ် သခင် ယွီရော့ သို့မဟုတ် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ယွီရော့ ဟုလည်း ခေါ်ဆိုကြသည်။
တာအိုဆရာ ရှုဟိုင် မှာမူ လင်ယွမ် တောင်ထွတ် သို့ ဝင်ရောက်ခဲ့ပြီး ထိုတောင်ထွတ်၏ တပည့် တစ်ဦး ဖြစ်လာခဲ့၏။
သူသည် လင်ယွမ် တောင်ထွတ် ၏ သခင်ကို တိုက်ရိုက် ဆရာအဖြစ် မခံယူခဲ့သော်ငြားလည်း၊ နယ်မြေ အတွင်း၌ ဆက်လက် ကျန်ရစ်ကာ ကျင့်ကြံခွင့် ရရှိခဲ့သည်။
တစ်လကျော်ခန့် ကြာမြင့်ပြီးနောက်၊
မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ နန်းတော်သခင် ကြီးသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာခဲ့လေပြီ။
တာအိုဆရာ ထျန်းယွီ သည် စုယွီ ကို ခေါ်ဆောင်ကာ နန်းတော်သခင် ကြီးနှင့် သွားရောက် တွေ့ဆုံစေခဲ့သည်။ ထိုတွေ့ဆုံမှုတွင် စုယွီ အား အကြီးအကျယ် တုန်လှုပ် အံ့အားသင့်သွားစေခဲ့သော အရာမှာ မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ နန်းတော်သခင် ကြီးသည် တာအိုဆရာ ထျန်းယွီ ကို မြင်သောအခါ "ဆရာ ဦးလေး" ဟု ရိုသေစွာ ခေါ်ဝေါ် နှုတ်ဆက်လိုက်ခြင်းပင် ဖြစ်၏။
ထို့အပြင်၊ မိမိကိုတောင် "ညီလေး" တဲ့လော။
'ဟိုက်... ငါက မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ နန်းတော်သခင် ကြီးရဲ့ ဂျူနီယာ ညီလေး ဖြစ်သွားတာလား... သေစမ်း... အဆင့်တွေက တဟုန်ထိုး တက်သွားပါလား... အမိုက်စားပဲဟေ့။'
မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ နန်းတော်သခင် ကြီးထံမှ ရွှေအမြုတေ တာအို လမ်းစဉ် ၏ အမွေအနှစ် ကို လက်ခံ ရရှိခဲ့ပြီး၊ သူ၏ အားပေး စကားများကိုပါ ကြားနာခဲ့ရပြီးနောက်၊ သူတို့ နှစ်ဦးသည် တာ့ယွဲ့ တောင်ထွတ် သို့ ပြန်လည် ထွက်ခွာလာခဲ့ကြသည်။
အပြန်လမ်း တစ်လျှောက်တွင်၊
စုယွီ သည် အံ့အားသင့်စွာဖြင့် တာအိုဆရာ ထျန်းယွီ အား လှမ်းမေးလိုက်၏။
“ဆရာသခင်... ဆရာ့ရဲ့ တကယ့် အဆင့်အတန်း က ဘာလဲဟင်... ပြီးတော့ ဆရာ့ရဲ့ ကျင့်ကြံခြင်း အဆင့် ကရော ဘယ်လောက်လဲ”
တာအိုဆရာ ထျန်းယွီ က လက်ကို ဝှေ့ယမ်းလိုက်ပြီး သက်ပြင်းချကာ ဖြေကြားလိုက်သည်။
“ဆရာက မြေကမ္ဘာအင်မော်တယ် နယ်မြေ ထဲကို သူတို့ထက် စောပြီး ဝင်လာခဲ့လို့ပါ... နန်းတော်သခင် က သက်ကြီးရွယ်အို တွေကို လေးစားလို့ အဲဒီလို ခေါ်တာပါကွာ... တခြား ထူးခြားတဲ့ အဆင့်အတန်း ဘာမှ မရှိပါဘူး”
“ကျင့်ကြံခြင်း အဆင့် ကို ပြောရရင်တော့... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆိုရင် ဆရာက မူလဝိညာဉ် အဆင့် ရဲ့ အထွတ်အထိပ် မှာ ရှိခဲ့တာ... ဒါပေမဲ့ ဒဏ်ရာ ရသွားခဲ့လို့လေ... အခုတော့ ဆရာ့ရဲ့ မူလဝိညာဉ် ကို အနိုင်နိုင် ထိန်းထားရတဲ့ အခြေအနေပဲ ရှိတော့တယ်... ကံကောင်းလို့သာ ဝိညာဉ် ကွဲထွက်ပြီး မသေသွားတာ”
စုယွီ ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။
“ဆရာသခင်... ဆရာ ဒဏ်ရာ ရထားတာလား ဟင်”
တာအိုဆရာ ထျန်းယွီ က ရယ်မောလိုက်ပြီး ပြန်ပြောလိုက်၏။
“ဒါတွေက အတိတ်က ကိစ္စတွေပါကွာ... အခုတော့ ဘာမှ မဖြစ်တော့ပါဘူး... အနည်းဆုံးတော့ ဆရာ့ဆီမှာ မူလဝိညာဉ် အဆင့် အစပိုင်း ကျင့်ကြံခြင်း စွမ်းအားလေးတော့ ကျန်သေးတာပဲ”
“ကဲပါ... အခု ပြန်ရောက်ရင် မင်း အရင်ဆုံး ရွှေအမြုတေ တာအို လမ်းစဉ် ရဲ့ အမွေအနှစ် ကို သေချာ လေ့လာ... မင်း တံခါးပိတ် ကျင့်ကြံတာ ပြီးသွားတဲ့ အချိန်ကျရင်... ဆရာ မင်းရဲ့ ဆေးပညာ၊ အဆောင်လက်ဖွဲ့ ပညာ နဲ့ အခင်းအကျင်း ပညာရပ် အဆင့်တွေကို သေချာ စစ်ဆေးကြည့်မယ်... အနည်းဆုံးတော့ မင်း စတုတ္ထအဆင့် အဆင့်မြင့် ကို မရောက်ခင် အထိ ဆရာ မင်းကို လမ်းညွှန်ပေးနိုင်ပါသေးတယ်”
တာ့ယွဲ့ တောင်ထွတ် သို့ ပြန်ရာလမ်း တစ်လျှောက်လုံး တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။
ကိုယ်ပိုင် ကျင့်ကြံရန် လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားကာ၊ တာအိုဆရာ ထျန်းယွီ သည် စုယွီ အား သူနှင့် အတူ နေထိုင်စေခြင်း မပြုဘဲ၊ တာ့ယွဲ့ တောင်ထွတ် ပေါ်ရှိ နေရာ တစ်ခုခုကို ရွေးချယ်၍ ကိုယ်ပိုင် ဂူစံအိမ် တစ်ခု တည်ဆောက်ခွင့် ပြုလိုက်သည်။
ထို့ကြောင့် စုယွီ သည် တာ့ယွဲ့ တောင်ထွတ် ၏ အရိပ်ကျသော ဘက်ခြမ်းရှိ ရေကန်ငယ်လေး တစ်ခု အနီးတွင် နေရာရွေးချယ်လိုက်ပြီး ကျောက်တုံး ဂူစံအိမ် တစ်ခုကို ဖန်တီး တည်ဆောက်လိုက်၏။
ထို ဂူစံအိမ် တွင် သူကိုယ်တိုင် ဖန်တီးထားသော တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း ကိုပါ တပ်ဆင်ထားလိုက်သည်။
ဂူစံအိမ် အတွင်းသို့ ရောက်ရှိသွားသောအခါ၊ စုယွီ သည် သူ၏ အခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး၊ ဖုံးကွယ်ခြင်း အခင်းအကျင်း ၊ ကာကွယ်ရေး အခင်းအကျင်း နှင့် သတိပေး အခင်းအကျင်း အစရှိသော ဂူစံအိမ် အတွင်းရှိ အခင်းအကျင်း အမျိုးမျိုးကို သက်ဝင်လှုပ်ရှားစေလိုက်၏။ ဒါက သူ၏ အမြဲတမ်း အကျင့်တစ်ခုပင် ဖြစ်သည်။
ထိုသို့ အခင်းအကျင်း များ တပ်ဆင်ထားခြင်းဖြင့်၊ သူ ကျင့်ကြံနေစဉ် ထွက်ပေါ်လာမည့် အရှိန်အဝါများသည် အပြင်သို့ လုံးဝ ယိုစိမ့်ထွက်သွားမည် မဟုတ်ဘဲ၊ တောင်ပေါ်ရှိ အခြားသူများကို အနှောင့်အယှက် မဖြစ်စေချေ။
သူသည် တတိယအဆင့် အဆင့်မြင့် ကျောက်စိမ်း ကုတင် တစ်လုံးပေါ်တွင် ထိုင်နေခဲ့၏။
စုယွီ သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး သူ၏ စိတ်အာရုံထဲတွင် ရွှေပုစဉ်း နည်းစနစ် ကို လည်ပတ်စေလိုက်သည်။ သူ၏ မျက်နှာသည် ချက်ချင်းပင် အေးချမ်း တည်ငြိမ်သွားပြီးနောက်၊ ရွှေအမြုတေ တာအို လမ်းစဉ် ၏ အမွေအနှစ် သည် သူ၏ နှလုံးသားထဲတွင် ထွက်ပေါ်လာခဲ့တော့၏။
'ရွှေအမြုတေ တာအို လမ်းစဉ် ဆိုတာက တကယ်တော့ ရွှေအမြုတေ ကို အဆင့်မြှင့်တင် သန့်စင်ဖို့အတွက် အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။'
'ရွှေအမြုတေ ဆိုတာကို တာအို မျိုးစေ့ လို့လည်း ခေါ်လို့ ရတာပဲ။'
'ရွှေအမြုတေ မှာ အလှည့် (၉) ကြိမ် ရှိတယ်... အလှည့် တစ်ကြိမ်စီက တာအို တရားအပေါ် နားလည် သဘောပေါက်မှု တစ်ခုစီကို ကိုယ်စားပြုတယ်။'
'အလှည့် တစ်ကြိမ် ပိုများလာလေလေ... တာအို တရားနဲ့ ပိုနီးစပ်လာလေလေပဲ။ အလှည့် (၉) ကြိမ် ရွှေအမြုတေ ဆိုတာကတော့ နိယာမ တရားတွေက တာအို ဖြစ်သွားတဲ့ အချိန်ပေါ့။'
'ရှေးဟောင်း ခေတ်ကာလ တုန်းက... ကောင်းကင် အင်မော်တယ် နန်းတော် က ကျဲ့ထျန်း တာအိုဇာတ်လိုက်ကြီးက ရွှေအမြုတေ အဆင့် မှာတင် အလှည့် (၉) ကြိမ် ရွှေအမြုတေ ကို ဖွဲ့တည်နိုင်ခဲ့တယ် တဲ့။ သူ့ရဲ့ မွေးရာပါ ဓာတ်ကြီးငါးပါး တာအို ခန္ဓာကိုယ် ရဲ့ လျှို့ဝှက်ချက်က တကယ်ကို အံ့မခန်းပဲ... ဓာတ်ကြီးငါးပါး တာအို အပေါ် သူ့ရဲ့ နားလည် သဘောပေါက်မှုက တာအို တရားစစ်စစ် နဲ့ တော်တော်လေးကို နီးစပ်ခဲ့တာ။'
'အဲဒီ အချက်မှာတော့... ငါက အများကြီး နောက်ကျကျန်နေသေးတယ်။'
စုယွီ သည် မြေကမ္ဘာအင်မော်တယ် နယ်မြေ ထံမှ ရရှိလာသော ရွှေအမြုတေ တာအို လမ်းစဉ် အမွေအနှစ် ကို စတင် လေ့လာ စူးစမ်းတော့သည်။
'ဒီ အမွေအနှစ် က ရှေးဟောင်း ကောင်းကင် အင်မော်တယ် နန်းတော် ကနေ ဆင်းသက်လာတာ... နာမည်က "အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ" တဲ့... အဆင့်မြင့် တာအို လမ်းစဉ် တစ်ခုပဲ... ကောင်းကင်နဲ့ မြေကြီး ရဲ့ တာအို တရားကို နားလည် သဘောပေါက်စေနိုင်ပြီး၊ ကောင်းကင်နဲ့ မြေကြီး ရဲ့ စွမ်းအားတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် တာအို အခြေခံ ကို ပြုစုပျိုးထောင် သန့်စင်ပေးနိုင်တယ်။'
'သီအိုရီ အရ ပြောရရင်တော့... ဒါက အလှည့် (၉) ကြိမ် ရွှေအမြုတေ ကို တကယ် ဖွဲ့တည်ပေးနိုင်စွမ်း ရှိတာပဲ။'
'ဒါပေမဲ့...'
သူ၏ စိတ်အာရုံထဲရှိ အမွေအနှစ်ကို သေချာစွာ ခံစား သိရှိပြီးနောက်၊ စုယွီ ၏ မျက်ခုံးများ ကြုံ့ဝင်သွားရ၏။
'ဒီ တာအို နိယာမ ရဲ့ အဆင့်သတ်မှတ်ချက်က သောက်ရမ်း မြင့်လွန်းနေတယ်။ သဘာဝတရား ရဲ့ တာအို ကို နားလည် သဘောပေါက်ဖို့ ဆိုတာ ပြောသလောက် မလွယ်ဘူး။ ပါရမီရှင် စစ်စစ် မဟုတ်ရင်... ဒီ တာအို နိယာမ ကို လေ့ကျင့်နေလည်း ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး။ အချိန်ကုန်တာပဲ အဖတ်တင်မယ်။'
'ဆရာ ထျန်းယွီ ကလည်း ငါ့ကို အချိန် တစ်နှစ် ပေးထားတယ်။ တကယ်လို့ ငါက ဒီ တာအို နိယာမ ကို နားလည် သဘောပေါက်နိုင်ခဲ့မယ် ဆိုရင်တော့... ရွှေအမြုတေ ကို ဆက်ပြီး ကျင့်ကြံ သန့်စင်ခွင့် ရမယ်။ တကယ်လို့ နားမလည်နိုင်ခဲ့ဘူး ဆိုရင်တော့... လက်လျှော့လိုက်ဖို့ပဲ ရှိတော့တယ်။'
'ရွှေအမြုတေ အလှည့် တစ်ကြိမ်လေးနဲ့တင်... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ဖြစ်လာဖို့ ဆိုတာက မခက်ခဲလှပါဘူး။ ဝိညာဉ်ခွဲဖြာ အဆင့် ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးတောင် အများကြီး ရှိသေးတာပဲ။ အဲဒီလောက်ဆို လုံလောက်နေပါပြီလေ။'
“စမ်းတော့ ကြည့်လိုက်ဦးမယ်”
စုယွီ ၏ စိတ်အာရုံသည် ရွှေပုစဉ်း နည်းစနစ် ကို စတင် လည်ပတ်စေလိုက်သည်။ ရွှေပုစဉ်း နည်းစနစ် ၏ ဝိညာဉ်စွမ်းအား အလင်းရောင် အောက်တွင်၊ သူ၏ စိတ်အာရုံသည် လုံးဝ ဗလာကျင်းသွားတော့၏။
ထို့နောက်တွင်တော့ သူသည် “အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ” ကို စတင် ကျင့်ကြံ လေ့လာပြီး နားလည် သဘောပေါက်နိုင်ရန် ကြိုးစား အားထုတ်တော့၏။
အခန်း (၄၅၈) - နန်းတော်သခင်၏ တပည့်ငယ်၊ ရွှေအမြုတေ တာအို လမ်းစဉ် (အပိုင်း - ၆)
~အချိန် တစ်ဝက်ခန့် ကုန်လွန်သွားပြီးနောက်တွင်တော့၊ စုယွီ သည် "အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ" ၏ အခြေခံ သဘောတရားများကိုပင် မဖမ်းဆုပ်နိုင်သေးသဖြင့်၊ ၎င်းကို ဆက်လက် ကျင့်ကြံနေခြင်းကို ယာယီ ရပ်နားလိုက်တော့၏။
ထို့နောက် သူသည် နေ့စဉ် ပုံမှန် ပြုလုပ်နေကျ ကျင့်ကြံမှုများကိုသာ အသစ်တဖန် စတင်လိုက်သည်။
ဓာတ်ကြီးငါးပါး ကျင့်စဉ် ၊ မိကျောင်းမိစ္ဆာ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် နှင့် ရွှေပုစဉ်း နည်းစနစ် တို့ကို နေ့စဉ် မပြတ်မကွက် လေ့ကျင့်ရန်မှာ သူ၏ မရှိမဖြစ် တာဝန်တစ်ခုပင် ဖြစ်၏။ သူသည် ၎င်းတို့ကို နေ့စဉ် စနစ်တကျ အချိန်ပေးကာ လေ့ကျင့်နေခဲ့သည်။
စုယွီ ၏ ဇွဲလုံ့လ ကြီးမားလှသော ကြိုးစားအားထုတ်မှုများ အောက်တွင်၊ ဤ ကျင့်စဉ်များ၏ ကျွမ်းကျင်မှု အဆင့်များသည် အချိန်ကာလများ ဖြတ်သန်းလာသည်နှင့်အမျှ တဖြည်းဖြည်းချင်း တည်ငြိမ်စွာ တိုးတက်လာနေခဲ့၏။
ပုံမှန် ကျင့်ကြံမှုများ ပြီးဆုံးသွားသော အခါတိုင်းတွင်တော့၊ စုယွီ သည် "အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ" ၏ နက်နဲသော သဘောတရားများကို နားလည် သဘောပေါက်နိုင်ရန်အတွက် နောက်တစ်ကြိမ် ထပ်မံ ကြိုးစား အားထုတ်လေ့ ရှိသည်။
လဝက်ခန့် ကြာမြင့်ပြီးနောက်၊
“ဝီ”
အလွန်တရာ နက်နဲ ဆန်းကြယ်လှသော ခံစားချက် တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက်၊ စုယွီ ၏ စိတ်ဝိညာဉ်သည် သူ၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ထဲသို့ လုံးဝ ပျော်ဝင် သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဓာတ်ကြီးငါးပါး ၊ ဟင်းလင်းပြင် နှင့် အချိန် တာအို လမ်းစဉ်များ၏ တည်ရှိနေမှုကို ခပ်ရေးရေးမျှ အာရုံခံစား လိုက်ရ၏။
ဤ နက်နဲ ဆန်းကြယ်လှသော အခြေအနေ ထဲသို့ နစ်မြုပ်သွားသောအခါ၊ စုယွီ သည် တာအို နိယာမ များဖြင့် ဖွဲ့စည်းထားသော လောကသစ် တစ်ခုကို လှစ်ဟ မြင်တွေ့လိုက်ရတော့သည်။
တာအို လမ်းစဉ် အသီးသီး၏ ရှုပ်ထွေး နက်နဲလှသော သဘောတရားများသည် တစ်ခုနှင့်တစ်ခု ယှက်နွှယ်နေကြပြီး၊ ၎င်းတို့ကို ကြည့်ရင်း သူ၏ မျက်စိများပင် ကျိန်းစပ်လာခဲ့ရ၏။
သို့သော်လည်း၊ ဤ အံ့မခန်း အခြေအနေကြီးကို သူသည် အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်ပင် ပြည့်အောင် မထိန်းသိမ်းထားနိုင်ခဲ့ချေ။ သူ၏ ခေါင်းထဲတွင် ပြင်းထန်စွာ ထိုးကိုက် နာကျင်လာခဲ့ပြီး၊ သူ၏ စိတ်ဝိညာဉ်သည် ထို နက်နဲသော အခြေအနေ ထဲမှ ရုတ်တရက် ပြုတ်ထွက်သွားကာ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့တော့၏။
ဤ တိုတောင်းလှသော အချိန်လေး အတွင်းမှာပင်၊ ရွှေအမြုတေ အဆင့် နှောင်းပိုင်း ကျင့်ကြံသူ တစ်ဦးနှင့် ညီမျှသော သူ၏ ဝိညာဉ်စွမ်းအား (၉၀) ရာခိုင်နှုန်းကျော်ခန့်မှာ ကုန်ခမ်းသွားခဲ့ပြီး၊ လုံးဝ ကုန်ခမ်းလုနီးပါး အခြေအနေသို့ ရောက်ရှိသွားခဲ့ချေပြီ။
စုယွီ သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဝိညာဉ်စွမ်းအားများကို ပြန်လည် ဖြည့်တင်းရန်အတွက် ရွှေပုစဉ်း နည်းစနစ် ကို လည်ပတ်စေလိုက်သည်။ ဝိညာဉ်စွမ်းအား အချို့ ပြန်လည် ပြည့်ဖြိုးလာသောအခါ၊ သူသည် တိတ်ဆိတ်စွာ စဉ်းစားခန်း ဝင်သွားပြီး၊ ယခုလေးတင် တွေ့ကြုံခဲ့ရသော နက်နဲသည့် အခြေအနေမှ ရရှိလာသော နားလည် သဘောပေါက်မှုများကို သေချာစွာ ပြန်လည် စုစည်းလိုက်၏။
'ငါ အခုလေးတင် မြင်တွေ့ခဲ့ရတဲ့ စကြဝဠာ တာအို ရဲ့ လျှို့ဝှက်ချက်တွေက... ငါ့ရဲ့ ရွှေအမြုတေ နဲ့ ဆက်စပ်နေသလိုပဲ... တခြား တစ်နည်းနဲ့ ပြောရရင်တော့... ငါ လေ့ကျင့်နေတဲ့ ကျင့်စဉ်တွေ နဲ့ တိုက်ရိုက် သက်ဆိုင်နေတာပေါ့။'
'ငါက ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို လေ့ကျင့်ထားတော့... ဓာတ်ကြီးငါးပါး တာအို ရဲ့ တည်ရှိမှုကို အာရုံခံ သိရှိနိုင်ခဲ့တယ်။'
'ပြီးတော့ ငါက ဟင်းလင်းပြင် စွမ်းအား တွေ အကြောင်းကို နည်းနည်းပါးပါး နားလည်ထားတော့... ဟင်းလင်းပြင် တာအို ရဲ့ တည်ရှိမှုကိုပါ မြင်တွေ့ခဲ့ရတယ်။'
'အချိန် ရဲ့ အရိပ်အယောင် တချို့ကိုလည်း တွေ့ခဲ့သေးတယ်... ငါက အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် ကို ကျင့်ကြံထားတော့... ငါ့ရဲ့ ခန္ဓာကိုယ် ထဲမှာ အချိန် တာအို ရဲ့ လျှို့ဝှက်ချက်တွေ ကိန်းအောင်းနေတာ ဖြစ်မယ်။'
သို့သော်လည်း၊ ဤကဲ့သို့သော အခြေအနေမျိုးသို့ ပထမဆုံး အကြိမ် ဝင်ရောက်ဖူးခြင်း ဖြစ်သဖြင့်၊ သူသည် အနည်းငယ် ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုမူမိခဲ့ပြီး၊ အကျိုးအမြတ် အနည်းငယ်သာ ရရှိခဲ့သော်လည်း စွမ်းအင်များ အလွန်အကျွံ ကုန်ခမ်းသွားခဲ့ရ၏။
စုယွီ က ဆက်လက် တွေးတောနေမိသည်။
'ဒါကြောင့်... နောက်ဆိုရင် ငါ သေချာ ပစ်မှတ်ထားပြီးမှ အာရုံစိုက်သင့်တယ်။ ဥပမာ... ဓာတ်ကြီးငါးပါး တာအို ၊ ဟင်းလင်းပြင် တာအို ဒါမှမဟုတ် မကြာသေးခင်ကမှ ငါ နားလည် သဘောပေါက်ထားတဲ့... “ယင်” အင်မော်တယ် စာလုံး ထဲက ဟင်းလင်းပြင် ဗလာနယ် တာအို လိုမျိုး တစ်ခုခုကို သေချာ ရွေးချယ်ရမယ်။'
'ဓာတ်ကြီးငါးပါး တာအို နဲ့ ဟင်းလင်းပြင် ဗလာနယ် တာအို တွေကတော့ အေးဆေးပဲ... စွမ်းအင် သိပ်မကုန်ဘူး။'
'ဒါပေမဲ့ ဟင်းလင်းပြင် တာအို နဲ့ အချိန် တာအို တွေကတော့ စွမ်းအင် စားတာ တကယ် ကြောက်စရာ ကောင်းတယ်။ ငါ အသက်ရှူကြိမ် ဆယ်ကြိမ်တောင် မပြည့်လိုက်ဘူး။'
ဝိညာဉ်စွမ်းအား များ အပြည့်အဝ ပြန်လည် ပြည့်ဖြိုးသွားသောအခါ၊ စုယွီ သည် သူ၏ ကျွမ်းကျင်မှု မျက်နှာပြင် ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သူ မျှော်လင့်ထားသည့် အတိုင်းပင်၊ ကျင့်စဉ် အသစ် တစ်ခု၏ အချက်အလက်များ ထပ်မံ တိုးပွားလာခဲ့၏။
[ကျင့်စဉ် - အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ (အခြေခံ အဆင့်၊ ကျွမ်းကျင်မှု ၀.၀၁ ရာခိုင်နှုန်း)]
စုယွီ တစ်ယောက် စဉ်းစားခန်း ဝင်သွားပြန်သည်။
'ဒီ ကျင့်စဉ်ရဲ့ အဆင့်တွေက... အခြေခံ အဆင့်၊ အငယ်စား အောင်မြင်မှု အဆင့်၊ အကြီးစား အောင်မြင်မှု အဆင့် နဲ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှု အဆင့် ဆိုပြီး ရှိတာပေါ့။ တကယ်လို့များ ပြီးပြည့်စုံတဲ့ အောင်မြင်မှု အဆင့် ကို ရောက်သွားရင်... အလှည့် (၉) ကြိမ် ရွှေအမြုတေ အဖြစ် အသွင်ပြောင်း သွားနိုင်မလား မသိဘူး။'
ထိုသို့ တွေးမိလိုက်သောအခါ စုယွီ ၏ ရင်ထဲတွင် ရုတ်တရက် လန်းဆန်း တက်ကြွသွားတော့၏။
သူသည် ကျင့်စဉ်များကို နားလည် သဘောပေါက်ရန် ခက်ခဲမည်ကို မကြောက်ရွံ့ခဲ့ပေ။ သူ စိုးရိမ်သည်မှာ ကျွမ်းကျင်မှု အမှတ်များ မရရှိမည်ကိုသာ ဖြစ်သည်။
ကျွမ်းကျင်မှု အမှတ်များ ရရှိနေပြီ ဆိုမှတော့၊ သူ လုပ်ရမည့် အလုပ်မှာ ထိုအမှတ်များကို မြင့်တက်လာအောင် လုပ်ဆောင်ရန်သာ ဖြစ်ပြီး၊ အချိန်တန်လျှင် တာအို နိယာမ များကို သဘာဝအလျောက် နားလည် သဘောပေါက်လာမည်သာ ဖြစ်၏။
ထို့နောက်တွင်တော့၊ စုယွီ သည် "အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ" ကို နောက်တစ်ကြိမ် ထပ်မံ ကျင့်ကြံပြီး၊ ဓာတ်ကြီးငါးပါး တာအို ကိုသာ အဓိကထား၍ နားလည် သဘောပေါက်နိုင်ရန် ကြိုးစားတော့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူ လက်ရှိ လေ့ကျင့်နေသော ဓာတ်ကြီးငါးပါး ကျင့်စဉ် ၏ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်သောကြောင့်ပင်။
ဓာတ်ကြီးငါးပါး တာအို သည် သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့် နှင့် ဓာတ်ကြီးငါးပါး ကျင့်စဉ် တို့နှင့် တိုက်ရိုက် ဆက်နွှယ်နေ၏။
အဆုံးအစမထင် ကြီးမား ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီး အကြားတွင်၊ မိမိ၏ ကျင့်ကြံခြင်း အဆင့် ထက် ပို၍ အရေးကြီးသော အရာ မရှိနိုင်ချေ။ ထို့ကြောင့် သူသည် ဟင်းလင်းပြင်၊ အချိန် နှင့် ဟင်းလင်းပြင် ဗလာနယ် များကို လောလောဆယ် ဘေးချိတ်ထားရန် ဆုံးဖြတ်လိုက်သည်။
တံခါးပိတ် ကျင့်ကြံနေစဉ် အတွင်း အချိန်ကာလ များသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
တစ်နှစ် ကြာမြင့်ပြီးနောက်၊
သူ၏ ရွှေအမြုတေ သည် အဆင့် (၄) သို့ ရောက်ရှိနေသောကြောင့်လားတော့ မသိ၊ "အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ" ၏ ကျွမ်းကျင်မှု အမှတ် သည် အလွန် လျင်မြန်စွာ တိုးတက်လာခဲ့၏။
တစ်နှစ်တည်း ဆိုသော အချိန်တိုလေး အတွင်းမှာပင်၊ ဤ ရွှေအမြုတေ ကျင့်စဉ် ၏ ကျွမ်းကျင်မှု အမှတ် သည် အငယ်စား အောင်မြင်မှု အဆင့် သို့ တက်လှမ်းသွားခဲ့ပြီး၊ ကျွမ်းကျင်မှု (၅၃) ရာခိုင်နှုန်းကျော် အထိပင် ရောက်ရှိသွားခဲ့ချေပြီ။
ထိုအခါမှသာ ကျွမ်းကျင်မှု တိုးတက်နှုန်းသည် တဖြည်းဖြည်း နှေးကွေးသွားခဲ့သည်။
နောက်ဆုံးတွင်တော့၊ ၎င်းသည် တစ်နေ့လျှင် ကျွမ်းကျင်မှု အမှတ် (၀.၀၅) ရာခိုင်နှုန်းခန့် တိုးတက်သည့် သတ်မှတ် အမြန်နှုန်း တစ်ခုတွင် အခိုင်အမာ တည်ငြိမ်သွားခဲ့၏။
အငယ်စား အောင်မြင်မှု အဆင့် ၏ ကျွမ်းကျင်မှု များ တိုးတက်လာသည်နှင့်အမျှ၊ စုယွီ သည် သူ၏ ဒန်တျန် အတွင်းရှိ ရွှေအမြုတေ ပေါ်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲ အချို့ကို အထင်းသား ခံစားသိရှိလာရသည်။
သူ နေ့စဉ် ထုရိုက် ပုံဖော်နေရသော အုတ်မြစ် တစ်ခုကဲ့သို့ပင်၊ ရွှေအမြုတေ ၏ ခိုင်မာမှု အခြေခံ အုတ်မြစ် သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ တိုးတက်လာနေခဲ့၏။
ယခုအချိန် အထိ၊ အချိန် တစ်နှစ်ခန့်သာ ကြာမြင့်သေးသော်ငြားလည်း၊ စုယွီ သည် သူ၏ ဒန်တျန် အတွင်းရှိ ရွှေအမြုတေ ပေါ်တွင် ပဉ္စမမြောက် အရစ်အကြောင်း ခပ်ဖျော့ဖျော့လေး တစ်ခုကို လှစ်ဟ မြင်တွေ့နေရပြီ ဖြစ်သည်။
၎င်းမှာ ဖျော့တော့နေသေးသော်လည်း၊ သူ၏ အတွင်းပိုင်းရှိ ရွှေအမြုတေ သည် အလှည့် (၅) ကြိမ် ရွှေအမြုတေ အဖြစ်သို့ အသွင်ပြောင်းလဲနေပြီ ဖြစ်ကြောင်းကို ပြသနေခြင်းပင် ဖြစ်၏။
ဤမျှ ချောမွေ့ အဆင်ပြေလှသော တိုးတက်မှုများကြောင့် စုယွီ တစ်ယောက် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေမိတော့သည်။
'ဒီ ရွှေအမြုတေ အသွင်ပြောင်းတဲ့ ဖြစ်စဉ် အပြည့်အဝ ပြီးဆုံးသွားဖို့က နှစ်အနည်းငယ်လောက်ပဲ အချိန်ယူရတော့မှာပဲ။ သောက်ရမ်း မိုက်တယ်။'
စုယွီ သည် တိတ်တဆိတ် တွက်ချက်နေမိသည်။
ထို့နောက်တွင်တော့ စုယွီ သည် သူ၏ ဂူစံအိမ် မှ အခင်းအကျင်း များကို ဖွင့်လှစ်လိုက်ပြီး၊ တံခါးပိတ် ကျင့်ကြံခြင်း မှ ထွက်ခွာလာကာ ခြံဝင်းလေး အတွင်းရှိ ဆရာဖြစ်သူ တาအိုဆရာ ထျန်းယွီ ထံသို့ သွားရောက် ဂါရဝပြုတော့၏။
ခြံဝင်းလေး အတွင်း၌မူ၊ တာအိုဆရာ ထျန်းယွီ သည် ဝိညာဉ် သစ်ပင်ကြီး အောက်ရှိ ကျောက်စားပွဲ ဘေးတွင် ထိုင်နေဆဲပင် ဖြစ်ပြီး၊ စားပွဲပေါ်ရှိ ကျောက်ခဲများကို မျက်မှောင်ကြုံ့ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစား တွေးတောနေဆဲ ဖြစ်သည်။
စုယွီ သည် သူ၏ ရှေ့တွင် လာရောက် ရပ်တန့်လိုက်သော အခါမှသာ တာအိုဆရာ ထျန်းယွီ သည် သတိပြန်လည် လာခဲ့ပြီး၊ စုယွီ ကို မော့ကြည့်လိုက်သည်။ အတန်ကြာ မှင်သက်နေပြီးနောက် သူက မေးလိုက်၏။
“ဟေ... ငါ့တပည့်လား”
'အော်... ဟုတ်သားပဲ... ငါ တပည့် တစ်ယောက် လက်ခံထားသေးတယ်မလား...'
သူသည် နဖူးကို တဖြန်းဖြန်း ရိုက်လိုက်သည်။ အခင်းအကျင်း အကြောင်းကို အာရုံစိုက်လွန်းနေသဖြင့် သူ၏ ခေါင်းထဲတွင် အရာအားလုံး ရှုပ်ထွေး ကစဉ့်ကလျား ဖြစ်နေခဲ့ခြင်း ဖြစ်၏။
စုယွီ တစ်ယောက် ဆွံ့အသွားသည်။
“...”
'ဒီဆရာကတော့ တကယ်ပါပဲ... ကိုယ့်တပည့်ကိုယ်တောင် မေ့နေပြီ... အသက်ကြီးလာတော့လည်း ဒီလိုပဲ ဖြစ်ကုန်တာပဲလား မသိဘူး။'
သူသည် စားပွဲပေါ်ရှိ ကစဉ့်ကလျား ဖြစ်နေသော ကျောက်ခဲများကို တစ်ချက် လှမ်းကြည့်လိုက်လေရာ၊ သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားပြီး ခေါင်းများ မူးဝေလာကာ၊ လောကကြီး တစ်ခုလုံး ပြောင်းလဲ လည်ပတ်နေပြီး ပြောင်းပြန်လန် ကျတော့မည့်အလား ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင်တော့ အလွန် အားကောင်းလှသော စွမ်းအားတစ်ခုက သူ့ကို ထို ခံစားချက်ထဲမှ အတင်းအကြပ်.. ဆွဲထုတ်သွားခဲ့၏။
မြင်ကွင်းများသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ သူသည် အစစ်အမှန် လောကသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
တာအိုဆရာ ထျန်းယွီ သည် လက်ကို ဝှေ့ယမ်းကာ ကျောက်စားပွဲ ပေါ်ရှိ ရှုပ်ပွနေသော ကျောက်ခဲများကို ဖုံးကွယ်ရန် အတားအဆီး တစ်ခု ဖန်တီးလိုက်ပြီး၊ စုယွီ အား သတိပေးလိုက်သည်။
“သတိထားဦး... ဒီ အခင်းအကျင်း က မင်းအတွက် အရမ်း အန္တရာယ် များလွန်းတယ်... မင်း အခု ဒါကို ကြည့်ဖို့ မသင့်တော်သေးဘူး”
ခေတ္တမျှ ရပ်နားလိုက်ပြီးနောက်၊ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် တာအိုဆရာ ထျန်းယွီ ၏ မျက်ဝန်းများ တောက်ပလာပြီး စုယွီ ကို စိုက်ကြည့်ကာ မေးလိုက်၏။
“ဒါနဲ့ နေပါဦး... မင်း အရင်တုန်းက ရွှေအမြုတေ တာအို လမ်းစဉ် အမွေအနှစ် ကို ရထားတယ်မလား... မင်းရဲ့ ကျင့်ကြံမှု အခြေအနေက ဘယ်လိုလဲ... စပြီး လေ့ကျင့်နေပြီလား”
စုယွီ က ရိုသေစွာ ဦးညွှတ်လိုက်ပြီး ပြန်လည် အသိပေးလိုက်သည်။
“အတော်လေး ချောချောမွေ့မွေ့ ရှိပါတယ် ခင်ဗျာ... ကျွန်တော် စပြီး ကျင့်ကြံနေပါပြီ”
ထိုစကားကို ကြားသောအခါ တာအိုဆရာ ထျန်းယွီ သည် အလွန်အမင်း ဝမ်းသာရွှင်မြူးသွားပြီး လက်ခုပ် တီးကာ အားရပါးရ ရယ်မောလိုက်တော့၏။
“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်ဟေ့။ ငါ့တပည့် ပီသပါပေတယ်။ ရွှေအမြုတေ တာအို လမ်းစဉ် ကို စတင်နိုင်ပြီ ဆိုတာက... မင်းရဲ့ ပါရမီက အလှည့် (၁) ကြိမ် ရွှေအမြုတေ အဆင့်မှာတင် ရပ်တန့်သွားမှာ မဟုတ်ဘူး ဆိုတာကို ပြနေတာပဲ။ သေချာ ဆက်ပြီး ကျင့်ကြံစမ်းပါ။ အလှည့် (၄) ကြိမ် ရွှေအမြုတေ နဲ့ အထက်ကို ရောက်မရောက် ဆိုတာ ကြည့်ကြသေးတာပေါ့”
ခေတ္တမျှ စဉ်းစား တွေးတောပြီးနောက် တာအိုဆရာ ထျန်းယွီ က ဆက်ပြောလိုက်သည်။
“မင်းက ရွှေအမြုတေ တာအို လမ်းစဉ် ကို စတင် ကျင့်ကြံနိုင်ပြီ ဆိုမှတော့... ဆက်ပြီး တံခါးပိတ် ကျင့်ကြံနေဖို့ မလိုတော့ပါဘူး”
“မနက်ဖြန်က စပြီး... ဆရာ မင်းကို ဆေးပညာ၊ အဆောင်လက်ဖွဲ့ ပညာ နဲ့ အခင်းအကျင်း အမွေအနှစ် အသစ်တွေကို စပြီး သင်ပေးမယ်”
'ဟာ... မိုက်ပြီ။ ဆရာ့ဆီက ပညာတွေ အကုန် စုပ်ယူပစ်ရမယ်။'
စုယွီ တစ်ယောက် စိတ်ထဲတွင် အလွန် ဝမ်းသာကျေနပ်သွားသည်။
မည်သို့ပင်ဆိုစေ၊ တာအိုဆရာ ထျန်းယွီ သည် စတုတ္ထအဆင့် ဆေးဆရာ၊ အဆောင်လက်ဖွဲ့ ပညာရှင်၊ လက်နက် သွန်းလုပ်သူ နှင့် အခင်းအကျင်း ပညာရှင် ကြီး တစ်ဦး ဖြစ်သည် မဟုတ်ပါလော။
အကယ်၍ နောင်တွင် အချိန်ရမည် ဆိုပါက၊ သူသည် လက်နက် သွန်းလုပ်ခြင်း ပညာ ကိုပါ လေ့လာ သင်ယူချင်သေး၏။
အချိန်ကာလများသည် မြင်းဖြူ တစ်ကောင် လွတ်ထွက်သွားသကဲ့သို့ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး၊ မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်းမှာပင် သုံးနှစ် ဆိုသော အချိန်ကာလကို ဖြတ်သန်းသွားခဲ့ချေပြီ။
တစ်နေ့တွင်၊ စုယွီ သည် မနေ့ကမှ တာအိုဆရာ ထျန်းယွီ သင်ကြားပေးလိုက်သော တတိယအဆင့် အလယ်အလတ်တန်းစား သတ်ဖြတ်ခြင်း အခင်းအကျင်း ဖြစ်သည့် "မက်မွန်သီး တစ်ထောင် အခင်းအကျင်း" ကို ပြန်လည် လေ့လာ သုံးသပ်နေစဉ်၊ တာ့ယွဲ့ တောင်ကုန်း ၏ အပြင်ဘက်တွင် လူတစ်ယောက် ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ အရှင်သခင်ကြီး ကုလန် ၏ တပည့်မလေး ကျန်းမန် ပင် ဖြစ်၏။
ကျန်းမန် သည် တာ့ယွဲ့ တောင်ကုန်း ၏ အပြင်ဘက်မှ နေ၍ စုယွီ အား လှမ်းအော်ခေါ်လိုက်ပြီး၊ တောင်ပေါ်သို့ မဝင်ရဲခဲ့ချေ။
စုယွီ ၏ လူရိပ် ထွက်ပေါ်လာသည်ကို မြင်သောအခါ၊ ကျန်းမန် က ရိုသေစွာ ဦးညွှတ်လိုက်သည်။
“ဆရာ ဦးလေး စုယွီ ကို ဂါရဝပြုပါတယ်ရှင်”
ဟုတ်၏။ ဆရာ ဦးလေး ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တာအိုဆရာ ထျန်းယွီ ၏ အဆင့်အတန်းမှာ အလွန် မြင့်မားလွန်းပြီး၊ နန်းတော်သခင် ကြီး၏ ဆရာ ဦးလေး ဖြစ်သကဲ့သို့၊ အရှင်သခင်ကြီး ကုလန် ၏ ဆရာ ဦးလေး လည်း ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် သဘာဝကျစွာပင်၊ စုယွီ သည် အရှင်သခင်ကြီး ကုလန် ၏ ဂျူနီယာ ညီလေး ဖြစ်လာခဲ့ပြီး၊ ကျန်းမန် ၏ ဆရာ ဦးလေး ဖြစ်လာခဲ့ခြင်းပင်။
'ဆရာ ဦးလေး တဲ့လား... အောင်မာ... ငါတောင် ရာထူးတွေ ကြီးနေပါလား... မဆိုးပါဘူးလေ။'
စုယွီ သည် သူ၏ မန္တန်စွမ်းအားများကို အသုံးပြုကာ ကျန်းမန် အား မတ်တတ်ရပ်စေလိုက်ပြီး မေးလိုက်သည်။
“အဲဒီလောက် ယဉ်ကျေးမနေပါနဲ့... ရှောင်မန်... ဘာကိစ္စ ရှိလို့လဲ”
ကျန်းမန် က ပြန်လည် အသိပေးလိုက်၏။
“ဟုတ်ကဲ့ပါရှင်... ဆရာအဒေါ် ချင်းချွမ် က ဆရာ ဦးလေး စု ကို လာရှာခိုင်းလို့ပါ။ အခုဆို ဆရာ ဦးလေး တို့ ဒီကို ရောက်လာတာ (၅) နှစ်တောင် ပြည့်တော့မယ်လေ။ (၅) နှစ် တစ်ကြိမ် ပုံမှန် လုပ်ရမယ့် တာဝန်တစ်ခု ရှိတယ်။ ဆရာအဒေါ် ချင်းချွမ် က ဆရာ ဦးလေး စု၊ အစ်မတော် လော့ နဲ့ အစ်ကိုတော် ရှုဟိုင် တို့ကို ခေါ်ပြီး အဲဒီ တာဝန်ကို အတူတူ သွားလုပ်ဖို့ စီစဉ်နေလို့ပါရှင်”
ထိုသို့ပြောရင်း ကျန်းမန် က တခစ်ခစ် ရယ်မောလိုက်သည်။
“ဆရာ ဦးလေး တို့ တာဝန် ထွက်လုပ်တဲ့ အချိန်ကျရင်... ကျွန်မ နဲ့ အစ်ကိုတော် ခုံးယွင် တို့လည်း နောက်ကနေ လိုက်ပြီး အတူတူ ထွက်လုပ်ကြမလို့လေ”
ပုံမှန် တာဝန် ဟုတ်လား။
'ဒါ ဘာတာဝန်များလဲ မသိဘူး... စိတ်ဝင်စားစရာပဲ... ကြည့်ရတာ အပြင်ထွက်ရတော့မယ့် ပုံပဲ။'
စုယွီ သည် ခေတ္တမျှ စဉ်းစား တွေးတောပြီးနောက်၊ တာ့ယွဲ့ တောင်ထွတ် ပေါ်သို့ ပြန်တက်သွားကာ ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီ ထံမှ ခွင့်ပန်လိုက်သည်။ ထို့နောက် ကျန်းမန် နှင့်အတူ ယွဲ့လန် တောင်ထွတ် ဆီသို့ ထွက်ခွာလာခဲ့တော့၏။
ဤ ပုံမှန် တာဝန် သည် မည်သည့် တာဝန်မျိုး ဖြစ်မည်ကိုတော့ သူ သေချာ မသိခဲ့သေးပေ။
အခန်း (၄၅၉) - ပြီးပြည့်စုံသော တာအို လမ်းစဉ်၊ အလှည့် (၅) ကြိမ် ရွှေအမြုတေ (အပိုင်း - ၁)
~မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ ဂိုဏ်းနယ်နိမိတ်သည် အဆုံးအစမထင် ကျယ်ပြောလှ၏။ အပြင်ဘက် နယ်မြေကို ကျော်လွန်သွားသောအခါ၊ အလယ်ဗဟို ဒေသတွင် ပင်မ တောင်ထွတ် (၁၈) ခုသည် ထူးခြားဆန်းကြယ်သော အခင်းအကျင်း ပုံစံဖြင့် ထည်ဝါစွာ ရပ်တည်နေကြသည်။
တောင်တန်းများ အကြားတွင် ပေါများကြွယ်ဝလှသော သဘာဝ ဝိညာဉ်စွမ်းအင် များသည် တိမ်တိုက်များ၊ မြူခိုးများ အဖြစ်သို့ အသွင်ပြောင်းကာ တစ်လွှာပြီးတစ်လွှာ ရစ်ခွေနေကြ၏။ တောင်ထွတ်များသည် တစ်ခုပေါ် တစ်ခု ထပ်ဆင့်နေပြီး စိမ်းလန်းစိုပြည်သော အလှတရားကို ဖန်တီးထား၏။ မျိုးစုံလှသော ကြိုးကြာငှက်များ၊ ပျံသန်းနေသော ကျေးငှက်များနှင့် ဒဏ္ဍာရီလာ သတ္တဝါများသည် တိမ်တိုက်များ ကြားတွင် ကူးလူးပျံသန်းနေကြရာ၊ နတ်ပြည် နတ်လောက တစ်ခုအလား ထင်မှတ်ရပေတော့သည်။
စုယွီ သည် သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းကာ သူ၏ လျှို့ဝှက်ဆန်းကြယ် သားရဲ ဖြစ်သော ထိုက်ရွှီ ကို ခေါ်ထုတ်လိုက်သည်။ ကြက် သတ္တဝါလေး တစ်ကောင်အလား ဘောလုံးတစ်လုံးကဲ့သို့ ဝဖြိုးနေသော ထိုက်ရွှီ သည် ကျန်းမန် ၏ ရှေ့မှောက်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ အရပ်အမြင့် (၁၃) ပေ မှ (၁၄) ပေခန့် ရှိသော ထိုသတ္တဝါကြီး၏ အနီရောင် အမွေးအမှင်များသည် မှေးမှိန်သွားခဲ့ပြီ ဖြစ်ပြီး၊ ၎င်း၏ အစား အစိမ်းရောင်နှင့် ခရမ်းရောင်တို့ တစ်လှည့်စီ ရောယှက်နေသော မျက်စိကျိန်းမတတ် လှပသည့် အရောင်အဆင်းများက နေရာယူလာခဲ့သည်။
ထိုက်ရွှီ ၏ အမြီးပေါ်ရှိ အရောင်သုံးမျိုး စပ်နေသော အမွေးတောင်များနှင့် ပေါင်းစပ်လိုက်သောအခါ၊ ၎င်း၏ ရယ်စရာကောင်းလောက်အောင် ဝဖြိုးနေသော ခန္ဓာကိုယ်ကြီး ရှိနေသည့်တိုင်အောင်၊ ၎င်း၏ ထူးကဲသော ဇာစ်မြစ်ကို ဖော်ပြရန် လုံလောက်နေခဲ့၏။
အပြင်သို့ ရောက်ရောက်ချင်းမှာပင်၊ ထိုက်ရွှီ ထံမှ ထွက်ပေါ်လာသော အလွန် အားကောင်းလှသည့် ကောင်းကင်ဖီးနစ် သွေးမျိုးဆက် အရှိန်အဝါကြီး ကြောင့် ကျန်းမန် ၏ မျက်နှာလေးမှာ အကြောက်လွန်ကာ သွေးဆုတ် ဖြူရော်သွားခဲ့ရသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်တော့၊ စုယွီ သည် သူမ၏ ဘေးသို့ လှမ်းသွားလိုက်ပြီး သူ၏ အရှိန်အဝါဖြင့် သူမကို ရစ်ပတ် လွှမ်းခြုံကာ ကာကွယ်ပေးလိုက်သည်။ ထိုအခါမှသာ ထိုက်ရွှီ ၏ သွေးမျိုးဆက်မှ ထွက်ပေါ်နေသော ကြမ်းကြုတ် ရက်စက်သည့် မကောင်းဆိုးဝါး ချီ များ ဖုံးကွယ်သွားခဲ့၏။ ကျန်းမန် တစ်ယောက် အနည်းငယ် သက်သာရာ ရသွားခဲ့သော်ငြားလည်း၊ သူမ၏ မျက်နှာလေးမှာ ဖြူရော်နေဆဲပင် ဖြစ်သည်။
'ဟိုက်... ဒီကြက်စုတ်ကတော့ လာပြန်ပြီ။ အပြင်ရောက်တာနဲ့ သူများတွေကို လိုက်ခြောက်နေတာပဲ။ ကောင်မလေးတော့ လန့်ချေးပါသွားပြီလား မသိဘူး။ တကယ် ဒုက္ခပေးတဲ့ အကောင်ကွာ။'
သူမသည် ခန္ဓာကိုယ် အချိုးအစား ကြီးမားလွန်းလှသော ထိုက်ရွှီ ကို အံ့အားသင့် ထိတ်လန့်စွာ ကြည့်ရင်း၊ တုန်ယင်သော အသံလေးဖြင့် မေးလိုက်သည်။
“ဆရာ ဦးလေး စုယွီ... ဒါ... ဒါက ဘာကြီးလဲဟင်”
“ဒါက ငါ့ရဲ့ သားရဲလေ။ သူက မှော်လက်နက် စံအိမ်တော် ထဲမှာ ကျင့်ကြံနေတာ။ သူ့နာမည်က ထိုက်ရွှီ လို့ ခေါ်တယ်။ စိတ်မပူပါနဲ့ကွာ... သူက သိပ်သဘောကောင်းတာ”
ထိုသို့ ပြောပြီးနောက်၊ စုယွီ သည် ထိုက်ရွှီ ကို ကောင်းကင်ယံသို့ ပျံတက်ပြီး အတောင်ပံ ခတ်ရန် အမိန့်ပေးလိုက်သည်။ ၎င်းက အတောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက်၊ (၁၅) ပေနီးပါးခန့် ကြီးမားသော ထိုက်ရွှီ သည် ဧရာမ ငှက်မိစ္ဆာကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ဝဲပျံနေကာ မြေပြင်ပေါ်သို့ အမည်းရောင် အရိပ်ကြီး တစ်ခု ကျဆင်းသွားစေခဲ့သည်။
“သွားကြစို့”
စုယွီ သည် ကျန်းမန် ကို ခေါ်ဆောင်ကာ ထိုက်ရွှီ ၏ ကျောပေါ်သို့ တက်လိုက်သည်။ ထိုက်ရွှီ အတွက် ဒါက အပြင်ဘက်သို့ ပထမဆုံး အကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သဖြင့်၊ သဘာဝ ဝိညာဉ်စွမ်းအင် များ ပေါများ ကြွယ်ဝလှသော ပတ်ဝန်းကျင်ကို ခံစားမိပြီး အလွန်အမင်း စိတ်လှုပ်ရှား ရွှင်မြူးနေဟန် ရှိ၏။ ရှေးဟောင်း ကောင်းကင်ဖီးနစ် မိစ္ဆာသားရဲ ၏ အားကောင်းလှသော အရှိန်အဝါသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး၊ တုန်လှုပ်ဖွယ် ကောင်းလှသော မိစ္ဆာ အငွေ့အသက် ကြီးတစ်ခုကို ဖန်တီးလိုက်တော့၏။
“ရွှီး...”
စူးရှလှသော အော်ဟစ်သံ တစ်ခုက တောင်တန်းများ အကြားတွင် ပဲ့တင်ထပ်သွားပြီး၊ များစွာသော ကြိုးကြာငှက်များ၊ ပျံသန်းနေသော ကျေးငှက်များနှင့် အခြားသော သတ္တဝါများကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့ရာ၊ ၎င်းတို့၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ခါသွားကြသည်။ အချို့ဆိုလျှင် ကြောက်လန့်တကြား တုန်ရီလျက် ကောင်းကင်ထက်မှနေ၍ မြေပြင်ပေါ်သို့ပင် ဘုတ်ခနဲ ပြုတ်ကျသွားခဲ့ကြ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ စုယွီ ၏ မျက်နှာအမူအရာသည် အံ့အားသင့်မှုဖြင့် ပြောင်းလဲသွားခဲ့ပြီး အမြန် ကြိမ်းမောင်းလိုက်သည်။
“ထိုက်ရွှီ... ငြိမ်ငြိမ်လေး နေစမ်း။ မင်းကို လူတွေက ကင်စားသွားတာ ခံချင်လို့လား။ အဲဒီအချိန်ကျရင် အကင်စင် တစ်ခုတည်းနဲ့တောင် လောက်မှာ မဟုတ်ဘူး..(၁၈) ပိုင်းလောက် ခုတ်ထစ်ပြီးမှ ကင်ရလိမ့်မယ်”
'သောက်ကျိုးနည်း... ဒီကောင်ကတော့ ပြဿနာ ရှာတော့မယ်။ သူများ ဂိုဏ်းထဲ ရောက်နေတာကို လေလုံး သွားထွားနေတယ်။ ငါ့ကိုပါ ရောပြီး အကင်ခံရအောင် လုပ်နေတာလား မသိဘူး။'
“ဂွတ်...”
ထိုက်ရွှီ ၏ အော်ဟစ်သံ ရပ်တန့်သွားသည့် အခိုက်အတန့်မှာပင်၊ ၎င်းသည် စုယွီ ၏ ခြိမ်းခြောက်မှုကြောင့် တကယ်ပင် ကြောက်လန့်သွားခဲ့ကြောင်း ထင်ရှားလှ၏။ ၎င်းသည် မိမိ၏ ကြီးမားလှသော အရှိန်အဝါများကို ချက်ချင်းပင် ရုပ်သိမ်းလိုက်ပြီး၊ အတောင်ပံများကို ခတ်ကာ လေထုကို ခွဲဟပ်လျက်၊ လယွဲ့ တောင်ထွတ် ဆီသို့ တတိယအဆင့် ပျံသန်း သားရဲ တစ်ကောင်အလား အလွန်တရာ မြန်ဆန်သော အရှိန်အဟုန်ဖြင့် ဦးတည် ပျံသန်းသွားတော့၏။
ထိုက်ရွှီ ၏ ကျောပေါ်တွင် မတ်တတ်ရပ်လျက်၊ ဝဖြိုးနေသော ထိုက်ရွှီ ကို ငုံ့ကြည့်နေသော ကျန်းမန် ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်ရိပ်များ တောက်ပနေခဲ့သည်။ အစပိုင်းတွင်တော့၊ သူမသည် ထိုက်ရွှီ ၏ မိစ္ဆာသားရဲ အရှိန်အဝါကြောင့် အမှန်တကယ်ပင် ကြောက်လန့်သွားခဲ့ရသည်မှာ အမှန်ပင်။
သို့သော် ယခုအခါ ထိုက်ရွှီ သည် စုယွီ ၏ သားရဲ ဖြစ်ကြောင်းကို သိရှိသွားပြီ ဖြစ်သကဲ့သို့၊ စုယွီ ၏ အကာအကွယ်အောက်တွင် ရှိနေသဖြင့် သူမ သိပ်ပြီး မကြောက်ရွံ့တော့ချေ။
သူမသည် ထိုက်ရွှီ ၏ ကျောပေါ်တွင် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး၊ ၎င်း၏ မျက်စိကျိန်းမတတ် လှပသော အမွေးအမှင်များကို ပွတ်သပ်ရင်း အံ့သြတကြီးဖြင့် မေးလိုက်သည်။
“ဆရာ ဦးလေး စုယွီ... ဆရာ ဦးလေးရဲ့ သားရဲက ဘာအမျိုးအစားကြီးလဲဟင်... ကြည့်ရတာ ကြမ်းတမ်းပေမဲ့... အနီးကပ် သေချာ ကြည့်လိုက်တော့လည်း ချစ်စရာလေးပဲနော်”
“သူက ရှားပါးတဲ့ မိစ္ဆာသားရဲ ကြီး ဘာကြီး မဟုတ်ပါဘူးကွာ... အသွင်ပြောင်းထားတဲ့ ကြက် သတ္တဝါလေး သက်သက်ပါ။ ငါ သူ့ကို မွေးထားတာ အနှစ် (၂၀)၊ (၃၀) လောက်ပဲ ရှိသေးတာ... အဲဒါကို ဒီလောက်တောင် ဝလာတာလေ”
ထိုအခါ၊ ကျန်းမန် သည် လုံးဝ မယုံကြည်နိုင်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။
“ကြက် သတ္တဝါ ဟုတ်လား... ကြက် သတ္တဝါ တစ်ကောင်က ဒီလောက်တောင် စွမ်းနိုင်လို့လား။ သူ့ရဲ့ သွေးမျိုးဆက် အရှိန်အဝါက... ကျွန်မ ဆရာ ရဲ့ စီးတော်ယာဉ် ထက်တောင် ပိုပြီး အားကောင်းနေသေးတယ်လို့ ခံစားရတယ်”
ထိုစကားကို ကြားသောအခါ စုယွီ က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ကုလန်... အဲ... စီနီယာ အစ်မကြီး ကုလန် ရဲ့ စီးတော်ယာဉ် က ဘာအကောင်လဲဟင်”
“ရွှေရောင် ကြောင်ကြီး တစ်ကောင်ပါ... အတောင်ပံ ပါတဲ့ ကြောင်လေ။ သူ့ကို ရွှေရောင် ဗုဒ္ဓ မိစ္ဆာကြောင် လို့ ခေါ်တယ်။ တတိယအဆင့် အဆင့်မြင့် မိစ္ဆာကောင် ကြီးပေါ့”
သူတို့ နှစ်ဦး စကားစမြည် ပြောဆိုနေကြစဉ်မှာပင်၊ ထိုက်ရွှီ ၏ ကျောပေါ်တွင် လိုက်ပါလျက် လယွဲ့ တောင်ထွတ် ဆီသို့ လျင်မြန်စွာ ခရီးဆက်နေခဲ့ကြသည်။ သို့သော်လည်း ဂိုဏ်းအတွင်းရှိ တောင်ထွတ် များစွာ ပေါ်တွင်မူ၊ လူအများအပြားသည် ထိုက်ရွှီ ၏ အော်ဟစ်သံကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့ကြရ၏။ သူတို့၏ စီးတော်ယာဉ် သားရဲ များဖြင့် ခရီးသွားနေကြသော တပည့် အချို့ဆိုလျှင် ကြောက်လန့်တကြားဖြင့် ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ကြရသဖြင့်၊ မကျေမနပ် ညည်းညူသံများ အများအပြား ထွက်ပေါ်လာခဲ့တော့၏။
“အဲဒီ အသံက...”
“ဒီလောက် အားကောင်းတဲ့ မိစ္ဆာသားရဲ သွေးမျိုးဆက် အရှိန်အဝါကြီး... ဘယ်အကောင် ဆီကများလဲဟ”
“ဟင်... ငါ့ စီးတော်ယာဉ် တောင် လန့်နေပါလား”
“အဲဒါ ဘယ်သူ့ရဲ့ သားရဲလဲဟ”
ပင်မ တောင်ထွတ် ကြီးများ ပေါ်တွင်တော့၊ တပည့် များနှင့် အကြီးအကဲ များ အားလုံးသည် အံ့အားသင့် မှင်သက်နေခဲ့ကြသည်။ အချို့ဆိုလျှင် ထိုက်ရွှီ အား လိုက်လံ ခြေရာခံရန် သူတို့၏ နတ်ဘုရား အာရုံ များကိုပင် ဖြန့်ကြက် အသုံးပြုလိုက်ကြ၏။ ထိုအခါ၊ လယွဲ့ တောင်ထွတ် ဆီသို့ ဦးတည် သွားနေသော စုယွီ၊ ကျန်းမန် နှင့် ထိုက်ရွှီ ၏ အရိပ်သဏ္ဌာန် ကို လှမ်းမြင်လိုက်ကြရသည်။
ထိုက်ရွှီ ၏ အရှိန်အဝါကို နောက်တစ်ကြိမ် အာရုံခံမိလိုက်ကြသော အခါတွင်တော့၊ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အများအပြားပင် အကြီးအကျယ် တုန်လှုပ် အံ့အားသင့်သွားခဲ့ကြတော့၏။
လယွဲ့ တောင်ထွတ်။
စုယွီ သည် ကျန်းမန် နှင့်အတူ ထိုက်ရွှီ ၏ ကျောပေါ်မှ ဆင်းသက်လိုက်သည်။ လယွဲ့ တောင်ထွတ် တွင် လူနေထူထပ်မှု သိပ်မရှိဘဲ၊ လူဦးရေ တစ်ရာပင် မပြည့်ချေ။ မူလဝိညာဉ် အဆင့် သို့ ရောက်ရှိနေသော အရှင်သခင်ကြီး ကုလန် မှလွဲ၍၊ ထိုနေရာတွင် သူမ၏ ဆရာ ဖြစ်သကဲ့သို့ တာအိုဆရာမ ချင်းချွမ် ၏ ဆရာလည်း ဖြစ်သော၊ လယွဲ့ တောင်ထွတ် ၏ တောင်ထွတ် သခင် ဖြစ်သည့် အရှင်သခင်ကြီး လယွဲ့ လည်း ရှိနေပေသေးသည်။
စုယွီ နှင့် ကျန်းမန် တို့သည် တောင်ခါးပန်း တစ်ဝိုက်ရှိ အဆောက်အအုံများ ဆီသို့ ဆင်းသက်လာသောအခါ၊ တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ၊ တာအိုဆရာ ရှုဟိုင် နှင့် ခုံးယွင် တို့ အားလုံးသည် သူတို့ကို လာရောက် ကြိုဆိုနှုတ်ဆက်ကြ၏။
ပထမဆုံး အကြိမ်အဖြစ် အပြင်သို့ ထွက်ပေါ်လာသော သားရဲ ထိုက်ရွှီ ကို မြင်တွေ့လိုက်ရသောအခါ၊ တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ နှင့် အခြားသူများ၏ မျက်ဝန်းများထဲတွင် အလွန်အမင်း အံ့အားသင့် မှင်သက်မှုများက အထင်းသား ပေါ်လွင်နေခဲ့သည်။
“အစ်ကိုတော် စု ရဲ့ သားရဲက... တကယ်ကို အံ့မခန်း သွေးမျိုးဆက် ပါရမီ ပါပါလား”
တာအိုဆရာမ ချင်းချွမ် သည် ထိုက်ရွှီ ကို စိုက်ကြည့်ရင်း၊ သူမ၏ ရင်ထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤ သားရဲ ၏ အရှိန်အဝါသည် ဖီးနစ် တောင်ကြား ၏ အပျက်အစီး နယ်မြေ တွင် ကျန်ရစ်ခဲ့သော ဖီးနစ် ၏ အရှိန်အဝါနှင့် အလွန် တူညီနေခဲ့သည် မဟုတ်ပါလော။
'ဒါ... ဒါက ကောင်းကင်ဖီးနစ် ရဲ့ သွေးမျိုးဆက် ပါနေတဲ့ သားရဲ တစ်ကောင်များလား။ အဲဒါက ရှေးဟောင်း ကောင်းကင်ဖီးနစ် ကြီးလေ။ တကယ်ကြီးလား။'
စုယွီ သည် တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ၊ တာအိုဆရာ ရှုဟိုင် နှင့် ခုံးယွင် တို့အား အရိုအသေပေး နှုတ်ဆက်လိုက်ပြီး ပြန်လည် ဖြေကြားလိုက်၏။
“အစ်မ ချင်းချွမ် ကလည်း မြှောက်လွန်းပါပြီဗျာ။ အစ်မက ကျွန်တော့်ထက် ဂိုဏ်းကို အရင် ဝင်ခဲ့တာလေ... ပြီးတော့ အစ်မရဲ့ ကျင့်ကြံခြင်း ကလည်း ရွှေအမြုတေ အဆင့် နှောင်းပိုင်း ကိုတောင် ရောက်နေပြီ။ ကျွန်တော့်ကို အစ်ကိုတော် လို့ ခေါ်ဖို့ မလိုပါဘူး ခင်ဗျာ”
ထိုအခါ၊ တာအိုဆရာမ ချင်းချွမ် သည် သူမ၏ အကြည့်များကို ထိုက်ရွှီ ထံမှနေ၍ ရွှေ့ဖယ်လိုက်ပြီး စုယွီ အား ပြန်ပြောလိုက်သည်။
“အဲဒါတွေက အဓိက မကျပါဘူး... ဘယ်လိုပဲ ဖြစ်ဖြစ် ရှင်က ကျွန်မထက် အသက်ပိုကြီးတာပဲလေ... ညီမလေး လို့ပဲ ခေါ်ခံချင်ပါတယ်ရှင်”
စုယွီ သည် ခပ်ပြုံးပြုံးဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ ဘေးဘက်တွင်မူ ထိုက်ရွှီ သည် မာန်ပါပါ ရပ်နေပြီး၊ တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ နှင့် အခြားသူများကို မျက်လုံးထောင့်မှနေ၍ ခပ်တည်တည်ဖြင့် အကဲခတ်နေခဲ့သည်။ သူတို့ အားလုံးသည် ၎င်း၏ မျက်စိကျိန်းမတတ် လှပသော ရုပ်ဆင်းသွင်ပြင်ကြောင့် မှင်သက်နေကြကြောင်းကို သတိပြုမိသွားသောအခါ၊ ၎င်းသည် ခေါင်းကို မောက်မာစွာ မော့ချီလိုက်ပြီး ကောင်းကင်ယံသို့ (၄၅) ဒီဂရီ ထောင့်ချိုး အနေအထားဖြင့် မော့ကြည့်ကာ၊ ထောင်လွှားသော အမူအရာကို အစွမ်းကုန် ပြသနေတော့၏။
'ဟဲဟဲ... ကြည့်ကြစမ်း... ငါ့ရဲ့ အလှတရားမှာ အကုန်လုံး မျက်လုံး ပြူးကုန်ပြီမလား။ ငါက တကယ့် ဖီးနစ် ကွ... ရိုးရိုး ကြက် မဟုတ်ဘူး။ မှတ်ထားကြ။’