အခန်း (၃၂၄၁-၃၂၄၅)
Vol. 142 Ch. 3241-3245
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၄၁)
ဘာသာပြန်သူ_တိမ်တိုက်
သွားနေရင်းမှ ရန်ကိုင်သည် ဝမ်ကျိရှန်း၏ သူမသိရသေးသော ဘက်တစ်ခြမ်းကို သိခဲ့ရသည်။ ဝမ်ကျိရှန်းမှာ အလွန်ကိုမှ စကားများသည့်လူတစ်ဦး ဖြစ်ပေသည်။ လမ်းတစ်လျှောက်လုံး မရပ်မနားကို စကားပြောခဲ့သည်။ ဝမ်ကျိရှန်းမှာ အတော်လေးကိုမှ အားကိုးမရသည့်လူတစ်ဦးဖြစ်သည်ဟု ရန်ကိုင် ထင်ခဲ့ပါသော်ငြား တစ်ဦးနှင့်တစ်ဦး ဤမျှ မဆက်ဆံဖူးသည့်အတွက်ကြောင့် ဝမ်ကျိရှန်း၏ ဤပုံစံအကြောင်းကို မသိခဲ့ရပေ။ ယခုမှသာလျှင် ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရတော့သည်။
ပထမဦးစွာအနေဖြင့် ဝမ်ကျိရှန်းမှာ ကောင်းရွှယ်ထင်းနှင့် သွားစကားပြောရန် ကြိုးစားခဲ့သည်။ သို့သော်ငြား ကောင်းရွှယ်ထင်းမှ အေးစက်စက်အမူအယာဖြင့် တုံ့ပြန်နေသည့်နောက်တွင်တော့ ဝမ်ကျိရှန်းမှာ သူ့အရှိန်ကိုတင်၍ ရန်ကိုင်တို့အဖွဲ့နှင့် လာရောက်ရောနှောတော့လေသည်။ သူ၏ ယခင်အတိတ်နှင့် လက်ရှိပစ္စုပ္ပန်အကြောင်းအရာများကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောပြနေလေသည်။ လော့ချန်နှင့် ရှောင်ပိုင်ယီတို့မှာတော့ ဝမ်ကျိရှန်းမှာ ကျောင်းသခင်ဖြစ်သည်ဟူသောအချက်ကို ထောက်ထား၍ တလေးတစားဖြင့် စကားနည်းနည်းပါးပါး ပြန်ပြောခဲ့သည်။ သို့သော်ငြား တစ်ခဏအကြာ၌ ဘာမျှပြန်ပြောမနေတော့ဘဲ မျက်လုံးပိတ်ကာ တင်ပလင်ခွေထိုင်၍ အနားယူတော့လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်နှင့် မုရုန်ရှောင်ရှောင်တို့မှာ ဝမ်ကျိရှန်းစကားများသည့်ဒဏ်ကို ခါးဆီးခံရတော့လေသည်။
ကံကောင်းစွာဖြင့် ဝမ်ကျိရှန်းမှာ ရန်ကိုင်တို့နှစ်ဦးအား ကြာကြာမနှောင့်ယှက်ခဲ့။ နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် သူ့အရှိန်ကိုနှေးချ၍ တာအိုသခင်အဆင့်ပညာရှင်များနှင့် သွားရောက်ရောနှောလေသည်။ ထိုအခါမှသာလျှင် မုရုန်ရှောင်ရှောင်လည်း ကောင်းကောင်းအသက်ရှူနိုင်တော့လေသည်။
ထိုအချိန်အတောအတွင်း တပည့်များမှာတော့ ဝမ်ကျိရှန်းအပေါ် အတော်လေးကိုမှ လေးစားကာ ယဉ်ကျေးကြပေသည်။ ဝမ်ကျိရှန်းသည် ကျောင်းသခင်တစ်ဦးပင် ဖြစ်လင့်ကစား အလွန်ကိုမှ ပြောရဆိုရ ပေါင်းသင်းရ လွယ်ကူလှသည်။ အထူးသဖြင့် ဝမ်ကျိရှန်း၏ ပုခုံးပုတ်ကာ ချီးကျူးခံခဲ့ရသည့် တပည့်များပင် ဖြစ်လေသည်။ ဝမ်ကျိရှန်းသည် ထိုတပည့်များကို ပုခုံးပုတ်ကာ ဤကဲ့သို့ပြောခဲ့သည်။ “မင်းတို့က ကျောင်းတော်ရဲ့ အနာဂတ်တွေပဲ… ကျောင်းတော် တိုးတက်မလား ဆုတ်ယုတ်မလားဆိုတာ မင်းတို့အပေါ်မှာ မူတည်နေတာ…” အကုန်လုံးမှာတော့ ဝမ်ကျိရှန်း၏စကားကြောင့် အလွန်ကိုမှ ရင်ထဲ ခံစားသွားရသည့်ပုံမျိုး ပေါက်နေခဲ့လေသည်။
ရန်ကိုင်သည် ဝမ်ကျိရှန်းအား မကြာမကြာ လှမ်းကြည့်ရင်းမှ တွေးနေခဲ့သည်။ (နန်းတော်သခင်ဖြစ်တဲ့ငါက တော်တော်လေးအားမကိုးရတာ… ဒါပေမယ့် ဝမ်ကျိရှန်းနဲ့ယှဉ်လိုက်ရင်တော့ ငါက နည်းနည်းပါးပါး ပိုအားကိုးရသလိုပဲ…)
ရန်ကိုင်တို့အဖွဲ့သည် တစ်ချက်ကလေးမှပင် မနားခဲ့ဘဲ မြို့ပေါင်းများစွာကို ဖြတ်ကျော်၍ ဟင်းလင်းပြင်အစီအရင်အချို့ကို သုံးကာ လျင်မြန်စွာ ခရီးဆက်ခဲ့ကြသည်။ ညနေစောင်းသို့ ရောက်လာသည့်အခါတွင် ရှေးဟောင်းကျောင်းတော်ဆီသို့ ရောက်လာခဲ့လေသည်။ စဉ်ဆက်မပြတ် သွယ်တန်းနေသော တောင်စဉ်တောင်တန်းကြီးမှာ နဂါးတစ်ကောင် လှဲလျောင်းနေသည့်ပမာ ထင်မှတ်ရလေသည်။
ရှေးဟောင်းကျောင်းတော်သည် တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်အလျောက် ဤကဲ့သို့သော ကောင်းမွန်းလှသည့် ကျင့်ကြံရေးပတ်ဝန်းကျင်မျိုးအား ပိုင်ဆိုင်ထားသည်မှာ သဘာဝသာ ဖြစ်လေသည်။ ဤနေရာရှိ ကျင့်ကြံရေးပတ်ဝန်းကျင်မှာ နေမင်းပြာကျောင်းတော်အောက် နိမ့်ကျခြင်းမရှိ။ ထို့အပြင် အတော်လေးကိုမှလည်း လှပလှပေသည်။ လှမ်း၍ မျှော်ကြည့်လိုက်မည်ဆိုပါက တိမ်စိုင်တိမ်တိုက်များ၊ မြူခိုးများဖြင့် ရစ်သိုင်းနေသော တောင်စဉ်တောင်တန်းများကို နေရာအနှံ့ မြင်တွေ့ရပေလိမ့်မည်။ ထို့အပြင် နေဝင်ချိန်ဖြစ်သည့်အတွက်ကြောင့် ရောင်နီတို့ ပတ်ဖြန်းနေခဲ့လေရာ တောင်တန်းရှည်ကြီးမှာ ရွှေရောင်တလက်လက် တောက်နေခဲ့လေသည်။
လက်ရှိအချိန်တွင်တော့ ရှေးဟောင်းကျောင်းတော်၏ အဓိကဂိတ်ပေါက်ရှေ့ဝတွင် လူပေါင်းများစွာ စုဝေးနေကြလေသည်။ လက်ရှိအချိန်မှာ သိုင်းပညာရှင်စုဝေးပွဲသို့ နီးကပ်နေပြီ ဖြစ်သည့်အတွက်ကြောင့် လူပေါင်းများစွာ ဤနေရာသို့ ရောက်ရှိလာကြသည်မှာ အဆန်းတော့မဟုတ်ပေ။ တကယ်တော့ သိုင်းပညာရှင်စုဝေးပွဲသည် တောင်ဘက်နယ်မြေတစ်ခုလုံး၏ ကြီးကျယ်ခမ်းနားသည့် ပွဲတစ်ပွဲပင် မဟုတ်လေလော။
သိုင်းပြိုင်ပွဲတွင် ရရှိလာမည့် မြောက်မြားလှစွာသော ဆုလာဘ်များကို ထည့်မတွက်လျှင်ပင် သူတို့သည်သာ ပြိုင်ပွဲအတွင်း ထူးချွန်လှသည့် စွမ်းဆောင်ရည်မျိုးကို ထုတ်ပြနိုင်မည်ဆိုပါက သက်ဆိုင်ရာအကြီးအကဲများ၏ အာရုံစိုက်မှုကို ရရှိလာနိုင်ပေလိမ့်မည်။ ထို့အပြင် မိမိအတွက် ကိုယ်ပိုင်လမ်းကြောင်းတစ်ခု ဖန်တီးချင်နေသော အားမကောင်းလှသည့် နောက်ခံများဖြင့် ကျင့်ကြံသူပေါင်းများစွာလည်း ရှိနေကြပေသေးသည်။ ထိုကျင့်ကြံသူများအဖို့ အဖွဲ့လိုက်ပြိုင်ပွဲများထဲ ဝင်မပါနိုင်ပါသော်ငြား တစ်ဦးချင်းပြိုင်ပွဲများတွင်သာ ထူးထူးချွန်ချွန် စွမ်းဆောင်ပြနိုင်မည်ဆိုလျှင် အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်း သို့မဟုတ် အင်အားစုတစ်ခုထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပေလိမ့်မည်။
အဓိကဂိုဏ်းကြီးများမှာတော့ အဆင့်နှင့် ဂုဏ်သတင်းအတွက် ပြိုင်ဆိုင်နေကြခြင်း ဖြစ်လေသည်။ ဆုလာဘ်များမှာ ဒုတိယသာ ဖြစ်လေသည်။ ထိုအချိန်အတောအတွင်း ပြိုင်ပွဲအတွင်း ပေးအပ်လာမည့် ဆုလာဘ်များသည် ဂိုဏ်းငယ်လေးများ ကလန်များအတွက်မူ အလွန်ကိုမှ များပြားလှသည့် ကျင့်ကြံရေးအရင်းအမြစ်များ ဖြစ်နေခဲ့လေသည်။ ထိုသို့ဖြစ်လေရာ မည်သူကများ ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွတ်ခံချင်ကြပါမည်နည်း။ ထိုအကြောင်းကြောင့် သိုင်းပညာရှင်စုဝေးပွဲတစ်ခုချင်းစီတိုင်းသည် အလွန်ကိုမှ နာမည်ကျော်ကြားလှကာ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ကြသည့် လူအရေအတွက်မှာလည်း မနည်းလှပေ။
မနက်ဖြန်သည် သိုင်းပညာရပ်စုဝေးပွဲ တရားဝင်ကျင်းပမည့်နေ့ ဖြစ်သည့်အတွက်ကြောင့် နေမင်းပြာကျောင်းတော်မှာ အချိန်ကိုက်လေးရောက်လာသည်ဟု ပြော၍ရပေသည်။ မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်လေရာ နေမင်းပြာကျောင်းတော်အနေဖြင့် ယခုကဲ့သို့ နောက်ကျပြီးမှ ရောက်လာသည်မှာလည်း အဆန်းတော့မဟုတ်ပေ။ ဤကဲ့သို့လုပ်ခြင်းသည် သူတို့၏ဟိတ်ဟန်အမူအယာကို ထုတ်ပြနေသည့် ပုံစံမျိုးပင် ဖြစ်နေသည်မဟုတ်ပေလော။ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည့်အလျောက် ဤကဲ့သို့လုပ်ဖို့ရာလည်း လိုအပ်ပေသည်။ ဝမ်ကျိရှန်းမှာ ပုံမှန်အားဖြင့် အားမကိုးရလျှင်ပင် ဤကဲ့သို့သော အရေးကြီးကိစ္စရပ်များအကြောင်းကိုတော့ နားလည်နေပေသေးသည်။
လက်ရှိအချိန်တွင် ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ အသက်ဝင်နေခြင်း မရှိပေ။ လူပေါင်းများစွာမှာလည်း ဧည့်သည်များကိုကြိုဆိုရန်အတွက် အပြင်ဘက်တွင် ရပ်စောင့်နေကြလေသည်။
နေမင်းပြာကျောင်းတော်အဖွဲ့ ရောက်လာသည်နှင့်တစ်ပြိုင်နက် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦးနှင့် လူငယ်လေးတစ်ဦးတို့ သူတို့အား လာရောက်နှုတ်ဆက်ကြလေသည်။ နှစ်ဦးစလုံးမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပြီး အကြီးအကဲကမူ ဒုတိယအဆင့်ဖြစ်ကာ လူငယ်လေးကမူ ပထမအဆင့်ဖြစ်ပေသည်။
“မင်္ဂလာပါ ကျောင်းသခင်ဝမ်… ကျောင်းသခင်ဝမ်တို့ရောက်လာတာ ကျုပ်တို့ရှေးဟောင်းကျောင်းတော်အတွက်တော့ ဂုဏ်ယူစရာပဲ… ဧည့်ဝတ်မကျေတာလေးတွေ ဖြစ်သွားခဲ့လို့ရှိရင် ခွင့်လွှတ်ပေးပါနော် ကျောင်းသခင်ဝမ်…” အကြီးအကဲက ရှေ့တက်၍ ပြုံးကာ နှုတ်ဆက်လိုက်လေသည်။
ဝမ်ကျိရှန်းကမူ ကျောင်းသခင်တစ်ဦး၏ ပုံစံဟိတ်ဟန်အတိုင်း ယဲ့ယဲ့လေးပြုံးကာ ပြန်၍နှုတ်ဆက်လိုက်လေသည်။ “အကြီးအကဲဖုန်း ယဉ်ကျေးလွန်းနေပါပြီ… အကြီးအကဲဖုန်း ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ဒီကိုရောက်နေတာလား…”
ထိုအကြီးအကဲမှာ ရှေးဟောင်းကျောင်းတော်၏ အကြီးအကဲတစ်ဦးဖြစ်သော ဖုန်းမင်မှလွဲ၍ အခြားမဟုတ်ပေ။ ရန်ကိုင်သည် ဖုန်းမင်အား တစ်ကြိမ်မက မြင်ခဲ့ဖူးသည့်အတွက်ကြောင့် သူတို့နှစ်ဦးမှာ သူစိမ်းများမဟုတ်ကြတော့။ ထို့အပြင် ဖုန်းမင်သည် ကောင်းရွှယ်ထင်းနှင့်အတူ တစ်ကြိမ်မက ပူးပေါင်းကာ အလုပ်လုပ်ခဲ့ဖူးပေသည်။ ဥပမာပြောရသော် ဥတုလေးမျိုးနယ်မြေအဖြစ်အပျက်၊ မေပယ်မြို့၌ နတ်ဆိုးချီများ ပေါက်ကွဲထွက်လာသည့် အဖြစ်အပျက်နှင့် နတ်ဆိုးဝိဉာဉ်များ ပြန်လည်ရှင်သန်လာသည့် ကိစ္စရပ်တို့တွင် ကောင်းရွှယ်ထင်းနှင့်အတူပူးပေါင်းကာ အလုပ်လုပ်ခဲ့ဖူးကြသည်။ သို့သော်ငြား သူနှင့်ရန်ကိုင်မှာ မျိုးဆက်တစ်ခုတည်းမှ မဟုတ်သည့်အတွက်ကြောင့် တစ်ဦးနှင့်တစ်ဦး သိပ်၍ စကားပြောလေ့မရှိကြပေ။ သို့ပင်ဖြစ်လင့်ကစား ဖုန်းမင်ဘေးနားတွင်ရှိနေသည့် လူငယ်လေးနှင့်မူ ရန်ကိုင်မှာ အတော်လေးကိုမှ ရင်းနှီးလှပေသည်။
လူငယ်လေးသည်လည်း ရန်ကိုင်အား သတိထားမိသွားခဲ့ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ “ရောင်းရင်းရန် မင်းလည်းရောက်လာတာလား…”
ရန်ကိုင်က ပြန်၍နှုတ်ဆက်လိုက်လေသည်။ “ရောင်းရင်းကျွမ်း…”
ထိုလူငယ်လေးသည် ရှေးဟောင်းကျောင်းတော်၏ တက်သစ်စကြယ်ပွင့်ဖြစ်သော ကျွမ်းပုဖန်းမှလွဲ၍ အခြားမဟုတ်ပေ။ ကျွမ်းပုဖန်းသည် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ခဲ့ဖူးသလို ကြယ်ပျက်ပင်လယ်ထဲသို့လည်း ဝင်ခဲ့ဖူးပေသည်။ သူသည် ရန်ကိုင်၊ ရှောင်ပိုင်ယီ၊ မုရုန်ရှောင်ရှောင်တို့နှင့် မျိုးဆက်တစ်ခုတည်းမှ ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် သူစိမ်းများမဟုတ်ကြကာ ယခု အချင်းချင်းပြန်တွေ့လိုက်ကြသော် စကားစမြည် ပြောကြတော့လေ၏။
ထိုသို့ဖြင့် လော့ချန်မှာ ဘေးသို့တွန်းဖယ်ခံလိုက်ရပြီး အမေ့လျော့ခံဘဝသို့ ရောက်သွားခဲ့ရသည်။ ကံမကောင်းစွာဖြင့် မူလတည်းက အေးစက်စက် မျက်နှာထားမျိုးနှင့် စိတ်နေစရိုက်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ယခုကဲ့သို့အခြေအနေမျိုးနှင့်ပတ်သက်၍ ဂရုစိုက်နေခြင်းမရှိဘဲ သူ့ဘာသာသူတစ်ဦးတည်း စကားမပြောဘဲ ရပ်နေခဲ့လေသည်။
အချင်းချင်း စကားပြောနေစဉ်မှာပင် ရုတ်တရက် လေခွင်းသံများကို ကြားလိုက်ရလေသည်။ အကုန်လုံးမှာ အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ဧရာမဓါးရှည်ကြီးတစ်စင်း သူတို့ရှိနေသည့်အရပ်ဆီသို့ အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် ပျံသန်းလာနေကြောင်းကို တွေ့လိုက်ရလေသည်။ ဓါးရှည်ကြီးဆီမှ ထွက်ပေါ်လာနေသည့် ဓါးစိတ်ဆန္ဒမှာ သူတို့ကြား အကွာအဝေးလှမ်းနေသည့်တိုင် သူတို့အားလုံးအား ဒဏ်ရာရသွားအောင် လုပ်နိုင်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့လေရာ မည်သူမျှ ထိုအရာမျိုးကို အထင်မသေးရဲကြပေ။
ဖုန်းမင်က ပြုံး၍ “တော်ဝင်သခင်ပါ ရောက်လာပြီပဲ…”
ဝမ်ကျိရှန်းက အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုအချိန်ကိုက်ရောက်လာရမလဲဆိုတာကို တကယ်သိတဲ့ကောင်ပဲကွ…”
ယခုကဲ့သို့ စောရောက်လာရသည့်အပေါ် သူ့ဘက်မှ အနည်းငယ် ရှုံးနိမ့်သွားသလို ဝမ်ကျိရှန်းစိတ်ထဲ ခံစားလိုက်ရလေသည်။
သိုင်းပညာရှင်စုဝေးပွဲဆီသို့ ကြယ်ဝိဉာဉ်နန်းတော်မှ ကိုယ်စားလှယ်များကို စေလွှတ်မည်ဖြစ်မှန်း ကြိုသိထားကြသည့်အတွက်ကြောင့် ဝမ်ကျိရှန်းသည်ပင်လျှင် တလေးတစားဖြင့် အဖွဲ့သားများကို ဦးဆောင်၍ ရောက်လာခဲ့လေသည်။ ထိုသို့ဖြစ်လေရာ မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ကောင်းကင်တိုက်ပွဲဒိုဂျိုသည်လည်း ဝမ်ကျိရှန်းနည်းတူ သူတို့၏တော်ဝင်သခင် မာချင်းကိုယ်တိုင် ဦးဆောင်၍ ရောက်ရှိလာသည်မှာ အဆန်းတော့မဟုတ်ပေ။
အသိအကျွမ်းများ ဖြစ်ကြသည့်အလျောက် ဓါးကိုမြင်သည်နှင့်တစ်ပြိုင်နက် ထိုဓါးပေါ်တွင် ရှိနေသည့်လူများမှာ မာချင်းတို့အဖွဲ့မှန်း ဝမ်ကျိရှန်း တန်းသိလိုက်လေသည်။ ဓါးအလင်းတန်းသည် ခပ်လှမ်းလှမ်းတွင် ပျောက်ကွယ်သွားခဲ့ပြီး မကြာမီ လူပေါင်းများစွာ ပေါ်လာခဲ့လေသည်။ ထိုလူပေါင်းများစွာကို ဦးဆောင်လာသည့်လူမှာတော့ မျက်နှာနီကျင့်ကျင့်နှင့် ဆံဖြူလူအိုကြီးဖြစ်ပေသည်။
(သူက မာချင်းလား…) ရန်ကိုင်သည် ထိုလူအိုကြီးအား သေသေချာချာကို ကြည့်မိလိုက်သည်။ ယခုမှသာလျှင် ရန်ကိုင်မှာ ကောင်းကင်တိုက်ပွဲဒိုဂျို၏ တော်ဝင်သခင်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည့်အလျောက် တော်ဝင်သခင်ဆိုသည့်လူမှာ လူအိုကြီးတစ်ဦးဖြစ်နေသည့်အပေါ် အနည်းငယ်တော့ အံ့အားသင့်နေမိသည်။ ထိုတော်ဝင်သခင်နှင့် ယှဉ်လိုက်သော် ဝမ်ကျိရှန်းမှာ ကြည့်ရရှုရ ပို၍အဆင်ပြေလှသည်ဟု ပြော၍ရသည်။
ဖုန်းမင်သည် တောင်းတောင်းပန်ပန်ပြောလျက် မာချင်းအား နှုတ်ဆက်ရန် ထွက်သွားခဲ့လေသည်။
မာချင်းတို့အဖွဲ့သားများသည်လည်း လက်သီးဆုပ်၍ အပြန်အလှန် နှုတ်ဆက်ကြလေ၏။ ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ရောက်လာသည့် လူအရေအတွက်မှာ နေမင်းပြာကျောင်းတော်နှင့် အတူတူလောက်သာ ရှိပေသည်။ ကောင်းကင်တိုက်ပွဲဒိုဂျိုမှ အဖွဲ့သားများကို ဧကရာဇ်အဆင့်ပညာရှင်လေးဦးမှ ဦးဆောင်လာခဲ့ပြီး ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးစီသည် ကျင့်ကြံခြင်းမတူကွဲပြားသည့် တပည့်အဖွဲ့တစ်ခုချင်းစီကို ဦးဆောင်လာခဲ့လေသည်။
“ရောင်းရင်းဝမ်…” မာချင်းသည် လက်တစ်ဖက်ဖြင့် မုတ်ဆိတ်မွေးကိုပွတ်၍ ကျန်လက်တစ်ဖက်ကို နောက်ပစ်ထားရင်းမှ ဝမ်ကျိရှန်းအား လှမ်းကာ နှုတ်ဆက်လိုက်လေသည်။
ဝမ်ကျိရှန်းက ပြန်၍ပြောလိုက်လေသည်။ “ရောင်းရင်းမာ… မင်းက အမြဲတမ်း အချိန်ကိုက်ချည်းပါပဲလား…” ကြည့်ရသလောက် နောက်ကျ၍ရောက်လာသည့် မာချင်းအား စနောက်နေသည့်ပုံပင်။
မာချင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ငါ့တပည့်တွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြဿနာရှိသွားတယ်လေ… ဒါကြောင့် နည်းနည်း နှောင့်နှေးသွားတာ…”
ဝမ်ကျိရှန်းက ရယ်မောလျက် “တပည့်တွေနဲ့ ပတ်သက်ပြီး ပြဿနာရှိမယ်မှန်းသိရင် စောစောထွက်လာခဲ့လိုက်ပါလား… အခုတော့ မင်း ရောင်းရင်းလဲ့ကို စောင့်ရအောင် လုပ်မိသွားပြီ…”
“မင်းလည်း အခုလေးတင်မှ ရောက်လာတာမဟုတ်ဘူးလား ရောင်းရင်းဝမ်…”
“ဟမ့်…” ဝမ်ကျိရှန်းက လှောင်ပြုံးပြုံးလျက် “ငါရောက်တာကြာနေပြီ… အကြီးအကဲဖုန်းနဲ့ ရပ်စကားပြောနေလို့…”
ခေါင်းဆောင်မာနှင့် ခေါင်းဆောင်ဝမ်တို့ကိုကြည့်ရသလောက် သူတို့နှစ်ဦးကြား ရန်ငြိုးရန်စများ ရှိကြသည့်ပုံပင်။ တွေ့သည်နှင့် စတင်၍ ရန်စကားပြောနေကြတော့သည်။ ကျောင်းသခင်နှင့် တော်ဝင်သခင်သည်သာ ထိုကဲ့သို့ဖြစ်နေခြင်းမဟုတ်။ သူတို့၏လက်အောက်တွင် ရှိနေသော တပည့်အသီးသီးမှာလည်း မင်းဘာကောင် ငါကောင်လဲ ဟူသော မျက်နှာထားများဖြင့် တစ်ဦးကိုတစ်ဦး ရန်ဆောင်နေကြလေသည်။
ထိုမြင်ကွင်းကြောင့် ရန်ကိုင် အံ့ဩတကြီးဖြစ်သွားခဲ့သည်။ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ ဧည့်အကြီးအကဲတစ်ဦးပင် ဖြစ်လင့်ကစား နေမင်းပြာကျောင်းတော်အကြောင်း သိပ်မသိပေ။ ထိုအကြောင်းကြောင့် တွေ့သည်နှင့် ဤကဲ့သို့ပုံစံမျိုး ဖြစ်သွားရလောက်အောင် နေမင်းပြာကျောင်းတော်နှင့် ကောင်းကင်တိုက်ပွဲဒိုဂျိုကြား မည်ကဲ့သို့သော ရန်ငြိုးရန်စများ ရှိသလဲဆိုသည်ကို ရန်ကိုင်မသိပေ။
ရန်ကိုင်မှ လှမ်း၍ကြည့်လိုက်ရာ မုရုန်ရှောင်ရှောင်နှင့် အခြားသောသူများသည်လည်း ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ဧကရာဇ်အဆင့်ပညာရှင်များကို စူးရဲစွာ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
(ဘာကြီးလဲဟ…) ရန်ကိုင် လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။
ထိုစဉ် ကောင်းကင်တိုက်ပွဲဒိုဂျိုဘက်မှ လူငယ်လေးတစ်ဦး ရှေ့သို့ ထွက်လာခဲ့လေသည်။ ထိုလူငယ်လေး၏အကြည့်မှာ အလွန်ကိုမှ စူးရှကာ အေးစက်လှသည်။ မသိလျှင် ထိုလူငယ်လေးကိုယ်တိုင်သည် အချိန်မရွေး ခုန်အုပ်တော့မည့် သားရဲကြီးတစ်ကောင်အလား သူ့မျက်လုံးများမှာ စူးရှရှ အေးစက်စက်ဖြစ်နေခြင်းသာမဟုတ် သူ၏ ဘယ်ဘက်မှာ အနီရောင်ဖြစ်နေပြီး ညာဘက်မျက်လုံးမှာလည်း အပြာရောင်တောက်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းမှာ အနီရောင်တောက်နေပြီး ညာဘက်ခြမ်းမှာမူ နှင်းဖြူရောင်တောက်နေခဲ့လေသည်။ ထိုလူငယ်လေးမှာ အလွန်ကိုမှ ထူးဆန်းသည့် လူတစ်ဦး ဖြစ်ပေသည်။
(ဝူချန်းလား… တကယ်ကို နာမည်ကျော်ဆိုတဲ့အတိုင်းပါပဲလား…) လက်ရှိ တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းများ၏ လက်ရှိမျိုးဆက်ထဲ၌ တက်သစ်စကြယ်တစ်ပွင့်စီ ရှိနေကြပေသည်။ နေမင်းပြာကျောင်းတော်တွင် ရှရှန်းရှိနေပြီး ရှေးဟောင်းကျောင်းတော်တွင် ကျွမ်းပုဖန်းရှိနေကာ ကောင်းကင်တိုက်ပွဲဒိုဂျိုတွင်တော့ ဝူချန်းရှိနေပေသည်။
ရန်ကိုင်ကိုယ်တိုင်သည်လည်း ဝူချန်းနှင့် ဥတုလေးမျိုးနယ်မြေထဲတွင် တိုက်ခိုက်ခဲ့ဖူးသည့်အတွက်ကြောင့် ဝူချန်းနှင့်ရင်ဆိုင်ဖို့ရာ မည်မျှခက်ခဲကြောင်းကို သိပေသည်။ ဝူချန်းမှာ သူ၏တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော အထူးခန္ဓာကိုယ်တစ်မျိုးကို ပိုင်ဆိုင်ထားလေသည်။ ယခင်တစ်ကြိမ် သိုင်းပညာရှင်စုဝေးပွဲ၌ ရှရှန်းမှာ ဝူချန်းအား ရှုံးနိမ့်သွားခဲ့ပြီး ဒုတိယနေရာသာ ရခဲ့လေသည်။ နေမင်းပြာကျောင်းတော်သည် အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ ပြန်လည်ရရှိခဲ့ကြပါသော်ငြား တောင်ဘက်နယ်မြေလူငယ်မျိုးဆက်၏ နံပတ်တစ်ပညာရှင်အကြောင်း ပြောလာသည့်အခါတွင် လူတိုင်း၏ပါးစပ်ထဲပေါ်လာသည်မှာ ရှရှန်းမဟုတ် ဝူချန်းသာ ဖြစ်လေသည်။
ထို့အပြင် ကြယ်ဝိဉာဉ်နန်းတော်၏ လန်ရွှင်းမှာလည်း အတော်လေးကိုမှ ပါရမီကောင်းလှသည့် ပါရမီရှင်တစ်ဦးဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ကြယ်ဝိဉာဉ်နန်းတော်သည် သိုင်းပညာရှင်စုဝေးပွဲတွင် ပါဝင်ဆင်နွှဲရန်အတွက် မည်သည့်တပည့်ကိုမှ စေလွှတ်ခြင်းမရှိခဲ့ပေ။ ထို့အတွက်ကြောင့် လန်ရွှင်းမှာ ပါရမီရှင်အဆင့်များထဲ ပါဝင်ခြင်းမရှိခဲ့။
ရန်ကိုင်သည် သူ့စိတ်ထဲမှနေ၍ ကြိတ်ကာ တွေးနေခဲ့လေသည်။ (ဂိုဏ်းနှစ်ဂိုဏ်းကြားက ရန်ငြိုးရန်စက အရင်တစ်ကြိမ်သိုင်းပြိုင်ပွဲနဲ့များ ပတ်သက်နေတာလား…)
ရှရှန်းသည် တစ်ဦးချင်းပြိုင်ပွဲတွင် ဝူချန်းအား ရှုံးနိမ့်သွားခဲ့သဖြင့် နေမင်းပြာကျောင်းတော်သည် ထိုအချက်နှင့်ပတ်သက်၍ မကျေနပ်ခဲ့ပေ။ ကောင်းကင်တိုက်ပွဲဒိုဂျိုမှာလည်း အဖွဲ့လိုက်ပြိုင်ပွဲတွင် နေမင်းပြာကျောင်းတော်ကို ရှုံးနိမ့်သွားရသည့်အတွက်ကြောင့် ထိုအချက်နှင့်ပတ်သက်၍ မကျေနပ်ပြန်။
ဝူချန်းသည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီးသည့်နောက် သူ့အကြည့်သည် ရန်ကိုင်ဆီ၌ ရပ်တန့်သွားခဲ့လေသည်။ “ရှရှန်းမလာဘူးလား…” သူ့ကြည့်ရသည်မှာ အနည်းငယ်စိတ်ပျက်နေသည့်ပုံပင်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “စီနီယာအစ်ကိုရှက စိတ်ဝိဉာဉ်ရေကန်နန်းတော်မှာ တာဝန်ကျနေလို့ လိုက်မလာအားဘူး…”
“ငကြောက်ကောင်…” ဝူချန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
ရှောင်ပိုင်ယီ၏ မျက်လွှာချထားသော မျက်လုံးများ ချက်ချင်း ဆတ်ခနဲပွင့်သွားခဲ့ပြီး ဝူချန်းအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ အလားတူပင် မုရုန်ရှောင်ရှောင်သည်လည်း ဝူချန်းအား ဒေါမာန်တကြီးဖြင့် ကြည့်နေခဲ့သည်။
ရှရှန်းမှာ နေမင်းပြာကျောင်းတော်ကို ကိုယ်စားပြုနေသော နေမင်းပြာကျောင်းတော်လူငယ်မျိုးဆက်၏ ခေါင်းဆောင်တစ်ဦးဖြစ်လေရာ ရှရှန်းအား ထိုကဲ့သို့ စော်ကားလိုက်ခြင်းကို နေမင်းပြာကျောင်းတော်က မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။
ဖုန်းမင်သည် စကားများနေကြသည့် ဂျူနီယာများဘက်သို့ မသိမသာလေး လှမ်း၍ကြည့်လိုက်သည်။ ရန်ပွဲကို မြင်ပါသော်ငြား ဝင်တားမည့်အရိပ်အယောင်အပြဘဲ ဝမ်ကျိရှန်းနှင့်သာ ဆက်၍ စကားပြောနေခဲ့လေသည်။
ဝမ်ကျိရှန်းမှာလည်း သူဘာကိုမှမကြားသည့်အလား ပြုမူနေခဲ့လေသည်။ ကျောင်းသခင်တစ်ဦး ဖြစ်သည့်အလျောက် သူ့လက်အောက်ရှိလူများကြား တိုက်ပွဲ၌ ဝင်ပါဖို့ရာ သိပ်၍မသင့်တော်လှပေ။ မာချင်းအတွက်လည်း အတူတူသာလျှင် ဖြစ်လေသည်။
တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းမှာ အချို့သောကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းခဲ့ကြပါသော်ငြား သူတို့ကြားရှိပြိုင်ဆိုင်မှုမှာ အလွန်ကိုမှ ပြင်းထန်လှပေသည်။ ဂိုဏ်းတစ်ဂိုဏ်းချင်းစီတိုင်းသည် အခြားဂိုဏ်းတစ်ဂိုဏ်းအပေါ် လွှမ်းမိုးချင်ကြသည်။ ကံမကောင်းစွာဖြင့် မည်သူမျှ ဤအတိုင်း ငြိမ်ခံမနေကြပေ။ ထို့အပြင် ကြယ်ဝိဉာဉ်နန်းတော် ရှိနေသည့်အတွက်ကြောင့်လည်း မည်သည့်အဖွဲ့အစည်းမှ ပွင့်ပွင့်လင်းလင်း ထိပ်တိုက်တွေ့ရဲခြင်း မရှိကြ။ ထိုအကြောင်းကြောင့် သူတို့လက်အောက်ရှိလူများမှာ ထိုနေရာ ဤနေရာများတွင် အနည်းငယ် ပြဿနာတက်စေခိုင်းလိုက်သည်မှာတော့ ဆိုးရွားသည့်ကိစ္စတစ်ခုတော့ မဟုတ်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၄၂)
ဘာသာပြန်သူ_တိမ်တိုက်
“မင်း ဘာဖြစ်လို့ သူ့ကို သွားရန်စနေရတာလဲ…” ရန်ကိုင်သည် ဝူချန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်၍ မေးလိုက်လေသည်။
ဝူချန်းက ပြန်၍လှောင်ပြောင်ပြောဆိုလိုက်သည်။ “ငါနဲ့တောင် လာပြီး မျက်နှာချင်းမဆိုင်ရဲတာ… သူက ငကြောက်မဟုတ်လို့ ဘာမို့လို့လဲ…”
မုရုန်ရှောင်ရှောင်က ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။ “စီနီယာအစ်ကိုရှမှာ လုပ်စရာကိစ္စလေးတွေရှိလို့ မလာဖြစ်တာ… ရှင့်ကိုကြောက်လို့ မလာဖြစ်တာမဟုတ်ဘူး…”
ဝူချန်းက လက်နောက်ပစ်ရင်းမှ ပြန်၍ပြောလိုက်သည်။ “အကြောင်းပြချက်ကတော့ ပေးချင်တိုင်းပေးလို့ရတယ်… ငါ့ကို နောက်တစ်ကြိမ် ထပ်ရှုံးမှာကြောက်လို့ အခုလိုမျိုး အကြောင်းပြချက်ပေးပြီး မလာတာ ဖြစ်ရင်ဖြစ်မှာပေါ့…”
“မဟုတ်ဘူး…” မုရုန်ရှောင်ရှောင်က ထပ်၍အော်လိုက်သည်။ ဝူချန်းနှင့် ထပ်၍ ငြင်းခုံချင်သေးပါသော်ငြား ရန်ကိုင်က လက်မြှောက်၍ တားလိုက်ပြီး ဝင်ပြောလိုက်လေသည်။ “အရင်တစ်ကြိမ်သိုင်းပြိုင်ပွဲအကြောင်း ငါကြားပြီးသား… တစ်ခဏတာအနိုင်အရှုံးဆိုတာ ဘာမှမထူးခြားဘူး… ဒီလိုမလာခင်တည်းက စီနီယာအစ်ကိုရှက ငါ့ကိုပြောလိုက်တယ်… ဝူချန်းက တိုက်ခိုက်ရတာကို အရမ်းဝါသနာပါတယ်တဲ့… ဒီတော့ ငါ့ကို မင်းနဲ့တွေ့ရင် အဖော်ပြုပေးလိုက်ပါဦးတဲ့…”
လက်တလောအတွင်း ရန်ကိုင်မှာ ရှရှန်းနှင့် မျက်နှာချင်းဆိုင် မတွေ့ရသေးချေ။ ထို့ကြောင့် သူပြောသည်မှာ အလိမ်အညာသာ ဖြစ်လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် သူကိုယ်တိုင်သည် နေမင်းပြာကျောင်းတော်ကို ကိုယ်စားပြုနေသည့်အတွက်ကြောင့် တစ်စုံတစ်ဦးမှ နေမင်းပြာကျောင်းတော်အား အရှက်ခွဲနေသည်ကို သူ့အနေဖြင့် မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။ ထို့အတွက်ကြောင့် ယခုကဲ့သို့ တန်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။
“မင်းလား…” ဝူချန်းသည် ရန်ကိုင်အား ဝေ့ကြည့်လျက် ခေါင်းတညိတ်ညိတ်လုပ်ကာ “မင်းကတော့ မဆိုးပါဘူး… ငါ့ကိုစိတ်ပျက်အောင်မလုပ်ဖို့ ငါတကယ်မျှော်လင့်တယ်…”
“ဘယ်သူသိမှာလဲ… မင်းတကယ်ကို အံ့အားသင့်ရင် သင့်သွားရမှာ…” ရန်ကိုင်က မျက်ခုံးပင့်လိုက်လေသည်။ (ခွေးကောင်လေး… မင်း ငါ့လက်ထဲတော့ မရောက်စေနဲ့ပေါ့ကွာ… မဟုတ်ရင်တော့ မင်း သေပြီသာမှတ်ပေတော့…)
“အရှက်မရှိလာကြွားနေတယ်…” ဝူချန်းက လှောင်ပြောင်ပြောဆိုလိုက်လေသည်။
ထို့နောက်တွင် ချန်ဝမ်ဟောင်သည် သူတို့ဘက်သို့လှည့်လာ၍ အော်ပြောလိုက်လေသည်။ “ဝူချန်း… တော်တော့… ဒါက ရှေးဟောင်းကျောင်းတော်… ဒီမှာ လုပ်ချင်တိုင်း လာလုပ်မနေနဲ့…”
ကောင်းရွှယ်ထင်းကလည်း ဝင်ပြောလိုက်သည်။ “နင်တို့နှစ်ယောက်စလုံး တော်ပေတော့…”
ဝူချန်း၏မျက်နှာမှာတော့ မှုန်ကုပ်ကုပ် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား လူမြင်ကွင်း၌ သူ့အကြီးအကဲ၏စကားကို ပြန်ခံပြောလျှင် သူ့ဂိုဏ်းအား အရှက်ရစေမည် စိုးသည့်အတွက်ကြောင့် လှည့်၍သာ ထွက်လာခဲ့လိုက်လေသည်။ ရန်ကိုင်နှင့် အခြားသူများမှာလည်း ဝူချန်းအား သွားပြဿနာရှာနေ၍မဖြစ်တော့ပေ။ ထို့အတွက်ကြောင့် ထိုအဖြစ်အပျက်သည် ထိုမျှလောက်နှင့်ပင် ရပ်တန့်သွားတော့သည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ဝူချန်းနှင့်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့မှန်း ရန်ကိုင်တို့ သိလိုက်ကြသည်။ ထို့အတွက်ကြောင့် ဆက်၍သာ တစ်ဦးနှင့်တစ်ဦး ငြင်းခုံနေကြဦးမည်ဆိုလျှင် သူတို့ကိုယ်သူတို့ အရှက်ရအောင်သာ လုပ်မိပေတော့မည်။
ဝမ်ကျိရှန်းက ရယ်မောလျက် “လူငယ်မျိုးဆက်တွေက တကယ်ကို တက်တက်ကြွကြွရှိတာပဲ…”
ဖုန်းမင်ကမူ ဘာမှမပြောခဲ့ဘဲ လက်သီးဆုပ်၍သာ ပြောလိုက်လေသည်။ “တောင်ဘက်နယ်မြေက ကျင့်ကြံသူတွေအတော်များများကတော့ ရောက်နေကြပြီ… အခုလောလောဆယ် ကျောင်းသခင်က သူတို့ကို ဧည့်ခံပေးနေတယ်… အကုန်လုံး ကျေးဇူးပြုပြီး ဒီလမ်းအတိုင်းလိုက်လာခဲ့နော်…” ထို့နောက် ကျွမ်းပုဖန်းအားကြည့်၍ ပြောလိုက်လေသည်။ “ရှောင်ဖန်း… ဒီစီနီယာနှစ်ယောက်ကို ဧည့်ခန်းမဆောင်ဆီ ခေါ်သွားပေးလိုက်ဦး…”
“ဟုတ်ကဲ့…” ကျွမ်းပုဖန်းက ပြန်ပြောလိုက်လေသည်။ ထို့နောက် သူ့လက်ကိုဆန့်ထုတ်၍ အချက်ပြလိုက်လေ၏။ “ကျေးဇူးပြုပြီး ဒီလမ်းအတိုင်းလိုက်ခဲ့ပေးပါနော်…”
ဖုန်းမင်က ဝင်ပြောလိုက်လေသည်။ “ကျောင်းသခင်ဝမ်… တော်ဝင်သခင်မာ… ကျုပ် ဒီမှာ အခြားသူတွေကို ကြိုဆိုရဦးမယ့် ကိစ္စလေးရှိသေးလို့ မလိုက်ပေးနိုင်တော့တာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်…”
“ကိစ္စမရှိဘူး အကြီးအကဲဖုန်း… နောက်မှပဲ စကားပြောကြတာပေါ့…” ဝမ်ကျိရှန်းက ယဲ့ယဲ့လေးပြုံးကာ ပြန်ပြောလိုက်လေသည်။ ထို့နောက် လက်နောက်ပစ်ရင်းမှ ကျွမ်းပုဖန်းနောက်သို့လိုက်ကာ အနီးအနားပေါ်ရှိ တောင်ပေါ်သို့ တက်သွားလေ၏။
အလားတူပင် မာချင်းသည်လည်း ဖုန်းမင်အား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ကောင်းကင်တိုက်ပွဲဒိုဂျိုမှ သူ့လူများကို ခေါ်ကာ လိုက်သွားခဲ့လေသည်။ လမ်းတစ်လျှောက်တွင်တော့ မည်သူကရှေ့မှသွား မည်သူကနောက်မှသွား ဆိုသည်နှင့်ပတ်သက်၍ ရန်ဖြစ်နေခြင်း မရှိကြတော့ပေ။
ရန်ကိုင်တို့အဖွဲ့ တဖြည်းဖြည်းနှင့် အဝေးတစ်နေရာဆီသို့ ရောက်သွားသော် ဖုန်းမင်သည် ရုတ်တရက် ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်လေသည်။ ထို့နောက် မျက်မှောင်ကျုံ့သွားခဲ့သည်။ အနီးအနား၌ မည်သူမျှမရှိမှန်းအတည်ပြုပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာတစ်ခုကိုထုတ်၍ သတင်းပို့လိုက်လေ၏။
တောင်တစ်ဝက်သို့ရောက်သော် ရန်ကိုင်တို့အဖွဲ့မှာ သုံးခွဆုံလမ်းခွတစ်ခုနှင့် သွားတိုးလေသည်။ ဘယ်ဘက်နှင့်ညာဘက်လမ်းနှစ်ခုစလုံးတွင် ရှေးဟောင်းကျောင်းတော်မှတပည့်များ ရပ်စောင့်နေကြလေသည်။ ရန်ကိုင်တို့အဖွဲ့ရောက်လာသည်ကိုမြင်သော် ထိုတပည့်များသည် နှုတ်ဆက်ဟန်ဖြင့် လာရောက်ကြိုဆိုကြလေသည်။
ကျွမ်းပုဖန်းက ပြောလိုက်လေသည်။ “စီနီယာတို့… ကျေးဇူးပြုပြီးတော့ စီနီယာတို့ရဲ့တပည့်တွေကို ဘယ်ဘက်သွားမလား ညာဘက်သွားမလား စီမံခန့်ခွဲပေးပါနော်…”
ဧကရာဇ်အဆင့်ပညာရှင်များသည်သာ တောင်ပေါ်သို့ တက်ခွင့်ရကြသည်။ ထို့အတွက်ကြောင့် ကျန်သည့်တပည့်များမှာ ဤနေရာတွင် နေခဲ့ရပေလိမ့်မည်။
ဝမ်ကျိရှန်းမှ လူအုပ်ကြီးဘက်သို့လှည့်၍ အချက်ပြလိုက်ရာ ကောင်းရွှယ်ထင်းသည် ချက်ချင်းပဲ နေမင်းပြာကျောင်းတော်မှ တပည့်များကို ညာဘက်သို့သွားရန် စီစဉ်ပေးလိုက်လေသည်။ ကောင်းကင်တိုက်ပွဲဒိုဂျိုသည်လည်း သူတို့၏တပည့်များကို စတင်စီစဉ်ပေးလေ၏။ သို့သော်ငြား ဂိုဏ်းနှစ်ဂိုဏ်းမှာ မတည့်သည့်အလျောက် တစ်နေရာတည်းတွင်သာ အတူနေကြလျှင် ပြဿနာများ ထဖြစ်ကြချေတော့မည်။ ထို့အတွက်ကြောင့် ဘယ်ဘက်သို့ ရွေးလိုက်လေသည်။ တပည့်များနေသည့်နေရာတွင် သူတို့အား စောင့်ကြပ်ပေးမည့် မည်သည့်ဧကရာဇ်အဆင့်ပညာရှင်မှ ရှိမနေကြပေ။ ထို့အတွက်ကြောင့် သူတို့ကြားရှိတိုက်ပွဲများကို မည်သူမျှ ဝင်တားနိုင်ကြလိမ့်မည်မဟုတ်ပေ။
ထို့နောက်တွင် ကျွမ်းပုဖန်းသည် လက်ကျန်လူများကို တောင်ပေါ်သို့ ဆက်ခေါ်လာခဲ့လေသည်။ မကြာမီတွင် ကြီးကျယ်ခမ်းနားလှသည့် နန်းတော်တစ်လုံးရှိနေသော တောင်ပေါ်သို့ ရောက်လာခဲ့လေသည်။ အစေခံမလေးများကမူ နန်းတော်အပြင်ဘက်တွင် ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်ရန်အတွက် ရပ်စောင့်နေကြလေသည်။
ကျွမ်းပုဖန်းသည် လူအုပ်ကြီးကိုခေါ်၍ နန်းတော်ထဲရှိ ခန်းမထဲသို့ ဝင်လာခဲ့လိုက်ရာ ဆူညံသံများ သူတို့၏နားစည်အား ဝုန်းခနဲ လာရောက်ရိုက်ခတ်လာခဲ့လေသည်။ ရန်ကိုင်၊ မုရုန်ရှောင်ရှောင်နှင့် အခြားသူများမှာတော့ ခန်းမအတွင်းပိုင်းအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်ကြသည်။ ဤနေရာတစ်ခုလုံး ဤမျှသက်ဝင်စည်ကားနေလိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိကြချေ။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ဤနေရာတွင် လူငါးရာခြောက်ရာခန့် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထို့အပြင် အများစုမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပြီး ကျန်လူများမှာတော့ ဧကရာဇ်အဆင့်ပညာရှင်များအား ဧည့်ခံကြိုဆိုပေးနေကြသော အစေခံမလေးများသာ ဖြစ်ကြလေသည်။ ထို့အပြင် ခန်းမတစ်ခုလုံး စားပွဲခုံများဖြင့် ပြည့်နေပြီး စားပွဲခုံတစ်ခုလုံးမှာလည်း အရသာရှိလှသည့် စားသောက်စရာများ အရက်အိုးများဖြင့် ပြည့်နေကြလေသည်။
လူတိုင်းမှာ အချင်းချင်း ဝမ်းသာရွှင်မြူးစွာဖြင့် ခွက်ချင်းတိုက်ကာ အရက်သောက်နေကြလေသည်။ ခန်းမအလယ်တွင်မူ ကခုန်နေကြသော မိန်းမချောလေး အယောက်လေးဆယ်ခန့် ရှိနေခဲ့လေသည်။ ထိုမိန်းမချောလေးအားလုံးမှာ အတော်လေးကိုမှ လှပကြပြီး သွယ်လျအချိုးအစားကျနသည့် ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။
ထိုကချေသည်မလေးများအား ဤစားသောက်ပွဲဝိုင်းကို ပို၍ ရွှင်ရွှင်မြူးမြူးရှိလာစေရန် ရှေးဟောင်းကျောင်းတော်မှ စီစဉ်ပေးထားခြင်း ဖြစ်ပါသော်ငြား ဂိုဏ်း၏ဂုဏ်သတင်းနှင့် ပတ်သက်နေသည့်အလျောက် အမျိုးသမီးများ၏ဝတ်စားဆင်ယင်ပုံမှာ သာမန်အတိုင်း လုံလုံခြုံခြုံဖြင့်သာ ရှိနေခဲ့ပေသည်။
ထို့အပြင် ဧည့်သည်များ၏အာရုံမှာ ကချေသည်မလေးများဆီသို့ ရောက်မနေခဲ့။ ဧကရာဇ်အဆင့်ပညာရှင်များဆီသို့သာ ရောက်နေကြလေသည်။ ဤနေရာသည် တောင်ဘက်နယ်မြေတစ်ခုလုံး၏ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ စုဝေးနေသည့် နေရာဖြစ်သည့်အလျောက် ဂိုဏ်းအမျိုးမျိုးမှ ဂိုဏ်းချုပ်များ၊ မိသားစုခေါင်းဆောင်များ ဤနေရာ၌ တစ်စုတစ်ဝေးတည်း ရှိနေကြပေသည်။ ထို့အတွက်ကြောင့် ယခုကဲ့သို့သောအချိန်အခါမျိုးသည် ဆက်ဆံရေးထူထောင်ရမည့် အကောင်းဆုံးအချိန်တစ်ခု ဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ မည်သူကများ ထိုကချေသည်မလေးများကို သွား၍ အာရုံစိုက်နေနိုင်ပါမည်နည်း။ ဧကရာဇ်အဆင့်ပညာရှင်များအဖို့ တစ်နေရာတည်းတွင် စုဝေးဖို့ရာမှာ လွယ်သည်မှ မဟုတ်လေပဲ။
ဝမ်ကျိရှန်းနှင့် မာချင်းတို့ ခန်းမထဲဝင်လာသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ဦးသည် သူ၏ဝိုင်ခွက်ကိုချ၍ မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်လေသည်။ “ကျောင်းသခင်ဝမ်… တော်ဝင်သခင်မာ…”
ထိုအသံထွက်လာသည်နှင့်တစ်ပြိုင်နက် ဆူညံနေသောခန်းမတစ်ခုလုံး ရုတ်ချည်းတိတ်သွားခဲ့ပြီး အကုန်လုံးသည် ဝမ်ကျိရှန်းတို့ဘက်သို့ လှည့်ကြည့်လာကြကာ အသီးသီး လာရောက်နှုတ်ဆက်ကုန်ကြလေသည်။ ဝမ်ကျိရှန်းကလည်း ပြုံး၍ ပြန်နှုတ်ဆက်လိုက်ပြီး ကျွမ်းပုဖန်း၏ ဦးဆောင်မှုနှင့်အတူ ခန်းမထဲရှိ တစ်ခုသောနေရာဆီသို့ ဦးတည်သွားလေ၏။ ထိုအချိန်အတောအတွင်း မာချင်းကမူ ဘေးဘက်သို့ပင်မကြည့်ခဲ့ဘဲ အေးစက်စက်မျက်နှာထားဖြင့်သာ ရှိနေခဲ့လေသည်။ ကံကောင်းစွာဖြင့် မာချင်းအကြောင်းသိထားသည့်လူများမှာတော့ မာချင်းမှာ သူတို့အား မတူမတန်ဆက်ဆံနေခြင်းမဟုတ်ဘဲ သူ့ပုံစံကကို ယခုကဲ့သို့ပုံစံမျိုးသာဖြစ်မှန်း သိကြပေသည်။
ခန်းမထိပ်ပိုင်းနေရာတွင်ထိုင်နေသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူထွားကြီးသည် သူ့ညာဘက်တွင်ရှိနေသော ကျော့ရှင်းသပ်ရပ်စွာ ဝတ်စားထားသည့် သက်လတ်ပိုင်းလူကြီးအား လှမ်းကြည့်ရင်းမှ ပြုံးကာ ပြောလိုက်လေသည်။ “ငါပြောတယ်မလား… ဆယ့်ငါးမိနစ်အတွင်း သူတို့ရောက်လာလိမ့်မယ်လို့… အခုကြည့်… သူတို့ရောက်နေပြီ…”
ကျော့ရှင်းသပ်ရပ်စွာ ဝတ်စားထားသည့်လူက ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းလေ့… မင်းက တကယ်ကို အမှန်းတော်တာပဲကွ…”
ခန်းမ၏ ယခုကဲ့သို့သော ထိပ်ပိုင်းနေရာတွင် ထိုင်နိုင်သည့်လူဆို၍ ရှေးဟောင်းကျောင်းတော်၏ ကျောင်းသခင်ဖြစ်သော လေ့ကုသာ ရှိပေသည်။ မည်သူမျှ ဤနေရာတွင် ထိုင်ဖို့ရာ မထိုက်တန်ပေ။ ဤကျော့ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားသည့်လူမှာတော့ တောင်ဘက်နယ်မြေထဲရှိ ဂိုဏ်းများအနက်မှ တစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကာ ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပေသည်။ ထို့အပြင် သူ့ထိုင်ခုံသည် ရှေ့ဘက်အတော်လှမ်းလှမ်းတွင် ရှိနေခြင်း ဖြစ်လေ၏။
“ရောင်းရင်းလေ့…” ဝမ်ကျိရှန်းနှင့် မာချင်းတို့က သွားရောက်နှုတ်ဆက်ကြသည်။
လေ့ကုက မတ်တပ်ရပ်၍ “ဒီအထိလာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွာ… ကျေးဇူးပြုပြီး ထိုင်ကြပါဦး…”
ခန်းမထဲတွင် စားပွဲဝိုင်းများစွာ ရှိကြပြီး နေရာတိုင်းလိုလိုမှာ လူများဖြင့် ပြည့်နေကြပါသော်ငြား အဓိကစားပွဲဝိုင်း၏ ဘယ်ဘက်နှင့် ညာဘက်တွင် ရှိနေသော စားပွဲဝိုင်းများမှာတော့ လူလွတ်နေကြလေသည်။ မည်သူမျှ ထိုနေရာများတွင် သွားမထိုင်ရဲကြပေ။ အကြောင်းမှာ ထိုနေရာများသည် နေမင်းပြာကျောင်းတော်နှင့် ကောင်းကင်တိုက်ပွဲဒိုဂျိုမှလူများအတွက် စီစဉ်ပေးထားသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
ဝမ်ကျိရှန်းနှင့် မာချင်းတို့သည် ကိုယ့်လူသူ့လူအသီးသီးကိုခေါ်၍ ထိုင်ရမည့်နေရာများတွင် သွားရောက်ထိုင်ကြလေသည်။ နေမင်းပြာကျောင်းတော်တွင် ကောင်းကင်တိုက်ပွဲဒိုဂျိုထက် လူတစ်ဦးပိုများနေသည့်အတွက်ကြောင့် ထိုင်ခုံအပြည့် လူပြည့်သွားခဲ့လေသည်။ နေရာထိုင်ခုံအသီးသီး ယူပြီးသည်နှင့်တစ်ပြိုင်နက် အစေခံမလေးတစ်ဦး ရောက်လာပြီး အကုန်လုံးအား အရက်ငှဲ့ပေးလေ၏။
ထို့နောက်တွင် လေ့ကုသည် ဖြည်းဖြည်းချင်းထ၍ ဝိုင်ခွက်ကိုမြှောက်ရင်းမှ အော်ပြောလိုက်လေသည်။ “ကဲ… တောင်ဘက်နယ်မြေရဲ့ သိုင်းပညာရှင်စုဝေးပွဲအချိန်အခါတော့ ရောက်လာပြီ.. အခု ဒီလိုပွဲတော်မျိုးကို အဝေးကြီးကနေ လာရောက်တက်ရောက်လာပေးကြတဲ့ ဧည့်သည်တွေအကုန်လုံးကို ငါတကယ်ကို ကျေးဇူးတင်ပါတယ်… အခု ဒီလဲ့က ရှေးဟောင်းကျောင်းတော်ကို ဦးစီးပြီးတော့ ဒီသိုင်းပညာရှင်စုဝေးပွဲကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြီးမှူးပြီးတော့ ကျင်းပပေးသွားမယ်… တောင်ဘက်နယ်မြေကလူတိုင်းအတွက်လည်း မျှတတဲ့ပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင်လို့လည်း ဖန်တီးပေးပါမယ်… အားလုံးရဲ့တပည့်တွေ ထူးထူးချွန်ချွန် စွမ်းဆောင်ပြနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်… အခုလာမယ့်တပည့်တွေက ငါတို့တောင်ဘက်နယ်မြေရဲ့ အနာဂတ်ထောက်တိုင်တွေ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်… အားလုံး…”
“ကျေးဇူးအများကြီးတင်ပါတယ် ကျောင်းသခင်လေ့…” အကုန်လုံးကလည်း သံပြိုင်ပြန်ပြောလိုက်ကြကာ သူတို့၏ အရက်ခွက်အသီးသီးကို မြှောက်၍ သောက်လိုက်ကြလေသည်။
ပွဲကြီးကြပ်စီစဉ်သူအနေဖြင့် ယခုကဲ့သို့ အရက်ခွက်မြှောက်၍ အဖွင့်စကားပြောကြားရမည်မှာ သဘာဝသာ ဖြစ်လေသည်။ ထို့နောက်တွင်တော့ အကုန်လုံးမှာ လုပ်ချင်ရာကိုသာ လုပ်နေကြတော့သည်။ မနက်ဖြန်သည် သိုင်းပညာရှင်စုဝေးပွဲ ဖြစ်သည့်အတွက်ကြောင့် ထိုပြိုင်ပွဲအတွင်း၌ တပည့်များသာ ထိခိုက်သွားခဲ့ရမည်ဆိုလျှင် ဤနေရာတွင်ရှိနေသည့်လူများသည် ယခုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ရင်းနှီးနေနိုင်ကြတော့လိမ့်မည်မဟုတ်ချေ။
လူအတော်များများမှာ နေမင်းပြာကျောင်းတော်၏ စားပွဲဝိုင်းဆီသို့လာကာ ဂုဏ်ပြုကြလေသည်။ သို့သော်ငြား အများစုမှာတော့ ကောင်းရွှယ်ထင်းဆီသို့သာ တန်းသွားကြသည်။ လော့ချန်မှာ အခြားသူများနှင့် အဆက်အသွယ်မရှိပေ။ ရန်ကိုင်၊ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့မှာလည်း ယခုမှသာလျှင် အတွေ့အကြုံရရန်အတွက် လိုက်လာသူများ ဖြစ်ကြသည့်အတွက်ကြောင့် သူတို့နှင့်သိသည့် ဧကရာဇ်အဆင့်ပညာရှင် များများစားစားမရှိကြပေ။ ထို့အတွက်ကြောင့် လျစ်လျူရှုခံထားရလေ၏။ သို့တိုင် ရန်ကိုင်တို့မှာတော့ ထိုကဲ့သို့လျစ်လျူရှုခံရသည်နှင့်ပတ်သက်၍ ကျေနပ်နေမိကြလေသည်။ တစ်နာရီခန့်ကြာပြီးသည့်နောက် လေ့ကု၊ ဝမ်ကျိရှန်းနှင့် မာချင်းတို့ ခန်းမထဲမှ ထွက်သွားကြလေသည်။ အကုန်လုံးမှာ မနက်ဖြန်တွင်ကျင်းပမည့် သိုင်းပညာရှင်စုဝေးပွဲနှင့်ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးရန် ထွက်သွားခဲ့ကြခြင်း ဖြစ်လေသည်။ အကုန်လုံးကို ရှေးဟောင်းကျောင်းတော်မှ စီစဉ်ပေးသွားလိမ့်မည်ဖြစ်ပါသော်ငြား ရှေးဟောင်းကျောင်းတော်မှ တစ်ခုခုလုပ်ထားလေသလားဆိုသည်ကို သိရန်အတွက် ဝမ်ကျိရှန်းနှင့် မာချင်းတို့မှာ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရပေဦးမည်။
ထိုလူသုံးဦး ထွက်သွားပြီးသည့်နောက် ခန်းမထဲရှိအခြေအနေမှာ ယခင်ကထက်ကိုပို၍ သက်ဝင်စည်ကားလာတော့လေသည်။
ရန်ကိုင်မှာမူ စားလိုက်သောက်လိုက်လုပ်ရင်း ပျင်းရိပျင်းတွဲဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေခဲ့လေသည်။ အစပိုင်းတွင်တော့ ဤသိုင်းပညာရှင်စုဝေးပွဲကို အတော်လေးစိတ်ဝင်စားခဲ့သည်။ သို့သော်ငြား ဤနေရာသို့ရောက်လာပြီးသည့်နောက် ဘာဆိုဘာမျှ သိပ်၍ထူးခြားသည့် ပွဲတော်တစ်ခုမဟုတ်မှန်း သိခဲ့ရလေသည်။ တာဝန်အရကြောင့်သာမဟုတ်ပါက ယခုနေလောက်ဆိုလျှင် ရန်ကိုင် အိမ်ပြန်သွားလောက်ပေပြီ။
လတ်တလောတွင် မြောက်ဘက်နယ်မြေ၏ ထက်ကောင်းကင်နန်းတော်၌ ဘာကိစ္စမှ ရှိမနေသေးပါသော်ငြား အချို့သောကိစ္စများမှာ ရန်ကိုင်ကိုယ်တိုင်ရှိမနေလျှင် အနည်းငယ်စိတ်ပူစရာကောင်းလှပေသည်။ ရန်ကိုင်၏ကျင့်ကြံခြင်းမှာလည်း ယခင်ကထက် ပိုမြင့်နေပြီ ဖြစ်သည့်အတွက်ကြောင့် တာအိုသခင်အဆင့်၊ တန်ခိုးရှင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ၏ ပြိုင်ပွဲမှာ သူ့အတွက် စိတ်ဝင်စားစရာ မကောင်းလှတော့ပေ။ ရန်ကိုင်သည် ဧကရာဇ်အဆင့်ပညာရှင်များစွာကိုပင်လျှင် သတ်ပစ်ခဲ့ဖူးလေရာ ထိုဂျူနီယာများကြားမှပြိုင်ပွဲသည် သူ့အား လုံးဝ စိတ်လှုပ်ရှားစေခြင်း မရှိတော့ပေ။ သို့ပင်ဖြစ်လင့်ကစား နေမင်းပြာကျောင်းတော်သည် ဤတာဝန်ကို သူ့ဆီသို့ ပုံအပ်လာခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း အလိုက်သင့်စီးမျောပေးရုံသာ တတ်နိုင်လေသည်။ ရုတ်တရက် ရန်ကိုင်မှာ တစ်ခုခုအား ပြန်သတိရသွားပြီး ကောင်းရွှယ်ထင်းကိုကြည့်၍ မေးလိုက်လေသည်။ “စီနီယာအစ်မကောင်း… ဝူချန်းပြောသွားတာလေ… စီနီယာအစ်ကိုရှက သူ့ကို နောက်တစ်ကြိမ်ထပ်ရှုံးမှာကြောက်နေတယ်ဆိုတာ ဘာကိုပြောတာလဲ… ဒီပြိုင်ပွဲမှာ ဧကရာဇ်အဆင့်ပညာရှင်တွေကြားမှာရော ပြိုင်ပွဲရှိသေးတာလား…”
ကောင်းရွှယ်ထင်းက ပြန်၍ပြောလိုက်သည်။ “မရှိဘူး… သိုင်းပညာရှင်စုဝေးပွဲအတွင်းမှာပေါ့… ဒါပေမယ့် သိုင်းပညာရှင်စုဝေးပွဲပြီးသွားရင်တော့ ဧကရာဇ်အဆင့်တွေကြားမှာ ပြိုင်ပွဲတော့ရှိလိမ့်မယ်… ဒါက ဒီအတိုင်းပဲ ပြိုင်ချင်ပြိုင် မပြိုင်ချင်လည်းရတဲ့ ပြိုင်ပွဲမျိုးပေါ့… ပြိုင်လို့လည်း ဘာဆုမှ ရမှာမဟုတ်ဘူး… ဒီအတိုင်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကောင်းအောင်လို့ လက်ရည်ဖလှယ်တာမျိုးပဲပေါ့…”
ထိုစကားကိုကြားသော် ရန်ကိုင်စိတ်ထဲမှကြိတ်၍ စဉ်းစားလိုက်လေသည်။ (ခွေးကောင်လေး… မင်းဘာမင်း ဘာအထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားထား ဧကရာဇ်တတိယအဆင့်ထက်တော့ ပိုအားမကောင်းနိုင်ဘူး… ဟုတ်တယ်မလား… နောက်တစ်ကြိမ်တော့ ငါ့ကိုလာရန်မစနဲ့ပေါ့ကွာ… မဟုတ်ရင်တော့ မင်း သေဖို့သာ ပြင်ထားပေတော့…)
သူ့လက်ရှိခွန်အားဖြင့် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးကို ရင်ဆိုင်ဖို့ရာ ပြဿနာမရှိဟု ရန်ကိုင်ယုံကြည်နေပေသည်။ သူ့ဝှက်ဖဲအားလုံးကိုသာ ထုတ်သုံးလိုက်မည်ဆိုလျှင် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ပြန်ဆုတ်သွားရနိုင်ပေသည်။
(ဝူချန်း ငါ့ခွန်အားအကုန်အစင်ကို ထုတ်သုံးအောင်များ လုပ်နိုင်မလားမသိဘူး…)
အရက်ခွက်ကိုမြှောက်ရင်းမှ ရန်ကိုင်သည် ဘေးတစ်ချက်သို့ စောင်းကြည့်လိုက်ရာ ဝူချန်း သူ့ဆီသို့ လာနေကြောင်း တွေ့လိုက်ရလေသည်။ ဝူချန်း၏ အပြာတစ်လုံး အနီတစ်လုံးဖြစ်နေသော မျက်လုံးနှစ်လုံးမှာ အတော်လေးကိုမှ ထူးဆန်းလှပေသည်။ ရန်ကိုင်မှ ထီမထင်ဟန်ဖြင့် လှောင်ပြုံးပြုံးပြလိုက်လေရာ ဝူချန်းမှာ ဒေါသထွက်လုမတတ် ဖြစ်သွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၄၃)
ဘာသာပြန်သူ_တိမ်တိုက်
စားသောက်ပွဲသည် ညသန်းခေါင်တွင် ပြီးဆုံးသွားခဲ့သည်။ ထို့နောက်တွင် နေမင်းပြာကျောင်းတော်မှ လူများသည် အစေခံမလေးတစ်ဦး၏ ဦးဆောင်မှုနှင့်အတူ ခန်းမထဲမှ ထွက်လာခဲ့ကြကာ မကြာမီတွင် မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝပြီး သာယာလှပသော ရှုခင်းအဖုံဖုံနှင့် ပြည့်စုံလှသော တောင်တစ်လုံးပေါ်သို့ ရောက်လာကြလေသည်။
တောင်ပေါ်တွင်မူ နေမင်းပြာကျောင်းတော်မှ တပည့်များ နေထိုင်နေကြသော နန်းတော်တစ်လုံး ရှိပေသည်။ တပည့်များသည် ဤနေရာသို့ အစောကြီးကတည်းက ရောက်နှင့်နေပြီး အနားယူနေကြလေပြီ။ အစေခံမလေးသည် သူတို့အား ထိုနေရာသို့ ပို့ဆောင်ပေးပြီးနောက် ပြန်ထွက်သွားခဲ့ပြီး နန်းတော်တွင် တာဝန်ကျနေသော လူမှ ရန်ကိုင်တို့အား သက်ဆိုင်ရာ အခန်းများသို့ လိုက်လံပို့ဆောင်ပေးလေ၏။
မကြာမီ လူတိုင်း အခြေတကျ ဖြစ်သွားခဲ့လေသည်။ သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် လုပ်လိုက်ပြီးသည့်နောက် အေးဆေးအနားယူတော့မည်အပြု ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ ကြည့်လိုက်ပြီးသည့်နောက် မျက်မှောင်ကြုတ်ရင်းမှ အခန်းတံခါးကို ဖွင့်ကာ ထွက်လာခဲ့လိုက်သည်။ တစ်ခဏမျှကြာအောင် လမ်းလျှောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် အခန်းတံခါး အရှေ့သို့ ရောက်လာပြီး တံခါးကို အသာအယာ ခေါက်လိုက်သည်။
"ဝင်လာခဲ့" အထဲမှ ကောင်းရွှယ်ထင်း၏ အသံ ထွက်လာခဲ့လေသည်။
ရန်ကိုင်သည် အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ အခန်းထဲ၌ ဝမ်ကျိရှန်း၊ လော့ချင်၊ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့ အတူတကွ ရှိနေကြောင်း တွေ့လိုက်ရသည့်နောက် သိချင်စိတ်ဖြင့် မေးမိလိုက်လေသည်။ "ဘာတွေဖြစ်နေတာလဲ"
ဝမ်ကျိရှန်းသည် ကျောက်စိမ်းပြားတစ်ပြားကို ဝှေ့ယမ်းပြလိုက်ရင်းမှ ပြောလိုက်သည်။ "မင်းအလုပ်လုပ်ရတော့မယ်" ထိုသို့ပြောပြီးသည့်နောက် ကျောက်စိမ်းပြားကို ရန်ကိုင်ဆီသို့ လှမ်း၍ ပစ်ပေးလိုက်သည်။
ရန်ကိုင်လည်း ကျောက်စိမ်းပြားကို ဖမ်းပြီးသည့်နောက် အခန်းတံခါးကို ပြန်ပိတ်ကာ ကျောက်စိမ်းပြားကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် ရေရွတ်လိုက်လေ၏။ "ဒါက ဘာကြီးလဲ"
ကျောက်စိမ်းပြားထဲ နာမည်များ ပါဝင်နေခဲ့ပြီး နာမည်တစ်ခုချင်းစီတိုင်းတွင် သက်ဆိုင်ရာ နံပါတ်တစ်ခုစီ ရှိနေခဲ့လေသည်။ ထိုနာမည်များထဲ သူ့နာမည်ကိုပါ တွေ့လိုက်ရသည့်အတွက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
ကောင်းရွှယ်ထင်းက ရှင်းပြလိုက်လေသည်။ "ငါတို့အကြီးအကဲတွေ အခုလိုမျိုး အများကြီးခေါ်လာရတာ တပည့်တွေကို အားပေးဖို့သက်သက်အတွက်ပဲ မဟုတ်ဘူး၊ ဒိုင်လူကြီးတွေအဖြစ်လည်း လုပ်ခိုင်းဖို့"
"ဒိုင်လူကြီး" ရန်ကိုင်ကြောင် သွားခဲ့လေသည်။
"ဟုတ်တယ်" ကောင်းရွှယ်ထင်းက ဆက်၍ ရှင်းပြလိုက်သည်။ "ဒီသိုင်းပညာရှင်စုဝေးပွဲကို သုံးမျိုးခွဲထားတယ်၊ တာအိုသခင်အဆင့်ပြိုင်ပွဲ၊ တန်ခိုးရှင်ဘုရင်အဆင့်ပြိုင်ပွဲနဲ့ တန်ခိုးရှင်အဆင့်ပြိုင်ပွဲပဲ၊ တန်ခိုးရှင်ဘုရင်အဆင့်နဲ့ တန်ခိုးရှင်အဆင့်တွေကို အခုလောလောဆယ် ဖယ်ထားလိုက်၊ ဒါပေမဲ့ တာအိုသခင်အဆင့် တပည့်တွေကြားက ပြိုင်ပွဲက တော်တော်လေး ပြင်းမှာ၊ အဲဒီတော့ ဧကရာဇ်အဆင့်ပညာရှင် တစ်ယောက်က ဒိုင်လူကြီးအဖြစ် လုပ်ပေးဖို့လိုတယ်၊ ပထမအကြောင်းရင်းကတော့ တိုက်ပွဲကို မျှမျှတတဖြစ်အောင်လို့ပေါ့၊ ဒုတိယအကြောင်းရင်းကတော့ အသေအပျောက်တွေ ရှိမလာအောင်လို့"
ကောင်းရွှယ်ထင်း ရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် အခြေအနေကို ရန်ကိုင် အနည်းငယ် နားလည်သွားခဲ့လေသည်။ ဤသိုင်းပညာရှင်စုဝေးပွဲသည် မိတ်ဖြစ်ဆွေဖြစ် ပြိုင်ပွဲတစ်ပွဲ ဖြစ်ပါသော်ငြား မတော်တဆ အဖြစ်အပျက်များ ဖြစ်လာနိုင်ပေသည်။ တိုက်ပွဲအတောအတွင်း မလိုအပ်ဘဲ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခြင်း သေဆုံးခြင်းတို့မှာ ဖြစ်နိုင်ခြေ အလွန်များပေသည်။ ထိုအတွက်ကြောင့် ထိုကဲ့သို့ ဖြစ်မလာစေရန်အတွက် အားကောင်းသော ပညာရှင်တစ်ဦးမှ စောင့်ကြည့်ပေးနေရန် လိုအပ်သည်။ သို့သော်ငြား တာအိုသခင်အဆင့် ကျင့်ကြံသူများအကြား ပြိုင်ပွဲအတွင်း အချိန်မီ ဝင်ရောက်တားဆီးပေးနိုင်သော ပညာရှင်ဆို၍ ဧကရာဇ်အဆင့်ပညာရှင်များသာ ရှိပေသည်။ တကယ်တော့ ဧကရာဇ်အဆင့်ပညာရှင် တစ်ဦးသည်သာ ဒိုင်လူကြီးအဖြစ် လုပ်မနေခဲ့ပါက အကယ်၍ ဤသိုင်းပြိုင်ပွဲ၌ ရာနှင့်ချီသော တာအိုသခင်အဆင့် ပညာရှင်များ သေသွားခဲ့လျှင် ကျော်မကောင်း ကြားမကောင်း ဖြစ်ကုန်ပေလိမ့်မည်။
ထိုအကြောင်းကို သိလိုက်သော် ရန်ကိုင်သည် ကျောက်စိမ်းပြားကို သေသေချာချာ ထပ်မံလေ့လာကြည့်ပြီးသည့်နောက် မေးလိုက်လေသည်။ "ဒီတော့ ကျုပ်က စင်မြင့်ရှစ်မှာ ငါးရက်တိတိ ဒိုင်လူကြီး လုပ်ပေးရမှာပေါ့"
ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ သိုင်းပညာရပ်စုဝေးပွဲကို တစ်လကြာအောင် ကျင်းပမှာ၊ နင်က စင်မြင့်ရှစ်ကို တစ်ဦးချင်းပြိုင်ပွဲမှာ ငါးရက်တိတိ ဒိုင်လူကြီး လုပ်ပေးရုံပဲ၊ အချိန်တွေကို သေချာမှတ်ထားနော်"
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ တောင်ဘက်နယ်မြေထဲရှိ ဧကရာဇ်အဆင့်ပညာရှင် ပေါင်းများစွာမှာ ဤနေရာ၌ စုဝေးနေကြသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ငါးရက်လောက်သာ ဒိုင်လူကြီး လုပ်ပေးရန် လိုအပ်ပေသည်။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ထပ်မေးလိုက်လေသည်။ "ဒါဆိုရင် ဒီသိုင်းပြိုင်ပွဲတွေမှာ ကျုပ်တို့တွေပါဝင်ပြီးတော့ ပတ်သက်လို့ ရသွားတာပေါ့၊ ဥပမာအားဖြင့် စင်မြင့်ပေါ်မှာ တိုက်ခိုက်နေတဲ့လူက ကျုပ်ဂိုဏ်းက တပည့်တစ်ယောက်ဆိုရင် ကျုပ်က သူ့ဘက်ကို မျက်နှာသာပေးပြီးတော့ လိုက်ကူညီပေးမှာလေ"
ဝမ်ကျိရှန်းက ရယ်သွမ်းသွေးလျက်... "လူတိုင်းမှာ ကိုယ့်မာနနဲ့ကိုယ်ဆိုတာ ရှိပြီးသား၊ ဒီတော့ အခွင့်အရေးရမယ်ဆိုရင်တောင် ဘယ်သူမှ သိသိသာသာကြီး လုပ်မှာမဟုတ်ဘူး၊ အတတ်နိုင်ဆုံး ပြိုင်ပွဲကို မျှမျှတတဖြစ်အောင်ပဲ လုပ်မှာ၊ ပြီးတော့ ကြည့်နေတဲ့လူတွေကလည်း အများကြီးပဲ၊ အဲဒါကြောင့် ဘက်လိုက်ပေးချင်တယ်ဆိုရင်တောင် လွယ်မှာတော့ မဟုတ်ဘူး"
ကောင်းရွှယ်ထင်းက ထပ်ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် နင်သိထားဖို့ တစ်ခုတည်းသော အချက်က အသေအပျောက် မရှိဖို့ပဲ၊ အဲဒီကိစ္စကလွဲရင် ကျန်တာ နင့်ဘာသာနင် ကြည့်ကြပ်ပြီးတော့ လုပ်လို့ရတယ်"
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ "ကျုပ်အတတ်နိုင်ဆုံး ကြိုးစားပေးမယ်" ရန်ကိုင်မှာ ဤတာဝန်ကို အလေးအနက် မထားခဲ့ပေ။ ရန်ကိုင်မှာ ယခုအချိန်မှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် ဒိုင်လူကြီး လုပ်ဖူးခြင်း ဖြစ်ပါသော်ငြား တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် မသတ်မိအောင် ကာကွယ်ပေးဖို့ရာမှာ သူ့လက်ရှိ ခွန်အားအရ ပြဿနာ မရှိပေ။
ရန်ကိုင်အပြင် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့မှာလည်း တာဝန်အသီးသီး ပေးခံရပြီး သက်ဆိုင်ရာ စင်မြင့်တွင် ငါးရက်တိတိ ဒိုင်လူကြီး လုပ်ပေးရမည့် တာဝန်ကို ရရှိခဲ့ကြသည်။ ဝမ်ကျိရှန်းသည် အခြားကိစ္စအကြောင်းကို နည်းနည်းပါးပါး ထပ်ပြောပြီးသည့်နောက် အကုန်လုံးအား ပြန်လွှတ်လိုက်လေသည်။ ထို့နောက်တွင် ကောင်းရွှယ်ထင်းသည် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ တပည့်များကို ခေါ်ကာ ပြိုင်ပွဲအကြောင်းကို ရှင်းပြလိုက်လေသည်။
တစ်ချိန်တည်းတွင် အခြားသော တောင်တစ်လုံးပေါ်ရှိ သီးသန့်ခန်းတစ်ခန်းထဲ၌ လူထွားကြီးတစ်ဦး ထိုင်နေခဲ့လေသည်။ ထိုအခန်း တစ်ခန်းလုံးမှာတော့ သိပ်သည်းလှသည့် အနက်ရောင်ချီတို့ဖြင့် ပြည့်နေလေ၏။
ထိုစဉ် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီး လူထွားကြီး ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။ လူထွားကြီး၏ မျက်လုံးများမှာ သာမန်လူများ၏ မျက်လုံးကဲ့သို့ အဖြူအနက် မဟုတ်ဘဲ အနီအနက် ဖြစ်နေခဲ့လေသည်။ သွေးကြောင်သည့် လူတစ်ဦးသည်သာ ထိုမျက်လုံးများကို မြင်လိုက်ရမည်ဆိုလျှင် တစ်ခါတည်း သတိလစ်သွားနိုင်ပေသည်။
လူထွားကြီး မျက်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် လျှို့ဝှက်ခန်းထဲတွင် ရှိနေသော အနက်ရောင်ချီများမှာ လူထွားကြီး၏ ခန္ဓာကိုယ်ထဲသို့ အလိုလို ပြန်ဝင်သွားကုန်ကြလေသည်။ လူထွားကြီး၏ အနီအနက် ဖြစ်နေသော မျက်လုံးများမှာလည်း တဖြည်းဖြည်းနှင့် မူလအရောင်သို့ ပြန်ပြောင်းသွားခဲ့ပြီး အနက်ရောင်ချီများမှာလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ ယခုဆိုလျှင် လူထွားကြီးမှာ သာမန်လူတစ်ဦးနှင့် မခြားတော့ပေ။
"ဝင်လာခဲ့" ထိုအသံနှင့်အတူ အခန်းတံခါး ပွင့်သွားခဲ့ပြီး လူအိုကြီးတစ်ဦး အခန်းထဲသို့ ဝင်လာခဲ့လေသည်။
လူထွားကြီးသည် ထိုလူအိုကြီးအား ကြည့်၍ မေးလိုက်လေ၏။ "အဲဒီကောင်လေး ဘာဖြစ်လို့ ဒီကိုရောက်နေရတာလဲ"
လူအိုကြီးက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ "ကျုပ်လည်း အဲဒါနဲ့ပတ်သက်ပြီး အံ့အားသင့်နေရတာ၊ သူ့အကြောင်း သတင်းတွေ မကြားတာ ဆယ်နှစ်ကျော်တောင် ကြာသွားပြီဆိုတော့ သူတောင်ဘက်နယ်မြေမှာ မရှိတော့ဘူးလို့ ထင်နေတာ၊ ဘာဖြစ်လို့ ဒီအချိန်ကျမှ ဒီကိုပြန်ရောက်လာလဲ မသိဘူး"
လူထွားကြီးက ထအော်ဆဲလေသည်။ "အဲဒါ ဝမ်ကျိရှန်းရဲ့ လက်ချက်ကြောင့်ပဲ ဖြစ်ရလိမ့်မယ်၊ အဲဒီကောင် အဲဒီကောင်လေးကို ဒီသိုင်းပညာရှင်စုဝေးပွဲအတွက် သက်သက်နဲ့ ဒီကိုခေါ်လိုက်တာတော့ မဟုတ်လောက်ဘူး"
"တိုက်ဆိုင်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့"
လူထွားကြီးက အေးစက်စက် လေသံဖြင့်... "တိုက်ဆိုင်နိုင်တာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အဲဒီကောင် ရှိနေလို့မရဘူး၊ မဟုတ်ရင် ငါ့အစီအစဉ်တွေ ပြဿနာတက်ကုန်လိမ့်မယ်"
လူအိုကြီးက မျက်မှောင်ကြုတ်လျက်... "ဆရာပြောချင်တာက"
"ပြဿနာမဖြစ်ခင် တားရမယ်၊ အဲဒီကောင်ကို ရှင်းပစ်ဖို့ စဉ်းစားလိုက်"
လူအိုကြီးသည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ "သူ့ကိုရှင်းပစ်ဖို့က လွယ်မှာတော့ မဟုတ်ဘူးနော်"
"သူ့ကိုသာ ရှင်းပစ်ဖို့ လွယ်နေရင် ငါမင်းကို ခေါ်လိုက်ဦးမလား၊ သိုင်းပညာရှင်စုဝေးပွဲက တစ်လလောက် ကြာမှာ၊ ဒီတော့ အဲဒီတစ်လအတွင်း သူ့ကိုရှင်းပစ်မဲ့ နည်းလမ်းကို ရှာထားလိုက်၊ ဘာသဲလွန်စမှ မကျန်အောင်လုပ်နော်"
"ဟုတ်ကဲ့" အကြီးအကဲ ခေါင်းညိတ်လိုက်လေသည်။ လူထွားကြီးမှ မည်သည့်စကားမျှ ထပ်မပြောတော့သည်ကို မြင်သော် သူဘာသာသူ ထွက်လာခဲ့လိုက်လေသည်။ လျှို့ဝှက်ခန်းထဲမှ ထွက်လာပြီးသည့်နောက် လူအိုကြီး သက်ပြင်းအမောကြီး ချလိုက်လေသည်။ သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသာဆိုလျှင်တော့ ထိုမျှ ကိစ္စမရှိပေ။ လူအင်အား အလုံအလောက် စုဆောင်းလိုက်ရုံဖြင့် ထိုဧကရာဇ်အဆင့် ပညာရှင်ကို ရှင်းပစ်နိုင်ပေလိမ့်မည်။ သို့သော်ငြား ထိုလူသည် အလွန်ကိုမှ စိတ်ညစ်စရာကောင်းလှသော လေဟာနယ်ပညာရပ် တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားပေသည်။ တိုက်ပွဲကိုသာ မနိုင်လျှင် လေဟာနယ်ပညာရပ်ကို အသုံးချ၍ ထွက်ပြေးသွားနိုင်သည်။ ထိုကောင်လေးသည်သာ ထွက်ပြေးသွားခဲ့၍ သူတို့အကြောင်းကို သတင်းဖြန့်လိုက်မည်ဆိုလျှင် သူတို့၏ အစီအစဉ်အားလုံး ပျက်စီးသွားရနိုင်သည်။
[ဒီကိစ္စကတော့ ခက်တော့မှာပဲ] အတန်ကြာအောင် ထိုင်စဉ်းစားနေပြီးသည့်နောက် လူအိုကြီးမှာ နောက်ဆုံးတွင်တော့ ဆုံးဖြတ်လိုက်လေသည်။ [ကြည့်ရတာ အဲဒီကလူတွေကိုပဲ သွားအကူအညီတောင်းရတော့မယ်နဲ့ တူတယ်၊ သူတို့ဆိုရင် အလစ်ချောင်းပြီးတော့ တိုက်ခိုက်လို့ ရလောက်တယ်]
ထိုသို့ဆုံးဖြတ်ပြီးသည့်နောက် လူအိုကြီး အလျင်စလို ထွက်လာခဲ့လိုက်သည်။
ယနေ့တွင်တော့ ကောင်းကင်မှာ တိမ်စိုင်တိမ်တိုက်တို့ ကင်းစင်ကာ ကြည်လင်သာယာနေခဲ့လေသည်။ အမျိုးမျိုးသော အလံတိုင်ပေါင်းများစွာနှင့်အတူ လူပေါင်းများစွာတို့သည် တောင်ပေါင်းများစွာ ဝန်းရံထားသော တောင်ကြားတစ်ခုတည်းတွင် စုဝေးနေကြလေသည်။ ဤနေရာသည် တောင်ဘက်နယ်မြေ၏ သိုင်းပညာရှင်စုဝေးပွဲ ကျင်းပနေသည့် နေရာလည်း ဖြစ်လေသည်။ တောင်ဘက်နယ်မြေ တစ်ခုလုံးမှ လာရောက် စုဝေးနေကြသော သောင်းနှင့်ချီသည့် ကျင့်ကြံသူများ နေဆံ့ဖို့ရာအတွက် ဤတောင်ကြားမှလွဲ၍ အခြားနေရာ မရှိတော့ပေ။
တောင်ကြားထဲတွင်တော့ ရာနှင့်ချီသော စင်မြင့်များ ရှိနေကြလေသည်။ အကုန်လုံးကို သေသေချာချာ ဖန်တီးထားကြခြင်းဖြစ်ပြီး အစီအရင်များနှင့်လည်း ကာကွယ်ပေးထားပေသည်။
တောင်၏ အရှေ့ဘက်ခြမ်းတွင်တော့ လှေကားထစ် အတန်းလိုက်အတန်းလိုက် ရှိနေကြပြီး အသစ်ဆောက်လုပ်ထားသော စံအိမ်များလည်း ရှိနေကြလေသည်။ ထိုနေရာမှနေ၍ ပွဲစဉ်အား ထိုင်ကြည့်နိုင်မည်ဆိုပါက အေးအေးဆေးဆေးနှင့် ထိုင်ကြည့်လို့ရပေသည်။ တောင်ဘက်နယ်မြေထဲရှိ အဓိကဂိုဏ်းများမှ ဧကရာဇ်အဆင့်ပညာရှင်များမှာ နှစ်ယောက်တွဲ သုံးယောက်တွဲဖြင့် ထိုနေရာတွင် ဆောက်လုပ်ထားသော စံအိမ်များထဲ နေကာ ပြိုင်ပွဲအား ထိုင်ကြည့်နေကြလေသည်။ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းမှ လူများနေနေကြသည့် စံအိမ်များမှာမူ အပေါ်ဆုံးအပိုင်းတွင် ရှိနေကြလေသည်။
ရုတ်တရက်ဆိုသလို အလင်းတန်းတစ်ခု အဝေးတစ်နေရာဆီမှ စင်မြင့်ဆီသို့ ပျံသန်းရောက်ရှိလာခဲ့လေသည်။ (လေ့ကုကို လဲ့ကုလို့ ပြန်ပြောင်းပေးထားပါတယ်နော်)
"သူတို့ရောက်လာပြီပဲ" လဲ့ကု ထိုင်ရာမှ ထလိုက်လေသည်။ လူတိုင်းသည်လည်း လဲ့ကုနည်းတူ အလျင်စလို ထရပ်လိုက်ကြသည်။ ယနေ့ပွဲတော်ကို ကြီးမှူးကျင်းပသော ရှေးဟောင်းကျောင်းတော်၏ ကျောင်းသခင်ဖြစ်သည့် လဲ့ကု ကိုယ်တိုင်ပင်လျှင် ယခုကဲ့သို့ မတ်တပ်ရပ်၍ တလေးတစားဖြင့် ဆီးကြိုနေသည်ကို ကြည့်လျှင် ရောက်လာသည့် လူများမှာ မည်သူဖြစ်သလဲဆိုသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
အလင်းတန်းသည် လူအုပ်ကြီးရှေ့သို့ ဆင်းလိုက်ပြီးသည့်နောက် လူပေါင်းများစွာ ပေါ်လာခဲ့လေသည်။ ဦးဆောင်လာသည့်လူမှာတော့ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်ကာ အားကောင်းလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့လေသည်။ ထိုလူနှင့်အတူ ပါလာသော လူအားလုံးမှာလည်း လက်ရွေးစင်ချည်းများသာ ဖြစ်ကြသည်။ ဤလူများမှာ အခြား မဟုတ်ကြ။ ကြယ်ဝိညာဉ်နန်းတော်မှ လူများသာဖြစ်ကြပြီး ဦးဆောင်လာသည့်လူမှာလည်း ရှောင်ယုယန်သာ ဖြစ်လေသည်။
"မင်္ဂလာပါ ရောင်းရင်းရှောင်" လဲ့ကုနှင့် အခြားသူများက ပြိုင်တူ ဦးညွှတ်လိုက်ကြလေသည်။
ရှောင်ယုယန်က ပြုံးလျက် တယဉ်တကျးဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ "အာ လုပ်မနေစမ်းပါနဲ့၊ ထစမ်းပါ၊ နောက်ကျအောင် လုပ်မိသွားတဲ့အတွက် အားနာပါတယ်ကွာ"
တောင်ဘက်နယ်မြေ၏ သိုင်းပညာရှင်စုဝေးပွဲမှာ ပွဲတော်ကြီးတစ်ခု ဖြစ်သည့်အတွက်ကြောင့် ဤပွဲတော်ကြီး ကျင်းပတိုင်း ကြယ်ဝိညာဉ်နန်းတော်မှ ကိုယ်စားလှယ်များကို စေလွှတ်လေ့ရှိပေသည်။ ကြယ်ဝိညာဉ်နန်းတော်မှ တပည့်များကို ဤကဲ့သို့ ပွဲတော်မျိုးသို့ စေလွှတ်လေ့ရှိပါသော်ငြား ထိုတပည့်များမှာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မဟုတ်ကြဘဲ ပြိုင်ပွဲအား ကြီးကြပ်ရန်အတွက်သာ ဖြစ်လေသည်။
"အာ ဘယ်ကသာ၊ ရောင်းရင်းရှောင် မင်းရောက်လာတာ အချိန်ကိုက်ပဲ" လဲ့ကုက ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်လေသည်။ သူတို့၏ ကျင့်ကြံခြင်းမှာ အတူတူသာဖြစ်ပါသော်ငြား ရှောင်ယုယန်မှာ ကြယ်ဝိညာဉ်နန်းတော်၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် တစ်ဖက်လူအပေါ် မလေးမစားလုပ်၍ မဖြစ်ပေ။
လဲ့ကုသည် ရှောင်ယုယန်နှင့် စကားစမြည်ပြောရင်းမှ ရှောင်ယုယန် ထိုင်ရမည့် နေရာဆီသို့ ခေါ်သွားပေးလေသည်။ ထို့နောက်တွင် ရှောင်ယုယန်က ပြောလိုက်လေ၏။ "အချိန်နီးနေပြီပဲ၊ စကြတာပေါ့"
လဲ့ကုက ခေါင်းညိတ်၍ ဖုန်းမင်အား မျက်စပြလိုက်လေသည်။ ဖုန်းမင်လည်း ချက်ချင်းပင် ရှေ့သို့တက်ကာ စာလိပ်တစ်ခုကိုထုတ်၍ အသံကျယ်ကျယ်ဖြင့် အော်ဖတ်ပြလိုက်သည်။ "ဒီကနေ့မှာတော့ တောင်ဘက်နယ်မြေမှာရှိကြတဲ့ သောင်းနဲ့ချီတဲ့ ပါရမီရှင်တွေအားလုံး သိာင်းပြိုင်ပွဲကြီးအတွက် ဒီနေရာမှာ စုဝေးနေခဲ့ကြတယ်၊ ရှေးဟောင်းကျောင်းတော်က ဒီလိုပွဲမျိုးကို အိမ်ရှင်အဖြစ် လက်ခံပြီး ကျင်းပပေးရတဲ့အတွက် တကယ်ကို ဂုဏ်ယူဝမ်းသာမိမဆုံးပါပဲ၊ ဒီလိုပွဲတော်မျိုးမှာ ကြယ်ဝိညာဉ်နန်းတော်က ဦးဆောင်ပြီးတော့ အင်အားစုတွေအကုန် ပူးပေါင်းပြီး စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ထားပါတယ်၊ ဆင်နွှဲတဲ့လူတွေ အကုန်လုံး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ မျှော်လင့်ပါတယ်၊ အဲဒီစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာကို သတိမမေ့သင့်ပါဘူး"
ဖုန်းမင်၏ အသံမှာ အလွန်တရာကိုမှ ကျယ်လောင်ခြင်း မရှိပါသော်ငြား တောင်ကြားအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ဧကရာဇ်ချီကိုသုံး၍ အော်ပြောပြနေခြင်း ဖြစ်သည့်အတွက်ကြောင့် တောင်ကြားအနှံ့ ပျံ့နှံ့သွားခဲ့ရာ လူတိုင်းမှာ သူ့အသံကို သေသေချာချာ ကြားနေခဲ့ရသည်။
စည်းမျဉ်းစည်းကမ်းများ များစားစား မရှိပေ။ စည်းမျဉ်းစည်းကမ်း များလွန်းလျှင်လည်း အသုံးဝင်လိမ့်မည် မဟုတ်။ သို့သော်ငြား ကန့်သတ်ချက်အချို့တော့ ထားရပေလိမ့်မည်။ ဥပမာပြောရသော် အရှုံးပေးသွားပြီ ဖြစ်သော လူတစ်ဦးအား ထပ်မံတိုက်ခိုက်ခြင်းကို ခွင့်မပြုထားပေ။ ထိုနည်းတူစွာပင် ဆေးလုံးများ အသုံးပြုခြင်းကိုလည်း ခွင့်မပြုပေ။ အထူးသဖြင့် ထိုဆေးလုံးများသည် ကျင့်ကြံသူတစ်ဦး၏ ခွန်အားကို ယာယီမျှသာ တိုးတက်သွားစေသည့်အတွက်ကြောင့်ပင်လျှင် ဆေးလုံးများ အသုံးပြုထားကြောင်း တွေ့ရှိမည်ဆိုပါက အသုံးပြုထားသည့် လူသည်သာ အပြစ်ပေးခံရရုံတင် မဟုတ်။ ထိုလူနှင့် ပတ်သက်နေသော ဂိုဏ်းသည်ပင်လျှင် ပြဿနာတက်သွားရနိုင်ပေသည်။
သိုင်းပြိုင်ပွဲ တစ်ခုချင်းစီ၏ စည်းမျဉ်းစည်းကမ်းတိုင်းမှာ အတူတူသာလျှင် ဖြစ်ကြပေသည်။ ထိုအကြောင်းကြောင့် သက်ဆိုင်ရာ ဂိုဏ်းအသီးသီးမှ အကြီးအကဲများသည် စည်းမျဉ်းစည်းကမ်းများအကြောင်းကို သူတို့ တပည့်များအား ပြောပြထားပြီးသားပင် ဖြစ်ကြလေသည်။ သို့ပင်ဖြစ်လင့်ကစား ပွဲတော်ကြီးတစ်ခုအား ကျင်းပနေခြင်း ဖြစ်သည့်အလျောက် စည်းမျဉ်းစည်းကမ်းများကို ယခုကဲ့သို့ ပွဲမကျင်းပခင် အားလုံးသိအောင် ပြောပြပေးရသည်မှာတော့ ဓလေ့ထုံးတမ်း အစဉ်အလာတစ်ခုသာ ဖြစ်လေသည်။
ထိုတစ်ခဏတာ အတောအတွင်း တောင်ကြားတစ်ခုလုံး ဖုန်းမင်၏ အသံဖြင့်သာ ပြည့်နှက်သွားတော့သည်။ စည်းမျဉ်းစည်းကမ်းများအား ဖတ်ပြပြီးသည့်နောက်တွင် ရရှိမည့် ဆုလာဘ်များကို ကြေညာလေသည်။ ထိုဆုလာဘ်များသည် ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေကြသူများ အဓိကအာရုံစိုက်ရာ အရာများလည်း ဖြစ်ကြပေသည်။ အများစုမှာ ထိုဆုလာဘ်များကြောင့်သာလျှင် ဤပြိုင်ပွဲ၌ လာရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည့်အလျောက် ပါဝင်ယှဉ်ပြိုင်မည့် လူများမှာ ဆုလာဘ်များအကြောင်း ကြားသော် သေသေချာချာကို အာရုံစိုက် နားထောင်ကြတော့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၄၄)
ဘာသာပြန်သူ_တိမ်တိုက်
သိုင်းပြိုင်ပွဲတိုင်း၌ ပေးအပ်သည့်ဆုလာဒ်များမှာ အတော်လေးကိုမှ ကောင်းမွန်လှပေသည်။ တကယ်တော့ ဆုများသာမကောင်းလျှင် ဝင်ပြိုင်ကြသည့်လူများအား အတတ်နိုင်ဆုံး ကြိုးစားလာအောင် မည်ကဲ့သို့များ လှုံ့ဆော်နိုင်ပါမည်နည်း။ သာမန်အခြေအနေမျိုးတွင် ဆုများကို ထိပ်တန်းသုံးဂိုဏ်းမှ ကြယ်ဝိဉာဉ်နန်းတော်နှင့် အတူပူးပေါင်း၍ ပေးအပ်လေ့ရှိကြပေသည်။ ပေးအပ်သောဆုများမှာ ဆေးလုံးများ၊ သိုင်းကျင့်စဉ်များနှင့် သိုင်းပညာရပ်များ ပါဝင်ကြ၏။
ဝင်ပြိုင်ကြသည့်ကျင့်ကြံသူများကို စိတ်အလှုပ်ရှားစေဆုံးမှာ တစ်ဦးချင်းပြိုင်ပွဲနှင့် အဖွဲ့လိုက်ပြိုင်ပွဲများတွင် ပထမရကြသူများသည် ထိုကဲ့သို့သောဆုလာဒ်များကို ရရှိနိုင်ရုံသာလျှင်မဟုတ်ဘဲ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်း၏ တားမြစ်နေရာများတွင် တစ်လခန့်ကြာအောင် တစ်ကြိမ်ကျင့်ကြံခွင့် ရရှိခြင်းပင်။
တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းလုံးသည် တမူထူးခြားသည့် ကျင့်ကြံရေးနယ်မြေများကို ပိုင်ဆိုင်ထားကြပေသည်။ နေမင်းပြာကျောင်းတော်သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို ပိုင်ဆိုင်ထားပြီး ကောင်းကင်တိုက်ပွဲဒိုဂျိုသည် သိုင်းစိတ်ဆန္ဒကျောင်းတော်ကို ပိုင်ဆိုင်ထားပေသည်။ ထို့နည်းတူစွာပင် ရှေးဟောင်းကျောင်းတော်သည် အာကာသလေပြင်းကို ပိုင်ဆိုင်ထားလေသည်။ ကျင့်ကြံရေးပတ်ဝန်းကျင်တစ်ခုနှင့်တစ်ခု၏ အားသာချက်များမှာ တူညီခြင်းမရှိကြချေ။ ကောင်းကင်တက်လှမ်းခြင်းလောကကြီးသည် ဝိဉာဉ်စွမ်းအားကို တိုးတက်အောင် လုပ်ပေးနိုင်သည့် နေရာတစ်ခုဖြစ်ကာ သိုင်းစိတ်ဆန္ဒကျောင်းတော်မှာတော့ အမျိုးမျိုးသောတာအိုများကို လေ့လာရာတွင် အသုံးဝင်သည့် နေရာတစ်ခုဖြစ်ပေသည်။ အာကာသလေပြင်းမှာမူ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အထူးကောင်းမွန်သော နေရာတစ်ခုဖြစ်ပေသည်။
ထိပ်တန်းဂိုဏ်းသုံးဂိုဏ်း၏ တားမြစ်နေရာသုံးခုသည် ကျင့်ကြံသူတစ်ဦး၏ လိုအပ်ချက်များကို ဖာထေးပေးနိုင်ပေသည်။ ကျင့်ကြံသူတစ်ဦးသည်သာ ထိုသုံးနေရာတွင် တစ်လှည့်စီ သွားရောက်ကျင့်ကြံနိုင်မည်ဆိုပါက သူတို့၏အနာဂတ်မှာ အကန့်အသတ်မဲ့ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ ထိုကဲ့သို့သောဆုလာဒ်များအကြောင်းကို ကြားပြီးသည့်နောက် မည်သူကများ စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။ ကျင့်ကြံရေးအရင်းအမြစ်ကဲ့သို့သောအရာများမှာ အပိုပစ္စည်းများသာဖြစ်ကြပြီး တကယ့်တကယ်အရေးကြီးသည်မှာ ကျင့်ကြံသူတစ်ဦး၏ အုတ်မြစ်နှင့် ခွန်အားသာ ဖြစ်လေသည်။ ထို့အပြင် ပထမရသောကျင့်ကြံသူများသည် ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းမှ မည်သည့်ဂိုဏ်းကိုမဆို ဝင်ရောက်နိုင်ပြီး ထိုဂိုဏ်း၏ ပင်မတပည့်တစ်ဦး ဖြစ်လာနိုင်ပေသည်။
ဆုများကို ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် တောင်ကြားထဲတွင် ရှိနေကြသော ကျင့်ကြံသူအားလုံး အလွန်ကိုမှ စိတ်လှုပ်ရှားလာကြတော့သည်။
ထိုသို့ပင်ဖြစ်လင့်ကစား သိုင်းပြိုင်ပွဲ၏ ပထမနေရာများကို ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းမှသာ အမြဲတစေ အပိုင်စားယူထားလေ့ ရှိကြပေသည်။ ထို့အပြင် ထိုတပည့်များမှာ သက်ဆိုင်ရာဂိုဏ်းအသီးသီး၏ ပင်မတပည့်များ ဖြစ်ကြသည့်အလျောက် ပေးအပ်လာသည့် ဆုများသည် ကိုးဆယ့်ကိုးရာခိုင်နှုန်းသော ပါဝင်ဆင်နွှဲသူများအတွက် အလွန်ကိုမှ စွဲမက်ဖွယ်ရာကောင်းလိမ့်မည် ဖြစ်ပါသော်ငြား ထိုတပည့်များအတွက်မူ အချိုပေါ် သကာလောင်းထားရုံသက်သက်သာ ဖြစ်လေသည်။
ဤသိုင်းပြိုင်ပွဲမျိုး၌ ဤကဲ့သို့သောဆုမျိုးကို ပေးကြရခြင်းမှာ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းမှ တပည့်များမှလွဲ၍ အခြားသောပါဝင်ဆင်နွှဲသူများကိုလည်း တတ်စွမ်းသမျှ ကြိုးစားစေလိုသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ သိုင်းပြိုင်ပွဲကို ကျင်းပလာခဲ့သည့် နှစ်များအတောအတွင်း ဖျက်မြင်းများကို မြင်တွေ့ခဲ့ရသည်။ ထို့အပြင် ဖျက်မြင်းများပေါ်လာကြသည်မှာ တစ်ကြိမ်တစ်ခါ မကခဲ့ပေ။ ပုံမှန်အားဖြင့် လူမသိသူမသိကြသော ကျင့်ကြံသူများမှာ ပြိုင်ပွဲအတွင်း ထူးချွန်သည့်စွမ်းဆောင်ရည်ကို ပြသကာ ထိပ်တန်းနေရာများကို ရရှိသွားခဲ့ကြသည်။ ထိုကဲ့သို့သောလူများသည် အကျိုးဆက်အနေဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်းထဲသို့ ဝင်နိုင်သွားကြပြီး ထိုဂိုဏ်းသုံးဂိုဏ်း၏ ပင်မတပည့်များ ဖြစ်လာခဲ့ကြလေသည်။
ပထမနေရာနှင့်ယှဉ်လိုက်သော် ဒုတိယနေရာ၏ဆုမှာ အနည်းငယ်တော့ နည်းသွားခဲ့လေသည်။ ဒုတိယနေရာရသူများသည် ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းထဲသို့ ပင်မတပည့်အဖြစ် ဝင်ရောက်နိုင်သေးပါသော်ငြား ထိပ်တန်းဂိုဏ်းသုံးဂိုဏ်း၏ တားမြစ်နေရာသုံးခုစလုံးကို မဝင်နိုင်တော့ဘဲ နှစ်ခုကိုသာ ဝင်နိုင်တော့လေသည်။ တတိယနေရာအတွက်မူ ပထမနှင့် ဒုတိယကဲ့သို့ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းထဲသို့ ဝင်နိုင်သေးပါသော်ငြား တားမြစ်နေရာများအနက်မူ တစ်ခုထဲသို့သာ ဝင်နိုင်ပေတော့မည်။
တတိယနေရာအောက်ပိုင်းကျင့်ကြံသူများမှာမူ ထိပ်တန်းဂိုဏ်းများထဲသို့ ဝင်ခွင့်မရှိကြတော့သလို တားမြစ်နေရာများထဲသို့ သွားခွင့်မရှိကြတော့ဘဲ အခြားသောဆုလာဘ်များကိုသာ ရယူနိုင်ကြတော့ပေသည်။
ပြောစရာရှိသည်များကို ကြေညာပြီးသွားသည့်နောက်တွင် တောင်ကြားထဲ၌ရှိနေသော ထောင်နှင့်ချီသည့် ကျင့်ကြံသူများမှာတော့ သိုင်းပြိုင်ပွဲအတွင်း တတ်စွမ်းသလောက် ကြိုးစားမည်ဟု တွေးရင်းမှ ရင်တမမ ဖင်တကြွကြွ ဖြစ်နေကြတော့သည်။
စည်းမျဉ်းစည်းကမ်းများနှင့် ဆုလာဘ်များကို ကြေညာပြီးသည့်နောက်တွင် ဖုန်းမင်သည် သူ့နောက်သို့ ပြန်၍လှည့်ကြည့်လိုက်ရာ ရှောင်ယုယန်မှ အကုန်အဆင်ပြေကြောင်း ပြုံးကာခေါင်းညိတ်ပြလိုက်သည်ကိုမြင်သော် သူ့လက်ကိုမြှောက်၍ အော်ပြောလိုက်သည်။ “ကဲ… ပြိုင်ပွဲစကြတာပေါ့…”
ဖုန်းမင်မှ ထိုကဲ့သို့ ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် ဆိုင်းသံဗုံသံများ တောင်ကြားအနှံ့ ထွက်ပေါ်လာခဲ့ပြီး ရောင်စုံအလင်းတန်းများသည်လည်း တောင်ပေါ်မှနေ၍ တောင်ကြားထဲတွင်ရှိနေသော စင်မြင့်အသီးသီးဆီသို့ ပျံသန်းသွားကြလေသည်။
ရန်ကိုင်သည် ထိုအလင်းတန်းများထဲ တစ်ဦးအပါအဝင် ဖြစ်နေခဲ့လေသည်။ ဒိုင်လူကြီးတစ်ဦးဖြစ်သည့်အလျောက် စင်မြင့်ပေါ်တွင် ပထမဦးဆုံးပေါ်လာရသည်မှာ သူ၏တာဝန်သာဖြစ်ပေသည်။ ရန်ကိုင်ဘဝတွင် ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် ဒိုင်လူကြီးလုပ်ဖူးခြင်းဖြစ်ပါသော်ငြား စိတ်လှုပ်ရှားခြင်းရှိမနေဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေ၏။
နံပတ်ရှစ်စင်မြင့်ပေါ်သို့ရောက်သော် ရန်ကိုင်သည် ကျောက်စိမ်းပြားကိုထုတ်၍ ကျောက်စိမ်းပြားအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ကျောက်စိမ်းပြားထဲတွင်တော့ အမျိုးမျိုးသောနံပါတ်များ ရှိနေခဲ့ပြီး နံပါတ်တစ်ခုချင်းစီသည် ကျင့်ကြံသူတစ်ဦးစီကို ကိုယ်စားပြုပေသည်။ နံပါတ်ကို တစ်ခုနှင့်တစ်ခု တွဲထားပြီးသားပင်။ ရန်ကိုင်အနေဖြင့် ထိုနံပါတ်များကို အော်ခေါ်ပေးလိုက်ရုံသာ ရှိပေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လျက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ “နံပါတ်၃၀၁၈နဲ့ နံပါတ်၁၅၆၁၁… စင်မြင့်ပေါ်ကို ကြွခဲ့ပေးပါ…”
ရန်ကိုင်၏စကားသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် သေးသွယ်သွယ်ပုံရိပ်လေးတစ်ခု စင်မြင့်ပေါ်သို့ ခုန်တက်လာခဲ့လေသည်။ ထိုလူသည် ရန်ကိုင်အား ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ စီနီယာ…”
(ငါက ဒီလိုနဲ့ စီနီယာတစ်ယောက်ဖြစ်လာတာလား…) ရန်ကိုင် ယဲ့ယဲ့လေးပြုံးလိုက်လေသည်။ (ငါ ဒီကောင်မလေးထက် အသက် ပိုကြီးများ ကြီးရဲ့လားတောင် မသေချာဘူး…)
သို့သော်ငြား လက်ရှိသူ့ခွန်အားအရ ကြယ်တာရာအစုအဝေးထဲတွင် ရန်ကိုင်၏စီနီယာ ဖြစ်ထိုက်သည့်လူဆို၍ အနည်းငယ်လောက်သာရှိပေတော့သည်။
ထို့အတွက်ကြောင့် ရန်ကိုင်က ခေါင်းညိတ်၍ ပြန်၍ပြုံးပြကာ ထိုကောင်မလေးကို သေသေချာချာလေး လေ့လာကြည့်လိုက်သည်။ ကောင်မလေးသည် ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားခဲ့ပြီး သူမ၏ကျစ်ဆံမြီးလေးများမှာ လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့လေသည်။ ကောင်မလေးကိုကြည့်ရသည်မှာ သိပ်အသက်ကြီးသေးသည့်ပုံမပေါ်။ သူမ၏မျက်နှာလေးမှာ ကလေးမျက်နှာမပျောက်သေးပေ။ ထို့အပြင် သူမ၏ကျင့်ကြံခြင်းမှာလည်း မဆိုးလှ။ တာအိုသခင်ဒုတိယအဆင့်သို့ပင် ရောက်နေခဲ့သည်။ သို့သော်ငြား သူမ မည်သည့်ဂိုဏ်းမှ လာသလဲဆိုသည်ကိုတော့ ရန်ကိုင်မပြောနိုင်ပေ။
ရန်ကိုင်မှ ကောင်မလေးကို လေ့လာနေစဉ် စင်မြင့်ပေါ်သို့ နောက်ထပ်လူတစ်ဦး တက်လာခဲ့လေသည်။ ထိုလူမှာတော့ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးသာ ဖြစ်လေသည်။ လူငယ်လေး၏အနက်ရောင်ဝတ်ရုံမှာ လေအဝှေ့နှင့်အတူ တလူလူလွင့်ပျံနေပြီး သူ့မျက်လုံးများမှာလည်း ခက်ထန်ကြမ်းကြုတ်သည့် အရိပ်အယောင်တို့ဖြင့် တလက်လက်တောက်ပနေခဲ့လေသည်။
(တာအိုသခင်တတိယအဆင့်လား…) ရန်ကိုင်သည် ထိုလူအား တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် သူ့ဘာသာသူတွေးလိုက်လေသည်။ (နံပါတ်၃၀၁၈အတွက်တော့ ခက်ခဲတော့မှာပဲ…)
လူတိုင်းသည် ရန်ကိုင်ကဲ့သို့ မိမိထက် အဆင့်ပိုမြင့်သောလူများကို အဆင့်ကျော်ကာ တိုက်ခိုက်နိုင်ကြသူများ မဟုတ်ကြပေ။ ပုံမှန်အားဖြင့် အဆင့်သေးတစ်ဆင့်ကွာခြားခြင်းသည် အလွန်ကြီးမားလှသော ခွန်အားကွာခြားချက်ကို ကိုယ်စားပြုပေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ကျင့်ကြံသူများမှာ အပတ်တကုတ်ကြိုးစားကာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် ကြိုးစားနေပါဦးမည်နည်း။ သို့သော်ငြား သေရေရှင်ရေးတိုက်ပွဲမျိုးတွင် စိတ်အခြေအနေကို သေချာဖမ်းဆုပ်နိုင်စွမ်းနှင့် ပြောင်းလဲမှုများကိုမူတည်၍ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းမှာ တိုက်ပွဲတစ်ပွဲ၏ အနိုင်အရှုံးကိုလည်း အဆုံးအဖြတ်ပေးနိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အားနည်းသူများမှ ပိုမိုအားကောင်းသည့်လူများအား အနိုင်ယူသွားနိုင်သည့် သာဓကများစွာ ရှိနေခဲ့ရခြင်း ဖြစ်လေသည်။
သူမ၏ပြိုင်ဘက်ကိုမြင်သော် နံပါတ်၃၀၁၈သည် ဦးညွှတ်ကာ တလေးတစားဖြင့် နှုတ်ဆက်လိုက်လေသည်။ “လော့ရှာဂိုဏ်းက ယုကျိုးပါ…”
ပုံမှန်အားဖြင့် ပြိုင်ပွဲတစ်ပွဲမစမီ ပြိုင်ဆိုင်ကြသူများသည် မိမိကိုယ်ကို မိတ်ဆက်ပေးလေ့ ရှိကြပေသည်။
သို့ရာတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးကမူ ထိုသို့လုပ်ချင်ပုံမရဘဲ လော့ရှာဂိုဏ်းမှယုကျိုးအား လက်ညှိုးထိုး၍ မျက်နှာသေအမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ထွက်သွားလိုက်ပေတော့… နင် ငါ့ပြိုင်ဘက်မဟုတ်ဘူး…”
သူ့လေသံမှာ မောက်မာပုံရပါသော်ငြား ထိုလူငယ်လေးပြောသည်မှာလည်း မှားတော့မမှားပေ။ တကယ်တော့ သူ့ကျင့်ကြံခြင်းသည် တစ်ဖက်လူထက် အဆင့်သေးတစ်ဆင့်ပင် ပိုမြင့်နေသည်မဟုတ်လေလော။
ယုကျိုးမှာ ထိုစကားကိုကြားသည့်အခါ သူမ၏မျက်နှာလေးထက် ဒေါသရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ထို့နောက်တွင် နှုတ်ခမ်းလေးကိုကိုက်၍ ပြန်ပြောလိုက်လေသည်။ “တိုက်တောင်မတိုက်ရသေးတာကို ဘယ်လိုလုပ်ပြီး နိုင်မယ်လို့ ဒီလောက်တောင် သေချာနေရတာလဲ…”
အနက်ရောင်ဝတ်ရုံဝတ်လူက ပြန်ပြောလိုက်လေသည်။ “အကောင်းပြောနေတုန်း ငြင်းမနေနဲ့… အရှုံးပေးလိုက်…”
ယုကျိုး၏မျက်နှာ သုန်မှုန်သွားခဲ့သည်။ မည်သို့ပင်ဖြစ်လင့်ကစား အသက်ကိုပြင်းပြင်းရှူ၍ သူမ၏ဒေါသကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် ဘေးနားတစ်နေရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့်ရပ်နေသော ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေသည်။ “စီနီယာ… ကျွန်မတို့ စလို့ရပြီလား…”
ဤစင်မြင့်ပေါ်သို့ တက်လာပြီးပြီ ဖြစ်သည့်အတွက်ကြောင့် စကားလေးနည်းနည်းပြောလိုက်ရုံဖြင့် ဘာကြောင့်များ ပြိုင်ဘက်အား ကြောက်သွားရပါမည်နည်း။ သို့ပင်ဖြစ်လင့်ကစား တစ်ဖက်လူ၏ ပုံစံမှာတော့ သူမအား အမှန်တကယ်ကို ဒေါသထွက်သွားစေခဲ့လေသည်။
ရန်ကိုင်က ဝေ့ကြည့်လျက် လက်ပိုက်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ရပြီ…”
အမှန်တကယ်ကိုဆိုလျှင် ယုကျိုးတို့နှစ်ဦး စင်မြင့်ပေါ်သို့ ရောက်လာတည်းက စတိုက်ခိုက်၍ ရနေလေပြီ။ သို့သော်ငြား ယုကျိုး၏တလေးတစားအမူအယာကြောင့် ရန်ကိုင်မှာ ဤအတိုင်း ရပ်ကြည့်ပေးနေခဲ့ခြင်း ဖြစ်လေသည်။
ရန်ကိုင့်ပါးစပ်မှ ထိုစကားထွက်သွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ်ရုံဝတ်လူသည် ယုကျိုးဆီသို့ လေအလျင်ပမာ တဟုန်ထိုး ပြေးဝင်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့လက်ထဲ၌ လူတစ်ရပ်စာမျှရှိသော ဓါးတစ်ချောင်း ပေါ်လာခဲ့ပြီး ယုကျိုးရှေ့သို့ရောက်သော် သူ့ဓါးအား အားကုန်သုံး၍ လွှဲယမ်းချလိုက်လေသည်။ ယုကျိုးသည် အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက်ကြောင့်ဟုဆိုကာ သူ့တိုက်ကွက်အား အနည်းငယ်မျှပင်လျှင် အားလျှော့ထားခဲ့ခြင်းမရှိချေ။
ယုကျိုးမှာလည်း တစ်ဖက်ပြိုင်ဘက် ဤကဲ့သို့ ဗြုန်းစားကြီး ပြေးဝင်တိုက်ခိုက်လာမည်ဟု မမျှော်လင့်ထားသည့်အလျောက် အလစ်အငိုက် မိသွားခဲ့လေသည်။ ထို့အတွက်ကြောင့် ကမန်းကတန်းဖြင့် ကျာပွတ်တစ်ချောင်းကိုထုတ်၍ သူမ၏ သေကွင်းသေကွက်များကို အလျင်စလို ကာကွယ်လိုက်ရသည်။
တချွင်ချွင်မြည်သံများနှင့်အတူ မီးပွားများ နေရာအနှံ့မှ ဖြာထွက်လာခဲ့သည်။ ပုံရိပ်နှစ်ခုသည် စင်မြင့်ထက် လျင်မြန်စွာ လှုပ်ရှားနေကြလေသည်။ အနက်ရောင်ဝတ်ရုံဝတ်လူမှာ ယုကျိုးအား အဆက်မပြတ် လိုက်လံတိုက်ခိုက်နေချိန် ယုကျိုးမှာတော့ နောက်သို့ အဆက်မပြတ်ဆုတ်ရင်းမှ အသည်းအသန် ခုခံကာကွယ်နေခဲ့ရသည်။ အနက်ရောင်ဝတ်ရုံဝတ်လူ၏ ဓါးချက်ထဲရှိ စွမ်းအားမှာလည်း အတော်လေးကိုမှ အားကောင်းလှပေသည်။ ထို့အပြင် ထိုလူသည် တိုက်ခိုက်ရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့ပြီး ခုခံမည့်အရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ပေ။ သူ၏တိုက်ခိုက်မှုများသည် ယုကျိုးအား အသက်ပင်မရှူနိုင်အောင် ဖြစ်နေစေခဲ့သည်။
သူ့ကျင့်ကြံခြင်းမှာ ယုကျိုးထက် တစ်ဆင့်ပိုမြင့်သလို ဝုန်းခနဲပြေးဝင်ကာ တိုက်ခိုက်လိုက်ခြင်းလည်း ဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ အသာစီးရနေသည်မှာ အဆန်းတော့မဟုတ်လှပေ။ ထိုသို့ပင်ဖြစ်လင့်ကစား ယုကျိုးမှာလည်း မဆိုးလှပေ။ သူမ၏လက်ထဲရှိကျာပွတ်သည် သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပမာ အစပိုင်း၌ အလစ်အငိုက်မိသွားလင့်ကစား ပြိုင်ဘက်၏ အဆက်မပြတ် တိုက်ခိုက်မှုများကို ကောင်းကောင်း ခုခံနေနိုင်ခဲ့လေသည်။ တစ်ခါတစ်ရံ ရှုံးနိမ့်သွားမည့်အရိပ်အယောင်များကို မြင်တွေ့ရပါသော်ငြား ယုကျိုးမှာတော့ လုံးဝရှုံးနိမ့်သွားခဲ့ခြင်း မရှိသေးပေ။
သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ရင်းမှ ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ရလေသည်။ ရန်ကိုင်၏မျက်နှာထားမှာလည်း စတင်၍ တည်ကြည်လာတော့သည်။ သူကိုယ်တိုင်သည် နံပါတ်ရှစ်စင်မြင့်၏ ဒိုင်လူကြီးဖြစ်သည့်အတွက်ကြောင့် သေချာအလေးအနက်ထားမှသာ ရပေလိမ့်မည်။ ရန်ကိုင်၏အလုပ်မှာ မလိုလားအပ်သော ဆိုးရွားသည့် ထိခိုက်မှုများ သေဆုံးမှုများ မဖြစ်ရလေအောင် ကာကွယ်ဖို့ရာပင် မဟုတ်လေလော။ ရှုံးနိမ့်မည့်သူ မည်သူဖြစ်မလဲဆိုသည်နှင့်ပတ်သက်၍ လုံးဝသေချာသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်မှ တိုက်ပွဲအား အချိန်မီဝင်တားရပေလိမ့်မည်။ သို့မှသာလျှင် မလိုအပ်သောထိခိုက်မှုများ ဖြစ်မလာပေလိမ့်မည်။
ယနေ့သည် သိုင်းပြိုင်ပွဲ၏ ပထမဦးဆုံးနေ့ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် မည်သည့်အမှားမှ မလုပ်လိုပေ။
ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် ယုကျိုးဘက် ဘက်လိုက်ချင်မိပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူမသည် အမျိုးသမီးတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်နှင့် ဘာမှမဆိုင်။ ထိုအစား ယုကျိုးသည် စင်မြင့်ပေါ်သို့ တက်လာပြီးသည့်နောက် သူ့အပေါ် ယဉ်ကျေးခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ အနက်ရောင်ဝတ်ရုံဝတ်နှင့်လူမှာတော့ ရန်ကိုင်အား အတော်လေးကိုမှ ကြည့်မရဖြစ်စေလေ၏။ (ငါက ဒိုင်လူကြီး… ငါ့ကို စီနီယာလို့ မနှုတ်ဆက်တာတောင် အဆင်ပြေသေးတယ်… ဘာလဲ… ငါ့ဘက်ကို တစ်ချက်တောင်မလှည့်ဘဲ လူကို မရှိသလို သဘောထားနေတယ်… ဒီကောင်က ဘာကောင်လဲကွ…)
သို့သော်ငြား ဒိုင်လူကြီးများမှာ ဘက်လိုက်၍မဖြစ်ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းချနေရုံသာ တတ်နိုင်လေ၏။ (ယုကျိုးကတော့ မလွယ်တော့ဘူး… ကျင့်ကြံခြင်းကလည်း နိမ့်သေးတယ်… စတိုက်ခိုက်တော့လည်း ထပ်နိမ့်သွားတယ်… ဒီလိုဆိုလို့ရှိရင်တော့ အနှေးနဲ့အမြန် ရှုံးတော့မှာပဲ…)
နှစ်ဦးသားမှာ ပြေး၍တိုက်ခိုက်လိုက် နောက်ဆုတ်ရင်းဖြင့်ခုခံလိုက် လုပ်နေခဲ့ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် စင်မြင့်၏ အစွန်ဖျားနားသို့ ရောက်လာခဲ့လေသည်။
ယုကျိုးမှာ တောက်လျှောက်ကို နောက်ဆုတ်လာနေခဲ့လေရာ သူမ၏ ပတ်ဝန်းကျင်အခြေအနေကို ဂရုစိုက်ရန် မအားခဲ့ပေ။ သူမ ခြေထောက်လွတ်သွားပြီး တစ်ခုခုမှားယွင်းနေပြီဟု သတိပြုမိလိုက်ချိန်တွင်တော့ နောက်ကျသွားခဲ့လေပြီ။ စင်ပေါ်မှ ပြုတ်ကျသွားသည်နှင့် ယုကျိုးမှာ လုံးဝကို ရှုံးသွားပေလိမ့်မည်။ သူမ ဆက်တိုက်ခိုက်နိုင်နိုင် ဆက်မတိုက်ခိုက်နိုင်နိုင် ကိစ္စမရှိတော့ပေ။ ထိုရုတ်တရက်အဖြစ်အပျက်သည် ယုကျိုးအား ထိတ်လန့်တကြား ဖြစ်သွားစေခဲ့လေရာ ယုကျိုးမှာ အလန့်တကြားအော်ဟစ်ရင်းမှ အောက်သို့ ပြုတ်ကျသွားခဲ့လေသည်။
အနက်ရောင်ဝတ်ရုံဝတ်လူမှာလည်း ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။ ယုကျိုးနောက်သို့ တောက်လျှောက်လိုက်လာခဲ့ပြီး သူ့ဘက်မှ လုံးဝ အသာရသွားပြီမှန်း သိလိုက်သော် ချက်ချင်းပဲ ကြမ်းကြုတ်စွာပြုံး၍ အော်ပြောလိုက်လေသည်။ “ကျသွားလိုက်ပေတော့…”
ပြောနေရင်းမှ ယုကျိုး၏ခန္ဓာကိုယ်ကို ဓါးဖြင့် ခုတ်ချလိုက်သည်။
ရန်ကိုင်မှာ ဝင်ပါလုမတတ် ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား သူဝင်ပါခါနီးမှာပင် ယုကျိုးသည် သူမ၏ခန္ဓာကိုယ်ကို မဖြစ်နိုင်လုနီးပါးပုံစံမျိုးဖြင့် ကောက်ကွေးချလိုက်သည်။ စင်မြင့်ပေါ်တွင် ခြေထောက်တစ်ဖက်တင်ထားရင်းမှ အနက်ရောင်ဝတ်ရုံဝတ်လူ၏ဓါးကို မဖြစ်နိုင်သည့်ပုံစံမျိုးဖြင့် ရှောင်ရှားလိုက်ပြီး သူမ၏ကျာပွတ်ကိုသုံးကာ ဓါးအား လှမ်း၍ရစ်ပတ်လိုက်သည်။ ထို့နောက် ဆောင့်ဆွဲချလျက် အနက်ရောင်ဝတ်ရုံဝတ်လူနောက်သို့ အသာအယာ ခုန်တက်သွားခဲ့လေသည်။
ယခုဆိုလျှင် နှစ်ဦးသား၏နေရာများမှာ ပြောင်းပြန်ဖြစ်သွားခဲ့လေသည်။
ထိုပြိုင်ပွဲကိုကြည့်နေကြသည့် ကျင့်ကြံသူများမှာတော့ ကြောင်သွားကုန်ကြလေ၏။ ထိုလူများနှင့်မတူညီစွာ အခြားသောကျင့်ကြံသူတစ်သိုက်မှာတော့ ဝမ်းသာအားရဖြင့် အော်ဟစ်အားပေးနေကြလေ၏။ ထိုလူများမှာ ယုကျိုး၏ဂိုဏ်းသားများ ဖြစ်ကြရပေလိမ့်မည်။
ရန်ကိုင်သည်ပင်လျှင် ယုကျိုး ယခုကဲ့သို့အခြေအနေမျိုးကို အထက်အောက်ပြောင်းပြန် ပြောင်းလဲပစ်လိုက်နိုင်လိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် ကြောင်နေမိလေသည်။ ယုကျိုးသည် ယခုကဲ့သို့ဖြစ်လာအောင် တမင်တကာစီစဉ်ထားခြင်းမဟုတ်ပေ။ စင်အောက်သို့ပြုတ်ကျသွားစဉ်က ယုကျိုး ထိတ်လန့်သွားခဲ့သည်မှာ အမှန်တကယ်သာ ဖြစ်လေသည်။ သို့သော်ငြား နောက်ဆုံး ရှုံးနိမ့်ခါနီးမှာပင် အခြေအနေအပေါ် လိုက်လံပြောင်းလဲနိုင်စွမ်းကို အသုံးချ၍ သူမအတွက် အရေးမသာသည့်အခြေအနေကို အရေးသာသည့်အခြေအနေအဖြစ်သို့ ပြောင်းလဲပစ်လိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၄၅)
ဘာသာပြန်သူ_တိမ်တိုက်
အောက်သို့ပြုတ်ကျမည့် ဘေးမှ ကပ်သီလေး လွတ်မြောက်လာပြီးသည့်တိုင် ယုကျိုးမှာတော့ တစ်ချက်မျှပင် နားမနေခဲ့ဘဲ သူမ၏ ကြာပွတ်အား အနက်ရောင်ဝတ်ရုံဝတ်လူဆီသို့ ရိုက်ချလိုက်လေသည်။ ကြာပွတ်မှာ မြွေတစ်ကောင်ပမာ အနက်ရောင်ဝတ်ရုံဝတ်လူ၏ ကျောပြင်ဆီသို့ တဟုန်ထိုး တိုးဝင်သွားလေ၏။
အနက်ရောင်ဝတ်ရုံဝတ်လူမှာလည်း အခြေအနေမကောင်းတော့မှန်း သတိထားမိလိုက်သည့်နောက် သူ့ဓားအား နောက်သို့ ကမန်းကတန်း ဝှေ့ယမ်းချလိုက်လေသည်။
ထန်။
ကျယ်လောင်သည့် အသံနှင့်အတူ အနက်ရောင်ဝတ်ရုံဝတ်လူ ယိမ်းထိုးသွားခဲ့ပြီး ခြေခိုင်ခိုင် ရပ်နိုင်အောင် မနည်း ပြန်ကြိုးစားလိုက်ရသည်။ ယုကျိုးမှာတော့ အားကောင်းလှသည့် တန်ပြန်အားကြောင့် သွေးတစ်ပွက် အန်ထွက်ရင်း နောက်သို့ လွင့်စဥ်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဒယီးဒယိုင် ပြုတ်ကျသွားခဲ့လေသည်။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင် ကြိတ်၍ တွေးလိုက်လေသည်။ [ယုကျိုးသာ သူပြိုင်ဘက်နဲ့ အဆင့်တူသာဆိုရင် အဲဒီတိုက်ကွက်နဲ့ နိုင်သွားလောက်ပြီ]
ကံမကောင်းစွာဖြင့် ယုကျိုးမှာ သူမ၏ ပြိုင်ဘက်ထက် ကျင့်ကြံခြင်းအဆင့်တစ်ဆင့် ပိုနိမ့်နေခဲ့လေသည်။ ထိုအတွက်ကြောင့် သူမ၏ ကမန်းကတန်း တိုက်ခိုက်မှုမှာ ပြိုင်ဘက်အား အောက်သို့ ပြုတ်ကျအောင် မလုပ်သွားနိုင်ခဲ့ဘဲ သူမသည်သာ တစ်ဖက်လူ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ဒဏ်ရာအချို့ ရသွားခဲ့ရသည်။
နှစ်ဦးစလုံးမှာ ရှုံးသွားမည့် ဘေးမှ ပွတ်ကာသီကာလေး လွတ်မြောက်နိုင်ခဲ့ကြလေသည်။ နှစ်ဦးအကြားရှိ ပြိုင်ပွဲမှာ အတော်လေးကိုမှ ရင်သပ်ရှုမောဖွယ် ကောင်းလှပေ၏။
ရန်ကိုင်မှာလည်း စိတ်ထဲမှ ကြိတ်ကာ အားပေးနေမိလေသည်။ ပထမဦးဆုံးပြိုင်ပွဲမှာပင် ယခုကဲ့သို့သော လူနှစ်ဦးနှင့် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယုကျိုးဖြစ်စေ အနက်ရောင်ဝတ်ရုံဝတ်လူဖြစ်စေ နှစ်ဦးစလုံးမှာ တာအိုသခင်အဆင့်ကျင့်ကြံသူများတွင်ပင် အတော်လေးကိုမှ အားကောင်းကြသည့် လူများ ဖြစ်ကြသည်။ သူတို့ နှစ်ဦးသည်သာ ထိပ်တန်းဂိုဏ်းများထဲသို့ ရောက်သွားမည်ဆိုလျှင်ပင် ထိုထိပ်တန်းဂိုဏ်းများ၏ ထိပ်တန်းတပည့်များ ဖြစ်လာကြလိမ့်မည်မှာ မလွဲမသွေပင်။
ယခုမှသာလျှင် ဂိုဏ်းငယ်လေးများကို အထင်သေးမိသွားမှန်း ရန်ကိုင် သိသွားရတော့သည်။ ဂိုဏ်းငယ်လေးများ ဖြစ်ကြသည့်တိုင် နှစ်ပေါင်းထောင်နှင့်ချီတိုင်အောင် တည်ရှိနေနိုင်ရသည်မှာ အလကားသက်သက်တော့ မဟုတ်ပေ။ ထိပ်တန်းဂိုဏ်းများသည်သာလျှင် ထိပ်တန်းပညာရှင်များကို မွေးထုတ်နိုင်ခြင်း မဟုတ်။
ထိုအကြောင်းကို စဉ်းစားရင်းမှ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လော့ယွမ် အကြောင်းကို ရန်ကိုင် ရုတ်တရက် ပြန်သတိရသွားခဲ့သည်။ ဥတုလေးမျိုးနယ်မြေ ပွင့်စဉ်က ထိုထဲက လူနှစ်ဦးမှာ တောင်ဘက်နယ်မြေထဲ အလွန်ကိုမှ နာမည်ကျော်သွားခဲ့ရလေသည်။ တစ်ဦးမှာတော့ တာအိုသခင်အဆင့်ကျင့်ကြံခြင်းဖြင့် အဆုံးမဲ့ရတနာဆေးလုံးများကို ဖော်စပ်ပြခဲ့သော ရန်ကိုင်ပင် ဖြစ်ပြီး အခြားတစ်ဦးမှာတော့ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လော့ယွမ်သာဖြစ်၏။
လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် တောင်ဘက်နယ်မြေထဲရှိ ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသာ ဖြစ်ကာ ငှက်မွေးပြာဂိုဏ်းထက်ပင်လျှင် ပို၍ နိမ့်ကျသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပေသည်။ သို့သော်ငြား လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ ထွက်ပေါ်လာသော လော့ယွမ်မှာမူ ဝူချန်းနှင့်ပင် လက်ရည်တူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်။
လော့ယွမ်အကြောင်း ပြောရသော် ယမန်နေ့က လော့ယွမ်အား မြင်လိုက်သလို ရန်ကိုင် ရုတ်တရက် စဉ်းစားမိသွားခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုစဉ်က သူတို့နှစ်ဦးအကြားမှ အကွာအဝေးမှာ အတော်လေးကို ဝေးကွာနေသည့်အတွက်ကြောင့် တစ်ဖက်လူသည် လော့ယွမ် ဟုတ်မဟုတ် ရန်ကိုင် အတည်မပြုနိုင်ခဲ့ပေ။ [အဲဒီကောင် လော့ယွမ်ပဲ ဖြစ်ရလိမ့်မယ်၊ အခု သိုင်းပြိုင်ပွဲက တောင်ဘက်နယ်မြေက ဂိုဏ်းတွေအကုန်လုံး လာပြိုင်တာဆိုတော့ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းလည်း ပါမှာပဲ]
ရန်ကိုင် အတွေးထဲ နစ်မျောနေစဉ်မှာပင် ယုကျိုးနှင့် အနက်ရောင်ဝတ်စုံဝတ်လူတို့မှာတော့ နောက်တစ်ဖန် ထပ်မံတိုက်ခိုက်နေကြလေပြီ။ တစ်ဦးမှာ အကြမ်းပတမ်းနိုင်လှပြီး အခြားတစ်ဦးမှာတော့ ပေါ့ပါးသွက်လက်လှသည်။ သို့တိုင် နှစ်ဦးစလုံးမှာတော့ လက်ရည်တူ ယှဉ်ပြိုင်တိုက်ခိုက်နေနိုင်ခဲ့ကြလေသည်။ နှစ်ဦးစလုံးမှာ မည်သူ အနိုင်ရသူဖြစ်မလဲဆိုသည်ကို မဆုံးဖြတ်နိုင်ကြသေးပေ။ ယခုတစ်ကြိမ် ပြိုင်ပွဲသည် တစ်ဖက်သတ်တိုက်ပွဲ မဟုတ်တော့ပေ။ ထိုအကြောင်းကြောင့် ဤပုံမှန် မဟုတ်သည့် အခြေအနေသည် အခြားသော ပွဲကြည့်ပရိသတ်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ကာ မကြာမီမှာပင် နံပါတ်ရှစ် စင်မြင့်သည် ပွဲကြည့်ပရိသတ်များဖြင့် ပြည့်နှက်သွားတော့လေသည်။
ရန်ကိုင်သည်လည်း နှစ်ဦးသားအကြား တိုက်ပွဲကို သေသေချာချာ ကြည့်နေမိလေသည်။ ထက်ကောင်းကင်နန်းတော် တပည့် ဆက်လက် လက်မခံတော့သည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်မှာ ဟွာချင်းဇီအား ယခုကဲ့သို့ ပြိုင်ပွဲမျိုး ကျင်းပပေးရန် ပြောမိပေလိမ့်မည်။ ယခုကဲ့သို့သော ပြိုင်ပွဲမျိုးကို ကျင်းပရသည်မှာ အချိန်ကုန် လူပင်ပန်းရပါသော်ငြား ထူးချွန်လှသော ပါရမီရှင်များကို ရွေးချယ်နိုင်မည့် အကောင်းဆုံးသော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ယခုကဲ့သို့သော နည်းလမ်းသည် ထွက်ပေါ်လာမည့် ပါရမီရှင်များ၏ ကိုယ်ကျင့်သိက္ခာနှင့် စရိုက်ကို အာမမခံပေးနိုင်ပေ။
တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် အနက်ရောင်ဝတ်ရုံဝတ်လူ၏ တိုက်ခိုက်မှုများမှာ ပိုပို၍ ကြမ်းတမ်းလာတော့လေသည်။ ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့ မဟုတ်။ ပြိုင်ဘက်၏ ကျင့်ကြံခြင်းမှာ သူ့ထက် တစ်ဆင့်ပင် ပိုနိမ့်နေသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် ယခုကဲ့သို့သော ပြိုင်ဘက်မျိုးကို သူ့အနေဖြင့် အလွယ်တကူ အနိုင်ယူသင့်ပေသည်။ သို့သော်ငြား ထိုသို့ဖြစ်မလာခဲ့ဘဲ ဤအမျိုးသမီးမှာ တောက်လျှောက်ကို ပတ်ပြေးနေသည့်အတွက်ကြောင့် အနက်ရောင်ဝတ်ရုံဝတ်လူမှာ တစ်ဖက်လူအား အနိုင်ရဖို့ရာ အတော်လေးကိုမှ ခက်ခဲနေခဲ့ရသည်။ ထိုအတွက်ကြောင့် သူ့စိတ်ထဲ ကြိတ်မနိုင်ခဲမရ ဖြစ်လာရကာ သူ၏ တိုက်ခိုက်မှုများမှာလည်း ပိုပို၍ ကြမ်းတမ်းလာရတော့လေသည်။
ယုကျိုးမှာ သူမ၏ ပေါ့ပါးသွက်လက်မှုကို အသုံးချရင်းမှ ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ ပြန်လည်တိုက်ခိုက်နေခဲ့ရသည်။ သို့သော်ငြား ကျင့်ကြံခြင်းကွာဟချက်မှာ သူမ၏ အကြီးမားဆုံးသော အားနည်းချက်တစ်ခု ဖြစ်နေခဲ့သည်။ ယခုအချိန်အထိ တိုက်ခိုက်ထားဖို့ရာမှာ မလွယ်ကူလှပေ။ ဤပြိုင်ပွဲကို အနိုင်ရဖို့ရာမှာ မဖြစ်နိုင်သည့် အရာမျိုး မဟုတ်ပါသော်ငြား လွယ်ကူသည့် အရာမျိုးလည်း မဟုတ်။ သူမ၏ ဆံပင်များ ဖွာကြဲလန်နေခဲ့ပြီး သူမ ကိုယ်အထက် ဒဏ်ရာဒဏ်ချက်များစွာလည်း ရှိနေခဲ့လေသည်။ အသက်ရှူနှုန်းသည်ပင်လျှင် တည်ငြိမ်နေခြင်း မရှိတော့ဘဲ တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် စိုရွှဲနေလေ၏။ သို့ပင် အံကိုတင်းတင်းကြိတ်၍ အရှုံးမပေးသေးဘဲ ဆက်လက်၍ တိုက်ခိုက်နေပေသေးသည်။
မည်သို့ပင်ဖြစ်လင့်ကစား ကြာပွတ်ကိုင်ထားသည့် ယုကျိုး၏ လက်မှာ ကတုန်ကယင် ဖြစ်နေမှန်းကိုတော့ ရန်ကိုင် သတိထားမိလိုက်သည်။ တစ်ဖက်လူ၏ အားကောင်းသော ဓားချက်များကို အဆက်မပြတ် ခုခံနေရလေရာ သူမအနေဖြင့် ဓားချက်များမှ သူမ၏ ကြာပွတ်တစ်လျှောက် စီးဝင်လာသော အားကို အချိန်အကြာကြီး မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။
အနက်ရောင်ဝတ်ရုံဝတ်လူမှာလည်း ထိုအချက်ကို သတိထားမိသည့်အလျောက် ယုကျိုးအား အသက်ရှူချိန်ပင် မပေးဘဲ သူ၏ အားသာချက်ကို အသုံးချ၍ အဆက်မပြတ်ကို တိုက်ခိုက်နေခဲ့လေသည်။
နောက်ဆုံးတွင်တော့ တစ်ခုခု ပြတ်ထွက်သွားသည့် အသံနှင့်အတူ အနက်ရောင်ဝတ်ရုံဝတ်လူ၏ ဓားချက်ကြောင့် ကြာပွတ်မှာ နှစ်ပိုင်း ပြတ်ထွက်သွားခဲ့ရလေသည်။
ထိုအချင်းအရာကို မြင်လိုက်သော် အနက်ရောင်ဝတ်ရုံဝတ်လူ ပျော်သွားခဲ့လေသည်။ သူပြိုင်ဘက်၏ ကြာပွတ်ကြောင့် သူ့ခမျာ အတော်လေးကိုမှ ဒုက္ခရောက်ခဲ့ရသည်။ ယခု ကြာပွတ် ပျက်စီးသွားခဲ့ပြီ ဖြစ်လေရာ သူ့ပြိုင်ဘက်အနေဖြင့် သူ့အား ပြန်လည်တိုက်ခိုက်နိုင်တော့လိမ့်မည် မဟုတ်ပေ။ အနက်ရောင်ဝတ်ရုံဝတ်လူမှ အေးစက်စက် အမူအရာဖြင့် လှမ်း၍ ကြည့်လိုက်ရာ ယုကျိုး၏ မျက်နှာအထက် ထိတ်လန့်ရိပ်တို့ ထွက်ပေါ်လာကြောင်းကို တွေ့ရှိလိုက်ရလေသည်။ တစ်ချိန်တည်းတွင် ယုကျိုးမှာ သူမ၏ လက်နက် ပျက်စီးသွားသည့်အတွက်ကြောင့် အလျင်စလို နောက်သို့ ပြန်ဆုတ်ရန် ကြိုးစားနေခဲ့သည်။ သို့သော်ငြား အနက်ရောင်ဝတ်စုံဝတ်လူမှာ ဤကဲ့သို့သော အခွင့်အရေးမျိုးကို မည်ကဲ့သို့များ လက်လွတ်ခံနိုင်ပါမည်နည်း။
"သေလိုက်ပေတော့" ချက်ချင်းပဲ ဓားကို ကိုင်စွဲရင်းမှ ယုကျိုးဆီသို့ ပြေးဝင်သွားကာ ခုတ်ချလိုက်လေသည်။
[ငါနိုင်ပြီ၊ ထင်တဲ့အတိုင်းပဲ လွယ်တော့] သူ့အတွေးကို ဆုံးအောင် မတွေးနိုင်သေးခင်မှာပင် ယုကျိုး၏ မျက်နှာအထက်ရှိ ထိတ်လန့်တုန်လှုပ်ရိပ်တို့ ပျောက်ကွယ်သွားခဲ့ပြီး ညစ်ကျယ်ကျယ် အရိပ်အယောင်တို့ သူမ၏ မျက်လုံးထဲ ထွက်ပေါ်လာကြောင်းကို အနက်ရောင်ဝတ်စုံဝတ်လူ တွေ့လိုက်ရသည်။ ထို့နောက်တွင် သူ့အနောက်ဘက်ဆီမှ လေခွင်းသံတို့ ထွက်ပေါ်လာခဲ့လေသည်။
[မကောင်းတော့ဘူး] အနက်ရောင်ဝတ်ရုံဝတ်လူ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားတော့သည်။ ယုကျိုး မည်ကဲ့သို့သော အကွက်မျိုး ကြံနေသလဲဆိုသည်ကို မသိပါသော်ငြား သူမ၏ ထောင်ချောက်ထဲသို့ သူ တည့်တည့်မတ်မတ် တိုးဝင်သွားသည်မှာတော့ သေချာပေသည်။ ကံမကောင်းစွာဖြင့် ယခုအနေအထားမှ ပြန်ဆုတ်ဖို့ရာ မဖြစ်နိုင်တော့ပေ။ ထိုအတွက်ကြောင့် သူဓားချက်ထဲသို့ အားထပ်ထည့်၍သာ တစ်ဖက်လူအား သူ့ဓားချက်ဖြင့် မြန်မြန်ဆန်ဆန် ပွဲသိမ်းပစ်ရန် ကြိုးစားလိုက်တော့လေသည်။
ယုကျိုးမှာ သူမ လက်ထဲတွင် ရှိနေသော ကြာပွတ်တစ်ဝက်ဖြင့် ဓားချက်ကို အလျင်စလို ကောက်ကာလိုက်လေသည်။ သို့သော်ငြား တစ်ဖက်လူ၏ ဓားချက်မှာ အလွန်တရာကိုမှ အားကောင်းလွန်းလှသည့်အတွက်ကြောင့် ဓားချက်ကို အပြည့်အဝ တားဆီးနိုင်ခဲ့ခြင်း မရှိဘဲ ဓားချက်မှာ သူမ၏ ပခုံးအထက်မှ နေ၍ ဝမ်းဗိုက်တစ်လျှောက်အထိ ရှပ်ထိသွားခဲ့လေသည်။ သွေးများ အပွက်ပွက် အန်ထွက်ရင်းမှ ပြင်းထန်လွန်းလှသည့် ဓားချက်ကြောင့် ယုကျိုးမှာ အမှိုက်ထုပ်တစ်ထုပ်ပမာ နောက်သို့ လွင့်စဥ်ထွက်သွားခဲ့ရလေသည်။ သူမ အနောက်သို့ လွင့်ထွက်သွားနေစဉ် အတောအတွင်း သူမ ထုတ်သုံးလိုက်သည့် လျှို့ဝှက်သိုင်းပညာရပ်မှာလည်း စတင်၍ အသက်ဝင်လာတော့လေသည်။
အနက်ရောင်ဝတ်ရုံဝတ်လူမှာ သူ့ခန္ဓာကိုယ်အား တစ်စုံတစ်ခုမှ တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသလို ခံစားလိုက်ရလေသည်။ ယခုမှသာလျှင် ယုကျိုး ဘာကြံနေမှန်း သဘောပေါက်သွားခဲ့ရတော့သည်။ အစောပိုင်းက သူ၏ ဓားချက်ကြောင့် ပြတ်ထွက်သွားခဲ့သော ယုကျိုး၏ ကြာပွတ်တစ်ပိုင်းမှာ သူ သတိမထားမိနေစဉ်မှာပင် သူ့ဆီသို့ ပြန်လာပြီး သူ့ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ခဲ့သည်။ ထို့နောက်တွင် ကြာပွတ်ဆီမှ ရှင်းပြမရသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး သူ့ကျင့်ကြံခြင်းကို ဖိနှိပ်လိုက်ရာ အနက်ရောင်ဝတ်ရုံဝတ်လူအဖို့ သူ၏ အရင်းအမြစ်ချီကို ချောချောမွေ့မွေ့ မလှည့်ပတ်နိုင်တော့ ဖြစ်သွားခဲ့ရလေသည်။
ထို့နောက် ခေါင်းမော့၍ ကြည့်လိုက်ရာ ယုကျိုးသည် ကြာပွတ်တစ်ဝက်ကို ကိုင်ရင်းမှ သူ့ခေါင်းတည့်တည့်သို့ ရိုက်ချလာနေကြောင်းကို တွေ့လိုက်ရလေသည်။ ထိုကြာပွတ်ချက်သည်သာ သူ့ခေါင်းတည့်တည့်အား ထိမှန်သွားမည်ဆိုလျှင် သူ့အနေဖြင့် ကျိန်းသေ သေရပေလိမ့်မည်။
"ငါအရှုံးပေးတယ်" အနက်ရောင်ဝတ်ရုံဝတ်လူက အလျင်စလို အော်ပြောလိုက်သည်။
ကြာပွတ်သည် အနက်ရောင်ဝတ်ရုံဝတ်လူ၏ နဖူးနှင့် လက်ညှိုးတစ်ချောင်းစာခန့် အကွာတွင် ရပ်သွားခဲ့လေသည်။ ကြာပွတ်သည်သာ နည်းနည်းလေး ရှေ့ဆက်တိုးခဲ့လိုက်မည်ဆိုပါက အနက်ရောင်ဝတ်ရုံဝတ်လူ၏ နဖူးအထက် အပေါက် ဖြစ်သွားပေလိမ့်မည်။ ကြာပွတ်မှာ သူ့ခေါင်းအား မထိနေသည့်တိုင် ကြာပွတ်ဆီမှ ထွက်ပေါ်လာနေသည့် စွမ်းအားသည် သူ့နဖူးအား လာရောက်ပွတ်တိုက်သွားခဲ့လေရာ အနက်ရောင်ဝတ်ရုံဝတ်လူ၏ နဖူးမှာ အလွန်ကိုမှ နာကျင်သွားခဲ့ရပြီး တစ်ကိုယ်လုံးလည်း ဇောချွေးပြန်သွားခဲ့ရလေသည်။
ကြာပွတ် လေထဲတန်းလန်း ရပ်သွားရခြင်းမှာ ယုကျိုးကြောင့်တော့ မဟုတ်။ ရန်ကိုင်မှ အချိန်မီ လှမ်းတားထားလိုက်သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ အနက်ရောင်ဝတ်ရုံဝတ်လူမှ လက်လျှော့လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ လေထုအား ဆုပ်ကိုင်လိုက်သည်။ ရန်ကိုင်မှ ထိုကဲ့သို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ်ရုံဝတ်လူ၏ နဖူးဆီသို့ တိုးဝင်လာနေသော ကြာပွတ်မှာ ရပ်တန့်သွားခဲ့ပြီး ယုကျိုး ကိုယ်တိုင်မှာလည်း လွင့်စဥ်ထွက်နေရင်းမှ လေထဲမှာပင် တိုးလိုးတွဲလောင်းကြီး ရပ်သွားခဲ့လေသည်။
ယုကျိုး၏ အခြေအနေကို မြင်ပြီးသည့်နောက် အနက်ရောင်ဝတ်ရုံဝတ်လူ၏ မျက်နှာ အရုပ်ဆိုးသွားတော့လေသည်။ အကြောင်းမှာ ယုကျိုး၏ ခန္ဓာကိုယ်သည် စင်မြင့် အစွန်အဖျားအနားသို့ ရောက်နေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ အချိန်နည်းနည်းလောက်သာ ထပ်ကြာသွားမည်ဆိုလျှင် ယုကျိုး စင်ပေါ်မှ ပြုတ်ကျသွားပေတော့မည်။ [ဆိုးလိုက်တာကွာ၊ အနိုင်ရခါနီးကို၊ ငါသာနည်းနည်းလေး နောက်ကျပြီးမှ အညံ့ခံလိုက်ရင် သူကျိန်းသေရှုံးမှာ]
သို့သော်ငြား ယခုကဲ့သို့ သေရေးရှင်ရေး အခြေအနေမျိုးတွင် သူ့အနေဖြင့် မည်ကဲ့သို့များ တုံ့ဆိုင်းရဲပါမည်နည်း။ ယခုမှ စိတ်ညစ်နေ၍လည်း အပိုသာလျှင် ဖြစ်ပေသည်။
ရန်ကိုင်မှ ဆုပ်ထားသည့် သူ့လက်အား ပြန်ဖြည်လိုက်ရာ အနက်ရောင်ဝတ်ရုံဝတ်လူ၏ နဖူးအရှေ့တည့်တည့်တွင် ဝဲနေသော ကြာပွတ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် သူ့လက်ကို ထိန်းချုပ်၍ ယုကျိုးအား သူ့ဆီသို့ ဖြည်းဖြည်းချင်း သူ့အရှေ့ရှိ ကြမ်းပြင်ပေါ်တွင် ရပ်နိုင်အောင် ကူညီပေးလိုက်လေသည်။ ထို့နောက် မျက်မှောင်ကြုတ်၍ သူ့အရှေ့ရှိ ကောင်မလေးအား စိုက်ကြည့်နေလိုက်လေသည်။
ပထမဦးဆုံး ပြိုင်ပွဲမှာတော့ အတော်လေးကိုမှ ကြမ်းတမ်းလှပေသည်။ အနက်ရောင်ဝတ်ရုံဝတ်လူမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ခြင်း မရှိပါသော်ငြား သေဘေးမှ ပွတ်ကာသီကာလေး လွတ်မြောက်သွားခဲ့ရသည်။ တစ်ကြိမ်ခံရပြီးသည့်နောက်တွင် သူ့အနေဖြင့် သူ့ထက် အားနည်းသည့် လူများကို နောက်တစ်ကြိမ် ထပ်မံ၍ အထင်သေးရဲတော့လိမ့်မည် မဟုတ်ပေ။ ယုကျိုး၏ အခြေအနေမှာတော့ အနက်ရောင်ဝတ်ရုံဝတ်လူထက် အဆပေါင်းများစွာ ပိုဆိုးပေသည်။ သူမထက် ကျင့်ကြံခြင်းတစ်ဆင့် ပိုမြင့်သည့် လူနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက်ကြောင့် လက်ရှိအချိန်တွင် သူမ၏ လက်နှစ်ဖက်စလုံးမှာ ထိန်းမရအောင် တုန်ယင်နေခဲ့လေသည်။ ထိုအပြင် သူမ၏ ပခုံးမှ ခါးအနားဆီသို့ သွယ်တန်းနေသော သွေးများ အဆက်မပြတ် စီးထွက်နေသည့် သွေးသံတရဲရဲ ဒဏ်ရာကြီးတစ်ခုလည်း ရှိနေပေသေးသည်။ ယခု သူမရထားသည့် ဒဏ်ရာများမှာ အတော်လေးကိုမှ ပြင်းထန်လှလေရာ သေသေချာချာသာ မကုသပါက ယုကျိုးအနေဖြင့် နောက်ထပ်ပြိုင်ပွဲများကို ထပ်မံ ဝင်ပြိုင်နိုင်တော့လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်သည် သက်ပြင်းချ၍ ဆောင့်ကြောင့်ထိုင်ကာ ယုကျိုး၏ ပခုံးပေါ်လက်တင်၍ သူ၏ ဧကရာဇ်ချီကို သုံးကာ သူမ၏ ဒဏ်ရာကို တည်ငြိမ်သွားအောင် လုပ်ပေးလိုက်သည်။ ထို့နောက် ကုသရေးဆေးလုံးတစ်လုံးကို ထုတ်၍ ယုကျိုး၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေ၏။
ယုကျိုးမှာတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့်အတွက်ကြောင့် သူမ၏ အကြည့်မှာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေကာ အသိပြန်မဝင်လာသေးပေ။ ရန်ကိုင်မှ သူမအား ကုသရေးဆေးလုံးတစ်လုံး တိုက်လိုက်သည်ကို မြင်သည့်အခါမှသာ အနည်းငယ် တောင်းတောင်းပန်ပန် အမူအရာဖြင့် မေးလိုက်လေ၏။ "ကျွန်မနိုင်သွားလား"
ရန်ကိုင်သည် ယုကျိုးအား ကြည့်၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ "အနိုင်ရသူ နံပါတ်၃၀၁၈"
ထိုစကားကို ကြားသော် ယုကျိုး၏ မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ဝမ်းသာအားရဖြင့် ထရယ်တော့လေသည်။ သူမမှာ စင်မြင့်မှ ပြုတ်မကျသေးခင်မှာပင် အနက်ရောင်ဝတ်ရုံဝတ်လူမှာ အရှုံးပေးလိုက်သည့်အတွက်ကြောင့် အနိုင်ရသွားခဲ့ရခြင်း ဖြစ်လေသည်။ သို့သော်ငြား ခပ်ကြာကြာပင် မရယ်နိုင်ခဲ့ပေ။ သူမ၏ ရင်ဘတ်နေရာရှိ ဒဏ်ရာမှ အလွန်ကိုမှ နာကျင်လာသည့်အတွက်ကြောင့် ရယ်နေသည့် သူမ၏ မျက်နှာလေး မဲ့သွားခဲ့လေသည်။ ထို့နောက် စိတ်ကို တင်း၍ သူမ၏ ဒဏ်ရာအခြေအနေကို စစ်ဆေးကြည့်လိုက်ရာ ယုကျိုး၏ မျက်နှာလေး ချက်ချင်းဆိုသလို နီမြန်းသွားခဲ့ရလေသည်။
အနက်ရောင်ဝတ်ရုံဝတ်လူ၏ ဓားချက်ကြောင့် သူမ ရင်ဘတ်တစ်လျှောက် ဒဏ်ရာကြီးတစ်ခု ရှိနေခဲ့သည်။ ထိုဒဏ်ရာတစ်လျှောက်တွင် ရှိနေသော အဝတ်အစားများမှာလည်း စုတ်ပြဲထွက်နေခဲ့လေသည်။ အောက်ဘက်တွင် ရှိနေသော ပွဲကြည့်ပရိသတ်များမှာ ဒဏ်ရာအခြေအနေကို သေချာမြင်ရလိမ့်မည် မဟုတ်ပါသော်ငြား ဒိုင်လူကြီးသည် သူမ အရှေ့တည့်တည့်တွင် ဆောင့်ကြောင့်ထိုင်၍ သူမအား ဆေးတိုက်နေခြင်း။ဖြစ်လေရာ အဝတ်အစားပြဲထွက်နေရာမှ ပေါ်ထွက်နေသော အသားများကို သူ့အနေဖြင့် မမြင်ဘဲ ဘယ်နေပါမည်နည်း။ ယုကျိုးမှာ ရှက်လွန်းသည့်အတွက်ကြောင့် ချက်ချင်း သတိလစ်သွားချင်စိတ်များပင် ပေါက်လာခဲ့ရလေသည်။
ရန်ကိုင်မှာတော့ ထိုအချက်ကို သတိမထားမိခဲ့။ ယုကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တောင့်ကြီး ဖြစ်နေသည်ဟုသာ သတိထားမိနေသည်။ နောက်ဆုံး သူမ၏ ပုံစံ တစ်မျိုးတစ်မည် ထူးခြားနေကြောင်း သတိထားမိလိုက်သည့်နောက် ယုကျိုး ကြည့်နေသည့်အတိုင်း လိုက်ကြည့်လိုက်လေရာ ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားခဲ့ပြီး ချက်ချင်းပဲ သိုလှောင်လက်စွပ်ထဲမှ အင်္ကျီတစ်စုံကို ထုတ်၍ သူမ၏ ဒဏ်ရာကို ဖုံးပေးလိုက်၏။ ထို့နောက် အောက်ဘက်သို့ လှမ်းကြည့်၍ အော်ပြောလိုက်လေသည်။ "သူ့ဂိုဏ်းက ဘယ်သူတွေ ဒီမှာရှိလဲ"
အမျိုးသမီးနှစ်ဦး ချက်ချင်း စင်ပေါ်သို့ ပြေးတက်လာခဲ့ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ "စီနီယာ"
"သူ့ကို ကုသဖို့ ခေါ်သွားပေးလိုက်တော့" ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။
အမျိုးသမီးနှစ်ဦးသည် ရန်ကိုင်အား ကျေးဇူးတင်ပြီး ယုကျိုး၏ မှော်ရတနာကို သိမ်းကာ သူမအား ဘယ်တစ်ဖက် ညာတစ်ဖက် ထူမပေးရင်း စင်ပေါ်မှ ပြန်ခေါ်သွားခဲ့လေသည်။
ပွဲကြည့်ပရိသတ်များမှာတော့ တိတ်ဆိတ်နေကြလေသည်။ ယုကျိုး စင်ပေါ်မှ ဆင်းလာသည့်အခါ အကုန်လုံးသည် သူမ သွားလို့ အဆင်ပြေစေနိုင်ရန်အတွက် အလိုလို လမ်းဖယ်ပေးလိုက်ကြလေသည်။
ရှုံးနိမ့်သွားသည့် အနက်ရောင်ဝတ်ရုံဝတ်လူမှာတော့ တစ်ခဏမျှ ငေးကြောင်ကြောင် ဖြစ်နေပြီးသည့်နောက် ခေါင်းတခါခါလုပ်လျက် ရန်ကိုင်အား ဦးညွှတ်ပြီးသည့်နောက် စင်ပေါ်မှ ပြန်ဆင်းသွားလေ၏။ သူ့အနေဖြင့် ပထမဦးဆုံးပြိုင်ပွဲကို ရှုံးနိမ့်သွားခဲ့ရပါသော်ငြား သူ့အတွက် မည်သည့် အကျိုးမျှ မရှိခဲ့သည်တော့ မဟုတ်ပေ။ ထိုအပြင် သူ့၌ အခွင့်အရေးများ ထပ်ရှိနေသေးသည့်အတွက်ကြောင့် အရမ်းကြီး စိတ်ပူနေစရာမလို။
ပထမပြိုင်ပွဲ ပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် ကျောက်စိမ်းပြားကို ထုတ်စစ်ဆေး၍ အော်ပြောလိုက်လေသည်။ "နံပါတ်၆၀၅၁နဲ့ နံပါတ်၈၀၃၆ စင်ပေါ်ကို တက်လာခဲ့ပေးပါ”