အခန်း (၃၂၄၆-၃၂၅၀)
Vol. 142 Ch. 3246-3250
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၄၆)
ဘာသာပြန်သူ_တိမ်တိုက်
ယုကျိုးနှင့် အနက်ရောင်ဝတ်စုံဝတ်လူငယ်လေးကြားရှိ တိုက်ပွဲမှာ အတော်လေးကိုမှ ကောင်းမွန်သွားခဲ့သည့်အတွက်ကြောင့်လားမသိရ နောက်ထပ်ပြိုင်ကြသည့် ယှဉ်ပြိုင်သူများမှာ သူတို့၏စွမ်းရည်ကို ထုတ်ပြနိုင်ရန်အတွက် မီးကုန်ယမ်းကုန်ကို တိုက်ခိုက်ကြတော့လေသည်။ အမျိုးမျိုးသော သိုင်းပညာရပ်များ ထွက်ပေါ်လာခဲ့ရာ တိုက်ပွဲများမှာ အတော်လေးကိုမှ စိတ်ဝင်စားစရာ ကောင်းလာခဲ့လေရာ ရန်ကိုင်သည်ပင်လျှင် ခေါင်းတညိတ်ညိတ် ဖြစ်မိပေသည်။ တိုက်ပွဲတိုင်းတော့ ထိုကဲ့သို့မဟုတ်ကြပေ။ အချို့သောတိုက်ပွဲများမှာ အတော်လေးကိုမှ ပျင်းရိဖွယ်ကောင်းလှကာ ဒိုင်လူကြီးဖြစ်နေသည့်အတွက်ကြောင့်သာမဟုတ်ပါက ရန်ကိုင်အနေဖြင့် ချက်ချင်း ထွက်သွားပြီးလောက်ပေပြီ။
တစ်ရက်သာဟူသောအချိန်ကာလသည် ထိုသို့ဖြင့် ကုန်ဆုံးသွားခဲ့သည်။ ညနေစောင်းသို့ ရောက်လာသည့်အခါ စင်မြင့်အားလုံးဆီမှ ထွက်ပေါ်လာနေသည့် တိုက်ခိုက်သံအားလုံး ရပ်တန့်သွားခဲ့လေသည်။ သောင်းနှင့်ချီသော ကျင့်ကြံသူများမှာလည်း နေရာအသီးသီးဆီသို့ ပြန်သွားကာ အနားယူကြ၍ မနက်ဖြန်တိုက်ပွဲစမည်ကို စောင့်နေကြလေ၏။
ရန်ကိုင်သည် နေမင်းပြာကျောင်းတော်အဖွဲ့သားများ ယာယီနေထိုင်နေသည့်တောင်ဆီသို့ ပြန်လာခဲ့လေသည်။ တစ်နေ့လုံး ရန်ကိုင်ခမျာ စိတ်ပင်ပန်းဖြစ်ခဲ့ရသည်။ တကယ့်တကယ်ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် ဘာမှလုပ်စရာမလိုခဲ့ပဲ စင်မြင့်ပေါ်တွင်ရပ်၍သာ အခြေအနေကို စောင့်ကြည့်ပေးရရုံသာရှိပေသည်။ သူ့ခမျာ ဝင်ပါဖို့ရာ သိပ်မလိုလှပေ။ သို့သော်ငြား တစ်ချိန်လုံး အာရုံစိုက်ထားရခြင်းမှာ အတော်လေးကိုမှ စိတ်ပင်ပန်းဖွယ်ကောင်းလှပေသည်။
ရန်ကိုင်ခမျာ တစ်နာရီလေးသာ နားပြီးရုံပင်ရှိသေး ကောင်းရွှယ်ထင်းသည် သူမနောက်သို့ လိုက်လာပေးရန် ရန်ကိုင်ဆီသို့ သတင်းပို့လာသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း ရွေးစရာမရှိတော့ဘဲ အခန်းတံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာလိုက်ရသည်။ အပြင်သို့ ရောက်လာပြီးသည့်နောက် နန်းတော်အပြင်ဘက်တွင် နေမင်းပြာကျောင်းတော်၏ အကြီးအကဲများစွာ စုဝေးနေကြောင်း တွေ့လိုက်ရလေ၏။ ရန်ကိုင်ရောက်လာသည်ကိုမြင်သည့်အခါ ဝမ်ကျိရှန်းက ပြုံး၍ “သွားကြရအောင်…”
“ဘယ်ကိုသွားမှာလဲ…” ရန်ကိုင် မယုံသင်္ကာ ဖြစ်သွားခဲ့လေသည်။
“ရောက်ရင်သိလိမ့်မယ်…” ဝမ်ကျိရှန်းသည် နားလည်ရခက်သည့်အမူအယာမျိုးဖြင့် ရှေ့မှဦးဆောင်ကာ ပျံသန်းသွားလေသည်။
သွားနေရင်းမှ ကောင်းရွှယ်ထင်းအား မေးမြန်းကြည့်လိုက်ရာ သူတို့အားလုံးသည် လဲလှယ်ပွဲတစ်ခုသို့ သွားနေကြောင်း သိလိုက်ရလေ၏။
တောင်ဘက်နယ်မြေ သိုင်းပညာရှင်စုဝေးပွဲသည် သောင်းနှင့်ချီသော လက်ရွေးစင်တပည့်များနှင့် ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များ စုဝေးရာ ပွဲတစ်ပွဲ ဖြစ်သည့်အတွက်ကြောင့် ရှားပါးလှသည့် အခွင့်ကောင်းတစ်ရပ်ဟုလည်း ပြော၍ရသည်။
နေ့ပိုင်းတွင် ဧကရာဇ်အဆင့်ပညာရှင်များမှာ ဒိုင်လူကြီးများ လုပ်နေရသည့်အတွက်ကြောင့် အားလပ်ခြင်းမရှိခဲ့။ ထိုအကြောင်းကြောင့် ညအချိန်တွင်သာ တစ်ဦးနှင့်တစ်ဦး တွေ့နိုင်ကြပေသည်။
ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ စုဝေးနေလေရာ ဧကရာဇ်အဆင့်ပညာရှင် တစ်ဦးမဟုတ်တစ်ဦးတွင် အဖိုးတန်သည့်ပစ္စည်းများ ပါလာရပေလိမ့်မည်။ ထိုပစ္စည်းများသည် ရောင်းဖို့ရာ အဆင်မပြေလှပါသော်ငြား သူတို့လိုအပ်သည့် အဖိုးတန်ရတနာများနှင့် လဲလှယ်ရာတွင်တော့ အဆင်ပြေပေသည်။ ပြောစရာမလိုအောင်ပင် ရှေးဟောင်းကျောင်းတော်သည် သိုင်းပညာရှင်စုဝေးပွဲကို လက်ခံကျင်းပသည့် အိမ်ရှင် ဖြစ်သည့်အလျောက် လဲလှယ်ပွဲကို ဖြစ်မြောက်နိုင်စေရန်အတွက် အဖိုးတန်ရတနာပေါင်းများစွာကို ကျိန်းသေ စုစည်းထားခဲ့ရပေလိမ့်မည်။
လဲလှယ်ပွဲသည် တစ်ကြိမ်သာလျှင် ကျင်းပသည့်ပွဲမျိုးမဟုတ်။ ငါးညတိုင်း ငါးညတိုင်းလိုလို ကျင်းပပေးသည်။ တစ်နည်းဆိုရသော် တစ်လအတွင်း စုစုပေါင်း ခြောက်ကြိမ်တိတိ ကျင်းပပေလိမ့်မည်။
လဲလှယ်ပွဲအကြောင်း ကြားပြီးသည့်နောက် ရန်ကိုင်မှာ အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။ လဲလှယ်ရမည့်နေရာသို့ ရောက်လာသည့်အခါတွင်တော့ ခန်းမထဲ ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များ စုဝေးနေကြသည်ကို တွေ့လိုက်ရလေသည်။ အခန်းထဲတွင် လူပေါင်းများစွာ ရှိနေကြပါသော်ငြား ခန်းမကြီးမှာတော့ ဆူညံယောက်ယက်ခတ်နေခြင်း မရှိခဲ့။ အကုန်လုံးမှာ စိတ်စွမ်းအင်မှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုနေကြခြင်း ဖြစ်သည့်အတွက်ကြောင့် ခန်းမကြီးမှာ ထင်သလောက်ဆူညံနေခြင်း မရှိခဲ့ပေ။
ရှေးဟောင်းကျောင်းတော်မှလူများ ရောက်လာကြပြီးသည့်နောက်တွင် ထိုလူများသည် မေးခွန်းနည်းနည်းပါးပါး ပြောပြီးသည့်နောက် လဲလှယ်ပွဲကို တရားဝင်စတင်ခဲ့လေသည်။ သိုင်းပညာရှင်စုဝေးပွဲ၏ အိမ်ရှင်တစ်ဦး ဖြစ်သည့်အလျောက် ရှေးဟောင်းကျောင်းတော်သည် လဲလှယ်ပွဲတွင် အဖိုးတန်ရတနာပေါင်းများစွာကို လူတိုင်းစိတ်လှုပ်ရှားစေရန်အတွက် ပထမဦးဆုံး ထုတ်ပြလာခဲ့လေသည်။
ထို့နောက်တွင် လူတစ်ဦးပြီးတစ်ဦး စင်ပေါ်သို့ တက်သွားကာ သူတို့မလိုချင်သည့်ပစ္စည်းများနှင့် သူတို့လိုချင်သောပစ္စည်းများကို လိုက်လံလဲလှယ်ကြတော့သည်။
လဲလှယ်ပွဲကျင်းပသည့်နေရာမှာ စင်တစ်ခုသာ ဖြစ်ပေသည်။ တစ်ဦးနှင့်တစ်ဦး မည်ကဲ့သို့ လဲလှယ်ကြသလဲဆိုသည်မှာတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန်အတွက် သက်ဆိုင်ရာပစ္စည်းအသီးသီးကို မလဲလှယ်မီ အသေးစိတ် သေချာ ဆွေးနွေးရပေသည်။
နေမင်းပြာကျောင်းတော်မှလူများမှာတော့ လုံးဝ လှုပ်ရှားခြင်းမရှိကြသေးပေ။ ရန်ကိုင်မှာ သူတို့ ဘာတွေးနေလို့ တွေးနေမှန်းမသိ။ သို့သော်ငြား သူကိုယ်တိုင်သည်လည်း စိတ်ဝင်စားစရာပစ္စည်းများကို မတွေ့သေးသည့်အတွက်ကြောင့် ဤအတိုင်းသာ နေနေခဲ့သည်။ လက်ရှိရန်ကိုင်မှာ ယခင်ကရန်ကိုင်မဟုတ်တော့။ ရန်ကိုင်သည် အဖိုးတန်ရတနာပေါင်းများစွာကို မြင်ခဲ့ဖူးသွားလေပြီ။ ထို့ကြောင့် သာမန်ရတနာများမှာ သူ့အား စိတ်ဝင်စားအောင် မလုပ်နိုင်တော့ပေ။
ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့မှာတော့ အတော်လေးကိုမှ စိတ်အားတက်ကြွနေကြလေသည်။ သို့သော်ငြား ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်လာကြသည်မှာ မကြာသေးသည့်အတွက်ကြောင့် သူတို့၏ပိုင်ဆိုင်မှုများမှာ ထိုမျှကြွယ်ဝခြင်း မရှိသေးပေ။ ထိုအကြောင်းကြောင့် သူတို့တွင် ထုတ်ပေးနိုင်သည့် မည်သည့်အဖိုးတန်ရတနာမှ မရှိလေရာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းထိုင်ချနေရုံသာ တတ်နိုင်ခဲ့လေသည်။
ထိုသို့ဖြင့် ညဝက်ကုန်ဆုံးသွားပြီးသည့်နောက်တွင် လူတိုင်းသည် သက်ဆိုင်ရာနေရာအသီးသီးသို့ ပြန်ထွက်သွားကုန်ကြလေသည်။ နောက်တစ်နေ့မနက်သို့ ရောက်လာသည့်အခါတွင်တော့ သိုင်းပြိုင်ပွဲမှာ ယခင်နေ့ကအတိုင်း ထပ်မံကျင်းပလေ၏။
ရန်ကိုင်မှာတော့ ယနေ့ပြိုင်ပွဲ၌ တာဝန်မကျတော့ချေ။ ထိုအကြောင်းကြောင့် သူ၏ဧည့်ခန်းထဲတွင်သာ အေးအေးဆေးဆေးအနားယူကာ တင်ပလင်ခွေထိုင်နေခဲ့လေသည်။ သူ့တွင် ဘာမှလုပ်စရာမရှိတော့သည်ကို သိလိုက်သော် ရန်ကိုင်သည် လောကဓာတ်လုံးထဲသို့ဝင်၍ အခြေအနေကို တစ်ချက်သွားစစ်ဆေးကြည့်လိုက်ရန် ဆုံးဖြတ်လိုက်လေသည်။ လတ်တလောတွင် ရန်ကိုင်မှာ အတော်လေးကိုမှ အလုပ်ရှုပ်နေသည့်အတွက်ကြောင့် လောကဓာတ်လုံး၏အခြေအနေအား အာရုံမစိုက်နိုင် ဖြစ်ခဲ့သည်။ ထို့အတွက်ကြောင့် ယခု အားတုန်းလေး လောကဓာတ်လုံးအား တစ်ချက်သွားစစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
လောကဓာတ်လုံးထဲသို့ ဝင်လာလိုက်သည်နှင့်တစ်ပြိုင်နက် မမြင်နိုင်သည့် လောကစိတ်ဆန္ဒနှင့် ဆင်တူသည့်အရာတစ်ခုမှာ သူ့အား တစ်ချက်မျှ ကြည့်သွားသလို ရန်ကိုင်ခံစားလိုက်ရလေသည်။ မသိလျှင် အိပ်စက်နေသည့်နဂါးတစ်ကောင်မှာ မျက်လုံးဖွင့်လာပြီး ရန်ကိုင်အားကြည့်သွားကာ မျက်လုံးပြန်ပိတ်သွားသည့်အလား။ ထိုအရာမှာ ဂန်းဂန်းဖြစ်မှန်းသိလိုက်သော် ရန်ကိုင်လည်း ဂရုစိုက်မနေတော့ပေ။
ကြယ်စီရင်စုကြီးထဲတွင် ရှိစဉ်က ရန်ကိုင်သည် လောကဓာတ်လုံးကို ကြားခံအဖြစ် အသုံးချ၍ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ထုတ်ဖော်ကာ ကျင့်ကြံရေးကြယ်ပေါင်းများစွာကို ဝါးမျိုပစ်ခဲ့သည်။ ရန်ကိုင်၏လုပ်ရပ်သည် လောကဓာတ်လုံးထဲ၌ လောကစိတ်ဆန္ဒတစ်ခုကို မွေးဖွားလာစေခဲ့လေသည်။ ထိုလောကစိတ်ဆန္ဒမှာ ဂန်းဂန်းသာ ဖြစ်လေသည်။ သို့သော်ငြား ဂန်းဂန်းမှာ ကိုယ်ပိုင်အသိဉာဏ်များများစားစား မရှိသေးပေ။ ၎င်း၏တည်ရှိမှုမှာလည်း အလွန်ကိုမှထူးခြားလှကာ ယခုအချိန်ထိတိုင် ရန်ကိုင်မှာ ဂန်းဂန်း မည်ကဲ့သို့ ဖြစ်လာလို့ ဖြစ်လာမှန်းကို မသိသေးပေ။ ရန်ကိုင်အား ယခင်က သူလုပ်ခဲ့သကဲ့သို့ နောက်တစ်ကြိမ် ထပ်လုပ်ခိုင်းမည်ဆိုလျှင် လောကဓာတ်လုံးထဲ၌ ယခုကဲ့သို့ စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာလေမလား ပြောရခက်လှပေသည်။
လက်ရှိအချိန်တွင်တော့ ကမ္ဘာငယ်လေးမှာ အလွန်ကိုမှ ကျယ်ပြောလှပြီး အသက်ဓာတ်မှာလည်း အတော်လေးကိုမှ အားကောင်းလှပေသည်။ ဂန်းဂန်းမှာ တစ်စပြင်ကန္တာရကြယ်စီရင်စုထဲရှိ ကျင့်ကြံရေးကြယ်ပေါင်းများစွာကို ဝါးမျိုပစ်ခဲ့ပြီး ထိုကျင့်ကြံရေးကြယ်များကို သူကိုယ်တိုင်နှင့် ပေါင်းစပ်ပစ်ခဲ့ရုံမက ထိုကျင့်ကြံရေးကြယ်များထဲတွင် ရှိနေသော သက်ရှိအားလုံးကိုလည်း လောကဓာတ်လုံးထဲသို့ ခေါ်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ထိုသက်ရှိအားလုံးသည် လောကဓာတ်လုံးထဲတွင် နေထိုင်နေကြပြီး သေခြင်းရှင်ခြင်းသံသရာစက်ကွင်းကို စတင်ထုတ်ဖော်နေခဲ့သည်။ ဤသည်မှာ လောကတစ်ခုအဖို့ ပြန်လည်မွေးဖွားခြင်းစက်ကွင်းကို ရရှိနိုင်ဖို့ရာ ပထမဦးဆုံးခြေတစ်လှမ်းတစ်ရပ်လည်း ဖြစ်ပေသည်။
စကားဖြင့်တော့ ရှင်းပြရခက်လှပေသည်။ သို့သော်ငြား ဤလောကဓာတ်လုံးသည် ယခင်နှင့် မတူတော့ကြောင်းကိုတော့ ရန်ကိုင် အသေအချာ ခံစားနေမိလေသည်။ မသိလျှင် ဤလောကဓာတ်လုံးသည် လက်ရှိအချိန်တွင် အစစ်အမှန်ကမ္ဘာတစ်ခု ဖြစ်လာသည့်အလား။ အတွေးတစ်ချက်နှင့် ကြီးကျယ်ခမ်းနားလှသော စွမ်းအားတစ်ရပ် သူ့ကိုယ်ထဲသို့ စီးဝင်လာသည်ကို ရန်ကိုင်ခံစားမိလိုက်သည်။
(လောကစွမ်းအားလား…) လောကစွမ်းအားကို နားလည်နိုင်မှသာလျှင် လူတစ်ဦးသည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ပေလိမ့်မည်။
သူ အသေအချာခံစားမိလိုက်သည့် စွမ်းအားကြောင့် ရန်ကိုင်မှာ အမှန်တကယ်ကို အံ့အားသင့်သွားခဲ့ရလေသည်။ ယခင်က ရန်ကိုင်မှာ လောကဓာတ်လုံးအား ထိန်းချုပ်နိုင်ခဲ့ပါသော်ငြား လောကစွမ်းအားကိုတော့ ယခုကဲ့သို့ ရှင်းရှင်းလင်းလင်း တစ်ခါမှ ခံစားခဲ့ရဖူးခြင်းမရှိချေ။ ကြည့်ရသလောက် ကျင့်ကြံရေးကြယ်များနှင့်အတူ မရေမတွက်နိုင်သော သက်ရှိများအား ဝါးမျိုလိုက်ခြင်းသည် ဂန်းဂန်းအား အမှန်တကယ်ကို အကျိုးရှိသွားစေသည့်ပုံပင်။
ရန်ကိုင်မှာ လက်ရှိအချိန်တွင် ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးပါသော်ငြား သူသည် ဧကရာဇ်အဆင့်နှင့် ကျေနပ်နေမည့် လူစားမျိုးမဟုတ်ပေ။ ရန်ကိုင်သည် ဧကရာဇ်အဆင့်ထက် ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်ချင်ပေသည်။
အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ မျက်လုံးကိုပိတ်၍ ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်ကြည့်ကာ ဉာဏ်အလင်းပွင့်လာအောင် သေချာ အာရုံစိုက်လိုက်လေသည်။ လက်ရှိ ရန်ကိုင်တစ်ကိုယ်လုံးမှာ အလွန်ကိုမှ သက်တောင့်သက်သာ ဖြစ်နေခဲ့ပြီး နွေးနွေးထွေးထွေးလည်း ရှိနေခဲ့သည်။ မသိလျှင် သူကိုယ်တိုင်သည် မိခင်၏ရင်ခွင်ထဲသို့ ပြန်ရောက်သွားသည့်အလား ပြင်ပလောကကြီး၏အနှောင့်အယှက်များ ရှိမနေတော့ဘဲ သူ့စိတ်ခန္ဓာအလုံးစုံကို လွတ်လွတ်လပ်လပ် လွင့်မျောသွားစေလိုက်လေသည်။
ရန်ကိုင်အနေဖြင့် ဘာကိုမှ အထူးတလည်ခံစားနေစရာမလိုခဲ့။ အရာအားလုံးကို သူ့အလိုလို ခံစားမိနေခဲ့လေသည်။ လောကကြီးတစ်ခုလုံးမှာ လူတစ်ဦးအား ဘယ်သောအခါမှ ပြန်ထမလာနိုင်တော့အောင် ထာဝစဉ် အိပ်စက်သွားစေနိုင်သည့် နွေးထွေးလှသော အိပ်ရာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်ပမာ။ မမြင်နိုင်သည့်စွမ်းအင်များသည် ဘက်ပေါင်းစုံဆီမှ ရန်ကိုင်ဆီသို့ တိုးဝင်လာပြီး ရန်ကိုင်၏ခန္ဓာကိုယ်အား ပိုးအိမ်တစ်ခုပမာ တဖြည်းဖြည်းနှင့် ရစ်ပတ်နေခဲ့လေသည်။
လောကကြီးတစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့ပြီး ရန်ကိုင်သည် မျက်လုံးကိုစုံမှိတ်ရင်း ထိုအံ့ဩဖွယ်ရာခံစားချက်ထဲ စီးမျောနေခဲ့လေသည်။ ရုတ်တရက်ဆိုသလို ရန်ကိုင်၏စိတ်မှာ အေးစက်စက်ဖြစ်သွားခဲ့ပြီး သူခံစားမိနေသည့် သက်တောင့်သက်သာခံစားချက်အားလုံးမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုခံစားချက်နှင့်အတူ ရန်ကိုင်စိတ်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့ပြီး သူ့မျက်လုံးများ ဆတ်ခနဲ ပွင့်လာခဲ့လေသည်။ ပွင့်လာချိန်တွင်တော့ သူ့မြင်ကွင်းတစ်ခုလုံးမှာ ဝေဝါးနေခဲ့လေသည်။ ကောင်းကင်စိတ်အာရုံမှာလည်း ဘေးပတ်ဝန်းကျင်အနှံ့ ပြန့်နှံ့နေခဲ့ကာ လောကကြီးနှင့်ပင် အပြည့်အဝပေါင်းစပ်ခါနီး ဖြစ်နေသည်ကိုလည်း တွေ့ရှိလိုက်ရသည်။ ထိုအချက်ကို တွေ့ရှိလိုက်သည့်နောက် ရန်ကိုင်မှာ အလွန်တရာကိုမှ ထိတ်လန့်သွားခဲ့ပြီး စိတ်စွမ်းအင်ကို အရူးအမူးလှည့်ပတ်၍ သူ့ကိုယ်သူ အတင်းပြန်နိုးအောင် ကြိုးစားလိုက်လေသည်။
ဘေးပတ်ဝန်းကျင်အနှံ့ ပြန့်ထွက်နေသော ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံမှာ ဒီရေလှိုင်းလုံးပမာ ရန်ကိုင်ဆီသို့ ဝုန်းခနဲ ပြန်လည်စုပြုံတိုးဝင်လာခဲ့လေရာ ရန်ကိုင်၏ခေါင်းထဲ ပေါက်ကွဲသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏နားများ ဟိန်းထွက်သွားခဲ့ပြီး သူ့မြင်ကွင်းတစ်ခုလုံးမှာလည်း အမှောင်အတိကျသွားခဲ့သည်။ အကျိုးဆက်အနေဖြင့် သွေးပါ ထိုးအန်လိုက်ရလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် မြေပြင်ပေါ်သို့ တောင့်တောင့်ကြီးလဲကျသွားခဲ့ပြီး သတိလစ်သွားတော့လေသည်။ အချိန်အတန်ကြာသည့်အခါမှသာ ရန်ကိုင်၏မျက်လုံးများ တဖြည်းဖြည်းချင်း ပြန်ပွင့်လာတော့လေသည်။ ထိုသို့ပြန်ပွင့်လာသည့်အခိုက် သူ့တစ်ကိုယ်လုံး နာကျင်နေကြောင်း တွေ့ရှိလိုက်ရသည်။ ခေါင်းတစ်ခုလုံးမှာလည်း တဆတ်ဆတ်ကို ထိုးကိုက်နေပြီး လက်ချောင်းများကိုလည်း လှုပ်ရှားရ အတော်လေးခက်နေခဲ့သည်။ နောက်ဆုံး ခက်ခက်ခဲခဲ ကြိုးစားမိသည့်အခါမှသာလျှင် ထထိုင်လာနိုင်ပြီး သူ့စိတ်ခံစားချက်များကို တည်ငြိမ်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်ရသည်။
ဤအခိုက်အတန့်တွင်တော့ ရန်ကိုင်တစ်ကိုယ်လုံးမှာ ရေချိုးထားသည့်အလား ချွေးများဖြင့် စိုရွှဲနေခဲ့ကာ သူ့မျက်နှာထက်တွင်လည်း အကြောက်မပြယ်သေးသည့်အရိပ်အယောင်တို့ တွေ့နေခဲ့ရလေသည်။ အစောပိုင်းက ရန်ကိုင်သည် လောကဓာတ်လုံးကို အသုံးချ၍ လောကစွမ်းအားကို နားလည်အောင် ကြိုးစားလိုခြင်းသာဖြစ်ကာ ဘာတွေဖြစ်သွားလို့ဖြစ်သွားမှန်း နားမလည်ခဲ့ပေ။ သို့သော်ငြား လောကစွမ်းအားကိုနားလည်ရန် ကြိုးစားလိုက်သည့်အတွက်ကြောင့် ရန်ကိုင်၏ဝိဉာဉ်မှာ ပျက်စီးပျောက်ကွယ်သွားရမည့်အရေးနှင့် ကြုံခဲ့ရသည်။ ဝိဉာဉ်ကြာပန်းမှာ အချိန်မီဝင်ရောက်ကူညီပေးသွားခဲ့သည့် အတွက်ကြောင့်သာမဟုတ်ပါက ရန်ကိုင် ဆိုးဆိုးရွားရွားအဖြစ်နှင့် ကြုံခဲ့ရပေလိမ့်မည်။
(ဘာတွေဖြစ်သွားတာလဲ… ဒီအတိုင်း ဉာဏ်အလင်းလေးပွင့်သွားရုံပဲကို… ဒီလောက် လွယ်တဲ့ဟာလေးကိုတောင်ကွာ…) ရန်ကိုင်မှာ ရယ်ရခက် ငိုရခက် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား လောကစွမ်းအားဟူသည့်အရာမှာ သူ့လက်ရှိခွန်အားဖြင့် ကိုင်တွယ်နိုင်သည့်အရာမဟုတ်ဟု ရန်ကိုင်စိတ်ထဲ ရေးတေးတေးလေး ခံစားနေရသည်။ ရန်ကိုင်မှာ မပြင်ဆင်ဘဲနှင့် လောကစွမ်းအားကို သွားရောက်ထိတွေ့ခဲ့သည့်အတွက်ကြောင့်သာ ယခုကဲ့သို့ ဆိုးရွားသည့်အဖြစ်နှင့် ကြုံခဲ့ရခြင်းလည်း ဖြစ်ပေသည်။
ရန်ကိုင်ကိုယ်ထဲရှိ ဧကရာဇ်ချီများမှာ ကသောင်းကနင်းကို ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အခြေအနေကို စစ်ဆေးလိုသဖြင့် စိတ်စွမ်းအင်ကို စုစည်းကြည့်လိုက်ပါသော်ငြား မည်သို့မှ စုစည်းမရကြောင်း တွေ့လိုက်ရလေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း လတ်တလော လက်လျှော့ထားရုံသာ တတ်နိုင်တော့လေသည်။
အချိန်အကြာကြီး အနားယူပြီးသွားသည့်နောက် ရန်ကိုင် တဖြည်းဖြည်းနှင့် ပြန်လည်သက်သာလာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ဆေးဥယျာဉ်နား၌ ပေါ်လာခဲ့လေသည်။ လောကဓာတ်လုံးတစ်ခုလုံးမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါသော်ငြား ဆေးဥယျာဉ်မှာတော့ မပြောင်းမလဲ ရှိနေဆဲပင်။ ဤနေရာသည် လောကဓာတ်လုံးတစ်ခုလုံး၏ အတွင်းအကျဆုံးနေရာတစ်ခုဖြစ်သလို တားမြစ်နေရာတစ်ခုလည်း ဖြစ်ပေသည်။
ရန်ကိုင်သည် နည်းလမ်းအမျိုးမျိုးကိုသုံးကာ ဆေးဥယျာဉ်အား အခြားသူများမမြင်နိုင်အောင် ဖုံးကွယ်ထားခဲ့သည်။ ဆေးဥယျာဉ်အတွင်းပိုင်း၌ ဘာတွေရှိနေသလဲဆိုသည်ကို မည်သူမဆို မြင်ဖို့ရာ အဖြစ်နိုင်ပေ။ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ရန်ကိုင်၏ခွင့်ပြုချက်မရဘဲ ဤနေရာထဲသို့ ဝင်ရောက်လာနိုင်လိမ့်မည်မဟုတ်။
ဆေးဥယျာဉ်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ဆေးဥယျာဉ်အနီးတစ်ဝိုက်၌ လူပေါင်းများစွာ စုဝေးနေကြောင်းကို ရန်ကိုင်တွေ့ရှိလိုက်ရသည်။ ထိုလူများသည် ဂန်းဂန်းမှ ကျင့်ကြံရေးကြယ်များကို ဝါးမျိုပြီးသည့်နောက် ထိုကျင့်ကြံရေးကြယ်များနှင့်အတူ ပါလာကြသည့် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ထိုလူများသည် ဆေးဥယျာဉ်၏ထူးခြားမှုကို သတိထားမိသွားခဲ့ပြီး ဆေးဥယျာဉ်အတွင်းထဲ၌ ဘာတွေရှိနေသလဲဆိုသည်ကို မြင်နိုင်အောင် ကြိုးစားနေကြလေသည်။ ကံမကောင်းစွာဖြင့် သူတို့၏နိမ့်ကျသောခွန်အားကြောင့် ဘာဆိုဘာမှ မတတ်နိုင်ခဲ့ကြပေ။ မည်သူမျှ အထဲသို့ မဝင်နိုင်ကြ။ ထို့အကြောင်းကြောင့် နှစ်ယောက်တွဲ သုံးယောက်တွဲ စုလျက် ဆေးဥယျာဉ်ထဲသို့ မည်ကဲ့သို့ ဝင်ရမလဲဆိုသည်နှင့်ပတ်သက်၍ နည်းလမ်းများကို ဆွေးနွေးတိုင်ပင်နေကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ ရယ်ချင်ပတ်ကျိ ဖြစ်သွားခဲ့သည်။ ဆေးဥယျာဉ်သည် ထိုလူများအတွက် ဤမျှ စွဲမက်ဖွယ်ရာကောင်းသည့် နေရာတစ်ခု ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင်သည် မြောက်မြားလှစွာသော သက်ရှိများကို ကမ္ဘာငယ်လေးထဲ ထားထားရခြင်းမှာ အကြောင်းအရင်းနှစ်ချက်ကြောင့် ဖြစ်ပေသည်။ တစ်အချက်မှာ ဂန်းဂန်းသည် ကျင့်ကြံရေးကြယ်များကို ဝါးမျိုရာတွင် ဘာကိုမှ ရွေးချယ်နေခဲ့ခြင်းမရှိဘဲ ကျင့်ကြံရေးကြယ်များနှင့်အတူ ထိုပေါ်တွင်နေထိုင်ကြသည့် လူများ ကျောက်တုံံများ သစ်ပင်များနှင့် အရာမှန်သမျှကို အတူတကွ ဝါးမျိုပစ်ခဲ့သည့် အတွက်ကြောင့်ပင်။ ရန်ကိုင်သည် ထိုလူများကို ဆန္ဒရှိလျှင် ရှင်းပစ်နိုင်ပါသော်ငြား ထိုသို့လုပ်ဖို့ရာ အလွန်ကိုမှ အချိန်ကုန်လူပင်ပန်းလှသလို သူ့အနေဖြင့် အကြောင်းအရင်းမရှိဘဲ လူတိုင်းအား လိုက်၍ မသတ်ပစ်ချင်ပေ။ ထို့အတွက်ကြောင့် ထိုလူများကို ဤအတိုင်း ထားပစ်ရန်သာ ဆုံးဖြတ်လိုက်သည်။ ဒုတိယတစ်ချက်မှာတော့ ထိုလူများကို လောကဓာတ်လုံးထဲတွင် နေစေလိုက်ခြင်းဖြင့် လောကဓာတ်လုံး မည်ကဲ့သို့ ပြောင်းလဲသွားမလဲဆိုသည်ကို သိလိုသည့်အတွက်ကြောင့်ပင်။
လက်တွေ့မှာလည်း ရန်ကိုင်၏ခန့်မှန်းချက်များ မှန်ကန်နေကြောင်းကို သက်သေပြလာခဲ့သည်။ ယခင်လောကဓာတ်လုံးသည် အခွံသက်သက်သာ ရှိသည့် ကမ္ယာတစ်ခုဖြစ်မည်ဆိုပါက ယခုလောကဓာတ်လုံးမှာတော့ တဖြည်းဖြည်းနှင့် ပြည့်ဝလာပြီဟု ပြော၍ရပေသည်။ ပြောင်းလဲသွားသော လောကစွမ်းအားကို ကြည့်ရုံဖြင့်ပင်လျှင် ထိုအချက်ကို သိနိုင်ပေသည်။
ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာတော့ ထိုကျင့်ကြံသူများ သူ့ဆေးဥယျာဉ်အား လိုချင်တပ်မက်နေသည်ကို မည်သည့်နည်းနှင့်မျှ ခွင့်ပြုနိုင်လိမ့်မည်မဟုတ်ပေ. ထို့ကြောင့် သူ့ကိုမြှောက်လိုက်ရာ မမြင်နိုင်သည့် စွမ်းအားတစ်ရပ်သည် ဘေးပတ်ဝန်းကျင်အနှံ့သို့ ပြန့်နှံ့သွားခဲ့လေသည်။ ချက်ချင်းဆိုသလို ဆေးဥယျာဉ်တစ်ဝိုက်တွင် စုဝေးကြသော ကျင့်ကြံသူအားလုံး အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီး မမြင်နိုင်သည့် စွမ်းအားတစ်ရပ်ကြောင့် နောက်သို့ လွင့်စင်ထွက်သွားကုန်ကြလေသည်။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ဖြစ်စေ တတိယအဆင့်ဖြစ်စေ မည်သူမျှ ထိုမမြင်နိုင်သည့်စွမ်းအားအား တွန်းလှန်နိုင်ခဲ့ခြင်းမရှိဘဲ နောက်သို့ လွင့်စင်ထွက်သွားကုန်ကြလေသည်။ ထိုစွမ်းအားရှေ့မှောက်ဝယ် သူတို့ကိုယ်သူတို့ သေးနုတ်သည့် ပမွှားများပမာ ခံစားလိုက်ကြရသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၄၇)
ဘာသာပြန်သူ_တိမ်တိုက်
"နောက်တစ်ကြိမ် ဒီနေရာကို လာရဲတဲ့ ဘယ်သူမဆို ခြွင်းချက်မရှိ အသတ်ခံရမယ်" ကျယ်လောင်သည့် အသံတစ်သံသည် မိုးခြိမ်းသံပမာ မြည်ဟီးထွက်လာခဲ့လေသည်။ ထိုအသံကို ကြားလိုက်သည့်အခိုက် အသံပိုင်ရှင်မှာ ဤလောကကြီး၏ သခင်ဖြစ်သူမှန်း သိလိုက်ကြသော် ဆေးဥယျာဉ်အနားတစ်ဝိုက်တွင် စုဝေးနေကြသော ကျင့်ကြံသူများ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ကြပြီး ကြောက်လန့်တကြားဖြင့် ထွက်ပြေးကုန်ကြလေသည်။
ဤဘက်ရှိ အခြေအနေကို သတိထားမိလိုက်သော် သေးသွယ်သွယ် ပုံရိပ်လေး နှစ်ခုသည် ဆေးဥယျာဉ်ဆီမှ လိပ်ပြာလေးများပမာ ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး ရန်ကိုင် အရှေ့သို့ ရောက်သော် ဦးညွှတ်လိုက်လေသည်။ "ဆရာ"
ထိုနှစ်ဦးမှာ ရန်ကိုင် ရှေးဟောင်းတောအုပ်ကြီးထဲမှ ခေါ်လာသည့် မူကျုနှင့် မူလုမှလွဲ၍ အခြား မဟုတ်ကြပေ။
မူကျုသည် ရန်ကိုင်အား သေသေချာချာကို ကြည့်နေပြီးသည့်နောက် သူမ၏ ပါးစပ်ကလေးကို လက်ဖြင့် အလန့်တကြားအုပ်လျက်... "ဆရာ ဒဏ်ရာရထားတာလား" လက်ရှိ ရန်ကိုင်၏ အခြေအနေမှာ အတော်လေးကိုမှ ဆိုးဆိုးရွားရွား ဖြစ်နေလေရာ သူဒဏ်ရာရထားကြောင်း မသိဖို့ရာမှာ အတော်လေးကိုမှ ခဲယဉ်းလှပေသည်။
ရန်ကိုင်သည် အားနည်းဖျော့တော့နေသည့် အမူအရာဖြင့် သူလက်ကို ဝှေ့ယမ်းပြလိုက်၍ အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
သစ်သားဝိညာဉ်နှစ်ဦးသည် အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် ပြိုင်တူ ခေါင်းညိတ်လိုက်ကြလေသည်။ ထို့နောက် တစ်ယောက်သည် အရှေ့တွင် သွားရပ်ကာ နောက်တစ်ယောက်သည် ရန်ကိုင် အနောက်တွင် လာရပ်လေသည်။ ထိုသို့ရပ်ပြီးသည့်နောက် နှစ်ဦးစလုံး လက်ကွက်များကို တစ်ပြိုင်တည်း ထုတ်ဖော်ကြတော့လေသည်။ သစ်သားဝိညာဉ်နှစ်ဦးမှ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် အစိမ်းရောင်အလင်းစက်ကလေးများသည် ဘယ်ဆီဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ ပိုးစုန်းကြူးလေးများပမာ ထင်မှတ်ရသော အစိမ်းရောင်အလင်းစက်ကလေးများသည် ရန်ကိုင်၏ ဘေးပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့နေခဲ့လေရာ ရန်ကိုင်၏ ဝင်သက်တိုင်းတွင် ထိုအလင်းစက်ကလေးများ ပါသွားကြပြီး ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားကုန်ကြလေသည်။
ရန်ကိုင်မှာ သစ်သားဝိညာဉ်နှစ်ဦး၏ လှုပ်ရှားမှုများကို သတိထားမိပါသော်ငြား သွားမတားခဲ့ပေ။ သစ်သားဝိညာဉ်များသည် ဒဏ်ရာများ ကုသရာတွင် အလွန်တော်ကြကြောင်း ရန်ကိုင် ကြားဖူးပြီးသားပင်။ ထိုသို့ဖြစ်လေရာ သစ်သားဝိညာဉ်နှစ်ဦး ဘာလုပ်နေသလဲဆိုသည်ကို ရန်ကိုင် မသိဘဲ ဘယ်နေပါမည်နည်း။ အစိမ်းရောင်အလင်းစက်ကလေးများကို ရှူရှိုက်ရင်းမှ သူခံစားနေရသည့် နာကျင်မှုများမှာ သိသိသာသာကို လျော့ကျသွားခဲ့ပြီး သက်သောင့်သက်သာ ဖြစ်လာသည့် ခံစားချက်မှာ အစားထိုး ဝင်ရောက်လာသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူ့ဝိညာဉ်သည်ပင်လျှင် လျင်မြန်စွာ သက်သာလာခဲ့လေသည်။
သူ့ခန္ဓာကိုယ် အခြေအနေကို ပြန်စစ်ဆေးကြည့်လိုက်သည့်နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး အစိမ်းရောင်အလင်းစက်ကလေးများနှင့် ပြည့်နေကြောင်းကို တွေ့ရှိလိုက်ရသည့်အခါ ရန်ကိုင်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရလေသည်။ ထိုအပြင် ထိုအလင်းစက်ကလေးများထဲ အားကောင်းလှသည့် အသက်ဓာတ်တို့ဖြင့် ပြည့်နေခဲ့ပြီး ထိုအလင်းစက်များသည် ထိခိုက်ထားသည့် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြန်လည် ပြုပြင်ပေးနေခဲ့လေသည်။ အစိမ်းရောင်အလင်းစက်များမှာ သစ်သားဝိညာဉ်လေးနှစ်ဦးကြောင့် ပေါ်လာရခြင်း ဖြစ်သည်မှာ လုံးဝ သေချာပေသည်။
ရန်ကိုင်သည် မျက်လုံးကို မသိမသာလေး ဖွင့်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့အရှေ့တွင် ရှိနေသည့် သစ်သားဝိညာဉ်လေးမှာ အလေးအနက်အမူအရာဖြင့် ရှိနေပြီး ချွေးသီးချွေးပေါက်တို့မှာလည်း နဖူးတစ်လျှောက် စီးကျနေခဲ့လေသည်။ ရန်ကိုင်အား ယခုကဲ့သို့ ကူညီပေးဖို့ရာ သူတို့အတွက်သည်ပင်လျှင် အတော်လေးကိုမှ ဝန်ထုပ်ဝန်ပိုး ကြီးမားလှသည့်အလား။ ပုံမှန်အားဖြင့် ရန်ကိုင်မှာ သစ်သားဝိညာဉ်နှစ်ဦးအား မည်သူက မည်သူဖြစ်သလဲဆိုသည်ကို မခွဲတတ်ပေ။ သို့သော်ငြား သူတို့၏ ပုံစံနှင့် တုံ့ပြန်ပုံကို ကြည့်ရသလောက် သူ့အရှေ့တွင် ရှိနေသည့် လူမှာ မူကျုဖြစ်မည်ဟု ရန်ကိုင် ခံစားမိလေသည်။ အကြောင်းမှာ မူလုသည် အလွယ်တကူ ရှက်တတ်လွန်းသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
ရန်ကိုင် ကြည့်နေသည်ကို သတိပြုမိသည့်အလား မူကျုသည် ရန်ကိုင်အား ပြုံးပြလာခဲ့သည်။ ရန်ကိုင်လည်း မျက်လုံးပြန်ပိတ်၍ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ဆက်၍ ထိုင်နေလိုက်လေသည်။
သစ်သားဝိညာဉ်နှစ်ဦးမှ သူ့ဒဏ်ရာများကို ကူညီကာ ကုစားပေးနေသည့်အတွက်ကြောင့် ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန်ကိုမှ သက်သောင့်သက်သာဖြစ်သလို ခံစားနေခဲ့ရသည်။
တစ်နာရီကျော် ကြာပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ ရန်ကိုင်မှာ အပြည့်အဝ ပြန်ကောင်းနေခဲ့လေပြီ။ မူကျုနှင့် မူလုတို့မှာလည်း ပြောင်းလဲမှုများကို သတိပြုမိလိုက်သည့်အလား ချက်ချင်းပဲ ရပ်လိုက်ကြသည်။ သူတို့နှစ်ဦး ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခွင်တွင် ရှိနေသော အစိမ်းရောင်အလင်းစက်များအားလုံး ပျောက်ခြင်းမလှပျောက်ကွယ်သွားကုန်လေသည်။
"ကျေးဇူးပဲ" ရန်ကိုင်က ပြောလိုက်သည်။
မူကျုက ယဲ့ယဲ့လေး ပြုံးလျက်... "မလိုပါဘူး ဆရာ"
ရန်ကိုင်သည် မတ်တတ်ရပ်၍ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ ဆေးဥယျာဉ်ကို စစ်ဆေးကြည့်လိုက်သည့်နောက် မျက်ခုံးပင့်သွားခဲ့ရသည်။ လွန်ခဲ့သည့် နှစ်များအတွင်း ရန်ကိုင်သည် အမျိုးမျိုးသော ဆေးပင်များကို ဆေးဥယျာဉ်ထဲတွင် လာရောက် စိုက်ပျိုးထားခဲ့ပါသော်ငြား ထိုဆေးပင်များကို ကောင်းကောင်းမွန်မွန် တစ်ခါမျှ ဂရုမစိုက်ခဲ့ပေ။ ထိုသို့လုပ်ရသည့် အကြောင်းအရင်းမှာလည်း ဆေးဥယျာဉ်ထဲ၌ အင်မော်တယ်သစ်ပင် ရှိနေသည့်အတွက်ကြောင့်ပင်။ အင်မော်တယ်သစ်ပင်သည် အဆုံးမဲ့အသက်ဓာတ်ကို ပေးစွမ်းနေမည်ဖြစ်သလို များပြားလှသော နေအလင်းများနှင့် မြေကမ္ဘာချီကြောမှ သလင်းကျောက်တို့ကို မြေထဲတွင် မြှုပ်ထားလေရာ ဆေးပင်များကို ဖြစ်သလို ဤနေရာ၌ စိုက်ထားလိုက်မည်ဆိုလျှင်ပင် ထိုဆေးပင်များအနေဖြင့် ညှိုးရော်ခြောက်သွေ့သွားစရာ အကြောင်းမရှိပေ။ သို့သော်ငြား ယခု ကြည့်ကြည့်လိုက်သည့်နောက် ဆေးဥယျာဉ်တစ်ခုလုံးမှာ လုံးဝကို သပ်သပ်ရပ်ရပ် အစီအစဉ်တကျ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ဆေးပင်များသည် သူ့နေရာနှင့်သူ ရှိနေကြပြီး အချို့သော ဆေးပင်ပုပုလေးများဆိုလျှင် အသီးပင် သီးနေခဲ့လေပြီ။ အပြာရောင်အသီးများ၊ အစိမ်းရောင်အသီးများနှင့် အနီရောင်အသီးများကို ဆေးဥယျာဉ်အနှံ့ မြင်တွေ့နေရသည်။
ဤသို့ဖြစ်ရခြင်းမှာ သစ်သားဝိညာဉ်နှစ်ဦး၏ လုပ်ဆောင်ချက်ကြောင့်မှန်း ရန်ကိုင် သိပေသည်။ အကြောင်းမှာ ရန်ကိုင်သည် ဆေးပင်များကို ဖြစ်သလို စိုက်ထားခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ သူ့အနေဖြင့် ဆေးပင်များကို တစ်ခါမျှ ယခုကဲ့သို့ သေသေချာချာ စိုက်ပျိုးထားခဲ့ခြင်းမျိုး မရှိပေ။ ယခုဆိုလျှင် ဆေးဥယျာဉ်ထဲ သူတစ်ခါမျှပင် မမြင်ဖူးသည့် ဆေးပင်များကိုပင် မြင်တွေ့နေရသည်။ ကြည့်ရသလောက် ထိုဆေးပင်များ ပေါက်လာသည်မှာ မကြာသေးသည့်ပုံပင်။
အင်မော်တယ်သစ်ပင်သည် လူတစ်ရပ်စာမျှသာ ရှိပြီး မိုးကောင်းကင်သစ်ပင်မှာတော့ ထူးထူးခြားခြားကို ထင်ထင်ရှားရှား ဖြစ်နေခဲ့လေသည်။ ထိုဆေးပင်နှစ်ပင်သည် ဆေးဥယျာဉ်၏ အလယ်ဗဟိုတွင် ရှိနေခြင်း ဖြစ်လေသည်။ ရန်ကိုင် အင်မော်တယ်သစ်ပင်ကို လှမ်းကြည့်လိုက်သည့်အခိုက် အင်မော်တယ်သစ်ပင်၏ အရွက်လေးနှစ်ရွက် ကုတင်သေးသေးလေးများပမာ လိပ်နေကြောင်း တွေ့လိုက်ရသည်။ ထို့နောက် မိုးကောင်းကင်သစ်ပင်ကို ကြည့်လိုက်ပြန်သည့်အခါတွင်လည်း အလားတူမြင်ကွင်းမျိုးကို ထပ်မံ၍ မြင်တွေ့လိုက်ရသည်။ ထို့နောက် ရန်ကိုင်က ရယ်သွမ်းသွေးလျက်... "နင်တို့နှစ်ယောက် အဲဒီသစ်ရွက်တွေပေါ်မှာ အိပ်တာလား"
မူကျုနှင့် မူလုတို့သည် အကြည့်ချင်းဖလှယ်ပြီးသည့်နောက် မူကျုက ပြန်၍ မေးလိုက်လေသည်။ "အဆင်မပြေလို့လား ဆရာ၊ အဆင်မပြေရင် ကျွန်မတို့"
ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။ "မဟုတ်ဘူး၊ နင်တို့က ဒီဟာတွေနဲ့ပတ်သက်ရင် ပညာရှင်တွေပဲဟာကို၊ နင်တို့လုပ်ချင်သလိုသာလုပ်"
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"
ရန်ကိုင်က ပြုံးလျက်... "ငါ့ကို ဘာတွေ လာကျေးဇူးတင်နေတာလဲ၊ ငါကပဲ နင်တို့ကို ကျေးဇူးတင်ရမှာလေ"
သစ်သားဝိညာဉ်ကလန်သည် သစ်ပင်များကို စိုက်ပျိုးရာတွင် အထူးကျွမ်းကျင်ကြလေသည်။ ဆေးဥယျာဉ်ထဲတွင်သာ သစ်သားဝိညာဉ်တစ်ဦးလောက် ရှိနေမည်ဆိုပါက ဆေးဥယျာဉ်၏ အထွက်နှုန်းသည် သုံးဆယ်ရာခိုင်နှုန်းခန့် ပိုတိုးလာနိုင်ပေသည်။ မူနသည် သူမ ကလန်သားနှစ်ဦးကိုပင်လျှင် သူ့လက်ထဲသို့ ထည့်ပေးလိုက်မည်ဟု ရန်ကိုင် ထင်မထားခဲ့ပေ။ သို့သော်ငြား ထိုအချက်ကို ကြည့်ရုံလျှင်ပင်လျှင် ရှားပါးဆေးမြစ်များသည် သစ်သားဝိညာဉ်ကလန်အတွက် မည်မျှ စွဲမက်ဖွယ်ကောင်းကြောင်းကို ဖော်ပြနေခဲ့လေသည်။
အစပိုင်းတွင်တော့ မူကျုနှင့် မူလုတို့မှာ သူမတို့၏ ကလန်သားများနှင့် မခွဲချင်ခဲ့။ သို့သော်ငြား ဆေးဥယျာဉ်ထဲသို့ ရောက်လာပြီးသည့်နောက် သူမတို့၏ ကလန်ခေါင်းဆောင် သူမတို့ နှစ်ဦးအား ရန်ကိုင်နှင့်အတူ ဘာကြောင့် ထည့်ပေးလိုက်သလဲဆိုသည်ကို နားလည်သွားတော့လေသည်။ ဒဏ္ဍာရီများထဲတွင်သာ တည်ရှိသော အင်မော်တယ်သစ်ပင်နှင့် အလွန်ကိုမှ ဆန်းကြယ်လှသည့် မိုးကောင်းကင်သစ်ပင် နှစ်ခုစလုံးသည် ရှေးဟောင်းမှတ်တမ်းများထဲတွင်သာ ဖတ်ရှုနိုင်သည့် အရာများ ဖြစ်ကြပေသည်။ သို့သော်ငြား ထိုကဲ့သို့သော အပင်နှစ်ပင်ကို ဤဆေးဥယျာဉ်လေးထဲတွင် အတူတကွ လာတွေ့ရလိမ့်မည်ဟု သစ်သားဝိညာဉ်နှစ်ဦးစလုံး အမှန်တကယ်ကို မထင်ထားခဲ့ကြပေ။
ဆေးဥယျာဉ်ထဲသို့ ဝင်လာပြီးသည့်နောက်တွင်တော့ သစ်သားဝိညာဉ်နှစ်ဦးစလုံး အလွန်ကိုမှ ထိတ်လန့်သွားခဲ့ကြပြီး ထိုအခါမှသာလျှင် သူမတို့ ကလန်ခေါင်းဆောင်၏ ရည်ရွယ်ချက်ကို နားလည်သွားတော့လေသည်။ သစ်သားဝိညာဉ်ကလန်သည်သာ ဤမျှ အဖိုးတန်လှသော ရတနာနှစ်မျိုးကို ပြုစုပျိုးထောင်နိုင်စွမ်း ရှိပေသည်။ ထိုအပြင် ထိုဆေးပင်များကို ပြုစုပျိုးထောင်ခြင်းအားဖြင့် မူကျုနှင့် မူလုတို့မှာ အကျိုးအမြတ်ကြီးကြီးမားမားကို ပြန်လည် ရရှိပေသည်။ ထိုအရာမှာ အပြင်လူများ မသိကြသော သစ်သားဝိညာဉ်ကလန်၏ ထူးခြားလှသည့် ကျင့်ကြံရေး နည်းလမ်းတစ်မျိုးပင် ဖြစ်သည်။
မူကျုသည် နှုတ်ခမ်းလေးကို ကိုက်ရင်းမှ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ "ဆရာ၊ ဆရာ့ ခွင့်ပြုချက်မရဘဲနဲ့ ကျွန်မတို့ဆေးဥယျာဉ်ထဲမှာ အပင်အချို့ကို စိုက်ထားမိလိုက်တယ်"
"ငါသိတယ်" ဆေးဥယျာဉ်ထဲတွင် ပျိုးပင်ပေါင်းများစွာ ရှိနေကြောင်းကို ရန်ကိုင် သတိပြုမိပြီးသားပင်။ ထိုပျိုးပင်ပေါက်များသည် မည်ကဲ့သို့သော အပင်မျိုး ဖြစ်သလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား သစ်သားဝိညာဉ်နှစ်ဦး ကိုယ်တိုင်မှ စိုက်ပျိုးထားသည့် ပျိုးပင်များ ဖြစ်ကြသည့်အလျောက် ရှားပါးဆေးပင်များသာ ဖြစ်ကြရပေလိမ့်မည်။ ရန်ကိုင်သည် မူကျုနှင့် မူလုတို့ ထိုကဲ့သို့သော ဆေးပင်များ စိုက်ပျိုးနေသည်ကို သွားတားလိမ့်မည် မဟုတ်ပေ။ တကယ်တော့ သူတို့ ယခုကဲ့သို့ စိုက်လိုက်ခြင်းအားဖြင့် အကျိုးအမြတ်ရမည့် လူမှာ ရန်ကိုင်သာလျှင် ဖြစ်သည် မဟုတ်ပေလော။
ရန်ကိုင် မကန့်ကွက်သည်ကို မြင်သည့်အခါမှသာလျှင် မူကျု စိတ်သက်သာရာရသွားတော့လေသည်။ သစ်သားဝိညာဉ်တိုင်းသည် ရှားပါးလှသော မျိုးစေ့များကို စုဆောင်းထားကြလေသည်။ ထိုအကြောင်းကြောင့် ဤဆေးဥယျာဉ်လေးထဲ သူမတို့ စိုက်ပျိုးလိုက်သော ပျိုးပင်ပေါက်များသည် သူမတို့ စုဆောင်းထားသည့် မျိုးစေ့များသာ ဖြစ်ကြလေသည်။ ရန်ကိုင်သာ တားလျှင်တော့ ထိုမျိုးစေ့များကို ရင်နာနာနှင့် ပြန်နုတ်ရပေလိမ့်မည်။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ မတားခဲ့ပေ။
"နင်တို့ စိုက်ချင်တဲ့ဟာသာစိုက်၊ ငါ့ကို လာပြောနေစရာ မလိုဘူး၊ ငါဆေးဥယျာဉ်တစ်ခုလုံးကို နင်တို့လက်ထဲ အပ်ထားတာဆိုတော့ နင်တို့ အဆင်ပြေသလိုသာ လုပ်ပေတော့"
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ" မူကျု ပြုံးသွားခဲ့လေသည်။ ထို့နောက်တွင် တစ်ခုခု ပြောချင်နေသည့်အလား တုံ့ဆိုင်းတုံ့ဆိုင်းအမူအရာမျိုး လုပ်ပြနေလေ၏။
"မေးစရာရှိရင် မေးလေ၊ တုံ့ဆိုင်းမနေနဲ့"
မူကျုသည် မူလုအား လှမ်းကြည့်လိုက်ပြီးသည့်နောက် မူလု၏ ပခုံးကို ပုတ်လိုက်ရာ မူလုက ရှက်ကိုးရှက်ကန်းအမူအရာဖြင့်... "ဆရာ၊ ဒီဆေးဥယျာဉ်ကို နည်းနည်းထပ်ချဲ့လို့ရလား၊ အခုလောလောဆယ် ဒီနေရာက နည်းနည်းလေး သေးနေလို့"
လက်ရှိ ဆေးဥယျာဉ်မှာ အမှန်တကယ်တော့ မသေးလှပေ။ ရန်ကိုင်သည် သူစုဆောင်းထားခဲ့သမျှ ဆေးပင်များကို ဤနေရာတွင် စိုက်ပျိုးထားခဲ့ခြင်းဖြစ်လေရာ ဆေးဥယျာဉ်မှာ မည်ကဲ့သို့များ သေးပါမည်နည်း။ သို့ပင်ဖြစ်လင့်ကစား သစ်သားဝိညာဉ်တစ်ဦးအတွက်တော့ ဤဆေးဥယျာဉ်မှာ အမှန်တကယ်ကို သေးပေသည်။ ဤကဲ့သို့သော ဆေးဥယျာဉ် အရွယ်အစားလောက်ကို မူကျု သို့မဟုတ် မူလုတစ်ဦးတည်းဖြင့်ပင်လျှင် ကိုင်တွယ်နိုင်ပေသည်။ ထိုအတွက်ကြောင့် သူတို့နှစ်ဦး အတူတကွ ကိုင်တွယ်ရသည့်အခါတွင်တော့ ဆေးဥယျာဉ်၏ အရွယ်အစားမှာ သေးငယ်သွားသလို ဖြစ်သွားတော့သည်။
"ရတယ်လေ၊ နင်တို့ ဘယ်လောက်အထိ ကြီးစေချင်တာလဲ" ရန်ကိုင်သည် မူလုကို ကြည့်၍ ပြုံးကာ မေးလိုက်သည်။
မူလုသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်... "အခုထက် နှစ်ဆလောက်ဖြစ်အောင် ချဲ့ပေးလို့ရလား"
"ရတယ် ကိစ္စမရှိဘူး၊ အခြား နင်တို့လိုချင်တာရော ရှိသေးလား"
မူလုသည် ခေါင်းလေးကို ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ငုံ့၍ တိုးတိုးလေး ပြောလိုက်လေသည်။ "ဆရာ အပြင်ဘက်ကနေ မျိုးစေ့တွေ ထပ်ယူလာပေးရင် ပိုကောင်းမယ်"
"အဲဒါလည်း ကိစ္စမရှိဘူး" ယခုအချိန်တွင် အထက်ကောင်းကင်နန်းတော်သည် မြောက်ဘက်နယ်မြေတစ်ခုလုံးကို အုပ်စိုးထားသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်နေပြီ ဖြစ်သည့်အလျောက် အစေ့အချို့ ရှာဖို့ရာမှာ ပြဿနာတစ်ရပ် မဟုတ်တော့ပေ။
ထိုအရာများမှာ သစ်သားဝိညာဉ်နှစ်ဦး လတ်တလော၌ တောင်းဆိုချင်သည့် အရာများသာ ဖြစ်ကြပေသည်။ ထိုအရာများကို တောင်းဆိုပြီး ရန်ကိုင်မှ သဘောတူလိုက်သည့်နောက် နှစ်ဦးစလုံးမှာ အလွန်ကိုမှ ကျေနပ်သွားကြတော့သည်။ ထို့နောက်တွင် သစ်သားဝိညာဉ်နှစ်ဦးသည် ရန်ကိုင်အား ဆေးဥယျာဉ်အား လိုက်လံလှည့်ပတ်ကြည့်ရှုရန် ဖိတ်ခေါ်လေသည်။ သူတို့ မည်မျှကြိုးစားထားခဲ့ကြောင်းကို ရန်ကိုင်အား ပြသလိုသည့်ပုံပင်။
ရန်ကိုင်လည်း ငြင်းမနေခဲ့ဘဲ သစ်သားဝိညာဉ်နှစ်ဦးနှင့်အတူ ဆေးဥယျာဉ်အား လိုက်လံ၍ လှည့်ပတ်ကြည့်ရှုလေသည်။ သစ်သားဝိညာဉ်နှစ်ဦးသည် ရန်ကိုင်အား အတူတကွ အဖော်ပြုပေးရင်းမှ ဆေးပင်များ အကြောင်းကို ရှင်းပြပေးသွားခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ ကြုံပြီးသည့်နောက် သစ်သားဝိညာဉ်ကလန်သည် ဆေးပင်များနှင့် ပတ်သက်လာသော် ပြိုင်ဘက်ကင်းသည့် ပညာရှင်များ ဖြစ်ကြောင်းကို ရန်ကိုင် အမှန်တကယ် ဝန်ခံရတော့သည်။ သစ်သားဝိညာဉ်ကလန်သည် ဆေးပင်များ၏ ဝိသေသလက္ခဏာများ၊ ဆေးပင်များ ကြီးထွားလေ့ရှိသည့် ပတ်ဝန်းကျင်များ၊ ဆေးပင်များ ရင့်ကျက်ချိန် ရင့်မှည့်ချိန်၊ ဆေးပင်များအား မည်ကဲ့သို့ ခူးဆွတ်ရမလဲဆိုသည့် နည်းလမ်းများနှင့် ပတ်သက်၍ အကုန်အစင်ကို သိကျွမ်းထားကြပေသည်။
နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် မူကျုနှင့် မူလုတို့ တောင်းဆိုသည့်အတိုင်း ဆေးဥယျာဉ်၏ အရွယ်အစားကို မူလထက် နှစ်ဆပိုကြီးအောင် ချဲ့ပေးပြီးသည့်နောက် ပြန်ထွက်လာခဲ့လေသည်။
နောက်ရက်များအတွင်း ရန်ကိုင်သည် သူ့အခန်းထဲ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံရင်းဖြင့်သာ အချိန်ဖြုန်းနေခဲ့လေသည်။ ထိုကဲ့သို့ ကျင့်ကြံရင်းနှင့်မှ လောကဓာတ်လုံးထဲတွင် သူရရှိခဲ့သော ဉာဏ်အလင်းများကိုလည်း ပြန်ပြန်၍ စဉ်းစားတတ်ပေသည်။ ထိုစဉ်က သူ၏ ကြိုးစားမှုမှာ ဆိုးဆိုးရွားရွား ကျရှုံးသွားခဲ့ရပါသော်ငြား မည်သည့် အကျိုးအမြတ်မျှ မရှိခဲ့သည်တော့ မဟုတ်ပေ။ အနည်းဆုံး ရန်ကိုင်သည် လောကစွမ်းအားကို ယခင်ကထက် ပို၍ နားလည်လာခဲ့လေပြီ။
ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် နောက်တစ်ကြိမ် ဒိုင်လူကြီးအဖြစ် ထပ်လုပ်ရတော့သည်။ ထိုညတွင် ရန်ကိုင်သည် ရှောင်ပိုင်ယီနှင့် မူရုံရှောင်ရှောင်တို့ကို ခေါ်ကာ လဲလှယ်ပွဲ သွားတက်ခဲ့လေသည်။
လဲလှယ်ပွဲကို လာတက်ခဲ့စဉ်က ရန်ကိုင်သည် အပျော်သက်သက်သာ တက်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သူ့တွင် ရည်ရွယ်ချက်တစ်ခု ရှိနေခဲ့လေပြီ။ ဤနေရာတွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ စုဝေးနေခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ရှားပါးလှသော မျိုးစေ့အချို့ကို ရနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။
လဲလှယ်ပွဲတွင် မည်ကဲ့သို့သော ပစ္စည်းများကို သုံးမလဲဆိုသည်နှင့် ပတ်သက်၍မူ ရန်ကိုင်တွင် သုံး၍ ရသည့် ပစ္စည်းပေါင်းများစွာ ရှိပေသည်။ ရန်ကိုင်၌ အဆင့်အမျိုးမျိုး ရှိကြသော မွန်းစတားအမြုတေများ ရှိကြပေသည်။ ထိုအရာများကိုသာ ထုတ်ပြလိုက်မည်ဆိုပါက လူအုပ်ကြီးတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားပေလိမ့်မည်။ ထိုအပြင် အမျိုးမျိုးသော မှော်ရတနာများနှင့် အခြားသော ပစ္စည်းများလည်း ရှိနေပေသည်။ အဆုံးတွင်တော့ ရန်ကိုင်သည် ဧကရာဇ်အဆင့် ဆေးလုံးအချို့ကို ထုတ်ပေးရန်သာ ဆုံးဖြတ်လိုက်လေသည်။ သူထင်ထားသည့်အတိုင်းပင် ဧကရာဇ်အဆင့် ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ပေးလိုက်ပြီးသည့်နောက် လူပေါင်းများစွာမှာ စိတ်ဝင်စားလာခဲ့ကြလေသည်။ နောက်ဆုံးတွင် ရန်ကိုင် မျှော်လင့်ထားသည့်အတိုင်း ထိုဧကရာဇ်အဆင့် ဆေးပုလင်း နှစ်ပုလင်းအား အဖိုးတန်သည့် မျိုးစေ့အချို့နှင့် လဲလှယ်နိုင်ခဲ့ပြီး သူ့အခန်းသို့ ပြန်ရောက်လာသည့်အခါ ထိုမျိုးစေ့များကို မူကျုနှင့် မူလုတို့ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ရန်ကိုင်မှ အစေ့များအား ဤမျှ မြန်မြန်ဆန်ဆန် ပြန်ယူလာပေးသည့်အပေါ် သစ်သားဝိညာဉ်နှစ်ဦးမှာ အမှန်တကယ်ကို ဝမ်းသာအားရ ဖြစ်နေကြလေသည်။ သူတို့တွင် စုဆောင်းထားသည့် မျိုးစေ့များ ရှိနေပါသော်ငြား ဆေးဥယျာဉ်အရွယ်အစား ထပ်မံ ကျယ်ပြန့်လာပြီးသည့်နောက် သူတို့တွင် ရှိနေသည့် မျိုးစေ့လောက်နှင့် မလုံလောက်တော့ပေ။ ရန်ကိုင် ယူလာပေးသည့် မျိုးစေ့များသည် သူတို့ အဆောတလျင် လိုအပ်နေသည့် အရာများ ဖြစ်ကြပေသည်။ ရန်ကိုင် ထွက်မသွားခင် နောင်၌ မျိုးစေ့များ ထပ်ရပါကလည်း ထပ်ယူလာပေးရန် တောင်းဆိုခဲ့သည်။ ရန်ကိုင်လည်း သူတို့၏ တောင်းဆိုချက်ကို သဘောတူခဲ့လေသည်။
သို့သော်ငြား ရန်ကိုင်အနေဖြင့် လဲလှယ်ပွဲ၌ သူ ထပ်မံလဲလှယ်နိုင်သည့် အစေ့များ မရှိတော့ပေ။ ထိုဧကရာဇ်အဆင့်ပညာရှင်များတွင် အစေ့အချို့ ရှိနေဦးမည်ဆိုလျှင်ပင် သူတို့သည် ထိုအစေ့များကို သစ်သားဝိညာဉ်မှ တန်ဖိုးထားသလိုမျိုး တန်ဖိုးထားလိမ့်မည် မဟုတ်။ ထိုအတွက်ကြောင့် ဤနေရာသို့ သူတို့နှင့်အတူ ယူလာခဲ့လိမ့်မည် မဟုတ်ပေ။
ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ သိုင်းပညာရှင်စုဝေးပွဲ ပြီးသွားသည့်အထိ စောင့်ပြီးနောက် မြောက်ဘက်နယ်မြေဆီသို့ ပြန်သွားကာ မြောက်ဘက်နယ်မြေတစ်ခုလုံး၏ စွမ်းအားဖြင့် အစေ့များကို ရှာရန် ဆုံးဖြတ်ထားတော့လေသည်။
ယနေ့တွင် ရန်ကိုင် သူ့အခန်းထဲ တင်ပျဉ်ခွေထိုင်နေစဉ် တံခါးခေါက်သံကို ကြားလိုက်ရသည်။ မျက်လုံးဖွင့်၍ သူ့လက်ကို မြှောက်ကာ အခန်းတံခါးကို ဖွင့်လိုက်သော် အခန်းအပြင်ဘက်၌ အစေခံတစ်ဦး၏ ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ အခန်းတံခါး ပွင့်လာသည်ကို မြင်သည့်အခါ ထိုအမျိုးသမီးသည် တယဉ်တကျေးဖြင့် ဦးညွှတ်၍... "အကြီးအကဲရန်၊ တစ်ယောက်ယောက်က အကြီးအကဲရန်နဲ့ တွေ့ချင်နေပါတယ်"
ထိုအစေခံမလေးသည် ရန်ကိုင်တို့၏ ဝေယျာဝစ္စများကို ပြုလုပ်ပေးရန်အတွက် စေလွှတ်ထားသည့် ရှေးဟောင်းကျောင်းတော်မှ တပည့်တစ်ဦး ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်တို့တွင် လုပ်စရာ များများစားစား မရှိသည့်အတွက်ကြောင့် အချိန်အများစုတွင် ထိုအစေခံမလေးများသည် လက်တိုလက်တောင်း ကိစ္စအချို့ကိုသာ လုပ်ပေးရတတ်ပေသည်။
"ဘယ်သူလဲ" ရန်ကိုင် စိတ်ထဲ သိချင်စိတ် ဖြစ်မိသွားခဲ့ပေသည်။ [ဘယ်သူက ငါနဲ့လာပြီးတော့ တွေ့ချင်နေရတာလဲ]
"ကလေးမလေးတစ်ဦးပါ၊ သူက သူ့အသက်ကို ကယ်ပေးတဲ့အတွက် အကြီးအကဲရန်ကို ကျေးဇူးတင်ချင်လို့ပါတဲ့၊ သူ့နာမည်ကိုတော့ ယုကျိုးလို့ ခေါ်ပါတယ်"
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၄၈)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့လေသည်။ (ငါမှတ်မိတာမှန်ရင် အဲ့ကောင်မလေးက နံပတ်ရှစ်စင်မြင့်မှာ သိုင်းပြိုင်ပွဲပထမနေ့တုန်းက ပထမဦးဆုံးပွဲကို တိုက်ခိုက်ခဲ့တဲ့ ကောင်မလေးမလား…)
ရန်ကိုင်စိတ်ထဲ ပထမဦးဆုံးပေါ်လာသည့်အတွေးမှာတော့ ထိုကောင်မလေးအား ငြင်းလိုက်ရန်သာ ဖြစ်လေသည်။ ရန်ကိုင်သည် ထိုနေ့က ဒိုင်လူကြီးလုပ်ခဲ့သည့်အတွက်ကြောင့် သူ၏တာဝန်မှာ သူမအား ကူညီပေးရန်သာ ဖြစ်လေသည်။ သူမဘက်မှ ယခုကဲ့သို့ ပြန်တုံ့ပြန်လာမည်ကို မျှော်လင့်၍ ထိုကဲ့သို့ ကူညီပေးခဲ့ခြင်းမဟုတ်ပေ။ သို့သော်ငြား နောက်တစ်ကြိမ် ထပ်တွေ့လိုက်သည့်နောက် လက်ခံရန် ဆုံးဖြတ်လိုက်လေသည်။
(ဒီကိုရောက်နေပြီဆိုမှတော့ ငြင်းလိုက်ရင် သိပ်ပြီးတော့ မသင့်တော်သလို ဖြစ်သွားလိမ့်မယ်…)
ရန်ကိုင်လျှာဖျားထိပ်တွင် ရှိနေသော စကားလုံးများမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့လေသည်။ “သူ့ကိုဝင်လာခိုင်းလိုက်…”
“ဟုတ်ကဲ့…” အစေခံကောင်မလေးသည် ပြန်ထွက်သွားခဲ့လေသည်။
ခန်းမအပြင်ဘက်၌ ယုကျိုးမှာ လက်နှစ်ဖက်ကို ရှေ့ထားရင်းမှ တလေးတစားဖြင့် ရပ်နေခဲ့လေသည်။ သူမ၏လက်ထဲတွင်လည်း လျှော်ဖွပ်ထားသော ဝတ်စုံတစ်စုံ ရှိနေခဲ့သည်။ အကြီးအကဲရန်ဟုခေါ်သည့်လူ သူမအား တွေ့ချင်မလားဆိုသည်ကို သူမစိတ်ထဲ သိပ်၍မသေချာ။ ရန်ကိုင်၏ကယ်ဆယ်ခြင်း ခံရပြီးသည့်နောက် ယုကျိုးမှာ တစ်ရက်ခန့် အနားယူပြီးသည့်နောက် အပြည့်အဝ ပြန်လည်သက်သာလာခဲ့သည်။ ပြန်သက်သာလာလာခြင်း ရန်ကိုင်အား ချက်ချင်း သွားကျေးဇူးတင်ချင်ခဲ့ပါသော်ငြား ရန်ကိုင် မည်သည့်နေရာတွင်နေသလဲ ရန်ကိုင် မည်သည့်ဂိုဏ်းမှ ဖြစ်သလဲဆိုသည်ကို မသိခဲ့ရပေ။ လွန်ခဲ့သည့်ရက်များအတွင်း တောက်လျှောက်ကို လျှောက်ပတ်မေးနေခဲ့ရာ ယနေ့မှသာလျှင် သူမသိချင်နေသည့် အကြောင်းအရာကို သိခဲ့ရခြင်းဖြစ်သည်။
ထိုနေ့က သူမအား ကယ်ဆယ်ပေးခဲ့သော ဒိုင်လူကြီးမှာ နေမင်းပြာကျောင်းတော်၏ နာမည်ကျော် အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦး ဖြစ်နေခဲ့လေသည်။ ရန်ကိုင်၏နာမည်ကို တောင်ဘက်နယ်မြေရှိ လူအများစု သိကြပေသည်။ ရန်ကိုင်သည် ဥတုလေးမျိုးနယ်မြေထဲ၌ အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့ရုံမက နေမင်းပြာကျောင်းတော်၏ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦး ဖြစ်လာပြီးသည့်နောက်တွင် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်။ ရန်ကိုင်နှင့်ပတ်သက်သော သတင်းများမှာ တောင်ဘက်နယ်မြေအနှံ့ ပျံ့နှံ့နေခဲ့လေပြီ။ သို့သော်ငြား လွန်ခဲ့သည့်နှစ်များအတွင်း ရန်ကိုင်နှင့်ပတ်သက်သည့် မည်သည့်သတင်းမှ တက်မလာခဲ့သည့်အတွက်ကြောင့် ရန်ကိုင်၏နာမည်မှာ တဖြည်းဖြည်းနှင့် မေ့လျော့ခံ ဖြစ်လာခဲ့ရသည်။
သူမနှင့်လာတိုးသည့် ဒိုင်လူကြီးမှာ ထိုနာမည်ကျော်အကြီးအကဲရန် ဖြစ်နေလိမ့်မည်ဟု ယုကျိုး လုံးဝ မထင်ထားခဲ့ပေ။ ထို့အတွက်ကြောင့် သူမစိတ်ထဲ အံ့အားသင့်မိသလို ရန်ကိုင်မည်သူမှန်း သိသွားပြီးသည့်နောက် ဤနေရာသို့ ချက်ချင်း ပြေးလာခဲ့လေသည်။
သူမ ဤနေရာ၌ ရပ်စောင့်နေစဉ် နေမင်းပြာကျောင်းတော်၏တပည့်များ ဤနေရာမှ ဖြတ်သွားဖြတ်လာလုပ်ကြသည်။ တပည့်အများစုမှာတော့ သူမအား ထူးထူးဆန်းဆန်းဖြင့်ကို ကြည့်နေကြလေသည်။ တချို့ဆိုလျှင် သူမ ဘာကြောာင့် ဤနေရာသို့ ရောက်နေရသလဲဆိုသည်ကိုပင် လာမေးလေ၏။ သူမမှ ရန်ကိုင်နှင့် တွေ့လိုသည့်အတွက်ကြောင့် ဤနေရာတွင် လာစောင့်နေခြင်းဖြစ်ကြောင်း ပြောလိုက်ပြီးသည့်နောက် ထိုတပည့်များမှာ သူမအား ဆက်၍ ဂရုစိုက်မနေတော့ပေ။
သူမစိတ်ထဲ မရေရာ မသေချာမှုတို့ ပြည့်နေစဉ်မှာပင် အစေခံမလေး ပြန်ရောက်လာခဲ့လေသည်။ အစေခံမလေးကိုမြင်လိုက်သည့်အခိုက် ယုကျိုး ရင်တဒိန်းဒိန်း ခုန်သွားခဲ့သည်။ သို့သော်ငြား ကံကောင်းစွာဖြင့် အစေခံမလေးက ပြုံး၍ပြောလာခဲ့လေသည်။ “အကြီးအကဲရန်က အထဲကိုလာခဲ့ဖို့ ပြောလိုက်ပါတယ်…”
“ကျေးဇူးအများကြီးတင်ပါတယ်…” ယုကျိုးက တယဉ်တကျေးဖြင့် ခေါင်းညိတ်လိုက်သည်။
အစေခံမလေးမှာ အခြား မည်သည့်စကားမှ ပြောမနေခဲ့ဘဲ ယုကျိုးအား ရှေ့မှ ဦးဆောင်ခေါ်သွားလေသည်။ ယုကျိုးသည်လည်း သူမကိုယ်သူမ အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းရင်းမှ အစေခံမလေးနောက်မှ လိုက်သွားခဲ့ရာ မကြာမီတွင် တစ်ခုသောအခန်းရှေ့သို့ ရောက်လာခဲ့လေသည်။ ထိုအခန်းရှေ့သို့ရောက်သော် အစေခံမလေးသည် သူမလက်ကို ဆန့်ထုတ်ပြ၍ ယုကျိုးအား အထဲဝင်ရန် အချက်ပြလိုက်သည်။ ယုကျိုးလည်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ အခန်းထဲသို့ ဝင်သွားလိုက်လေ၏။
အခန်းထဲတွင်တော့ လက်နောက်ပစ်၍ ပြတင်းပေါက်မှ အပြင်ဘက်အား ငေးကြည့်နေသည့်လူတစ်ဦး ရပ်နေခဲ့လေသည်။ သူမ အခန်းထဲသို့ ဝင်လာသည့်အခိုက် ထိုလူသည်လည်း သူမအား လှည့်ကြည့်လာခဲ့ရာ အကြည့်ချင်းဆုံသွားခဲ့သည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် ထိုလူမှာ နံပါတ်ရှစ်စင်မြင့်တွင် ဒိုင်လူကြီးလုပ်ခဲ့သည့်လူမှန်း ယုကျိုး ချက်ချင်း သိသွားခဲ့သည်။
“လော့ရှာဂိုဏ်းက တပည့်ယုကျိုး စီနီယာကို နှုတ်ဆက်ပါတယ်…” ယုကျိုးသည် ချက်ချင်းပဲ အလျင်စလိုရှေ့တက်၍ ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။
ရန်ကိုင်သည် ယုကျိုးအား သေသေချာချာ ကြည့်လိုက်ပြီးသည့်နောက် သူ့အကြည့်သည် ယုကျိုးကိုင်ထားသည့် အဝတ်ပေါ်သို့ ရောက်သွားခဲ့လေသည်။ ချက်ချင်းပဲ ယုကျိုး ဘာကြောင့် ရောက်လာရသလဲဆိုသည်ကို နားလည်သွားခဲ့ပြီး ပြုံး၍ မေးလိုက်လေသည်။ “ငါ ဘာလုပ်ပေးရမလဲ…”
ယုကျိုးသည် ရန်ကိုင်အား ပြန်ကြည့်၍ တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့နေ့တုန်းက စီနီယာက ကျွန်မကိုကယ်ပြီးတော့ အဖိုးတန်တဲ့ဆေးလုံးတစ်လုံး ပေးခဲ့တယ်လေ… အဲ့ဒါကြောင့်ပဲ စီနီယာကို ကျွန်မ လာကျေးဇူးတင်တာ…”
ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းလျက် “ငါ့အလုပ် ငါလုပ်ရုံပဲ… အခုလိုမျိုးတွေ လုပ်နေစရာမလိုဘူး….”
ထိုစကားကိုကြားသော် ယုကျိုးက ပြုံး၍ ပြန်ပြောလိုက်သည်။ “ကျွန်မကိုကယ်ဖို့က စီနီယာရဲ့အလုပ်ဆိုပေမယ့် ဆေးတိုက်စရာတော့ မလိုဘူးလေ… အဲ့အချိန်တုန်းက ကျွန်မရဲ့အသိစိတ်က နည်းနည်း ဝိုးတိုးဝါးတားဖြစ်နေတယ်ဆိုပေမယ့် လုံးဝ သတိလစ်သွားတာတော့မဟုတ်ဘူး… စီနီယာပေးခဲ့တဲ့ ဆေးလုံးကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်မ အခုလိုမျိုး ပြိုင်ပွဲကို ဆက်ပြိုင်နိုင်မှာမဟုတ်ဘူး…”
သူမ အမှန်ကိုပြောနေခြင်း ဖြစ်လေသည်။ ရန်ကိုင် သူမအား တိုက်ခဲ့သည့်ဆေးလုံးများ မည်သည့်အဆင့်ဖြစ်သလဲဆိုသည်ကို မသိပါသော်ငြား ထိုဆေးလုံးကြောင့်သာမဟုတ်ပါက သူမအနေဖြင့် နောက်ပြိုင်ပွဲများကို ဆက်ပြိုင်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုဆေးလုံးသည် ဧကရာဇ်အဆင့်ဆေးလုံးဖြစ်မည်ဟုပင် ယုကျိုးစိတ်ထဲ တွေးမိလေသည်။ အကြောင်းမှာ ဧကရာဇ်အဆင့်ဆေးလုံးသည်သာ ထိုမျှ အားကောင်းလှသည့် ပြန်လည်ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးသာ ပြုံးနေခဲ့ပြီး ယုကျိုး၏စကားကို လက်ခံခြင်းလည်းမရှိသလို ငြင်းဆိုခြင်းလည်းမပြုပေ။ ဒိုင်လူကြီးတစ်ဦး ဖြစ်သည့်အလျောက် ယုကျိုးအား ကယ်ဆယ်ရန်မှာ သူ့တာဝန်ဖြစ်ပါသော်ငြား ဆေးတိုက်မတိုက်ကတော့ သူ့တာဝန်မဟုတ်ပေ။ ထို့အပြင် သူရထားသည့် ဒိုင်လူကြီးရာထူးအရ ပြိုင်ပွဲ၌ လာရောက်ယှဉ်ပြိုင်သူတစ်ဦးကို ယခုကဲ့သို့ ဆေးမတိုက်သင့်ပေ။ သို့သော်ငြား ရန်ကိုင်က မည်သူမျှမသိအောင် လုပ်ခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုအကြောင်းကို သူနှင့် ယုကျိုးသာ သိကြပြီး ယုကျိုးသည်လည်း ထိုအကြောင်းအား မည်သူ့ကိုမှ လျှောက်ပြောလိမ့်မည်မဟုတ်ဟု ရန်ကိုင် ယုံကြည်ပေသည်။ ထို့အပြင် ရန်ကိုင်မှ ယုကျိုးအား ဆေးတိုက်လိုက်ခြင်းသည် ပြိုင်ပွဲပြီးသွားသည့်အခါမှသာလျှင် ဖြစ်သည့်အတွက်ကြောင့် အခြားသူများသတိထားမိသွားမည်ဆိုလျှင်ပင် မည်သူမျှ ဂရုစိုက်နေလိမ့်မည်မဟုတ်ပေ။
ယုကျိုးသည် ရှေ့သို့တက်လာပြီး သူမလက်ထဲတွင်ရှိနေသော အဝတ်များကို ကိုင်၍ ပြောလိုက်လေသည်။ “စီနီယာ… စီနီယာပေးထားတဲ့အဝတ်ကို လျှော်ပြီးတော့ ပြန်လာပို့ပါတယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “အဲ့မှာထားထားလိုက်…” ရန်ကိုင်မှာ သွားမယူခဲ့ပေ။
ထိုအဝတ်အစားများသည် သာမန်အဝတ်အစားများသာ ဖြစ်လေရာ ရန်ကိုင်အတွက် ဘာမှ ဒီလောက်အဖိုးမတန်ပေ။ သို့သော်ငြား ယုကျိုး၏လုပ်ရပ်သည် သူမအပေါ် ရန်ကိုင်၏အထင်အမြင်ကို ပိုမိုကောင်းမွန်သွားစေခဲ့လေ၏။
ယုကျိုးသည် အဝတ်များကို ရန်ကိုင်ချခိုင်းသည့်နေရာတွင် သွားချလိုက်ပြီးသည့်နောက် အခန်းတစ်ခုလုံးအား စိတ်ဝင်တစားဖြင့် လှည့်ပတ်ကြည့်လိုက်လေသည်။ သူမပုံစံကို ကြည့်ရသည်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့နေသည့်ပုံမပေါ်ဘဲ အတော်လေးကိုမှ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ရှိသည့်ပုံစံမျိုးအလား။
ထိုအချင်းအရာကိုမြင်လိုက်သော် ရန်ကိုင်က နှာခေါင်းကိုပွတ်၍ ပြန်မေးလိုက်လေသည်။ “အခြားဘာကိစ္စရှိသေးလဲ…”
မလိုလားအပ်သည့် ကောလဟာလများ ဖြစ်မလာရလေအောင် ရန်ကိုင်မှာ အခန်းတံခါးကို ဖွင့်ထားခဲ့လေသည်။ သို့သော်ငြား ယောကျ်ားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အခန်းတစ်ခန်းထဲတွင် အတူတကွရှိနေသည်မှာ သိပ်၍အဆင်မပြေလှပေ။ ထို့အပြင် ရန်ကိုင်သည် ဒိုင်လူကြီးတစ်ဦး ဖြစ်နေပေသေးသည်။ ထိုအကြောင်းကြောင့် သူသည် သိုင်းပညာရှင်စုဝေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် တပည့်တစ်ဦးနှင့် တိုးတိုးတိတ်တိတ် တွေ့ဆုံရင်းမှ ပြိုင်ပွဲအတွင်း ထိုတပည့်အပေါ် မျက်နှာသာပေးနေသည်ဟု သတင်းများ ပြန့်သွားလျှင် မည်ကဲ့သို့များ ဖြစ်သွားပါမည်နည်း။ ဤသတင်းသာ ပြန့်သွားခဲ့မည်ဆိုလျှင် အခြားသူများသည် သူ့အား ကျိန်းသေ အပုပ်ချကြပေလိမ့်မည်။
ယုကျိုးမှာလည်း အရူးမဟုတ်သည့်အလျောက် ရန်ကိုင်စကား၏ လိုရင်းအဓိပ္ပာယ်ကို နားလည်ပေသည်။ ထိုအကြောင်းကြောင့် သူမ၏သိုလှောင်လက်စွပ်ထဲမှ လှပသည့်အင်္ကျီတစ်စုံကို အလျင်စလိုထုတ်၍ တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်လေသည်။ “အဲ့နေ့တုန်းက စီနီယာရဲ့ကျေးဇူးကို ယုကျိုး အမြဲမှတ်ထားပါမယ်… စီနီယာကို ကျေးဇူးတင်လက်ဆောင်အနေနဲ့ ဘာပြန်ပေးလို့ ပေးရမလဲမသိလို့ ဈေးဝယ်အရပ်ဆီသွားပြီးတော့ အင်္ကျီတစ်ထည်ပဲ ဝယ်ခဲ့ပါတယ်… စီနီယာ စိတ်ထဲမထားဘူးဆိုရင် ကျေးဇူးပြုပြီး လက်ခံပေးပါနော်…”
အမျိုးသမီးတစ်ဦးအနေနှင့် သူမ သေချာပင် မသိသေးသည့်လူတစ်ဦးအား အင်္ကျီလက်ဆောင်ပေးသည်မှာ မသင့်တော်မှန်း သိနေသည့်အလျောက် ယုကျိုး၏လေသံမှာ ပိုပို၍ ပျော့ပျောင်းလာခဲ့လေသည်။ သို့သော်ငြား ကျေးဇူးတင်လက်ဆောင်အဖြစ် ဘာကိုပေးလို့ပေးရမှန်းလည်း ယုကျိုးမသိပေ။
ရန်ကိုင်၏ကျင့်ကြံခြင်းမှာ လျှို့ဝှက်ချက်မဟုတ်။ ထို့အပြင် ရန်ကိုင်သည် သူမ၏ဒဏ်ရာကိုကုစားရန်အတွက် ဧကရာဇ်အဆင့်ဆေးလုံးတစ်လုံးကိုပင် ထုတ်ပေးနိုင်သူတစ်ဦး ဖြစ်လေရာ သူ၏ချမ်းသာကြွယ်ဝမှုမှာ မေးနေစရာပင်မလိုပေ။ သူမတွင်ရှိနေသော ငွေရေးကြေးရေးများကိုသာလျှင်မဟုတ် သူမပိုင်ထားသည့် အရာမှန်သမျှကို အကုန်အစင်ရောင်းချ၍ အဖိုးတန်သည့်ပစ္စည်းတစ်ခုခုကို ဝယ်ပေးမည်ဆိုလျှင်ပင် ထိုပစ္စည်းသည် ရန်ကိုင်အတွက် အဖိုးတန်လောက်လိမ့်မည်မဟုတ်ပေ။
ထိုကဲ့သို့သောပစ္စည်းများအတွက် ပိုက်ဆံဖြုန်းနေမည့်အစား ရန်ကိုင်အတွက် အင်္ကျီတစ်စုံ ဝယ်ပေးလိုက်သည်မှာ ပို၍သင့်တော်မည်ဟု ယုကျိုးထင်မိလေသည်။ တကယ်တော့ သူမကြောင့်ပင်လျှင် ရန်ကိုင်၏အင်္ကျီ သွေးစွန်းသွားခဲ့ရသလို ပေကျံသွားခဲ့ရသည်မဟုတ်ပေလော။
ယုကျိုးပေးလာသည့်အင်္ကျီကိုကြည့်ရင်း ရန်ကိုင်မှာ ရယ်ရခက် ငိုရခက် ဖြစ်နေလေသည်။ ဤသည်မှ တစ်စုံတစ်ဦးမှ သူ့အား ပထမဦးဆုံးအကြိမ်အဖြစ် အင်္ကျီလက်ဆောင် ပေးဖူးခြင်း ဖြစ်လေသည်။ ထို့အပြင် ထိုအင်္ကျီလက်ဆောင်ကို ပေးသည့်လူမှာလည်း သူ သေချာပင် မသိသေးသည့်လူတစ်ဦး ဖြစ်သလို အမျိုးသမီးတစ်ဦးလည်း ဖြစ်နေခဲ့သည်။ တစ်စုံတစ်ဦးသည်သာ လက်ရှိအခြေအနေကို မြင်သွားခဲ့မည်ဆိုလျှင် နားလည်မှုလွဲမသွားဖို့ရာ ခက်ပေလိမ့်မည်။
ယုကျိုးအား ကြည့်ရင်းမှ ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ “သိုင်းပြိုင်ပွဲရဲ့ ဒိုင်လူကြီးတစ်ယောက် ဖြစ်တဲ့အနေနဲ့ ငါ့တာဝန်က ဘက်မလိုက်ဖို့ပဲ… ပြီးတော့ နင့်ကိုကယ်ခဲ့တာက ငါ့တာဝန်တစ်စိတ်တစ်ပိုင်း… ဆေးလုံးတိုက်ခဲ့တယ်ဆိုတာကလည်း ပြိုင်ပွဲကပြီးသွားလို့… နင့်နေရာမှာ အခြားတစ်ယောက်ဆိုရင်လည်း ငါ အဲ့လိုမျိုး လုပ်မိမှာပဲ…”
ရန်ကိုင်ပြောသည်မှာတော့ ရှင်းပေသည်။ သူသည် သူ့တာဝန်အရ လုပ်ခဲ့ခြင်းသာ ဖြစ်ပြီး အပိုတွေးမနေရန်သာ ဖြစ်လေသည်။
ထိုစကားကိုကြားသော် ယုကျိုးက ခေါင်းညိတ်လိုက်လေ၏။ “အဲ့လိုဆိုရင်လည်း စီနီယာပြောသလိုပေါ့…”
ရန်ကိုင်သည် ယုကျိုးအား မျက်တောင်မခတ်တမ်း ကြည့်နေခဲ့သည်။
ယုကျိုးမှ ရန်ကိုင်အား ကြည့်မနေပါသော်ငြား ရန်ကိုင် သူမအား ကြည့်နေသည်ကို သတိထားမိသည့်အလား နေရထိုင်ရ သိပ်၍အဆင်မပြေ ဖြစ်လာခဲ့လေသည်။ ထို့နောက်တွင် ခေါင်းလေးငုံ့၍ ပြောလိုက်လေသည်။ “စီနီယာမကြိုက်ဘူးဆိုရင် ကျွန်မ ပြန်ယူသွားလိုက်ပါမယ်…”
သူမစိတ်ထဲ အနည်းငယ်တော့ ဝမ်းနည်းမိပေသည်။ သို့တိုင် ဦးညွှတ်၍ ပြန်ပြောလိုက်ပေသေး၏။ “စီနီယာကို ထပ်မနှောင့်ယှက်တော့ပါဘူး… ကျွန်မ သွားလိုက်ပါဦးမယ်…”
(ဟား… အင်္ကျီလေးပဲကို… ငါ ဘာဖြစ်လို့ အရှက်မရှိ အခုလိုမျိုး လာပေးနေမိတာလဲမသိဘူး…) ထိုအကြောင်းကိုတွေးရင်းမှ ယုကျိုးစိတ်ထဲ ရှက်မိသွားလေသည်။
သို့သော်ငြား ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည်။ “ကျေးဇူးတင်လက်ဆောင်ပဲဟာကို… ပြန်ယူသွားစရာတော့ အကြောင်းမရှိပါဘူး…”
ယုကျိုးသည် ရန်ကိုင်အား ကြောင်တောင်တောင်အမူအယာဖြင့် ကြည့်လာခဲ့သည်။
ယုကျိုး ဘာမှပြန်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူမလက်ထဲမှ အင်္ကျီကို ယူလိုက်လေသည်။ သို့သော်ငြား ဝတ်တော့မကြည့်ခဲ့ဘဲ ဤအင်္ကျီမှာ အတော်လေးကိုမှ တောက်တောက်ပြောင်ပြောင်ဖြစ်နေလေရာ ရန်ကိုင်အဖို့ ဝတ်ဖို့ရာ သိပ်အဆင်မပြေလှ။
ရန်ကိုင် သူမလက်ဆောင်အား လက်ခံယူလိုက်သည်ကိုမြင်သော် ယုကျိုး ရုတ်တရက် ပြုံးသွားခဲ့လေသည်။ သူမ၏ပါးပြင်ထက် ပါးချိုင့်လေးနှစ်ခု ပေါ်နေခဲ့လေ၏။ သူမ၏အကြည့်မှာလည်း ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့သည်။
(ကြည့်ရတာ ငါအတွေးလွန်နေတဲ့ပုံပဲ…) သူမ၏တုံ့ပြန်ပုံကို မြင်ပြီးသည့်နောက် ရန်ကိုင် စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။
“ကျေးဇူးပြုပြီး အနားယူပါဦး စီနီယာ… ကျွန်မ သွားလိုက်ပါဦးမယ်…” ယုကျိုးမှာ ရန်ကိုင်အား နောက်တစ်ကြိမ် ထပ်၍ နှုတ်ဆက်လိုက်လေသည်။
“ခဏနေဦး… ရန်ကိုင်က ရုတ်တရက် လက်မြှောက်လိုက်သည်။
“စီနီယာ ပြောချင်တာရှိသေးလို့လား…” ယုကျိုးသည် ရန်ကိုင်အား ပြန်ကြည့်လာခဲ့လေသည်။
“ဈေးဝယ်လို့ရတဲ့နေရာရှိတယ်လို့ နင်ပြောခဲ့တယ်နော်… အဲ့ဒါက ဘယ်နားမှာရှိတာလဲ…”
ယုကျိုးက ခေါင်းညိတ်လိုက်သည်။ “ရှိတယ်… ရှေးဟောင်းကျောင်းတော်ထဲမှာ ဘာမဆိုရောင်းတဲ့ ဈေးဝယ်လို့ရတဲ့ နေရာကြီးတစ်ခုရှိတယ်… စီနီယာ အဲ့နေရာကို တစ်ခါမှ မရောက်ဖူးဘူးလား…”
ရန်ကိုင်က ခေါင်းခါပြ၍ ပြန်မေးလိုက်လေသည်။ “အဲ့နေရာက ဘယ်မှာလဲ…”
“တောင်ကြားအောက်မှာပဲ… ဒီနေရာကနေ သိပ်မလှမ်းဘူး… စီနီယာသွားချင်တယ်ဆိုရင် ကျွန်မခေါ်သွားပေးလို့ရတယ်…” ယုကျိုးက ပြောလိုက်လေသည်။
“လမ်းပဲညွှန်ပြလိုက်… ငါ့ဘာသာငါ သွားလိုက်မယ်…”
ယုကျိုးက ပြုံး၍ “ရပါတယ် စီနီယာ… ဒီနေ့ ကျွန်မပြိုင်ပွဲလည်း ပြီးသွားပြီဆိုတော့ ကျွန်မမှာလည်း ဘာမှလုပ်စရာမရှိတော့ လိုက်ပို့ပေးလို့ရတယ်…”
ရန်ကိုင်မှာတော့ ယုကျိုး ဘာတွေးနေလို့ တွေးနေမှန်းမသိ။ (ငါ အတင်းအဖျင်းတွေကို ရှောင်ချင်လို့ အခုလိုမျိုးလုပ်နေတယ်ဆိုတာကို သူမသိတာလား…)
ရန်ကိုင်မှ ဈေးဝယ်လို့ရမည့် နေရာဆီသို့ သွားချင်သည့်အကြောင်း ပြောလာသော် ယုကျိုးမှာ အလွန်ကိုမှ စိတ်အားထက်သန်လာခဲ့ပြီး ထပ်၍ပင် ပြောလိုက်လေသည်။ “စီနီယာ ဘာလိုချင်တာလဲ… ကျွန်မ အဲ့နေရာနဲ့ တော်တော်လေးရင်းနှီးတယ်… စီနီယာ စိတ်ထဲမထားဘူးဆိုရင် ကျွန်မ လိုက်ပို့ပေးလို့ရတယ်…”
ယုကျိုးမှ ဤမျှ စိတ်အားထက်သန်နေသည်ကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ သူမအား ငြင်းဖို့ရာ ကသိကအောက် ဖြစ်သွားရတော့သည်။ ထို့အတွက်ကြောင့် တစ်ခဏမျှ တွေးနေပြီးသည့်နောက် သူမနှင့်အတူသွားရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။ “ကောင်းပြီလေ… အဲ့ဒါဆိုရင်လည်း ငါ နင့်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့…”
ယုကျိုးက အလျင်စလို လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။ “မဟုတ်ပါဘူး. စီနီယာ…”
ထိုသို့ဆုံးဖြတ်ပြီးသည့်နောက် နှစ်ဦးသား အခန်းထဲမှ ထွက်လာကြလေသည်။ ရန်ကိုင်သည် သူ၏ဧကရာဇ်ချီကို လှည့်ပတ်၍ ယုကျိုးအား ဧကရာဇ်ချီဖြင့် ရစ်ပတ်ကာ ဈေးဝယ်အရပ်ဆီသို့ ပျံသန်းထွက်လာခဲ့လေသည်။
သွားနေရင်းမှ ရန်ကိုင်မှာ ယုကျိုး၏ပြိုင်ပွဲများအကြောင်းကို အပျင်းပြေမေးကြည့်လိုက်လေသည်။ ထိုသို့မေးပြီးသည့်နောက် ယုကျိုးမှာ ပြိုင်ပွဲတိုင်းအား တစ်ပွဲပင် ရှုံးနိမ့်ခြင်းမရှိဘဲ အနိုင်ရခဲ့ကြောင်း သိလိုက်ရသဖြင့် ရန်ကိုင်စိတ်ထဲ သူမအား အနည်းငယ်တော့ အထင်ကြီးမိသွားခဲ့လေသည်။ ရှင်းရှင်းပြောရသော် ပထမဦးဆုံးနေ့တည်းက ယုကျိုး၏စွမ်းဆောင်မှုကို မြင်ပြီးသည့်နောက် လူပေါင်းများစွမှ သူမအား စိတ်ဝင်စားလာလိမ့်မည်မှန်း ရန်ကိုင်သိပေသည်။
လော့ရှာဂိုဏ်းသည်သာ သူမအား လက်လွှတ်နိုင်သရွေ့ တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းသည်ပင်လျှင် သူမအား တပည့်အဖြစ် လက်ခံချင်ကြပေလိမ့်မည်။ သို့သော်ငြား မေးစရာရှိသည်မှာ လော့ရှာဂိုဏ်းသည် သူမအား တကယ်ကြီး လက်လွှတ်နိုင်မည်လား။ လုံးဝတော့ လက်လွှတ်လိမ့်မည်မဟုတ်ပေ။ တကယ်တော့ သူတို့လော့ရှာဂိုဏ်းအနေဖြင့် ဤကဲ့သို့သော ထူးချွန်လှသည့် တပည့်တစ်ဦးကို မွေးထုတ်ဖို့ရာမှာ လွယ်မှမလွယ်ကူလေပဲ။ ထို့အပြင် ယုကျိုးကိုယ်တိုင်ကလည်း လော့ရှာဂိုဏ်းမှ ထွက်သွားချင်သလားဆိုသည်နှင့်ပတ်သက်၍ မေးစရာရှိပေသေးသည်။
သွားရင်းနှင့်မှ စကားစမြည် ပြောသွားခဲ့ရာ ရန်ကိုင်မှာ ယုကျိုးအကြောင်းကို အတော်လေး နားလည်ခဲ့ရလေသည်။ ယုကျိုးသည် ရွှင်ရွှင်မြူးမြူးနေတတ်သည့် ကလေးမလေးတစ်ဦးဖြစ်ကာ ဉာဏ်နီဉာဏ်နက်များသော ကောင်မလေးတစ်ဦးမဟုတ်ပေ။ ဤကဲ့သို့သောလူမျိုးနှင့် အတူရှိရသည့်အပေါ် ရန်ကိုင်စိတ်ထဲ သိပ်၍ ငြင်းဆန်လိုစိတ် မဖြစ်မိပေ။ ထို့အပြင် ယုကျိုးမှာ အတော်လေးကိုမှ ကြည့်ကောင်းလှသလို သူမ၏အသံလေးမှာလည်း ချိုသာလှလေရာ သူမအနားတွင်ရှိရသည်မှာ ဆိုးတော့လည်း မဆိုးလှပေ။
“သိုင်းပြိုင်ပွဲက ကံကြမ္မာကို နေ့ချင်းညချင်း ပြောင်းပေးနိုင်တဲ့နေရာပဲ… နင့်ကို ပိုကောင်းတဲ့ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းက သူတို့ဂိုဏ်းထဲဝင်ဖို့ ဖိတ်ခေါ်လာတယ်ဆိုရင် နင်လက်ခံမှာလား…” ရန်ကိုင်က ကောက်မေးလိုက်လေသည်။
ထိုစကားကိုကြားသော် ယုကျိုး၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “ကျွန်မက ဆရာနဲ့ ဆရာ့ဂိုဏ်းကို အကြွေးအများကြီးတင်ထားတာ.. ပြီးတော့ ဆရာကလည်း ကျွန်မအမေနဲ့ ဘာမှမခြားဘူး… ဒီတော့ အကြောင်းအရင်းမရှိဘဲနဲ့တော့ လော့ရှာဂိုဏ်းက ထွက်သွားမှာမဟုတ်ဘူး…” တစ်ချက်ရပ်ပြီးသည့်နောက် ယုကျိုးက ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ “စီနီယာက ကျွန်မကို နေမင်းပြာကျောင်းတော်ဆီ ဖိတ်ခေါ်ချင်တာလား…”
သူမကြည့်ရသည်မှာ မည်ကဲ့သို့ ဆက်ပြောလို့ပြောရမှန်းမသိ ဖြစ်နေသည့်ပုံပင်။
ရန်ကိုင်က လက်ဝှေ့ယမ်းလျက် “မဟုတ်ဘူး… ငါ ဒီတိုင်းမေးကြည့်ရုံပဲ…”
“အိုး…” ယုကျိုး ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် အောက်ဘက်သို့ညွှန်ပြ၍ “ကျွန်မတို့ရောက်ပြီ… အဲ့နေရာက ဈေးဝယ်တဲ့အရပ်ပဲ…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၄၉)
ဘာသာပြန်သူ_တိမ်တိုက်
မိုင်ပေါင်းများစွာ ရှည်လျားသော တောင်ကြားကြီးတစ်ခုလုံးနီးပါးမှာ ဈေးနေရာကြီး ဖြစ်နေခဲ့ကာ တောင်ပေါ်ရှိ လိုဏ်ဂူများသည်ပင်လျှင် ဆိုင်ခန်းများဖြင့် ပြည့်နေခဲ့လေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ ဝင်ချည်ထွက်ချည်ပြုနေကြပြီး အဆက်မပြတ် အော်ဟစ်သံတို့မှာလည်း ထွက်ပေါ်နေခဲ့သည်။ ဤနေရာသည် ရှေးဟောင်းကျောင်းတော်၏ ဈေးနေရာဖြစ်သည့်အတွက်ကြောင့် ဤနေရာတွင် ရှိနေသော ဆိုင်ခန်းအားလုံးမှာ ရှေးဟောင်းကျောင်းတော်၏ ပိုင်ဆိုင်မှုများသာ ဖြစ်ကြပေသည်။ အချို့သော ဆိုင်ခန်းများကမူ ရှေးဟောင်းကျောင်းတော်၏ တပည့်များ ကိုယ်တိုင် စီမံနေကြသော စီးပွားရေးလုပ်ငန်းများ ဖြစ်ကြပေသည်။ မည်သည့်အရာကိုမဆို ဤနေရာတွင် ရောင်းချပေသည်။ ပုံမှန်အားဖြင့် ဤနေရာသည် သက်ဝင်စည်ကားနေလေ့ ရှိပါသော်ငြား ယခုလောက်တော့ စည်ကားနေခြင်း မရှိပေ။
ယခုအချိန် ဤမျှ စည်ကားနေရခြင်းမှာ သိုင်းပညာရှင်စုဝေးပွဲကြောင့်ပင် ဖြစ်လေသည်။ တောင်ဘက်နယ်မြေမှ သောင်းနှင့်ချီသော ကျင့်ကြံသူများ ဤနေရာတွင် လာရောက်စုဝေးနေကြလေရာ ပြိုင်ပွဲသို့ ရောက်လာပြီးသည့်နောက် ဤဈေးနေရာဆီသို့ အလည်အပတ်လာကြည့်ကြသည်မှာ သဘာဝသာ ဖြစ်ကြပေသည်။ အောက်သို့ မရောက်သေးခင်မှာပင် မတူကွဲပြားသည့် ဝတ်စုံများကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူပေါင်းများစွာကို ရန်ကိုင် တွေ့လိုက်ရသည်။ တစ်ဂိုဏ်းတည်းမှ ဖြစ်ဟန်တူကြသော တူညီဝတ်စုံကို ဝတ်ဆင်ထားကြသည့် ကျင့်ကြံသူများမှာ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ ငါးယောက်တွဲ စသဖြင့် အဖွဲ့လိုက် အတူတကွ သွားလာနေကြသည်။
ဂိုဏ်းကြီးတိုင်းတွင် ဤကဲ့သို့ ဈေးဝယ်လို့ ရသည့် နေရာများ ရှိကြပေသည်။ နေမင်းပြာကျောင်းတော်တွင်လည်း ရှိပေသည်။ သို့သော်ငြား နေမင်းပြာကျောင်းတော်၏ နေရာဆီကိုမူ ရန်ကိုင် တစ်ခါမျှ မရောက်ဖူးပေ။
ရန်ကိုင်တို့အား လာတားမည့်လူ မည်သူမျှ မရှိကြပေ။ ထိုသို့ဖြင့် ရန်ကိုင်နှင့် ယုကျိုးတို့မှာ ဈေးထဲသို့ အတားအဆီးမရှိ ဝင်လာနိုင်ခဲ့လေသည်။ အမျိုးသမီးများသည် ဤကဲ့သို့သော နေရာများနှင့် ပတ်သက်လာလျှင် အလွန်ကိုမှ စိတ်ဝင်စားလေ့ရှိကြပေသည်။ ယုကျိုးသည် နောက်ပြန်လမ်းလျှောက်ရင်းမှ ရန်ကိုင်ကို မျက်နှာမူလျက် ပြုံးရင်းမှ မေးလိုက်လေသည်။ "စီနီယာ ဘာကိုဝယ်ချင်တာလဲ"
နောက်ပြန်လမ်းလျှောက်နေသည့်တိုင် သူမ ခေါင်းအနောက်တွင် မျက်လုံးတစ်ဖက် အပိုပါနေသည့်အလား ယုကျိုးမှာ လူအုပ်ကြီးနှင့် ဝင်မတိုက်မိစေရန် သူမ၏ ပခုံးများကို ဘယ်မှညာသို့ ယိမ်းထိုးနေခဲ့လေသည်။
"အစေ့နည်းနည်းလောက် ဝယ်ချင်တာ" ရန်ကိုင်က လှည့်ပတ်ကြည့်ရင်းမှ ပြောလိုက်သည်။
ရန်ကိုင် ဤနေရာသို့ ထွက်လာရခြင်းမှာ အစေ့အချို့ ဝယ်လိုသည့်အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။ မူကျုနှင့် မူလုမှာ လက်တလောအတွင်း အစေ့များကို အတော်လေး လိုအပ်နေသည်။ ရန်ကိုင်သည် လဲလှယ်ပွဲ၌ အစေ့အချို့ကို ရယူနိုင်ခဲ့ပါသော်ငြား ထိုအစေ့များသည် သစ်သားဝိညာဉ်နှစ်ဦး၏ အသုံးပြုမှုအတွက် လုံလောက်ခြင်း မရှိသေးပေ။ အစေ့များကို သစ်သားဝိညာဉ်နှစ်ဦးဆီသို့ သွားပို့စဉ်က သစ်သားဝိညာဉ်နှစ်ဦးမှာ နောက်ထပ်အစေ့များကို ထပ်ယူလာပေးပါရန် ပြောခဲ့ပေသည်။ ယခင်က ဤနေရာ၌ ဤကဲ့သို့သော ဈေးမျိုး ရှိနေသည့်အကြောင်းကို မသိခဲ့သည့်အတွက် မလာခဲ့ပါသော်ငြား ယခုသိသွားသည့်နောက်တွင်တော့ ရန်ကိုင်မှာ သူလိုအပ်နေသည့် အရာများ ဤနေရာ၌ ရနိုင်မလားဆိုသည်ကို စစ်ဆေးကြည့်ရပေမည်။
"အစေ့" ရန်ကိုင် ပြောလာသည့် စကားကြောင့် ယုကျိုး အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင် ဤနေရာသို့လာရခြင်းမှာ အစေ့များကြောင့် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် တစ်ခဏမျှ စဉ်းစားပြီးနောက် ပြန်၍ ပြောလိုက်လေ၏။ "အစေ့တွေကို ဘယ်မှာရှာရမလဲ ကျွန်မသိတယ်၊ စီနီယာ ကျွန်မအနောက် လိုက်ခဲ့"
ပြောပြီးသည့်နောက်တွင် ရေထဲ ကူးခတ်သွားလာနေသည့် ငါးတစ်ကောင်ပမာ လူအုပ်ကြီးကြားထဲသို့ ရွှက်ခနဲ တိုးဝင်သွားခဲ့လေသည်။
မကြာမီတွင် ရန်ကိုင်တို့ နှစ်ဦးမှာ ဆေးပင်များရောင်းသည့် ဆိုင်တစ်ဆိုင် အရှေ့သို့ ရောက်လာခဲ့လေသည်။ ဤကဲ့သို့သော ဆိုင်မျိုးတွင် အစေ့အချို့ကို ဝယ်လို့ ရကောင်းရနိုင်ပေသည်။ သို့သော်ငြား အစေ့ အရည်အသွေးမှာတော့ ထိုမျှ မြင့်လိမ့်မည် မဟုတ်ပေ။ သူထင်ထားသည့်အတိုင်း ယုကျိုးမှ မေးမြန်းကြည့်ပြီးသည့်နောက် ဆိုင်ရှင်သည် အစေ့အချို့ကို ထုတ်ပေးလာခဲ့သည်။
ရန်ကိုင်သည် ထိုအစေ့များကို စစ်ဆေးကြည့်ပြီးသည့်နောက် အနည်းငယ်မျှပင် ငြင်းဆန်မနေခဲ့ဘဲ ချက်ချင်းဝယ်ရန် သဘောတူလိုက်လေသည်။ သို့သော်ငြား ရန်ကိုင်မှ ပိုက်ဆံပေးတော့မည်အပြု ယုကျိုးသည် ဆိုင်ပိုင်ရှင်အား စတင် ဈေးဆစ်တော့လေသည်။ အဆက်မပြတ်ကို ဈေးဆစ်နေခဲ့လေရာ နောက်ဆုံးတွင် ဆိုင်ပိုင်ရှင်သည် တန်ဖိုး၏ ငါးပုံတစ်ပုံကို ဈေးလျှော့ပေးလိုက်လေ၏။ ယုကျိုး ဈေးထိုင်ဆစ်နေသည်ကို ကြည့်ရင်း ရန်ကိုင်မှာ ရယ်ချင်ပက်ကျိ ဖြစ်နေခဲ့လေသည်။ ဈေးဆစ်ပြီးသည့်နောက် ယုကျိုးမှာ ရန်ကိုင်၏ ကိုယ်စား ပေးပေးမည်ဟု ပြောပါသော်ငြား ရန်ကိုင်ကမူ မည်ကဲ့သို့များ ထိုကဲ့သို့ လက်ခံနိုင်ပါမည်နည်း။
ထို့ကြောင့် သူကိုယ်တိုင်သာ ပေးလိုက်လေသည်။ ဆိုင်ထဲမှ ထွက်လာပြီးသည့်နောက် ယုကျိုးသည် ရန်ကိုင်အား နောက်တစ်ဆိုင်ဆီသို့ ထပ်ခေါ်သွားလေသည်။ သူမ ကြည့်ရသည်မှာ ဤနေရာနှင့် အလွန်ရင်းနှီးနေသည့်ပုံပင်။ ယုကျိုးသည် ယခင်က ဤနေရာသို့ ဘယ်နှခေါက်များ လာခဲ့ဖူးပါလေသနည်း။ နေ့ဝက်ခန့်ကြာပြီးသည့်နောက် ရန်ကိုင်တို့ နှစ်ဦး ဆေးဆိုင်အားလုံးသို့ ရောက်လို့ ပြီးသွားခဲ့လေပြီ။
ရန်ကိုင် ဝယ်ယူခဲ့သည့် အစေ့များမှာ တန်ဖိုးကြီးမားသည့် ရတနာများ မဟုတ်ကြပါသော်ငြား သစ်သားဝိညာဉ်များသည် မည်ကဲ့သို့သော အစေ့မျိုးကို လိုချင်သည်ဟု ပြောမလာသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သစ်သားဝိညာဉ်နှစ်ဦးအား ဤအစေ့များကို အရင် အစမ်းစိုက်ခိုင်းကြည့်ပြီး အခြေအနေကို မေးမြန်းကြည့်ရပေလိမ့်မည်။
"စီနီယာ အခြားဝယ်ချင်တာ ရှိသေးလား" ယုကျိုးက မေးလိုက်သည်။
"အခုလောလောဆယ်တော့ မရှိတော့ဘူး" ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "နင် မနက်ဖြန် ပြိုင်ပွဲရှိသေးတယ်နော်၊ ဒီတော့ သွားပြန်နားလိုက်ပေတော့၊ ဒီနေ့ လိုက်ပြီးကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပဲ"
ယုကျိုးက အပြုံးကြီးပြုံးရင်းမှ ပြန်ပြောလိုက်လေသည်။ "အခုလိုမျိုး ကူညီပေးရတာ ကျွန်မအတွက်တော့ တကယ်ကိုဝမ်းသာစရာပါပဲ၊ စီနီယာ နောက်ပိုင်း တစ်ခုခုလိုအပ်လာရင်လည်း အကူအညီတောင်းဖို့ တုံ့ဆိုင်းမနေပါနဲ့"
တစ်ချက်မျှ ရပ်ပြီးသည့်နောက် ယုကျိုးက ထပ်၍ ပြောလိုက်လေသည်။ "ဒါဆို အခု ကျွန်မသွားတော့မယ် စီနီယာ၊ စီနီယာလည်း ပြန်သွားနားတော့လေ"
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည့်အခါတွင် ယုကျိုးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။ ကောင်းကင်ပေါ်သို့ ပျံတက်နေရင်းမှ လမ်းတစ်ဝက်၌ ယုကျိုးသည် ရန်ကိုင်ဘက်သို့လှည့်၍ အားပါးတရ လက်ဝှေ့ယမ်းပြလိုက်သည်။ ယုကျိုး ထွက်သွားပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ထဲတွင် ရှိနေသည့် အစေ့အိတ်ကို လောကဓာတ်လုံးထဲသို့ ပစ်ထည့်လိုက်လေသည်။ အစေ့အိတ်ကို မူကျုနှင့် မူလုတို့ ရှာတွေ့နိုင်စေရန်အတွက် ဆေးဥယျာဉ်ရှေ့တွင် ချထားပေးလိုက်လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် နေမင်းပြာကျောင်းတော်မှ လူများ ယာယီနားခိုနေသည့် တောင်ဆီသို့ ပြန်သွားလေသည်။
... ဂိုဏ်းမှ ယုကျိုး ရန်ကိုင်အား လာရှာသည့် သတင်းသည် နေမင်းပြာကျောင်းတော်ရှိ လူများအကြား တောမီးတောက်လောင်သည့်ပမာ ပြန့်သွားခဲ့လေသည်။ မူရုံရှောင်ရှောင်သည်ပင်လျှင် ရန်ကိုင်ဆီသို့ တကူးတကလာပြီး ထိုအကြောင်းကို လာမေးလေ၏။ ရန်ကိုင်နှင့် ယုကျိုးတို့အကြား ဆက်ဆံရေး တစ်မျိုးမျိုးများ ရှိနေလေမလား သိချင်မိကြသည့်ပုံပင်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာလည်း အတော်လေးကိုမှ ကူကယ်ရာမဲ့နေခဲ့ရသည်။ ကောင်းရွှယ်ထင်းသည်ပင်လျှင် သူ့အား ထူးထူးဆန်းဆန်း အမူအရာမျိုးဖြင့် ကြည့်နေခဲ့လေ၏။ ပြောစရာမလိုအောင်ကိုပင် ရှောင်ပိုင်ယီ၏ အထင်မြင်တသေး မျက်နှာမှာတော့ ရန်ကိုင်အား အလွန်ကိုမှ ဒေါသူပုန်ထသွားစေခဲ့လေသည်။
နောက်ရက်များမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြင့်သာ ကုန်ဆုံးသွားခဲ့လေသည်။ ရက်အနည်းငယ်ကြာပြီးသည့်နောက် ရန်ကိုင်သည် အခန်းထဲမှ ထွက်၍ နောက်တစ်ကြိမ် ဒိုင်လူကြီး ထပ်လုပ်ရပြန်လေသည်။ အချိန်ကြာလာသည်နှင့်အမျှ ပြိုင်ပွဲအတွင်းမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြရလေသည်။
ထိုအချိန်အတောအတွင်း ယုကျိုးသည် နံပါတ်ရှစ် စင်မြင့်ပေါ်သို့ နောက်တစ်ကြိမ် ထပ်ရောက်လာခဲ့သည်။ ယခုတစ်ကြိမ် သူမ၏ ပြိုင်ဘက်မှာ တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ ယခုတစ်ကြိမ် တိုက်ပွဲသည် သူမ ပထမဦးဆုံး ကြုံခဲ့ရသည့် တိုက်ပွဲထက်ပင် ပို၍ ပြင်းထန်နေပေသေးသည်။ သို့ပင် သူမ၏ ပါးနပ်မှုကို အသုံးချ၍ တိုက်ပွဲအား အနိုင်ရလဒ်အဖြစ်သို့ ပြောင်းလဲပစ်နိုင်ခဲ့လေသည်။
ကံမကောင်းစွာဖြင့် ယုကျိုးအဖို့ ထိပ်တန်းဆယ်ဦးထဲသို့ ဝင်ရန် မဖြစ်နိုင်မှန်း ရန်ကိုင် သိနေခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းမှာ သူမအတွက်မူ အလွန်ကိုမှ ကြီးမားလှသည့် အားနည်းချက်ကြီးတစ်ခု ဖြစ်နေခဲ့လေသည်။ သူမသည်သာ တာအိုသခင်တတိယအဆင့် ဖြစ်နေမည်ဆိုလျှင်တော့ ကျိန်းသေ ထိပ်တန်းငါးဦးထဲသို့ ဝင်နိုင်ပေလိမ့်မည်။
နောက်တစ်ကြိမ် ကျင်းပသည့် ဧကရာဇ်အဆင့်ပညာရှင်များကြားမှ လဲလှယ်ပွဲကိုတော့ ရန်ကိုင် ထပ်မသွားတော့ပေ။ သူ့အနေဖြင့် ထိုပွဲသို့ သွား၍ ဘာမျှရစရာမှ မရှိတော့လေဘဲ။ သို့သော်ငြား ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား ပြန်လာပြီး သတင်းတစ်ခု ပို့သွားခဲ့သည်။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်း များစွာမှာ ရန်ကိုင်တွင် ရှိနေသော ဧကရာဇ်အဆင့်ဆေးလုံးများနှင့် လဲလှယ်ချင်သည်ဟူ၍ပင်။ ရန်ကိုင်အနေဖြင့် သူ၏ ကြိုက်ဈေးကို ပြောနိုင်သည်ဟုလည်း ပြောလာခဲ့လေသည်။ ရန်ကိုင်ကမူ ထိုလူအားလုံးကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်ခဲ့သည်။
ဧကရာဇ်အဆင့်ဆေးလုံးများကို ရှားပါးအစေ့များနှင့် လဲလှယ်သည်မှာ တစ်ခါသာလျှင် လုပ်မည့်ကိစ္စမျိုး ဖြစ်ပေသည်။ ရန်ကိုင်အနေဖြင့် သူ့တွင် ရှိနေသည့် ဧကရာဇ်အဆင့်ဆေးလုံးအားလုံးကို ဘာကြောင့်များ အခြားပစ္စည်းများနှင့် လိုက်လံလဲလှယ်နေရပါမည်နည်း။
သိုင်းပညာရှင်စုဝေးပွဲ၏ နှစ်ဆယ်ရက်မြောက်နေ့တွင် တစ်ဦးချင်းရလဒ်များ ထွက်ပေါ်လာခဲ့တော့လေသည်။ ပထမရသွားသည့် လူမှာတော့ နေမင်းပြာကျောင်းတော်မှ မဟုတ်သလို ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းမှ တပည့်များလည်း မဟုတ်ကြပေ။ ထိုအစား လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လူတစ်ဦးသာ ဖြစ်လေသည်။
ထိုလူသည် ရန်ကိုင်သိသည့် လူတစ်ဦးလည်း ဖြစ်ပေ၏။ ပထမရသွားသည့်လူမှာတော့ ယခင်လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ ယခင်ဂိုဏ်းချုပ်၏ သမီးဖြစ်သူ စုကျီသာ ဖြစ်လေသည်။ တစ်ဦးချင်းပြိုင်ပွဲ၏ ပထမနေရာကို အမည်မသိ ဂိုဏ်းငယ်လေးတစ်ဂိုဏ်းမှ ရသွားခြင်းသည် ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းအတွက်တော့ ရင်နင့်စရာပင်။
ရန်ကိုင်သည် စုကျီနှင့် စကားများများစားစား မပြောခဲ့ဖူးပါသော်ငြား စုကျီသည် လော့ယန်ကို ကြိုက်နေမှန်းတော့ သိပေသည်။ ရန်ကိုင်မှ အဆုံးမဲ့ရတနာဆေးလုံးများကို ဖော်စပ်ခဲ့စဉ်က စုကျီသည် သူမတွင် ရှိနေသော အဖိုးတန်ရတနာများကို အသုံးချ၍ ရန်ကိုင်ဆီမှ အဆုံးမဲ့ရတနာဆေးလုံးတစ်လုံးကို လာရောက်လဲလှယ်သွားခဲ့သည်။ မူလကမူ ထိုဆေးလုံးကို လော့ယန် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်စေရန်အတွက် လော့ယန်အား လက်ဆောင်ပေးရန် စဉ်းစားထားခြင်းဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် လော့ယန်မှာတော့ စုကျီ၏ စေတနာကို တန်ဖိုးမထားဘဲ ထိုဆေးလုံးကို စုကျီ ပါးစပ်ထဲသို့သာ ပြန်ထိုးထည့်ပေးလိုက်လေသည်။
ယခု နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက်တွင် စုကျီ၏ ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သို့ ရောက်နေခဲ့ပြီး သူမအဖို့ အဆုံးမဲ့ရတနာဆေးလုံး၏ အကူအညီကြောင့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ဖို့ရာ ထိုမျှ ခက်ခဲတော့လိမ့်မည် မဟုတ်ပေ။ ယခုတစ်ကြိမ်တွင် စုကျီမှာ ထောင်ပေါင်းများစွာသော ပါရမီရှင်များကို ကျော်ဖြတ်၍ တစ်ဦးချင်းပြိုင်ပွဲ၏ ပထမနေရာကို ရယူနိုင်ခဲ့သည့်အတွက်ကြောင့် လူသိနည်းသော လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှာ လူအများ၏ ပါးစပ်ဖျား၌ နောက်တစ်ကြိမ် ထပ်မံ ကျော်ကြားလာရပြန်တော့လေသည်။
ရှင်းရှင်းပြောရသော် လော့ယန် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်လာချိန်မှစ၍ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှာ ဂိုဏ်းငယ်လေးတစ်ခု မဟုတ်တော့ပေ။ လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ လွှမ်းမိုးနိုင်စွမ်းမှာ အကြီးအကျယ် မြင့်မားလာခဲ့ပြီး လော့ယန် ကိုယ်တိုင်ကမူ လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာခဲ့သည်။
လမ်းစဉ်ရှစ်သွယ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို လော့ယန် တစ်ဦးတည်းကသာ ထောက်ပံ့ပေးထားရပါသော်ငြား စုကျီသည်သာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ထပ်ဖြစ်လာခဲ့မည်ဆိုလျှင် သူတို့နှစ်ဦး၏ အတူပူးပေါင်းအားဖြင့် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှာ ကျိန်းသေကို တိုးတက်လာပေလိမ့်မည်။
ထိုအပြင် သိုင်းပညာရှင်စုဝေးပွဲ၏ ပထမနေရာရသူများသည် ထိပ်တန်းဂိုဏ်းသုံးဂိုဏ်း၏ တားမြစ်နေရာများတွင် တစ်လခန့်ကြာအောင် သွားရောက်လေ့ကျင့်နိုင်ပေသည်။ ထိုနေရာများ၏ အကူအညီနှင့်တကွ အဆုံးမဲ့ရတနာဆေးလုံး၏ ဆေးအာနိသင်ဖြင့်ပါ ပေါင်းစပ်လိုက်မည်ဆိုလျှင် စုကျီသည် ဧကရာဇ်အဆင့်သို့ အချိန်တိုအတွင်း ကျိန်းသေ ချိုးဖျက်ဝင်ရောက်လာနိုင်ပေလိမ့်မည်။
ဒုတိယရသွားသည့် လူမှာတော့ နေမင်းပြာကျောင်းတော်မှ ရွှယ့်ယီသာ ဖြစ်လေသည်။ ထိုရလဒ်မှာ စိတ်ပျက်စရာ မဟုတ်။ အနည်းဆုံး ရွှယ့်ယီသည် ရှေးဟောင်းကျောင်းတော်နှင့် ကောင်းကင်တိုက်ပွဲတိုကျိုမှ ပါရမီရှင်အားလုံးကို ကျော်တက်သွားနိုင်ခဲ့လေသည်။
တတိယနေရာကိုမူ ရှေးဟောင်းကျောင်းတော်မှ ရသွားခဲ့လေရာ ကောင်းကင်တိုက်ပွဲတိုကျိုသည် ထိပ်တန်းသုံးနေရာအနက် တစ်ခုကိုပင် မရခဲ့သည့်အတွက်ကြောင့် ထိုဂိုဏ်းမှ အကြီးအကဲများ၏ မျက်နှာများမှာ အလွန်ကိုမှ ပုပ်သိုးသိုး ဖြစ်နေကြလေသည်။ သို့သော်ငြား ထိပ်တန်းနေရာ အများစုကိုတော့ အဓိကဂိုဏ်းများမှ တပည့်များသာလျှင် အပိုင်ယူထားကြပေသည်။ ထိုအချက်ကို ကြည့်ရုံနှင့်ပင်လျှင် ထိပ်တန်းဂိုဏ်းများနှင့် အခြားသော ဂိုဏ်းငယ်လေးများအကြားရှိ ကွာခြားချက်ကို မြင်တွေ့နိုင်ပေပြီ။
တစ်ဦးချင်းရလဒ် ပြီးဆုံးသွားပြီးသည့်နောက်တွင် လက်ကျန် ဆယ်ရက်အား အဖွဲ့လိုက်တိုက်ပွဲများကို ကျင်းပရန်အတွက် အသုံးပြုပေတော့မည်။ ပြိုင်ပွဲကျင်းပမည့် နေရာမှာ ဤတောင်ကြားသာ ဖြစ်ပါသော်ငြား ယခင်ကကဲ့သို့ မြောက်များလှစွာသော စင်မြင့်လေးများ ရှိမနေတော့ဘဲ ယခုအချိန်တွင်တော့ ဧရာမစင်မြင့်ကြီး ဆယ်ခု တောင်ကြားထဲ၌ ရှိနေခဲ့လေသည်။ စင်မြင့်တစ်ခုချင်းစီတိုင်းသည် အနည်းဆုံး လူတစ်ရာခန့် ဝင်ဆံ့ပေသည်။
တစ်ဦးချင်းပြိုင်ပွဲတွင် စင်မြင့်တစ်ခုစီ၌ ဒိုင်လူကြီးတစ်ဦးသာ လိုအပ်ခဲ့ပါသော်ငြား အဖွဲ့လိုက်ပြိုင်ပွဲများတွင်မူ စင်မြင့်တစ်ခုစီ၌ ဒိုင်လူကြီးငါးဦးအထိ လိုအပ်လာခဲ့လေသည်။ ရန်ကိုင်သည်လည်း အဖွဲ့လိုက်ပြိုင်ပွဲများအတွင်း ဒိုင်လူကြီး လုပ်ရမည့်အထဲ ပါပေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်အနေဖြင့် သုံးရက်ကြာတိုင်း တစ်ကြိမ် ဒိုင်လူကြီး လုပ်ရပေတော့မည်။
အဖွဲ့လိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် တပည့်အားလုံးမှာ တတ်စွမ်းထားသမျှ ပညာရပ်များနှင့် နည်းလမ်းအားလုံးကို အသုံးချ၍ တိုက်ခိုက်နေခဲ့ကြလေသည်။ သူတို့စဉ်းစားမိသမျှ ဉာဏ်နီဉာဏ်နက်အားလုံး နည်းလမ်းအားလုံးကို အဖွဲ့လိုက်ပြိုင်ပွဲများတွင် အသုံးပြုလာခဲ့ကြသည်။ ပထမနေရာလေးရရန်အတွက်နှင့် ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြု၍ တိုက်ခိုက်နေကြသည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်ဖွယ် ကောင်းလှပေသည်။ သို့သော်ငြား ယခုကဲ့သို့သော အဖွဲ့လိုက်ပြိုင်ပွဲ၏ ပထမ ဒုတိယနေရာများသည် သက်ဆိုင်ရာဂိုဏ်းအသီးသီး၏ ဂုဏ်သတင်းကို အဆုံးအဖြတ်ပေးနိုင်လိမ့်မည် ဖြစ်သည့်အတွက်ကြောင့် လူတိုင်းမှာ တတ်စွမ်းသမျှ ကြိုးစားနေကြလေသည်။
နေမင်းပြာကျောင်းတော်သည်လည်း လက်ရွေးစင်တပည့်များကို စေလွှတ်ခဲ့လေသည်။ တစ်ဦးချင်းရလဒ် မည်သို့ပင်ဖြစ်နေစေကာမူ အဖွဲ့လိုက်ပြိုင်ပွဲတွင်တော့ နေမင်းပြာကျောင်းတော်မှာ အတော်လေးကိုမှ အားကောင်းလှသည်။ ပြိုင်ပွဲအနည်းငယ်အတွင်း ပြိုင်ဘက်များမှာ သူတို့အား အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ နောက်ဆုံး ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များနှင့် တွေ့သည့်အခါမှသာလျှင် ပြိုင်ပွဲမှာ စတင်ခက်ခဲလာခဲ့ရသည်။
ယနေ့ ရန်ကိုင် သူ့အခန်းထဲ ထိုင်နေစဉ် အစေခံမလေးသည် ယုကျိုး သူနှင့် တွေ့ချင်သဖြင့် လာရောက်ကြောင်း အစီရင်ခံတင်ပြလေသည်။ ပထမတစ်ကြိမ် ဤနေရာသို့ လာပြီးချိန်မှ စ၍ ယုကျိုးသည် ရက်အနည်းငယ်ကြာတိုင်း သူ့ဆီသို့ လာလာလည်လေ့ ရှိပေသည်။ သို့သော်ငြား ယုကျိုးမှာ အကြောင်းအရင်းမရှိ လာလည်ခြင်း မဟုတ်။ အစေ့များကို ပို့ပေးရန်အတွက် လာရောက်ခြင်းသာ ဖြစ်လေသည်။ ရန်ကိုင်မှ အစေ့များအား စိတ်ဝင်စားကြောင်းကို သိလိုက်ပြီးသည့်နောက် ယုကျိုးသည် သူမ၏ ဂိုဏ်းသားများကို အကူအညီတောင်း၍ အစေ့များကို စုဆောင်းခိုင်းခဲ့လေသည်။ ထို့နောက်တွင် အစေ့များကို ရက်အနည်းငယ်ကြာတိုင်း ရန်ကိုင်ဆီသို့ လာပို့လေ့ရှိပေသည်။
ယခုအကြိမ်သည် သုံးကြိမ်မြောက် ဖြစ်ပေသည်။ ထိုအစေ့များမှာ ဈေးမကြီးလှပါသော်ငြား တစ်ခုခု မှားယွင်းနေသည်ဟုတော့ ရန်ကိုင် စိတ်ထဲ ခံစားနေရလေသည်။ မိန်းကလေး၏ အကြည့်မှာ ယခင်ကနှင့် သိပ်၍ မတူတော့ပေ။ ထိုကဲ့သို့သော ကိစ္စရပ်မျိုးတွင် အတွေ့အကြုံရှိသူတစ်ဦးပီပီ ရန်ကိုင်အနေဖြင့် ယုကျိုး၏ ရည်ရွယ်ချက်ကို မည်ကဲ့သို့များ မသိဘဲနေပါမည်နည်း။ သူမအား ကယ်ဆယ်ပေးလိုက်သည့် အချိန်မှစ၍ ထိုကောင်မလေး၏ ရင်ထဲ အစေ့တစ်စေ့အား စိုက်ပျိုးမိလိုက်သည့်ပုံပင်။ ယခုအချိန်တွင်တော့ ထိုအစေ့မှာ တဖြည်းဖြည်းနှင့် ကြီးထွားလာခဲ့ပြီး သူမ၏ ရင်ထဲ စတင်အမြစ်တွယ်ရန် ကြိုးစားနေခဲ့လေပြီ။
ယုကျိုးမှာလည်း သူမ၏ ခံစားချက်များကို သေသေချာချာကို ဖုံးကွယ်ထားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ဤမျှ အချိန်ကြာသွားသည့်နောက် ထိုအချက်ကို မမြင်ရလောက်သည်အထိ ကန်းမနေခဲ့ပေ။ ထိုအကြောင်းကြောင့် ယုကျိုးနှင့် သေသေချာချာ စကားပြောရတော့မည်ဟု သူ့စိတ်ထဲ တွေးလိုက်လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်အနေဖြင့် အခြား မည်သည့်အမျိုးသမီးနှင့်မျှ ထပ်၍ မပတ်သက်ချင်တော့ပေ။ ကျိယောင်နှင့် ပတ်သက်၍ ဘာဖြစ်နေသလဲဆိုသည်ကိုပင်လျှင် ရန်ကိုင်မှာ အဖြေမထုတ်နိုင်ပေ။ ထိုအကြောင်းကို တွေးရင်းမှ အစေခံမလေးကို လှမ်း၍ ပြောလိုက်သည်။
မကြာမီ တံခါးအနောက်မှ ခေါင်းလေးတစ်ခေါင်း ပြူထွက်လာခဲ့ပြီး ယုကျိုးက ပြုံးရင်း ပြောလိုက်လေသည်။ "စီနီယာအစ်ကို၊ နှောင့်ယှက်မိသလို ဖြစ်မသွားပါဘူးနော်"
အကြိမ်ပေါင်းများစွာ တွေ့ပြီးသည့်နောက် ယုကျိုးမှာ ရန်ကိုင်နှင့် အတော်လေးကိုမှ ရင်းနှီးလာခဲ့လေသည်။
"ရောက်နေပြီပဲကို ဘာတွေနှောင့်ယှက်တာတွေ မနှောင့်ယှက်တာတွေ ပြောနေသေးတာလဲ" ရန်ကိုင်သည် ယုကျိုးအား မျက်စောင်းထိုးကာ ကြည့်လိုက်သည်။ အကြိမ်ပေါင်းများစွာ တွေ့ပြီးသည့်နောက် ရန်ကိုင်နှင့် ယုကျိုးတို့မှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုရင်းနှီးလာကြတော့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၅၀)
ဘာသာပြန်သူ_တိမ်တိုက်
ယုကျိုးသည် လျှာလေး တစ်လစ်တစ်လစ်ထုတ်လျက် အခန်းထဲသို့ ဝင်လာကာ သူမနှင့်အတူ ပါလာသော အိတ်လေးကို ထုတ်၍ ရန်ကိုင်ဆီသို့ ပေးကာ ပြောလိုက်လေ၏။ "ကျွန်မ စီနီယာအတွက် အစေ့တွေ ထပ်ရှာလာတယ်၊ ကြည့်ကြည့်လိုက်ပါဦး"
ရန်ကိုင်သည် အစေ့အိတ်ကို လက်ခံယူ၍ ပြန်ပြောလိုက်လေသည်။ "ထပ်ပြီးတော့ ရှာမနေတော့နဲ့၊ ဒီလောက်ဆို လုံလောက်ပြီ"
ထိုစကားကိုကြားသော် ယုကျိုး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမ၏ အမူအရာမှာလည်း အနည်းငယ် ညှိုးရော်သွားခဲ့သည်။ သို့တိုင် ချက်ချင်းပဲ ဝမ်းသာအားရဖြင့် ထပ်၍ မေးလိုက်လေ၏။ "စီနီယာ ဒီအစေ့တွေကို ဘာဖြစ်လို့စုနေတာလဲ"
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "ငါ့မိန်းမက ရှာခိုင်းထားတာလေ၊ ဒါကြောင့် လိုက်ရှာနေရတာ"
"စီနီယာရဲ့မိန်းမ" ယုကျိုး ကြောင်သွားလေ၏။ "စီနီယာမှာ မိန်းမရှိတာလား"
[ငါ ဘာဖြစ်လို့ ဒီအကြောင်းကို တစ်ခါမှ မကြားဖူးတာလဲ၊ စီနီယာအကြောင်းကို ငါလိုက်မေးကြည့်တာ ဘာဖြစ်လို့ သူ့မှာ မိန်းမရှိတဲ့အကြောင်း မကြားရတာလဲ]
ရန်ကိုင်က ခေါင်းညိတ်၍ ရေနွေးကြမ်းခွက်ကို ကိုင်ကာ တစ်ငုံလောက် မော့သောက်ရင်းမှ ပြန်ပြောလိုက်သည်။ "အင်း၊ နည်းနည်းတော့ရှိတယ်"
[နည်းနည်း] ယုကျိုး ချက်ချင်း အတွေးများသွားခဲ့ရပြီး တစ်ခဏမျှ ငြိမ်သက်သွားခဲ့လေသည်။ သူမ ပုံစံမှာလည်း ယခင်ကလောက် ရွှင်မြူးနေခြင်း မရှိတော့။ ရန်ကိုင် လက်ထပ်ထားကြောင်း သိပြီးသည့်နောက်တွင် ယုကျိုးမှာ အနည်းငယ် စိတ်လွတ်ချင်သွားသလို ဖြစ်သွားခဲ့သည်။ ထိုအပြင် ရန်ကိုင် ပြောပုံကို ကြည့်ရသလောက် သူ့တွင် မိန်းမတစ်ဦးပင် ရှိနေခြင်း မဟုတ်။ အနည်းဆုံး တစ်ယောက်မကတော့ ရှိနေပေသည်။ ထို့ကြောင့် ရန်ကိုင်နှင့် စကားနည်းနည်းပါးပါး ပြောပြီးသည့်နောက် ယုကျိုးမှာ ပြန်၍ ထွက်သွားတော့လေသည်။
ရန်ကိုင်သည် ယုကျိုးအား တံခါးဝအထိသို့ လိုက်ပို့ပေးလိုက်ပြီး ထွက်ခွာသွားသော ယုကျိုး၏ ကျောပြင်ကို ကြည့်ရင်းမှ ဖြည်းဖြည်းချင်း ခေါင်းခါနေခဲ့သည်။ ဤကိစ္စကို မြန်မြန်ဆန်ဆန် အဆုံးသတ်စေနိုင်ရန်အတွက် သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်အချို့ကို ထုတ်ပြောရတော့လေသည်။
အဖွဲ့လိုက်ပြိုင်ပွဲများမှာ ဆက်လက်၍ ဖြစ်ပွားနေကြလေသည်။ ကျန်ရှိနေသူများမှာ လက်ရွေးစင်များ ဖြစ်ကြသည့်အလျောက် တိုက်ပွဲမှာ ပိုပို၍ ပြင်းထန်လာတော့သည်။ ဤအချိန်တွင် တောင်ဘက်နယ်မြေထဲရှိ ဂိုဏ်းများ၏ အမွေအနှစ်တို့မှာ စတင်၍ ထွက်ပေါ်လာရတော့သည်။ ဂိုဏ်းတစ်ဂိုဏ်း တိုက်ပွဲအတွင်း ပို၍ ကြာရှည်ခံလေ ထိုဂိုဏ်း၏ လွှမ်းမိုးနိုင်စွမ်း ပိုမိုကြီးမားလာလေပင်။ ပြောစရာမလိုအောင်ပင် ထိပ်တန်းဂိုဏ်း သုံးဂိုဏ်းစလုံးမှာ ပြိုင်ပွဲမှ ထုတ်ပယ်ခံရခြင်း မရှိချေ။
ထိုအပြင် နောက်ဆုံးကျန်ရစ်သည့် အဖွဲ့သုံးဖွဲ့မှာလည်း ထိပ်တန်းဂိုဏ်း သုံးဂိုဏ်းမှသာ ဖြစ်ကြပေသည်။ နေမင်းပြာကျောင်းတော်မှ အဖွဲ့သည် မျှော်လင့်ထားသည့်အတိုင်း တာအိုသခင်အဆင့် အဖွဲ့လိုက်ပြိုင်ပွဲအား အပြတ်အသတ် အနိုင်ရခဲ့လေသည်။ တန်ခိုးရှင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်အဆင့် အဖွဲ့လိုက်ပြိုင်ပွဲများတွင် ရှုံးနိမ့်သွားခဲ့ပါသော်ငြား ထိုဆုံးရှုံးမှုများမှာ ထိုမျှ မကြီးမားပေ။
နောက်ဆုံးတွင်တော့ ပြိုင်ပွဲရလဒ်များ ထွက်ပေါ်လာခဲ့လေပြီ။ ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များနှင့်တကွ သောင်းနှင့်ချီသော တပည့်များမှာ တောင်ကြားထဲ၌ နောက်တစ်ကြိမ် စုဝေးလာကြလေသည်။ ထို့နောက်တွင် ရှောင်ယုယန်သည် တစ်ဦးချင်းပြိုင်ပွဲနှင့် အဖွဲ့လိုက်ပြိုင်ပွဲများတွင် ထိပ်ဆုံးအဆင့်နေရာထဲသို့ ဝင်ရောက်ခဲ့ကြသော လူများနှင့် အဖွဲ့များကို ကြေညာ၍ ဆုလာဘ်များကို ချီးမြှင့်လေသည်။
ယခုဆိုလျှင် တောင်ဘက်နယ်မြေ၏ သိုင်းပညာရှင်စုဝေးပွဲမှာ ပြီးဆုံးသွားခဲ့လေပြီ။ သို့တိုင် မည်သူမျှ ထွက်သွားခြင်း မရှိကြ။ လုပ်ရိုးလုပ်စဉ်အရ သိုင်းပညာရှင်စုဝေးပွဲ၏ အိမ်ရှင်ဖြစ်သော ရှေးဟောင်းကျောင်းတော်သည် သိုင်းပညာရှင်စုဝေးပွဲ နောက်ဆုံးညတွင် စားသောက်ပွဲကြီးတစ်ခုကို ကျင်းပပေလိမ့်မည်။ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပါစေ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရောက်ရှိလာကြသော တပည့်များဖြစ်ကြပါစေ အကုန်လုံးသည် ထိုစားသောက်ပွဲ၌ ပါဝင်ဆင်နွှဲနိုင်ကြပေသည်။
စားသောက်ပွဲကို ညနေမှာ ကျင်းပမည် ဖြစ်သည့်အတွက်ကြောင့် အချိန်အနည်းငယ် ကျန်သေးလေရာ ရန်ကိုင်သည် သူ နားသည့်နေရာဆီသို့သာ ပြန်လာခဲ့လေသည်။ မကြာမီ အစေခံမလေးသည် ယုကျိုး သူ့အား တွေ့ချင်နေကြောင်းကို လာပြောသည်။ ရန်ကိုင်မှာ ထိုကိစ္စနှင့် ပတ်သက်၍ ခေါင်းကိုက်ချင်လာတော့လေ၏။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြောလိုက်လေသည်။ "ငါမရှိဘူးလို့ ပြောလိုက်"
ယခင်တစ်ကြိမ်ကတည်းက သေချာပြောထားပြီးသွားပြီ ဖြစ်ပါသော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် သူပြောလိုက်သည်မှာ မလုံလောက်သေးသည့်ပုံပင်။ ယုကျိုး ဘာတွေးနေသလဲ ရန်ကိုင် မသိပေ။ သို့သော်ငြား ဤမရေမရာ ဆက်ဆံရေးကြီးကို ရန်ကိုင် ဆက်မသွားချင်တော့။
အစေခံမလေးသည် ရန်ကိုင်အား တစ်ချက်ကြည့်လိုက်လေသည်။ ရန်ကိုင် ဘာကြောင့် ယုကျိုးအား ယခုတစ်ကြိမ် မတွေ့ချင်နေမှန်းကို နားမလည်။ သို့ပင်ဖြစ်လင့်ကစား ယခုကိစ္စသည် သူမ ဝင်ရှုပ်ရမည့် ကိစ္စမဟုတ်သည့်အတွက်ကြောင့် ပြောသည့်အတိုင်းသာ ပြန်ပြောရန် ထွက်သွားလေ၏။
ခန်းမအပြင်ဘက်တွင် အစေခံမလေးသည် ယုကျိုးဆီသို့ ပြန်လာပြီး ပြောလိုက်လေသည်။ "အကြီးအကဲရန် အထဲမှာမရှိဘူး"
ယုကျိုးက ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ သူအခုပဲ ပြန်လာတာကို ကျွန်မ မြင်လိုက်ပါတယ်"
အစေခံမလေးက ပြုံး၍... "သူပြန်ထွက်သွားတာနဲ့တူတယ်"
ယုကျိုးမှာ အစေခံမလေး ပြောသည့် စကားကို မယုံပေ။ ရန်ကိုင် ဤနေရာသို့ ပြန်လာသည်ကို သူမ မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင် ဘာကြောင့် အထဲတွင်မရှိဘဲ နေရပါမည်နည်း။ အစေခံမလေးအား ထပ်မေးတော့မည်အပြု ရုတ်တရက် တစ်ခုခုအား သတိထားမိသွားခဲ့ပြီး အားတင်းပြုံး၍ ဦးညွှတ်ကာ ပြောလိုက်လေသည်။ "ကျေးဇူးအများကြီးတင်ပါတယ်နော်"
အစေခံမလေးက ခေါင်းခါလျက်... "ဘာမှမဖြစ်ပါဘူး"
ထို့နောက်တွင် ယုကျိုး လှည့်ထွက်သွားတော့သည်။ သူမ၏ မျက်လုံးများမှာလည်း ရုတ်ချည်းဆိုသလို နီမြန်းသွားခဲ့လေသည်။ မှုန်ကုတ်ကုတ်အမူအရာဖြင့် သူမ နေသည့် နေရာဆီသို့ ပြန်ထွက်သွားနေရင်းမှ လမ်းတစ်ဝက်တွင် ယုကျိုးသည် ရန်ကိုင် နေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်ပြီး အားတက်သရောဖြင့် သူမ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ချက်ချင်းပဲ ပြေးထွက်သွားတော့လေသည်။
ရန်ကိုင်သည် ပြတင်းပေါက်နားတွင် ရပ်နေခြင်းဖြစ်လေသည်။ ထိုအတွက်ကြောင့် ယုကျိုး သူ့အား လက်ဝှေ့ယမ်းပြနေသည်ကို မြင်သည့်အခါ သက်ပြင်းသာ ကြိတ်၍ချလိုက်သည်။ အခြေအနေများမှာ ယခုကဲ့သို့ ဖြစ်လာသည့်အတွက်ကြောင့် ယုကျိုးအနေဖြင့် ဤကိစ္စကို လွှတ်ချ၍ သူမ၏ ပျော်ရွှင်မှုကိုသာ ဦးစားပေးနိုင်ပါစေဟု ရန်ကိုင် စိတ်ထဲ ကြိတ်၍ မျှော်လင့်နေရတော့သည်။
ထိုညတွင် တောင်ကြားတစ်ခုလုံးမှာ သောင်းနှင့်ချီသော လူများဖြင့် စုဝေးနေခဲ့ကြကာ အလွန်ကိုမှ သက်ဝင်စည်ကားနေခဲ့လေသည်။ မရေမတွက်နိုင်သော စားပွဲဝိုင်းများကိုလည်း တောင်ကြားအနှံ့ ခင်းကျင်းထားခဲ့ပြီး အစေခံမလေးများမှာလည်း ရောက်ရှိလာကြသော ဧည့်သည်များကို ဧည့်ခံပေးနေခဲ့သည်။ ရှေးဟောင်းကျောင်းတော်၏ တပည့်များသည်ပင်လျှင် စားသောက်စရာများနှင့် အရက်များကို ဝန်ဆောင်မှုပေးရင်းမှ အလုပ်ရှုပ်နေခဲ့လေသည်။
နေမင်းပြာကျောင်းတော်မှ လူများ စုဝေးနေသည့် နေရာတွင် ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ မေးလိုက်လေသည်။ "စီနီယာအစ်မကောင်းရော"
တစ်ညနေလုံး ရန်ကိုင်မှာ ကောင်းရွှယ်ထင်းကို မတွေ့မိပေ။
မူရုံရှောင်ရှောင်က ပြန်ပြောလိုက်သည်။ "စီနီယာအစ်မက သူနေရထိုင်ရတာ သိပ်အဆင်မပြေလို့ မလာတော့ဘူးတဲ့"
"သူအဆင်ရောပြေရဲ့လား" ရန်ကိုင် စိတ်ပူသွားလေသည်။
မူရုံရှောင်ရှောင်က ရှက်ကိုးရှက်ကန်း အမူအရာလေးဖြင့် ပြန်ပြောလိုက်လေ၏။ "ဘာမှမဖြစ်ဘူး နည်းနည်းလေးနားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်"
မူရုံရှောင်ရှောင်၏ အမူအရာကို မြင်သည့်နောက် ရန်ကိုင်လည်း အလိုက်တသိဖြင့် ထပ်၍ မမေးတော့ပေ။
လူများ တစ်ယောက်ပြီးတစ်ယောက် သူတို့အား အရက်ခွက်လာတေ့ကြလေသည်။ ထိုအတွက်ကြောင့် နေမင်းပြာကျောင်းတော်မှ လူများမှာလည်း အေးအေးဆေးဆေး နားနေ၍ မရတော့။ ဝမ်ကျိရှန်းမှ အမိန့်ပေးသည့်အခါ ဧကရာဇ်အဆင့်ပညာရှင်များမှာ အရက်ခွက်အသီးသီးကို ကိုင်၍ အခြားလူများနှင့် အရက်ခွက် လိုက်တေ့ရတော့သည်။ အပြန်လမ်းတွင် ရန်ကိုင်၏ အမူအရာ ရုတ်ချည်းပြောင်းသွားခဲ့ပြီး တစ်ခုသော ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထိုအရပ်ဆီမှာ လူတစ်ဦး လစ်ခနဲ ဖြတ်ပြေးသွားသည်ကို သတိထားမိလိုက်သည်။
"ဘာကြီးလဲ" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက်တွင် အရက်ခွက်ကို ချ၍ ထိုအရိပ်နောက်သို့ ပြေးလိုက်သွားကာ မကြာမီတွင် သူနှင့် မီတာပေါင်းများစွာခန့်အကွာ၌ လူတစ်ဦး ရပ်စောင့်နေသည်ကို တွေ့လိုက်ရလေသည်။ ရန်ကိုင်သည် ထိုလူဆီသို့ လျှောက်သွားပြီး လက်သီးဆုပ်၍... "စီနီယာအစ်ကိုလော့လား"
လော့ချန်သည် ရန်ကိုင်ကို ကြည့်၍ ပြန်ပြောလိုက်လေသည်။ "ငါ့အနောက် လိုက်ခဲ့"
"ဘယ်ကိုလဲ" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ အစောပိုင်းက သူ့အား ဤနေရာသို့လာရန် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းပြောခဲ့သည့်လူမှာ လော့ချန်သာ ဖြစ်လေသည်။ ရှင်းရှင်းပြောရသော် လော့ချန်နှင့် ရန်ကိုင်မှာ နေမင်းပြာကျောင်းတော်မှသာ ဖြစ်ကြပါသော်ငြား ပုံမှန်အားဖြင့် ရန်ကိုင်သည် လော့ချန်နှင့် စကားအပြောအဆို သိပ်မရှိပေ။
ဤလူသည် ရှောင်ပိုင်ယီထက်ပင် ပို၍ စကားနည်းပေသေးသည်။ အနည်းဆုံးတော့ ရှောင်ပိုင်ယီသည် စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောပေးသေးသည်။ သို့သော်ငြား လော့ချန်မှာမူ 'အ'နေသည့် လူတစ်ဦးပမာ ဘာဆိုဘာမျှ မပြောပေ။ မူရုံရှောင်ရှောင် ပြောပုံအရ လော့ချန်သည် နေမင်းပြာကျောင်းတော်ထဲရှိ အကြီးအကဲများနှင့်ပင်လျှင် ထိုမျှ ရင်းနှီးခြင်း မရှိပေ။
ရန်ကိုင် ကိုယ်တိုင်သည်လည်း လော့ချန်နှင့် စကားတစ်ခွန်း နှစ်ခွန်းထက် ပို၍ မပြောခဲ့ဖူးသောကြောင့် သူတို့နှစ်ဦးမှာ ရှင်းရှင်းပြောရလျှင် သူစိမ်းများသာ ဖြစ်ကြပေသည်။ ထိုအကြောင်းကြောင့် လော့ချန် ဘာကြောင့် ညကြီးမင်းကြီး သူနှင့် တွေ့ချင်နေရသလဲဆိုသည်ကို ရန်ကိုင် လုံးဝနားမလည်နိုင်ခဲ့ပေ။
"စီနီယာအစ်မကောင်းက မင်းနဲ့တွေ့ချင်နေတယ်" လော့ချန်သည် ရှေ့မှ ဦးဆောင်သွားရင်းမှ ပြန်ပြောလိုက်လေသည်။
"စီနီယာအစ်မကောင်း" ရန်ကိုင် ကြောင်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့စိတ်ထဲမှနေ၍ ကြိတ်ကာ အပြစ်တင်မိလေ၏။ [သူတို့ ဘာတွေဒီလောက်တောင် တိုးတိုးတိတ်တိတ် လုပ်နေရတာလဲ၊ ကောင်းရွှယ်ထင်း ငါ့ကိုရှာနေတယ်ဆိုရင် ငါ့ဆီ တိုက်ရိုက်ပဲ လာလိုက်ပါလား၊ ဘာဖြစ်လို့ လော့ချန်ကနေတစ်ဆင့် ပြောခိုင်းရတာလဲ]
သူ့စိတ်ထဲရှိ မယုံသင်္ကာသံသယတို့ကို မျိုသိပ်ထားရင်းမှ ရန်ကိုင်သည် လော့ချန်အနောက်သို့ လိုက်သွားခဲ့သည်။ သို့သော်ငြား တစ်ခဏအကြာ၌ ရန်ကိုင်က မျက်မှောင်ကြုတ်၍... "စီနီယာအစ်ကိုလော့ ဒါက အပြန်လမ်း မဟုတ်ဘူးနော်"
လက်ရှိ သူတို့သွားနေသည့် လမ်းကြောင်းမှာ နေမင်းပြာကျောင်းတော်မှလူများ နားနေသည့် နေရာသို့ သွားနေသည့် လမ်းကြောင်း မဟုတ်ဘဲ ရှေးဟောင်းကျောင်းတော်မှ အပြင်ဘက်သို့ ထွက်သွားနေသည့် လမ်းကြောင်းသာ ဖြစ်လေသည်။ ထိုအတွက်ကြောင့် ရန်ကိုင် စိတ်ထဲ ပိုပို၍ မယုံသင်္ကာဖြစ်လာမိသည်။ သို့သော်ငြား အရှေ့မှ ဦးဆောင်သွားနေသည့် လော့ချန်မှာ သူ့အား ဘာမျှ ပြန်မရှင်းပြ။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ တစ်ခုခု မှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားမိလိုက်ရပြီး ရုတ်တရက် ကောက်ရပ်လိုက်လေသည်။ လော့ချန်သည်လည်း ရပ်လိုက်ပြီး ရန်ကိုင်အား ပြန်လှည့်ကြည့်လာခဲ့သည်။
"စီနီယာအစ်ကိုလော့ ဘာတွေဖြစ်နေတာလဲ" ရန်ကိုင်သည် လော့ချန်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
လော့ချန်က ပြန်ပြောလိုက်လေသည်။ "စီနီယာအစ်မကောင်း မင်းကိုတွေ့ချင်နေတယ်"
ရန်ကိုင်က ထပ်မေးလိုက်သည်။ "စီနီယာအစ်မကောင်း ဘာဖြစ်လို့ ကျုပ်ကို တွေ့ချင်နေတာလဲ"
လော့ချန်က ပြန်ပြောလိုက်သည်။ "ငါက ပြောခိုင်းတဲ့အတိုင်းပဲ ပြန်ပြောရတာ၊ အသေးစိတ်ကိုတော့ ငါလည်း ဘာမှမသိဘူး"
ရန်ကိုင်သည် လော့ချန်အား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ သတင်းပို့ကြည့်လိုက်သည်။ လော့ချန်၏ အပြုအမူမှာ အလွန်ကိုမှ သံသယဝင်ဖွယ်ကောင်းလှပေသည်။ ထိုအတွက်ကြောင့် လော့ချန်အား ရန်စမိသွားသလို ဖြစ်သွားမည်ဆိုလျှင်ပင် ရန်ကိုင်အနေဖြင့် ဂရုမစိုက်နိုင်တော့ပေ။ [ကောင်းရွှယ်ထင်းကို အရင်ဆက်သွယ်ကြည့်ပြီးမှ ဘာတွေဖြစ်နေလဲ ကြည့်ကြည့်ရတာပေါ့]
ဆက်သွယ်ရေးမှော်ရတနာဆီမှ အကြောင်းပြန်စာကို ရန်ကိုင် တစ်ခဏလေးမှာပင် ပြန်ရလိုက်လေသည်။ ပို့လာသည့် အကြောင်းအရာကို ဖတ်ကြည့်ပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ကောင်းရွှယ်ထင်းမှာ သူ့အား အမှန်တကယ်ကို တွေ့ချင်နေခဲ့သည်။ သို့သော်ငြား အကြောင်းအရင်းကိုတော့ ပြောမသွားခဲ့ပေ။ ရောက်လာလျှင် သိမည်ဟုသာ ပြောခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာကို သိမ်း၍ အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် လော့ချန်အား ဦးညွှတ်လိုက်လေသည်။ ရန်ကိုင်၏ လုပ်ရပ်သည် လော့ချန်အား မယုံကြည်နေသည်ကို ပြနေခဲ့သည်။ သို့သော်ငြား ကောင်းရွှယ်ထင်းနှင့် ဆက်သွယ်ကြည့်ပြီးသည့်နောက် သူအတွေးလွန်နေခြင်းသာ ဖြစ်ကြောင်းကို ရန်ကိုင် သဘောပေါက်သွားတော့သည်။
လော့ချန်ကမူ ထိုကိစ္စအား ဂရုမစိုက်ဟန်ဖြင့် ရှေ့မှဆက်၍ ဦးဆောင်သွားလေ၏။
တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦး ရှေးဟောင်းကျောင်းတော်ထဲမှ ထွက်လာခဲ့လေသည်။ မည်သူမျှ သူတို့အား လာမတားခဲ့ပေ။ တစ်နာရီခန့်ကြာအောင် ပျံသန်းလာပြီးသည့်နောက်တွင် လော့ချန်သည် မလှမ်းမကမ်းတွင် ရှိနေသော တောင်မြင့်မြင့်တစ်လုံးကို လက်ညှိုးထိုးပြ၍ ပြောလိုက်လေသည်။ "စီနီယာအစ်မကောင်း မင်းကိုအဲဒီမှာ စောင့်နေတယ်"
ရန်ကိုင်က လော့ချန်ကို ကြည့်၍... "စီနီယာအစ်ကိုရော မလိုက်တော့ဘူးလား"
လော့ချန်သည် ခေါင်းခါပြလိုက်ပြီး ပြန်လှည့်ထွက်သွားလေသည်။ ရန်ကိုင် ဆွံ့အသွားလေ၏။ [မိတ်ဆွေမရှိတာ နည်းတောင်နည်းသေးတယ်၊ ဒီလိုပုံစံမျိုးကို ဘယ်သူကများ မိတ်ဆွေဖွဲ့ချင်မှာလဲ၊ ကောင်းရွှယ်ထင်း ဘယ်လိုလုပ်ပြီး သူ့ကိုအခုလိုမျိုး ငါ့ဆီသတင်းလာပို့နိုင်အောင် လုပ်လိုက်တာလဲ မသိဘူး]
လော့ချန် ညွှန်ပြသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ တောင်တစ်လုံးကို ရန်ကိုင် လှမ်းမြင်လိုက်ရလေသည်။ ထို့နောက်တွင် ရန်ကိုင်လည်း ထိုအရပ်ဆီသို့ ထွက်လာခဲ့၏။
တောင်ပေါ်သို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပါသော်ငြား မည်သူ့ကိုမျှ မတွေ့ရပေ။ ထိုအတွက်ကြောင့် ကောင်းကင်စိတ်အာရုံကို စစ်ဆေးကြည့်လိုက်သည့်တိုင် မည်သည့် သက်ရှိကိုမျှ မတွေ့ရ။
"စီနီယာအစ်မကောင်း" ရန်ကိုင်မှာ လှမ်း၍ အော်ခေါ်လိုက်ပါသော်ငြား ပြန်ထူးသံ ထွက်မလာခဲ့ပေ။
ထိုအတွက်ကြောင့် ယနေ့ညအဖြစ်အပျက်များသည် ပိုပို၍ ထူးဆန်းလာနေသည်ဟု ရန်ကိုင် စိတ်ထဲ ခံစားလာရတော့လေသည်။ ပထမဦးစွာ ကောင်းရွှယ်ထင်းသည် လော့ချန်အား သတင်းစကားပါးခိုင်းလိုက်သည်။ သို့သော်ငြား တွေ့ရမည့် နေရာသို့ ရောက်လာပြီးသည့်တိုင် ကောင်းရွှယ်ထင်းအား မည်သည့်နေရာတွင်မျှ မတွေ့ရချေ။ ကောင်းရွှယ်ထင်း ရောက်မလာသေးသည်များ ဖြစ်နေလေမလား။
မယုံသင်္ကာဖြစ်မိသည့်အတွက်ကြောင့် ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ ကောင်းကင်စိတ်အာရုံကို ဆက်သွယ်ရေးမှော်ရတနာထဲသို့ ထည့်သွင်းကာ ကောင်းရွှယ်ထင်းကို ဆက်သွယ်ကြည့်လိုက်လေသည်။ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကောင်းရွှယ်ထင်းအား မေးမြန်းချင်နေခဲ့သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ကောင်းရွှယ်ထင်းဆီမှ မည်သည့်ပြန်ကြားစာမျှ မရတော့ပေ။
ရန်ကိုင် စိတ်ထဲ ဆက်သွယ်ရေးမှော်ရတနာကို သုံး၍ ကောင်းရွှယ်ထင်းအား ဆက်သွယ်ရာ၌ အာရုံစိုက်နေစဉ်မှာပင် အရိပ်တစ်ခုသည် ရန်ကိုင် အနောက်ဘက်ရှိ အမှောင်ရိပ်မှ တိုးတိုးတိတ်တိတ် ပေါ်လာခဲ့လေသည်။ ထိုအရိပ်သည် မီးခိုးထုပမာ သတိမပေးဘာမပေးဖြင့် ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။ ပို၍ ထူးဆန်းသည်မှာ ရန်ကိုင် ကိုယ်တိုင်သည်ပင်လျှင် အရိပ် သူ့အနားသို့ ကပ်နေသည်ကို လုံးဝသတိမထားမိခြင်းပင်။
ထိုအနက်ရောင်အရိပ်သည် ဝိုးတိုးဝါးတား ပုံရိပ်တစ်ခုအဖြစ်သို့ တဖြည်းဖြည်းချင်း သိပ်သည်းသွားခဲ့လေသည်။ အရိပ်၏ လက်ထဲမူ အနက်ရောင် ဓားမြှောင်တစ်ချောင်းကို ကိုင်စွဲထားခဲ့သည်။ ထို့နောက်တွင် ထိုလူသည် ဓားမြှောင်အား ရန်ကိုင်၏ ကျောပြင်တည့်တည့်သို့ ဖြည်းဖြည်းချင်း ထိုးချလိုက်လေသည်။
လရောင်သည် ပတ်ဝန်းကျင်အနှံ့ ပက်ဖျန်းနေခဲ့ပြီး လေပြေများမှာလည်း တိုက်ခတ်နေခဲ့သည်။ လောကကြီးတစ်ခုလုံးမှာတော့ တိတ်ဆိတ်နေခဲ့ပြီး အင်းဆက်များ ငှက်များ၏ အော်ဟစ်သံများသာလျှင် ထွက်ပေါ်နေခဲ့လေသည်။
ထိုအချိန်အတောအတွင်း ဆက်သွယ်ရေးမှော်ရတနာ၌ အာရုံရောက်နေသော ရန်ကိုင်၏ ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံတို့ ရုတ်ချည်း ဆူဝေသွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကြသည့်အလား ကျေးငှက်များနှင့် အင်းဆက်များ၏ အော်ဟစ်သံများမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွားကုန်ကြလေသည်။ ထွက်ပေါ်နေခဲ့သော အသံဗလံပေါင်းစုံမှာ တစ်ပြိုင်တည်း ပျောက်ကွယ်သွားခဲ့သည်။ ရန်ကိုင်ဆီသို့ တဖြည်းဖြည်းချင်း တိုးဝင်လာနေသော ဓားမြှောင်မှာလည်း ရုတ်ချည်းဆိုသလို အလွန်တရာကိုမှ မြန်ဆန်သည့် နှုန်းဖြင့် ရန်ကိုင်၏ ကျောပြင်ထဲသို့ ထိုးဝင်လာလေ၏။
ရန်ကိုင်မှာ သူ့ကျောပြင်တစ်ခုလုံး ထိုးအောင့်သွားသလို ခံစားလိုက်ရပြီးသည့်နောက် သူ့ခန္ဓာကိုယ်ဆီမှ ဧကရာဇ်ချီတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။ သူ့လက်ထဲတွင် ရှိနေသော ဆက်သွယ်ရေးမှော်ရတနာမှာလည်း တစ်စစီဖြစ်သွားခဲ့ပြီး ရန်ကိုင်သည် သူ့ကျောပြင်ကြွက်သားများ သတ္တုတုံးပမာ မာကျောအောင် တောင့်ချပစ်လိုက်သည်။ ထိုအတွက်ကြောင့် လက်ဖျံတစ်ချောင်းစာခန့် အရွယ်အစားရှိသော ဓားမြှောင်မှာ ရန်ကိုင်၏ ကျောပြင်ထဲသို့ တစ်လက်မလောက်ခန့်သာ တိုးဝင်သွားခဲ့ပြီး ရပ်တန့်သွားခဲ့ရလေသည်။
ဓားမြှောင်ကို ကိုင်ထားသည့် အနက်ရောင်အရိပ်မှာလည်း ယိမ်းထိုးသွားခဲ့လေသည်။ ထိုအနက်ရောင်အရိပ်၏ မျက်လုံးများရှိနေသည့် နေရာတွင်တော့ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ကြည့်ရသလောက် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို တစ်ဖက်လူမှ ဟန့်တားနိုင်လိမ့်မည်ဟု အနက်ရောင်အရိပ်မှလည်း မထင်ထားသည့်ပုံပင်။ အနက်ရောင်အရိပ်သည် ရန်ကိုင်အား ဓားမြှောင်ဖြင့် ထိုးနိုင်ခဲ့ပါသော်ငြား မျှော်လင့်ထားသည့်ရလဒ်ကိုတော့ မရရှိခဲ့ပေ။ အခြေအနေကို သေချာစဉ်းစားကြည့်လိုက်သည့်နောက် ပြဿနာအရင်းအမြစ်ကို နားလည်သွားခဲ့သည်။ သူလုပ်ကြံရန် ကြံစည်နေသော လူ၏ ခန္ဓာကိုယ်မှာ သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ မာကျောနေခြင်းပင်။
ရန်ကိုင်မှာမူ အနက်ရောင်အရိပ်အား တုံ့ပြန်ချိန်ပင် မပေးတော့ဘဲ ဒေါမာန်တကြီးဖြင့် နောက်သို့ ထိုးချလိုက်လေသည်။