← Chapters

အခန်း (၃၂၅၁-၃၂၅၅)

Vol. 142 Ch. 3251-3255

အခန်း (၃၂၅၁-၃၂၅၅)

Vol. 142 Ch. 3251-3255

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၅၁)

ဘာသာပြန်သူ_တိမ်တိုက်

အားကောင်းလှသည့် ဧကရာဇ်ချီစွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့လေသည်။ သို့သော်ငြား ဧကရာဇ်ချီလှိုင်းများမှာ အနက်ရောင်အရိပ်အား ထိမှန်ခြင်း မရှိဘဲ အနက်ရောင်အရိပ်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်၍ အနောက်ဘက်ရှိ သစ်ပင်များကိုသာ သွားရောက်ထိမှန်လေသည်။ သူ ရှိနေကြောင်းကို တစ်ဖက်လူ သိသွားပြီဖြစ်သည့်အတွက်ကြောင့် အနက်ရောင်အရိပ်မှာလည်း ပုန်းကွယ်နေရန် မကြိုးစားတော့ဘဲ ဓားမြှောင်ထဲသို့ အားထပ်ထည့်ကာ ရန်ကိုင်အား အပြီးဖြတ်ရန် ကြိုးစားတော့လေသည်။

စွက်။

ရန်ကိုင်မှာ တစ်ချက်ပင် မျက်နှာမဲ့သွားခဲ့ခြင်း မရှိခဲ့။ သို့တိုင် အဆက်မပြတ် တွန်းခံနေရသည့်အတွက်ကြောင့် နောက်သို့ တရွေ့ရွေ့နှင့် ဆုတ်နေရသည်။ ရန်ကိုင် ခြေထောက်အောက်ရှိ မြေပြင်မှာလည်း တူးထားခံရသည့်ပမာ မြေပြင်အထက်၌ စွတ်ကြောင်းအရာကြီးနှစ်ခု ထင်ကျန်ရစ်ခဲ့လေသည်။ ရန်ကိုင်သည် အနောက်သို့ ဆုတ်နေရရင်းမှ သူ့လက်ကို ဆန့်၍ သူ့ဝမ်းဗိုက်တွင် စိုက်ဝင်နေသော ဓားမြှောင်ကို တင်းတင်းဆုပ်ကိုင်လိုက်လေသည်။ အသားများကွဲထွက်ပြီး သွေးများ စီးကျလာနေသည်ကိုပင်လျှင် ဂရုမစိုက်နိုင်တော့ဘဲ ဓားမြှောင်ကို ဆုပ်ကိုင်ထားရင်းမှ သူ့အရှေ့ရှိ လူကို သေသေချာချာ ကြည့်ကြည့်လိုက်သည်။

လက်ရှိအခိုက်အတန့်သည် ရန်ကိုင်အတွက် အလွန်ကိုမှ အန္တရာယ်များလွန်းလှသည့် အခိုက်အတန့် ဖြစ်ပေသည်။ ဤအဖြစ်အပျက်သည် ရန်ကိုင်အား ထိတ်လန့်စေခဲ့သလို ဒေါသလည်း ထွက်သွားစေခဲ့သည်။ ရန်ကိုင်အား ထိတ်လန့်သွားစေသည့် အချက်မှာတော့ တစ်ဖက်လူ သူ့အနားသို့ ရောက်လာသည်ကို လုံးဝ သတိမပြုမိလိုက်ခြင်းပင်။ သတိပြုမိလိုက်သည့် အချိန်တွင်တော့ နောက်ကျနေခဲ့လေပြီ။ သူ့အနေဖြင့် ဘာဆိုဘာမျှ သတိမပြုမိခဲ့သည်ကို ကြည့်ပါက တစ်ဖက်လူ၏ လုပ်ကြံသတ်ဖြတ်ရေးနည်းလမ်း မည်မျှ ကောင်းမွန်ကြောင်းကို မြင်တွေ့နိုင်ပေသည်။ မည်သူကများ ဤမျှ ကောင်းမွန်လှသည့် လုပ်ကြံသတ်ဖြတ်ရေးစွမ်းအင်မျိုးကို ပိုင်ဆိုင်ထားလေနိုင်သနည်း။ ရန်ကိုင်အား ဒေါသထွက်သွားစေသည့် အချက်မှာတော့ ယခုကဲ့သို့ မမျှော်လင့်ဘဲ အလစ်ချောင်းတိုက်ခိုက်ခံလိုက်ရသည့် အချက်ပင်။

ရန်ကိုင်အနေဖြင့် သေဘေးမှ လွတ်မြောက်နိုင်ခဲ့ရခြင်းမှာ သတ်ဖြတ်လိုစိတ်ကို သတိပြုမိသွားခဲ့ပြီး အချိန်မီ တုံ့ပြန်နိုင်လိုက်သည့်အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။ ထိုကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာရနေလောက်ပေပြီ။

ဘုန်း၊ ဘုန်း၊ ဘုန်း။

ပြင်းထန်ကြမ်းတမ်းသည့် စွမ်းအင်လှိုင်းများ ဓားမြှောင်မှတစ်ဆင့် ရန်ကိုင်၏ လက်တစ်လျှောက် စီးဝင်ကာ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာခဲ့လေသည်။ ထိုပေါက်ကွဲမှုများကြောင့် ရန်ကိုင်၏ ခါးနေရာတစ်ခုလုံးမှာ သွေးချင်းနီသွားခဲ့လေရာ ရန်ကိုင်မှာ ဧကရာဇ်ချီကို သုံး၍ သွေးမအန်မိအောင် အတတ်နိုင်ဆုံး ထိန်းထားရတော့သည်။

ထို့နောက်တွင် ထ၍ အော်မေးလိုက်လေသည်။ "ခင်ဗျား ဘယ်သူလဲ"

ရန်ကိုင်အား လော့ချန်မှ ဤနေရာဆီသို့ ခေါ်လာပေးခဲ့ခြင်း ဖြစ်ပေသည်။ ဤနေရာသို့ မလာခင်က ရန်ကိုင်သည် ကောင်းရွှယ်ထင်းကိုပင်လျှင် ဆက်သွယ်ရင်း အတည်ပြုကြည့်ပေသေးသည်။ ထိုအတွက်ကြောင့် ကောင်းရွှယ်ထင်းမှ ပြန်တုံ့ပြန်လာသည်ကို ကြားသည့်အခါ ဘာမျှမစဉ်းစားဘဲ လိုက်လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးသည့်နောက် ချုံခိုတိုက်ခိုက်ခံရလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ ဤအဖြစ်အပျက်သည် လုံးဝကို အကွက်ချကြံစည်ထားသည့် လုပ်ကြံသတ်ဖြတ်မှုတစ်ခု ဖြစ်ပေသည်။ သို့သော်ငြား သူမည်သူ့ကို သွားရန်စ၍များ သူ့အား ယခုကဲ့သို့ပုံစံမျိုးဖြင့် အလစ်ချောင်းသတ်ဖြတ်ရန် ကြိုးစားရလေသနည်း။ အရေးအကြီးဆုံးအချက်မှာ ယခု အစီအစဉ်တွင် လော့ချန်နှင့် ကောင်းရွှယ်ထင်းတို့သည် မည်သည့်နေရာမှာ ပါဝင်နေသလဲဆိုသည်ပင်။

ရန်ကိုင်မှာ ထိုအကြောင်းအရာများကို မစဉ်းစားချင်ပါသော်ငြား စဉ်းစားရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား လက်ရှိအချိန်တွင် အရေးအကြီးဆုံးမှာတော့ ဤအနက်ရောင်အရိပ်ကို ရှင်းထုတ်ပစ်ရန်သာ ဖြစ်လေသည်။ နောက်မှသာလျှင် ယခု လုပ်ကြံသတ်ဖြတ်မှုထဲ လော့ချန်နှင့် ကောင်းရွှယ်ထင်းတို့ မည်ကဲ့သို့ ပါဝင်ပတ်သက်နေသလဲဆိုသည်ကို စုံစမ်းရပေမည်။

အနက်ရောင်အရိပ်မှာတော့ ရန်ကိုင်၏ အမေးကို ပြန်မဖြေခဲ့ဘဲ ဓားမြှောင်ကိုသာ ရှေ့သို့ ဆက်၍ အတင်းထိုးနေခဲ့လေသည်။

ရန်ကိုင်မှာ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အနက်ရောင်အရိပ်ကို စစ်ဆေးကြည့်ပါသော်ငြား အနက်ရောင်အရိပ် မည်သူမည်ဝါမှန်း မသိနိုင်ခဲ့ပေ။ အနက်ရောင်အရိပ်ဆီမှ မည်သည့် အသက်စွမ်းအင်ကိုမျှပင်လျှင် အာရုံခံမိခြင်း မရှိခဲ့။ မသိလျှင် အနက်ရောင်အရိပ်မှာ သက်ရှိလူတစ်ဦး မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသည့်အလား။ ဒေါသထွက်ထွက်နှင့် ရန်ကိုင်မှာ အနက်ရောင်အရိပ်အား နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးလိုက်သည်။ အနက်ရောင်အရိပ်သည် ရန်ကိုင်၏ လက်သီးချက်ကို လုံးဝ လျစ်လျူရှုထားခဲ့လေ၏။ သူ မျှော်လင့်ထားသည့်အတိုင်း ရန်ကိုင်၏ လက်သီးချက်မှာ အနက်ရောင်အရိပ်အပေါ် ကျသွားခဲ့ပါသော်ငြား မည်သည့်ထူးခြားမှုမျှ ရှိမလာခဲ့ပေ။

ထိုအခိုက်အတန့်မှာပင် သူ့ခါးနေရာ အနည်းငယ်ထုံလာသည်ကို ရန်ကိုင် သတိပြုမိလိုက်လေသည်။ ထိုအခါမှသာလျှင် ဓားမြှောင်ပေါ်တွင် အဆိပ်သုတ်ထားကြောင်းကို ရန်ကိုင် သဘောပေါက်သွားရတော့သည်။ မည်ကဲ့သို့သော အဆိပ်မျိုး ဖြစ်သလဲဆိုသည်ကို မသိပါသော်ငြား လက်ရှိအချိန်တွင်တော့ ထိုအဆိပ်အား သွားစစ်ဆေးနေရန် အချိန်မရှိ။ ရန်ကိုင်သည် သူ့လက်နှစ်ဖက်ဖြင့် အနက်ရောင်အရိပ်ကို ကောက်ကိုင်၍ ဟင်းလင်းပြင်နိယာမစွမ်းအားတို့ကို အသက်သွင်းလိုက်လေသည်။

ရန်ကိုင်မှ ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင်အရိပ် စတင်၍ ညည်းတွားလာတော့လေသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာလည်း တဖြည်းဖြည်းနှင့် ပိုပို၍ ပုံပေါ်လာခဲ့လေသည်။ ထိုအချင်းအရာကို မြင်လိုက်သော် ရန်ကိုင် ဝမ်းသာသွားတော့လေသည်။ ရန်ကိုင်၏ အကြမ်းပတမ်းတိုက်ခိုက်မှုများမှာ အနက်ရောင်အရိပ်အပေါ် လုံးဝ သက်ရောက်မှု မရှိပေ။ သူ၏ ဧကရာဇ်ချီသည်ပင်လျှင် ဤထူးဆန်းသည့် လုပ်ကြံသတ်ဖြတ်သူအား ထိခိုက်အောင် လုပ်နိုင်ခဲ့ခြင်း မရှိ။ ရန်ကိုင်၏ လေဟာနယ်နိယာမများသည်ပါ ဤလူအပေါ် အလုပ်မဖြစ်တော့လျှင်တော့ ရန်ကိုင်အဖို့ အတော်လေးကိုမှ ဒုက္ခရောက်ရပေတော့မည်။ ကံကောင်းစွာဖြင့် လေဟာနယ်နိယာမစွမ်းအားမှာ အလုပ်ဖြစ်နေခဲ့လေသည်။ အနက်ရောင်အရိပ်သည် ဟင်းလင်းပြင် တဖြည်းဖြည်း ကျုံ့ဝင်လာသည့် ဖိအားကို တောင့်ခံနိုင်ခဲ့ခြင်း မရှိဘဲ ၎င်း၏ အစစ်အမှန်ပုံစံမှာလည်း တဖြည်းဖြည်းနှင့် ပေါ်လာတော့လေသည်။

ရန်ကိုင်သည် မာန်သွင်းအော်ဟစ်ရင်းမှ လဓားသွားတစ်စင်းကို အနက်ရောင်အရိပ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ လဓားသွားကြောင့် အနက်ရောင်အရိပ် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့ပြီး သွေးစိမ်းများ ပန်းထွက်လာခဲ့သည်။ သို့တိုင် ပြတ်ထွက်သွားသော အနက်ရောင်အရိပ်မှာ သူ့အလိုလို ပြန်ပူးကပ်သွားခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား အနက်ရောင်အရိပ်၏ ဝိုးတိုးဝါးတား မျက်နှာအထက် နာကျင်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ လဓားသွားမှ အနက်ရောင်အရိပ်အား မသတ်နိုင်ခဲ့ပါသော်ငြား ဒဏ်ရာရသွားအောင်တော့ လုပ်နိုင်ခဲ့ပေသည်။

ရန်ကိုင် ဘာမျှ ထပ်မလုပ်နိုင်သေးခင်မှာပင် အနက်ရောင်အရိပ်သည် ဓားမြှောင်အား ရုတ်တရက် ကောက်လွှတ်လိုက်ပြီး ပြန်ဆုတ်ရန် ကြိုးစားတော့သည်။ သို့သော်ငြား ရန်ကိုင်မှာ အနက်ရောင်အရိပ်အား မည်ကဲ့သို့များ အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။ သူ့လက်ကို ဆန့်ထုတ်၍ အနက်ရောင်အရိပ် တည့်တည့်သို့ ချိန်ရွယ်ရင်းမှ လက်သီးကို ဆုပ်ချလိုက်လေသည်။ ချက်ချင်းဆိုသလို အနက်ရောင်အရိပ် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံးမှာ အေးခဲသွားတော့သည်။

ရန်ကိုင်မှ ယခုကဲ့သို့ တိုက်ခိုက်လာလိမ့်မည်ဟု အနက်ရောင်အရိပ် လုံးဝ ထင်မှတ်ထားခဲ့ခြင်း မရှိချေ။ ယခုအခါမှသာလျှင် သူ့အရှေ့ရှိ ဤလူအား ပွင့်ပွင့်လင်းလင်း ရင်ဆိုင်တိုက်ခိုက်ဖို့ရာမှာ မည်မျှ အန္တရာယ်များကြောင်းကို နားလည်သွားရတော့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် အထက်အရာရှိများသည် ဤလူအား တိုးတိုးတိတ်တိတ် အလစ်ချောင်းသတ်ဖြတ်ရန် ညွှန်ကြားခဲ့ခြင်းသာ ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက ဤလူသည် သူတို့၏ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်ပေလိမ့်မည်။

"ဝဲကတော့" ရန်ကိုင်မှ ရုတ်တရက် ကောက်အော်ဟစ်လိုက်ရာ အနက်ရောင်အရိပ်အား လှုပ်မရအောင် လုပ်ထားသည့် ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျသွားခဲ့ပြီး တွင်းနက်ကြီးတစ်ခုသည် အနက်ရောင်အရိပ်၏ အနောက်ဘက်တွင် ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် အားကောင်းလှသည့် ဆွဲငင်အားတို့မှာ တွင်းနက်ကြီးဆီမှ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်အရိပ်ကို ဝါးမျိုရန် ကြိုးစားတော့သည်။

[ဒီအနက်ရောင်အရိပ်က အရမ်း အန္တရာယ်များလွန်းတယ်၊ လဓားသွားတောင် သူ့ကို ဘာမှမလုပ်နိုင်ဘူး] ရန်ကိုင်မှာ အနက်ရောင်အရိပ် မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို စဉ်းစားအဖြေထုတ်နေစိတ် မရှိတော့ပေ။ အနက်ရောင်အရိပ်သည် အလွန် အန္တရာယ်များလွန်းသည့်အတွက်ကြောင့် အရင် သတ်ပစ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ဝဲကတော့ကြီးဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်ကို ခံစားမိလိုက်သော် အနက်ရောင်အရိပ်မှာ စတင်၍ ထိတ်လန့်တုန်လှုပ်လာခဲ့လေသည်။ ထို့နောက် လေကောက်ချွန်လိုက်လေရာ ဘက်ပေါင်းစုံဆီမှ လူပေါင်းများစွာ ပြေးထွက်လာခဲ့ကြလေသည်။ တစ်ဦးချင်းစီတိုင်းသည် မှော်ရတနာအသီးသီးကို ကိုင်စွဲထားကြပြီး အပြင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အား တစ်ပြိုင်တည်း စုပြုံတိုက်ခိုက်ကြတော့သည်။

ဤအနက်ရောင်အရိပ်တွင် အခြားသော အကူများ ရှိနေသေးလိမ့်မည်ဟု မထင်ထားသည့်အလျောက် ထိုလူများ ပေါ်လာသည်ကို မြင်သည့်အခါ ရန်ကိုင်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားတော့သည်။ ထိုအပြင် ယခုတစ်ကြိမ် ပြေးထွက်လာကြသည့် လူများအားလုံးမှာ ဧကရာဇ်အဆင့်ပညာရှင်ကြီးများ ဖြစ်ကြ၏။ ရန်ကိုင်သည် ထိုလူများကို သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ ထိုလူများသည် သူရင်းနှီးနေသည့် လူများ ဖြစ်ကြပေသည်။ မကြာသေးခင်ကပင်လျှင် ရန်ကိုင်သည် ထိုလူများထဲမှ အချို့နှင့် စကားစမြည်ပြောခဲ့ခြင်း ဖြစ်လေသည်။ ထိုလူအားလုံးသည် တောင်ဘက်နယ်မြေထဲရှိ ဂိုဏ်းအသီးသီးမှ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြကာ သိုင်းပညာရှင်စုဝေးပွဲသို့ ရောက်လာကြသည့် လူများလည်း ဖြစ်ကြပေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် ထိုလူများဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် ရန်ကိုင်အား ရင်တဒုန်းဒုန်း ခုန်နေစေခဲ့လေသည်။ ရန်ကိုင် ခေါင်းမော့၍ ကြည့်လိုက်ရာ ထိုလူတစ်ဦးချင်းစီတိုင်းကို မှိန်ဖျဖျအနက်ရောင်ချီများမှ လွှမ်းခြုံထားကြောင်း တွေ့လိုက်ရလေသည်။

"နတ်ဆိုးချီ" ထိုလူများဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို ရန်ကိုင် မသိဘဲနေစရာ အကြောင်းမရှိပေ။ ထိုဧကရာဇ်အဆင့် ပညာရှင်များ၏ ပုံစံကို မြင်ပြီးသည့်နောက် ထိုဧကရာဇ်အဆင့် ပညာရှင်များသည် နတ်ဆိုးချီ၏ စီးနင်းခြင်း ခံလိုက်ရပြီမှန်း သိလိုက်တော့လေသည်။ သို့သော်ငြား နတ်ဆိုးချီများသည် ဤနေရာသို့ မည်ကဲ့သို့များ ရောက်နေရလေသနည်း။

ရန်ကိုင် ထိုခဏတာမျှ တုံ့ဆိုင်းနေစဉ် အတောအတွင်း ဧကရာဇ်အဆင့်ပညာရှင်ပေါင်း များစွာ၏ တိုက်ခိုက်မှုသည် ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ ထိုအခိုက်အတန့်မှာပင်လျှင် ခေါင်းလောင်းငယ်လေးတစ်လုံး ပေါ်လာခဲ့ပြီး တဖြည်းဖြည်းနှင့် လူတစ်ရပ်စာခန့်အထိသို့ ရောက်အောင် အရွယ်အစား ကြီးမားလာခဲ့ပြီးသည့်နောက် ရန်ကိုင် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ဧကရာဇ်အဆင့်ပညာရှင်များသည် ၎င်းတို့၏ မှော်ရတနာများကို အသုံးချ၍ အစွမ်းကုန်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည့်အလျောက် ရန်ကိုင်မှာ အတော်ကိုမှ အားကောင်းလှသည့် ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားမည်ဆိုလျှင်ပင် ထိုတိုက်ခိုက်မှုများကို သူခန္ဓာကိုယ်ဖြင့် စီးမခံရဲပေ။ ထိုအပြင် လက်ရှိအချိန်၌ ရန်ကိုင်သည် အဆိပ်မိနေခြင်းသာ မဟုတ်။ ဓားမြှောင်တစ်ချောင်းဟာလည်း သူ့ခါး၌ စိုက်နေပေသေးသည်။

ဘုန်း၊ ဘုန်း၊ ဘုန်း။

အသံများနှင့်အတူ တိုက်ခိုက်မှုပေါင်းစုံသည် ခေါင်းလောင်း၏ မျက်နှာပြင်ဆီသို့ ကျရောက်လာခဲ့လေသည်။ တိုက်ခိုက်မှုများ ပျောက်ကွယ်သွားပြီးသည့်နောက်တွင်တော့ ခေါင်းလောင်းသည် တဖြည်းဖြည်း အရွယ်အစား ပြန်လည်သေးငယ်သွားခဲ့ပြီး ရန်ကိုင်၏ လက်ဝါးအပေါ်သို့ ရောက်သွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် အနက်ရောင်အရိပ် ရှိရာဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။

ရန်ကိုင် ဧကရာဇ်အဆင့်ပညာရှင်များ၏ တိုက်ခိုက်မှုများကို ခုခံနေစဉ်အတောအတွင်း တွင်းနက်ထဲသို့ ဝါးမျိုခံရခါနီး ဖြစ်နေသည့် အနက်ရောင်အရိပ် လွတ်မြောက်သွားခဲ့လေသည်။ အနက်ရောင်အရိပ်သည် ရန်ကိုင်အား ထူးမခြားနားမျက်လုံးများဖြင့် တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ပြီး မရေမတွက်နိုင်သော အနက်ရောင် ...များအဖြစ်သို့ ပြောင်းလဲသွားကာ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့လေသည်။ အလစ်ချောင်းတိုက်ခိုက်မှု မအောင်မြင်သည့်နောက်တွင်တော့ အနက်ရောင်အရိပ်မှာ ပြန်ဆုတ်ရန်သာ ရွေးချယ်လိုက်တော့သည်။

ရန်ကိုင်မှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း အံကို တင်းတင်းကြိတ်၍ ဒေါသူပုန်ထနေခဲ့လေသည်။ သူ့ဘဝတွင် ဤကဲ့သို့သော အဖြစ်မျိုးနှင့် တစ်ခါမျှ ကြုံခဲ့ရဖူးခြင်း မရှိချေ။ အနက်ရောင်အရိပ်၏ အလစ်ချောင်းတိုက်ခိုက်မှုကြောင့် သူ့ခမျာ သေခါနီး ဖြစ်ခဲ့ရပါသော်ငြား အနက်ရောင်အရိပ်၏ မျက်နှာကိုပင် မမြင်လိုက်ရပေ။ အနက်ရောင်အရိပ် မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို သိဖို့ရာဆိုလျှင်တော့ ဝေလာဝေးစွ။ ဤသည်မှာ သူ့အတွက်တော့ အလွန်ကိုမှ အရှက်ရစရာပင်။

ရန်ကိုင်မှာ အနက်ရောင်အရိပ်အား လိုက်လံစုံစမ်းနေရန် အချိန်မရှိသေး။ ဧကရာဇ်အဆင့် မှော်ရတနာအသီးသီးကို ကိုင်စွဲ၍ သူ့အား တိုက်ခိုက်ရန် ပြင်ဆင်နေကြသော ဧကရာဇ်အဆင့်ပညာရှင်များ သူ့ဘေးပတ်ပတ်လည်တွင် ရှိနေကြပေသေးသည်။ ကြည့်ရသလောက် ထိုဧကရာဇ်အဆင့်ပညာရှင်များသည် အနက်ရောင်အရိပ် ထွက်ပြေးလွတ်မြောက်ဖို့ရာအတွက် အချိန်ဆွဲပေးရန် ကြိုးစားနေကြသည့်ပုံပင်။

ရန်ကိုင်သည် သူ့ခါးတွင် စိုက်ဝင်နေသော ဓားမြှောင်ကို ဆွဲထုတ်၍ ဧကရာဇ်ချီကို သုံးကာ သူ့ဒဏ်ရာအား သွေးတိတ်သွားအောင် ထိန်းလိုက်လေသည်။ ထို့နောက်တွင် မုတ်ဆိတ်ဖြူနှင့် လူအိုကြီးတစ်ဦး အရှေ့၌ ပြန်ပေါ်လာခဲ့ပြီး ထိုလူအိုကြီး၏ မျက်နှာတည့်တည့်သို့ လက်သီးဖြင့် ထိုးချလိုက်လေသည်။

ရန်ကိုင်၏ လက်သီးချက်ကြောင့် လူအိုကြီးမှာ နောက်သို့ လွင့်စဥ်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ မရောက်သေးခင်မှာပင် သတိလစ်သွားခဲ့လေသည်။ ထိုလူအိုကြီးမှာ ဧကရာဇ်ပထမအဆင့်သာ ရှိသေးလေရာ ရန်ကိုင်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။

အခြားသော ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ အကြောက်အရွံ့ကင်းမဲ့စွာဖြင့် ရန်ကိုင်ဆီသို့ ဆက်လက်၍ ပြေးဝင်လာကြလေသည်။ လူလေးဦးသည် ရန်ကိုင်ဆီ ဘယ်ညာ နှစ်ဖက်နှစ်ခြမ်းဆီမှ ပြေးဝင်လာခဲ့ကြသည်။ အခြားသော ဧကရာဇ်အဆင့်ပညာရှင်များမှာလည်း ဧကရာဇ်အဆင့် မှော်ရတနာအသီးသီးကို ကိုင်ရင်းမှ ရန်သူမိတ်ဆွေ ခွဲခြားမနေတော့ဘဲ ရန်ကိုင် ရှိရာ အရပ်ဆီသို့ အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြလေသည်။

ရန်ကိုင်သည် အေးစက်စက်အမူအရာဖြင့် အခြေအနေကို ဝေ့ကြည့်လိုက်ပြီးသည့်နောက် စွက်ခနဲဆိုသလို သူ့ဆီသို့ တိုးဝင်လာနေသည့် မီးဘောလုံးတစ်လုံးကို ရှောင်တိမ်းလိုက်လေသည်။ ထိုအခိုက်အတန့်မှာပင် ရန်ကိုင်၏ ဘယ်ဘက်နှင့် ညာဘက်ဆီမှ ပြေးဝင်လာနေကြသည့် လူများမှာ ထိုတိုက်ခိုက်မှုကို သတိမထားမိဘဲ မီးဘောလုံး၏ ထိမှန်ခြင်းခံလိုက်ရကာ ပြာပုံဘဝသို့ ရောက်သွားခဲ့ရလေသည်။

ယခုတစ်ကြိမ်တွင်တော့ တောင်နဲ့မြစ်ခေါင်းလောင်း ထပ်မံ၍ ထွက်ပေါ်လာခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် ညာဘက်တွင် ရှိနေသော လူသုံးဦးဆီသို့ တိုးဝင်သွားခဲ့ပြီး အလွန်တရာကိုမှ အားကောင်းလှသော ဖိနှိပ်စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။ ထိုသုံးဦးမှာ အခြေအနေမကောင်းတော့မှန်း သိလိုက်သော် ထွက်ပြေးဖို့ရာ ကြိုးစားလိုက်ပါသော်ငြား နောက်ကျသွားခဲ့လေပြီ။ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏ ခွန်အားကို ကောင်းကောင်း မထိန်းချုပ်နိုင်တော့သလို သူတို့၏ ဧကရာဇ်ချီမှာလည်း ပရမ်းပတာ ဖြစ်သွားခဲ့လေသည်။ ထို့နောက် မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားခဲ့ပြီး မလှုပ်မယှက် ဖြစ်သွားတော့သည်။ ထိုလူများ မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် တစ်ပြိုင်နက် တောင်နဲ့မြစ်ခေါင်းလောင်းသည် ထိုလူများ အပေါ်မှ အသာအယာ အုပ်ချလိုက်လေသည်။

ရန်ကိုင်မှာမူ အချိန်ဖြုန်းမနေခဲ့ဘဲ အမျိုးသမီးတစ်ဦးဆီသို့ ပျံသန်းသွားခဲ့ပြီး ထိုအမျိုးသမီးအား လည်တိုင်မှ ဆွဲကိုင်ကာ သူ၏ ဧကရာဇ်ချီကို သုံးရင်း အမျိုးသမီး၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်ပစ်လိုက်သည်။ ထို့နောက် အမျိုးသမီးကို လည်ကုတ်မှ ဆတ်ခနဲ ရိုက်ချ၍ သတိလစ်အောင်လုပ်ပြီးသည့်နောက် တောင်နဲ့မြစ်ခေါင်းလောင်းထဲသို့ ပစ်ထည့်လိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်အား တိုက်ခိုက်ရန် ကြိုးစားနေကြသည့် ဧကရာဇ်အဆင့်ပညာရှင် တစ်ဝက်ကျော်လောက် ရှုံးနိမ့်သွားခဲ့ရလေပြီ။ ကျန်လူများမှာ အခြေအနေမဟန်ကြောင်း မြင်လိုက်သည့်အခါတွင် ရန်ကိုင်အား တိုက်ခိုက်ရန် ကြိုးစားမနေတော့ဘဲ ချက်ချင်း ဘက်ပေါင်းစုံသို့ ထွက်ပြေးသွားကြလေသည်။

ရန်ကိုင်မှာ ထိုလူများ အနောက်သို့ ပြေးလိုက်ချင်ပါသော်ငြား အဆိပ်မိထားသည့် သူ့ခန္ဓာကိုယ်မှာ စတင်၍ ထုံကျင်လာနေခဲ့လေပြီ။ ထိုအတွက်ကြောင့် အံကို တင်းတင်းကြိတ်၍ ထိုလူများ ထွက်ပြေးသွားသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ ထို့နောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးကို ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံ၍ အခြားသော ပုန်းအောင်းနေသည့် လူများ ရှိမရှိ စစ်ဆေးကြည့်လိုက်လေသည်။ မည်သူမျှ ရှိမနေကြောင်း အတည်ပြုပြီးသွားသည့်အခါမှသာလျှင် အစောပိုင်းက သူ့တိုက်ကွက်ကြောင့် သတိလစ်သွားသည့် လူအိုကြီးကို တောင်နဲ့မြစ်ခေါင်းလောင်းထဲသို့ ပစ်ထည့်၍ လောကဓာတ်လုံးထဲသို့ ဝင်လာခဲ့လိုက်သည်။

ဆေးဥယျာဉ်ထဲသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် ဖြူဖတ်ဖြူလျော် အမူအရာဖြင့် ချက်ချင်းပဲ အင်မော်တယ်သစ်ပင်ရှေ့တွင် သွားရောက် တင်ပျဥ်ခွေ ထိုင်ချလိုက်လေသည်။ ရုတ်ရုတ်ရုတ်ရုတ် အသံများကို ကြားပြီး မူကျုနှင့် မူလုတို့ လာရောက်စစ်ဆေးကြလေ၏။ ရန်ကိုင်၏ ပုံစံကို မြင်ပြီးသည့်နောက် နှစ်ဦးစလုံး အထိတ်ထိတ်အလန့်လန့် အမူအရာဖြင့် ရန်ကိုင်အား အရှေ့အနောက် တစ်ဖက်တစ်ချက်ဆီမှ ရပ်ကာ ရန်ကိုင်၏ ဒဏ်ရာများကို စတင်ကုသပေးလေသည်။

မြစိမ်းရောင်အလင်းတို့ ရန်ကိုင်အား လွှမ်းခြုံလာခဲ့ပြီး အင်မော်တယ်သစ်ပင်၏ အသက်ဓာတ်စွမ်းအားကိုပါ ရရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ချက်ချင်းဆိုသလို အများကြီးပိုမို သက်သာလာခဲ့လေသည်။ ရှင်းရှင်းပြောရသော် ရန်ကိုင် ရထားသည့် ဒဏ်ရာများမှာ ထိုမျှ မပြင်းထန်လှ။ ရန်ကိုင်၏ ဝမ်းဗိုက်အား စိုက်ဝင်သွားသည့် ဓား‌မြှောင်သည်ပင်လျှင် ရန်ကိုင်အား ထိုမျှ ဒဏ်ရာရသွားအောင် မလုပ်နိုင်ခဲ့ပေ။

သို့သော်ငြား တကယ့်ပြဿနာမှာမူ ဓားမြှောင်ပေါ်တွင် သုတ်ထားသည့် အဆိပ်သာလျှင် ဖြစ်ပေသည်။ သူ၏ လက်ရှိ ခန္ဓာကိုယ်ကိုပင်လျှင် ယခုကဲ့သို့ ထုံကျင်လာအောင် လုပ်နိုင်ဖို့ရာ ဓား‌မြှောင်ပေါ်၌ မည်ကဲ့သို့သော အဆိပ်မျိုး သုတ်ထားသလဲဆိုသည်ကို ရန်ကိုင် မပြောတတ်ပေ။ ရန်ကိုင်၏ ခန္ဓာကိုယ်မှာ သာမန်ခန္ဓာကိုယ်တင် မဟုတ်။ နဂါးတစ်ပိုင်းခန္ဓာကိုယ် ဖြစ်ပေသည်။

ရန်ကိုင်သည် ဧကရာဇ်ချီကို လှည့်ပတ်ရင်းမှ သူ့ကိုယ်ထဲရှိ အဆိပ်များကို တိုက်ထုတ်ရန် ကြိုးစားနေခဲ့သလို သစ်သားဝိညာဉ်နှစ်ဦးကလည်း အားတက်သရော ကူညီပေးနေသည့်အတွက်ကြောင့် ရန်ကိုင်၏ ဝမ်းဗိုက်နေရာမှာ တဖြည်းဖြည်းနှင့် ပြန်လည်သက်သာလာခဲ့လေသည်။ ရန်ကိုင်မှာ အားကောင်းသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားခဲ့သည့်အတွက်ကြောင့် အတော်လေးကိုမှ ကံကောင်းသွားသည်ဟု ပြော၍ ရပေသည်။ ရန်ကိုင် နေရာတွင်သာ အခြားသော ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နေမည်ဆိုပါက အဆိပ်ကြောင့် သေသွားလောက်ပေပြီ။

ပုံမှန်အားဖြင့် နဂါးကလန်သားများသည် အဆိပ်များအပေါ် အလွန်ကိုမှ ခုခံနိုင်စွမ်း မြင့်မားပေသည်။ ဓားမြှောင်ပေါ်တွင် သုတ်လိမ်းထားသည့် အဆိပ်သည် အလွန်ကိုမှ ပြင်းထန်လိမ့်မည် ဖြစ်ပါသော်ငြား နဂါးကလန်သားတစ်ဦးအား အဆိပ်မိကာ သေဆုံးနိုင်လောက်စေသည်အထိတော့ ပြင်းထန်ခြင်း မရှိသေးပေ။ သာမန်နဂါးတစ်ကောင်သာဆိုလျှင် ဤအဆိပ်ကြောင့် ဘာဆိုဘာမျှ ဖြစ်သွားလိမ့်မည် မဟုတ်။ သို့သော်ငြား ရန်ကိုင်မှာ နဂါးတစ်ပိုင်းသာ ဖြစ်သေးသည့်အတွက်ကြောင့် အဆိပ်မိသွားသည့်နောက် အဆိပ်ဒဏ်ကို အနည်းနှင့်အများတော့ ခံစားလိုက်ရပေသည်။

သစ်သားဝိညာဉ်နှစ်ဦးသည် ဒဏ်ရာများကို ကုသရာတွင်သာ ကျွမ်းကျင်သူများ မဟုတ်ကြ။ အဆိပ်ဖြေရာတွင်လည်း အလွန်ကိုမှ ကျွမ်းကျင်လှသည့် ပညာရှင်များ ဖြစ်ကြပေသည်။ ထိုနှစ်ဦး၏ အကူအညီကြောင့် တစ်ဆယ့်ငါးမိနစ်အတွင်းမှာပင် ရန်ကိုင်သည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်လေသည်။ ယခုတစ်ကြိမ် ရန်ကိုင် ထွေးထုတ်လိုက်သည့် သွေးများမှာတော့ ပုံမှန်ကဲ့သို့ ရွှေရောင် ဖြစ်မနေဘဲ အစိမ်းရောင်တောက်နေခဲ့သည်။ သူထွေးထုတ်လိုက်သည့် သွေးများဆီမှ ညှီစို့စို့အနံ့မျိုးလည်း ထွက်နေပေသေးသည်။ ထိုသွေးနှင့် မြေပြင်ထိသွားသည်နှင့် တစ်ပြိုင်နက် မြေပြင်မှာ တရှဲရှဲမြည်သံများနှင့်အတူ အရည်ပျော်ကျကုန်လေသည်။

ထို့နောက်တွင် ရန်ကိုင် မျက်လုံး ပြန်ဖွင့်လာခဲ့ပြီး အကြောအခြင်ဆန့်လိုက်သည်။ ယခုဆိုလျှင်တော့ သူ၏ ခန္ဓာကိုယ်မှာ လုံးဝပြန်ကောင်းသွားခဲ့လေပြီ။ အစောပိုင်းက အလစ်ချောင်း တိုက်ခိုက်ခံလိုက်ရသည့် အဖြစ်အပျက်ကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင် ရင်ထဲ ထိတ်လန့်စိတ်တို့ ဖြစ်ပေါ်လာမိလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၅၂)

ဘာသာပြန်သူ_တိမ်တိုက်

ဧကရာဇ်အဆင့်သို့ ရောက်ပြီးချိန်မှစ၍ ရန်ကိုင်သည် သူနှင့်ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့်လူများကို တွေ့ရခဲသွားခဲ့လေသည်။ သူကိုယ်တိုင်ကသည်ပင်လျှင် ဧကရာဇ်တတိယအဆင့်ပညာရှင်ပေါင်းများစွာကို သတ်ပစ်ခဲ့ဖူးသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏စိတ်အခြေအနေမှာ ယခင်ကနှင့်မတူ အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။ ယနေ့မှသာလျှင် ဤလောကကြီးမှာ အလွန်တရာကိုမှ ကျယ်ပြောလှကာ ဤလောကကြီးထဲ လူပေါင်းစုံရှိနေကြောင်းကိုလည်း ပြန်သတိရသွားခဲ့သည်။ ရန်သူများကို အထင်သေးခြင်းသည် နာကျင်မှု ဒုက္ခတို့နှင့်သာ အဆုံးသတ်သွားရနိုင်ပေသည်။

ယနေ့တွင် ရန်ကိုင်မှာ သူ၏နဂါးတစ်ပိုင်းခန္ဓာကိုယ်ကြောင့်သာလျှင် သေဘေးမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ နဂါးတစ်ပိုင်းခန္ဓာကိုယ်သာမရှိပါက အနက်ရောင်အရိပ်၏ အလစ်ချောင်းတိုက်ခိုက်မှုသည် ရန်ကိုင်၏အသက်ကို ချွေယူပစ်သွားနိုင်ပေသည်။ နဂါးတစ်ပိုင်းခန္ဓာကိုယ်ကြောင့်သာလျှင်လည်း ရန်ကိုင်မှာ ဓါးမြှောင်ပေါ်တွင်သုတ်ထားသော အဆိပ်ဒဏ်ကို တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

နဂါးတစ်ပိုင်းခန္ဓာကိုယ်ကြောင့်သာလျှင် ရန်ကိုင်သည် ဓါးမြှောင်အား သူ၏ကြွက်သားဖြင့် ချုပ်ထားပစ်နိုင်ပြီး ရှေ့ဆက်မတိုးအောင် ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့်သာလျှင် ဆိုးဆိုးရွားရွားဒဏ်ရာရမည့်အရေးမှ လွတ်မြောက်သွားခဲ့ရပြီး အဆိပ်ပြန့်သည့်နှုန်းကိုလည်း နှေးချနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ယနေ့ညဖြစ်သွားသည့်ကိစ္စများကို ပြန်စဉ်းစားကြည့်လိုက်သော် ရန်ကိုင်၏ရင်ထဲ သံသယတို့ ထွက်ပေါ်လာခဲ့ရသည်။ ရန်ကိုင်အနေဖြင့် ဤတောင်ပေါ်သို့ လာခဲ့ရခြင်းမှာ လော့ချန်မှ ကောင်းရွှယ်ထင်း၏နာမည်ကို အသုံးပြုခဲ့သည့် အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်သာမဟုတ်ပါက ရန်ကိုင်အနေဖြင့် အကြောင်းအရင်းမရှိ လော့ချန်ခေါ်သည့်နေရာနောက်သို့ လိုက်လာခဲ့လိမ့်မည်မဟုတ်ပေ။ ထို့အပြင် အနက်ရောင်အရိပ်၏ အလစ်ချောင်းတိုက်ခိုက်မှုမှာလည်း ကြိုတင်စီစဉ်ထားသည်မှာ သိသာလှပေသည်။

(လော့ချန်နဲ့ ကောင်းရွှယ်ထင်း ဒီကိစ္စမှာ ဘယ်လိုပါဝင်ပတ်သက်နေတာလဲ…) ရန်ကိုင်သည် ကောင်းရွှယ်ထင်းအား ဆက်သွယ်ရေးမှော်ရတနာမှတစ်ဆင့် ဆက်သွယ်ခဲ့ဖူးပေသည်။ ထိုစဉ်က ကောင်းရွှယ်ထင်းမှ သူ့အား စကားပြန်ပြောလာသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း လော့ချန်နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်သာမဟုတ်လျှင် လော့ချန်အား ဤမျှ အလွယ်တကူ ယုံခဲ့လိမ့်မည်မဟုတ်။ ထို့အပြင် နတ်ဆိုးချီ၏ ကူးစက်ထားခြင်းခံရသော ဤဧကရာဇ်အဆင့်ကျင့်ကြံသူများမှာ ရန်ကိုင်အား ပို၍ဆိုးရွားသည့် ကိစ္စတစ်ခုခု ဖြစ်နေပြီဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့လေသည်။

တောင်ဘက်နယ်မြေသည် နတ်ဆိုးကိစ္စအား မကြာသေးခင်ကမှ ဖြေရှင်းပြီးသွားခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင် တောင်ဘက်နယ်မြေ၌ မရှိစဉ် ဆယ်နှစ်ကာလအတောအတွင်း တောင်ဘက်နယ်မြေသည် ဓါးတောင်မှ လွတ်မြောက်သွားခဲ့သော နတ်ဆိုးဝိဉာဉ်များကို လိုက်လံ အမဲလိုက်ပစ်ခဲ့သည်။ ထိုအကြောင်းကြောင့် လက်ရှိအချိန်တွင် နတ်ဆိုးဝိဉာဉ်များအားလုံး ရှင်းလင်းပစ်ခံရပြီးသွားပြီဟု ပြော၍ရပေသည်။ ထိုသို့ဖြစ်လေရာ ဤမျှများပြားလှသော နတ်ဆိုးချီကူးစက်ထားခြင်းခံရသည့် ပညာရှင်များ မည်သည့်နေရာမှ ထွက်ပေါ်လာခဲ့ရလေသနည်း။

ထိုအကြောင်းကိုတွေးရင်းမှ ရန်ကိုင် ရုတ်တရက် ထိတ်လန့်ဖွယ်ရာကိစ္စတစ်ရပ်အား စဉ်းစားမိသွားခဲ့လေသည်။ ရန်ကိုင်အား တိုက်ခိုက်ခဲ့ကြသည့် ဧကရာဇ်အဆင့်ပညာရှင်အားလုံးသည် သိုင်းပညာရှင်စုဝေးပွဲတွင် ပါဝင်ဆင်နွှဲကြသည့် ပညာရှင်များ ဖြစ်ကြပေသည်။ သို့သော်ငြား ယနေ့မတိုင်ခင်အထိ ရန်ကိုင်မှာ ထိုလူများ နတ်ဆိုးချီကူးစက်ခြင်း ခံထားရသည်ဟူသောအချက်ကို လုံးဝမသိခဲ့ရပေ။ ထိုလူများသည်ပင်လျှင် နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားခဲ့ရသည်ဆိုပါက အခြားသူများဆိုလျှင်ရော။ ယနေ့ ဤတောင်ကြားထဲတွင် ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များနှင့် သောင်းနှင့်ချီသော လက်ရွေးစင်တပည့်များ ရှိနေကြလေသည်။ ထိုလူအကုန်လုံးမဆိုထားနှင့် အနည်းငယ်သည်ပင်လျှင် နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားမည်ဆိုပါက ပြဿနာအကြီးကြီး တက်သွားနိုင်ပေသည်။

ထိုအကြောင်းကို တွေးမိလိုက်သည့်နောက်တွင်တော့ ရန်ကိုင်မှာ ဆက်လက်၍ နှောင့်နှေးနေရဲခြင်းမရှိတော့ဘဲ လောကဓာတ်လုံးထဲမှ အမြန်ထွက်လာခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် တောင်ပေါ်တွင် ငြိမ်သက်စွာ ရှိနေသေးပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ မွစာကြဲနေခဲ့လေသည်။ တိုက်ပွဲဖြစ်ထားသည့်အရိပ်အယောင်များကို နေရာအနှံ့တွင် တွေ့နေခဲ့ရပြီး တောင်နဲ့မြစ်ခေါင်းလောင်းအတွင်းဆီမှလည်း အသံဗလံများ ထွက်ပေါ်နေခဲ့လေသည်။ ခေါင်းလောင်းထဲတွင် ဖိနှိပ်ထားခံရသည့် နတ်ဆိုးချီကူးစက်ခြင်း ခံထားရသော ဧကရာဇ်အဆင့်ပညာရှင်များမှ ရုန်းထွက်နိုင်ရန်အတွက် ခေါင်းလောင်းအား တိုက်ခိုက်နေခြင်းဖြစ်သည်။ သို့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းသည် သူတို့၏ခွန်အားဖြင့် ဖယ်ရှားပစ်နိုင်သည့် အရာမျိုးမှ မဟုတ်လေပဲ။

ရန်ကိုင်မှ ခေါင်းလောင်းအား လက်သီးဖြင့် ထိုးချလိုက်ရာ ကျယ်လောင်သည့်ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးသည့်နောက် အော်ငြီးသံများနှင့်အတူ ခေါင်းလောင်းအတွင်းပိုင်းတစ်ခုလုံး တိတ်ကျသွားခဲ့လေသည်။ ရန်ကိုင်မှ တောင်နဲ့မြစ်ခေါင်းလောင်းအား ဖယ်လိုက်ချိန်တွင်တော့ မြေပြင်ပေါ်တွင် မလှုပ်မယှက်လဲနေသော လူငါးဦး ပေါ်လာခဲ့လေသည်။ ရန်ကိုင်သည် ဆံပင်ဖြူဖြူနှင့် လူအိုကြီးအား လှမ်းဆွဲယူလိုက်ပြီး ဧကရာဇ်ချီကို လူအိုကြီး၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း၍ စစ်ဆေးကြည့်လိုက်လေသည်။ အခြေအနေကိုသိပြီးသည့်နောက် ရန်ကိုင်မျက်နှာ သုန်မှုန်သွားတော့လေသည်။

လက်ရှိအခြေအနေမှာ သူကြောက်နေသလိုပင် ဖြစ်နေခဲ့သည်။ ဤလူအိုကြီးသည် နတ်ဆိုးအသွင်သို့ ပြောင်းလဲနေလေပြီ။ သို့သော်ငြား နတ်ဆိုးအသွင်ပြောင်းလဲသည်မှာ မကြာသေးသည့်အတွက်ကြောင့်လားမသိ နတ်ဆိုးချီ၏ ဆိုးဆိုးရွားရွား တိုက်စားခြင်း မခံထားရသေးပေ။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤလူအိုကြီးအား ကယ်တင်၍ ရသေးသည်ဟု ပြော၍ရပေသည်။

ရုတ်ချည်းဆိုသလို ရန်ကိုင်၏အရှိန်အဝါမှာ အပြောင်းလဲကြီး ပြောင်းလဲလာတော့သည်။ မူလက ဤလောကကြီးနှင့် တစ်သားတည်းဖြစ်နေသော ရန်ကိုင်၏အရှိန်အဝါမှာ ရုတ်ချည်းဆိုသလို ရှေးကျသည့်ပမာ ဖြစ်လာခဲ့ပြီး ရှေးခေတ်အချိန်မှ ယခုခေတ်သို့ ရောက်ရှိလာသည့် လူတစ်ဦးပမာ ဤလောကကြီဂ၏ လောကနိယာမများနှင့် အသားမကျသလို ဖြစ်နေ‌လေသည်။

ဤသည်မှာတော့ မှော်စွမ်းအားသာ ဖြစ်လေ၏။

ရန်ကိုင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသာလျှင်မဟုတ်။ အမျိုးမျိုးသောမှော်ပညာရပ်များကို ကျွမ်းကျင်ထားသည့် မှော်ဘုရင်တစ်ပါးလည်း ဖြစ်ပေသည်။ ယခင်အတွေ့အကြုံများအရ နတ်ဆိုးချီအား ယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းမှာ မှော်စွမ်းအာကို အသုံးပြုခြင်းဖြစ်ကြောင်း ရန်ကိုင်သိပြီးသားပင်။

ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ လူအိုကြီး၏နဖူးကို ကိုင်လိုက်သည်။ ထို့နောက် ထူးဆန်းသည့် မှော်မန္တန်တစ်ခုကို စတင်ရွတ်ဆိုတော့လေသည်။ ရန်ကိုင်မှ ထိုကဲ့သို့ရွတ်ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် ဝိုးတဝါးတားတို့သည် လူအိုကြီး၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့လေသည်။ မကြာမီတွင် လူအိုကြီး၏ အသားအရေမှာ အနီရောင် စတင်တောက်ပလာတော့သည်။ ဤသည်မှာ သွေးစတေးခြင်းပညာရပ်သာ ဖြစ်လေသည်။

ရှေးခေတ်လောကကြီးထဲတွင် ရန်ကိုင်သည် နတ်ဆိုးမျိုးနွယ်စုနှင့် နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် နတ်ဆိုးအသွင်ပြောင်းလဲသွားသည့်လူများအား မည်ကဲ့သို့ ကုသပေးရမလဲဆိုသည်ကို သေချာသိပေသည်။ သွေးစတေးခြင်းပညာရပ်သည် နတ်ဆိုးချီကို ခုခံရာတွင် အလွန်ကိုမှ အသုံးဝင်လေသည်။ အခြားသောမှော်ပညာရပ်များကပါ ထပ်မံပေါင်းစပ်လိုက်သော် နတ်ဆိုးအသွင်ပြောင်းလဲနေသည့် ဤလူအိုကြီးကို ကုသပေးဖို့ရာမှာ ထိုမျှမခက်တော့ပေ။

သို့သော်ငြား သွေးစတေးခြင်းပညာရပ်သည် ကျင့်ကြံသူတစ်ဦး၏ သွေးအဆီအနှစ်ကို လှုံ့ဆော်ရန်အတွက် ဖန်တီးထားသည့် ပညာရပ်တစ်ခုဖြစ်ပေသည်။ ဤလူအိုကြီးမှာ မငယ်တော့ပေ။ ထို့အတွက်ကြောင့် သွေးစတေးခြင်းပညာရပ်အား ဤလူအိုကြီးအပေါ် အသုံးပြုလိုက်ခြင်းသည် ဤလူအိုကြီး၏ သက်တမ်းကို လျော့ကျစေနိုင်ပေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာတော့ ထိုအရာများကို ဂရုစိုက်နေရန် အချိန်မရှိ။ နောက်ဘာဆက်လုပ်မလဲ သိရဖို့ရာ ယနေ့ ဘာတွေဖြစ်သွားသလဲဆိုသည်ကို အရင်ဦးစွာ အဖြေရှာရပေမည်။

လူအိုကြီးပေါ်တွင် သွေးစတေးခြင်းပညာရပ်ကို အသုံးပြုပြီးသည့်နောက် ရန်ကိုင်သည် နတ်ဆိုးနှင်မှော်မန္တန်ကို စတင်ရွတ်ဆိုတော့လေသည်။

လူအိုကြီး၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်ရီလာခဲ့ပြီး အလွန်တရာကိုမှ နာကျင်နေသည့်အလား သူ့မျက်နှာမှာလည်း စတင်၍ ရှုံ့မဲ့လာခဲ့လေသည်။ တစ်ချိန်တည်း၌ အနက်ရောင်အခိုးအငွေ့များသည် လူအိုကြီး၏ ဒွါရခုနှစ်ပေါက်မှ အပြင်သို့ စိမ့်ထွက်လာခဲ့လေသည်။ ထိုအနက်ရောင်အငွေ့များသည် အပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက် သဲလွန်စမကျန် ပျောက်ကွယ်သွားကုန်လေ၏။ ထိုအရာများသည် လူအိုကြီးအား နတ်ဆိုးအသွင်သို့ ပြောင်းလဲပစ်နေသော နတ်ဆိုးချီများဖြစ်ကြပြီး အပြင်သို့ရောက်သည့်အခါတွင် ရန်ကိုင်၏မှော်မန္တန်ကြောင့် သန့်စင်ခံလိုက်ရခြင်း ဖြစ်လေသည်။

ရုတ်တရက်ဆိုသလို လူအိုကြီး၏မျက်လုံးများ ပွင့်လာခဲ့လေသည်။ ထိုမျက်လုံးများသည် သာမန်မျက်လုံးများကဲ့သို့မဟုတ်ဘဲ လုံးဝကို အနက်ရောင်ဖြစ်နေခဲ့သည်။ တစ်ချိန်တည်းတွင်လည်း လူအိုကြီးမှာ နာကျင်စွာ အော်ငြီးရင်းမှ ရန်ကိုင်အား အငမ်းမရ ကိုက်စားပစ်ချင်နေသည့် သားရဲကြီးတစ်ကောင်ပမာ အော်ဟစ်ဟိန်းဟောက်နေခဲ့လေသည်။

လူအိုကြီး၏ပုံစံကိုကြည့်ရင်း ရှေးခေတ်လောကကြီးထဲ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ရန်ကိုင် ပြန်သတိရသွားခဲ့လေသည်။ ထိုနေရာတွင် နတ်ဆိုးမျိုးနွယ်စုနှင့် လူရိုင်းမျိုးနွယ်စုတို့မှာ တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ ထိုစဉ်ကအဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် မျိုးနွယ်စုနှစ်ခုကြားရှိ ရန်ငြိုးရန်စ ထိုမျှကြီးမားလိမ့်မည်မှန်း သိခဲ့လိမ့်မည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် လူအိုကြီး၏ အော်ဟစ်ရုန်းကန်မှုများမှာ မကြာခင်တွင် ရပ်တန့်သွားခဲ့လေသည်။ တစ်ချိန်တည်း၌ လူအိုကြီး၏ ဒွာရခုနှစ်ပေါက်မှ စီးထွက်လာနေသော နတ်ဆိုးချီများမှာလည်း တဖြည်းဖြည်းနှင့် နည်းသထက် နည်းလာခဲ့ပြီး ၎င်း၏မျက်လုံးများမှာလည်း အနက်ရောင်မှ ပုံမှန်အရောင်သို့ ဖြည်းဖြည်းချင်း ပြန်ပြောင်းသွားခဲ့သည်။

ဆယ်မိနစ်ကျော်ကြာပြီးသည့်နောက် အကြီးအကဲ မြေပြင်ပေါ်သို့ ပျော့ခွေလျက် ပြုတ်ကျသွားခဲ့လေသည်။ သူ့တစ်ကိုယ်လုံးမှာလည်း ယခုလေးတင် ရေထဲမှ ခုန်ထွက်လာသည့် ငါးတစ်ကောင်ပမာ ချွေးများဖြင့် စိုရွှဲနေခဲ့လေသည်။ အသိပြန်ဝင်လာပြီးသည့်နောက်တွင် နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျှက် မေးလိုက်လေ၏။ “ဘာ… ဘာတွေဖြစ်သွားတာလဲ…”

ရန်ကိုင်သည် အကြီးအကဲကို စိုက်ကြည့်နေရင်းမှ မေးလိုက်လေသည်။ “ခင်ဗျား ကျုပ်ကိုသိလား…”

အကြီးအကဲ၏မြင်ကွင်းများ တဖြည်းဖြည်းနှင့် ပြန်လည်ကြည်လင်လာခဲ့သည်။ ထို့နောက် အံ့အားသင့်တကြီးဖြင့် “ခင်ဗျားက နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲရန်မဟုတ်ဘူးလား…”

“ဘာတွေဖြစ်ပျက်သွားလဲဆိုတာကို ခင်ဗျားမှတ်မိသေးလား…” ရန်ကိုင်က မေးလိုက်လေသည်။

ထိုစကားကိုကြားသော် အကြီးအကဲ မျက်မှောင်ကျုံ့သွားခဲ့လေ၏။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် အကြီးအကဲ၏အမူအယာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီး ထအော်လေသည်။ “ဘာ… ဘာတွေဖြစ်သွားတာလဲ… ဒီလူအိုကြီး နောက်ဆုံးမှတ်မိတာက…”

ရန်ကိုင်က ရှင်းပြလိုက်လေသည်။ “ခင်ဗျားကို နတ်ဆိုးချီတွေပူးကပ်ပြီးတော့ ခင်ဗျားကိုယ်တိုင်က နတ်ဆိုးအသွင်ကို ပြောင်းသွားတာ… အဲ့ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ… ဘယ်လိုတွေဖြစ်သွားတာလဲ…”

“နတ်ဆိုးအသွင်ပြောင်းတာ…” လူအိုကြီး၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး သူ့မျက်နှာတစ်ပြင်လုံးမှာလည်း သွေးမရှိတော့သည့်ပမာ လုံးဝကို ဖြူဆွတ်သွားခဲ့လေသည်။ ထို့နောက် သူ့ခေါင်းကို အရူးအမူးခါရမ်းရင်းမှ ရေရွတ်လိုက်လေ၏။ “မဖြစ်နိုင်ဘူး… ဒါလုံးဝမဖြစ်နိုင်ဘူး…”

ကြည့်ရသလောက်တော့ ရန်ကိုင်ပြောသည့်စကားကို လူအိုကြီး မယုံသည့်ပုံပင်။ တောင်ဘက်နယ်မြေသည် နတ်ဆိုးများကို ဆယ်နှစ်ခန့်ကြာအောင် လိုက်လံသတ်ဖြတ်နေခဲ့သည့်အတွက်ကြောင့် နတ်ဆိုးအသွင်သို့ပြောင်းသည်ဆိုသည်မှာ ဘာကိုဆိုလိုခြင်းဖြစ်သလဲဆိုသည်ကို လူအိုကြီး ကောင်းကောင်းနားလည်ပေသည်။ လူအိုကြီးကိုယ်တိုင်သည်လည်း နတ်ဆိုးအသွင်သို့ ပြောင်းသွားသည့်လူများကိုလည်း တွေ့ခဲ့ဖူးပေသည်။ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားမည်ဆိုပါက ထိုလူသည် လုံးဝကို လူစိတ်မရှိတော့သည့်လူတစ်ဦး ဖြစ်သွားပြီဟု ပြော၍ရပေသည်။ မိတ်ဆွေ၊ မိသားစုဝင်များကိုပင်လျှင် မမှတ်မိနိုင်တော့ဘဲ မြင်သမျှသက်ရှိများကို သတ်ဖြတ်ပစ်ချင်စိတ်များသာ ထိုလူများ၏စိတ်ထဲ ကြီးစိုးနေတော့လေသည်။ သို့သော်ငြား သူကိုယ်တိုင်သည် ထိုကဲ့သို့သော သတ္တဝါတစ်ကောင်အသွင်သို့ ပြောင်းလဲသွားရလိမ့်မည်ဟု လူအိုကြီး လုံးဝထင်ထားခဲ့ခြင်းမရှိချေ။ ထိုအကြောင်းကို တွေးမိလိုက်ရုံဖြင့်ပင်လျှင် သူ့စိတ်ထဲ ကြောက်ရွံ့လာမိလေ၏။

ရန်ကိုင်သည် လူအိုကြီးအား အင်္ကျီလည်တိုင်မှဆွဲကိုင်၍ အော်ပြောလိုက်လေသည်။ “မဖြစ်နိုင်ဘူး… ဘာမဖြစ်နိုင်ရမှာလဲ… အဲ့လေးယောက်ကိုကြည့်ကြည့်လိုက်…”

လူအိုကြီးလည်း ရန်ကိုင်ညွှန်ပြသည့်ဘက်ဆီသို့ လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင်လဲနေသော လူလေးဦးကို တွေ့လိုက်ရလေသည်။ ထိုလူတစ်ဦးချင်းစီတိုင်းကို အနက်ရောင်နတ်ဆိုးချီများမှ လွှမ်းခြုံထားခဲ့သည်။ ထိုလူများ၏မျက်လုံးများမှာလည်း ပိတ်လိုက်ပွင့်လိုက်ဖြစ်နေခဲ့ပြီး လုံးဝကို မဲနက်နေခဲ့လေသည်။

“သေသေချာချာစဉ်းစား… ဒီတလော ဘာမယုံသင်္ကာစရာတွေ ဖြစ်သွားလဲ…”

အကြီးအကဲသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “ဒီနေ့လယ်တုန်းက အမျိုးသမီးဟန်နဲ့ကျုပ်ကို အကြီးအကဲဖုန်းက ကျောင်းသခင်လေ့နဲ့ တွေ့ဖို့ဆိုပြီး ဖိတ်ခေါ်တယ်… အဲ့ဒါနောက်ပိုင်း ကျုပ် ဘာမှမမှတ်မိတော့ဘူး…”

“ဖုန်းမင်နဲ့လဲ့ကုလား…” ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ဤလူအိုကြီးမှ အကြီးအကဲဖုန်းနှင့် ကျောင်းသခင်လေ့ဟု ခေါ်သည့်လူ နှစ်ဦးသာ ရှိပေသည်။ ထိုလူနှစ်ဦးသည်သာ တရားခံဖြစ်နေမည်ဆိုလျှင်တော့…။

ရန်ကိုင်သည် ချက်ချင်းပဲ ရှေးဟောင်းကျောင်းတော်ရှိရာအရပ်ဆီသို့ စိုးရိမ်တကြီးဖြင့် လှမ်း၍ကြည့်လိုက်လေသည်။

“ဟုတ်တယ်…” လူအိုကြီးက ဖြည်းဖြည်းချင်းခေါင်းခါရင်းမှ ဆက်ပြောလိုက်သည်။ “မဟုတ်သေးဘူး… ကျောင်းသခင်လေ့ လုပ်တာတော့ မဖြစ်နိုင်ဘူး… အကြီးအကဲရန်… ခင်ဗျား ဘယ်သွားနေတာလဲ…” လူအိုကြီးမှ သူ့စကားအား ဆုံးအောင်မ‌ပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် ရုတ်တရက် ကောင်းကင်ပေါ်သို့ပျံတက်ကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။

မြေပြင်ပေါ်သို့ ခြေချမိလိုက်သည့်နောက် သူ့တစ်ကိုယ်လုံး အလွန်ကိုမှ အားနည်းနေသလို လူအိုကြီး ခံစားလိုက်ရလေသည်။ ထို့နောက်တွင် မြေပြင်ပေါ်၌ လဲနေသော လူလေးဦးကို လှမ်းကြည့်၍ ဘေးပတ်ဝန်းကျင်ရှိ တိုက်ပွဲဖြစ်ထားသည့် အရိပ်အယောင်များကို လှည့်ပတ်ကြည့်ပြီးသည့်နောက်တွင် ဝမ်းနည်းတကြီးဖြင့် ရေရွတ်လိုက်လေသည်။ “ပြဿနာကပ်ဘေးကတော့ ဆိုက်တော့မှာပဲ…”

ဤလောကကြီးတစ်ခုလုံး၏ အုတ်မြစ်ကိုပင်လျှင် ယိုင်နဲ့သွားအောင်လုပ်ပစ်နိုင်မည့် မုန်တိုင်းတစ်ခု လာတော့မည်ဟု လူအိုကြီး၏စိတ်ထဲ ခံစားနေခဲ့ရလေသည်။ ဤနေရာတွင် နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားသည့် လူလေးဦး ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် လူအိုကြီးမှာ ဤနေရာမှ ဤအတိုင်း ထွက်သွား၍မဖြစ်ပေ။ ဤနတ်ဆိုးအသွင်ပြောင်းသွားသည့်လူများ အသိပြန်ဝင်လာကြပြီး မြင်မြင်ရာအား လိုက်လံတိုက်ခိုက်ကြမည်ကို လူအိုကြီးစိတ်ပူမိပေသည်။ သို့သော်ငြား ထိုလူလေးဦးမှာ သူနှင့်သိကျွမ်းနေသည့်လူများ ဖြစ်ကြသည့်အလျောက် လူအိုကြီးမှာ ထိုလူများအား မသတ်ရက်ပေ။ ထို့အတွက်ကြောင့် ထိုလူများအား လက်တလောတွင် ချုပ်နှောင်ထားပြီး ရန်ကိုင်ပြန်လာသည့်အခါမှ ထိုလူများအား ကုသမည့်နည်းလမ်းကို ရှာရပေမည်။

(အကြီးအကဲရန် ငါ့ကိုတောင်ကယ်နိုင်တာဆိုတော့ သူတို့လေးယောက်ကိုလည်း ကယ်နိုင်လောက်တယ်…)

လက်ရှိအခိုက်အတန့်တွင်တော့ ရှေးဟောင်းကျောင်းတော်တစ်ခုလုံးမှာ ပရမ်းပတာကို ဖြစ်နေခဲ့လေသည်။ အော်ဟစ်တိုက်ခိုက်သံများသည် နေရာအနှံ့ဆီမှ ထွက်ပေါ်နေခဲ့ပြီး မရေမတွက်နိုင်သောလူများမှာ ထွက်ပြေးရန် ကြိုးစားနေကြလေသည်။ အလောင်းများ နေရာအနှံ့တွင် ပြန့်ကျဲနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း သွေးများဖြင့် နီရဲနေလေ၏။ တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းအနက် တစ်ဂိုဏ်းဖြစ်သော ရှေးဟောင်းကျောင်းတော်မှာ တစ်နာရီမရှိတတ်သေးခင်မှာပင် ငရဲခန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။

အနက်ရောင်ချီတို့ လွှမ်းခြုံထားသော ဧကရာဇ်အဆင့်ပညာရှင်များသည် ဟိုမှသည်သို့ ကူးကလန်ခတ်ပျံသန်းရင်းမှ ကျင့်ကြံသူများအား တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်နေခဲ့လေသည်။ သူတို့၏ ပိန်းပိန်းပိတ်နက်မှောင်သော မျက်လုံးများထဲဝယ် ရက်စက်ကြမ်းကြုတ်မှု၊ သွေးဆာမှု၊ ရူးသွပ်မှုတို့သာ ပြည့်နေခဲ့သည်။ ဧကရာဇ်အဆင့်အယောက်တစ်ရာကျော်မှာတော့ အတူတကွပူးပေါင်းရင်း ခုခံရင်းမှ တောင်ကြားဆီသို့ ပြန်ပြေးနေသူများကို တတ်နိုင်သမျှ ကာကွယ်ပေးနေကြလေသည်။ ဤနေရာသည် လွန်ခဲ့သောညက တောင်ဘက်နယ်မြေ သိုင်းပညာရှင်စုဝေးပွဲ၏ စားသောက်ပွဲကျင်းပခဲ့သည့်နေရာလည်း ဖြစ်ပေသည်။

ဖုန်းမင်သည် ဆက်သွယ်ရေးမှော်ရတနာကို ကိုင်ရင်းမှ ပို့လာသည့်သတင်းကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကျုံ့၍ လဲ့ကုဘက်သို့လှည့်ကာ ပြောလိုက်လေသည်။ “အခုလေးတင် ဟိုဘက်က သတင်းရလာတယ်… မအောင်မြင်လိုက်ဘူးတဲ့…”

လဲ့ကု၏အဝတ်များသည် လေအလွင့်နှင့်အတူ တလူလူ လွင့်ပျံနေခဲ့ပြီး သူ့တစ်ကိုယ်လုံးကိုလည်း နတ်ဆိုးချီများမှ လွှမ်းခြုံထားခဲ့လေသည်။ လဲ့ကုမှာ အခြားသောသူများကဲ့သို့ စိတ်လွတ်သွားခဲ့ခြင်းမရှိပေ။ လက်ရှိ လဲ့ကု၏အခြေအနေသည် နတ်ဆိုးချီ၏ ကူးစက်ခြင်း ခံလိုက်ရသူများကဲ့သို့မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ကို နတ်ဆိုးဝိဉာဉ်တစ်ကောင်မှ ဝင်စီးထားခြင်းသာ ဖြစ်လေသည်။ လဲ့ကု၏ ရှေးဟောင်းကျောင်းတော်၏ လဲ့ကုမဟုတ်တော့ပေ။ ဖုန်းမင်အတွက်လည်း အတူတူပင်ဖြစ်လေသည်။

ထိုစကားကိုကြားသော် လဲ့ကုက ဒေါမာန်တကြီးဖြင့် “ဘယ်လိုလုပ်ပြီး မအောင်မြင်ရတာလဲ… ဒီလောက်တောင် သေသေချာချာစီစဉ်ထားတာကို… ဘယ်လိုလုပ်ပြီး မအောင်မြင်ရတာလဲ…”

“အသေးစိတ်တော့မသိဘူး… ဒါပေမယ့် အဲ့ကောင်လွတ်သွားတယ်…” ဖုန်းမင် ခေါင်းခါလိုက်လေသည်။

“အဲ့ကောင်တွေအကုန်လုံး သောက်သုံးကိုမကျဘူး…” လဲ့ကု၏မျက်နှာကြီး သုန်မှုန်နေခဲ့လေသည်။ ထိုလူ၏ လေဟာနယ်ပညာရပ်ကြောင့်သာလျှင် လဲ့ကုမှာ ထိုလူအား အရင်ဆုံးရှင်းပစ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား လက်တွေ့မှာတော့ သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ အလစ်ချောင်းတိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည့် သူတို့၏အဖွဲ့သည် တစ်ဖက်လူအား အောင်မြင်စွာ မသတ်ပစ်နိုင်ခဲ့ပေ။ ထိုအဖွဲ့သည်ပင်လျှင် ထိုလူအား မသတ်ပစ်နိုင်ခဲ့လေရာ သူကိုယ်တိုင်သွားမည်ဆိုလျှင် ဘာမှထူးလိမ့်မည်မဟုတ်ကြောင်း လဲ့ကုသိနေခဲ့လေသည်။ (ကြည့်ရတာ ငါ အဲ့ကောင်လေးကို အထင်သေးမိလိုက်တဲ့ပုံပဲ…)

“မြန်မြန်လုပ်ပေတော့… ဒီကအကြောင်းတွေ သတင်းမပြန့်ခင် ဒီကကိစ္စတစ်ခုလုံးကို မြန်မြန်ရှင်းပစ်ရမယ်…” လဲ့ကုက အမိန့်ပေးလိုက်လေသည်။

ဖုန်းမင်လည်း ခေါင်းညိတ်၍ လေပေါ်သို့ ပျံတက်သွားလေ၏။

ရန်ကိုင်သည် စိုးရိမ်ပူပန်နေသည့်အမူအယာဖြင့် ညကောင်းကင်ထဲဝယ် ပျံသန်းနေခဲ့လေသည်။ ရန်ကိုင်၏စိတ်အစုံမှာ စိုးလည်းစိုးရိမ် တည်လည်းတည်ငြိမ်နေခဲ့လေသည်။ အစကတော့ ယခုကိစ္စသည် လော့ချန်နှင့် ကောင်းရွှယ်ထင်းတို့နှင့် ပတ်သက်နေလိမ့်မည်ဟု ထင်ထားခဲ့သည်။ လက်တွေ့မှာလည်း ထိုနှစ်ဦးနှင့် အမှန်တကယ် ပတ်သက်နေကြောင်း သိခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်အား စိတ်သက်သာရာရစေသည်မှာ လော့ချန်နှင့် ကောင်းရွှယ်ထင်းတို့သည် ယခုကိစ္စတွင် ပါဝင်ပတ်သက်နေပါသော်ငြား သူတို့ဆန္ဒအရ ရန်ကိုင်အပေါ် အကွက်ချကြံစည်လာခဲ့ခြင်းမဟုတ်ဘဲ သူ့အထင်အရ နတ်ဆိုးချီ ကူးစက်ခြင်း ခံထားရပြီး တစ်စုံတစ်ဦး၏ ထိန်းချုပ်ထားခြင်း ခံရသည့်အတွက်ကြောင့် ရန်ကိုင်အပေါ် ယခုကဲ့သို့ လုပ်လာခြင်းဖြစ်သည်ဟု ရန်ကိုင်ခန့်မှန်းမိသွားလေသည်။

ထိုအခိုက်အတန့်မှာပင် ရန်ကိုင် ရုတ်တရက် တစ်ခုခုအား ပြန်သတိရသွားခဲ့သည်။ ယနေ့တွင် လော့ချန်နှင့် ကောင်းရွှယ်ထင်းတို့ အပြင်သို့ ထွက်သွားကြလေ၏။ သူတို့ အပြင်ထွက်သွားကြရခြင်းမှာ လဲ့ကုမှ ဖိတ်ခေါ်လိုက်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ကြည့်ရသလောက် ကောင်းရွှယ်ထင်းတို့၏အခြေအနေမှာ အစောပိုင်းက သူနှင့်စကားပြောခဲ့သော လူအိုကြီးကဲ့သို့ပင် ဖြစ်နေလောက်ပေပြီ။

သို့သော်ငြား ရန်ကိုင် နားမလည်သည့် တစ်ချက်တော့ ရှိပေသည်။ တောင်ဘက်နယ်မြေထဲရှိ နတ်ဆိုးဝိဉာဉ်အားလုံး ရှင်းပစ်ခံလိုက်ရပြီ မဟုတ်လေလော။ သို့သော်ငြား နတ်ဆိုးဝိဉာဉ်များသည် ယခုကဲ့သို့သော အစီအစဉ်မျိုးကို မည်ကဲ့သို့များ အကွက်ချကြံစည်နိုင်ရလေသနည်း။ သိုင်းပညာရှင်စုဝေးပွဲကဲ့သို့သော နေရာမျိုးကိုပင်လျှင် ရွေးချယ်ခဲ့သည်ကိုကြည့်ပါက ထိုနတ်ဆိုးဝိဉာဉ်များ ယခုအကြံအစည်အား စီစဉ်ထားသည်မှာ အတော်လေးကိုမှ ကြာနေလောက်ပေပြီ။ အနည်းဆုံး ယခုကဲ့သို့သော အစီအစဉ်မျိုး ချရန်အတွက် တစ်ရက်နှစ်ရက်လောက်ဖြင့် မရပေ။ အချိန်အလွန်ကြာအောင် အစီအစဉ်ဆွဲလာမှသာလျှင် ရပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၅၃)

ဘာသာပြန်သူ_တိမ်တိုက်

တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင် ရှေးဟောင်းကျောင်းတော်ဆီသို့ ပြန်ရောက်လာခဲ့သည်။ သို့သော်ငြား ထိုနေရာကို ဝေ့ကြည့်လိုက်ချိန် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားခဲ့ရလေသည်။ လက်ရှိအချိန်၌ ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ အသက်ဝင်နေပြီး မှောက်ခုံလှန်ထားသည့် ပန်းကန်လုံးတစ်လုံးပမာ ရှေးဟောင်းကျောင်းတော်အား အကြားအလပ်မရှိအောင် လွှမ်းခြုံထားခဲ့လေသည်။

ထိုနေရာသို့ ရောက်မလာခင်ကတည်းက အတွင်းပိုင်းဆီမှ အော်ဟစ်သံများကို ကြားနေခဲ့ရသည်။ ထို့နောက် နတ်ဆိုးချီများ အသိပ်သည်းဆုံးနေရာ ဖြစ်သည့် ရှေးဟောင်းကျောင်းတော်ထဲရှိ တစ်နေရာဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။

ထိုနေရာကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားတော့သည်။ ထိုနေရာသည် အခြားမဟုတ်။ ယမန်နေ့ညက စားသောက်ပွဲ ကျင်းပနေသည့် နေရာသာ ဖြစ်ပေသည်။ ရန်ကိုင် ထွက်မလာခင်က ထိုနေရာ၌ ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များနှင့် သောင်းနှင့်ချီသော တောင်ပိုင်းနယ်မြေ၏ လက်ရွေးစင်တပည့်များ စုဝေးနေခဲ့ကြလေသည်။ ထိုသို့ဖြစ်လေရာ လက်ရှိအချိန်၌ ထိုပညာရှင်အားလုံး အသတ်ခံလိုက်ရပြီလော။ ထိုသို့မဟုတ်ဘဲ နတ်ဆိုးချီ၏ ကူးစက်ခြင်း ခံလိုက်ရလေပြီလော။

သို့သော်ငြား သေချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် ထိုသို့ဖြစ်နိုင်ခြေ မရှိလှကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုသို့သာ တကယ်ဖြစ်သွားခဲ့မည်ဆိုလျှင် ရှေးဟောင်းကျောင်းတော်အနေဖြင့် ရန်ကိုင်အား ဤနေရာမှ မျှားခေါ်သွားစရာလိုလိမ့်မည် မဟုတ်ပေ။

ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များထဲမှ များစွာမှာ ဧကရာဇ်တတိယအဆင့်ပညာရှင်များ ဖြစ်ကြသည်။ ထိုပညာရှင်အားလုံးသည်သာ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် ထိုပညာရှင်များကို သွားတားနိုင်လိမ့်မည်မဟုတ်သလို သူ ကိုယ်တိုင်သည်လည်း ထွက်ပြေးနိုင်တော့လိမ့်မည် မဟုတ်ပေ။

ရှေးဟောင်းကျောင်းတော်မှ ရန်ကိုင်အား မျှားခေါ်သွားရခြင်းမှာ ဤအခြေအနေအကြောင်း သတင်းပေါက်ကြားသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အား ပထမဦးစွာ ရှင်းပစ်လိုပေသည်။ ရန်ကိုင် လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့် အချက်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ သူတို့သည်သာ ရန်ကိုင်အား တစ်ကြိမ်တည်းနှင့် မရှင်းပစ်နိုင်ပါက နောက်တစ်ကြိမ် ထပ်မံ အခွင့်အရေးရတော့လိမ့်မည် မဟုတ်ပေ။

လက်ရှိအခြေအနေကို ကြည့်ကြည့်ရသလောက် အခြေအနေမှာ အတော်လေးကိုမှ ဆိုးရွားလှပါသော်ငြား လုံးဝ မျှော်လင့်ချက် မရှိသည့် အခြေအနေမျိုးတော့ မဟုတ်သေးပေ။ ဝမ်ကျိရှန်းနှင့် အခြားသူများသည် နတ်ဆိုးချီ၏ ကူးစက်ခြင်းကို အလွယ်တကူခံရလိမ့်မည် မဟုတ်ဟု ရန်ကိုင် စိတ်ထဲ ခံစားနေရလေသည်။

ရန်ကိုင်သည် ဂိုဏ်းကာကွယ်ရေးအစီအရင် အရှေ့သို့ ချက်ချင်းပြေးလာခဲ့လေသည်။ ထို့နောက် အထဲအား ဝေ့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့ရလေသည်။ လက်ရှိအချိန်တွင် ရှေးဟောင်းကျောင်းတော်ထဲမှ ကျင့်ကြံသူပေါင်းများစွာမှာ အသက်ရှင်ဖို့ရာ တိုက်ခိုက်နေခဲ့ကြသည်။ အကုန်လုံးမှာ တစ်ခုခုမှားယွင်းနေပြီမှန်း သတိပြုမိသွားပြီး ထွက်ပြေးရန် ကြိုးစားကြတော့လေသည်။ ထို့အတွက်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပို၍ပင် ကသောင်းကနင်း ဖြစ်နေရလေ၏။ သို့ပင်ဖြစ်လင့်ကစား ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အသက်သွင်းထားပြီ ဖြစ်သည့်အတွက်ကြောင့် ထွက်ပြေးရန် ကြိုးစားမည်ဆိုလျှင်ပင် မည်သည့်နေရာသို့ ထွက်ပြေးနိုင်ပါမည်နည်း။ အကုန်လုံးမှာ အထဲတွင် ပိတ်မိနေလေရာ အတော်များများမှာ ထွက်မပြေးနိုင်တော့ဘဲ လိုက်လံဖမ်းဆီးတိုက်ခိုက်နေကြသည့် နတ်ဆိုးများ၏ သတ်ဖြတ်ခြင်းသာ ခံလိုက်ကြရလေသည်။ ထွက်ပြေး၍ မရမှန်း သိလိုက်သော် အချို့မှာ လွတ်လိုလွတ်ငြား အထဲသို့ ပြန်ဝင်ပြေးလာကြလေသည်။

သွေးပျက်ချောက်ချားဖွယ် အော်သံများ၊ တောင်းပန်တိုးလျှိုးသံများ၊ အော်ငိုသံများမှာ နေရာအနှံ့ဆီမှ ထွက်ပေါ်လာနေခဲ့သည်။ နေ့ခင်းပိုင်းက အသက်ရှင်နေခဲ့သော လူများမှာ ယခုအချိန်တွင်တော့ အလောင်းများ ဖြစ်နေကုန်ကြလေပြီ။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ ဒေါသအလိပ်လိပ် ထွက်လာခဲ့ရသည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေရင်းမှ တစ်ခုသောနေရာသို့ ရောက်သော် ရန်ကိုင်၏ အမူအရာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။

တောင်စောင်းလေးတစ်နေရာတွင် အလောင်းတစ်လောင်း ရှိနေခဲ့သည်။ ထိုအလောင်းသည် ရန်ကိုင် ရင်းနှီးနေသော ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ပြီး ရန်ကိုင် ရင်းနှီးနေသည့် မျက်နှာကိုလည်း ပိုင်ဆိုင်ထားပေသည်။ ထိုအလောင်း၏ ရင်ဘတ်နေရာတွင်တော့ အပေါက်ကြီးတစ်ပေါက် ရှိနေခဲ့ပြီး ထိုအပေါက်မှတစ်ဆင့် ၎င်း၏ ကိုယ်တွင်းအင်္ဂါများကို လှမ်း၍ မြင်နေခဲ့ရလေသည်။ သွေးများမှာ ထိုဒဏ်ရာဆီမှ တရဟော စီးထွက်နေခဲ့လေသည်။ မကြာသေးခင်ကမှ သေထားသည့်အလား သွေးများသည်ပင်လျှင် ခြောက်သွေ့သွားခြင်း မရှိ။ ထိုလူ၏ မျက်လုံးလေးများမှာ အနည်းငယ်လေး ပွင့်နေခဲ့လေသည်။ ထိုလူမှာ မျက်လုံးလေးပွင့်လျက် ထိုနေရာတွင် ခေါင်းလေးကို စောင်းရင်းမှ မလှုပ်မယှက် လဲလျောင်းနေလေ၏။ ယခင်က တက်ကြွသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့သော မျက်လုံးများသည် ယခုအချိန်တွင်တော့ ထိုင်းထိုင်းမှိုင်းမှိုင်းနှင့် အရောင်အဆင်း ကင်းမဲ့နေခဲ့လေပြီ။

"ယုကျိုး" ရန်ကိုင်၏ နှုတ်ခမ်း လှုပ်သွားခဲ့ပြီး အသာအယာ လှမ်းအော်ခေါ်လိုက်သည်။ ကံမကောင်းစွာဖြင့် ပြန်ထူးသံ မကြားခဲ့ရပေ။

[သူ သေသွားတာလား၊ ငါ့ကို လွန်ခဲ့တဲ့ တစ်လောလုံး လာရှာနေခဲ့တဲ့လူက ဒီလိုမျိုးပဲ သေသွားတာလား] ရန်ကိုင်မှာ သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ သူမ၏ သာယာချိုသာလှသည့် အသံလေးမှာ သူ့နားထဲ ပဲ့တင်ထပ်လာခဲ့လေသည်။ မျက်ရည်လည်ရွဲဖြင့် သူ့အား လက်ဝှေ့ယမ်းပြသွားခဲ့သော သူမ၏ ပုံရိပ်လေးမှာလည်း ရန်ကိုင်၏ စိတ်ထဲ ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာလေ၏။ သူ့အား ပထမဦးဆုံးအကြိမ် အဝတ်ပြန်လာပေးစဉ်က သူမ၏ စိုးရိမ်နေသည့် မျက်နှာလေးကို ရန်ကိုင် ပြန်မြင်ယောင်လာမိလေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ရန်ကိုင်မှာ ယစ်မူးနေစဉ်အတောအတွင်း အမျိုးသမီးတစ်ဦးနှင့် မှားယွင်းကာ အိပ်စက်မိခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ခံစားချက်ပေါင်းများစွာကို နာကျင်စေခဲ့ရပြီး သူ့ရင်ထဲ အနှောင်အဖွဲ့များလည်း ဖြစ်ခဲ့ရသည်။ ထိုကဲ့သို့ နောက်တစ်ကြိမ် ထပ်ဖြစ်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ယုကျိုးနှင့် အဆက်အသွယ်ဖြတ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ယုကျိုး သူ့အား လာတွေ့စဉ်က ခြံပေါက်ဝမှပင် ပြန်၍ မောင်းထုတ်ခဲ့လိုက်ခြင်းလည်း ဖြစ်၏။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ထိုရွှင်ရွှင်မြူးမြူး တက်တက်ကြွကြွကောင်မလေးမှာ မြေပြင်ပေါ်၌ အသက်မဲ့စွာ လဲလျောင်းနေခဲ့ရလေပြီ။ ထိုအပြင် သူမ၏ အကြည့်မှာလည်း နောက်ဆုံးမသေခင် အခိုက်အတန့်အတွင်း တစ်ခုခုအား ရေးတေးတေး ခံစားမိလိုက်သည့်အလား ရန်ကိုင်ဘက်သို့ လှည့်ထားခဲ့လေသည်။ သူမ၏ မျက်လုံးများမှာ သေသည်အထိတိုင် ပွင့်နေခဲ့သည်။ နောက်ကျမှ ပြန်လာသည့် ရန်ကိုင်အား စောင့်မျှော်နေသည့်အလား။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်၏ သွေးများ စတင်၍ အေးစက်လာခဲ့ရလေသည်။ နောက်ဆုံးတွင်တော့ ထိုအကြည့်အား ဆက်၍ မကြည့်နိုင်တော့သည့်အဆုံး အကြည့်လွှဲထားလိုက်ရသည်။ ထို့နောက် ခေါင်းကို ငုံ့၍ လက်သီးကို တင်းတင်းဆုပ်ထားရင်းမှ အံကြိတ်ကာ ဒေါမာန်တကြီးဖြင့် ကောင်းကင်ပေါ်သို့မော့၍ ထအော်လိုက်လေ၏။ "လဲ့ကု"

မိုင်တစ်ရာခန့်အကွာတွင် ရှိနေသော ကောင်းကင်အထက်၌ ဝဲနေသည့် လဲ့ကုသည် ရန်ကိုင်၏ အော်ဟစ်သံကို ကြားကာ ရန်ကိုင် ရှိနေရာဘက်ဆီသို့ လှမ်းကြည့်၍ အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ "သူ ရောက်လာပြီပဲ"

ထို့နောက်တွင် ရန်ကိုင် ရှိနေရာအရပ်ဆီသို့ ပြေးထွက်သွားလေ၏။ ရန်ကိုင်၏ အော်သံကို ထွက်ပြေးရန် ကြိုးစားနေကြသော ကျင့်ကြံသူပေါင်းများစွာ ကြားသွားခဲ့ရသည်။ ထိုအတွက်ကြောင့် အကုန်လုံးမှာ ရန်ကိုင် ရှိနေရာဆီသို့ အလုအယက်ပြေးလာ၍ ရန်ကိုင် အရှေ့တွင် ရပ်ကာ ကြောက်လန့်တကြား အော်ဟစ်တောင်းဆိုကြတော့လေသည်။ "စီနီယာ ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်ပေးပါဦး"

ရန်ကိုင်သည် ထိုလူများကို ကျော်၍ ထိုလူများ၏ အနောက်တွင် ရပ်နေသော လူတစ်ဦးဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။

လဲ့ကု ရန်ကိုင် အရှေ့၌ ပေါ်လာခဲ့လေပြီ။ လက်ရှိအချိန်တွင် လဲ့ကုသည် ကောင်းကင်အထက်၌ လက်နောက်ပစ်ကာ ရပ်နေခဲ့လေသည်။ သူ့မျက်လုံးများမှာ ပိန်းပိန်းပိတ်အောင် နက်မှောင်နေခဲ့ပြီး သူ့တစ်ကိုယ်လုံးကို သိပ်သည်းလှသည့် နတ်ဆိုးချီများမှ လွှမ်းခြုံထားခဲ့သည်။ လဲ့ကုသည် ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် သူ့လက်အား ဝှေ့ယမ်းချလိုက်လေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် ရန်ကိုင်၏ မျက်လုံးများ မှေးစင်းသွားခဲ့ပြီး သူအရှေ့တွင် ရှိနေသည့် ကျင့်ကြံသူများကို အော်ဟစ်သတိပေးလိုက်လေသည်။ "ပြေးပေတော့"

သို့သော်ငြား ထိုလူများ မည်ကဲ့သို့ ထွက်ပြေးနိုင်ပါမည်နည်း။ လဲ့ကုသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သလို နတ်ဆိုးဝိညာဉ်တစ်ကောင်၏ ဝင်စီးထားခြင်းလည်း ခံထားရလေရာ သတ်ဖြတ်ခြင်းသည် သူ၏ ဒုတိယသဘာဝ ဖြစ်လာခဲ့လေပြီ။ မမြင်နိုင်သည့် ဓားချက်တစ်ခုသည် ရေပြင်ညီအတိုင်း ဖြတ်သန်းသွားခဲ့ရာ ဂိုဏ်းကာကွယ်ရေးအစီအရင်နားတွင် အုံခဲနေကြသော ကျင့်ကြံသူများအားလုံး ခါးမှနေ၍ နှစ်ပိုင်းပြတ်ထွက်သွားကုန်ကြလေသည်။

"မင်း ပြန်လာမယ်လို့ ငါတကယ်ကို မယုံနိုင်ဘူး" လဲ့ကုသည် ရန်ကိုင်အား အေးစက်စက်အမူအရာဖြင့် ကြည့်ရင်းမှ လှောင်ပြောင်ပြောဆိုလိုက်လေသည်။

"ကျုပ်ထင်တဲ့အတိုင်းပဲ ခင်ဗျားဖြစ်နေတာကိုး" ရန်ကိုင်က အံကြိတ်၍ အော်ပြောလိုက်သည်။

လဲ့ကုက လှောင်ပြောင်လိုသဖြင့် ရယ်မောလျက်... "အဲဒီတော့ ဘာဖြစ်လဲ မင်းငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ"

ရန်ကိုင်သည် သူ့အရှေ့တွင် ပိတ်ကာနေသော ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ကြည့်ရင်းမှ ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်း၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ "ဒီဂိုဏ်းကာကွယ်ရေးအစီအရင်လေး တစ်ခုလောက်က ကျုပ်ကိုတားနိုင်မယ်လို့ ခင်ဗျားထင်နေတာလား"

လဲ့ကုက ပြန်ပြောလိုက်သည်။ "မင်း စမ်းကြည့်လိုက်လေ"

ရန်ကိုင်သည် လဲ့ကုကို လက်ညှိုးထိုး၍... "ကျုပ် ဒီနေ့ ရှေးဟောင်းကျောင်းတော်တစ်ခုလုံးကို စိစိညက်ညက်ကြေအောင် မလုပ်နိုင်ရင် ကျုပ်မျိုးရိုးနာမည်က ရန် မဟုတ်တော့ဘူး"

ထိုစဉ် အထဲဆီမှ အသံတစ်သံ ထွက်လာခဲ့လေသည်။ "ရန်ကိုင်၊ ရှေးဟောင်းကျောင်းတော်တစ်ခုလုံး နတ်ဆိုးသိုက်ကြီးဖြစ်သွားပြီ၊ မြန်မြန် စစ်ကူတွေ သွားခေါ်ပေတော့"

အသံပိုင်ရှင်မှာ ဝမ်ကျိရှန်းဖြစ်ကြောင်း သိလိုက်ရသည့်နောက် ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ ထို့ကြောင့် လဲ့ကုကိုပင် ဆက်၍ ဂရုစိုက်မနေတော့ဘဲ ပြန်အော်၍ မေးလိုက်လေသည်။ "ကျောင်းသခင်၊ အထဲမှာ အခြေအနေဘယ်လိုရှိလဲ"

"ငါတို့ နည်းနည်းလောက်တော့ ထပ်ထိန်းထားလို့ရသေးတယ်၊ ကြယ်ဝိညာဉ်နန်းတော်ကို မြန်မြန်သွားအကြောင်းကြားလိုက်"

ထိုစကားကို ကြားလိုက်သော် ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။ အထဲရှိ အခြေအနေမှာ အတော်လေး ဆိုးရွားနေပြီမှန်းလည်း သဘောပေါက်လိုက်သည်။ ထိုသို့သာမဟုတ်ပါက ဝမ်ကျိရှန်းသည် သူ့အား ကြယ်ဝိညာဥ်နန်းတော်ဆီမှ သွားစစ်ကူတောင်းခိုင်းလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ရန်ကိုင်အနေဖြင့် ကြယ်ဝိညာဉ်နန်းတော်ဆီမှ သွားအကူအညီတောင်းမည်ဆိုလျှင်ပင် ထိုနေရာသို့ သွားရန် ရက်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ ထိုအတွက်ကြောင့် ပြန်၍သာ ပြောလိုက်လေ၏။ "ကျောင်းသခင် စိတ်မပူနဲ့၊ ဒီကိစ္စကို ကျုပ်ကိုင်တွယ်လိုက်မယ်"

လဲ့ကုက ပြုံးဖြီးလျက်... "ရန်ကိုင် မင်းအနေနဲ့ အခုအဆင့်ကို ရောက်ဖို့ လွယ်တာ မဟုတ်ဘူးနော်၊ ပြီးတော့ ငါမင်းကိုလည်း ခက်ခဲအောင် မလုပ်ချင်ဘူး၊ ဘာဖြစ်လို့ ငါ့ဘက် မပါလိုက်တာလဲ၊ မင်းခွန်အားနဲ့ဆိုရင် ကြီးကျယ်တဲ့အရာတွေကပဲ မင်းကိုစောင့်ကြိုနေတော့မှာ"

"ခင်ဗျားဘက်ပါဖို့ ဟုတ်လား၊ အိပ်မက်သာ မက်နေလိုက်" ရန်ကိုင်က အော်ဟစ်လိုက်ပြီးသည့်နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာခဲ့ပြီး ထပ်၍ အော်ဟစ်လိုက်လေသည်။ "နဂါးအသွင်ပြောင်းလဲခြင်း"

နဂါးဟိန်းသံနှင့်အတူ ရွှေရောင်နဂါးပုံရိပ်တစ်ခု ရန်ကိုင်၏ အနောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင်သွားခဲ့လေသည်။ ထို့နောက် တဖျောက်ဖျောက်မြည်သံများနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးမှာ စတင်၍ အရွယ်အစား ကြီးမားလာတော့သည်။

မီတာငါးဆယ်၊ မီတာတစ်ရာ၊ မီတာတစ်ရာ့ငါးဆယ်၊ မီတာနှစ်ရာ။

လဲ့ကု၏ အကြည့်သည်လည်း တဖြည်းဖြည်းနှင့် အပေါ်သို့တက်သွားခဲ့လေသည်။ သူ၏ ယုံကြည်ချက်ရှိနေသည့် မျက်နှာမှာ မယုံကြည်နိုင် ဖြစ်နေသည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားတော့လေသည်။ သူ့အရှေ့တွင် ရှိနေသော အကောင်ကြီးကို ကြည့်နေရင်းမှ လဲ့ကုက အော်ပြောလိုက်လေ၏။ "နဂါးနွယ်ဖွားလား"

ယခုမှသာလျှင် ထိုလူ ရန်ကိုင်အား ဘာကြောင့် အောင်မြင်စွာ လုပ်ကြံမသတ်ဖြတ်နိုင်ခဲ့သလဲဆိုသည်ကို သဘောပေါက်သွားတော့လေသည်။ ရန်ကိုင်သည် နဂါးနွယ်ဖွားတစ်ကောင် ဖြစ်ပေသည်။ သူ၏ နဂါးသွေးကြောမှာ ပုံမှန် မဟုတ်ပါသော်ငြား နဂါးသွေးကြောအား ဤအတိုင်းအတာအထိ အသုံးပြုနိုင်သည်ကို ကြည့်ပါက သူ့နဂါးသွေးကြော အားမနည်းသည်မှာ သိသာလှသည်။ နဂါးကလန်သည် အလွန်တရာကိုမှ အားကောင်းလှသည့် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ကြပြီး အဆိပ်များကို ခုခံနိုင်စွမ်း မြင့်မားပေသည်။ ထိုအတွက်ကြောင့် ထိုလူ ရန်ကိုင်အား အောင်မြင်စွာ မသတ်နိုင်ခဲ့သည်မှာ အထူးအဆန်း မဟုတ်တော့။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင် ယခုကဲ့သို့ ပြောင်းလဲနိုင်လိမ့်မည်ဟု လဲ့ကု မထင်ထားခဲ့ပေ။ အစောကြီးကတည်းက ကြိုသိခဲ့မည်ဆိုလျှင် ထိုလူမှ ရန်ကိုင်အား တစ်ချက်တည်းဖြင့် သတ်နိုင်စေရန် ယခုထက်ပို၍ သေသေချာချာ ပြင်ဆင်ခဲ့ပေသည်။

[လေဟာနယ်တာအိုကိုလည်း ကျွမ်းကျင်တယ်၊ အားကောင်းတဲ့ နဂါးသွေးကြောကိုလည်း ပိုင်ဆိုင်ထားတယ်] လဲ့ကု မျက်နှာပျက်သွားတော့သည်။ [ငါတို့သာ ဒီကောင်ကိုမရှင်းပစ်ရင် ဒီကောင် ကျိန်းသေ နောက်ပိုင်း ပြဿနာတက်လာလိမ့်မယ်]

လဲ့ကု ထိတ်လန့်ရာမှ အသိပြန်မဝင်လာနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့လက်ကို မြှောက်၍ ကျောက်တုံးကိုယ်ပွားကို ဆင့်ခေါ်လိုက်လေသည်။ ကျောက်တုံးကိုယ်ပွားနှင့် အတွေးချင်းဆက်သွယ်လိုက်ရာ ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင် ဘာကြံနေသလဲဆိုသည်ကို သဘောပေါက်သွားခဲ့သည်။ ထို့နောက်တွင် မာန်သွင်းအော်ဟစ်၍ ၎င်း၏ ခန္ဓာကိုယ်အရွယ်အစားကို စတင်၍ ကြီးမားစေတော့လေ၏။

မီတာနှစ်ရာ၊ မီတာသုံးရာ၊ မီတာငါးရာ။

ထိုမြင်ကွင်းကို ကြည့်ရင်း လဲ့ကု၏ မျက်နှာကြီး ရှုံ့မဲ့နေခဲ့လေသည်။ ယနေ့ သူမြင်နေရသည့် အရာအားလုံးမှာ အလွန်တရာကိုမှ မယုံကြည်နိုင်စရာ ကောင်းနေခဲ့သည်။ ရန်ကိုင် ဤမျှအရွယ်အစား ကြီးမားလာခြင်းသည် လဲ့ကု မမျှော်လင့်ထားသည့်အရာ ဖြစ်ပါသော်ငြား သူလက်သင့်ခံနိုင်သည့် ဘောင်အတွင်းတွင်တော့ ရှိနေပေသေးသည်။ သို့သော်ငြား ဤဧရာမကျောက်တုံးလူသားကြီးသည် မည်သည့်နေရာမှ ရောက်လာလေသနည်း။ ၎င်း၏ အရွယ်အစားသည် ရန်ကိုင်ထက်ပင်လျှင် ပိုကြီးနေပေသေးသည်။ ၎င်းပုံစံမှာ ရှီဟွော့နှင့် တူပါသော်ငြား ဤမျှ အရွယ်အစားကြီးမားသည့် ရှီဟွော့ မည်သည့်အချိန်ကတည်းကများ ရှိလို့ပါနည်း။

"ထုချလိုက်ပေတော့" နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုလိုက်ပြီးသည့်နောက် ရန်ကိုင်၏ အသံသည် နဂါးဟိန်းသံနှင့်ပင် ဆင်တူလာတော့လေသည်။ ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ လက်နှစ်ဖက်ကို မြှောက်၍ လက်သီးကို တင်းတင်းဆုပ်ချကာ အောက်သို့ အရှိန်ကုန်ထုချလိုက်လေသည်။ ဧရာမတောင်ကြီးနှစ်လုံး ပြိုဆင်းကျလာသည့်အလား ဂိုဏ်းကာကွယ်ရေးအစီအရင်၏ မျက်နှာပြင်သည် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့၏ လက်သီးချက်ကြောင့် ချိုင့်ဝင်သွားခဲ့ရလေသည်။

မကြာသေးခင်က ကျောက်တုံးကိုယ်ပွားသည် အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အကြမ်းနည်းသုံး၍ ဖျက်ဆီးပစ်ခဲ့လေသည်။ အာကာယံကောင်းကင်ဂိုဏ်း၏ အုတ်မြစ်မှာ ရှေးဟောင်းကျောင်းတော်နှင့် သိပ်မကွာပေ။ ထိုအတွက်ကြောင့် ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင် မည်မျှပင် အားကောင်းနေစေကာမူ ၎င်းမှ ခုခံနိုင်သည့် အတိုင်းအတာတစ်ခုတော့ ရှိပေသည်။ ထိုအကြောင်းကြောင့် သူနှင့် ကျောက်တုံးကိုယ်ပွားသည်သာ အတူပူးပေါင်းလိုက်မည်ဆိုလျှင် ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေခြင်းပင်။

ဂိုဏ်းကာကွယ်ရေးအစီအရင် မျက်နှာပြင် ချိုင့်ဝင်သွားသည်ကို မြင်သည့်အခါ ရန်ကိုင် ပြုံးဖြီးသွားခဲ့လေသည်။ သို့သော်ငြား ချိုင့်ဝင်သွားသည့် နေရာသည် ချက်ချင်းဆိုသလို ပြန်ကန်ထွက်လာခဲ့ပြီး ပြန်ကန်ထွက်လာသည့် အားမှာ ရန်ကိုင်၏ လက်သီးမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

ရန်ကိုင်မှာ ထိုကဲ့သို့ဖြစ်လာမည်ဟု ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့်အလျောက် အလစ်ငိုက်မိသွားခဲ့လေရာ ပြန်ကန်ထွက်လာသည့် အားကြောင့် ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ လွင့်စဥ်ထွက်သွားခဲ့ပြီး အနားတစ်နေရာတွင် ရှိနေသော တောင်တစ်လုံးအား သွားဝင်ဆောင့်လေသည်။

တဝုန်းဝုန်းမြည်သံများနှင့်အတူ တောင်တစ်ခုလုံး ပြိုကျလာခဲ့သည်။ ရန်ကိုင်မှာ ဘေးတစ်ဖက်သို့ လှမ်းကြည့်လိုက်ရာ ကျောက်တုံးကိုယ်ပွားသည်လည်း သူကဲ့သို့ပင် လွင့်ထွက်သွားခဲ့ကြောင်း တွေ့လိုက်ရလေသည်။

ရန်ကိုင်သည် သူ့ကိုယ်သူ တည်ငြိမ်သွားအောင် ပြန်ကြိုးစားလိုက်သည်။ နောက်ဆုံး သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးချိန် ကျောက်တုံးကိုယ်ပွားဆီသို့ လှမ်းကြည့်လိုက်ရာ ကျောက်တုံးကိုယ်ပွားသည်လည်း သူ့အား ကြည့်နေကြောင်း တွေ့လိုက်ရသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် နှစ်ဦးစလုံး၏ မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်သည် အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်နှင့် လုံးဝကို မတူပေ။

လဲ့ကုကမူ ထိုအချင်းအရာကို မြင်လိုက်သည့်အခါမှသာလျှင် သက်ပြင်းအမောကြီး ချလိုက်နိုင်လေသည်။ [ငါ့ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ တန်ပြန်နိုင်တဲ့စွမ်းအား ရှိနေတာ ကံကောင်းသွားတယ်၊ မဟုတ်ရင်တော့ ဒီမွန်းစတားနှစ်ကောင် အကြမ်းပတမ်း တိုက်ခိုက်နေတာကို ဘယ်ဂိုဏ်းကာကွယ်ရေးအစီအရင်ကမှ တားနိုင်မှာ မဟုတ်ဘူး]

"နောက်တစ်ကြိမ်" ထိုသို့ အော်ဟစ်လိုက်ပြီးသည့်နောက် ရန်ကိုင်သည် အရှေ့သို့ ထပ်မံ ပြေးထွက်လာခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂိုဏ်းကာကွယ်ရေးအစီအရင် အရှေ့သို့ ရောက်လာပြီး လက်သီးဖြင့် ထိုးချလိုက်လေ၏။

ဘုန်း။

ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ ချိုင့်ဝင်သွားခဲ့ပြီး ပထမတစ်ကြိမ်ကကဲ့သို့ပင် ပြန်ကန်ထွက်လာပြန်လေသည်။ ပြန်ကန်ထွက်လာသည့် အားကြောင့် ရန်ကိုင် လက်မောင်းတစ်ခုလုံး ထုံကျင်သွားခဲ့ရပြီး ရန်ကိုင် ကိုယ်တိုင်သည်လည်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရလေသည်။ ကျောက်တုံးကိုယ်ပွားအတွက်လည်း အတူတူပင်။

ထိုအချင်းအရာကို မြင်လိုက်သော် အခြေအနေမကောင်းတော့မှန်း သဘောပေါက်သွားလေရာ ရန်ကိုင် ရင်ထိတ်သွားတော့လေသည်။ ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်သည် အကြမ်းပတမ်း တိုက်ခိုက်မှုမျိုးကို တန်ပြန်နိုင်စွမ်း ရှိပေသည်။ ထိုအတွက်ကြောင့် သူတို့အနေဖြင့် မည်သို့ပင် တိုက်ခိုက်နေစေကာမူ သူတို့၏ တိုက်ခိုက်မှုများသည် သူတို့ဆီသို့သာ ပြန်ကန်ထွက်လာပေလိမ့်မည်။ ဤဂိုဏ်းကာကွယ်ရေးအစီအရင်သည် သူနှင့် ကျောက်တုံးကိုယ်ပွားအတွက်တော့ အိပ်မက်ဆိုးကြီးသာ ဖြစ်လေသည်။

အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်တွင်သာ ယခုကဲ့သို့ စွမ်းအားမျိုး ရှိမည်ဆိုလျှင် ကျောက်တုံးကိုယ်ပွားအနေဖြင့် ထိုဂိုဏ်းကာကွယ်ရေးအစီအရင်ကို ထိုမျှ အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

"ရယ်စရာကောင်းလိုက်တာ" လဲ့ကုက လှောင်ပြုံးပြုံးလိုက်လေသည်။ "ငါမင်းကို အခွင့်အရေးတစ်ခုပေးတယ်၊ ဒါပေမဲ့ မင်းကတော့ တန်ဖိုးမထားဘူး၊ အခုမှတော့ ဘယ်သူ့ကိုမှလိုက်ပြီး အပြစ်မတင်နေတော့နဲ့၊ ငါ့ရဲ့နတ်ဆိုးမျိုးနွယ်စုရဲ့ စစ်တပ်ကြီး ချီတက်လာပြီးလို့ ဒီလောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တဲ့နေ့ မင်းနောင်တမရဖို့ မျှော်လင့်တယ်"

"နတ်ဆိုးမျိုးနွယ်စုရဲ့ စစ်တပ်"

ထိုစကားကိုကြားသော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော်ငြား တစ်ဖက်လူ၏ အပိုစကားများကို ဦးနှောက်ခြောက်ခံကာ စဉ်းစားမနေခဲ့ပေ။ ထို့နောက်တွင် ရန်ကိုင်သည် နဂါးဘာသာစကားကို ရေရွတ်ရင်းမှ မန္တန်တစ်ခုကို စတင်ရွတ်ဆိုလိုက်သည်။ ရွှေရောင်တလက်လက် တောက်ပနေသော နဂါးပုံရိပ်တစ်ခု ရန်ကိုင်၏ ခေါင်းအထက်တွင် ထွက်ပေါ်လာခဲ့ပြီး ဂိုဏ်းကာကွယ်ရေးအစီအရင်၏ မျက်နှာပြင်ကို ကောက်ရိုက်ချလိုက်လေသည်။ ထိုတိုက်ခိုက်မှုသည် ဂိုဏ်းကာကွယ်ရေးအစီအရင်၏ မျက်နှာပြင်အထက် လှိုင်းလုံးများကို ဖြစ်ပေါ်သွားစေခဲ့သည်။ သို့တိုင် ထိုတိုက်ခိုက်မှုမှာ ပြန်ကန်ထွက်လာခဲ့ခြင်း မရှိပေ။

ထိုအချင်းအရာကို မြင်လိုက်သော် အခြေအနေကို ရန်ကိုင် ချက်ချင်းနားလည်သွားတော့သည်။ ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်သည် ရုပ်ခွန်အား တိုက်ခိုက်မှုများကို တန်ပြန်နိုင်စွမ်း ရှိပါသော်ငြား ချီစွမ်းအင်သုံး တိုက်ခိုက်မှုများကို ခြေဖျက်ရုံသာ တတ်နိုင်ပေသည်။ တစ်နည်းဆိုရသော် ဤဂိုဏ်းကာကွယ်ရေးအစီအရင်ကို ရုပ်ခွန်အားသုံး၍ ဖျက်ဆီးဖို့ရာ မဖြစ်နိုင်ပေ။ ထိုအတွက်ကြောင့် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွား၏ အကြီးမားဆုံးသော အားသာချက်မှာ အလဟဿဖြစ်သွားရတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၅၄)

ဘာသာပြန်သူ_တိမ်တိုက်

လက်ရှိအခြေအနေကို ကြည့်ရင်းမှ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့မှာ ဆက်၍ တုံ့ဆိုင်းနေခြင်း မရှိကြတော့ချေ။ သူတို့၏ အားအကောင်းဆုံးသော ပညာရပ်များကို ထုတ်သုံး၍ ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို တိုက်ခိုက်ကြတော့သည်။ နဂါးဘာသာစကားများအကြား နဂါးကလန်ပညာရပ်များသည် ရွှေနဂါးများအသွင်သို့ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားခဲ့ပြီး ဂိုဏ်းကာကွယ်ရေးအစီအရင်ဆီသို့ တိုးဝင်သွားနေခဲ့သည်။ အလားတူပင် ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်အား လွှမ်းခြုံထားသော မီးတောက်များမှာလည်း ယခင်ကထက် ပို၍ ပြင်းထန်စွာ တောက်လောင်နေခဲ့ပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို မီးပင်လယ်ကြီးအသွင်သို့ ပြောင်းလဲသွားစေခဲ့လေသည်။

ထိုအချိန်အတောအတွင်း ဂိုဏ်းကာကွယ်ရေးအစီအရင် မျက်နှာပြင်အထက် လှိုင်းတွန့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အစီအရင် ကိုယ်တိုင်မှာလည်း တဖျပ်ဖျပ်ကို လှုပ်ခါနေခဲ့လေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် လဲ့ကုသည် အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့၍ အစီအရင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်လေသည်။ ထို့နောက်တွင် ကျောက်စိမ်းပြားအပေါ် လက်တစ်ဖက်တင်၍ အစီအရင်ကို တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ လဲ့ကုကို နတ်ဆိုးဝိညာဉ်မှ ဝင်စီးထားခြင်း ဖြစ်ပါသော်ငြား ယခင်လဲ့ကု ပိုင်ဆိုင်ထားသည့် အရာမှန်သမျှကို လက်ရှိလဲ့ကုမှ အလွယ်တကူ ထိန်းချုပ်အသုံးပြုနိုင်ပေသေးသည်။ အစီအရင်ကျောက်စိမ်းပြားသည်လည်း တစ်ခုအပါအဝင် ဖြစ်လေသည်။ လဲ့ကု ကိုယ်တိုင်မှ ထိန်းချုပ်လိုက်သည့်နောက်တွင် ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ သိသိသာသာကို တည်ငြိမ်သွားတော့လေ၏။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင် အလွန်ကိုမှ ဒေါသူပုန်ထသွားတော့လေသည်။ [ဒီလိုသာဆို ငါရှေးဟောင်းကျောင်းတော်ထဲကို ဘယ်လိုလုပ်ပြီး ဝင်ရတော့မှာလဲ၊ ဝမ်ကျိရှန်းနှင့် အခြားလူတွေကိုရော ဘယ်လိုကယ်ရတော့မှာလဲ၊ သေသွားတဲ့ အခြားသူတွေအတွက်ရော ဘယ်လိုလုပ်ပြီး လက်စားပြန်ချေရတော့မှာလဲ]

ရန်ကိုင်မှာ စတင်၍ စိတ်ပူလာမိလေသည်။ [ငါတကယ်ကြီး ကြယ်ဝိညာဉ်နန်းတော်ဆီသွားပြီးတော့ အကူအညီတောင်းရမှာလား၊ ဒါပေမဲ့ အဲဒါက အရမ်းကြာလွန်းတယ်၊ အဲဒီအချိန်အတောအတွင်း ဝမ်ကျိရှန်းနှင့် အခြားသူတွေ ဘာဖြစ်သွားမလဲဆိုတာကို ဘယ်သူမှပြောနိုင်တာ မဟုတ်ဘူး၊ ပြီးတော့ ဒီလိုအချိန်မျိုးကိုမှ ရွေးတယ်ဆိုတော့ လဲ့ကုက သူ့အစီအစဉ်နဲ့ပတ်သက်ပြီး အရမ်းယုံကြည်မှုရှိနေလို့ပဲ ဖြစ်ရလိမ့်မယ်]

ထို့နောက် ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်၌ လောင်မြိုက်နေသော မီးတောက်များသည် အစီအရင်အပေါ် သက်ရောက်မှုရှိကြောင်း တွေ့လိုက်ရလေသည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် လက်ရှိအခြေအနေအရ ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင်နှင့်အတူ ပူးပေါင်းသည့်တိုင် ဤဂိုဏ်းကာကွယ်ရေးအစီအရင်ကို အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ပေ။

လဲ့ကုက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက်... "ဂျူနီယာ၊ မင်း ငါ့အစီအစဉ်တွေကို ဖျက်ဆီးရဲရင် မင်းသေချင်စိတ်ပေါက်လာအောင် ငါလုပ်ပေးမယ်"

ရန်ကိုင် မသေသေးသည့်အတွက်ကြောင့် သူ့အစီအစဉ်ထဲ ဟာကွက်တစ်ခု ပေါ်လာခဲ့ရလေသည်။ ယနေ့အဖြစ်အပျက်နှင့် ကိစ္စသတင်းများမှာ ကျိန်းသေ ပြန့်သွားပေတော့မည်။ တစ်နည်းအားဖြင့်ဆိုရသော် သူ့အစီအစဉ်မှာ ကျဆုံးသွားခဲ့ရလေပြီ။ မျှော်လင့်ချက်ဆို၍ သူ့အစီအစဉ်တစ်ခုလုံး အပြည့်အဝ မပျက်စီးသွားစေခြင်းသာ ရှိပေသည်။ ဤနေရာ၌ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာနှင့် သောင်းနှင့်ချီသော လက်ရွေးစင်တပည့်များ ရှိနေခဲ့ပြီး ထိုလူအားလုံးမှာ သူတို့၏ ထောင်ချောက်ထဲသို့ ကျလာခဲ့ရသည်။ လူပေါင်းများစွာ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားမည်ဖြစ်လေရာ ဤနတ်ဆိုးစစ်တပ်ကြီးသည် လုံးဝကို အထင်သေး၍ မရသည့် အင်အားစုတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကာ သူတို့၏ နောက်အစီအစဉ်အတွက်လည်း လမ်းကြောင်းတစ်ခု အလိုလိုပွင့်လာပေလိမ့်မည်။

ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ ဂိုဏ်းကာကွယ်ရေးအစီအရင်အား တိုက်ခိုက်နေခြင်း မရှိတော့ဘဲ လဲ့ကုကိုသာ အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်လျက် သိုင်းပညာရပ်တစ်ခုကို ထုတ်သုံးရင်းမှ အော်ပြောလိုက်လေသည်။ "ကျောင်းသခင်၊ တစ်ရက်လောက် ထိန်းထားလို့ရလား"

ရန်ကိုင်၏ စကားထဲ တစ်ရက်ဟူသည့် စကားလုံးကို ကြားလိုက်သည့်အခိုက် လဲ့ကု မျက်မှောင်ကြုတ်သွားခဲ့သည်။

လက်ရှိအခြေအနေအရ ရန်ကိုင်အတွက် အကောင်းဆုံးသောရွေးချယ်မှုမှာ ကြယ်ဝိညာဉ်နန်းတော်ဆီသို့ သွားအကူအညီတောင်းရန်သာ ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် ကြယ်ဝိညာဉ်နန်းတော်မှာ အလွန်ကိုမှ ဝေးကွာသည့် နေရာတွင် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤနေရာမှ ကြယ်ဝိညာဉ်နန်းတော်ဆီသို့ လေဟာနယ်ပညာရပ်ကို အသုံးပြု၍ အသွားအပြန်လုပ်မည်ဆိုလျှင်ပင် တစ်ရက်ကျော် ကြာပေလိမ့်မည်။

ရှေးဟောင်းကျောင်းတော်ထဲမှ ဝမ်ကျိရှန်း၏ အသံ ထွက်လာခဲ့သည်။ "ငါတို့ အကောင်းဆုံးကြိုးစားထားပေးမယ်"

နောက်ထပ်လူတစ်ဦး၏ အသံလည်း ထွက်လာခဲ့သည်။ "ကောင်လေး၊ မင်းဘာတွေ အချိန်ဖြုန်းနေသေးတာလဲ၊ ကြယ်ဝိညာဉ်နန်းတော်ဆီ မြန်မြန်သွားတော့လေ" ထိုအသံမှာ ကောင်းကင်တိုက်ပွဲနယ်မြေ၏ တော်ဝင်သခင်ဖြစ်သော မာချင့်၏ အသံ ဖြစ်ပေသည်။ ရန်ကိုင်မှာ ယခုအချိန်အထိတိုင် မသွားသေးဘဲ ဤနေရာ၌ အချိန်ဖြုန်းနေသည့်အပေါ် မာချင့်မှာ သိပ်၍ မကျေမနပ်ဖြစ်နေသည့်ပုံပင်။

ရန်ကိုင်သည် လဲ့ကုအား စိုက်ကြည့်နေပြီးသည့်နောက် ပြောလိုက်လေသည်။ "ကောင်းပြီ၊ အဲဒါဆို အကုန်လုံး ခဏလောက်ထိန်းထားကြ၊ ကျုပ် တစ်ရက်အတွင်း ခင်ဗျားတို့ကို လာပြန်ကယ်ပေးမယ်"

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင် ထွက်သွားလေသည်။ ထွက်သွားနေရင်းမှ ရန်ကိုင်၏ မျက်လုံးထောင့်စွန်းမှတစ်ဆင့် လဲလျောင်းနေသည့် အေးစက်စက် အလောင်းတစ်လောင်းကို လှမ်း၍ မြင်လိုက်ရသည်။ ထိုအလောင်းကို မြင်လိုက်ချိန် ရန်ကိုင် ရင်ထဲ အလိုလိုနာကျင်လာမိလေသည်။

ထိုသို့ဖြင့် ရန်ကိုင်သည် လဲ့ကု၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင် ထွက်သွားပြီးသည့်နောက် လဲ့ကုသည် အစီအရင်ကျောက်စိမ်းပြားထဲသို့ ချီစွမ်းအင်အား ထည့်သွင်းနေခြင်း မရှိတော့ဘဲ ရပ်လိုက်လေ၏။ ထိုသို့ဖြင့် တလက်လက် တောက်ပနေသည့် ဂိုဏ်းကာကွယ်ရေးအစီအရင်မှာလည်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားတော့သည်။ ထို့နောက်တွင် လဲ့ကုသည် ကျောက်တုံးကိုယ်ပွားကို ကြည့်၍ အော်ပြောလိုက်လေသည်။ "နတ်သားရဲ ရှီဟွော့လား"

ကျောက်တုံးကိုယ်ပွားသည် အလွန်ကိုမှ မြင့်မားသော အမြင့်မှ လဲ့ကုအား ငုံ့ကြည့်နေခဲ့လေသည်။ ၎င်း၏ မျက်လုံးများမှာ မီးတောက်များဖြင့် အဆက်မပြတ်ကို လောင်မြိုက်နေခဲ့သည်။ ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင်၏ စိတ်နှင့် ဆက်သွယ်ထားသည့်အတွက်ကြောင့် ရန်ကိုင် ဘာကြံနေသလဲဆိုသည်ကို သိဖို့ရာ သွားမေးနေစရာ မလိုခဲ့ပေ။ တစ်ချိန်တည်းတွင် ယုကျိုး သေသွားသည့် ကိစ္စနှင့် ပတ်သက်၍ သူ့ရင်ထဲ ဒေါသနှင့် အပြစ်မကင်းစိတ်တို့ ဖြစ်နေမိသည်။ ကျောက်တုံးကိုယ်ပွား ဤနေရာတွင် နေခဲ့ရခြင်းမှာ လဲ့ကုမှ ဝမ်ကျိရှန်းနှင့် အခြားသူများအား သွားမတိုက်နိုင်အောင် လုပ်ထားရန်နှင့် အခွင့်အရေးရသော် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးပစ်နိုင်ရန် ဖြစ်ပေသည်။ ရန်ကိုင် ပြန်မရောက်လာသေးခင် ဤဂိုဏ်းကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးပစ်လျှင် ပိုကောင်းလိမ့်မည် ဖြစ်ပါသော်ငြား ဖျက်ဆီးမပစ်နိုင်လျှင်လည်း လဲ့ကုမှ အခြားလူများအား သွားမတိုက်ခိုက်နိုင်အောင် အနည်းဆုံးတော့ ထိန်းထားနိုင်ပေလိမ့်မည်။

ကျောက်တုံးကိုယ်ပွား စကားပြန်မပြောသည်ကို မြင်သော် လဲ့ကုက အလေးအနက်အမူအရာဖြင့် ထပ်၍ အော်ပြောလိုက်လေသည်။ "နတ်သားရဲတွေက အကုန်လုံးရဲ့ အထက်မှာ ရပ်တည်နေတဲ့ မြင့်မြတ်တဲ့သက်ရှိတွေ မဟုတ်ဘူးလား၊ ဘယ်တုန်းကများ လူသားတစ်ယောက်ရဲ့ အစေခံတွေ ဖြစ်သွားရတာလဲ၊ မင်းက နတ်သားရဲတွေအတွက် ကျက်သရေအတုံးဆုံးဘဲ"

ကျောက်တုံးကိုယ်ပွားသည်သာ ရှီဟွော့ ဖြစ်နေမည်ဆိုလျှင်တော့ လဲ့ကု၏ စကားကြောင့် ဒေါသထွက်သွားမိပေလိမ့်မည်။ သို့သော်ငြား ကျောက်တုံးကိုယ်ပွားထဲရှိ ဝိညာဉ်မှာ ရန်ကိုင်၏ ဝိညာဉ်ကိုယ်ပွား ဖြစ်သည့်အတွက်ကြောင့် လဲ့ကု၏ အရည်မရအဖတ်မရ ရန်စ စကားများအပေါ် ဂရုကိုစိုက်မနေခဲ့ပေ။

ကျောက်တုံးကိုယ်ပွား ဘာမျှ ပြန်မပြောသည်ကို မြင်သော် လဲ့ကု မျက်မှောင်ကြုတ်သွားခဲ့ပြီး အလကားသက်သက် လေကုန်ခံနေသည်ကို ရပ်ကာ ထွက်သွားရန် ပြင်လိုက်လေသည်။

သို့သော်ငြား လဲ့ကု ထွက်မသွားနိုင်သေးခင် ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်အထက် မီးတောက်များ တစ်ဖန်ပြန်လည် လောင်မြိုက်လာခဲ့ပြီး ဂိုဏ်းကာကွယ်ရေးအစီအရင်ကို သွားရောက်ရိုက်ခတ်လေ၏။

ထိုအချင်းအရာကို မြင်လိုက်သော် လဲ့ကု၏ မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ကျောက်စိမ်းပြားကို အလျင်စလိုထုတ်၍ ကျောက်စိမ်းပြားထဲသို့ ချီစွမ်းအင်ကို ထည့်သွင်းကာ အစီအရင်၏ စွမ်းအားကို တိုးမြှင့်လိုက်ရလေသည်။

တစ်ခဏကြာမျှ ပျံသန်းလာပြီးသည့်နောက်တွင် ရန်ကိုင်သည် အစောပိုင်းက သူ တိုက်ခိုက်ခံခဲ့ရသည့် တောင်ဆီသို့ ပြန်ရောက်လာခဲ့သည်။ ထိုနေရာသို့ ရောက်သော် ထိုနေရာ၌ ဆံဖြူလူအိုကြီးတစ်ဦး တင်ပျဉ်ခွေထိုင်နေကြောင်း တွေ့လိုက်ရလေ၏။ နတ်ဆိုးချီဖြင့် လွှမ်းခြုံနေသော အခြားလူလေးဦးမှာတော့ မြေပြင်ပေါ်၌ သတိလစ်ကျလဲနေခဲ့လေသည်။

လှုပ်လှုပ်ရှားရှားအသံများကို သတိပြုမိလိုက်သော် လူအိုကြီး မျက်လုံးဖွင့်ကြည့်လာခဲ့သည်။ ရန်ကိုင် ပြန်ရောက်လာသည်ကို မြင်သည့်အခါ ဝမ်းသာအားရဖြင့်... "အကြီးအကဲရန်"

"ကြယ်ဝိညာဉ်နန်းတော်ဆီ သွားပြီးတော့ မြန်မြန်သွားအကူအညီတောင်းပေတော့၊ ရှေးဟောင်းကျောင်းတော်ထဲမှာ ဘာတွေဖြစ်သွားလဲဆိုတာကိုလည်း အကုန်လုံးပြောပြီးတော့ မဟာဧကရာဇ်ကိုယ်တိုင်ကို လှုပ်ရှားဖို့ပြောလိုက်ပေတော့၊ မဟုတ်ရင် တောင်ဘက်နယ်မြေတစ်ခုလုံး ဒုက္ခရောက်သွားရလိမ့်မယ်" ရန်ကိုင်က စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

"အာ" လူအိုကြီးမှ တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးသည့်နောက် အလျင်စလို ခေါင်းညိတ်လိုက်လေ၏။ "ကောင်းပါပြီ"

ထို့နောက်တွင် ဘေးနားရှိ လူလေးဦးကို ညွှန်ပြ၍ ပြောလိုက်လေသည်။ "သူတို့ကရော"

"သွားပေတော့" ရန်ကိုင်သည် လူအိုကြီးအား ထအော်လိုက်လေသည်။ ရန်ကိုင်၏ မျက်လုံးများမှာ သားကောင်ကို ဝါးမျိုတော့မည့် ဒေါသထွက်နေသော သားရဲတစ်ကောင်၏ မျက်လုံးပမာ ခက်ထန်ကြမ်းကြုတ်နေခဲ့လေသည်။

လူအိုကြီးမှာလည်း ထိုအကြည့်နှင့် ကြုံလိုက်ရသော် ဘာမျှ ထပ်မပြောရဲတော့ဘဲ ချက်ချင်း ပျံသန်းရေးမှော်ရတနာကို ထုတ်ကာ ကြယ်ဝိညာဉ်နန်းတော်ရှိရာ အရပ်ဆီသို့ ပျံသန်းထွက်သွားလေ၏။

လူအိုကြီး ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ယမ်း၍ သတိလစ်နေသည့် လူလေးဦးအား လောကဓာတ်လုံးထဲသို့ ထည့်သွင်းလိုက်လေသည်။ ထိုလူလေးဦးအား လောကဓာတ်လုံးထဲရှိ တစ်နေရာတွင် ဖိနှိပ်ထားလိုက်ပြီးသည့်နောက် အမျိုးမျိုးသော ပစ္စည်းများကို ထုတ်၍ စတင်ပြင်ဆင်တော့သည်။

ကြယ်ဝိညာဉ်နန်းတော်ဆီ သွား၍ လက်ရှိအခြေအနေအား အစီရင်ခံတင်ပြကာ မဟာဧကရာဇ်ဆီမှ အကူအညီတောင်းခြင်းသည် လက်ရှိပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်မျိုး ဖြစ်ပေသည်။ သို့သော်ငြား ထိုနည်းလမ်းနှင့် ပတ်သက်၍ ရန်ကိုင်မှာ သိပ်၍ အကောင်းမမြင်လှ။ ရန်ကိုင်မှာ မဟာဧကရာဇ်၏ ခွန်အားကို မယုံကြည်ခြင်း မဟုတ်။ ကြယ်ဝိညာဉ်နန်းတော်ဆီသို့ သွားခြင်းကိုက အလွန်ကိုမှ အချိန်ကြာလွန်းသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ မဟာဧကရာဇ် ဤနေရာသို့ ရောက်လာသည့်အချိန်တွင် ဤနေရာရှိ ကိစ္စတစ်ခုလုံးမှာ အပြီးပြတ်သွားလောက်ပေပြီ။ ရန်ကိုင်အနေဖြင့် ဤပြဿနာကို ဖြေရှင်း၍ သေသွားသူများအတွက် ပြန်လက်စားချေလိုပါက အခြားသောအရာများအပေါ် အားကိုးရုံသာ ရှိတော့ပေသည်။ ကံကောင်းစွာဖြင့် ရန်ကိုင်၌ အခြားသော ရွေးစရာများလည်း ရှိနေခဲ့သည်။

တောင်စောင်းလေးနားတွင် အသက်မဲ့စွာ လဲလျောင်း၍ သူရှိရာအရပ်ဆီသို့ လှမ်း၍ ကြည့်နေသော အလောင်းပုံရိပ်သည် ရန်ကိုင်၏ စိတ်ထဲ ထပ်တလဲလဲကို ထွက်ပေါ်လာနေခဲ့လေသည်။ ထိုမှိန်ဖျဖျ အသက်မဲ့သည့် မျက်လုံးများမှာ ရန်ကိုင်၏ စိတ်အာရုံကို ဓားဖြင့် ထိုးစိုက်နေသည့်ပမာ တနုံ့နုံ့ကို ဖြစ်နေစေခဲ့သည်။

ရှင်းရှင်းပြောရသော် ရန်ကိုင်တို့ နှစ်ဦး သိသည်မှာ တစ်လပင် မပြည့်သေးပေ။ သူတို့ နှစ်ဦးမှာ ထိုမျှရင်းနှီးသည်လည်း မဟုတ်ကြ။ သိုင်းတာအိုခရီးလမ်းကို လျှောက်လှမ်းရာတွင် သေခြင်းတရားနှင့် ကြုံတွေ့နိုင်သည်မှာ ဓမ္မတာသာဖြစ်ပေသည်။ သေသွားသည့် လူတစ်ဦးသည် ရန်ကိုင်အပေါ် မည်ကဲ့သို့များ ဤမျှ သက်ရောက်နိုင်လေရသနည်း။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှာတော့ မည်သို့ပင်ဖြစ်နေစေကာမူ ထိုကိစ္စနှင့် ပတ်သက်၍ အတော်လေးကိုမှ ယူကျုံးမရ ဖြစ်နေလေသည်။ သူမမှ သူ့ဘက်သို့ လှည့်၍ လက်ပြနှုတ်ဆက်သွားခြင်းသည် သူမ၏ နောက်ဆုံးနှုတ်ဆက်သွားခြင်း ဖြစ်နေခဲ့လေသည်။

နေ့တစ်ဝက်အတွင်းမှာပင် တောင်ထိပ်ပေါ်၌ ဧရာမဟင်းလင်းပြင် အစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ရန်ကိုင်တွင် တွေဝေနေရန် အချိန်မရှိတော့။ ထိုအ‌ကြောင်းကြောင့် ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းပြီးသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်၍ ရှေးဟောင်းကျောင်းတော်အရပ်ဆီသို့ ကြည့်ရင်းမှ ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်လေသည်။ အလင်းတစ်ချက် လက်သွားပြီးသည့်နောက် ရန်ကိုင်၏ ပုံရိပ် ပျောက်ကွယ်သွားခဲ့လေ၏။

တစ်ခဏအကြာတွင် ရန်ကိုင်သည် မြောက်ဘက်နယ်မြေထဲရှိ အထက်ကောင်းကင်နန်းတော်၏ ဟင်းလင်းပြင်အစီအရင်ပေါ်၌ ပြန်ပေါ်လာခဲ့လေသည်။

ပိယန်ယုချင်းသည် ပုံမှန်ကဲ့သို့ပင် ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်နေဆဲ။ ရန်ကိုင် ရောက်လာသည်ကို မြင်သည့်အခါ ချက်ချင်းထရပ်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ "နန်းတော်သခင်"

ထို့နောက်တွင် သူမ၏ အကြည့်သည် ရန်ကိုင်၏ ခါးနေရာဆီသို့ ရောက်သွားပြီး အလန့်တကြားဖြင့်.... "နန်းတော်သခင် ဒဏ်ရာရလာတာလား"

အနက်ရောင်အရိပ်၏ အလစ်ချောင်းတိုက်ခိုက်မှုကြောင့် ရထားသည့် ဒဏ်ရာမှာ ပြဿနာ မဟုတ်တော့ပါသော်ငြား သွေးကွက်များမှာ မခြောက်သေးသည့်အတွက်ကြောင့် ပိယန်ယုချင်းမှာ ထိုသွေးကွက်များကို အတိုင်းသား မြင်နေရလေသည်။

"မန်နေဂျာမှူး ဘယ်မှာလဲ" ရန်ကိုင်က မေးလိုက်လေသည်။

ရန်ကိုင်၏ လေသံကြောင့် ပိယန်ယုချင်း အနည်းငယ် အံ့အားသင့်မိသွားခဲ့သည်။ ရန်ကိုင်နှင့် ပတ်သက်၍ ယနေ့တွင် တစ်ခုခုထူးခြားနေမှန်း ပိယန်ယုချင်း တန်းသတိထားမိလိုက်သည်။ ပုံမှန်အားဖြင့် ရန်ကိုင်သည် ဤမျှ ...သည့် လူစားမျိုး မဟုတ်ပေ။ သို့သော်ငြား ယနေ့တွင်တော့ ရန်ကိုင်၏ စိတ်နေစိတ်ထားနှင့် ပုံစံမှာ တစ်ခုခုနှင့် ပတ်သက်၍ အတော်လေးကိုမှ ဒေါသထွက်နေသည့်ပုံပင်။ မသိလျှင် ရန်ကိုင်သည် အချိန်မရွေးပေါက်ကွဲတော့မည့် မီးတောင်ရှင်ကြီးတစ်လုံးပမာ။ ရန်ကိုင်အား မည်သူမှ ဒဏ်ရာရအောင်လုပ်လိုက်သလဲ မည်သူမှ လာရန်စလိုက်သလဲဆိုသည်ကို မသိပါသော်ငြား ရန်ကိုင် ဤမျှ ဒေါသထွက်နေသည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ ထိုအတွက်ကြောင့် အလျင်စလိုပင် ပြန်၍ ပြောလိုက်လေ၏။ "မန်နေဂျာမှူး မနေ့တုန်းက ပြန်ရောက်လာပါတယ်၊ အခုတော့ နားနေတယ်နဲ့တူတယ်"

"သူ့ကိုခေါ်လိုက်"

"ဟုတ်ကဲ့" ပိယန်ယုချင်းလည်း ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ ထိုအထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းကာ ဟွာချင်းဇီအား လှမ်း၍ ခေါ်လိုက်လေသည်။ ထို့နောက် ရန်ကိုင်ကို ကြည့်၍ ပြောလိုက်လေသည်။ "ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦးနော် နန်းတော်သခင်၊ မန်နေဂျာမှူး မကြာခင်ရောက်လာလိမ့်မယ်"

တစ်ခဏကြာပြီးသည့်နောက် ဟွာချင်းဇီ ပေါ်လာပြီး ပိယန်ယုချင်းအား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။ အစောပိုင်းက ပိယန်ယုချင်းသည် သူမအား ဟင်းလင်းပြင်အစီအရင် ရှိရာဆီသို့ ချက်ချင်းလာခဲ့ရန် ပြောလာခဲ့သည်။ ပိယန်ယုချင်း ကိုယ်တိုင်က ထိုမျှ အလျင်လိုနေသည့်အတွက်ကြောင့် ဟွာချင်းဇီမှာလည်း အနည်းငယ်မျှပင် နှောင့်နှေးမနေရဲခဲ့ဘဲ အလျင်စလို ပြေးလာခဲ့ခြင်း ဖြစ်လေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုနေရာသို့ ရောက်သော် မှုန်ကုပ်ကုပ် အမူအရာဖြင့် ရပ်နေသည့် ရန်ကိုင်အား မြင်လိုက်ချိန်တွင်တော့ ဟွာချင်းဇီ အံ့အားသင့်မိသွားတော့သည်။

ဟွာချင်းဇီ ဘာမျှ မပြောရသေးခင်မှာပင် ရန်ကိုင်က မေးလိုက်လေသည်။ "အခုလောလောဆယ် ဧကရာဇ်အဆင့်ပညာရှင် ဘယ်နှယောက်လောက်ကို ခေါ်လို့ရလဲ"

ဟွာချင်းဇီသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်းမှ စဉ်းစားလျက် ပြန်၍ ပြောလိုက်လေသည်။ "နန်းတော်သခင် ပြောချင်တာက အထက်ကောင်းကင်နန်းတော်ကို ပြောတာလား၊ မြောက်ဘက်နယ်မြေတစ်ခုလုံးကို ပြောတာလား"

"မြောက်ဘက်နယ်မြေတစ်ခုလုံး"

"နန်းတော်သခင် ဘာဖြစ်လို့ အဲဒီလောက် လူအများကြီးလိုရတာလဲ"

"လူသတ်ပြီးတော့ လက်စားချေမလို့" ရန်ကိုင်က အံကြိတ်ရင်းမှ ပြောလိုက်သည်။

ထိုစကားကို ကြားသော် ဟွာချင်းဇီ ထိတ်လန့်သွားတော့လေသည်။ ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်သွားခဲ့ရပြီမှန်းလည်း သဘောပေါက်လိုက်သည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်ဆီမှ ဤမျှ ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်နေလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ဟွာချင်းဇီက အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "အချိန်သာရမယ်ဆိုရင်တော့ သုံးလေးရာလောက်ကို အလွယ်တကူ ခေါ်လို့ရပါတယ်"

အထက်ကောင်းကင်နန်းတော်သည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်း သုံးဂိုဏ်းကို ဦးဆောင်နေသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပေသည်။ ထိုအပြင် မြောက်ဘက်နယ်မြေထဲရှိ အခြားသော ဂိုဏ်းများကိုလည်း လက်အောက်ခံအဖြစ် သိမ်းသွင်းထားခဲ့သေးသည်။ အထက်ကောင်းကင်ဂိုဏ်း တည်ရှိလာသည်မှာ မကြာသေးပါသော်ငြား ဂိုဏ်းအတော်များများသည် အထက်ကောင်းကင်နန်းတော်၏ လက်အောက်ခံဂိုဏ်းများ ဖြစ်နေကြလေပြီ။ သူတို့အနေဖြင့်လည်း ထိုသို့ မလုပ်၍မှ မရတော့လေဘဲ။ မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်း လေးဂိုဏ်းစလုံးသည် အတူတကွ လက်တွဲထားကြသည် မဟုတ်ပေလော။ ထိုသို့ဖြစ်လေရာ မြောက်ဘက်နယ်မြေထဲရှိ မည်သည့်ဂိုဏ်းကများ သူတို့အား ဆန့်ကျင်ရဲပါဦးမည်နည်း။

"ကောင်းပြီ နေ့တစ်ဝက် အချိန်ရမယ်၊ ခေါ်နိုင်သမျှ ဧကရာဇ်အဆင့်ပညာရှင်တွေ အကုန်လုံးကို ခေါ်လိုက်၊ အချိန်တန်ရင် သူတို့ကို ဘာလုပ်ရမလဲဆိုတာပြောဖို့ ပြန်လာခဲ့မယ်" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ ပြန်တက်လိုက်လေသည်။ သို့သော်ငြား တစ်ခဏမျှ တိတ်နေပြီးသည့်နောက် အလေးအနက်အမူအရာဖြင့် ပြောလိုက်သည်။ "သူတို့ကိုပြောလိုက်၊ အကြောင်းပြချက်တွေပေးပြီးတော့ မလိုက်ဘူးဆိုရင် တစ်ဂိုဏ်းလုံး ရှင်းပစ်ခံရမယ်လို့"

"ဟုတ်ကဲ့" ဟွာချင်းဇီ၏ မျက်နှာ ဖြူရော်သွားခဲ့လေသည်။ သူမ၏ စိတ်ထဲ အသေးစိတ် ထပ်၍ မေးကြည့်ချင်ပါသော်ငြား သူမ မမေးရသေးခင်မှာပင် ရန်ကိုင်၏ ပုံရိပ် ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက်တွင် ပိယန်ယုချင်းနှင့် ဟွာချင်းဇီတို့မှာ နားမလည်နိုင်ဟန်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ဟွာချင်းဇီက မေးလိုက်လေ၏။ "နန်းတော်သခင် ဘာဖြစ်သွားတာလဲ"

ပိယန်ယုချင်းက ခေါင်းခါလျက်... "ငါလည်း မသိဘူး သူဘာမှပြောမသွားဘူး"

ဟွာချင်းဇီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ရန်ကိုင် အလွန်ကိုမှ ပြဿနာများသည့် ကိစ္စတစ်ရပ်နှင့် ကြုံနေပြီဟု သူမ စိတ်ထဲ ရေးတေးတေးလေး ခံစားနေခဲ့ရသည်။ သို့သော်ငြား မည်ကဲ့သို့သော ပြဿနာမျိုးသည် ရန်ကိုင်အား ဤမျှ များပြားလှသော ဧကရာဇ်အဆင့်ပညာရှင်များကို လိုအပ်လာအောင် လုပ်နိုင်ရလေသနည်း။ ရန်ကိုင်၏ ကိုယ်ပေါ်ရှိ သွေးကွက်များကိုလည်း သူမ သတိထားမိပေသည်။ ရန်ကိုင်၏ ဒဏ်ရာအတိုင်းအနက်ကို သူမ သေချာ မသိရသေးပါသော်ငြား ထိုသွေးကွက်ကြီးကို မြင်ရုံဖြင့်ပင်လျှင် ရန်ကိုင် ရင်ဆိုင်နေရသည့် ရန်သူမှာ အလွန်ကိုမှအားကောင်းမှန်း ဟွာချင်းဇီ ပြောနိုင်ပေသည်။

ထိုအကြောင်းကြောင့် ယခုကိစ္စကို ပေါ့သေးသေး မမှတ်ရဲတော့ပေ။ ပိယန်ယုချင်းနှင့် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် သက်ဆိုင်ရာ ဆက်သွယ်ရေးမှော်ရတနာအသီးသီးကို ထုတ်၍ စတင် သတင်းဖြန့်တော့လေသည်။ ထို့နောက်တွင် နှစ်ဦးစလုံးသည် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်၍ မြောက်ဘက်နယ်မြေရှိ ပညာရှင်များကို စုဝေးရန်အတွက် ထွက်သွားကြလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၅၅)

ဘာသာပြန်သူ_တိမ်တိုက်

နောက်ပိုင်း၌ သွားရလာရ အဆင်ပြေနေစေရန်အတွက် ယခင်က ရန်ကိုင်သည် မြောက်ဘက်နယ်မြေထဲ၌ ဟင်းလင်းပြင်အစီအရင်များစွာကို ခင်းကျင်းခဲ့သည်။ ထိုသို့သာမဟုတ်ပါက သူ့အနေဖြင့် နေ့ဝက်အတွင်းမှာပင် အကူအညီများစွာကို မည်ကဲ့သို့များ စုဝေးနိုင်ပါမည်နည်း။ တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် မြောက်ဘက်နယ်မြေတစ်ခုလုံး ထက်ကောင်းကင်နန်းတော်၏ အမိန့်တစ်ခုကြောင့် ဂယက်ရိုက်သွားကုန်ကြလေသည်။ မရေမတွက်နိုင်သော ဧကရာဇ်အဆင့်ပညာရှင်များမှာ ထက်ကောင်းကင်နန်းတော်မှ ဘာကြောင့်များ သူတို့အား ရုတ်တရက်ကြီး ဆင့်ခေါ်သလဲဆိုသည်ကို တွေးရင်း စိုးရိမ်ပူပန်နေကြသည်။

[သူတို့ ငါတို့ကို တစ်ခါတည်း အပြတ်ရှင်းပစ်ဖို့ လုပ်နေတာလား၊ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်လို့ ထက်ကောင်းကင်နန်းတော်အတွက် ဘာအကျိုးရှိမှာမလို့လဲ] ပြောစရာမလိုအောင်ပင် အတော်များများမှာ အကြောင်းပြချက်ပေးကာ မလာချင်ခဲ့ပေ။ သို့သော်ငြား ထက်ကောင်းကင်နန်းတော်၏ ခြိမ်းခြောက်စကားကြောင့် သူတို့မှာ မသွားဘဲ မနေရဲခဲ့ကြပေ။ ရန်ကိုင်သည် သူတို့သည်သာ မလာခဲ့ပါက သူတို့ ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်မည်ဟု ပြောထားသည် မဟုတ်ပေလော။ ထိုအတွက်ကြောင့် မည်သူကများ မသွားဘဲ နေရဲပါတော့မည်နည်း။ ရန်ကိုင်သည် ရမ္မက်လျှာဂိုဏ်းကိုပင်လျှင် ဖျက်ဆီးခဲ့သူတစ်ဦး ဖြစ်ပေသည်။ လက်ရှိ ထက်ကောင်းကင်နန်းတော် တည်ထောင်ထားသည့် နေရာသည် ယခင်က ရမ္မက်လျှာဂိုဏ်း တည်ရှိခဲ့သည့် နေရာ ဖြစ်လေသည်။ မည်သူမျှ ဒုတိယရမ္မက်လျှာဂိုဏ်း မဖြစ်ချင်ကြပေ။ တကယ်တော့ ရန်ကိုင်သည်သာ တကယ်ဖျက်ဆီးလိုလျှင် သူတို့ဂိုဏ်းများကို အမှန်တကယ် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအင်ကို ပိုင်ဆိုင်ထားသည် မဟုတ်ပေလော။

ထက်ကောင်းကင်နန်းတော်ဆီသို့ ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြလေသည်။ အစပိုင်းတွင် သုံးယောက်။ ထို့နောက် ငါးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။ ထိုသို့ဖြင့် ခန်းမတစ်ခုလုံးမှာ တဖြည်းဖြည်းနှင့် လူများဖြင့် ပြည့်နှက်လာတော့လေသည်။ နောက်ကျမှ ရောက်လာသည့် လူများမှာ ခန်းမထဲ၌ မြောက်ဘက်နယ်မြေမှ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ စုဝေးနေကြသည်ကို မြင်သော် စိတ်သက်သာရာရသွားကုန်ကြလေသည်။ ကြည့်ရသလောက် ၎င်းတို့၏ ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင် လုပ်ပြီးသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်သည် သူတို့အားလုံးကို ရှင်းပစ်ရန် မစဉ်းစားထားသည့်ပုံပင်။ ထိုသို့သာမဟုတ်ပါက တစ်နေရာတည်းတွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ စုဝေးနေကြလိမ့်မည် မဟုတ်ပေ။

အချို့သည် ပိယန်ယုချင်းဆီသို့ သွားကာ အခြေအနေကို မေးမြန်းကြည့်သည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် ပိယန်ယုချင်းမှာလည်း သူတို့ကဲ့သို့ပင် လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဘာဆိုဘာမျှ မသိနေခဲ့ပေ။ ရန်ကိုင်သည် ဤနေရာသို့ အလောတကြီး ပြန်ရောက်လာပြီး အမိန့်ပေးကာ အလျင်စလို ပြန်ထွက်သွားခဲ့သည်။ ထိုအတွက်ကြောင့် ဘာတွေဖြစ်လို့ဖြစ်နေမှန်း သူမလည်း မသိပေ။ သူမ ကိုယ်တိုင်သည်လည်း မသိသည့်အတွက်ကြောင့် လာမေးသည့် မေးခွန်းများကို မသိချင်ယောင်သာ ဆောင်နေလိုက်လေသည်။ ကံကောင်းစွာဖြင့် မည်သူမျှ သူမအား အတင်းအကျပ် ထပ်၍ မမေးရဲခဲ့ကြပေ။ ပိယန်ယုချင်းမှ အေးစက်စက်အမူအရာဖြင့် သူတို့အား လျစ်လျူရှုထားသည်ကိုမြင်သော် ထိုလူများသည်လည်း သူတို့ဘာသာသူတို့ အေးအေးဆေးဆေးသာ သွားပြန်ရပ်နေတော့သည်။

ယခုကိစ္စနှင့် ပတ်သက်၍ ပိယန်ယုချင်း စိတ်ထဲ အနည်းငယ်တော့ အံ့ဩနေမိလေသည်။ ဤနေရာတွင် ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာသည် ယခင်က သူမ မော့ကြည့်ခဲ့ရသူများ ဖြစ်ကြပါသော်ငြား ယခုအချိန်တွင်တော့ ထိုလူများသည် သူမ၏ ဆန္ဒအတိုင်း လိုက်လံပြုမူနေပေးရသည်။ ဤကဲ့သို့သောအရာမျိုးသည် ငှက်မွေးပြာဂိုဏ်းမှ သူမအား ပေးစွမ်းနိုင်သည့် အရာမျိုး မဟုတ်ပေ။ သူမ ကိုယ်တိုင်သည် ဧကရာဇ်ပထမအဆင့်တစ်ဦးသာ ဖြစ်သည့်အတွက်ကြောင့် ဤနေရာတွင် ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင်များ သူမအား မကြောက်ကြောင်းကို ပိယန်ယုချင်း သိပေသည်။ ဤနေရာ၌ ရှိနေကြသည့် ပညာရှင်အတော်များများမှာ သူမထက် အများကြီး ပိုမိုအားကောင်းကြပေသည်။ ထက်ကောင်းကင်နန်းတော်ဟူသည့် နာမည်ကြောင့်သာ မဟုတ်ပါက ယခုကဲ့သို့ အခြေအနေမျိုးနှင့် သူမ ကြုံရလိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းကြောင့် ပိယန်ယုချင်းစိတ်ထဲ အနည်းငယ်ပင် ဂုဏ်ယူမိချင်သလို ဖြစ်သွားခဲ့သည်။

ထက်ကောင်းကင်နန်းတော်တစ်ခုလုံး ယောက်ယက်ခတ်နေစဉ် ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ကြီးဆီသို့ ရောက်နေခဲ့လေသည်။ သစ်လိုဏ်ဂူလေးထဲမှ ထွက်လာပြီးသည့်နောက် ကျောက်တုံးဝိညာဉ်တစ်ဦးမှ သူရှိရာအရပ်ဆီသို့ လှမ်းကြည့်နေကြောင်း တွေ့လိုက်ရသည်။ ထိုကျောက်တုံးဝိညာဉ်သည် မည်သည့်ကျောက်တုံးဝိညာဉ် ဖြစ်သလဲဆိုသည်ကို မသိသည့်အတွက်ကြောင့် ရန်ကိုင်က မေးလိုက်ရတော့သည်။ "အကြီးအကဲ ဒီမှာရှိလား"

ကျောက်တုံးဝိညာဉ်သည် အကြီးအကဲနေနေသည့် သစ်လိုဏ်ဂူဆီသို့ ညွှန်ပြလိုက်လေသည်။ ရန်ကိုင်လည်း ထိုအရပ်ဆီသို့ ချက်ချင်းပြေးသွားလိုက်ရာ မကြာမီမှာပင် သစ်လိုဏ်ဂူထဲ၌ ရှိနေသော အကြီးအကဲကို တွေ့လိုက်ရလေသည်။

အကြီးအကဲသည် ရန်ကိုင်အား အံ့သြတကြီးဖြင့် ကြည့်၍ မေးလိုက်လေ၏။ "မိတ်ဆွေလေး၊ မင်းဘာလို့ ဒီကိုထပ်ရောက်လာတာလဲ"

ရန်ကိုင် ဤနေရာမှ ထွက်သွားသည်မှာ နှစ်လပင် မရှိတတ်သေးပေ။ လက်ရှိအချိန်တွင် ရန်ကိုင်၌ အချိန်မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်မှာ အလေးအနက်အမူအရာဖြင့် လိုရင်းကိုသာ တန်းပြောလိုက်သည်။ "ကျောက်တုံးဝိညာဉ်ကလန်ဆီက အကူအညီတောင်းဖို့ လာခဲ့တာ"

အကြီးအကဲက ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီလေ"

ရန်ကိုင် ကြောင်သွားလေ၏။ "ဘာလို့ အကူအညီတောင်းလဲဆိုတာကို အကြီးအကဲ မမေးတော့ဘူးလား"

အကြီးအကဲ ဤမျှအလွယ်တကူ သဘောတူလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။

အကြီးအကဲက ရယ်သွမ်းသွေးလျက်... "မင်းပုံစံကို ကြည့်ရတာတော့ အတော်လေးပြဿနာများတဲ့ ကိစ္စတစ်ခုခုနဲ့ ကြုံနေရတဲ့ပုံပဲ၊ ကျောက်တုံးဝိညာဉ်ကလန်မှာ မိတ်ဆွေများများစားစား ရှိတာမဟုတ်ဘူး၊ ဒီတော့ ငါတို့မိတ်ဆွေတွေ ဒုက္ခရောက်နေတာကို ငါတို့က ဘယ်လိုလုပ်ပြီး ဒီအတိုင်း ရပ်ကြည့်နေနိုင်မှာလဲ"

ရန်ကိုင်က ဦးညွှတ်၍ ပြန်ပြောလိုက်သည်။ "အခုလိုမျိုး ကူညီပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စက တောင်ဘက်နယ်မြေနဲ့ ပတ်သက်နေတာနော်"

"တောင်ဘက်နယ်မြေ" အကြီးအကဲ မျက်ခုံးပင့်သွားခဲ့လေသည်။ ရှေးဟောင်းတောအုပ်ကြီးသည် မြောက်ဘက်နယ်မြေတွင်း တည်ရှိနေခြင်း ဖြစ်လေသည်။ ထိုအတွက်ကြောင့် တောင်ဘက်နယ်မြေရှိ ကိစ္စများမှာ သူတို့နှင့် သိပ်၍ လက်လှမ်းမမီပေ။ သို့သော်ငြား ရန်ကိုင် ခင်းကျင်းထားသည့် ဟင်းလင်းပြင်အစီအရင်ကို စဉ်းစားမိလိုက်သည့်နောက် ချက်ချင်းပဲ နားလည်သွားတော့လေ၏။

"ဒီကိစ္စက နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သက်နေတာ"

"နတ်ဆိုးမျိုးနွယ်" အကြီးအကဲ အလန့်တကြား ထအော်လေသည်။

ရန်ကိုင်သည် အကြီးအကဲအား တွေးတွေးဆဆဖြင့် ကြည့်၍ မေးလိုက်လေ၏။ "အကြီးအကဲ နတ်ဆိုးမျိုးနွယ်အကြောင်း သိတာလား"

အကြီးအကဲက ခက်ထန်သည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "နတ်သားရဲတွေကလွဲရင် နတ်ဆိုးမျိုးနွယ်အကြောင်းကို ဒီလောကကြီးထဲမှာ ငါတို့ကျောက်တုံးဝိညာဉ်ကလန်ထက် ပိုသိတဲ့ မျိုးနွယ်ဆိုတာ မရှိတော့ဘူး"

နတ်သားရဲများ ပိုင်ဆိုင်ထားကြသည့် အမြုတေများသည် ၎င်းတို့အား မယုံကြည်နိုင်စရာ စွမ်းအားများကို ပေးစွမ်းနိုင်ရုံသာ မဟုတ်။ ထိုအမြုတေအား ယခင်ပိုင်ဆိုင်ခဲ့သည့် နတ်သားရဲ၏ မှတ်ဉာဏ်အချို့ကိုလည်း ပေးစွမ်းပေသည်။ ထိုအကြောင်းကြောင့်သာလျှင် နတ်သားရဲများသည် မည်သည့်အမျိုးအစားပင် ဖြစ်နေစေကာမူ ၎င်းတို့ ဘိုးဘေးများ၏ မှတ်ဉာဏ်ကို အမွေဆက်ခံနိုင်ခြင်းပင် ဖြစ်လေသည်။ ထိုအကြောင်းကြောင့်သာလျှင် နတ်ဆိုးမျိုးနွယ်နှင့် ပတ်သက်သော ကိစ္စများ ဖြစ်ပျက်သွားခဲ့သည်မှာ အလွန်တရာကိုမှ ကြာညောင်းနေပြီ ဖြစ်သည့်တိုင် နတ်သားရဲများသည် နတ်ဆိုးမျိုးနွယ်အကြောင်းကို သိနေရခြင်းပင်။

ကျောက်တုံးဝိညာဉ်ကလန်သည် ထိုကဲ့သို့သော ဆက်ခံသည့် နည်းလမ်းမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိပေ။ သို့သော်ငြား ကျောက်တုံးဝိညာဉ်များ၏ သက်တမ်းမှာ အလွန်တရာကိုမှ ရှည်ညောင်းလှသည်။ အကြီးအကဲဆိုလျှင် နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်လာသည့် လူတစ်ဦးဖြစ်ကာ နတ်ဆိုးမျိုးနွယ်နှင့်ပင်လျှင် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ဖူးပေသည်။ ထိုသို့ဖြစ်လေရာ နတ်ဆိုးမျိုးနွယ် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို အကြီးအကဲမသိဘဲ ဘယ်နေပါမည်နည်း။

"နတ်ဆိုးမျိုးနွယ် တောင်ဘက်နယ်မြေမှာ ပေါ်လာတာလား" အကြီးအကဲက မေးလိုက်သည်။

ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ "လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက တောင်ဘက်နယ်မြေမှာ နတ်ဆိုးလိုဏ်ဂူတစ်ခု ပေါ်လာတယ်၊ အဲဒီမှာ တစ်ယောက်ယောက်က အဲဒီက ချိတ်စည်းကို ဖျက်ဆီးပြီးတော့ ထောင်နဲ့ချီတဲ့ နတ်ဆိုးဝိညာဉ်တွေကို လွှတ်ပေးလိုက်တာ၊ အဲဒီနတ်ဆိုးဝိညာဉ်တွေက ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကို ဝင်စီးနိုင်တော့ သူတို့ကို ခုခံဖို့က တော်တော်လေးခက်တယ်၊ လွန်ခဲ့တဲ့ နှစ်လုံးလုံး တောင်ဘက်နယ်မြေက ကျင့်ကြံသူတွေက နတ်ဆိုးဝိညာဉ်တွေကို တောက်လျှောက်လိုက်ပြီး အမဲလိုက်နေတာ၊ အခု အဲဒီနတ်ဆိုးဝိညာဉ်တွေအကုန်လုံး ရှင်းပစ်ခံရပြီလို့ ထင်နေတာပေါ့၊ ဒါပေမဲ့ မနေ့ညမှပဲ အဲဒီလိုမဟုတ်မှန်း သိလိုက်ရတယ်၊ နတ်ဆိုးဝိညာဉ်တွေက သူတို့ဘာသာသူတို့ ပုန်းပြီးတော့ ထောင်ချောက်အကြီးကြီးကို ဆင်နေတာ၊ အခု တောင်ဘက်နယ်မြေက အဓိကဂိုဏ်းက ပညာရှင်တွေ အကုန်လုံးနီးပါး၊ ရှင်းရှင်းပြောရရင် ရာနဲ့ချီတဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေနဲ့ သောင်းနဲ့ချီတဲ့ လက်ရွေးစင်တပည့်တွေအကုန်လုံး အဲဒီထောင်ချောက်ထဲကို ကျသွားတယ်၊ ကျုပ်တစ်ယောက်ပဲ ကံကောင်းပြီးတော့ လွတ်လာတာ၊ ဒါပေမဲ့ သူတို့ကို မြန်မြန်ပြန်သွားကယ်ရဦးမယ်၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်"

"အဲဒီလိုမျိုး ဖြစ်သွားတာလား" အကြီးအကဲ ထိတ်လန့်သွားခဲ့လေသည်။ ထိုကိစ္စအား သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မတွေ့ရသေးပါသော်ငြား ထိုကိစ္စအတွင်း ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များနှင့် သောင်းနှင့်ချီသော လက်ရွေးစင်တပည့်များ ပါဝင်နေသည့်အကြောင်း ကြားလိုက်ရပြီးနောက် အကြီးအကဲမှာ အမှန်တကယ်ကို ထိတ်လန့်သွားလေသည်။

"နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သက်နေတဲ့ကိစ္စက တောင်ဘက်နယ်မြေနဲ့ပဲ သက်ဆိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး၊ ဒါ ကြယ်တာရာအစုအဝေးတစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ကိစ္စပဲ၊ ငါတို့ ကျောက်တုံးဝိညာဉ်ကလန်က ကိုယ့်ဘာသာကိုယ် တသီးတခြားနေတယ်ဆိုပေမဲ့ အဲဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်လာပြီဆိုရင်တော့ ဒီအတိုင်းရပ်ကြည့်နေလို့မရဘူး၊ ဒီကိစ္စက နှေးနေလို့ မရဘူး၊ မြန်မြန်သွားကြရအောင်"

"ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ" ရန်ကိုင်မှာ အံ့အားသင့်တကြီးဖြင့် ခေါင်းညိတ်၍ အကြီးအကဲအား ရှေ့မှဦးဆောင်ကာ ခေါ်သွားလိုက်လေသည်။

သစ်လိုဏ်ဂူထဲမှ ထွက်လာပြီးသည့်နောက် အကြီးအကဲမှာ ၎င်း၏ လက်ထဲတွင် ကိုင်ထားသည့် တုတ်ကောက်ကို မြေပြင်ပေါ်သို့ အကြိမ်အနည်းငယ်ခန့် ထုလိုက်ရာ ကျောက်တုံးဝိညာဉ်အသီးသီးသည် ၎င်းတို့နေရာ လိုဏ်ဂူထဲမှ သစ်သားဝိညာဉ်များစွာနှင့်အတူ ထွက်လာခဲ့ကြလေသည်။

အကြီးအကဲမှာ ရန်ကိုင် ပြောပြသည့် အကြောင်းအရာများကို ပြန်ပြောပြလိုက်ရာ ကျောက်တုံးဝိညာဉ်များနှင့် သစ်သားဝိညာဉ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။ ကြည့်ရသလောက် သူတို့သည်လည်း နတ်ဆိုးမျိုးနွယ် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သိကြသည့်ပုံပင်။ ထိုအတွက်ကြောင့် အချိန်ဖြုန်းမနေခဲ့ဘဲ ရန်ကိုင်၏ ဦးဆောင်မှုနှင့်အတူ သစ်လိုဏ်ဂူလေးထဲသို့ ဝင်ကာ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်ကြလေသည်။

ဤဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းသည့်အခါတွင် ရန်ကိုင်မှာ ကျောက်တုံးဝိညာဉ်များအတွက် အဆင်ပြေစေရန်အလို့ငှာ ဟင်းလင်းပြင်အစီအရင် အရွယ်အစားကို ကြီးနိုင်သမျှ ကြီးအောင် လုပ်ခဲ့သည်။ သို့သော်ငြား ကျောက်တုံးဝိညာဉ်များ ဟင်းလင်းပြင်အစီအရင်အား အသုံးပြုမည့် နေ့သည် ဤမျှ မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျောက်တုံးဝိညာဉ်များ၏ အရွယ်အစားမှာ အလွန်ကိုမှ ကြီးမားလှသည့်အတွက်ကြောင့် ရန်ကိုင်မှာ တစ်ကြိမ်လျှင် တစ်ဦးသာလျှင် တည်နေရာ ကူးပြောင်းပေးနိုင်ပေသည်။ အကုန်လုံးအား ပို့ပြီးသည့်နောက်တွင် ရန်ကိုင်သည် အကြီးအကဲဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "အခုလောလောဆယ်တော့ အဲဒီနေရာကို ရောက်ရင် မဆင်မခြင် မလှုပ်ရှားနဲ့ဦးနော် အကြီးအကဲ၊ နတ်ဆိုးမျိုးနွယ်ဘက်မှာ စစ်ကူတွေ ဘယ်လောက်ရှိသေးလဲ မပြောတတ်သေးဘူး၊ အခုလောလောဆယ်တော့ အဲဒီဟင်းလင်းပြင်အစီအရင်ကို အရင်ဆုံးစောင့်ကြပ်နေပေးဦး၊ အကုန်လုံး လူစုံတော့မှပဲ ချီတက်ကြတာပေါ့"

"ကောင်းပြီ" အကြီးအကဲက ခေါင်းညိတ်၍ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်လေသည်။

အကြီးအကဲမှ လွဲ၍ ကျောက်တုံးဝိညာဉ်အားလုံးကို ပို့ပြီးသည့်နောက်တွင် ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ ပြန်တက်၍ တစ်ခုသောအရပ်ဆီသို့ ပြေးထွက်သွားခဲ့လေသည်။ တစ်နာရီ မကြာတတ်သေးခင်မှာပင် ရန်ကိုင်၏ မြင်ကွင်းထဲ မိုးထိမတတ် မြင့်မားလှသည့် နန်းတော်တစ်လုံး ပေါ်လာခဲ့သည်။ ထိုနန်းတော်မှာ ရှေးဟောင်းတောအုပ်ကြီး၏ တောင်ပိုင်းနတ်အရှင်ဖြစ်သော လွမ်ဖုန်း နေထိုင်သည့် နန်းတော်မှလွဲ၍ အခြားမဟုတ်ပေ။

ရန်ကိုင် မြေပြင်ပေါ်သို့ မရောက်သေးခင်မှာပင် ဒေါသတကြီး အော်ဟစ်သံတစ်သံကို ကြားလိုက်ရလေသည်။ "ဘယ်သူလဲ"

မပေါ်တပေါ် ဝတ်ဆင်ထားသော စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးသည် ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့လေသည်။ သူမဆီမှ ထွက်ပေါ်နေသည့် မွန်းစတားချီမှာ အလွန်တရာကိုမှ အားကောင်းလှပေသည်။ ဤအမျိုးသမီးသည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သော ခွန်အားကို ပိုင်ဆိုင်ထားပြီး ယင်ဖေးနှင့် အခြားသူများအောက် အားနည်းခြင်း မရှိပေ။

ရန်ကိုင်သည် ထိုအမျိုးသမီးကို လှမ်း၍ ကြည့်လိုက်သည်။ သူ့စိတ်ထဲ ထိုအမျိုးသမီးအား ရင်းနှီးနေသလို ခံစားနေရလေသည်။ ဤအမျိုးသမီးသည် မွန်းစတား သုံးဆယ့်နှစ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်မှန်း သိနေသည့်တိုင် မည်သည့် မွန်းစတားဘုရင် ဖြစ်သလဲဆိုသည်ကိုတော့ ရန်ကိုင် မမှတ်မိပေ။ လက်ရှိအချိန်တွင်လည်း သူ့၌ ထိုအကြောင်းကို စဉ်းစားနေရန် အချိန်မရှိသည့်အလျောက် အမျိုးသမီး သူ့အရှေ့၌ လာပိတ်ရပ်နေသည်ကို မြင်သော် သူ့လက်အား ဒေါမာန်တကြီးဖြင့် ဝှေ့ယမ်း၍ အော်ပြောလိုက်လေသည်။ "ဘေးဖယ်နေ"

ထိုမွန်းစတားဘုရင် ဒေါသူပုန်ထသွားခဲ့လေသည်။ သူမသည် နတ်အရှင်များ၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်လိမ့်မည်ဖြစ်ပါသော်ငြား မည်သူမျှ သူမအား ယခုကဲ့သို့ ပုံစံမျိုးဖြင့် စကားမပြောရဲကြပေ။ အခြားသော မွန်းစတားဘုရင်များသည်ပင်လျှင် သူမအား ယခုကဲ့သို့ မပြောရဲကြ။ အကြောင်းမှာ ဤအမျိုးသမီး ဒေါသထွက်လာသည့်အခါ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိထားကြသည့်အတွက်ကြောင့်ပင်။ ရန်ကိုင်အား သင်ခန်းစာကောင်းကောင်း ပေးပစ်တော့မည်အပြု ရန်ကိုင်အား အနည်းငယ်ရင်းနှီးနေသလို သူမ စိတ်ထဲ ခံစားလိုက်ရလေသည်။ သေသေချာချာ ကြည့်ကြည့်လိုက်သည့်နောက် ထိုမွန်းစတားဘုရင်မှာ ပျော်လည်းပျော် အံ့လည်းအံ့အားသင့်သွားခဲ့သည်။ [သူလား]

သူမ၏ ဒေါသူပုန်ထနေသည့် အမူအရာ ချက်ချင်းဆိုသလို ပြုံးသွားခဲ့ပြီး လှမ်း၍ အော်ပြောလိုက်လေသည်။ "ဒီတော့"

သူမ စကားအား ဆုံးအောင် မပြောရသေးခင်မှာပင် ရန်ကိုင်သည် သူမအား ဖြတ်ကျော်သွားခဲ့ပြီး လွမ်ဖုန်း နန်းတော်အလယ်၌ ဆင်းလိုက်လေသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်နေသည့် အစေခံမလေးများ၏ အကြည့်အောက်တွင်ပင် အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်လေသည်။ "လွမ်ဖုန်း"

မွန်းစတားဘုရင်မှာ လုံးဝကို လျစ်လျူရှုထားခံရပါသော်ငြား ရန်ကိုင်အပေါ် သွား၍ ဒေါသမထွက်ရဲခဲ့ပေ။ ဤလူသားသည် သွေးတံခါးထဲတွင် ရှိနေသော နတ်သားရဲအမြုတေများနှင့် ပတ်သက်နေမှန်း လူတိုင်းသိကြပေသည်။ ထိုအတွက်ကြောင့် ရန်ကိုင် သူမအပေါ် အထင်အမြင်ကောင်းလာအောင် လုပ်ချင်မိပေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်အား မည်ကဲ့သို့များ အလွယ်တကူ သွားရန်စရဲပါမည်နည်း။ [ယင်ဖေးနဲ့ အခြားသူတွေ သူ့အနောက်ကို တောက်လျှောက်လိုက်နေနိုင်တာ ဘယ်လောက်တောင် ကံကောင်းမလဲမသိဘူး၊ မနာလိုဖို့ကောင်းလိုက်တာ၊ ငါ့ရဲ့ကျင့်ကြံခြင်းက ယင်ဖေးနဲ့ အခြားသူတွေအောက် နိမ့်တာမှ မဟုတ်တာ၊ ပြီးတော့ ငါ့ပုံစံ ငါ့ရုပ်ရည် ငါ့ကိုယ်လုံးကိုယ်ပေါက်နဲ့ဆိုရင် ငါသာ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်မယ်ဆိုရင် သူ မျက်နှာသာပေးလာအောင် လုပ်လို့ရကောင်းရနိုင်တယ်]

ထိုအတွေးများ သူမ ခေါင်းထဲ ဖြတ်ပြေးနေစဉ်မှာပင် ရန်ကိုင်၏ ဒေါမာန်တကြီးအော်ဟစ်သံကို ကြားလိုက်သည့်အခါ သူမ၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူမဘာသာသူမ တွေးလိုက်လေ၏။ [ဒီလူ ဒီနေ့ ဘာဖြစ်နေတာလဲ၊ သူ့ပုံစံကို ကြည့်ရတာ ဒေါသထွက်နေတဲ့ပုံပဲ၊ သူ ဒီကိုဘာတွေများ လာလုပ်တာလဲမသိဘူး]

ရန်ကိုင် ဘာဖြစ်လို့ဖြစ်နေမှန်း မသိသေးသည့်အတွက်ကြောင့် ရန်ကိုင် အနားသို့ အလျင်စလို ကပ်မသွားခဲ့ရဲပေ။ မလှမ်းမကမ်းနေရာတွင်သာ ဝဲနေပြီး အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေလေ၏။ [သူသာ နတ်အရှင်နဲ့သွားတိုက်ရင် ငါ သူ့ကိုကူညီသင့်လား၊ ကူညီလိုက်မယ်ဆိုရင် နတ်အရှင်ကို ရန်စမိသွားသလို ဖြစ်သွားလိမ့်မယ်၊ ဒါပေမဲ့ သူ့ကိုရန်စလိုက်ရင်လည်း ငါ့ဘိုးဘေးအမြုတေတွေကို ရဖို့က မဖြစ်နိုင်တော့ဘူး]

"နင်ဘာတွေ အော်ကျယ်အော်ကျယ် လုပ်နေတာလဲ" အေးစက်စက်လေသံနှင့်အတူ လွမ်ဖုန်းသည် ရေခဲတမျှ အေးစက်သည့် အမူအရာဖြင့် ရန်ကိုင်နှင့် မလှမ်းမကမ်း၌ ပေါ်လာခဲ့လေသည်။ သူမ၏ မျက်လုံးများမှာ ရေခဲတမျှကို အေးစက်နေခဲ့သည်။ ထိုအပြင် သူမ၏ မျက်နှာအထက်တွင်လည်း ရွံရှာစက်ဆုပ်မှုတို့ဖြင့် ပြည့်နေလေ၏။

သူမ စိတ်ထဲ အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေလေသည်။ [ဒီကောင် ဘာဖြစ်လို့ နောက်တစ်ကြိမ် ထပ်ရောက်လာတာလဲ၊ ပထမတစ်ကြိမ်လာပြီးတော့ ငါတို့ဆီက ဓားပြတိုက်သွားတာနဲ့တင် မကျေနပ်နိုင်သေးတာလား]

သူမ စိတ်ထဲ ရန်ကိုင်အပေါ် အတော်လေးကိုမှ ဒေါသထွက်မိနေသည့်အတွက်ကြောင့် သူမ လေသံမှာလည်း သိမ်မွေ့နေခြင်း မရှိတော့ချေ။ သို့သော်ငြား ရန်ကိုင်၏ အမူအရာကို မြင်လိုက်ရသည့်အခိုက် သူမ စိတ်ထဲ စိတ်ပူမိသွားလေ၏။ [ငါ သူ့ကိုတော့ သွားရန်မစမိပါဘူးနော်]

"ကျုပ် ခင်ဗျားကို တောင်းဆိုစရာရှိလို့" ရန်ကိုင်မှာ ဝေ့ပတ်ပြောမနေတော့ဘဲ လိုရင်းကိုသာ တန်းပြောလိုက်လေသည်။

[ဒီတော့ အကူအညီတောင်းဖို့ လာတာပေါ့] ထိုစကားကို ကြားသည့်အခါ လွမ်ဖုန်း၏ စိတ်ထဲ ချက်ချင်းယုံကြည်ချက်တို့ ရှိလာခဲ့လေသည်။ [ပြဿနာရှာဖို့ ရောက်မလာတာဆိုရင် အဆင်ပြေပြီ]

လွမ်ဖုန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေးလိုက်လေသည်။ "ဒါ အကူအညီတောင်းတဲ့ လူတစ်ယောက်ရဲ့ ပုံစံလား"

[ငါ့နန်းတော်ဆီလာပြီးတော့ အခုလိုမျိုး ပြဿနာရှာနေတာ ငါ့ကိုအထင်သေးနေတာ အသိသာကြီး၊ ပြီးတော့ သူ့ပုံစံက အကူအညီတောင်းတဲ့ပုံစံ နည်းနည်းမှ မပေါက်ဘူး၊ မသိရင် ငါ့ကိုလာပြီး အမိန့်ပေးတဲ့ပုံစံမျိုးနဲ့] သူမသည် ရန်ကိုင်၏ နောက်ကွယ်ရှိလူကို ကြောက်ပါသော်ငြား နတ်သားရဲတစ်ကောင်ဖြစ်သည့် သူမ၏ ဂုဏ်သိက္ခာကို ဤအတိုင်း အဆုံးရှုံးခံမည့် လူစားမျိုးတော့ မဟုတ်ပေ။

"ကျုပ်ကို ကူညီမှာလား မကူညီဘူးလားဘဲပြော" ရန်ကိုင်သည် အပိုစကားများ ဆက်မပြောချင်တော့သည့်အတွက်ကြောင့် လိုရင်းကိုသာ တန်းပြောလေသည်။

ရန်ကိုင်၏ တုံ့ပြန်ပုံသည် လွမ်ဖုန်းအား ဒေါသထွက်သွားစေခဲ့သလို ရယ်ချင်ပက်ကျိလည်း ဖြစ်သွားစေခဲ့သည်။ "နင် ငါ့ဆီကနေ ဘယ်လိုအကူအညီမျိုး တောင်းမှာလဲဆိုတာကို မပြောသေးဘဲနဲ့ ငါက နင်အကူအညီတောင်းတာကို ဘယ်လိုလုပ်ပြီး လက်ခံရမှာလဲ၊ နင် ငါ့ကိုသေခိုင်းဖို့ ပြောလာတာမျိုးကို ငါ့ကို လက်ခံစေချင်တာမျိုးတော့ မဟုတ်ပါဘူး ဟုတ်တယ်မလား"

"ကျုပ် ခင်ဗျားတတ်နိုင်တဲ့ဟာမျိုးကိုပဲ အကူအညီတောင်းမှာ"

လွမ်ဖုန်းက အထင်အမြင်တသေးဖြင့်... "ငါ နင့်အပေါ် ဘာအကြွေးမှ တင်ထားတာမှ မဟုတ်တာ"

“အဲဒါကြောင့်ပဲ ခင်ဗျားဆီကနေ အကူအညီတောင်းမယ်လို့ ပြောနေတာလေ”

All Chapters