အခန်း (၃၂၅၆-၃၂၆၀)
Vol. 142 Ch. 3256-3260
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၅၆)
ဘာသာပြန်သူ_တိမ်တိုက်
(ဒီခွေးကောင်လေးက ပိုပိုပြီးတော့ မုန်းစရာကောင်းလာနေတာပဲ…) လွမ်ဖုန်း အံကြိတ်လိုက်လေသည်။ “ငါနင့်ကို မကူညီရင် ဘာဖြစ်မှာလဲ… ကူညီပေးရင်ရော ဘာဖြစ်မှာလဲ…”
“ခင်ဗျား ကျုပ်ကို ကူညီပေးရင် ကျုပ် ခင်ဗျားအပေါ် အကြွေးတင်သွားပြီ… မကူညီဘူးဆိုရင် ကျုပ် အခုချက်ချင်း ထွက်သွားလိုက်မယ်…”
လွမ်ဖုန်းက လှောင်ပြုံးပြုံးလျက် “ငါ ဘာဖြစ်လို့ နင့်ဆီကနေ အကူအညီလိုချင်ရမှာလဲ…”
ရန်ကိုင်သည် လွမ်ဖုန်းအား အေးစက်စက်အမူအယာဖြင့် ကြည့်နေပြီးသည့်နောက် ခေါင်းညိတ်လိုက်၏။ ထို့နောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
ရန်ကိုင်၏ပုံစံကြောင့် လွမ်ဖုန်း အံ့အားသင့်သွားလေသည်။ (သူ တကယ်ကြီး ထွက်သွားတော့မှာလား… ဒီလိုနဲ့ တကယ်ကြီးထွက်သွားမှာ… ငါ ဒီတိုင်းပဲပြောလိုက်တာလေးကို သူ ဘာတွေ ဒီလောက် အရေးတယူ လုပ်နေရတာလဲ… သူရူးနေတာလား… ငါ့ကို စဉ်းစားချိန်လေးတောင် မပေးတော့ဘူး…)
ရန်ကိုင်၏ မောက်မာဝံ့ကြွားသည့်အမူအယာကို လွမ်ဖုန်းမှာ မုန်းတီးပါသော်ငြား ရန်ကိုင် သူမအပေါ် အခဲမကြေဖြစ်လာခဲ့လျှင် နောက်ပိုင်း၌ ပြဿနာတက်ရနိုင်ပေသည်။ ထို့အတွက်ကြောင့် လက်မြှောက်၍ လှမ်းအော်ပြောလိုက်လေ၏။ “ဒီဘုရင်မရဲ့နန်းတော်က နင် လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရတဲ့ နေရာမဟုတ်ဘူးနော်…”
“အဲ့ဒါဆို ခင်ဗျား ဘာလုပ်ချင်လို့လဲ…” ရန်ကိုင်သည် လေထဲ၌ ကောက်ရပ်လိုက်ပြီး လွမ်ဖုန်းအား ပြန်စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင်၏အကြည့်ကြောင့် လွမ်ဖုန်းမှာ ကျောရိုးတစ်လျှောက် စိမ့်တက်မိသွားခဲ့လေ၏။
အကြည့်ချင်းဆုံသွားသည့်အခိုက် လွမ်ဖုန်းမှာ ရင်တဒုန်းဒုန်းဖြစ်သွားခဲ့ပြီး ယနေ့ ရန်ကိုင်နှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေမှန်း ချက်ချင်း နားလည်လိုက်လေသည်။ ယခင်က ရန်ကိုင်သည် အတော်လေးကိုမှ စိတ်ညစ်ဖွယ်ကောင်းသည့်လူ ဖြစ်ခဲ့ပါသော်ငြား အကျိုးသင့်အကြောင်းသင့် ပြော၍ရသည့် လူတစ်ဦးတော့ ဖြစ်ပေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်ကိုကြည့်ရသည်မှာ ယခင်နှင့်မတူ လုံးဝကို ကွဲပြားသည့် လူသစ်တစ်ဦး ဖြစ်နေသည့်အလား။
(ကြည့်ရတာ သူ ပြဿနာအကြီးကြီး တက်နေတဲ့ပုံပဲ… ပြီးတော့ အဲ့ပြဿနာက သူ့ကို တော်တော်လေး ဒေါသထွက်နေစေတဲ့ပုံပဲ… ဒါကြောင့်ပဲ ဒီလိုတွေဖြစ်နေတာ…)
“နင် ဘယ်ကိုသွားမှာလဲ…” လွမ်ဖုန်းက မေးလိုက်လေသည်။
“ခင်ဗျားအပူမပါဘူး…”
(ဒါ အကူအညီလာတောင်းတဲ့လူတစ်ယောက် လုပ်သင့်တဲ့ပုံစံမျိုးလား…) လွမ်ဖုန်းစိတ်ထဲ ဒေါသတနုံ့နုံ့ထွက်လာခဲ့ရာ ရန်ကိုင်အား ကောက်ရိုက်ချင်စိတ်များပင် ပေါက်လာခဲ့ရလေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်သည်လည်း အားနည်းသည့်လူတစ်ဦးမဟုတ်မှန်း လွမ်ဖုန်း သိနေခဲ့သည်။ သူမ၏ခွန်အားလောက်ဖြင့် ရန်ကိုင်အား သတ်ဖို့ရာ မဖြစ်နိုင်လောက်ပေ။ အရေးအကြီးဆုံးအချက်မှာ ရန်ကိုင်အား သွားရန်စလိုက်၍ ဖြစ်လာမည့် အကျိုးဆက်များသည် သူမခံနိုင်သည့် အကျိုးဆက်များမဟုတ်။ ထို့အတွက်ကြောင့် အံကိုတင်းတင်းကြိတ်ရင်းမှ ခါးသက်သက်အမူအယာဖြင့် ပြန်အော်ပြောလိုက်လေသည်။ “နောက်တစ်ကြိမ် ဒါမျိုးထပ်ရှိမှာမဟုတ်ဘူးနော်…”
ဆိုလိုသည်မှာတော့ သူမ ယခု ကူညီပေးရန် သဘောတူလေပြီ။
ရန်ကိုင်မှာ အချိန်ဖြုန်းမနေခဲ့ဘဲ လိုရင်းကို တန်းပြောလိုက်သည်။ “ဖန်းဝူနဲ့ ချန်ကွော့တို့ကိုပါ ခေါ်လိုက်… ပြီးတော့ ဒီရှေးဟောင်းတောအုပ်ကြီးထဲမှာ ရှိနေတဲ့ မွန်းစတားဘုရင်နှစ်ဆယ့်ကိုးပါးစလုံးကိုလည်းခေါ်လိုက်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လွမ်ဖုန်း၏နန်းတော်ထဲသို့ ပြန်ဆင်းလိုက်ပြီး လွမ်ဖုန်းနှင့် မလှမ်းမကမ်း၌ သွားရပ်နေလေသည်။
လွမ်ဖုန်းက အထိတ်တလန့်အမူအယာဖြင့် “နင် ဘာတွေလုပ်ချင်နေတာလဲ…”
မူလကမူ ရန်ကိုင်သည် သူမဆီမှသာ အကူအညီတောင်းခြင်းဖြစ်သည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ယခုကဲ့သို့ပါ ထပ်မံ၍ တောင်းဆိုလာလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားပါမည်နည်း။ (သူက ဖန်းဝူနဲ့ ချန်ကွော့တို့ကိုပါ ကူညီခိုင်းချင်ရုံတင်မဟုတ်သေးဘူး… မွန်းစတားဘုရင်နှစ်ဆယ့်ကိုးပါးကိုပါ ခေါ်ချင်နေသေးတယ်… ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံးရဲ့ အားအကောင်းဆုံးပဲ… ဘာလဲ… ဒီကောင် မဟာဧကရာဇ်တစ်ပါးနဲ့ တိုက်ခိုက်ဖို့လုပ်နေတာလား…)
ထိုအတွေး သူမခေါင်းထဲ ပေါ်လာသည်နှင့်တစ်ပြိုင်နက် လွမ်ဖုန်း ကျောရိုးတစ်လျှောက် စိမ့်တက်မိသွားခဲ့သည်။ သူမသည် နတ်သားရဲတစ်ကောင်ဖြစ်ပါသော်ငြား ကိုယ့်အကန့်အသတ်တော့ ကိုယ်သိပေသေးသည်။ ဤလောကကြီးထဲတွင် မဟာဧကရာဇ်ဆို၍ အနည်းငယ်သာ ရှိပေသည်။ မဟာဧကရာဇ်တစ်ပါးချင်းစီတိုင်းသည် လောကကြီးမှ အသိအမှတ်ပြုထားသည့်လူများ ဖြစ်ကြသည်။ သူမတို့သည်သာ မဟာဧကရာဇ်တစ်ပါးနှင့် သွားတိုက်ခိုက်မည်ဆိုပါက ရှေးဟောင်းတောအုပ်ကြီးထဲမှ အတော်များများမှာ အသက်ရှင်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် မဟာဧကရာဇ်များတည်ထောင်ထားသည့်ဂိုဏ်းများသည် ပေါ့သေးသေးဂိုဏ်းများ မဟုတ်ကြချေ။
ထိုကဲ့သို့တွေးမိလိုက်သည့်နောက် လွမ်ဖုန်း၏မျက်လုံးထဲ ကြောက်ရွံ့သည့်အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ (ဒီကောင် အရမ်းမဆင်မခြင်လုပ်တတ်မှန်း ငါသိနေတယ်… ဒါပေမယ့် ဒီလောက်ထိကတော့ မလွန်လွန်းနေဘူးလား…)
လွမ်ဖုန်း အတွေးလွန်နေခြင်းသာ ဖြစ်ပေသည်။
“ခင်ဗျား ဘာတွေကြောင်ရပ်နေတာလဲ… ကျုပ် သူတို့အကုန်လုံးကို တစ်နာရီအတွင်း တွေ့ချင်တယ်… မြန်မြန်လုပ်ပေတော့…” လွမ်ဖုန်း ငေးကြောင်ကြောင်ဖြင့်ရပ်နေသည့်အပေါ် ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်ညစ်နေရလေသည်။ ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်အား နေ့ဝက် အချိန်ပေးထားခဲ့လေသည်။ ထို့အတွက်ကြောင့် ဤနေရာရှိကိစ္စရပ်အားလုံးကို နေ့ဝက်အတွင်း အပြီးဖြတ်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ရန်ကိုင်တွင် အခြားကိစ္စများကို ဂရုစိုက်နေရန် အချိန်မရှိတော့ပေ။
လွမ်ဖုန်းသည် သူမ၏စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်ရင်းမှ မျက်မှောင်ကျုံ့လျက် ပြန်မေးလိုက်လေသည်။ “နင် ငါတို့ကို ဘာလုပ်စေချင်နေတာလဲ… နင် အနည်းဆုံးတော့ ငါ့ကို အဲ့ဒါလောက်တော့ ပြောလို့မရဘူးလား…”
“အချို့ကိုသတ်ပြီးတော့ အခြားသူတွေကို ကယ်မလို့…”
“ရန်သူက ဘယ်သူလဲ…” ထိုမေးခွန်းကို မေးလိုက်ပြီးသည့်နောက် လွမ်ဖုန်း ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ ရန်ကိုင်ပါးစပ်ထဲမှ မဟာဧကရာဇ်တစ်ပါးပါး၏နာမည် ထွက်လာမည်ကို သူမ အလွန်ကိုမှ ကြောက်နေမိလေသည်။
သို့သော်ငြား ရန်ကိုင်သည် မျက်လွှာချ၍ အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ “နတ်ဆိုးမျိုးနွယ်ပဲ…”
“နတ်ဆိုးမျိုးနွယ်…” လွမ်ဖုန်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ “နတ်ဆိုးမျိုးနွယ် ကျူးကျော်လာတာလား… ဘယ်တုန်းကဖြစ်သွားတာလဲ…”
သူမကိုယ်တိုင်သည် နတ်ဆိုးတစ်ကောင်အား တစ်ခါမျှ မမြင်ဖူးပါသော်ငြား သူမလက်ခံရရှိထားသော အမြုတေထဲရှိ အမွေအနှစ်မှာ နတ်ဆိုးမျိုးနွယ်အကြောင်းကို အနည်းအကျဉ်းသိထားပေသည်။
(နတ်ဆိုးမျိုးနွယ်တွေပေါ်မလာတာ နှစ်ပေါင်းတစ်သိန်းမကတော့ဘူး… ဒီကောင်တွေ ဘယ်လိုလုပ်ပြီး ထပ်ပေါ်လာရတာလဲ…)
သို့သော်ငြား ရန်ကိုင်ကမူ လွမ်ဖုန်းကို စူးရဲစွာစိုက်ကြည့်၍ “ခင်ဗျား ဒီလိုပဲ ဆက်ပြီးအချိန်ဖြုန်းနေတော့မှာလား… ကျုပ် ဟိုနှစ်ယောက်နဲ့ မွန်းစတားဘုရင်နှစ်ဆယ့်ကိုးပါးကို တစ်နာရီအတွင်းမြင်ချင်တယ်… သူတို့ ကျုပ်ကို ကူညီပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ နတ်သားရဲအမြုတေတွေကို ရအောင်လုပ်ပေးမယ်လို့ ကျုပ်ကတိပေးတယ်…”
ထိုစကားကိုကြားသော် လွမ်ဖုန်း ကြောင်သွားခဲ့ပြီးသည့်နောက် နာကျင်နေသည့်အမူအယာဖြင့် အံကိုတင်းတင်းကြိတ်လိုက်လေသည်။ ရန်ကိုင် ယခုပြောလိုက်သည့်စကားကို မည်သူမျှ ကြားမသွားလျှင် အဆင်ပြေပေသည်။ သို့သော်ငြား ရန်ကိုင်ပြောသည်ကိုသာ ကြားသွားမည်ဆိုလျှင်တော့ မွန်းစတားဘုရင်နှစ်ဆယ့်ကိုးပါးစလုံး ရန်ကိုင်ဆီသို့ အူလျားဖားလျား အပြေးလာကြပေလိမ့်မည်။ နတ်အရှင်သုံးပါးသည်ပင်လျှင် မွန်းစတားဘုရင်များကို တားနိုင်တော့လိမ့်မည်မဟုတ်ပေ။ သူတို့သည်သာ မွန်းစတားဘုရင်များကို သွားတားမည်ဆိုပါက မွန်းစတားဘုရင်များသည် သူတို့အပေါ် အငြိုးအတေးထားလာပေလိမ့်မည်။
“နင်က တကယ်ရက်စက်တာပဲ…” လွမ်ဖုန်းက နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက် ပြန်၍ပြောလိုက်၏။ “တစ်နာရီက မရဘူး… အချို့မွန်းစတားဘုရင်တွေရဲ့ ပိုက်နက်နယ်မြေတွေက ဒီနေရာနဲ့ အဝေးကြီးပဲ… ဒီတော့ တစ်နာရီအတွင်း ဒီကိုရောက်လာနိုင်မှာမဟုတ်ဘူး…”
“အဲ့ဒါဆိုရင် ဘယ်လောက်ကြာမလဲ…”
“လေးနာရီ…”
“ကောင်းပြီ… အဲ့ဒါဆို ကျုပ် ဒီမှာ လေးနာရီထိုင်စောင့်နေမယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူရပ်နေရာနေရာ၌သာ ရပ်နေရင်းမှ မျက်လုံးပိတ်လိုက်လေ၏။
လွမ်ဖုန်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေပြီးသည့်နောက် နန်းတော်ထဲသို့ ဝင်သွားလေသည်။ သူမ ဘာလုပ်လို့လုပ်နေမှန်း ရန်ကိုင်မသိပေ။ သို့သော်ငြား လွမ်ဖုန်း ဘာလုပ်နေသလဲဆိုသည်ကိုလည်း သွား၍ စောင့်ကြည့်မနေခဲ့ပေ။ လွမ်ဖုန်းသည်သာ သူမအတွက် ဘာကအကောင်းဆုံးဖြစ်မလဲဆိုသည်ကို သိနေလျှင် ကိစ္စမရှိ။ မသိလျှင်တော့ ရန်ကိုင်အနေဖြင့် နောက်ပိုင်းကျမှ လွမ်ဖုန်းအား သေသေချာချာ သိသွားအောင် သင်ခန်းစာပေးပစ်ရပေလိမ့်မည်။ ထို့အပြင် မြောက်ဘက်နယ်မြေသည် ဧကရာဇ်အဆင့်ပညာရှင်များကို စုဝေးဖို့ရာ နေ့ဝက်ခန့် အချိန်လိုသေးသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤနေရာ၌ ခဏလောက်စောင့်နေရလိုက်လည်း ကိစ္စမရှိပေ။
လွမ်ဖုန်းမှာ ရန်ကိုင်အပေါ် အမှန်တကယ်ကို ဒေါသထွက်နေလေသည်။ ထို့အတွက်ကြောင့် သူမထွက်သွားသည့်အခါတွင် အစေခံမလေးအားလုံးကို ပြန်လွှတ်လိုက်ပြီး ရန်ကိုင်ကိုသာ ထိုနေရာတွင် တစ်ဦးတည်း ရပ်နေစေလေသည်။ ရန်ကိုင်ကို မည်သူမျှ ရေနွေးကြမ်း လာရောက်တည်ခင်းဧည့်ခံခြင်းမရှိ။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင်အပေါ် လွမ်ဖုန်း၏သဘောထားကို သိနိုင်ပေသည်။
တစ်ခဏကြာပြီးသည့်နောက် သင်းပျံ့မွှေးကြိုင်သည့် ရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ဦးသည် ရန်ကိုင်နားသို့ ရောက်ရှိလာခဲ့လေ၏။ ဘေးနားမှ လှုပ်လှုပ်ယွယွအသံများကို သတိပြုမိလိုက်သော် ရန်ကိုင် မျက်လုံးဖွင့်ကြည့်လိုက်ရာ နှစ်လိုဖွယ်ကောင်းသည့် အမျိုးသမီးတစ်ဦးသည် သူ့အား ပြုံးကာ ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုအမျိုးသမီးမှာတော့ ရန်ကိုင် အစောပိုင်းကတွေ့ခဲ့သည့် မွန်းစတားဘုရင်မှလွဲ၍ အခြားမဟုတ်ပေ။
အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် အမျိုးသမီးက ပြုံး၍ တယဉ်တကျေးဖြင့် ပြောလိုက်သည်။ “တုမီယာက ဆရာ့ကိုနှုတ်ဆက်ပါတယ်…”
အမျိုးသမီးသည် မူလတည်းက မပေါ့်တပေါ်အဝတ်အစားများကို ဝတ်စားထားခဲ့ခြင်း ဖြစ်လေသည်။ ယခု ရန်ကိုင်နှင့် လာရောက်နှုတ်ဆက်နေသည့်အခါတွင် သူမ၏အဖိုးတန်ရတနာများကို မပေါ်ပေါ်အောင် ပြသနေခဲ့သည်။ လက်ရှိအချိန်တွင် အမျိုးသမီးမှာ ခေါင်းထဲပေါ်သမျှ နည်းလမ်းမျိုးစုံကိုသုံး၍ ရန်ကိုင် သူမအပေါ် မျက်နှာသာပေးလာအောင် ကြိုးစားနေခဲ့လေသည်။
“ခင်ဗျား ဘာလိုချင်တာလဲ…” ရန်ကိုင်က ရန်ကိုင်သည် အမျိုးသမီးအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။
တုမီယာသည် သူမ၏လက်ကို ကမန်းကတန်းဖြင့် ဝှေ့ယမ်းလျက် ပြန်ပြောလိုက်လေသည်။ “ဘာမှမလိုချင်ပါဘူး… ကျွန်မက တောင်ပိုင်းနတ်အရှင်ရဲ့လက်အောက်မှာ ခစားနေတဲ့ မွန်းစတားဘုရင်လေ… ကျွန်မ ဆရာရန်ရဲ့စွမ်းအားကို လေးစားနေတာကြာပြီ… အခုမှပဲ ကိုယ်တိုင်တွေ့ခွင့်ရတော့တယ်… ဆရာရန်က တကယ်ကို ဂုဏ်သတင်းအတိုင်းပါပဲလား…” ပြောနေရင်းမှ သူမလက်ကိုဝှေ့ယမ်း၍ သိုလှောင်လက်စွပ်ထဲမှ ထိုင်ခုံတစ်ခုံကို ထုတ်လိုက်လေသည်။ ထို့နောက် ပြောလိုက်လေ၏။ “ဆရာ… ကျေးဇူးပြုပြီး ထိုင်ပါဦး…”
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်သည်။ ယခု သူ့မျက်နှာထက်ရှိ အေးစက်စက်အမူအယာမှာ အနည်းငယ် ပြေလျော့သွားခဲ့လေသည်။
ထို့နောက်တွင် တုမီယာသည် ရန်ကိုင်နားသို့ကပ်၍ ပြောလိုက်လေသည်။ “သခင်မက နည်းနည်းစိတ်ဆတ်တော့ ဆရာ့ကို အခုလိုမျိုး လျစ်လျူရှုထားတာနဲ့ပတ်သက်ပြီး ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့နော်…”
ပြောနေရင်းမှ တုမီယာသည် သစ်ခွရနံ့လေးကို ရှူထုတ်လိုက်လေသည်။ သင်းပျံ့မွှေးကြိုင်သည့် မွှေးရနံ့တို့မှာ ရန်ကိုင်၏ နှာဝအား လာရောက်ပွတ်သပ်ကျီစယ်ဆော့စကားလေ၏။ သင်းရနံ့ကြောင့် ရန်ကိုင်ဆီမှ ထွက်ပေါ်နေသည့် အားကောင်းလှသော သတ်ဖြတ်လိုစိတ်တို့မှာလည်း တဖြည်းဖြည်း ပြေလျော့ကာ အားနည်းလာခဲ့ပြီး ကသောင်းကနင်းဖြစ်နေသော သူ့စိတ်ခံစားချက်မှာလည်း တစ်စတစ်စနှင့် တည်ငြိမ်လာခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် အမျိုးသမီးကိုကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်လေသည်။ “ခင်ဗျား သူ့နောက်ကွယ်မှာ မကောင်းကြောင်းပြောနေတာကို သူကြားသွားရင် ဘယ်လိုလုပ်မလဲ…”
တုမီယာ၏မျက်နှာကြီး တောင့်တောင့်ကြီးဖြစ်သွားခဲ့လေသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် “ကျွန်မက ဆရာ့ကိုပဲပြောနေတာလေ… ဆရာလျှောက်ပြောမှာတော့မဟုတ်ပါဘူး… ဟုတ်တယ်မလား…”
ရန်ကိုင်သည် အမျိုးသမီးကိုဝေ့ကြည့်လျက် ပြန်မေးလိုက်လေသည်။ “ခင်ဗျားရဲ့မူရင်းပုံစံက ဘာလဲ…”
အမျိုးသမီးက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကျွန်မက ပန်းမွန်းးစတားတစ်ကောင်ပါ ဆရာ…”
ထိုသို့ပြောပြီးသည့်နောက် လက်ဖျောက်တီးလိုက်ရာ ရွှေရောင်ပန်းပွင့်လေးတစ်ပွင့် သူမ၏လက်ချောင်းများကြား ပေါ်လာခဲ့လေသည်။ ထိုပန်းပွင့်ဆီမှ အလွန်ကိုမှ ယစ်မူးဖွယ်ကောင်းလှသော အားကောင်းလှသည့် သင်းရနံ့တစ်ခု ထွက်ပေါ်နေခဲ့သည်။
ရန်ကိုင်က ခေါင်းညိတ်၍ “အပင်တွေ အသိဉာဏ်ရှိတာလာမျိုးက တကယ်ရှားတဲ့ကိစ္စပဲ…” အပင်များအဖို့ မွန်းစတားများဖြစ်လာဖို့ရာမှာ အသွေးအသားပိုင်ဆိုင်ထားသည့် သတ္တဝါများထက် ပို၍ခက်ခဲပေသည်။ လက်ရှိ သူ့ရှေ့တွင်ရှိနေသော မွန်းစတားဘုရင်သည် အပင်အမျိုးအစား မွန်းစတားဘုရင်တစ်ပါး ဖြစ်နေတလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် သူမသည် မွန်းစတားတစ်ကောင်ဖြစ်လာရုံသာလျှင်မဟုတ် မွန်းစတားဘုရင်တစ်ပါး ဖြစ်လာအောင်ပင် ကျင့်ကြံနိုင်ခဲ့လေသည်။ ဤကဲ့သို့သောအဖြစ်အပျက်မျိုးကို အလွန်ကိုမှ မြင်ရခဲလှသည်။
တုမီယာက ရှက်ကိုးရှက်ကန်းအမူအယာဖြင့် “ဆရာ ကျွန်မကို ချီးကျူးလွန်းနေပါပြီ… အခုလိုမျိုးဖြစ်လာဖို့အတွက် ကျွန်မလည်း အတော်လေးကိုမှ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်…”
ထိုသို့ပြောနေရင်းမှ တစ်ချိန်တည်း၌ ရန်ကိုင်၏အမူအယာကို မသိမသာလေး အကဲခတ်နေခဲ့လေသည်။ ရန်ကိုင် ထိုအကြောင်းအား ဆက်မပြောချင်သည်ကိုမြင်သော် လျှာကိုကိုက်၍ နောက်တစ်နည်းချဉ်းကပ်လိုက်လေ၏။ “ဆရာ… ကျွန်မကြားတာတော့ ယင်ဖေး၊ ရှီလဲ့နဲ့ ရှဲ့ဝူဝေတို့မှာ ဆရာ့လက်အောက်မှာ ခစားနေကြတယ်ဆို… အဲ့ဒါအမှန်ပဲလား…”
“ခင်ဗျားသိပြီးသားကို ဘာလို့ လာမေးနေတာလဲ..”
တုမီယာက နှုတ်ခမ်းလေးဆူလျက် “အဲ့ကောင်တွေက ဘာလုပ်နိုင်မှာမို့လို့လဲ… သူတို့ ဆရာကိုလည်း ကောင်းကောင်းဂရုစိုက်နိုင်မှာလဲမဟုတ်ဘူး… နတ်အရှင်တွေ ဘာတွေးနေလဲမသိဘူး… အဲ့ကောင်တွေကိုပို့မယ့်အစား ဘာလို့ အမျိုးသမီးတစ်ယောက်ကို မပို့လိုက်တာလဲမသိဘူး… အမျိုးသမီးတစ်ယောက်ကိုသာ ပို့လိုက်မယ်ဆိုရင် အနည်းဆုံး ဆရာ့ရဲ့ နေ့စဉ်ဘဝကို ဂရုစိုက်ပေးနိုင်ဦးမှာ…”
“နင်က လူတွေကို ဂရုစိုက်ပေးတဲ့နေရာမှာ တော်တယ်ပေါ့…” ရန်ကိုင်သည် တုမီယာအား စောင်းကြည့်၍ မေးလိုက်သည်။
တုမီယာက စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလိုက်လေသည်။ “ဆရာ စမ်းကြည့်ချင်လား… ဆရာ့ကြည့်ရတာ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရတွေ ဖြစ်နေတဲ့ပုံပဲ… ဒါက သိပ်မကောင်းဘူးနော်… တိုက်ပွဲဖြစ်တော့မယ်ဆိုရင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားတာ အကောင်းဆုံးပဲ… ဆရာခွင့်ပြုမယ်ဆိုရင် ကျွန်မ ကူညီပေးလို့တော့ရတယ်…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်ပြန်ပြောလာမည်ကို စောင့်မျှော်ရင်းမှ ရန်ကိုင်အား အားတက်သရောဖြင့် ကြည့်လိုက်လေသည်။
သို့သော်ငြား အတန်ကြာသည်အထိတိုင် ရန်ကိုင်ဆီမှ မည်သည့်တုံ့ပြန်သံမှ မကြားရ။ ထို့နောက် အံကိုတင်းတင်းကြိတ်၍ ဆုံးဖြတ်ကာ ရန်ကိုင်နောက်သို့လျှောက်သွားပြီး သူမ၏လက်နှစ်ဖက်ကို ရန်ကိုင်၏ပုခုံးပေါ်သို့ တင်လိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်နားနားသို့ကပ်၍ ပြောလိုက်လေသည်။ “ဆရာ… စိတ်လျှော့ထားလိုက်နော်… ကျန်တဲ့ကိစ္စတွေကို ကျွန်မတာဝန်ထားလိုက်… ကျွန်မ ဆရာစိတ်ကျေနပ်အောင် ကျိန်းသေလုပ်ပေးမယ်…”
လေပူလေးများသည် မမြင်နိုင်သည့် လက်တစ်စုံပမာ ရန်ကိုင်၏နားတစ်လျှောက်ကို ပွတ်သပ်တိုက်ခတ်သွားခဲ့ပြီး သင်းပျံ့သည့်မွှေးရနံ့တစ်ခုမှာလည်း ရန်ကိုင်၏ နှာဝနားသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်၏စိတ်ခံစားချက်အစုံမှာလည်း တဖြည်းဖြည်းနှင့် တည်ငြိမ်လာတော့သည်။
အရိုးမရှိသည့်ပမာ ပျော့ပျောင်းနူးညံ့လှသော လက်အစုံသည်လည်း ရန်ကိုင်၏ ပုခုံးသားနှင့်ခေါင်းကို စတင်၍ ဆုပ်နယ်ပေးတော့လေ၏။ တစ်ချိန်တည်း၌ လုံးဝကို မမြင်နိုင်လုနီးပါး မခံစားနိုင်လုနီးပါးဖြစ်သော မွန်းစတားချီနှင့် စိတ်စွမ်းအင်တို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်အား သက်တောင့်သက်သာဖြစ်အောင် စတင်ကူညီပေးတော့လေသည်။ ရန်ကိုင်ကိုယ်တိုင်မှာမူ ပန်းပင်လယ်ထဲသို့ ရောက်နေသည့်ပမာ အတော်လေးကိုမှ သက်တောင့်သက်သာဖြစ်သလို ခံစားနေရလေသည်။
ရန်ကိုင်၏ တောင့်တင်းနေသော အမူအယာမှာလည်း တဖြည်းဖြည်းနှင့် ပြေလျော့လာခဲ့ပြီး သူ့အရှိန်အဝါမှာလည်း စတင်၍ တည်ငြိမ်လာခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် တုမီယာ ပြုံးဖြီးသွားခဲ့လေသည်။
လွမ်ဖုန်းမှ သတင်းပို့လိုက်သည့်နောက်တွင် အမျိုးမျိုးသောမွန်းစတားပုံရိပ်များ ရှေးဟောင်းတောအုပ်ကြီးထဲ၏ ဘက်ပေါင်းစုံမှ ထွက်လာခဲ့ကြလေသည်။ တစ်ယောက်ချင်းစီတိုင်းသည် အားကောင်းလှသည့်မွန်းစတားချီကို ထုတ်လွှတ်နေကြပြီး ထိုလူများ ပျံသန်းသွားနေသည်ကိုကြည့်ရင်း မွန်းစတားဗိုလ်ချုပ်များမှာ လုံးဝကို နားမလည်နိုင် ဖြစ်နေကြလေသည်။
တစ်နာရီခန့်ကြာပြီးသည့်နောက် မွန်းစတားဘုရင်များစွာ လွမ်ဖုန်း၏နန်းတော်၌ စုဝေးလာကြလေသည်။ သူတို့အားလုံး ယခုကဲ့သို့ တစ်စုတစ်ဝေးတည်း မဖြစ်ရသည်မှာ အတော်လေးကိုမှ ကြာသွားခဲ့လေသည်။ မွန်းစတားဘုရင်တစ်ဖွဲ့သည် ရန်ကိုင်တို့ရှိနေသည့် ခြံဝန်းထဲသို့ လာကြပြီး ရန်ကိုင်နှင့် တုမီယာတို့အား ထိုင်သူကထိုင် မတ်တပ်ရပ်သူက မတ်တပ်ရပ်ဖြင့် ရပ်ကြည့်နေကြလေသည်။
လူပေါင်းများစွာ၏ ဝိုင်းရံခြင်း ခံနေရသည့်တိုင် တုမီယာမှာတော့ အနည်းငယ်မျှပင် ရှက်ရွံ့နေခြင်းမရှိခဲ့။ ထို့အစား ရန်ကိုင်အား ပွတ်သပ်နှိပ်နယ်ပေးရာတွင် ပို၍ပင် အားစိုက်ထည့်လာခဲ့လေသည်။
“ခွေးမ… မိန်းမပျက်မ… အရှက်မရှိတဲ့မိန်းမ…” တုမီယာလုပ်နေသည့်ပုံကိုကြည့်ရင်း အမျိုးသမီးမွန်းစတားဘုရင်များမှာ မထိန်းနိုင်တော့ဘဲ ထအော်ဆဲလေ၏။
ထိုအမျိုးသမီးဘေးနားတွင် ရပ်နေသည့် လူကောင်ထွားထွား မွန်းစတားဘုရင်သည် ပြန်၍ပြောလိုက်လေသည်။ “နင်လည်း သူ့ဆီသွားချင် သွားလို့ရတယ်လေ…”
ထိုအမျိုးသမီးက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ငါ သူ့လောက် အဆင့်မနိမ့်ဘူး…”
ထိုစကားကိုကြားသည့်အခါ မွန်းစတားဘုရင်သည် သူမအား အထက်အောက်အစုံအဆန်ငုံ့ကြည့်၍ ပြန်ပြောလိုက်လေသည်။ “နင် ဘာတွေ သိက္ခာရှိချင်ယောင်ဆောင်နေတာလဲ… ရှေးဟောင်းတောအုပ်ကြီးထဲမှာ နင့်ကိုမမြည်းစမ်းဖူးတဲ့ ဘယ်မွန်းစတားဘုရင်ရှိလို့လဲ…”
အမျိုးသမီးမှာ ထိုစကားကိုကြားသော် ဒေါသူပုန်ထသွားတော့လေ၏။ “နင်ထပ်ပြောရဲရင် ငါနင့်ပါးစပ်ကို ဆုတ်ဖြဲပစ်မှာနော်…”
မွန်းစတားဘုရင်သည် သူမအား လှမ်းဖမ်း၍ ပြောလိုက်လေသည်။ “အဲ့ဒါဆို နင် ဘာကိုသုံးတော့မှာလဲ…”
“ထွက်သွားစမ်း…”
“ကောင်းပြီ… ပြဿနာရှာမနေနဲ့တော့… နတ်အရှင် ဘာဖြစ်လို့ ငါတို့ကိုခေါ်လိုက်လဲ သိကြလား…” အခြားသောမွန်းစတားဘုရင်တစ်ပါး ရှေ့တက်လာခဲ့ပြီး ဇဝေဇဝါအမူအယာဖြင့် မေးလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၅၇)
ဘာသာပြန်သူ_တိမ်တိုက်
မွန်းစတားဘုရင်အားလုံး ခေါင်းခါလိုက်ကြသည်။ သူတို့ ဘာကြောင့် ဤနေရာ၌ စုဝေးနေရသလဲဆိုသည်ကို မည်သူမျှ မသိကြပေ။ သက်ဆိုင်ရာ နတ်အရှင်အသီးသီးမှ ဆင့်ခေါ်သဖြင့်သာ ဤနေရာသို့ ရောက်လာခဲ့ရခြင်း ဖြစ်ပေသည်။ သူတို့ ဘာကြောင့် ဤနေရာသို့ ရောက်နေရသလဲဆိုသည်ကို နားလည်လိမ့်မည် မဟုတ်ပါသော်ငြား သူတို့ သိသည့် တစ်ချက်တော့ ရှိပေသည်။ ယခုကိစ္စသည် ရန်ကိုင်နှင့် ပတ်သက်နေသည်ဟူ၍ပင်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်အား ဤနေရာတွင် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။
သို့သော်ငြား ရန်ကိုင်သည် ထိုနေရာတွင် အေးအေးဆေးဆေးထိုင်ရင်း တုမီအာ နှိပ်ပေးနေသည်ကို ဇိမ်ခံနေခဲ့သည်။ ထိုအတွက်ကြောင့် ရန်ကိုင်အား သွားနှောင့်ယှက်၍ အဆင်မပြေလှ။ မွန်းစတားဘုရင်အားလုံး ရန်ကိုင်အား သိကြပေသည်။ မည်ကဲ့သို့သော အင်အားစုမှ ရန်ကိုင်အား ကျောထောက်နောက်ခံ ပေးထားသလဲဆိုသည်ကိုလည်း သိကြသည်။ ထိုအတွက်ကြောင့် သူတို့ကိုယ်သူတို့ ပြဿနာမတက်ရလေအောင် ရန်ကိုင်အား သွားမနှောင့်ယှက်ဘဲ အေးအေးဆေးဆေးသာ ရပ်နေကြလေ၏။
အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့ပြီး မွန်းစတားဘုရင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ လေးနာရီ မပြည့်တတ်သေးခင်မှာပင် မွန်းစတားဘုရင် နှစ်ဆယ့်ကိုးပါးစလုံး စုံသွားခဲ့လေပြီ။ အလားတူပင် လွမ်ဖုန်း၊ ချန်ကွော့နှင့် ဖန်းဝူတို့လည်း ပေါ်လာကြသည်။ ထိုသုံးဦးကို မြင်သည့်အခါ မွန်းစတားဘုရင်အားလုံး ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည်။
ရန်ကိုင်သည်လည်း နောက်ဆုံးတွင် မျက်လုံးပွင့်လာခဲ့လေသည်။ သူ့မျက်လုံးများမှာ အားအင်တို့ဖြင့် တက်ကြွနေခဲ့လေသည်။ တုမီအာသည် ကလူတူတူ ညူတူတူ အမျိုးသမီးတစ်ဦး ဖြစ်ပါသော်ငြား အခြားသူများကို နှိပ်နယ်ပေးသည့် သူမ၏ စွမ်းအင်မှာ အမှန်တကယ်ကို ထူးချွန်သည်ဟုတော့ ရန်ကိုင်အနေဖြင့် ဝန်ခံရပေလိမ့်မည်။ သူမသည် ပန်းပွင့်တစ်ပွင့်မှ အသွင်ပြောင်းလဲလာသည့် မွန်းစတားဘုရင်တစ်ပါး ဖြစ်သည့်အလျောက် အခြားသူများ၏ စိတ်ခံစားချက်များကို တည်ငြိမ်သွားအောင် လုပ်ပေးနိုင်သည့် စွမ်းအင်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသည့်ပုံပင်။
"လူစုံပြီလား" ရန်ကိုင်က လှည့်ပတ်ကြည့်ရင်းမှ မေးလိုက်သည်။
ဖန်းဝူ၏ မျက်နှာမှာတော့ မြင်မကောင်း ဖြစ်နေခဲ့လေသည်။ အကြောင်းစုံကို လွမ်ဖုန်းဆီမှ ကြားပြီးသွားပြီဖြစ်ပါသော်ငြား ရန်ကိုင်၏ လုပ်ရပ်က သူ့အား အနည်းငယ် မသက်မသာ ဖြစ်နေစေခဲ့သည်။ တကယ်တော့ ရှေးဟောင်းတောအုပ်ကြီးသည် မွန်းစတားနယ်မြေ၏ ပိုင်နက်ပင် ဖြစ်သည် မဟုတ်ပေလော။ လူသားတစ်ဦးက မည်သည့်အချိန်ကများ ဤနေရာတွင် ဆုံးဖြတ်ပိုင်ခွင့် ရှိသွားရလေသနည်း။ ထိုအတွက်ကြောင့် တစ်ခဏမျှ တိတ်နေပြီးသည့်နောက်မှသာ ခေါင်းညိတ်ပြလိုက်လေ၏။ "စုံပြီ"
"အဲဒါဆို သွားကြတာပေါ့" ရန်ကိုင်သည် ထရပ်၍ ကျောက်တုံးဝိညာဉ်ကလန်ရှိရာ နေရာဆီသို့ ဦးတည်သွားလေသည်။
မွန်းစတားဘုရင် နှစ်ဆယ့်ကိုးပါးသည် နတ်အရှင်သုံးပါးစလုံးကို လှမ်း၍ ကြည့်လိုက်ကြသည်။ သို့သော်ငြား လက်ရှိအခြေအနေသို့ ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် နတ်အရှင်သုံးပါးမှာရော ဘာများ ပြောနိုင်ပါဦးမည်နည်း။ ရွေးစရာ မရှိတော့သည့်အလျောက် လက်မြှောက်၍ အကုန်လုံးကို အချက်ပြကာ ရန်ကိုင်အနောက်သို့ လိုက်သွားကြလေသည်။
ဖန်းဝူနှင့် အခြားသော နတ်အရှင်နှစ်ပါးသည် ရန်ကိုင်အား လိုက်မီလာခဲ့ပြီး ရန်ကိုင်နှင့် ဘေးချင်းယှဉ် ပျံသန်းနေခဲ့ပါသော်ငြား မည်သူတစ်ဦးတစ်ယောက်ကမျှ စကားမပြောခဲ့ပေ။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင်က စ၍ ပြောလိုက်သည်။ "အခုလိုမျိုး နားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ခင်ဗျားတို့ ဒီတစ်ကြိမ် ကူညီပေးခဲ့တာကို ကျုပ်သေချာမှတ်ထားမှာပါ၊ နောက်ပိုင်း အခွင့်အရေးရတာနဲ့ ကျိန်းသေ ပြန်ဆပ်ပါ့မယ်"
လွမ်ဖုန်းက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ "ဒါ နင်ခုနတုန်းက လုပ်ပြတဲ့ပုံစံမျိုး မဟုတ်ပါဘူး"
အစောပိုင်းက ရန်ကိုင်၏ မောက်မာဝံ့ကြွားသည့် ပုံစံနှင့် ပတ်သက်၍ လွမ်ဖုန်းမှာ ရန်ကိုင်အပေါ် အခဲမကျေ ဖြစ်နေပေသေးသည်။ [အစောကြီးကတည်းကသာ ဒီလိုမျိုး လာပြောလိုက်ရင် အကုန်လုံးက ချောချောမွေ့မွေ့ ဖြစ်သွားမှာ]
ရန်ကိုင်သည် လွမ်ဖုန်းအား စူးရဲစွာ စိုက်ကြည့်လျက်... "အဲဒီစကားကိုပြောတာ ခင်ဗျား မရှက်ဘူးလား"
"ငါက ဘာရှက်ရမှာလဲ" လွမ်ဖုန်း ချက်ချင်း ဒေါသူပုန်ထသွားခဲ့လေသည်။
ရန်ကိုင်က ချက်ချင်းပြန်ပြောလေ၏။ "ခင်ဗျားသာ ကျုပ်ခင်းကျင်းခဲ့တဲ့ ဟင်းလင်းပြင်အစီအရင်ကို မဖျက်ဆီးပစ်ခဲ့ရင် အခုလိုမျိုး အလုပ်ရှုပ်ခံနေစရာ မလိုဘူး၊ ခင်ဗျားရဲ့ ဖီးနစ်အသိုက်နန်းတော်ကနေ တစ်ခါတည်း တန်းသွားလို့ရတယ်၊ အခုတော့ကြည့်ပါဦး၊ နောက်ထပ်တစ်နာရီလောက် ထပ်သွားရဦးမယ်၊ ခင်ဗျားကြောင့် ကျုပ်အစီအစဉ်တွေ နှောင့်နှေးသွားရင် ခင်ဗျားနဲ့ ကျုပ် တွေ့မယ်"
ရန်ကိုင်မှ ထိုအကြောင်းကို အစဖော်လာသော် လွမ်ဖုန်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လေး ဖြစ်သွားခဲ့လေသည်။ ထိုစဉ်က ရန်ကိုင်၏ ဟင်းလင်းပြင်အစီအရင်ကို သူမ ဖျက်ဆီးခဲ့သည်မှာ မှန်ပေသည်။ သို့သော်ငြား ယနေ့အချိန်၌ ရန်ကိုင် ဤမျှအဆောတလျင် လာနိုင်နေလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ ချက်ချင်းပဲ အကြည့်လွှဲ၍ ရေရွတ်လိုက်လေသည်။ "နင်ဘာတွေ ငါ့ကို လာအော်နေတာလဲ၊ ဒီလိုဖြစ်မယ်လို့ ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ"
"တော်လောက်ပြီ၊ အခုအခြေအနေက ဒီလိုဖြစ်လာပြီဆိုတော့ ဆက်ပြီး ငြင်းခုံနေလို့လည်း အပိုပဲ" ဖန်းဝူသည် ရန်ကိုင်တို့ နှစ်ဦးအကြား ဝင်ရောက် ဖျန်ဖြေလေသည်။ အခြေအနေ မည်ကဲ့သို့ပင်ဖြစ်နေစေကာမူ ရှေးဟောင်းတောအုပ်ကြီးသည် ရန်ကိုင်နှင့် မတိုက်ခိုက်လိုပေ။ ထိုအတွက်ကြောင့် အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ "ညီလေးရန်၊ ဘာတွေဖြစ်နေလဲဆိုတာကို မင်းဘာဖြစ်လို့ ငါတို့ကို ကိုယ်တိုင်မပြောပြတာလဲ"
ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ကြီးထဲရှိ အားအကောင်းဆုံးလူများကို စုစည်းလိုပြီး ထိုသို့ စုစည်းလိုရခြင်းမှာ နတ်ဆိုးမျိုးနွယ်နှင့် ပတ်သက်နေကြောင်း လွမ်ဖုန်းမှ သူတို့အား ပြောပြခဲ့သည်။ သို့သော်ငြား လွမ်ဖုန်း ပြောပြနိုင်သည်မှာ ထိုမျှလောက်သာဖြစ်ပေသည်။ အသေးစိတ်ကိုမူ ပြောမပြနိုင်ခဲ့။ ယခု သူတို့ ကိုယ်တိုင် မလှုပ်ရှားခင် ရန်သူအကြောင်းကို ပို၍ သိလိုသည်မှာလည်း သဘာဝသာ ဖြစ်ပေသည်။
ထိုစကားကိုကြားသော် ရန်ကိုင်လည်း လွမ်ဖုန်းနှင့် ဆက်၍ ငြင်းခုံမနေတော့ဘဲ တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် စ၍ ရှင်းပြလိုက်လေသည်။ "လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ကျုပ်ကို မိတ်ဆွေတစ်ယောက်က ဖိတ်ခေါ်လို့ တောင်ဘက်နယ်မြေထဲမှာရှိတဲ့ တောင်ပိုင်းနွံအိုင်က ရှေးဟောင်းလိုဏ်ဂူစံအိမ်တစ်လုံးကို သွားစူးစမ်းတယ်"
သွားရင်းလာရင်းနှင့်မှ အချိန်ရှိသေးသည့်အတွက်ကြောင့် ရန်ကိုင်လည်း ရှေးဟောင်းလိုဏ်ဂူစံအိမ်ထဲ၌ ဘာတွေဖြစ်ပျက်သွားခဲ့သလဲ ထို့နောက် ဘာတွေဆက်၍ ဖြစ်သွားလဲဆိုသည်ကို အကျဉ်းချုံး ရှင်းပြလိုက်လေသည်။ ထိုသို့ ရှင်းပြပြီးသည့်နောက် လတ်တလော တောင်ဘက်နယ်မြေ၏ သိုင်းပညာရှင်စုဝေးပွဲအကြောင်းကို ဆက်၍ ရှင်းပြလိုက်လေ၏။
နတ်ဆိုးဝိညာဉ်များ ပြန်လည်ထွက်ပေါ်လာပြီး တောင်ဘက်နယ်မြေအား ကျူးကျော်နေကြောင်းကို ကြားသိလိုက်ရသည့်နောက် နတ်အရှင်သုံးပါးစလုံး ထိတ်လန့်သွားခဲ့ကြလေသည်။ တောင်ပိုင်းနယ်မြေ၏ ရှေးဟောင်းကျောင်းတော်၏ ကျောင်းသခင်သည် နတ်ဆိုးဝိညာဉ်တစ်ကောင်၏ ဝင်စီးထားခြင်းခံရပြီး ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များနှင့်တကွ သောင်းနှင့်ချီသော လက်ရွေးစင်တပည့်များအား ထောင်ချောက်ဆင်ကာ ဖမ်းထားကြောင်းကို ကြားသိလိုက်ရချိန်တွင်တော့ သူတို့၏ အမူအရာမှာ နောက်တစ်ကြိမ် အပြောင်းအလဲကြီး ပြောင်းလဲသွားရတော့ပြန်လေသည်။ အကုန်လုံးမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ယခုမှသာလျှင် လက်ရှိ အခြေအနေ မည်မျှ ပြဿနာကြီးကြောင်းကို သဘောပေါက်သွားကြတော့သည်။
"ဒီတော့ မင်းပြောချင်တာက တောင်ပိုင်းနယ်မြေက ရာနဲ့ချီတဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေက ရှေးဟောင်းကျောင်းတော်ထဲမှာ ပိတ်မိနေသေးတယ်ပေါ့"
"ကျုပ်ထွက်လာတုန်းကတော့ အဲဒီလိုမျိုးပဲ၊ ဂိုဏ်းကာကွယ်ရေးအစီအရင်ကိုသာ မဖျက်ဆီးနိုင်ရင် သူတို့ ဘယ်လိုမှ လွတ်မှာမဟုတ်ဘူး၊ အခုတော့ အခြေအနေ ဘယ်လိုရှိသေးလဲ မသိဘူး"
ချန်ကွော့က သူ့မေးစေ့ကို ပွတ်၍ ရေရွတ်လိုက်လေသည်။ "ရာနဲ့ချီတဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေ အခုဆို ဘယ်လောက်များ နတ်ဆိုးချီကြောင့် နတ်ဆိုးအသွင်ပြောင်းသွားကုန်ပြီလဲ မသိဘူး"
ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်သည့် လူများထဲတွင် နတ်ဆိုးအသွင် ပြောင်းနေသည့် ဧကရာဇ်အဆင့်ပညာရှင် ဆယ်ဦးကျော်ပင် ရှိနေလေရာ တကယ်တမ်း နတ်ဆိုးအသွင်ပြောင်းထားခံရသည့် လူများမှာ ကျိန်းသေ ထိုထက် ပိုများပေလိမ့်မည်။ တကယ်တော့ သိုင်းပညာရှင်စုဝေးပွဲကို တစ်လခန့်ကြာအောင်ပင် ကျင်းပခဲ့သည် မဟုတ်ပေလော။ ရှေးဟောင်းကျောင်းတော်သည်သာ ယခုကိစ္စကို ဟိုးယခင်ကတည်းက ကြိုတင် အစီအစဉ်ဆွဲထားခဲ့မည်ဆိုလျှင် လူပေါင်းများစွာကို နတ်ဆိုးချီဖြင့် နတ်ဆိုးအသွင်သို့ ပြောင်းထားပစ်ပေလိမ့်မည်။ ထိုလူများသည် သာမန်အခြေအနေမျိုးတွင် သာမန်လူများနှင့် ခြားလိမ့်မည် မဟုတ်။ သို့သော်ငြား ၎င်းတို့၏ စိတ်ရိုင်းများ ထကြွလာပြီဆိုလျှင်တော့ မြင်မြင်ရာမှန်သမျှကို ဖျက်ဆီးပစ်ကာ နတ်ဆိုးလုံးလုံးအသွင်သို့ ပြောင်းသွားပစ်ပေလိမ့်မည်။ ထိုသို့ဖြင့် ပိုပို၍ များပြားသော လူများသည်သာ နတ်ဆိုးအသွင်သို့ ဆက်တိုက် ဆက်၍ပြောင်းနေမည်ဆိုလျှင် လက်ရှိအချိန်၌ အကုန်လုံးမှာ နတ်ဆိုးတစ်ကောင် ဖြစ်နေလောက်ပေပြီ။
"အခြေအနေ အရမ်းမဆိုးဖို့ပဲ မျှော်လင့်ရတော့မယ်" ရန်ကိုင် သက်ပြင်းချလိုက်လေသည်။
လွမ်ဖုန်းက မျက်မှောင်ကြုတ်၍... "ရှေးဟောင်းကျောင်းတော်က ဒီကိစ္စကို ဟိုးအစောကြီးကတည်းက အစီအစဉ်ဆွဲထားတာဆိုရင် ဘာဖြစ်လို့ နင့်ကို အခြားတစ်နေရာဆီခေါ်သွားပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတာလဲ၊ အဲဒါ ကိုယ့်ခြေထောက်အပေါ် ကျောက်တုံးပြန်ပြီးပစ်ချနေတာနဲ့ မတူဘူးလား"
ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ "ကျုပ်ကို အောင်အောင်မြင်မြင် သတ်ပစ်နိုင်မယ်လို့ ထင်နေလို့ နေမှာပေါ့"
ယခုအချိန်အထိတိုင် ထိုအခိုက်အတန့်ကို ပြန်စဉ်းစားမိလိုက်တိုင်း ရန်ကိုင်မှာ တွေးကြောက်မိနေပေသေးသည်။ သူ့အား လာရောက် လုပ်ကြံသတ်ဖြတ်သည့် လူသာ ရန်ကိုင်၏ ခန္ဓာကိုယ်အကြောင်း၊ ဥပမာဆိုရသော် ရန်ကိုင် နဂါးတစ်ပိုင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်း ကြိုသိခဲ့ပါလျှင် ရန်ကိုင်အား အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်နိုင်လောက်ပေသည်။
သို့သော်ငြား လွမ်ဖုန်းကမူ ခေါင်းခါ၍... "ငါပြောချင်တာက သူတို့ နင့်ကို ဘာဖြစ်လို့ ကျောင်းတော်ထဲမှာပဲ ထည့်မပိတ်တာလဲ၊ အဲဒါဆိုရင် နင်ဘယ်လိုမှ ထွက်ပြေးလို့ရတော့မှာ မဟုတ်ဘူးလေ၊ အဲလိုမျိုးဆိုရင် သူတို့ နင့်ကို လုပ်ကြံသတ်ဖြတ်နေစရာတောင် မလိုဘူး"
ချန်ကွော့က ဝင်ပြောလိုက်သည်။ "ညီလေးရန် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတာ လျှို့ဝှက်ချက် မဟုတ်တော့ဘူးလေ၊ ဒီတော့ သူလွတ်သွားပြီးတော့ အဲဒီအကြောင်းကို သတင်းဖြန့်လိုက်မှာကို အဲဒီလူတွေ ကြောက်တာနဲ့တူတယ်၊ အဲဒီလိုသာဆိုရင် သူတို့ အကုန်လုံးကို အလစ်ငိုက်ချောင်းပြီး တိုက်ခိုက်လို့ရတော့မှာ မဟုတ်တော့ဘူး"
ထိုစကားကို ကြားလိုက်သော် ချန်ကွော့ ပြောသည်မှာ ယုတ္တိရှိသည်ဟု လွမ်ဖုန်း ခံစားလိုက်ရလေသည်။
ဖန်းဝူက ရုတ်တရက် အံ့အားသင့်နေသည့် လေသံဖြင့် ဝင်ပြောလိုက်သည်။ "ဒီနတ်ဆိုးတွေက တကယ်ကို ကြီးကျယ်လွန်းတဲ့ အစီအစဉ်ကြီးတစ်ခုကို ချထားတာပဲ"
"ခင်ဗျား ဘာပြောချင်တာလဲ" ရန်ကိုင်သည် ဖန်းဝူအား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။
ဖန်းဝူက ဆက်၍ ရှင်းပြလိုက်သည်။ "စဉ်းစားကြည့်ကွာ၊ အကယ်၍ သူတို့သာ မင်းကို သတ်ပစ်လိုက်နိုင်ခဲ့မယ်ဆိုရင် ရှေးဟောင်းကျောင်းတော် ဘာဖြစ်သွားမလဲ"
ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ စဉ်းစားနေလိုက်လေသည်။ "အဆိုးဆုံးဆိုရင်တော့ အသက်ရှင်တဲ့ ကျင့်ကြံသူတွေအကုန်လုံး နတ်ဆိုးအသွင် ပြောင်းသွားမှာပေါ့"
"ဟုတ်တယ်" ဖန်းဝူက လက်ခုပ်တီးလျက်... "အဲဒီနတ်ဆိုးအသွင်ပြောင်းသွားတဲ့ ကျင့်ကြံသူတွေသာ သူတို့ရဲ့ဂိုဏ်းအသီးသီးကို ပြန်ပြီးတော့ ပုံမှန်အတိုင်းပဲ အေးအေးဆေးဆေးလေး နေလိုက်မယ်ဆိုရင်"
ရန်ကိုင်က အထိတ်တလန့် လေသံဖြင့်... "တောင်ပိုင်းနယ်မြေတစ်ခုလုံး ပြဿနာတက်သွားမှာပေါ့"
ဖန်းဝူက ထပ်ပြောလိုက်သည်။ "ဒီလောက် ပညာရှင်တွေအများကြီး နတ်ဆိုးအသွင်ပြောင်းကုန်တာ တောင်ပိုင်းနယ်မြေတစ်ခုလုံးက အနှေးနဲ့အမြန်ဆိုသလို နတ်ဆိုးတွေ ဖြစ်သွားမှာပဲ၊ အဲဒီလိုဖြစ်သွားပြီဆိုရင်တော့ မဟာဧကရာဇ်တွေတောင် အဲဒီအခြေအနေကို ပြန်ပြောင်းဖို့က လွယ်တော့မှာ မဟုတ်တော့ဘူး"
ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။ ဖန်းဝူ ပြောသည့် စကားသည် ရှေးဟောင်းကျောင်းတော် စီစဉ်နေသည့်အရာ ဖြစ်လောက်ပေသည်။ ရန်ကိုင်သည်သာ ရှေးဟောင်းကျောင်းတော်၏ လုပ်ကြံသတ်ဖြတ်မှုအောက်မှ မလွတ်မြောက်ခဲ့ပါက ရှေးဟောင်းကျောင်းတော်၏ အစီအစဉ်ကို မည်သူကများ သိနိုင်ပါတော့မည်နည်း။
ချန်ကွော့က ဝင်ပြောလိုက်လေသည်။ "ရှေးဟောင်းကျောင်းတော်က တောင်ပိုင်းနယ်မြေက လူတွေအများကြီးကို ဒီလိုမျိုး ပစ်မှတ်ထားရဲတယ်ဆိုတော့ သူတို့လက်အောက်မှာ နတ်ဆိုးတွေ အများကြီးရှိနေလို့ပဲ ဖြစ်မှာ၊ ငါတို့ အရေအတွက်လေးနဲ့"
ရန်ကိုင်က အလျင်အမြန် ပြန်ပြောလိုက်လေသည်။ "စိတ်မပူနဲ့ ခင်ဗျားတို့ချည်းပဲ မဟုတ်ဘူး၊ ကျုပ် အခြားလူတွေကိုလည်း ခေါ်ထားသေးတယ်၊ ဒီနေ့ ရှေးဟောင်းကျောင်းတော်က ဘယ်နတ်ဆိုးတစ်ကောင်ကိုမှ မလွတ်သွားစေရဘူး"
"အခြားသူတွေ" ချန်ကွော့သည် ရန်ကိုင်အား ကြည့်လိုက်လေသည်။ သို့သော်ငြား ရန်ကိုင်မှ ဆက်၍ မပြောချင်တော့သည်ကို မြင်သော် ချန်ကွော့လည်း သွား၍ မေးမနေတော့ပေ။ ရန်ကိုင် မည်သည့်အစီအစဉ်မျှ မရှိဘဲ ဒေါသရှေ့ထား၍ လှုပ်ရှားနေခြင်းဖြစ်မည်ကို ချန်ကွော့ စိတ်ပူနေခြင်း ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်တွင် အစီအစဉ်တစ်ခု ရှိနေပြီဖြစ်သည့်အတွက်ကြောင့် ဘာမျှ စိတ်ပူနေစရာ မလိုတော့ပေ။
ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနတ်ဆိုးချီတွေ မကူးစက်ခံရအောင် သတိထား၊ ပြီးတော့ အဲဒီနတ်ဆိုးဝိညာဉ်တွေ ဝင်စီးထားခံရတဲ့လူတွေကိုလည်း အထူးသတိထား၊ နတ်ဆိုးဝိညာဉ် ဝင်စီးထားခံရတဲ့လူတွေက နတ်ဆိုးဖြစ်နေတဲ့ ဘာလက္ခဏာ အရိပ်အယောင်မှ မပြဘူး၊ လုံးဝ ပုံမှန်အတိုင်းပဲ အဲဒီလိုလူမျိုးတွေကို အာရုံခံမိဖို့က အရမ်းခက်တယ်"
"ငါတို့သိတယ်" ဖန်းဝူ ခေါင်းညိတ်လိုက်လေသည်။
နတ်အရှင်သုံးပါးနှင့် ရန်ကိုင်မှာ အသံကို တိုးတိုးထား၍ မပြောခဲ့သည့်အတွက်ကြောင့် သူတို့ပြောသည်ကို အနောက်ဘက်တွင် ပါလာသည့် မွန်းစတားဘုရင်အားလုံး ကြားလိုက်ကြရလေသည်။ သူတို့သည် နတ်ဆိုးချီ ကူးစက်ထားခြင်းခံရသည့် လူများနှင့် တိုက်ခိုက်ရတော့မည့်အကြောင်းကို ကြားသိလိုက်ရသည့်နောက် မွန်းစတားဘုရင်များ အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ ဤသည်မှာ သူတို့ တစ်ခါမျှ ကြုံဖူးသည့် ကိစ္စမျိုး မဟုတ်။ ထိုအပြင် နတ်ဆိုးချီနှင့် မွန်းစတားချီ မည်သည့်ချီက ပိုအားကောင်းသလဲဆိုသည်ကိုလည်း သူတို့ မသိကြ။ မည်သို့ပင်ဖြစ်လင့်ကစား ဤအခိုက်အတန့်သည် သူတို့၏ စွမ်းဆောင်ရည်ကို ထုတ်ပြရမည့် အခွင့်အရေးတစ်ရပ် ဖြစ်ပေသည်။ သူတို့သည်သာ ရန်ကိုင်၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့မည်ဆိုလျှင် နောက်ပိုင်း၌ နတ်သခင်တစ်ပါး ဖြစ်လာဖို့ရာမှာ မဖြစ်နိုင်တော့သည့်အရာ မဟုတ်တော့ပေ။
လွမ်ဖုန်းကမူ ရန်ကိုင်ပေးခဲ့သည့် ကတိကို မွန်းစတားဘုရင်များအား သွားမပြောပြခဲ့ပေ။ ရန်ကိုင် ကိုယ့်ကတိကိုယ် ပြန်ရုပ်သိမ်းသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် မဟုတ်။ ရန်ကိုင် ပြောခဲ့သည့် စကားကိုသာ ပြောလိုက်မည်ဆိုပါက မွန်းစတားဘုရင်များ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ပင်။ ထိုသို့သာ ဖြစ်သွားမည်ဆိုလျှင် မွန်းစတားဘုရင်များသည် ရန်ကိုင်အား အလွန်တရာကိုမှ ကျေးဇူးတင်သွားကြလိမ့်မည် ဖြစ်ကာ ရှေးဟောင်းတောအုပ်ကြီးထဲရှိ နတ်အရှင်သုံးပါး၏ အာဏာမှာလည်း စတင်၍ ယိုင်နဲ့လာရပေလိမ့်မည်။
အလောတကြီး ပြေးလာခဲ့လေရာ တစ်နာရီအတွင်းမှာပင် ကျောက်တုံးဝိညာဉ်ကလန် နားနေသည့် နေရာဆီသို့ ရန်ကိုင်တို့အဖွဲ့ ရောက်လာခဲ့လေသည်။ အကြီးအကဲမှာ ထွက်မသွားသေးဘဲ ထိုနေရာတွင် မူနနှင့်အတူ ရပ်စောင့်နေခဲ့သည်။
နတ်အရှင်သုံးပါးနှင့် မွန်းစတားဘုရင် နှစ်ဆယ့်ကိုးပါးတို့ ကောင်းကင်ပေါ်မှ ဆင်းလာသည်ကို မြင်သည့်အခါ အကြီးအကဲနှင့် မူနမှာ အကြည့်ချင်းဖလှယ်မိလိုက်ကြလေသည်။ သူတို့ စိတ်ထဲ ဤမျှ များပြားလှသော လူများ ရောက်လာသည့်အပေါ် ကြိတ်၍ အံ့ဩနေမိလေသည်။ ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ကြီးထဲရှိ မွန်းစတားမျိုးနွယ်စုဝင်များအပေါ် အတော်လေး အာဏာညောင်းမှန်း သူတို့ သိကြပါသော်ငြား ဤအတိုင်းအတာအထိ ဖြစ်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ လက်ရှိ ရန်ကိုင် ခေါ်လာသည်မှာ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသည့် ထိပ်တန်းပညာရှင်အားလုံး ဖြစ်ပေသည်။
အဖွဲ့နှစ်ဖွဲ့ တွေ့သည့်အခါ အကြီးအကဲသည် နတ်အရှင်သုံးပါးနှင့် စကားစမြည် နည်းနည်းပါးပါး သွားပြောပြီးသည့်နောက် ရန်ကိုင်၏ ဦးဆောင်မှုနှင့်အတူ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်လေသည်။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် အကုန်လုံးမှာ တောင်ပေါ်သို့ ရောက်လာကြလေသည်။
လက်ရှိအချိန်တွင် ကျောက်တုံးဝိညာဉ် ရှစ်ဦးသည် တောင်ပေါ်ရှိ ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်နေကြလေသည်။ ဟင်းလင်းပြင်အစီအရင်ဆီမှ လှုပ်လှုပ်ရှားရှားအသံများကို ကြားလိုက်သော် အစီအရင်ရှိရာဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။
နတ်အရှင်သုံးပါးနှင့် မွန်းစတားဘုရင် နှစ်ဆယ့်ကိုးပါးမှာ တစ်ပါးပြီးတစ်ပါး ပေါ်လာခဲ့လေသည်။ အချင်းချင်း တွေ့သွားကြသည့်နောက်တွင်တော့ မွန်းစတားမျိုးနွယ်စုဝင်များသည် ကိုယ့်ဘာသာကိုယ် တစ်သီးတည်း သွားနေကြလေသည်။ မွန်းစတားမျိုးနွယ်စုဝင်များနှင့် ကျောက်တုံးဝိညာဉ်များအကြားရှိ ဆက်ဆံရေးမှာ ပြေပြစ်လှသည် မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်များအတွင်း ရန်ကိုင်ကြောင့်သာလျှင် သူတို့အကြားရှိ ဆက်ဆံရေးမှာ အနည်းငယ် ငြိမ်းချမ်းလာခဲ့ရခြင်း ဖြစ်လေသည်။
ရှေးဟောင်းတောအုပ်ကြီးမှ လူအားလုံးကို တောင်ပေါ်သို့ ပို့ပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် သူတို့အားလုံးကို ခဏမျှ စောင့်နေရန် ပြောပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ ပြန်တက်ကာ ပျောက်ကွယ်သွားခဲ့လေသည်။
နန်းတော်ထဲရှိ ဟင်းလင်းပြင်အစီအရင်ရှိရာ ခန်းမကြီးသည် လူများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤနေရာ၌ ဧကရာဇ်အဆင့် အယောက်နှစ်ရာနီးပါး ရှိနေခဲ့ပြီး တစ်ဝက်လောက်မှာ အချင်းချင်း စကားစမြည် ပြောနေကြကာ ကျန်သူများမှာတော့ တစ်သီးတည်း ရပ်နေကြလေသည်။ အချိန်ကြာလာသည့်နောက် လူတိုင်းမှာ စတင်၍ စိတ်မရှည် ဖြစ်လာကြတော့လေသည်။
ထိပ်တန်းဂိုဏ်း လေးဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များသည် သူတို့အား သိမ်းငှက်များသဖွယ် စောင့်ကြည့်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ဤလူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေလောက်ပေပြီ။ အကြောင်းအရင်းကို မသိရဘဲ နန်းတော်မှ ဆင့်ခေါ်သည့်အတွက်ကြောင့် ဤနေရာသို့ လာခဲ့ရသည်။ ထိုအပြင် ဤနေရာသို့ လာပြီးသည့်တိုင် မန်နေဂျာမှူးဖြစ်သော ဟွာချင်းဇီသည် သူတို့၏ မေးခွန်းများကို မဖြေနိုင်ခဲ့ပေ။ ထိုအတွက်ကြောင့် သူတို့အနေဖြင့် စိတ်ကသိကအောက်ဖြစ်နေရသည်မှာ သဘာဝသာ ဖြစ်လေသည်။ နန်းတော်သည် သူတို့အား သတ်ဖြတ်ပစ်ချင်၍များ ယခုကဲ့သို့ ဆင့်ခေါ်ရလေသလား။ သို့သော်ငြား ထိုကဲ့သို့ လုပ်၍လည်း နန်းတော်အတွက် ဘာများ အကျိုးရှိမှာမလို့နည်း။
ယင်ဖေး၊ ရှဲ့ဝူဝေနှင့် ရှီလဲ့တို့သည် ခန်းမထောင့်တစ်နေရာဆီတွင် ရပ်၍ လူအုပ်ကြီးအား အေးစက်စက်အမူအရာဖြင့် စောင့်ကြည့်နေကြလေသည်။ သူတို့နှင့် အကြည့်ချင်းဆုံသွားသည့် မည်သူမဆို ချက်ချင်း ခေါင်းငုံ့လိုက်ကြပြီး အသံမထွက်ရဲကြတော့ပေ။ ထိုအချိန်အတောအတွင်း ဟွာချင်းဇီ၊ ပိယန်ယုချင်း၊ ယီဟန်နှင့် နာမန်တာ့ကျွင်းတို့မှာတော့ ရေခဲနှလုံးသားတောင်ကြားမှ လူများနှင့် အတူ စုဝေးနေကြလေသည်။ ရေခဲနှလုံးသားတောင်ကြားသည် ဧကရာဇ်အဆင့်ပညာရှင် ငါးဦးတိတိကို စေလွှတ်လိုက်ပြီး ထိုအဖွဲ့ကို ကျိယောင်မှ ဦးဆောင်လာခဲ့လေသည်။ မီးနဂါးနန်းတော်နှင့် အာကာယံကောင်းကင်ဂိုဏ်းမှ ပညာရှင်များသည်လည်း ဤနေရာ၌ စုဝေးနေကြလေ၏။ ထိုအကြောင်းကြောင့် ဂိုဏ်းကို ကာကွယ်ရန် ကျန်ရစ်ခဲ့ကြသော ဧကရာဇ်အဆင့်ပညာရှင် အချို့မှလွဲ၍ ကျန်သည့် လူအားလုံး ဤနေရာသို့ ရောက်နေပြီဟု ပြော၍ရပေသည်။ လီကျောက်နှင့် မီချီတို့မှာလည်း အချင်းချင်း စကားစမြည်ပြောနေကြသည်။ ယခုတစ်ကြိမ် ရန်ကိုင် ဘာကြံလို့ ကြံနေမှန်းကို နှစ်ဦးစလုံး မသိကြပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၅၈)
ဘာသာပြန်သူ_တိမ်တိုက်
တီးတိုးပြောသံများအကြားဝယ် ဟင်းလင်းပြင်အစီအရင် အရောင်တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ရန်ကိုင် ပေါ်လာခဲ့လေသည်။ အကုန်လုံးမှာ ရန်ကိုင် ဘက်သို့ လှည့်ကြည့်လာကြသည်။ ရန်ကိုင်မှန်း သိလိုက်သော် လူအချို့၏ မျက်နှာမှာ လေးနက်တည်ကြည်သွားခဲ့ကြပါသော်ငြား အချို့မှာတော့ မယုံသင်္ကာအမူအရာများဖြင့် ရှိနေကြလေသည်။ ဤနေရာတွင် ရှိနေသည့် လူတိုင်း ရန်ကိုင်အား မြင်ဖူးကြသည် မဟုတ်။ ရန်ကိုင်အား မြင်ဖူးကြသည့် လူများမှာတော့ ရန်ကိုင်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် လေးနက်တည်ကြည်သွားကုန်ကြလေသည်။
"မင်္ဂလာပါ နန်းတော်သခင်ရန်" ကျိုးတိုးကျဲတဲ နှုတ်ဆက်သံများ ထွက်ပေါ်လာသည့်အခါမှသာလျှင် ရန်ကိုင်အား ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဖူးသော လူများမှာ သူတို့ အရှေ့၌ ပေါ်လာသည့် လူငယ်လေးသည် ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်မှန်း သိသွားခဲ့ပြီး အလျင်စလို လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။
"နန်းတော်သခင်" ဟွာချင်းစီလည်း ရှေ့တက်လာခဲ့လေသည်။
ရန်ကိုင်သည် လူအုပ်ကြီးအား ခက်ထန်သည့် အမူအရာဖြင့် ဝေ့ကြည့်လိုက်လေသည်။ လူအတော်များများ ရောက်နေသည်ကို မြင်သည့်အခါ သူ၏ ခက်ထန်နေသည့် အမူအရာမှာ ကျေနပ်သွားသည့်အလား သိသိသာသာကို ပြေလျော့သွားခဲ့ပြီး မေးလိုက်လေ၏။ "အကုန်လုံး ရောက်နေပြီလား"
ဟွာချင်းစီက ပြန်ပြောလိုက်သည်။ "နေ့ဝက်အတွင်း ရောက်နိုင်တဲ့ လူတွေကတော့ အနည်းနဲ့ အများဆိုသလို ရောက်နေပါပြီ၊ နဂါးကျားဂိုဏ်းနဲ့ တိမ်ပျံဂိုဏ်းက လူတွေပဲ မရောက်သေးတာပါ"
ခန်းမထဲ၌ စုဝေးနေသည့် ဧကရာဇ်အဆင့်ပညာရှင် အရေအတွက်မှာ အယောက်နှစ်ရာကျော်လောက်သာ ရှိပေသည်။ မြောက်ဘက်နယ်မြေထဲတွင် ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင် အရေအတွက်မှာ ယခုထက် အများကြီး ပိုများပေသည်။ သို့သော်ငြား ရန်ကိုင်သည် သူတို့အား ဤနေရာ၌ စုဝေးရန်အတွက် နေ့ဝက်သာ အချိန်ပေးခဲ့သည်။ ထိုအကြောင်းကြောင့် ဟွာချင်းစီမှာ နေ့ဝက်အတွင်း ရောက်နိုင်သည့် လူများကိုသာ အကြောင်းကြားခဲ့ပြီး မရောက်နိုင်သည့် လူများကို ချန်ထားရစ်ခဲ့ပေသည်။
နေ့ဝက်အတွင်း ဤမျှ များပြားလှသော လူအင်အားကို စုဆောင်းနိုင်ခဲ့ရခြင်းမှာလည်း မြောက်ဘက်နယ်မြေအနှံ့ ရန်ကိုင် ခင်းကျင်းထားခဲ့သော ဟင်းလင်းပြင်အစီအရင်များကြောင့်သာ ဖြစ်ပေသည်။ ထိုအစီအရင်အားလုံးသည် ထက်ကောင်းကင်နန်းတော်၏ ဟင်းလင်းပြင်အစီအရင်ဆီသို့ တိုက်ရိုက်ဆက်သွယ်ထားသည့်အတွက်ကြောင့် မြောက်ဘက်နယ်မြေ၏ နေရာအနှံ့အပြားဆီမှ ထက်ကောင်းကင်နန်းတော်ဆီသို့ အချိန်တိုအတွင်း ရောက်လာနိုင်ပေသည်။
ထိုဟင်းလင်းပြင်အစီအရင်များကြောင့်သာ မဟုတ်လျှင် ဤနေရာတွင် ရှိနေသည့် လူစုစုပေါင်း လေးပုံတစ်ပုံသည်ပင်လျှင် ဤနေရာသို့ ရောက်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ရန်ကိုင် ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်များကို အားကိုးရင်းဖြင့်သာ နေ့ဝက်အတွင်း ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ရာကျော် ဤနေရာသို့ ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
"နဂါးကျားဂိုဏ်းနဲ့ တိမ်ပျံဂိုဏ်းလား" ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့် ခေါင်းညိတ်၍ သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်လေသည်။ "အဲဒီဂိုဏ်းနှစ်ဂိုဏ်း ဆက်ပြီးတော့ ပေါ်လာနေစရာ မလိုတော့ဘူး"
ရန်ကိုင်၏ လေသံမှာ မည်သည့်စိတ်ခံစားချက်မျှ မရှိဘဲ လုံးဝကို တည်ငြိမ်နေခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုစကားကိုကြားလိုက်သည့် ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ ကြိတ်ကာ သက်ပြင်းချလိုက်လေ၏။ [အဲဒီဂိုဏ်းနှစ်ဂိုဏ်း မြောက်ဘက်နယ်မြေထဲမှာ ဆက်ပြီး ခြေကုပ်ရယူနိုင်တော့မှာ မဟုတ်တော့ဘူး၊ ဒီလူရူးကြောင့် သူတို့ဂိုဏ်းနှစ်ဂိုဏ်းစလုံး ပျက်စီးရတော့မယ်]
သူတို့၏ စိတ်ထဲ ထိုဂိုဏ်းနှစ်ဂိုဏ်းအပေါ် အနည်းငယ် ကရုဏာသက်မိသွားပြီး ရန်ကိုင်၏ နိုင့်ထက်စီးနင်းဆန်လှသည့် လုပ်ရပ်အပေါ်လည်း အနည်းငယ် မုန်းတီးမိသွားခဲ့လေသည်။
လွန်ခဲ့သော နှစ်သုံးဆယ်ခန့်လောက်က ပေါ်လာသည့် ဂိုဏ်းတစ်ဂိုဏ်းသည် လက်ရှိအချိန်၌ မြောက်ဘက်နယ်မြေထဲ ရှိနေသော ကျင့်ကြံသူအားလုံး၏ အနာဂတ်ကို ထိန်းချုပ်ထားပြီး အမျိုးမျိုးသော ဂိုဏ်းများ၏ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းကို ခြယ်လှယ်ထားခဲ့လေသည်။ ဤအကြောင်းသာ သတင်းပြန့်သွားခဲ့မည်ဆိုလျှင် မည်သူမျှ ယုံကြည်နိုင်လိမ့်မည် မဟုတ်။ ကံမကောင်းစွာဖြင့် လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူတို့လည်း ဘာမျှ မလုပ်နိုင်ကြပေ။ တစ်ဖက်လူသည် အလွန်တရာကိုမှ အားကောင်းလွန်းလှသည် မဟုတ်ပေလော။ ရမ္မက်လျှာဂိုဏ်း ပျက်စီးသွားခြင်းသည် တစ်ဖက်လူ၏ စွမ်းဆောင်ရည်ကို ပြသနေသည့် အကောင်းဆုံးသော ဥပမာသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့် သူတို့စိတ်ထဲ ရန်ကိုင်အပေါ် ဒေါသထွက်မိသလို မကျေမနပ်လည်း ဖြစ်နေမိသည့်တိုင် မကျေနပ်သည့်အသံ မထွက်ရဲခဲ့ပေ။
"အကုန်လုံး၊ ကျုပ် ခင်ဗျားတို့အားလုံးကို ထက်ကောင်းကင်နန်းတော်ဆီ ဘာလို့ခေါ်လိုက်ရလဲဆိုတာကို သိချင်နေကြမှာပေါ့ ဟုတ်တယ်မလား၊ ကဲ ကျုပ် အခုပြောပြတော့မယ်၊ ပထမတစ်ချက်ကတော့ လူကယ်ဖို့ပဲ၊ နောက်တစ်ချက်ကတော့ လူသတ်ဖို့ပဲ"
ထိုစကားကိုကြားသော် သက်လတ်ပိုင်းလူကြီးတစ်ဦးသည် လက်သီးဆုပ်၍ မေးလိုက်လေသည်။ "နန်းတော်သခင်ရန်၊ ကျုပ်တို့ ဘယ်သူတွေကို ကယ်ရမှာလဲ၊ ဘယ်သူတွေကို သတ်ရမှာလဲ" လူပေါင်းများစွာ ဤနေရာ၌ စုဝေးနေသည်ကို ကြည့်ပါက ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်သည်မှာ သိသာလှပေသည်။ ရှင်းရှင်းပြောရသော် လက်ရှိနေရာတွင် စုဝေးနေသည့် လူအရေအတွက်သည် မြောက်ဘက်နယ်မြေတွင် ရှိနေသည့် ပညာရှင်အရေအတွက်၏ ငါးပုံတစ်ပုံလောက်ရှိသည်ဟု ပြော၍ ရသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်သည် မည်ကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံနေရ၍များ ဤမျှ များပြားလှသည့် လူအင်အားကို လိုအပ်နေရပါလေသနည်း။ ယခုတာဝန်အတွက် ထိပ်တန်းဂိုဏ်း လေးဂိုဏ်းသည်ပင်လျှင် ၎င်းတို့ ဂိုဏ်း၌ ရှိနေသော ပညာရှင်အားလုံးနီးပါးကို စေလွှတ်ခဲ့လေသည်။
ရန်ကိုင်သည် ထိုလူအား လှမ်း၍ ကြည့်လိုက်သည်။ ဤလူသည် မည်သည့် ဂိုဏ်းမှ ဂိုဏ်းချုပ်ဖြစ်သလဲဆိုသည်ကို သူမသိ။ ဧကရာဇ်ပထမအဆင့်ပင် ဖြစ်လင့်ကစား ထိုလူမှာတော့ ရန်ကိုင်၏ အကြည့်နှင့် ရင်ဆိုင်နေရသည့်တိုင် အနည်းငယ်မျှပင် နောက်တွန့်သွားခဲ့ခြင်း မရှိပေ။
ရန်ကိုင်က ခေါင်းညိတ်၍ ရှင်းပြလိုက်သည်။ "ကျုပ်တို့ တိုက်မဲ့လူတွေက တောင်ဘက်နယ်မြေက ကျင့်ကြံသူတွေပဲ၊ အခု ဒီမှာစုဝေးနေတဲ့ လူတွေလိုပဲ သူတို့တွေကလည်း အဲဒီတောင်ဘက်နယ်မြေမှာရှိနေတဲ့ သက်ဆိုင်ရာဂိုဏ်းအသီးသီးရဲ့ ဂိုဏ်းချုပ်တွေနဲ့ ပညာရှင်တွေပဲ"
"တောင်ဘက်နယ်မြေက ကျင့်ကြံသူတွေ" ခန်းမတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့လေသည်။ ယခုကိစ္စသည် တောင်ဘက်နယ်မြေနှင့် ပတ်သက်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ ဤနေရာသည် မြောက်ဘက်နယ်မြေဖြစ်ကာ တောင်ဘက်နယ်မြေနှင့် မြောက်ဘက်နယ်မြေအကြား အလွန်တရာကိုမှ ဝေးကွာလွန်းလှပေသည်။ ရှင်းရှင်းပြောရသော် တောင်ဘက်နယ်မြေရှိ ကိစ္စသည် တောင်ဘက်နယ်မြေ၏ ကိစ္စသာဖြစ်လေရာ ဘာကြောင့်များ သူတို့၏ မြောက်ဘက်နယ်မြေနှင့် လာ၍ ပတ်သက်နေရသနည်း။ ထိုအပြင် နန်းတော်သခင်သည် တောင်ဘက်နယ်မြေမှ လူများကို ကယ်ရန်အတွက် မြောက်ဘက်နယ်မြေရှိ အင်အားစုများကို ယခုကဲ့သို့မျိုး ဘာကြောင့်များ စုဝေးစေရလေသနည်း။
ရန်ကိုင် ပြောသည်ကို ကြားပြီးသည့်နောက် လူတိုင်း၏ စိတ်ထဲ အခြားသော အတွေးတစ်ခုလည်း ပေါ်လာခဲ့လေသည်။ တောင်ဘက်နယ်မြေထဲတွင် ရှိနေသော ပညာရှင်များ မည်ကဲ့သို့သော ပြဿနာမျိုးနှင့် ကြုံနေရ၍များ သူတို့အား ကယ်ဆယ်ရန်အတွက် ဤမျှ များပြားလှသော လူများကို လိုအပ်နေရလေသနည်း။ တောင်ဘက်နှင့် မြောက်ဘက်နယ်မြေသည် အလွန်ကိုမှ ဝေးကွာလှကြပါသော်ငြား တောင်ဘက်နယ်မြေတွင် နေထိုင်ကြသည့် ပညာရှင်များသည်လည်း အားနည်းလိမ့်မည် မဟုတ်မှန်း ဤနေရာတွင် ရှိနေကြသည့် လူများ သိနေကြလေသည်။ တောင်ဘက်နယ်မြေထဲ၌ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ကျိန်းသေရှိရပေလိမ့်မည်။ ထိုပညာရှင်များသည်ပင်လျှင် သူတို့ ကြုံတွေ့နေရသည့် ပြဿနာကို မဖြေရှင်းနိုင်လျှင် ယခု သူတို့ဘက်မှ သွားကူညီပေးလျှင်ရော ဘာများလုပ်ပေးနိုင်ပါမည်နည်း။
"ကျုပ်တို့ သတ်မဲ့လူတွေကတော့ နတ်ဆိုးတွေပဲ" ရန်ကိုင်က အော်ပြောလိုက်လေသည်။
ခန်းမကြီးတစ်ခုလုံး ရုတ်ချည်း တိတ်ကျသွားခဲ့ပြီး အကုန်လုံးမှာ ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြည့်လာကြလေသည်။ ပုံမှန်အားဖြင့် ထူးမခြားနားဟန်ဖြင့် ရှိနေသော ကျိယောင်၏ အမူအရာသည်ပင်လျှင် ပြောင်းလဲသွားခဲ့သည်။
ရန်ကိုင်သည် ထိုလူများ ဘာတွေးနေသလဲဆိုသည်ကို ဂရုစိုက်မနေခဲ့ဘဲ ဆက်၍သာ ပြောလိုက်သည်။ "တောင်ဘက်နယ်မြေထဲက ရာနဲ့ချီတဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေက နတ်ဆိုးအသွင်ပြောင်းလာတဲ့လူတွေ ဆင်ထားတဲ့ ထောင်ချောက်ထဲကို ကျသွားတာ၊ အခု သူတို့အားလုံး ရှေးဟောင်းကျောင်းတော်ထဲမှာ ပိတ်မိနေပြီး ထွက်ပြေးလို့မရဘူး ဖြစ်နေတယ်၊ သူတို့တွေ အကုန်လုံးက နတ်ဆိုးချီကူးစက်ခံရမဲ့ အရေးနဲ့ အချိန်မရွေး ကြုံတွေ့နေရတယ်၊ အခုလောလောဆယ် သူတို့ရဲ့ မျှော်လင့်ချက်က ကျုပ်တို့ပဲ၊ ဒါကြောင့်ပဲ ရှေးဟောင်းကျောင်းတော်ရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးပြီး နတ်ဆိုးတွေကို သတ်ပစ်ပြီး အဲဒီမှာရှိနေတဲ့ လူတွေကို ကယ်ဖို့အတွက် ခင်ဗျားတို့အားလုံးရဲ့ အကူအညီကို ကျုပ်လိုအပ်နေတာ"
ရန်ကိုင် ပြောလိုက်သည့် စကားများသည် အလွန်ကိုမှ မယုံကြည်နိုင်ဖွယ်ကောင်းလှပေသည်။ ထိုအတွက်ကြောင့် လူတိုင်းမှာ ရန်ကိုင် သူတို့အား နောက်နေသည်ဟုပင် ခံစားနေရလေသည်။ သူတို့ ရှိနေသည်မှာ မြောက်ဘက်နယ်မြေဖြစ်လေရာ တောင်ဘက်နယ်မြေ ဘာဖြစ်နေသလဲဆိုသည်ကို ရန်ကိုင်က မည်ကဲ့သို့များ သိနေရလေသနည်း။
သို့သော်ငြား ရန်ကိုင်ကမူ သူ့စကားများကို ယုံကြည်ချက်အပြည့်ဖြင့် ပြောနေခဲ့လေသည်။ နတ်ဆိုးများဟူသော အရာမျိုးသည် တွေးတောရန်ပင်လျှင် အလွန်ကိုမှ ခက်ခဲလွန်းလှသည့် အရာမျိုးဖြစ်ကြသည်။ နတ်ဆိုးချီ အကူးခံလိုက်ရသည့် လူတစ်ဦးသည် နတ်ဆိုးအသွင်သို့ ပြောင်းသွားသည်ဟူသော ကောလာဟလများ ရှိကြသည်။ သို့ပင်ဖြစ်လင့်ကစား ထိုမျှ မြောက်မြားလှစွာသော လူများကို နတ်ဆိုးအသွင်သို့ ပြောင်းလဲဖို့ရာ နတ်ဆိုးချီများစွာကို လိုအပ်ပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ထိုမျှ များပြားလှသော နတ်ဆိုးချီများသည် မည်သည့်နေရာမှ လာလေသနည်း။
"ဒါက အခုလောလောဆယ် အခြေအနေပဲ၊ ခင်ဗျားတို့ ယုံယုံမယုံယုံ ကျုပ်ဂရုမစိုက်ဘူး၊ အရေးလည်းမကြီးဘူး၊ ဟိုရောက်ရင် ခင်ဗျားတို့ သိသွားလိမ့်မယ်၊ တောင်ဘက်နယ်မြေကို ရောက်သွားပြီဆိုတာနဲ့ ခင်ဗျားတို့ သိထားရမှာ တစ်ချက်ရှိတယ်၊ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ ကောင်းကောင်းကာကွယ်ထား၊ ခင်ဗျားတို့ရဲ့ကိုယ်ကို နတ်ဆိုးချီနဲ့ လုံးဝအထိမခံနဲ့၊ ပိုပြီးတော့ အရေးကြီးတာကတော့ နောက်ဆုံး ဝိညာဉ်ဝင်စီးမှာကို သတိချပ်ထားဖို့ပဲ၊ ပထမတစ်ခုဖြစ်မယ်ဆိုရင် ကျုပ် ခင်ဗျားတို့ကို ကယ်ကောင်းကယ်နိုင်သေးတယ်၊ ဒါပေမဲ့ နတ်ဆိုးဝိညာဉ် ဝင်စီးခံလိုက်ရပြီဆိုရင်တော့ ခင်ဗျားတို့ရဲ့ကံကြမ္မာ ဖြစ်သွားပြီ၊ သွားမယ်"
ဟွာချင်းစီမှာ တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးသည့်နောက် အလျင်အမြန် အသိပြန်ဝင်လာပြီး ခန်းမထဲ၌ စုဝေးနေကြသည့် ဧကရာဇ်အဆင့်ပညာရှင်များကို ဟင်းလင်းပြင်အစီအရင်သို့ ချက်ချင်း ဦးဆောင်ခေါ်သွားလေသည်။ ထက်ကောင်းကင်နန်းတော်ထဲရှိ ဟင်းလင်းပြင်အစီအရင်မှာ အတော်လေးကိုမှ ကြီးမားလှသည့်အတွက်ကြောင့် တစ်ခါလျှင် လူနှစ်ဆယ် သုံးဆယ်ကို ပို့ပေးနိုင်ပေသည်။ ရန်ကိုင် ကိုယ်တိုင် ဤနေရာတွင် ရှိနေသည့်အတွက်ကြောင့် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းဖို့ရာ အရင်းအမြစ်ကျောက်များကို မလိုအပ်နေတော့ပေ။ ရန်ကိုင်အနေဖြင့် လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်လိုက်ရုံဖြင့် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်ပေသည်။
အလင်းများ တဖျတ်ဖျတ် လက်သွားပြီးသည့်နောက် အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့ စိတ်ထဲ မည်သည့်အရာများကို တွေးနေစေကာမူ မည်သူမျှ ရန်ကိုင်အား ပြန်၍ မကန့်ကွက်ခဲ့ကြပေ။ ရန်ကိုင် ပြောသည့်အတိုင်းသာ လိုက်လုပ်ပေးနေခဲ့လေသည်။
လူအုပ်ကြီးထဲဝယ် ရိုးရှင်းစွာ ဝတ်ထားသော အမျိုးသမီးတစ်ဦးနှင့် လူအိုကြီးတစ်ဦးတို့ အတူတကွ ရပ်နေကြလေသည်။ နှစ်ဦးစလုံးမှာ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်များ ဖြစ်ကြကာ မြောက်ဘက်နယ်မြေ၏ ပထမအဆင့်အင်အားစုများ၏ ဂိုဏ်းချုပ်များ ဖြစ်ကြသည်။ ရှင်းရှင်းပြောရသော် သူတို့နှစ်ဦး၏ ဂိုဏ်းအသီးသီးသည် ထိပ်တန်းဂိုဏ်း လေးဂိုဏ်းထက် အနည်းငယ်လောက်သာ အားနည်းခြင်း ဖြစ်ပေသည်။ သူတို့ ဂိုဏ်းနှင့် ထိပ်တန်းဂိုဏ်းလေးဂိုဏ်းကြား ကွာခြားချက်ဆို၍ သူတို့ ဂိုဏ်းတွင် ဧကရာဇ်တတိယအဆင့်ပညာရှင် မရှိခြင်းနှင့် ဧကရာဇ်အဆင့်ပညာရှင် အရေအတွက် နည်းပါးနေခြင်းသာ ရှိပေသည်။ ထိုမျှလွဲ၍ သူတို့၏ အမွေအနှစ်မှာလည်း အတော်လေးကိုမှ နက်ရှိုင်းလှသည်။ လက်ရှိအချိန်အတွင်း နှစ်ဦးသားသည် အတူတကွပူးကပ်ကာ ရပ်နေရင်းမှ ကောင်းကင်စိတ်အာရုံဖြင့် တိုးတိုးတိုးတိုး ဆက်သွယ်နေခဲ့လေသည်။
အမျိုးသမီးက ပထမဦးစွာ ပြောလိုက်သည်။ "ထက်ကောင်းကင်နန်းတော်က အရမ်းလွန်လွန်းတယ်၊ ပထမဦးဆုံး ကျွန်မတို့ကို ဒီနေရာဆီ နေ့ဝက်အတွင်းလာဖို့ ပြောတယ်၊ ပြီးတော့ အခုဒီရောက်တာနဲ့ ကျွန်မတို့ သဘောတူ မတူတောင် မေးမနေတော့ဘဲနဲ့ ကျွန်မတို့ကို နတ်ဆိုးတွေနဲ့ တိုက်ခိုက်ခိုင်းတယ်၊ ဒီလို လုပ်ရပ်မျိုးကို ဘယ်လိုလုပ်ပြီး လက်ခံလို့ဖြစ်ပါ့မလဲ"
လူအိုကြီးကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်လေသည်။ "ဟုတ်တယ်၊ သူတို့ တော်တော်လွန်နေပြီ"
မကြာသေးခင်က သူတို့အားလုံးမှာ ထက်ကောင်းကင်နန်းတော်၏ ခွန်အားအောက်ဝယ် လက်လျှော့အညံ့ခံလိုက်ရသည်။ ထိုစဉ်ကတည်းက သူတို့မှာ ရန်ကိုင်အပေါ် အခဲမကျေဖြစ်နေခြင်း ဖြစ်လေသည်။ ယခုတစ်ကြိမ်တွင်လည်း ရန်ကိုင်သည် သူတို့အား ဤနေရာသို့ နေ့ဝက်အတွင်းလာရန် ပြောလာခဲ့ပြီး ဤနေရာသို့ ရောက်လာချိန်တွင် သူတို့ပင် မသိရသော တောင်ဘက်နယ်မြေမှ ပညာရှင်များကို ကယ်ဆယ်ရန်အတွက် နတ်ဆိုးများနှင့် တိုက်ခိုက်ရတော့မည်ဟု ထပ်ပြောလာခဲ့သည်။ ထိုအတွက်ကြောင့် ရန်ကိုင်အပေါ် သူတို့၏ မုန်းတီးမှုများ ပို၍ နက်ရှိုင်းလာသည်မှာ အထူးအဆန်း မဟုတ်ပေ။
အမျိုးသမီးက ဆက်၍ ပြောလိုက်သည်။ "မြောက်ဘက်နယ်မြေတစ်ခုလုံးကို ထက်ကောင်းကင်နန်းတော် ပိုင်နေတာလို့ သူထင်နေတာလား၊ အဲလိုသာဆိုရင် ကျွန်မတို့ရဲ့ အနာဂတ်တွေ ဘာဖြစ်သွားမှာလဲ"
လူအိုကြီးက ခါးသက်သက်အမူအရာဖြင့် ပြုံးလျက်... "ငါတို့ဘဝကြီးက ခက်ခဲလာမှာပေါ့၊ အခြားဘာရှိမှာမလို့လဲ"
အမျိုးသမီးသည် လူအိုကြီးကို စောင်းကြည့်လျက်... "ရှင်အခုလိုမျိုး ဘာခုခံနိုင်တဲ့စွမ်းအားမှ မရှိဘဲနဲ့ တောက်လျှောက်ကြီး ဖိနှိပ်ခံချင်နေတာလား"
လူအိုကြီး ထိတ်လန့်သွားခဲ့လေသည်။ "ခုခံဖို့၊ နင်ဘယ်လို ခုခံချင်တာလဲ၊ နင် မဟုတ်တရုတ်အတွေးတွေ လျှောက်မတွေးဖို့တော့ ငါ အကြံပေးချင်တယ်နော်၊ အခု ထက်ကောင်းကင်နန်းတော် ဘယ်လောက် အားကောင်းလဲဆိုတာကို နင်ကိုယ်တိုင် မြင်နေရပြီပဲ၊ အဲဒီမွန်းစတားဘုရင်သုံးပါးကို တွေ့တယ်မလား၊ အဲဒီတစ်ယောက်ချင်းစီက မွန်းစတားဘုရင်တွေ၊ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ယောက်လို အားကောင်းတာ၊ အဲဒီလို လူမျိုးတွေကို ငါတို့က ဘယ်လိုလုပ်ပြီး ပြန်တိုက်နိုင်မှာလဲ"
အမျိုးသမီးက အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက်... "သူ့ဘက်ကသာ တရားမျှတနေမယ်ဆိုရင် လူထုရဲ့ ထောက်ခံမှုကို ရမှာပဲ၊ တရားမျှတမှု မရှိဘူးဆိုရင်တော့ ကျွန်မတို့ မထောက်ခံတာကို လာအပြစ်ပြောနေလို့ မရဘူးလေ၊ ထက်ကောင်းကင်နန်းတော်က အခုတစ်ကြိမ် မြောက်ဘက်နယ်မြေတစ်ခုလုံးကို အတင်းအကျပ် အားသုံးပြီးတော့ သိမ်းပိုက်ထားတာ၊ ဒီတော့ သူတို့အပေါ် မကျေနပ်တဲ့ဂိုဏ်း မရှိဘဲနေမလား၊ ပြီးတော့ ဘယ်သူကများ အခြားသူတွေ ထိန်းချုပ်တဲ့ ဘဝမျိုးမှာ နေချင်မှာလဲ၊ မြောက်ဘက်နယ်မြေထဲမှာ ရှိနေတဲ့ အဓိကဂိုဏ်းတွေအကုန်လုံးသာ အတူပူးပေါင်းလိုက်မယ်ဆိုရင် ထက်ကောင်းကင်နန်းတော် ဘာဖြစ်သွားမယ်ထင်လဲ"
အကြီးအကဲက တွေးတွေးဆဆဖြင့်... "နင် အခြားသူတွေကိုပါ ခေါ်ချင်တယ်ပေါ့"
အမျိုးသမီးက ရှင်းပြလိုက်သည်။ "ဒါ ကျွန်မတို့ရဲ့ အနာဂတ်အတွက် လုပ်ရမဲ့ တစ်ခုတည်းသော နည်းလမ်းပဲလေ၊ ထက်ကောင်းကင်နန်းတော်က သူတို့အတွက် ဘာကောင်းလဲသိတယ်ဆိုရင်တော့ ပြန်ဆုတ်လိုက်ပေါ့၊ သူတို့ မဆုတ်ချင်ဘူးဆိုရင်တော့ သူတို့ခွန်အားလောက်နဲ့ မြောက်ဘက်နယ်မြေတစ်ခုလုံးကို ပြန်တိုက်နိုင်မှာလား၊ အခြားထိပ်တန်းဂိုဏ်းသုံးဂိုဏ်းက ကူညီပေးနေမယ်ဆိုရင်တောင် အပိုပဲ၊ အဓိကအချက်က ကျွန်မတို့လူတွေအကုန်လုံး စည်းလုံးလား မစည်းလုံးလားဆိုတာပဲ"
လူအိုကြီးက ခေါင်းညိတ်၍... "ဒီကိစ္စသာ ပြီးသွားရင် အကုန်လုံး အရင်ကလို အေးအေးဆေးဆေး နေနိုင်ကြတော့မှာ မဟုတ်တော့ဘူး၊ သူတို့ ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာကို သဘောပေါက်သွားလိမ့်မယ်၊ ဘယ်သူကမှ ကိုယ့်အသက်ကိုယ် အခြားသူက ထိန်းချုပ်ထားတဲ့ဘဝမျိုးမှာ နေချင်ကြတာ မဟုတ်ဘူး၊ အခြားသူတစ်ယောက်က ကိုယ့်ကို ဘာလုပ်ပါညာလုပ်ပါဆိုပြီး အမိန့်ပေးနေတဲ့ ဘဝမျိုးမှာလည်း ဘယ်သူမှ မနေချင်ကြဘူး"
"ဒါကြောင့် ဒီကိစ္စပြီးသွားရင် အခြားသူတွေကို လိုက်ပြီးတော့ မေးမြန်းကြည့်ရမယ်၊ သူတို့ဆန္ဒရှိလား မရှိလားပေါ့၊ အခွင့်အရေး ရှိမယ်ဆိုရင်တော့ အဲဒီအချိန်ကျမှ သေသေချာချာလေး ဆွေးနွေးလည်း နောက်မကျသေးဘူး"
"ကဲ အဲဒီအကြောင်းကို မပြောကြရတော့အောင်၊ အခု ငါတို့အလှည့်ရောက်နေပြီ၊ ဘယ်နေရာဆီ အပို့ခံရမလဲ အခုထိ မသိသေးဘူး"
အမျိုးသမီးနှင့် လူအိုကြီးသည် အခြားသော ဧကရာဇ်အဆင့်ပညာရှင်အချို့နှင့်အတူ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်လေသည်။ မကြာမီ သူတို့အား အလင်းရောင်များမှ လွှမ်းခြုံသွားခဲ့ပြီးသည့်နောက် နှစ်ဦးသားစလုံး၏ ခေါင်းများ စတင် မူးဝေလာကြတော့သည်။ သူတို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အဆုံးမဲ့ဟင်းလင်းပြင်ထဲ ဖြတ်သန်းသွားနေရသည့်ပမာ ခံစားလိုက်ကြရသည်။ သူတို့နှစ်ဦးစလုံး မည်မျှပင် အားကောင်းနေစေကာမူ တစ်ခေါင်းလုံး မူးဝေထွက်သွားခဲ့ပြီး အသိစိတ်ပင်လယ်မှာလည်း မငြိမ်မသက် ဖြစ်လာခဲ့ရသည်။
မူးဝေရာမှ အသိပြန်ဝင်လာချိန်တွင်တော့ သူတို့ ခန္ဓာကိုယ်တစ်ခုလုံး အလွန်ကိုမှ မသက်မသာဖြစ်နေသလို ခံစားလိုက်ကြရလေသည်။ ထိုအပြင် သူတို့၏ ခြေထောက် မြေပြင်နှင့် ထိတွေ့နေသည့် ခံစားချက်ကိုလည်း အမျိုးသမီး ခံစားနေမိလေသည်။ အမျိုးသမီး၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေပြီး သူမ၏ ခြေလက်များမှာလည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့သည်။ သို့သော်ငြား ထိုအချိန်တွင် အော်သံတစ်သံကို သူမ နားထဲ ကြားလိုက်ရလေသည်။ "အဲဒီမှာပဲ ရပ်ပြီး လမ်းပိတ်မနေနဲ့၊ မြန်မြန်ဆင်းလာခဲ့ နောက်ထပ်လာမဲ့လူတွေ ရှိသေးတယ်"
သူမအား စကားပြောနေသည့် လူမှာ မည်သူဖြစ်သလဲဆိုသည်ကို မစစ်ဆေးရသေးခင်မှာပင် အမျိုးသမီးသည် အလျင်စလို လမ်းဖယ်ပေးလိုက်လေသည်။ ထို့နောက်တွင်တော့ ကျင့်စဉ်ကို လှည့်ပတ်ရင်းမှ သူမ ခံစားနေရသည့် မသက်မသာခံစားချက်ကို ပျောက်ပြယ်သွားအောင် လုပ်လိုက်သည်။ သို့သော်ငြား သူမ၏ မျက်နှာအထက်တွင်တော့ မသင်္ကာရိပ်တို့ ရှိနေခဲ့လေသည်။
သူမသည် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် နှစ်အတော်အကြာ အသက်ရှင်လာခဲ့ရကာ ဟင်းလင်းပြင်အစီအရင်ပေါင်း များစွာကိုလည်း အသုံးပြုခဲ့ပေသေးသည်။ ယခုတစ်ကြိမ် ထက်ကောင်းကင်နန်းတော်ဆီသို့ မလာခင် ဟင်းလင်းပြင်အစီအရင်ကို သုံး၍ ထက်ကောင်းကင်နန်းတော်ဆီသို့ လာခဲ့ခြင်းဖြစ်လေသည်။ သို့သော်ငြား ထိုကဲ့သို့ ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုနေစဉ်အတောအတွင်း ယခုကဲ့သို့ မူးဝေသည့် ဒဏ်ကို မခံစားခဲ့ရပေ။ သူမ ဘဝတွင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်လာပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်ကို သုံးသည့်အခါ ယခုကဲ့သို့ မူးဝေသည့် ဒဏ်ကို ပထမဦးဆုံးအကြိမ် ခံစားရဖူးခြင်း ဖြစ်လေသည်။ ရှင်းရှင်းပြောရသော် တကယ့်တကယ်တွင် ထိုကဲ့သို့ မဖြစ်သင့်ပေ။ သူမသည် ဧကရာဇ်ဒုတိယအဆင့်ပင် မဟုတ်လေလော။ ထိုသို့ဖြစ်လေရာ ဤကဲ့သို့သော ကျင့်ကြံခြင်းဖြင့် တည်နေရာခုန်ကူးခြင်း၏ ဘေးထွက်ဆိုးကျိုးကို ဘာကြောင့်များ မခုခံနိုင်ရလေသနည်း။
မြင်ကွင်းတစ်ဖန် ပြန်လည် ကြည်လင်သွားချိန်တွင်တော့ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေရာ ရင်းနှီးနေသော မျက်နှာများနှင့် မရင်းနှီးနေသော မျက်နှာပေါင်းများစွာကို မြင်တွေ့လိုက်ရလေသည်။ ထိုလူများ၏ မျက်နှာများမှာလည်း သူမ ဤနေရာသို့ ရောက်လာစဉ်ကကဲ့သို့ပင် ဖြူဖတ်ဖြူရော် ဖြစ်နေခဲ့သည်။ အကုန်လုံးမှာ တည်နေရာခုန်ကူးခြင်း၏ ဘေးထွက်ဆိုးကျိုးကို ခံစားနေကြရသည့်ပုံပင်။ လူအိုကြီးသည်လည်း သူမ ဘေးနား၌ ရပ်နေခဲ့လေသည်။ နှစ်ဦးသား အကြည့်ချင်းဆုံသွားသည့်အခိုက် တစ်ဦး၏ မျက်လုံးထဲ တစ်ဦး နားမလည်နိုင်ဖြစ်နေသည့် အရိပ်အယောင်များကို တွေ့လိုက်ရလေသည်။
ထိုစဉ် အသံတိုးတိုးတစ်သံ ဘေးဘက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံမှာ မကျယ်လှပါသော်ငြား လူတိုင်းသည် ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်သည့်အလျောက် ထိုမျှ တိုးလျသည့် အသံမျိုးကိုပင် ကြားနိုင်ပေသည်။ ထိုအသံကို ကြားလိုက်သည့်အခိုက် အမျိုးသမီးနှင့် လူအိုကြီးတို့ နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြပြီး အခြားသော လူများ၏ အံ့အားသင့်တကြီး အော်ဟစ်သံများလည်း တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့လေသည်။ "တောင်ဘက်နယ်မြေလား"
[မဖြစ်နိုင်ဘူး၊ ဒါ တောင်ဘက်နယ်မြေကြီးလား၊ ငါတို့ အခုနကလေးတင် မြောက်ဘက်နယ်မြေက ထက်ကောင်းကင်နန်းတော်မှာ ရှိနေတာလေ၊ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဘယ်လိုလုပ်ပြီး တောင်ဘက်နယ်မြေကို ရောက်လာရတာလဲ] လူအိုကြီးနှင့် အမျိုးသမီး၏ ပထမဆုံးတုံ့ပြန်မှုမှာတော့ မယုံကြည်နိုင်မှုသာ ဖြစ်လေသည်။ သို့သော်ငြား ဘေးပတ်ဝန်းကျင်အနေအထား၊ ရာသီဥတုအနေအထားနှင့် မြေနေရာအနေအထားကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် ဤနေရာကြီးသည် မြောက်ဘက်နယ်မြေနှင့် အကြီးအကျယ် ကွဲပြားနေကြောင်းကို တွေ့ရှိလိုက်ရသည်။ ကြည့်ရသလောက် သူတို့ တောင်ဘက်နယ်မြေသို့ ရောက်နေသည့်ပုံပင်။
တည်နေရာခုန်ကူးပြီးသည့်နောက် သူတို့ ခံစားလိုက်ရသည့် ခံစားချက်နှင့်တကွ ရှေးဟောင်းမှတ်တမ်းစာအုပ်များထဲ ရေးသားထားသော မှတ်တမ်းများအကြောင်းကို ပြန်စဉ်းစားမိလိုက်သည့်နောက်တွင်တော့ အကုန်လုံး၏ စိတ်ထဲ တစ်ခုခုအား သဘောပေါက်သွားခဲ့ကြလေသည်။ ထို့နောက်တွင် အကုန်လုံးမှာ အလွန်ကိုမှ မယုံကြည်နိုင်သည့် အမူအရာမျိုးဖြင့် ဟင်းလင်းပြင်အစီအရင်သို့ တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။ တစ်ချိန်တည်း၌ သူတို့၏ မျက်လုံးများထဲ လောဘမီးတောက်တို့ လောင်မြိုက်လာခဲ့လေသည်။
[နယ်မြေခြား ဟင်းလင်းပြင်အစီအရင်လား]
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၅၉)
ဘာသာပြန်သူ_တိမ်တိုက်
မြောက်ဘက်နယ်မြေမှ တောင်ဘက်နယ်မြေသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာဖို့ရာ မဖြစ်နိုင်ပေ။ နယ်မြေခြားဟင်းလင်းပြင်အစီအရင်နှင့်သာ ဖြစ်နိုင်ပေသည်။ သို့သော်ငြား ထိုကဲ့သို့သော အရာမျိုးသည် ကြယ်တာရာအစုအဝေး တစ်ခုလုံးတွင်ပင်လျှင် အလွန်ကိုမှ ရှားပါးလှသည့် အရာများ ဖြစ်ကြသည်။ မဟာဧကရာဇ်များ တည်ထောင်ထားသော ဂိုဏ်းအချို့သည်သာ ထိုကဲ့သို့သော ဟင်းလင်းပြင်အစီအရင်များကို ပိုင်ဆိုင်ထားနိုင်ကြပြီး ထိုအရာများသည်ပင်လျှင် ရှေးခေတ်မှ ကျန်ရစ်ခဲ့သော အမွေအနှစ်များ ဖြစ်ကြပေသည်။ ထိုအမွေအနှစ်များ အသုံးပြု၍ ရသေးလား မရတော့ဘူးလားဆိုသည်ကိုမူ မည်သူမျှ မသိကြချေ။
အမျိုးသမီးနှင့် လူအိုကြီးမှာတော့ ထိုအကြောင်းကို တစ်ခါမျှ မတွေးခဲ့ဖူး။ သို့သော်ငြား ဘေးနားမှ လူများ ပြောနေသည်ကို နားထောင်ရင်း သူတို့အထင် မှန်သည်ဟု တဖြည်းဖြည်း ယုံကြည်လာကြတော့သည်။
[ငါတို့ နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကြီးကို တကယ်ကြီး အသုံးပြုလိုက်တာလား] တွေးလေတွေးလေ ပို၍ဖြစ်နိုင်သည်ဟု ခံစားလာရလေပင်။ နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို အသုံးပြုမှသာလျှင် ဤမျှ ဆိုးရွားလှသော တည်နေရာခုန်ကူးခြင်း ဘေးထွက်ဆိုးကျိုးကို ခံစားရပေလိမ့်မည်။ တကယ်တော့ သူတို့သည် မျက်စိတစ်မှိတ်အတွင်း မိုင်သန်းပေါင်းရာနှင့်ချီစွာ ဝေးကွာသော အကွာအဝေးကို ဖြတ်ကျော်လာခဲ့သည် မဟုတ်ပေလော။ ဤကဲ့သို့သော တည်နေရာခုန်ကူးခြင်းသည် သူတို့ ယခင်က ကြုံခဲ့ဖူးသော တည်နေရာခုန်ကူးခြင်းနှင့် လုံးဝကို မတူပေ။
ထက်ကောင်းကင်နန်းတော်သည် ဤကဲ့သို့သော နယ်မြေခြားဟင်းလင်းပြင်အစီအရင်မျိုးကို မည်သည့်နေရာမှ ရလာလေသနည်း။ လက်ရှိအချိန်တွင် ထက်ကောင်းကင်နန်းတော်သည် ယခင်က ရမ္မက်လျှာဂိုဏ်း ပိုင်ဆိုင်ခဲ့သော နေရာတွင် ဂိုဏ်းကို တည်ထောင်ထားခဲ့ခြင်း ဖြစ်ပေသည်။ မြောက်ဘက်နယ်မြေထဲတွင် ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်အများစုမှာ ရမ္မက်လျှာဂိုဏ်းသို့ အနည်းဆုံး တစ်ကြိမ်လောက်တော့ ရောက်ဖူးပေသည်။ သူတို့ကိုယ်တိုင်သည်လည်း ရမ္မက်လျှာဂိုဏ်းအကြောင်းကို နားလည်ကာ ရမ္မက်လျှာဂိုဏ်းတွင် ဤကဲ့သို့သော နယ်မြေခြားဟင်းလင်းပြင်အစီအရင် မရှိမှန်း သိကြပေသည်။
ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်သော ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်သည်ဟူသော ကောလာဟလများ ရှိကြပေသည်။ ကြည့်ရသလောက် ရန်ကိုင်သည် နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကိုပင်လျှင် ခင်းကျင်းနိုင်သည့်ပုံပင်။
အမျိုးသမီးနှင့် လူအိုကြီးတို့မှာ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ ဘေးနားဆီမှ ထွက်ပေါ်နေသော တီးတိုးပြောသံများမှာ တဖြည်းဖြည်းနှင့် ပိုပို၍ ကျယ်လောင်လာခဲ့လေသည်။ တောင်ဘက်နယ်မြေဟူသော စကားလုံးအရေအတွက်မှာလည်း ပိုပို၍ အကြိမ်ဖန်ထပ်လာခဲ့သည်။ အချို့လူများမှာ မယုံကြည်နိုင်ဖြစ်နေကြချိန် ကျန်လူများမှာတော့ လူအိုကြီးနှင့် အမျိုးသမီးကဲ့သို့ပင် နယ်မြေခြားဟင်းလင်းပြင်အစီအရင်အား မီးတောက်လုမတတ်အကြည့်ဖြင့် ကြည့်နေခဲ့လေသည်။
ဤအရာကြီးသာ နယ်မြေခြားဟင်းလင်းပြင်အစီအရင် ဖြစ်နေမည်ဆိုလျှင် အဖိုးတန်လွန်းလှသည့် ရတနာကြီးတစ်ခု ဖြစ်သွားခဲ့လေပြီ။ မြောက်ဘက်နယ်မြေနှစ်ခုကြား ဒေသထွက်ပစ္စည်းများကိုလည်း လဲလှယ်ရောင်းချခြင်းအားဖြင့် မြောက်မြားလှစွာသော အကျိုးအမြတ်များ ရနိုင်သည်ကို ရန်ကိုင်မှ မြင်နိုင်ခဲ့သလို ဤမြေခွေးအိုကြီးများကလည်း မြင်နိုင်ပေသည်။ ဤကဲ့သို့သော နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို ပိုင်ဆိုင်ထားသည့် မည်သည့် ဂိုဏ်းမဆို လျင်မြန်စွာ တိုးတက်လာနိုင်ပေလိမ့်မည်။
အမျိုးသမီးမှာ ဤအကြောင်းကို မေးမြန်းရန်အလို့ငှာ ထက်ကောင်းကင်နန်းတော်မှ တစ်စုံတစ်ဦးကို တွေ့လိုတွေ့ငြား လှည့်ပတ်၍ ကြည့်လိုက်သည်။ သို့သော်ငြား ပတ်ဝန်းကျင်ကို ဝေ့ကြည့်မိလိုက်သည့်အခိုက် သူမ၏ အကြည့်မှာ လုံးဝကို တောင့်တောင့်တင်းတင်းကြီး ဖြစ်သွားခဲ့ရလေသည်။
လူအိုကြီးမှာတော့ နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို မြင်တွေ့သွားပြီးသည့်နောက် ထိတ်လန့်ရာမှ အသိပြန်မဝင်လာနိုင်သေးပေ။ သို့သော်ငြား အမျိုးသမီး၏ အမူအရာကို မြင်လိုက်သည့်အခိုက် အံ့အားသင့်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းမေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ"
အမျိုးသမီးမှာ ဘာမျှ ပြန်မပြော။ သူမ ကြည့်နေရာ အရပ်ဆီသို့သာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ ထိုအကြောင်းကြောင့် လူအိုကြီးမှာလည်း ဇဝေဇဝါအမူအရာဖြင့် အမျိုးသမီးကြည့်နေရာ ဘက်သို့ လိုက်ငေးကြည့်လိုက်ရာ လုံးဝကို ကြောင်သွားခဲ့ရလေသည်။ သူတို့ ကြည့်နေရာအရပ်၌ မီတာပေါင်းများစွာ မြင့်မားသော ကျောက်တုံးလူသားကိုးဦး ရှိနေခဲ့လေသည်။ ၎င်းတို့၏ ထောင့်ကျကျ ခန္ဓာကိုယ်များသည် အလွန်ကိုမှ ဟိတ်ဟန်ကောင်းလွန်းလှပေသည်။ ကျောက်တုံးများကို စုပုံထပ်ကာရာမှ ဖြစ်ပေါ်လာသယောင် ထင်မှတ်ရသော ၎င်းတို့၏ ကျောက်တုံးခန္ဓာကိုယ်ကြီးမှာလည်း အလွန်တရာကိုမှ အားကောင်းလှသည့် စွမ်းအားများဖြင့် ပြည့်နေသယောင်ယောင်။
[ဒါ ဒါ ဒဏ္ဍာရီလာ ကျောက်တုံးဝိညာဉ်ကလန် မဟုတ်ဘူးလား၊ ပြောတော့ သူတို့တွေက မျိုးသုဥ်းသွားပြီဆို၊ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ဒီကိုရောက်နေရတာလဲ] ကျောက်တုံးဝိညာဉ်ကလန် သက်သက်သာဆိုလျှင်တော့ ကိစ္စမရှိသေး။ သို့သော်ငြား ကျောက်တုံးဝိညာဉ်ကလန်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသူများမှာလည်း အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် လူများ ဖြစ်နေကြသည်။ ထိုလူအုပ်ကြီး၏ အရေအတွက်မှာ များများစားစားမရှိလှ။ သုံးဆယ်လောက်သာ ရှိပေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုလူတစ်ဦးတစ်ယောက်ချင်းစီမှ ဖြာထွက်နေသည့် မွန်းစတားချီသည် အလွန်ကိုမှ အားကောင်းလှသလို ကြောက်မက်ဖွယ်လည်း ကောင်းလွန်းလှပေသည်။
အမျိုးသမီးနှင့် လူအိုကြီးတို့မှာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်ပေါ်တွင်သာ အာရုံရောက်နေခဲ့သည့်အတွက်ကြောင့် အားကောင်းလှသည့် မွန်းစတားချီများကို ယခုအချိန်မတိုင်ခင်အထိ သတိပြုမိခဲ့ခြင်း မရှိပေ။ ယခု သေသေချာချာ လေ့လာကြည့်လိုက်သည့်နောက်တွင်တော့ ထိုလူအားလုံးသည် မွန်းစတားမျိုးနွယ်စု၏ မွန်းစတားဘုရင်များဖြစ်ကြောင်း တွေ့ရှိသွားခဲ့ရကာ နှစ်ဦးစလုံး၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားရတော့လေသည်။
ထိုမွန်းစတားမျိုးနွယ်စုအုပ်ကြီးထဲ ထက်ကောင်းကင်နန်းတော်မှ မွန်းစတားဘုရင်သုံးပါး ထိုလူများနှင့် ရယ်ရယ်မောမော စကားပြောနေသည်ကို အမျိုးသမီးနှင့် အကြီးအကဲတို့ မြင်နေရလေသည်။ ထိုအချက်ကို ကြည့်ရုံနှင့်ပင်လျှင် ထိုလူအုပ်ကြီးမှာ မွန်းစတားဘုရင်များဖြစ်ကြောင်းကို သိနိုင်ပေလိမ့်မည်။ အကုန်လုံးကို စုပေါင်း၍ ရေတွက်လိုက်မည်ဆိုလျှင် စုစုပေါင်း မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါး ရှိပေသည်။
တစ်နည်းဆိုရသော် ဤနေရာ၌ မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါး ရှိနေ၏။ ဤကဲ့သို့သော အင်အားစုမျိုးသည် မည်ကဲ့သို့သော အင်အားစုမျိုးများ ဖြစ်လေသနည်း။ ထိပ်တန်းဂိုဏ်းအများစုတွင်ပင်လျှင် ဧကရာဇ်တတိယအဆင့်ပညာရှင် တစ်ဦးလောက်သာ ရှိကြသည်။ ဥပမာပြောရသော် မီးနဂါးနန်းတော်တွင် လီကျောက် သာရှိပြီး အာကာယံကောင်းကင်ဂိုဏ်းတွင်လည်း မီချီသာ ရှိပေသည်။ အလားတူပင် ရေခဲနှလုံးသားတောင်ကြား၌ ပင်းယင် သာရှိလေ၏။ ရမ္မက်လျှာဂိုဏ်းသည်ပင်လျှင် မဖျက်ဆီးခံခဲ့ရစဉ်က ဧကရာဇ်တတိယအဆင့်ပညာရှင် နှစ်ဦးကိုသာ ပိုင်ဆိုင်ထားခဲ့သည်။
ထိုအကြောင်းကြောင့် လက်ရှိ သူတို့အရှေ့တွင် ရှိနေသော မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးဟူသည့် အင်အားစုကြီးမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းလှနေလေသည်။ ရှင်းရှင်းပြောရသော် ဤနေရာ၌ စုဝေးနေကြသော မြောက်ဘက်နယ်မြေမှ ဧကရာဇ်အဆင့်ပညာရှင် အနှစ်ရာကျော်စလုံး အတူပူးပေါင်း၍ ထိုမွန်းစတားဘုရင်အုပ်ကို သွားတိုက်ခိုက်မည်ဆိုလျှင်ပင် နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့အနေဖြင့် မွန်းစတားဘုရင်အုပ်ကြီးအား ယှဉ်ပြိုင်တိုက်ခိုက်လိုပါက သူတို့အားလုံး လုံးဝကို စည်းစနစ်ကျကျ ပူးပေါင်း၍ တစ်ဦးကိုတစ်ဦး ယုံကြည်နေမှသာ ရပေလိမ့်မည်။
[ဒါ ထက်ကောင်းကင်နန်းတော်သခင် ခေါ်ထားတဲ့ စစ်ကူတွေလား၊ ဒီမွန်းစတားဘုရင်အုပ်ကြီးက ဘယ်ကနေ ပေါ်လာတာလဲ]
ဂလု။
လူပေါင်းများစွာဆီမှ စိုးရိမ်တကြီး တံတွေးမျိုချသံများ ထွက်ပေါ်လာခဲ့လေသည်။ နောက်ဆုံးတွင်တော့ အကုန်လုံး၏ အာရုံမှာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် မွန်းစတားဘုရင်များဆီသို့ ရောက်သွားခဲ့လေသည်။
မွန်းစတားဘုရင်များသည်လည်း သူတို့အား လူပေါင်းများစွာ ကြည့်နေသည်ကို သတိပြုမိလိုက်သည့်အလား မြောက်ဘက်နယ်မြေမှ လူများဆီသို့ ပြန်လှည့်ကာ ပြုံးဖြီးလိုက်ကြလေသည်။ သူတို့ဆီမှ ထွက်ပေါ်နေသည့် မွန်းစတားချီသည် ယခင်ကထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့လေရာ မြောက်ဘက်နယ်မြေမှ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ အတော်လေးကိုမှ ကြောက်ရွံ့သွားကုန်ကြလေသည်။ မွန်းစတားဘုရင်များ ရုတ်တရက် စိတ်လွတ်ပြီး သူတို့အား ထတိုက်ခိုက်မည်ကို စိုးရိမ်နေကြခြင်းပင် ဖြစ်လေသည်။
အမျိုးသမီးမှာ သူမ ယခင်က ကြားခဲ့ဖူးသော အကြောင်းအရာတစ်ခုကို ရုတ်တရက် ပြန်စဉ်းစားမိသွားခဲ့ပြီး မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါး၏ အရှေ့တွင် ရပ်နေသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို လှမ်းကြည့်လိုက်ရင်းမှ လူအိုကြီးအား ကောင်းကင်စိတ်အာရုံဖြင့် တိုးတိုးလေးမေးလိုက်လေသည်။ "မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါး၊ အဲဒီအရေအတွက်ကို ကြားတော့ ရှင်တစ်ခုခုကို မစဉ်းစားမိဘူးလား"
"ဘာကို စဉ်းစားမိရမှာလဲ" လူအိုကြီးက ပြန်၍ မေးလိုက်သည်။
"ကျွန်မကြားတာတော့ အရှေ့ဘက်နယ်မြေထဲမှာ ရှေးဟောင်းတောအုပ်ကြီးဆိုတဲ့ နေရာတစ်ခုရှိတယ်တဲ့၊ အထဲမှာရှိနေတဲ့ အရိုင်းစွမ်းအားက နှစ်ပေါင်းသိန်းနှင့်ချီသွားတာတောင် ဘာမှပြောင်းလဲသွားခြင်းမရှိဘူးတဲ့၊ ပြီးတော့ အဲဒီနေရာကို အုပ်ချုပ်နေတာက နတ်အရှင်လေးပါး၊ အဲဒီနတ်အရှင်လေးပါး တစ်ယောက်ချင်းစီရဲ့လက်အောက်မှာ အားကောင်းတဲ့ မွန်းစတားဘုရင် ရှစ်ပါးစီရှိတယ်"
ထိုစကားကို ကြားသော် အကြီးအကဲစိတ်တစ်ခုလုံး ဗလာကျင်းသွားခဲ့လေသည်။ "နတ်အရှင်လေးပါး တစ်ယောက်ချင်းစီရဲ့လက်အောက်မှာ မွန်းစတားဘုရင် ရှစ်ပါးစီရှိတယ်" [အဲဒီမွန်းစတားဘုရင် အရေအတွက်က ဒီမှာရှိနေတဲ့ မွန်းစတားဘုရင်အရေအတွက်နဲ့ အတူတူပဲ မဟုတ်ဘူးလား] သူကိုယ်တိုင်သည်လည်း ထိုကောလာဟလအကြောင်းကို ကြားဖူးပေသည်။ သို့သော်ငြား ကောလာဟလများသည် ကောလာဟလများသာဖြစ်ကြပြီး လူကိုယ်တိုင် မမြင်ရပါက မည်သူမျှ ယုံရဲကြလိမ့်မည် မဟုတ်ပေ။ ရှေးဟောင်းတောအုပ်ကြီးထဲတွင် မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါး ရှိသလို လက်ရှိ ဤနေရာတွင်လည်း မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါး ရှိနေခဲ့လေသည်။
အကြီးအကဲက ဖြူဖတ်ဖြူရော် မျက်နှာဖြင့် ရေရွတ်လိုက်လေ၏။ "နင်ပြောချင်တာက သူတို့တွေက ရှေးဟောင်းတောအုပ်ကြီးကပေါ့ ဟုတ်လား၊ ဒါပေမဲ့ ရှေးဟောင်းတောအုပ်ကြီးက အရှေ့ဘက်နယ်မြေမှာ ရှိနေတာလေ"
အမျိုးသမီးက ပြန်ပြောလိုက်သည်။ "အရှေ့ဘက်နယ်မြေမှာရှိတော့ရော ဘာဖြစ်လဲ၊ ကျွန်မတို့ အခုလေးတင် မြောက်ဘက်နယ်မြေကနေ လာခဲ့တာ မဟုတ်ဘူးလား၊ လက်စသတ်တော့ ထက်ကောင်းကင်နန်းတော်က မွန်းစတားဘုရင်သုံးပါးကလည်း ရှေးဟောင်းတောအုပ်ကြီးဆီကနေ ဖြစ်နေတာကိုး"
ယင်ဖေး၊ ရှဲ့ဝူဝေနှင့် ရှီလဲ့တို့ ထက်ကောင်းကင်နန်းတော်တွင် ရှိနေသည့်အကြောင်းမှာ လျှို့ဝှက်ချက် မဟုတ်တော့ချေ။ သို့သော်ငြား မြောက်ဘက်နယ်မြေမှ လူများ နားမလည်သည်မှာ ရန်ကိုင်မှ ထိုမွန်းစတားဘုရင်သုံးပါးကို သူ၏ လက်အောက်သို့ မည်ကဲ့သို့ ခေါ်သိမ်းခဲ့သလဲဆိုသည်ကိုပင်။ ယခုမှသာလျှင် သူတို့အား နှစ်အတန်ကြာအောင် ဇဝေဇဝါဖြစ်နေစေခဲ့သည့် မေးခွန်း၏ အဖြေကို သဘောပေါက်သွားရတော့သည်။
"အဲဒါဆို ယုတ္တိရှိသွားပြီ၊ မျိုးသုဥ်းသွားပြီလို့ ကောလာဟလထွက်နေတဲ့ ကျောက်တုံးဝိညာဉ်တွေကလည်း ရှေးဟောင်းတောအုပ်ကြီးက လာတာပဲ ဖြစ်ရလိမ့်မယ်" အကြီးအကဲက ခေါင်းတညိတ်ညိတ် လုပ်လိုက်လေသည်။ ထို့နောက် အထိတ်တလန့်အမူအရာဖြင့် ပြန်၍ မေးလိုက်လေသည်။ "ဒီကျောက်တုံးဝိညာဉ်တွေနဲ့ မွန်းစတားဘုရင်တွေက ရှေးဟောင်းတောအုပ်ကြီးက လာတာဆိုရင် ဒါဆို သူတို့အရှေ့မှာ ရပ်နေတဲ့သုံးယောက်က ဘယ်သူလဲ"
အမျိုးသမီးသည် လူအိုကြီးဘက်သို့ ခက်ခက်ခဲခဲဖြင့် လှည့်လာလျက် အတန်ကြာအောင် စဉ်းစားနေပြီးသည့်နောက် တိုးတိုးလေး ပြန်ပြောလိုက်လေသည်။ "နတ်သားရဲတွေ"
အကြီးအကဲ ချက်ချင်း ခေါင်းငုံ့သွားခဲ့လေသည်။ ထို့နောက် တိုးတိုးလေး ပြန်၍ ပြောလိုက်၏။ "ကြည့်ရတာ ခုနတုန်းက ငါတို့ပြောခဲ့တဲ့စကားကို သေသေချာချာ ပြန်စဉ်းစားရတော့မယ်နဲ့တူတယ်၊ ငါတို့ တစ်ခုခုမလုပ်ခင် သေသေချာချာ ဆုံးဖြတ်မှဖြစ်မယ်"
မူလကမူ မြောက်ဘက်နယ်မြေထဲရှိ အခြားသော ဧကရာဇ်အဆင့်ပညာရှင်များကို စည်းရုံး၍ ထက်ကောင်းကင်နန်းတော်အား တော်လှန်ပုန်ကန်ချင်ခဲ့သည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ရန်ကိုင် မည်ကဲ့သို့သော အင်အားစုများအား ခေါ်ထုတ်နိုင်သလဲဆိုသည်ကို မြင်နေရလေပြီ။ ရန်ကိုင်မှ ခေါ်ထုတ်နိုင်သည့် အင်အားစုများထဲ ကျောက်တုံးဝိညာဉ်များ၊ မွန်းစတားဘုရင်များနှင့် နတ်အရှင်များသည်ပင်လျှင် ပါနေလေရာ မည်သူကများ သူ့အား ဆန့်ကျင်ရဲပါတော့မည်နည်း။
ထိုပညာရှင်များသည် အရှေ့ဘက်နယ်မြေတွင် နေနေကြသည့် လူများ ဖြစ်ကြပါသော်ငြား နယ်မြေခြားဟင်းလင်းပြင်အစီအရင်များ ရှိနေပြီ ဖြစ်လေရာ အရှေ့ဘက်နယ်မြေမှ မြောက်ဘက်နယ်မြေသို့ လာဖို့ဆိုသည်မှာ ပန်းခြံထဲ လမ်းလျှောက်ထွက်ရသည့်ပမာ လွယ်ကူလှပေသည်။ ထိုပညာရှင်အားလုံး ဤနေရာသို့ ရောက်နေသည်ကို ကြည့်ပါက အရှေ့ဘက်နယ်မြေတွင်လည်း နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေသည့်အတွက်ကြောင့်သာလျှင် ဖြစ်ရပေလိမ့်မည်။ သူတို့သည်သာ ထက်ကောင်းကင်နန်းတော်အား သွားရန်စမိလိုက်၍ ထိုမွန်းစတားအုပ်ကြီးအား မြောက်ဘက်နယ်မြေထဲသို့ စစ်ချီတက်လာစေလိုက်မည်ဆိုလျှင် သူတို့အကုန် ပူးပေါင်းတိုက်ခိုက်သည့်တိုင် မည်သို့မျှ ယှဉ်ပြိုင်နိုင်ကြတော့လိမ့်မည် မဟုတ်ပေ။ ထိုအပြင် သူတို့ဘက်မှ အတူပူးပေါင်းတိုက်ခိုက်သည့်တိုင် သူတို့အားလုံးသည် တစ်ဦးနှင့်တစ်ဦး စည်းလုံးမှုမရှိသည်ဟူသော အချက်ကိုလည်း ထည့်တွက်ရပေဦးမည်။
အမျိုးသမီးကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါတို့မြောက်ဘက်နယ်မြေမှာ ခေါင်းဆောင်တစ်ယောက်ရှိတာလည်း မဆိုးတော့မဆိုးပါဘူး၊ ဒီအတိုင်း ကိုယ့်ဘာသာကိုယ် တပြန့်တကြဲ ရှိနေတာထက် တစ်ယောက်နဲ့တစ်ယောက် ပိုပြီး စည်းစည်းလုံးလုံး ဖြစ်သွားတာပေါ့"
ထိုစကားများသည် သူမကိုယ်သူမ နှစ်သိမ့်ပေးနေသည့် စကားများသာ ဖြစ်ကြပေသည်။ မြောက်ဘက်နယ်မြေမှ ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ရာကျော် ဤနေရာ၌ စုဝေးနေကြလေသည်။ ထိုအပြင် ထိုလူအားလုံးသည် နှစ်ပေါင်းများစွာ အသက်ရှင်လာကြသည့် လူများ ဖြစ်ကြပေသည်။ ထိုအတွက်ကြောင့် အမျိုးသမီးနှင့် လူအိုကြီးသည်ပင်လျှင် ကျောက်တုံးဝိညာဉ်များနှင့် မွန်းစတားဘုရင်များ၏ ဇစ်မြစ်ကို မြင်နိုင်ခဲ့လေရာ ထိုလူများကလည်း မည်ကဲ့သို့များ မမြင်နိုင်ဘဲ နေပါမည်နည်း။
မွန်းစတားဘုရင်များနှင့် နတ်သားရဲများသည်ပင်လျှင် ထိုနေရာ၌ ငြိမ်သက်စွာ ရပ်နေကြသည်ကို မြင်သော် အခြားသူများမှာလည်း အထွန့်မတက်ရဲကြတော့ဘဲ ခေါင်းငုံ့၍ ခြေထောက်ကို ငုံ့ကြည့်နေရင်းဖြင့်သာ ငြိမ်ငြိမ်လေး ရပ်နေလိုက်ကြတော့သည်။
မီချီမှာလည်း လက်ရှိအခြေအနေကို သဘောပေါက်လိုက်ပြီးသည့်နောက် သူ့စိတ်ထဲ စိတ်ခံစားချက်မျိုးစုံ ထွက်ပေါ်လာခဲ့လေသည်။ အထူးသဖြင့် သူ့စိတ်ထဲ ရန်ကိုင်နှင့် အပြည့်အဝ ရန်မဖြစ်ခဲ့သည့်အပေါ် ကြိတ်ကာ ဝမ်းသာနေမိလေသည်။ ရန်ကိုင်နှင့်သာ တကယ်ကြီး တိုက်ခိုက်ခဲ့မည်ဆိုလျှင်တော့ အာကာယံကောင်းကင်ဂိုဏ်း အစအနပင် ကျန်တော့လိမ့်မည် မဟုတ်ပေ။ သူကိုယ်တိုင်သည်လည်း မည်ကဲ့သို့ သေလို့သေသွားရမှန်းမသိ သေသွားရပေလိမ့်မည်။
လီကျောက်ကမူ အခြားသူများနှင့် ယှဉ်လိုက်သော် လုံးဝကို တည်ငြိမ်နေလေသည်။ သူကိုယ်တိုင်သည် ရန်ကိုင်နှင့်အတူ နဂါးကျွန်းပေါ်တွင် သွားသောင်းကျန်းခဲ့ဖူးသူတစ်ဦး ဖြစ်သည်။ ထိုအပြင် ရန်ကိုင်နှင့် နဂါးမလေးအကြား ဆက်ဆံရေးကိုလည်း သိထားပေသည်။ ရန်ကိုင်၏ နည်းလမ်းနှင့် ဂုဏ်သတင်းအပေါ် သူ့ခမျာ အနည်းငယ် အံ့အားသင့်ရပါသော်ငြား အခြားသူများထက်တော့ ပို၍ တည်ငြိမ်နေပေသည်။ [ရန်ကိုင်သာ နဂါးကျွန်းက နဂါးကလန်ကို ခေါ်လိုက်ရင် ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းသွားမှာ]
ကံမကောင်းစွာဖြင့် နဂါးကျွန်းနှင့် ရန်ကိုင်အကြားရှိ ဆက်ဆံရေးကို သူ့ခမျာ သေသေချာချာ မသိရသေးပေ။ ယခင်အဖြစ်အပျက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် နဂါးကျွန်း၏ အကြီးမားဆုံးသော ရန်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။ သို့သော်ငြား အရေးကြီးဆုံးကိစ္စမှာ ရန်ကိုင်သည် နဂါးမလေးတစ်ကောင်နှင့် လက်ထပ်ထားခြင်းပင်။
အကုန်လုံး ထိတ်လန့်တုန်လှုပ်နေစဉ် ရန်ကိုင်သည် နောက်ဆုံးအသုတ်ကို ခေါ်၍ ဟင်းလင်းပြင်အစီအရင်၌ ပြန်ပေါ်လာခဲ့လေသည်။ လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် အကုန်လုံး၏ အာရုံ သူ့အပေါ်သို့ ရောက်ရှိလာချိန် ရန်ကိုင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ "ဒါက တောင်ဘက်နယ်မြေပဲ၊ ရှေးဟောင်းကျောင်းတော်က ဒီနေရာနဲ့ မလှမ်းမကမ်းမှာရှိနေတာ၊ အခုအချိန်ကစပြီးတော့ ခင်ဗျားတို့အားလုံး အတူပူးပေါင်းပြီးတော့ နတ်ဆိုးတွေကို ပြေးမလွတ်အောင် တားဆီးပေးဖို့ ကျုပ်ခင်ဗျားတို့ဆီကနေ အကူအညီတောင်းရမယ်၊ ပထမဦးဆုံးအနေနဲ့က ခင်ဗျားတို့ကိုယ်ခင်ဗျားတို့သာ အကောင်းဆုံးကာကွယ်၊ နတ်ဆိုးချီကူးစက်တာမျိုး လုံးဝမခံရစေနဲ့၊ ဒုတိယအချက်ကတော့ နတ်ဆိုးချီကူးစက်ထားတဲ့လူတွေကို ဖမ်းပေး၊ ဖြစ်နိုင်ရင် သူတို့ကို မသတ်ဘဲထားထား၊ သတ်မယ်ဆိုရင်တောင် များများစားစား မသတ်မိအောင်တော့ ထိန်းပေး"
"သတ်လို့မရဘူးလား" လူအုပ်ကြီးတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့လေသည်။
ဖန်းဝူသည်ပင်လျှင် မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။ "အဲဒီလူတွေ အကုန်လုံး နတ်ဆိုးအသွင်ပြောင်းနေပြီကို ဘာလို့ သူတို့အသက်ကို ချမ်းသာပေးနေရဦးမှာလဲ" သူတို့သည်သာ ရန်သူများကို မသတ်ပစ်နိုင်ပါက အသက်ရှင်လျက် ဖမ်းရုံသာ ရှိပေတော့သည်။ ဤနေရာတွင် ရှိနေသည့် လူအားလုံးမှာ အတော်လေးကိုမှ အားကောင်းကြလိမ့်မည် ဖြစ်ပါသော်ငြား ရန်သူတစ်ဦးအား အသက်ရှင်လျက် ဖမ်းရခြင်းသည် သတ်ပစ်ခြင်းထက် အများကြီးပို၍ ပြဿနာများပေသည်။ ထိုအပြင် ထိုလူများကို ဖမ်း၍ရော ဘာများ အကျိုးရှိပါဦးမည်နည်း။ လူတစ်ဦးမှာ နတ်ဆိုးအသွင်သို့ ပြောင်းဖို့ရာ လွယ်ပါသော်ငြား နတ်ဆိုးအသွင်ပြောင်းထားသည့် လူကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ကုသပေးဖို့ရာမှာ မလွယ်ကူလှပေ။ သူ့အမြင်အရဆိုလျှင် နတ်ဆိုးချီကူးစက်ထားခြင်းခံရသော လူများကို အသက်ရှင်လျက် ဖမ်းနေစရာ လိုကိုမလိုပေ။
"ကျုပ်အကြောင်းနဲ့ကျုပ် ရှိပြီးသား၊ ဒါပေါ့ ရွေးချယ်စရာမရှိတော့ရင်တော့ ဒီအတိုင်းပဲ လွှတ်ပေးလိုက်မဲ့အစား သတ်ပဲသတ်ပစ်လိုက်ပေါ့" ရန်ကိုင်က အလေးအနက်အမူအရာဖြင့်... "ခင်ဗျားတို့ နားလည်တယ်မလား"
"နားလည်ပါပြီ" မြောက်ဘက်နယ်မြေမှ ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ရာကျော်စလုံး သံပြိုင်အော်ဟစ်လိုက်ကြလေသည်။ မည်သူမျှ ရန်ကိုင်အပေါ် မလေးမစား မလုပ်ရဲကြတော့ပေ။ တကယ်တော့ ဤနေရာတွင် သူတို့နှင့်အတူ အားကောင်းလွန်းလှသည့် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးနှင့် နတ်အရှင်သုံးပါးတို့ပင် ရှိနေကြသည် မဟုတ်ပေလော။
"အခုကစပြီး ကျုပ်ပြောတဲ့အတိုင်း ရှေးဟောင်းကျောင်းတော်ကို ဝိုင်းမယ်" ထို့နောက်တွင် သူ့လက်ကို ဝှေ့ယမ်းလျက် ရန်ကိုင်သည် အရှေ့မှ ဦးဆောင်ကာ ရှေးဟောင်းကျောင်းတော် ရှိရာဆီသို့ ပျံသန်းသွားလေသည်။ "သွားကြရအောင်"
လူအုပ်ကြီးမှာ ရန်ကိုင် အနောက်မှ အနီးကပ် လိုက်လာခဲ့လေသည်။ တစ်ခဏအကြာ၌ ပန်းကန်လုံးတစ်လုံးအား မှောက်ခုံလှန်ထားသည့် ပုံစံမျိုးဖြင့် ဖြစ်နေသော အလင်းအကာအရံတစ်ခု ရန်ကိုင်တို့၏ မြင်ကွင်းထဲ ပေါ်လာခဲ့လေသည်။ ထိုအရာမှာ ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်သာ ဖြစ်လေသည်။ ရှေးဟောင်းကျောင်းတော်ဆီသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ဘယ်ဘက်နှင့် ညာဘက် နှစ်ခုစလုံးကို အချက်ပြလိုက်သည်။ သူနှင့်အတူ ပါလာသည့် ဧကရာဇ်အဆင့် အယောက်နှစ်ရာကျော်မှာလည်း ချက်ချင်း နှစ်သုတ်ခွဲသွားကြပြီး ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်အား ဘက်ပေါင်းစုံမှ အစီအစဉ်တကျ ဝိုင်းလိုက်ကြလေသည်။ ထိုသို့ဖြင့် တစ်ဆယ့်ငါးမိနစ်ခန့်အတွင်းမှာပင် အကုန်လုံးမှာ ရှေးဟောင်းကျောင်းတော်ကြီးအား အပြည့်အဝ ဝိုင်းလို့ ပြီးသွားခဲ့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၆၀)
ဘာသာပြန်သူ_တိမ်တိုက်
ရှေးဟောင်းကျောင်းတော်ထဲ နတ်ဆိုးချီတို့ဖြင့် လွှမ်းခြုံနေသော လဲ့ကုမှာ ရန်ကိုင်လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း သတင်းရလိုက်လေသည်။ သူ့အား လာရောက်အစီအရင်ခံသတင်းတင်ပြသည့် နတ်ဆိုးကိုကြည့်၍ မေးလိုက်လေ၏။ “မင်း သေချာလား…”
ထိုနတ်ဆိုးက ဦးညွှတ်၍ “လုံးဝသေချာပါတယ်ဆရာ… လူအယောက်နှစ်ရာကျော် ရှိနေတာပါ… တစ်ယောက်ချင်းစီ ဧကရာဇ်အဆင့်မှာပါ…” ထိုနတ်ဆိုးသည် ရှေးဟောင်းကျောင်းတော်၏ဝတ်ရုံကို ဝတ်ဆင်ထားပေသည်။ ထို့အပြင် ဧကရာဇ်ပထမအဆင့်ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်ထားသေး၏။ ကြည့်ရသလောက် ဤနတ်ဆိုးမှာ ရှေးဟောင်းကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သည့်ပုံပင်။ သို့သော်ငြား လက်ရှိအချိန်၌ ဤအကြီးအကဲသည် နတ်ဆိုးဝိဉာဉ်တစ်ကောင်၏ ဝင်စီးခြင်း ခံထားရလေသည်။
လဲ့ကု၏မျက်လုံးထဲ အလင်းရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်လေ၏။ “ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးဖြစ်ရတာလဲ…”
တောင်ဘက်နယ်မြေထဲတွင် သူခင်းကျင်းထားသော ထောင်ချောက်ကို လုံးဝ အသေးစိတ်ကျကျစီမံထားခဲ့ခြင်း ဖြစ်လေသည်။ တောင်ဘက်နယ်မြေ၏ သိုင်းပညာရှင်စုဝေးပွဲကိုပင်လျှင် အသုံးချ၍ ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များနှင့် သောင်းနှင့်ချီသော လက်ရွေးစင်များကို အကွက်ချကြံစည်ခဲ့သည်။ သူ့အကြံအစည်မှာ လုံးဝကို အကြားအလပ်မစေ့ ပြီးပြည့်စုံသည်ဟု ထင်နေခဲ့ပါသော်ငြား နောက်ဆုံးအခိုက်အတန့်ကျမှ သူ့အစီအစဉ်ထဲ ဟာပေါက်တစ်ခု ပေါ်လာခဲ့ရသည်။
နှစ်ပေါင်းဆယ်နှစ်ကျော်ကြာအောင် ပျောက်နေသော ရန်ကိုင်သည် တောင်ဘက်နယ်မြေ၏ သိုင်းပညာရှင်စုဝေးပွဲ၌ ရုတ်တရက်ကြီး ပေါ်လာလိမ့်မည်ဟု လဲ့ကု လုံးဝထင်ထားခဲ့ခြင်းမရှိချေ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်အား အပြင်သို့မျှားခေါ်သွားကာ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ထိုလူသည်ပင်လျှင် ရန်ကိုင်အား အောင်မြင်စွာ မသတ်နိုင်ဘဲ နေလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ ထိုကိစ္စသည် လဲ့ကုအား အလွန်ကိုမှ ကြိတ်မနိုင်ခဲရ ဖြစ်စေခဲ့လေသည်။ ယခုမှသာလျှင်လည်း လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်လူတစ်ဦးသည် ထွက်ပြေးရာနှင့် အသက်ရှင်သန်ရာတွင် မည်မျှ ကျွမ်းကျင်ကြောင်းကို လဲ့ကု သဘောပေါက်သွားရတော့သည်။ သို့သော်ငြား တစ်ရက်သာရှိသေးလေရာ ထိုခွေးသူတောင်းစားသည် ထိုမျှများပြားလှသော စစ်ကူများကို မည်သည့်နေရာမှ သွားခေါ်လာလေသနည်း။
ကံမကောင်းစွာဖြင့် သူ့အား လာရောက်သတင်းအစီအရင်ခံတင်ပြသည့် နတ်ဆိုးမှာ လုံးဝကို ယုံကြည်ချက်ရှိသည့်အမူအယာမျိုးဖြင့် ပြောနေသည့်အတွက်ကြောင့် လဲ့ကုမှာလည်း ယုံကြည်လိုက်ရတော့လေသည်။ သေချာသွားစေရန်အတွက် လဲ့ကုမှာ ကိုယ်တိုင်ကိုယ်ကျ သွားစစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအကြောင်းကြောင့် သူ့အား သတင်းအစီအရင်ခံ လာတင်ပြသော နတ်ဆိုးအား ညွှန်ကြားစရာရှိသည်များကို ညွှန်ကြားပြီးသည့်နောက် အဓိကဂိတ်ပေါက်ရှိရာဆီသို့ ပျံသန်းသွားကာ အဝေးတစ်နေရာဆီသို့ လှမ်း၍ မျှော်ကြည့်လိုက်လေသည်။ ထို့နောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် လဲ့ကု၏မျက်နှာကြီး သုန်မှုန်သွားတော့သည်။
သူ့အား အစီအရင်ခံတင်ပြထားသည့်အတိုင်း ထွက်သွားခဲ့သောရန်ကိုင်သည် တစ်ရက်ပင်မရှိတတ်သေးခင်မှာပင် ပြန်ရောက်နေခဲ့လေပြီ။ ထို့အပြင် သူနှင့်အတူ စစ်ကူပေါင်းများစွာလည်း ပေါ်လာခဲ့သည်။ ဤနေရာ၌ အခြေအနေကို စောင့်ကြည့်ရန် ကျန်ရစ်ခဲ့သော ရှီဟွော့အပြင် နောက်ထပ်ကျောက်တုံးလူသားကိုးဦး ရှိနေခဲ့ပြီး ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များနှင့်တကွ မွန်းစတားမျိုးနွယ်စုဝင်ပေါင်းများစွာ ရှိနေကြလေသည်။
လဲ့ကုသည် ဘယ်ဘက်မှ ညာဘက်သို့ လှမ်း၍ ကြည့်လိုက်သည်။ သူကြည့်လိုက်ရာအရပ်တိုင်းတွင် ဧကရာဇ်အဆင့်ပညာရှင်များ ရှိနေကြလေသည်။ လဲ့ကုရောက်လာသည်ကို သတိထားမိလိုက်သည့်အခိုက် ထိုပညာရှင်အားလုံး လဲ့ကုဆီသို့ စိုက်ကြည့်လာခဲ့ကြသည်။
(တကယ်ကို ဧကရာဇ်အဆင့်ပညာရှင်တွေ အများကြီးရှိနေတာပဲ…) ရန်ကိုင် လူမည်မျှခေါ်လာသလဲဆိုသည်ကို လဲ့ကု သေသေချာချာ မရေတွက်ကြည့်ရသေးပါသော်ငြား သူ့အား လာအစီရင်ခံတင်ပြသည့်အတိုင်းသာ ဖြစ်ရလိမ့်မည်ဟု ခန့်မှန်းမိနေခဲ့လေသည်။
(ဒီလောက်များတဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေကို သူ ဘယ်ကနေ သွားခေါ်လာတာလဲ… အခုမှ တစ်ရက်တောင် ရှိတတ်သေးတာမဟုတ်ဘူးလေ… တောင်ဘက်နယ်မြေက အဓိကဂိုဏ်းတွေအကုန်လုံးကို လျှောက်သွားပြီးတော့ ခေါ်မယ်ဆိုလို့ရှိရင်တောင် ဒီလောက်အချိန်လေးနဲ့ ဒီလောက်များတဲ့လူတွေကို ခေါ်ဖို့က လုံးဝမဖြစ်နိုင်ဘူး…) လဲ့ကု၏ မျက်နှာကြီးမှာ လုံးဝကို သုန်မှုန်နေတော့လေသည်။ အခြေအနေမှာ သူ့အတွက် အလေးမသာတော့မှန်း သူ့စိတ်ထဲ သိနေခဲ့သည်။ ဤအခြေအနေသည်သာ ကျရှုံးသွားခဲ့မည်ဆိုလျှင် ရန်ကိုင်ကြောင့်သာလျှင်ဖြစ်သည်ဟု ပြော၍ရပေသည်။ ထိုအကြောင်းကြောင့် လဲ့ကု၏စိတ်ထဲ ရန်ကိုင်အပေါ် မုန်းတီးစိတ်တို့ ဖြစ်ပေါ်လာမိရသည်။ နှစ်ပေါင်းများစွာကြာအောင် သေသေချာချာ အကွက်ချစီစဉ်ထားခဲ့ပါသော်ငြား သူ့အစီအစဉ်အားလုံးမှာ လူတစ်ဦးတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့ရလေရာ လဲ့ကုအနေဖြင့် ဒေါသမထွက်ဘဲ ဘယ်နေပါမည်နည်း။
“တကယ်ကို ဟုတ်နေတာပဲ… သူ နတ်ဆိုးအဖြစ် လုံးဝပြောင်းသွားပြီ…” ရန်ကိုင်ဘေးနားတွင်ရပ်နေသော ကျိယောင်သည် လဲ့ကု၏အခြေအနေကို မြင်ပြီးသည့်နောက် မှတ်ချက်ပေးလိုက်လေသည်။ လဲ့ကုကိုမြင်လိုက်သည့်အခိုက် ကျိယောင်စိတ်ထဲ အနည်းငယ်တော့ အံ့အားသင့်မိသွားခဲ့ပြီး လဲ့ကုကို သေသေချာချာ ကြည့်ကြည့်မိလိုက်သည်။ ဤသည်မှာ သူမအဖို့ နတ်ဆိုးအသွင်ပြောင်းသွားသည့်လူတစ်ဦးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်လေသည်။ ပထမဆုံးအကြိမ် မြင်နေရခြင်းသာ ဖြစ်ပါသော်ငြား လဲ့ကု၏ခန္ဓာကိုယ်မှ ဖြာထွက်နေသော နတ်ဆိုးချီသည် သူမအား အလွန်ကိုမှ မသက်မသာ ဖြစ်စေပေသည်။ (ဒီတော့ အဲ့ဒါက နတ်ဆိုးချီပေါ့…)
“လဲ့ကု… ဒီနေ့ ခင်ဗျား သေရမယ်…” ရန်ကိုင်က အံကြိတ်၍ အော်ပြောလိုက်လေသည်။
လဲ့ကု၏မျက်နှာမှာ သုန်မှုန်နေပါသော်ငြား ဘာမှတော့ ပြန်မပြောခဲ့ပေ။ ထို့အစား ပြတ်ပြတ်သားသား လှည့်၍သာ ထွက်သွားခဲ့သည်။ သူ့အနေဖြင့် ရန်ကိုင်နှင့် စကားတစ်ခွန်းပင် ထပ်မပြောချင်တော့။ ဤနေရာသို့ သူကိုယ်တိုင် လာခဲ့ရသည်မှာ သူရထားသည့်သတင်း မှန်မမှန်ကို စစ်ဆေးလိုသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူကိုယ်တိုင် အတည်ပြုပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဆက်နေနေစရာ မလိုတော့ပေ။
လဲ့ကုကိုယ်တိုင်သည်လည်း လွတ်မြောက်နိုင်တော့လိမ့်မည်မဟုတ်မှန်း သိလိုက်သည့်နောက် ဤနေရာတွင်သာ တစ်ခါတည်း သေသွားရန် ဆုံးဖြတ်ထားကြောင်းကို သဘောပေါက်လိုက်သော် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပဲ လေသံကိုမြှင့်၍ အော်ပြောလိုက်လေသည်။ “ကျောင်းသခင်… ခင်ဗျား ရှိသေးလား…”
ဧကရာဇ်ချီမှ အားပြုပေးထားသည့်အတွက်ကြောင့် ရန်ကိုင်၏အသံသည် မိုးခြိမ်းသံပမာ ရှေးဟောင်းကျောင်းတော်အနှံ့ ပျံ့နှံ့သွားခဲ့လေသည်။
ရှေးဟောင်းကျောင်းတော်အတွင်းမှ သည်းလှိုက်အူလှိုက် အော်ရယ်မောသံတစ်သံ ချက်ချင်းထွက်ပေါ်လာခဲ့လေသည်။ “ငါ မသေသေးဘူး…”
“ကျောင်းသခင်… ခဏလောက်ထိန်းထား… ကျုပ် မကြာခင် ခင်ဗျားကို ကယ်ပေးမယ်…” ရန်ကိုင်က ထပ်၍အော်ပြောလိုက်သည်။
ဝမ်ကျိရှန်း၏အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။ “ကောင်းပြီ…”
အပြင်ဘက်ရှိအခြေအနေ မည်ကဲ့သို့ရှိနေသလဲဆိုသည်ကို မသိရပါသော်ငြား ရန်ကိုင်သည် ထွက်သွားပြီးသည့်နောက် ပြန်ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် သူနှင့်အတူ စစ်ကူများစွာကို ခေါ်လာခဲ့ရပေလိမ့်မည်။ သူတို့အဖို့ အသက်ရှင်ဖို့ရာ ရန်ကိုင်အပေါ်တွင် အားကိုးရုံသာ တတ်နိုင်ပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အား ယုံကြည်ထားရန်သာ ဆုံးဖြတ်လိုက်လေ၏။
“ကောင်လေး… မြန်မြန်လုပ်… မင်းကျောင်းသခင် နတ်ဆိုးဖြစ်တော့မယ်… ဆက်ပြီး အချိန်ဖြုန်းမနေတော့နဲ့…” မာချင်း၏ ကြိတ်မနိုင်ခဲမရအော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။
ဝမ်ကျိရှန်း၏အော်သံ ချက်ချင်း ပြန်ထွက်လာခဲ့လေ၏။ “အပိုတွေပြောမနေနဲ့… မင်းကသာ နတ်ဆိုးဖြစ်မှာ…”
ထိုစကားကိုကြားသော် ရန်ကိုင်က ပြုံးလိုက်လေသည်။ (ရန်ဖြစ်နိုင်သေးတယ်ဆိုတော့ အခြေအနေက မဆိုးသေးဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ…)
ထို့နောက်တွင် ရန်ကိုင်သည် သူ့ကိုယ်သူထိန်း၍ လက်တစ်ဖက်ကိုမြှောက်ကာ အော်ပြောလိုက်လေသည်။ “အကုန်လုံး… ပြင်ဆင်ကြမယ်…”
လူတိုင်းသည် သူတို့၏ ဧကရာဇ်အဆင့်မှော်ရတနာအသီးသီးကို တစ်ပြိုင်တည်း ထုတ်ယူလိုက်ကြလေသည်။ ထို့နောက်တွင် မွန်းစတားချီနှင့် ဧကရာဇ်ချီတို့ ဖြာထွက်လာခဲ့လေ၏။
ရန်ကိုင်သည် လေပေါ်မြှောက်ထားသည့် သူ့လက်ကို အောက်သို့ ရွှစ်ခနဲ ဆွဲချလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း အော်ပြောလိုက်လေ၏။ “တိုက်…”
ရန်ကိုင်ပါးစပ်မှ ထိုစကားထွက်သွားသည်နှင့်တစ်ပြိုင်နက် ပိန်းပိန်းပိတ်နက်မှောင်သည့် လဓါးသွားတစ်စင်းသည် ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်အား သွားရောက်ထိမှန်လေသည်။ လဓါးသွားထိမှန်ရာ အလင်းမျက်နှာပြင်မှာလည်း အနည်းငယ် ချိုင့်ဝင်သွားခဲ့သည်။ ထို့နောက်တွင် ချိုင့်ဝင်သွားရာနေရာကို ဗဟိုပြု၍ မရေမတွက်နိုင်သော လှိုင်းတွန့်လေးများ ဘက်ပေါင်းစုံသို့ ပြန့်ထွက်သွားကုန်ကြလေသည်။
ရန်ကိုင်မှ တိုက်ခိုက်ပြီးပြီးချင်းမှာပင် ပုံသဏ္ဍာန်အမျိုးအစား အရောင်အမျိုးအစား အမျိုးစုံရှိကြသော ရာနှင့်ချီသည့်တိုက်ခိုက်မှုပေါင်းစုံတို့သည် ဂိုဏ်းကာကွယ်ရေးအစီအရင်ဆီသို့ လာရောက်ထိမှန်ကုန်ကြလေရာ အကာအကွယ်မျက်နှာပြင်မှာ တဖျတ်ဖျတ်ကို လှုပ်ခါလာတော့လေသည်။ ရာနှင့်ချီသော ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာမှ တစ်ပြိုင်တည်း လှုပ်ရှားလိုက်သည့် အတွက်ကြောင့် အနီးအနားတစ်ဝိုက်တွင်ရှိနေသော မိုးမြေစွမ်းအင်များနှင့် နိယာမများအားလုံး ကသောင်းကနင်း ဖြစ်ကုန်ကြလေသည်။
ဂိုဏ်းကာကွယ်ရေးအစီအရင် မတည်ငြိမ်နိုင်သေးခင်မှာပင် ဘက်ပေါင်းစုံဆီမှ တရစပ် ကျဆင်းလာနေသော တိုက်ခိုက်မှုများကြောင့် အဆက်မပြတ်ကို တဖျတ်ဖျတ် လှုပ်ခါလာရတော့သည်။ ကြည့်ရသလောက် ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ အချိန်မရွေး ပျက်စီးတော့မည့်ပုံပင်။ ထိုသို့ပင် ဖြစ်နေလင့်ကစား ဂိုဏ်းကာကွယ်ရေးအစီအရင်သည် ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များ၏ ပထမဦးဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ခုခံထားနိုင်ခဲ့လေသည်။
ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ အမှန်တကယ်ကို အံ့ဩဖွယ်ကောင်းလှပေသည်။ တစ်စုံတစ်ဦးသည်သာ ဤဂိုဏ်းကာကွယ်ရေးအစီအရင်ကို စောင့်ကြည့်၍ ထိန်းချုပ်နေမည်ဆိုပါက ဂိုဏ်းကာကွယ်ရေးအစီအရင်ကို လျင်မြန်စွာ ပြန်ပြင်နိုင်ပေလိမ့်မည်။ သို့သော်ငြား လက်ရှိအချိန်တွင် ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ ၎င်း၏ ဝိသေသလက္ခဏာဖြစ်သော အလိုလိုပြန်ကောင်းနိုင်သည့်စွမ်းအားအပေါ် မှီခိုနေရခြင်း ဖြစ်သည့်အလျောက် ပြန်ကောင်းနိုင်သည့်နှုန်းမှာ အကန့်အသတ်နှင့် ရှိနေပေသည်။
လဲ့ကုကိုယ်တိုင် အစီအရင်ကို မထိန်းချုပ်ချင်သည်မဟုတ်။ သူကိုယ်တိုင်ထိန်းချုပ်နေ၍လည်း အကျိုးရှိလိမ့်မည်မဟုတ်မှန်း သိနေသည့်အတွက်ကြောင့်သာ ပြတ်ပြတ်သားသား လှည့်ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ ဤမျှများပြားလှသော ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာမှ ပူးပေါင်းတိုက်ခိုက်နေသည်ဖြစ်လေရာ သူကိုယ်တိုင် အစီအရင်အား ထိန်းချုပ်ထားမည်ဆိုလျှင်ပင် အစီအရင်သည် ထိုတိုက်ခိုက်မှုများကို အကြာကြီးခုခံနိုင်လိမ့်မည်မဟုတ်ပေ။ ထို့အတွက်ကြောင့် ဤနေရာတွင် အချိန်ဖြုန်းနေမည့်အစား အသုံးဝင်မည့်ကိစ္စတစ်ခုခုကို သွားလုပ်နေလျှင် ပိုကောင်းပေလိမ့်မည်။
ပထမဦးဆုံးအကြိမ်တိုက်ခိုက်မှု ပြီးသွားသည့်နောက် ဒုတိယအကြိမ်တိုက်ခိုက်မှု ထပ်မံထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ယခုတစ်ကြိမ်တိုက်ခိုက်မှုသည် ယခင်တစ်ကြိမ်ကထက်ပင်လျှင် ပို၍အားကောင်းနေခဲ့လေသည်။ လောကကြီးတစ်ခုလုံးသည်လည်း မြောက်မြားလှစွာသော တိုက်ခိုက်မှုများကြားဝယ် အရောင်အစင်းကင်းမဲ့သွားသယောင် ဖြစ်နေခဲ့လေသည်။ လက်ရှိအခြေအနေကို ကြည့်ရင်းမှ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ၏ရင်ထဲ စိတ်အားထက်သန်မှု၊ ဂုဏ်ယူမှုတို့ ဖြစ်ပေါ်လာခဲ့ရသည်။ သူတို့ဘဝတွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ယခုကဲ့သို့ အတူတကွစုဝေး၍ တိုက်ခိုက်သည်မျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ရဖူးပေ။ ယနေ့အခိုက်အတန့်သည် သမိုင်းတွင်မည့် အခိုကအတန့်တစ်ခုလည်း ဖြစ်ပေလိမ့်မည်။
ဝုန်းခနဲမြည်သံနှင့်အတူ ဂိုဏ်းကာကွယ်ရေးအစီအရင်တစ်ခုလုံး ပြိုကျသွားခဲ့လေသည်။ ရှေးဟောင်းကျောင်းတော်အား နှစ်ပေါင်း ထောင်နှင့်ချီတိုင်အောင် ကာကွယ်ပေးလာခဲ့သော ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ ပျက်စီးသွားခဲ့ရလေပြီ။
“တက်…” ရန်ကိုင်က အော်ဟစ်လိုက်ပြီးသည့်နောက် ရှေ့မှ ပထမဦးဆုံး ပြေးတက်သွားခဲ့သည်။
ကျိယောင်သည်လည်း ရန်ကိုင်နောက်မှ အနီးကပ် လိုက်လာခဲ့လေသည်။ ပျံသန်းနေရင်းမှ ကျိယောင်၏အကြည့်သည် တောင်စောင်းလေးတစ်နေရာဆီသို့ ရောက်သွားခဲ့သည်။ ထိုနေရာတွင် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ အလောင်း ရှိနေခဲ့သည်။ အမျိုးသမီးမှာ အတော်လေးကိုမှ လှပလှပါသော်ငြား သေဆုံးနေသည့်အချိန်တွင်တော့ သူမ၏မျက်လုံးများမှာ ပွင့်လျက်သား ဖြစ်နေလေသည်။ ဤအမျိုးသမီး မည်သူမည်ဝါဖြစ်သလဲ ရန်ကိုင်နှင့် မည်ကဲ့သို့ ပတ်သက်သလဲဆိုသည်ကို ကျိယောင်မသိ။ သို့သော်ငြား ရှေ့မှပျံသန်းသွားနေစဉ်အတောအတွင်း ရန်ကိုင်သည် ထိုအမျိုးသမီးဆီသို့ လှမ်း၍ကြည့်လိုက်သည်ကို သတိထားမိလိုက်သည်။ ထိုအမျိုးသမီးကိုမြင်လိုက်ချိန် ရန်ကိုင်၏မျက်လုံးထဲ နာကျင်သည့်အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်ကိုလည်း မြင်တွေ့လိုက်ရသေးသည်။ ထိုအချက်ကို သတိထားမိလိုက်သော် ကျိယောင်သည် ထိုသေဆုံးနေသည့် အမျိုးသမီးဆီသို့ လက်ညှိုးတစ်ချောင်း ညွှန်လိုက်လေသည်။ နှင်းပွင့်လေးတစ်ပွင့်သည် သူမ၏လက်ညှိုးထိပ်မှ ပျံသန်းထွက်သွားခဲ့ပြီး အမျိုးသမီး၏အလောင်းပေါ်သို့ ရောက်သွားခဲ့သည်။ ထိုသို့ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် နှင်းပွင့်လေးဆီမှ အလွန်တရာကိုမှ အားကောင်းလှသည့် အအေးစွမ်းအင်တို့ ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီး၏ အလောင်းတစ်ခုလုံးကို ရေခဲပစ်လိုက်လေသည်။
နတ်ဆိုးချီတို့ဖြင့် လွှမ်းခြုံနေသော နတ်ဆိုးတစ်အုပ်မှာ ပြေးဝင်လာနေသည့် ပညာရှင်များဆီသို့ ရုတ်တရက် ခုန်ဝင်လာကြလေသည်။ ထိုလူတစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် မျက်နှာသေအမူအယာများဖြင့် ရှိနေကြပြီး အမျိုးမျိုးသော ဝတ်စုံများကို ဝတ်ဆင်ထားကြလေသည်။ ထိုအချက်ကိုကြည့်ရသလောက် ထိုလူအားလုံးမှာ တောင်ဘက်နယ်မြေထဲရှိ ဂိုဏ်းအသီးသီးမှ တပည့်များ ဖြစ်ကြသည့်ပုံပင်။ ကိုင်စွဲထားသည့်လက်နက်အသီးသီးကို ဝှေ့ယမ်းရင်းမှ နတ်ဆိုးများသည် ဧကရာဇ်အဆင့်ပညာရှင်များနှင့် မွန်းစတားဘုရင်များဆီသို့ မကြောက်မလန့် ပြေးဝင်လာကြလေသည်။
ရန်ကိုင်သည် တိုက်ပွဲသို့ ပထမဦးဆုံး ရောက်ရှိသွားသည့်လူ ဖြစ်ပေသည်။ ရန်ကိုင်၏ပုံရိပ်သည် နတ်ဆိုးများကြား ကူးကလန်ခတ် ပျံသန်းသွားနေရင်းမှ နတ်ဆိုးတစ်ယောက်ချင်းစီ၏ လည်ဂုတ်ကို လက်ဖြင့်ဆောင့်ရိုက်၍ သတိလစ်အောင် လုပ်ပစ်လိုက်သည်။ သတိလစ်သွားသည့်နတ်ဆိုးများမှာတော့ မံမီရုပ်များပမာ ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ တဘုတ်ဘုတ် ပြုတ်ကျလာတော့လေသည်။ ထိုလူများသည် နတ်ဆိုးချီကူးစက်ခြင်း ခံထားရခြင်းသာ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ထိုလူများကို ကယ်တင်နိုင်သေးလေရာ ရန်ကိုင်မှာ ထိုလူများကို သတ်ပစ်ခဲ့ခြင်း မရှိပေ။ ဤနေရာတွင်ရှိနေသည့် နတ်ဆိုးအားလုံးကိုသာ သတ်ပစ်လိုက်မည်ဆိုပါက တောင်ဘက်နယ်မြေ၏အုတ်မြစ်မှာ အကြီးအကျယ် ယိုင်နဲ့သွားရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ ထိုတပည့်များကို ဂရုစိုက်နေရန် အချိန်မရှိသေး။ ထို့အတွက်ကြောင့် အကုန်လုံးကို သတိလစ်အောင်သာ အရင်ဦးစွာ လုပ်ထားလိုက်သည်။ ကံကောင်းစွာဖြင့် နတ်ဆိုးများပျံသန်းလာသည့်အမြင့်မှာလည်း သိပ်၍မမြင့်လှ။ ထို့အပြင် အပေါ်မှပြုတ်ကျလာပြီးသည့်တိုင် သူတို့ပြုတ်ကျသည့်ဒဏ်ကို ဆီးခံပေးမည့် သစ်ပင်များလည်း ရှိနေပေသေးသည်။ ထို့အတွက်ကြောင့် အလွန်ကိုမှ အထိနာစရာအကြောင်းတော့ မရှိပေ။
ရန်ကိုင်နောက်မှ လိုက်လာသည့်လူများမှာလည်း ရန်ကိုင်လုပ်သည့်အတိုင်း လိုက်လုပ်ကြလေသည်။ ဧကရာဇ်ချီကိုသုံး၍ သူတို့ကိုယ်သူတို့ ကာကွယ်ရင်းမှ ပြေးဝင်လာနေသည့် ရန်သူများကို သတိလစ်အောင် ရိုက်ပေးလိုက်သည်။
အကုန်လုံးဆီသို့ ပြေးဝင်လာနေကြသည့် နတ်ဆိုးများမှာ ဧကရာဇ်အဆင့်အောက်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်များကို မည်သည့်အန္တရာယ်မှ မပေးနိုင်ပေ။ နတ်ဆိုးအသွင်ပြောင်းလဲသွားပြီးသည့်နောက် ထိုနတ်ဆိုးများသည် သေခြင်းတရားကို မကြောက်ရွံ့တော့သည့်တိုင် ဧကရာဇ်အဆင့်ပညာရှင်များ၏ ပြိုင်ဘက် မဖြစ်နိုင်ကြသေး။ ထိုအကြောင်းကြောင့် နတ်ဆိုးများမှာ တစ်ကောင်ပြီးတစ်ကောင် သတိလစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကုန်ကြလေသည်။
သို့ပင်ဖြစ်လင့်ကစား နတ်ဆိုးအရေအတွက်မှာ အလွန်ကိုမှ များပြားလွန်းနေခဲ့သည်။ အနည်းဆုံး ထောင်နှင့်ချီကာ ရှိနေကြလေသည်။ ဤနေရာတွင်ရှိနေသော နတ်ဆိုးအရေအတွက်သည် ဂိတ်ပေါက်နားတွင်ရှိနေသည့် နတ်ဆိုးများသာ ဖြစ်နေကြပေလိမ့်မည်။ ရှေးဟောင်းကျောင်းတော်အနှံ့တွင် ရှိနေသော နတ်ဆိုးအားလုံးကို ပေါင်းလိုက်မည်ဆိုလျှင်တော့ အနည်းဆုံး သောင်းနှင့်ချီသွားနိုင်ပေသည်။
“လွယ်လိုက်တာ…” အာကာယံကောင်းကင်ဂိုဏ်းမှ ဧကရာဇ်ပထမအဆင့်အကြီးအကဲတစ်ဦးသည် အကျယ်ကြီးအော်ရယ်မောလိုက်လေသည်။ (ရန်ကိုင် လူတွေအများကြီးစုထားတာကိုမြင်ပြီးတော့ ငါ့ခမျာတော့ ကြောက်နေလိုက်ရတာ… ဒီနတ်ဆိုးတွေက တကယ်ကို ကြောက်ဖို့ကောင်းတယ်ပေါ့… ဟမ့်… ဘာမှလည်း ဒီလောက်မဟုတ်ပါဘူး… နတ်ဆိုးဖြစ်ဖြစ် ဘာဖြစ်ဖြစ် အကုန်လုံးရဲ့ခွန်အားက အတူတူပဲ…)
ဤအကြီးအကဲသည်သာ ဤကဲ့သို့တွေးနေခြင်းမဟုတ်။ စစ်ကူလာရောက်ကြသည့် အခြားသောလူများသည်လည်း ထိုကဲ့သို့ တွေးနေကြပေသည်။
ထိုနတ်ဆိုးများ၏ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် နတ်ဆိုးချီသည် အမှန်တကယ်ကို ထူးဆန်းလှပေသည်။ ထိုနတ်ဆိုးချီမှာ အားကောင်းလှသည့် တိုက်စားနိုင်စွမ်းကို ပိုင်ဆိုင်ထားပေ၏။ သို့သော်ငြား ဤနေရာတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များသည် မိမိကိုယ်ကို ဧကရာဇ်ချီဖြင့် ကာကွယ်ထားကြသလို ချပ်ကာများကိုလည်း ဝတ်ဆင်ထားကြသည့်အတွက်ကြောင့် ထိုနတ်ဆိုးချီလောက်ကိုမူ ကြောက်နေစရာမလိုတော့ပေ။
ဧကရာဇ်အဆင့်ပညာရှင်များ၏တိုက်ပွဲမှာ အလွန်တရာကိုမှ လွယ်ကူနေပေသည်။ သူတို့အား ဝိုင်းရံထားသည့်ရန်သူများမှာ ထောင်နှင့်ချီကာ ရှိနေကြပါသော်ငြား အကုန်လုံးအတွက်မူ ဤတိုက်ပွဲသည် ပန်းခြံထဲ လမ်းလျှောက်ထွက်နေရသည့်ပမာ ဖြစ်နေခဲ့လေသည်။
ထိုသို့ဖြစ်နေရင်းမှ နတ်ဆိုးအတော်များများ၏ခန္ဓာကိုယ်များသည် ရုတ်တရက်ဆိုသလို နီရဲတောက်လာခဲ့ပြီး ဘောလုံးများပမာ ဖောင်းကားတက်လာခဲ့လေသည်။ ၎င်းတို့၏ဝမ်းဗိုက်များသည် ဆယ်လလွယ်ထားရသည့် ကိုယ်ဝန်သည်တစ်ဦးပမာ ဖောင်းကားတက်လာခဲ့ပြီး နာကျင်နေသည့် အော်ဟစ်သံတို့သည် ၎င်းတို့၏လည်ချောင်းများမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့၏ခန္ဓာကိုယ်များဆီမှ ဖြာထွက်နေသည့် နတ်ဆိုးချီများမှာလည်း ကသောင်းကနင်း ဖြစ်လာနေ၏။
ထိုရုတ်တရက်ပြောင်းလဲမှုသည် လူပေါင်းများစွာကို ထိတ်လန့်သွားစေခဲ့ပြီး အကုန်လုံးမှာ ၎င်း၏တို့အရှိန်ကို သိသိသာသာ နှေးချပစ်လိုက်လေသည်။ သို့ပင်ဖြစ်လင့်ကစား တဖြည်းဖြည်းနှင့်ဖောင်းကားတက်လာသော နတ်ဆိုးများကိုကြည့်ရင်း အကုန်လုံး၏ရင်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာခဲ့လေ၏။
“သတိထား…” ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ထိုကဲ့သို့ ဖောင်းကားတက်နေသော နတ်ဆိုးတစ်ကောင်ကို လှမ်းဆွဲ၍ ထိုနတ်ဆိုးကို သတိလစ်အောင်လုပ်ရန် ကြိုးစားလိုက်လေသည်။ သို့ပင်ဖြစ်လင့်ကစား နတ်ဆိုး၏မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်လာပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လာခဲ့သည်။ ဖောင်းကားတက်လာမည့် ၎င်း၏ခန္ဓာကိုယ်မှာတော့ ရပ်တန့်သွားမည့်အရိပ်အယောင် လုံးဝမပြပေ။