အခန်း (၂၇၈-၂၇၉)
Vol. 24 Ch. 278-279
Ch-278
ချင်းရို့ ကဏန်းစားရတာကိုကြိုက်၍ လုယန်လည်း ကဏန်းပြာတွေအများကြီးပြုတ်ထားလိုက်သည်။ ချင်းရို့က ဒီကဏန်းပြာတွေကိုကြည့်ပြီး နွေရာသီတုန်းကစားခဲ့ရတဲ့ထောပတ်ကဏန်းကို လွမ်းနေမိ၏။ ထောပတ်ကဏန်းတွေဟာ ကဏန်းတွေထဲမှာ အကောင်းဆုံးပင်။ နေရောင်ခြည်နှင့်ထိတွေ့ပြီးနောက် ၄င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြောင်းလဲသွားပြီး ကဏန်းဥတွေဟာ ရွှေရောင်ဆီအဖြစ်အရည်ပျော်သွားကာ တစ်ကိုယ်လုံးအနှံ့ပျံ့သွားတတ်သည့် အထူးကဏန်းအမျိုးအစားဖြစ်လေသည်။
ထောပတ်ကဏန်းဟာ ပြုတ်ထားရုံနဲ့တင် အရသာရှိလှသည်။ ကဏန်းအခွံဖွင့်လိုက်သည်နှင့် ကဏန်းဆီရဲ့အနံ့ဟာ မွှေးပျံ့နေပြီး ရွှေရောင်ကဏန်းဥတွေနှင့် ပြည့်နေသောကြောင့် အမြင်အာရုံကိုလှုံ့ဆော်ပေးရုံသာမက အရသာကိုလည်းလှုံ့ဆော်ပေးလေ၏။
ကွမ်ချန်၌ ကောလိပ်တက်စဥ်က သူမ ထောပတ်ကဏန်းကိုတစ်ခါသာစားခဲ့ဖူးပြီး ဘယ်တော့မှမမေ့နိုင်ခဲ့။
ချင်းရို့က ကဏန်းပြုတ်အိုးကြီးနှင့်အတူ ကမာပေါင်း၊ ငရုတ်ကောင်းပုစွန်၊ ကမာကြာဇံ၊ ပုစွန်ကြက်ဥမွှေကြော်၊ ပင်လယ်ငါးပေါင်းတို့ကိုပါ စားပွဲပေါ်တင်လိုက်သည်။ ပင်လယ်စာတွေအပြင် ချင်းရို့က စူကာသီးနဲ့ဝက်နံရိုးကိုပါ ချက်ခဲ့ပါသေးသည်။
ဒီစူကာသီးနဲ့နံရိုးဟင်းဟာ လိုင်ချီးပုစွန်အစာသွပ်လိုမျိုး မည်းသည်းနေသော်ငြား အမှန်တကယ်တွင်မူ အရသာရှိလှသည်။ နံရိုးကင်တွေကို စူကာသီးနဲ့ ပျားရည်ဖြင့် ချက်ထားသောကြောင့် နံရိုးအသားဟာ နူးညံ့မွှေးပျံ့နေသလို အပြင်ဘက်မှာလည်း ချိုချိုချဥ်ချဥ်စူကာသီးနဲ့ပတ်ထားလေ၏။ ၄င်းမှာ နံရိုးချိုချဥ်နှင့်တူသော်လည်း နံရိုးချိုချဉ်ထက် ပိုချဉ်ပြီး ပိုထူးဆန်းတဲ့အနံ့ရှိသည်ပင်။
အိမ်မှာ စူကာသီးတွေ အရမ်းများနေသည်ကြောင့် များများစားရတာ သဘာဝကျတယ်လေ။
ချင်းရို့က ကလေးတွေအတွက် စူကာသီးဖျော်ရည်ကို ပြုလုပ်ပေးခဲ့ပေမယ့် သို့သို့လေးနှင့်ရုန်ရုန်လေးကတော့ အုန်းရည်ကိုသောက်ချင်နေကြ၏။ ကလေးမလေးနှစ်ယောက်ဟာ အုန်းစိမ်းကို ပွေ့ဖက်ပြီး အုန်းရည်ကို ပျော်ရွှင်စွာသောက်နေကြလေပြီ။
လုယန်က ချင်းရို့အတွက် ကဏန်းအခွံကူခွာပေးခဲ့သည်။ သူ့ရဲ့ ကဏန်းအခွံခွာတဲ့နည်းစနစ်ဟာ ပိုကောင်းသထက်ကောင်းလာ၍ ချင်းရို့လည်း အရမ်းကျေနပ်နေရသည်။ သူမနည်းနည်းစားလိုက်ပြီးနောက် သို့ရုန်ညီအစ်မနှစ်ယောက်ကို ခွဲထည့်ပေးလိုက်သည်။
ညီအကိုနှစ်ယောက် ကျိုးကျိုးလေးနှင့်ဖက်ထုပ်လေးကတော့ ကဏန်းပြာနဲ့ ပိပိပုစွန်တွေစားရတာ အရမ်းပျော်နေကြသည်။ သူတို့ ကဏန်းတွေကို လက်နဲ့ခွာကြတာလား? မဖြစ်နိုင်ဘူးလေ၊ သူတို့ပါးစပ်နဲ့သာတိုက်ရိုက်ကိုက်စားနေရုံတင်!
"မား မီးမီးလည်းတစ်ခုလိုချင်တယ်" သို့သို့လည်း ကဏန်းပြာကြီးတစ်ကောင်ကိုကိုင်ကာ တိုက်ရိုက်ကိုက်စားလိုက်သည်။
"မင်းလိုငယ်ငယ်လေးက ရည်မှန်းချက်တအားကြီးတာပဲနော်" အကြီးဆုံးအကိုလုဝေ့ကျိုးက ကမာတစ်ကောင်ကိုဖွင့်၍ ကမာအသားကိုယူလိုက်ကာ သူ့ညီမလေးရဲ့ပန်းကန်လုံးသေးသေးလေးထဲကိုထည့်ပေးလိုက်သည်။
"ရုန်ရုန်လည်းလိုချင်တယ်!"
"အဝါရောင်လေးစားချင်တယ်!"
လုဝေကျယ်က လုဝေကျိုးရှေ့မှာ ကဏန်းတစ်ကောင်ထိုးပေးလျက် "ကော သားကိုလည်း အခွံကူခွာပေးပါဦး"
"မင်းမှာလက်မပါဘူးလား? မင်းအကိုကိုလုပ်ခိုင်းဖို့လိုသေးလို့လား?"
"ကောရာ သားက ကောကောရဲ့ကောင်းကျိုးအတွက်လုပ်ပေးနေတာပါနော်။ ကြည့်လေ၊ ကောသာ သားကို ကဏန်းကူခွာပေးရင်း ကဏန်းအခွံခွာတဲ့စွမ်းရည်ကို လေ့ကျင့်လိုက်သလိုပဲပေါ့၊ ဒါဆို ကောရဲ့အနာဂတ်ဇနီးလောင်းအတွက် ကဏန်းကိုအခွံခွာပေးနိုင်ပြီလေ"
"ပါးပါးကိုစံနမူနာယူပြီး သင်လေနော်"
ချင်းရို့ပြုံးလိုက်ပြီး "ဖက်ထုပ်လေး၊ သားက တကယ့်ကိုနတ်ဆိုးလေးပဲ"
လုယန်: "မိသားစုမှာ သားနှစ်ယောက်ရှိပေမယ့် နှစ်ယောက်က အရမ်းကွာခြားကြတာပဲကွာ"
လုဝေကျိုး: "သူက ပျင်းရိတဲ့ပိုးကောင်လေးပဲ"
"ဖက်ထုပ်လေး မင်း ပိုပြီးလေ့လာသင်ယူသင့်တယ်"
"အရင်ဆုံး မင်းညီမလေးအတွက် ကဏန်းကူခွာပေးလိုက်"
ရုန်ရုန်: "ကောကောခွာတာမလိုချင်ပါဘူး၊ အရမ်းရုပ်ဆိုးလို့"
"ပါးပါးက လှလှလေးခွာတတ်တယ်နော်"
"တစ်ခုခုစားဖို့အရေး ဒီလောက်ဂျေးများနေရသလား? ဒီညီမဆိုးလေးတွေကတော့"
…
ရိုးရိုးရှင်းရှင်းညစာစားပြီးနောက် မိသားစုလည်း အစောကြီးအိပ်ရာဝင်ခဲ့ကြ၏။ နောက်တစ်နေ့တွင် ချင်းရို့အိပ်ရာထပြီး ဘဲဥဆားနယ်ဝက်သားကင်လိုက်ကာ အချပ်လှလှလေးတွေလှီးဖြတ်လိုက်သည်။ နူးအိအိဝက်သားကင်မှာ အလယ်၌ ကြက်ဥအနှစ်ပါရှိနေသဖြင့် နေလုံးသေးသေးလေးအသွင်။ ချင်းရို့လည်း ၎င်းကို အပိုင်းများစွာလှီးဖြတ်၍ ယခင်သူငယ်ချင်းများနှင့် အိမ်နီးနားချင်းများအား သွားပေးခဲ့သည်။
"ရှောင်ချင်း မင်းရဲ့လောင်လုက သူ့ကျောင်းကနေ ပြန်လာပြီပေါ့"
"အခု ရှောင်လုက တပ်ရင်းမှူးဖြစ်နေပြီပဲ!"
လီချင့်ဟွားက ချင်းရို့အိမ်သို့ သူ့သမီးထျောင့်ထျောင့်လေးကိုခေါ်လာကာ ပိန္နဲသီးကြီးတစ်လုံးပေးခဲ့သည်။ ထျောင့်ထျောင့်သည် ယခု ၇နှစ်၊ ၈နှစ်အရွယ်ရှိနေလေပြီ။ သူမလေးက အင်္ကျီလက်တို၊ ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး ဆံပင်တိုတိုညှပ်ထား၏။ သူမရဲ့ အသားအရေမှာ ကြေးနီရောင်ဖြစ်ကာ မည်းနက်နေတဲ့မျက်လုံးအစုံမှာ အလွန်တောက်ပနေလျက်။ သူမလေးသည် အဆော့မက်တဲ့tomboyလေးအလား။
"ဒေါ်လေးချင်း!!"
"ထျောင့်ထျောင့်"
"သမီး ဒေါ်လေးကို ပိန္နဲသီးပေးမယ်နော်"
ထျောင့်ထျောင့်က လုမိသားစုမှ သို့ရုန်ညီအစ်မနှစ်ယောက်ကိုမြင်တဲ့အခါ ချက်ချင်းပင် "နင်တို့ကြည့်ရအောင်လို့ ကျွမ်းထိုးပြမယ်နော်!"
သူမက ခြံဝင်းထဲမှာ အနည်းငယ်ကျွမ်းထိုးပြလိုက်ပြီး နောက်ဆုံးမှ မတ်မတ်ရပ်လိုက်ကာ "ဟီးဟီးဟီး"ရယ်နေလျက် အံ့ဖွယ်ပို့စ်တွေတောင်လုပ်ပြခဲ့ပါသေးရဲ့။ လီချင့်ဟွားလည်း ဘေးကနေ သက်ပြင်းချလိုက်သည်။
သူမသမီးလေး ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး...
"Wow!! ချောလိုက်တဲ့ကောကော!"
အမြွှာညီအစ်မသို့သို့လေးနှင့် ရုန်ရုန်လေးတို့က အရမ်းအားပေးနေကြကာ ပျော်ပျော်ကြီးလက်ခုပ်တီးပေးနေကြသည်။
"အံ့သြစရာကောင်းတယ်ဟုတ် ဟုတ်တယ်မလား? နောင်ကျ နင်တို့ကိုအနိုင်ကျင့်တဲ့သူရှိရင် ထျောင့်ထျောင့်ကျဲကျဲနာမည် ထုတ်ပြောလိုက်!"
အိမ်နာမည် ထျောင့်ထျောင့်အမည်ရှိ လျိုယောင်ယောင်ဟာ ငယ်စဉ်ကလေးဘဝကတည်းက တက်ကြွသူပင်။ သူမက အမြဲလိုလို အိမ်ခေါင်မိုးပေါ်တက်ကာ အုတ်ကြွပ်ပြားတွေခွာတတ်ပြီး မြေကြီးပေါ် ပန်းကန်တွေပစ်ခွဲတတ်သည်။
လီချင့်ဟွားက ချင်းရို့အား ကူကယ်ရာမဲ့စွာ ပြောလာခဲ့သည်။ "မနေ့က သူမနဲ့ သွင်းသွင်းတို့ ကင်းမြီးကောက်ထောင်ပြိုင်ကြသေးတယ်လေ"
"ငါတို့ကလေးကတော့ သန်မာပြီး အကြမ်းခံလွန်းတယ်ဟယ်"
"အကြမ်းခံတာက ကောင်းပါတယ်၊ မပျော့ညံ့တော့ဘူးပေါ့"
လီချင့်ဟွား သူမရဲ့ နှုတ်ခမ်းတွေကို ဖွဖွဖိလျက် "လောင်လျိုနဲ့ ငါကတော့ ဒီကောင်မလေး အနာဂတ်မှာ လက်မထပ်နိုင်မှာကို စိုးရိမ်နေပြီဟာ"
"မိန်းကလေးတွေက ကြီးပြင်းလာရင် ပြောင်းလဲသွားလိမ့်မယ်၊ ထျောင့်ထျောင့်က အခုမှကလေးလေးပဲရှိသေးတာကို နင်ကတော့ အနာဂတ်အကြောင်း တွေးနေပြီပဲ"
ဘေးအိမ်ကဆရာမဟွမ် ရောက်ချလာကာ "ရှောင်ချင်းရေ နင် နောက်နှစ်ဘွဲ့ရပြီးရင် ကျွန်းမှာပဲနေမှာလား၊ ဒါမှမဟုတ် ကွမ်ချန်ကိုပြန်သွားမှာလား?"
"ကျွန်းမှာပဲ"
"ကောင်းလိုက်တာ၊ ဒါဆို ဘေးအိမ်ကခြံဝင်း လွတ်မနေတော့ဘူးပေါ့နော်။ ငါတကယ်ကျင့်သားမရသေးလို့ဟယ်"
ဟွမ်ရှင်းရင်က ရောက်လာတဲ့အခါ သူ့သားသုံးယောက်လည်းပါလာခဲ့သည်။ သူမတို့မိသားစုရဲ့ အကြီးဆုံးသားကျန်းရိချောင်မှာ အသက်၁၆နှစ်နီးပါးရှိနေပြီဖြစ်ကာ ဟွမ်ရှင်းရင်ထက် ခေါင်းတစ်ဝက်စာလောက်ပိုမြင့်နေပြီး မျက်မှန်တပ်ထားသည်။
ကျန်းသွင်းသွင်းလို့သိကြတဲ့ ကျန်းအာ့ဟန်ကတော့ ယခု ၈နှစ်ရှိနေလေပြီ။ သူကတော့ သူ့နာမည်လေးနဲ့ လိုက်ဖက်မှုသိပ်မရှိပါချေ။ သူက မျောက်ကလေးလို ပိန်ပိန်ပါးပါးနဲ့ အသားမည်း၏။ သူနဲ့ ထျောင့်ထျောင့်လေးက ဘောင်းဘီတစ်ထည်တည်းအတူတူဝတ်ကြတဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြသည့်အလျောက် ထျောင့်ထျောင့်ကို သူတွေ့လိုက်သည်နှင့် သက်တူရွယ်တူညီအစ်ကိုတွေလိုမျိုး ချက်ချင်းပင်တစ်ယောက်ပုခုံးပေါ်တစ်ယောက်လက်တင်လိုက်ကြသည်။
သူ့အမေခြေထောက်နားမှာရပ်နေတဲ့ ၄နှစ်အရွယ်သားလေးတစ်ယောက်လည်းရှိနေပြီး ဒီကောင်လေးကိုတော့ "ကျန်းစန်းယို"လို့ခေါ်သည်။
ထို့ကြောင့် သူတို့ကျန်းမိသားစုမှ ညီအစ်ကိုသုံးယောက်မှာ ကျန်းရိချောင်၊ ကျန်းအာ့ဟန်နှင့် ကျန်းစန်းယိုဖြစ်ကြသည်။
စန်းယိုဟူသည် အရာအားလုံးကိုပိုင်ဆိုင်ခြင်းပင်။
အရပ်ပုပုလေးနှင့်ကြံ့ခိုင်တဲ့စန်းယိုလေးဟာ တိတ်ဆိတ်ပြီး ရှက်တတ်တဲ့ကလေးလေးဖြစ်၍ သူ့အမေရဲ့ ခြေထောက်နောက်မှာ ပုန်းနေတတ်သည်။
ချင်းရို့လည်း ညီအစ်ကိုသုံးယောက်ကိုကြည့်ရင်း အံ့အားသင့်နေလျက်၊ "ရိချောင်က မကြာခင်တက္ကသိုလ်တက်တော့မှာ မဟုတ်လား?"
လွန်ခဲ့တဲ့သုံးနှစ်အတွင်း ကျန်းရိချောင်လည်း အလွန်လျင်မြန်စွာကြီးပြင်းလာခဲ့သည်။ အရင်က ဒီလောက်အရပ်မရှည်သေးသော်ငြား အခုချိန်မှာတော့ တကယ်ကိုလူငယ်လေးအသွင်ဖြစ်လာလေပြီ။
"ဟုတ်တယ် နောက်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေရတော့မှာ" ဟွမ်ရှင်းရင်သည် အရပ်အရှည်ဆုံးကနေ အပုဆုံးဖြစ်တဲ့ သူမသားသုံးယောက်ကိုကြည့်၍ ချင်းရို့ခြေထောက်နားက အဝါရောင်ဂါဝန်လေးဝတ်ထားကြတဲ့ သို့ရုန်ညီအစ်မနှစ်ယောက်ဆီကို မကြည့်မိစေရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ရသည်။
အနှီသို့ရုန်လေးနှစ်ယောက်ဟာ ထျောင့်ထျောင့်နှင့်ကွဲပြားလှ၏။ သူတို့လေးတွေက စကတ်လှလှလေးတွေဝတ်ထားကြပြီး သူတို့ရဲ့လက်မောင်းလေးတွေဟာ ဖြူဖွေးနူးညံ့နေလျက်၊ ခေါင်းပေါ်မှာလည်း ကျစ်ဆံမြီးလှလှလေးကျစ်ထားသလို လှုပ်ယမ်းနေတဲ့လိပ်ပြာကလစ်လေးကိုပါ တပ်ထားကြသေးသည်။
ကလေးမလေးတွေရဲ့အသံမှာ ချိုမြိန်လွန်းလှသည်။ "ဒေါ်လေးဟွမ်"
- ဒါက သူမအမြဲလိုချင်တောင့်တနေခဲ့ရတဲ့ သမီးမိန်းကလေးတွေပဲ...
"ဒါက စန်းယိုတိတိ(မောင်လေးစန်းယို)ပေါ့နော်"
"ကျန်းစန်းယို" ကျန်းစန်ယိုကို နာမည်မှည့်စဥ်အချိန်က ကျန်းချန်ပေ့နဲ့ သူ့မိန်းမလည်း ခေါင်းကိုက်ခဲ့ရသည်။ ကျန်းမိသားစုတွင် 'ရိချောင်'၊ 'အာ့ဟန်'ရှိနှင့်နေပြီးဖြစ်၍ တတိယကလေးမှာ 'စန်း'မပါခဲ့ပါက ကျန်းမိသားစုသွေးရင်းကလေးမဖြစ်မည်စိုးသောကြောင့် သူ့ကို ကျန်းစန်းxဆိုပြီး နာမည်မှည့်ကိုမှည့်ရမည်ပင်။
ဒါဆိုရင် လူတွေက... အိုး... သူက ကျန်းမိသားစုရဲ့ ကလေးပဲ၊ ကျန်းမိသားစုရဲ့ ညီအကိုသုံးယောက်နာမည်တွေက လိုက်ဖက်ညီလွန်းတယ်လို့ တွေးကြပေလိမ့်မည်။
ကျန်းစန်းချန်၊ ကျန်းစန်းဟောင်၊ ကျန်းစန်းကျား... စသဖြင့်နာမည်အစုံတွေးခဲ့ကြသော်ငြား နောက်ဆုံးတွင်မူ ကျန်းစန်းယိုကသာ အပြီးပြည့်စုံဆုံးဖြစ်တယ်လို့ သူတို့ခံစားခဲ့ရသည်။
သူ့မှာ တတ်နိုင်သမျှအကုန်ရှိရမယ်၊ မတတ်နိုင်တာတွေလည်းရှိရမယ်။ သူက ကျန်းစန်းယိုပဲ။
"တိတိလေး(မောင်လေး)!"
"နောက်ထပ်တိတိလေးတစ်ယောက်ပဲ!"
...
"အိမ်နီးချင်းတွေ ပြန်ရောက်လာကြပြီလား?" ကျန်းချန်ပေ့အိမ်ပြန်ရောက်သည်နှင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"မြည်းကြည့်လိုက်၊ ဘေးအိမ်က ရှောင်ချင်းလုပ်တဲ့ ဘဲဥဆားငန်ဝက်သားကင်က အရမ်းအရသာရှိတာပဲ။ ကျွန်မတို့ရော မီးဖို(oven)တစ်ခုဝယ်သင့်တယ်လို့ ရှင်ထင်လား? သူမ ဒါတွေကို ovenနဲ့လုပ်တာလို့ ရှောင်ချင်းပြောတာကြားလိုက်လို့၊ ကျွန်မတို့လည်း ovenရှိရင် အရသာရှိတာတွေအများကြီးလုပ်စားလို့ရမှာ..." ဟွမ်ရှင်းရင် နားပူနားဆာလုပ်နေမိသည်။ ဘေးအိမ်က ovenကို သူမအရမ်းစိတ်ဝင်စားနေသည်လေ။
"ovenလား? အဲဒါကို... မေ့လိုက်ပါကွာ... သင်္ဘောပေါ်ကလူတွေ ပေါင်မုန့်တွေကို လုံလုံလောက်လောက်မစားရသေးလို့လားကွာ။ အရသာလည်းမရှိတဲ့အပြင် စားချင်စရာလည်းမကောင်းဘူး။ ဒါကြောင့် ငါတို့သင်္ဘောပေါ်ကဆင်းလာတာနဲ့ ဘန်းမုန့်တွေ၊ ဟင်းရွက်ချဥ်တွေ စားခဲတာပေါ့ကွာ" သင်္ဘောပေါ်တွင် ovenတွေတပ်ဆင်ထားသော်ငြား သူတို့ဖုတ်ထားသောပေါင်မုန့်တွေကို ဘယ်သူမှမကြိုက်ကြသဖြင့် ပေါင်မုန့်ထက်စာရင် ဘန်းမုန့်တွေနှင့် ဟင်းရွက်ချဉ်တွေကိုပဲ စားတတ်ကြသည်။
တစ်ခါနှစ်ခါစားလို့အဆင်ပြေပေမယ့် နေ့တိုင်းစားရမယ်ဆိုရင်တော့ သည်းမခံနိုင်ဘူးလေ။
ဟွမ်ရှင်းရင်: "ဒါကတော့ ရှင်တို့လက်ရာမကောင်းလို့ပေါ့။ ဒီရက်အနည်းငယ်အတွင်းမှာ လူတွေမြည်းကြည့်စေဖို့အတွက် croissantမုန့်နည်းနည်းလုပ်ပေးမယ်လို့ ရှောင်ချင်းပြောထားပါတယ်နော်"
"Croissants? Croissants? ရှောင်ချင်းက နှစ်နည်းနည်းလောက်ပဲ ကောလိပ်သွားတက်ခဲ့ပေမယ့် ထူးဆန်းတာတွေအများကြီးပြန်သယ်လာတာပဲကွာ"
ကျန်းချန်ပေ့သည် စားပွဲပေါ်ရှိ ဘဲဥဆားနယ်ဝက်သားကင်အချပ်ပြားတွေကို ကြည့်လိုက်၏။ အဲဒီဟင်းလျာမှာ စွဲမက်ဖွယ်ကောင်းနေပြီး အနံ့လေးကလည်း မွှေးပျံ့လွန်းလှသည်။ သူမနေနိုင်တော့ဘဲ အသားတစ်ဖက်ကောက်ယူကာ ပါးသပ်ထဲထည့်လိုက်တော့သည်။ သူမမြည်းကြည့်ခဲ့ရင်တောင် ပိုကောင်းဦးမယ်၊ မြည်းကြည့်ပြီးနောက် အရသာကလုံးဝကိုအံ့သြစရာကောင်းနေသည်ကို တွေ့ရှိလိုက်ရ၏။
"အိမ်နီးချင်းတွေ တကယ်ပြန်ရောက်လာပြီပဲ" ကျန်းချန်ပေ့ သူ့နှလုံးသားထဲကနေ သက်ပြင်းချလိုက်သည်။
xxx
Ch-279
ကျန်းချန်ပေ့သည် စားပွဲပေါ်ရှိ ဘဲဥဆားနယ်ဝက်သားကင်အချပ်ပြားတွေကို ကြည့်လိုက်၏။ အဲဒီဟင်းလျာမှာ စွဲမက်ဖွယ်ကောင်းနေပြီး အနံ့လေးကလည်း မွှေးပျံ့လွန်းလှသည်။ သူမနေနိုင်တော့ဘဲ အသားတစ်ဖက်ကောက်ယူကာ ပါးသပ်ထဲထည့်လိုက်တော့သည်။ သူမမြည်းကြည့်ခဲ့ရင်တောင် ပိုကောင်းဦးမယ်၊ မြည်းကြည့်ပြီးနောက် အရသာကလုံးဝကိုအံ့သြစရာကောင်းနေသည်ကို တွေ့ရှိလိုက်ရ၏။
"အိမ်နီးချင်းတွေ တကယ်ပြန်ရောက်လာပြီပဲ" ကျန်းချန်ပေ့ သူ့နှလုံးသားထဲကနေ သက်ပြင်းချလိုက်သည်။
အိမ်နီးချင်းလုမိသားစုပြန်လာတဲ့အတွက် ကျန်းချန်ပေ့သည် ပျော်လည်းပျော်မိသလို ဝမ်းလည်းနည်းနေမိပြီး ခံစားချက်တွေရောပြွန်းနေလေ၏။ အခုချိန်မှာ သူ့ခံစားချက်တွေရှုပ်ထွေးလွန်းနေတာကြောင့် သူ့ကိုယ်သူဘယ်လိုဖော်ပြရမလဲပင်မသိတော့။
လုယန်တို့မိသားစုသည် သူတို့နဲ့ အိမ်နီးချင်းဖြစ်လာခဲ့တာ အချိန်အကြာဆုံးမိသားစုပင်။ သူတို့အချင်းချင်း ဘာခံစားချက်မှမရှိဘူးဆိုတာ မမှန်ပါချေ။ သူတို့မိသားစုပြန်လာတဲ့အတွက် မိသားစုခြံဝင်းဟာ သက်ဝင်လှုပ်ရှားလာတော့မယ်လို့ ဆိုလိုခြင်းဖြစ်၍ ကျန်းချန်ပေ့ သူ့စိတ်ထဲတွင် နားမလည်နိုင်လောက်အောင် ပျော်ရွှင်နေခဲ့ရသည်။
သို့သော် သူသည် စိုးလည်းစိုးရိမ်နေမိလျက်။ ဘေးအိမ်က အမြွှာကလေးမလေးတွေအကြောင်း သူတွေးလိုက်တဲ့အခါ ကျန်းချန်ပေ့ နှလုံးဖောက်သွားရတော့မလိုပင်။
အဲဒီဖြူဖွေးနူးညံ့လှတဲ့အမြွှာကလေးမလေးတွေ သူ့ကို နေ့တိုင်း "ဦးဦးကျန်း ဦးဦးကျန်း!"လို့ခေါ်နေမှာကို စိတ်ကူးယဥ်ကြည့်မိသည်။
သူ့နှလုံးသားလေး နာကျင်နေရပြန်ပြီ။ သူတို့မှာ ဘာလို့သမီးတွေရှိနေတာလဲလို့ !!!
ကျန်းချန်ပေ့ရဲ့ စိတ်ခံစားချက်တွေ ဘယ်လောက်ပဲရှုပ်ထွေးနေပါစေ အိမ်နီးချင်းလင်မယားနှစ်ယောက်ပြန်လာပြီဆိုတဲ့အချက်ကို လက်ခံရုံသာ။
လုမိသားစုခြံဝင်းကို အလျင်အမြန်ရှင်းလင်းခဲ့သည်။ လုယန်နှင့်ချင်းရို့က ဒန်းအသစ်လေးဆင်ကာ သက်ကယ်တဲလှလှလေးကို ဆောက်လိုက်ပြီး ရိုးရိုးရှင်းရှင်းပန်းစင်လေးပါပြုလုပ်ခဲ့ကြသည်။ ချင်းရို့က စူကာသီးနွယ်တွေကို တိလိုက်ပြီး မြေကြီးတွေကိုပါ ပြန်လည်ပြုပြင်ကာ မျိုးစေ့တွေကို စိုက်ပျိုးလိုက်၏။ ရက်အနည်းငယ်ကြာသောအခါ ခြံဝင်းသည်လည်း လုံးဝကွာခြားသွားတော့သည်။
ချင်းရို့က ပျိုးပင်များကို ပြုစုစောင့်ရှောက်ရန် သို့ရုန်ညီအစ်မနှစ်ယောက်ကို ခေါ်သွားခဲ့သည်။ ခြံထဲတွင် ကြက်များနှင့် ယုန်များကိုပါ မွေးမြူထားသဖြင့် အပြင်ဘက်အစွန်းမှာ ကြက်လှောင်အိမ်နှင့် ယုန်အသိုက်လှလှလေးလုပ်ပေးလိုက်ပြီး သစ်သားခြံစည်းရိုးလှလှလေးဖြင့် ဝန်းရံထားလိုက်သည်။
ကျွန်းပေါ်၌ ခြံဝင်းတစ်ခုပါသော နှစ်ထပ်မိသားစုအိမ်သို့ပြန်ရောက်တဲ့အခါ သို့ရုန်ညီမအစ်မနှစ်ယောက်ဟာ ဆော့ကစားဖို့နေရာများစွာရှိလာလေပြီ။
မေမေက ခြံထဲမှာ ပန်းပင်တွေစိုက်ချင်နေသလို သမီးလေးတွေက ရွှံ့တွေနဲ့ ပျော်ပျော်ကြီးကစားနိုင်လေပြီ။
ချင်းရို့: "…"
ငါ့သမီးတွေက ရွှံ့နဲ့ဆော့ရတာ ကြိုက်နေတော့ တားလို့ကိုမရဘူး။ ချင်းရို့လည်း သမီးတွေနဲ့အတူတူဆော့ပေးလိုက်ကာ ရွှံ့ကိုဆုပ်နယ်ပြီး ရွှံ့ရုပ်လေးတစ်ရုပ်လုပ်ပေးလိုက်သည်။
"မားမား ကြည့်!" သို့သို့က အနက်ရောင်ရွှံ့စိုင်တစ်စိုင်ကိုကိုင်၍ မြေကြီးပေါ် "ဘန်း"ခနဲပစ်ချလိုက်၍ သူမရဲ့ချစ်စဖွယ်ဖိနပ်အဖြူလေးပေါ်သို့ ရွှံ့တွေစင်သွားတော့သည်။
ရုန်ရုန်သည်ကား ထိုသို့မလုပ်သော်ငြား ကလေးတွေသဘာဝ ဆော့ကစားနေရင်း ရွှံ့ပေနေတဲ့လက်တွေနဲ့ မျက်နှာရော ခန္ဓာကိုယ်မှာပါ သုတ်လိုက်ကြ၍ ရှုပ်ပွညစ်ပတ်ကုန်သည်။
နောက်ဆုံးတော့ ဖြူဖွေးနူးညံ့တဲ့မျက်နှာလေးတွေဟာ မည်းတူးသွားလေပြီ။
"သမီးတို့မားမားက သမီးတို့အ၀တ်တွေကို တကယ်မလျှော်ချင်ဘူးကွယ်"
ရွှံ့ထဲမှာဆော့ကစားဖို့ စကတ်လှလှလေးတွေဝတ်ထားတဲ့သူတွေက သူမရဲ့ ချစ်စဖွယ်သမီးလေးတွေဟုတ်ရဲ့လားနော်?
ချင်းရို့က သူမသမီးလေးနှစ်ယောက်ရဲ့ မျက်နှာလေးကို ဆွဲဖျစ်လိုက်၏။ သူမ ဒေါသထွက်နေပေမယ့် ရယ်မောလိုက်ရင်း ဒါဟာ ကလေးတွေရဲ့ သဘာဝနဲ့နီးစပ်တဲ့သရုပ်သကန်ပေါ်လာတာပဲလို့ စိတ်ထဲမှာလည်း သူမကိုယ်သူမနှစ်သိမ့်ပေးနေသည်။ သူမ ကလေးဘဝတုန်းကလည်း ပိုးမျှင်ထုတ်တဲ့ပိုးကောင်မွေးမြူဖို့ ပိုးစာရွက်ဝယ်ခြင်း၊ မိုးရွာတဲ့နေ့တွေမှာ တခြားကလေးတွေနဲ့ ခရုဖမ်းပြီး ဘယ်သူ့ခရုကအပြေးမြန်လဲပြိုင်ကြခြင်း စသဖြင့် ထူးဆန်းတဲ့ဆော့ကစားနည်းတွေကစားရတာကို နှစ်သက်ခဲ့သည်လေ…
တကယ့်ကိုထူးဆန်းလှသည်။ သူမဟာ ငယ်စဉ်ကလေးဘဝတုန်းက ပိုးကောင်တွေကို မကြောက်ခဲ့ပေမယ့် ကြီးပြင်းလာချိန်မှာတော့ ကြောက်ရွံ့ခဲ့သည်။
ကလေးဘဝမှာပဲ ရူးနှမ်းပြီးတော့ ရဲရင့်ကြတယ်လေ!
ချင်းရို့လည်း သူတို့ကိုယ်ပေါ်က ရွှံ့တွေဆေးကြောပေးဖို့အတွက် ရေပိုက်အောက်သို့ ခေါ်သွားလိုက်သည်။
"မားမား မီးမီးဆေးကြောပြီး မွှေးမွှေးလူးချင်တယ်!"
"သမီးတို့လုံလုံလောက်လောက်ဆော့ပြီး ဆေးကြောပြီးတဲ့အထိစောင့်ဦး" အခုဆေးကြောပြီးရင်တောင် နောက်တစ်ခါပြန်ညစ်ပတ်ဦးမှာပဲလေ။
"ရှောင်ချင်းရေ မင်းရဲ့ သို့သို့လေးနဲ့ရုန်ရုန်လေးက အရမ်းကြီးလာပြီပဲ" ကျန်းချန်ပေ့က လုမိသားစုခြံတံခါးနားရောက်လာခဲ့သည်။ သူသည် ပြတင်းပေါက်ကနေ ဘေးအိမ်က ကလေးမလေးနှစ်ယောက် ရွှံ့နွံထဲမှာဆော့ကစားနေကြသည်ကို ကြည့်နေခဲ့တာ တော်တော်ကြာသွားခဲ့သည်။ ဒီအသေးလေးနှစ်ယောက်က ချစ်စရာကောင်းနေသည်မှာ ထျောင့်ထျောင့်အသေးစားလေးတွေလိုပင်။
ညီအစ်မနှစ်ယောက်က တစ်ပုံစံတည်းဖြစ်ပြီး မျက်နှာအသွင်အပြင်မှာ သူတို့အမေနဲ့ ဆင်တူလွန်းလှ၏။ ဦးထုပ်အနားမှာ ဖဲပြားပုံဖဲကြိုးလေးပါတဲ့ သနပ်ခါးရောင်ကောက်ရိုးဦးထုပ်သေးသေးလေးကိုဆောင်းထားကြပြီး အဖြူရောင်ဇာလှလှတွေအများကြီးပါတဲ့ အပြာနုရောင်ဂါဝန်လေးကို ဝတ်ထားကြသည်။ ထိုအချိန်တွင် အဝတ်အစားတွေပေါ်မှာ အနက်ရောင်လက်ရာပုံတွေ အများအပြားရှိနေလေပြီ။
အခုလေးတင် ကလေးမလေးနှစ်ယောက်ဟာ ရွှံ့ထဲကနေ တင်ပါးလေးကိုဆွဲထုတ်နေကြပြီး ဆော့ကစားနေကြတဲ့အခါ အလွန်ချစ်စဖွယ်ကောင်းနေလေ၏။
ချင်းရို့က အပြာရောင်ချည်ကြမ်းထည်ကို ၀တ်ထားပြီး ကလေးမလေးနှစ်ယောက်ဘေးမှာ ရပ်နေလေသည်။ သူမခေါင်းပေါ်မှာ နေကာဦးထုပ်ကိုလည်း ဆောင်းထားသလို သူမဆံပင်ရှည်ရှည်လေးတွေကိုစုစည်းထား၍ မျက်နှာလှလှလေးကိုပေါ်လွင်စေသည်။
အကြီးတစ်ယောက် အသေးလေးနှစ်ယောက် အတူတူရပ်နေကြတဲ့အခါ အမေနဲ့သမီးတွေနဲ့မတူဘဲ ညီအစ်မတွေနဲ့ပိုတူနေပါသေးရဲ့။
လုမျိုးရိုးကတော့ တကယ့်ကိုကံကောင်းတာပဲကွာ။ ကျန်းချန်ပေ့သည် လွန်ခဲ့တဲ့ဆယ်နှစ်က အမှားလုပ်ခဲ့သူဟာ ငါလောင်ကျန်းပဲလို့ သူ့ကိုယ်သူတွေးနေမိလျက်။ လောင်လုနဲ့သူ့မိန်းမဟာ အရမ်းလျှိုထားတတ်မှန်း သူတို့မသိခဲ့ကြ၍ ကြိုတင်သတိမထားမိခဲ့ကြခြင်းပင်။
"ဒါက ဘေးအိမ်က ဦးဦးကျန်းပဲ၊ သို့သို့ရုန်ရုန်လေး ဦးဦးကျန်းကို နှုတ်ဆက်လိုက်ကြဦးလေ"
သို့ရုန်ညီအစ်မနှစ်ယောက်က နာနာခံခံလေးဖြင့် "မင်္ဂလာပါ ဦးဦးကျန်း"လို့ အော်လိုက်ကြသည်။
ကျန်းချန်ပေ့သည် သူတို့ဦးထုပ်ကိုကိုင်ထားကြတဲ့ ပုပုလုံးလုံးကလေးမလေးနှစ်ယောက်ကို တွေ့လိုက်ရ၏။ သူတို့လေးတွေမှာ ဖြူဖွေးနူးညံ့တဲ့မျက်နှာလေး၊ မည်းနက်ပြီးတောက်ပနေတဲ့မျက်လုံးလေးတွေ၊ ခေါင်းလောင်းလေးလို သာယာကြည်လင်တဲ့အသံလေးနှင့် နွေရာသီအပူဒဏ်ကို ပြေပျောက်စေသော ချိုမြမြဖရဲသီးရနံ့လေးရနေလေသည်။
ကျန်းချန်ပေ့: "…"
သူသည် မြေပြင်ပေါ်ကရွှံ့တွေကိုကြည့်ဖို့ အတတ်နိုင်ဆုံးကြိုးစားလိုက်ရသည်။ ငါကစပျစ်သီးမဟုတ်ဘူး၊ ငါမနာလိုဖြစ်မနေဘူးလို့ တစ်ကိုယ်တည်းတွေးနေမိလျက်။
"ရှောင်ချင်းရေ မင်းလိုပဲ ဒီကလေးမလေးနှစ်ယောက်ရဲ့ အသံက အရမ်းကောင်းတာပဲ၊ သူတို့သီချင်းဆိုတတ်လား?"
ကျန်းချန်ပေ့သည် ခက်ခက်ခဲခဲအသံထုတ်ကာ ဘေးအိမ်ကချို့ယွင်းချက်တစ်ချို့ကို စိတ်ကူးကြည့်လိုက်သည်။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ဟာ ကီးကြောင်နေပေမယ့် နေရာတိုင်းမှာ သီချင်းဆိုတတ်ကြသည်လေ။ သူတော့ ဒီလောက်ဆိုးရွားတဲ့အသံမျိုး တစ်ခါမှမကြားဖူးဘူးကွာ။
သူတို့မိသားစုက ဒီလိုပဲဖြစ်သင့်တယ်လေ မဟုတ်ဘူးလား?
"ဟုတ်!" သို့ရုန်ညီအစ်မဟာ ဝမ်းသာအားရပြန်ဖြေကြသည်။
ကျန်းချန်ပေ့သည် ဒီလိုဂုဏ်ယူနေပြီး ယုံကြည်မှုရှိနေတဲ့မျက်ဝန်းနှစ်စုံကို မြင်လိုက်ရတဲ့အခါ ဟိုတုန်းက ကွန်းဖီးဒန့်အရမ်းရှိနေခဲ့ကြတဲ့ ညီအစ်ကိုနှစ်ယောက်ကို ပြန်တွေးမိသွားကာ ချက်ချင်းစိတ်လှုပ်ရှားသွားရသည်။
"ဦးဦးကို သီချင်းဆိုပြမယ်!"
သို့ရုန်ညီအစ်မက သူ့အတွက် "စံပယ်ပန်းလေး"သီချင်းကို သီဆိုခဲ့ပြီး နူးညံ့ချိုသာတဲ့ကလေးအသံလေးတွေဟာ ဒီလိုချိုမြိန်တဲ့သီချင်းလေးနဲ့ကွက်တိပင်။
"ဦးဦး ဦးဦး တခြားသီချင်းတွေနားထောင်ချင်သေးလားဟင်?"
သို့ရုန်ညီအစ်မနှစ်ဦးဟာ သူတို့အကိုတွေလိုမျိုး အပြင်လူတွေရှေ့တွင် သူတို့သီချင်းဆိုသံလေးကို ကြွားဝါလိုကြသည်။
နှုတ်ဆိတ်သွားရတဲ့ကျန်းချန်ပေ့: "…"
မဟုတ်ဘူး၊ ဦးလေး နားမထောင်ချင်တော့ဘူး...
"သို့သို့က သီချင်းတွေအများကြီးဆိုနိုင်တယ်!"
"ရုန်ရုန်လည်း သီချင်းတွေအများကြီးဆိုတတ်တယ်!"
…
ကျန်းချန်ပေ့ နားထောင်ပြီးနောက် အပြုံးတစ်ခုကိုအတင်းညှစ်ထုတ်၍ ပြုံးပြလိုက်ပြီး ကသိကအောက်အသံဖြင့် "ရှောင်ချင်းရေ မင်းရဲ့သမီးလေးနှစ်ယောက်ကတော့ သူတို့အမေရဲ့အသံကို တကယ်အမွေရခဲ့တာပဲကွာ။ သူတို့ အနာဂတ်မှာ အနုပညာကျောင်းတက်ပြီး စင်မြင့်ပေါ်မှာ သီချင်းဆိုလို့ရတယ်!"
တခြားဘာမှပြောစရာပင်မလို၊ ဒီကောင်မလေးနှစ်ယောက်က သီချင်းဆိုတာအရမ်းကောင်းတယ်လေ။
သူ တစ်ယောက်ကိုတောင် ခိုးသွားချင်နေမိပြီနော်။
အတိတ်တုန်းက သမီးလေးတစ်ယောက်လိုချင်တဲ့စိတ်ဆန္ဒမှာ ပြန်လည်ထွက်ပြူလာပြန်သည်။ ကံကောင်းထောက်မစွာဖြင့် ယခုအချိန်တွင် သူတို့မိသားစုမှာ သားဆက်ခြားခြင်းကို အကောင်အထည်ဖော်ခဲ့ပြီးပြီဖြစ်၍ သူလိုချင်ရင်တောင် ထပ်မရနိုင်တော့ပေ။ သူ့ရဲ့ကျန်ဘဝတစ်လျှောက်လုံး ဒီသားသုံးယောက်ကိုသာ စောင့်ရှောက်နိုင်မည်ပင်။
ချင်းရို့ အပြုံးလေးနဲ့ မေးလိုက်၏။ "သို့သို့လေးနဲ့ ရုန်ရုန်လေးက စင်ပေါ်မှာ သီချင်းဆိုချင်လား?"
"ရုန်ရုန်က မားမားအတွက် သီချင်းဆိုပြချင်ရုံလေးပါနော်"
"သို့သို့လည်း မားမားအတွက် သီချင်းဆိုပြချင်ရုံပါလို့!"
စကားချိုချိုလေးတွေပြောဆိုနိုင်မှုစွမ်းရည်ကိုတော့ ညီအကိုနှစ်ယောက်ဟာ သို့ရုန်ညီအစ်မနှစ်ယောက်နဲ့ မယှဥ်နိုင်ပါချေ။
သူတို့လေးတွေဟာ အပြုအမူပိုင်းမှာတော့ ပေါက်ပြဲယိုစိမ့်နေတဲ့ အနွေးဂျာကင်လေးနှစ်ထည်အသွင်ဖြစ်သော်ငြား အပြောပိုင်းတွင်မူ နွေးထွေးတဲ့အနွေးဂျာကင်လေးဖြစ်သည်မှာ အသေအချာပင်။
အချိန်အများစုတွင် သူတို့မေမေကို ချိုမြိန်တဲ့စကားတွေ တီတီတာတာပြောတတ်ကြပြီး ပင့်ကူဝိဥာဥ်လေးနှစ်ကောင်ဆိုပါက သူတို့မေမေကို ထောင်ချောက်ဆင်ဖို့ စကားချိုချိုလေးတွေသုံးတတ်ကြ၏။
ကျန်းချန်ပေ့: "…"
မားမားအတွက်ပဲ သီချင်းဆိုပြချင်တာလား?
ကြည့်ရတာတော့ သမီးတွေရဲ့ နှလုံးသားထဲမှာ သူတို့ဖေဖေရဲ့အဆင့်အတန်းက သိပ်မမြင့်ဘူးထင်တယ်နော်။ ဒါက လောင်ကျန်းကို စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီစေလေရဲ့။
မေမေ့ကိုပိုချစ်တယ်၊ ဖေဖေ့ကိုတော့မချစ်ဘူးပေါ့!!
လောင်လျိုမိသားစုရဲ့ ထျောင့်ထျောင့်ဟာလည်း သူမရဲ့ဖေဖေကိုသဘောမကျဘဲ သူမရဲ့မေမေနှင့် ဦးလေးကျန်းကို ပိုနှစ်သက်သည်လေ။
ထျောင့်ထျောင့်ဆီမှ ချစ်မြတ်နိုးခံရတဲ့ဦးလေးတစ်ယောက်အနေနဲ့ ကျန်းချန်ပေ့ကိုလည်း သူမလေးရဲ့ ခေါင်းကိုင်အဖေလို့ မှတ်ယူနိုင်၏။
ကျန်းချန်ပေ့သည် ဒီလိုခေါင်းကိုင်သမီးလေးကိုရတဲ့အတွက် ပျော်ရွှင်မှုရော ဝမ်းနည်းမှုပါ ရောပြွန်းခံစားခဲ့ရသည်။ အကြောင်းမှာ သူ့သားသွင်းသွင်းနဲ့အတူ ဆော့ကစားနေတဲ့ထျောင့်ထျောင့်ကို တွေ့တဲ့အခါတိုင်း ခေါင်းကိုင်သားတစ်ဦးကိုရလိုက်သလိုခံစားနေရသောကြောင့်သာ။
- သားလေးယောက်!
ကျန်းချန်ပေ့ပြုံး၍ "သမီးတို့က သမီးတို့မားမားအတွက်ပဲ သီချင်းဆိုပြချင်တာလား၊ သမီးတို့ပါးပါးကိုရောမပါဘူးလား? သမီးတို့ပါးပါးကြားရင် ဝမ်းနည်းသွားတော့မှာပဲ"
"-- မင်းတို့ ဘာအကြောင်းပြောနေကြတာလဲ?"
ကျန်းချန်ပေ့ လှည့်ကြည့်လိုက်တဲ့အခါ သူ့ခြံတံခါးဝမှာရပ်နေတဲ့လုယန်ကို တွေ့လိုက်ရသည်။ သူက နှင်းဖြူရောင်စစ်ဝတ်စုံအသစ်ကို ၀တ်ထားပြီး အရောင်မှာဖြူဆွတ်လွန်းတာကြောင့် အလင်းတန်းတွေဖြာထွက်နေသလိုပင်။ သို့ရုန်ညီအစ်မဟာ သူတို့ဖေဖေကိုတွေ့လိုက်ကြသည်နှင့် ချက်ချင်းပင် ဘာမှဂရုမစိုက်တော့ဘဲ သူတို့ဖေဖေဆီ ပြေးသွားကြတော့သည်။
"ပါးပါး!!"
"မြင့်မြင့်ချီပေးပါ!"
လုယန်သည် လက်တစ်ဖက်စီတွင် သမီးလေးနှစ်ယောက်ကိုချီလိုက်၏။ သူ့နောက်တွင် လောင်ဝမ် ဝမ်ယွမ်ကျန်းရပ်နေလျက်။ ဝမ်ယွမ်ကျန်းက သူ့သမီးနှစ်ယောက်ကိုမြင်သောအခါ ချက်ချင်းပြုံးသွားကာ "လုယန် မင်းရဲ့သမီးလေးနှစ်ယောက်က တော်တော်ကြီးလာပြီပဲ"
"မင်္ဂလာပါ ဦးဦးဝမ်!"
"မင်္ဂလာပါ ဦးဦးဝမ်!"
"လောင်ကျန်း မင်းလည်း လောင်လုအိမ်ရောက်နေတာကိုး" မျက်မှန်တပ်ထားသောဝမ်ယွမ်ကျန်းက ယဥ်ယဥ်ကျေးကျေး ပြုံးပြနေလေသည်။
ကျန်းချန်ပေ့: "…"
ကျန်းချန်ပေ့သည် တစ်ချိန်တည်းမှာ ရန်သူနှစ်ဦးကိုတွေ့ရလိမ့်မယ်လို့ မမျှော်လင့်မိထားခဲ့ပေ။
xxx