အခန်း (၂၈၀-၂၈၁)
Vol. 24 Ch. 280-281
Ch-280
ကျန်းချန်ပေ့သည် တစ်ချိန်တည်းမှာ ရန်သူနှစ်ဦးကိုတွေ့ရလိမ့်မယ်လို့ မမျှော်လင့်မိထားခဲ့ပေ။
ဝမ်ယွမ်ကျန်းတွင် ၇နှစ်၊ ၈နှစ်အရွယ် ဝမ်နျန်နျန်ဆိုတဲ့ သမီးတစ်ယောက်သာရှိသည်။ သူမလေးဟာ လိမ္မာရေးခြားရှိပြီး ဥာဏ်ကောင်းသလို လင်မယားနှစ်ယောက်ကလည်း သူမလေးကို အဖိုးတန်ပုလဲလေးလို ဆက်ဆံကြ၏။
သူတို့မှာ အကြီးဆုံးသမီးလေးတစ်ယောက်သာရှိသေးသည်ကြောင့် ဝမ်ယွမ်ကျန်းမိသားစုနှင့် ရွှယ်ရှောင်ဟွေ့မိသားစုတို့က ဒုတိယကလေး သားယောကျ်ားလေးမွေးရန် တိုက်တွန်းနေခဲ့ကြသော်လည်း ဝမ်ယွမ်ကျန်းကတော့ ဖိအားတွေကြောင့် နောက်ကလေးထပ်ယူမည်မဟုတ်ကြောင်းဆိုခဲ့သည်။
နျန်နျန်အဖွားနှင့် မိခင်ဘက်မှအဖွားတို့က သူ့သမီးနျန်နျန်လေးကိုမကြိုက်ကြသဖြင့် သူ့သမီးကိုအလွန်ချစ်တဲ့ဝမ်ယွမ်ကျန်းဟာ အလွန်စိတ်မသက်မသာဖြစ်ရ၏။ သူသာ သားယောကျ်ားလေးတကယ်မွေးပြီးပါက ဝမ်နျန်နျန်လေးမတရားခံရသလိုခံစားရမည်စိုး၍ နောက်ကလေးထပ်မယူတော့ဘဲ နိုင်ငံရဲ့ တောင်းဆိုမှုအတိုင်း သားဆက်ခြားခြင်းကိုလုပ်ဆောင်ခဲ့၍ သမီးလေးတစ်ယောက်သာရှိပါတော့သည်။
မိသားစုတွင် သမီးတစ်ယောက်သာရှိ၍ အတင်းအဖျင်းများစွာရှိခဲ့ပေမယ့် ဝမ်ယွမ်ကျန်းကတော့ ဒါကိုအလေးအနက်မထားပါချေ။ ရဲဘော်ဝမ်သည် အယူအစွဲမရှိသူပင်။ သူ့ဘဝကိုသူ့ဘာသာရှင်သန်ရတာလေ၊ တခြားသူတွေနဲ့မှမဟုတ်ဘဲ။ သူ့မှာ မိန်းမနဲ့သမီးလေးရှိပြီးတော့ သာယာလှပတဲ့ဘဝရှိနေတာပဲ၊ တခြားသူတွေပြောနေကြတာကို ဘာလို့ဂရုစိုက်နေရမှာလဲ?
"ရယ်စရာပါလို့လား? ငါ့အကြောင်း ဘာရယ်စရာရှိလို့လဲ? ငါ့မှာသမီးတစ်ယောက်ရှိတယ်လေ"
"နောက်တစ်ယောက်ရှိရင်ဘာဖြစ်မလဲ? သူတို့လိုမျိုး? သားတစ်ယောက်ရဖို့အရေး တစ်ယောက်၊ နှစ်ယောက်... သမီးသုံးယောက်မွေးဖို့လား? တစ်ယောက်မွေးလာတိုင်း သူတို့စိတ်ပူနေရတယ်မလား? သူတို့မှာ သားတစ်ယောက်တကယ်မွေးလာရင် သူတို့သမီးကို သူတို့ဘေးဖယ်လိုက်ကြသလိုလား?"
ရဲဘော်လောင်ဝမ်သည် အိမ်ထောင်မပြုမီက ကိစ္စအားလုံးကို သေသေချာချာစဉ်းစားခဲ့ပြီး ယခု ကလေးရသောအခါ ဖြစ်နိုင်ခြေအားလုံးကို ပြန်တွေးတောခဲ့သည်။ သားယောက်ျားလေးတစ်ဦးမွေးကိုမွေးရမယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိဘူးလို့ သူခံစားမိသည်၊ သူရဲ့အဖိုးတန်သမီးလေးနျန်နျန်ကိုပြုစုပျိုးထောင်ပြီး သဟဇာတဖြစ်တဲ့မိသားစုလေးပိုင်ဆိုင်ရတာက ပိုကောင်းပါဦးမည်။
တခြားသူတွေအတွက်ရော? ဘယ်သူ့ကိုဂရုစိုက်နေရမှာလဲ။
"အဲဒါက တကယ့်ကိုနတ်ဆိုးအတားအစီးပဲကွာ!"
ကျန်းချန်ပေ့သည် ပထမတော့ ဒီလူမှာ ထူးဆန်းတဲ့အတွေးအကြံရှိတယ်လို့တွေးမိပြီး ဒုတိယအနေနဲ့ လောင်ဝမ်က သူ့ကို စောင်းပါးရိပ်ခြည်ပြောနေတယ်လို့ ထင်မိသည်။
သားတစ်ယောက်မွေးဖို့ကျရှုံးခြင်း သို့မဟုတ် ဒီလိုမျိုးတစ်ခုခုဟာ သမီးတစ်ယောက်မွေးဖို့ကျရှုံးခြင်းနှင့် အဓိပ္ပါယ်အတူတူပဲပေါ့။ သို့သော် သူ့နာကျင်မှုတွေကို ထုတ်မပြောနိုင်ဘဲ ဝဝကစ်ကစ်သားသုံးယောက်ရထားတဲ့အတွက် လူတွေရှေ့မှာ ဂုဏ်ယူစွာပြုံးနေခဲ့ရသည်လေ။
ကျန်းချန်ပေ့ တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။ ဒါပေမဲ့ ပြောရရင် ဝမ်ယွမ်ကျန်းပြောတာ မှန်တာပဲလေ။ အနာဂတ်တွင် သူ့မှာ သမီးလေး တကယ်မွေးခဲ့ရင် ကလေးတွေကိုဆက်ဆံရာတွင် တရားမျှတမှုမရှိမှာကို စိုးရိမ်မိသည်။ သမီးကို မျက်နှာသာပေးပြီး သားကိုမတရားဆက်ဆံလို့မရဘူးလေ။
ယခု သူ့မိသားစုတွင် သားသုံးယောက်ရှိပြီး သမီးမရှိတာကလွဲလို့ သဟဇာတနေထိုင်နေတယ်လို့ ပြောလို့ရပေသည်။
ဒါပေမဲ့ တစ်ခါတစ်လေတော့လည်း နောင်တရမိတာပေါ့ကွာ...
ဘေးအိမ်က လုယန်တို့မိသားစုအိမ်ပြန်မလာသေးခင်တွင် ကျန်းချန်ပေ့သည် ဝမ်ယွမ်ကျန်းကို အတော်လေးမနာလိုဖြစ်နေခဲ့ရ၏။ ဝမ်ယွမ်ကျန်းက အတင်းအဖျင်းပြောတာတွေကို လုံးဝအလေးအနက်မထားသလို သူ့ဘေးနားကလူတွေက အဓိပ္ပာယ်မရှိတာတွေပြောနေကြတဲ့အခါ စကားမပြောတော့ပေ။
ဝမ်မိသားစုတွင် ခင်ပွန်းရော ဇနီးပါ အလုပ်လုပ်ကြပြီး သူတို့ရဲ့ချစ်လှစွာသောသမီးလေးကို ပျော်ပျော်ရွှင်ရွှင် ပြုစုပျိုးထောင်ကြသည်။ ဝမ်နျန်နျန်လေးဟာ တိတ်ဆိတ်၍ လိမ္မာရေးခြားရှိပြီး မိဘစကားကို နားထောင်တတ်သူပင်။ သူမလေးဟာ လူအများလိုချင်ကြတဲ့ စံပြသမီးလေးသဖွယ်ဖြစ်နေလျက်။
နှစ်အတော်ကြာပြီးနောက် လောင်ဝမ်ရဲ့ ခေါင်းထိပ်ရှိဆံပင်တွေမကျွတ်တော့ပါချေ။ သို့သော် လောင်ကျန်းကတော့ ထိပ်ပြောင်နေတာကိုဖုံးကွယ်ရန် ဦးထုပ်အမြဲဆောင်းထားဖို့ လိုအပ်နေပြီဖြစ်သည်။ သူ့သားတွေက သူ့ဆံပင်တွေကျွတ်ကုန်သွားမှာကို စိုးရိမ်နေကြသည်။
"လောင်ဝမ်၊ မင်းမိသားစုနျန့်နျန့်လေးရော?"
"ကလေးနန်းတော်မှာ အကသင်တန်းတက်နေတယ်လေ။ လောင်လုအိမ်မှာ ခဏနေပြီးရင် ငါ့သမီးနဲ့အိမ်အတူတူပြန်မလို့"
လူကြီးတွေ စကားပြောနေကြစဥ် လုဝေကျိုး၊ လုဝေကျယ်နှင့် ဝမ်နျန်နျန်တို့ ရောက်လာကြသည်။ ယနေ့ လုဝေကျိုးတို့ညီအကိုနှစ်ယောက်လည်း လုချန်ကလေးနန်းတော်သို့သွားခဲ့ကြ၍ ဝမ်နျန်နျန်က အဲဒီမှာ အကသင်တန်းတက်နေတာကြောင့် သူတို့အတူတူပြန်လာခဲ့ကြခြင်းပင်။
ဝမ်နျန်နျန်သည် လုညီအစ်ကိုများထက် အရပ်ပိုပုသော်လည်း သူမလေးဟာ သေးသွယ်ပေါ့ပါးပြီး သူမအမေ ရွှယ်ရှောင်ဟွေ့လိုမျိုး အရည်လဲ့နေတဲ့မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးတစ်စုံနှင့် စွဲမက်ဖွယ်ကောင်းလှ၏။ သူမလေးဟာ နှင်းလိုဖြူဖွေးပြီး ကျစ်လျစ်သွယ်လျတဲ့အကဝတ်စုံလေးကို ဝတ်ထားပြီး ခါးတစ်ဝိုက်တွင် ပန်းရောင်ကြာပန်းစကတ်လှလှလေးဝတ်ဆင်ထားလျက် သူမနဖူးပေါ်တွင် အနီရောင်ဆေးအနည်းငယ်ခြယ်သထားသည်။ သူမရဲ့အဖေကိုတွေ့သည်နှင့် ဝမ်ယွမ်ကျန်းနောက်သို့ ရွရွကလေးပြေးလာခဲ့သည်။
သူမက လူတိုင်းကို ရှက်ရွံ့စွာ နှုတ်ဆက်လိုက်သည်။
"ဦးဦးလု၊ ဒေါ်လေးချင်း၊ ဦးဦးကျန်း..."
သို့ရုန်ညီအစ်မနှစ်ဦးက သူမကိုမြင်တဲ့အခါ စကားချိုချိုလေးတွေပြောကြလေပြီ။ "မမနျန်နျန်က အရမ်းလှတာပဲ"
"သို့သို့နဲ့ ရုန်ရုန်လည်း လှပါတယ်နော်"
"မမနျန်နျန်ရဲ့ စကတ်လေးက လှလိုက်တာ!"
"ဒါ အကသင်တဲ့အချိန်ဝတ်ရတဲ့ဝတ်စုံလေ"
…
ကျန်းချန်ပေ့သည် လုယန်ကို အပြုံးတုနှင့်ကြည့်ကာ "နောင်ကျရင် မင်းရဲ့ သို့ရုန်လေးကိုရော အကသင်ဖို့ ကလေးနန်းတော်ဆီ ပို့ပေးမှာလား?"
"အချိန်တန်ရင် သူတို့ဘာသင်ချင်လဲ တွေ့ရမှာပေါ့ကွာ"
လုယန်က သူ့သမီးလေးနှစ်ယောက်ကို အောက်ချပေးလိုက်ရာ ကလေးမလေးနှစ်ဦးလည်း ကိုကိုမမတွေဆီစကားပြောဖို့ ပြေးသွားတော့သည်။ သူက ဝမ်ယွမ်ကျန်းရဲ့ ပခုံးပေါ် လက်တင်လိုက်ပြီး "နောက်ဆို ပိုပြီးဆက်သွယ်ကြတာပေါ့"
"အရင်ကတော့ ငါ့မှာ သမီးနှစ်ယောက်ရှိလာမယ်လို့ တကယ်မထင်မိခဲ့ဘူး၊ လောင်ဝမ်ရေ ငါတို့သမီးတွေ အခုကြီးလာကြပြီဆိုတော့ နောင်မှာ အတူတူပြောဆိုဆက်သွယ်ကြတာပေါ့။ သမီးလေးတွေကို ပြုစုပျိုးထောင်တဲ့အတွေ့အကြုံတွေ များများပြောကြတာပေါ့ကွာ"
"ပြဿနာမရှိဘူး!" ဝမ်ယွမ်ကျန်းသည် ချက်ချင်းပင် သဘောတူလိုက်၏။ သူက တခြားအကြောင်းတွေမပြောချင်ပါပေ၊ သူ့မိန်းမနဲ့ သမီးအကြောင်းပြောရတာကိုပဲ သဘောကျသည်လေ။
ကျန်းချန်ပေ့: "…"
သူလည်း ပြောဆိုဆက်သွယ်ချင်ပေမယ့် သူ့မှာသမီးမရှိဘူးလေ။
ကျန်းချန်ပေ့ စိတ်ထဲကနေညည်းညူနေလေ၏။
- ဒီလုနှင့်ဝမ်ကတော့ သူ့ရှေ့မှာ သရုပ်ဆောင်ရတာကို သဘောကျနေကြတာပဲ။ သူတို့မှာ သမီးတွေရှိတဲ့အကြောင်း တမင်သက်သက် သူ့ရှေ့မှာလာကြွားနေတာပဲဖြစ်ရမယ်။
သူ့မျက်လုံးတွေက လုယန်ကို စိုက်ကြည့်နေပြီး ဒီကောင်တွေဟာ တကယ့်ကိုမုန်းစရာကောင်းတယ်လို့ တွေးနေမိ၏။ အထူးသဖြင့် မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနဲ့ ရှန်တုန်းကလူဖြစ်တဲ့ မင်းပဲ လောင်လု။ မူလကတော့ မင်းဟာ ရိုးရှင်းပြီး အားကိုးရတဲ့သူတစ်ယောက်လို့ ထင်ခဲ့ပေမယ့် ဒီကလေးဟာ ဆိုးသွမ်းလွန်းပြီး ၁၀နှစ်တိုင်တိုင် သူ့ကိုဒုက္ခပေးလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။
"မင်းမိသားစုရဲ့ မောင်နှမလေးယောက်က ငါတို့မိသားစုအိမ်ကို ပြန်လာကြပြီဆိုတော့ နောက်ဆို ကစားဖော်တွေပိုများလာလိမ့်မယ်"
"နျန်နျန်၊ ထျောင့်ထျောင့်၊ သွင်းသွင်းတို့က သူတို့ညီမလေးတွေနဲ့အတူတူ ကစားလို့ရပြီပေါ့"
ကျန်းချန်ပေ့သည် အမြွှာကောင်မလေးနှစ်ယောက်ကိုကြည့်ရင်း တွေးလိုက်သည် - မင်းတို့ရဲ့မမထျောင့်ထျောင့်နဲ့ များများဆော့ကစားကြပေါ့။
"ကလေးတွေအားလုံး ဒီမှာရှိနေကြတာဆိုတော့ ငါတို့အားလုံးအတူတူ ဓာတ်ပုံနည်းနည်းရိုက်ကြမလား? ငါ နောက်ဆုံးပေါ်ကင်မရာဝယ်ထားတယ်ကွ၊ ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံတွေတောင် ငါ့လောက်မကောင်းကြဘူးလေ..."
ဒါဟာ ကျန်းချန်ပေ့ ကြွားဝါးစရာတစ်ခုမှမရှိသည်မဟုတ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သူသည် သူ့ရဲ့ဓာတ်ပုံပညာတိုးတက်အောင် အပြင်းအထန်လေ့ကျင့်ခဲ့သည်။ အလင်းအမှောင်ဆိုင်ရာစာအုပ်များစွာ ဝယ်ယူခဲ့သလို အခြားပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာများဆီက လေ့လာသင်ယူခဲ့ပြီး နိုင်ငံခြားမှတင်သွင်းလာတဲ့ကင်မရာကိုပင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အခုဆို သူ့စကေးရော ပစ္စည်းကိရိယာပါ အကောင်းဆုံးဖြစ်နေလေပြီ။ ဒီလိုအချိန် ဒီလိုလူများနေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး မကြွားလိုက်ရင် ဘယ်အချိန်မှ သွားကြွားရတော့မလဲနော်။
ဘေးအိမ်က လုမိသားစုစုံတွဲသည်လည်း ဓာတ်ပုံရိုက်ရတာ ကြိုက်ကြတယ်မဟုတ်လား? သူတို့အိမ်နံရံပေါ်မှာ ဓာတ်ပုံတွေချည်းပဲမဟုတ်လား? သူတို့အိမ်မှာ အယ်လ်ဘမ်တွေတစ်ခုပြီးတစ်ခုရှိမနေဘူးလား?
ကျန်းမိသားစုက ဓာတ်ပုံရိုက်ရတာ ပိုတောင်ကောင်းနေပြီလေ!!
"ဓါတ်ပုံရိုက်မလို့လား? ကောင်းတာပေါ့! အတူတူဓာတ်ပုံရိုက်ရအောင်ဟေ့!"
xxx
Ch-281
"ဓါတ်ပုံရိုက်မလို့လား? ကောင်းတာပေါ့! အတူတူဓာတ်ပုံရိုက်ရအောင်ဟေ့!"
ကျန်းချန်ပေ့ရဲ့ အဆိုပြုချက်ကို အားလုံးက အပြုသဘောဖြင့် တုံ့ပြန်ကြသောကြောင့် ကျန်းမိသားစု၊ လုမိသားစု၊ လျိုမိသားစုနှင့် ဝမ်မိသားစု အားလုံးတန်းစီလိုက်ကြ၏။ ကျန်းချန်ပေ့က သူ့ရဲ့ကင်မရာကိုထုတ်ကာ အဖွဲ့လိုက် ဓာတ်ပုံများစွာရိုက်ပေးခဲ့သည်။
သို့သော်လည်း…
ဓာတ်ပုံရိုက်ပြီးသွားတဲ့အခါ သဘောပေါက်သွားတဲ့ ကျန်းချန်ပေ့: ... ငါရောဘယ်မှာလဲဟ?
ပုံထဲမှာ ကျန်းချန်ပေ့ရှိသင့်တယ်မဟုတ်လား?
"ငါတို့လောင်ကျန်းက ဓါတ်ပုံရိုက်တော်တယ်နော်။ သူ့ဓာတ်ပုံတွေက အရမ်းလှတာ။ ဒီတော့ တခြားသူတွေကို ဓာတ်ပုံရိုက်ခွင့်မပြုဘူးဟေ့။ လောင်ကျန်းရေ ရှင် ကင်မရာမှန်ဘီလူးကို သေချာကြည့်နော်၊ ပုံတွေကို မပျက်စီးစေနဲ့" ဆရာမဟွမ်က ပြုံးပြုံးလေးနဲ့ ညွှန်ကြားလိုက်သည်။
သူမယောကျ်ား လောင်ကျန်းက သူ့ရဲ့နိုင်ငံခြားဖြစ်ကင်မရာကို ထုတ်ကြွားခဲ့သလို ဆရာမဟွမ်သည်လည်း သူမယောကျ်ားရဲ့ ဓာတ်ပုံရိုက်စွမ်းရည်ကို ကြွားဝါချင်ခဲ့သည်လေ။
- သူ ဓာတ်ပုံရိုက်ကိုရိုက်ပေးရမယ်!
"ငါတို့လောင်ကျန်းက အရင်က ငါ့အတွက် ဓာတ်ပုံကောင်းတွေ အများကြီးရိုက်ပေးခဲ့တာလေ၊ ပုံတွေက တခြားဓာတ်ပုံစတူဒီယိုမှာရိုက်ထားတာထက်တောင်ပိုကောင်းသေးတယ်။ ရှောင်ချင်းရေ နင်အချိန်ရရင် ငါ့အိမ်မှာလာကြည့်နော်"
"ကောင်းပြီ နင့်လောင်ကျန်းရဲ့ ကိုယ်ဟန်အနေအထားကိုကြည့်ရရင် စကေးကောင်းအောင်လေ့ကျင့်ထားတာဖြစ်ရမယ်"
"သူကိုယ်တိုင်ဓာတ်ပုံရိုက်ပေးမှာပါ!"
ကျန်းချန်ပေ့: "…"
ကျန်းချန်ပေ့က ဆရာမဟွမ်ကို စိုက်ကြည့်နေမိသည်၊ သူ ဒီမိန်းမကိုမလိုချင်တော့ဘူးလို့တွေးနေလျက်!!! ဘယ်လိုလူမျိုးလဲဟ?! ကိုယ့်ယောကျ်ားကိုယ် ဒီလိုမျိုးရောင်းစားတတ်တဲ့သူရှိသေးတာလား? သူမယောကျ်ားလည်း ဓာတ်ပုံရိုက်ခံရသင့်တယ်လို့ သူမ မတွေးမိဘူးလားကွာ?
ကျန်းချန်ပေ့သည် နာကျင်မှုအပြည့်နဲ့ ဒီလူအုပ်စုကြီးကို ဓာတ်ပုံရိုက်ပေးလိုက်၏။ သူ့မှာ မကျေနပ်ချက်တွေပြည့်နေပါသော်လည်း ဓာတ်ပုံတွေကိုပေါ့ပေါ့ဆဆမရိုက်ခဲ့ပါချေ။
သူ့ရဲ့ အရည်အချင်းကိုပြဖို့အတွက် ဓါတ်ပုံကောင်းတွေ ရိုက်ရမှာပေါ့!!
"ရှောင်ချင်းရေ ငါတို့တစ်ယောက်နဲ့တစ်ယောက် သိလာတာ ဆယ်နှစ်လောက်ရှိပြီနော် ဟုတ်တယ်မလား?"
"ဟုတ်တယ်၊ ဆယ်နှစ်လောက်ရှိနေပြီပဲနော်"
လွန်ခဲ့သောဆယ်နှစ်က ချင်းရို့သည် လုယန်နောက်လိုက်ကာ ချုံကျိုးကျွန်းသို့ ရောက်လာခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်နှစ်ကုန်ဆုံးသွားခဲ့ချေပြီ။
သူတို့နှစ်ယောက်ရဲ့ ၁၀နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လည်း ဒီရက်ပိုင်းအတွင်းမှာပင်။
ချင်းရို့က အပေါ်ယံမှာ ဒီအကြောင်းကို မထုတ်ဖော်ခဲ့သော်ငြား သူမနှလုံးသားထဲမှာတော့ ဂရုစိုက်နေသေးဆဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့က အထူးစပရှယ်နေ့ပဲလေ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းကတော့ ဒီလိုနားလည်ရခက်တဲ့နေ့တစ်နေ့မှာ သူမနှင့် လုယန်တို့ဟာ ဒုတိယအကြိမ်တွေ့ဆုံခဲ့ပြီး တစ်ခါတည်းလက်ထပ်ခဲ့သည်လေ။
ထိုနေ့ကို ပြန်ပြောင်းသတိရနေရင်း ချင်းရို့သည် သူမတို့အိမ်ထောင်ရေးဟာ အတော်လေးပေါ့ပေါ့တန်တန်ဖြစ်နေတယ်လို့ ခံစားလိုက်ရ၏။ သို့သော် ယခုအချိန်မှာ သူမတို့ရဲ့ ၁၀နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ဖြစ်နေ၍ ပေါ့ပေါ့တန်တန်မဖြစ်သင့်ဘူးလေနော်။
ဘာပဲဖြစ်ဖြစ် ဒါက ၁၀နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေ။
မင်္ဂလာနှစ်ပတ်လည်နေ့မတိုင်ခင်တစ်ရက်တွင် လုယန်သည် သေတ္တာကြီးတစ်လုံးနဲ့ အိမ်ပြန်လာခဲ့သည်။ သူ ဘာမှမပြောခဲ့ပေမယ့် ဒါဟာ သူမအတွက် လက်ဆောင်ဖြစ်မယ်ဆိုတာ ချင်းရို့က အလိုလိုသိနေသည်။
၁၀နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်လက်ဆောင်အဖြစ် သူမယောကျ်ားလုယန်က သူမအတွက် ဘာလက်ဆောင်ပေးမလဲဆိုတာ သိချင်နေမိလျက်။
ချင်းရို့က သေတ္တာဘေးတွင်ရပ်နေကာ တုံ့ဆိုင်းနေမိ၏။ ဒါကြီးက အိမ်သုံးပစ္စည်းတွေကိုထည့်တဲ့ ကတ်ထူသေတ္တာကြီးတစ်ခုပဲလေ။ အထဲမှာဘာရှိမလဲဆိုတာ သူမ မသိပါချေ။
"သိချင်နေပြီလား?" လုယန် မျက်ခုံးပင့်လျက် ပြုံးနေရင်း သူ့အမျိုးသမီးလေးကို ကြည့်လိုက်သည်။
ချင်းရို့ ခေါင်းညိတ်ပြလိုက်၏။ သူမ တကယ့်ကို အရမ်းသိချင်နေပေမယ့် ဓလေ့ထုံးတမ်းအရ မင်္ဂလာနှစ်ပတ်လည်မှာပဲ ဒီလက်ဆောင်ကိုဖွင့်မှ ပို၍အဓိပ္ပာယ်ရှိမယ်ဆိုတာ သူမသိထားပေသည်။
အရာရှိလုကတော့ ထုံးတမ်းဓလေ့တွေကို နားမလည်ပါချေ။ မနက်ဖြန်ပေးတဲ့လက်ဆောင်ကို မနက်ဖြန်မှာပဲပေးသင့်တယ်လေ။
"ကိုယ့်ကိုနမ်း" လုယန်က သူ့ပါးကိုလက်ညှိုးထိုးပြလိုက်၍ ချင်းရို့လည်း သူ့အနားတိုးကာ ခြေဖျားထောက်ပြီး သူ့မျက်နှာကို နမ်းလိုက်ရင်း ပြုံးလိုက်၏။ "နမ်းပြီးပြီဆိုတော့ ပြောပြနော်"
လုယန်က မျက်စိတစ်ဖက်မှိတ်ပြ၍ မေးစေ့ကိုပွတ်နေရင်း "ကိုယ့်ဘာသာဖွင့်ကြည့်လိုက်လေ"
ချင်းရို့: "???"
ဒီနေ့ဖွင့်ရမှာလား? မနက်ဖြန်အတွက် လက်ဆောင်မဖြစ်သင့်ဘူးလားလို့?
ချင်းရို့ သံသယဖြစ်စွာဖြင့် "ဒီနေ့ဖွင့်ရမှာလား? ရှင် ရက်စွဲမှားပြီး မှတ်ထားမိတာလား? ဒါက ကျွန်မအတွက် လက်ဆောင်လား?"
ဘယ်သူကများ တစ်ရက်ကြိုတင်ပြီးလက်ဆောင်ပေးကြလို့လဲလို့!
"ဖွင့်ကြည့်ပြီးရင် မင်းသိလိမ့်မယ်"
"ဒါဆို ကျွန်မတကယ်ဖွင့်ပြီနော်?"
"ဖွင့်လိုက်"
ချင်းရို့လည်း လက်ဆောင်ဘူးကိုဖွင့်ရန် ဓားတစ်ချောင်းထုတ်လိုက်သည်။ လုယန် သူမကို ဘာလက်ဆောင်ပေးမလဲဆိုတာ အရမ်းတွေသိချင်နေပါပြီနော်။
လုယန်ရဲ့ အလိုလိုက်နေတဲ့အပြုံးအောက်တွင် ချင်းရို့လည်း ကတ်ထူပုံးကြီးကိုဖွင့်လိုက်၏။ ထို့နောက် ဘူးကြီးထဲမှာ တစ်ခုကလွဲပြီး...
- ဒါက တကယ်ကြီး အဖြူရောင်မင်္ဂလာဝတ်စုံပဲ!!!!
ဒါဟာ စကတ်အကြီးကြီးပါတဲ့ ကြမ်းပြင်အထိရှည်သော အနုစိတ်လက်ရာနှင့် အဖြူဆွတ်ဆွတ်မင်္ဂလာဝတ်စုံပင်။ အထပ်ထပ်အလွှာအဆင်တို့ဖြင့် လက်ရာမြောက်ကာ ကျက်သရေရှိလှသလို တဖျတ်ဖျတ်လက်နေတဲ့ဘော်ကြယ်တွေကလည်း နေရောင်အောက်မှာ အဆုံးမရှိတောက်ပနေလျက်။
ချင်းရို့ အံ့အားသင့်သွားရသည်။ လုယန်က အပြုံးလေးနှင့် သူမမျက်နှာကိုကိုင်ထားရင်း ပြောလာခဲ့သည်။ "မနက်ဖြန်ကျရင် ဒီဝတ်စုံဝတ်ပြီး ကမ်းခြေမှာ ဓာတ်ပုံရိုက်ရအောင်လေ"
"ကိုယ် ဒါကို နိုင်ငံခြားကနေဝယ်ပေးဖို့ သင်္ဘောသားတစ်ယောက်ကနေ အကူအညီတောင်းခဲ့တာလေ။ မင်း ကြိုက်လား?"
ကြိုက်တာပေါ့ ! !
ဖြေဖို့လိုသေးလို့လားလို့!!
ချင်းရို့ စိတ်လှုပ်ရှားစွာဖြင့် သူမရှေ့ကလူရဲ့ ရင်ခွင်ထဲကို သူမကိုယ်သူမ ပစ်ဝင်လိုက်တော့သည်။ အရှိန်ပြင်းလွန်းလို့ လုယန်တောင် ပြုတ်ကျလုမတတ်ဖြစ်သွားရ၏။ လုယန်က သူ့ဇနီးလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားရင်း သူ့နှလုံးသားထဲမှာ အဆုံးမရှိတဲ့ပျော်ရွှင်မှုတွေ ပြည့်လျှံနေခဲ့ရသည်။
"လုယန် ကျွန်မ ရှင့်ကို အရမ်းချစ်တာပဲ!" ချင်းရို့က သူမရဲ့အချစ်တွေကို ပွင့်ပွင့်လင်းလင်းဖော်ပြသည်မှာ ရှားပါးလှ၏။
"ကိုယ်ရောပဲ"
လုယန် ပြုံးပြီး သူမနားထဲသို့ တီးတိုးပြောလိုက်၏။ "စမ်းဝတ်ကြည့်ချင်လား?"
"မနက်ဖြန်ကျမှ" ချင်းရို့ ရှက်ရွံ့စွာပြုံးလျက် မျက်နှာနီရဲသွားရ၏။ သူမလည်း အခန်းထဲဝင်ကာ သူမအချိန်အကြာကြီးပြင်ဆင်ထားခဲ့တဲ့ပစ္စည်းတွေကို ထုတ်ယူကာ ရှက်ရှက်နဲ့ လုယန်ရှေ့ကို တွန်းပေးလိုက်သည်။
"ကျွန်မလည်း ရှင့်အတွက် လက်ဆောင်တစ်ခု ပြင်ထားတာ၊ မနက်ဖြန်မှ ရှင့်ကိုပေးချင်လို့"
"ဒါဆို ကိုယ့်ကို မနက်ဖြန်မှပေးလေ"
"ဒီ... ဒီနေ့ပဲ" ချင်းရို့ မူလကတော့ မနက်ဖြန်အထိ စောင့်ချင်သော်လည်း ယခု သူမ စိတ်အခြေအနေကောင်းနေသဖြင့် မနက်ဖြန်အထိ မစောင့်နိုင်တော့ဘဲ လုယန်အား ဒီစကားတွေကို အခုချက်ချင်းပြောပြချင်နေပြီဖြစ်သည်။
လုယန်က သူမနောက်ကျောကို နမ်းလိုက်ပြီးအပြုံးလေးနဲ့ပြောလာလေ၏။ "ကောင်းပြီလေ၊ ဒါဆို မင်းလေးရဲ့လုကောက သူ့ဇနီးလေး သူ့အတွက် ဘာလက်ဆောင်ပြင်ပေးထားလဲဆိုတာ လာကြည့်မယ်ကွာ"
လုယန် သူ့လက်ထဲက လက်ဆောင်သေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါ သူ့ရှေ့မှာ အလင်းတန်းလေးတစ်ခုကို တွေ့လိုက်ရပြီး နောက်တစ်စက္ကန့်မှာပင် အဝါရောင်ကတ္တီပါစထဲ၌ အဖြူရောင်ပုလဲလုံးကို တွေ့လိုက်ရလေသည်။
- ဒါဟာ ပင်လယ်ရေနက်ထဲက သဘာဝပုလဲဖြစ်ပြီး ပုလဲရဲ့မျက်နှာပြင်မှာ အပြစ်အနာအဆာတွေကို လုံးဝမတွေ့ရတဲ့အတွက် အပြစ်အနာအဆာကင်းတဲ့ပုလဲလို့ ပြောလို့ရသည်။
"ကျွန်မ ငါးဖမ်းစက်လှေနဲ့ ပင်လယ်ထဲထွက်တုန်းက မတော်တဆရလိုက်တာလေ။ ကျွန်မ ဒီပုလဲမုတ်ကောင်ကို ဖွင့်လိုက်တော့ အထဲမှာ ဒီပုလဲ တစ်လုံးတည်းရှိနေတာ၊ ဒီပုလဲက လုံးဝအနာအဆာကင်းနေမယ်လို့ မမျှော်လင့်ထားမိဘူးလေ"
ချင်းရို့က သူမအမျိုးသားလေးကို အပြုံးလေးနှင့်ကြည့်နေရင်း ဆက်ပြောလာခဲ့သည်မှာ -
"လုယန် ရှင်က ဒီပုလဲလိုမျိုးပဲ၊ ကျွန်မဘဝရဲ့ တစ်သက်မှာတစ်ခါပဲတွေ့ရတဲ့ အကောင်းဆုံးလူပဲ။ လွန်ခဲ့တဲ့၁၀နှစ်က ကျွန်မ ရှင်နဲ့တွေ့ရတာ အရမ်းဝမ်းသာမိတယ်၊ ရှင့်ကိုလက်ထပ်လိုက်တာက ကျွန်မရဲ့ဘဝမှာ လုပ်ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ"
နောက်တစ်နေ့တွင် ချင်းရို့က အဖြူရောင်မင်္ဂလာသတို့သမီးဝတ်စုံ၊ အဖြူရောင်လက်အိတ်နှင့် စကတ်ရှည်ကြီးကို လဲဝတ်လိုက်သည်။ သူမဘေးကအမျိုးသားကိုကြည့်ဖို့ ခေါင်းလှည့်လိုက်ရာ သူမရဲ့နားရွက်အောက်က ပုလဲလေးတွေဟာ တဖျတ်ဖျတ်လက်နေလျက်။
သူမဘေးနားက အမျိုးသားသည် သူဝတ်နေကျ အဖြူရောင်စစ်ဝတ်စုံကိုချွတ်ထားပြီး မီးခိုးဖျော့ရောင်၀တ်စုံကို ၀တ်ဆင်ထားပုံမှာ သေသပ်ပြီးရဲရင့်သည့် စစ်ဝတ်စုံနဲ့မတူဘဲ အနည်းငယ်ပို၍နူးညံ့နေသလိုပင်။
ချင်းရို့က သူ့လက်မောင်းကိုချိတ်လိုက်ပြီး သူ့ရဲ့ချောမောခန့်ညားတဲ့မျက်နှာကို မော့ကြည့်လိုက်ရာ သူမရဲ့ တဒိတ်ဒိတ်ခုန်နေတဲ့နှလုံးခုန်သံတွေက ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာတော့မလို ခံစားလိုက်ရ၏။
လုယန် ခေါင်းငုံ့ကာ သူမရဲ့နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်သည်။
"ဝါး အား အား အား အား!!!!"
"မားမား အရမ်းလှတာပဲ!!!"
မိသားစုထဲက ကလေးလေးယောက်လည်း ဝိုင်းအုံလာကြပြီး အံ့သြတကြီးအသံတွေထွက်ပေါ်လာတော့သည်။ သို့ရုန်ညီအစ်မက သူတို့ရဲ့မားမားကိုကြည့်လိုက်ပြီး မင်္ဂလာဝတ်စုံဝတ်ထားတဲ့မားမားက အရမ်းလှပနေတယ်လို့ တွေးလိုက်ကြသည်။
"မားမားက ကမ္ဘာပေါ်မှာ အလှဆုံးမားမားပဲ!!"
လွန်ခဲ့တဲ့ဆယ်နှစ်လောက်က သူတို့နှစ်ဦးဟာ လက်ထပ်ပွဲတောင် မလုပ်ဖြစ်ခဲ့ကြပေ။ ဆယ်နှစ်အကြာမှာတော့ သူတို့နှစ်ဦးက မင်္ဂလာဆောင်ဓာတ်ပုံရိုက်ရန် ကမ်းခြေသို့ ကလေးလေးယောက်ကိုပါ ခေါ်သွားနိုင်ခဲ့လေပြီ။
သီးသန့်ဓာတ်ပုံဆရာ ကျန်းချန်ပေ့လည်း ပါလာခဲ့သည်။
ကျန်းချန်ပေ့သည် မနက်အစောကြီးမှာတင် လှလှပပဝတ်စားထားကြတဲ့ အိမ်နီးချင်းတွေကို တွေ့လိုက်ရ၍ သူ့မျက်နှာမှာ ကွဲအက်သွားတော့မလိုပင်။
ဒီလူယုတ်မာကောင်လုယန်က သူတို့စုံတွဲအတွက် ဓာတ်ပုံနည်းနည်းရိုက်ပေးဖို့ ကြိုပြီးတောင်းဆိုထားခဲ့တာလေ၊ ကျန်းချန်ပေ့လည်း သတိမထားမိဘဲ သဘောတူလိုက်မိသည်။
ရလဒ်ကတော့ အခု သူက ဒီစုံတွဲအတွက် ကမ်းခြေမှာ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ပေးရတော့မှာပေါ့လေ?!!!
ချီးထုတ်ကို ၁၀နှစ်ပြည့်မင်္ဂလာဓာတ်ပုံတွေပဲ။
ငါတောင် အရင်ကတစ်ခါမှမရိုက်ဖူးသေးဘူးကွ!!!
ကျန်းချန်ပေ့ ယခုအချိန်မှာ ချဥ်စုတ်စုတ်သံပုရာသီး၁၀လုံးစားလိုက်ရတာထက် ပိုအဆင်မပြေဖြစ်နေလေပြီ။ ငါ့ကိုယ်ငါပဲ ပါးရိုက်ပစ်ချင်မိတယ်။ ဘယ်သူက ဒီခွေးကောင်လောင်လုကို သဘောတူခဲ့မိတာလဲ။ အခုတော့ တခြားသူတွေအတွက် ဓာတ်ပုံရိုက်ပေးဖို့ ပင်လယ်ဓားပြသင်္ဘောပေါ်တက်ပြီးတော့ ဓာတ်ပုံဆရာတစ်ယောက်အဖြစ် သရုပ်ဆောင်ရတော့မှာပေါ့လေ။
ယနေ့ ရာသီဥတုသာယာနေလျက်၊ နေရောင်ကောင်းကောင်း၊ ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူလေးတွေနှင့် နက်ပြာရောင်ပင်လယ် နောက်ခံတို့ဖြင့် လှပသောနေ့ရက်လေးတစ်နေ့ပင်။ သူတို့က သဲသောင်ပြင်ပေါ် ရပ်နေပြီး ခန့်ညားချောမောတဲ့အမျိုးသားဟာ သူ့အနားက အမျိုးသမီးရဲ့လက်လေးကို ဆုပ်ကိုင်ထားလျက်၊ ကလေးငယ်လေးတွေက ကျက်သရေရှိလှတဲ့အဖြူရောင်စကတ်ကြီးကို ကိုင်ထားကြလျက်။
လုယန် သူ့ရှေ့က အမျိုးသမီးလေးကို ပွေ့ဖက်လိုက်ပြီး "ဒီနေ့ မင်းအရမ်းလှနေတယ်ကွာ"လို့ နူးညံ့စွာပြောလိုက်လေသည်။
ချင်းရို့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ "ရှင်လည်း တအားခန့်နေရော!"
ကျန်းချန်ပေ့ ကင်မရာထဲကပုံရိပ်ကို ကြည့်လိုက်ပြီး သူ့မျက်နှာဟာ သူ့ခြံထဲမှာ စိုက်ထားတဲ့ကြက်ဟင်းခါးသီးလို စိမ်းဖန့်သွားရသည်။
သို့သို့နှင့်ရုန်ရုန်က စိတ်လှုပ်ရှားစွာဖြင့် "ဦးဦးကျန်းရေ မီးမီးတို့မားမားကို ပုံလှလှလေးတွေရိုက်ပေးရမယ်နော်!!!"
"ဦးဦးကျန်း!! ပါးပါးနဲ့မားမားကို ဓာတ်ပုံရိုက်ပေးပါဦးနော်!!"
"ကောကောရေ မားမားကို ပန်းတွေပေးလိုက်ဦးလေ"
"ပါးပါးရေ မားမားကို နမ်းရမယ်နော်!"
xxx