အခန်း (၂၈၂-၂၈၃)
Vol. 24 Ch. 282-283
Ch-282
"ဦးဦးကျန်း!! ပါးပါးနဲ့မားမားကို ဓာတ်ပုံရိုက်ပေးပါဦးနော်!!"
"ကောကောရေ မားမားကို ပန်းတွေပေးလိုက်ဦးလေ"
"ပါးပါးရေ မားမားကို နမ်းရမယ်နော်!"
…
ကျန်းချန်ပေ့: "…"
သူတို့ရဲ့ပုံရိပ်တွေဟာ ကမ်းခြေရှိအုန်းပင်တွေကြားထဲက ဖြတ်လျှောက်လာကာ ကမ်းရိုးတန်းကျောက်ဆောင်များပေါ်သို့ ခြေလျင်လျှောက်နေကြလျက်။ ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူတွေအပြင် ပိုလို့တောင်လှပတဲ့နေဝင်ချိန်ကို ဓာတ်ပုံရိုက်ခဲ့ကြသည်။
နေဝင်ချိန်အောက်တွင် အဖြူရောင်မင်္ဂလာဝတ်စုံနှင့်အမျိုးသမီးက သူမဘေးနားရှိ အမျိုးသားဆီ မှီလိုက်ရင်း အဝေးကလှိုင်းလုံးကြီးများကို အတူတူလှမ်းကြည့်နေပြီး သူတို့နောက်ကျောမှာ တင်းကြပ်စွာချိတ်ဆက်နေလျက်။
အနှီပုံရိပ်ထဲမှာ ကလေးဆန်ဆန်အသံလေးတွေကိုပါ ကြားနေရသည်။
ကျန်းချန်ပေ့ ထုံထိုင်းစွာပြောလိုက်၏။ "မင်းတို့တွေ မိသားစုဓာတ်ပုံရိုက်ကြလေ"
တစ်နေ့တာ၏အဆုံး၌ ကျန်းချန်ပေ့ရဲ့ မျက်နှာမှာ စိမ်းဖန့်နေပြီး သူ့နှလုံးသားမှာ ချဉ်စူးနေသော်လည်း သူ့ရှေ့ကစုံတွဲကို အလေးအနက်ဓာတ်ပုံရိုက်ပေးနေရဆဲ။ ရလဒ်မကောင်းရင် ယောက်ျားတစ်ယောက်အနေနဲ့ သူ မျက်နှာပျက်ရမှာပေါ့ မဟုတ်ဘူးလား?
ငါက မင်းတို့လင်မယားနဲ့သိခဲ့ကြတာ ၁၀နှစ်လောက်ကြာပြီဆိုပေမယ့် မင်းတို့နှစ်ဦးအတွက် မင်္ဂလာဆောင်ဓာတ်ပုံတော့မရိုက်ပေးချင်ပါဘူးနော်!!!!
အချိန်တွေနောက်ပြန်သွားနိုင်ရင် လွန်ခဲ့တဲ့၁၀နှစ်ကို ပြန်သွားချင်လိုက်တာကွာ...
ဒေါသထွက်စရာပဲ။ လွန်ခဲ့တဲ့၁၀နှစ်လောက်က သူ ဘာလို့ လုယန်နဲ့ စကားပြောဖို့ အစပြုခဲ့မိတာပါလိမ့်...
...
ထိုနေ့က ဓာတ်ပုံတွေရလာတဲ့အခါ မင်္ဂလာဝတ်စုံနှင့်ကာလာဓာတ်ပုံတွေကို ဓာတ်ပုံဘောင်ထည့်သွင်းလိုက်ပြီး လွန်ခဲ့တဲ့ဆယ်နှစ်ကရိုက်ထားခဲ့တဲ့ စစ်ယူနီဖောင်းနှင့်ဓာတ်ပုံဘေးတွင် ထားလိုက်သည်။
ချင်းရို့က အဖြူအမည်းဓာတ်ပုံကို နူးညံ့စွာ ကြည့်နေလျက်။ အမျိုးသားက အဖြူရောင်စစ်ယူနီဖောင်းကို ၀တ်ထားပြီး သူ့ရဲ့မျက်နှာချောချောလေးမှာ အနည်းငယ် ငယ်ရွယ်ပြီးမရင့်ကျက်တဲ့စိတ်ဝိဥာဥ်ရှိနေဆဲ၊ သူ့ဘေးနားရှိ အမျိုးသမီးက အစိမ်းရောင်စစ်ယူနီဖောင်းကို ၀တ်ထားပြီး သူမရင်ဘတ်နားမှာ အနက်ရောင်ကျစ်ဆံမြီးလှလှလေးကို ချထားလေသည်။
"သိပ်ကောင်းတာပဲ!" ဓာတ်ပုံထဲကလူရဲ့ မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်နေရင်း အတိတ်တုန်းကအကြောင်းတွေ သူမရှေ့တွင် တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။
ဤနှစ်များတစ်လျှောက် သူတို့အိမ်မှာ မိသားစုဓာတ်ပုံအယ်လ်ဘမ်တွေက ဗီရိုတစ်လုံးပြည့်လုနီးပါးဖြစ်ခဲ့ပြီး ယခုလည်း နောက်ထပ်တိုးလာလေပြီ။
ချင်းရို့သည် အောက်ထပ်ဧည့်ခန်းမှာ မင်္ဂလာဆောင်ဓာတ်ပုံတွေထားဖို့ အလွန်ရှက်ရွံ့နေသဖြင့် သူတို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို ဒုတိယထပ်အခန်းထဲမှာထားလိုက်၏။ ကလေးတွေအခန်းထဲမှာတော့ ကလေးတွေနှင့်အတူတူရိုက်ထားကြတဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို ထားလိုက်သည်။
"အဲဒီနေ့က နင်တို့နှစ်ယောက် ရိုက်ထားတဲ့ပုံတွေကို ငါတို့ကြည့်လို့ရမလား?"
"ငါတို့ဓာတ်ပုံတွေကြည့်ချင်လို့"
…
ချင်းရို့က မင်္ဂလာဆောင်ဓာတ်ပုံတွေကို အခန်းထဲမှာ ထည့်ထားပေမယ့် ဓာတ်ပုံတွေထွက်လာပြီဖြစ်ကြောင်းကြားသိရသည်နှင့် မိသားစုခြံဝင်းရှိ မိသားစုဝင်တော်တော်များများက လာတောင်းကြည့်ကြလေပြီ။ သူတို့အားလုံးက ချင်းရို့တို့လင်မယား ရိုက်ကူးထားတဲ့မင်္ဂလာဓာတ်ပုံတွေကို ကြည့်ချင်နေကြသည်။
ထိုနေ့က မင်္ဂလာဝတ်စုံဝတ်ထားတဲ့ ချင်းရို့ပုံဟာ စိတ်ကူးယဉ်ဆန်လွန်းလှ၍ လူတော်တော်များများလည်း လာကြည့်ခဲ့ကြကာ ပစ္စည်းတွေကို ကူညီသယ်ပေးခဲ့သည့်အပြင် သူတို့အားလုံးက သူမတို့ရဲ့ ၁၀နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်ကို ဂုဏ်ပြုပေးခဲ့ကြသည်။
ဒီရှောင်ချင်းဟာ ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်ဖို့ တကယ်ထိုက်တန်လေရဲ့။ ဘယ်သူကများ ၁၀နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်ကို ကျင်းပကြလို့လဲနော်?
"နင်တို့နှစ်ယောက်ဟာလေ ဘယ်လိုဟိတ်ဟန်ထုတ်ရမလဲဆိုတာ သိပ်သိကြတာပဲနော်"
"တပ်ရင်းမှူးလုနဲ့ သူ့ဇနီးက မင်္ဂလာပွဲလုပ်ခဲ့တယ်မဟုတ်လား?"
"အခု ဘဝတွေက ပိုကောင်းလာပြီလေ၊ ဒီတော့ နည်းနည်းပါးပါး ဟိတ်ဟန်ထုတ်တာ ဘာမှားနေလို့လဲ?"
"ယောင်းမချင်းရေ မြန်မြန်လုပ်၊ နင်တို့ရိုက်ထားတဲ့ဓာတ်ပုံတွေကို ကြည့်ချင်လို့!"
…
ချင်းရို့လည်း ဓာတ်ပုံဘောင်ကို ယူထုတ်လာကာ လာကြည့်ကြတဲ့မိသားစုဝင်တွေကို ပြလိုက်သည်။ လီချင့်ဟွားက ထပ်ခါတလဲလဲ ချီးကျူးနေလျက်
"ရှောင်ချင်းရေ နင်က လွန်ခဲ့တဲ့၁၀နှစ်ကအတိုင်းပဲနော်၊ ဘာမှပြောင်းလဲသွားပုံမရဘူးဟယ်။ နင်အရမ်းလှနေတုန်းပဲ။ အိုး မဟုတ်ဘူး၊ နင် အရင်ကထက်ပိုလှလာတာ!"
ဘေးနားရှိ ငယ်ရွယ်တဲ့မိသားစုဝင် ကောချင်းမိန်က ပြောလိုက်သည်။ "မိတ်ကပ်လိမ်းထားလို့ကို"
"ယောင်းမချင်း အရင်တုန်းက အနုပညာအဖွဲ့ထဲကလို့ ငါကြားဖူးတယ်။ သူမ မိတ်ကပ်လိမ်းတာတော်မှာပေါ့၊ ငါတို့ကတော့ ကိုယ့်ကိုယ်ကို မျောက်တွေလိုဖြစ်အောင်ပဲ လိမ်းတတ်တာလေ"
"ဒီပုလဲတွေက အရမ်းလှတာပဲ!"
ဟွမ်ရှင်းရင်သည် ဓာတ်ပုံထဲကစုံတွဲကို ကြည့်နေရင်း သူမရဲ့မျက်လုံးထဲမှာ အားကျမနာလိုတဲ့ အရိပ်အယောင်ပေါ်လာခဲ့သည်။ သူမက သူတို့ကို ဆယ်နှစ်ကြာမြင်ခဲ့ရပြီးတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်လေရဲ့။ အနှီအားကျမနာလိုတဲ့အကြည့်တွေဟာ သိပ်မပြင်းထန်တော့ပါချေ။
ဆရာမဟွမ်က သူမရဲ့ဆံပင်ကို ပင့်လိုက်ကာ ဝင့်ကြွားစွာဖြင့် "ငါ့လောင်ကျန်းရဲ့ ဓာတ်ပုံတွေက မိုက်တယ်မလား?"
"ယောင်းမဟွမ်ရေ နင့်လောင်ကျန်းက ဓာတ်ပုံရိုက်တာ အရမ်းတော်တာပဲဟယ်!"
"သူက လူတွေကို ဓာတ်ပုံကောင်းရိုက်ပေးထားတာပဲ။ ငါ့အတွက်ရော မိသားစုဓာတ်ပုံရိုက်ပေးလို့ရမလား?"
"သူ့မှာအချိန်ရှိမရှိပေါ် မူတည်တာပေါ့"
…
"ယောင်းမချင်းရေ ငါ့ကို ဒီမင်္ဂလာဝတ်စုံကို တစ်ခါလောက် ငှားပေးလို့ရမလား? ငါလည်း ငါ့ယောကျ်ားနဲ့ဓာတ်ပုံရိုက်ချင်လို့" ကောချင်းမိန် မတောင်းဆိုဘဲ မနေနိုင်တော့ပေ။
တခြားသူတွေရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို မြင်လိုက်ရတော့ သူမ တကယ့်ကို မနာလိုဖြစ်မိသည်။ ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူတွေနဲ့ ကမ်းခြေက မင်္ဂလာဆောင်ဓာတ်ပုံတွေဟာ အရမ်းလှပလွန်းနေသည်လေ။
သူမက ချင်းရို့နှင့်ကိုယ်လုံးကိုယ်ပေါက်ဆင်တူတယ်လို့ တွေးမိသွားပြီး ဖြစ်နိုင်တာက... သူမလည်း အဲဒီမင်္ဂလာဝတ်စုံကို ဝတ်လို့ရနိုင်တာပေါ့။
အဝတ်အစားချေးငှားသည်မှာ ကြီးကြီးမားမားမဟုတ်ပါချေ။ အရင်တုန်းက အဝတ်အစားငှားဝတ်တယ်ဆိုတာက သာမာန်ကိစ္စပဲလေ။
"ငါတို့နှစ်ယောက်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဆင်တူကြတယ်လေ။ ငါ မပျက်စီးစေရပါဘူး ယောင်းမချင်းရယ်၊ ငါ့ကိုငှားပေးလိုက်နော်"
ချင်းရို့သည် တစ်ယောက်ယောက်က သူမရဲ့မင်္ဂလာဝတ်စုံကို ငှားရမ်းလိုကြောင်းကြားလိုက်သည်နှင့် တုံ့ဆိုင်းခြင်းမရှိ ငြင်းလိုက်၏။ "ဟင့်အင်း၊ ဒီဝတ်စုံကိုငှားလို့မရဘူး"
အနှီမင်္ဂလာဝတ်စုံဟာ အရမ်းအဓိပ္ပာယ်ရှိတဲ့ အရေးကြီးဝတ်စုံလေ။ သူမကတော့ ဘယ်သူ့ကိုမှမငှားချင်သလို စေတနာနဲ့ ငှားပေးလိုက်လို့ ဒေါသထွက်ရမှာလည်း မဖြစ်ချင်ပါဘူးနော်။
တစ်ခါငှားပေးလိုက်ရင်... ဒုတိယအကြိမ်ရောရှိမလာဘူးတဲ့လား... နောက်ဆုံးမှာ အဝတ်ကောင်းကောင်းတစ်စုံက စုတ်ပြဲပျက်စီးသွားရင် ဒေါသထွက်ရမှာက သူမပဲလေ။
ချင်းရို့ကတော့ သူမရဲ့ ကြည်နူးစရာ ၁၀နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့အမှတ်တရကို မနှစ်မြို့ဖွယ်အဖြစ် အဆုံးသတ်ရန်မလိုလားခဲ့ပေ။
"အ၀တ်လေးတစ်ထည်ငှားရုံပဲကို။ ဒါကအသေးအဖွဲကိစ္စလေးပဲဟာ။ ယောင်းမချင်းရေ ကူညီပါနော်"
"ငါတို့က အမြန်လက်ထပ်ခဲ့ကြတော့ မင်္ဂလာပွဲတောင်မလုပ်ခဲ့ရဘဲ ဒီကျွန်းကိုလာခဲ့ရတာ။ အခု ငါလည်း ပြန်ပြီးတော့ပြင်ဆင်ချင်လို့ပါ..."
"ယောင်းမချင်းရယ် အရမ်းမရက်စက်ပါနဲ့။ နင်ကဓာတ်ပုံရိုက်ပြီးပြီပဲလေ။ ငါ့ကို အဝတ်အစားတွေကို တစ်ခါလောက်ငှားပေးလိုက်ပါနော်။ ငါတန်ဖိုးထားမယ်လို့ ကတိပေးပါတယ်ဟယ်"
ချင်းရို့ ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ "နင်ဘယ်လောက်ပဲပြောပြော ငါငှားမှာမဟုတ်ဘူး။ ငါ့ယောက်ျားက ငါ့အတွက်ဝယ်ပေးထားတဲ့ဝတ်စုံမို့လို့ အဓိပ္ပာယ်တွေအများကြီးရှိတယ်။ ဒီတော့ တခြားမိန်းမတွေဝတ်ပြီး ပျက်စီးသွားမှာကို ငါမလိုချင်ဘူး။ နင် နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ကောချင်းမိန်: "တစ်ခါပဲဝတ်မှာပါ ယောင်းမချင်းရယ်၊ ပိုရက်ရောလေနော်"
"သူများကိုခက်ခဲအောင်လို့ အတင်းအကျပ်လုပ်မနေနဲ့လေ"
လီချင့်ဟွား ဝင်ပြောလိုက်သည်။
"ဒီလောက်ကောင်းတဲ့ဝတ်စုံကို နင်ဖျက်စီးမိရင်ရော? အဆုံးမှာ မနှစ်မြို့စရာအဆုံးသတ်ပဲကျန်ခဲ့လိမ့်မယ်နော်။ လူတွေက ဆယ်နှစ်မှတစ်ခါပဲ ဒါမျိုးလုပ်နိုင်ကြတာလေ။ လူတစ်ယောက်ရဲ့ဘဝမှာ ဆယ်စုနှစ်ဘယ်နှခါကြုံရမှာတဲ့လဲ?"
"ငါဆိုလည်း ငှားရမ်းလိုတဲ့သူဘယ်သူကို့မဆို မငှားပေးနိုင်ဘူးပဲ"
ကောချင်းမိန် ချက်ချင်းပြန်ပက်လေ၏။
"နင်မငှားချင်ရင်လည်း မငှားနဲ့ပေါ့။ ငါ့ပုလဲမွေးမြူရေးစက်ရုံက ပိုက်ဆံရှာရတဲ့အခါ မင်္ဂလာဝတ်စုံဝယ်ဖို့ ပုလဲဝတ်ပြီး နိုင်ငံခြားသွားပစ်မယ်"
"ကောချင်းမိန် နင့်မိသားစုကလည်း ပုလဲမွေးမြူရေးစက်ရုံရှိတာလား? ယောင်းမချင်းရဲ့ စက်ရုံနဲ့ အတူတူပဲလား?"
"ဟုတ်တယ်၊ ကွေ့ရို့ပုလဲစက်ရုံလို့ခေါ်တယ်။ ငါ့ဝမ်းကွဲတစ်ယောက်က ဦးစီးနေတာလေ၊ သူက အရင်တုန်းက စမ်းသပ်စခန်းမှာ သုတေသီဖြစ်ခဲ့ဖူးသလို ပုလဲဘုရင်မွေးမြူခဲ့တဲ့သူလေ"
"ငါ့ရဲ့ဝမ်းကွဲကွေ့ရှန်းက နည်းပညာကို နားလည်တယ်လေ။ ငါတို့မိသားစုက သူ့ကို စက်ရုံဖွင့်ဖို့ ငွေတွေထောက်ပံ့ပေးလိုက်တာ။ သူ သေချာပေါက်ငွေအများကြီးရှာနိုင်မှာ"
"နင့်ရဲ့ ပုလဲခြံက အလုပ်ခေါ်သေးလားဟင်?"
…
ကောချင်းမိန်နှင့် တခြားသူတွေ လုမိသားစုအိမ်မှ ပြန်သွားကြတဲ့အခါ ဟွမ်ရှင်းရင်က သူတို့ရဲ့ထွက်ခွာသွားတဲ့နောက်ကျောကိုကြည့်ရင်း "တကယ့်ကိုလူတော်တွေပဲနော်"လို့ မပြောပဲမနေနိုင်တော့ပါချေ။
လီချင့်ဟွား "ဆရာမဟွမ် နင်ပြောတာသိပ်မှန်တယ်!"
ဟွမ်ရှင်းရင်: "…"
ဆရာတစ်ယောက်အနေနဲ့ ဆရာတစ်ယောက်ရဲ့ နေ့စဥ်လေ့လာသင်ယူခြင်းမှာ တခြားသူတွေဆီကသင်ကြားလေ့လာခြင်းလား?
"ရှောင်ချင်းရေ နင့်လိုမျိုး ပုလဲမွေးမြူရေးစက်ရုံဖွင့်ဖို့လုပ်နေကြတဲ့သူတွေ အများကြီးပဲနော်"
"ဟုတ်တယ်၊ ကွေ့ရို့မွေးမြူရေးစက်ရုံပဲမဟုတ်ဘူး၊ မိန်ရို့၊ ဖျောင်းရို့ ခွီး ရှားရို့လည်းရှိတယ်လေ"
လင်းရွှေ၌ ပုလဲမွေးမြူရေးစက်ရုံတွေ နေရာအနှံ့ပေါ်ထွက်လာခဲ့သည်။ လူတော်တော်များများက သူမလိုမျိုး ပုလဲမွေးမြူရေးစက်ရုံတွေ ဖွင့်ထားကြောင်းသိပေမယ့် ဒါဟာ ဖြစ်နေကြကိစ္စပါပဲလေ။ ငွေရှာနိုင်တဲ့နည်းလမ်းရှိသရွေ့ လူတိုင်းဝင်လာကြမှာပဲ။
ကောချင်းမိန်အပြင် ပုလဲမွေးမြူရေးစက်ရုံဖွင့်ကြတဲ့ အခြားမိသားစုဝင်များလည်း ရှိကောင်းရှိနိုင်လေသည်။
ကောချင်းမိန်က ထုတ်ဖော်ပြောပြခဲ့သော ကွေ့ရို့ပုလဲမွေးမြူရေးစက်ရုံကို မကြာသေးခင်ကမှ သုတေသနစမ်းသပ်စခန်းမှ အလုပ်ထွက်ခဲ့တဲ့ *ကျန်းကွေ့ရှန်းအမည်ရှိ သုတေသီတစ်ဦးမှ ဖွင့်ထားပုံရသည်။ ချင်းရို့လည်း အနှီကျန်းကွေ့ရှန်းနှင့် ခင်မင်ရင်းနှီးကြသည်ပင်။
(Note - *အရင်က လင်ကွေ့ရှန်းပါ၊ အခုကျ ကျန်းကွေ့ရှန်းလို့ရေးထားလို့ သူ့အတိုင်းပဲပြန်ပေးထားပါတယ်)
ထိုသူဟာ ပုလဲမွေးမြူရေးကို သိပ်မကြိုက်ပေ။ လမ်းညွှန်မှုပေးဖို့ သူမတို့စက်ရုံဆီ သူလာတုန်းက ပြောပြခဲ့ခြင်းပင်။ ထိုသူဟာ သုံးရက်ကြာငါးဖမ်းပြီး နှစ်ရက်လောက်အနားယူတတ်သူဖြစ်သလို ချင်းရို့ရဲ့ ပုလဲမွေးမြူရေးစက်ရုံကိုလည်း အကောင်းမြင်သူမဟုတ်။ နောက်ပိုင်းတွင် သူက ပုလဲမွေးမြူရေးက ပိုက်ဆံရှာနိုင်မှန်း သိသွားတဲ့အခါ ကျွန်းပေါ်မှာ ပုလဲစက်ရုံဖွင့်ဖို့အတွက် မိသားစုကို ငွေထောက်ပံ့ခိုင်းဖို့ သွေးဆောင်ခဲ့လေ၏။
ချင်းရို့ကတော့ တခြားသူတွေရဲ့ ကိစ္စတွေကို စိတ်မဝင်စားပါချေ။
"ပုလဲစက်ရုံတွေ အဲ့လောက်တောင်ရှိနေပြီလား? လာမယ့်နှစ်မှာ ပုလဲဘယ်လောက်တောင်မွေးမြူထားကြမလဲနော်? ပြောလို့မရဘူး၊ အနာဂတ်မှာ ငါတို့အားလုံး ပုလဲတွေဝတ်နိုင်လောက်မယ်"
ချင်းရို့ အပြုံးလေးနှင့်ပြောလိုက်သည်။
"ပြောဖို့တော့ခက်တယ်။ ပစ္စည်းတွေကရှားပါးမှ ပိုတန်ဖိုးတက်တယ်လို့ ပြောကြတယ်လေ။ အထွက်နှုန်းများရင် တန်ဖိုးလျော့ကျသွားလိမ့်မယ်"
လာမယ့်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ သူတို့နိုင်ငံဟာ ပုလဲနိုင်ငံကြီးဖြစ်လာမယ်။ သာမန်ပြည်တွင်းပုလဲတွေဟာ အမှန်ပင်ဈေးမကြီးပါချေ။ စျေးချိုတဲ့ ပြည်တွင်းပုလဲလည်ဆွဲအချို့ကိုလည်း ပုလဲရှားပါးတဲ့နိုင်ငံများတွင် ဇိမ်ခံပစ္စည်းများအသွင် မှတ်ယူနိုင်ပါသေးသည်။
"စျေးချိုလာတဲ့အခါမှပဲ ဝတ်ဖို့နည်းနည်းဝယ်တော့မယ်ဟာ"
xxx
Ch-283
လုမိသားစုအိမ်မှ ပြန်လာပြီးနောက် ဟွမ်ရှင်းရင်သည် လုမိသားစုမှာ တွေ့ခဲ့ရတဲ့ လူချောလေးနဲ့ မိန်းမချောလေးရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို ပြန်တွေးမိကာ မနာလိုစိတ်တွေ တစ်ဖန်မြင့်တက်လာပြန်သည်။
အဲဒီပုံတွေက သူမရဲ့လောင်ကျန်း ရိုက်ပေးထားတဲ့ ဓာတ်ပုံတွေပဲ။ လောင်ကျန်းက စစ်ယူနီဖောင်းများစွာ၀တ်ဆင်ထားသည်ကို သူမမြင်ဖူးသော်ငြား ဒီလိုကျကျနနဝတ်စုံ(suit) ၀တ်ဆင်သည်ကိုတော့ မတွေ့ဖူးသေးပေ။
သူ အခုမဝတ်သေးရင် နောင်ကျ ခေါင်းမှာ ဆံပင်မရှိတော့မှာလည်းဖြစ်နိုင်တယ်နော်။
ဟွမ်ရှင်းရင်: "…"
သူမ မင်္ဂလာဝတ်စုံကိုမဝယ်နိုင်ရင် လောင်ကျန်းအတွက် ဝတ်စုံတစ်ထည်ဝယ်ပေးလိုက်တာလည်းမဆိုးပါဘူးလေ။ ပြီးရင် ဟိုဘက်အိမ်က ရှောင်ချင်းကို ဓာတ်ပုံနည်းနည်းရိုက်ခိုင်းလိုက်မယ်။ အဲဒါကို သူမတို့ရဲ့ ၁၀နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အဖြစ်... ပြီးခဲ့တာအချိန်တော်တော်ကြာပြီဆိုပေမယ့်ပေါ့လေ။
ကျန်းချန်ပေ့က သူ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်ပြီး သူ့လက်ရာကိုသူပင် မကြည့်ချင်တော့ပါချေ။ သူ့နှလုံးသွေးတွေယိုစီးကျနေလေပြီ။ သူ ဓာတ်ပုံပညာကို အချိန်အတော်ကြာသင်ယူခဲ့တာဟာ ဘေးအိမ်ကစုံတွဲရဲ့ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ပေးဖို့များဖြစ်နေသလားပဲ။
သူ့နှုတ်ခမ်းသူ ကိုက်နေကာ ဒီရက်ပိုင်းထဲ မနာလိုအားကျစိတ်ကြောင့် အိပ်ပင်မပျော်ချေ။
ဘေးအိမ်က လင်မယားနှစ်ယောက် ပြန်လာသည်နှင့် သူ့ရဲ့ သင်ယူချင်စိတ်ပြင်းပြလာတာပဲကွာ။
"မိန်းမရေ မင်းရော အဲလိုဓာတ်ပုံရိုက်ချင်လား?"
ကျန်းချန်ပေ့ ထိုအကြောင်းကိုစဉ်းစားပြီးနောက် သူ့မိန်းမရဲ့ ထင်မြင်ချက်ကိုမေးရန် ဆုံးဖြတ်လိုက်သည်။
"မင်္ဂလာဆောင်ဓါတ်ပုံရိုက်ဖို့လား? ကျွန်မတို့အသက်ဘယ်လောက်တုန်း? ဘာလို့ ဒါမျိုးရိုက်နေရဦးမှာလဲ?"
ကျန်းချန်ပေ့ လွန်စွာ မကျေမချမ်းဖြစ်သွားရလျက်၊ "ငါ ဓာတ်ပုံမရိုက်ရရင် ငါ့ဆံပင်တွေကုန်သွားတော့မယ်ကွ"
သူသက်ပြင်းချလိုက်မိလျက် "ဘေးအိမ်က လောင်လုက အရမ်းခန့်တယ်၊ အသက် ၃၀အရွယ်ပန်းတစ်ပွင့်လိုပဲ။ သူ့ဘေးက လောင်ကျန်းကတော့ တဖြည်းဖြည်းညှိုးနွမ်းလာပြီ။ မင်း ဒီငယ်ရွယ်မှုကိုမဆုပ်ကိုင်ထားခဲ့ရင် အချိန်ကတော့ ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး"
"နေဝင်ချိန်က အတိုင်းအဆမရှိလှပပေမယ့် နေဝင်ခါနီးနေပြီလေ"
ဟွမ်ရှင်းရင်: "... ရှင် ကျွန်မရဲ့ အချစ်ဝတ္ထုတွေကို တိတ်တိတ်ကလေးခိုးဖတ်ထားတာလား?"
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဝတ္ထုတွေကို ပိတ်ပင်ထားမှုကို ရုတ်သိမ်းခဲ့ပြီး ဝတ္ထုအမျိုးအစားအားလုံးဟာ ဈေးကွက်ကိုလွှမ်းမိုးခဲ့လေ၏။ ဆရာမဟွမ်လည်း သူမရဲ့ ဆယ်ကျော်သက်ဘဝခံစားချက်ကို ပြန်လည်ရရှိ၍ စာအုပ်စင်တွင် မရေမတွက်နိုင်တဲ့အချစ်ဝတ္ထုတွေ ဝယ်ဖြည့်ခဲ့တော့သည်။
အခုချိန်မှာ စာအုပ်တွေက ဈေးပေါနေပြီမို့ စာအုပ်တွေသိမ်းဆည်းဖို့ အခန်းတစ်ခန်းသက်သက်ထားဖို့တောင် တွေးနေမိပြီ။
မိသားစုက ကလေးတွေလည်း တဖြည်းဖြည်း ကြီးပြင်းလာကြပြီဖြစ်ရာ စန်းယိုပင် ၄နှစ်နီးပါးရှိနေပြီဖြစ်၏။ ဟွမ်ရှင်းရင်သည် သူမခြံဝင်းထဲမှာ သက်ကယ်ထီးအောက် လွတ်လွတ်လပ်လပ်ထိုင်ကာ လက်ဖက်ရည်တစ်အိုးနှင့် ဝတ္ထုတွေ အေးအေးဆေးဆေးဖတ်ရတာကို သဘောကျသည်ပင်။
လွန်ခဲ့တဲ့ဆယ်နှစ်က သက်ကယ်ထီးအောက်တွင် ဝတ္ထုဖတ်နေတဲ့ ဘေးအိမ်ကချင်းရို့ကို သူမ အကြိမ်ကြိမ်သတိရမိနေပေလိမ့်မည်။
ဆရာမဟွမ်က တစ်ကိုယ်တည်းတွေးနေမိသည်မှာ - ငါက ရွှယ်ရန်ကျင်း(သင်ယူခြင်းဝိဥာဥ်)မဟုတ်ဘူး။ ဟိုးအရင်တုန်းကတည်းက သစ်ပင်အောက်မှာ ဝတ္ထုဖတ်ရတာကြိုက်တာပါနော်။ အခုကတော့ လက်ဖက်ရည်ခွက်လေးပဲ ပိုလာတာပါနော်။
ဒါက ရှောင်ချာကျင်းထက်မသာတာတော့ အသေအချာပါပဲ။
"ဒီတော့ ငါဖတ်ထားရင်ရောဘာဖြစ်လဲ? မင်းက ငါ့ကို ရိုမန်တစ်ဆန်တဲ့ခံစားချက်တွေ ပိုခံစားခွင့်မပေးနိုင်ဘူးလား?"
"မေ့လိုက်တော့၊ ကျွန်မတို့ကအိုနေပြီလေ၊ ဓာတ်ပုံရိုက်နေစရာမလိုတော့ဘူး။ အနာဂတ်မှာ ရှင့်သားနှင့် ချွေးမတို့ကိုပဲ ဓာတ်ပုံရိုက်ပေါ့"
ကျန်းချန်ပေ့: "... ငါက ဘာလို့ဓာတ်ပုံမရိုက်နိုင်တာလဲဟေ?"
ကျန်းချန်ပေ့ စိတ်ဓာတ်ကျသွားရလျက်။ သူ ဘာကြောင့်များ ဓာတ်ပုံပညာကိုသင်ဖို့ စိတ်ကူးရမိသွားတာလဲ၊ ကောင်းကောင်းသင်ယူပြီးတော့ရော ဘာအကျိုးရှိလို့လဲ? အဆုံးမှာ သူက သူများတွေအတွက် ဓာတ်ပုံရိုက်ပေးနေရပြီး သူ့အတွက်တော့ ဘာအကျိုးကျေးဇူးမှမရဘူးလေ။
အလဟဿပဲ ! ! !
ကျန်းချန်ပေ့က လုယန်အား မင်္ဂလာဝတ်စုံနဲ့ ဝတ်စုံ(suit)တွေကို ဘယ်လိုဝယ်ရမလဲဆိုတာ လျှို့ဝှက်စွာမေးမြန်းပြီး သူထိပ်မပြောင်ခင် ချောမောခန့်ညားတဲ့ဓာတ်ပုံတချို့ ချန်ရစ်စေနိုင်ရန် ကြိုးစားခဲ့သည်။
...
"အချိန်ကုန်တာ အရမ်းမြန်တာပဲနော်၊ နင်အိမ်ထောင်ပြုပြီးတာ ဆယ်နှစ်ရှိသွားပြီပဲ" ချင်းရို့အစ်မဖြစ်သူ ချင်းမျန့်က သူ့ညီမနှင့်မတ်လေးတို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကိုကြည့်ရင်း သက်ပြင်းချမိသည်။
ဓာတ်ပုံထဲမှာ သူ့ညီမလေးဝတ်ထားတဲ့ ခမ်းနားကြီးကျယ်လှတဲ့မင်္ဂလာဝတ်စုံကို ကြည့်နေရင်း ချက်ခြင်းသဘောကျသွားလေသည်။
"မမ နင်ရော ခဲအိုနဲ့ ဓာတ်ပုံရိုက်ချင်လား?"
ချင်းရို့ကတော့ အနှီကျွန်းရဲ့ပင်လယ်အော်ကမ်းခြေမှာ မင်္ဂလာဆောင်ဓာတ်ပုံမရိုက်ဘူးဆိုရင် ဖြုန်းတီးပစ်ရာရောက်တယ်လို့ ခံစားရသည်လေ။
ချင်းမျန့် ခေါင်းခါလိုက်ပြီး "ငါအသက်ကဖြင့် ဘယ်လောက်ရှိနေပြီလဲဟယ်..."
"ငါ့အသက်ကရောဘယ်လောက်မို့လို့တုန်း? အသက်ဘယ်လောက်ကြီးကြီး၊ ငါတောင် ဝတ်လို့ရတယ်လေ မဟုတ်ဘူးလား?"
"မမ နင် ဒီမင်္ဂလာဝတ်စုံကိုကြိုက်လား?"
ချင်းရို့သည် ဒီဝတ်စုံကို အခြားသူတွေအတွက် ငှားဖို့ ဝန်လေးသော်ငြား သူ့အစ်မအတွက်ဆိုရင်တော့ အဆင်ပြေသည်ပင်။
ချင်းမျန့် တုံ့ဆိုင်းနေပြီးမှ " ငါ... ငါ ကိုယ်တိုင် လုပ်ချင်တယ်"
"မမ နင်ကိုယ်တိုင် မင်္ဂလာဝတ်စုံချုပ်ချင်လို့လား?"
ဒါကိုကြားပြီးနောက် ချင်းရို့မျက်လုံးများ တောက်ပလာကာ "ဒါပေါ့! မမရေ လုပ်ကြည့်စမ်းပါ!"
"မမ နင်ချုပ်တဲ့မင်္ဂလာဝတ်စုံက အရမ်းလှမှာ သေချာတယ်!"
ချင်းမျန့် ရှက်ရွံ့သွားကာ "ငါ့ကိုတအားချီးကျူးမနေနဲ့လေ။ နင့်မမက ရှက်စရာတစ်ခုခုလုပ်မိရင် ဒီမျက်နှာကြီးကို ဘယ်မှာသွားထားရမလဲ?"
"မမ စမ်းကြည့်ကြည့်ပါဟာ။ စမ်းကြည့်တာ ဘာမှားလို့လဲ။ ဘယ်သူ့ကိုမှ အစကတည်းက ဉာဏ်ကြီးရှင်လို့ သတ်မှတ်ခဲ့တာမဟုတ်ဘူးလေ။ မမ နင်လုပ်နိုင်မှာပါ၊ နင့်လက်ရာလည်း တဖြည်းဖြည်းတိုးတက်လာမှာပဲ"
"နောင်မှာ မင်္ဂလာဆောင်ဝတ်စုံဆိုင်ဖွင့်ရင်လည်း ဖွင့်နိုင်မှာ"
ချင်းမျန့် ခေါင်းခါလိုက်ပြီး "ဒီမင်္ဂလာဆောင်ဝတ်စုံက တအားလှတယ်ဆိုပေမယ့် ဘယ်သူကဝယ်မှာတဲ့လဲ? ပိတ်ရက်တွေမှာတောင် ဝတ်လို့မရတဲ့ဟာကို..."
"ဒါဆို လူတွေကို ဓာတ်ပုံရိုက်ဖို့အတွက် မင်္ဂလာဝတ်စုံငှားလို့ရတာပဲ။ လူတစ်ယောက်က ဘဝတစ်သက်တာမှာ အိမ်ထောင်ဘယ်နှစ်ခါပြုနိုင်လို့လဲ? မင်္ဂလာဝတ်စုံမဝယ်နိုင်ဘူးဆိုရင် တစ်ထည်လောက် မငှားနိုင်ဘူးတဲ့လား? ဇနီးမောင်နှံနှစ်ယောက်လည်း အမှတ်တရအဖြစ် ကမ်းခြေမှာ ဓာတ်ပုံလှလှလေးတွေရိုက်လို့ရတာပေါ့"
"ဟုတ်သားပဲ"
ချင်းမျန့် မျက်လုံးတွေတောက်ပလာကာ ချင်းရို့ ဖော်ပြလိုက်တဲ့မြင်ကွင်းကို တွေးကြည့်လိုက်မိသဖြင့် သူမလည်း ပိုပိုပြီးစိတ်လှုပ်ရှားလာကာ
"မိန်းကလေးတွေက လက်မထပ်ခင်မှာ ဒီလိုမင်္ဂလာဝတ်စုံလှလှလေးကို ဓာတ်ပုံရိုက်ဖို့ ဝတ်ချင်ကြမှာပဲနော်။ ဘဝတစ်သက်တာလုံး မမေ့နိုင်စရာဖြစ်နေလိမ့်မယ်"
ချင်းမျန့်က နှစ်အတော်ကြာ အဝတ်တွေချုပ်လုပ်ခဲ့သူဖြစ်၍ လူတွေရဲ့ ပျော်ရွှင်ကျေနပ်တဲ့ အမူအရာတွေကိုမြင်ရတာ နှစ်သက်သူပင်။ တစ်ချိန်တည်းမှာပင် ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတွေက မမေ့နိုင်တဲ့မင်္ဂလာပွဲအတွေ့အကြုံကို ပိုင်ဆိုင်နိုင်မယ်လို့လည်း မျှော်လင့်ထားမိလျက်။
"မမရေ ဒီတော့ နင့်ရဲ့အရည်အချင်းတွေကို လေ့ကျင့်ဖို့အတွက် မင်္ဂလာဆောင်ဝတ်စုံနည်းနည်းလုပ်ကြည့်လေနော်! ငါတို့ မင်္ဂလာဆောင်ဝတ်စုံမှာ ပုလဲတွေထည့်လို့ရသလို ထွင်းပြီးသားအခွံလှလှလေးတွေကိုလည်းထည့်လို့ရတယ်လေ။ အိုး နောက်ပြီးတော့ ပုလဲခေါင်းခြုံပုဝါကိုရောပဲ! ငါတို့ ပုလဲခေါင်းခြုံပုဝါကို လုပ်ကိုလုပ်ရမယ်!"
နှင်းဖြူရောင်ပုလဲခေါင်းခြုံပုဝါဟာ အိပ်မက်တစ်ခုအလား။ အမျိုးသမီးတစ်ဦးရဲ့ အနက်ရောင်ဆံပင်ပေါ်မှာ ခြုံလိုက်ပါက တောက်ပလင်းလက်နေပြီး တုနှိုင်းမဲ့လှပနေပေလိမ့်မည်။
"ဒါက…" ချင်းမျန့်ကတော့ သူမညီမရဲ့ စိတ်ကူးဟာ တရားလွန်ဖြစ်လွန်းပြီး စိတ်ကူးယဉ်ဆန်တယ်လို့ ခံစားမိသည်ပင်။ ဒါတွေက ပုလဲတွေလေ။ မင်္ဂလာဝတ်စုံပေါ်မှာ ပုလဲတွေထည့်သွင်းတာဟာ အလွန်အကျွံဖြုန်းတီးနေတာပဲမလား။ သို့သော် ယခုနှစ်တွင် စက်ရုံမှ ပုလဲထောင်ပေါင်းများစွာ ထုတ်လုပ်ထားကြောင်း သူမတွေးမိလိုက်သည်ကြောင့် ဖြုန်းတီးတယ်လို့မထင်တော့။
အခုဆို လူတိုင်းရဲ့ဘဝက ပိုကောင်းလာပြီဆိုတော့လည်း တစ်ကြိမ်လောက် ဖြုန်းတီးပစ်လိုက်ရင်ရော ဘာဖြစ်မှာမို့လဲနော်?
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆိုရင် ဈေးကွက်မှာ အထည်စတွေဝယ်ဖို့ အရမ်းခက်လို့ ချင်းမျန့် မင်္ဂလာဝတ်စုံချုပ်ဖို့မပြောနှင့်၊ သာမန်အဝတ်တစ်စုံချုပ်ဖို့တောင် အထည်စတွေကို ဂရုတစိုက်စိစစ်သုံးခဲ့ရသည်။
ဒါဟာ သူမတွေးကြည့်လို့တောင်မရနိုင်တဲ့အရာပါပဲ။
"မမရယ် သိပ်မစိုးရိမ်ပါနဲ့၊ ဒီတိုင်းသာလုပ်လိုက်နော်။ ငါ နင့်ညီမက ငါ့မမကိုယ်တိုင်ချုပ်ထားတဲ့ မင်္ဂလာဝတ်စုံလေး ဝတ်ကြည့်ချင်တယ်လို့"
လှလှပပအဝတ်အစားတွေကို မဝတ်ချင်တဲ့သူဘယ်သူရှိလို့လဲနော်? မင်္ဂလာနှစ်ပတ်လည်နေ့မဟုတ်ရင် ပုံမှန်နေ့ရက်တွေမှာ မင်္ဂလာဝတ်စုံဝတ်ပြီး ဓာတ်ပုံမရိုက်ရဘူးလို့ ဘယ်သူသတ်မှတ်ထားလို့လဲ?
"ကောင်းပြီလေ၊ ငါ နင့်မမက စက်ရုံက သိပ်မကောင်းတဲ့ပုလဲသေးသေးလေးတွေသုံးပြီး ပုလဲမင်္ဂလာဝတ်စုံလေးလုပ်ထားလိုက်မယ်"
"စိတ်မပူပါနဲ့၊ ငါတို့စက်ရုံမှာ ပုလဲသေးသေးလေးတွေ အများကြီးရှိပါတယ်"
"မမရေ ပုလဲခေါင်းခြုံပုဝါတစ်ထည်လုပ်မယ်နော်!" ချင်းရို့က ပုလဲခေါင်းခြုံပုဝါဘယ်လိုပုံစံရှိကြောင်း သူမစိတ်ကူးထဲကအတိုင်း ပြောပြလိုက်သည်။
- နှင်းဖြူရောင်ပုလဲခေါင်းခြုံပုဝါကို မရေမတွက်နိုင်တဲ့ပုလဲသေးသေးလေးတွေနဲ့ အလှဆင်မယ်။
ဒါကိုကြားပြီးနောက် ချင်းမျန့်က သူ့ညီမကို ချီးကျူးပါတော့သည်။ "နင်ဟာလေ၊ အကြံတွေပြည့်နှက်နေတဲ့မိန်းကလေးပဲ"
ဒီလိုပုလဲခေါင်းခြုံပုဝါလေးဖန်တီးပြီးရင် ဘယ်လောက်လှမလဲမသိဘူးကွယ်။
xxx