အခန်း (၂၈၄-၂၈၅)
Vol. 24 Ch. 284-285
Ch-284
ချင်းရို့နဲ့ သူမအစ်မဖြစ်သူဟာ သူတို့ပြောသည့်အတိုင်းပင် ချက်ချင်းလုပ်ဆောင်ခဲ့ကြသည်။ ချင်းမျန့်က ပစ္စည်းတွေဝယ်ရန် ကွမ်ချန်သို့သွားခဲ့ပြီး ချင်းရို့က ပုလဲတွေကို ရွေးချယ်ရန် စက်ရုံသို့ သွားခဲ့၏။ သည့်အပြင် သူမအစ်မဖြစ်သူ မင်္ဂလာဆောင်ဝတ်စုံမှာ အလှအပဆင်ရန်အတွက် ခရုခွံလှလှလေးတွေ အများကြီးလုပ်ထားပေးဖို့ ပြောထားခဲ့သည်။
ချင်းမျန့်က သူမအခန်းထဲမှာ တစ်လခွဲကျော်ကြာကြာ အခန်းတံခါးပိတ်ထားပြီး နောက်ဆုံးတွင် သူမရဲ့ကြိုးစားအားထုတ်မှုဖြင့် လှပသော ပုလဲမင်္ဂလာဝတ်စုံကို ဖန်တီးခဲ့လေသည်။
ချုပ်ပြီးသွားသည်နှင့် သူ့ညီမကို အမြန်ဖုန်းဆက်လိုက်ပြီး လာဝတ်ကြည့်ဖို့ရာ တိုက်တွန်းပါတော့သည်။
"မမ နင်ချုပ်ထားတဲ့မင်္ဂလာဝတ်စုံကို နင်ကိုယ်တိုင်ဝတ်ကြည့်သင့်တယ်လေ"
"လျှောက်ပြောမနေနဲ့၊ မြန်မြန်စမ်းဝတ်ကြည့်လိုက်။ ငါ့ညီမလေးက အရမ်းလှတော့ ဒီပုလဲလှလှလေးတွေနဲ့ အလိုက်ဖက်ဆုံးပဲဖြစ်မှာ!"
ချင်းမျန့်က ချင်းရို့အား ပုလဲမင်္ဂလာဝတ်စုံကိုဝတ်ဆင်ရန် တိုက်တွန်းခဲ့သည်။ နှင်းဖြူရောင်အနုစိတ် စကတ်အရှည်ကြီးဟာ မြေကြီးပေါ်မှာ ဒရွတ်တိုက်ဆွဲနေ၏။ ချင်းရို့မျက်နှာဟာ လှပကျက်သရေရှိပြီး ဝင့်ကြွားလွန်းနေလျက်၊ သူမရဲ့လက်ရာမြောက်တဲ့မိတ်ကပ်ကို လိမ်းထားကာ ကျက်သရေရှိလှတဲ့ ပုလဲခေါင်းခြုံပုဝါကိုပါ ဝတ်ဆင်ထားလေ၏။
ချင်းမျန့်သည် ညီမဖြစ်သူ မင်္ဂလာဝတ်စုံဝတ်ထားသည်ကို မြင်တဲ့အခါ မျက်တောင်မခတ်နိုင်တော့ဘဲ
"လာပြီး နင့်မမကို ပြုံးပြလိုက်။ အပြုံးလေးတစ်ခုက တစ်မြို့လုံးကို စိုးမိုးနိုင်မယ်၊ နောက်ထပ်အပြုံးဆို တိုင်းပြည်တစ်ပြည်ကို လွှမ်းမိုးနိုင်မယ်။ ငါကတော့ မြို့နှင့် တိုင်းပြည်ကို ဘယ်လိုလွှမ်းမိုးရမလဲမသိပေမယ့်ဟယ်၊ ဒီလိုအလှလေးကို နောက်တစ်ကြိမ် ပြန်တွေ့ဖို့ဆိုတာ ခက်ခဲလှတာပဲနော်"
"ငါ့ညီမလေးက အရမ်းလှတာပဲ!"
ချင်းရို့က သူမလက်ကိုမြှောက်၍ ပုလဲခေါင်းခြုံပုဝါကိုကိုင်ထားလိုက်ပြီး ချင်းမျန့်အား ပြုံးပြရင်း "မမရေ နင်က အချိန်အကြာကြီး ခဲအိုနဲ့အတူတူနေလာတော့ ဗဟုသုတတွေတိုးနေပြီပဲ"
"နင့်မမပြောတာတွေက နှလုံးသားထဲကလာတာတွေပါနော်။ ငါ့မတ်လေး ဒီမှာမရှိတာသနားစရာပဲ။ မြန်မြန်လုပ် ဓာတ်ပုံနည်းနည်းရိုက်ထားပြီးတော့ ငါ့မတ်လေးကြည့်ရအောင်လို့ သိမ်းထားပေးလိုက်ဦး"
"သို့သို့ရုန်ရုန် ဒီမှာရှိနေရင်တော့ သူတို့မားမားက အလှဆုံးလို့ ပြောနေဦးမှာပဲ။ မားမားက ကမ္ဘာပေါ်မှာ အလှဆုံးမားမားလို့ရောပေါ့"
"မမရေ နင်ကလည်း သားသမီးတွေရဲ့အမြင်မှာ အလှဆုံးမားမားပါပဲနော်"
ယခုအချိန်တွင် ချင်းရို့က တာ့ကျောင်းရွာရှိ သူမအစ်မဖြစ်သူနှင့်ခဲအိုတို့ရဲ့အိမ်မှာ ရှိနေခြင်းပင်။ ချင်းမျန့်က သူမကို အပြင်ထွက်ပြီး ဓာတ်ပုံအနည်းငယ်ရိုက်ခိုင်းလိုက်သဖြင့် သူမထွက်လာသည်နှင့် ချက်ချင်းပင် ကြည့်ရှုသူပရိသတ်တစ်အုပ်ကြီးကို ဆွဲဆောင်နိုင်ခဲ့သည်။ ရွာထဲကလူတွေထဲမှာ မင်္ဂလာဝတ်စုံဝတ်ထားတဲ့တစ်ယောက်ယောက်ကို လူဘယ်နှစ်ယောက်များမြင်ဖူးပါ့မလဲနော်။ လူကြီးတွေဖြစ်စေ ကလေးတွေဖြစ်စေ၊ လူတိုင်းက အပြေးလာကြည့်ကြသည်။
"မမချင်းရို့ နင်အရမ်းလှတာပဲဟယ်!"
"တအားလှတာပဲ!"
ဒေါ်လေးဖူက ကြက်ဥပင်ဝင်နိုင်လောက်သည်အထိ ပါးစပ်ကြီးပွင့်ဟနေလျက်။ မုန့်လန်နှင့် တခြားရွာမှမိန်းကလေးတွေကတော့ အနှီမင်္ဂလာဝတ်စုံလှလှလေးကို အားကျမနာလိုစိတ်တို့ဖြင့် ကြည့်နေကြသည်။
နေရောင်အောက်မှာ ခမ်းနားထည်ဝါတဲ့မင်္ဂလာဝတ်စုံပေါ်မှာ ပုလဲတွေနဲ့ ထွင်းထားတဲ့ခရုခွံလေးတွေဟာ လက်ဖြာနေလျက်၊ အထူးသဖြင့် ပုလဲခေါင်းခြုံပုဝါလေးမှာပေါ့။ ပုလဲတစ်လုံးစီတိုင်း လှလှပပတောက်ပနေသည်မှာ သူမရဲ့ဦးခေါင်းထက်တွင် ကြယ်ရောင်ကောင်းကင်ယံကြီးသဖွယ်၊ အိမ်မက်တစ်ခုနှယ်၊ ကမ္ဘာကြီးပေါ်မှာ မြင်နေကျအရာတစ်ခုမဟုတ်သည့်အလား။
"အိပ်မက်တစ်ခုလိုပဲနော်!"
"ဇာတ်လမ်းထဲမှာဖော်ပြထားတဲ့ နတ်သမီးတွေက ဒါမျိုးဖြစ်မယ်ဟယ်"
"ဒီဝတ်စုံဝတ်ရတာ ဘယ်လောက်ပျော်စရာကောင်းတဲ့ အမျိုးသမီးဖြစ်လိမ့်မလဲနော်"
…
ချင်းရို့လည်း ဓာတ်ပုံအနည်းငယ် မြန်မြန်ရိုက်ပြီးနောက် သူမကိုယ်ပေါ်ရှိ မင်္ဂလာဝတ်စုံကို ပြန်လဲလိုက်ပြီး အစ်မဖြစ်သူချင်းမျန့်ကို ဝတ်ကြည့်ရန် တိုက်တွန်းလိုက်၏။ ချင်းမျန့်က အကြိမ်ကြိမ်ငြင်းဆန်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ထပ်မတောင့်ခံနိုင်တော့ဘဲ သူမကိုယ်တိုင်ချုပ်ထားတဲ့ မင်္ဂလာဝတ်စုံကို လဲဝတ်လိုက်တော့သည်။ ချင်းရို့က သူမကို နူးညံ့သိမ်မွေ့ပြီး လှလှပပမိတ်ကပ်လိမ်းပေးလိုက်၏။
ချင်းမျန့်က မှန်ထဲမှာ သူမကိုယ်သူမကြည့်လိုက်ပြီး အိပ်မက်မက်နေသလို ခံစားလိုက်ရ၏။ မှန်ထဲက ဒီချောမောလှပတဲ့အမျိုးသမီးကို သူမ ဘာလို့မသိတဲ့ပုံပေါ်နေရတာလဲလို့...
ဒါဆို... သူမလည်း အရမ်းလှပနေသေးတာပေါ့နော်။
"အားမိန့် နင့်လက်တွေက တကယ်အစွမ်းထက်တာပဲဟာ။ နင့်မမရဲ့မျက်နှာပေါ်မှာ ပစ္စည်းတွေ အများကြီးတင်ထားပြီးတော့ ငါ့မျက်နှာကို ပြောင်းလဲပစ်လိုက်သလိုကြီးနော်။ ကလေးတွေတောင် ငါ့ကိုမှတ်မိမှာမဟုတ်လောက်ဘူးဟယ်"
"ဘယ်သူပြောလဲ?" ချင်းရို့ ပြုံးလိုက်ပြီး "မမ နင် အရမ်းလှတာပဲ!"
"အပြင်ထွက်ပြီး လူတွေကြည့်ပါစေ! ငါ့ခဲအိုကို အိမ်ပြန်လာခိုင်းဖို့ တစ်ယောက်ယောက်ကို ခေါ်ခိုင်းလိုက်မယ်! သူ့မိန်းမချောလေးကို လာတွေ့ပါစေ!"
ချင်းမျန့်မျက်နှာလည်း ရှက်ရွံ့စွာဖြင့် နီရဲနေလျက် "အကျယ်ကြီးလုပ်မနေနဲ့လေ၊ ရှက်စရာကြီး"
"တိမ်တွေက အဝတ်အစားနဲ့တူပြီး ပန်းတွေက မျက်နှာနဲ့တူတယ်။ နွေဦးလေညင်းက တံခါးခုံပေါ် မှုတ်ထုတ်နေပြီး နှင်းတွေထူထပ်နေတာပဲ"
"မမ စိတ်မပူပါနဲ့၊ နင့်မတ်လေးက ဒီမှာမရှိပေမယ့် ခဲအိုကတော့ရှိတယ်လေဟယ်!!"
"နင်လျှောက်လှုပ်မနေနဲ့နော်၊ ငါ့ခဲအိုကို ပြန်ခေါ်လာခိုင်းလိုက်မယ်!!"
"သူပြန်မလာရင် သူ့မိန်းမချောလေး ထွက်ပြေးသွားလိမ့်မယ်လို့!"
"နင်ဆိုတဲ့ညီမလေးကတော့လေ ဘာလို့ဒီလောက်တောင်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းရတာလဲ!!!"
…
ချန်မျန့် အတန်းထဲမှာရှိနေ၏။ သို့သော် သူ အတန်းပြီးသည်နှင့် သူ့ကိုဆွဲခေါ်နေကြကာ အိမ်ပြန်ပြီး သွားကြည့်ဖို့ပြောလာကြသည်။
"အံ့သြစရာအကြီးကြီးရှိတယ် ဆရာချန်ရေ၊ အံ့သြစရာအကြီးကြီး!!!"
"ကလေးတွေ၊ ဒီနေ့ နေ့တစ်ဝက်နားကြရအောင်ဟေ့။ ပျော်စရာတွေကြည့်ဖို့ ဆရာချန်ရဲ့အိမ်ကို သွားကြမယ်!!"
"အိုး အား အား!!!" ကလေးငယ်တွေက ပျော်ရွှင်စွာအော်ဟစ်နေကြပြီး လူတစ်စုက ချန်မျန့်ကို အိမ်ပြန်ရန် မြန်မြန်တွန်းပို့နေကြလျက်။
ချန်မျန့်နှင့် တခြားဆရာတွေလည်း စက်ဘီးစီးလာကြပြီး ကလေးငယ်လေးတွေက မျောက်တွေအလား သူတို့နောက်ကနေ ပြေးလိုက်လာကြကာ ဘယ်သူအိမ်အရင်ရောက်မလဲ ပြိုင်နေကြပါသေးရဲ့။
"ဆရာချန်ရေ မြန်မြန်! အိမ်မြန်မြန်သွားကြည့်!"
ချန်မျန့်သည် အမျိုးမျိုးသော တိုက်တွန်းသံများဖြင့် ဝန်းရံနေကာ လူတိုင်းရဲ့မျက်နှာထက်ဝယ် ထူးထူးဆန်းဆန်းအပြုံးတွေရှိနေကြလျက်။ သူလည်း အနှီထူးဆန်းတဲ့လေထုကြောင့် သက်ရောက်ခံလိုက်ရကာ နှလုံးခုန်မြန်လာလေပြီ။
သူအိမ်ပြန်ရောက်တဲ့အခါ အကျွမ်းတဝင်ရှိလှတဲ့ အဆောက်အဦငယ်လေးထဲတွင် ကြည့်ရှုသူလူတစ်စုရဲ့ မျက်လုံးအောက်မှာ အိမ်ထဲက အမျိုးသမီးတစ်ယောက်ထွက်လာတာကို သူတွေ့လိုက်ရသည်။
ထိုအမျိုးသမီးဟာ အရမ်းလှပတဲ့ပုလဲမင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး တောက်ပလှတဲ့ နေရောင်အောက်တွင် သူမက သူ့ကို ပြုံးပြနေလေ၏။ ထိုအခိုက်ဝယ် လှိုင်းလုံးတွေဟာ သစ်တော်ပန်းပွင့်တွေကို ရောင်ပြန်ဟပ်နေတဲ့ နွေဦးစမ်းရေသဖွယ် ပျံ့နှံ့သွားလေရဲ့။
ချန်မျန့်ဟာ အဲဒီအချိန်မှာ သူဘာတွေတွေးနေမှန်းမသိတော့သော်ငြား သူ့ရင်ဘတ်မှာ တစ်စုံတစ်ခုနဲ့ ပြည့်နေတယ်လို့ ခံစားလိုက်ရပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြသည်။
"ချန်မျန့်!" သူမ သူ့ကို ခေါ်လိုက်၏။
ချန်မျန့် ပြုံးလိုက်ပြီး အနှီအခိုက်အတန့်တွင် မျက်လုံးတစ်ချက်မှိတ်ရုံဖြင့် အနှစ်နှစ်ဆယ်နီးပါးကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
သူတို့နှစ်ယောက်က အနောက်တောင်ဘက် တောင်တန်းဒေသမှာ ပထမဆုံး တွေ့ဆုံခဲ့ကြစဥ်အခါက နက်ရှိုင်းတဲ့တောင်တန်းကြီးတွေ၊ စိမ်းလန်းတဲ့သစ်တောတွေ၊ ကြည်လင်လွန်းလှတဲ့မြစ်တွေ၊ တံတားငယ်လေးတွေ၊ ငါးဖမ်းလှေတွေ၊ ခြေတံရှည်အိမ်တွေ၊ အဝေးမှကြားနေရတဲ့ရိုးရာသီချင်းတွေနှင့် တောင်ပေါ်ကနေ သူ့ဆီသို့ လျှောက်လာခဲ့တဲ့ ကြည်လင်ရွှင်ပျနေတဲ့မိန်းကလေးတစ်ယောက်ကို သူ့စိတ်ထဲတွင် ပြန်မြင်ယောင်နေဆဲ။
သူတို့ ကမ္ဘာအနှံ့၊ ကမ္ဘာမြေကြီးရဲ့ ထောင့်နေရာများအထိ ခရီးနှင်ခဲ့ကြသည်...အတိတ်ကဖြစ်ရပ်အမျိုးမျိုးကို သတိရလာမိသည်...
"ဆရာချန်၊ မင်းဘာလို့အဲဒီမှာရပ်နေသေးတာလဲ? မြန်မြန်အဝတ်အစားသွားလဲတော့လေ"
"ခဲအို!" ချင်းရို့ ပြောလိုက်သည်။ "ကျွန်မ ရှင့်အတွက် အဝတ်အစားတွေရှာပြီးထုတ်ထားပေးတယ်!"
လူအုပ်ကြီးရဲ့တိုက်တွန်းမှုအောက်တွင် ချန်မျန့်က သူ့ရဲ့ဝတ်စုံဟောင်းကို လဲဝတ်လိုက်၏။ ဒီဝတ်စုံကိုမဝတ်တာ အချိန်အတော်ကြာပြီဖြစ်၍ သူထွက်လာတဲ့အခါ အနည်းငယ်စိတ်တုန်လှုပ်နေလျက်။
ချင်းမျန့်က ဟိုးအရင်တုန်းက ကြော့ရှင်းရည်မွန်တဲ့လူငယ်လေးကို ပြန်မြင်လိုက်ရသလိုမျိုး သူ့ကို နူးညံ့စွာ ကြည့်နေလေသည်။
"မမ သွားပြီးတော့ ခဲအိုလက်ကိုကိုင်ထားလေ"
"ကျင်းရိ ကျင်းရိရေ သားပြန်လာပြီပဲ၊ သားမိဘတွေအတွက် ဓာတ်ပုံလာရိုက်ပေးလိုက်ပါဦး"
"ဒေါ်လေး!"
ချင်းရို့က ချန်ကျင်းရိကို ခေါ်လိုက်သည်။ ချန်ကျင်းရိဟာ အနုပညာနှင့် ပန်းချီကို နားလည်ပြီး သာမာန်လူများထက် သာလွန်တဲ့အလှရသခံစားမှုရှိလေသဖြင့် သူ့ရဲ့ ဓာတ်ပုံပညာလည်း အလွန်ရှားပါးကောင်းမွန်လှ၏။ သည့်ကြောင့် ချင်းရို့က ချန်ကျင်းရိအား သူ့မိဘတွေအတွက် ဓာတ်ပုံရိုက်ပေးဖို့ ခေါ်လိုက်ခြင်းပင်။
ချန်ကျင်းရိ ကင်မရာကိုယူလိုက်၏။ ချင်းမျန့်နှင့် ချန်မျန့်တို့လည်း ရှက်ရွံမနေတော့ပေ။ ရွာသားတွေရှေ့မှာ အနှီစုံတွဲဟာ မရေမတွက်နိုင်တဲ့ အုပ်စုလိုက်ဓာတ်ပုံတွေရိုက်ခဲ့သလို ကလေးတွေအုပ်စုကြီးနှင့်လည်း အဖွဲ့လိုက်ဓာတ်ပုံအများကြီးရိုက်ခဲ့ကြသည်။
ချန်မျန့်ရဲ့ ကျောင်းသားတွေအားလုံး ရောက်လာ၍ ချန်ကျင်းရိလည်း သူတို့အတွက် အဖွဲ့လိုက်ဓာတ်ပုံရိုက်ပေးခဲ့သည်။
ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးမလေးတစ်ဦးက နှင်းဖြူရောင်မင်္ဂလာဝတ်စုံကို ထိချင်ပေမယ့် သူမရဲ့လက်မည်းလေးကြောင့် တုနှိုင်းမဲ့အလှလေးညစ်ပတ်သွားရမှာကို စိုးရိမ်သဖြင့် မထိဝံ့ခဲ့ပေ။
"ရှစ်မူ(ဆရာ့ဇနီး)ရေ နောင်ကျ သမီးလည်း ဒီလိုဂါဝန်လှလှလေးဝတ်လို့ရမှာလားဟင်?"
ချင်းမျန့် အပြုံးလေးနှင့် ပြန်ဖြေလိုက်သည်။ "ဒါပေါ့ကွယ်!"
"သမီးကြီးလာပြီး သမီးကြိုက်တဲ့လူတစ်ယောက်ယောက်နဲ့တွေ့တဲ့အခါ ရှစ်မူလုပ်ထားတဲ့မင်္ဂလာဝတ်စုံနဲ့ လက်ထပ်လို့ရတယ်နော်"
…
"မိန်းကလေးတော်တော်များများက မင်္ဂလာဝတ်စုံကို တစ်ခါလောက်တော့ ဝတ်ဖူးချင်ကြလိမ့်မယ်"
ချင်းရို့နှင့် ချင်းမျန့်တို့ ဆွေးနွေးခဲ့ကြပြီးနောက် လုချန်၌ မင်္ဂလာဆောင်ဓာတ်ပုံစင်တာအသေးစားတစ်ခုဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့သည်။ ချင်းမျန့်က မင်္ဂလာဝတ်စုံကို သူမကိုယ်တိုင်ဖန်တီးမည်ဖြစ်သလို ချင်းရို့ကလည်း အလှကုန်၊ ပုလဲလည်ဆွဲ၊ ပုလဲနားကပ်စသဖြင့် အသုံးအဆောင်ပစ္စည်းတွေကို ပံ့ပိုးပေးမည်ဖြစ်သည်။
ဤမင်္ဂလာဆောင်ဓာတ်ပုံစင်တာအသေးစားဆိုင်သည် မင်္ဂလာဝတ်စုံများနှင့် မိတ်ကပ်အသုံးအဆောင်များအပါအဝင် မင်္ဂလာဓာတ်ပုံဝန်ဆောင်မှုတစ်ဆက်စာကို ဆောင်ရွက်ပေးမည့်အပြင် စိတ်ကြိုက်မင်္ဂလာဝတ်စုံဒီဇိုင်းများ၊ ပုလဲနှင့်ဆက်စပ်ပစ္စည်းမျိုးစုံကိုလည်း ရောင်းချပေးမည်ဖြစ်သည်။
"ဒီမင်္ဂလာဆောင်ဝတ်စုံဆိုင်ကနေ ငါတို့ရဲ့ ပုလဲတွေကို ကြော်ငြာနိုင်တယ်"
"သူတို့ကြိုက်ရင် ပုလဲလည်ဆွဲ ဒါမှမဟုတ် ပုလဲနားကပ်တစ်ရံ ဝယ်ကြမှာပဲလေ..."
"မမ နင် နောက်ပိုင်း ဒီမင်္ဂလာဓာတ်ပုံဆိုင်ကို တာဝန်ယူရမယ်နော်"
သူတို့နှစ်ယောက်က ရွာမှ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတချို့ကို ရှာခဲ့ပြီး ချင်းရို့ကိုယ်တိုင် မိတ်ကပ်လိမ်းနည်း၊ ဓာတ်ပုံရိုက်နည်းတို့ကို သင်ပေးခဲ့သည်။ ထရိန်နင်တစ်လကြာပြီးနောက် သူတို့ရဲ့ ရိုးရိုးရှင်းရှင်းမင်္ဂလာဓာတ်ပုံဆိုင်ကို ဖွင့်လှစ်ခဲ့သည်။
ဆိုင်ထဲ၌ မင်္ဂလာဆောင်ဝတ်စုံများများစားစားမရှိပါချေ။ ချင်းမျန့်က ၄င်းတို့ကိုပြုလုပ်ရန် အိုဗာတိုင်ဆင်းနေရသည်။ ရွာရှိ ကျွမ်းကျင်သူအမျိုးသမီးတော်တော်များများလည်း ကူညီပေးခဲ့ကြ၏။ သူတို့ ပြုလုပ်ကြတဲ့ မင်္ဂလာဆောင်ဝတ်စုံတွေဟာ စတိုင်လ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိလေသည်။ ရိုးရိုးရှင်းရှင်းစတိုင်လ်တွေကို အသုံးအဆောင်များများထည့်သွင်းရန် မလိုအပ်ပါချေ။
ချင်းမျန့်ကိုယ်တိုင်က ထွင်းထားတဲ့ခရုခွံတွေထည့်သွင်းထားတဲ့ ရှုပ်ထွေးပြီး လှပကျက်သရေရှိလှတဲ့ မင်္ဂလာဝတ်စုံကို ဖန်တီးနေခဲ့သည်။ လှပတဲ့ပုလဲတွေဟာ ထွင်းထုထားတဲ့ခရုခွံတွေမှာ ၀တ်ဆံဖိုများပင်။
ချင်းရို့က ငယ်ရွယ်လှပတဲ့ မိန်းကလေးအချို့ကို ရှာဖွေကာ ဆိုင်ထဲမှာပြထားဖို့ မော်ဒယ်ကြော်ငြာအဖြစ် မင်္ဂလာဆောင်ဓာတ်ပုံအချို့ကို တစ်ဦးချင်းရိုက်ယူခဲ့သည်။
"မမချင်းရို့ရေ ငါ ဒီဆိုင်ရဲ့ ပထမဆုံးဖောက်သည်ဖြစ်နိုင်မလားဟင်? ငါလည်း ဒီမင်္ဂလာဝတ်စုံလှလှလေး ဝတ်ချင်လို့"
သူတို့ဓာတ်ပုံဆိုင်ရဲ့ ပထမဆုံးဖောက်သည်မှာ မုန့်လန်မှလွဲ၍ အခြားသူမဟုတ်ပါချေ။
xxx
Ch-285
သူတို့ဓာတ်ပုံဆိုင်ရဲ့ ပထမဆုံးဖောက်သည်မှာ မုန့်လန်မှလွဲ၍ အခြားသူမဟုတ်ပါချေ။
"မုန့်လန်လား? နင်ရိုက်ချင်ရင် ဓါတ်ပုံရိုက်ပေးမှာပေါ့ဟယ်၊ ငါတို့ နင့်ကို အခကြေးငွေမယူပါဘူးနော်!"
"လာ၊ ငါတို့ဆိုင်မှာ ကြော်ငြာဖို့ ဓာတ်ပုံနည်းနည်းယူထားမယ်လေ အိုကေလား?"
မုန့်လန် ရှက်ရွံ့သွားလျက်၊ သူမသည် အဆင်မပြေတဲ့အိမ်ထောင်ရေးကို ကြုံတွေ့ခဲ့ရသူဖြစ်သလို ပညာတတ်လူငယ်ခင်ပွန်းဆီက အစွန့်ပစ်ခံရသူလည်းဖြစ်၏။ သူမသမီးလေးကို သူမ တစ်ယောက်တည်း ပြုစုပျိူးထောင်ရသည်။ ယောကျ်ားတစ်ယောက်ဆီက စွန့်ပစ်ခံရတဲ့ အမျိုးသမီးတစ်ဦးဟာ တစ်ရက်မှာတော့ မရှက်မကြောက် မင်္ဂလာဆောင်ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့လေပြီ။
မုန့်လန်သည် သူမမှာ သတ္တိတွေဘယ်ကရောက်လာမှန်း မသိသော်လည်း မင်္ဂလာဝတ်စုံလှလှလေးကို သူမနှလုံးသားထဲတွင် တမ်းတနေဆဲ။
သူမဘေးမှာ တခြားယောက်ျားတွေမလိုအပ်တော့ဘူးလို့ ခံစားခဲ့ရ၏။ ဒီလိုကျက်သရေရှိပြီးလှပတဲ့မင်္ဂလာဆောင်ဝတ်စုံကို သူမကိုယ်တိုင်လည်း ဝတ်နိုင်သည်၊ ခါတိုင်းနဲ့မတူတဲ့ သူမကိုယ်သူမအဖြစ် မြင်ချင်မိသည်။
မုန့်လန်က မင်္ဂလာဝတ်စုံကို ၀တ်ဆင်လိုက်ပြီး ချင်းရို့ကိုယ်တိုင် သူမအတွက် မိတ်ကပ်လှလှလေးလိမ်းပေးလိုက်သည်။ မုန့်လန်က သူမကိုယ်တိုင်မွေးမြူထားတဲ့ ပုလဲလည်ဆွဲကို ဝတ်ထားကာ နားရွက်မှာလည်း ပုလဲနားကပ်လှလှလေးပန်ထား၏။
မှန်ထဲမှာ သူမကိုယ်သူမကြည့်လိုက်ပြီး ကျေနပ်ပြီး ချိုမြိန်နေတဲ့အပြုံးလေးကို ပြလိုက်တော့သည်။
ဒေါ်လေးဖူလည်း မြေးမလေးနှင့် မင်္ဂလာဆောင်ဝတ်စုံဝတ်ထားတဲ့သမီးဖြစ်သူကို ပွေ့ဖက်ထားလျက် ကမ်းခြေတွင် ဓာတ်ပုံများစွာရိုက်ခဲ့သည်။ မုန့်လန်ရဲ့ နောက်ဆုံးဓာတ်ပုံကို မင်္ဂလာဆောင်ဓာတ်ပုံဆိုင်တွင် တင်ထားလိုက်သည်။ ဓာတ်ပုံထဲက အမျိုးသမီးဟာ နူးညံ့သိမ်မွေ့တဲ့မျက်နှာအသွင်အပြင်နှင့် ရိုးရှင်းချိုသာတဲ့အပြုံးလေးရှိနေပြီး ပျော်ရွှင်စရာတွေ၊ ချိုမြိန်စရာတွေနဲ့ ပြည့်နေသည့်နှယ်...
"ကျွန်မရဲ့ ပျော်နေတဲ့အခြမ်းကို တွေ့လိုက်ရတယ်" မုန့်လန် ဓာတ်ပုံထဲကသူမကိုယ်သူမကြည့်လိုက်တော့ သူမရဲ့ အပြုံးတွေဟာ အေးအေးချမ်းချမ်းနှင့် လှပနေလေသည်။
သူမရဲ့ဘဝက မှောင်မိုက်နေတယ်လို့ ခံစားမိသော်ငြား သူမရဲ့အနာဂတ်ဟာ နေရောင်အောက်က ပုလဲတစ်လုံးကဲ့သို့ တလက်လက်တောက်ပတဲ့ အလင်းရောင်ကို ထင်ဟပ်နေသဖွယ်။
မုန့်လန်က ဒီဓာတ်ပုံတွေကို ကောင်းကောင်းသိမ်းဆည်းထားဖို့ ဆုံးဖြတ်ခဲ့သည်။
ချင်းမျန့်က ဓာတ်ပုံဆိုင်ရှိ မင်္ဂလာဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးလေးတွေရဲ့ အပြုံးချိုချိုလေးတွေကိုကြည့်ရင်း ချင်းရို့နှင့် အရွှန်းဖောက်ကာ "ငါတို့ရဲ့ ရွှင်ရို့ပုလဲစက်ရုံပိုင်ရှင်က ဘယ်မှာတုန်း? နင့်ရဲ့ပုလဲတွေကိုကြေညာဖို့အတွက် ပုလဲစက်ရုံမှာချိတ်ထားဖို့ နင်လည်း ဘာလို့ဓာတ်ပုံနည်းနည်းမရိုက်တာလဲဟယ်?"
ချင်းရို့သည် သူမရဲ့ ပုလဲတွေကို ကိုယ်တိုင်ကိုယ်ကျကြေညာသင့်သလားလို့ အမှန်ပင် ချီတုံချတုံဖြစ်နေသော်လည်း မင်္ဂလာဝတ်စုံနှင့် တွဲဖက်ကြေညာဖို့တော့ မစီစဥ်ထားချေ။ "မမရေ နင်အချိန်ရရင်လေ ငါ့အတွက် ချောင်ဆမ်တထည်လောက်လုပ်ပေးလို့ရလား?"
ခေတ်ရေစီးကြောင်းကို ပိုမိုကြည့်ကောင်းစေအောင်လို့ ချောင်ဆမ်အင်္ကျီနှင့် ပုလဲလက်ဝတ်ရတနာတွေကို တွဲဖက်ဝတ်ဆင်မယ်...
- သူမလည်း သူဌေးမနဲ့ပိုတူမှာပေါ့...
ကျန်းချန်ပေ့တို့စုံတွဲလည်း မင်္ဂလာဓာတ်ပုံဆိုင်ရဲ့ ပထမဆုံးဖောက်သည်ပင်။ မင်္ဂလာဓာတ်ပုံဆိုင်ရဲ့ ရိုက်ကူးရေးပက်ကေ့ချ်များမှာ ၆၈ယွမ်၊ ၁၀၈ ယွမ်၊ ၁၈၈ယွမ်၊ ၂၈၈ယွမ်နှင့် ၃၈၈ယွမ်တို့ အသီးသီးရှိကြသည်။
ကျန်းချန်ပေ့တို့ဇနီးမောင်နှံနှစ်ယောက်ကို သူမတို့ရဲ့ ဓာတ်ပုံရိုက်ပေးထားတဲ့အတွက် ကျေးဇူးတင်သည့်အနေဖြင့် ချင်းရို့က ကျန်းမိသားစုရဲ့ ပိုက်ဆံကိုပြန်ပေးလိုက်ပြီး အမြင့်ဆုံးမင်္ဂလာဓာတ်ပုံရိုက်ကူးရေးပက်ကေ့ချ်ကို အခမဲ့ပေးလိုက်၏။
ကျန်းချန်ပေ့ အလွန်ပျော်မြူးနေလျက်၊ နောက်ဆုံးတော့ မင်္ဂလာဆောင်ဓာတ်ပုံတွေရိုက်ဖို့ သူ့အလှည့်ရောက်ပြီဟေ့!!!
ရိုက်ကူးရေးတစ်လျှောက်လုံး သူအရမ်းကျေနပ်နေသော်လည်း လုမိသားစုဟာ သူတို့ဓာတ်ပုံရိုက်နေတာကို ကိုယ်တိုင်ကိုယ်ကျမမြင်ရသည်ကပဲ ဝမ်းနည်းစရာပင်။
ဟွမ်ရှင်းရင် ပြုံးလျက် "ရှောင်ချင်းရဲ့ မိတ်ကပ်က အရမ်းလှတာပဲ"
"သူမဟာ မျှော်လင့်ထားသလို တကယ်ပဲ အနုပညာအဖွဲ့ထဲက မိန်းကလေးတစ်ယောက်ပဲနော်"
"တခြားအနုပညာအဖွဲ့က မိန်းကလေးတွေက သူမလောက် မိတ်ကပ်လိမ်းမတော်ဘူး"
"သူမက အနုပညာအဖွဲ့ရဲ့ အလှလေးလေ။ ငါ့အထင်တော့ သူမက အနုပညာအဖွဲ့မှာ အများကြီး လေ့ကျင့်ထားတာပဲဖြစ်မယ်"
…
ကျန်းချန်ပေ့တို့လင်မယားက ဓာတ်ပုံတစ်ဆက်စာလုံးကိုယူလိုက်သည်။ ဓာတ်ပုံရိုက်ပြီးနောက် သူတို့လည်း အလွန်ပျော်ရွှင်နေကြလျက်။ မိသားစုခြံဝင်းရှိ ယောက်ျားသားတွေအားလုံး သူတို့ရဲ့ မင်္ဂလာဓာတ်ပုံတွေကို လာကြည့်ကြပြီး သူတို့လင်မယား ဘယ်လောက်ပျော်နေသလဲဆိုတာ သိစေချင်သည်။
"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကို ပြန်တွေးကြည့်တော့... ငါက မိသားစုခြံဝင်းထဲကလူတိုင်း အားကျမနာလိုဖြစ်ရတဲ့ ယောကျ်ားတစ်ယောက်ဖြစ်ခဲ့တာပဲ၊ ငါက ဇနီးကောင်းတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်လေ"
"ဒီမိန်းမကောင်းက လမ်းတဝက်မှာ လမ်းလွဲသွားတာလေးပါပဲ"
ကျန်းချန်ပေ့ သက်ပြင်းချရင်း "ဆန့်ကျင်ဘက်အနေနဲ့ ငါက အိမ်အလုပ်ရော အချက်အပြုတ်ပါလုပ်နိုင်တဲ့၊ ခြံသန့်ရှင်းရေးလုပ်နိုင်တဲ့၊ စိတ်ခံစားချက်ကောင်းစေတဲ့ ပန်းပင်တွေစိုက်ပျိုးနိုင်တဲ့၊ မိသားစုဝင်ငွေကိုထောက်ပံ့ဖို့ ဟင်းသီးဟင်းရွက်တွေ၊ ဖရဲသီးတွေစိုက်ပျိုးနိုင်တဲ့... ငါ့သားအတွက် အနှီးလျှော်ဖွပ်နိုင်တဲ့ ယောကျ်ားကောင်းတစ်ယောက်ဖြစ်လာတယ်လေ"
ဒါတွေအားလုံးဟာ သူ့ဘဝတစ်သက်တာလုံးရဲ့ရန်သူ အိမ်နီးချင်း လောင်လုကြောင့်ပင်။
သူရောက်လာကတည်းက သူ့ရဲ့ ကောင်းတဲ့နေ့ရက်တွေ ကုန်ဆုံးသွားခဲ့တာလေ။
"ဒါက ကောင်းတဲ့လမ်းပါပဲနော်!" ဟွမ်ရှင်းရင် ပျော်မြူးစွာ ပြုံးလိုက်သည်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူမဟာ လူအများမနာလိုအားကျရတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သည်။ သူမမှာ သမီးမရှိပေမယ့် သားသုံးယောက်မွေးထားခဲ့သည်။ သူမခင်ပွန်းသည်ကလည်း မီးဖိုချောင်မှာ ချက်ပြုတ်နိုင်ပြီး ကလေးတွေရဲ့ အနှီးကိုပါ လျှော်ပေးနိုင်သူပင်။
ထို့အပြင် ဘေးအိမ်ရှိ လောင်လုနှင့် ပြိုင်ဆိုင်ရန်အလို့ငှာ သူမမိသားစုက လောင်ကျန်းဟာ ဒုတိယသားကို လက်တစ်ဖက်မှာချီပြီး တတိယသားကို နောက်လက်တစ်ဖက်မှာချီ၍ သူ့ရဲ့ဂုဏ်သတင်းမွှေးအောင်လို့ တစ်ခါတစ်ရံ မိသားစုခြံဝင်းထဲမှာ အေးအေးလူလူ လျှောက်သွားနေတတ်သည်။
ဘေးအိမ်ကလောင်လုဟာ သူ့လက်နှစ်ဖက်လုံးမှာ သူ့ကလေးနှစ်ယောက်ကို ပွေ့ချီထားရင် ဘေးအိမ်ကလောင်ကျန်းလည်း သူ့ကလေးနှစ်ယောက်ကို ဘယ်တစ်ဖက် ညာတစ်ဖက် ချီထားလိမ့်မယ်! လောင်ကျန်းက ဘယ်တော့အခါမှ အရှုံးကို၀န်ခံမည်မဟုတ်။
အကြီးတစ်ယောက်နှင့် အသေးတစ်ယောက်က ပိုပြီးတော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး အိမ်နီးချင်းကို စိတ်ပိုင်းဆိုင်ရာအရ တိုက်လိုက်နိုင်တယ်လေ!
"သားလေး သားလေး သားလေးရေ! ရိချောင် ရိချောင် ရိချောင်! မင်းပါးပါး ငါက မင်းကို တစ်ခုခုပေးမယ်!"
ကျန်းချန်ပေ့ သူ့ကို ပျော်ရွှင်ကျေနပ်စေတဲ့အရာတွေအကြောင်း တစ်ကမ္ဘာလုံးကို သိစေချင်သည်။ ကံမကောင်းစွာဖြင့် သူ့အိမ်နီးချင်းတွေရှေ့မှာ မကြွားဝါနိုင်သောကြောင့် နောင်တတပွေ့တပိုက်နဲ့ အခြားသူတွေကိုသာရှာဖွေနိုင်လေ၏။ ရှာတွေ့တဲ့လူဘယ်သူ့ကိုမဆို... သူ့သားကိုတောင်မှပေါ့...
"ပါး ပါးဘာဖြစ်နေတာလဲ?"
ကျန်းရိချောင် စာအုပ်ဖတ်နေသည်။ လာမယ့်နှစ်မှာ သူ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပထမဆုံးအကြိမ် ဖြေဆိုမည်ဖြစ်သည်။
သူက စာအုပ်တစ်အုပ်ဖတ်နေသော်လည်း အမှန်တကယ်တော့ သိုင်းဝတ္ထုတွေကို တိတ်တဆိတ်ခိုးဖတ်နေခြင်းပင်။ ယခုအချိန်မှာ သူ့ရဲ့ ပြဋ္ဌာန်းစာအုပ်အောက်၌ သိုင်းဝတ္ထုစာအုပ်ရှိနေလေ၏။ ကံမကောင်းစွာဖြင့် သူ့အဖေက ထွက်သွားဖို့ ငြင်းဆန်နေကာ အရေးကြီးဇာတ်ကွက်ကို ဖတ်နေချိန်ကို နှောင့်နှေးစေခဲ့သည်။
"လာဦး၊ ငါ့သားကို အိတ်ဆောင်နာရီတစ်လုံးပေးမယ်ကွာ။ မင်းတို့ညီအစ်ကိုတွေအားလုံး တစ်ခုစီရှိရမယ်! မင်းက နောက်နှစ်ကျ ကောလိပ်သွားတက်တဲ့အခါ ဒါကို မင်းနဲ့အတူယူသွားဖို့ သတိရနော်!" ကျန်းချန်ပေ့ သူ့သားကျန်းရိချောင်ဆီ အိတ်ဆောင်နာရီတစ်လုံး ပေးလိုက်သည်။
ကျန်းရိချောင်က သူ့လက်ထဲက အိတ်ဆောင်နာရီကို ဖွင့်လိုက်ပြီး အိတ်ဆောင်နာရီထဲက စုံတွဲရဲ့ မင်္ဂလာဓာတ်ပုံကို သစ်သားတုံးမျက်နှာဖြင့် ကြည့်လိုက်သည်။ "..."
သူ့အဖေရူးနေတယ်လို့ ခင်ဗျားတို့ထင်ကြလား? သူ ကောလိပ်သွားတက်မှာကို သူ့မိဘတွေရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို တကယ်ကြီးယူသွားခိုင်းနေတယ်...
"မင်းရဲ့ အတန်းဖော်တွေရှေ့မှာ မင်းရဲ့မိဘတွေအကြောင်း ကြွားကိုကြွားရမယ်။ မင်းမိဘတွေက ကမ္ဘာကြီးရဲ့အစွန်းဘက်ခြမ်းမှာ မင်္ဂလာဆောင်ဓာတ်ပုံတွေ ရိုက်ခဲ့ကြတယ်လေ။ မင်း မနာလိုမဖြစ်ဘူးလား? အနာဂတ်မှာ မင်းလည်း မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ မင်းရဲ့လက်တွဲဖော်ကိုပြန်ခေါ်လာသင့်တယ်ကွာ!!"
ကျန်းရိချောင်: "... သား တက္ကသိုလ်တောင်မတက်နိုင်သေးဘူးလေဗျာ"
"မင်းက သတ္တိမရှိလိုက်တာ။ မင်း တစ်ခါကျရှုံးရင် ဒုတိယအကြိမ်၊ တတိယအကြိမ်ရှိလာမှာပဲလေ ဟုတ်ပြီလား? ဓာတ်ပုံကိုသေချာသိမ်းထားလိုက်" ကျန်းချန်ပေ့ သူ့သားကြီးရဲ့ ပုခုံးကို ပုတ်လိုက်သည်။
"ပါးက သားရဲ့ပါးအရင်းဟုတ်ရဲ့လား? သားက နှိမ့်ချနေရုံလေဗျာ၊ သား ကောလိပ်မတက်နိုင်ဘူးလို့ တကယ်ထင်နေတာလား?"
"ဒါဆို ဒီမင်္ဂလာဆောင်ဓာတ်ပုံတွေကိုယူသွားဖို့ မမေ့နဲ့!"
ကျန်းရိချောင်: "…"
ချင်းမျန့်၏ မင်္ဂလာဆောင်ဓာတ်ပုံဆိုင်ဖွင့်လှစ်ပြီးနောက် မရေမတွက်နိုင်တဲ့လူများစွာ မင်္ဂလာဆောင်ဓာတ်ပုံ လာရိုက်ကြလေ၏။ ဒါက ကျန်းချန်ပေ့ကိုလည်းကျေးဇူးတင်ရမှာပေါ့လေ။
မိသားစုခြံဝင်းရှိ စုံတွဲတော်တော်များများက မင်္ဂလာဆောင်ဓာတ်ပုံလာရိုက်ကြသည်။ ချင်းရို့ကလည်း မိသားစုခြံဝင်းရှိ တပ်မဟာစုံတွဲတွေကို ၆၀% -၇၀% လျှော့စျေးပေးသည်ကြောင့် အများစုက ပျော်ရွှင်စွာဓာတ်ပုံလာရိုက်ကြတော့သည်။
တာ့ကျောင်းရွာမှ မိန်းမငယ်လေးတွေက ဓာတ်ပုံဆိုင်မှာ လာရောက်ကူညီကြပြီး လူငယ်လေးတွေကလည်း ဓာတ်ပုံပညာကို လာရောက်လေ့လာကြကာ ပစ္စည်းတွေကို ဟိုရွှေ့ဒီသယ်လုပ်ပေးကြလေ၏။
ချင်းရို့က လုချန်သယ်ယူပို့ဆောင်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ပုလဲစက်ရုံနှင့် ဓာတ်ပုံဆိုင်သို့ သွားလာရလွယ်ကူစေရန်အလို့ငှာ ကားသုံးစီး ငှားရမ်းခဲ့သည်။
ကားတစ်စီးငှားသည်မှာ အသစ်အဆန်းမဟုတ်သော်လည်း သာမန်လူတွေအတွက် ယာဉ်မောင်းလိုင်စင်ရှိဖို့ မလွယ်ကူပါပေ။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီနှင့် ချိတ်ဆက်လုပ်ကိုင်ပြီး သယ်ယူပို့ဆောင်ရေးကုမ္ပဏီကို လစဉ် ငှားရမ်းခအများအပြားပေးဆောင်ရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည်လည်း အပိုငွေရှာရန် ၎င်းအပေါ် မှီခိုအားကိုးနေရသည်လေ။
"ငါ့ဓာတ်ပုံတွေကကြည့်ကောင်းတယ်လို့ နင်ထင်လားဟင်?"
"ပင်လယ်ကြီးနဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေက အရမ်းလှတာပဲဟယ်!"
"အရင်က မြို့ကြီးပြကြီးတွေမှာပဲ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ကြတဲ့လူတွေကို ငါ မြင်ဖူးတာဟာ။ ဒီကျွန်းငယ်လေးပေါ်မှာ ငါတို့ ဓာတ်ပုံလှလှလေးတွေရိုက်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။ ဘယ်လောက်လှလိုက်သလဲနော်၊ ဒီပင်လယ်ပြင်ကြီးနဲ့ ကမ်းခြေက လူတွေကို ဓာတ်ပုံထဲမှာပိုလှသွားစေတာပဲ!"
မင်္ဂလာဆောင်ဓာတ်ပုံရိုက်ပြီးသွားကြတဲ့ မိသားစုခြံဝင်းရှိ လူတော်တော်များများက အလွန်ပျော်ရွှင်နေကြလျက်။ သူတို့တွေက ဓာတ်ပုံရိုက်ခဲကြသည်ဖြစ်၍ သူတို့အဖို့ ဓာတ်ပုံရိုက်တယ်ဆိုတာဟာ ဘဝတစ်သက်တာရဲ့ အရေးကြီးတဲ့အခိုက်အတန့်ပဲလေ။ စုံတွဲတွေရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေက ပိုလို့တောင်ထူးခြားပါသေးသည်။ ဓာတ်ပုံတွေရိုက်ပြီးတဲ့နောက် ပိုက်ဆံကုန်ရင်တောင် သူတို့ အရမ်းပျော်မြူးနေကြသည်။ အနှီဖြစ်ရပ်ကြောင့် တချို့စုံတွဲတွေကြားကဆက်ဆံရေးလည်း များစွာတိုးတက်လာခဲ့သည်။
ကောချင်းမိန်သည် မင်္ဂလာဆောင်ဓာတ်ပုံသွားမရိုက်ခဲ့ပေ။ သူတို့ဆွေးနွေးသံတွေကို ကြားတဲ့အခါ အရင်တုန်းကပြောခဲ့ဖူးတဲ့ သူမရဲ့စကားတွေကြောင့် နှုတ်ဆိတ်နေခဲ့ရသည်။
"ငါ ပိုက်ဆံရှာရတဲ့အခါ ဓာတ်ပုံရိုက်ဖို့အတွက် နိုင်ငံခြားဘရန်းမင်္ဂလာဆောင်ဝတ်စုံဝယ်ပစ်မှာ။ ဒီဓာတ်ပုံဆိုင်သေးသေးလေးက လုပ်ထားတဲ့ဟာတွေက နိုင်ငံခြားပစ္စည်းတွေနဲ့ ယှဉ်လို့မရဘူးလေ"
သူမက ဒီလိုပြောခဲ့ပေမယ့် တခြားလူတွေက ပြည်တွင်း၊ ပြည်ပကုန်ပစ္စည်းတွေအကြောင်း ဂရုမစိုက်ကြပေ။ သူတို့ရဲ့ မင်္ဂလာဝတ်စုံတွေက လှပနေသရွေ့ ကောချင်းမိန်ကလွဲပြီး လူတော်တော်များများက မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ သွားခဲ့ကြသည်။ ဓာတ်ပုံတွေကလည်း အရမ်းကောင်းတာလေနော်။
"ငါ့ပုလဲခေါင်းခြုံပုဝါလေးကိုကြည့်ကြဦး၊ တအားလှနေရောပဲနော်!"
"ချင်းရို့ရဲ့ ပုလဲစက်ရုံက ပုလဲတွေက အရမ်းလှတာပဲဟယ်။ ငါနောက်ပိုင်းပိုက်ဆံစုထားပြီး ဝတ်ဖို့အတွက် ပုလဲလည်ဆွဲတစ်ကုံးဝယ်ဦးမယ်ဟာ!"
…
ကောချင်းမိန်က သူတို့ရဲ့ ဆွေးနွေးမှုတွေကို နားထောင်နေပြီး တိတ်တဆိတ် မနာလိုနေမိသည်။ သူမ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး သူမပိုက်ဆံရှာရတဲ့အခါ နိုင်ငံခြားကနေ မင်္ဂလာဆောင်ဝတ်စုံဝယ်ပြီး သူတို့ကို သေချာပေါက် အံ့အားသင့်စေရမယ်လို့ တွေးတောနေခဲ့သည်။
သူမ နိုင်ငံခြားကနေ ပုလဲမင်္ဂလာဝတ်စုံဝယ်ချင်နေပြီလို့!! နိုင်ငံခြားဖြစ်ကုန်ပစ္စည်းတွေက သူတို့ရဲ့ အလုပ်ရုံငယ်လေးက ကုန်ပစ္စည်းတွေထက် များစွာ ပိုအဆင့်မြင့်တယ်လေ။
xxx