← Chapters

အခန်း (၂၈၆-၂၈၇)

Vol. 24 Ch. 286-287

အခန်း (၂၈၆-၂၈၇)

Vol. 24 Ch. 286-287

Ch-286

ချင်းရို့တို့မိသားစုက မိသားစုခြံဝင်းသို့ ပြန်ရောက်နေပြီဖြစ်တာကြောင့် ခြံဝင်းလည်း များစွာပြောင်းလဲနေပြီဖြစ်သည်။ စင်ပေါ်မှာ စိမ်းစိုနေတဲ့နွယ်တွေ တွယ်တက်နေပြီး ပြန်လည်ပြင်ဆင်ထားတဲ့မြက်ခင်းပြင်တွင် မြက်ခင်းစိမ်းတွေ ပြန်ပေါက်နေလေပြီ။ သူမအစ်မအိမ်က ပြောင်းရွှေ့စိုက်ပျိုးထားတဲ့ ခြောက်လပန်းတွေလည်း ပွင့်တော့မည်ဖြစ်သည်။

မိသားစုထဲက ကလေးလေးယောက်လည်း ကျွန်းရှိ ကျောင်းမှာပြန်တက်နေကြလေပြီ။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ ညီအစ်ကိုနှစ်ယောက်က မူလတန်းကျောင်းတက်နေပြီး သို့ရုန်ညီအစ်မနှစ်ယောက်ကတော့ သူတို့ကောကောတက်ခဲ့တဲ့ မူကြိုကိုသွားကြ၏။ ကျောင်းအုပ်ဝူက ဒီညီအစ်မနှစ်ယောက်ကိုတွေ့တဲ့အခါ အလွန်ပျော်ရွှင်နေလျက်။

"ငါတို့သို့ရုန်လေးလည်း မူကြိုတက်ပြီပေါ့လေ"

"မူကြိုမှာ သမီးတို့မားမားက အကသင်ပေးခဲ့တာလေ!"

"ဝိုး! တကယ်လား?!!"

"မားမားက ကနိုင်တယ်!"

"ဟုတ်တယ် သမီးတို့မားမားက အကအရမ်းတော်တယ်ကွယ်!"

…

မူကြိုမှပြန်လာကြသည့်နောက် သို့ရုန်ညီအစ်မနှစ်ယောက်ဟာ ချင်းရို့နားမှာဝန်းရံလျက် သူတို့မားမားကပြတာကို မြင်ချင်ကြောင်း ပြောလိုက်သည်။

ချိုမြိန်တဲ့ယုန်ကလေးအက!

ချင်းရို့: "မားမားက ဘယ်လိုကရမှန်းမေ့သွားပြီ"

"မားမား ကပြပါလို့! မားမား ကပြပါနော်!"

လုယန်က သူ့သမီးလေးနှစ်ယောက်ကို ဖက်လိုက်ပြီး သူမဆီ မျက်စိတစ်ဖက်မှိတ်ပြကာ "ဇနီးလေးရေ ကိုယ်တို့ရဲ့ သို့ရုန်လေးကြည့်ဖို့ ကပြလိုက်ပါဦးကွာ"

"မခုန်ဘူး၊ မခုန်ဘူး၊ မခုန်ဘူး!"

"ရှင်တို့သုံးယောက်က အဆိုးတွေပဲ! လူဆိုးပါးပါးနဲ့ လူဆိုးသမီးလေးတွေ!!"

"မားမားကတာကိုကြည့်ချင်တယ်လို့!"

"သမီးတို့ အကသင်ချင်ရင် အကသင်ဖို့အတွက် ကလေးနန်းတော်ကို ပို့ပေးမယ်။ မမနျန်နျန်လည်း ကလေးနန်းတော်မှာ အကသင်နေတယ်လေ"

သို့ရုန်ညီအစ်မနှစ်ယောက်က ခြေဆောင့်၍ အော်ဟစ်နေရင်း ချင်းရို့တင်ပါးနားကပ်တွယ်နေလျက်။ "မီးမီးတို့က မားမားကတာပဲ ကြည့်ချင်တာလို့"

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ၊ မားမားက ဒုတိယထပ်မှာကဖို့ သမီးတို့ကိုခေါ်သွားပေးမယ်နော်" ချင်းရို့လည်း ဒုတိယထပ် အခန်းထဲမှာ ကဖို့ ကလေးလေးနှစ်ယောက်ကို ခေါ်သွားလိုက်၏။ သူမက ထူးထူးဆန်းဆန်းပြုံးနေတဲ့ လုယန်ကို အပြင်သို့မောင်းထုတ်လိုက်ကာ "ရှင့်ကိုတော့ ဝင်ခွင့်မပြုဘူး!"

သို့သို့နှင့် ရုန်ရုန်လည်း ထောက်ခံစွာဖြင့် "အ
ပါးပါး၊ မားမားကနေတာကို ခိုးမကြည့်နဲ့နော်!"

လုယန် အေးစက်စွာ နှာမှုတ်လိုက်ပြီး "မင်းတို့ အမေနဲ့သမီးသုံးယောက်က ဒီပါးပါးတစ်ယောက်တည်းကို ဖယ်ထားပြီး တစ်စိတ်တည်းတစ်ဥာဏ်တည်းဖြစ်နေပြီပဲ။ ကိုယ် မမြင်နိုင်တဲ့လျှို့ဝှက်ချက်တွေ ရှိနေတာလား? အရင်က မမြင်ဖူးတာလည်းမဟုတ်ပဲကွာ"

"သွားတော့လေ၊ ကျွန်မတို့သုံးယောက်ကို နှောင့်နှေးအောင်လုပ်မနေနဲ့တော့"

ချင်းရို့က တံခါးကိုလော့ခ်ချကာ အခန်းထဲတွင် မူကြိုကလေးတွေရဲ့ ချစ်စဖွယ်အကတချို့ကို သမီးနှစ်ယောက်အား ကပြခဲ့သည်။ အကြောင်းကတော့ သူမလည်း သူမသမီးလေးတွေကို အကသင်ပေးချင်တာကြောင့်ပဲပေါ့။ ဒီလှုပ်ရှားမှုတွေက ကလေးတွေကရင် ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်မလဲနော်။

သို့ရုန်ညီအစ်မနှစ်ယောက်လည်း သူတို့မားမားလုပ်သလို လိုက်ကနေကြလျက်။

ချင်းရို့ ပြုံးလျက် "ကလေးလေးတွေကတာက ပိုပြီးချစ်စရာကောင်းလိုက်တာနော်"

"ကိုယ့်ဇနီးလေးက ပိုကောင်းတာပါကွာ"

ချင်းရို့: "…"

ချင်းရို့ လှည့်ကြည့်လိုက်တော့ ပြတင်းပေါက်မှာထိုင်နေတဲ့ လုမျိုးရိုးအမည်ရှိရဲဘော်ကိုတွေ့လိုက်ရ၏။ သူမက သူ့ကိုဆွဲချကာ ရက်စက်စွာပြောလိုက်သည်။ "ကလေးတွေရှေ့မှာ ဥပမာကောင်းကောင်းဖြစ်ပေးလေ။ ခွင့်ပြုချက်မရှိဘဲ ပြတင်းပေါက်ကိုတက်လို့ ကျွန်မကို သေအောင်လန့်သွားစေလို့ ဒီည စားခွင့်မပြုဘူး​!"

"မားမားက အရမ်းရက်စက်လိုက်တာ"

"သင်ခန်းစာပေးကိုပေးရမယ်!"

သူတို့ခြံဝင်းရှိ မြက်ခင်းသေးသေးလေးဟာ အရမ်းလှပနေသလို ရာသီဥတုလည်း သာယာလှသည်။ လုယန်က တစ်ယောက်ယောက်ကို ထောပတ်ကဏန်းတချို့လာပို့ခိုင်းထားသည်ကြောင့် ချင်းရို့လည်း အပြင်မှာ အသားကင်လုပ်စားဖို့ စဉ်းစားလိုက်၏။

အိမ်က ကလေးတွေလည်း အသက်ကြီးလာကြပြီမို့ အသားကင်နည်းနည်းစားရတာ ပြဿနာမရှိပါချေ။ လူပိုများလေလေ ပိုပျော်စရာကောင်းသည်မို့ လူများများခေါ်ထားလိုက်သည်။

ဘေးအိမ်မှ ကျန်းမိသားစုနှင့် လျိုမိသားစုတို့ ရောက်လာကြသလို တပ်စုခေါင်းဆောင် ရှဲ့ရုန်ကျန်းနှင့် ကုချန်တို့လည်း လာပျော်ကြလေသည်။ အမျိုးသားတွေစုပြီး သောက်စားကြရင်း ကတ်ကစားကြ၏။

ချင်းရို့က မီးသွေးအသားကင်ခြင်းအပြင် ငါးကိုအရသာနှပ်ထားပြီး ငါးကင်ရန်အတွက် ငါးပါတဲ့ သံပြားကို မီးဖိုထဲမှာထည့်ထားလိုက်သည်။ အပြင်ဘက်မှာတော့ ကမာကြက်သွန်ဖြူ၊ ပုစွန်၊ ငါးဆုပ်လုံးတွေကို ကင်ထားလိုက်၏။

ရှဲ့ရုန်ကျန်းက ကမာကင်အနံ့သင်းသင်းလေးရတဲ့အခါ သူ့နှာခေါင်းကို မပွတ်လိုက်ဘဲမနေနိုင်တော့ပေ။ သူကတ်ကိုကိုင်ထားရင်း ပြုံးကာ "လုယန်၊ မင်း တကယ်ပဲ သက်တောင့်သက်သာရှိတဲ့ဘဝကို ရထားတာပဲကွာ"

"မင်း အရမ်းကံကောင်းတာပဲ"

"ကုချန် မင်း ဘာလို့ အရာရှိလုဆီက မသင်တာလဲဟေ? လုယန်နဲ့ မင်းက အသက်ဘယ်လောက်ကွာလို့လဲ? ငါမှတ်မိသလောက်ဆို မင်းတို့က တစ်နှစ်လောက်ပဲကွာတာလေ"

"ကြည့်စမ်း၊ သူ့မှာ ဇနီးရော၊ သားနဲ့သမီးတွေပါရှိနေပြီ။ သူ့သားတွေဆို ဒီလောက်တောင်ကြီးနေပြီကို၊ ဒါပေမဲ့ မင်းကတော့ အခုထိတစ်ကိုယ်တည်းဖြစ်နေတုန်းပဲကွာ"

ရှဲ့ရုန်ကျန်းက ကုချန်အားကြည့်ကာ ဝေဖန်လေကန်နေလေ၏။ နှစ်ပေါင်းများစွာကြာပြီးနောက် ဝူလွင်ကဒီနေရာမှာရှိနေတုန်းပဲ။ ဒါဟာ သီးသန့်အဆင့်မှာရှိတဲ့ ပရောဂျက်ဟောင်းတစ်ခုလည်းဖြစ်သည်ပင်။

ကုချန်: "…"

တောင်တရုတ်ပင်လယ်ရေတပ်ကို ပြောင်းရွှေ့ခဲ့တာဟာ သူ့ဘဝရဲ့ အကြီးမားဆုံးအမှားပင်။

ကုချန်က ကျောက်ကျန်းဟုန်လိုမျိုး အနီးနားရှိ ကျွန်းစောင့်တပ်သို့လွှဲပြောင်းဖို့ လျှောက်သင့်ပြီလားလို့ တုံ့ဆိုင်းနေမိလျက်။

ကံကောင်းထောက်မစွာဖြင့် ရှဲ့ရုန်ကျန်းက ကုချန်အကြောင်းဝေဖန်ရုံတင်မက လုယန်ကိုလည်း ဝေဖန်ခဲ့ပါသည်။

"လုယန် ကပ္ပတိန်တစ်ယောက်အနေနဲ့ မင်းရဲ့လုပ်ရပ်ကို ကြည့်စမ်းပါဦး။ မင်း ရဲဘော်ကုချန်ကိုကူညီပြီး လက်တွဲဖော်တစ်ယောက် ဘာလို့ရှာမပေးလိုက်လဲ?"

လုယန် တည်ငြိမ်စွာဖြင့် "သူက လက်တွဲဖော်မရှာချင်တာကြောင့်ပါ"

သူ့ကိစ္စမဟုတ်ဘူးလေ...

ရှဲ့ရုန်ကျန်း: "မင်းက မင်းဘာသာမင်း အစားကောင်းတွေပဲ စားနေတယ်၊ ဒါပေမဲ့ ရဲဘော်ကုကိုတော့ အညံ့စားဖွဲနုတွေပဲစားခိုင်းတော့မှာလား?"

ကုချန်: "... ကျွန်တော် ဘာဖွဲနုမှမစားပါဘူး"

လက်တွဲဖော်မရှာချင်တာ ဘာမှားနေလို့လဲ? သူက လက်တွဲဖော်မရှာချင်ရုံလေးပါနော်!!!

"မင်းကိုယ်တိုင် ဝက်စာစားပြီး ဝက်စာက အရသာရှိတယ်လို့ထင်နေတယ်ပေါ့၊ မင်းကို ငါဘာပြောရမှန်းတောင်မသိတော့ဘူးကွာ ဝက်လိုကောင်ရဲ့"

"အားယိုး ဒီကမာကင်က အရမ်းမွှေးလိုက်တာ"

ချင်းရို့နှင့် ဟွမ်ရှင်းရင်တို့က ငါးအူကင်၊ ကမာကင်၊ ကြက်သွန်မြိတ်ကင် စသဖြင့် အကင်ပန်းကန်တွေကို ယူလာခဲ့သည်။ ကလေးတွေနှင့် အသားကင်လုပ်ရတာ ပျော်စရာကောင်းနေလျက်။ အသားကင်ခြင်းရဲ့ ပျော်ရွှင်မှုဟာ ကိုယ်တိုင်ကင်တာပဲပေါ့။

"ရှင့်သမီးက သူ့ဘာသာကင်ထားတာလေ။ ပါးပါးက စားကြည့်မလား?" ချင်းရို့က လုယန်ပါးစပ်ထဲသို့ ပုစွန်ကင်ကို ထိုးထည့်ပေးလိုက်သည်။

"ရှင့်သမီးက ငယ်သေးပေမယ့် သူမပါးပါးကို သိတတ်ရမှန်းသိနေပြီ"

လုယန် တစ်ဝက်မည်းတူးနေတဲ့ပုစွန်ကိုကြည့်၍ မျက်ခုံးပင့်ကာ "... ဒါက ကျက်ပြီးသားလား?"

ဒါက သို့ရုန်ညီအစ်မ သူတို့ပါးပါးအတွက် သိတတ်တယ်ဆိုတာပေါ့လေ?

"စိတ်မပူပါနဲ့ ကျက်ပြီးသား။ အပြင်ပန်းက ရုပ်ဆိုးပေမယ့် အခွံခွာပြီးရင် အတော်လေးအရသာရှိမှာနော်"

ရှဲ့ရုန်ကျန်းသည် ကုချန်ကို တွန်းလိုက်ပြီး ကမာကင်စားနေရင်း မျက်စိတစ်ဖက်မှိတ်ပြလိုက်၏ - ကြည့်လိုက်စမ်း၊ ကြည့်လိုက်စမ်းပါ၊ မင်းလိုစင်ဂယ်ခွေးက အားမကျဘူးလားဟေ?

"ဇနီးလေး မင်း ကိုယ့်အတွက် ကင်ထားပေးတာလား?"

သူ့မိန်းမက ပြုံးပြီး "ရှင့်အတွက်ပဲ မြည်းကြည့်လေ!"

ကုချန်: "…"

"ရှောင်ချင်းရေ မင်းလည်း နှစ်ပေါင်းများစွာကြာ ခယ်မတစ်ယောက်အနေနဲ့ အရည်အချင်းမပြည့်မီဘူးနော်။ ကုချန်ကို ဘယ်သူနဲ့မှ မမိတ်ဆက်ပေးခဲ့ဘူး"

"မင်း တက္ကသိုလ်တက်တယ်မဟုတ်လား? မင်းရဲ့ အတန်းဖော်တွေရော? တစ်ယောက်လောက် ရှောင်ကုနဲ့ မိတ်ဆက်ပေးလိုက်ပါဦးကွာ"

နှစ်ပေါင်းများစွာကြာပြီးနောက် ရဲဘော်ကုချန်ရဲ့ အိမ်ထောင်ဖက်ရွေးချယ်တဲ့ကိစ္စနှင့်ပတ်သက်ပြီး ချင်းရို့ကြားလိုက်ရတိုင်း သူမနားတွေတောင် ထုံကျင်နေသလို ခံစားလိုက်ရသည်။ ရဲဘော်ကုချန်ကိုယ်၌က လက်တွဲဖော်မရှာချင်တာလေလို့။ ဧကရာဇ်က အလျင်လိုမနေဘူးဆိုရင် သူ့ဘေးကကုန်းကုန်းတွေ ဘယ်လောက်ပဲအလျင်လိုနေပါစေ အသုံးမှမဝင်ဘဲ။

အဖိုးကြီးကု(ကုချန်အဖေ)တောင်မှ သူ့ကို မတိုက်တွန်းနိုင်တော့လို့ လောလောဆယ် လဲလျောင်းနေပြီ။ သူတို့လိုအပြင်လူတွေက ဘာများအသုံးဝင်မှာလဲနော်?

ထို့ကြောင့် ချင်းရို့လည်း ရှဲ့ရုန်ကျန်းရဲ့စကားအတိုင်း စနောက်လိုက်၏။ "ကျွန်မအတန်းဖော်တွေလား? ဒါပေါ့ ရှိတာပေါ့"

"နောက်လဆို ကျွန်မတို့ကျောင်းက ဆရာနဲ့ အတန်းဖော်တချို့ ကျွန်မရဲ့စက်ရုံဆီ လာလည်ကြလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် လောင်ကုကို လာတွေ့ခိုင်းလိုက်လေနော်။ သူ့ကိုဖမ်းစားစေမယ့် တစ်ယောက်ယောက်ရှိချင်လည်းရှိနိုင်တာပဲလေ"

ချင်းရို့က ဒါကို ပေါ့ပေါ့ပါးပါးပြောလိုက်ခြင်းဖြစ်၏။ အကြောင်းကား ကုချန်က လက်တွဲဖော်ရှာတာမျိုးမလုပ်ချင်သူဖြစ်သလို တခြားလူတွေနဲ့ တွေ့ဆုံစကားပြောမည်မဟုတ်ကြောင်း သူမသိတာကြောင့်ပင်။ ရဲဘော်ကုဟာ လက်တွဲဖော်ရှာတာမျိုးကို အမြဲတမ်းစိတ်ဝင်စားခြင်းမရှိဘူးလေ။

နှစ်များစွာကြာပြီးနောက် သူဟာ လက်တွဲဖော်မရှာလိုတဲ့လူပျိုကြီးတစ်ယောက်အဖြစ် အောင်အောင်မြင်မြင်ဖြစ်လာလေပြီ။ ချင်းရို့လိုခယ်မကိုမဆိုထားနှင့်၊ လက်တွဲဖော်မိတ်ဆက်ပေးရာမှာတော်ကြတဲ့ အိမ်ထောင်ပြုဖို့ တိုက်တွန်းတဲ့နေရာမှာတော်ကြတဲ့ မိသားစုခြံဝင်းရှိအောင်သွယ်တော်တွေတောင်မှ ဤကိစ္စကို မကိုင်တွယ်နိုင်ပါချေ။

ချင်းရို့လည်း သူမကိုယ်သူမ အောင်အောင်မြင်မြင် အောင်သွယ်လုပ်နိုင်မယ်လို့ မတွေးထားမိ။ ကုမိသားစုမှ အဖိုးအိုသည် ကုချန် လက်တွဲဖော်ရှာနိုင်သရွေ့ သူတို့လင်မယားကို အလွန်ကျေးဇူးတင်နေလိမ့်မည်ဖြစ်ကြောင်း ကတိပေးခဲ့ပါသေးသည်။

သို့ပေမယ့် အသုံးမဝင်ပါချေ။ အဖတ်ဆယ်လို့မရတဲ့လူကို မကယ်တင်နိုင်ဘူးလေ...

xxx

Ch-287

ချင်းရို့က ဘယ်သူနဲ့မှ မိတ်ဆက်ပေးဖို့ မရည်ရွယ်ထားပေမယ့် သူမပြောခဲ့တာတွေကအမှန်တွေပင်။ တက္ကသိုလ်နောက်ဆုံးစာသင်နှစ်တွင် လူများစွာ အလုပ်သင်ဆင်းရန် ယူနစ်အမျိုးမျိုးသွားရသည်။ ကျောင်းရှိ ဆရာတွေက ချင်းရို့ရဲ့ ပုလဲမွေးမြူရေးစက်ရုံအကြောင်းသိသဖြင့် သူမရဲ့ပုလဲမွေးမြူရေးစက်ရုံကို ဘယ်လိုစီမံခန့်ခွဲကြောင်း သိချင်ကြ၏။ သူမရဲ့ ဘွဲ့ယူစာတမ်းမှာလည်း သူမရဲ့ ပုလဲစက်ရုံအကြောင်းပင်။

သူမရဲ့ ပုလဲမွေးမြူရေးစက်ရုံက အရမ်းအောင်မြင်နေပြီး မနှစ်ကသတင်းစာမှာတောင် ဖော်ပြခံထားရသည်ကြောင့် ကျောင်းရှိဆရာတွေက သူမရဲ့ အတန်းဖော်တွေကို လည်ပတ်ရန်ခေါ်လာခဲ့သည်။ လူတော်တော်များများဟာ ချုံကျိုးကျွန်းကို တစ်ခါမှမရောက်ဖူးသလို အပူပိုင်းဒေသတောင်ကျွန်းရှုမျှော်ခင်းကို ကြည့်ရှုလိုကြ၏။ ချင်းရို့လည်း ကျောင်းရဲ့တောင်းဆိုချက်ကို လက်ခံလိုက်ပြီး ကောင်းစွာဧည့်ခံရန် စီစဉ်ထားခဲ့သည်။

"တကယ်လား? ဆရာတွေနဲ့ အတန်းဖော်တွေ လာလည်ကြမှာလား? ကျောင်းသူတွေ ဘယ်နှစ်ယောက်ရှိလဲ?"

"အိမ်ထောင်မပြုရသေးတဲ့သူတွေနည်းနည်းရှိတယ်"

ရှဲ့ရုန်ကျန်း ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။ "ကုချန် မင်းသွားတွေ့ကိုတွေ့ရမယ်။ အဖွဲ့အစည်းက ရဲဘော်ရဲ့ အိမ်ထောင်ရေးပြဿနာတွေကို နှောင့်နှေးခြင်းမရှိ ဖြေရှင်းပေးရမှာပေါ့!"

"ရှောင်ချင်းရေ ဘယ်နေ့တဲ့လဲ? အဲဒီအချိန်ရောက်ရင် ကုချန်အတွက် ခွင့်နှစ်ရက်လောက် လျှောက်ထားလိုက်မယ်။ သူ့ကိုသွားတွေ့ ခိုင်းရမယ်ဟေ့။ သူမက နာမည်ကြီးကျောင်းက ကောလိပ်ကျောင်းသူတစ်ယောက်လေ!"

"မင်း သူမကို သွားမတွေ့ပြန်ဘူးဆိုရင် မင်းမိသားစုက လောင်ကုက ငါ့ကိုဖုန်းထပ်ခေါ်ချင်နေဦးမှာပဲ၊ ဟေး... မင်းအဘိုးကြီးက ဘာလို့လုယန်ကိုမခေါ်ဘဲ ငါ့ကိုခေါ်တာလဲဟ?"

လုယန်: "ရလဒ်ပြောင်းပြန်ဖြစ်သွားမှာစိုးလို့ ထင်တယ်"

"လုယန် မင်းဒေါသကို ထိန်းထားသင့်တယ်။ ပြီးတော့ ငါတို့ရဲဘော်ရှောင်ကုကိုလည်း သေချာဂရုစိုက်ပေးပြီး သူ့အိမ်ထောင်ရေးကိစ္စကိုလည်း ကူညီဖြေရှင်းပေးပေါ့ကွာ။ ဒါက အသေးအဖွဲကိစ္စမဟုတ်ဘူးလေ"

"ကုချန် မင်းဘယ်လိုလဲ?"

ကုချန် ကတ်ကိုကိုင်ထားကာ မျက်ခုံးပင့်လိုက်ပြီး "ဒါဆိုလည်း သွားတွေ့ကြည့်တာပေါ့"

ဘာပဲဖြစ်ဖြစ် ဒီအားလပ်ရက်ကို မဖြုန်းတီးချင်ပါဘူး။ အရူးတွေကပဲ အားလပ်ရက်မလိုချင်မှာ။ ငါ့ရဲ့အလုပ်ရှုပ်နေတဲ့ဘဝကြီးမှာ ခဏလောက်နားနိုင်တာလေ။ လက်တွဲဖော်ရှာမတွေ့ရင်တောင် တခြားသူတွေရဲ့ ပုလဲမွေးမြူရေးစက်ရုံတွေကို သွားကြည့်လို့ရတာပဲလေ။

ယခုအချိန်တွင် ကုချန်လည်း အတွေ့အကြုံရှိဘလိုင်းဒိတ်ပါရဂူတစ်ဦးဖြစ်နေလေပြီ။ ဒါကို အခွင့်ကောင်းမယူတတ်ရင် အလဟဿဖြစ်သွားမှာလေ။ အခွင့်ကောင်းယူတတ်ရင် လက်တွဲဖော်မရှာပါဘူး!

"ဒါဆိုလည်း ဒီလိုပဲလုပ်ကြတာပေါ့!"

ရှဲ့ရုန်ကျန်းသည် ဒီကောင်ရဲ့ အိမ်ထောင်ရေးကိစ္စနဲ့ မိသားစုပြဿနာတွေကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိသည်။

လင်းနန်တက္ကသိုလ်၏ခေါင်းဆောင် ဆရာမလင်းက ချူကောအပါအဝင် ကျောင်းသားကျောင်းသူ ၇ဦး၊ ၈ဦးနှင့် ချင်းရို့ဆီ သွားရောက်လည်ပတ်ခွင့်ဖောင်တင်ခဲ့သည်။ သူတို့တွေက ချင်းရို့နှင့် အဆောင်တူညီအစ်မတွေပင်။

ချင်းရို့က သူတို့အုပ်စုကိုကြိုဆိုရန် ဆိပ်ကမ်းသို့သွားကာ သူမရဲ့ ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံတည်ရှိရာ လင်းရွှေရှင်းရွာသို့ ကားမောင်းသွားခဲ့သည်။

ဆရာမလင်းက ချင်းရို့အား ပြောလိုက်၏။ "မင်းက တကယ့်ကိုအရည်အချင်းရှိတဲ့ကျောင်းသူပဲ!"

"ဟုတ်တယ်၊ ချင်းရို့ဦးစီးတဲ့ ပုလဲမွေးမြူရေးစက်ရုံကို မနှစ်က သတင်းစာထဲမှာ ဖော်ပြခဲ့ကြသေးတာ! ပုလဲလည်ဆွဲတစ်ကုံးကို ဒေါ်လာထောင်နဲ့ချီပြီး ရောင်းနိုင်ခဲ့တာတဲ့!"

"မယုံနိုင်စရာပဲနော်၊ ပုလဲတွေလို လှလှပပပစ္စည်းတွေကို အတုလုပ်မွေးမြူနိုင်ဖို့ဆိုတာ ငါထင်တောင်ထင်မထားမိဘူး"

"မွေးပုလဲနဲ့ သဘာဝပုလဲတွေရဲ့ ကွာခြားချက်က ဘာလဲ?"

"ရောက်တဲ့အခါ မြင်ရင်သိပါလိမ့်မယ်နော်"

ချင်းရို့က သူတို့ကိုသွားကြိုနေချိန်တွင် အစ်မဖြစ်သူချင်းမျန့်အား သို့သို့လေးနှင့် ရုန်ရုန်လေးကို ခေါ်လာပေးရန် အကူအညီတောင်းထားခဲ့သည်။ သို့ရုန်ညီအစ်မဟာ သူတို့မားမားရဲ့ ပုလဲမွေးမြူရေးစက်ရုံကို ကြည့်ချင်ကြသလို အန်တီချူကောကိုလည်း တွေ့ချင်နေကြသည်။

"ငါ သို့သို့ရုန်ရုန်အတွက် လက်ဆောင်တွေယူလာခဲ့တယ်!"

ချူကော ချစ်စဖွယ်ကလေးမလေးနှစ်ယောက်အတွက် သူမမွေးရပ်မြေမှ အထူးလက်ဆောင်တွေကို ယူလာခဲ့ခြင်းပင်။

ချင်းရို့ပြုံး၍ "သူတို့ တွေ့သွားရင် အရမ်းပျော်သွားကြမှာသေချာတယ်။ ကလေးလေးနှစ်ယောက်ကိုယ်စား အန်တီချူကို ကြိုပြီး ကျေးဇူးတင်ထားလိုက်ပြီနော်"

"ဘာကျေးဇူးတင်နေတာတုန်းဟယ်။ ဒါလေးက လက်ဆောင်လေးတစ်ခုပါပဲနော်၊ ကလေးတွေပျော်နေသရွေ့ ကျေနပ်နေပါပြီ"

ဆရာမလင်း ပြောလိုက်၏။ "တောင်တွေမြစ်တွေဖြတ်ပြီး ဒီလက်ဆောင်ကို သယ်လာခဲ့ရတာ ချူကောအတွက် မလွယ်ကူခဲ့ဘူး!!"

"တကယ်မလွယ်ခဲ့တာ! ဟားဟား..."

ထိုအချိန်တွင် ချင်းရို့အစ်မဖြစ်သူ ချင်းမျန့်က သို့ရုန်ညီအစ်မနှစ်ယောက်အပြင် နေ့တစ်ဝက်လောက်အချိန်ခိုးနေခဲ့တဲ့ ပျင်းရိနေသူ ကုချန်ကိုပါ ခေါ်လာခဲ့သည်။ သူတို့က လင်းရွှေရှင်းရွာရှိ ပုလဲမွေးမြူရေးစက်ရုံသို့ ကားမောင်းလာခဲ့ကြသည်။

"ဦးဦးကု ဦးဦးကု၊ ဦးဦးလည်း ကျူးကျူး(ပုလဲ)သွားကြည့်မလို့လား?"

ကုချန်သည် လုမိသားစုက ကလေးမလေးနှစ်ဦးကို စနောက်နေရသည်ကို ပျော်ရွှင်နေပြီး: "ဟုတ်တယ် ဦးဦးကုက သမီးတို့နဲ့အတူတူ ကျူးကျူးသွားကြည့်မလို့လေ"

ရဲဘော်ကုသည် လုမိသားစုထဲမှာ နှစ်သက်စရာတစ်ခုတည်းသောမှာ အနှီချစ်စဖွယ်အမြွှာကလေးမလေးတွေပဲလို့ ထင်မြင်မိသည်။

အားလပ်ရက် နေ့တစ်ဝက်လောက်ခိုးပြီး ချစ်စဖွယ်ကလေးမလေးနှစ်ယောက်နှင့် ဆော့ကစားနေရသည်မှာ ပျော်စရာကောင်းလှသည်။ အိမ်ထောင်ပြုခြင်း လက်တွဲဖော်ရှာခြင်းအကြောင်း မပြောဘဲနေရတာ ပိုကောင်းသည်လေ။

ဒီတစ်ခါ သူဒီကိုလာရတာ လက်တွဲဖော်ရှာဖို့မဟုတ်ဘဲ အေးအေးဆေးဆေး ဈေးဝယ်ထွက်ရုံတင်။

ချင်းရို့နှင့် လူတစ်စုဟာ လင်းရွှေရှင်းရွာကို ရောက်လာကြပြီဖြစ်၏။ ချင်းရို့က သူမရဲ့ ရွှင်ရို့ပုလဲစက်ရုံကိုလည်ပတ်ရန် ခေါ်သွားခဲ့သည်။ ပင်လယ်အော်တစ်လျှောက် လျှောက်သွားကြချိန်တွင် ပုလဲမွေးမြူရေးစက်ရုံကြီးကြီးငယ်ငယ်မျိုးစုံကို တွေ့လိုက်ရသည်။

လွန်ခဲ့တဲ့နှစ်တွေမှာ ပင်လယ်အနီးတစ်ဝိုက် ပုလဲမွေးမြူရေးစက်ရုံများစွာ ဖွင့်လှစ်ခဲ့ကြ၏။ ယင်းတို့အနက် အခမ်းနားဆုံးစက်ရုံတွေကတော့ ဒေသတွင်းအစိုးရပိုင်ပုလဲမွေးမြူရေးစက်ရုံနှင့် ဟောင်ကောင်ပိုင်ရှားရို့ပုလဲမွေးမြူရေးစက်ရုံတို့ပင်။

ဆရာမလင်း: "... ရှားရို့ပုလဲမွေးမြူရေးစက်ရုံ?"

"နာမည်က ဆန်းသား"

"အားလုံးမှာ ဘာရို့ ညာရို့ အစုံပဲနော်။ ဒီကျွန်းက နာမည်တွေက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ"

ချင်းရို့: "ကျွန်မ စက်ရုံကို ရွှင်ရို့လို့ နာမည်မပေးခဲ့သင့်တာပါ"

ချူကော ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး "ဒီတော့ နင် ရွှင်ရို့လို့ခေါ်လိုက်လို့၊ သူတို့လည်း ဖျောင်းရို့၊ မိန်ရို့၊ ရှားရို့... ပေးလိုက်ကြတာပေါ့လေ။ အခု နင်ကရွှင်ရို့ဖြစ်နေပြီဆိုတော့ ဘယ်ရို့ကိုရှာနေတာလဲနော်?"

တစ်စုံတစ်ယောက် စနောက်ဟန်ဖြင့် "အတန်းဖော်ချင်းရို့ကို ရှာနေတာပါလို့"

ချင်းရို့သည် ပုလဲမွေးမြူရေးလုပ်ငန်းစဉ်ကို အကျဉ်းချုံးကြည့်ရှုရန် သူတို့အား ခေါ်သွားခဲ့သည်။ ချင်းမျန့်ရောက်လာပြီးနောက် သူမက ပုလဲတွေနဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို မိတ်ဆက်ပေးခဲ့သည်။ ကျောင်းသားကျောင်းသူတစ်သိုက်ဟာ ကမ်းခြေက မင်္ဂလာဆောင်ဓာတ်ပုံတွေကို ကြည့်ပြီး အံ့အားသင့်သွားကြ၏။

"ပင်လယ်ပြင်မှာ ဓာတ်ပုံရိုက်ရတာ အရမ်းလှတာပဲဟယ်!"

"မင်္ဂလာဆောင်ဓာတ်ပုံတွေပဲ!"

"သူမက ပုလဲလည်ဆွဲလည်း ဝတ်ထားတယ်၊ ဝိုး ဝိုး! ဒီခေါင်းခြုံပုဝါကလည်း ပုလဲတွေအပြည့်ပဲ၊ တအားလှနေရော!"

ချင်းမျန့်က သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါသေးသည်။ "မင်းတို့ အနာဂတ်မှာ လက်ထပ်ချင်ရင် မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ ငါတို့ကျွန်းကို လာလည်လို့ရတယ်နော်။ လက်ဝတ်ရတနာတွေနဲ့ မိတ်ကပ်တွေကိုပါ ဝန်ဆောင်မှုပေးတယ်လေ..."

"တကယ်လား? ဘယ်လောက်လဲ?"

"နောင်မှာ ငါ့လက်တွဲဖော်နဲ့ မင်္ဂလာဆောင်ဓာတ်ပုံလာရိုက်ချင်လိုက်တာ"

…

ချင်းမျန့်က တခြားသူတွေကို မင်္ဂလာဆောင်ဓာတ်ပုံတွေအကြောင်း ကြော်ငြာရန် အစပျိုးလုပ်ဆောင်ခဲ့၍ ချင်းရို့လည်း သို့ရုန်ညီအစ်မနှစ်ယောက်ကို ချီလိုက်ပြီးမှ ကုချန်ပါရောက်နေမှန်း တွေ့လိုက်ရလေသည်။

"မားမား မားမား!!!"

"ဦးဦးကုနဲ့အတူတူ ပုလဲတွေသွားကြည့်မယ်နော်!!"

"ဦးဦးက သမီးတို့ကို ပွေ့ဖက်လို့ရမလား?"

"ဖက်! ဖက်!"

ရဲဘော်လု ဒီမှာမရှိချိန် ကုချန်လည်း သူ့လက်ထဲမှာ ချစ်စဖွယ်ကလေးမလေးနှစ်ယောက်ကို ပွေ့ချီထားလိုက်သည်။ သူ ဒီခံစားချက်ကို စမ်းကြည့်ချင်နေတာ တော်တော်ကြာပြီလေ။ စစ်အကယ်ဒမီမှာ လုယန်က နေ့တိုင်း သူ့သမီးလေးတွေကို ဒီလိုပွေ့ချီထားတတ်သည်ကို သူတွေ့ရလေ့ရှိသည်။

ကပ်စေးနဲကောင်လုယန်က သူ့သမီးတွေကို ပေးမချီဘူး...

အခု နောက်ဆုံးမှာတော့ ကလေးလေးတွေ ဒီဦးဦးကုလက်ထဲ ရောက်လာကြပြီပဲ။

"သမီးတို့အန်တီချူကောက သမီးတို့အတွက် လက်ဆောင်တွေယူလာပေးတယ်"

"ဝိုး!!!" သို့ရုန်ညီအစ်မနှစ်ယောက်က သူတို့ဦးဦးကုလက်ထဲမှ ရုန်းထွက်ကာ မြေပြင်ပေါ်ဆင်းပြီး အန်တီချူကောရဲ့ လက်ဆောင်ကို သွားကြည့်ကြ၏။

ချူကောက သူတို့နှစ်ယောက်အတွက် ယူလာပေးတဲ့လက်ဆောင်ဟာ တခြားတော့မဟုတ်၊ ဒါပေမဲ့ နှစ်ကောင်... အခုတော့ ခိုလေးသုံးကောင်ဖြစ်သွားပြီလေ။

ခိုလေးတွေကို မြို့တော်မှ ယူလာခဲ့ခြင်းပင်။

ချူကော ရှက်ရွံ့စွာဖြင့် "ငါ နဂိုက ခိုနှစ်ကောင်ပဲ ယူလာခဲ့တာ၊ ဒါပေမယ့် လမ်းပျောက်လာတဲ့ခိုတစ်ကောင် လမ်းတစ်ဝက်မှာရောက်လာရော။ ဘယ်သူ့ခိုမှန်းတော့ ငါလည်းမသိဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်ရဲ့ အိမ်မွေးခိုပဲဖြစ်မှာ၊ သူက ဒီခိုနှစ်ကောင်နောက်ကိုလိုက်ခဲ့တာလေ"

xxx

All Chapters