အခန်း (၂၈၈-၂၈၉)
Vol. 24 Ch. 288-289
Ch-288
ချူကောက သူတို့နှစ်ယောက်အတွက် ယူလာပေးတဲ့လက်ဆောင်ဟာ တခြားတော့မဟုတ်၊ ဒါပေမဲ့ နှစ်ကောင်... အခုတော့ ခိုလေးသုံးကောင်ဖြစ်သွားပြီလေ။
ခိုလေးတွေကို မြို့တော်မှ ယူလာခဲ့ခြင်းပင်။
ချူကော ရှက်ရွံ့စွာဖြင့် "ငါ နဂိုက ခိုနှစ်ကောင်ပဲ ယူလာခဲ့တာ၊ ဒါပေမယ့် လမ်းပျောက်လာတဲ့ခိုတစ်ကောင် လမ်းတစ်ဝက်မှာရောက်လာရော။ ဘယ်သူ့ခိုမှန်းတော့ ငါလည်းမသိဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်ရဲ့ အိမ်မွေးခိုပဲဖြစ်မှာ၊ သူက ဒီခိုနှစ်ကောင်နောက်ကိုလိုက်ခဲ့တာလေ"
ချင်းရို့: "... တခြားလူတွေရဲ့ ခိုတွေနဲ့ ဒီလိုကြီးထွက်ပြေးလာတာပေါ့လေ?"
ခိုတွေကိုလွှတ်ထားလိုက်ရင် တခြားခိုတွေနဲ့အတူ ထွက်ပြေးသွားလိမ့်မယ်လို့ပြောကြတာ အံ့သြစရာမရှိဘူးပဲ။
"ဒါကို သာမန်ကာလျှံကာလို့ ပြောလို့မရပါဘူးဟယ်။ အရင်တုန်းကတော့ လူတချို့က ခိုအုပ်စုကို တမင်တကာထိန်းကျောင်းထားပြီး တခြားသူတွေရဲ့ ခိုကောင်းတွေကို ဆွဲဆောင်ဖို့ လွှတ်ပေးလေ့ရှိတယ်ဆိုပဲ"
"ဒါပေမယ့် ငါ့ခိုနှစ်ကောင်ကတော့... သူဘာလို့လိုက်လာမှန်း ငါလည်းမသိဘူး"
ချင်းရို့: "နင်က ခိုအထီးတစ်ကောင်၊ ခိုအမတစ်ကောင်ကို ယူလာတော့ လမ်းတစ်ဝက်မှာ နောက်ခိုအထီးတစ်ကောင်က ခိုအမကိုချစ်မိသွားလို့လား?"
ဒီဆက်ဆံရေးက တကယ်ကို မှန်းဆရလွယ်လွန်းပါတယ်နော်။
ယခုအခါ ချူကော ပိုလို့တောင်ရှက်ရွှံ့သွားလေပြီ - "အိုး၊ ငါလည်း ခိုအထီးနဲ့ ခိုအမတစ်စုံတွဲ ယူလာချင်ခဲ့တာပါ။ ဒါပေမဲ့ ခပ်ဆိုးဆိုးခိုအထီးတကောင်က တိတ်တဆိတ်လိုက်လာလိမ့်မယ်လို့ ဘယ်သူသိမှာတုန်းဟယ်။ ငါ အပြင်ထွက်လာပြီးတော့မှ ငါယူလာတာက ခိုအထီးတွေပဲဖြစ်နေမှန်းသိလိုက်ရတာလေ"
"ဒါဆို လမ်းတစ်ဝက်မှာ လိုက်လာတာက ခိုအထီးကိုကြိုက်သွားတဲ့ ခိုအမများလား?"
ချူကော: "နိုး နိုး နိုး... ဒီသုံးကောင်လုံးက ခိုအထီးတွေပဲ"
ချင်းရို့: "…"
"နင် မျိုးပွားပေးချင်ရင်တော့ သူတို့ကို လှောင်အိမ်တွေခွဲထားလိုက်ပြီး ခိုအမတစ်ကောင်ကို ရှာဖို့မမေ့နဲ့နော်။ မဟုတ်ရင် ခိုအထီးတွေက တစ်ကောင်နဲ့တစ်ကောင် ကျောပေါ်တက်ကြလိမ့်မှာ!"
ချူကောလည်း သူမ ဘာလို့ ငှက်တွေမှားယူလာမှန်း၊ ဒီခိုအထီးသုံးကောင်ကို ယူလာမိမှန်း မတွေးတတ်တော့ပါချေ။
ငှက်တွေမိတ်လိုက်သည့်နည်းလမ်းမှာ မိတ်ဖက်ရဲ့ကျောပေါ်တက်ခြင်းပင်။ တခါတရံ ခိုအထီးနဲ့ ခိုအမက အချင်းချင်းကျောပေါ်တက်လိမ့်မယ်။ ခိုအထီးတွေလည်း အချင်းချင်းကျောပေါ်တက်နင်းကြပြီး ဥဥရန် အတူတူအသိုက်ဆောက်ကြပေမယ့် ဒီအမိုက်အမဲခိုနှစ်ကောင်ဟာ သူတို့ ဥမဥနိုင်ဘူးဆိုတာ မသိကြချေ။ ခိုအမတွေလည်း အချင်းချင်းကျောပေါ်တက်ကြပြီး ခိုညီအစ်မတွေက ခိုဥအဖြူလေးတွေ အတူတူဥကြလိမ့်မယ်၊ ဆိုလိုသည်မှာ မျိုးအောင်ခြင်းမရှိ၊ မပေါက်ဖွားနိုင်တဲ့ အဖြူရောင်ဥလေးတွေဖြစ်လိမ့်မယ်။
ချင်းရို့: "…"
သို့သို့နှင့် ရုန်ရုန်တို့က ဒါကိုမသိကြဘဲ ချစ်စရာခိုလေးသုံးကောင်ကို ပျော်ရွှင်စွာ စနောက်နေပြီး အစာကျွေးနေခဲ့သည်။
"ကူး ကူး ကူး ကူး !!"
"ခိုလေး!!!!!"
…
ကုချန်က သို့ရုန်ညီအစ်မနှစ်ယောက်ဘေးမှာ မတ်တပ်ရပ်နေပြီး သူသည် ခိုသုံးကောင်ကိုလည်းမကြည့်၊ သို့ရုန်ညီအစ်မနှစ်ယောက်ကိုလည်း မကြည့်ဘဲ ချင်းရို့ဘေးမှာရပ်နေတဲ့ ချူကောကိုသာ ကြည့်နေမိသည်။
ချူကောနဲ့ ချင်းရို့တို့ ပထမဆုံးတွေ့ဆုံစဉ်ကတည်းက သူမရဲ့ ကျစ်ထားတဲ့ကျစ်ဆံမြီးကို ဖြည်ထားတာကြာလှချေပြီ။ ယခု သူမမှာ ဆံပင်ကောက်ကောက်တွေမရှိတော့ပေမယ့် ခေတ်ဆန်ဆန် အလယ်ခွဲပုခုံးထိအရှည်ဆံပင်ထားရှိပြီး အဖြူရောင်ရှပ်အင်္ကျီနှင့် ကြာပန်းစကတ်ကို ၀တ်ဆင်ထားကာ ဖြူစင်တက်ကြွ၍ လှပနေလေ၏။
သူမစကားပြောတဲ့အခါ အသံကျယ်ကျယ် အားကောင်းစွာပြောတတ်ပြီး တက်ကြွရွှင်မြူးနေတဲ့လေသံရှိတာကြောင့် ကုချန်ကို သူမစကားတွေနားထောင်ရန် နားစွင့်လာစေသည်။
ကုချန်ရဲ့မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ့ရဲ့မရီးရှောင်ချင်းက သူ့ကိုမိတ်ဆက်ပေးမှာကို စောင့်မျှော်နေဆဲ။
ဘာပဲဖြစ်ဖြစ် သူလည်း ဘလိုင်းဒိတ်တွေအများကြီးကြုံခဲ့ရပြီးပြီပဲလေ။ ဘလိုင်းဒိတ်သွားချိန်တိုင်း ဘော့စ်တစ်ယောက်လို့ မတ်တပ်ရပ်နေတတ်ပြီး စိတ်အားထက်သန်တဲ့မရီးက သူနဲ့မိတ်ဆက်ပေးမှာကိုပဲ စောင့်နေလေ့ရှိသည်။
ကုချန် အကျင့်ဖြစ်နေပြီဖြစ်ရာ ဒီတစ်ခါလည်း သူစောင့်နေဆဲ။
သို့သော် ကုချန် အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ပြီးနောက် ချင်းရို့က သူတို့ကို အတိုချုံးမိတ်ဆက်ပေးလာခဲ့သည်။ ထို့နောက် သို့ရုန်ညီအစ်မနှစ်ယောက်ကိုခေါ်ကာ ချုကောနှင့် မိသားစုကိစ္စလေးတွေ စကားစမြည်ပြောနေပြန်သည်။
နောက်ဆုံးတွင်မူ နှစ်တွေကြာပြီးနောက် ရဲဘော်ရှောင်ချင်းသည် ရဲဘော်ကုချန်ဟာ အတွေ့အကြုံရှိတဲ့ဘလိုင်းဒိတ်ပါရဂူကြီး၊ လူဆိုးတစ်ယောက်ဖြစ်နေပြီမှန်း သိသွားလေပြီ။ လုပ်ရိုးလုပ်စဥ်မျှသာဖြစ်ပြီး သူမလည်း အတင်းအကြပ်မလုပ်ခဲ့ချေ။ အတင်းလုပ်ရင် ရလဒ်မကောင်းဘဲ အချင်းချင်း ရှက်စရာပဲဖြစ်သွားလိမ့်မယ်လေ။
ကုချန်: "…"
ကုချန် တစ်နေ့လုံးစောင့်ဆိုင်းနေသော်လည်း ဘာမှဆက်မဖြစ်လာခဲ့ချေ။ နေ့လည် ၄နာရီလောက်မှာ လုယန်က အုန်းသီး၊ သရက်သီး၊ ပိန္နဲသီး၊ စူကာသီး၊ kumquatသီးနှင့် အခြားအသီးအနှံများစွာ တင်ဆောင်ထားသည့် သယ်ယူပို့ဆောင်ရေးထရပ်ကားကို မောင်းနှင်လာခဲ့သည်။ ချင်းရို့က သူမရဲ့အတန်းဖော်တွေကို ဧည့်ခံရန် စီစဥ်ထားခြင်းပင်။
လုယန်လည်း အခွင့်အရေးယူကာ တစ်ရက်၊ နှစ်ရက်လောက်ခွင့်ယူလိုက်၏။ တစ်လ ဒါမှမဟုတ် နောက်လအနည်းငယ်ကြာရင် တပ်သားသစ်တွေ စုဆောင်းပြီး လေ့ကျင့်ရေးစတင်တော့မည်ဖြစ်၍ အလုပ်ရှုပ်တော့မည်ဖြစ်သည်။
တပ်ရင်းမှူးလုက ယနေ့ စစ်ယူနီဖောင်းမဝတ်ထားခဲ့ဘဲ အဖြူရောင်ရှပ်နှင့် ရိုးရိုးရှင်းရှင်းဂျင်းဘောင်းဘီကို ဝတ်ထားပြီး နေကာမျက်မှန်တပ်ထားခဲ့သည်။ သူက ကားတံခါးကိုဖွင့်၍ ခြေတံရှည်ရှည်တစ်စုံ ထွက်လာခဲ့သည်။ နေရောင်ပျပျက သူ့ကိုယ်ပေါ်မှာ တောက်ပနေပြီး လှိုင်းလုံးတွေနဲ့ပါလာတဲ့ ပင်လယ်လေညင်းကလည်း သူ့အင်္ကျီလက်ကို တဖျတ်ဖျတ်တိုက်ခတ်နေလျက်။
နေကာမျက်မှန်အောက်ရှိ ဖြောင့်စင်းနေတဲ့နှာတံ၊ အရပ်မြင့်မြင့်၊ ခပ်ဖြောင့်ဖြောင့်ကိုယ်ဟန်အနေအထားဖြင့် ချောမောနေသည်မှာ ဆွဲဆောင်မှုရှိတဲ့ ရှုခင်းတစ်ခုအလား။
ထွက်ပေါ်နေတဲ့လက်ဖျံကြွက်သားတွေက လှပပြီး သန်မာနေကာ အဝတ်အစားအောက်တွင် ခြင်္သေ့လိုမျိုး တောင့်တင်းကျစ်လစ်တဲ့ခန္ဓာကိုယ်မှာ နိုင်ငံခြားသားအမျိုးသမီးများစွာ သူ့ဆီ စကားလာပြောရန် ဆွဲဆောင်နေသည့်နှယ်။
"ပါးပါး!!"
အဝါရောင်စကတ်လေးတွေနဲ့ လေး၊ ငါးနှစ် အရွယ် ကလေးမလေးနှစ်ယောက်က ထိုအမျိုးသားဆီ ပြေးလာခဲ့ကြသည်။
အနှီအခေါ်အဝေါ်ကို ကြားပြီးတဲ့နောက် ဆံပင်ရွှေရောင်နှင့် အမျိုးသမီးနှစ်ဦးဟာ ချဥ်းကပ်လာပြီး စကားစမြည်ပြောဖို့ အတွေးအကြံကို လက်လျော့လိုက်တော့သည်။
ချုံကျိုးကျွန်း၌ တစ်နှစ်၊ နှစ်နှစ်ကြာဖွံ့ဖြိုးတိုးတက်ပြီးနောက် ကွမ်ချန်မြို့နှင့်တူလာပြီး ရံဖန်ရံခါ နိုင်ငံခြားသားတချို့ လာလည်တတ်ကြသည်။ အထူးသဖြင့် ချုံကျိုးကျွန်း၊ လင်းရွှေ၌ ပုလဲဘုရင်မွေးမြူခဲ့ကြောင်း သိလိုက်ရချိန်တွင် ဆံပင်ရွှေရောင်နှင့်နိုင်ငံခြားသားများစွာဟာ လင်းရွှေသို့လာရောက်လည်ပတ်ကြသလို ပုလဲတွေကိုလည်း ပြန်ဝယ်သွားတတ်ကြသည်။
လင်းရွှေရှင်းရွာမှ ရွာသူရွာသားတွေက အစပိုင်းတွင် ထူးဆန်းနေခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ သူတို့လည်း ကျင့်သားရလာပြီး တချို့လူငယ်တွေတောင်မှ နိုင်ငံခြားဘာသာစကား အနည်းငယ် ပြောတတ်နေကြလေပြီ။
"ပါးပါးရဲ့အချစ်တုံးလေးတွေ ပါးပါးကိုလွမ်းနေကြလား?" လုယန်ပြုံး၍ သူ့သမီးလေးနှစ်ယောက်ကို ကောက်ချီလိုက်သော်လည်း သိပ်မဝေးလှတဲ့နေရာမှ သူ့ဆီလက်ပြနှုတ်ဆက်နေတဲ့ အမျိုးသမီးဆီသို့ အကြည့်ရောက်နေခဲ့သည်။
အမျိုးသမီးက အပြာနှင့်အဖြူရောင်ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး သူမရဲ့ အနက်ရောင်ဆံပင်ကောက်ကောက်လေးတွေဟာ ပခုံးပေါ်မှာပြန့်ကျဲနေလျက်။ သူမပြုံးပြတဲ့အခါ မျက်လုံးလေးတွေမြင့်တက်သွား၍ လူတွေအကြည့်မလွှဲနိုင်လောက်အောင် ပျင်းရိပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံကို သဘာဝကျကျ ပေါ်လွင်စေသည်။
"ပါးပါးကိုလွမ်းနေတာ!"
သို့ရုန်ညီအစ်မနှစ်ယောက်က ပေါက်ဖတ်လေးတွေလို သူတို့ပါးပါးဆီမှာ တွယ်ကပ်နေကြ၏။ သူတို့ပါးပါးက သူတို့ကို စကားပြောနေသော်လည်း သူတို့ကိုကြည့်မနေခဲ့၍ သို့သို့လေးက ရုတ်တရက် မကျေမနပ်ဖြစ်လာကာ သူမပါးပါးရဲ့မျက်နှာကို လှည့်စေချင်နေပြီး ရုန်ရုန်က သူ့ပါးပါးနှာခေါင်းပေါ်က နေကာမျက်မှန်ကို ဆွဲချွတ်ကာ သူမမျက်နှာပေါ် တပ်ကြည့်လိုက်သည်။
အမြင်အာရုံမှ အရာရာတိုင်း မည်းမှောင်သွားလေပြီ။ ရှောင်ရုန်ရုန်ဟာ ကလေးအဆီလေးနှင့် အနည်းငယ်မျက်နှာထားတင်းနေပြီး မျက်မှန်ကြီးကြီးအောက်မှာ ချယ်ရီပန်းရောင်နှုတ်ခမ်းလေးဟာ စူထွက်နေသည်။
"ဟီးဟီး..." ရုန်ရုန် ခေါင်းလေးကိုမော့ပြီး ပြုံးရယ်နေကာ ဆန်းသစ်နေသလိုခံစားနေရ၏။
ချင်းရို့က ချူကောနှင့်အတူ ရောက်လာကာ မျက်နှာအမူအရာမဲ့နေပြီး မကျေမနပ်ဖြစ်နေကြောင်း တိတ်တဆိတ်ဖော်ပြနေတဲ့ ကုချန်လည်း အနောက်မှလိုက်လာခဲ့သည်။
ကုချန်က စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အကြည့်တို့ဖြင့် လုယန်အား စိုက်ကြည့်လျက်: "..."
ကုချန်နှင့်ပတ်သက်ပြီး တစ်ခုခုမှားနေကြောင်း ဘယ်သူမှ သတိမပြုမိခဲ့ကြချေ။ အကြောင်းကတော့ လူတိုင်း သူ့အပေါ် အကြွေးတင်နေသလိုမျိုး အမြဲတမ်း အထက်စီးဆန်ဆန် အေးတိအေးစက်ရှိတာကြောင့်ပါပဲ။
အထူးသဖြင့် လုကောကို သူတွေ့လိုက်ချိန်တိုင်း အမြဲတမ်း စိတ်ဆိုးမှုန်ကုပ်နေတဲ့မျက်နှာထားရှိသည်။
တစ်နေ့ သူသာ လုယန်ကိုပြုံးပြပြီး စိတ်အားထက်သန်စွာ နှုတ်ဆက်နေရင် အရာရှိလုယန်က ဒီကောင့်ကို နတ်ဆိုးဝိဥာဥ်ဝင်ပူးနေတယ်လို့ တွေးပေလိမ့်မည်။
အခု ဒီပုံစံက သူ့ရဲ့ပုံမှန်အမူအရာပဲလေ။
သို့သို့ ပျော်ရွှင်စွာပြောလိုက်၏။ "မားမား ပါးပါးရောက်လာပြီ!"
"ပါးပါးလည်း ပုလဲတွေလာကြည့်တာတဲ့!"
"ပါးပါး ဒီမှာ ပုလဲလုံးလှလှလေးတွေအများကြီးပဲ!"
"တကယ်လား?" လုယန် ပြုံးကာ သူ့သမီးလေးနှစ်ယောက်ရဲ့ မျက်နှာလေးကို နမ်းလိုက်သည်။ "ပုလဲလှလှလေးတွေ အများကြီးရှိတာလား? ပါးပါးကို နောက်ကျလိုက်ပြလေ။ ဒါပေမယ့် ပါးပါးက ဘာလို့ ပုလဲလှလှလေးတွေမတွေ့တာပါလိမ့်? ပါးပါးမြင်နေရတာကတော့... ဘာလို့ အများကြီးရှိနေတာ ---"
အရာရှိလုက ထူးထူးဆန်းဆန်းသိလိုက်ရသည်မှာ... နေရာတိုင်းမှာ ဘာရို့ ညာရို့ ရို့အမျိုးမျိုးရှိနေရတာလဲ?
"ရို့မိန်ရေ ဒီပုလဲမွေးမြူရေးစက်ရုံတွေရဲ့နာမည်တွေက ဘာလို့..." အရာရှိလုလည်း မေးခွန်းကို တိုက်ရိုက်မမေးလိုက်ပါချေ။
ငါ့ရှေ့က မိန်ရို့၊ ဖျောင်းရို့၊ ရှားရို့ဆိုတဲ့နာမည်တွေက... ဘာတွေဖြစ်နေတာလဲ?
ခေါင်းနောက်သွားပြီ...
ပုလဲစက်ရုံနာမည်ကို ဒီလိုတွေမှည့်လို့ရလားဟ?
လုယန်: "…"
လုယန်လည်း ခဏတာ ဘာပြောရမှန်းမသိဖြစ်သွားရလျက်။
xxx
Ch-289
ပုလဲစက်ရုံနာမည်ကို ဒီလိုတွေမှည့်လို့ရလားဟ?
လုယန်: "…"
လုယန်လည်း ခဏတာ ဘာပြောရမှန်းမသိဖြစ်သွားရလျက်။
ချင်းရို့က ရှက်ရွံ့သွားကာ အေးတိအေးစက်ဖြင့် "ဒါတင်မကဘူး၊ ဒီနှစ် ရွာမှာလည်း မွေးကင်းစကလေးမလေးတွေအများကြီးကို လှပချောမော၊ နူးညံ့သိမ်မွေ့အောင်လို့ဆိုပြီး... ဒါကြောင့် ကျွန်မကို ရို့မိန်လို့မခေါ်နဲ့တော့။ နောက်ထပ်နှစ်နည်းနည်းလောက်စောင့်လိုက်၊ ရှင် ဒီမှာ ကျွန်မကို ရို့မိန်လို့ခေါ်ရင် လူတိုင်း ရှင့်ကိုကြည့်ကြလိမ့်မှာ"
လုယန် ပါးစပ်ထောင့်တွန့်သွားလျက်: "ဇနီးလေး မင်း နာမည်ရွေးတုန်းက ဒါကိုမစဉ်းစားခဲ့ဘူးလား?"
"တခြားသူတွေက ဒီနာမည်တွေအတိုင်းလိုက်မှည့်ချင်ရင် မင်းမိန်းမလည်း ဘာမှလုပ်လို့မရဘူးလေ။ သွားကြစို့၊ စက်ရုံဆီအရင်သွားရအောင်"
ရွှင်ရို့ပုလဲစက်ရုံရဲ့ ခြံဝင်းငယ်လေးထဲ ဝင်လာကြသည့်အခါ ချင်းရို့က စူကာသီးများစွာ၊ ပန်းပင်တချို့နှင့် အပင်နည်းနည်းကို နေရာအနှံ့စိုက်ပျိုးထား၍ ယခုအခါ စိမ်းလန်းစိုပြေနေပြီဖြစ်သည်။
လုယန်က အသီးအနှံတွေ အများကြီးယူလာသဖြင့် ချင်းရို့နှင့်ချူကောလည်း သရက်သီးအုန်းနို့သာကူ အတူတူလုပ်နေကြ၏။
ချုံကျိုးကျွန်းရှိ သရက်သီးတွေဟာ ကြီးမားပြီး ချိုမြသလို လတ်လတ်ဆတ်ဆတ်ခူးထားတဲ့အုန်းရည်ကလည်း ချိုမြိန်လှသည်။ ချူကောက အုန်းနို့ပြုလုပ်နည်းကိုလေ့လာသင်ယူနေပြီး ချင်းရို့ကတော့ သရက်သီးတွေကို ရွှေရောင်အတုံးလေးတွေအဖြစ်လှီးဖြတ်လိုက်၍ စွဲမက်ဖွယ်ကောင်းတဲ့ သရက်သီးရနံ့များ ပျံ့လွင့်နေလျက်။
ချူကောက သွားကြားထိုးတံဖြင့် သရက်သီးနည်းနည်းမြည်းကြည့်လိုက်ရာ: "ဝိုး! အရမ်းချိုတာပဲဟယ်!"
"ဒီကအသီးတွေက အရမ်းအရသာရှိတာ။ ငှက်ပျောသီးနဲ့ နာနတ်သီးတွေလည်း တအားချိုနေရောပဲ၊ နင်အခွင့်အရေးရရင် မြည်းစမ်းကြည့်ရမယ်နော်"
ချင်းရို့က ကလေးနှစ်ယောက်ကို ကျွေးမွေးရမည်ဖြစ်၍ အချိန်အတော်ကြာစိမ်ထားခဲ့တဲ့သာကူကို နူးအိပြီးစေးကပ်သွားတဲ့အထိ ပြုတ်လိုက်သည်။
ဖောက်ထွင်းမြင်ရတဲ့သာကူကို ပန်းကန်လုံးကြီးတစ်လုံးထဲလောင်းထည့်ပြီးနောက် ရွှေရောင်သရက်သီးတုံးလေးတွေကိုထည့်လိုက်ကာ နောက်ဆုံးတွင် မွှေးပျံ့ပျံ့အုန်းနို့ကို လောင်းလိုက်သည်။ ရွှေရောင်သရက်သီးတွေနဲ့ အဖြူရောင်နွားနို့... ဆွဲဆောင်မှုရှိတဲ့အရောင်နှစ်ရောင်ဟာ လူတွေရဲ့ပါးစပ်နှင့်လျှာကို ညှို့ယူဖမ်းစားနေလျက်...
ချင်းရို့ သရက်သီးအုန်းနို့သာကူရိုးရိုးကို ကလေးမလေးနှစ်ယောက်ကို ပေးလိုက်၏။
"စားတဲ့အခါ သတိထားကြဦး၊ ကိုယ့်ကိုယ်ပေါ်မှာ အုန်းနို့တွေမဖိတ်စေနဲ့နော်"
လုယန်နှင့် ကုချန်တို့က ကြိမ်ကုလားထိုင်ပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်နေကြပြီး သို့ရုန်ညီအစ်မနှစ်ယောက်ဟာ သူ့ခြေထောက်အနားမှာ ရှိနေကြသည်။ ကလေးမလေးနှစ်ဦးတွင် ကိုယ်ပိုင်စားပွဲသေးသေးလေးနှင့် ခုံပုသေးသေးလေးကိုယ်စီရှိကြသဖြင့် နာနာခံခံလေးထိုင်ကာ ဇွန်းကောက်ကိုင်ကာ သရက်သီးအုန်းနို့သာကူကို စားနေကြလေပြီ။
လုယန်လက်ထဲမှာလည်း ပန်းကန်လုံးတစ်လုံးရှိနေ၏။ လူကြီးတစ်ယောက်အနေနဲ့ ဒီလိုအစားအစာမျိုးကို (ချိုလို့)မစားချင်ပေမယ့် သူ့ဇနီးလေးကိုယ်တိုင်လုပ်ထားတာဖြစ်လို့ နူးနူးညံ့ညံ့မျက်ဝန်းတွေနဲ့ နည်းနည်းချင်းစားလိုက်ပြီး သူ့သမီးလေးနှစ်ယောက်နဲ့ စကားစမြည်ပြောနေလိုက်သည်။
"စားလို့ကောင်းလား?"
"ကောင်းတယ်! မားမားလုပ်တာ အကောင်းဆုံးပဲ"
"ပါးပါး ကြည့်ပါဦး၊ ပုလဲလုံးကြီးကြီးတွေ!"
"ဒီပုလဲလုံးတွေကိုတော့ စားလို့ရတယ်၊ တခြားဟာတွေက စားလို့မရဘူး"
…
တစ်ဖက်မှ ကုချန်လည်း သရက်သီးအုန်းနို့သာကူပန်းကန်လုံးကို ကိုင်ထားသည်။ သူလည်း ဒါကို မကြိုက်ပေမယ့် ချူကောနဲ့ ချင်းရို့ကို တွေးလိုက်မိ၍... သူ မြည်းစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ကုချန် အလုပ်အနည်းငယ်စားရုံဖြင့် အများစုမှာကုန်လုနီးနီးပင်။ တစ်ဖက်မှလုယန်က သူ့သမီးလေးနှစ်ယောက်ကို စိမ်ပြေနပြေကျီစယ်နေပြီး သူ့မျက်ခုံးတွေပြေလျော့နေသလို မျက်နှာပေါ်မှာလည်း အပြုံးတစ်ခုရှိနေလျက်။
သို့သော် ကုချန်မျက်လုံးထဲတွင်တော့ မွန်းတည့်ချိန်နေရောင်ထက် ပိုလို့တောင်တောက်ပနေတဲ့ အနှီအပြုံးဟာ သူ့ကို ပိုလို့တောင်မပျော်မရွှင်ဖြစ်စေသည်။
ကုချန် တွေးလိုက်၏ - ဒီလောင်ဇီက တအားပူပန်နေတာလေ၊ ဒါပေမဲ့ မင်းကတော့ အေးအေးဆေးဆေးဖြစ်နေတယ်ပေါ့၊ မင်းကိုယ်မင်း အနားလာယူတယ်လို့ တကယ်ထင်နေတာလားကွ?
ကိုယ့်တာဝန်ကိုယ်လုပ်ဖို့ မေ့နေတာလားကွ...
ကုချန်က အုန်းနို့နောက်တစ်ငုံသောက်လိုက်ပြီး ပေါ့ပေါ့ပါးပါးဟန်ဖြင့် "မင်းမိန်းမက ငါ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမှာမဟုတ်ဘူးလား?"
"အင်း" လုယန် ပေါ့ပေါ့တန်တန်တုံ့ပြန်လိုက်ပြီးနောက် သူ့သမီးနှစ်ယောက်ဆီ အာရုံပြန်ရောက်သွားပြီး သူ့ဘေးကရဲဘော်ကုချန်ကို အာရုံသိပ်မထားခဲ့ပေ။ သူ ပိန္နဲသီးတစ်ခြမ်းကိုခွဲ၍ ရွှေဝါရောင်ပိန္နဲသီးနှစ်ခုကို ခွာလိုက်ပြီး သူ့သမီးလေးနှစ်ယောက်ကို ကျွေးလိုက်သည်။
ကုချန်: "…"
ကုချန်က စိတ်ဓာတ်ကျနေမိပြီ။
သူ တစ်ကိုယ်တည်းတွေးနေမိသည်မှာ - တပ်ရင်းမှူးတစ်ယောက်အနေနဲ့ လုယန်က သူ့ကို တစ်ခုခုမေးဖို့လိုတယ် မဟုတ်ဘူးလား? တပ်ခွဲခေါင်းဆောင်ပြောခဲ့တာတွေကို မေ့သွားပြီလားကွ?
မင်းတို့ လူတွေကိုမိတ်ဆက်ပေးချင်ရင် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင်လို့ နှစ်ယောက်တည်းအတူတူရှိမယ့် ပတ်ဝန်းကျင်လေးကူညီဖန်တီးပေးသင့်တာမဟုတ်ဘူးလားကွာ၊ အဲဒီအစား ဒီလို... အမျိုးသမီးတွေအချင်းချင်း စကားပြောနေကြပြီး မင်းနဲ့ငါကတော့ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေရတယ်...
- မင်းတို့လင်မယားနှစ်ယောက် ဘယ်လိုတွေလုပ်နေကြတာလဲဟ?
သို့သို့လေးနှင့် ရုန်ရုန်လေးတို့က ပန်းကန်တစ်လုံးကို တစ်ယောက်တစ်ဝက်စီစားပြီးသွားတဲ့အခါ ဗိုက်ပြည့်သွားကြလေပြီ။ သူတို့ ပိန္နဲသီးအစိတ်သေးသေးကိုယူ၍ သူတို့ဘာသာသူတို့ အခွံနွှာနေကြ၏။ ဒါက သူတို့အတွက် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ကစားနည်းတစ်ခုပင်။
သူမလေးရဲ့ နူးနူးညံ့ညံ့လက်ချောင်းလေးတွေက အဝါရောင်အမျှင်တွေကိုဖယ်ထုတ်ကာ သူတို့လက်သီးတစ်ဝက်အရွယ်လောက်ရှိတဲ့ ပိန္နဲသီးကို တူးထုတ်လိုက်ကြ၏။ သို့သို့က တစ်ခုကို သူမဖေဖေဆီ ကမ်းပေးလိုက်ပြီး "ပါးပါး စား၊ ပါးပါး စားပါဦး!"
ချင်းရို့ ထိုင်ခုံပုလေးကို ဆွဲယူပြီး ထိုင်လိုက်သည်။
အငယ်လေးရုန်ရုန်က သူမအခွံနွှာထားတဲ့ပိန္နဲသီးကို သူမမေမေဆီ ကမ်းပေးလာကာ "မားမား စား မားမား စားပါဦး!"
"အိုကေ ပါးပါးစားလိုက်ပြီ" လုယန်က သူ့သမီးလေးပေးတဲ့ပိန္နဲသီးကို ယူလိုက်ပြီး နှစ်ကိုက်သုံးကိုက်နဲ့စားလိုက်ကာ သံလွင်သီးလိုအစေ့လေးပဲကျန်ပါတော့သည်။ သို့သို့က ပန်းကန်သေးသေးလေးထဲမှာ ပိန္နဲသီးအစေ့ကို စုထားလိုက်၏။ "ဥ!"
ရုန်ရုန်: "ဒါက ကျောက်တုံးပဲ!"
"ဥပါဆို!"
ချင်းရို့ အပြုံးလေးနဲ့ ပြောလိုက်သည်။ "ဒါက ပိန္နဲသီးအစေ့ပါကွယ်"
"သမီးတို့ ဒါတွေကိုစိုက်ပြီး အပင်ပေါက်စေချင်ကြလား?"
"ဟုတ် အပင်ပေါက်လာကြ!"
"ဒါဆို မနက်ဖြန် သို့သို့နဲ့ရုန်ရုန်က ပါးပါးနဲ့အတူတူ အပင်သွားစိုက်လိုက်ကြနော် အဆင်ပြေလား?"
"ဟုတ်!!"
ကုချန် ပိန္နဲသီးတစ်လုံးကို အခွံခွာပြီး စားနေရင်း မိသားစုလေးယောက် ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြတာကို ကြည့်နေလေ၏။ ဒီလင်မယားဟာ ကလေးတွေပြုစုပျိုးထောင်ရင်း ပျော်ရွှင်မှုကို အပြည့်အ၀ခံစားနေကြပြီး သူ့အကြောင်း လုံးဝမတွေးခဲ့ကြချေ။
ကုချန်က "လုယန် မင်းရဲ့သမီးတွေက…" လို့ ပြောလိုက်ရုံကလွဲပြီး မတတ်နိုင်ခဲ့တော့ပေ။
"ဘာလဲ?" လုယန် ပြုံးကာ သူ့သမီးလေးနှစ်ယောက်ကို ပွေ့ဖက်ရန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး "ငါ့သမီးတွေက ချစ်စရာကောင်းတယ်မဟုတ်လား? မင်းမှာ အနာဂတ်သမီးလေးတွေမရှိမှာကိုပဲ စိုးရိမ်မိပါရဲ့ကွာ။ လာ မင်းလုကောရဲ့ သမီးလေးတွေကိုပဲလာကြည့်တော့"
"လိမ္မာတဲ့သမီးလေးတွေ... ဦးဦးကုအတွက်လည်း ပိန္နဲသီးခွာပေးလိုက်ပါဦး"
"ကောင်းပါပြီ!!" ကလေးမလေးနှစ်ယောက် နာနာခံခံလေး ခေါင်းညိတ်ပြလာသည်။
"ပါးပါး ဒီဥလှလှလေးကနေ အစေ့လေးတွေဖြစ်ပါ့မလားနော်?"
"သမီးတို့ကြိုက်တာတွေ ပါးပါးတို့သိမ်းထားကြမယ်လေ"
ကုချန်: "…"
နောက်ဆုံးတော့ ကုချန်က တပ်ခွဲခေါင်းဆောင်ရှဲ့ရုန်ကျန်း ပြောတာတွေကို နားလည်သွားလေပြီ။ ဒီခွေးအိုကြီးလုက အရမ်းဆိုးတာပဲ... သူ့မှာ ကောင်းကောင်းမွန်မွန်ဘဝရှိနေပြီဖြစ်သလို ပွေ့ဖက်ရန် ချစ်စဖွယ်ဇနီးလေးရှိနေပြီး သားသမီးတွေထွန်းကားနေပြီဖြစ်သော်လည်း သူတစ်ယောက်တည်း ဖွဲနုစားပြီး အထီးကျန်နေတာကို သူတို့က ဒီအတိုင်းကြည့်နေကြပြီး ကူညီဖို့လက်တစ်စုံမကမ်းချင်ကြဘူး...
ချင်းရို့က သူမသမီးလေးဘေးက ခုံတန်းလေးမှာ ထိုင်ချလိုက်ပြီး လုယန်က သူမလက်ကိုကိုင်ကာ သူ့ပေါင်ပေါ်မှာ တင်ထားလိုက်၏။ အနှီဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့သမီးလေးနှစ်ယောက် ပိန္နဲသီးခွာနေတာကိုကြည့်နေကြရင်း ချစ်ကြည်နူးတစ်တီတူးစွာ တီးတိုးစကားဆိုနေကြသည်။
"ကလေးတွေကို ပြန်ခေါ်သွားတော့၊ လျှော့စားခိုင်းထားဦးလေ။ ကျွန်မတို့ ဆရာမလင်းနဲ့ တခြားသူတွေ လျှောက်သွားပြီးပြန်လာကြတဲ့အခါ အပြင်မှာ ပျော်ပွဲစားထွက်ကြမယ်လေ"
"အသားကင်လား? ကိုယ် ကမာကြက်ဥမွှေကြော်စားချင်တယ်"
"ရှင့်သဘော... ကျွန်မ ရှင့်အတွက် သံပခြုပ်လည်း ကင်ပေးမယ်..."
"ကိုယ် ကမာကင်လည်းစားချင်တယ်..."
…
နားထောင်ကြည့်ကြပါဦး... အသက် ၃၀အရွယ် အမျိုးသားတစ်ယောက်က အလိုလိုက်ခံရတဲ့ကလေးလိုမျိုး ပြုမူနေတုန်းပဲတဲ့ဟေ။
ကုချန် နှုတ်ဆိတ်နေကာ ဘယ်လိုစကားစပြောရမလဲပင် မသိတော့၊ မင်းတို့နှစ်ယောက် ငါ့ကိုမေ့နေကြပြီလားကွ...
ရဲဘော်ရှောင်ကုတွေးနေမိသည်မှာ - ငါ နှစ်အတော်ကြာ လက်တွဲဖော်ရှာမတွေ့ခဲ့တာ မင်းတို့နှစ်ယောက်မှာလည်း တာဝန်တစ်ဝက်ရှိတော့ တာဝန်ယူကိုယူရမှာပဲ...
ညနေစောင်းတွင် ဆရာမလင်းနဲ့ ကျောင်းသားတွေ ပြန်ရောက်လာကြ၍ ညနေခင်းလေပြေလေညင်းတိုက်ခတ်တဲ့ ပင်လယ်အော်နားမှာ ပျော်ပွဲစားထွက်ကြ၏။ ဤသည်မှာ ယနေ့ခေတ် တက္ကသိုလ်ကျောင်းသားတွေ မကြာခဏကျင်းပလေ့ရှိတဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေထဲကတစ်ခုပင်။
ကျောင်းသားအများစုက အားလပ်ရက်အတွင်း အပြင်ထွက်၍ ပျော်ပွဲစားထွက်ရတာကို နှစ်သက်ကြ၏။ လူတိုင်း ပျော်ပွဲစားထွက်ကြတဲ့အခါ အသားကင်ကင်စားရန် တောတောင်တန်းတွေဆီ ဆန်နဲ့အိုးတွေယူသွားကြပြီး လမ်းတလျှောက်လုံး သီချင်းဆိုရင်း ရယ်မောပျော်ရွှင်နေကြသည်။
ယခုအခါ အပူပိုင်းဒေသကျွန်းတစ်ကျွန်းကို ရောက်နေတဲ့အခါ အချိန်ကောင်းလေးတစ်ခုရဖို့ ပျော်ပွဲစားမထွက်ဘဲ ဘယ်လိုလုပ်ပြီးနေနိုင်မှာလဲနော်...
ပျော်ပွဲစားထွက်ရန်နေရာတစ်ခုကို ရွေးချယ်ခဲ့ကြပြီး ရွာသားတော်တော်များများလည်း လာရောက်ပျော်ရွှင်ကြ၍ မီးပုံပွဲတောင်လုပ်ခဲ့ပါသေးသည်။ သူတို့ ဘာသာစကားမတူကြပေမယ့်လည်း လူတစ်စုက သီချင်းအတူတူဆိုရင်း အတူတူကနေကြပြီး အနီရောင်မီးတောက်မှာ လူတိုင်းရဲ့မျက်နှာကို ရောင်ပြန်ဟပ်နေသဖြင့် မြင်ကွင်းမှာ အလွန်အသက်ဝင်နေလျက်။
လူကြီးတွေက ကနေစဥ် ကလေးမလေးနှစ်ယောက်ဟာ ငြိမ်ငြိမ်မနေပါချေ၊ သူတို့လက်ထဲမှာ ခရုခွံလှလှလေးတကြိုးကိုကိုင်ထားပြီး မီးပုံရှေ့မှာ တွန့်လိမ်နေ၍ သူတို့မေမေချင်းရို့ကို အားရပါးရ ရယ်မောစေခဲ့သည်။
အခြားသူတွေလည်း ဒီညီအစ်မနှစ်ယောက်ကို မစနောက်ဘဲမနေနိုင်တော့...
"ဒီညီအစ်မနှစ်ယောက် ကတာ အရမ်းလှတာပဲနော်"
"သို့သို့လေးက ဘယ်သူလဲ၊ ရုန်ရုန်လေးက ဘယ်သူလဲ"
"အကောင်းဆုံး အကသမားက ရုန်ရုန်!"
"အကောင်းဆုံး အကသမားက သို့သို့!"
xxx