အခန်း (၂၉၀-၂၉၁)
Vol. 24 Ch. 290-291
Ch-290
သို့သို့လေးက ပျော်ရွှင်စွာ ကခုန်နေရင်း သူမမေမေဆီ လက်ဝှေ့ယမ်းပြ၍ "မားမား လာက!"
ရုန်ရုန်: "မားမားကတာ အကောင်းဆုံးပဲ"
ချင်းရို့: "…"
ငါ့သမီးတွေက ငါ့ကို ဘာလို့ဆေးထိုးနေရတာလဲနော်...
"သမီးတို့နှစ်ယောက် ကလေ၊ မားမားအရမ်းပင်ပန်းနေလို့ကွယ်၊ မားမားက သို့သို့လေးနဲ့ ရုန်ရုန်လေးတို့ ကတာပဲကြည့်ချင်လို့..."
"ပါးပါး တကယ်လားဟင်? မားမားက အရမ်းပင်ပန်းနေတာလား?"
လုယန် ပြုံး၍ "ဟုတ်တယ်၊ သမီးတို့မားမားက ဒီနေ့ အရမ်းပင်ပန်းနေပြီ။ နောက်မှ အိမ်ပြန်ရောက်မှပဲ မားမားကို ကပြခိုင်းလိုက်မယ်နော်"
"ကောင်းပါပြီ" သို့ရုန်ညီအစ်မနှစ်ယောက်ဟာ ဝမ်းနည်းပက်လက် ခေါင်းသာညိတ်ပြနိုင်ခဲ့၏။ ထို့နောက် အကြံတစ်ခုရသွားကာ "ပါးပါး ပါးပါးလည်း လာကလေ!"
"ပါးပါး ကမယ်!"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ လုယန် သွားကလေ! ရှင့်သမီးတွေနဲ့အတူတူသွားကလိုက်! သမီးတွေက အခုဆိုကြီးလာကြပြီဆိုပေမဲ့ ရှင်နဲ့အခုထိ မကဖူးသေးဘူး" ချင်းရို့ ပြုံး၍ ရဲဘော်လုကို သူ့သမီးတွေနှင့်အတူ သွားကဖို့ တိတ်တဆိတ်တိုက်တွန်းလိုက်လေ၏။
"သမီးတို့ပါးပါးလည်း အကတော်တယ်!"
ချင်းရို့က လုယန်ကို တစ်ချက်ကြည့်လိုက်ပြီး ချစ်စရာ ကတ်ကြေးပုံစံလက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်လိုက်ရင်း "ဒီအကလေ၊ မှတ်မိတယ်မလား?"
ခပ်ကြမ်းကြမ်းကောင်လေးက ချစ်စဖွယ်အကကို ကနေတယ်...
သူမကန်းနေရင်တောင်မှ ကြည့်ချင်နေဦးမှာပဲ!
လုယန်: "…"
လုယန် ချင်းရို့မျက်နှာလေးကို မပျော်မရွှင် ဆွဲဖျစ်လိုက်ပြီး ကြယ်လေးတွေလို တလက်လက်တောက်ပနေတဲ့မျက်လုံးတွေနှင့် သူမအား စေ့စေ့ကြည့်ကာ "ရို့မိန်က မင်းရဲ့လုကောကို လှည့်စားနေတယ်ပေါ့"
"ကျွန်မကို ဆွဲဖျစ်မနေနဲ့၊ ရှင့်သမီးတွေနဲ့ သွားကစားပေးလိုက်ဦး"
…
ချူကော မီးပုံဘေးတွင်ထိုင်ကာ သူမရဲ့မေးစေ့ပေါ် လက်ထောက်ထားပြီး မနီးမဝေးမှာရှိနေတဲ့ ချင်းရို့ကိုကြည့်နေရင်း သူမစိတ်ထဲတွင် မနာလိုအားကျစိတ်တွေ ခံစားလိုက်ရလေသည်။
သူမနားထဲမှာ အတန်းဖော်တွေရဲ့ တီးတိုးစကားသံတွေကို ကြားလိုက်ရပါသေးသည် - "ချင်းရို့တို့မိသားစုက အရမ်းပျော်ရွှင်နေကြတာပဲနော်"
"သူမယောကျာ်းက အရာရှိကြီး မဟုတ်လား? ငါ သူ့ကို အရင်ကသိပ်မတွေ့ဖူးတော့ သူတို့အတူတူရှိနေချိန်ရှားလို့ သူတို့ဆက်ဆံရေးကသာမန်ပဲလို့ ထင်ခဲ့တာလေ။ သူတို့လင်မယားဆက်ဆံရေးက ဒီလောက်ကြီးကောင်းနေမယ်လို့ ငါမထင်ထားမိဘူးဟယ်"
"နင်မသိဘူးလား? သူမယောကျ်ားက သူမကို အကြိမ်ကြိမ်ကျောင်းလိုက်ပို့ပေးခဲ့တာဟ"
"ချင်းရို့က အရမ်းပျော်နေတာပဲနော်။ ကျောင်းမှာရှိတုန်းကနဲ့ လုံးဝကိုတခြားစီ။ သူမယောက်ျားကို ကြည့်လိုက်တိုင်း သူမမျက်လုံးတွေ တောက်ပနေရော၊ သူတို့က တကယ်ချစ်နေကြတာပဲနော်"
…
"ချင်းရို့ ငါ နင့်ကိုအရမ်းအားကျလိုက်တာ၊ နင့်မှာ ပျော်စရာကောင်းတဲ့မိသားစုလေးရှိတယ်၊ နင့်ယောကျာ်းနဲ့လည်း လင်မယားဆက်ဆံရေးကောင်းနေရော"
ချူကောက ချင်းရို့ရဲ့ နံဘေးကို လျှောက်လာပြီး အမှန်တစ်ဝက်ပါတဲ့စကားတွေကို မပြောဘဲမနေနိုင်တော့ပေ။
"ချင်းရို့ရေ ငါတို့ ဒီလောက်ဆက်ဆံရေးကောင်းကြတာဟာ၊ နင် ငါ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးလို့ရတယ်နော်"
သူမ လက်တွဲဖော်တစ်ယောက်ကို အမှန်တကယ် ရှာဖွေချင်သော်လည်း ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ဆိုတာ အလျင်စလိုလုပ်လို့မရဘူးလေ...
"နင်လည်း လက်တွဲဖော်ရှာချင်နေပြီလား?"
ချင်းရို့ အပြုံးလေးနှင့် သူမကိုကြည့်၍ "ငါပြန်သွားတဲ့အခါ နင့်အတွက် သင့်တော်တဲ့လူရှိမရှိ ကြည့်ပေးမယ်လေ၊ ပြီးရင် နင်နဲ့ မိတ်ဆက်ပေးမယ်နော်"
"အိုကေ!" ချူကော ချက်ချင်းသဘောတူလိုက်၏။
ဘေးနားကမီးပုံမှာ ကုချန်ရဲ့ မှည်းမှောင်နေတဲ့မျက်နှာကို ထင်ဟပ်နေသည်။
ကုချန်က သူ့နှလုံးသားထဲတွေးနေမိသည်မှာ - ဒီနေ့ ငါက ကိုယ်ပျောက်နေလို့လားဟ? ဒီနေ့ ငါဒီမှာရှိနေတာကို သူတို့မေ့သွားကြပြီလား?
ကုချန် အခုချိန်မှာ ကူကယ်ရာမဲ့နေလျက်၊ သူ့မှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံသိပ်မရှိသူပင်။ သူက အမျိုးသမီးတွေနဲ့ စကားပြောခဲသလို မိန်းကလေးတွေအချင်းချင်း သီးသန့်ဘာတွေပြောကြမှန်းလည်း သူမသိပါချေ။
အရင်က သူ့ဘာသာ စိတ်ပူနေပေမယ့် အခုတော့... ကံကောင်းထောက်မစွာဖြင့် နောက်တစ်ယောက် ရှိနေပါသေးရဲ့။
"တပ်ရင်းမှူးလု ငါ မင်းကိုပြောစရာရှိတယ်" ကုချန်အမူအရာမှာ ထူးထူးခြားခြားလေးနက်နေလျက်။ သူ့ပတ်ဝန်းကျင်ရှိလူတွေအားလုံး သူပြောတာကိုကြားလိုက်ရတဲ့အခါ စိတ်ရှုပ်ထွေးစွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
သူက တပ်ရင်းမှူးလုလို့ခေါ်လိုက်တယ်... တစ်ခုခုပြောစရာရှိတယ်လို့လည်းပြောလိုက်တယ်ဆိုတော့... တစ်ခုခုကြီးကြီးမားမားဖြစ်သွားတာများလား?
ချင်းရို့ပင်လျှင် သူတို့နှစ်ယောက်လုံးကို မသင်္ကာစွာကြည့်လိုက်ပါသေးသည်။
လုယန်နှင့် ကုချန်တို့ ခပ်ဝေးဝေးသို့ လမ်းလျှောက်သွားခဲ့ကြရင်း ကမ်းခြေဘက် ရောက်လာခဲ့သည်။
ညခင်းလေညင်းအောက်မှာ ဒီရေတက်လာပြီး ပြန်ကျသွားသည်။ လုယန် မျက်ခုံးပင့်လျက် "မင်းဘာဖြစ်နေတာလဲ?"
ကုချန်သည် တစ်စုံတစ်ယောက်က သူ့အပေါ် ပိုက်ဆံအကြွေးတင်နေသလိုမျိုး အေးတိအေးစက်ဖြင့် "မင်း ခွေးအိုကြီးလု..."
လုယန်ရဲ့မျက်နှာလည်း အေးစက်သွားကာ "မင်း သင်ခန်းစာပေးခံချင်နေတာလား?"
"မင်းတို့နှစ်ယောက် တစ်ခုခုမေ့နေတာလားကွ?"
"ဘာလဲ?"
ဟန်ဆောင်နေလိုက် ! ! !
ကုချန်သည် မင်းလိုခွေးအိုကြီးလုဟာ ငါ့ဘဝအတွက် ရန်သူတော်ကြီးပဲလို့ တွေးနေရင်း လုယန်ကို စိုက်ကြည့်နေမိသည်။ မင်းကတော့ မင်းဘဝမင်းပျော်မွေ့နေပြီးတော့ ရဲဘော်ကုအတွက်တော့ လုံးဝမစဥ်းစားပေးဘူးပဲကွ။
ကုချန်သည် ယခုအခါ တပ်ခွဲခေါင်းဆောင်ရှဲ့ရုန်ကျန်းပြောတာကို လုံးလုံးသဘောတူနေမိ၏။
"တပ်ခွဲခေါင်းဆောင်ပြောတာကို မင်းမှတ်မိလား?"
"သူဘာပြောခဲ့လို့လဲ?" လုယန်က လက်ပိုက်၍ မတ်တပ်ရပ်နေရင်း "သြော် မင်းအတွက် လက်တွဲဖော်ရှာခိုင်းတဲ့ကိစ္စလား?"
"စိတ်မပူပါနဲ့ ငါ့မိန်းမနဲ့ ငါက လူကောင်းတွေဆို တော့ ငါတို့တွေ မင်းကို နားလည်ပါတယ်ကွာ" ဒီကောင်က အိမ်ထောင်ပြုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးခံနေရကြောင်း လုယန်သိသော်လည်း လုယန်က ဒီနေ့ ပျော်ရွှင်နေတာကြောင့် စိတ်အခြေအနေကောင်းနေသဖြင့် သူ မပျော်မရွှင်ဖြစ်နေသည်ကို ခွင့်လွှတ်ပေးလိုက်သည်။
လုကောက သဘောထားကြီးပေးလိုက်မယ်၊ ဒီကောင့်ကို ဒေါသမထွက်တော့ဘူး...
ကုချန်: "…"
မင်း ဘာကိုမှနားမလည်ဘူးပဲ!
ကျောက်ကျန်းဟုန်နှင့် လောင်ဝမ်တို့သည် လုယန်ဟာ အခြားသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကြံပေးကောင်းတစ်ဦးဖြစ်ကြောင်းနှင့် စုံတွဲအများအပြားကို အောင်သွယ်ပေးခဲ့ကြောင်း ပြောခဲ့ကြပေမယ့် ကုချန်ကတော့ သူတို့လျှောက်ပြောနေတယ်လို့ပဲ ခံစားနေမိပြီ။
လုယန် သူ့ပုခုံးကိုပုတ်ပေးလျက် "စိတ်မပူနဲ့တော့၊ မင်းကို တခြားသူတွေနဲ့မိတ်မဆက်ပေးဖို့ ငါ့မိန်းမကို ငါပြောထားပြီးသား"
"မင်းကတော့ နှစ်ရက်လောက်နားလိုက်ပြီး ဒီမှာပျော်ပျော်နေပေါ့"
မင်း လက်တွဲဖော်မရှာချင်ဘူးဆိုရင် ရှာမနေနဲ့ပေါ့... ငါတို့လုမိသားစုက ဘယ်သူ့ကိုမှ အတင်းမလုပ်ပါဘူးကွာ...
ကုချန် သွေးအန်မိတော့မလိုပင်။ သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလိုဆိုးရွားတဲ့အောင်သွယ်တော်မျိုးရှိနေရတာလဲလို့ တွေးနေမိတာလေ၊ လတ်စသတ်တော့ မင်းကြောင့်ကိုး၊ ခွေးအိုကြီးလုက ဒီကိစ္စရဲ့လက်သည်ပဲ...
ကုချန်မျက်နှာမှာ မည်းမှောင်နေပြီး အံကြိတ်ကာ "မင်းမိန်းမဘေးက မိန်းကလေးလေ၊ ချူမျိုးရိုးနဲ့တစ်ယောက်ကို ငါနဲ့ မိတ်ဆက်ပေးပါဦး"
ဒီလိုလူမျိုးနဲ့ရင်ဆိုင်ရာတွင် သူ့ခေါင်းတည့်တည့်ကို ကန်နိုင်မှပဲရတော့မှာ...
လုယန် ပါးစပ်ထောင့်လှုပ်သွားပြီးနောက် "ဖူး….."
ရဲဘော်ရှောင်ကုရှေ့မှောက်၌ပင် အရာရှိလုတစ်ယောက် အော်ရယ်နေပါတော့သည်။
"ဒီတော့ မင်းလည်း ဒီလိုနေ့မျိုးရှိလာပြီပေါ့" လုယန် သူ့ရယ်သံကို မထိန်းနိုင်တော့ပေ၊ "ငါတွေးနေမိတာကွာ... ဒီနေ့ ငါတို့ရဲ့ ရဲဘော်ရှောင်ကုက ရှက်ရွံ့တဲ့မိန်းကလေးတစ်ယောက်လိုမျိုး လုပ်မနေပါဘူးလို့လေ၊ လတ်စသတ်တော့ ဒီလိုပွဲမျိုးကို ငါကြည့်ဖို့စောင့်နေတာကိုး"
"လုယန်!" ကုချန် သူ့ကို စိုက်ကြည့်ရင်း "မင်းက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပေါ့လေ?!!"
"ရည်ရွယ်ချက်ရှိရှိလို့ မင်းပြောရင်လည်း ရည်ရွယ်ချက်ရှိရှိပဲပေါ့ ဟားဟားဟား..."
"ရယ်နေတာရပ်လိုက်တော့၊ မင်းက တအားစိတ်အနှောင့်အယှက်ပေးတတ်တဲ့အရာရှိပဲ! မင်း ဘယ်လိုလုပ်ပြီး တပ်ရင်းမှူးဖြစ်လာရတာလဲကွ? လာပါ ငါ့ကိုအကြံနည်းနည်းပေးဦး..."
မင်းက တခြားသူရဲ့ခေါင်မိုးအောက်မှာရှိနေရင်တော့ ခေါင်းငုံ့ထားရမှာပဲ။ သူ့နှလုံးသားထဲမှာ အကြိမ်ပေါင်းများစွာ ဆဲဆိုကြိမ်းမောင်းနေရင်တောင်မှ ရဲဘော်ကုချန်ဟာ ခေါင်းကိုငုံ့ထားပြီး တခြားသူကို တောင်းဆိုနေရဆဲ။
"ကျစ် ကျစ် ကျစ်" လုယန် မျက်ခုံးပင့်ကာ "မင်း သူမကို ကြိုက်လား? ကြိုက်တယ်ဆိုရင်တော့ မင်းဘက်က အရင်စသင့်တယ်"
"မင်းကိုယ်မင်းကြည့်စမ်းပါဦး၊ ငါ့ကို ဒီအကြောင်းတွေပြောပြဖို့ ဒီလောက်ညနက်တဲ့အထိစောင့်နေတာ"
"အသုံးမကျတဲ့လူပဲ"
"မင်းရဲ့ညီအစ်ကို မျက်နှာပျက်စေတယ်ကွ!"
ကုချန် အသက်ပြင်းပြင်းရှူလိုက်ရင်း အခုတော့ ခဏစိတ်ထိန်းထားရဦးမယ်လို့ သူ့ကိုယ်သူပြောနေလိုက်သည်။ တခြားသူကိုခေါင်းငုံ့တောင်းဆိုပြီး ကိစ္စအရင်ပြီးအောင်လုပ်ရမယ်လေ
"မင်းတုန်းကရော? လုယန်..."
ကုချန်က သူ့အတွေ့အကြုံကို မေးမြန်းလိုက်၏။ "မင်း... မင်း... မင်းကရော ဘယ်လိုစခဲ့တာလဲ?"
ကုချန်သည် အသက်သုံးဆယ်ကျော်အရွယ်ရှိပြီဖြစ်ပြီး အမျိုးသမီးတစ်ဦးကို တစ်ခါမှ မလိုက်ဖူးသေးပေ။ အရင်က မရေမတွက်နိုင်တဲ့ဘလိုင်းဒိတ်များစွာရှိခဲ့သော်လည်း သူ အမြဲတမ်းအေးတိအေးစက်သာ ဆက်ဆံခဲ့သည်လေ။
ဒီတော့ သူ ဘယ်လိုအစပျိုးရမှာလဲလို့?
ကုချန်ဆိုသူမှာ လူတွေ သူ့အပေါ်တွယ်ကပ်မနေအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပဲ သိသူဖြစ်၏။
"လုယန်၊ မင်း အယုတ်တမာကောင်... မင်းအဲဒီအချိန်တုန်းက ဘယ်လောက်တက်ကြွနေနိုင်မှာလဲကွ?"
အဲဒီအချိန်တုန်းက သူတို့ အရမ်းငယ်ကြသေးတာလေ၊ လုယန်ရဲ့ ဒေါသနဲ့ဆို သူ့ထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကုချန် မယုံနိုင်ပါချေ။
လုယန်: "…"
လုယန်ကတော့ ငါဆိုတဲ့လုကောက မင်းထက် ပိုစွမ်းဆောင်နိုင်တယ်လို့ သူ့ကိုယ်သူတွေးနေမိသည်။ ငါလုကောက ပြန်သွားတာနဲ့ လက်ထပ်ခွင့်လျှောက်လွှာအစီရင်ခံစာတင်ဖို့ အစပြုခဲ့တယ်လေ...
"ပြောလေ လောင်လု၊ မင်း ဘယ်လိုအစပျိုးခဲ့တာလဲ?"
လုယန် လျှို့ဝှက်ဆန်းကြယ်စွာပြုံးလိုက်ပြီး "မင်းရဲ့မရီးကိုခေါ်ပြီး ရုပ်ရှင်သွားကြည့်တယ်၊ ငါတို့အတူတူ ဖရုံစေ့တွေစားကြတယ်။ မင်းမရီးက ရုပ်ရှင်ဇာတ်လမ်းကြောင့် ထိရှသွားပြီး ငါ့ပခုံးပေါ်မှာမှီပြီး ငိုတယ်လေ၊ ငါက သူမမျက်ရည်တွေကို ညင်ညင်သာသာလေး သုတ်ပေးလိုက်တာပေါ့... ပြီးတော့ ငါတို့ အတူတူရှိသွားကြတယ်"
ကုချန်: "... " အဲဒီတုန်းက လောင်လု တော်တော်တက်ကြွနေမယ်လို့ မထင်ထားမိဘူးဟေ။
xxx
Ch-291
လုယန် လျှို့ဝှက်ဆန်းကြယ်စွာပြုံးလိုက်ပြီး "မင်းရဲ့မရီးကိုခေါ်ပြီး ရုပ်ရှင်သွားကြည့်တယ်၊ ငါတို့အတူတူ ဖရုံစေ့တွေစားကြတယ်။ မင်းမရီးက ရုပ်ရှင်ဇာတ်လမ်းကြောင့် ထိရှသွားပြီး ငါ့ပခုံးပေါ်မှာမှီပြီး ငိုတယ်လေ၊ ငါက သူမမျက်ရည်တွေကို ညင်ညင်သာသာလေး သုတ်ပေးလိုက်တာပေါ့... ပြီးတော့ ငါတို့ အတူတူရှိသွားကြတယ်"
ကုချန်: "... " အဲဒီတုန်းက လောင်လု တော်တော်တက်ကြွနေမယ်လို့ မထင်ထားမိဘူးဟေ။
ကုချန်သည် ဒီလူဟာ သူ့လက်တွဲဖော်နဲ့ ချောချောမွေ့မွေ့ဒိတ်နိုင်ခဲ့သည်ကို တွေးတောမိရင်း သူ့နှလုံးသားထဲမှာ ချဉ်စူးသလို ခံစားလိုက်ရ၏။ သူ့မိန်းမက သူနဲ့လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ တပ်မတော်နဲ့အတူ ချုံကျိုးကျွန်းကိုလိုက်ခဲ့တယ်၊ သူတို့နှစ်ယောက်ချစ်ခဲ့ကြတာလည်း ဆယ်နှစ်ရှိပြီ... သားတွေသမီးတွေလည်းရှိနေပြီ.. ချီးပဲ... ကမ္ဘာပေါ်က ကောင်းတဲ့အရာတွေအားလုံး သူ့ရှေ့က ဒီကောင်ဆီကိုပဲ ဘယ်လိုရောက်နေရတာတုန်း...
"ဒါဆို မင်း... မင်း ငါ့အကြောင်းကို မရီးဆီ အရင်ပြောပြသင့်တယ်၊ ပြီးမှ ငါ့ကို အကြံနည်းနည်းပေးပေါ့"
ကုချန်က သူ့လက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ပြီး "ငါလည်း ရုပ်ရှင်သွားကြည့်မယ်ကွာ။ ငိုရတဲ့ဇာတ်ကားမျိုးကြည့်ရမယ်မဟုတ်လား?"
"ငါနားလည်ပြီ"
လုယန်က ကုချန်နှင့်စကားပြောပြီးနောက် ချင်းရို့ဆီပြန်လာပြီး ရဲဘော်ကုချန် အတွေးတွေကို ပြောပြလိုက်သည်။ ချင်းရို့မှာ ခဏလောက် ထိတ်လန့်သွားပြီးမှ အာမေဍိတ်သံထွက်လာပါတော့သည်။ "ဝိုး!!"
"ဒါဆို ကျွန်မ ချူကောနဲ့ စကားပြောကြည့်လိုက်မယ်လေ၊ သူတို့အချင်းချင်း သဘောကျသွားနိုင်မလားတော့ ကျွန်မလည်းမသိဘူး"
ချင်းရို့လည်း နှစ်ပေါင်းများစွာကြာပြီးနောက် ရဲဘော်ကုချန်ဟာ ရဲဘော်ကောင်းဖြစ်ပြီး မကောင်းတဲ့ဝါသနာတွေမရှိဘဲ အလုပ်အတွက်သာ စိတ်အားထက်သန်၍ အသက်၃၀ကျော်နေလာခဲ့ကြောင်း သိလာခဲ့သည်။ သူသည် ရုပ်ရည်ချောမောပြီး မိသားစုနောက်ခံကောင်းရှိသော်လည်း ယောက်ျား၊ မိန်းမတွေနှင့် ဘယ်တော့မှ ရှုပ်ရှုပ်ထွေးထွေးမပတ်သက်တဲ့အတွက် အလွန်ယုံကြည်စိတ်ချရတဲ့လက်တွဲဖော်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။
ထို့ကြောင့် ချင်းရို့လည်း မေးမြန်းရန် ချူကောဆီ အပြေးသွားပါတော့သည်။ "ဒီနေ့ သို့ရုန်လေးတွေကို ခေါ်လာပေးတဲ့ ကုချန်ကို နင်ဘယ်လိုသဘောရလဲ?"
ချူကော နှလုံးခုန်သံနှေးကွေးသွားလျက်၊ "ဘာကိုဘာသဘောရသလဲလို့မေးနေတာတုန်း?"
သူမက ဒီလောက်မြန်မြန်ကြီး သူမကို မိတ်ဆက်ပေးတော့မှာလား?
မမချင်းရို့က (သူမပြောတာတွေကို) အလေးအနက်ယူလိုက်တာလား?!
"သူ... သူက အရမ်းကြည့်ကောင်းတယ်၊ သူ့အကြောင်းကို အတန်းဖော်မိန်းကလေးတော်တော်များများ တီးတိုးပြောနေတာ ငါကြားလိုက်ရသေးတယ်။ သူက အိမ်ထောင်မကျသေးဘူးဆို? သူက အရမ်းအေးတိအေးစက်နဲ့ တင်းကြပ်တဲ့သူနဲ့တူတယ်နော်၊ သူက စကားအများကြီးပြောရတာ မကြိုက်ဘူးမဟုတ်လား?"
"နင် ငါ့ကို သူနဲ့ မိတ်ဆက်ပေးချင်လို့လား? သူက... ဒီလိုလူမျိုးက ငါ့လိုလူမျိုးကို ကြိုက်မှာမဟုတ်ဘူးနော်"
ချူကောသည် သူမကိုယ်သူမ ကောင်းစွာသိသူပင်၊ သူ့လို အေးတိအေးစက်မာကျောတဲ့လူမျိုးက မိန်းမတွေကို စိတ်မဝင်စားသလို သူမကိုလည်းမကြိုက်ဘူးလို့ ထင်တာပဲနော်...
"ကြိုက်ကြိုက် မကြိုက်ကြိုက် နင်တို့နှစ်ယောက်ကြားမှာ အရာရာအဆင်ပြေသွားမှာပါဟယ်"
ချင်းရို့ သူမစကားတွေကို နားထောင်ပြီးနောက် သူတို့နှစ်ယောက်ကြားမှာ ဖြစ်နိုင်ချေတချို့ရှိတယ်လို့ တွေးလိုက်မိသည်။
ဒီတခေါက်တော့ သူမတို့စုံတွဲ တကယ်ပဲ အောင်သွယ်တော်အဖြစ် အောင်မြင်သွားတော့မလား?
"မနက်ဖြန် နင်တို့ ရုပ်ရှင်သွားကြည့်ရင်ရော?"
ချူကော ခေါင်းညိတ်လိုက်သည်။
နောက်တစ်နေ့တွင် ကုချန်နှင့် ချူကောတို့နှစ်ယောက်သား ရုပ်ရှင်သွားကြည့်ကြသည်။
ရုပ်ရှင်ကြည့်ပြီးနောက် လုယန်က ကုချန်ကို အိမ်ပြန်ပို့ပေးခဲ့သည်။ သူတို့နှစ်ယောက်မှာ အားလပ်ရက်သိပ်မရှိပေ။ ကုချန်က ခရီးသည်ထိုင်ခုံမှာ ထိုင်နေရင်း နောက်ကြည့်မှန်ကနေ သူ့ကိုယ်သူ ကြည့်၍ စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ပေ။
လုယန်ထံမှ သူသင်ယူခဲ့တဲ့ လေချွန်သံအချို့ကို လေချွန်နေလေ၏။
လုယန်: "... " ဒီရင်းနှီးနေတဲ့လေချွန်သံက...
အရင်တုန်းက လုယန် ကပ္ပတိန်ဖြစ်ပြီး သူ လက်ထောက်ကပ္ပတိန်ဖြစ်ခဲ့စဥ်အခါက ကုချန်က သူ့လေချွန်သံဖြင့် နှိပ်စက်ခံခဲ့ရပြီး အခု နောက်ဆုံးတော့ သူ့အလှည့်ရောက်လာပြီလေ။
သူ လေချွန်နေခဲ့သည် ...
- မင်းနဲ့ အချိန်အကြာကြီးနေခဲ့ပြီးတဲ့နောက်မှာ ငါက မင်းဖြစ်လာပြီလေ။
လုယန်က စတီယာရင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မေးလိုက်၏။ "မင်းတို့အခြေအနေဘယ်လိုလဲ?"
"အရမ်းကောင်းတယ်၊ နောင်မှာ ငါတို့အဆက်အသွယ်လုပ်ကြဖို့ ပြောထားကြတယ်။ ငါအိမ်ပြန်ရောက်ရင် စာတစ်စောင်ချက်ချင်းရေးသင့်တယ်လို့ မင်းထင်လား?" ကုချန် အလွန်ချီတုံချတုံဖြစ်နေလျက်၊ သူက သူ့မိသားစုထံ "ရိုးရိုးရှင်းရှင်း"စာအနည်းငယ်ရေးဖူးသည်ကလွဲပြီး ဘယ်သူနဲ့မှ စာအဆက်အသွယ်မလုပ်ဖူးခဲ့ပေ။
သူ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့ ဆက်သွယ်ရင် စာထဲက အကြောင်းအရာတွေဟာ အကျိုးစီးပွားသက်သက်သာ။
တစ်စုံတစ်ယောက်နဲ့ဒိတ်ရင်တော့ ဘာမှလေးလေးနက်နက်ပြောစရာမရှိပုံပဲ...
"ဒါဆို မင်းရေးလေ"
"ဘယ်လိုရေးရမလဲ?" ကုချန်က အသံကျယ်ကျယ်နဲ့ မေးလိုက်သည်။ မေးပြီးနောက်မှ သူ့ကိုယ်သူပြောသလိုမျိုးဖြင့် "လုယန် အရင်တုန်းက မင်းရဲ့ စာစီစာကုံးအမှတ်က သိပ်မကောင်းဘူးဆိုတော့ မရီးဆီ စာတစ်ခါမှမရေးဖူးဘူးထင်တယ်"
လုကော ရယ်မောလိုက်ရင်း "ငါ လုကောက မင်းရဲ့မရီးဆီ စာတွေအများကြီးရေးဖူးတာပေါ့ကွာ။ မင်းက ငါ့ကို ညီအကိုကောင်းလုလို့ခေါ်ရင် သင်ပေးမယ်ကွာ"
ကုချန် အရှက်မဲ့စွာ ခေါ်လိုက်သည်။ "ညီအစ်ကိုကောင်းလုရေ"
သူ အရှက်ကွဲခြင်းကိုသည်းခံပြီး အခုအချိန်မှာ ဘာလို့ အပြင်းအထန်မကြိုးစားရမှာလဲ?
လုယန်: "…"
သူ ကြက်သီးထသွားရလျက်။
အကယ်၍ သူသာ ကားမမောင်းနေခဲ့ရင် သူ့လက်မောင်းပေါ်ကကြက်သီးတွေကို ပွတ်နေမိမှာ။
တပ်စုဆီပြန်ရောက်တဲ့အခါ လုယန်က စာတွေအများကြီးယူထုတ်လာကာ ကုချန်ကို ပြလိုက်ပြီး ရက်ရောစွာပြောခဲ့ပါသေးသည်။ "မင်း ဒါတွေကို စံနမူနာအဖြစ် သုံးလို့ရတယ်"
ရဲဘော်ကျောက်ကျန်းဟုန်သည် နှစ်တွေတစ်လျှောက် စာအများအပြား စုဆောင်းခဲ့သည်။ သူ လုကောကိုလာကြွားတိုင်း လုကောက အများအပြားကူးရေးထားခဲ့ခြင်းပင်။
လုယန်လည်း ကမ္ဘာကြီးကို မမြင်ဖူးသေးတဲ့ ကုချန်အား စာတွေပြလိုက်သည်။
ကုချန် မဖတ်ရသေးရင် ပိုကောင်းပါလိမ့်မယ်၊ ဖတ်ကြည့်ပြီးတဲ့နောက် တကယ့်ကို ထိတ်လန့်သွားရပြီနော်။
လက်ရေးက လုယန်လက်ရေးတွေ အတိအကျမဟုတ်ရင်တောင်မှ စာတွေက တကယ်ပဲဟောင်းနွမ်းနေပြီလေ။ မဟုတ်ပါက ဒီစာတွေကို ဒီခွေးအိုကြီးလုယန်ရေးထားတယ်လို့ သူယုံမှာမဟုတ်ဘူး...
- သူတကယ်ရေးခဲ့တာပဲဟ!!!
စစ်မှန်ကြောင်း အာမခံပါတယ်...
ယခုအခါ ကုချန်သည် လုယန်ကို လေးစားသမှုအကြည့်တို့ဖြင့် မကြည့်ဘဲမနေနိုင်တော့ပေ။ "လုကော ငါ မင်းကို တကယ်လေးစားသွားပြီကွာ"
ဒီလူဟာ အသက်မွေးဝမ်းကြောင်းအလုပ်မှာရော၊ အချစ်ရေးမှာပါ အောင်မြင်နေတာ အံ့သြစရာမရှိတော့ဘူးပဲ။ လတ်စသတ်တော့ သူ့မှာ ဒီလိုအစွမ်းအစတွေရှိနေတာကိုး။ ရဲဘော်ရှောင်ကုလည်း ဒီအချက်နှင့်ပတ်သက်ပြီး ရှုံးနိမ့်ကြောင်း ဝန်ခံရပေမည်။
ရှောင်ကုအဖြစ်ကနေ လောင်ကုအဖြစ် အဆင့်မြှင့်ဖို့အတွက် ဒီအခွင့်အရေးကိုအရယူနိုင်ဖို့ သူမျှော်လင့်မိပါရဲ့ကွာ...
လုယန်: "…"
သိပ်မကြာခင်မှာပဲ ချူကောက ကုချန်ဆီမှ စာတစ်စောင်ကို လက်ခံရရှိလိုက်တဲ့အခါ သူမ ရှက်ရွံ့သွားပြီး နှလုံးခုန်မြန်လာခဲ့ရသည်။
- ရေတပ်ကလူဟာ ဒီလောက်ရိုမန်တစ်ဆန်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိဘူးနော်...
ချူကောက ချင်းရို့ကိုဖုန်းဆက်ပြီး မမေးလိုက်ဘဲမနေနိုင်တော့၊ "ကုချန်နဲ့ဒိတ်ဖူးတဲ့လူဘယ်နှစ်ယောက်ရှိလဲ?"
"တစ်ယောက်မှမရှိဘူး"
"အိုး" ချူကောရဲ့ မနာလိုစိတ်တွေ အနည်းငယ်လျော့ပါးသွားကာ "ဒါဆို သူ ဒါတွေကို တခြားသူတွေဆီကနေ သင်ယူရမှာပေါ့နော်"
"ငါ ခန့်မှန်းကြည့်ဦးမယ်၊ သူ နင့်ရဲ့ အရာရှိလုဆီက သင်ယူရမှာပဲ ဟုတ်တယ်မလား?"
ချင်းရို့ သူမမျက်နှာကို ပွတ်သပ်လိုက်ရင်း "နည်းနည်းပေါ့"
"ဝိုး!! နင့်ရဲ့အရာရှိလုက အချစ်ဆရာကြီးလို့ ငါထင်တယ်!!"
ချင်းရို့: "?!!!"
"ဘာဖြစ်?"
"အရာရှိလုက ယောက်ျားနဲ့မိန်းမကြားက အကြောင်းတွေကို ကောင်းကောင်းသိရမယ်။ အထူးသဖြင့် သူက အချစ်ရေးမှာတော်တယ်နော်၊ မဟုတ်ရင် နင့်လိုအလှလေးကို ဘယ်လိုလိုက်နိုင်ပါ့မလဲလို့?"
ချင်းရို့ လက်ထဲကဖုန်းမှာ လွတ်ကျသွားတော့မလိုပင်။
-- ဒီကမ္ဘာကြီး ဘာတွေဖြစ်သွားတာလဲဟ?
အချိန်သည် သားသတ်ဓားမဟုတ်ရုံသာမက အလှတရားအစစ်အမှန်တစ်ခုလည်းဖြစ်၏။ ၎င်းမှာ အတိတ်ကလူတွေနှင့် အရာတွေကို တစ်နည်းနည်းဖြင့် လှပစေပေသည်။
အနှီကပ်ဘေး လုယန်တောင်မှ အခြားသူတွေရဲ့ အမြင်မှာ "အချစ်သူတော်စင်" ဖြစ်လာနိုင်တာပဲ...
ချင်းရို့: "…"
လုယန်နှင့် သူ့ငယ်သူငယ်ချင်းကုချန်ဟာ ဘလိုင်းဒိတ်များစွာကြုံခဲ့ရစဥ်အခါက နှစ်ယောက်လုံး လူဆိုးတွေဖြစ်ခဲ့ကြ၏။ ဘယ်သူက ဘယ်သူ့ထက်ပိုမြင့်မြတ်ခဲ့လို့လဲ?
နှစ်ယောက်လုံးရဲ့အမှတ်တွေက သုညပဲ!
"လုယန်..." ချင်းရို့ သက်ပြင်းဖျော့ဖျော့ချကာ "ကုချန်နဲ့ ချူကော အတူတူရှိသွားရင် မစ္စတာကု(ကုချန်အဖေ)က ကျွန်မကို ဖုန်းခေါ်လိမ့်မယ်"
လုယန် သူ့လက်တွေကိုဖြန့်၍ ပြောလာခဲ့သည်။ "တိုက်ဆိုင်လိုက်တာ ဇနီးလေးရေ မစ္စတာကုက ကိုယ့်ဆီ ဒီနေ့ဖုန်းခေါ်ပြီးပြီ"
"ကိုယ် ဒီအိမ်ထောင်ရေး ဖြစ်မြောက်အောင်လုပ်ရမယ်"
ချင်းရို့: "…"
"အောင်သွယ်တော်အဖြစ် ကာလာတီဗီတစ်လုံးပေးမယ်တဲ့!"
ချင်းရို့ သူမနဖူးကို အုပ်ထားလိုက်ပြီး "မလိုအပ်ပါဘူးနော်"
"မစ္စတာကုက အရမ်းပျော်နေတာ။ သူက အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်သေးတယ်။ သူ့ရဲ့ ဒီသားက တစ်သက်လုံး လူပျိုကြီးဖြစ်သွားတော့မယ်လို့ သူထင်ခဲ့တာလေ။ အခု ဒီကောင့်မှာ ချစ်သူရှိနေပြီမှန်း သူသိလိုက်ရတော့ အရမ်းပျော်နေလို့ ကိုယ့်ပါးဆီကိုတောင် ခဏခဏဖုန်းဆက်နေတယ်ဆိုပဲ"
လုယန်က သူ ဘာကြောင့် ဒီလိုကိစ္စမျိုးတွေကို အမြဲကိုင်တွယ်နေရသလဲဆိုတာ မတွေးတတ်တော့ချေ။
"အဲဒါက လုကော အရမ်းတော်လို့ပေါ့။ ရှင်က အချစ်ဆရာကြီးပဲ"
မဆီလျော်လိုက်တာနော်...
ကြည့်ရတာ သူမရဲ့ လုကောမှာ လောကုတ္တရာပညာရပ်တချို့ ရှိကောင်းရှိနိုင်တာပဲ။ ချင်းရို့ လုယန်အား ခေါင်းမှခြေဖျားအထိ ကြည့်လိုက်ရင်း နည်းနည်း စိတ်ရှုပ်ထွေးနေမိသည်။ "ကျွန်မတို့သားနှစ်ယောက်က အနာဂတ်မှာ လက်တွဲဖော်ရှာဖို့ သူတို့ပါးပါးကို အားကိုးရလိမ့်မယ်လို့ ရှင်ထင်လား?"
လုယန်: "မင်းရဲ့ လုကောက အောင်သွယ်တစ်ယောက်လို့ မင်းတကယ်ထင်နေတာလားကွာ?"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?"
လုကောကိုယ်၌က သူ့ကိုယ်သူ မယုံကြည်ပါချေ။
ချင်းရို့: "…"
အလံကို စောစောမတင်နဲ့လေ!
ဆောင်းဦးနှင့် ဆောင်းရာသီတွင် ချင်းရို့၏ ရွှင်ရို့ပုလဲစက်ရုံမှာ ပုလဲနောက်တစ်သုတ် အမြောက်အမြားထွက်လေပြီ။ ယခုတစ်ကြိမ်တွင် ၁၂၀၀ကီလိုဂရမ်ရှိပြီး အရည်အသွေးအမြင့်ဆုံးအဆင့်ပုလဲတွေလည်း နည်းနည်းပါဝင်သည်။ အဆိုပါအရည်အသွေးကောင်းပုလဲတွေထဲမှ သုံးပုံနှစ်ပုံကို ပြည်ပသို့တင်ပို့ခဲ့သည်။
ပုလဲများသည် တရုတ်နိုင်ငံတွင် လက်ရှိအချိန်၌ ရေပန်းစားခြင်းမရှိသေးသော်ငြား ပြည်ပနိုင်ငံအများအပြားတွင် ရေပန်းစားနေပြီဖြစ်၏။ အထူးသဖြင့် တချို့နိုင်ငံများရှိ ဘုရင်မတွေနှင့် အမျိုးသမီးကြယ်ပွင့်တွေဟာ ပုလဲလက်ဝတ်ရတနာတွေကို ၀တ်ရတာ နှစ်ခြိုက်ကြသည်။
xxx