အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
အခန်း (၂၂၁) - ချီစွမ်းအား ကြွယ်ဝသောမြေ
တာဟဲစျေးမြို့တော်ရှိ ရွှေအမြုတေအဆင့် တိုက်ပွဲကြီးကြောင့် အစည်ကားဆုံးဖြစ်ခဲ့သော အတွင်းမြို့မှာ တစ္ဆေမြို့ပျက်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ကျင့်ကြံသူ ထောင်သောင်းချီ၍ သေဆုံးခဲ့ရသော ဤဖြစ်ရပ်သည် မကြာသေးမီကာလအတွင်း အကြီးမားဆုံးသော ကပ်ဘေးကြီး ဖြစ်ခဲ့သည်။
သို့သော်လည်း အသက်ရှင်ကျန်ရစ်သည့် တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ရွှေရောင်အခွင့်အရေးကြီးတစ်ခုပင်။ မြို့တွင်းပိုင်း၌ နေထိုင်သူအများစုမှာ ကြွယ်ဝချမ်းသာသော အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် ကိုယ်ပိုင်အတတ်ပညာများအပြင် မြို့ပြင်ပိုင်းနှင့် အရှေ့ပိုင်းလွင်ပြင် အတွင်းပိုင်းအထိပါ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ထားကြသူများ ဖြစ်သည်။
ယခုမူ သူတို့ သေဆုံးကုန်ကြပြီဖြစ်ရာ ထိုအရင်းအမြစ်များမှာ ပိုင်ရှင်မဲ့ ဖြစ်နေတော့သည်။ သဘာဝကျစွာပင် လူပေါင်းများစွာသည် ရသမျှကို သိမ်းပိုက်ရန် တိုးဝှေ့ဝင်ရောက်လာကြသည်။ သို့သော် အကြီးမားဆုံး အခွင့်အရေးမှာ ရုပ်ဝတ္ထုပစ္စည်းများ မဟုတ်ဘဲ ချီစွမ်းအားပင် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ တစ်ကိုယ်တော်ကျင့်ကြံသူများသည် ထူးခြားသော ဖြစ်စဉ်တစ်ခုကို သတိပြုမိလာကြသည်။ တာဟဲစျေးမြို့တော် ပတ်ဝန်းကျင်ရှိ ချီစွမ်းအားများသည် တဖြည်းဖြည်း ပိုမိုသိပ်သည်းလာနေခြင်းပင် ဖြစ်သည်။ ဤထူးဆန်းသော အပြောင်းအလဲက ကျင့်ကြံသူများကို စိတ်လှုပ်ရှားသွားစေသည်။
မျိုးနွယ်စုကျင့်ကြံသူအချို့၏ ပြောကြားချက်အရ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ချီစွမ်းအား ပိတ်ဆို့ထားသည့် အစီအရင် ပျက်စီးသွားသဖြင့် ဖီးနစ်ကျတောင်အောက်ရှိ ဝိညာဉ်ကြောမှ စွမ်းအင်များမှာ အကန့်အသတ်မရှိ စိမ့်ထွက်လာကာ ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်း စီးဝင် ပျံ့နှံ့နေခြင်း ဖြစ်သည်။
အင်အားကြီးဂိုဏ်းများသည် အဆင့်မြင့် ဝိညာဉ်ကြောများကို သီးသန့်ခွဲထုတ်ကာ ထိပ်တန်းတပည့်များအတွက်သာ လေ့ကျင့်ရေးကွင်းများ ဖန်တီးလေ့ရှိသည်။ သို့သော် ပထမအဆင့် ဝိညာဉ်ကြောများကိုမူ ပိတ်ဆို့ထားလေ့ မရှိဘဲ အဆင့်နိမ့်တပည့်များ လွတ်လပ်စွာ ကျင့်ကြံနိုင်ရန် ဖွင့်ပေးထားလေ့ရှိသည်။
တာဟဲစျေးမြို့တော်၏ ဝိညာဉ်ကြောမှာ ကျယ်ပြန့်ပြီး ကြွယ်ဝလှသဖြင့် ကျင့်ကြံသူများအတွက် အကောင်းဆုံး အရင်းအမြစ်တစ်ခု ဖြစ်သည်။ အကယ်၍ ၎င်းမှာ ဂိုဏ်းတစ်ခုအတွင်း၌ဆိုလျှင် လူတိုင်း လွတ်လပ်စွာ အသုံးပြုနိုင်မည် ဖြစ်သော်လည်း တာဟဲစျေးမြို့တော်မှာ ဂိုဏ်းမဟုတ်ဘဲ တစ်ကိုယ်တော်ကျင့်ကြံသူများ စုဝေးရာအရပ်သာ ဖြစ်သည်။
ယခင်က ကျောက်စိမ်းအိုးဓားဂိုဏ်းသည် အစီအရင်ကို အသုံးပြု၍ ချီစွမ်းအားများကို မြို့တွင်းပိုင်း၌သာ ပိတ်လှောင်ထားခဲ့သည်။ ယခုမူ အစီအရင် ပျက်စီးသွားပြီဖြစ်ရာ သိပ်သည်းလှသော ချီစွမ်းအားများသည် နောက်ဆုံးတွင် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် တစ်ကိုယ်တော်ကျင့်ကြံသူ အပေါင်းတို့သည် ထိုအကျိုးကျေးဇူးကို အခမဲ့ ခံစားခွင့်ရနေကြပြီ ဖြစ်သည်။ ဤမမျှော်လင့်ဘဲ ရရှိလာသော လာဘ်လာဘကြောင့် တာဟဲစျေးမြို့တော်မှ ထွက်ခွာရန် ပြင်ဆင်နေသည့် ကျင့်ကြံသူများစွာမှာ ဆက်နေရန် ဆုံးဖြတ်လိုက်ကြသည်။ အခမဲ့ ကျင့်ကြံရေးအရင်းအမြစ်များ ရနိုင်မည့် ဤကဲ့သို့သောနေရာမျိုးကို အခြားဘယ်မှာ ရှာနိုင်ဦးမည်နည်း။
ထိုကဲ့သို့ အလကားရနေသော ချီစွမ်းအားများကို အရှေ့ပိုင်းလွင်ပြင်တွင် မရနိုင်သလို ဝမ်တောင်တန်းကြီးတွင်လဲ မရနိုင်ပေ။ ဤအကြောင်းများကြောင့်လည်း မည်သည့်ကျင့်ကြံသူမှ ဤမျှ ကောင်းမွန်သော အခွင့်အရေးကို လက်လွတ်ခံမည့် မဟုတ်ကြပေ။ နေ့စဉ် လိုအပ်ချက်များမှလွဲ၍ လူတိုင်းသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြသည်။ အကြောင်းမှာ ကျောက်စိမ်းအိုးဓားဂိုဏ်း ပြန်ရောက်လာသည်နှင့် ဤဝိညာဉ်ကြောကို ပြန်လည် ပိတ်ဆို့မည်ဖြစ်ကြောင်း သူတို့ သိထားကြသည်။ ထိုအချိန်ကျလျှင် ဤမျှ သိပ်သည်းသော ချီစွမ်းအားကို ခံစားလိုပါက ဝိညာဉ်ကျောက်တုံးများဖြင့် ပေးချေရတော့မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လော့ချန်သည်လည်း ကျင့်ကြံရန်အတွက် အချိန်နှင့်အမျှ အပြေးအလွှား ကြိုးစားနေလသည်။ ရက်အနည်းငယ်ကြာ ညှိနှိုင်းပြီးနောက် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်မှ အကြီးအကဲကျိုးနှင့် ဆေးကုန်ကြမ်းများ ရရှိရန် သဘောတူညီမှု ရခဲ့သည်။ ထို့ကြောင့် လော့ထျန်အဖွဲ့အစည်းသည် ကျောက်စိမ်းအမြုတေဆေးလုံးများကို အမြောက်အမြား ပြန်လည် ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ ဤထောက်ပံ့ရေးကိစ္စများ အခြေကျသွားပြီးနောက် လော့ချန်၏ ကျင့်ကြံမှုမှာ ပိုမို စနစ်ကျပြီး ထိရောက်လာခဲ့သည်။
....
ဝိညာဉ်ကြောဂူအတွင်း၌....။
လော့ချန်သည် ကြေးဖိုကြီးထဲမှ ကိုယ်ဗလာဖြင့် ထွက်လာရာ သူ၏ အရေပြားပေါ်မှ ရေနွေးငွေ့များ ထွက်ပေါ်နေသည်။ သူသည် ချီစုဆုံအစီအရင်အတွင်းမှ ဝိညာဉ်ကျောက်တုံးများကို အသစ်လဲလိုက်ရင်း နက်နက်ရှိုင်းရှိုင်း စဉ်းစားကာ သက်ပြင်းချလိုက်မိသည်။
"ကံကောင်းလို့ အရင်က အရင်းအမြစ်တွေ အများကြီး စုထားမိတာပဲ…. လောလောဆယ်တော့ ငါ့ရဲ့ ကျင့်ကြံရေးအတွက် လိုအပ်တာတွေကို စိုးရိမ်စရာ မလိုသေးဘူး"
လော့ချန်သည် ယခင်က အရင်းအမြစ်များကို အကြီးအကျယ် နှစ်ကြိမ် ဝယ်ယူခဲ့ဖူးသည်။ ပထမတစ်ကြိမ်မှာ ဖန်ရင်ရှုံ ရောက်လာပြီး တာဟဲစျေးမြို့တော် ကမောက်ကမ ဖြစ်နေချိန်တွင် ဖြစ်သည်။ ကုန်ဈေးနှုန်းများ တက်မည်ကို စိုးရိမ်သဖြင့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ သုံး၍ ကုန်ကြမ်းအမြောက်အမြားကို စုဆောင်းခဲ့သည်။ ဒုတိယတစ်ကြိမ်မှာ သူ ထွက်ပြေးရန် စီစဉ်စဉ်က ဖြစ်သည်။ အကယ်၍ သူသည် မြေအောက်မိုင်းတွင်းလမ်းများမှတစ်ဆင့် ချန်ယင်းတောင် တောနက်ထဲသို့ ထွက်ပြေးရမည်ဆိုပါက အသက်ရှင်သန်ရေးနှင့် ကျင့်ကြံရေးမှာ အရေးကြီးဆုံး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာကို သုံး၍ မြူသန့်စင်ဆေးလုံး၊ စိတ်ငြိမ်အမွှေးတိုင်၊ အနှစ်သာရမွေးမြူရည်နှင့် အခြား လိုအပ်သည်များကို ဝယ်ယူခဲ့သည်။
မြောင်ဝမ်နှင့် မဟာမိတ်ဖွဲ့ပြီးနောက်တွင်မူ ထိုစုဆောင်းထားသည်များကို အသုံးမပြုခဲ့ရသလောက်ပင်။ ယခုအခါ ဝိညာဉ်ဆေးနန်းဆောင်ကဲ့သို့ ဂိုဏ်းနှင့် ဆက်နွှယ်နေသော ဆိုင်များ ထွက်သွားပြီဖြစ်ရာ အခြားသူများမှာ ကျင့်ကြံရေးပစ္စည်းများအတွက် ရုန်းကန်နေရနိုင်သော်လည်း သူကမူ စိုးရိမ်စရာ မရှိပေ။
"ဒီပစ္စည်းတွေနဲ့ဆိုရင် အနည်းဆုံး ခြောက်လလောက်တော့တော့ ကျင့်ကြံလို့ ရမယ်…. ကျောက်စိမ်းအိုးဓားဂိုဏ်းက တာဟဲစျေးမြို့တော်ကို စွန့်ပစ်မှာ မဟုတ်ဘူး၊ ခြောက်လအတွင်းမှာ အစီအစဉ်တွေ ပြန်မှန်သွားပြီး သူတို့ ပြန်လာကြလိမ့်မယ်…. တာဟဲစျေးမြို့တော်က အရေးကြီးတယ်လေ"
ဤသည်မှာ လော့ချန် သတင်းအရင်းအမြစ်များစွာမှ စုဆောင်းရရှိသော အချက်အလက်များအပေါ် အခြေခံ၍ ဆွဲထုတ်ထားသော တွေးဆချက်ပင် ဖြစ်သည်။ လက်ရည်စမ်းပြိုင်ပွဲများ ကျင်းပလေ့ရှိခြင်း၊ တောင်တန်းကြီးများမှ ကြွယ်ဝသော စွမ်းအားအရင်းအမြစ်များ၊ သို့မဟုတ် ရှေ့တန်းခံတပ်အဖြစ် မဟာဗျူဟာမြောက် တည်နေရာ စသည်တို့မှာ ကျောက်စိမ်းအိုးဓားဂိုဏ်းအနေဖြင့် တာဟဲစျေးမြို့တော်ကို တန်ဖိုးထားရသည့် အကြောင်းရင်းများ ဖြစ်သည်။ အထူးသဖြင့် စီမာရှန့်ထံမှ တာဟဲစျေးမြို့တော်အား မသေမျိုးတို့၏ နတ်ဘုရားမြို့တော်အဖြစ် ဖွံ့ဖြိုးအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရပြီးနောက် လော့ချန်၏ ခန့်မှန်းချက်မှာ ပို၍ ခိုင်မာလာခဲ့သည်။
ကျောက်စိမ်းအိုးဓားဂိုဏ်းသည် တာဟဲစျေးမြို့တော်အား ဘယ်သောအခါမှ စွန့်ပစ်မည် မဟုတ်ပေ။ ခြောက်လဟူသော ခန့်မှန်းချက်မှာလည်း ယခင် ဖေးပေါ်ဝမ် သေဆုံးစဉ်က ဂိုဏ်း၏ တုံ့ပြန်မှုကို အခြေခံထားခြင်း ဖြစ်သည်။ ဂိုဏ်း၏ ဆုံးဖြတ်ချက် ချမှတ်ချိန်နှင့် ခရီးသွားချိန်များကို ထည့်တွက်ပါက ခြောက်လမှာ သင့်လျော်သော ခန့်မှန်းချက် ဖြစ်သည်။
‘ဒါပေမဲ့ အခုလောလောဆယ်တော့ ဒါတွေက ငါနဲ့ သိပ်မဆိုင်သေးဘူး၊ ငါ ကျင့်ကြံခြင်းကိုပဲ အပြည့်အဝ အာရုံစိုက်ဖို့ လိုတယ်’ ဟု လော့ချန် တွေးလိုက်သည်။
အရာအားလုံး ပြင်ဆင်ပြီးသွားပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟုန်းဟုန်းတောက်နေသော စွမ်းအားများသည် နွေဦးကျင့်စဉ်ကို အကြိမ်ပေါင်းများစွာ လည်ပတ်ရန် လုံလောက်နေပြီ ဖြစ်သည်။
‘နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း အတတ်က ငါ့လက်ထဲမှာ ရှိနေတာ ကြာပြီ၊ စိတ်ဓာတ်ကြံ့ခိုင်မှုကို လေ့ကျင့်ပေးရုံတင်မကဘဲ ချီစွမ်းအား ကိုလည်း အနည်းငယ် မြှင့်တင်ပေးတာပဲ၊ ငါ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ဆိုရင် အခုဆို စိတ်ငြိမ်အမွှေးတိုင် မပါဘဲနဲ့တောင် နွေဦးကျင့်စဉ်ကို တစ်နေ့ လေးကြိမ် အပြည့်အဝ ကျင့်နိုင်နေပြီ၊ စိတ်ငြိမ်အမွှေးတိုင်ရဲ့ အကူအညီပါရင်တော့ တစ်နေ့ကို ကိုးကြိမ်အထိ ကျင့်လို့ရလောက်မယ်’
လော့ချန် တစ်ယောက်တည်း အတွေးမျိုးစုံ တွေးတောနေမိသည်။
တစ်ကြိမ်လျှင် နာရီဝက် ကြာမြင့်သော ကျင့်စဉ် ပတ်လမ်းကိုးခုအတွက် တစ်နေ့လျှင် အနည်းဆုံး ငါးနာရီ ပေးဆပ်ရမည် ဖြစ်ပြီး ၎င်းမှာ အနားယူချိန်များကို ထည့်မတွက်ရသေးပေ။ ယခင်ကဆိုလျှင် အဓိကကျင့်စဉ်အတွက် ဤမျှ အချိန်ပေးရခြင်းက သူ့အား မောဟိုက်စေမည် ဖြစ်သည်။ တစ်နေ့တာမှာ အချိန် မလုံလောက်သကဲ့သို့ ခံစားရတတ်သည်။ ထိုစဉ်က သူ့တွင် လေ့ကျင့်ရန် မှော်အတတ်များစွာ ရှိနေသေးသောကြောင့်ပင်။
ယခုမူ ထိုဝန်ထုပ်ဝန်ပိုးမှာ လျော့ပါးသွားပြီ ဖြစ်သည်။ အကြောင်းမှာ သူ၏ မှော်အတတ်အများစုမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သူ အာရုံစိုက်ရန် ကျန်နေသည်မှာ မီးလုံးအတတ်ကို အချောသတ်ရန်နှင့် မြေစိုင်တောင် နှင့် လှိုင်းလုံးအတတ်တို့ကို လေ့ကျင့်ရန်သာ ဖြစ်သည်။ မီးလုံးအတတ်မှာ သူ၏ အပြင်းထန်ဆုံး တိုက်ကွက် ဖြစ်နေဆဲဖြစ်ပြီး ကျန်နှစ်ခုမှာ ဒုတိယအဆင့် မြေပြိုခြင်းမှော်အတတ် အတွက် ပြင်ဆင်ခြင်း ဖြစ်သည်။
"ဒီလိုကြည့်မယ်ဆိုရင် ဆေးဖော်တဲ့အချိန်ကို ထည့်တွက်ရင်တောင် ငါ့မှာ အချိန် လုံလောက်ရုံလေး ရှိဦးမှာပဲ၊ ငါ ကျင့်ကြံမှုကို မြှင့်တင်ဖို့ ချီသန့်စင်ဆေးလုံးတွေကို သုံးသင့်တာပဲ"
ထိုသို့ တီးတိုးရေရွတ်လိုက်ရင်း လော့ချန် သူ၏ သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။ ၎င်းမှာ အစိမ်းဖျော့ရောင် ရှိပြီး မွှေးပျံ့သော ရနံ့ ရှိသည်။ ဤသည်မှာ မြောင်ဝမ်ပေးခဲ့သော ချီသန့်စင်ဆေးလုံးပင် ဖြစ်သည်။ ဆေးလုံးများကို မြင်သောအခါ မြောင်ဝမ်ကို သတိရသွားပြီး လော့ချန် တဟားဟား ရယ်လိုက်မိသည်။
"အဲဒီလူကတော့ကွာ…. တကယ်ကို ကံဆိုးတာပဲ"
မြောင်ဝမ်သည် လခြမ်းတောင်ကြားကို ကာကွယ်ပေးခဲ့သည်။ အဆင့်မြင့် ဓာတ်ကြီးငါးပါး အစီအရင်ငယ် လက်ဆောင်ပေးခဲ့သည်။ ချင်လျန်ချန်းအား ကုသရန် လော့ထျန်းဟုန်ကို ဖိတ်ပေးခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူသည် လော့ထျန်အဖွဲ့အစည်းထံမှ တစ်လစာ အမြတ်ကိုပင် မခံစားလိုက်ရပေ။ အကယ်၍ ဤ ချီသန့်စင်ဆေးလုံး ငါးပုလင်း၏ တန်ဖိုးကိုပါ ထည့်တွက်မည်ဆိုလျှင် မြောင်ဝမ် အကြီးအကျယ် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သူ ရှုံးသလောက် လော့ချန်မှာမူ အမြတ်ထွက်ခဲ့သည်။
‘ဒီဆေးလုံးတွေက ဒုတိယအဆင့်တွေဆိုတော့၊ ဒါတွေကို ခွဲထုတ်ဖို့ သစ္စာနှလုံးသား နည်းစနစ်ကို သုံးရမယ်’ ဟု လော့ချန် တွေးလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ ညာဘက်လက်ဖြင့် လက်ကွက်တစ်ခု ဖော်လိုက်သည်။ ချက်ချင်းပင် အစိမ်းနုရောင် ချီစွမ်းအားမျှင်များ ပေါ်ထွက်လာသည်။
လေထဲတွင် ဝဲပျံနေသော အစိမ်းရောင် ဆေးလုံးမှာ အသက်ဝင်လာပြီး လျင်မြန်စွာ လည်ပတ်လာတော့သည်။ ရုတ်တရက် ဆေးလုံး၏ အပေါ်ယံအလွှာမှာ ကွဲအက်သွားပြီး ဆေးရည်အနည်းငယ် စီးထွက်လာသည်။
"ဒါဟာ ဖန်ရင်ရှုံ ပြောခဲ့တဲ့ ဝိညာဉ်သစ်သီးလား…. သစ်သီးထဲကို ဆေးစွမ်းအားတွေ ထည့်သွင်းနိုင်အောင် ဘယ်လို ရှားပါးတဲ့ ဝိညာဉ်သစ်သီးမျိုးနဲ့ လုပ်ထားတာပါလိမ့်"
ဤအတွေးများ ပေါ်လာသည်နှင့် လော့ချန် ခေါင်းကိုမော့ကာ လေကို အနည်းငယ် ရှူသွင်းလိုက်သည်။ နတ်သုဒ္ဓါကဲ့သို့ ဆေးရည်များ စီးဆင်းသွားပြီး သူ၏ ပါးစပ်အတွင်းသို့ ဝင်ရောက်သွားသည်။ ဆယ်ပုံတစ်ပုံလောက်ဆိုပါက လုံလောက်ပြီဖြစ်သည်။
လော့ချန် လက်တစ်ဖက်ဖြင့် နောက်ထပ် လက်ကွက်တစ်ခု ဖော်လိုက်ရာ အစိမ်းဖျော့ရောင် ချီစွမ်းအားမျှင်များသည် ကျန်ရှိနေသော ဆေးလုံးကို အထပ်ထပ် ဝိုင်းရံထားလိုက်သဖြင့် ဆေးစွမ်းအားများ လွင့်စင်မသွားတော့ပေ။ ဤသည်မှာ သစ္စာမဲ့နှလုံးသား နည်းစနစ်၏ အစွမ်းပင်။ ၎င်းမှာ ဆေးဖက်ဝင်အပင်များကို ခွဲထုတ်နိုင်ရုံတင်မကဘဲ ဆေးအနှစ်သာရများကိုပါ ပိတ်လှောင်ထားနိုင်သဖြင့် ဆေးဖော်စပ်ရာတွင် အလွန် တန်ဖိုးရှိလှသည်။
အံ့သြစရာကောင်းသည်မှာ တစ်ပိုင်းတစ်စ ချောမွေ့အောင် လုပ်ထားသော ဝိညာဉ်သစ်သီး ဆေးလုံးများအပေါ်တွင်လည်း ထိရောက်နေခြင်းပင်။ ဆေးလုံးကို ဂရုတစိုက် သီးသန့် သိမ်းဆည်းပြီးနောက် လော့ချန်သည် စိတ်ငြိမ်အမွှေးတိုင်နှင့် လရောင်မြက် တို့၏ အကူအညီဖြင့် နက်ရှိုင်းသော ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားသည်။
သူသည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော သစ်ပင်အိုကြီးတစ်ပင်ကဲ့သို့ မလှုပ်မယှက် ကျင့်ကြံနေခဲ့သည်။ နာရီဝက်ခန့် ကြာပြီးနောက် သူ၏ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာပြီး မျက်နှာတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားသည်။
"မီရှုဟွာ ပြောတာ မှန်တာပဲ" ဟု လော့ချန် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။
ထိုစဉ်က မီရှုဟွာသည် ဆေးဘုရင်ဂိုဏ်းမှ ဖော်စပ်ထားသော ချီသန့်စင်ဆေးလုံးတွင် ချီစွမ်းအားကို သန့်စင်ပေးနိုင်သည့် ထူးခြားသော အကျိုးကျေးဇူးများ ရှိသည်ဟု ပြောခဲ့ဖူးသည်။ ၎င်း၏ ထိရောက်မှုမှာ ဂိုဏ်းဝင်တစ်ဦး၏ ပြည့်စုံသော ကျင့်စဉ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုသည်။ ယခုကြည့်ရသည်မှာ မီရှုဟွာပင်လျှင် ထိုဆေး၏ အာနိသင်ကို လျှော့တွက်ခဲ့ပုံရသည်။
နွေဦးကျင့်စဉ်ကို တစ်ပတ် လည်ပတ်ရုံဖြင့် သူ စုပ်ယူလိုက်သော စွမ်းအင်များကို ချီစွမ်းအားအဖြစ် ပြောင်းလဲနိုင်ပြီး၊ ဆေးလုံး၏ အနှစ်သာရကြောင့် ပိုမို ပြည့်စုံစင်ကြယ်အောင် သန့်စင်နိုင်သည်ကို ခံစားလိုက်ရသည်။ ထိုအမြန်နှုန်းမှာ သူ မမျှော်လင့်ထားလောက်အောင်ပင် အံ့သြစရာ ကောင်းလှသည်။ အကယ်၍ သာမန် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး၏ သန့်စင်မှုနှုန်းမှာ အဆင့် ၁ ဖြစ်ပြီး၊ ပြီးပြည့်စုံအဆင့် နွေဦးကျင့်စဉ်၏ သန့်စင်မှုနှုန်းမှာ အဆင့် ၅ ခန့် ရှိသည်ဆိုလျှင်၊ ချီသန့်စင်ဆေးလုံး၏ အကူအညီဖြင့် လော့ချန်၏ သန့်စင်မှုနှုန်းမှာ နောက်ထက်ဝက်ကျော်လောက် အထိ ခုန်တက်သွားခြင်းပင်။ ၎င်းမှာ အမြန်နှုန်း နှစ်ဆတိုးရုံတင် မဟုတ်ပေ။
ပြီးပြည့်စုံသော နွေဦးကျင့်စဉ်၏ သန့်စင်မှု အာနိသင်မှာ ကျင့်စဉ်ကို အသုံးပြုနေချိန်၌သာ ဖြစ်ပေါ်သည်။ သို့သော် နွေဦးကျင့်စဉ်၏ ပတ်လမ်းတစ်ခုစီမှာ နာရီဝက်ခန့်သာ ကြာမြင့်သည်။ ထိုအချိန်အတွင်း ပြင်ပမှ ချီစွမ်းအားများကို ဖမ်းယူခြင်း၊ ခန္ဓာကိုယ်အတွင်းသို့ လမ်းညွှန်ခြင်း၊ စုပ်ယူခြင်းနှင့် သန့်စင်ခြင်းတို့ ပါဝင်သည်။ တစ်နည်းအားဖြင့် လော့ချန်တွင် အမှန်တကယ် သန့်စင်ရန် ရရှိသော အချိန်မှာ ခုနစ်မိနစ်မှ ရှစ်မိနစ်ခန့်သာ ရှိသည်။
ဤသည်မှာ သူ စုဆောင်းထားသော ချီစွမ်းအား အားလုံးကို သန့်စင်ရန်အတွက် အချိန် အလွန် နည်းလွန်းလှသည်။ သူသည် ပိုလျှံနေသော စွမ်းအားများကို ခန္ဓာကိုယ်အတွင်း သိမ်းဆည်းထားပြီး ၎င်းတို့အား ဖိသိပ်ပြောင်းလဲရန်သာ တတ်နိုင်သည်။ ထပ်ခါတလဲလဲ ကျင့်ကြံပြီးနောက်တွင်ပင် သန့်စင်ခြင်း မရှိသေးသော ချီစွမ်းအား အမြောက်အမြားမှာ ခန္ဓာကိုယ်အတွင်း စုပုံလာမည်ဖြစ်ပြီး၊ အတိုင်းအတာတစ်ခုအထိ ရောက်မှသာ နွေဦးကျင့်စဉ်က ထိုစွမ်းအားများကို သန့်စင်ပေးမည် ဖြစ်သည်။ ယခုမူ အမြန်နှုန်း နှစ်ဆတိုးသွားပြီဖြစ်ရာ ပိုမို များပြားလှသော ချီစွမ်းအားများကို သန့်စင်နိုင်တော့မည် ဖြစ်သည်။
‘ငါ စုပ်ယူလိုက်သမျှ ချီစွမ်းအား အားလုံးကို အဲဒီ အချိန်တိုလေးအတွင်းမှာ သန့်စင်လိုက်နိုင်ပြီးတော့ စွမ်းအားတွေတောင် ပိုကျန်နေသေးတယ်.... ဒါက သာမန် ကျင့်ကြံရုံပဲ ရှိသေးတာ၊ တကယ်လို့ ငါသာ နွေဦးကျင့်စဉ်နဲ့အတူ ဆေးလုံးတွေကိုပါ သုံးမယ်ဆိုရင် ပိုပြီးတော့တောင် သန့်စင်နိုင်မှာ မဟုတ်ဘူးလား’ ဟု လော့ချန် တွေးလိုက်သည်။
ခေတ္တ အနားယူပြီးနောက် သူသည် မြူသန့်စင်ဆေးလုံး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။ ထို့နောက် ချီသန့်စင်ဆေးလုံးတွင် ကျန်ရှိနေသော ဆေးစွမ်းအားများကို အသုံးချ၍ ကျင့်ကြံခြင်းကို တစ်ဖန် ပြန်လည် စတင်လိုက်တော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၂၂) - ပြောင်းလဲသွားသော နဂါးရတနာမှောင်ခိုဈေးကွက်
အရုဏ်တက်၍ နံနက်ခင်းမြူနှင်းများ တဖြည်းဖြည်း လွင့်ပြယ်သွားသောအခါ လော့ချန်သည် ဝိညာဉ်ကြောဂူအတွင်းမှ ဝမ်းမြောက်ကြည်နူးသော မျက်နှာထားဖြင့် ထွက်ခွာလာခဲ့သည်။
ချီသန့်စင်ဆေးလုံးများ၏ အကူအညီဖြင့် သူ၏ ကျင့်ကြံမှုအရှိန်မှာ နှစ်ဆနီးပါး မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ အကယ်၍ ချီသန့်စင်ဆေးလုံးများသာ လုံလောက်စွာရှိပါက ချီသန့်စင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် သူခန့်မှန်းထားသည့် ငါးနှစ်မှ ခြောက်နှစ်ဟူသော အချိန်ကာလမှာ သိသိသာသာ တိုတောင်းသွားနိုင်သည်။ သို့သော် လုံလောက်သော ထောက်ပံ့မှုရှိရန်မှာ ပထမဦးဆုံး လိုအပ်ချက်ပင် ဖြစ်သည်။
လော့ချန်၏ စိတ်လှုပ်ရှားမှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ချီသန့်စင်ဆေးလုံးဟူသည်မှာ သာမန်ဆေးလုံးများကဲ့သို့ မဟုတ်ဘဲ ရရှိရန် လွန်စွာခက်ခဲလှသည်။ ဝိညာဉ်ဆေးနန်းဆောင် ရှိခဲ့စဉ်ကပင် ဤဆေးလုံးများကို ဆိုင်တင်ရောင်းချခြင်း မရှိဘဲ လေလံပွဲများတွင်မှ ရံဖန်ရံခါသာ ပေါ်ထွက်လာတတ်ခြင်း ဖြစ်သည်။
"အခု ငါ့လက်ထဲမှာ ချီသန့်စင်ဆေးလုံး လေးပုလင်း၊ စုစုပေါင်း အလုံးလေးဆယ်ရှိတယ်…. တစ်ခါသုံးရင် ဆယ်ပုံတစ်ပုံပဲ သုံးတာဆိုတော့ ရက်ပေါင်း လေးရာလောက်ပဲ ခံမှာ…. အများကြီး ပိုလိုသေးတာပဲ…. ဒါဆို ဒါတွေကို ဘယ်မှာ ရနိုင်မလဲ" ဟု လော့ချန် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဝမ်ယွမ်ကို ဆေးတစ်ပုလင်း ပေးခဲ့ပြီးဖြစ်ရာ မျက်နှာပြောင်တိုက်၍ ပြန်တောင်းလျှင်လည်း ခေါင်းခေါက်ခံရဖို့သာ ရှိသည်။ လောလောဆယ်တွင် ဆေးမပြတ်လပ်သေးသော်လည်း ရေရှည်အတွက်မူ တစ်ပုလင်း၊ နှစ်ပုလင်းမှာ သိပ်ထူးခြားမည် မဟုတ်ပေ။ သူ အမှန်တကယ် လိုအပ်သည်မှာ ခိုင်မာပြီး တည်ငြိမ်သော ထောက်ပံ့မှုလမ်းကြောင်းတစ်ခု ဖြစ်သည်ဟု လော့ချန် သုံးသပ်မိသည်။
တာဟဲစျေးမြို့တော်ကြီး အကောင်းအတိုင်းရှိစဉ်ကပင် ချီသန့်စင်ဆေးလုံးအတွက် တည်ငြိမ်သော ထောက်ပံ့မှု မရှိခဲ့ရာ ထိုဆေးလုံးများကို ရရှိနိုင်မည့် မှန်ကန်သော လမ်းကြောင်းကို သူ ရှာဖွေရမည် ဖြစ်သည်။
လော့ချန်၏ စိတ်ထဲတွင်အတွေးများဖြင့် ပြည့်နှက်နေပြီး အစီအစဉ်သစ်တစ်ခု ရေးဆွဲထားလိုက်တော့သည်။ သူသည် ရေစုန်အတိုင်း မျောပါမည့်သူမဟုတ်ဘဲ ကိုယ်ပိုင်လမ်းစဉ်ကို ထွင်းထုမည့်သူဖြစ်ရာ ချီသန့်စင်ဆေးလုံး တစ်ခုတည်းတင်မကဘဲ အခြားသော လိုအပ်မည့် အရင်းအမြစ်များအတွက်ပါ အဝေးကြီးအထိ ကြိုတင်တွက်ချက်ထားရမည် ဖြစ်သည်။
....
လော့ထျန်အဖွဲ့ချုပ်အတွင်း၌ ပေသီးခေါက်သံ တဖြောက်ဖြောက်နှင့်အတူ စကားဝိုင်းတစ်ခု ဖြစ်ပေါ်နေသည်။
"အခုလောလောဆယ် အဖွဲ့ထဲမှာ အဆင့်နိမ့်ကျင့်ကြံသူ သိပ်မရှိပါဘူး…. တစ်လကို ဝိညာဉ်ကျောက်တုံး ၈၀ လောက်ပဲ ကုန်ပါတယ်…. ဆေးဖော်ဆောင်မှာတော့ အလယ်အလတ်အဆင့် ကျင့်ကြံသူ သုံးဆယ်ရှိပြီး သူတို့ တာဝန်နဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး လစာက ၅၀ ဝန်းကျင်မှာ အတက်အကျ ရှိနေတယ်၊ ဆေးဖော်ဆောင်အတွက် တစ်လ လစာကုန်ကျစရိတ်က ၁၅၀၀ ဝန်းကျင် ရှိပါတယ်…."
"အင်း.... ပြီးတော့.... တိုက်ခိုက်ရေးခန်းမဆောင်မှာတော့ ချီသန့်စင်အဆင့် ၇ နဲ့ ၈ ရှိတဲ့သူတွေ များပြီး အလယ်အလတ်အဆင့် လူတော်အချို့လည်း ပါတယ်…. သူတို့လစာကို မင်းကိုယ်တိုင် သတ်မှတ်ပေးထားတဲ့အတိုင်း တစ်လကို ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးထားပါတယ်…. ဒါက တစ်လကို စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၃၀၀၀ ကုန်ပါတယ်၊ နောက်တစ်ချက်ကတော့ ကုသိုလ်တော်ခန်းမဆောင်နဲ့ ရွှေခန်းမဆောင် မှာတော့ လူနည်းပြီး ကျင့်ကြံမှုလည်း နိမ့်တဲ့အတွက် ပြီးခဲ့တဲ့လက စုစုပေါင်း ၁၀၀၀ ပဲ ကုန်ကျပါတယ်"
ဤစာရင်းကို ကြားသောအခါ လော့ချန်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ သူ လက်ကို မြှောက်ပြလိုက်ရာ မုရုံချင်းလျန်တစ်ယောက် ပေသီးခေါက်နေသည်ကို ရပ်တန့်လိုက်သဖြင့် အခန်းတွင်း တိတ်ဆိတ်သွားတော့သည်။ သို့သော် များပြားလှသော ဝင်ငွေထွက်ငွေများကို စာရင်းဇယားများနှင့်အတူ ပေသီးဖြင့် စနစ်တကျ တွက်ချက်ခြင်းက ပို၍ ရှင်းလင်းပြတ်သားစေသည် ဖြစ်သည်။
"နောက်ဆိုရင် ရွှေခန်းမဆောင်က လူတွေကိုလည်း ခံစားခွင့်တွေ ပိုပေးလိုက်ပါ" ဟု လော့ချန်က ဆိုသည်။
"ဟင်...." မုရုံချင်းလျန် အနည်းငယ် အံ့အားသင့်သွားသော်လည်း လော့ချန်၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခြင်း မပြုခဲ့ပေ။
အမှန်စင်စစ် သူမသည် လော့ချန် သတ်မှတ်ထားသော လစာနှုန်းထားများကို အစပိုင်းတွင် သဘောမတူခဲ့ပေ။ နည်းလွန်း၍ မဟုတ်ဘဲ အဆမတန် များပြားနေ၍ ဖြစ်သည်။
ချီသန့်စင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူများသည် တစ်လလျှင် ဝိညာဉ်ကျောက်တုံး တစ်ရာနီးပါး ရရှိနေကြပြီး ဤသည်မှာ ဂိုဏ်းကြီးများမှ ဖွင့်လှစ်ထားသော ဆိုင်ကြီးများ၌ ပေးလေ့ရှိသည့် ခြောက်ဆယ်၊ ခုနစ်ဆယ်နှုန်းထက်ပင် သိသိသာသာ များပြားနေသည်။ တိုက်ခိုက်ရေးအဖွဲ့သည် သေရေးရှင်ရေး တိုက်ပွဲများကို ရင်ဆိုင်ရသူများဖြစ်၍ လစာပိုပေးခြင်းမှာ သင့်မြတ်သော်လည်း တစ်လလျှင် တစ်ရာဆိုသည်မှာ အလွန်ပင် များပြားလှသည်ဟု သူမ ထင်မြင်ခဲ့ဖူးသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ အင်အားစုငယ်လေးများမှ လူတော်များမှာ မျိုးနွယ်စုကြီးများနှင့် တာကျန်းဂိုဏ်းတို့၏ သိမ်းသွင်းခြင်းကို ခံရသော်လည်း လော့ထျန်အဖွဲ့အစည်းမှာမူ မည်သူမျှ ထွက်ခွာသွားခြင်း မရှိဘဲ ကျောက်သားကဲ့သို့ ခိုင်မာနေခဲ့သည်။ ထိုအချိန်ကျမှသာ မုရုံချင်းလျန်သည် လော့ချန်၏ ဆုံးဖြတ်ချက်နောက်ကွယ်မှ ထက်မြက်လှသော အမြော်အမြင်ကို သဘောပေါက်သွားတော့သည်။
ဆွဲဆောင်မှုရှိသော လစာနှုန်းထားမျိုး မရှိပါက လော့ထျန်အဖွဲ့အစည်းသည် ပြင်ပရန်သူများ မတိုက်ခိုက်မီမှာပင် အတွင်းမှ စတင်ပြိုကွဲသွားပေလိမ့်မည်။ ထိုသို့သာဆိုလျှင် ယခုကဲ့သို့ အေးအေးလူလူ လက်ဖက်ရည်သောက်ရင်း စာရင်းစစ်နေနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ လက်တွေ့လောကသည် စိတ်ကူးယဉ်ဆန်သည်ထက် ပို၍ ကြမ်းတမ်းလှသည် မဟုတ်ပါလော။ အဆင့်နိမ့် ကျင့်ကြံသူများအတွက် ရွေးချယ်စရာ မရှိသော်လည်း အဆင့်မြင့် ကျင့်ကြံသူများအတွက်မူ လမ်းစများစွာ ရှိနေသည်။
"ဒေါ်လေး…. ဆက်ပြောလို့ရပါပြီ"
လော့ချန် လက်ဖက်ရည်ကို ခွက်ထဲသို့ ငှဲ့လိုက်ပြီး အငွေ့များကို ခပ်ဖွဖွ မှုတ်ထုတ်ကာ တစ်ငုံ သောက်လိုက်သည်။
လက်ရှိတွင် လော့ချန်နှင့် ဝမ်ယွမ်အပြင် လော့ထျန်အဖွဲ့အစည်း၌ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ ကိုးဦးရှိသည်။ သူတို့အများစုမှာ ခန်းမအသီးသီး၌ အရေးပါသော ရာထူးများကို ရယူထားကြရာ သူတို့၏ လစာမှာလည်း တစ်လလျှင် ဝိညာဉ်ကျောက်တုံး သုံးရာအထိ ရှိနေပြီး ထိုအရာမှာလည်း အသုံးစရိတ် အမြောက်အမြား ဖြစ်နေပြန်သည်။
"ပြီးတော့ ဒေါ်လေးနဲ့ ချိုင်ယီက တစ်ယောက်ကို တစ်လ ၅၀၀ စီ ရပါတယ်…. နောက်ဆုံးအနေနဲ့ ဆေးကုန်ကြမ်းတွေအတွက် တစ်လကို ၂၅၀၀ ကုန်ကျပါတယ်" ဟု မုရုံချင်းလျန်က တင်ပြလိုက်သည်။ သူမသည် ပေသီးကို သွက်လက်စွာ ခေါက်လိုက်ပြီးနောက် နောက်ဆုံးရလဒ်ကို လော့ချန်အား တင်ပြလိုက်ရင်း သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်သည်။
"အကျဥ်းချုပ်အနေနဲ့ကတော့ ပြီးခဲ့တဲ့လက စုစုပေါင်းအသုံးစရိတ်က ၁၁၇၀၀ ပါ"
ထိုမျှ များပြားသော ပမာဏမှာ မည်သည့် တစ်ကိုယ်တော်ကျင့်ကြံသူကိုမဆို မနာလိုဖြစ်စေရန်၊ လောဘဇော တက်စေရန် သို့မဟုတ် သတ်ဖြတ်လိုစိတ် ပေါက်စေရန် လုံလောက်လှသည်။ သို့သော် လော့ချန်မှာမူ မည်သို့မျှ မတုန်လှုပ်ဘဲ ထိုစာရင်းကို တည်ငြိမ်စွာ လက်ခံလိုက်ရင်း မေးလိုက်သည်။
"လက်ရှိ ကျွန်တော်တို့ဆီမှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပိုနေသေးလဲ"
"အင်း.... ခန့်မှန်းခြေ ၂၆၀၀၀ လောက်တော့ပိုပါတယ်" ဟု မုရုံချင်းလျန်က ပြန်ဖြေသည်။
လော့ချန် မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဟင်.... ကျွန်တော် ထင်ထားတာထက် ဘာလို့ အများကြီး ပိုနေရတာလဲ…. ထူးဆန်းလိုက်တာ"
သူ၏ ခန့်မှန်းချက်အရ ဆိုလျှင် မျှော်မှန်းထားသောပမာဏ၏ တစ်ဝက်ခန့်သာ ရှိသင့်သဖြင့် အံ့အားသင့်သွားမိသည်။
မုရုံချင်းလျန်က သူမ၏ နားထင်ပေါ်မှ ဆံစလေးကို နားနောက်သို့ သပ်လိုက်ရင်း ပြုံးလျက် ဆိုသည်။
"ဒီမှာ.... ခေါင်းဆောင်ကြီး မေ့နေတာ တစ်ခုရှိတယ်လေ၊ ဖိုရှန်းဂိုဏ်းမှာတုန်းက ဖော်စပ်ထားတဲ့ ကျောက်စိမ်းအမြုတေဆေးလုံး အလတ်စားတွေလေ၊ အဲဒီဆေးလုံးတွေက ဘာမှရင်းစရာမလိုဘဲ အမြတ်သက်သက်ပဲရတာကြောင့်ပါ"
"ဟဲဟဲ.... ကျွန်တော် တကယ်ပဲ အဲဒါကို မေ့နေတာပဲ"
လခြမ်းတောင်ကြား တိုက်ပွဲတွင် ထိုဆေးလုံးများကို သူ အထူးတလည် သီးသန့်ဖယ်ထားခဲ့သည်ကို လော့ချန် ပြန်သတိရသွားသည်။ ပြန်တွက်ကြည့်လျှင် ထိုဆေးလုံးများမှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁၅၀၀၀ ခန့် တန်ဖိုးရှိနေသည်။ ထို အသားတင် ၁၅၀၀၀ ကို ဖယ်ထုတ်လိုက်လျှင်ပင် လော့ထျန်အဖွဲ့အစည်းသည် အသုံးစရိတ်အားလုံးကို ပေးချေပြီးနောက် တစ်လလျှင် တစ်သောင်းတစ်ထောင်ခန့် အမြတ်ထွက်နေဆဲ ဖြစ်သည်။
"စကားမစပ်.... အကြီးအကဲ ဝမ်ယွမ်ကိုရော ဘယ်လောက် ပေးမှာလဲဟင်" ဟု မုရုံချင်းလျန်က မေးသည်။
ဤကိစ္စအတွက် လော့ချန် ကြိုတင် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သူ တွန့်ဆုတ်မနေဘဲ "၃၀၀၀" ဟု ပြတ်သားစွာ ဆိုလိုက်သည်။
"အမ်.... ဒီလောက်တောင် များတာလား"
မုရုံချင်းလျန် မျက်လုံးများမှာ အံ့သြမှုကြောင့် ဝိုင်းစက်သွားပြီး လည်ချောင်းများပင် ခြောက်သွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
"လော့လေး.... ဒါက ဂိုဏ်းငယ်လေးတွေမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကို ပူဇော်ခအဖြစ် ပေးတဲ့ ပမာဏနဲ့ အတူတူနီးပါးပဲလေ…. အဲလောက်ပေးချင်တာသေချာပြီလား"
"သေချာတာပေါ့ဗျ.... ကျွန်တော့် အစ်ကိုဝမ်က ဒီထက်မက တန်ဖိုးရှိပါတယ်" ဟု လော့ချန်က ခိုင်မာသောလေသံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်တော့ အခြေခံတည်ဆောက်ခြင်းအဆင့် ပူဇော်ခ စံနှုန်းအတိုင်း ၃၀၀၀ လို့ပဲ သတ်မှတ်လိုက်ပါ့မယ်ရှင့်" ဟု မုရုံချင်းလျန်က ဆိုသည်။ သူမသည် ခေါင်းငုံ့ကာ ထိုစာရင်းကို စာရင်းစာအုပ်ထဲတွင် ဂရုတစိုက် မှတ်တမ်းတင်လိုက်သည်။ ၎င်းကို ကြည့်ရင်း လော့ချန်မှာလည်း အားတက်သွားမိသည်။ အရာအားလုံးသည် အဆင်ချောလျက်ရှိကာ ကောင်းမွန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လော့ထျန်အဖွဲ့အစည်း၏ အဖွဲ့ခေါင်းဆောင်အနေဖြင့် လော့ချန်သည် တစ်လလျှင် အသားတင်အမြတ် ဝိညာဉ်ကျောက်တုံး ၈၀၀၀ ခန့် ကိုယ်တိုင် ရရှိနိုင်သည်။ ဤအမြတ်မှာ အလွန်ပင် ကြီးမားလှပေရာ လူသိသွားပါက ချီသန့်စင်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူများသာမက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် မနာလိုဖြစ်သွားနိုင်သည်။ သို့သော် လက်တွေ့တွင်မူ ဤသည်မှာ လုံးဝ ယုတ္တိရှိသော ဝင်ငွေသာ ဖြစ်သည်။ သူ ဖော်စပ်သမျှ ဆေးလုံးများမှာ ကျောက်စိမ်းအမြုတေဆေးလုံး အလတ်စားများ ဖြစ်ပြီး တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ၅၀ ဖြင့် ရောင်းချရာ တစ်လလျှင် စုစုပေါင်းဝင်ငွေ ၂၀၀၀၀ ကျော် ရရှိသောကြောင့် ဖြစ်သည်။ ယခုမူ မည်သူနှင့်မျှ အမြတ်ခွဲရန် မလိုတော့ပေ။
မြောင်ဝမ်နှင့် ချုပ်ဆိုထားသည့် မူလစာချုပ်အတိုင်းသာ ဆိုလျှင် အမြတ်ကို ငါးဆယ်ရာခိုင်နှုန်းစီ ခွဲရမည် ဖြစ်ရာ ဝိညာဉ်ကျောက်တုံး ၄၀၀၀ ကို ခွဲပေးရမည် ဖြစ်သည်။ တစ်လလျှင် ၄၀၀၀ ဆိုသည်မှာ ဖိုရှန်းဂိုဏ်းတွင် ရှိစဉ်ကထက် နှစ်ဆ၊ သုံးဆ ပိုများနေသော်လည်း ဆေးဖော်စပ်သူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ယှဉ်လျှင် အလွန်ပင် နည်းပါးလှသေးသည်။ ၈၀၀၀ ဆိုသည်မှာ များလွန်းသည်လည်း မဟုတ်၊ နည်းလွန်းသည်လည်း မဟုတ်ဘဲ အတော်ဆုံးသော ပမာဏပင် ဖြစ်သည်။ သို့သော်လည်း လော့ချန်သည် ဝိညာဉ်ကျောက်တုံး အားလုံးကို ထုတ်မယူခဲ့ပေ။ သူသည် ၁၅၀၀၀ ကို အဖွဲ့ချုပ် လည်ပတ်ရန် ရန်ပုံငွေအဖြစ် ချန်ထားခဲ့ပြီး ၈၀၀၀ ကိုသာ ထုတ်ယူခဲ့သည်။
မုရုံချင်းလျန်ထံမှ ဝိညာဉ်ကျောက်တုံးများကို လက်ခံရရှိပြီးနောက် လော့ချန် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့တွင် စုဆောင်းငွေ အတော်အတန် ရရှိနေပြီ ဖြစ်သည်။ ကောင်းထင်ယွမ်၏ သိုလှောင်အိတ်မှ ရထားသည်များလည်း ရှိသေးရာ ယခု ထပ်တိုးလာသည်များနှင့်ဆိုလျှင် သူ၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ ဤပမာဏမှာ အဆင့်မြင့် မှော်ရတနာတစ်ခု ဝယ်ယူရန် လုံလောက်လှသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အသစ်တက်စ ကျင့်ကြံသူအချို့ဆိုလျှင် သူတို့၏ ပိုင်ဆိုင်မှုအားလုံး စုပေါင်းလိုက်လျှင်ပင် ဤမျှ စုဆောင်းငွေ ရှိချင်မှ ရှိလိမ့်မည် ဖြစ်သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ဘဝမှာ မည်မျှ ခက်ခဲကြောင်း လော့ချန် အသိဆုံးဖြစ်သည်။ မီရှုဟွာသည် ဖိုရှန်းဂိုဏ်းကို တည်ထောင်ပြီးနောက် လော့ချန်ကို အားတက်သရော ကူညီပေးခဲ့ခြင်းမှာ အခြားမဟုတ်ဘဲ ရေရှည်အနာဂတ်အတွက် ပြင်ဆင်ခဲ့ခြင်းသာ ဖြစ်သည်။ လော့ချန်၏ တိုးတက်မှုနှုန်းမှာ အလွန်မြန်ဆန်နေခဲ့ပြီး မီရှုဟွာကိုယ်တိုင်လည်း ဒဏ်ရာပြင်းထန်စွာ ရခဲ့သောကြောင့်သာ သူ ရင်းနှီးမြှုပ်နှံမှုကို စောစီးစွာ ပြန်လည် သိမ်းဆည်းချင်ခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် မီရှုဟွာမှာ အကြီးအကျယ် အမြတ်ထွက်မည့် ထိုအချိန်ကို မမြင်တွေ့သွားခဲ့ရပေ။ လောကကြီးတွင် ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ပေ။ လော့ချန် တစ်ယောက်တည်းသာ ထိုသို့ ကြုံရသည် မဟုတ်။ သန်းပေါင်းများစွာသော သက်ရှိများထဲတွင် မည်သူက အရာအားလုံးကို သူတို့ စိတ်တိုင်းကျ ဖြစ်စေနိုင်ပါမည်နည်း။ ဖန်ရင်ရှုံကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူကြီးပင် အဆုံးသတ်မလှခဲ့ပေ။
ပြန်စဉ်းစားကြည့်လျှင် မီရှုဟွာ၊ မြောင်ဝမ်နှင့် ဖန်ရင်ရှုံတို့မှာ အလွန်ပင် ဆိုးရွားသော အဆုံးသတ်များနှင့် ကြုံတွေ့ခဲ့ရသည်။
‘ငါက ငါ့ကို ကူညီခဲ့တဲ့ ကျေးဇူးရှင်တွေကို ကံဆိုးစေတဲ့သူလား…. မဟုတ်ဘူး.... ငါ့မှာ ဘယ်တော့မှ ကျေးဇူးရှင်ဆိုတာ ရှိမလာသင့်ဘူး’
ဤသို့တွေးမိကာ လော့ချန် အေးစက်စွာ ရယ်မောလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားသည်။ အခန်းထဲတွင် ကျန်ရစ်ခဲ့သော မုရုံချင်းလျန်မှာမူ လုံးဝ ဇဝေဇဝါ ဖြစ်သွားပြီး တွေးတောနေမိတော့သည်။ လော့ချန် အဘယ်ကြောင့် ရုတ်တရက်ကြီး အကြောင်းမဲ့ အေးစက်စက် ရယ်သွားရသည်ကို သူမ တွေးမရဖြစ်နေတော့သည်။
....
"ဟ နေစမ်းပါဦးကွာ.... ငါ့ကို ဘာလို့ အတင်းဆွဲခေါ်လာတာလဲ.... မင်း အစောင့်အရှောက် လိုချင်တာ မဟုတ်ဘူးလား.... ကျိုးယွမ်လီနဲ့ လျိုချန်းတို့ရော ဘယ်ရောက်ကုန်လဲ...." ဟု ဝမ်ယွမ်က ရုန်းကန်ရင်း မေးသည်။
"အာ....ကျိုးယွမ်လီက မကြာသေးခင်ကမှ လိုအပ်တာတွေ အလုံအလောက် စုဆောင်းမိသွားတယ်…. တာဟဲစျေးမြို့တော်ရဲ့ ချီစွမ်းအားကလည်း တည်ငြိမ်လာပြီဆိုတော့ သူက ချီသန့်စင်အဆင့် ၉ ကို ချိုးဖျက်ဖို့ တံခါးပိတ်ကျင့်ကြံတော့မလို့လေ"
လော့ချန် ခြေလှမ်းများကို ရပ်လိုက်ပြီး ရှင်းပြပြောဆိုသည်။
"ပြီးတော့ သူတို့ရဲ့ အစွမ်းကလည်း တကယ်တမ်းကျတော့ နည်းနည်း အားနည်းနေသေးတာ အမှန်ပဲ"
"ဟာကွာ....သူတို့က အဲဒီလောက်လည်း မညံ့ပါဘူး၊ နှစ်ယောက်ပေါင်းရင် သာမန်ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူတစ်ယောက်ကိုတော့ ယှဉ်နိုင်မှာပါ" ဟု ဝမ်ယွမ်က ရပ်လိုက်ရင်း သံသယရှိသောလေသံဖြင့် ဆိုသည်။
"အစ်ကိုဝမ်ပြောတာမှန်တယ်....ဒါပေမဲ့ ကျွန်တော်အခုသွားမယ့်နေရာက သူတို့ရဲ့အစွမ်းနဲ့ ဘယ်လိုမှ မလုံလောက်ဘူး"
လော့ချန်က ခပ်မှိန်မှိန် ပြုံးလျက် ပြန်ဖြေသည်။
သူသည် ဝမ်ယွမ်၏ စောင့်ကြည့်မှုအောက်မှာပင် မျက်နှာကို လက်ဖြင့် အားပါးတရ ပွတ်သပ်လိုက်သည်။ ခဏအကြာတွင် ရင်းနှီးသလိုရှိသော်လည်း မမှတ်မိနိုင်သည့် မျက်နှာသစ်တစ်ခု ပေါ်ထွက်လာတော့သည်။ ဝမ်ယွမ်သည်လည်း လော့ချန်ဆိုလိုချင်သည်ကို သဘောပေါက်သွားသဖြင့် စိတ်လျှော့ကာ သက်ပြင်းချလိုက်သည်။
ထို့နောက် ဝမ်ယွမ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပြီး အရိုးများ ရွေ့လျားသွားသည့် အသံများ ထွက်ပေါ်လာကာ သူ၏ ကိုယ်ထည်မှာ လက်မအနည်းငယ်ခန့် ပုဝင်သွားပြီး လော့ချန်နှင့် အရပ်အမောင်း တူညီသွားတော့သည်။ သူသည်လည်း မျက်နှာကို တစ်ချက် ပွတ်သပ်လိုက်ပြီးနောက် ရုပ်ရည် ပြောင်းလဲသွားသည်။ ရုပ်ဖျက်ပြီးသည်နှင့် လော့ချန်သည် ဝမ်ယွမ်အား ရင်းနှီးပြီးသား လမ်းကြားလေးတစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။
လမ်းလျှောက်နေရင်း လော့ချန် စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။
"အစ်ကိုဝမ်.... တစ္ဆေတွေကို တိုက်ခိုက်တဲ့ မှော်အတတ်တွေမှာ ဘယ်လောက်အထိ တိုးတက်လာပြီလဲ"
"အာ....မပြီးပြည့်စုံသေးဘူးလေ.... ငါ့လို သွေးလေစွမ်းအင် အရမ်း ကောင်းတဲ့သူမျိုးနားကို အဆင့်နိမ့် တစ္ဆေတွေ မကပ်ရဲကြပေမဲ့ အစွမ်းထက်တဲ့ တစ္ဆေတွေအတွက်တော့ ငါက လက်မလွှတ်နိုင်စရာ အကောင်းဆုံး စားပွဲကြီး ဖြစ်နေမှာကွ"
"ဒါဆိုရင် အစ်ကိုဝမ်.... မြို့တွင်းပိုင်းကို သွားဖို့ အစီအစဉ်ကို ခဏ ဆိုင်းထားရမလား" ဟု လော့ချန်က မေးသည်။
"မင်းက အလျင်လိုနေလို့လား"
လော့ချန် ခေါင်းခါပြပြီး ဆိုသည်။
"ကျွန်တော်ကတော့ အလျင်မလိုပါဘူး…. ဒါပေမဲ့ တခြား အင်အားစုတွေကတော့ မြို့တွင်းပိုင်းကို ဝင်ဖို့ လူစုနေကြပြီ"
"ဒါဆိုရင်လည်း သူတို့ကိုပဲ အရင်သွားခိုင်းလိုက်ပေါ့.... ရှင်းနေတာကို...." ဟု ဝမ်ယွမ်က ခြေလှမ်းရပ်လျက် ဆိုလိုက်သည်။ ရင်းနှီးနေသော တံခါးဝကို ကြည့်ရင်း သူ တွန့်ဆုတ်စွာဖြင့် မေးသည်။
"အမ်....နဂါးရတနာ မှောင်ခိုဈေးကွက်လား"
လော့ချန် ခေါင်းညိတ် ပြလိုက်သည်။
"တစ်ခုရှိတာက အခြေအနေတွေက ပြောင်းလဲသွားပြီ.... နဂါးရတနာ မှောင်ခိုဈေးကွက်က အရင်ကလို မဟုတ်တော့ဘူး.... ကျွန်တော်တို့ သေချာလေးသတိထားရမယ်"
ထို့နောက် သူ လိုက်ကာကို မ ကာ အတွင်းသို့ ဝင်သွားသည်ဓ ဝမ်ယွမ်သည်လည်း တွန့်ဆုတ်မနေဘဲ နောက်မှ လိုက်ဝင်သွားတော့သည်။ နှစ်ဦးသား လျှို့ဝှက်အမှတ်အသားကို ပြသပြီးနောက် ပေတစ်ရာခန့် ကျယ်ဝန်းသော ဧရာမ မြေအောက်ခန်းမကြီးအတွင်းသို့ တစ်ဖန် ပြန်လည် ခြေချလိုက်ကြသည်။ ခန်းမကြီးထဲ ဝင်လိုက်သည်နှင့် ဝမ်ယွမ်၏ တစ်ကိုယ်လုံး တင်းမာသွားတော့သည်။
‘အခြေအနေတွေက ပြောင်းလဲသွားပြီ’ ဟူသာ လော့ချန်၏ စကားကို သူ နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။ အကြောင်းမှာ ယခုအချိန်တွင် မှောင်ခိုဈေးကွက်အတွင်း၌ ရှိနေသော လူရိပ်အချို့တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါများကို ခံစားလိုက်ရသောကြောင့်ပင်။