← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅) - မှောင်ခိုစျေးကွက်အတွင်းမှ ရှာဖွေလေတွေ့ရှိလေ ရတနာများ

"ဟုတ်တယ်.... အစ်ကိုတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြစို့ကွာ.... သွေးအဆီအနှစ်ဆေးလုံး တစ်လုံးစီကို ဝိညာဉ်ကျောက်တုံး တစ်ရာနှုန်းနဲ့ ပုံသေဈေး သတ်မှတ်ပြီး ကုန်သွယ်ကြမယ်၊ ဒါက လေလံဈေးထက် နည်းနေတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒီအတွက် လျော်ကြေးအနေနဲ့ မှောင်ခိုဈေးကွက် လေလံပွဲ ကျင်းပတိုင်း မင်းကို ကိုယ်တိုင် အကြောင်းကြားပေးမယ့်အပြင် ဘယ်လိုရတနာတွေ ပါလာမလဲဆိုတာကိုလည်း ကြိုပြောပြပေးမယ်"

ထျန်းရှင်းကျီက အေးအေးလူလူပင် ဆိုသည်။

"ဒါတင်မကသေးဘူး.... မင်း တကယ်လိုချင်တဲ့ ပစ္စည်းတစ်ခုခု ရှိရင်လည်း လေလံပွဲမှာ သူများနဲ့ လုနေစရာမလိုဘဲ ကြိုပြီးတော့ ဖယ်ထားပေးလို့ ရတယ်"

ထို့နောက် သူ ခေတ္တမျှ ရပ်နားလိုက်ပြီးမှ ဆက်ပြောပြန်သည်။

"နောက်ပြီး မင်းမှာ အရေးတကြီး လိုအပ်တဲ့ ဝယ်ချင်တာတွေ ရှိရင်လည်း ငါ့ကိုသာ အသိပေးလိုက်ပါ၊ ငါကိုယ်တိုင် မင်းအတွက် ရအောင် ရှာပေးမယ်လို့ အာမခံပါတယ်"

ဤကဲ့သို့ လွန်စွာ ရက်ရောလှသော ကမ်းလှမ်းချက်ကို ကြားလိုက်ရသောအခါ လော့ချန် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ သွေးအဆီအနှစ်ဆေးလုံးတစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး တစ်ရာဆိုသည်မှာ သာမန်လေလံဈေးထက် အနည်းငယ် လျော့နည်းနေသော်လည်း၊ တည်ငြိမ်သော ဖြန့်ဖြူးရေးလမ်းကြောင်းတစ်ခု ရရှိခြင်းမှာ ရေရှည်အတွက် တွက်ခြေကိုက်လှသည်။ ဤသည်မှာ မည်သူမဆို နားလည်နိုင်သော အချက်ပင် ဖြစ်သည်။

ထို့အပြင် နဂါးရတနာ မှောင်ခိုဈေးကွက်နှင့် အဆက်အသွယ်ရရှိထားခြင်းက သူ၏ စိုးရိမ်ပူပန်မှုများစွာကို လျော့ကျစေပေလိမ့်မည်။ ခိုးရာပါပစ္စည်းများကို ရောင်းထုတ်ရန်ဖြစ်စေ၊ ရှားပါး ပစ္စည်းများကို ရှာဖွေရန်ဖြစ်စေ သူသည် အခြားသူများထက် အမြဲခြေတစ်လှမ်း သာနေမည် ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ သူ၏ ဆေးဖက်ဝင်အပင် ထောက်ပံ့ရေးလမ်းကြောင်းပင် ဖြစ်သည်။

လက်ရှိတွင် လော့ထျန်းအဖွဲ့၏ ဆေးဖက်ဝင်အပင် ထောက်ပံ့မှုမှာ လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်အပေါ်တွင်သာ မှီခိုနေရခြင်း ဖြစ်သည်။ ထိုအဖွဲ့မှာ လော့ချန်အပေါ် အမှန်တကယ် စိတ်ရင်းကောင်းသူများ မဟုတ်ဘဲ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ နောက်ခံရှိသည်ဟူသော အထင်အမြင်ကြောင့်သာ ပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။

အကယ်၍ ထိုအထင်အမြင်သာ ပျက်ပြားသွားခဲ့လျှင် သူ၏ ဆေးဖော်စပ်ခြင်းလုပ်ငန်းမှာ လည်ပင်းညှစ်ခံရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သို့သော် နဂါးရတနာ မှောင်ခိုဈေးကွက်နှင့်သာ လက်တွဲခဲ့လျှင် သူ၌ ခိုင်မာသော ထောက်ပံ့ရေးလမ်းကြောင်း နှစ်ခု ရှိလာမည် ဖြစ်သည်။

အနည်းဆုံးတော့ မှောင်ခိုဈေးကွက်ဘက်က သူ့အပေါ် စေတနာပြသခဲ့သည်မှာ အကြိမ်ကြိမ်ပင်။ ကြိုတင်သတိပေးချက်များ ပေးခြင်းဖြင့်ဖြစ်စေ၊ ယနေ့ သူ၏ ဆေးလုံးများကို ဈေးကြီးပေး၍ ဝယ်ယူခြင်းဖြင့်ဖြစ်စေ အကျိုးတူဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ သို့သော်လည်း အချို့သောအရာများကိုမူ သူ ဖုံးကွယ်ထားရဦးမည် ဖြစ်သည်။

လော့ချန် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ထျန်းရှင်းကျီ စိတ်ပျက်မသွားမီမှာပင် "ဒါကို ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့မရပါဘူး၊ ကျွန်တော် မိတ်ဆွေနဲ့ အရင်တိုင်ပင်ပြီးမှပဲ အဖြေပေးနိုင်ပါလိမ့်မယ်" ဟု ဆိုလိုက်သည်။

ထျန်းရှင်းကျီက နားလည်မှုရှိရှိ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါပြီ.... ဒါက ကျိုးကြောင်းဆီလျော်ပါတယ်၊ မင်းရဲ့ မိတ်ဆွေကို ငါ့ရဲ့ ကမ်းလှမ်းချက်ကိုသာ ပြောပြလိုက်ပါ၊ မင်းတို့နှစ်ယောက်လုံးကို နဂါးရတနာ မှောင်ခိုဈေးကွက်ရဲ့ အထူးဧည့်သည်တော် အဆင့် သတ်မှတ်ပေးမယ်လို့လည်း ကတိပေးပါတယ်"

အထူးဧည့်သည်တော် ဟူသော စကားကို ကြားလိုက်ရသောအခါ လော့ချန်၏ နှုတ်ခမ်းမှာ အနည်းငယ် ပြုံးမိသွားပြီး ‘ကျင့်ကြံခြင်းလောကမှာလည်း ဒါမျိုး အထူးခံစားခွင့်တွေ ရှိနေသေးတာပဲ’ ဟု တွေးတောမိသည်။ သဘောတူညီချက်မှာ အတည်မဖြစ်သေးသော်လည်း လော့ချန် အကြံအစည်အချို့ကို စတင်ဖော်ထုတ်နေပြီ ဖြစ်သည်။

"အကြီးအကဲ ထျန်းရှင်းကျီ.... ခင်ဗျားတို့ မှောင်ခိုဈေးကွက်ကနေ ရောင်စဉ်အနှစ်သာရဆေးလုံးတွေကို ထပ်ပြီး ရနိုင်ဦးမလားခင်ဗျာ"

"ရောင်စဉ်အနှစ်သာရ ဆေးလုံး ဟုတ်လား"

စောစောက လော့ချန် လေလံဝင်ဆွဲစဉ်ကပင် ထျန်းရှင်းကျီ သတိပြုမိခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ဤလူငယ်မှာ ထိုဆေးကို အလွန်စိတ်ဝင်စားနေသည်။ ထိုဆေးကို အစဉ်တစိုက် သုံးစွဲလျှင် အမြင်အာရုံကို ပြောင်းလဲစေနိုင်သည်ဟူသော သတင်းကြောင့် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း "စိတ်မကောင်းပါဘူးကွာ…. ကျောက်စိမ်းအိုးဓားဂိုဏ်းက ဒီပစ္စည်းကို သေချာ ထိန်းချုပ်ထားတာ၊ အပြင်ကို အရမ်းထွက်ခဲတယ်၊ ဒီနေ့ ငါတို့ လေလံတင်ခဲ့တာတောင် တော်တော်လေး ခက်ခက်ခဲခဲ ရှာထားရတာ" ဟု ထျန်းရှင်းကျီက ဆိုသည်။

လော့ချန် အနည်းငယ် စိတ်ပျက်သွားသော်လည်း ထျန်းရှင်းကျီက “ရောင်စဉ်ပုလဲအနှစ်သာရဆေးလုံး ဆိုရင်ကော ဘယ်လိုလဲ…. ဒါကချီသန့်စင်အဆင့် ကျင့်ကြံသူတွေအတွက် ပိုတောင် သင့်တော်သေးတယ်…. ရဖို့လည်း ပိုလွယ်တာပေါ့" ဟု ပြန်လည်ဖြည့်စွက် ပြောကြားလိုက်သည်။

ထိုစကားကြောင့် လော့ချန် ဝမ်းသာသွားသည်။

"ဒါဆိုရင်တော့ အကြီးအကဲကိုပဲ အားကိုးရပါတော့မယ်ဗျာ.... ဈေးနှုန်းအတွက်လည်း အကြီးအကဲ မနစ်နာစေရပါဘူး"

"ဒါက ကိစ္စအသေးအမွှားလေးပါပဲ"

တစ်ဆက်တည်း ထျန်းရှင်းကျီက လက်ယမ်းပြကာ "အခု ဝိညာဉ်ဆေးနန်းဆောင်က တာဟဲစျေးမြို့တော်ကနေ ထွက်သွားပြီဆိုတော့ ဆေးလုံးအတော်များများက ရဖို့ခက်သွားပြီကွ.... အဲ့တော့ နောက် မင်း ဘာလိုအပ်လိုအပ် ငါ့ကိုသာ ပြောလိုက်ပါ.... ဖန်တီးပေးပါမယ်"

ဤအကြီးအကဲသည် စျေးကွက်ကို တော်တော်လေး ပိုင်နေပုံပါလားဟု တွေးရင်း လော့ချန်၏ မျက်လုံးများ တောက်ပသွားသည်။ ထို့ကြောင့် သူ အားမနာတော့ဘဲ ဆေးလုံးသုံးမျိုး၏ အမည်ကို ချက်ချင်း ပြောပြလိုက်သည်။ ထိုအခါ ထျန်းရှင်းကျီ ခါးသက်သက် ပြုံးလိုက်သည်။

"ညီလေးရာ.... မင်းရဲ့ အလိုကလည်း နည်းတာမဟုတ်ဘူးပဲ၊ ရွှေကျောက်စိမ်းရည် ကလွဲရင် ကျန်တဲ့ နှစ်မျိုးက ရဖို့ တော်တော်ခက်တယ်ကွ"

"အစ်ကိုတို့ရဲ့ အဆက်အသွယ်တွေနဲ့တောင် မရနိုင်ဘူးလားဗျာ" ဟု လော့ချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ထျန်းရှင်းကျီက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည် ။

"ချီသန့်စင်ဆေးလုံးတွေက ဆေးဘုရင်ဂိုဏ်းရဲ့ အထူးသီးသန့်ပစ္စည်းတွေပဲကွ.... လေလံပွဲကြီးတွေကလွဲရင် အပြင်မှာ ထွက်တာ ရှားတယ်၊ ထွက်လာရင်တောင် အများစုက ဒုတိယအဆင့်တွေပဲ၊ ပထမအဆင့် ချီသန့်စင်ဆေးလုံးတွေကျတော့ အမြတ်နည်းလွန်းလို့ ဂိုဏ်းအတွင်းမှာပဲ သုံးကြတာ များတယ်လေ"

"ဪ.... ဒီလိုကိုး"

လော့ချန်၏ အတွေးများသည် လန်ချန်းမြစ်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုစဉ်က ဖန်ရင်ရှုံနှင့် မြောင်ဝမ်တို့ပင်လျှင် ပထမအဆင့် ချီသန့်စင်ဆေးလုံး တစ်လုံးမျှ ထုတ်မပေးနိုင်ခဲ့ပေ။ အဆုံးတွင် သူတို့သည် သူ့အား ဒုတိယအဆင့်ဆေးလုံး ငါးပုလင်း ပေးခဲ့ကြသည်။ သို့သော်လည်း ဒုတိယအဆင့် ဆေးလုံးများမှာ သူ့အတွက် လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ။ အသုံးပြုရသည်မှာ အနည်းငယ် ပို၍ ရှုပ်ထွေးသွားရုံသာ ဖြစ်သည်။

"ကျွန်တော်ကတော့ ဒုတိယအဆင့်ဆိုရင်လည်း ရပါတယ်ဗျာ"

ထိုစကားကို ကြားသောအခါ ထျန်းရှင်းကျီက လော့ချန်အား အံ့သြစွာ ကြည့်လိုက်သည်။

"ညီလေး.... ဒါက မင်းရဲ့ ဆေးဆရာ မိတ်ဆွေအတွက် ဝယ်ပေးတာလား"

လော့ချန် အခွင့်အရေးကို လက်မလွှတ်ဘဲ "ဟုတ်ပါတယ်" ဟု လိမ်ညာပြောဆိုလိုက်သည်။

"ဟ.... ငါက မင်းမိတ်ဆွေကို အထင်သေးမိသွားတာပဲ၊ သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူးကွာ"

လော့ချန်တစ်ယောက် ‘ငါ ဘယ်တုန်းက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သွားတာလဲ’ ဟု ခဏမျှ ကြောင်အသွားသော်လည်း မကြာမီမှာပင် သဘောပေါက်သွားသည်။ ဒုတိယအဆင့် ဆေးလုံးများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက်သာ ဖြစ်သည်။ အကြောင်းမှာ ဆေးအာနိသင် ပြင်းထန်မှုကြောင့် ချီသန့်စင်အဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်က တောင့်ခံနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ လော့ချန်မှာမူ ဖန်ရင်ရှုံ၏ လမ်းညွှန်မှုကြောင့်သာ သုံးစွဲနိုင်ခြင်း ဖြစ်သည်။ ထျန်းရှင်းကျီမှာမူ ထိုနည်းလမ်းကို သိရှိမည် မဟုတ်ပေ။

လော့ချန် စကားထောက်ရန် မကြိုးစားတော့ပေ။ ဤသို့ အထင်လွဲသွားခြင်းက သူ၏ နောက်ကွယ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးဆရာတစ်ဦး ရှိနေသည်ဟု အထင်ရောက်စေမည်ဖြစ်ရာ နောင်တွင် အရောင်းအဝယ်လုပ်ရန် ပို၍ လွယ်ကူစေမည် မဟုတ်ပါလော။ ထျန်းရှင်းကျီသည် ခေတ္တမျှ စဉ်းစားပြီးနောက် လော့ချန် တောင်းဆိုသော နောက်ဆုံးဆေးလုံးအကြောင်းကို ဆက်ပြောသည်။

"အခြေတည်ဆေးလုံး တွေကတော့ မင်းလဲသိပါတယ်ကွာ.... တကယ့်ကို ရဖို့ခက်တဲ့ ပစ္စည်းတွေပဲလေ"

ထိုအခါ လော့ချန်သည် နဂါးရတနာ မှောင်ခိုဈေးကွက်တောင်မှ မရနိုင်ဘူးလားဟု တွေးရင်း စိတ်ပျက်သွားသည်။

‘နေပါဦး.... သူတို့က မရနိုင်တာ မဟုတ်ဘဲ ရဖို့ခက်တယ်လို့သာ ပြောခဲ့တာ’

လော့ချန် ချက်ချင်းပင် ပြတ်သားသော လေသံဖြင့် "အကြီးအကဲသာ ကျွန်တော်အတွက် အခြေတည်ဆေးလုံးတွေ ရအောင် ရှာပေးနိုင်မယ်ဆိုရင်၊ ကျွန်တော့် မိတ်ဆွေကို ခင်ဗျားတို့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော် ကိုယ်တိုင် ဖျောင်းဖျပေးပါ့မယ်" ဟု ဆိုလိုက်သည်။

ထိုအခါ ထျန်းရှင်းကျီက "အဲဒါကတော့ အခြေအနေပေါ် မူတည်တာပေါ့ကွာ.... ကောင်းပါပြီလေ၊ ငါ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်" ဟု ပြန်ပြောလိုက်သည်။

သူ၏ တွန့်ဆုတ်နေသော အမူအရာက လော့ချန်အား သံသယဝင်စေသော်လည်း ဤလမ်းကြောင်း ရရှိထားခြင်းမှာပင် ကြီးမားသော အားသာချက် ဖြစ်သည်။ ဒေသခံ ကျောက်စိမ်းအိုးဓားနန်းဆောင်မှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သလို ဆေးဘုရင်ဂိုဏ်းကလည်း သူတို့၏ လုပ်ငန်းများအားလုံးကို ရုပ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။ လော့ချန်သည် မူလက တာဟဲလေလံပွဲမှတစ်ဆင့် အခြေတည်ဆေးလုံး ရယူရန် မျှော်လင့်ခဲ့သော်လည်း ယခုမူ ထိုမျှော်လင့်ချက် မရှိတော့ပေ။ အကယ်၍ သူ အခြားဈေးကွက်တစ်ခုသို့ သွားခဲ့လျှင်လည်း လူစိမ်းတစ်ယောက်အနေဖြင့် အခြေတည်ဆေးလုံးကို ရယူနိုင်ရန်မှာ လွန်စွာ ခက်ခဲပေလိမ့်မည်။

ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ နဂါးရတနာ မှောင်ခိုဈေးကွက်သာ ဖြစ်သည်။ ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူတစ်ဦးကိုပင် ခြုံခိုတိုက်ခိုက်သတ်ဖြတ်ဝံ့သော အဖွဲ့အစည်းဖြစ်ရာ သူတို့လက်ထဲသို့ အခြေတည်ဆေးလုံး အချို့ ရောက်မလာနိုင်စရာ အကြောင်းမရှိပေ။

ဤပူးပေါင်းဆောင်ရွက်မှုအား သေချာပြန်စဉ်းစားကြည့်ရန် လော့ချန် တိတ်ဆိတ်စွာ တွေးတောနေမိသည်။ ထျန်းရှင်းကျီကို ချက်ချင်းကြီး သဘောတူကြောင်း မပြောသေးပေ။ ကျင့်ကြံရေး အထောက်အကူ များအပြင် ဆေးဖက်ဝင်အပင် ထောက်ပံ့ရေးကိစ္စကိုလည်း သူ ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်သည်။

ထို့ကြောင့် ထျန်းရှင်းကျီအား အချိန်အနည်းငယ် ဆိုင်းငံ့ထားရန် သူ ဆုံးဖြတ်လိုက်သည်။ သူတို့၏ စိတ်ရင်းအမှန်ကို အရင် မြင်တွေ့ရမှသာ အလွယ်တကူ သဘောတူမည် ဖြစ်သည်။ ထျန်းရှင်းကျီ အသံလုံအစီအရင်ကို ဖယ်ရှားလိုက်ရာ သူတို့၏ ဆွေးနွေးမှု ပြီးဆုံးသွားကြောင်း ပြသလိုက်သည်။ ယခုအချိန်တွင် မှောင်ခိုဈေးကွက်၏ အရောင်းအဝယ်အဆင့်မှာ ဒုတိယပိုင်းသို့ ရောက်ရှိသွားပြီဖြစ်ကာ လွတ်လပ်စွာ ကုန်သွယ်နိုင်သော အပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လော့ချန်သည် ဘာရယ်မဟုတ် ကျင့်ကြံသူများကြားတွင် လျှောက်သွားရင်း တစ်စုံတစ်ရာ ကံကောင်းနိုင်မလားဟု သူ၏ နတ်မျက်စိကို အသုံးပြုကာ ကြည့်ရှုနေမိသည်။ ဤသည်မှာ ကျင့်ကြံသူတိုင်း အမြဲ စိတ်ကူးယဉ်တတ်သည့် တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းကို ဈေးပေါပေါဖြင့် ရရှိခြင်းပင် ဖြစ်သည်။

သို့သော် တစ်ပတ်လုံး ပတ်ကြည့်သော်လည်း မည်သည့်အရာမျှ ထူးထူးခြားခြား မတွေ့ရပေ။ ရုတ်တရက် သူ ခြေလှမ်းများကို ရပ်လိုက်ပြီး အနီးရှိ လူနှစ်ဦးထံသို့ အကြည့်ရောက်သွားသည်။ သူ ပြုံးစစဖြင့် ချဉ်းကပ်သွားရာ လူနှစ်ဦးစလုံး၏ အာရုံမှာ သူ့ထံသို့ ရောက်ရှိလာသည်။

"ဟားဟား.... အစ်ကိုဝမ်.... ဒီလောက်တောင် စိတ်ရှုပ်နေတာ တစ်ခါမှ မမြင်ဖူးဘူး"

ဝမ်ယွမ် ဈေးဆစ်နေသူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုလူ၏ ခန္ဓာကိုယ်မှာ သန်မာထွားကြိုင်းလှပြီး ဝမ်ယွမ်ထက်ပင် ပိုကြီးမားနေကာ သားရဲဝက်ဝံကြီးတစ်ကောင်နှင့် တူနေသည်။ ထိုလူမှာ လော့ချန်ကို ရင်းနှီးသလို ခံစားရစေသော ကျင့်ကြံသူပင် ဖြစ်သည်။ သူသည် လော့ချန်အား အနားမကပ်ရန် သတိပေးသည့်အလား ရက်စက်သော အကြည့်ဖြင့် ကြည့်လာသည်။ သို့သော် ဝမ်ယွမ်က မျက်မှောင်ကြုတ်ရင်း လော့ချန်၏ ရှေ့တွင် ကာပေးလိုက်သည်။

"ဒါ ကျုပ်လူ"

ထိုအခါ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး “ဒါဆိုရင်လည်း ကောင်းတာပေါ့.... မင်းတို့ ဝိညာဉ်ကျောက်တုံးတွေ စုလိုက်ရင် ငါ့ရဲ့ ဒီကျင့်စဉ်ကို ဝယ်နိုင်ကောင်း ဝယ်နိုင်လိမ့်မယ်” ဟု ဆိုသည်။

"ကျင့်စဉ်တစ်ခုလား"

လော့ချန် စူးစမ်းလိုစိတ်ဖြင့် ခေါင်းပြူကြည့်လိုက်သည်။ ဝမ်ယွမ်၏ လက်ထဲတွင် နွမ်းဖတ်နေသော ရှေးဟောင်း သားရေစတစ်ခု ရှိနေသည်။ ထိုသားရေစပေါ်တွင် အစီအရင်မှော်အကာအရံများ လက်နေသဖြင့် အချို့အပိုင်းများကိုသာ မြင်ရသည်။ သို့သော် ထိုအပိုင်းလေးများကပင် ဝမ်ယွမ်ကို စိတ်လှုပ်ရှားစေရန် လုံလောက်နေပြီ ဖြစ်သည်။

“ဒါက တစ်ဝက်တစ်ပျက် သန်မာခြင်းကျင့်စဉ် တစ်ခုပဲ.... ငါ့အတွက် အရမ်းအသုံးဝင်တယ်၊ ဒါပေမဲ့ သူက ဈေးအရမ်းခေါ်နေတာ.... ဝိညာဉ်ကျောက်တုံး ၇၀၀၀ အောက်ဆိုရင် မရောင်းဘူးတဲ့”

ဝမ်ယွမ်၏ အသံမှာ လော့ချန် နားထဲသို့ ရောက်လာသည်။ ဤသည်မှာ သာမန် ချီစွမ်းအားဖြင့် အသံလွှင့်ခြင်း မဟုတ်ဘဲ ဝမ်ယွမ်၏ ထူးခြားသော အသံစုစည်းခြင်း နည်းလမ်း ဖြစ်သည်။ အဓိကအားဖြင့် အတွင်းအားကို ကျွမ်းကျင်စွာ အသုံးပြုထားပြီး အပြင်ဘက်ကို ချီစွမ်းအားဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်၏ ဝိညာဉ်အာရုံဖြင့် ခိုးနားထောင်ခြင်းကို ရှောင်ရှားနိုင်သည်။

ဤနည်းလမ်းကို ဝမ်ယွမ် အားလပ်ချိန်တွင် လော့ချန်အား သင်ပေးခဲ့သော်လည်း ယခုအထိ လော့ချန် မတတ်မြောက်သေးပေ။

‘အတွင်းအား…. ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ’

လော့ချန် အသံတိတ် တွေးကာ ထိုကျင့်စဥ်သားရေစကို စစ်ဆေးရန် အကြည့်ကို စူးစိုက်လိုက်သည်။ ‘ဘယ်လိုကျင့်စဉ်မျိုးမို့လို့ ဝိညာဉ်ကျောက်တုံး ၇၀၀၀ တောင် တောင်းရဲတာလဲ၊ အဲဒါတောင် မပြည့်စုံဘူးဆိုပဲ’ ဟု တွေးနေရင်း သူ သိချင်စိတ် ပြင်းပြနေမိတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၂၆) - လရောင်အောက်မှ ဟင်္သာအသွင်ပြောင်းလဲခြင်း

‘ဟင်္သာအသွင်ပြောင်းခြင်း’ ဟု ထိုခပ်ညစ်ညစ် သားရေစပေါ်တွင် ရေးထိုးထားသည်။

အရှေ့ပိုင်းတွင် ပါဝင်သော ကျင့်စဉ်အကြောင်းအရာမှာ သိပ်မများလှဘဲ အဓိကအားဖြင့် သဘောတရား ရှင်းလင်းချက်များသာ ဖြစ်သည်။ ငှက်မျိုးနွယ် သားရဲများ၏ အဆီအနှစ်သွေးကို ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ကာ ကျင့်ကြံခြင်း ဖြစ်သည်။ အထွတ်အထိပ်သို့ ရောက်ပါက ထိုသားရဲ၏ အစစ်အမှန်ပုံစံသို့ ခဏတာ ပြောင်းလဲနိုင်ပြီး တိုက်ပွဲစွမ်းရည်ကို အဆမတန် မြှင့်တင်ပေးနိုင်သည်။ သို့သော် ဤနည်းလမ်းမှာ ကျင့်ကြံသူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုအပေါ် အလွန်အမင်း တောင်းဆိုမှု မြင့်မားလှသည်။

‘အစ်ကိုဝမ် ဘာလို့ ဒါကို ဒီလောက်အထိ ဝယ်ချင်နေရလဲ နားလည်သွားပြီ၊ သွေးလေနဲ့ ခန္ဓာကိုယ်ကို အသုံးချတဲ့ နည်းလမ်းတွေက ရေခဲတောင်ရဲ့ ထိပ်ဖျားလောက်ပဲ မြင်ရသေးတာတောင် အကျိုးကျေးဇူးက အများကြီးပဲ၊ တကယ်လို့သာ အပြည့်အစုံ ကျင့်နိုင်မယ်ဆိုရင်....“မြောစရာပဲ.... မပြည့်စုံတဲ့ ကျင့်စဉ်တစ်ခု ဖြစ်နေတာကို’

ထိုစဥ် ဝမ်ယွမ်၏ အသံ သူ့နားထဲသို့ တစ်ဖန် ရောက်ရှိလာသည်။

"ဒီကျင့်စဉ်ကို ဒီလူက ထျန်းတုတောင်ထိပ်က ရှေးဟောင်းအပျက်အစီးဂူကြီးတစ်ခုမှာ တွေ့ခဲ့တာတဲ့.... သန်မာခြင်းကျင့်စဉ် တတိယအဆင့် ရှိတယ်၊ ငါသာ ဒါကို ရခဲ့ရင် တိုက်ရိုက်မကျင့်နိုင်ရင်တောင် အဲဒီထဲက အနှစ်သာရတွေကို ယူပြီး ငါ့ရဲ့ ပညာရပ်တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်.... သန်မာခြင်း ဒုတိယအဆင့် မူလကျင့်စဉ်ကို ပြည့်စုံအောင် လုပ်နိုင်လိမ့်မယ်”

လော့ချန် ဝမ်ယွမ်၏ စကားကို နားလည်သည်။ ဤသည်မှာ အခြားသူ၏ အားသာချက်ကို ယူ၍ မိမိ၏ အခြေခံကို ပိုမိုခိုင်မာအောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ထို အားသာချက်မှာ မိမိ၏ လက်ရှိအဆင့်ထက် များစွာ သာလွန်နေပါက ပို၍ ထိရောက်ပေလိမ့်မည်။ တတိယအဆင့်ရှိသော သန်မာခြင်းကျင့်စဉ်မှာ အမှန်တကယ်ပင် တန်ဖိုးမဖြတ်နိုင်သော ရတနာ ဖြစ်သည်။ ထို့ကြောင့်လည်း ရောင်းသူမှာ ဝိညာဉ်ကျောက်တုံး ခုနစ်ထောင်အထိ ရဲရဲကြီး တောင်းရဲခြင်း ဖြစ်ပေလိမ့်မည်။

အမှန်တကယ်ဆိုရလျှင် ဤဈေးနှုန်းမှာ နည်းပင်နည်းသေးသည်ဟု ဆိုရမည်။ မှော်အတတ်များနှင့် နှိုင်းယှဉ်လျှင် ကျင့်စဉ်များမှာ အမြဲ ဈေးကြီးလေ့ရှိသည်။ ဥပမာအားဖြင့် နွေဦးကျင့်စဉ်ကို ကြည့်လျှင် ရိုးရှင်းသော မူကြမ်းကျင့်စဥ်ကိုပင် မှောင်ခိုဈေးကွက်၌ ဝိညာဉ်ကျောက်တုံး ၅၀၀ မှ စတင်ရောင်းချလေ့ရှိသည်။

မှော်အတတ် ငါးမျိုးပါသော စာအုပ်ကိုပင် ၂၀၀ သာ ပေးခဲ့ရသည်ကို လော့ချန် မှတ်မိနေသေးသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် ကျောက်စိမ်းဆေးဘုရင်ကျမ်းမှာမူ ဝိညာဉ်ကျောက်တုံး ငါးထောင်အထိ ဈေးသတ်မှတ်ထားသော်လည်း ဝယ်ယူရန်မှာ အလွန်ခက်ခဲလှသည်။ အနည်းဆုံးတော့ နဂါးရတနာ မှောင်ခိုဈေးကွက်ရှိ မည်သည့်လေလံပွဲတွင်မျှ ထိုကျမ်း ပေါ်မလာခဲ့ဖူးပေ။

ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည့် ကျင့်စဉ်များဆိုလျှင် ပို၍ပင် မရှိတော့ပေ။

အကယ်၍ ရှိခဲ့လျှင် ဆေးဘုရင်ဂိုဏ်း၏ ထာဝရနုပျိုစိမ်းလန်းကျမ်းသာ ဖြစ်ပေလိမ့်မည်။

နွေဦးကျင့်စဉ်ရော ကျောက်စိမ်းဆေးဘုရင်ကျမ်းပါ ဤကျမ်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ကျင့်စဉ်မျိုးမှာ ကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့နေမည် မဟုတ်ပေ။ အကယ်၍သာ လေလံပွဲ၌ ပေါ်ထွက်လာပါက အနည်းဆုံး ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ ပေးရမည်မှာ သေချာလှသည်။ တတိယအဆင့် ကျင့်စဉ်များမှာ ထိုမျှအထိ အစွမ်းထက်လှပြီး တန်ဖိုးမှာလည်း ရတနာများထက် မနိမ့်ကျပေ။

လော့ချန် ခေါင်းခါလိုက်ပြီး "ဒီမှာ ဆရာကြီး.... အပြည့်မပါတဲ့ ကျင့်စဉ်တစ်ခုကို ခုနစ်ထောင်ဆိုတာကတော့ များလွန်းပါတယ်ဗျာ" ဟု ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအား တိုက်ရိုက်ပင် ပြောလိုက်သည်။

ထိုသူက အလိုမကျဟန် နှာခေါင်းရှုံ့လိုက်ပြီး "အပိုတွေလာမပြောနဲ့လေကွာ....မင်း ဝယ်မှာလား၊ မဝယ်ဘူးလား၊ ဒါပဲ ပြော" ဟု ခပ်ပြတ်ပြတ် ပြန်ပြောသည်။

လော့ချန် ဇဝေဇဝါဖြစ်သွားပြီး ဝမ်ယွမ်ကို လှမ်းကြည့်လိုက်သည်။ ဤစျေးရောင်းသူမှာ တော်တော် ယုံကြည်ချက်ရှိနေသည်။ ပုံမှန်အားဖြင့် ဤသို့သောကျင့်စဉ်များသည် ဈေးကွက်ဝယ်လိုအား သိပ်မရှိတတ်ပေ။ ကျင့်စဥ်ကလည်း အဆုံးထိပါသည်မဟုတ်။ ‘ဘာတွေများ မာန်တတ်နေပါလိမ့်’ ဟု လော့ချန် သိလိုစိတ်ဖြစ်သွားရသည်။ ထိုကြားထဲ ပွဲစျေးထဲ အမေကိုဂျီကျနေသည့် ကလေးသဖွယ် ကျင့်စဥ်ကို မျက်စိကမခွာနိုင်အောင် ငန်းငန်းတက်လိုချင်နေသော ဝမ်ယွမ်ကို ကြည့်မိသွားကာ သူ့ရင်ထဲ မချိတင်ကဲ ဖြစ်သွားရသည်။

‘အစ်ကိုကြီးရာ.... ဝယ်ချင်တယ်ဆိုရင်လည်း အဲဒီလောက် သိသာအောင် မပြပါနဲ့လား.... ခင်ဗျား အဲဒီလိုလုပ်တော့ သူက ဈေးတင်မှာပေါ့....’

ထို့နောက် သူ သက်ပြင်းချလိုက်ပြီး ဝမ်ယွမ်ထံသို့ အသံလွှင့်ကာ ပြောလိုက်သည်။

"တကယ် လိုချင်ရင်လည်း ဝယ်လိုက်ပါဗျာ၊ ကျွန်တော် အစ်ကိုဝမ်ကို ဒီမလာခင်ကပဲ လစာ ဝိညာဉ်ကျောက်တုံး ၃၀၀၀ ပေးထားတယ် မဟုတ်လား"

ထိုအခါ ဝမ်ယွမ်၏ မျက်နှာမှာ ပုံမှန်မဟုတ်တော့ဘဲ “အာ....ငါ့မှာ ဝိညာဉ်ကျောက်တုံး မလောက်ဘူးကွ" ဟု ပြန်ဖြေသည်။

ဟမ်....။

ထိုအဖြေကိုမူ လော့ချန် မမျှော်လင့်ထားမိပေ။ ချီသန့်စင်အဆင့် အထွတ်အထိပ်သို့ ရောက်ရန် လိုအပ်သော အရင်းအမြစ်များ အပြည့်ရှိသည်ဟု ဝမ်ယွမ် ပြောခဲ့သည်ကို သူ မှတ်မိနေသေးသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဝိညာဉ်ကျောက်တုံး လိုအပ်နေရသနည်းမှာ စဥ်းစားဖွယ်ဖြစ်နေသည်။

"အေးကွာ....ငါမှားတာ....စောစောက လေလံပွဲမှာ ကိုယ်ခန္ဓာကျင့်ကြံဖို့အတွက် ရင်းမြစ်တွေ အများကြီး ဝယ်လိုက်မိတယ်၊ ချီသန့်စင်အဆင့် တက်ဖို့အတွက် လိုအပ်တာတွေရောပဲ.... အဲဒါကြောင့်.... အခု လက်ထဲမှာ ၃၅၀၀ ပဲ ကျန်တော့တယ်" ဟု ဝမ်ယွမ်က မျက်နှာပျက်ပျက်နှင့် ဆိုသည်။

လော့ချန် ချက်ချင်း နားလည်သွားသည်။ ကိုယ်ခန္ဓာရော၊ ချီစွမ်းအားပါ နှစ်မျိုးလုံးကို ပူးတွဲကျင့်ကြံရခြင်းမှာ မလွယ်ကူပေ။ အရင်းအမြစ် သုံးစွဲမှုမှာ သာမန်ကျင့်ကြံသူထက် အဆပေါင်းများစွာ ပိုများသည်။ ဝမ်ယွမ်တွင် ပိုက်ဆံရှာနိုင်သော နည်းလမ်းမရှိဘဲ သူ၏ ပိုင်ဆိုင်မှုများမှာ တိုက်ခိုက်လုယက်ရာမှ ရရှိထားခြင်း ဖြစ်သည်။ ထိုနည်းလမ်းမှာ ရေရှည်အတွက် မဖြစ်နိုင်ကြောင်း သူ သိရှိသောကြောင့် လော့ချန်နှင့်အတူ အခြေချခဲ့ခြင်း ဖြစ်သည်။

လော့ချန်သည်လည်း ဝမ်ယွမ်ကို မနစ်နာစေဘဲ ဂိုဏ်းငယ်လေးတစ်ခု၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ရရှိသော လစာမျိုး ပေးထားသော်လည်း၊ ထိုမျှတိုတောင်းသော အချိန်အတွင်း၌ ကြီးမားသော ကြွယ်ဝမှုကိုမူ မစုဆောင်းနိုင်သေးပေ။ လော့ချန်သည် ဝမ်ယွမ်တစ်ယောက် ထိပ်တန်းအဆင့် မှော်လက်အိတ်အတွက် ငွေအများကြီး သုံးစွဲခဲ့သည်ကို သတိရကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သားရေစကို ဆွဲယူလိုက်ပြီး ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ စူးရှသော အကြည့်ကို မကြောက်မရွံ့ဘဲ ရင်ဆိုင်လိုက်သည်။

"ဆရာကြီး ဒီပစ္စည်းကိုလည်း ကြည့်ဦး.... တော်တော်ကြီးစုတ်နေပြီ.... ဒီပေါ်မှာ ရေးထားတဲ့ ကျင့်စဉ်တွေကလည်း ကြာနေပြီမလား....အခုခေတ် ကျင့်ကြံခြင်း နည်းလမ်းတွေနဲ့ ကိုက်ချင်မှတောင် ကိုက်မှာ၊ အဲဒါကြောင့် ဈေးကို တော်တော်လေး လျှော့သင့်တယ်" ဟု လော့ချန် အတည်ပေါက်ကြီး စျေးဆစ်လိုက်သည်။

ထိုစျေးရောင်းသူက မငြင်းဘဲ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"ဟုတ်တယ်.... ကျင့်စဉ်အဆင့်က မြင့်နိုင်ပေမဲ့ မပြည့်စုံတဲ့အတွက် ငါတို့က ဒါကို ကိုးကားဖို့လောက်ပဲ သုံးလို့ရမယ်"

“ဒါဆိုရင် ပိုတန်ဖိုးမရှိတော့ဘူးပေါ့.... အသုံးမဝင်တော့ဘူးလေ”

ထိုသူက ထပ်မံ၍ ခေါင်းညိတ်ပြပြန်သည်။

“နောက်ပြီး အစမှာတင် ရေးထားတယ်.... ငှက်သားရဲရဲ့ အဆီအနှစ်သွေး ပါမှ ကျင့်လို့ရမယ်တဲ့၊ အစ်ကိုကြီးရယ်.... ဒုတိယအဆင့် သားရဲသွေးနော်..... စဥ်းစားကြည့်.... ဘယ်အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ဒုတိယအဆင့် သားရဲကို သတ်နိုင်မှာလဲ၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ကိုယ်တိုင် ထွက်တိုက်မှ ရမှာကို…. ဈေးထပ်လျှော့ရမယ်ဗျာ”

ထိုသူသည် လော့ချန်၏ စကားများကို သဘောတူလာပုံရသည်။ ထိုသို့သော တုံ့ပြန်မှုကို မြင်သောအခါ လော့ချန် ဟန်ပါပါနှင့် ပြုံးလိုက်သည်။

"ဒါကြောင့် ဆရာကြီး...."

"အင်းလေ ဒါကြောင့်.... မင်းတို့ ဝိညာဉ်ကျောက်တုံး ၇၀၀၀ နဲ့ ဝယ်မှာလား၊ မဝယ်ဘူးလားလို့ပဲ မေးမယ်" ဟု ထိုသူက မမျှော်လင့်သောစကားဖြင့် တစ်ခွန်းစျေး ဆိုလိုက်သည်။

ထိုစျေးရောင်းသူ၏ ပြတ်သားလှသော စကားကြောင့် လော့ချန်သည် ဝမ်ယွမ်အား အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြင့် လှမ်းကြည့်လိုက်သည်။

သူ အသံပို့ကာ ပြောလိုက်သည်။

"ဒါ အစ်ကိုဝမ့်အမှားပဲဗျ.... အမြဲတမ်း အလုပ်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ဈေးဆစ်နိုင်စွမ်းတွေ အသုံးမဝင်တော့ဘူး၊ ရတနာနန်းဆောင်က ကပ်စီးနှဲ အဘိုးကြီးချူလို လူကိုတောင် ဈေးဆစ်ခဲ့တဲ့ ကျွန်တော့်အဖြစ်ကို အခုတော့ကြည့်ဦး"

ဝမ်ယွမ်သည်လည်း ကိုယ့်အမှားကိုယ် သိရှိသွားသည်။ သို့သော် တစ်ခုရှိသည်က သူ၏ ဘဝတစ်လျှောက်လုံးတွင် ငွေကြေးအတွက် စိုးရိမ်ခဲ့ရသည်မှာ ရှားလှသည်။ လူသားဘဝတွင် သူသည် လျင်မြန်စွာ တိုးတက်ခဲ့ပြီး အထွတ်အထိပ် သိုင်းကျင့်ကြံသူ ဖြစ်ခဲ့သည်။ ထိုစဉ်က သူ၌ ငွေကြေး မချို့တဲ့ခဲ့သလို လောကအနှံ့ ခရီးသွားစဉ်တွင်လည်း ဈေးဆစ်ရမည်ဟူသော အသိစိတ် မရှိခဲ့ပေ။

ကျင့်ကြံသူဘဝတွင်လည်း သူ လိုအပ်သည်မှာ ငွေကြေးမဟုတ်ဘဲ ခွန်အားသာ ဖြစ်သည်။ ခွန်အား ရရှိလာသည်နှင့်အမျှ တိုက်ခိုက်လုယက်ခြင်းဖြင့် အရင်းအမြစ်များကို စုဆောင်းခဲ့ရာ အခြားသူများထက် ပို၍ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ဝိညာဉ်ကျောက်တုံးအတွက် သူ တစ်ခါမှ မပူပန်ခဲ့ရပေ။ ယခုမှသာ ကျင့်ကြံမှုအဆင့် မြင့်တက်လာခြင်းနှင့် ကိုယ်ခန္ဓာနှင့် ချီစွမ်းအား နှစ်မျိုးလုံးကို ကျင့်ကြံရခြင်းကြောင့် အရင်းအမြစ် သုံးစွဲမှုမှာ အဆမတန် များပြားလာကာ ငွေကြေးအခက်အခဲ စတင်ကြုံတွေ့လာရခြင်း ဖြစ်သည်။

လော့ချန် သက်ပြင်းချရင်း ခေါင်းကို ငုံ့လျက် လက်ထဲရှိ ကြမ်းတမ်းသော သားရေစကို ပွတ်သပ်နေမိသည်။ သူ့တွင် နောက်ဆုံးလက်နက် တစ်ခု ကျန်သေးသည်။ ထိုအရာမှာ စိတ်မဝင်စားသလို ဟန်ဆောင်ကာ လှည့်ထွက်သွားခြင်းပင်။ ပုံမှန်ဆိုလျှင် ရောင်းသူက နှမြောတသဟန်ဖြင့် ပြန်ခေါ်တတ်သော်လည်း ယခုအခြေအနေအရ ထိုနည်းလမ်းမှာလည်း အလုပ်ဖြစ်မည် မထင်ပေ။

လေထုမှာ ယခင်နှင့် မတူတော့ဘဲ ထိုသူ၏ မျက်လုံးများထဲတွင် မိမိကသာ အသာစီးရနေသည်ဟူသော ယုံကြည်ချက်များ အထင်းသား ပေါ်လွင်နေသည်။ လော့ချန်သာ လှည့်ထွက်သွားခဲ့လျှင် အခြားသူတစ်ဦးက ထိုပစ္စည်းကို ချက်ချင်း လုယူသွားမည်မှာ ဧကန်မလွဲပင် ဖြစ်သည်။

လော့ချန် မျက်တောင်ခတ်လိုက်ပြီး ထိုထူထဲသော သားရေစကို ထပ်မံစဉ်းစားနေသကဲ့သို့ ဆုပ်ကိုင်ထားလိုက်သည်။ သူ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီးနောက် သက်ပြင်းတစ်ချက် ထပ်မံချလိုက်သည်။ ဤတစ်ကြိမ်တွင်မူ မတတ်သာသဖြင့် လက်လျှော့လိုက်ရသည့် ဟန်မျိုး ဖြစ်သည်။ ထို့နောက်တွင် စိတ်ပျက်နေသော မျက်နှာဖြင့် မော့ကြည့်လိုက်သည်။

"ဟူး .....ကောင်းပါပြီ.... ကောင်းပါပြီ.... ဒီက ဆရာကြီးကတော့ ကျွန်တော်ကို အနိုင်ယူသွားပြီဗျာ"

သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်တိုဟန်ဆောင်ကာ "၇၀၀၀ မလား" ဟု မေးလိုက်သည်။ ထိုလူ၏ အေးစက်စက် အမူအရာမှာ ပျောက်ကွယ်သွားပြီး ရယ်မောလိုက်သည်။

"ဟုတ်ပါလေ့ကွာ ၇၀၀၀...."

လော့ချန်သည် ဝမ်ယွမ်ဘက်သို့ ချက်ချင်းလှည့်ကာ "အစ်ကိုဝမ်.... ဝိညာဉ်ကျောက်တုံးတွေ ထုတ်ပေးလိုက်တော့" ဟု ဆိုလိုက်သည်။

"အာ....ဒါပေမဲ့...."

ဝမ်ယွမ် တွန့်ဆုတ်နေပြီး သူ၏ မျက်မှောင်ကို ကြုတ်ကာ ဆုံးဖြတ်ချက် တစ်ခုခုကို ချနေသကဲ့သို့ သူ၏ လက်ချောင်းများမှာ သိုလှောင်အိတ်အနီးတွင် ဝဲနေသည်။

လော့ချန်က သူ့အား စျေးဆစ်ပြဇာတ် ထပ်ကစရာမလိုတော့ကြောင်း အကြည့်ဖြင့် အချက်ပြလိုက်သည်။ ထိုအခါမှ ဝမ်ယွမ် ခေါင်းခါယမ်းလိုက်ပြီး သိုလှောင်အိတ်အတွင်းမှ ဝိညာဉ်ကျောက်တုံး အပုံလိုက်ကို ထုတ်ယူလိုက်သည်။

လော့ချန် သူ့အိတ်ကပ်ထဲမှ ဝိညာဉ်ကျောက်တုံး ၃၅၀၀ ကို ရေတွက်၍ ပေးလိုက်သည်။ ဝမ်ယွမ်သည်လည်း အခြေအနေကို သဘောပေါက်သွားကာ သူ၏ အိတ်အတွင်းမှ ဝိညာဉ်ကျောက်တုံး ၃၅၀၀ ကို ထုတ်ပေးလိုက်လေသည်။

ဗလကောင်းသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် ငွေကို လက်ခံလိုက်ပြီးနောက် သားရေစပေါ်မှ တားမြစ်ချက်များကို ဖယ်ရှားပေးကာ လော့ချန်ထံသို့ ပစ်ပေးလိုက်သည်။ စျေးရောင်းထွက်သည်ကိုပင် သူ၏ နှုတ်ခမ်းမှာ မကျေနပ်သလို ဖြစ်နေပြီး၊ မျက်နှာမှာလည်း ကြီးမားသော အရှုံးနှင့် ရင်ဆိုင်နေရသကဲ့သို့ ရှုံ့မဲ့နေသည်။

"ဟာကွာ.... ဘာလို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေချည်းပဲ ဖြစ်နေရတာလဲ၊ ရေရတာ အလုပ်ရှုပ်လိုက်တာကွာ...."

လော့ချန်ကမူ အမြင်ကပ်ကပ်နှင့် "ဟ.... အမြတ်လည်း အများကြီးရသေးတယ်၊ ဂျီးဂျောင်လည်း အတော်များတဲ့လူပဲ" ဟု ပွစိပွစိ မကြားတကြား ပြန်ပြောလိုက်သည်။ သူ ထိုသူနှင့် ဆက်စကားမပြောချင်တော့ပေ။ ထို့ကြောင့် ဝမ်ယွမ်၏ လက်ကို ဆွဲကာ စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာဖြင့် နဂါးရတနာ မှောင်ခိုဈေးကွက်အတွင်းမှ အလျင်အမြန် ထွက်လာခဲ့သည်။

….

အပြင်ဘက်တွင် လသာသော ညအလှက ဆီးကြိုနေသည်။ လေထုမှာ အေးမြနေပြီး မှောင်ခိုဈေးကွက်၏ ဆူညံသံများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ဝမ်ယွမ်မှာ အလွန် ကျေးဇူးတင်နေမိသည်။

"လော့ချန်ရာ.... ဒီအတွက် ငါ မင်းကို တကယ် ကျေးဇူးတင်ပါတယ်၊ ဒီဝိညာဉ်ကျောက်တုံးတွေကို အကြွေးလို့ပဲ သတ်မှတ်ပြီး နောက်လ ငါ့လစာထဲကနေ ဖြတ်လိုက်ပါ...."

"ရှူး.... တိုးတိုး အစ်ကိုဝမ်"

လော့ချန် ရုတ်တရက် လက်ညှိုးကို နှုတ်ခမ်းနားတေ့လိုက်ပြီး ဝမ်ယွမ်ကို စကားဖြတ်လိုက်သည်။ ဝမ်ယွမ်၏ ထူးဆန်းသော အကြည့်အောက်တွင် လော့ချန်သည် လေဟုန်စီးအတတ် နှင့် ချီဖုံးကွယ်မှော်အတတ်ကို အသုံးပြုလိုက်ရာ သူ၏ တည်ရှိမှုမှာ ညအမှောင်အတွင်းရှိ မြူခိုးများကဲ့သို့ ပျောက်ကွယ်သွားသည်။

ဝမ်ယွမ်သည်လည်း အခြေအနေကို သိရှိသွားသဖြင့် အချိန်ဆွဲမနေဘဲ သူ၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် လော့ချန်နောက်သို့ လျင်မြန်စွာ လိုက်ပါသွားသည်။ နှစ်ဦးသား အမွှေးတိုင်တစ်ဝက်ခန့် ကြာချိန်အထိ ပြေးလွှားခဲ့ကြပြီးနောက် နဂါးရတနာ မှောင်ခိုဈေးကွက်နှင့် အတော်လှမ်းလှမ်းသို့ ရောက်ရှိသွားကြသည်။

"အစ်ကိုဝမ် တစ်ယောက်ယောက် နောက်ယောင်ခံ လိုက်လာတာမလား" ဟု လော့ချန်က မေးလိုက်သည်။

"အမှန်ပဲကွ....အစကတော့ နှစ်ယောက်.... ဒါပေမဲ့ ခုတော့ မျက်ခြေပြတ်သွားပြီ"

"ဟူး....ကောင်းပြီ၊ ဒါဆို လော့ထျန်းအဖွဲ့ဆီ အမြန်ပြန်ကြစို့"

....

လော့ထျန်းအဖွဲ့၏ ခန်းမအတွင်း....။

ညအလင်းရောင်ကျောက်တုံး၏ အလင်းအောက်တွင် လော့ချန်သည် ဝမ်ယွမ်၏ အံ့သြနေသော အကြည့်များအောက်ဝယ် ချီစွမ်းအားကို နူးညံ့သော အမျှင်တန်းများအဖြစ် ပြောင်းလဲကာ သားရေစထဲသို့ ဖြည်းညှင်းစွာ ထိုးဖောက်ဝင်ရောက်စေသည်။

သူ၏ လှုပ်ရှားမှုမှာ အလွန်နှေးကွေးပြီး နူးညံ့လှကာ သားရေစ ပျက်စီးသွားမည်ကို စိုးရိမ်နေပုံရသည်။ လော့ချန်တစ်ယောက် အသက်ရှူသံပင် မှိန်ဖျော့သွားကာ အစွမ်းကုန် ဂရုစိုက်နေသည်။

ထိုအခိုက် လရောင်အောက်တွင် သားရေစ၏ ကြမ်းတမ်းသော မျက်နှာပြင်မှာ လျှို့ဝှက်သော အနားသတ်ကြောင်းများ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ အလွန်အမင်း ဂရုတစိုက်ဖြင့် သားရေစ၏ အကြောအတိုင်း ဖြည်းဖြည်းချင်း ဖိအားပေးလိုက်သည်။ အချိန်အတော်ကြာသည်အထိ မည်သည့်အရာမျှ ထူးခြားမလာပေ။ ထို့နောက်တွင်မူ အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်။

သားရေစမှာ မသိမသာ အသံလေးနှင့်အတူ အလွှာနှစ်ခု ကွဲထွက်သွားပြီး သီးခြားအပိုင်း နှစ်ပိုင်း ဖြစ်သွားလေတော့သည်။ လော့ချန် စိတ်သက်သာရာရစွာဖြင့် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူ၏ လက်ထဲတွင် သားရေစ နှစ်ခုမှာ ဘေးချင်းယှဉ်လျက် ရှိနေပြီး နှစ်ခုလုံးပေါ်တွင် ရှုပ်ထွေးသော စာသားများစွာ ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။

“ဒါ.... ဒါက....”

အမြဲ တည်ငြိမ်လှသော ဝမ်ယွမ်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သားရေစ နှစ်ခုလုံးပေါ်တွင် သိပ်သည်းလှသော စာလုံးများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

လော့ချန် သားရေစများကို အားရကျေနပ်စွာ စစ်ဆေးလိုက်ပြီး ချီးကျူးစကား ဆိုလိုက်သည်။

"တကယ့်ကို ပါးနပ်တဲ့ လှည့်ကွက်ပဲဗျာ.... အထူးအဆန်းပဲ"

သူ့ဘေးတွင် ဝမ်ယွမ်မှာ ဘာဖြစ်သွားသည်ကို နားမလည်နိုင်သေးဘဲ မျက်မှောင်ကြုတ်ကာ ကြည့်နေဆဲ ဖြစ်သည်။ လော့ချန်သည် 'ဟင်္သာ အသွင်ပြောင်းခြင်း' ဟု ရေးထားသော သားရေစကို ဝမ်ယွမ်ထံ ကမ်းပေးလိုက်သည်။

"ဒါက အစ်ကို့ရဲ့ ဝိညာဉ်ကျောက်တုံး အတွက်ပဲ"

ထို့နောက် ကျန်ရှိသော သားရေစတစ်ခုကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်လိုက်ပြီး သူ၏ အပြုံးမှာ ပိုမိုကျယ်ပြန့်သွားသည်။

"ဒါကတော့ ကျွန်တော်ရဲ့ ဝိညာဉ်ကျောက်တုံး ၃၅၀၀ အတွက်ပေါ့ဗျာ"

ဝမ်ယွမ်၏ မျက်လုံးများမှာ သားရေစ နှစ်ခုကြားသို့ ကူးလူးသွားပြီးနောက်၊ အမှန်တရားကို သဘောပေါက်သွားသောအခါ လော့ချန်အား ကြည့်လိုက်သည်။

"ဒီအရောင်းအဝယ်မှာ ငါတို့ မရှုံးခဲ့ဘူးပဲ၊ ငါတို့ တကယ့်ရတနာကြီးကို ထိမိသွားတာပဲ" ဟု ဝမ်ယွမ် အားရပါးရ အာမေဍိတ်သံကြီးဖြင့် ဝမ်းသာအားရ ပြောလိုက်လေတော့သည်။

All Chapters