← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇) - နတ်ဒေဝါပျားရည် နှင့် သွေးသောက်သော ဓားအမြုတေ

သားရေစ နှစ်ခုပါလား ဆိုသည့်အသိဖြင့် ဝမ်ယွမ် အံ့အားသင့်တုန်လှုပ်စွာ ကြောင်ကြည့်နေမိသည်။ သန်မာခြင်းကျင့်စဉ်၏ တတိယအဆင့်ကို မှတ်တမ်းတင်ထားသည့် ထိုသားရေစသည် အောက်၌ နောက်ထပ် လျှို့ဝှက်ချက်တစ်လွှာ ပုန်းကွယ်နေဦးမည်ဟု သူ တစ်ခါမျှ မတွေးတောခဲ့မိပေ။ ထိုသားရေစသည် အလွန်ပါးလွှာသဖြင့် နောက်အလွှာများ ရှိမည်မဟုတ်ဟု အစက သူ တွေးမိသည်။

အံ့အားသင့်စရာ တစ်ချက်မှာ ထိုတိမ်မြှုပ်နေသော အလွှာများကို မမြင်သည်မှာ သူ တစ်ယောက်တည်းတင်မကဘဲ ထို ရောင်းချသူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကိုယ်တိုင်ပင်လျှင် သတိထားမိပုံမရပေ။

"အစ်ကိုဝမ်ရေ ဒီသားရေစတွေက.... ဘယ်လိုသားရဲသတ္တဝါရဲ့ အရေခွံလဲဆိုတာ ကျွန်တော်လည်း မသိဘူး၊ ဒါပေမဲ့ သူက ကိုယ်ယောင်ဖျောက်တဲ့ အာနိသင်ရှိတဲ့အပြင် အလွှာလိုက် ခွဲထုတ်လို့လည်း ရတယ်၊ ကျွန်တော်ထင်တာတော့ နောက်ထပ်တစ်လွှာတောင် ထပ်ခွဲလို့ရဦးမယ်ထင်တယ်”

လော့ချန် စူးစမ်းလိုစိတ်အပြည့်ဖြင့် သားရေစကို ပွတ်သပ်ရင်း ဆိုလိုက်သည်။

"သိပ်တော့မလုပ်ရဲဘူး အစ်ကိုဝမ်ရာ.... ပျက်စီးသွားမှာ စိုးလို့.... တကယ်လို့ ကျွမ်းကျင်မှုသာ ရှိရင် ဒါထက်ပိုတဲ့ အလွှာတွေတောင် ခွဲထုတ်လို့ ရနိုင်လောက်တယ်"

လော့ချန်တွင် အမှန်နှင့် အမှားကို ခွဲခြားနိုင်စွမ်းနှင့် အသေးစိတ်ကို ဖောက်ထွင်းမြင်နိုင်သော အထွတ်အထိပ်အဆင့် နတ်မျက်စိသာ မရှိပါက သူလည်း ဤအချက်ကို လုံးဝ လွဲချော်သွားပေလိမ့်မည်။ သာမန်ကျင့်ကြံသူထက် ပို၍ စူးရှသောအမြင်ရှိပါလျက်နှင့် နဂိုက သူလည်း သတိမထားမိခဲ့ပေ။ ဈေးဆစ်ရန် အပြစ်ရှာသည့်အခါမှသာ အစွန်းအဖျားလေးတစ်ခုကို သတိထားမိခဲ့ခြင်း ဖြစ်သည်။

လော့ချန်က သားရေစ၏ တည်ဆောက်ပုံကို စိတ်ဝင်တစား ရှိနေသော်လည်း ဝမ်ယွမ်၏ အာရုံမှာမူ ထိုဒုတိယအလွှာရှိ အချက်အလက်များပေါ်၌သာ အပြည့်အဝ ကျရောက်နေသည်။

"အဲဒီမှာ ဘာတွေရေးထားလဲ"

ဝမ်ယွမ်က မေးလိုက်သည်။

သန်မာခြင်း တတိယအဆင့်ကျင့်စဉ်ကိုတောင် အပေါ်ယံအလွှာအဖြစ် သုံးထားသည်ဆိုလျှင် အတွင်း၌ရှိသော အရာမှာ အလွန်တန်ဖိုးကြီးလှပေမည်။ သို့သော် ဟင်္သာသို့ အသွင်ပြောင်းခြင်းမှာ မပြည့်စုံသော ကျင့်စဉ်ဖြစ်နေသည်ကိုလည်း ထည့်တွက်ရမည်။ လော့ချန်သည်လည်း သားရေစကို ဝမ်ယွမ်၏ ရှေ့မှာပင် ဖြန့်ပြလိုက်သည်။

"သင်းရနံ့ဖြူ၊ ဝါးနုဝါ၊ ကင်းမြီးကောက်သွေးမှုန့်၊ ခရမ်းရောင်ပွင့်ချပ်၊ ကြယ်တာရာမြက်....ဩော်"

အစပိုင်းလေးကို ကြည့်ရုံဖြင့် ဝမ်ယွမ် သဘောပေါက်သွားကာ “ဒါ.... ဆေးနည်း တစ်ခုပဲ” ဟု ရေရွတ်လိုက်သည်။

လော့ချန် သားရေစကို ပြန်သိမ်းလိုက်ရင်း ပြုံးလိုက်သည်။

"မှန်တာပေါ့.... ကျွန်တော် ကြည့်ရသလောက်တော့ ဒါက အပြီးထိပါတဲ့ ဒုတိယအဆင့် ဆေးနည်းတစ်ခုပဲ၊ အဲဒါကြောင့်လည်း ဝိညာဉ်ကျောက်တုံးတွေ ပိုပေးပြီး ဝယ်ခဲ့တာပေါ့ဗျာ"

သိပ်သည်းလှသော ဆေးဖက်ဝင်အပင် အမည်များကို ကြည့်ရင်း လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ အစ်ကိုဝမ်ရ.... ဒီဆေးနည်းက ထင်တာထက် တော်တော်လေး ရှေးကျနေတာပဲ၊ အာနိသင် ဖော်ပြချက်တွေကလည်း မပြည့်စုံဘူး၊ ပြည့်စုံတဲ့ ဆေးနည်းဆိုပေမဲ့ ဒါက ဘာအတွက်လဲဆိုတာ သိဖို့ ကျွန်တော် အရင် စမ်းသပ်ကြည့်ရဦးမယ်"

ဝမ်ယွမ်ကမူ ခေါင်းခါယမ်းလိုက်သည်။ သူသည် ဆေးနည်းများကို စိတ်မဝင်စားပေ။ ယခင်က ရရှိခဲ့သည့် ဒုတိယအဆင့် သွေးမိစ္ဆာဆေးလုံး နည်းလမ်းကိုပင် ယနေ့တိုင် အသုံးမချနိုင်သေးပေ။ လော့ချန်ကဲ့သို့သော ဆေးဖော်ဆရာများသာ ဆေးနည်းများကို စွဲလမ်းကြခြင်း ဖြစ်သည်။

"မင်းကွာ....ဆေးနည်းတစ်ခုအတွက် ၃၅၀၀ တောင် ပေးလိုက်ရတယ်ဆိုတော့ တကယ်ပဲ အမဲဖျက်ခံလိုက်ရတာပဲ" ဟု ဝမ်ယွမ်က ဆိုသည်။

လော့ချန်ကမူ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"အရှုံးဆိုတာ ဘယ်ရှိမှာလဲဗျာ.... တကယ်လို့ ဒီဆေးကို ဖော်စပ်နိုင်လို့ အကြီးအကျယ် ရောင်းရမယ်ဆိုရင်ကော"

"အဲဒါလည်း ဟုတ်တာပဲ"

ဝမ်ယွမ်က ရယ်မောရင်း "ဟားဟား.... ငါမေ့သွားတယ်.... မင်းက ဆေးဆရာတင်မကဘဲ တကယ့် စီးပွားရေးသမားပဲဆိုတာ....” ဟု ဆိုသည်။ ထို့နောက် လက်ထဲရှိ သားရေစကို လှုပ်ယမ်းပြလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒီသန်မာခြင်းကျင့်စဉ်က မင်းနဲ့လည်း ဆိုင်တာပဲ၊ ငါ တစ်ခုခု နားလည်သွားပြီဆိုရင် မင်းကို လာပြမယ်"

"ကောင်းပါပြီဗျာ"

လော့ချန် ခေါင်းညိတ်လိုက်သော်လည်း အမှန်တကယ် စိတ်မဝင်စားလှပေ။

ယခုအချိန်တွင် သူသည် ချီစွမ်းအား ကျင့်ကြံခြင်းအတွက်ပင် အချိန်မလောက်မင ဖြစ်နေရာ သန်မာခြင်းကျင့်စဉ်ဘက်သို့ လှည့်ရန် အချိန်မရှိပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းသည့်အခါ ခိုင်မာသော ကိုယ်ခန္ဓာရှိရန်အတွက်သာ ရွှေကျောက်စိမ်းရည်များကို ဝယ်ယူနေခြင်း ဖြစ်သည်။ အမှန်စင်စစ် ကျင့်ကြံခြင်းလောကတွင် လမ်းစဉ်နှစ်မျိုးလုံးကို ကျင့်ကြံသူမှာ အလွန်ရှားပါးလှသည်။

သန်မာခြင်းကျင့်စဉ်သည် အဆင့်နိမ့်စဉ်တွင်သာ တိုက်ခိုက်ရေး၌ အားသာချက်ရှိပြီး၊ အဆင့်မြင့်လာသောအခါ ဝေးကွာသောနေရာမှ မှော်လက်နက်များဖြင့် တိုက်ခိုက်ကြသဖြင့် ကိုယ်ခန္ဓာကျင့်စဉ်သမားများမှာ ရန်သူ့အနားသို့ပင် မကပ်နိုင်တော့ပေ။ ထို့ပြင် အသက် ၆၀ မတိုင်မီ အခြေတည်ရမည်ဟူသော ကန့်သတ်ချက်ကြောင့်လည်း လူအနည်းငယ်သာ လမ်းစဉ်နှစ်ခုလုံးကို ရွေးချယ်ကြသည်။

ဝမ်ယွမ်သည် ဥပမာပင် ဖြစ်သည်။ အစောပိုင်းတွင် သူ၏ ခိုင်မာသော ခန္ဓာကိုယ်ကြောင့် တိုက်ခိုက်ရေးတွင် လွန်စွာ အစွမ်းထက်ခဲ့သော်လည်း ယခုအခါ အားနည်းချက်များမှာ တစ်စတစ်စ ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။ သင့်တော်သော ကျင့်စဉ်များ ရရှိရန် ခက်ခဲလှသလို၊ လမ်းစဉ်နှစ်ခုလုံးကို လိုက်စားခြင်းကြောင့် ငွေကြေးကုန်ကျမှုမှာလည်း အဆမတန် မြင့်မားနေသည်။

“အစ်ကိုကြီး.... ဒီဆေးနည်းက တော်တော်ထူးဆန်းတာပဲဗျ.... လူတွေ သုံးဖို့အတွက် မဟုတ်သလိုမျိုး ခံစားရတယ်၊ ဘာလို့များ....”

“ဟူး....”

ဝမ်ယွမ် ခေါင်းခါယမ်းလိုက်မိသည်။ လော့ချန်၏ ဤပုံစံကို ယခင်ကလည်း သူ မြင်ဖူးသည်။ သူ လော့ချန်ထံသို့ သွေးမိစ္ဆာဆေးနည်း ပေးခဲ့စဉ်ကလည်း ဤမျက်နှာပေးမျိုးပင် ဖြစ်သည်။ သာမန်ဆေးနည်းတစ်ခုက ဆေးဆရာတစ်ဦးအပေါ် မည်မျှအထိ ဆွဲဆောင်နိုင်သည်ကို သူ ဘယ်သောအခါမျှ နားမလည်နိုင်ပေ။ ထို့ကြောင့် လော့ချန်အား အနှောင့်အယှက် မပေးလိုတော့သဖြင့် သူ တိတ်ဆိတ်စွာပင် ထွက်ခွာသွားလေတော့သည်။

....

ညသန်းခေါင်ယံအချိန်....။

အခန်းအတွင်း၌ တစ်ဦးတည်း ရေရွတ်သံများ ထွက်ပေါ်နေပြီး တစ်ခါတစ်ရံတွင် စိတ်ပျက်အားမလိုအားမရ ဖြစ်နေသော လေသံများလည်း ပါဝင်နေသည်။

"ဟူး.... ဒါက တွဲဖက်ကုန်ကြမ်းပေါင်း တစ်ရာတောင် လိုတာလား၊ သွေးမိစ္ဆာဆေးလုံးထက်တောင် အများကြီး ပိုတာပဲ၊ တကယ့်ကို ရှုပ်ထွေးလွန်းတယ်”

“အဓိက ကုန်ကြမ်းက တစ်မျိုးတည်း ရှိပေမဲ့ အဲဒီတစ်မျိုးက ဝိညာဉ်သားရဲ တစ်ကောင်တည်းရဲ့ အရိုး၊ သွေး၊ အသား သုံးမျိုးလုံး ပါရမယ်တဲ့”

“ပြဿနာက ဘယ်သားရဲကို သုံးရမယ်ဆိုတာ မပြောထားတာပဲ၊ ဒါက ဒုတိယအဆင့် သားရဲဆိုရင် ဘယ်ဟာမဆို ရတယ်လို့ ဆိုလိုတာလား"

"နတ်ဒေဝါပျားရည် ဆိုတာကဘာများပါလိမ့်.... ဆေးကျမ်းတွေအရဆိုရင် ဒါက ဝိညာဉ်သားရဲတွေအတွက် အကျိုးပြုတဲ့ ဒဏ္ဍာရီလာ အရာတစ်ခုပဲ ဘာလို့ ဒီဆေးလုံးက အဲဒီနာမည် ဖြစ်နေရတာလဲ”

“ပင်လယ်ထဲ နစ်မြုပ်ခြင်း၊ အနှစ်သာရနောက်သို့ လိုက်ခြင်း.... ထာဝရ ပိုးစာပင်လယ်ပြင်.... ဒါကို ရေဓာတ်အခြေခံ ဆေးဖော်စပ်နည်းနဲ့ ဖော်စပ်ရမှာလား"

ထိုသို့ အချိန်အတော်ကြာပြီးနောက် လော့ချန်သည် မောပန်းနွမ်းနယ်သော မျက်နှာဖြင့် ဆေးနည်းပေါ်မှ အကြည့်ကို လွဲလိုက်သည်။ ဤဆေးနည်း၏ ရှုပ်ထွေးမှုမှာ သွေးမိစ္ဆာဆေးလုံးထက် အဆပေါင်းများစွာ သာလွန်သည်။ ကုန်ကြမ်းများလှခြင်း၊ ဖော်စပ်ပုံ ထူးဆန်းခြင်းနှင့် အာနိသင် ကန့်သတ်ချက်များမှာလည်း ရှင်းလင်းမှု မရှိပေ။

တစ်ညလုံး စဉ်းစားသော်လည်း ဘာမှ ထူးခြားမလာပေ။

သွေးမိစ္ဆာဆေးနည်း ရစဉ်တုန်းကမူ သူသည် ခက်ခဲသည်ဟု ခံစားရသော်လည်း မဖော်စပ်နိုင်ဟု မထင်ခဲ့ပေ။ အဓိက ပြဿနာမှာ အဓိကကုန်ကြမ်း သုံးမျိုးကို ရှာဖွေရန်သာ ဖြစ်သည်။ အကယ်၍ ကုန်ကြမ်းသာ လုံလောက်လျှင် အကြိမ်တစ်ထောင်ခန့် စမ်းသပ်ရုံဖြင့် လမ်းစရနိုင်မည်ဟု သူ ယုံကြည်ထားသည်။

အကြိမ်တစ်ထောင်ဆိုသည်မှာ များသည်ဟု ထင်ရသော်လည်း လော့ချန်အတွက်မူ အပြောသာ ရှိသည်။ သာမန် ပထမအဆင့် ဆေးဖော်ဆရာတစ်ယောက်ဆိုလျှင် အကြိမ်တစ်သောင်း စမ်းသပ်လျှင်ပင် တစ်ကြိမ်အောင်မြင်ရန် မသေချာပေ။

ယခုအခါ သူသည် ဆေးဖော်စပ်ခြင်း အခြေခံများကို ကျွမ်းကျင်ထားပြီဖြစ်ကာ ပထမအဆင့် ဆေးဖော်ဆရာများအကြားတွင် အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်သော်လည်း ဤ နတ်ဒေဝါပျားရည် ဆေးနည်းမှာမူ သူ့အား လုံးဝ ဇဝေဇဝါ ဖြစ်စေခဲ့သည်။

ကုန်ကြမ်းက ရိုးရှင်းသော်လည်း မည်သည့်သားရဲကို သုံးရမည်ကို မသိရခြင်းမှာ ပြဿနာပင်။ ထို့အပြင် ရေနည်းလမ်း ဖြင့် ဆေးဖော်စပ်ခြင်းမှာလည်း သူ့အတွက် အတွေ့အကြုံသစ် ဖြစ်သည်။ အမြဲတမ်း မီးနည်းလမ်း ဖြင့်သာ ဆေးဖော်စပ်ခဲ့သော လော့ချန်အတွက် ရေနည်းလမ်းမှာ ရိုးရှင်းသည်ဟု ဆိုသော်လည်း ဒုတိယအဆင့် ဆေးလုံးကို ထိုနည်းဖြင့် ဖော်စပ်ရန်မှာမူ စိန်ခေါ်မှု တစ်ခုပင်။

“ဒီဆေးနည်းက ဟင်္သာအသွင်ပြောင်းခြင်း ကျင့်စဉ်နဲ့ တွဲလျက်ပါလာတာဆိုတော့ အဲဒီကျင့်စဉ်အတွက် အထောက်အကူပြုတဲ့ ဆေးလုံး ဖြစ်နိုင်တယ်”

လော့ချန် ထိုသို့ ခန့်မှန်းလိုက်ပြီးနောက် ဆက်မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။ ဆေးနည်းကို သိမ်းဆည်းထားပြီး အချိန်ရသည့်အခါမှသာ လေ့လာတော့မည် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးမှသာ ဤလျှို့ဝှက်ချက်များကို ပို၍ နားလည်နိုင်ကောင်း နားလည်နိုင်ပေလိမ့်မည်။

လက်ရှိတွင် သူ့လက်ထဲ၌ ဒုတိယအဆင့် ဆေးနည်း သုံးမျိုး ရှိနေပြီဖြစ်သည်။ ပြည့်စုံသော သွေးမိစ္ဆာဆေးနည်း၊ ပြည့်စုံသော နတ်ဒေဝါပျားရည်ဆေးနည်း နှင့် မပြည့်စုံသော ကျောက်စိမ်းနှင်းစက်ဆေးနည်း တို့ ဖြစ်သည်။

"ငါလို ပထမအဆင့် ဆေးဖော်ဆရာတစ်ယောက်က....ချီသန့်စင်အဆင့်မှာတင် ဒုတိယအဆင့် ဆေးနည်း သုံးခုတောင် ပိုင်ဆိုင်ထားတယ်ဆိုတော့..... တကယ့်ကို မယုံနိုင်စရာပဲ"

သူ့ကိုယ်သူ လှောင်ပြောင်သံဖြင့် ရေရွတ်ရင်း သားရေစကို သိမ်းလိုက်ကာ သိုလှောင်အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအရာမှာ ဓားအမြုတေ ဖြစ်သည်။

၎င်းမှာ ကလေးတစ်ယောက်၏ လက်သီးဆုပ်ခန့် ရှိသဖြင့် အတော်လေး ကြီးမားလှသည်။ ‘ကျောက်စိမ်းအိုးဓားဂိုဏ်းကလူတွေ ဒါကို အမြဲတမ်း မျိုချလိုက်၊ ပြန်ထုတ်လိုက် လုပ်နေရတာ အဆင်ပြေပါ့မလား’ ဟု သူ တွေးမိသည်။ အနီးကပ် ကြည့်လိုက်သောအခါတွင်မှ ဤဓားအမြုတေ၏ တည်ဆောက်ပုံမှာ အလွန်ထူးဆန်းကြောင်း တွေ့ရသည်။ အပြင်ဘက်မှာ ချောမွေ့မနေဘဲ ရွှေချည်မျှင်များစွာဖြင့် ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေသည်။

"အင်း....ဒီထူးခြားတဲ့ တည်ဆောက်ပုံကြောင့်ပဲ ဓားကျင့်ကြံသူတွေရဲ့ လက်ထဲမှာ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်တာ ဖြစ်ရမယ်"

လော့ချန် အားရပါးရ ချီးကျူးလိုက်ပြီးနောက် သူ့လက်ချောင်းသူ ကိုက်လိုက်သည်။ ခဏအကြာတွင် သူ ချီစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး လတ်ဆတ်သော ဒဏ်ရာဆီသို့ ဦးတည်စေလိုက်သည်။

"ဖောက်...."

တောက်ပပြီး သစ်ပင်နံ့သင်းပျံ့နေသော သွေးတစ်စက် လက်ချောင်းမှ ထွက်လာသည်။ လော့ချန်၏ မျက်နှာ အနည်းငယ် ဖြူလျော့သွားသော်လည်း ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားသည်။

ဤသည်မှာ ကျင့်ကြံသူတစ်ဦး၏ အဆီအနှစ်သွေးပင် ဖြစ်သည်။ ၎င်းတွင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် ချီစွမ်းအား အနှစ်သာရများ ပါဝင်သည်။ ပုံမှန်အားဖြင့် မည်သည့်အဆင့်က ကျင့်ကြံသူမဆို မိမိကိုယ်ကို မထိခိုက်စေဘဲ အဆီအနှစ်သွေး ၁၀ စက်သာ ထုတ်ယူနိုင်သည်။ ထိုထက်ကျော်လွန်ပါက အရင်းအမြစ်ကို ထိခိုက်စေနိုင်သဖြင့် မည်သူမျှ အလွယ်တကူ မထုတ်ယူကြပေ။

သို့သော် ယခုမူ လော့ချန်တွင် ရွေးချယ်စရာ မရှိပေ။ ဤဓားအမြုတေကို အသုံးပြုချင်လျှင် ချီစွမ်းအားဖြင့် အချိန်အကြာကြီး မွေးမြူရမည်၊ သို့မဟုတ်လျှင် အခြားနည်းလမ်းတစ်ခုကို သုံးရမည်။

ထိုနည်းလမ်းမှာ ‘သွေးဖြင့် သန့်စင်ခြင်း’ ဖြစ်သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၂၈) - မျိုးနွယ်စု၏ တစ်ကောင်ကြွက် သို့မဟုတ် တွမ်ဖုန်း

ဟိုးယခင်တစ်ချိန်က အဆုံးအဖြတ်စင်မြင့်ထက်တွင် ချင်လျန်ချန်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ဖူးသော ပိုင်ချီသည် ချီသန့်စင်အဆင့်၌သာ ရှိနေသေးသော်လည်း ဓားအမြုတေကို အသုံးပြုနိုင်ခြင်းမှာ ဤသွေးဖြင့်သန့်စင်ခြင်း နည်းလမ်းကြောင့်ဖြစ်သည်။ အမှန်စင်စစ် ကျင့်ကြံခြင်းလောကရှိ ကျင့်ကြံသူအများစုမှာ ဤနည်းစနစ်နှင့် ပတ်သက်၍ အနည်းနှင့်အမျှ ကြားဖူးနားဝ ရှိကြသည်သာ ဖြစ်သည်။

သို့သော် ယခု လော့ချန် လက်တွေ့အသုံးချနေသော နည်းစနစ်မှာမူ သာမန်သွေးသန့်စင်ခြင်းမျိုး မဟုတ်ချေ။ ၎င်းမှာ သွေးလမ်းစဉ်ကျင့်ကြံသူ ရှောင်ဝူရန်ထံမှ ဝမ်ယွမ် ရရှိခဲ့သော လျှို့ဝှက်ကျမ်းစာလာ နည်းလမ်းတစ်ခု ဖြစ်သည်။ ရိုးရာသွေးဖြင့် သန့်စင်ခြင်း နည်းလမ်းများမှာ အချိန်ယူရသော်လည်း ရှောင်ဝူရန်၏ နည်းစနစ်မှာမူ အလွန်ပင် ပြင်းထန်ကာ ထိရောက်မြန်ဆန်လှသည်။ တစ်ကြိမ်တစ်ခါ အောင်မြင်သွားသည်နှင့် ထိုမှော်လက်နက်မှာ အသုံးပြုသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်သွားကာ ချက်ချင်းလက်ငင်း အသုံးချနိုင်မည် ဖြစ်သည်။

"အခု တာဟဲစျေးမြို့တော်ရဲ့ အခြေအနေက တော်တော်မငြိမ်မသက်ဖြစ်နေတာဆိုတော့ ငါ့ရဲ့ အစွမ်းကို အမြန်ဆုံး မြှင့်တင်နိုင်မှ ဖြစ်မယ်၊ ဒီဓားအမြုတေက အဆင့်တက်ဖို့ မရှိတော့ဘူးဆိုရင်တောင် သူ့ရဲ့ အစွမ်းက ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုနဲ့ ရင်ဘောင်တန်းနိုင်သေးတာပဲ၊ ငါ ဒါကို အမြန်ဆုံး ကျွမ်းကျင်အောင် လုပ်ရမယ်"

မဆိုင်းမတွပင် တောက်ပသော သွေးတစ်စက်သည် ရွှေရောင်ဓားအမြုတေပေါ်သို့ ကျဆင်းသွားသည်။ လော့ချန် ချီစွမ်းအားများကို တောက်လျှောက် ပို့လွှတ်ပေးနေသည်။ အစပိုင်းတွင် သွေးနှင့် ဓားအမြုတေမှာ တစ်သားတည်း မကျသော်လည်း လော့ချန်၏ အကူအညီဖြင့် သွေးစက်မှာ ဓားအမြုတေအတွင်းပိုင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွားသည်။

မိုးလင်းသည့်တိုင်အောင် လုပ်ဆောင်ပြီးနောက် လော့ချန် မောပန်းစွာဖြင့် ရပ်နားလိုက်သည်။ သူလက်ကို ဝှေ့ယမ်းလိုက်ရာ သွေးရောင်သန်းနေသော ဓားအမြုတေမှာ သူ့လက်ထဲသို့ ရောက်ရှိလာသည်။

"နောက်ဆုံးတော့.... အောင်မြင်သွားပြီပဲ"

လော့ချန်သည် မိမိနှင့် ဓားအမြုတေအကြား ခိုင်မာသော ဆက်နွှယ်မှုတစ်ခု တည်ဆောက်မိသွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ၎င်းမှာ ကျင့်ကြံသူနှင့် မှော်လက်နက်တို့အကြား ရှိမြဲဖြစ်သော သာမန်ဝိညာဉ်ဆက်သွယ်မှုမျိုး မဟုတ်ဘဲ စိတ်အကြံတစ်ချက် ရှိရုံမျှဖြင့် ဓားအမြုတေကို မျက်စိတစ်မှိတ်အတွင်း စေခိုင်းနိုင်သည့် ‘သွေးသားရင်းချာ’ ကဲ့သို့သော ဆက်နွှယ်မှုမျိုး ဖြစ်သည်။

"အစွမ်းပြစမ်း"

လော့ချန် လက်ဖဝါးကို ဖြန့်လိုက်ရာ ဓားအမြုတေထံမှ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး မရေမတွက်နိုင်သော ဓားအလင်းတန်းများ ဟင်းလင်းပြင်၌ ပေါက်ကွဲထွက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်အလင်းလှိုင်းများက သူ၏ရှေ့မှ အခန်းလွတ်အတွင်း ဖုံးလွှမ်းသွားသည်။ အနီးကပ် သေချာစွာ ကြည့်ရှုပါက ၎င်းမှာ လှပစွာ ပွင့်အာနေသော ပန်းတစ်ပွင့်နှင့် တူနေသော်လည်း ထိုပန်းတွင် ရက်စက်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပါဝင်နေသည်။

"သွားစမ်း"

လော့ချန်၏ အမိန့်ပေးသံအဆုံးတွင် ဓားအလင်းတန်းများမှာ တစ်ခုတည်းအဖြစ် စုစည်းသွားပြီး မြေပြင်ဆီသို့ လျှပ်စီးလက်သည့်အလား တည့်တည့်မတ်မတ် ထိုးဆင်းသွားတော့သည်။

ရှပ်....

နူးညံ့သော တို့ဖူးတုံးကို ထက်လှသော ဓားဖြင့် လှီးဖြတ်လိုက်သည့်အလား ဓားအမြုတေမှာ မြေပြင်အတွင်းသို့ အားစိုက်စရာမလိုဘဲ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်းကို ပြန်လည် ခေါ်ယူလိုက်စဉ် လော့ချန် ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။

"သြော်.... ဓားကျင့်ကြံသူတွေ ဘာကြောင့် ဒီလောက် အစွမ်းထက်သလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်၊ ငါ အခုမှ အပေါ်ယံလေးပဲ စမ်းသပ်ကြည့်ရသေးတာတောင် မြန်နှုန်းနဲ့ စွမ်းအားက ဒီလောက်အထိ အံ့ဩစရာ ကောင်းနေတာ၊ တကယ်လို့ လော့ထျန်းဟုန်တို့ ဖန်ရင်ရှုံ တို့လို ဓားလမ်းစဉ် ကျင့်ကြံသူတွေရဲ့ လက်ထဲမှာဆိုရင် ဒီဓားအမြုတေက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲဆိုတာ မတွေးဝံ့စရာပဲ"

လော့ချန်သည် လန်ချန်းမြစ်တိုက်ပွဲနှင့် ဖီးနစ်ကျတောင်မှ မြင်ကွင်းများကို ပြန်လည် မြင်ယောင်လာမိသည်။ ဝါးတချောင်းစာမျှ ရှည်လျားသော ဓားချီနဂါးကြီးများမှာ သာမန်ကျင့်ကြံသူများ မလုပ်ဆောင်နိုင်သော အရာများ ဖြစ်သည်။ သူသည် ဓားလမ်းစဉ်ကို အဓိက လိုက်စားသူ မဟုတ်သဖြင့် ထိုသို့သော အဆင့်အတန်းမျိုးသို့ မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်သော်လည်း ယခုရရှိထားသော ဓားအမြုတေကို သူ၏ မြွေနဂါးအလံနှင့် အခြားသော နည်းဗျူဟာများဖြင့် ပေါင်းစပ်လိုက်မည်ဆိုပါက ချီသန့်စင်အဆင့်တွင် သူ့အား ယှဉ်ပြိုင်ဝံ့သူ ရှိလိမ့်မည် မဟုတ်တော့ပေ။

....

"အဖွဲ့ချုပ်ခေါင်းဆောင်.... တွမ်မျိုးနွယ်စုက သူတို့မှာထားတဲ့ ဆေးလုံးတွေကို အသည်းအသန် လာပို့ခိုင်းနေတယ်ရှင့်"

"ဟင်.... ဟုတ်လား"

လော့ချန်သည် ကျောက်စိမ်းအမြုတေဆေးလုံး တစ်သုတ်ကို ဖော်စပ်ပြီးစီးရုံသာ ရှိသေးသည်။ ပုံမှန် အလတ်စား ဆေးလုံးများအပြင် အဆင့်မြင့်ဆုံး ဆေးလုံးအချို့ကိုလည်း သူ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ သို့သော် ထိုဆေးလုံးများမှာ ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော လော့ချန်အတွက်မူ အသုံးဝင်မှု နည်းပါးလှသည်။

သူသည် ရည်ရွယ်ချက်နှစ်ခုဖြင့် ဤဆေးလုံးများကို ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ ပထမအချက်မှာ လော့ထျန်းအဖွဲ့ချုပ်အတွင်းရှိ ကျင့်ကြံသူများ အသုံးပြုရန်ဖြစ်ပြီး ဒုတိယအချက်မှာ သူ၏ ဆေးဖော်စပ်မှု စွမ်းရည်ကို အဆုံးစွန်အဆင့်သို့ အမြန်ဆုံး ရောက်ရှိစေကာ အဆင့်မြင့်ဆေးလုံးများ၏ အာနိသင်ကို စမ်းသပ်ရန် ဖြစ်သည်။

လော့ချန်သည် လက်ပေါ်ရှိ ရေစက်များကို ခါလိုက်ပြီးနောက် ဆေးဖော်ဆောင်မှ စီမံခန့်ခွဲသူ ချိုးရင်း ကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"တွမ် မျိုးနွယ်စုက တစ်လကို ပုလင်းငါးဆယ်နှုန်းနဲ့ သဘောတူထားတာ မဟုတ်လား၊ အခု ပို့ဖို့က ကျန်သေးတာလား"

ချိုးရင်းက ခေါင်းငြိမ့်ကာ ပြန်ဖြေသည်။

"ဟုတ်ပါတယ်ရှင့်"

"ဒါဆို.... ပြီးခဲ့တဲ့ အခေါက်က ပစ္စည်းပို့တာ တစ်ဝက်တောင် မပြည့်သေးဘူးလို့ ငါ မှတ်မိနေတာ မှားလို့လား၊ ဘာလို့ ဒီလောက် စောပြီး လာတောင်းနေရတာလဲ"

ချိုးရင်းသည်လည်း အဖြေမရှိသဖြင့် ဇဝေဇဝါ ဖြစ်နေပုံရသည်။

လော့ချန်က နှုတ်ခမ်းကို တစ်ချက် တွန့်လိုက်ရင်း "ထားလိုက်ပါတော့.... သူတို့ ဘာကြောင့် ဆေးလုံးတွေ ဒီလောက် အသည်းအသန် လိုချင်နေသလဲဆိုတာ ငါ စိတ်မဝင်စားပါဘူး၊ အဓိကကတော့ ငါတို့ဆီကို ဝိညာဉ်ကျောက်တုံးတွေ ရောက်လာဖို့ပဲလေ၊ အရင်အတိုင်း ပုလင်းငါးဆယ်ပဲ မဟုတ်လား၊ အခုတလော ငါတို့ ဆေးတွေ အတော်များများ စုထားမိတယ်၊ တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်လိုက်ပါ"

လော့ချန်၏ ခွင့်ပြုချက် ရသည်နှင့် ချိုးရင်းသည် ဆေးသိုလှောင်ခန်းသို့ သွားရန် ပြင်လိုက်သည်။ သို့သော် မထွက်ခွာမီ တစ်စုံတစ်ခုကို သတိရသွားကာ လှည့်မေးလိုက်သည်။

"ဘယ်သူ့ကို ပို့ခိုင်းရမလဲရှင့်"

လော့ချန် အတန်ကြာ စဉ်းစားလိုက်ပြီးမှ "စီမာရှန့် ကို လွှတ်လိုက်လေ" ဟု ညွှန်ကြားလိုက်သည်။

"အကြီးအကဲ စီမာရှန့်က အပြင်ရပ်ကွက်မှာ အသစ်ဖွင့်တဲ့ ဆိုင်ကို ပစ္စည်းသွားပို့တဲ့အဖွဲ့နဲ့ လိုက်သွားတာ မပြန်လာသေးဘူးရှင့်၊ ခန်းမခေါင်းဆောင်ဝမ်ကလည်း ကျင့်ကြံခန်းထဲမှာ အဆင့်တက်ဖို့ ပြင်နေပြန်ပြီ"

ထိုသတင်းကို ကြားလိုက်ရသောအခါ လော့ချန် မျက်မှောင်ကြုတ်သွားမိသည်။ ယခုအခါ လော့ထျန်းအဖွဲ့ချုပ်သည် ဆေးလုံးများကို လမ်းကြောင်းနှစ်ခုဖြင့် ဖြန့်ဖြူးနေခြင်း ဖြစ်သည်။ တစ်ခုမှာ မူရုံချင်းလျန်၏ ကုသိုလ်တော်ခန်းမဆောင်မှတစ်ဆင့် တစ်ကိုယ်တော်ကျင့်ကြံသူများကို ရောင်းချခြင်း ဖြစ်ပြီး၊ အခြားတစ်ခုမှာ အဓိကမျိုးနွယ်စုကြီး လေးခုနှင့် တာကျန်းဂိုဏ်းထံသို့ တိုက်ရိုက် ပေးပို့ခြင်း ဖြစ်သည်။

ပစ္စည်းပို့သည့် ကိစ္စများကို တိုက်ခိုက်ရေးခန်းမမှ အကြီးအကဲများကသာ အမြဲ ဦးဆောင်ခဲ့ကြသော်လည်း ယနေ့ တွမ်မျိုးနွယ်စု၏ ရုတ်တရက် တောင်းဆိုမှုကြောင့် လော့ထျန်းအဖွဲ့ချုပ်မှာ လူအင်အား မမျှမတ ဖြစ်သွားရခြင်း ဖြစ်သည်။ သူ ခဏမျှ တုံ့ဆိုင်းနေပြီးမှ "ဒါဆိုရင်တော့.... တွမ်ဖုန်း ကိုပဲ လွှတ်လိုက်ပါ၊ သူက တွမ်မျိုးနွယ်စုနဲ့လည်း အကြောင်းသိတွေပဲလေ" ဟု ဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ အဖွဲ့ချုပ်ခေါင်းဆောင်" ဟု ချိုးရင်းက ပြန်ဖြေလိုက်သည်။

ချိုးရင်း အပြေးလေး ထွက်ခွာသွားစဉ် သူမ၏ မြင့်မားစွာ စည်းထားသော ဆံပင်မြီးရှည်လေးမှာလည်း လှုပ်ခါနေသည်။ လော့ချန် အဘယ်ကြောင့် တွမ်ဖုန်းအား လွှတ်ရန် တုံ့ဆိုင်းနေခဲ့သည်ကို သူမ မသိရှိပေ။

‘တွမ်ဖုန်း.... တွမ် မျိုးနွယ်စု....အင်း.. ဘာပြဿနာမှ မဖြစ်ပါစေနဲ့’ ဟုသာ လော့ချန် ဆုတောင်းနေမိတော့သည်။

ကံကောင်းထောက်မစွာဖြင့် ညနေစောင်းတွင် တွမ်ဖုန်းသည် သူ၏ အဖွဲ့နှင့်အတူ ဝိညာဉ်ကျောက်တုံး ၂၀၀၀ ကို ယူဆောင်ကာ ဘေးကင်းစွာ ပြန်ရောက်လာခဲ့သည်။ လော့ချန်သည် တောင်ကုန်းပေါ်မှနေ၍ တွမ်ဖုန်း၏ ပုံရိပ်ကို အဝေးမှ လှမ်းကြည့်နေမိသည်။ တွမ်ဖုန်းသည် မျက်နှာ သိပ်မကောင်းလှသော်လည်း ဒဏ်ရာရလာပုံ မရပေ။

"လူ ဘာမှမဖြစ်ဘဲ ပြန်ရောက်လာရင် ပြီးတာပါပဲ" ဟု လော့ချန် သက်ပြင်းချရင်း ဆိုလိုက်သည်။ တွမ်ဖုန်းအနေဖြင့် တွမ် မျိုးနွယ်စုနှင့် ထိပ်တိုက်တွေ့ကာ ဒေါသအလျောက် တစ်ခုခု ဖြစ်မည်ကို သူ အမှန်တကယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် လော့ထျန်းအဖွဲ့ချုပ်မှာ အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး တာဟဲစျေးမြို့တော်အတွင်း ခိုင်မာသော နေရာတစ်ခုကို ရရှိထားပြီ ဖြစ်သည်။ တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားမှာပင် အဖွဲ့ချုပ်အတွင်းသို့ ဝင်ရောက်ရန် လာရောက် စုံစမ်းနေကြသော်လည်း လော့ချန်၏ ညွှန်ကြားချက်အရ မုရုံချင်းလျန်သည် ပြင်ပလူများကို အလွယ်တကူ လက်မခံဘဲ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။

"အခြေအနေတွေက မတည်ငြိမ်သေးဘူး၊ စိတ်ရင်းမမှန်တဲ့သူတွေ ကျွန်တော်တို့ အဖွဲ့ချုပ်ထဲကို ခိုးဝင်မလာနိုင်အောင် သတိထားရမယ်"

ထိုစကားမှာ လော့ချန်၏ ပြတ်သားသော စကားဖြစ်ပြီး မုရုံချင်းလျန်ကလည်း အပြည့်အဝ ထောက်ခံထားခြင်း ဖြစ်သည်။ ယခုကဲ့သို့သော အချိန်မျိုးတွင် အခြားသော အင်အားစုများနှင့် ထိပ်တိုက်တွေ့ခြင်းမှာ ပညာရှိရာ မရောက်ချေ။ တွမ်ဖုန်းအနေဖြင့် သူ၏ ပုဂ္ဂိုလ်ရေး အာဃာတများကို ဘေးဖယ်ထားကာ အဖွဲ့ချုပ်အတွက် အလုပ်ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ ပို၍ ရင့်ကျက်လာပြီဟု ဆိုနိုင်သည်။

တွမ်ဖုန်းသည် အမြဲ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန် ဝါသနာပါသူ ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာလည်း အဖွဲ့ချုပ်အတွင်း အခြားသူများထက် များစွာ သာလွန်နေသည်။ လော့ချန် တွေးတောမိသည်မှာ တွမ်ဖုန်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးမှသာ တွမ် မျိုးနွယ်စုကို လက်စားချေရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်။

"ဩော်....ဘာလိုလိုနဲ့....အချိန်အတော်ကြာသွားပြီပဲ၊ ထျန်းရှင်းကျီလည်း စိတ်မရှည်ဖြစ်နေလောက်ပြီ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ မျက်နှာတော့ ငါ ထောက်ထားဦးမှပါ....ကောင်းပြီ.... ဒီနေ့ပဲ သူ့ဆီကို သွားပြီး ကိစ္စတွေကို ဆွေးနွေးလိုက်တော့မယ်”

လော့ချန်သည် သာယာလှပနေသော ကောင်းကင်ယံကို မော့ကြည့်ရင်း ဆုံးဖြတ်လိုက်သည်။

All Chapters