အခန်း (၂၉၂-၂၉၃)
Vol. 25 Ch. 292-293
Ch-292
ပုလဲများသည် တရုတ်နိုင်ငံတွင် လက်ရှိအချိန်၌ ရေပန်းစားခြင်းမရှိသေးသော်ငြား ပြည်ပနိုင်ငံအများအပြားတွင် ရေပန်းစားနေပြီဖြစ်၏။ အထူးသဖြင့် တချို့နိုင်ငံများရှိ ဘုရင်မတွေနှင့် အမျိုးသမီးကြယ်ပွင့်တွေဟာ ပုလဲလက်ဝတ်ရတနာတွေကို၀တ်ဆင်ရတာ နှစ်ခြိုက်ကြသည်။
ပြီးခဲ့သည့်အကြိမ်တုန်းက သူဌေးကြီးကောင်းလော့က ကုန်ပစ္စည်းတစ်သုတ်ဝယ်ယူရန် နိုင်ငံခြားမှ မိတ်ဆွေအချို့ကို ခေါ်ဆောင်လာခဲ့သည်။ နောက်ဆုံးတကြိမ်ပူးပေါင်းဆောင်ရွက်မှုမှာ အဆင်ပြေခဲ့သလို ဒီတစ်ကြိမ်မှာလည်း ပြဿနာမရှိခဲ့ပေ။
\ရွှင်ရို့ပုလဲစက်ရုံမှထွက်ရှိသော အရည်အသွေးမြင့်ပုလဲများမှာ အရည်အသွေးအကောင်းဆုံးဖြစ်၍ အမြင်စူးရှတဲ့သူဌေးတွေလည်း အပြစ်ပင်ရှာလို့မတွေ့ကြ။
"ဒီပုလဲက အရည်အသွေးကောင်းလိုက်တာ!"
"ကြည့်လေကြည့်လေ မင်းရဲ့ပုလဲစက်ရုံက ပုလဲတွေက အရည်အသွေးအကောင်းဆုံးပဲ"
…
အနီးနားတွင် ပုလဲမွေးမြူရေးစက်ရုံများစွာရှိသော်ငြား သူတို့ဖွင့်ထားသည်မှာ တစ်နှစ်သာရှိသေး၍ ပထမနှစ်မှာ ပုလဲတွေအများကြီးမထွက်သေးသည့်အပြင် ပုလဲစက်ရုံတွေအများအပြားပေါ်လာပြီးနောက် ခွဲတမ်းရသည့် ရေနက်ပိုင်းမှမိခင်ကမာကောင်အရေအတွက်မှာလည်း နည်းသထက်နည်းလာလေပြီ။ ရွှင်ရို့ပုလဲစက်ရုံအပြင် နိုင်ငံပိုင်ပုလဲစက်ရုံသာလျှင် သုတေသနဌာနမှ ကုန်ကြမ်းပစ္စည်းနှင့် နည်းပညာကို ခိုင်ခိုင်မာမာပံ့ပိုးမှုရရှိခဲ့သည်။ နိုင်ငံပိုင်ပုလဲစက်ရုံ၏ ယခုနှစ်အထွက်နှုန်းလည်း သိပ်မဆိုးပါချေ။
ချင်းရို့နှင့်အတူတူ နိုင်ငံခြားသို့တင်ပို့ရောင်းချခြင်းဖြင့် ကြွယ်ဝချမ်းသာလာခဲ့၍ ဤနေရာရှိ ဒေသန္တရအစိုးရအရာရှိတွေလည်း အလွန်ပျော်ရွှင်ခဲ့ရသည်။
ရွှင်ရို့ပုလဲစက်ရုံသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ၉၀,၀၀၀တန်ကြေးရှိပုလဲတွေကို တင်ပို့ခဲ့သည်။ အခွန်နဲ့ စရိတ်စကတွေနှုတ်ပြီးနောက် သူမ ငွေအမြောက်အမြားရှာနိုင်ခဲ့သလို ဘေးဘက်ရှိကမာခွံထွင်းစက်ရုံအသေးစားလေးမှ လက်မှုပစ္စည်းအများအပြားကိုလည်း ရောင်းချရန် အခွင့်အရေးယူခဲ့သည်။
အစ်မဖြစ်သူရဲ့ မင်္ဂလာဝတ်စုံဆိုင်ကို ထောက်ပံ့ပေးရန်အတွက် သာမန်အရည်အသွေးရှိသော ပုလဲများစွာကိုလည်း ချန်ထားခဲ့ပါသေးသည်။ မကြာသေးမီက မင်္ဂလာဝတ်စုံဆိုင်သို့ နိုင်ငံခြားသားအမျိုးသမီးနှစ်ဦးရောက်လာပြီး တန်ဖိုးကြီးပုလဲမင်္ဂလာဝတ်စုံနှစ်စုံကို စိတ်ကြိုက်အော်ဒါမှာခဲ့ကြသည်။ အနှီမင်္ဂလာဝတ်စုံနှစ်ထည်မှာ ဈေးကြီးသလို ခေါင်းဆောင်းကိုလည်း အရည်အသွေးမြင့်ပုလဲတို့ဖြင့် စီခြယ်ထည့်သွင်းရန် လိုအပ်သည်ပင်။ သူတို့က ဒေါ်လာသောင်းချီကုန်ကျမယ်ဆိုရင်တောင်မှ ဂရုမစိုက်ကြချေ။
-- ပြောရမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ ချမ်းသာတဲ့သူတွေ အများကြီးရှိတာပဲလေ...
လက်ရှိ ပြည်တွင်းခရီးသွားစျေးကွက်မှာ မကျော်ကြားသေးပေမယ့် နောင်နှစ်အနည်းငယ်အတွင်း ချုံကျိုးကျွန်းသို့ လာရောက်လည်ပတ်ကြမယ့် တရုတ်လူမျိုးတွေ များသထက်များလာပေလိမ့်မည်။
သူတို့နိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်ရန် စောင့်ဆိုင်းနေသော ပြည်တွင်းသုံးစွဲသူတို့ရဲ့ လိုအပ်ချက်များစွာ ရှိနေပါသေးသည်။
ဆရာမလင်းသည် သူမရဲ့ကျောင်းသားတွေနှင့် ချုံကျိုးကျွန်းမှ ပြန်လာပြီးနောက် ချင်းရို့၏ ပုလဲမွေးမြူရေးစက်ရုံနှင့် ကွမ်ချန်ရှိ နန်သောင်မင်္ဂလာဓာတ်ပုံဆိုင်မှ ဓာတ်ပုံများကို ကြော်ငြာပေးခဲ့သည်။ အထူးသဖြင့် မင်္ဂလာဓာတ်ပုံဆိုင်မှ ဓာတ်ပုံတွေကို ကွမ်တုန်းပြည်နယ်ပြည်ပပြပွဲတွင် မကြာခင်ပြသပေးသွားမည်ဖြစ်သည်။
ထိုအခါ နာမည်ဂုဏ်သတင်းကြီးလာပြီး ကမ်းခြေမင်္ဂလာဆောင်ဓာတ်ပုံရိုက်ရန် ချုံကျိုးကျွန်းသို့ လူများစွာ လာကြပေလိမ့်သည်။
အစ်မဖြစ်သူ၏ မင်္ဂလာဓာတ်ပုံဆိုင်အနီးတွင် မင်္ဂလာဓာတ်ပုံဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတဲ့သူတွေလည်း ရှိပါသေးသည်။
ချင်းရို့က အစ်မဖြစ်သူကို မင်္ဂလာဝတ်စုံများဖန်တီးခြင်းအပြင် အနီရောင်မင်္ဂလာဝတ်စုံနှင့် ချောင်ဆမ်လိုမျိုး စိတ်ကြိုက်အော်ဒါမှာယူနိုင်တဲ့ ထုတ်လုပ်ရေးလမ်းကြောင်းကိုပါ ဖွင့်လှစ်ပေးစေချင်သည်။ ဟုတ်ပါတယ်၊ ဒါတွေကို ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့လိုတာပေါ့လေ။
ချင်းရို့၏ ရွှင်ရို့ပုလဲစက်ရုံနှင့် နိုင်ငံပိုင်ပုလဲစက်ရုံတို့မှာ ကောင်းစွာရိတ်သိမ်းနိုင်ခဲ့ပေမယ့် အခြားပုလဲစက်ရုံတွေကတော့ အတော်လေးဆိုးရွားနေခဲ့၏။
ဆိုးရွားသည်ဆိုသော်ငြား ပိုက်ဆံမရှာနိုင်တာတော့မဟုတ်ဘဲ အမြတ်နည်းရုံသာ။ သည့်အပြင် ပုလဲမွေးမြူရေးစက်ရုံအတွက် မိသားစုတော်တော်များများ စုပေါင်းရင်းနှီးငွေထည့်ထားကြ၍ အမြတ်ဝစုခွဲသည့်အခါ ပိုက်ဆံအများကြီးမရတော့တာဖြစ်သည်။
ယခင်ပုလဲစမ်းသပ်စခန်းမှ သုတေသီတစ်ဦးအနေဖြင့် လင်ကွေ့ရှန်းသည် သူမွေးမြူခဲ့တဲ့ပုလဲတွေဟာ ရွှင်ရို့ပုလဲစက်ရုံမှ ပုလဲတွေလောက်မကောင်းကြောင်း၊ နိုင်ငံပိုင်ပုလဲမွေးမြူရေးစက်ရုံမှ ပုလဲတွေထက်ပင် နည်းပါးကြောင်း တွေ့ရှိခဲ့သည်။ သူ့ရဲ့ ပုလဲအထွက်နှုန်းမှာ သိပ်မမြင့်မားတဲ့အတွက် သူ့ကို တိတ်တဆိတ် စိုးရိမ်ပူပန်စေသည်။
"ဘာမှားသွားတာလဲ?"
ရွှင်ရို့ပုလဲစက်ရုံရဲ့ ပုလဲတွေက ဘာလို့ဒီလောက်တောင်အထွက်နှုန်းမြင့်နေရတာလဲ? နောက်ပြီးတော့ ပုလဲဘယ်လောက်တောင်ထုတ်လုပ်နိုင်တာလဲ?
လင်ကွေ့ရှန်းသည် ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံရဲ့ အခြေအနေကို နားမလည်နိုင်သော်လည်း ချင်းရို့ဟာ ပထမဆုံးစတင်ခဲ့သူဖြစ်လို့ ကံကောင်းသွားပြီး သူမက အကောင်းဆုံးမိခင်ပုလဲမုတ်ကောင်တွေကို ဦးဆုံးယူထားသူဖြစ်သလို ပုလဲမျိုးကောင်းကို ပျိုးထောင်ခဲ့သည်ကြောင့် သူမပုလဲစက်ရုံရဲ့ ပုလဲအရည်အသွေးတွေ မြင့်မားနေခြင်းဖြစ်တယ်လို့ ယူဆထားခဲ့သည်။
နိုင်ငံပိုင်ပုလဲမွေးမြူရေးစက်ရုံသည် သုတေသနစမ်းသပ်စခန်းမှ နည်းပညာနှင့် ကုန်ကြမ်းပစ္စည်းပံ့ပိုးမှု ပိုမိုရရှိနိုင်ပေသည်။ ၄င်းတို့ထဲတွင် မွေးမြူရေးနည်းပညာမှာ လင်းကွေ့ရှန်းလိုလားတောင့်တနေသည့်အရာပင်။ ပိုမိုကောင်းမွန်သောနည်းပညာရှိပါက မိခင်ပုလဲရှင်သန်နှုန်းပိုမိုမြင့်မားလာနိုင်ကာ ပုလဲထုတ်လုပ်နိုင်ခြေမြင့်မားပြီး အရည်အသွေးအားဖြင့်လည်း ပိုမိုကောင်းမွန်လာနိုင်တာကြောင့် သူ့ပုလဲမွေးမြူရေးစက်ရုံသည်လည်း ဝင်ငွေပိုရှာနိုင်ပေလိမ့်မည်။
ရွှင်ရို့ပုလဲစက်ရုံနှင့် နှိုင်းယှဉ်ပါက လင်ကွေ့ရှန်းသည် နိုင်ငံပိုင်ပုလဲမွေးမြူရေးစက်ရုံကို ပိုမိုအာရုံစိုက်ထားခဲ့ပြီး စမ်းသပ်စခန်းမှ စမ်းသပ်ထားတဲ့ မွေးမြူရေးစီမံခန့်ခွဲမှုနည်းပညာကိုပိုအဆင့်မြင့်၍ အသုံးပြုခဲ့သလားလို့ သိချင်နေလေ၏။
သို့ပေတိ ချင်းရို့၏ပုလဲမွေးမြူနည်းစနစ်များနှင့် အထူးတလည် စိတ်ကြိုက်ပြုလုပ်ထားသည့် ပိုမိုထိရောက်ပြီးအဆင့်မြင့်ထားသောမွေးမြူရေးကိရိယာတွေအကြောင်းကို သူမသိခဲ့ပေ။
"ချွေးမင်ကျန့် မင်း စမ်းသပ်စခန်းကနေထွက်ပြီး ငါနဲ့အတူတူလာလုပ်ကွာ" လင်ကွေ့ရှန်းက အတူတူအလုပ်လုပ်ခဲ့ဖူးသည့် သုတေသီချွေးမင်ကျန့်ကို ဖိတ်ခေါ်ခဲ့သည်။
ထိုအချိန်တွင် ချွေးမင်ကျန့်မှာ သူ့ကို တကယ်ပင် အာရုံမစိုက်နိုင်ခဲ့။ ချွေးမင်ကျန့် တွေးနေမိသည်ကား ဓာတ်ပုံဆိုင်မှာ မတော်တဆတွေ့လိုက်ရတဲ့ ဓာတ်ပုံအကြောင်းသာ။ ဓာတ်ပုံထဲမှာ မုန့်လန်က ခမ်းနားလှပသောနှင်းဖြူရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားလေရဲ့။
အဲဒီပုံကို သူ့စိတ်ထဲမှာ ရေးထွင်းထားသလိုမျိုး အချိန်အတော်ကြာအောင် မေ့နိုင်တော့မည်မဟုတ်ပေ။
မုန့်လန်လက်ထပ်တော့မှာလား?
ချွေးမင်ကျန့် နှလုံးသားမှာ ခါးသီးနေပြီး ရှက်ရွံ့သလိုခံစားနေရလျက်။ သူသည် မူလက မုန့်လန်က ဒုတိယအကြိမ်လက်မထပ်ချင်တော့တာကြောင့် ငြင်းပယ်ရန် ကလေးကို ဒိုင်းကာတစ်ခုအဖြစ် တမင်တကာအသုံးပြုခဲ့တယ်လို့ ထင်ခဲ့မိသည်။ သို့သော် အခုတော့ သူမက တခြားတစ်ယောက်နှင့် လက်ထပ်တော့မယ်တဲ့လား...
"လင်ကွေ့ရှန်း ငါ... ငါ အခု မင်းနဲ့ဆွေးနွေးဖို့စိတ်မဝင်စားသေးပါဘူးကွာ"
"သေချာပြန်စဉ်းစားကြည့်ပါဦး။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲ ငါ့ပုလဲစက်ရုံက ငွေအများကြီးရှာနိုင်တော့မှာ! အခုချိန်က ပုလဲတွေမွေးမြူရမယ့်အချိန်ပဲကွ!"
လင်ကွေ့ရှန်းသည်လည်း အမြော်အမြင်ရှိသူပင်။ သူသည် ပုလဲမွေးမြူရေးကို မြန်နိုင်သမျှမြန်မြန်စသင့်ကြောင်း သိပေသည်။ နောက်ကျသွားရင် အကျန်ပဲစားရတော့မှာလေ။
သူ့ကနဦးအရင်းအနှီးက အရမ်းနိမ့်မနေဘူးဆိုရင် သူလည်း တခြားသူတွေကို အမြတ်ဝေစုအများကြီးခွဲမပေးချင်ပါဘူးနော်...
"အဲဒီလူတွေက ရေတိုပဲကြည့်တတ်တာကွာ။ ငါက မွေးမြူရေးပိုင်းမှာချဲ့ထွင်ဖို့ ငွေပိုသုံးချင်တယ်လို့ ဆက်တိုက်ပြောနေပေမယ့် သူတို့ကဂရုမစိုက်ကြဘဲ ကာလာတီဗွီတွေ၊ မော်တော်ဆိုင်ကယ်တွေဝယ်လိုက်ကြတယ်။ ငါလည်း သူတို့ကို မတားလိုက်နိုင်ဘူးကွာ"
လင်ကွေ့ရှန်းသည် သံကို သံမဏိမဖြစ်လို့ မုန်းတီးနေပြီး သူ့ပါတနာနှင့်ပတ်သက်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ အခုတော့ ပါတနာနည်းလေလေ အလုပ်လုပ်ရတာပိုကောင်းလေလေဖြစ်ကြောင်း နောက်ဆုံးတော့ သူသိသွားခဲ့ပြီ။ ထို့ကြောင့် သူ တချို့လူတွေကို စတင်ဖယ်ထုတ်ရမည်ဖြစ်သလို ပို၍စကားပြောကောင်းသော၊ ပို၍ပြတ်ပြတ်သားသားရှိသည့် လုပ်ဖော်ကိုင်ဖက်တွေကို ရွေးချယ်တော့မည်ဖြစ်သည်။
ချွေးမင်ကျန့်ဟာ ရွေးချယ်မှုကောင်းတစ်ခုပင်။ ထိုသူသည် ဂရုတစိုက်ရှိပြီး တာဝန်ယူတတ်တဲ့သူတစ်ယောက်ဖြစ်သလို ယခင်က ရွှင်ရို့ပုလဲစက်ရုံနှင့် အနီးကပ်အဆက်အသွယ်ရှိခဲ့ဖူးပြီး အစိုးရပိုင်ပုလဲမွေးမြူရေးစက်ရုံမှာလည်း ဦးဆောင်ခဲ့သူဖြစ်သည်။
သူ့တွင် ပုလဲမွေးမြူရေးနှင့်ပတ်သက်ပြီး အတွေ့အကြုံများစွာရှိ၍ ပုလဲမွေးမြူရေးစက်ရုံကို သူ့ဆီ စီမံခန့်ခွဲခွင့်ပေးလိုက်ရင် စက်ရုံက ဝန်ထမ်းတွေကို ပိုမိုကောင်းမွန်စွာ လမ်းညွှန်ပေးနိုင်သလို မွေးမြူရေးတွင်လည်း မမျှော်လင့်ထားတဲ့အခြေအနေကြုံရပါက ဆုံးရှုံးမှုနည်းအောင်လို့ အချိန်နှင့်တစ်ပြေးညီဖြေရှင်းနိုင်မည်ဖြစ်သည်။
"ဆောရီးကွာ အခု ငါ အချစ်မှာရုန်းမထွက်နိုင်လို့"
ချွေးမင်ကျန့် ခေါင်းခါလိုက်သည်။ အချစ်မှာရုန်းမထွက်နိုင်တဲ့လူတစ်ယောက်ဟာ လက်ရှိအချိန်မှာ ငွေရှာဖို့ရည်မှန်းချက်မရှိဘူးလေ။ သူသည် လက်တွေ့ကျသောသုတေသီတစ်ဦးဖြစ်သည့်အလျောက် အခု သူ့နေ့စဥ်ဘဝနှင့် ကျေနပ်နေသူပင်။
... အကြောင်းရင်းက အချစ်မှာရုန်းမထွက်နိုင်လို့တဲ့လား???
လင်ကွေ့ရှန်း ဒီလူကို နားမလည်နိုင်ပါချေ။ ဒီလိုခေတ်ကောင်းအချိန်ကောင်းမှာ မွေးဖွားလာပြီး ပိုက်ဆံမရှာချင်ဘူးဆိုတော့ မင်းရဲ့ခေါင်းထဲမှာ ပင်လယ်ရေတွေနဲ့ ပြည့်နေတာလားကွ?
မူလက သူသည် စဉ်းစားဉာဏ်ရှိတဲ့ပါတနာကိုရှာချင်ခဲ့သော်ငြား ကြည့်ရတာတော့ ချွေးမင်ကျန့်က ရှင်းရှင်းလင်းလင်းတွေးခေါ်နိုင်တဲ့သူမဟုတ်ဘူးပဲ။
မိသားစုခြံဝင်းမှ ကောချင်းမိန်သည် ကွေ့ရို့ပုလဲမွေးမြူရေးစက်ရုံမှ အမြတ်ဝေစုရရှိခဲ့သည်။ သူမ နိုင်ငံခြားမှ ခမ်းနားလှပတဲ့ပုလဲမင်္ဂလာဝတ်စုံကို ဝယ်ယူလာပေးရန် တစ်ယောက်ယောက်ဆီမှာ တောင်းဆိုချင်ခဲ့တာ ကြာလှချေပြီ။ စျေးကြီးပေမယ့် နောက်နှစ်လည်း ပုလဲမွေးမြူရေးစက်ရုံကနေ ငွေရှာနိုင်သေးတယ်လို့တွေးမိ၍ အံကြိတ်ကာ ပုလဲမင်္ဂလာဝတ်စုံကိုဝယ်လိုက်၏။
မူလက ကောချင်းမိန်သည် မိသားစုခြံဝင်းရှိ အခြားအမျိုးသမီးတွေရှေ့မှာ ဤပုလဲမင်္ဂလာဝတ်စုံကို ကြွားဝါချင်ခဲ့သော်လည်း နိုင်ငံခြားမှ မင်္ဂလာဝတ်စုံကိုဝယ်ယူပြီးနောက်မှ ပုလဲမင်္ဂလာဝတ်စုံရဲ့ အရည်အသွေးမှာ သူမထင်သလောက် မကောင်းမွန်ကြောင်း တွေ့ရှိခဲ့လေ၏။
အထူးသဖြင့် အပေါ်က ပုလဲတွေပဲ...
မိသားစုခြံဝင်းရှိ အမျိုးသမီးအများစုဟာ ပုလဲမင်္ဂလာဝတ်စုံဝတ်ကာ ချင်းမျန့်၏ဓာတ်ပုံဆိုင်မှာ သွားရိုက်ထားကြပြီးဖြစ်သည်။ သူတို့က ပုလဲတွေကို ကိုယ်တိုင်ထုတ်လုပ်ကြပြီး သူတို့သုံးထားတဲ့ ပုလဲကုန်ကြမ်းတွေဟာလည်း စိတ်ချရသည်လေ။
မင်္ဂလာဝတ်စုံကောင်းတွေကို တောင်ကျွန်းပုလဲအကောင်းတွေဖြင့် ပြုလုပ်ထားခြင်းပင်... မယှဉ်ခဲ့ရင် ပိုကောင်းမှာ။ နှိုင်းယှဉ်ကြည့်ပြီးတဲ့နောက် သူမ နိုင်ငံခြားမှဝယ်ယူထားတဲ့မင်္ဂလာဝတ်စုံဟာ ပြည်တွင်းပုလဲမင်္ဂလာဝတ်စုံလောက် အရည်အသွေးကောင်းမွန်ခြင်းမရှိကြောင်း တွေ့ရှိသွားခဲ့သည်။
သူမ ရူးသွားပြီလား? ! !
သူမနှင့်ရင်းနှီးတဲ့ညီအစ်မတစ်ယောက်က သူမဝယ်ထားတဲ့ ပုလဲမင်္ဂလာဝတ်စုံကိုမြင်တဲ့အခါ "ပုလဲမင်္ဂလာဝတ်စုံဝယ်ဖို့ နိုင်ငံခြားကို ဘာလို့သွားနေရသေးတာတုန်း?"လို့ မမေးဘဲမနေနိုင်တော့။
"ငါတို့ကျွန်းမှာ ပုလဲတွေထုတ်နေတာမဟုတ်ဘူးလား? ငါတို့ကိုယ်တိုင်လုပ်လို့ရတာပဲလေ"
ကောချင်းမိန် ဒါကိုမစဉ်းစားမိခဲ့။ သူမက နိုင်ငံခြားပစ္စည်းတွေကို ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် မမျှော်လင့်စွာပင်...
ယခုအခါ သူတို့အားလုံးက ပုလဲမင်္ဂလာဝတ်စုံနှင့် ဓာတ်ပုံရိုက်ပြီးကြပြီဖြစ်သော်လည်း သူမပြည်ပမှဝယ်ယူခဲ့တဲ့ သာမန်ပုလဲမင်္ဂလာဝတ်စုံမှာ ဈေးကြီးသည်ကလွဲပြီး အခြားအားသာချက်တွေမရှိပေ။
အကယ်၍ သူမ တခြားသူတွေကို လိုက်ပြခဲ့ရင် မိသားစုခြံဝင်းရှိလူတွေက သူမကို မနာလိုအားကျဖြစ်မှာမဟုတ်သည့်အပြင် သူမဟာ အခွင့်ကောင်းယူခံလိုက်ရတယ်လို့ပဲ ထင်မြင်ကြပေလိမ့်မည်။
xxx
Ch-293
ချင်းရို့ ငွေအမြောက်အမြားစုဆောင်းခဲ့ပြီး ပုလဲမွေးမြူရေးကိုချဲ့ထွင်ရန် စီစဥ်ခဲ့သလို အခြားအခွံမာရေသတ္တဝါမျိုးစုံကိုလည်း မွေးမြူရန် ကြိုးစားခဲ့သည်။ သည့်အပြင် သူမက ပုလဲထွက်ကုန်လှလှလေးတွေကို ပြသရန်အတွက် ပုလဲလက်မှုခြံငယ်လေးတစ်ခုကို တည်ဆောက်လိုခဲ့သည်။
ခရီးသွားလုပ်ငန်းပိုင်းတွင် ဤဒေသမှာ ဦးဆုံးဖွံ့ဖြိုးတိုးတက်လာပေမည်။ အနာဂတ်တွင် ခရီးသွားတွေ ပိုမိုများပြားလာသောအခါ ပုလဲလက်မှုခြံကို အရင်ဆုံးလာရောက်လည်ပတ်ကြပြီး ပုလဲလည်ဆွဲ သို့မဟုတ် တစ်ခုခုကို ဝယ်ယူသွားခြင်းမှာ သဘာဝပင်မဟုတ်ပါလော။
အနာဂတ်တွင် ရန်ပုံငွေပိုမိုရရှိလာတဲ့အခါ ချင်းရို့သည် ပုလဲအလှကုန်နှင့် ကျန်းမာရေးဆိုင်ရာထုတ်ကုန်များဖွံ့ဖြိုးတိုးတက်စေရန် လင်းနန်တက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာနှင့် ဇီဝဗေဒဆိုင်ရာ စမ်းသပ်စင်တာနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုပါသေးသည်။
ဟုတ်ပါတယ်၊ ဒါတွေက အနာဂတ်မှာဖြစ်လာမယ့်အရာတွေပါပဲ။ လက်ရှိတွင် ချင်းရို့က ပုလဲလက်မှုခြံငယ်လေးတစ်ခုတည်ဆောက်ရန် စီစဉ်နေ၏။ အနှီပုလဲလက်မှုခြံဝင်းကို အထူးတလည် ကောင်းကောင်းမွန်မွန်ဒီဇိုင်းဆွဲဖို့လိုအပ်သည်ပင်။ နေရာကတော့ သေးငယ်ပေမယ့် လှပပြီး ထူးခြားမှုရှိရမည်ဖြစ်သလို ခရီးသွားနေရာသီးသန့်တစ်ခုအဖြစ် ထားရှိနိုင်၏။
ချင်းရို့ ဤကိစ္စနှင့်ပတ်သက်ပြီး အလျင်စလိုမလုပ်သေးဘဲ ၎င်းကို ဒီဇိုင်းဆွဲရန် တစ်စုံတစ်ယောက်ကို ရှာဖွေရပေဦးမည်။
ပုလဲလက်မှုခြံတည်ဆောက်ရုံသာမက ချင်းရို့နှင့် ချင်းမျန့်က ယွမ် ၁၀၀၀၀မှ ၂၀၀၀၀ခန့် အကုန်အကျခံကာ တာ့ကျောင်းရွာအနီးတွင် မူလတန်းကျောင်းတစ်ကျောင်းတည်ဆောက်ရန် စီစဉ်ထားလေသည်။
ချင်းရို့နှင့် ချင်းမျန့်က မူလတန်းကျောင်းတစ်ကျောင်းကို အတူတူဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာသည် အဓိက ထုတ်လုပ်မှုစွမ်းအားဖြစ်၍ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ရာ အရည်အချင်းရှိသူတွေ လိုအပ်ပေသည်။ အရည်အချင်းရှိသူတွေရဖို့အတွက် အခြေခံပညာရေးကို အာရုံစိုက်ရမယ်... ယဉ်ကျေးမှုကို လူသိများအောင် ကောင်းကောင်းလုပ်ရမယ်...
ကျွန်း၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်းမှာမွေးဖွားကြီးပြင်းလာကြတဲ့ ဒေသခံ အရည်အချင်းရှိသူတွေ ပိုမိုလိုအပ်လာသည်။
တာ့ကျောင်းရွာတွင် ကောလိပ်ကျောင်းသားများစွာမွေးထုတ်ပေးပြီးနောက် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သင်ယူမှုအငွေ့အသက်မှာ အထူးအားကောင်းလာခဲ့သည်။ ရွာသူရွာသားတွေလည်း သူတို့သားသမီးတွေကို ပညာတတ်စေချင်ကြပြီး အနာဂတ်တွင် တက္ကသိုလ်ကောင်းတစ်ခုကို တက်ရောက်နိုင်ကာ အသိပညာရှိတဲ့ကောလိပ်ကျောင်းသားတွေဖြစ်လာဖို့ မျှော်လင့်နေကြ၏။
မူလတန်းကျောင်းဆိုသည်မှာ အခြေခံအကျဆုံးပညာရေးပင်။ အခြေခံပညာရေးကို မြှင့်တင်ပေးမှသာလျှင် ပိုမိုကျယ်ပြန့်သောအနာဂတ်ကို ရရှိနိုင်မည်ဖြစ်သည်။
"မူလတန်းကျောင်းဆောက်ကြတာပေါ့! အခု တခြားရွာက လူတော်တော်များများလည်း ငါတို့ရွာမှာ စာလာသင်နေကြတာဆိုတော့ ကလေးတွေအရမ်းများနေပြီလေ။ ငါတို့ အိမ်ပြန်ပြင်သင့်ပြီ"
"ကျောင်းဆောင်သစ်တစ်ဆောင်ဆောက်ကြမယ်"
"ကျောင်းဆောင်သစ်တင်မက စာကြည့်တိုက်လည်း ဆောက်ကြမယ်၊ ဒါမှ ကလေးတွေလည်း စာအုပ်ငှားဖတ်လို့ရမယ်"
…
ချင်းရို့တို့ညီအစ်မနှစ်ယောက်က မူလတန်းကျောင်းတစ်ကျောင်းဆောက်ချင်တယ်ဆိုတဲ့ သတင်းပျံ့သွားချိန်တွင် တာ့ကျောင်းရွာမှာရှိကြတဲ့ ရွာသားတွေအားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။ မုန့်လန်နှင့် ပိုက်ဆံရှိကြတဲ့အခြားမိသားစုတွေလည်း ကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ကျောင်းတစ်ကျောင်းဆောက်ရန် ငွေထည့်ဝင်လိုကြောင်း ပြောလာကြသည်။
ကလေးငယ်လေးတွေဟာ အမိမြေရဲ့ အနာဂတ်ပင်...
"နင်တို့ညီအစ်မနှစ်ယောက်က တကယ်ကို ကြင်နာတတ်သူတွေပဲ"
"နင်နဲ့ ဆရာချန် ဒီကိုရောက်လာပြီးနောက် ကံကောင်းစေတဲ့ကြယ်တွေလိုပါပဲဟယ်။ ငါတို့ရွာရဲ့ အနေအထားက နေ့စဉ်နဲ့အမျှ ပြောင်းလဲလာတယ်!"
"ကျောင်းဆောက်ပြီးတဲ့အခါ ဆရာချန်ကို ကျောင်းအုပ်အဖြစ်ထားကြတာပေါ့"
…
ဤနေရာတွင် မူလတန်းကျောင်းကို ဆောက်လုပ်ရန် စီစဉ်နေပြီး ချင်းရို့လည်း ပုလဲလက်မှုခြံကို ဒီဇိုင်းဆွဲရန် တစ်စုံတစ်ဦးကို ရှာဖွေနေလျက်။ ဒေသန္တရအစိုးရက ပရောဂျက်အကြောင်း သိရှိပြီးနောက် ချင်းရို့အတွက် ပုလဲလက်မှုခြံကိုဒီဇိုင်းဆွဲကူဖို့ရာ ကွမ်တုန်းပြည်နယ်မှ ဗိသုကာဒီဇိုင်းပညာရှင်ရှောင်းရှန့်ကို ဆက်သွယ်ပေးခဲ့သည်။
ရှောင်းရှန့်သည် အသက် ၄၀အရွယ် လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်၏။ သူ့သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့်သာမဟုတ်ခဲ့ရင် ကွမ်ချန်ကနေ ရွှီကောင်တီကို ရထားစီးပြီး ချုံကျိုးကျွန်းသို့ နာရီအနည်းငယ်ကြာသင်္ဘောစီးလာချင်သည်မဟုတ်။
"မင်းက ဒီပုလဲလက်မှုခြံကို ဆောက်ချင်တာလား?" ရှောင်းရှန့် ချင်းရို့ကိုမြင်ပြီးနောက် မူလကစိတ်မရှည်ဖြစ်နေတဲ့နှလုံးသားမှာ ပိုလို့တောင်စိတ်မရှည်လက်မရှည်ဖြစ်လာတော့သည်။
ဒီချောမောလှပတဲ့အမျိုးသမီးငယ်လေးရဲ့ အကြံတွေအားလုံးက နားမလည်နိုင်တဲ့စိတ်ကူးယဉ်တွေချည်းပဲမဟုတ်ပါလော။
ရှောင်းရှန့်၏ ဒီဇိုင်းစတိုင်လ်မှာ လက်တွေ့ဆန်သည်။ သူ့နှလုံးသားထဲမှာ အချစ်ရှိပေမယ့် အရင်ခေတ်ကာလမှ ဆင်းသက်လာသူမို့ ဘာအမှားအယွင်းတွေကိုမှ မလုပ်ဖူးသလို၊ ငယ်ရွယ်စဥ် အထိန်းအကွပ်မဲ့တဲ့စိတ်ကူးယှဥ်ခြင်းမျိုးမရှိခဲ့ပေ။
"ဟုတ်ပါတယ်၊ ကျွန်မ ဒီပင်လယ်အော်နားမှာ ပုလဲလက်မှုခြံတစ်ခြံဆောက်ချင်တာ။ ကျွန်မဆီမှာ စိတ်ကူးထားတဲ့ ဒီဇိုင်းတွေအများကြီးရှိတယ်၊ မစ္စတာရှောင်း ကျွန်မပြောတာကိုနားထောင်..."
ချင်းရို့ မှတ်စုစာအုပ်ကိုထုတ်ကာ သူမရဲ့အကြံဥာဏ်တွေကို ရှောင်းရှန့်ဆီ အသေးစိတ်မျှဝေခဲ့သည်။ သူမက ပုလဲလက်မှုခြံဆောက်ချင်တယ်လို့ ပြောထားပေမယ့်လည်း တကယ်တမ်းတွင်မူ ပုလဲပုံစံခြံဝင်းပင်။
အနှီပုလဲပုံစံခြံဟာ ပြပွဲနေရာ ၈နေရာခွဲထားတဲ့ ပတ်ပတ်လည်အဆောက်အအုံတစ်ခု ဖြစ်သင့်တယ်လို့ သူမ တွေးထား၏။ သို့မှသာ ပုလဲလက်မှုခြံ၌ ပုလဲလက်မှုပစ္စည်းအမျိုးမျိုး ပြသရန်သာမက ပုလဲ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာဇာတ်လမ်းများကို ပြသရန်လည်းဖြစ်သည်။
ပုလဲတွေဟာ အခုမှပေါ်လာသော အသစ်အဆန်းတွေမဟုတ်ပါချေ။ သူတို့နိုင်ငံမှာ ပုလဲကို ရှေးယခင်ကတည်းက သုံးခဲ့ကြတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ယဉ်ကျေးမှုဆိုင်ရာအနက်အဓိပ္ပါယ်များရှိသလို သမိုင်းကြောင်းမှာ ပုလဲနှင့်ပတ်သက်တဲ့ဇာတ်လမ်းများစွာရှိသည်ပင်။
ချင်းရို့က ပြပွဲခန်းမတွင် ပုလဲယဉ်ကျေးမှုကို ရေပန်းစားစေချင်သည်။ ပုလဲနှင့်ပတ်သတ်တဲ့ ရိုးရိုးရှင်းရှင်းပရိုမိုးရှင်းဗီဒီယိုတစ်ခုရိုက်ရန် တစ်ယောက်ယောက်ကိုလည်း ရှာဖွေချင်နေ၏။ နောင်တွင် သူမက ပုလဲပြတိုက်ကိုပါ ဆောက်ဦးမည်ဖြစ်သည်။
"ဒီပုလဲလက်မှုခြံဟာ ပုလဲယဉ်ကျေးမှ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေသင့်ပြီး ဒီလှပတဲ့ပုလဲမုတ်ကောင်တွေကိုတော့ ဒီလိုဒီဇိုင်းမှာ ထားသင့်..." ချင်းရို့က ပုလဲယဉ်ကျေးမှုအကြောင်း ရှောင်းရှန့်အား မိတ်ဆက်ပေးပြီးနောက် ပုလဲမွေးမြူရေးစက်ရုံသို့ သွားရောက်ပြသခဲ့ပြီး ပင်လယ်ထဲမှာ မွေးမြူထားတဲ့ မိခင်ကမာကောင်ကိုလည်း သင်္ဘောစီးကာ သွားကြည့်ခဲ့ပါသေးသည်။
ရှောင်းရှန့်သည် မိခင်ကမာကောင်ကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ခဲ့သည်။ သက်သောင့်သက်သာရှိသော ပင်လယ်လေညင်းလေး တိုက်ခတ်နေပြီး ငါးညှီနံ့တွေကို အဝေးသို့ပျံ့လွင့်သွားစေလျက်၊ ကမာအသားထဲမှ အဖြူရောင်ပုလဲလှလှလေးကို တွေ့လိုက်ရသည်။
သူ ပုလဲကို ယူလိုက်ကာ သင်္ဘောပေါ်သို့ ညင်သာစွာရိုက်ခတ်နေတဲ့ ပင်လယ်ရေလှိုင်းအသံတွေကို နားထောင်နေလျက်၊ ပင်လယ်ရေထဲမှာ ရောင်ပြန်ဟပ်နေတဲ့ တဖျတ်ဖျတ်လတ်နေတဲ့နေရောင်ခြည်ဟာ လွင့်မျောနေတဲ့ ရွှေတစ်တုံးနဲ့တူနေသလို သူ့လက်ထဲက ပုလဲသည်လည်း နှင်းလိုချောမွတ်နေပြီး ညဘက်မှာ တောက်ပနေတဲ့ကြယ်လေးတွေသဖွယ်။ ဒီပုလဲဟာ လူတွေဆီကို မတူညီတဲ့အလှတရားတွေ ယူဆောင်လာပေးတယ်...
"ပုလဲတွေက တကယ် ဒီလိုမျိုးကြီးလာကြတာပေါ့လေ။ ဒါက တကယ့်ကို မှော်ဆန်ပြီး လှပတဲ့သက်ရှိသတ္တဝါတွေပဲကွာ" ရှောင်းရှန့် သူ့လက်ထဲမှာ ပုလဲကိုကိုင်ထားရင်း ထပ်ခါထပ်ခါသက်ပြင်းချနေလျက်။
"ငါ့မိန်းမတွေ့ရင် အရမ်းကြိုက်သွားမှာသေချာတယ်!"
"ရှောင်ချင်းရေ မင်းရဲ့စက်ရုံက ပုလဲလည်ဆွဲနည်းနည်းဝယ်ချင်တယ်ကွာ။ ငါ့မိန်းမဆီ ပြန်ယူသွားပေးချင်လို့"
ချင်းရို့ ပြုံးကာ "မစ္စတာရှောင်း ရှင်ရွေးဖို့အတွက် ကျွန်မနဲ့အတူ စက်ရုံကိုသွားလို့ရပါတယ်ရှင်"
"ကျွန်မတို့ဆီမှာ ပုလဲမင်္ဂလာဝတ်စုံဓာတ်ပုံဆိုင်လည်းရှိသေးတယ်။ ရှင်တစ်ချက်ကြည့်သွားဦးမလား? အခွင့်အရေးရှိရင် ရှင့်မိန်းမကိုပါ ကျွန်းကိုခေါ်လာပြီး မင်္ဂလာဓာတ်ပုံလာရိုက်ကြလေနော်"
"ဘာမင်္ဂလာဆောင်ဓာတ်ပုံလဲ?"
…
ချင်းရို့လည်း သူ့ကို ပုလဲမင်္ဂလာဝတ်စုံနဲ့ ပြပွဲအတွက် လှပခမ်းနားသောပုလဲလက်ဝတ်ရတနာမျိုးစုံကို ကြည့်ရှုဖို့ ခေါ်သွားခဲ့သည်။ ထို့အပြင် လက်ရာမြောက်လှတဲ့ ထွင်းထုထားတဲ့ ကမာခွံလှလှလေးတွေကိုပါ ပြသခဲ့တဲ့အတွက် ရှောင်းရှန့်ကို မူးဝေသွားစေခဲ့သည်။ သူ့စိတ်ထဲမှာ ဥာဏ်ကွန့်မြူးမှုတွေဟာ မရေမတွက်နိုင်တဲ့ပူဖောင်းတွေလိုမျိုး ထွက်ပေါ်လာပြီး အဆက်မပြတ်တဟုန်ထိုးတက်လာခဲ့၏။
အတိတ်က ရိုးရှင်းပြီး နိမ့်ကျတဲ့စိတ်ကူးတွေ အားလုံးကို သူ့နောက်မှာချန်ထားလိုက်လေပြီ။ ရှောင်းရှန့်သည် ချိုမြိန်လှတဲ့အိပ်မက်မက်နေသည့်အလား၊ သူ့စိတ်ထဲမှာ Pegasusလုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး စိတ်ကူးယဉ်ဆန်ဆန်အတွေးတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
"ငါ အကြံတစ်ခုရပြီ! ငါအကြံတစ်ခုရပြီဟေ့!"
ရှောင်းရှန့် လွန်စွာစိတ်လှုပ်ရှားနေလျက်။ ယခုအခါ သူသည် အနှီပုလဲလက်မှုခြံဝင်းဒီဇိုင်းနှင့်ပတ်သက်ပြီး ပို၍ပို၍စိတ်အားထက်သန်လာပြီး သူ့စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ စိတ်ကူးအကြံဥာဏ်တွေပေါ်လာသော်လည်း ၄င်းတို့ကိုစုစည်းကာ အပြီးပြည့်စုံဆုံးသောဒီဇိုင်းကို ရှာဖွေရမည်ဖြစ်သည်။
နောက်ရက်အနည်းငယ်အတွင်းမှာ ရှောင်းရှန့် အခန်းထဲမှာ သူ့ကိုယ်သူ သော့ခတ်ထားတတ်သလို၊ သို့တည်းမဟုတ် လက်ထောက်ကျောင်းသားနှစ်ယောက်နဲ့အတူ လင်းရွှေရှိ ပုလဲမွေးမြူရေးစက်ရုံတွေကို လှည့်ပတ်ကြည့်ရှုနေတတ်သည်။ နောက်ဆုံးတွင် ရှောင်းရှန့်လည်း စိတ်ကူးစိတ်သန်းအရ ပုံကြမ်းရေးဆွဲခဲ့ပြီးသည့်နောက် မျက်ရည်တွေကျလုမတတ် အလွန်စိတ်လှုပ်ရှားနေလေ၏။
သူ့ကို စိတ်လှုပ်ရှားစေမယ့်ဒီဇိုင်းမျိုးပေါ်မလာတာ ဘယ်လောက်တောင်ကြာပြီလဲနော်...
"ဒီပုလဲလက်မှုခြံကိုမြင်ရဖို့ ငါမစောင့်နိုင်တော့ဘူးဟေ့!"
ကွမ်ချန်၌ တည်းခိုနေကြသောကျောင်းသားတွေက သူတို့ရှောင်းရှန့်လောင်ရှီး ဘယ်အချိန်ပြန်လာမလဲလို့ ဖုန်းဆက်မေးကြသည်။ "ရှောင်းလောင်ရှီး ဆရာပြောတော့ အမြန်ဆုံးပြန်လာခဲ့မယ်ဆို?"
"ငါ အခု မြန်မြန်မလုပ်တော့ဘူးကွာ။ ဒီမှာ ခဏလောက်နေဦးမယ်"
"ဒီက ပုလဲတွေ အရမ်းလှတယ်ကွ၊ ပင်လယ်စာတွေကလည်း အရသာရှိနေရောပဲ။ အထူးသဖြင့် ဒီက ကဏန်းပြာကြီးတွေက အသားအပြည့်၊ ဥတွေအပြည့်နဲ့ကွာ။ ကမာကြက်သွန်ဖြူကင်ဆိုရင် သွားရည်ကျလောက်အောင် မွှေးနေရော... အခု ဒီအချိန်မှာ အသီးအနှံတွေလည်းအများကြီးရှိနေတုန်းပဲ၊ ငါ နေ့တိုင်း အုန်းရည်တစ်လုံးသောက်နေရတာ..."
"ဒီက ရွှေရောင်ပင်လယ်စာဟော့ပေါ့ကို ငါ အကြိုက်ဆုံးပဲ။ ပင်လယ်စာဟော့ပေါ့ဆိုတာဘာလဲ မင်းသိလား? ဒီကအဝါရောင်ငရုတ်ဆော့စ်က အရမ်းမွှေးတယ်၊ အထူးသဖြင့် ဟင်းရည်ထဲ အရည်ပျော်သွားတဲ့အခါ..."
ဖုန်း၏အခြားတစ်ဖက်ရှိ ကျောင်းသားမှာ တံတွေးခက်ခက်ခဲခဲမျိုချလိုက်ရ၏။ သူက သတင်းမေးဖို့ ဖုန်းဆက်လိုက်တာဆိုပေမယ့် စားစရာသောက်စရာအကြောင်းတွေ အများကြီးကြားလိုက်ရတာပဲ အဆုံးသတ်သွားတယ်။
"မင်းရဲ့ရှစ်မူ(ဆရာ့ဇနီး)ရောက်လာမှာကို ငါစောင့်နေတာလေ၊ ငါတို့ ကျွန်းပေါ်မှာ မင်္ဂလာဆောင် ဓာတ်ပုံရိုက်ဦးမလို့ကွာ။ အိုး ဒါနဲ့ စကားမစပ် ငါတို့ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ပြီးမှပဲ ပြန်လာခဲ့တော့မယ်"
"ရှောင်လီ အနာဂတ်မှာ မင်းတစ်ယောက်ယောက်နဲ့ ဒိတ်တဲ့အခါ မင်းရဲ့လက်တွဲဖော်ကိုခေါ်ပြီး ဒီမှာ မင်္ဂလာဆောင်ဓာတ်ပုံလာရိုက်သင့်တယ်ဟေ့။ သူတို့ရဲ့ပုလဲမင်္ဂလာဝတ်စုံတွေက အရမ်းလှတာပဲ... မင့်ရှစ်မူတောင်မှ ကြားလိုက်တာနဲ့ အရမ်းစိတ်လှုပ်ရှားနေတာလေ။ သူမ ဒီကို ညတွင်းချင်းလိုက်လာတော့မယ်ဆိုပဲ"
xxx