အခန်း (၂၂၉-၂၃၀)
Vol. 23 Ch. 229-230
အခန်း (၂၂၉) - မှောင်ခိုစျေးကွက်သို့ တစ်ဖန်
"ဟားဟား…. ဘာလိုလိုနဲ့ ဆောင်းတွင်းတောင် ရောက်လာပြီပဲ"
အထည်ဆိုင်ထဲသို့ ကိုယ်ကိုကိုင်း၍ ဝင်လိုက်ရင်း လော့ချန် ကိုယ်ပေါ်မှ နှင်းမှုန်များကို ခါချလိုက်သည်။ သူ၏ နှုတ်ခမ်းဖျားမှ တိုးညှင်းသော သက်ပြင်းတစ်ချက် လွင့်ပျံထွက်လာပြီး ထိုသက်ပြင်းတွင် အတိတ်မှ မှတ်ဉာဏ်များ၏ အလေးချိန်တို့ စီးမျောပါဝင်နေသည်။ ပြီးခဲ့သည့် ဆောင်းရာသီနှင့် ယခုဆောင်းရာသီကြား တစ်ဘဝစာမျှ ဝေးကွာခဲ့ပြီဟု သူ့စိတ်ထဲတွင် ခံစားနေရသည်။
တစ်နှစ်တာအတွင်း အရာအားလုံးမှာ များစွာ ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလော။ အကယ်၍ သူသာ မီးဖိုဘေးတွင် ထိုင်ရင်း အတိတ်အကြောင်းများကို ပြန်လည် ပြောပြရမည်ဆိုပါက မည်သည့်နေရာမှ စတင်ရမှန်းပင် သိလိမ့်မည် မဟုတ်ချေ။ ပြီးခဲ့သည့်နှစ် မေလပိုင်းက သူသည် ချီသန့်စင် အဆင့် ၃ ၌သာ တဝဲလည်လည် ရှိနေခဲ့သော်လည်း၊ ယခု နှစ်နှစ်ပင် မပြည့်သေးသော အချိန်အတွင်း၌ အဆင့် ၉ သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကာ အခြေခံတည်ဆောက်ရန်ပင် ပြင်ဆင်နေပြီ ဖြစ်သည်။
ဤသို့သော တိုးတက်မှု အရှိန်အဟုန်မှာ ဂိုဏ်းကြီးများမှ ထူးချွန်ထက်မြက်လှသော တပည့်ကျော်များကိုပင် မှင်သက်သွားစေနိုင်သည့် အဆင့်မျိုး ဖြစ်သည်။ သို့သော် ဤအောင်မြင်မှုများနောက်ကွယ်၌ သူ ပေးဆပ်ခဲ့ရသော ရင်းနှီးမှုများမှာလည်း မနည်းလှပေ။
နေ့စဉ် ရက်ပေါင်း ရာနှင့်ချီ၍ သူ အသုံးပြုခဲ့ရသော အရင်းအမြစ်များ၏ ပမာဏမှာ အတွေ့အကြုံရင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် မျက်မှောင်ကြုတ်သွားစေနိုင်လောက်သည်။ လော့ချန်သည် စီးပွားရှာခြင်း၌ အလွန် ပါးနပ်လှသောကြောင့်သာ ဤကဲ့သို့သော လျင်မြန်လှသည့် ကျင့်ကြံခြင်း အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။
ထိုအတွေးများဖြင့် လော့ချန်သည် အထည်ဆိုင်မှ အဘွားအိုကို နှုတ်ဆက်ကာ ကြိုတင်ချိတ်ဆက်ထားသော စကားဝှက်ကို ပြောဆိုလိုက်ပြီးနောက် မျက်နှာဖုံးကို တပ်ဆင်လျက် နဂါးရတနာ မှောင်ခိုဈေးကွက်၏ မြေအောက်ခန်းမအတွင်းသို့ တစ်ဖန် ပြန်လည် ခြေချလိုက်တော့သည်။
တာဟဲစျေးမြို့တော်၏ မြို့တွင်းပိုင်း ပျက်စီးသွားခဲ့သည်မှာ ယခုဆိုလျှင် ဒုတိယမြောက်လသို့ ရောက်ရှိလာပြီဖြစ်ကာ မှောင်ခိုစျေးကွက်၏ ဒုတိယအကြိမ်မြောက် အကြီးမားဆုံး အစည်းအဝေးလည်း ဖြစ်သည်။
သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ဦး၏ အကြည့်က သူ့ထံ၌ ရပ်တန့်သွားသည်ကို ခံစားလိုက်ရသည်။ ထိုအကြည့်မှာ ပွင့်လင်းလှပြီး ရန်လိုမှု မရှိသော်လည်း ခိုင်မာတည်ငြိမ်လှသဖြင့် လျစ်လျူရှုထားရန် ခက်ခဲလှသည်။ လော့ချန် ခေါင်းကို အသာအယာ မော့လိုက်ရာ ထိုသူမှာ အခြားသူမဟုတ်ဘဲ ထျန်းရှင်းကျီ ဖြစ်နေသည်။
‘ဒီအကြီးအကဲကတော့ ငါ့တော်တော် လွမ်းနေတာပဲ’ ဟု လော့ချန် ခပ်ပြုံးပြုံး ရေရွတ်လိုက်မိသည်။
သူ ထိုင်စရာ ထောင့်တစ်နေရာကို လိုက်လံရှာဖွေရန် ပြင်လိုက်စဉ်မှာပင် ဝတ်ရုံနက်ဝတ် ကျင့်ကြံသူတစ်ဦးက သူ့အနားသို့ ချဉ်းကပ်လာသည်။
"အကြီးအကဲမုရုံ.... ကျွန်တော်တို့ သခင်က အကြီးအကဲအတွက် နေရာသစ်တစ်ခု ပြင်ဆင်ပေးထားပါတယ်၊ ဒီဘက်ကို ကြွပါခင်ဗျာ"
"ဩော်...."
လော့ချန် ခေတ္တမျှ မှင်သက်သွားသော်လည်း မငြင်းဆန်ခဲ့ချေ။ သူ ထိုကျင့်ကြံသူနောက်သို့ လိုက်ပါသွားရာ ခန်းမ၏ ရှေ့ဆုံးပိုင်း ခပ်ကျကျ နေရာရှိ ရွှေရောင်စန္ဒကူးသားဖြင့် ပြုလုပ်ထားသော ခမ်းနားထည်ဝါသည့် ထိုင်ခုံတစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။ လော့ချန် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော အကြည့်များက သူ့ထံသို့ စုပြုံရောက်ရှိလာကြသည်။
အကြောင်းမှာ ဤနေရာရှိ ထိုင်ခုံများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက်သာ သီးသန့်ဖြစ်သောကြောင့်ပင်။ ထိုအဆင့်ရှိ ကျင့်ကြံသူများ မရှိသည့်တိုင် ဤထိုင်ခုံများကို ချီသန့်စင်အဆင့် ကျင့်ကြံသူများကို ပေးလေ့မရှိဘဲ အလွတ်သာ ထားလေ့ရှိသည်။
‘ဒါဟာ ထျန်းရှင်းကျီ ပြောခဲ့တဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် ဆိုတဲ့ ဆက်ဆံမှုပေါ့’
အစပိုင်းတွင် လော့ချန် ဤနေရာ၌ ထိုင်ရသည်မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သော်လည်း ချက်ချင်းပင် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်နိုင်သည်။ အကြောင်းမှာ လော့ထျန်းအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် အများ၏ လေးစားမှုကို ခံယူရသည်မှာ ကျင့်သားရနေပြီ ဖြစ်သောကြောင့်ပင်။ ပြီးခဲ့သည့် လများအတွင်း သူ ရရှိခဲ့သော ဂုဏ်သရေနှင့် နှိုင်းယှဉ်ပါက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ၏ အစွန်အဖျားနေရာတွင် ထိုင်ရခြင်းမှာ သူ့အတွက် ပြောပလောက်သည့် ကိစ္စမဟုတ်တော့ချေ။
ထို့အပြင် ဤနေရာတွင် ထိုင်ရခြင်းကြောင့် အကျိုးကျေးဇူးများလည်း ရှိသည်။ အကယ်၍ သူသာ ပစ္စည်းတစ်ခုကို လိုချင်၍ ဈေးပြိုင်ပေးမည်ဆိုပါက သာမန်တစ်ကိုယ်တော် ကျင့်ကြံသူများမှာ သူနှင့် ယှဉ်ပြိုင်ရန် တုံ့ဆိုင်းသွားကြပေလိမ့်မည်။ ဤသည်မှာ ဂုဏ်ဒြပ်နှင့် ရာထူးက ပေးစွမ်းသော သဘာဝဖိအားပင် ဖြစ်သည်။ ကျင့်ကြံသူအများစုမှာ အလွန်အမင်း အရေးမကြီးပါက ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို အငြိုးအတေး ထားရလောက်အောင် ပြိုင်ဆိုင်ကြလိမ့်မည် မဟုတ်ပေ။ ဆုတ်သင့်သည့်အချိန်တွင် ဆုတ်တတ်ရန်မှာ သူတို့အတွက် အလွန်ပင် အရေးကြီးလှသည်။
နေရာယူပြီးနောက် လော့ချန် သူအနည်းငယ် စောရောက်နေကြောင်း သတိပြုမိလိုက်သည်။ ခန်းမအတွင်း၌ လူပေါင်း တစ်ရာခန့်သာ ရှိသေးပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးမျှ ရောက်မလာသေးချေ။ မကြာမီ ကျင့်ကြံသူတစ်ဦးက သူ့အတွက် လက်ဖက်ရည် လာရောက် တည်ခင်းပေးသဖြင့် သူသည် ထိုအေးဆေးသော လေထုကို ခံစားရင်း အေးအေးလူလူပင် သောက်သုံးနေလိုက်သည်။
သို့သော် လူများ ပိုမို ရောက်ရှိလာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ ထူးခြားသော အရှိန်အဝါအချို့ကို သူ ခံစားမိလာသည်။ အသစ်ရောက်လာသူအချို့၏ ဝိညာဉ်လှိုင်းများမှာ သာမန်ကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားနေသည်။ လော့ချန်၏ ချီဖုံးကွယ်မှော်အတတ်မှာ အရှိန်အဝါ ဖုံးကွယ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၌သာမကဘဲ အခြားသူ၏ အရှိန်အဝါကို တုပခြင်း၌လည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် အခြားသူများ၏ အရှိန်အဝါများကို အထူးတလည် အာရုံခံနိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။
‘အင်း....ချီစွမ်းအားတွေကို အာရုံခံ ခန့်မှန်းရသလောက်ဆိုရင် မြူခိုးလို ဖျော့တော့တဲ့ ချီကတော့ ဝမ်ဟိုင်ချောင်ပဲ၊ ဟမ်....နန်ကုန်းကျင်းလည်း ရောက်နေတာပဲ၊ ပြီးတော့ ဝိညာဉ်မြူခိုးတွေ လွှမ်းခြုံထားတဲ့ မျက်နှာဖုံးစွပ် ကျင့်ကြံသူကတော့ လီမျိုးနွယ်စုက လီရီရှန်း ဖြစ်ရမယ်၊ ငါသာ မမှားဘူးဆိုရင် သူတို့နဲ့ စကားပြောနေတဲ့ အဘိုးအိုက တွမ်မျိုးနွယ်စုရဲ့ ဂိုဏ်းချုပ်ကြီး တွမ်ချန်ခွန်းပဲ ဖြစ်ရမယ်’
လော့ချန်၏ အကြည့်တို့မှာ စူးရှသွားရသည်။ တာဟဲစျေးမြို့တော်၏ အင်အားကြီး အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ လေးဦးစလုံး ယနေ့ညတွင် ဤနေရာ၌ ဆုံစည်းနေကြလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ နန်ကုန်းကျင်းက သူ့ထံသို့ ခဏခဏ လှမ်းကြည့်နေခြင်းပင်။ ‘ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ယောက်က ဘာလို့ ငါတို့ကြားထဲမှာ ရောက်နေရတာလဲ’ ဆိုသည့်သဘောဖြင့် စူးစမ်းနေပုံရသည်။
လော့ချန်ကမူ တည်ငြိမ်စွာပင် ရှိနေခဲ့သည်။ သူသည် လက်ဖက်ရည်ကို သောက်ရင်း၊ မုန့်များကို မြိန်ရှက်စွာ စားသုံးနေသည်မှာ ဘာမှမထူးခြားသည့်အလားပင်။ သူ၏ ဂရုမစိုက်သော အမူအရာကြောင့် နောက်ဆုံးတွင် အခြားသူများလည်း အကြည့်လွှဲသွားကြတော့သည်။ နောက်ဆုံးတွင် သူတို့သည် လော့ချန်အား ထျန်းရှင်းကျီ ကိုယ်တိုင် ဖိတ်ကြားထားသော ဧည့်သည်တစ်ဦးဟုသာ တိတ်တဆိတ် သတ်မှတ်လိုက်ကြပုံရသည်။
လော့ချန်သည်လည်း သူတို့၏ စကားဝိုင်းထဲသို့ ဝင်ရောက်ရန် ဆန္ဒမရှိသဖြင့် တိတ်ဆိတ်စွာသာ နေလိုက်သည်။ စကားများလေ အမှားပါလေ ဖြစ်တတ်သည်ကို သူ ကောင်းကောင်း သိထားသလို မိမိ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း အသိပေးရန် အစီအစဉ် မရှိသောကြောင့် ဖြစ်သည်။
တက်ရောက်လာသူ အရေအတွက် နှစ်ရာကျော်သွားသောအခါ ထျန်းရှင်းကျီသည် နေရာမှ ထရပ်လိုက်ပြီး လေလံပွဲ စတင်ကြောင်း တရားဝင် ကြေညာလိုက်တော့သည်။
....
ပထမဆုံး လေလံပစ္စည်းကို မြင်လိုက်ရသည်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးဦးစလုံး အဘယ်ကြောင့် ရောက်လာရသည်ကို လော့ချန် ချက်ချင်းပင် နားလည်သွားသည်။
"ပထမဆုံး ပစ္စည်းကတော့ နဂါးမှော် ဝတ်ရုံ အစုံနှစ်ဆယ် ဖြစ်ပါတယ်၊ အဆင့်လတ် မှော်လက်နက်တွေ ဖြစ်ပြီး ဒီဝတ်ရုံတွေကို ဝတ်ထားမယ်ဆိုရင် အဆင့်နိမ့် နာမ်လောကက သတ္တဝါတွေရဲ့ မမြင်နိုင်တဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်မှာ ဖြစ်ပါတယ်၊ အခြေခံဈေးကတော့ တစ်စုံကို ဝိညာဉ်ကျောက်တုံး ငါးရာကနေ စပါမယ်၊ တစ်ခါဈေးတိုးရင် အနည်းဆုံး ငါးဆယ် တိုးပေးရပါမယ်၊ ကဲ.... စတင်နိုင်ပါပြီ"
ကြေညာသံအဆုံးမှာပင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ လေးဦးစလုံးမှာ ပြိုင်တူပင် ဈေးခေါ်လိုက်ကြတော့သည်။
နောက်ဆုံးတွင် သူတို့ တစ်ဦးစီသည် ငါးစုံစီ ရရှိသွားကြပြီး တစ်စုံလျှင် ပျမ်းမျှ ဝိညာဉ်ကျောက်တုံး ခုနစ်ရာခန့် ပေးခဲ့ရသည်။ သူတို့၏ စနစ်တကျ ညှိနှိုင်းခေါ်ဆိုမှုကြောင့် ခန်းမတစ်ခုလုံးမှာ အသက်ရှူပင် မှားသွားရသည်။ ထျန်းရှင်းကျီကမူ မကျေနပ်သည့် အရိပ်အယောင် မပြဘဲ ထိုဈေးနှုန်းကို လက်ခံနိုင်ပုံရသည်။
"ဒုတိယပစ္စည်းကတော့ မြစိမ်းပိုးစုန်းကြူး မီးအိမ် ဆယ်လုံး ဖြစ်ပါတယ်၊ အဆင့်မြင့် မှော်လက်နက်တွေ ဖြစ်ပြီး ဒီမီးအိမ်ကို အသက်သွင်းလိုက်မယ်ဆိုရင် အနီးအနားမှာ ရှိနေတဲ့ တစ္ဆေတွေကို ထောက်လှမ်းနိုင်မှာ ဖြစ်တဲ့အပြင် နေမင်းမီးတောက် အရှိန်အဝါ တွေကို ထုတ်လွှတ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်အောက်မှာ ရှိတဲ့ နာမ်သတ္တဝါတွေကို လောင်ကျွမ်းစေနိုင်ပါတယ်၊ အခြေခံဈေးကတော့ ငါးရာက စပါမယ်"
ယခုတစ်ကြိမ်တွင် ထျန်းရှင်းကျီက "စတင်နိုင်ပါပြီ" ဟုပင် ပြောရန် မလိုလိုက်ပေ။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးဦးမှာ ချက်ချင်းပင် ဈေးစခေါ်ကြသည်။
နောက်ဆုံးတွင် တစ်ဦးလျှင် နှစ်ခုစီဖြင့် ပျမ်းမျှ ၈၀၀ ခန့်ဖြင့် ရရှိသွားကြသည်။
ပိုနေသည့် နှစ်ခုအနက် တစ်ခုကို ခန်းမထဲရှိ ချီသန့်စင် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးက ရရှိသွားပြီး ကျန်တစ်ခုကိုမူ လော့ချန်က ၈၅၀ ဖြင့် လေလံဆွဲလိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ ပျမ်းမျှဈေးထက် အနည်းငယ် မြင့်သော်လည်း ကျန်သည့် ကျင့်ကြံသူထက် ၅၀ ပိုသက်သာသည်။
ဤသည်မှာ ဤနေရာတွင် ထိုင်ရခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်၏။
ထိုမီးအိမ်ကို ရရှိပြီးနောက် လော့ချန်သည် ဒေသခံ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဤနေရာသို့ စုံစုံလင်လင် ရောက်လာရသည့် ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
အခြားမဟုတ်။ ယနေ့ညတွင် နဂါးရတနာ မှောင်ခိုဈေးကွက်သည် သရဲတစ္ဆေများကို နှိမ်နင်းရာတွင် အလွန်ထိရောက်သော မှော်လက်နက် အမြောက်အမြားကို ထုတ်ကာ လေလံတင်နေခြင်းကြောင့် ဖြစ်သည်။
လော့ချန်သည် တာဟဲစျေးမြို့တော်၏ နောက်ဆုံးအခြေအနေများကို စောင့်ကြည့်နေခဲ့ရာ ဒေသခံအင်အားစုများသည် တာဟဲမြို့ဟောင်းအတွင်းသို့ ဝင်ရောက်ကာ အဖိုးတန်ပစ္စည်းများကို ရှာဖွေရန် ပြင်ဆင်နေကြကြောင်း သူ သိထားသည်။ ထိုမြို့ဟောင်းအတွင်း ပိတ်မိနေသော ရတနာများမှာ တန်ဖိုးဖြတ်မရနိုင်လှပေ။ လူများ သေဆုံးသွားခဲ့ကြသော်လည်း သူတို့ ချန်ထားခဲ့သော ပစ္စည်းဥစ္စာများမှာမူ ရှိနေဆဲ ဖြစ်သည် မဟုတ်လော။
ကျင့်ကြံသူပေါင်းများစွာ၏ သေဆုံးမှုမှာ ကျန်ရစ်သူများ၏ လောဘကို မီးထိုးပေးလိုက်သကဲ့သို့ ရှိနေသည်။ ပိုင်ရှင်မဲ့ အမွေအနှစ်များမှာ ကျင့်ကြံသူများကို ရူးသွပ်သွားစေနိုင်လောက်သည်။ ယခုကဲ့သို့သော မှော်ဝတ်ရုံနှင့် မီးအိမ်များကို ရရှိထားပါက မြို့ဟောင်းအတွင်း ဝင်ရောက်ခြင်းမှာ အန္တရာယ်များလှသော လောင်းကစားတစ်ခု မဟုတ်တော့ဘဲ ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ခိုင်မာသော အားသာချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း လော့ချန်၏ စိတ်ထဲတွင် သံသယတစ်ခု ကျန်ရှိနေဆဲ ဖြစ်သည်။
‘ဒီနဂါးရတနာ မှောင်ခိုဈေးကွက်နောက်ကွယ်မှာ ဘယ်လိုအင်အားစု ရှိနေတာလဲ၊ နှစ်လအတွင်းမှာ ဒီလောက်များပြားတဲ့ ပစ္စည်းတွေကို ဘယ်လို စုဆောင်းနိုင်ရတာလဲ’
သူသည် နောက်ထပ် ဝိညာဉ်ကျောက်တုံး ၁၀၀ သုံးကာ နဂါးမှော်ဆေးလုံးတစ်လုံးကိုလည်း ဝယ်ယူခဲ့သည်။ အရှေ့ပိုင်းလွင်ပြင်တွင် ဤကဲ့သို့သော မှော်လက်နက်များကို အမြောက်အမြား ထုတ်လုပ်နိုင်စွမ်းရှိသော အင်အားစုမှာ အနည်းငယ်မျှသာ ရှိသည်။ လော့ချန်ကဲ့သို့ပင် အခြားသော အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ လေးဦးစလုံးလည်း ဤကိစ္စကို တွေးတောနေကြမည်မှာ အမှန်ပင်။ သို့သော် မည်သူမျှ တိုက်ရိုက် မမေးဝံ့ကြချေ။
ထျန်းရှင်းကျီ၏ အစွမ်းမှာ မည်မျှနက်နဲသည်ကို မည်သူမျှ မသိနိုင်သလို သူ၏ စွမ်းဆောင်နိုင်ရည်မှာလည်း ဒေသခံ ကျင့်ကြံသူများထက် မနိမ့်ကျလှသည်မှာ သေချာလှသည်။ ထိုစဉ်မှာပင် ထျန်းရှင်းကျီ၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ဒီတစ်ခါ လေလံတင်ရောင်းချမှာကတော့ ဒုတိယအဆင့် ရွှေဝိညာဉ်မျောက်ရဲ့ အလောင်း ဖြစ်ပါတယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် နဂိုအတိုင်း ကျန်ရှိနေပြီး အဖိုးတန်ဆုံးဖြစ်တဲ့ မျက်လုံးတွေကိုတော့ ထုတ်ယူထားပြီးသားပါ၊ ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ အကောင်းအတိုင်းပါပဲ၊ လေလံအဖွင့်စျေးကတော့ ဝိညာဉ်ကျောက်တုံး ၂၀၀၀ က စပါမယ်"
လော့ချန်သည် ဤမှောင်ခိုဈေးကွက်၏ စည်းမျဉ်းသစ်များကိုလည်း သတိပြုမိလိုက်သည်။ ဝိညာဉ်ကျောက်တုံး ငါးရာအောက် ပစ္စည်းများအတွက် ဈေးတိုးရန် ကန့်သတ်ချက် မရှိသော်လည်း ငါးရာနှင့် တစ်ထောင်ကြား ပစ္စည်းများအတွက် အနည်းဆုံး ဆယ်ဂဏန်း တိုးပေးရမည်ဖြစ်ကာ တစ်ထောင်အထက် ပစ္စည်းများအတွက်မူ အနည်းဆုံး ငါးဆယ် တိုးပေးရမည် ဖြစ်သည်။ ဤစည်းမျဉ်းမှာ နှောင့်ယှက်လိုသူများက ဝိညာဉ်ကျောက်တုံး တစ်တုံးချင်း တိုးကာ အချိန်ဆွဲခြင်းကို တားဆီးရန်အတွက် ဖြစ်သည်။
ထိုဒုတိယအဆင့် မိစ္ဆာသားရဲ အလောင်းကို မြင်လိုက်ရသောအခါ လော့ချန်၏ စိတ်ထဲတွင် လောဘစိတ်ကလေး အနည်းငယ် လှုပ်ခတ်သွားသည်။ နတ်ဒေဝါပျားရည် ဖော်စပ်ရန်အတွက် မိစ္ဆာသားရဲ၏ အသား၊ သွေးနှင့် အရိုးများကို လိုအပ်သည် မဟုတ်ပါလော။ လော့ချန်အတွက်မူ မျက်လုံး မပါသော်လည်း ကျန်ရှိသော အစိတ်အပိုင်းများမှာ အလွန်ပင် တန်ဖိုးရှိလှသည်။
‘ငါ ဒါကို လေလံဆွဲသင့်လား’
လော့ချန် ခဏမျှ တုံ့ဆိုင်းသွားမိသည်။
သို့သော် သူ မဆုံးဖြတ်ရသေးမီမှာပင် ဝမ်ဟိုင်ချောင်က ဝိညာဉ်ကျောက်တုံး ငါးထောင်ဖြင့် ထိုမျောက်အလောင်းကို အရယူသွားတော့သည်။ လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုဈေးနှုန်းမှာ ထိုကဲ့သို့သော ပစ္စည်းမျိုးအတွက် အလွန်ပင် နည်းပါးလွန်းလှသည်။ မျက်လုံး မပါသည့်တိုင်အောင် ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်၏ အလောင်းမှာ ဝိညာဉ်ကျောက်တုံး ခြောက်ထောင်၊ ခုနစ်ထောင်ခန့် တန်ကြေးရှိသည် မဟုတ်ပါလော။
သို့သော် နှမြောရုံသာ ဖြစ်သည်။ သူ နောင်တတော့ မရမိပေ။ ထိုနတ်ဒေဝါပျားရည် ဖော်စပ်နည်းကို လေ့လာနေသည်မှာ တစ်လကျော်ပြီ ဖြစ်သော်လည်း မရေရာသေးပေ။ အဓိကပါဝင်ပစ္စည်းကို ရရှိခဲ့လျှင်ပင် သူ ချက်ချင်း ဖော်စပ်နိုင်ဦးမည် မဟုတ်ပေ။ ထို့ပြင် မိစ္ဆာသားရဲ အလောင်းအချို့မှာ သိမ်းဆည်းရန် မလွယ်ကူလှပေ။ ကျွမ်းကျင်အောင် အရင်ဆုံး လေ့ကျင့်ပြီးမှသာ လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန် ဆုံးဖြတ်လိုက်တော့သည်။
"ဒုတိယအဆင့် ဝိညာဉ်သစ်ပင် ထုန်ယွီဆေးပင် ဖြစ်ပါတယ်.... ဝိညာဉ်သားရဲတွေကို ကျွေးမယ်ဆိုရင် သူတို့ရဲ့ လည်ချောင်းက အရိုးတွေကို အချိန်မတိုင်ခင် အရည်ပျော်စေပြီး စကားပြောနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်…."
"ပြီးတော့ ဒါကတော့ ဝိညာဉ်ရုပ်သေးတွေ ဖြစ်ပါတယ်.... တစ်ခုချင်းစီဟာ အလယ်အလတ်အဆင့် ကျင့်ကြံသူတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိပြီး ကင်းလှည့်ဖို့နဲ့ ရတနာရှာဖို့အတွက် အလွန် အသုံးဝင်ပါတယ်…."
"နောက်ဆုံးတစ်ခုကတော့ ခရမ်းရောင်မြစ် ဝတ်ရုံ ဖြစ်ပါတယ်၊ ထိပ်တန်းအဆင့် ခံစစ်ဝတ်ရုံဖြစ်ပြီး သူရဲ့ ခုခံနိုင်စွမ်းကတော့ အထူးပြုလုပ်ထားတဲ့ မှော်လက်နက်တွေနဲ့တောင် ယှဉ်နိုင်ပါတယ်…."
ထိုကဲ့သို့သော ရှာပါးဆန်းကြယ်လှသောပစ္စည်းများကို တစ်ခုပြီးတစ်ခု လေလံတင်ရောင်းချမှုများ အဆက်မပြတ်ရှိနေသဖြင့် လေလံပွဲမှာ ဆက်လက်၍ မြိုင်ဆိုင်နေဆဲ ဖြစ်သည့်အပြင် မကြားဖူးသေးသည့် ရတနာအသစ်များလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၃၀) - အပြောကောင်းတဲ့ လူလည်အစ်ကိုကြီး
ရတနာပစ္စည်းများမှာ မကုန်နိုင်မခမ်းနိုင်သော စမ်းရေအလား တစ်ခုပြီးတစ်ခု စင်မြင့်ပေါ်သို့ ရောက်လာသည်။ လေလံအောင်မြင်သည့် ဈေးနှုန်းများမှာလည်း မှင်သက်ဖွယ်ပင်။
လော့ချန်သည် လေလံပွဲပေါင်းများစွာကို ကြုံဖူးသူဖြစ်သော်လည်း ယခုမြင်ကွင်းကို ကြည့်ရှုရင်း မအံ့သြဘဲ မနေနိုင်တော့ချေ။ ဤကဲ့သို့သော လေလံပွဲစင်မြင့်တစ်ခုကို ပိုင်ဆိုင်ထားခြင်းမှာ ဂိုဏ်းငယ်လေးတစ်ခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုကို ထောင်ထားသည်ထက် များစွာ ပိုမိုတွက်ခြေကိုက်လှသည်။ သူ တစ်လပတ်လုံး ပင်ပင်ပန်းပန်း ဆေးဖော်စပ်သည်မှာ မှောင်ခိုဈေးကွက်၏ ကော်မရှင်ခလောက်ပင် မြတ်ချင်မှ မြတ်လိမ့်မည်။ ပို၍ ထူးခြားသည်မှာ နဂါးရတနာ မှောင်ခိုဈေးကွက်သည် ပစ္စည်းအားလုံးကို ကိုယ်တိုင် ရှာဖွေနေစရာပင် မလိုခြင်း ဖြစ်သည်။
ပစ္စည်းအတော်များများမှာ တစ်ကိုယ်တော်ကျင့်ကြံသူများက ကိုယ်တိုင်ရောင်းချရန် အခက်အခဲရှိသဖြင့် ဤနေရာသို့ လာရောက် အပ်နှံထားခြင်းများ ဖြစ်သည်။ ပစ္စည်းတစ်ခု ရောင်းထွက်သွားတိုင်း စီစဉ်သူများက အချိုးကျ ပွဲခကို ရရှိကြသဖြင့် အရှုံးမရှိသော စီးပွားရေးလုပ်ငန်းတစ်ခုပင် ဖြစ်တော့သည်။
မကြာမီမှာပင် လေလံပွဲ၏ ပထမပိုင်း အစီအစဉ် ပြီးဆုံးသွားသည်။ အစီအစဉ် ပြီးသည်နှင့် တစ်ပြိုင်နက် ထျန်းရှင်းကျီသည် စင်ပေါ်မှ ဆင်းလာကာ မဆိုင်းမတွပင် လော့ချန်ရှိရာသို့ တည့်တည့်မတ်မတ် လျှောက်လာသည်။ ဤမြင်ကွင်းကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးဦးစလုံး မြင်တွေ့လိုက်ရသည်။
ထိုစဥ် အသံလုံအကာအကွယ်တစ်ခုကို ချလိုက်ပြီးနောက် ထျန်းရှင်းကျီသည် ရွှန်းရွှန်းဝေအောင် ပြုံးလျက် လော့ချန်ကို နှုတ်ဆက်လိုက်သည်။
"ညီလေးရေ.... နေကောင်းတယ် မဟုတ်လား"
လော့ချန်ကလည်း အပြုံးဖြင့်ပင် တုံ့ပြန်လိုက်သည်။
"အစ်ကိုကြီးကတော့ အရင်အတိုင်းပဲ အားအပြည့်ပါပဲလား…. အစ်ကိုကြီးရဲ့ ကျင့်ကြံအဆင့်တွေတောင် ထပ်တိုးနေပြီလားလို့ ကျွန်တော် ထင်မိတယ်ဗျာ...."
သူတို့နှစ်ဦးမှာ မျက်နှာချိုသွေးခြင်း အတတ်ပညာတွင် ဆရာကျသူနှစ်ဦး ဖြစ်သည်။ ထျန်းရှင်းကျီက ခေါင်းခါလိုက်သည်။
"အစ်ကိုက အသက်အရွယ်ရနေပါပြီကွာ.... ဒီတစ်သက်တော့ ရွှေအမြုတေ အဆင့်ထိ ရောက်ဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး၊ အဲဒါတွေထားလိုက်ပါ.... ကျင့်ကြံခြင်းအဆင့် တက်ဖို့ဆိုတာထက် အစ်ကို တကယ် သိချင်နေတာက.... မင်းရဲ့ ဆေးဖော်စပ်တဲ့ မိတ်ဆွေက ဘာဆုံးဖြတ်လိုက်သလဲ ဆိုတာပဲ"
ထို သွေးအဆီအနှစ်ဆေးလုံး အရောင်းအဝယ်ကိစ္စအပေါ် ထျန်းရှင်းကျီ အလွန်အမင်း အလေးထားနေသည်မှာ သိသာလှသည်။ လော့ချန်က မဆိုင်းမတွဘဲ ပြန်ဖြေလိုက်သည်။
"သူက သဘောတူပါတယ်.... ဒါပေမဲ့...."
ဤနေရာမှစ၍ ဈေးစကားပြောခြင်း စတင်တော့မည် ဖြစ်သည်။ ထျန်းရှင်းကျီက ကိုယ်ကို မတ်လိုက်ရင်း "ဘာပဲဖြစ်ဖြစ်.... မင်းတို့ဘက်က လိုချင်တဲ့ အချက်အလက်တွေကိုသာ ပြောလိုက်ပါ" ဟု ဆိုသည်။ လော့ချန်ကလည်း လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။
"သွေးအဆီအနှစ်ဆေးလုံးက ပထမအဆင့် ဆေးလုံးပဲ ဖြစ်ပေမဲ့ ဖော်စပ်ရတာ ခက်တယ်ဗျ.... ပြီးတော့ အဓိက ပါဝင်ပစ္စည်းတွေလည်း အများကြီး လိုတယ်၊ အဲဒါကြောင့် လိုအပ်တဲ့ ကုန်ကြမ်းတွေကိုတော့ အကြီးအကဲတို့ဘက်ကပဲ ပေါက်ဈေးအတိုင်း စီစဉ်ပေးဖို့ လိုပါလိမ့်မယ်ဗျ"
ထျန်းရှင်းကျီက သဘောတူဟန် ခေါင်းညိတ်လိုက်သည်။
"ဒါကတော့ ဖြစ်သင့်တာပါပဲ၊ အခုဆိုရင် ဆေးပေါင်းတစ်ထောင်ခန်းမကလည်း တခြားကို ပြောင်းသွားပြီဆိုတော့ ဆေးဖက်ဝင်အပင်တွေ ရှာရတာ ပိုခက်လာတယ်၊ ကဲ.... ညီလေး ငါ့ကို လိုအပ်တာတွေကို စာရင်းပေးလိုက်၊ ငါ တတ်နိုင်သမျှ ရှာပေးမယ်"
လော့ချန်သည် ထိုအဖြေကို မျှော်လင့်ထားပြီးသား ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားသော စာရင်းကို ထုတ်ပေးလိုက်သည်။ ထိုသို့ မြန်ဆန်ပြတ်သားမှုရှိခြင်းက ထျန်းရှင်းကျီကို ကျေနပ်သွားစေသည်။ ၎င်းမှာ လော့ချန်အနေဖြင့် အသင့်ပြင်ဆင်လာပြီး အရောင်းအဝယ်အပေါ် စိတ်ရင်းအမှန်ရှိကြောင်း ပြသရာရောက်သောကြောင့် ဖြစ်သည်။ သူ စာရင်းကို လက်ခံကာ အမြန်ဖတ်ကြည့်လိုက်သည်။
မီးခွေးမြီး၊ ဝိညာဉ်ရိပ်ဆေးပင်၊ မြောက်ပင်လယ် ဂုံးခြောက်၊ မျောက်ဝံသွေး၊ မီးသားရဲချီ၊ နှင်းမြေခွေးမိစ္ဆာသွေး၊ ယင်သားရဲချီ....။
စာရင်းကို ဖတ်ပြီးသောအခါ ထျန်းရှင်းကျီ အံ့အားသင့်စွာ မော့ကြည့်လာသည်။
"သွေးအဆီအနှစ်ဆေးလုံး ဖော်စပ်ဖို့ ဒီလောက်တောင် ကုန်ကြမ်းတွေ အများကြီး လိုတာလားကွာ…"
သူ အံ့ဩသွားသည်မှာ မဆန်းလှပေ။ ထိုစာရင်းထဲတွင် ဆေးဖက်ဝင် ဂုဏ်သတ္တိချင်း လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသော ပစ္စည်းများစွာ ပါဝင်နေသောကြောင့်ပင်။ မျောက်ဝံသွေးနှင့် နှင်းမြေခွေးမိစ္ဆာသွေးတို့မှာ တစ်ခုက ပူလောင် ပြင်းထန်ပြီး တစ်ခုက အေးစက်လှသဖြင့် ပုံမှန်ဆေးဖော်စပ်နည်းများတွင် လုံးဝ တွဲဖက်သုံးလေ့ မရှိပေ။ ထို့အပြင် မီးသားရဲချီနှင့် ယင်သားရဲချီ တို့ကဲ့သို့ အဆင့်ချင်းမတူ၊ ဂုဏ်သတ္တိချင်း ဆန့်ကျင်နေသော အရာများကိုလည်း ထည့်ထားသေးသည်။
လော့ချန်ကမူ အဓိပ္ပာယ်ပါပါ ပြုံးရုံသာ ပြုံးနေခဲ့သည်။ အမှန်စင်စစ် ထိုစာရင်းထဲတွင် သွေးအဆီအနှစ်ဆေးလုံးအတွက်သာမကဘဲ သူကိုယ်တိုင်အတွက် လိုအပ်နေသော အံ့ဖွယ်တစ်သောင်းဆေးလုံး၊ ချီလမ်းကြောင်းဆေးလုံး နှင့် သွေးမိစ္ဆာဆေးလုံးတို့အတွက် ကုန်ကြမ်း ပစ္စည်းများကိုပါ ရောထည့်ထားခြင်း ဖြစ်သည်။
အကြောင်းမူ ပထမအချက်မှာ ထျန်းရှင်းကျီကို ဝေခွဲမရဖြစ်စေရန်နှင့် သွေးအဆီအနှစ်ဆေးလုံး၏ အဓိကပါဝင်ပစ္စည်းများကို ခိုးယူမသွားနိုင်အောင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ တာဟဲစျေးမြို့တော်၏ လက်ရှိအခြေအနေအရ သူ လိုအပ်နေသော ပစ္စည်းများကို ရှာဖွေရန် ခက်ခဲနေသောကြောင့် ယခုအခွင့်အရေးကို အသုံးချကာ စုဆောင်းခြင်း ဖြစ်သည်။
လော့ချန်၏ တိတ်ဆိတ်စွာ ပြုံးနေမှုကို မြင်လိုက်ရသောအခါ ထျန်းရှင်းကျီမှာ အမှန်တရားကို ရိပ်မိသွားပုံရသည်။ ‘ဒီကောင်လေးကတော့ အရောင်းအဝယ်လုပ်မှာကို အသုံးချပြီး သူလိုအပ်တာတွေကိုပါ ကြားညှပ်တောင်းနေတာပဲ၊ တော်တော်လေးကို ပါးနပ်တဲ့ လုပ်ရပ်ပဲ’ ဟု စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။ ထျန်းရှင်းကျီသည် လော့ချန်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ထိုစာရင်းကို သေချာစွာ သိမ်းဆည်းလိုက်သည်။
"စိတ်ချပါ ညီလေး၊ ငါတို့ သဘောတူပြီးပြီဆိုမှတော့ မင်းနဲ့ မင်းမိတ်ဆွေရဲ့ တောင်းဆိုချက်တွေကို ငါ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်၊ ငါ့ရဲ့ စေတနာအမှန်ကို ပြတဲ့အနေနဲ့ ငါ သတင်းတစ်ခု ပေးမယ်"
လော့ချန်က စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦး၏ စေတနာဆိုသည့် သတင်းမှာ မည်မျှ တန်ဖိုးရှိနိုင်မည်နည်း။
"တခြားတော့မဟုတ်ဘူး.... အခြေတည်ဆေးလုံးအကြောင်းပဲ" ဟု ထျန်းရှင်းကျီက ပြောလိုက်သည်။
"အစ်ကို့လက်ထဲမှာ သုံးလုံး ရထားပြီးပြီ…. မကြာခင် တာဟဲစျေးမြို့တော်ကို ရောက်လာလိမ့်မယ်"
ရုတ်တရက် မမျှော်လင့်ထားသော စကားကြောင့် လော့ချန် ရင်ထဲမှ ဆို့နင့်နင့်ဖြစ်လာသဖြင့် အသက်ကို ပြင်းထန်စွာ ရှူထုတ်လိုက်မိတော့သည်။
"ဟူး...."
သူ့ရှေ့ရှိ လူငယ်ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် သက်ပြင်းချသံကြောင့် ထျန်းရှင်းကျီမှာ အလွန်ပင် ကျေနပ်သွားရသည်။ မည်သည့် ကျင့်ကြံသူမျှ ဤသတင်းကို ကြားလျှင် တည်ငြိမ်နေနိုင်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်ထားသည်။ လော့ချန်သည် ကိုယ့်ကိုယ်ကိုယ် စိတ်ထိန်းလိုက်ပြီး အသက်ရှူနှုန်းကို ပြန်ညှိလိုက်သည်။
သူ ဤမျှ စိတ်လှုပ်ရှားသွားခြင်းမှာ မထူးဆန်းပေ။ ၎င်းမှာ အခြေတည်ဆေးလုံး မဟုတ်ပေလော။ ပြီးခဲ့သည့်အကြိမ်က ဤလူကပင် ရဖို့ခက်ခဲသည်ဟု ပြောခဲ့သော်လည်း ယခုမူ သုံးလုံးတောင် ရထားပြီဟု အလွယ်တကူ ပြောလိုက်သည်။ တစ်လုံး နှစ်လုံးမျှ မဟုတ်ဘဲ သုံးလုံးတောင်မှ ဖြစ်သည်။
တစ်လုံး၊ နှစ်လုံးဆိုလျှင် လော့ချန် ဤမျှ တုန်လှုပ်လိမ့်မည် မဟုတ်ချေ။ သူ၏ ညံ့ဖျင်းလှသော အရည်အချင်းအရ တစ်လုံး နှစ်လုံးနှင့် အောင်မြင်ပါ့မလားဟု သူ အမြဲ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ချင်လျန်ချန်းအား သူ ရထားသော ဆေးလုံးကို အလွယ်တကူ ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု သုံးလုံးဆိုသည်မှာ အခွင့်အရေး သုံးကြိမ်ပင်။ အူတူတူ မြည်းတစ်ကောင်ပင် ဖြစ်ပါစေဦး အခွင့်အရေး သုံးကြိမ် ရလျှင်မူ အောင်မြင်အောင် လုပ်နိုင်မည်သာ ဖြစ်သည်။
လော့ချန်၏ အသံမှာ ခြောက်ကပ်ပြီး တုန်ယင်နေသည်။
"အ..အစ်ကိုကြီး...."
"နေဦးလေ"
ထျန်းရှင်းကျီက လက်တစ်ဖက်ကို မြှောက်ကာ တားလိုက်သည်။ လော့ချန်က တစ်စုံတစ်ရာ ကန့်သတ်ချက်များ ရှိမည်ဟု ထင်နေစဉ်မှာပင် တစ်ဖက်လူက ပြုံးလျက် ဆိုသည်။
"ဒီဆေးလုံး သုံးလုံးရဖို့ အစ်ကို တော်တော်လေး ကြိုးစားခဲ့ရတာ၊ ဈေးနှုန်းကတော့.... တစ်လုံးကို ဝိညာဉ်ကျောက်တုံး ၅၀၀၀ ပဲ၊ မင်း ဘယ်လို ထင်သလဲ"
ဝိညာဉ်ကျောက်တုံး ငါးထောင်ဆိုသည်မှာ ဈေးပေါသလား၊ ဈေးကြီးသလားဆိုပါက သေချာပေါက် ဈေးကြီးလှသည်။ အခြေခံအားဖြင့် ထိုဆေးလုံးမှာ ဒုတိယအဆင့် ဆေးလုံးသာ ဖြစ်ပြီး ပုံမှန်ဆိုလျှင် တစ်လုံးကို ဝိညာဉ်ကျောက်တုံး တစ်ထောင် သို့မဟုတ် နှစ်ထောင်ဝန်းကျင်သာ ရှိသင့်သည်။ ပြီးခဲ့သည့် လေလံပွဲများတွင်ပင် ကျင့်ကြံသူကြီးများက နှစ်ထောင်ခန့်ဖြင့်သာ ဝယ်ယူခဲ့ကြသည် မဟုတ်ပါလော။
သို့သော် သာမန်တစ်ကိုယ်တော် ကျင့်ကြံသူများအတွက်မူ ထိုဈေးမှာ အလွန်သက်သာလှသည်။ ပထမအချက်မှာ ဝယ်ယူရန် လမ်းကြောင်း လုံးဝ မရှိခြင်းဖြစ်သည်။ ဒုတိယအချက်မှာ လေလံပွဲများတွင် ပေါ်လာပါက ဈေးနှုန်းမှာ မိုးထိုးအောင် မြင့်တက်သွားလေ့ရှိသည်။ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းလှသဖြင့် ခြောက်ထောင်၊ ခုနစ်ထောင်အထိ ဈေးတက်လေ့ ရှိသည်။
နောက်ဆုံးအနေဖြင့် ဤဈေးနှုန်းကို လော့ချန် လုံးဝ လက်ခံနိုင်သည်။ သူသည် လော့ထျန်းအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သလို နာမည်ကြီး ဆေးဖော်စပ်သူတစ်ဦးလည်း ဖြစ်သည်။ ယခုအချိန်တွင် သူသည် "ငါ ချမ်းသာတယ်ဟေ့" ဟု ယုံကြည်မှုအပြည့်နှင့် ပြောနိုင်သည့် အနေအထားတွင် ရှိနေသည်။
ဆေးလုံး သုံးလုံးအတွက် ဝိညာဉ်ကျောက်တုံး ၁၅၀၀၀ သာ ကုန်ကျမည်ဖြစ်ပြီး သူ၏လက်ဝယ်တွင် လက်ရှိ စုဆောင်းငွေ ၁၆၀၀၀ ကျော် ရှိနေသည်။ တစ်လအတွင်း လော့ထျန်းအဖွဲ့ချုပ်က ရှာပေးသော အမြတ်ငွေ ၈၀၀၀ ကျော်ကလည်း သူ့ကို အင်အားဖြစ်စေခဲ့သည်။
"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီးရာ၊ ဒီဈေးကို ကျွန်တော် အရမ်းကျေနပ်ပါတယ်၊ ဆေးလုံးတွေ ရောက်တာနဲ့ ကျွန်တော်ကို ချက်ချင်း အကြောင်းကြားပေးပါဗျာ.... ပစ္စည်းတွေ စုံတာနဲ့ ကျွန်တော့် မိတ်ဆွေကို သွေးအဆီအနှစ်ဆေးလုံးတွေ ချက်ချင်း ဖော်စပ်ခိုင်းလိုက်ပါ့မယ်နော်"
လော့ချန် စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။ တစ်ဖက်လူက စေတနာပြလာပြီဖြစ်ရာ သူသည်လည်း ကပ်စေးနှဲမနေသင့်ပေ။
ထျန်းရှင်းကျီက အားရပါးရ ရယ်မောလိုက်ကာ ခွက်ချင်းတိုက်လိုက်သည်။
"ကဲ.... ဒါဆိုရင် ငါတို့ရဲ့ အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကြီးအတွက်ပေါ့ဗျာ"
"ဟုတ်ကဲ့.... အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကြီးအတွက်ပါဗျ"
ထို့နောက်လော့ချန်သည် လေလံပွဲ၏ ကျန်ရှိသော အစီအစဉ်များကို ဆက်မစောင့်တော့ဘဲ မှောင်ခိုဈေးကွက်မှ စောစီးစွာ ထွက်ခွာလာခဲ့တော့သည်။
အပြင်သို့ ရောက်သောအခါ နှင်းများမှာ ပိုမို ထူထပ်စွာ ကျဆင်းနေသည်။ ဤဆောင်းရာသီမှာ သူ၏ ဘဝတွင် အလှပဆုံးသော ဆောင်းရာသီ ဖြစ်လာပေလိမ့်မည်။ လော့ချန် ကြည်နူးစွာ ပြုံးလိုက်ရင်း သူ၏ အရှိန်အဝါကို ဖုံးကွယ်ကာ မှောင်မိုက်သော ညအမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။