အခန်း (၂၉၆-၂၉၇)
Vol. 25 Ch. 296-297
Ch-296
"လုဝေကျိုး! နင် ငါနဲ့အတူတူပြန်ချင်လား?" အကဝတ်စုံဝတ်ထားတဲ့ဝမ်နျန်နျန်က လုညီအစ်ကိုရှေ့မှာပေါ်လာခဲ့သည်။ သူမက ကလေးနန်းတော်ရဲ့ activityအဖွဲ့မှ ထွက်လာခါစဖြစ်သည်။
"မင်း ဘာလို့ အမြဲတမ်း ငါ့အစ်ကို့နာမည်ကိုခေါ်နေတာလဲ?"
"အာ? ငါအမှားလုပ်မိတာလား?" ဝမ်နျန်နျန်က ရှက်ရွံ့သွားလျက်။ သူမလေးဟာ သူမရဲ့အမေဖြစ်သူ ရွှယ်ရှောင်ဟွေ့လိုမျိုး ရှက်လွယ်သူပင်။
လုဝေကျယ် သူ့အစ်ကိုကိုကြည့်လိုက်ပြီး "..."
"ကော မင်း ဘာလို့ နျန်နျန်ကို အမြဲစနေတာလဲ?" လုဝေကျယ် စိတ်ရှုပ်ထွေးသွားလျက်။ ဝမ်နျန်နျန်က သူ့အစ်ကိုရဲ့ နာမည်ကို အကြိမ်တိုင်း အမှန်ခေါ်နိုင်ပေမယ့် အစ်ကိုဖြစ်သူကတော့ သူ(ဖက်ထုပ်လေး)အဖြစ် မကြာခဏ ဟန်ဆောင်လေ့ရှိသည်။
အစ်ကိုဖြစ်သူက ညီလေးမဟုတ်မှန်း သိသာထင်ရှားပေမယ့် ဝမ်နျန်နျန်ကတော့ အချိန်တိုင်း အရူးလုပ်ခံနေရဆဲ။
ထို့ကြောင့် ဝမ်နျန်နျန်က သူ့အစ်ကိုနဲ့သူ့ အကြား ခွဲခြားနိုင်သလား မခွဲခြားနိုင်ဘူးလားဆိုတာ လုဝေကျယ် မသိတော့ပါချေ။
ဝမ်နျန်နျန်: "အာ?"
လုဝေကျိုး အေးအေးဆေးဆေးပြောလာခဲ့သည်။ "မင်းက ကျိုးကျိုးလား? ဖက်ထုပ်လား?"
"ဟီးဟီး သေချာပေါက် ငါက ကျိုး..."
"ဒီလောက်တောင်ကြီးနေပြီကို၊ ဘယ်သူက ဖက်ထုပ်မှန်းဆတဲ့ဂိမ်းကို မင်းနဲ့အတူတူကစားချင်လို့လဲ"
"နျန်နျန် သမီးလည်းရောက်နေတာပဲ၊ လာ အန်တီလုပ်ထားတဲ့ ပေါင်မုန့်တွေလာစားဦး" ချင်းရို့က ဝမ်နျန်နျန်ကိုတွေ့တဲ့အခါ ကိတ်မုန့်၊ ပေါင်မုန့်အတူတူစားဖို့ ခေါ်လိုက်သည်။
ကလေးသုံးယောက်နဲ့အတူတူ မိသားစုခြံဝင်းဆီပြန်ရောက်ကြတဲ့အခါ ဝမ်နျန်နျန်လေးက တစ်ယောက်တည်းအိမ်ပြန်သွားခဲ့ပြီး လုယန်လည်း မကြာခင်မှာပဲပြန်ရောက်လာသည်။ ချင်းရို့က ဆရာရှဲ့ဆီက ကြားခဲ့ရတာတွေကို လုယန်အားပြန်ပြောပြနေလျက် "ရှင့်သားလေးက လက်ရေးလှဆရာကြီးဖြစ်ဖို့ အရည်အချင်းရှိတယ်တဲ့။ ရှင်ပျော်လား?"
လုယန် မျက်ခုံးပင့်လိုက်ပြီး "ဘယ်သားလဲ?"
"ကျွန်မတို့ဖက်ထုပ်လေးပေါ့"
လုယန်: "…"
"ကလေးတို့ရဲ့ပါးပါးရေ ဆရာကတော့ ကလေးကို လက်ရေးလှရေးလေ့ကျင့်ဖို့ တိုက်တွန်းခိုင်းနေပြီ"
"သားလက်ရေးလှမလေ့ကျင့်ချင်ဘူး၊ သားလက်ရေးလှမလေ့ကျင့်ချင်ဘူးလို့၊ ပါးပါး သားကိုကယ်ပါဦး!!!"
လုဝေကျယ် သူ့အဖေဆီက နှစ်သိမ့်မှုရလိုရငြား သူ့ကိုယ်သူ သူ့အဖေရင်ခွင်ထဲပစ်ဝင်လိုက်သည်။ မိသားစုထဲတွင် သူ့အဖေတစ်ယောက်တည်းကသာ သူ့ကိုနားလည်အပေးနိုင်ဆုံးပင်။
"ပါးပါး အဲဒီဆရာက အမှတ်မှားနေတာပဲဖြစ်ရမယ်။ သားက ဘယ်လိုလုပ်ပြီး လက်ရေးလှဆရာကြီးဖြစ်လာနိုင်မှာလဲလို့!"
ပါးပါးရဲ့ သားထွေးလေးက ပါးပါးနဲ့အတူဆုံးပဲဆိုတာ ယုံကြည်ရမယ်လေ!
လုယန် ခြင်းတောင်းသဖွယ် ကလေးငယ်လေးကို ဖမ်းလိုက်ကာ အဝေးသို့တွန်းထုတ်ပြီး မဆိုစလောက်လေးပြုံး၍ "ဒီနေ့ကစပြီး မင်း ကြိုးကြိုးစားစားလုပ်နေသရွေ့ ပါးပါးနဲ့မားမားမှာ လက်ရေးလှဆရာကြီးဖြစ်လာမယ့် သားတစ်ယောက် ရှိလာလိမ့်မယ်..."
လုဝေကျယ်: "…"
"သား ဟိုဘက်အိမ်က သားပဲသွားလုပ်တော့မယ်နော်!!!!"
ဘေးအိမ်မှာ ကြက်ဟင်းခါးသီးတွေရေလောင်းနေတဲ့ ကျန်းချန်ပေ့က စနောက်လေ၏။
"မင်းပြန်သွားသင့်ပြီနော်။ ငါ့အိမ်မှာ သားသုံးယောက်ရှိနေပြီးသားဆိုတော့ မင်းလိုသားတစ်ယောက်မလိုတော့ဘူးဟေ့။ မင်းညီမလေးတွေ အိမ်ကထွက်ပြေးလာတာဆိုရင်တော့ ငါသမီးတစ်ယောက်ထပ်ရတာပေါ့"
လုဝေကျယ်: "... သား ဦးဦးတို့အိမ်ကို မလာပါဘူးနော်"
လုဝေကျိုး အပြုံးလေးနဲ့ ပြောလိုက်၏။ "ဦးဦးကျန်း၊ အနာဂတ်မှာ လက်ရေးလှဆရာကြီး ဖြစ်လာနိုင်တဲ့သားကိုရော မလိုချင်ဘူးလားဟင်?"
"ဝေကျိုး အဲဒါ မင်းလား? မင်းဆိုရင်တော့ ဦးဦးမှာ နောက်ထပ်သားတစ်ယောက်တိုးလာလည်း စိတ်မရှိပါဘူးကွာ"
လုဝေကျယ်: "သားက အနာဂတ်မှာ စာအုပ်တစ်အုပ်ဖြစ်လာမှာ - မဟုတ်ဘူး သားက အနာဂတ်မှာ လေတွေလှိုင်းတွေစီးတဲ့ လေယာဉ်တင်သင်္ဘောကပ္ပတိန်တစ်ယောက်ဖြစ်လာမှာ"
လုဝေကျိုး: "လေထဲမှာ အမှိုက်တွေကောက်ဖို့လား"
"ကော သားက ကပ္ပတိန်ပါဆို။ ကောက သားရဲ့သင်္ဘောပေါ်က ကြောင်ပဲ။ မြောင် မြောင် မြောင် လက်သည်းခြေသည်းလေးတွေက ဆိုးသွမ်းလိုက်တာနော်"
ဟွမ်ရှင်းရင် အိမ်ပြန်ရောက်သောအခါ ကျန်းချန်ပေ့က ဆရာမဟွမ်ကို မနေနိုင်မထိုင်နိုင် စပ်စပ်စုစုမေးမြန်းလိုက်၏။ "မင်းသိလား? ဟိုဘက်အိမ်က အငယ်ဆုံးသားလုဝေကျယ်က လက်ရေးလှရေးခြင်းအတတ်မှာ အရမ်းထူးချွန်ပြီး အနာဂတ်မှာ လက်ရေးလှဆရာကြီးဖြစ်လာနိုင်တယ်လို့ လက်ရေးလှဆရာက ခံစားရတယ်ဆိုပဲ"
"ဒါဟာ အိပ်ချိန်နှင့် စားသောက်ချိန်တွေကိုမေ့ပြီး လက်ရေးလှပဲလေ့ကျင့်နေတတ်တဲ့ အိမ်ကရေကန်ကို အနက်ရောင်ဆေးဆိုးခဲ့တဲ့ ဝမ်ရှီးကျီးနဲ့တူတယ်"
"အငယ်လေးလား? ရှင်အမှတ်များမှားနေတာလား? သူ့သားကြီး မဟုတ်ဘူးလား?"
"ဒုတိယသားလုဝေကျယ်တဲ့၊ သူ့လက်ရေးက အရမ်းလှတယ်။ ငါ့အတွက် နွေဦးပွဲတော်ကဗျာလေးတွေရေးပေးဖို့ သူ့ကိုတောင်းဆိုထားသေးတယ်"
"ငါတို့မိသားစုက ကလေးတွေကတော့ တစ်ယောက်မှလက်ရေးမလှကြဘူးပဲ။ ငါတို့ဆီမှာ အနုပညာအရည်အချင်းမရှိကြဘူး။ ကလေးတွေက စာကြိုးစားပြီး ကောလိပ်တက်ဖို့ပဲလိုတယ်"
"မရှိဘူးလို့ ဘယ်သူပြောတုန်း? ရှင့်သားအကြီးဆုံးကျန်းရိချောင်ရှိတယ်လေ" ဟွမ်ရှင်းရင် အေးစက်စွာပြောလာခဲ့သည်။ "သူ မကြာခင် ကောလိပ်ဝင်ခွင့်ဖြေတော့မှာ၊ ပြီးတော့ သူက လျိုယွဲ့နဲ့အတူတူ သိုင်းဝတ္ထုရေးနေသေးတယ်လေ။ သူကောင်းကောင်းရေးနိုင်ရင် အဆင်ပြေပေမယ့် ပေါက်တတ်ကရဖြစ်နေတာလေးပဲ"
ကျန်းချန်ပေ့: "…"
ချင်းရို့ အဲဒီအကြောင်းကို ဂရုမစိုက်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း အဲဒီနေ့လည်ခင်းမှာ ဆရာရှဲ့လာပြောသွားတဲ့စကားတွေဟာ သူမအပေါ် သက်ရောက်နေဆဲဖြစ်၍ ညဘက်မှာ ချင်းရို့ အိပ်မက်မက်ပါတော့သည်။
သူမသား လုဝေကျယ်က အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ကာ နာမည်ကြီးကျော်ကြားသော လက်ရေးလှရေးဆရာကြီးတစ်ဦးဖြစ်လာကြောင်း အိပ်မက်မက်ခဲ့လေ၏။ ဆရာကြီးလုဟာ သူ့လက်ထဲမှာ စုတ်တံကြီးကိုကိုင်ထားလျက် သူ့မေမေဖြစ်သူရဲ့ အသက်၈၀ပြည့်မွေးနေ့ကိုဂုဏ်ပြုရန် "ဖူရူတုန်းဟိုင်၊ ရှုံ့ပီနန်ရှန်း" ဆိုသောစာလုံးရှစ်လုံးကို ကိုယ်တိုင်ကိုယ်ကျရေးသားခဲ့သည်။
("Fu Ru Donghai၊ Shou Bi Nanshan" အရှေ့တရုတ်ပင်လယ်လိုမျိုး ပျော်ရွှင်ပါစေ၊ နန်ရှန်းတောင်လိုမျိုး အသက်ရှည်ပါစေ)
ချင်းရို့: "…"
မုတ်ဆိတ်မွေးဖြူဖြူနှင့် ဆရာကြီးလုကိုမြင်လိုက်တဲ့အခါ ချင်းရို့ အိပ်မက်ကနေ နိုးလာခဲ့သည်။ သူ့ဘေးမှာ အိပ်နေတဲ့လုယန်က သူမထခါနီးမှာ ပွေ့ဖက်လိုက်ပြီး "ဘာဖြစ်လို့လဲ? အိပ်မက်ဆိုးမက်လို့လား?"
သူ့ဇနီးလေးချင်းရို့က အမြဲတမ်း ကောင်းကောင်းမွန်မွန်အိပ်ပျော်တတ်သူဖြစ်၍ ဒီလိုအိပ်မက်ဆိုးမျိုးမက်သည်မှာ ကြုံတောင့်ကြုံခဲပင်။
ချင်းရို့က သူ့ကို အံ့အားသင့်စွာကြည့်ရင်း "ကျွန်မတို့သားလေးက ဆရာကြီးလုဖြစ်လာတာကို အိပ်မက်မက်ခဲ့တာ။ ပြီးတော့ သူက သူ့မားမားဖြစ်တဲ့ကျွန်မကို ဆုတောင်းပေးဖို့ 'ဖူရူတုန်းဟိုင်၊ ရှုံ့ပီနန်ရှန်း'ဆိုပြီး လက်ရေးလှရေးပေးခဲ့သေးတာလေ။ ဟားဟား - ပိုကြောက်စရာကောင်းတဲ့အရာက ဘာလဲဆိုတာရှင်သိရဲ့လား?"
"အိမ်မက်ထဲကသားကလေ မုတ်ဆိတ်ဖြူဖြူတွေကို ကော်နဲ့ကပ်ထားတဲ့ ရှင်လေ, လုကောပဲ၊ ကျွန်မကို သေလုအောင်ရယ်မောစေခဲ့တာ ဟားဟားဟား"
"ကျွန်မရယ်နေရင်း နိုးလာတာပဲ"
လုယန်: "... မင်း နေ့ခင်းက တွေးတာတွေက ညဘက်မှာ အိပ်မက်အဖြစ်ပေါ်လာတာလေ။ မင်းကလေးကို လက်ရေးလှဆရာကြီးဖြစ်လာစေချင်တဲ့အိပ်မက်ကို လက်မလျှော့သေးဘူးပေါ့?"
"တကယ်တော့ - မဖြစ်နိုင်ဘူးလို့မထင်ပါဘူး။ ကိုယ်တို့တွေက ကိုယ့်ကလေးအကြောင်းကိုယ်သိပြီးသားပဲလေ။ ဖက်ထုပ်လေးက အားလပ်ချိန်မှာ ဝါသနာအရ လက်ရေးလှသင်ယူမယ်ဆိုရင် လေ့ကျင့်ဖို့ဆန္ဒရှိလိမ့်မယ်။ မင်း သူ့ကို နေ့တိုင်း ၆နာရီ၊ ၇နာရီလောက် အတင်းလေ့ကျင့်ခိုင်းနေရင်တော့ အိမ်ကနေထွက်ပြေးသွားမှာသေချာတယ်"
"ထားလိုက်တော့၊ ထားလိုက်ပါတော့။ မိသားစုသဟဇာတဖြစ်ဖို့အတွက် ကျွန်မတို့မိသားစုမှာလည်း လက်ရေးလှဆရာကြီးတစ်ဦးရှိဖို့ မလိုအပ်ပါဘူးနော်။ ကလေးကို သူကြိုက်တာသူလုပ်ခွင့်ပေးလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နေပါစေတော့"
လုယန် ခေါင်းညိတ်လိုက်ပြီး "အင်း"
"လုကော ရှင်ငယ်ငယ်တုန်းကရော ရှင့်မှာ လက်ရေးလှရေးစွမ်းရည်ရှိတယ်လို့ ဘယ်သူမှ မချီးကျူးကြဘူးလားဟင်?"
လုယန်: "…"
ချင်းရို့ မျက်လုံးပြူးကာ မသင်္ကာဟန်ဖြင့် "ရှင့်မျက်နှာကိုကြည့်ရတာ... မှန်နေတယ်မဟုတ်လား?"
"အရည်အချင်းရှိတယ်ဆိုတာနဲ့ လက်ရေးလှရေးဆရာကြီးဖြစ်ချင်ကြလို့လား?" လုယန် အပြုံးလေးနှင့် သူမမျက်နှာကို ဆွဲဖျစ်လျက် "မဟုတ်ဘူးလေ၊ မင်းပြောသလိုပေါ့၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြမှာပဲ"
ချင်းရို့ ကျီစယ်ဟန်ဖြင့် "ကျွန်မတို့ရဲ့ ဖက်ထုပ်လေးက ရှင်နဲ့အတူဆုံးပဲဆိုတော့ ရဲဘော်လုယန် ငယ်ငယ်တုန်းက အရမ်းပျင်းပြီး တက်တက်ကြွကြွမရှိဘူးလို့ ကျွန်မ ကောက်ချက်ချနိုင်ပါ့နော်။ ကျိုးကျိုးကတော့ သူ့မားမားနဲ့တူတာမို့ သူ့ရဲ့ စွမ်းဆောင်ရည်ရမှတ်တွေက အမြဲတမ်းပထမအဆင့်ဖြစ်နေတာပဲ"
"တကယ်လား? ကိုယ်တော့မယုံပါဘူးကွာ၊ မင်းလေးက အခြေခံသင်္ချာပုစ္ဆာတွေတောင်မသိဘူးလေ" လုယန် လျှာနှစ်ကြိမ်တောက်လိုက်သည်။
ချင်းရို့ ရှက်ရွံ့သွားကာ "ကျွန်မ မေ့သွားလို့မရဘူးလား၊ မေးခွန်းတွေမလုပ်ဖြစ်တာ တော်တော်ကြာသွားလို့ မေ့ကုန်တာပါဆို"
"ကိုယ်လည်း မေးခွန်းတွေမလုပ်တာကြာခဲ့ပါပြီကွာ၊ ဒါပေမဲ့ ကိုယ်မမေ့ဘူးလေ"
ချင်းရို့ ခပ်တိုးတိုးနှာမှုတ်လိုက်၏။
သားသမီးတွေ မြေးတွေက သူတို့ကိုယ်ပိုင်ကောင်းချီးတွေရှိကြကြောင်း သူမတွေးမိသွားခဲ့သည်။ ဒီအရည်အချင်းတွေကို ဆန့်ကျင်တတ်တဲ့လူတစ်ယောက်ဆီမှာ ဘယ်သူကများ မွေးဖွားခွင့်ပေးခဲ့တာလဲနော်?
ချင်းရို့တို့မိသားစုလည်း နှစ်သစ်ကို ချုံကျိုးကျွန်း၌ ကျင်းပခဲ့ကြသည်။ သူတို့တတွေ ဖက်ထုပ်လုပ်ကြရင်း ပျော်ပျော်ရွှင်ရွှင်အချိန်ကုန်ဆုံးခဲ့ကြ၏။ အချိန်ကာလသည်ကား အထူးနှစ်တစ်နှစ်ဖြစ်သည့် ၁၉၈၂နှစ် အစပိုင်းသို့ ဝင်ရောက်လာလေပြီ။
၁၉၇၇နှစ်တွင် ချင်းရို့ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုခဲ့ပြီး ၁၉၇၈ခုနှစ်အစောပိုင်း၌ ကျောင်းတက်ခဲ့ကြသော ကောလိပ်ကျောင်းသားပထမအသုတ်မှာ ဘွဲ့ရတော့မည်ဖြစ်သည်။ ချင်းရို့လည်း နောက်ဆုံးဘွဲ့လက်မှတ်အတွက် ပြင်ဆင်ရန် ကျွန်းကနေ ကျောင်းသို့ အမြန်ပြန်သွားခဲ့ရသည်။
သူမအား တစ်နှစ်တာ၏ အထူးချွန်ဆုံးကောလိပ်ဘွဲ့ရအဖြစ် ကျောင်းကသတ်မှတ်ပေးခဲ့သည်။
ချင်းရို့လည်း သူမရဲ့ လွန်ခဲ့တဲ့လေးနှစ်တာ ကောလိပ်ကျောင်းသားဘ၀ကို ပြန်သတိရမိရင်း သက်ပြင်းချကာ ဝမ်းနည်းမိ၏။ အချိန်ခရီးမသွားခင်က လေးနှစ်တာနှင့် ယခု လေးနှစ်တာကာလပါ ပေါင်းလိုက်ပါက ချင်းရို့ ကောလိပ်မှာ ၈နှစ်တိတိစာသင်ခဲ့ရလေသည်။ ၁၉၇၈မှ ၁၉၈၂နှစ်ကာလအတွင်း စီးပွားရေးစတင်ဖွင့်လှစ်ချိန်ကတည်းက ကွမ်ချန်ရှိ အပြောင်းအလဲတွေကိုလည်း မျက်မြင်တွေ့ခဲ့ရသည်။
ဘွဲ့ယူမယ့်နေ့ နီးကပ်လာသောအခါ အိပ်ဆောင်ရှိလူတိုင်း ခွဲခွာရန် တွန့်ဆုတ်နေကြလျက်။ အဆုံးတွင်မူ သူတို့အားလုံး လေးနှစ်တာ အတူတူစာသင်ခဲ့ကြရတာကြောင့် ချစ်ခင်တွယ်တာနေကြပြီလေ။
xxx
Ch-297
ဘွဲ့ယူမယ့်နေ့ နီးကပ်လာသောအခါ အိပ်ဆောင်ရှိလူတိုင်း ခွဲခွာရန် တွန့်ဆုတ်နေကြလျက်။ အဆုံးတွင်မူ သူတို့အားလုံး လေးနှစ်တာ အတူတူစာသင်ခဲ့ကြရတာကြောင့် ချစ်ခင်တွယ်တာနေကြပြီလေ။
ဟုတ်ပါတယ်၊ ဒါက အကျိုးစီးပွားအတွက် အငြင်းပွားမှုတွေမရှိတဲ့အခါမှသာ သဟဇာတဖြစ်မှုနှင့် စည်းလုံးညီညွတ်မှုရရှိနိုင်မည်ပင်။ ချင်းရို့က တာဝန်ကျရာလုပ်ငန်းတွေမှာ မပါဝင်ခဲ့တာကြောင့် အခြားသူများနှင့် အကျိုးစီးပွားအတွက် အငြင်းအခုံမရှိခဲ့ပေမယ့် အချို့လူတွေကတော့ အလုပ်အတွက် ငြင်းခုံရန်ဖြစ်ခဲ့ကြလေ၏။
"ယောက်မလေးချင်းရို့ရေ ငါဘွဲ့ရပြီးရင် နင်နဲ့အတူနေမှာနော်" အခုဆို ချူကောနှင့်ကုချန်တို့လည်း ပို၍ပို၍နီးစပ်လာခဲ့ကြပြီဖြစ်သည်။ သူတို့ လက်ထပ်မယ့်အကြောင်းမပြောရသေးသော်လည်း မကြာခင်ဖြစ်လာတော့မည်ပင်။ ချူကောဘွဲ့ရပြီးသည့်နောက် ပုလဲလက်မှုခြံကိုစီမံခန့်ခွဲရာတွင် ချင်းရို့ကိုကူညီဖို့ ချုံကျိုးကျွန်းမှာ အလုပ်သွားလုပ်ဖို့ စီစဉ်ထား၏။
ချူကော သူမမြင်ခဲ့ရတဲ့ဒီဇိုင်းပုံတွေကို တွေးကြည့်ရင်း အိပ်မက်မက်နေသလိုခံစားလိုက်ရ၏။ ဒီအနာဂတ်အလုပ်အကြောင်း တခြားဟာတွေမပြောနဲ့ဦး၊ အရင်ဆုံးက မျက်စိပဒေသာဖြစ်ကိုဖြစ်မှာပဲ။ "ပုလဲတွေကို နေ့တိုင်းရေတွက်နေရတာဟာ ဇိမ်ခံတတ်ပြီး အသောက်အစားအပျော်အပါးကြူးတတ်တဲ့ ကျို့ဘုရင်ရဲ့ဘဝနဲ့ ဘာများကွာခြားလို့လဲနော်?"
"နင်ကတော့လေ၊ နင် ပုလဲတွေကိုကြိုက်နေသရွေ့ ငါ့ကို ကူရောင်းပေးပေါ့ဟယ်။ နင် အနာဂတ်မှာ ပုလဲတွေအများကြီးပဲတွေ့နေရလို့ ပုလဲတွေတွေ့တိုင်း အန်ချင်မှာကိုပဲ ငါစိုးရိမ်မိတာပါနော်"
"ပုလဲတွေက ဒီလောက်လှတဲ့ဟာ၊ ဘယ်လိုလုပ်ပြီး ငါငြီးငွေ့နိုင်မှာလဲ?"
ပုလဲလက်မှုခြံဆောက်ပြီးတဲ့အခါ ချင်းရို့က အဲဒီမှာ ပုလဲတွေရောင်းချရုံသာမက နို့လက်ဖက်ရည်ကိုပါ ရောင်းချချင်ပါသေးသည်။
ပုလဲလက်မှုခြံအောက်၌ အပန်းဖြေနေရာတစ်ခု ရှိပြီး ချင်းရို့က စိတ်ကြိုက်လုပ်ထားတဲ့ပုလဲဆိုဖာတွေကို လူတွေအတွက် စီစဉ်ပေးထားသလို အဆာပြေမုန့်တွေ၊ အအေးတွေစသဖြင့် စားရသောက်ရလွယ်ကူတဲ့ ပေါ့ပေါ့ပါးပါးအဆာပြေစားသောက်ဆိုင်တွေလည်း အများကြီးရှိသည်ပင်။ ဒါတွေက ဝင်ငွေအကြီးစားရပေါက်ပဲလေ။
ကျောက်ရှန်းရှန်း: "ချူကော နင်က ချင်းရို့နဲ့အတူတူ တကယ်အလုပ်လုပ်မလို့လား? နင်တို့နှစ်ယောက်က ပုလဲမွေးမြူရေးသမားတွေပေါ့?"
"ဟုတ်တာပေါ့" စွင်းဟုန်ဖင် ပြောလာ၏။
"ချင်းရို့က သူမကို အရာရှိတစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့တာလေ၊ သူမက သူနဲ့အတူတူဆိုရင် ကျွန်းကိုသွားရမှာပေါ့ ဟုတ်တယ်မဟုတ်လား?"
"ငါတို့တွေအားလုံးကတော့ ကွမ်ချန်မှာပဲနေကြတာပေါ့ဟယ်"
စွင်းဟုန်ဖင်နဲ့ သူမကောင်လေး လျိုချန်ရှန်းကတော့ ကွမ်ချန်မှာနေပြီး ကြိုးကြိုးစားစားအလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူမလည်း တာဝန်ချပေးတဲ့အလုပ်မှာ မပါဝင်ခဲ့ပေမယ့် ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ပြီး အနာဂတ်မှာ ငွေများများရှာချင်ခဲ့သည်။
ကွမ်ချန်ကဲ့သို့ မြို့ကြီးပြကြီးကသာ သူတို့ကို အခွင့်အလမ်းတွေ များများပိုပေးနိုင်လိမ့်မှာ...
ကျောက်ရှန်းရှန်း: "ငါ့ကောင်လေးကတော့ စာဆက်လေ့လာချင်သေးတာဆိုတော့ ငါလည်း ကွမ်ချန်မှာပဲနေရဦးမှာ။ အဆင်ပြေတဲ့စက်ရုံတစ်ခုမှာတာဝန်ကျလောက်အောင် ငါကံကောင်းလိမ့်မယ်လို့ မထင်ခဲ့မိဘူးဟယ်"
စွင်းဟုန်ဖင်: အခုချိန် အမြတ်အများဆုံးလုပ်ငန်းက အထည်ချုပ်စက်ရုံဖြစ်နေတုန်းပဲ။ မြောက်ပိုင်းကအလုပ်သမားတော်တော်များများက နိုင်ငံရပ်ခြားဘော့စ်တွေရဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်လာလုပ်ကြတာ။ နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးလုပ်ကြတော့ အော်ဒါတွေများတယ်၊ အလုပ်သမားတွေက ပုတ်ပြတ်နဲ့ရှာနိုင်ကြတာနော်၊ သူတို့အလုပ်များများလုပ်လေ၊ များများရလေလေပဲ။ တစ်ချို့လူတွေဆို တစ်နေ့တည်းနဲ့ ဒီပမာဏရှာနိုင်ကြတာ"
သူမလက်ချောင်းတွေနှင့်ပြလိုက်သည်။
ကျောက်ရှန်းရှန်း: "နင် အထည်ချုပ်စက်ရုံဖွင့်ချင်နေတုန်းပဲပေါ့၊ အလုပ်ပိုလုပ်ရလေလေ ငွေများများရလေလေပဲဆိုပေမယ့် တစ်နေ့တစ်နေ့ အရမ်းပင်ပန်းတယ်လေ"
"ပင်ပန်းတာက ပင်ပန်းတာပေါ့ဟယ်၊ ဒါပေမယ့် ပိုက်ဆံရှာနိုင်တာပဲလေ! ဘော့စ်က ပိုပြီးငွေရှာနိုင်တာကိုး!" စွင်းဟုန်ဖင်သည် အမှန်တကယ်ပင် ရည်မှန်းချက်ကြီးပြီး အထည်ချုပ်စက်ရုံတစ်ခု ဖွင့်လှစ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
"နောင်မှာ စက်ရုံတွေဖွင့်လှစ်ကြတဲ့သူဌေးကြီးတွေဖြစ်လာကြဖို့ နင်တို့အားလုံးကို ငါစောင့်နေမယ်နော်"
စွင်းဟုန်ဖင် မျက်စိတစ်ဖက်မှိတ်ပြကာ "အဲဒီချိန်ကျရင် ငါ့ရဲ့ အထည်ချုပ်စက်ရုံက ပိုအမြတ်ရမလား ဒါမှမဟုတ် နင့်ရဲ့ ပုလဲစက်ရုံက ပိုအမြတ်ရမလားဆိုတာ မသိနိုင်သေးဘူးလေ ချင်းရို့ရယ်"
ချင်းရို့ ပြုံးလျက် "ငါက ပုလဲမွေးမြူရေးစက်ရုံဖွင့်ရုံတင်မက ပုလဲလက်မှုခြံလည်းဆောက်ထားသေးတယ်။ နောက်ပြီးတော့ စောစောကပြောခဲ့တဲ့ ပုလဲမင်္ဂလာဓာတ်ပုံဆိုင်လည်းရှိတယ်လေ။ နောင်ကျ နင်တို့မင်္ဂလာဆောင်တဲ့အခါ ဖက်ရှင်ကျကျမင်္ဂလာဓာတ်ပုံတွေရိုက်ဖို့အတွက် ကျွန်းကိုလာခဲ့ကြဖို့မမေ့နဲ့နော်။ ငါလျှော့စျေးပေးပါ့မယ်ဟယ်"
"တကယ်လား? နင် ငါ့ကို ၅၀%လျှော့ပေးရမယ်နော်" ကျောက်ရှန်းရှန်း ပြုံးလိုက်သည်။
ချင်းရို့ ကျောင်းနောက်ဆုံးနေ့တွင် လုယန်က ခွင့်ယူပြီး ကလေးလေးယောက်ကိုခေါ်လာရုံသာမက ကျန်းချန်ပေ့နှင့် သူ့ဇနီးတို့ကလည်း ကလေးသုံးယောက်နှင့်အတူ လင်းနန်တက္ကသိုလ်သို့ ရောက်လာခဲ့ကြသည်။
"ဂုဏ်ပြုပါတယ် ရှောင်ချင်းရေ နင်ဘွဲ့ရသွားပြီပေါ့!!"
ကျန်းချန်ပေ့ သူ့လက်ထဲတွင် နိုင်ငံခြားဖြစ်ကင်မရာကို ကိုင်ထား၏။ သူ ကြင်နာမှုကိုပြန်ပေးဆပ်ဖို့ရောက်လာခြင်းပင်။ ချင်းရို့က သူတို့အတွက် မင်္ဂလာဆောင်ဓာတ်ပုံတွေကို အခမဲ့ရိုက်ပေးခဲ့တာကြောင့် သူလည်း ချင်းရို့ဘွဲ့ယူတဲ့နေ့မှာ သူတို့မိသားစုကို ဓာတ်ပုံရိုက်ပေးဖို့လာခဲ့ခြင်းဖြစ်သည်။ ဟွမ်ရှင်းရင် ဒါကိုကြားတဲ့အခါ သူမလည်း လင်းနန်တက္ကသိုလ်ကို မရောက်ဖူးသေး၍ ရိုးရိုးရှင်းရှင်းခွင့်ယူကာ လိုက်လာခြင်းပင်။
လင်မယားနှစ်ယောက်စလုံး လာတာဖြစ်လို့ မိသားစုရဲ့ သားသုံးယောက်လည်း အတူတူပါလာတာပေါ့လေ။
ဒီလိုနဲ့... ချင်းရို့ ဘွဲ့ယူတဲ့နေ့မှာ လုကောရော ကပ္ပတိန်ကျန်းနဲ့ သူ့ဇနီးပါ ကလေးခုနှစ်ယောက်ကိုခေါ်လာပြီး သူမကိုလာကြိုခဲ့ကြတာပါပဲ။
ကျန်းရိချောင်၊ ကျန်းအာ့ဟန်၊ ကျန်းစန်းယို၊ လုကျိုးကျိုး၊ ဖက်ထုပ်လေး၊ သို့သို့၊ ရုန်ရုန်...
ကလေး၇ယောက် အတူတူတန်းစီနေကြတဲ့အခါ နွယ်ပင်ပေါ်မှာ ချိတ်နေကြတဲ့ဘူးသီးလေးတွေသဖွယ်။
ဒီလိုမြင်ကွင်းကြီးဟာ လူများစွာကိုဆွဲဆောင်မိစေလျက်။ လူတိုင်း အိမ်မှာ ကလေးတွေအများကြီးရှိကြပေမယ့် ဒီလောက်အများကြီးကိုတော့ မမြင်ဖူးကြဘူးလေ၊ အမြွှာနှစ်တွဲဆို ဝေးလာဝေးပေါ့။
ကျန်းချန်ပေ့ ကင်မရာကိုကိုင်ကာ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ထူးထူးဆန်းဆန်းအကြည့်တွေကို ပြန်ကြည့်ကာ မထီမဲ့မြင်ဟန်ဖြင့် "ငါတို့ကို ဘာလို့စိုက်ကြည့်နေကြတာလဲ? မင်းတို့ ကမ္ဘာကြီးကိုတစ်ခါမှမမြင်ဖူးကြဘူးလား?"
ဟွမ်ရှင်းရင် ပြုံးလျက် "လူတွေက ဘေးအိမ်က အမြွှာနှစ်စုံကို ကြည့်နေရုံလေးပါ"
"ရိချောင်ရေ မင်း ဒီကျောင်းကိုသေချာကြည့်ထားနော်၊ နောင်ကျ မင်းလည်း ဒီမှာ စာလာသင်ရင်သင်ရလိမ့်မှာ"
ကျန်းရိချောင် သူ့မျက်မှန်ကိုတွန်းတင်လိုက်ပြီး "သား ဒီကျောင်းကိုလျှောက်မှာမဟုတ်ဘူး ပါးမား၊ အခု သားမှာ နောက်ထပ်စိတ်ကူးရှိသွားပြီဗျ၊ သား ဒါရိုက်တာဖြစ်ချင်တယ်၊ အနာဂတ်မှာ ရုပ်ရှင်တွေရိုက်ချင်တယ်!!!!!"
ဟွမ်ရှင်းရင်နှင့် ကျန်းချန်ပေ့တို့က ဘာမှမကြားသလိုဟန်ဆောင်လိုက်ကြ၏။ အိုး ဘုရားရေ ရုပ်ရှင်ရိုက်မလို့တဲ့?
ဘာရုပ်ရှင်လဲ?
"ပါးမား သားရိုက်ပေးထားတဲ့ဓာတ်ပုံတွေက ကောင်းတယ်မဟုတ်ဘူးလား? ဒီတော့ သားမှာ ဒါရိုက်တာဖြစ်ဖို့ အရည်အချင်းရှိတယ်လို့ထင်တယ်ဗျာ"
ဟွမ်ရှင်းရင်: "…"
ကျန်းချန်ပေ့: "…"
ပြီးသွားပြီ... သူတို့သားလေးက အစွဲအလမ်းကြီးနေပြီပဲ။ သူ ဟိုရက်တွေတုန်းက သိုင်းဝတ္ထုရေးချင်နေခဲ့တယ်၊ ဒါပေမဲ့ ဆိုးရွားတဲ့ဝတ္ထုဖြစ်သွားခဲ့တာ။ အခုတော့ သူက ရုပ်ရှင်ရိုက်ဖို့ စိတ်ကူးယဉ်နေပြီ။
"အန်တီရှောင်ချင်း သားကို ဓာတ်ပုံရိုက်ခွင့်ပြုနော်၊ သားပါးပါးထက် ပိုကောင်းတဲ့ပုံတွေရိုက်ပေးနိုင်ပါတယ်ဗျ!"
ကျန်းရိချောင် ဒါရိုက်တာတစ်ဦးဖြစ်ဖို့ သင်ယူချင်တာကြောင့် ကျန်းချန်ပေ့တို့မိသားစုလည်း ရက်ပေါင်းများစွာ ငြင်းခုံရန်ဖြစ်နေရ၏။
ကျန်းချန်ပေ့က သူ့သားကို သေလုအောင်ဒေါသထွက်နေကာ "မနေ့ကပဲ မင်း ဝတ္ထုရေးချင်တယ်လို့ပြောတယ်၊ ဒီနေ့ကျ ဒါရိုက်တာဖြစ်ချင်တယ်လို့ပြောပြန်တယ်၊ မနက်ဖြန်ရော မင်းဘာဖြစ်ချင်နေဦးမှာလဲကွ?"
"မင်းရေးခဲ့တဲ့ဝတ္ထုက အဓိပ္ပါယ်မရှိတာ ထားလိုက်ပါတော့။ အခု မင်းက ဒီနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေတော့ဘဲ နောက်နှစ် ရုပ်ရှင်ကျောင်းကိုလျှောက်မယ်လို့ ပြောနေသေးတယ်။ မင်းခေါင်းထဲ ပင်လယ်ရေတွေပြည့်သွားတာလားကွ?"
သူ့သားကြီး ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုမှာကို အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာကို၊ ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာ ဒီကောင်က စာမေးပွဲမဖြေတော့ဘဲ လာမယ့်နှစ်မှာ အနုပညာကျောင်းဝင်ခွင့်စာမေးပွဲဖြေမလို့တဲ့လေ။ ဘယ်ရုပ်ရှင်ကျောင်းကို သူလျှောက်မလို့တုန်း?
"မင်းကိုယ်မင်း ဒါရိုက်တာဖြစ်မယ်ပေါ့လေ?"
ကျန်းရိချောင် အလွန်ခေါင်းမာစွာဖြင့် "သား ဘာလို့မဖြစ်ရမှာလဲ?"
"အခု သားက ဘဝရုန်းကန်မှုရဲ့ ဦးတည်ချက်ကို ရှာတွေ့သွားပြီနော်။ သား ဒါရိုက်တာဖြစ်ချင်တယ်၊ ရုပ်ရှင်တွေရိုက်ကူးချင်တယ်၊ တရုတ်ပြည်ရဲ့ အကြီးကျယ်ဆုံးဒါရိုက်တာဖြစ်ချင်တယ်!"
ကျန်းချန်ပေ့ အေးတိအေးစက်ဖြင့် "မင်းက ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးသူဖြစ်လာတော့မှာ"
"မင်းအဖေ ငါက မင်းလိုကံဆိုးတဲ့သားကို ဘယ်လိုဖြစ်ပြီးမွေးခဲ့မိတာလဲကွာ"
ကျန်းချန်ပေ့ ယခုတော့ နောက်ထပ်သားနှစ်ယောက်မွေးထားမိတဲ့အတွက် ကံကောင်းတာပဲလို့ ခံစားနေမိပြီ။ သူ့မှာ ဒီလိုကံဆိုးတဲ့သားတစ်ယောက်ပဲရှိခဲ့ရင် ဒေါသထွက်ရလွန်းလို့သေမှာပဲ...
…
ကျန်းမိသားစုသားအဖမှာ ခြံဝင်းထဲတွင် နေ့တိုင်းရန်ဖြစ်နေတတ်သဖြင့် မိသားစုခြံဝင်းမှ ကြည့်ရှုသူတွေကို ဆွဲဆောင်နေမိလျက်။
"လောင်ကျန်း ဘာဖြစ်တာလဲ?"
"ဒီကလေးက အရှုပ်တွေလုပ်နေလို့၊ ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေတော့ဘူးတဲ့လေ"
ရှောင်းမိသားစုမှမရီးက အကြံပေးလာခဲ့သည်။ "ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေတော့ဘူးလား? ဒါဆို ကလေးကို သူ့အဖေခြေရာအတိုင်းလိုက်စေပြီး စစ်တပ်ထဲဝင်ခွင့်ပေးလိုက်ပေါ့!"
ကျန်းချန်ပေ့: "ဒါအကြံကောင်းပဲ၊ ဒီကံဆိုးတဲ့ကလေးကို စည်းကမ်းရှိစေဖို့အတွက် ပို့ဖို့လိုနေပြီ"
ကျန်းရိချောင်: "သားမသွားဘူး! ပါးက သားကိုအတင်းသွားခိုင်းလို့ရမလား? သားကို သယ်သွားမလို့လား? စစ်တပ်ထဲပို့ပစ်ရင် သားက စစ်ပြေးဖြစ်လာမှာပဲ"
ကျန်းချန်ပေ့ မျက်လုံးလှိမ့်လိုက်ကာ "မင်းက ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်ချင်နေတာပဲကွ!"
xxx