← Chapters

အခန်း (၂၉၈-၂၉၉)

Vol. 25 Ch. 298-299

အခန်း (၂၉၈-၂၉၉)

Vol. 25 Ch. 298-299

Ch-298

ကျန်းချန်ပေ့: "ဒါအကြံကောင်းပဲ၊ ဒီကံဆိုးတဲ့ကလေးကို စည်းကမ်းရှိစေဖို့အတွက် ပို့ဖို့လိုနေပြီ"

ကျန်းရိချောင်: "သားမသွားဘူး! ပါးက သားကိုအတင်းသွားခိုင်းလို့ရမလား? သားကို သယ်သွားမလို့လား? စစ်တပ်ထဲပို့ပစ်ရင် သားက စစ်ပြေးဖြစ်လာမှာပဲ"

ကျန်းချန်ပေ့ မျက်လုံးလှိမ့်လိုက်ကာ "မင်းက ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်ချင်နေတာပဲကွ!"

မရီးရှောင်းက စပ်စပ်စုစုမေးလာခဲ့သည် "လောင်ကျန်း နင့်ကလေးက ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေချင်ဘူးဆိုရင် ဘာလုပ်ချင်တာတဲ့လဲ?"

"သူက အနုပညာကျောင်းတက်ချင်တာတဲ့လေ" ကျန်းချန်ပေ့ သက်ပြင်းချလိုက်ပြီး "ဒါရိုက်တာဖြစ်ချင်ပြီး ရုပ်ရှင်တွေရိုက်ချင်တယ်တဲ့"

"အိုး ရုပ်ရှင်ရိုက်မယ်" မရီးရှောင်း အံ့အားသင့်သွားရလျက်။ ရုပ်ရှင်ဆိုသည်ကား သူတို့နဲ့ အကျွမ်းတဝင်ရှိသလို စိမ်းလည်းစိမ်းသက်သောကြောင့်ပင်။ လူတိုင်း ရုပ်ရှင်ကြည့်ဖူးကြပေမယ့်... ရုပ်ရှင်တစ်ကားကို ဘယ်လိုတွေရိုက်ကြသလဲ? ရုပ်ရှင်တွေကို ဘယ်လိုဖန်တီးကြသလဲ? ဒီမေးခွန်းတွေက သူတို့အတွက် အလှမ်းဝေးလွန်းသည်လေ။

"ပါး ဘာလို့ သားကို ဒါရိုက်တာလုပ်ခွင့်မပေးတာလဲဗျာ? သားကိုစမ်းကြည့်ခွင့်ပေးလေနော်။ သား နောက်နှစ်မှာ မြို့တော်ရုပ်ရှင်အနုပညာကျောင်းမှာ သွားလျှောက်မယ်ဗျ"

"စမ်းကြည့်မလို့? စာမေးပွဲအောင်မအောင်စမ်းကြည့်မလို့လား?" ကျန်းချန်ပေ့ အကောင်းမမြင်နိုင်ခဲ့ "ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား?"

"စာမေးပွဲကျရင်ရော ဘာဖြစ်လဲဗျာ? ပါးပဲ သားကိုအရင်ကပြောခဲ့ဖူးတယ်လေ... ပထမနှစ်မအောင်ရင် ဒုတိယနှစ်၊ တတိယနှစ်ရှိဦးမယ်ဆို... သား စာမေးပွဲအောင်မှာပါနော်"

"၁၉၇၇မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုခဲ့တဲ့ လူတွေက ဒီနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေနေကြတုန်းပဲလေ။ ပြီးတော့ သားရဲ့ပညာအရည်အချင်းကလည်း မဆိုးပါဘူးဗျ"

"ပါး သားရိုက်ထားတဲ့ဓာတ်ပုံတွေကိုကြည့်လေ၊ ဒီပုံတွေဘယ်လောက်ကောင်းလိုက်သလဲလို့၊ အနာဂတ်မှာ သား ရုပ်ရှင်တွေကောင်းကောင်းရိုက်နိုင်မှာသေချာတယ်"

"သားက ပါးရဲ့အရည်အချင်းတွေကို အမွေဆက်ခံခဲ့တာပဲမဟုတ်ဘူးလား?!! ဒါကြောင့် သားအဖနှစ်ယောက်လုံးက ဒါနဲ့ပတ်သက်ပြီးတော်နေကြတာလေနော်"

မရီးရှောင်း ထောက်ခံစွာဖြင့် "ရိချောင်ပြောတာ မှန်သား! လောင်ကျန်းရေ ငါတို့မိသားစုခြံဝင်းမှာ နင်ဓာတ်ပုံရိုက်တာ အကောင်းဆုံးပဲဟယ်။ ပြောမရဘူး... ရိချောင်လည်း အနာဂတ်မှာ ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်လာရင်ဖြစ်လာမှာပေါ့"

ကျန်းချန်ပေ့ သူ့ခေါင်းကိုသူအုပ်လျက် "ဆရာမဟွမ် မင်းက စံပြနမူနာတစ်ယောက်လေကွာ။ မင်းရဲ့သားကို လာ​ဖျောင်းဖျပါဦး"

ဟွမ်ရှင်းရင် သူမလက်တွေကိုဖြန့်ကာ "ရှင့်သားက ဆုံးဖြတ်ချက်ချပြီးနေပြီ။ မြင်းသုံးကောင်နဲ့တောင် ပြန်ဆွဲလို့မရတော့ဘူး။ သူ တောင်နံရံကိုမတိုက်မိမချင်း ပြန်လှည့်လာမှာမဟုတ်ဘူးနော်။ သူက အဲဒါနဲ့မသင့်တော်​မှန်းသိသွားတဲ့အခါ အဆင်ပြေတာမဟုတ်ဘူးလား?"

"အရင်က သူ သိုင်းဝတ္ထုတွေရေးတော့မယ်လို့ ပြောခဲ့တယ်လေ၊ ဒါပေမယ့် ရှင်မြင်တဲ့အတိုင်းပဲ ခဏလောက်ပဲရေးခဲ့ပြီး ချက်ချင်းလက်လျော့သွားခဲ့တာပဲ"

"စောင့်ကြည့်လိုက်ပါ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေခင်မှာ သူ့သာသူ သဘောပေါက်သွားရင်ပေါက်သွားမှာပေါ့။ သူနဲ့ငြင်းခုံမနေနဲ့တော့"

"ရှင့်သားက ရှင့်လိုပဲလေ။ သူက သုံးမိနစ်လောက်ပဲ စိတ်ဝင်တစားရှိတတ်တာ။ ဒါပေမဲ့ ရှင် သူနဲ့ပိုပြီးငြင်းခုံလေလေ သူက အဲဒါကို ပိုပြီးစိတ်ဝင်စားလေလေပဲ"

ကျန်းရိချောင် သူ့ဘေးကနေ လေးလေးနက်နက် ပြောလိုက်သည်။ "မား မားရဲ့ သဘောထားက သိပ်မှန်တာပဲဗျာ။ သားက တကယ်လေးနက်တာပါနော်!"

ကလေးဆိုသည်ကား မိဘတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဟာသအဖြစ် မှတ်ယူတာကို အမုန်းဆုံးပင်။ ဒီတစ်ခါတော့ ကျန်းရိချောင်က အမှန်တကယ် ဒါရိုက်တာဖြစ်ချင်ပြီး ဇာတ်ကားကောင်းတွေရိုက်ချင်နေလေသည်!

"သား ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အခါ ပါးတို့သားရဲ့ လက်ရာတွေကို ရုပ်ရှင်ရုံမှာတွေ့ရလိမ့်မယ်"

ကျန်းချန်ပေ့: "အဲဒီနေ့က ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူးကွာ"

ဟွမ်ရှင်းရင် ခေါင်းခါလိုက်ပြီး "ရှင်တို့သားအဖနှစ်ယောက် တော်ကြတော့။ လောင်ကျန်း၊ တိတ်တိတ်နေလိုက်တော့"

"ဆရာမဟွမ်၊ မင်းရဲ့ သဘောထားက မမှန်ဘူးနော်။ မင်းရဲ့ကျောင်းသားတွေကို လေ့ကျင့်သင်ကြားပေးသလိုမျိုး မင်းရဲ့သားကိုလည်း စည်းကမ်းပေးသင့်တယ်ကွာ..."

…

ဘေးအိမ်က ကျန်းမိသားစုတို့ နေ့တိုင်းအချင်းများနေကြလျက်။ သူတို့ရဲ့အိမ်နီးချင်းအနေနှင့် လုယန်နှင့် သူ့ဇနီးတို့ကလည်း ပျော်ပျော်ကြီးထိုင်ကြည့်နေခဲ့ကြသည်။

သို့ရုန်ညီအစ်မနှစ်ယောက် ခြံဝင်းအတွင်းရှိ မြက်ခင်းပြင်မှာ ဆော့ကစားနေကြစဥ် ချင်းရို့က သက်ကယ်တဲအောက်မှာထိုင်ပြီး လက်ဖက်ရည်သောက်နေ၏။ လုယန်က သူမနဲ့အတူတူ ချက်စ်ကစားချင်ကြောင်းပြောလာခဲ့သည်။ လင်မယားနှစ်ယောက် စစ်တုရင်ခုံပြင်နေရုံရှိသေး ဟိုဘက်အိမ်မှာ စတင်ရန်ဖြစ်နေကြပြန်လေပြီ။

အနှီစစ်ပွဲကား သူတို့အိမ်ဆီဝယ် ပျံ့နှံ့လာသေးသည်။

ကျန်းရိချောင်တစ်ယောက် စစ်မြေပြင်မှာ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားခဲ့၏။ "ဦးဦးလု အန်တီချင်း၊ အဲဒီနေ့က သားရိုက်ပေးထားတဲ့ဘွဲ့ဓာတ်ပုံတွေ ကြည့်ကောင်းလားဟင်?"

ချင်းရို့: "ကောင်းတာပေါ့ကွယ်"

ကျန်းရိချောင် စပယ်ရှယ်လက်ဆောင်တစ်ခုကို လက်ခံလိုက်ရသည့်နှယ် ကျန်းချန်ပေ့အား အမြန်ပြောလိုက်၏။ "ကြည့်ပါဦး အန်တီချင်းက သားရဲ့ဓာတ်ပုံတွေကောင်းတယ်လို့ပြောတယ်နော့"

"ဓာတ်ပုံရိုက်ရတာနဲ့ ရုပ်ရှင်ရိုက်တာနဲ့တူလို့လားကွ?"

"ဘာလို့မတူတာရမှာလဲဗျာ?" ကျန်းရိချောင် ဘေးအိမ်က အိမ်နီးချင်းတွေကို လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။ "ဦးဦးလု ဦးတို့သားတွေသမီးတွေက အရမ်းကြည့်ကောင်းတယ်နော်။ နောင်မှာ သားဒါရိုက်တာဖြစ်လာရင် ကျိုးကျိုးနဲ့ ရုန်ရုန်က သားရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖြစ်လာလိမ့်မယ်ဗျ!"

"သို့သို့ရုန်ရုန်ရေ ရိချောင်ကောကို လာကြည့်ပါဦး။ အနာဂတ်မှာ သူ ဒါရိုက်တာတစ်ယောက်ဖြစ်လာပြီး သမီးတို့ကို နတ်သမီးလေးဇာတ်ကောင်နေရာ သရုပ်ဆောင်ခွင့်ပေးမှာတဲ့"

ရုန်ရုန်: "သမီးက စွန်းဝူခုန်းလုပ်ချင်တာ၊ ကောင်းကင်ဘုံကအရှုပ်အထွေးကို ရိုက်ချင်တယ်!"

သို့သို့: "သမီးက နီကျားဖြစ်ချင်တယ်!"

ကျန်းရိချောင်က မဟာမိတ်ရဖို့ ဘာမဆိုလုပ်မည်ပင်။ "ညီမလေးတို့ ကြိုက်နှစ်သက်ရာဇာတ်ကောင်ဘာဖြစ်ဖြစ် ကောရိုက်ပေးမယ်ကွာ"

ကျန်းချန်ပေ့ မျက်ခုံးလှုပ်သွားလျက် "မင်းက ဒါရိုက်တာလေ။ သူတို့ထဲက တစ်ယောက်က စွန်းဝူခုန်းလုပ်ချင်တယ်၊ နောက်တစ်ယောက်က နီကျားလုပ်ချင်နေတာ။ ဆိုတော့ မင်းအဖေကို ဘယ်ဇာတ်ကောင်ဖြစ်စေချင်တာလဲကွ?"

"သား ပါးကို သင့်တော်တဲ့တစ်နေရာပေးမယ်ဗျာ၊ ပါးက နွားမိစ္ဆာဘုရင်ဇာတ်ကောင်ကိုယူလို့ရတယ်နော်"

"ကျိုးကျိုးနဲ့ဖက်ထုပ်လေးက ကျင်းကျ မုကျပေါ့"

(ကျင်းကျ မုကျ၊ နီကျ(နီကျား)က ညီအကို၃ယောက်ပါ)

ကျန်းချန်ပေ့: "…"

လုယန် ချက်စ်ကိုကိုင်ထားရင်း မရယ်ဘဲမနေနိုင်တော့၊ "ရိချောင်က အရမ်းလုပ်နိုင်စွမ်းရှိတဲ့ကလေးပဲ။ သူက သူ့အဖေကို ဆွံ့အသွားလောက်ကို လုပ်နိုင်တယ်ကွာ"

ချင်းရို့ သူမမျက်နှာကို လက်နှစ်ဖက်ဖြင့်ထောက်ထားပြီး ဘေးအိမ်ကသားအဖ ငြင်းခုံရန်ဖြစ်နေသည်ကို နားထောင်ရတာ စိတ်ဝင်စားဖွယ်ကောင်းနေလေရဲ့။ အိမ်နီးချင်းကလေးရဲ့ ပုန်ကန်ထကြွတဲ့ကာလဟာ နောက်ကျနေခဲ့တာပဲ။

"ငါက ဆွံ့အသွားရတယ်ပေါ့လေ?" ကျန်းချန်ပေ့ အမြီးတက်နင်းခံလိုက်ရတဲ့ကြောင်တစ်ကောင်နှယ် ခုန်ပေါက်ကာ မသိစိတ်အလျောက်ပြောလိုက်မိသည်။ "ငါ တကယ်ကြည့်ချင်တာပါကွာ... ရှောင်လု မင်းမိသားစုမှာ ကျင်းကျ မုကျ၊ နီကျ၊ စွန်းဝူခုန်းရှိနေပြီလေ၊ ပုန်ကန်ဖို့ မွေးဖွားလာကြတာပဲဟေ့"

သူ့သားက နောက်ပြောင်နေမှန်း သူသိပေမယ့် ကျန်းချန်ပေ့က ဒီမြင်ကွင်းကိုတွေးကြည့်ပြီး အတော်လေးပျော်ရွှင်နေခဲ့သည်။

အရမ်းကြည့်ချင်မိပါရဲ့ကွာ...

လုယန်: "…"

"လုယန် မင်းက လူတွေမုန်းကြတဲ့ဇာတ်ကောင် ထောတလီထျန်းဝမ်ပေါ့" ကျန်းချန်ပေ့ လက်ပိုက်လျက် ရွံ့ရှာစွာဖြင့် "ရုပ်ရှင်ကြည့်တဲ့အခါ မင်းကို အမုန်းဆုံးပဲလေ"

"မင်းကိုယ်မင်း ဘာမာနတက်နေတာတုန်းကွ နွားမိစ္ဆာဘုရင်ကြီးရေ?"

ကျန်းရိချောင် ကမန်းကတန်းပြောလာ၏။

"နားထောင်၊ နားထောင်ကြ၊ အားလုံးက စိတ်ဝင်စားစရာကောင်းတယ်လို့ထင်မှတော့ဗျာ... သားကို ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ လာထောက်ပံ့ပေးကြလေနော်၊ အနာဂတ်မှာ... လျိုယွဲ့... အင်း လျိုယွဲ့ကို ဇာတ်ညွှန်းရေးခိုင်းလိုက်မယ်၊ အားလုံးက သားရဲ့ သရုပ်ဆောင်တွေလုပ်ကြနော်။ သား ရုပ်ရှင်ရိုက်တော့မယ်ဟေ့!"

ဆရာမဟွမ် ပရိတ်သတ်တစ်ဦးလို တိတ်တဆိတ်လက်ဝှေ့ယမ်းပြရင်း "မင်းစိတ်ကြီးဝင်နေတာကို အားပေးဖို့ မင်းမာမားကိုရောလိုသေးလား?"

…

ဘေးအိမ်ကမိသားစု ဆူညံပွက်လောရိုက်နေပြီး ချင်းရို့လည်း ရက်အတော်ကြာနားထောင်ပြီးနောက် လုယန်ကို မပြောဘဲမနေနိုင်တော့ပေ။ "ရှင်ပြောကြည့်၊ ကျွန်မတို့ကလေးတွေကြီးလာရင် ခြံထဲမှာ ဒီလိုမျိုးရန်ဖြစ်နေကြမှာလားဟင်?"

"ရဲဘော်လုယန် ရှင့်သားတွေကို ဒေါသထွက်လွန်းလို့ ခုန်ပေါက်နေမှာလား"

လုယန် အေးအေးဆေးဆေးပြောလိုက်၏။ "စိတ်မပူပါနဲ့ ချင်းဟောင်းတွေက ပိုစပ်တယ်လေကွာ"

ချင်းရို့ ရယ်မောလျက် "အဲဒီတုန်းက ယောက္ခမ မြင်ဖူးနေတဲ့ မြင်ကွင်းမျိုးမဟုတ်ဘူးပေါ့"

လုယန်က သူ့အဖေကို ခုန်ပေါက်လောက်သည်အထိ ဒေါသထွက်အောင် မကြာမကြာလုပ်ဖူးတယ်လို့ ပြောပြခဲ့သည်လေ။ သူမ ကံကောင်းရင် အနာဂတ်မှာ အလားတူသမိုင်းကြောင်းကို မျက်မြင်တွေ့ရကောင်းရနိုင်တယ်။

ချင်းရို့ သက်ပြင်းချရင်း "တပည့်က ဆရာထက် ပိုသာတယ်"

"အကြီးဆုံးသားက အဲ့လိုလုပ်လို့မရဘူး။ ဒုတိယသားကလည်း ပါးနဲ့ရန်မဖြစ်နိုင်ဘူးလေ"

ချင်းရို့: "ကိုယ့်ကိုကိုယ်ပိုတွက်မနေပါနဲ့"

လုယန် သူမအား ရွှင်မြူးစွာကြည့်၍ "မင်းကရော? ကိုယ်က သားတွေနဲ့ရန်ဖြစ်ရင် မင်းက ဘေးကပွဲကြည့်နေပြီး ထေ့ငေါ့ပြောနေမှာလား?"

"ကျွန်မ ဆရာမဟွမ်ဆီကနေ သင်ယူရမှာပေါ့။ ရှင်တို့အေးမြအောင်ကူညီပေးဖို့ ကျွန်မ ငှက်ပျောရွက်ယပ်တောင်ကိုကိုင်ထားမယ်လေ"

...

ဟွမ်ရှင်းရင်တို့ဇနီးမောင်နှံအပြင် မိသားစုခြံဝင်းရှိ တခြားလူတွေအများစုက ကျန်းရိချောင် သိုင်းဝတ္ထုရေးချိန်တုန်းကလိုမျိုး လျှောက်ပြောနေတယ်လို့ တွေးထင်ခဲ့ကြသော်လည်း ဒီတစ်ကြိမ်တော့ အလေးအနက်ဖြစ်နေပုံရလေ၏။

ဇူလိုင်လတွင် ကျန်းရိချောင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို မဖြေဆိုခဲ့ပေ။

ကျန်းချန်ပေ့ ဒေါသအရမ်းထွက်ပြီး တုတ်နဲ့ရိုက်ချင်ခဲ့ပေမယ့် ဟွမ်ရှင်းရင်နှင့် လုယန်တို့ဇနီးမောင်နှံက သူ့ကို ဖျောင်းဖျစည်းရုံးခဲ့ကြသည်။

"ကလေးကို နောက်နှစ်မှာ စမ်းကြည့်ခိုင်းရအောင်လေ။ သူက ငယ်သေးတာပဲ၊ နောက်ထပ်အကြိမ်ရေနည်းနည်းကြိုးစားကြည့်လို့ရသေးတယ်"

ချင်းရို့ ဟွမ်ရှင်းရင်ကို ပြောလိုက်၏။ "ငါ့အစ်မရဲ့ ပုလဲမင်္ဂလာဝတ်စုံဆိုင်က ၁၀မိနစ်-၂၀မိနစ်စာ ပရိုမိုးရှင်းဗီဒီယိုအတိုလေးရိုက်ချင်နေတာ။ ဘာလို့ နင်တို့ရိချောင်ကို စမ်းကြည့်ခွင့်မပြုရမှာလဲနော်?"

ချင်းရို့သည် ကျန်းရိချောင်က ဓာတ်ပုံရိုက်တော်ကြောင်းမြင်ထားဖူးပြီး အနှီကလေးဟာ မကြာသေးမီက ဒါရိုက်တာလုပ်ခြင်းနှင့် ဓာတ်ပုံပညာရပ်ဆိုင်ရာ စာအုပ်များစွာကို အမှန်တကယ်ကြိုးကြိုးစားစားဖတ်ရှုနေခဲ့လေသည်။

နောက်ဆုံးတွင်မူ အနှီကလေးဟာ သူမရှေ့မှာ အရွယ်ရောက်ကြီးပြင်းလာတဲ့ကလေးဖြစ်နေတာကြောင့် ဘာလို့ သူ့ကိုစမ်းကြည့်ခွင့်မပြုရမှာလဲနော်? သူ့မှာ အရည်အချင်းတကယ်မရှိရင် သူ့စိတ်ကိုပြောင်းလိုက်တာ သူ့အတွက်ပိုကောင်းမှာပဲလေ။

"ဒါ... ဒါက အဆင်ပြေလို့လား?" ကျန်းချန်ပေ့နှင့် သူ့ဇနီးတို့ နှလုံးသားထဲတွင် ညည်းညူနေကြလျက်။

"အန်တီချင်း စိတ်မပူပါနဲ့ဗျာ။ သား ဒီတာဝန်ကို အောင်အောင်မြင်မြင် ပြီးအောင်လုပ်မယ်လို့ ကတိပေးပါတယ်ဗျ!" ကျန်းရိချောင် ဝမ်းသာအားရရယ်မောကာ "အားလုံးထဲမှာ အန်တီချင်းကသာ ပိုင်းခြားသိမြင်တတ်တဲ့မျက်လုံးတွေရှိပြီး သားကို အရည်အချင်းရှိတဲ့လူအဖြစ် တိတိကျကျသတ်မှတ်နိုင်တာပဲ"

"သားပါးလို တစ်စုံတစ်ယောက်လိုမျိုး သူ့ရှေ့မှာမြင်းကောင်းတစ်ကောင်ထားထားရင်တောင်မှ သူမျက်စိကန်းနေပြီး အဲဒီမြင်းကောင်းကို သူ့ဘဝတစ်လျှောက်လုံးမှာ ရှာတွေ့နိုင်မှာမဟုတ်ဘူး!"

xxx

Ch-299

"အန်တီချင်း စိတ်မပူပါနဲ့ဗျာ။ သား ဒီတာဝန်ကို အောင်အောင်မြင်မြင် ပြီးအောင်လုပ်မယ်လို့ ကတိပေးပါတယ်ဗျ!"

ကျန်းရိချောင် ဝမ်းသာအားရရယ်မောကာ "အားလုံးထဲမှာ အန်တီချင်းကသာ ပိုင်းခြားသိမြင်တတ်တဲ့မျက်လုံးတွေရှိပြီး သားကို အရည်အချင်းရှိတဲ့လူအဖြစ် တိတိကျကျသတ်မှတ်နိုင်တာပဲ"

"သားပါးလို တစ်စုံတစ်ယောက်လိုမျိုး သူ့ရှေ့မှာမြင်းကောင်းတစ်ကောင်ထားထားရင်တောင်မှ သူမျက်စိကန်းနေပြီး အဲဒီမြင်းကောင်းကို သူ့ဘဝတစ်လျှောက်လုံးမှာ ရှာတွေ့နိုင်မှာမဟုတ်ဘူး!"

ကျန်းချန်ပေ့ မျက်လုံးလှိမ့်လိုက်ပြီး နှလုံးရောဂါရလောက်အောင် ဒေါသထွက်နေလျက် "မင်းလို သားမျိုး ငါဘာလို့မွေးခဲ့မိတာလဲကွာ? မင်းက ငါ့သားမှဟုတ်ရဲ့လား?"

ဟွမ်ရှင်းရင်: "မင်းအဖေက မြင်းကောင်းတစ်ကောင်ရှာတွေ့နိုင်မနိုင်တော့ ငါမသိပေမယ့် မင်းတို့သားအဖနှစ်ယောက်လုံးရဲ့ မျက်ကန်းယုံကြည်မှုကတော့ အတူတူပဲ"

ကျန်းရိချောင် သူ့အဖေပုခုံးပေါ် ပုတ်လိုက်ကာ "ပါး မား စောင့်ကြည့်နေလိုက်ပါနော်!"

"သားရိုက်ကူးမယ့် နောက်ဆုံးအချောဗီဒီယိုထွက်လာတဲ့အခါ ပါးနဲ့မားကို သေလောက်အောင် ကြောက်စေလိမ့်မယ်ဗျာ"

ကျန်းချန်ပေ့ သက်ပြင်းချပြီး "ငါ့ခေါင်းတလား အဖုံး ခုန်ထွက်သွားမှာပဲ စိုးရိမ်မိပါရဲ့"

ဟွမ်ရှင်းရင်: "ပေါက်ကရတွေမပြောနဲ့"

"သားက အနာဂတ်မှာ နိုင်ငံတကာမှာ ကျော်ကြားတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အခါ၊ ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်သွားစေမယ့် လက်ရာတစ်ခုကို ရိုက်ကူးတဲ့အခါကျမှ ပါးတို့ဘယ်လောက်မှားခဲ့သလဲဆိုတာ သိလာလိမ့်မယ်နော်!"

ကျန်းရိချောင်: "အန်တီချင်း အန်တီ ဘယ်လိုပရိုမိုးရှင်းဗီဒီယိုမျိုးရိုက်ချင်တာလဲဆိုတာ သားကိုပြောပြပါဦးဗျ"

ချင်းရို့ သူနှင့် ဆက်သွယ်ပြောဆိုခဲ့သည်။

ကျန်းချန်ပေ့က လုယန်ဘေးသို့လျှောက်သွားကာ တံတောင်ဖြင့်တွန်းလိုက်ပြီး "လုကောရေ မင်းသတိထားသင့်ပြီနော်။ မင်းရဲ့သားတွေလည်း နောင်တစ်ချိန်မှာ မင်းကို ဒေါသထွက်အောင်လုပ်ကြလိမ့်မယ်ကွ"

ကျန်းချန်ပေ့ ဆက်ပြောလာ၏။ "ကောင်လေးတွေအတွက်ကတော့ အမြဲတမ်း ဒီလိုမျိုးဖြစ်ပျက်နေကြတာပါပဲလေ"

"နောင်ကျ မင်းရဲ့သားက မင်းကို ခုန်ပေါက်တဲ့အထိ ဒေါသထွက်စေတဲ့အခါ ငါ မင်းကို လုံးဝမရယ်ပါဘူးကွာ" ဒါကြောင့် မင်းလည်း အခု ငါ့ကို ရယ်လို့မရဘူးနော်...

"အချိန်​ရောက်ရင်​ မင်းကို ငါ့ပခုံးကိုငှားပေးမယ်၊ မင်းနဲ့အတူ အရက်သောက်ပေးမယ်လေ"

လုယန် ရယ်ချင်သလိုနှင့် မျက်ခုံးပင့်လိုက်ပြီး "မင်းက ငါ့ကို ခုန်ပေါက်တဲ့အထိဒေါသထွက်ဖို့ မြင်ချင်ရင်တောင်မှ အဲ့ဒီအချိန်ရောက်မလာနိုင်မှာကိုပဲ ငါကြောက်မိပါရဲ့ကွာ။ လောင်ကျန်း မင်းမူးနေတဲ့အချိန် မင်းအိပ်မက်ထဲမှာပဲ ကြည့်လိုက်တော့နော်"

"မင်းမှာ သားသုံးယောက်ရှိတော့... ငါ အဲဒါကိုသုံးကြိမ်သုံးခါကြည့်ရမယ်ဆိုလည်းစိတ်မရှိပါဘူးကွာ"

ကျန်းချန်ပေ့ အေးစက်စွာ နှာမှုတ်လိုက်ပြီး စကားအကုန်ပြောမသင့်ဘဲ အနာဂတ်မှာ ဘာတွေဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲလို့ တွေးနေမိလျက်။

သည့်အပြင် ငါ့တတိယသားလေးအတွက် ဘယ်သူ့မှာအပြစ်ရှိတာလဲ? မင်းတို့လုမိသားစု​ဆီက ကောင်းချီးတွေ မတော်တဆရခဲ့လို့ပဲလေ။

အခု ငါလည်း အဲဒီကောင်းချီးတွေကို မင်းဆီ ပြန်ပေးမယ်ကွာ။

ချင်းရို့ စက်ကိရိယာအစုံအလင်တစ်ဆက်စာကို ငှားယမ်းလိုက်ပြီး မျက်မှန်တပ်ထားသည့်လူငယ်လေးကျန်းရိချောင်က စက်နှင့်အတူ ပြေးလွှားနေခဲ့သည်။

သူက နွေရာသီအားလပ်ရက်အတွင်း အသားညိုသွားသည်မှာ အနက်ရောင်ကျောက်မီးသွေးတွင်းမှ ပြန်လာသည့်နှယ်။ သူသည် ချင်းရို့အတွက် အရမ်းကိုမျက်စိဖမ်းစားနိုင်တဲ့ မင်္ဂလာဝတ်စုံပရိုမိုးရှင်းဗီဒီယိုတစ်ခု အမှန်တကယ်ရိုက်ကူးပေးခဲ့လေ၏။

ယခုအခါ မင်္ဂလာဓာတ်ပုံဆိုင်၌ တီဗီအသေးတစ်လုံးရှိနေပြီး ကျန်းရိချောင် ရိုက်ကူးထားသောပရိုမိုးရှင်းဗီဒီယိုကို အခါအားလျော်စွာ ပြန်လည်ပြသနေလျက်။

မင်္ဂလာဝတ်စုံဆိုင်ကို ရောက်လာကြတဲ့ဖောက်သည်တွေအားလုံး ပရိုမိုးရှင်းဗီဒီယိုကို ချီးကျူးခဲ့ကြသည်။ မူလက မင်္ဂလာဓာတ်ပုံကို တကယ်မရိုက်ချင်သူတွေတောင် ဗီဒီယိုကိုမြင်ပြီးနောက် မရိုက်ချင်ဘဲမနေနိုင်ကြတော့။

"အရမ်းလှတာပဲ!"

"တော်တော်လှတယ်၊ မင်းတို့ဆိုင်အတွက် ပရိုမိုးရှင်းဗီဒီယိုရိုက်ကူးဖို့ ဘယ်သူ့ကို တောင်းဆိုခဲ့တာလဲ... ဘယ်လိုလုပ်ပြီးဒီလောက်ကောင်းနေရတာတုန်း?"

…

ပရိုမိုးရှင်းဗီဒီယိုပြသရန်အတွက် ဆိုင်ရှေ့တွင် တီဗွီတစ်လုံးထားရှိရန်နည်းလမ်းမှာ ဘယ်သူမှမတွေ့ဖူးကြသေးသလို လမ်းတစ်လျှောက်လုံးမှလူတွေ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြ၏။

ကျန်းရိချောင်က ဒီလိုချီးမွမ်းသံတွေကိုကြားတော့ ဆိုင်အပြင်ဘက်မှာ သက်ဝင်လှုပ်ရှားနေသောမြင်ကွင်းကိုပြဖို့ သူ့မိဘတွေကို အမြန်ဆွဲခါ်လာခဲ့သည်။

"ပါး မား ကြည့်ပါဦး၊ သား ကောင်းကောင်းရိုက်ထားတယ် မဟုတ်လား? သားမှာ အရည်အချင်း ရှိတယ် မဟုတ်လား?"

ကျန်းချန်ပေ့: "မင်းက ၁၀မိနစ်စာဗီဒီယိုအတိုလေးပဲ ရိုက်ကူးခဲ့တာလေ။ ပုံမှန်ဇာတ်ကားတစ်ကားအတွက်ဆို တစ်နာရီ နှစ်နာရီလောက်ကြာတယ်ကွ"

"ဖြေးဖြေးချင်းစီပေါ့ဗျာ။ သား အရည်အချင်းတွေတိုးတက်လာတဲ့အခါ ဇာတ်ကားကောင်းတစ်ကား ရိုက်နိုင်မှာပါ!"

"ပါးတို့ပင်စင်ယူပြီးတဲ့အခါ ပါးက မားကိုခေါ်ပြီး သားရုပ်ရှင်ထဲမှာ ဇာတ်ကောင်သေးလေးတစ်နေရာက ဝင်ရိုက်လို့ရတယ်နော်"

"သား ပါးကို အငြိမ်းစား X ဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ် စီစဥ်ပေးရမလား? သေနတ်ပစ်မယ် ပျူ့ ပျူ့ ပျူ့... မားကတော့ ဟွမ်ချန်ချန်ပေါ့၊ မိုင်ပေါင်းထောင်ချီတဲ့ မြစ်ရေတွေ လှိုင်းလုံးတွေ တစ်ဟုန်ထိုးတက်လာ..."

ကျန်းချန်ပေ့: "မင်းအဖေကို ဒေါသထွက်ပြီးသေအောင်လုပ်မနေနဲ့ကွ"

ဒီကလေးရဲ့ မာနကြောင့် သူတို့အထင်ကြီးသွားရသဖြင့် ကျန်းချန်ပေ့နဲ့ သူ့ဇနီးက စိတ်အေးသွားရကာ မူလအတိုင်း ဒီကလေးအား ရုပ်ရှင်တက္ကသိုလ်ကိုစမ်းကြည့်ဖို့ အခွင့်အရေးတစ်ခုပေးလိုက်၏။

"နောက်နှစ် စာမေးပွဲမအောင်ရင်တော့ ဒီလောင်ကျစ်အတွက် ကြိုးကြိုးစားစား စာလုပ်တော့"

"ဆရာဝန်ဖြစ်အောင်လုပ်ရမယ်၊ အနာဂတ်မှာ စစ်ဆရာဝန်ဖြစ်လာရမယ်ကွာ"

"ကူညီကြပါဗျို့၊ သား ဆေးပညာမလေ့လာချင်ဘူးလို့"

"ဒါဆို မင်းမားမားလိုမျိုး ကျောင်းဆရာလုပ်ကွာ"

…

ရဲဘော် ကျန်းချန်ပေ့သည် သူ့သားရှေ့တွင် သိသိသာသာမနေပြသော်ငြား ဖခင်ရင်းတစ်ယောက်အနေဖြင့် အင်မတန်မှဂုဏ်ယူမိလေသည်။ သူ့သားမှာ ရုပ်ရှင်ရိုက်ကူးဖို့ အရည်အချင်းတွေ တကယ်ရှိကြောင်း တွေ့ရှိလိုက်ရပြီး ဖခင်တစ်ယောက်အနေနဲ့ အလွန်ဂုဏ်ယူမိပါသည်။

- ဒါက သူ့အဖေဆီက အမွေဆက်ခံရတဲ့ အရည်အချင်းတွေဖြစ်ရမယ်!

ကျန်းချန်ပေ့ ပိုတွေးလေလေ ပိုကျေနပ်လာလေလေပင်။ အခု သူ အသက်မကြီးဘူးဆိုရင် သူလည်း ရုပ်ရှင်ဒါရိုက်တာဖြစ်လာလိမ့်မလားလို့ စိတ်ကူးယဥ်နေမိလျက်။

"လောင်လု မင်းရဲ့ရှောင်ချင်းက အမြင်ကောင်းကောင်းရှိတယ်ကွာ။ ငါ့သားကျန်းရိချောင်က ငါနဲ့တူမှန်း သူမမြင်နိုင်တာပဲ။ ငါ ဘယ်လောက်ဓာတ်ပုံရိုက်တော်သလဲကြည့်လိုက်လေ၊ ဟေး ငါ့သားက အနာဂတ်မှာ ဒါရိုက်တာကောင်းတစ်ယောက် တကယ်ဖြစ်လာနိုင်တာပဲနော်"

"မင်း အသက်ကြီးလို့ ပင်စင်ယူပြီးရင် ရုပ်ရှင်ထဲမှာ ငါးမျှားဦးလေးဇာတ်ကောင်အဖြစ် ထည့်ပေးဖို့ ငါ့သားကို စီစဥ်ခိုင်းလိုက်မယ်လေ။ မင်းဘယ်လိုထင်လဲ?"

လုယန် အပြုံးဖျော့ဖျော့ဖြင့် "ကောင်းတယ်လို့မထင်ဘူး"

"လောင်ကျန်းရေ လူဆိုတာ ခြေလှမ်းတစ်လှမ်း ချင်းစီလှမ်းရမယ်လေ။ အနာဂတ်ကိုမတွေးခင် မင်းရဲ့သား ရုပ်ရှင်တက္ကသိုလ်တက်ဖို့ အရင်စောင့်သင့်တယ်ကွာ"

ကျန်းချန်ပေ့: "…"

တာ့ကျောင်းရွာ၌ ချင်းရို့တို့ညီအစ်မနှစ်ယောက် တည်ဆောက်ခဲ့သော မူလတန်းကျောင်းမှာ ပြီး​စီးသွားလေပြီ။ ယခုအချိန်တွင် formaldehydeနှင့် အခြားဒြပ်စင်တွေ သိပ်မများသေးသော်ငြား ချင်းရို့ကတော့ လအနည်းငယ်ကြာလေ၀င်လေထွက်ကောင်းစေပြီးမှ ၁၉၈၃ခုနှစ် နွေဦးပေါက်တွင် အသုံးပြုရန်ရည်ရွယ်ထား၏။

(Formaldehyde = ဖော်မလင်ရရှိရန် ရေနှင့်ရောစပ်ရသော အနံ့ပြင်း၊ အရောင်မဲ့ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့)

ထိုအခါ ကလေးတွေ ကျောင်းဝတ်စုံအသစ်ဝတ်ဆင်ကာ ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်နိုင်လိမ့်မည်ဖြစ်သည်။ ကျောင်းသစ်မှာ အလွန်လှပပြီး အပြိုင်ဘားတန်းများ၊ ဘတ်စကက်ဘောကွင်းများနှင့် တင်းနစ်စားပွဲများစသဖြင့်... လေ့ကျင့်ခန်းသုံးပစ္စည်းအများအပြားလည်းရှိသည်ပင်။

ကျောင်းအဝင်ဝ၌ ပုလဲတွေကိုင်ဆောင်ထားသည့် လူ့တစ်ဝက်စာမြင့်သော ပုလဲမုတ်ကောင်ရုပ်တုတစ်ခုရှိနေ၏။

၄င်းကိုဆောက်လုပ်ပြီးနောက် ရွာရှိကလေးတွေအားလုံး ​ကျောင်းအပြင်ဘက်မှာ စုဝေးနေကြပြီး ကျောင်းဝင်းသစ်ရဲ့အလှကို ငေးမောနေကြလျက်။ သူတို့အားလုံး လာမယ့်စာသင်နှစ်မှာ အတန်းတွေတက်ဖို့ ကျောင်းအသစ်ကိုလာဖို့ မစောင့်နိုင်ကြတော့ချေ။

ချင်းရို့၏ ပုလဲလက်မှုခြံကိုလည်း ယခုနှစ် ပုလဲထွက်ရှိချိန်အမီ တည်ဆောက်ခဲ့သည်။ ပုလဲစက်ရုံတိုင်း ပုလဲတွေများစွာ ပြည့်လျှမ်းနေလျက်။ ဖြစ်နိုင်သည်မှာ မနှစ်က ရာသီဥတုကောင်းတာကြောင့်လား၊ ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုကြောင့်လား... မိခင်မုတ်ကောင်အသေအပျောက်နည်းပြီး ပုလဲအရည်အသွေးလည်း ကောင်းလှသလို ကြီးလည်းကြီးမား၏။ ပုလဲစက်ရုံတိုင်း ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်နေလေရဲ့။

ချင်းရို့ သူမရဲ့ ပုလဲအချို့ကို ရောင်းချပြီးနောက် ပုလဲများစွာကျန်ရှိပါသေးသည်။ ဒါက ရွှင်ရို့ပုလဲစက်ရုံတစ်ခုတည်းမဟုတ်သလို တခြားစက်ရုံတွေလည်း ထို့အတူပင်။

"အဲဒီကလူတွေက ပုလဲအရည်အသွေးကောင်းတွေကိုပဲ တင်ပို့စေချင်ကြတာ။ ဒါပေမယ့် ဒီသာမန်ပုလဲတွေအများကြီးကို ဘယ်သူ့ကိုသွားရောင်းရမှာလဲ?"

"သူတို့ကို ပစ်လိုက်ရတော့မှာလား?"

"ပုလဲတွေက နည်းနည်းသေးပြီး အပေါ်ယံမှာ အစက်အပြောက်နည်းနည်းရှိတယ်ဆိုပေမယ့် ဘယ်လောက်တောက်ပြောင်နေသလဲကြည့်ပါလား။ လက်ထဲမှာကိုင်ထားရုံနဲ့တင် လှနေတာမဟုတ်ဘူးလား? သေချာမကြည့်ရင် မြင်မှမမြင်နိုင်တာကို၊ ဒီပုလဲတွေလည်း လှတယ်မဟုတ်လား?"

"ဒါတွေက ပုလဲကောင်းတွေပါပဲ"

xxx

All Chapters